← Chapters

အခန်း (၁၁၁-၁၁၂)

Vol. 7 Ch. 111-112

အခန်း (၁၁၁-၁၁၂)

Vol. 7 Ch. 111-112

အခန်း ၁၁၁ ။ သူဌေးကြီးများ

မြို့ထဲသို့ မဝင်မီ၊ ကျန်းလီသည် မြို့အပြင်ဘက်တွင် မောင်းထုတ်ခံထားရသော လူများအားလုံးကို အသက်အန္တရာယ် ကြုံတွေ့ရချိန်တွင် ဘေးကင်းရာသို့ အလိုအလျောက် ပို့ဆောင်ပေးနိုင်မည့် မန္တန်အမှတ်အသားတစ်ခုစီ ချန်ထားပေးခဲ့သည်။

မြို့ထဲသို့ ဝင်ရန်အတွက် ပံ့ပိုးမှုအမှတ်များ ပေးဆောင်ရမည်ဖြစ်ပြီး၊ ကိုယ်ရေးအချက်အလက်များကိုလည်း စစ်ဆေးခံရမည်ဖြစ်သည်။ ယဲ့ဝူက ထိုအကြောင်းကို ကျန်းလီအား ပြောပြရန် ပြင်လိုက်သော်လည်း၊ ကျန်းလီကမူ ကိုယ့်အိမ်ကိုယ့်ယာကဲ့သို့ အေးအေးဆေးဆေးပင် မြို့ထဲသို့ ဝင်သွားသည်ကို တွေ့လိုက်ရသည်။ တံခါးစောင့်များကလည်း သူ့ကို လုံးဝ မမြင်သည့်အလား လျစ်လျူရှုထားကြသည်။

ယဲ့မောင်နှမမှလွဲ၍ အခြားမည်သူကမျှ အဖြူရောင် ဝတ်ရုံရှည်ကြီး ဝတ်ဆင်ထားသော ကျန်းလီကို သတိမထားမိကြပေ။

မြို့ထဲရှိ အခြေအနေမှာလည်း အပြင်ဘက်နှင့် များစွာ ကွာခြားမှု မရှိလှပေ။ လူများ၏မျက်နှာတွင် အမူအရာအမျိုးမျိုး ရှိနေကြသော်လည်း၊ ထိုအမူအရာများ၏နောက်ကွယ်တွင် ထုံထိုင်းနေသော နှလုံးသားများရှိနေကြောင်း ကျန်းလီ မြင်တွေ့နေရသည်။

ဤမြို့ထဲရှိ လူများနှင့် မြို့ပြင်တွင် သေဆုံးရန် စောင့်ဆိုင်းနေသော အိုမင်းမစွမ်း လူနာများကြားရှိ တစ်ခုတည်းသော ကွာခြားချက်မှာ - ဤလူများသည် မြို့ထဲတွင် ရှိနေခြင်းသာဖြစ်သည်။

"မင်းတို့ရဲ့ အဆင့် ၅ စွမ်းရည်မြှင့်လူသားက ဒီသူဌေးကြီးတွေကို မထိန်းချုပ်ဘူးလား။"

"ထိန်းချုပ်ဖို့လား။ သူက ဘာကိုမှ ဂရုမစိုက်တာလေ။ လုံထူဆိုတဲ့ လူကြီးက တိုက်ခိုက်ဖို့လောက်ပဲ စိတ်ဝင်စားတာ။ သူ့အတွက် ပြိုင်ဘက်ကောင်း ရှိနေသရွေ့ သူဌေးကြီးတွေ ဘာလုပ်လုပ် သူ ဂရုမစိုက်ဘူး။ ကျွန်မတို့ ဘယ်လောက် ဒုက္ခရောက်နေလဲဆိုတာကိုလည်း သူ ဂရုမစိုက်ဘူး။ လုံထူကိုယ်တိုင် ပြောခဲ့ဖူးတယ်... 'အားကြီးတဲ့သူက ဘာဖြစ်လို့ အားနည်းတဲ့သူကို ဂရုစိုက်နေရမှာလဲ' တဲ့။"

"သူဌေးကြီးတွေကလည်း သူ့အကြိုက်ကို သိတော့၊ တခြားဇုန်တွေက အဆင့် ၅ စွမ်းရည်မြှင့်လူသားတွေနဲ့ ဆက်သွယ်ပြီး သူ့အတွက် ပြိုင်ပွဲတွေ စီစဉ်ပေးကြတယ်။ လုံထူကို သဘောကျအောင် လုပ်ထားနိုင်သရွေ့... ဇုန် ၃ က သူဌေးကြီးတွေရဲ့ လက်ခုပ်ထဲက ရေပါပဲ။"

ယဲ့တုက ဆက်ပြောသည် - "ဒါပေမဲ့ ဇုန် ၂၊ ဇုန် ၄ နဲ့ ဇုန် ၅ တွေက အဆင့် ၅ စွမ်းရည်မြှင့်လူသားတွေကတော့ ပံ့ပိုးမှုအမှတ်ရချင်လို့ လုံထူနဲ့ လာပြိုင်ကြပေမဲ့၊ ဇုန် ၁ က အရိပ်ဘုရင်ကတော့ သူဌေးကြီးတွေကို လုံးဝ အဖက်မလုပ်ဘူး။"

အရိပ်ဘုရင်အကြောင်း ပြောလိုက်ချိန်တွင်၊ ယဲ့တုရော ယဲ့ဝူ၏မျက်လုံးများတွင်ပါ မျှော်လင့်ချက်နှင့် လေးစားမှု အရိပ်အယောင်များ ပေါ်ထွက်လာသည်။

"ဒီအရိပ်ဘုရင်ဆိုတဲ့သူက အရမ်းတော်တာလား။" ကျန်းလီက ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

"သေချာတာပေါ့။" ယဲ့ဝူက စိတ်လှုပ်ရှားစွာဖြင့် ပြောပြသည် - "အရိပ်ဘုရင်က အားအကောင်းဆုံး အဆင့် ၅ စွမ်းရည်မြှင့်လူသားလို့ လူတိုင်းက အသိအမှတ် ပြုထားကြတာလေ။ ကျွန်မတို့ကို အောင်ပွဲဆီ ခေါ်သွားပေးနိုင်မယ့်သူက အရိပ်ဘုရင်ပဲ ဖြစ်ရမယ်လို့ လူတိုင်းက ယုံကြည်ကြတယ်။"

"အရိပ်ဘုရင်က ဇုန် ၁ကို အရမ်း စနစ်တကျ အုပ်ချုပ်ထားတာ။ အဲ့ဒီမှာ စိုက်ပျိုးရေးလုပ်ဖို့ လယ်ကွင်းကျယ်ကြီးတွေရှိတယ်၊ ပြီးတော့ မွေးမြူရေးခြံတွေ၊ သတ္တုတွင်းတွေ၊ လက်နက်စက်ရုံတွေ အများကြီး ရှိတယ်။ ကမ္ဘာမပျက်ခင်က နည်းပညာတွေကို ပြန်လည် ဖော်ထုတ်ဖို့ သိပ္ပံသုတေသန ဌာနတွေတောင်ရှိတယ်လို့ ကြားဖူးတယ်။ ဇုန် ၁မှာ သေဆုံးနှုန်းက အနည်းဆုံးပဲ။"

"ဒါဆို မင်းတို့ ဘာလို့ အဲ့ဒီကို မသွားကြတာလဲ။"

ယဲ့ဝူက ခါးသက်စွာ ပြုံးလိုက်သည် - "လူကြီးမင်းရယ်... ကျွန်မတို့နဲ့ ဇုန် ၁က ကီလိုမီတာ တစ်ထောင်ကျော် ဝေးတယ်လေ။ လမ်းမှာ ရေတွက်လို့မရတဲ့ ဇွန်ဘီ အသိုက်တွေရှိတယ်။ ကျွန်မတို့လို အဆင့် ၁၊ အဆင့် ၂ စွမ်းရည်မြှင့်လူသားလေးတွေဆိုရင် တစ်ဝက်တောင် မရောက်ခင်မှာ ဇွန်ဘီတွေရဲ့ စားသောက်တာကို ခံရပြီး အရိုးတောင် ကျန်မှာ မဟုတ်ဘူး။"

"အရိပ်ဘုရင်က လူသားတွေ စည်းလုံးမှပဲ ဇွန်ဘီတွေကို နိုင်မယ်ဆိုပြီး၊ လုံထူနဲ့ သူဌေးကြီးတွေကို လာဆွေးနွေးဖူးတယ်။ ဇုန် ၃က လူတွေ ဇုန် ၁ကို ပြောင်းလာချင်ရင်၊ ဇုန် ၁က အင်အားကြီးတဲ့ သူတွေကို လွှတ်ပြီး လာကြိုပေးမယ်တဲ့။ ပြီးတော့ အရိပ်ဘုရင်ကိုယ်တိုင်လည်း အစောင့်အရှောက်အဖွဲ့ထဲမှာ ပါဝင်ပေးပြီး အသေအပျောက် အနည်းဆုံးဖြစ်အောင် လုပ်ပေးမယ်လို့ ပြောခဲ့တယ်။"

"ပြီးတော့ လုံထူရဲ့ တိုက်ခိုက်ချင်တဲ့ ဆန္ဒကိုလည်း အရိပ်ဘုရင်ကိုယ်တိုင် ဖြည့်ဆည်းပေးမယ်လို့ ကတိပေးခဲ့တယ်။"

"အဲ့ဒီကိစ္စက တော်တော်လေး ဟိုးလေးတကျော် ဖြစ်သွားခဲ့တာ။ လူတိုင်းက လုံထူ လက်ခံလိုက်မယ်လို့ ထင်ခဲ့ကြတာလေ။ ဇုန် ၁ကို သွားရမယ့်လမ်းက အန္တရာယ်များတယ်ဆိုပေမဲ့၊ လူတိုင်းက အဲ့ဒီအန္တရာယ်ကို ရင်ဆိုင်ရဲကြတယ်။ ဒီလို နေ့တဓူဝ သေမယ့်ရက်ကို စောင့်နေရတဲ့ ဇုန် ၃မှာ နေရတာထက်စာရင်၊ မျှော်လင့်ချက်တွေ ပြည့်နေတဲ့ ဇုန် ၁ကို ဘယ်သူမဆို သွားချင်ကြတာပေါ့။"

"ဒါပေမဲ့ လုံထူက သူများလက်အောက်မှာ မနေချင်ဘူးဆိုပြီး ငြင်းလိုက်သလို၊ သူဌေးကြီးတွေကလည်း အရိပ်ဘုရင်ရဲ့ကမ်းလှမ်းချက်ကို ပယ်ချလိုက်ကြတယ်။ အရိပ်ဘုရင်လည်း သက်ပြင်းချပြီး ပြန်သွားရတာပေါ့။ ဇုန် ၃ကသာ ပူးပေါင်းမပါဝင်ဘူးဆိုရင်၊ ဇုန် ၁က အင်အားကြီးသူတွေချည်းပဲ သက်သက်နဲ့ ဇုန် ၃က လူတွေကို ဘယ်လိုမှ ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူးလေ။ လမ်းမှာတင် တစ်ဖွဲ့လုံး သေကုန်နိုင်ခြေ အရမ်းများတယ်။"

ယဲ့တုနှင့် ယဲ့ဝူတို့သည် ဤကိစ္စကို ပြန်ပြောပြရင်း အလွန် စိတ်မကောင်း ဖြစ်နေကြသည်။ လူသားတွေ အောင်ပွဲခံဖို့ဆိုရင် ဇုန် ၅ ခုလုံး ပူးပေါင်းမှ ရမယ်ဆိုတာကို သူတို့လို သာမန်လူတွေတောင် သိကြတယ်။ ဒါပေမဲ့ အထက်က လူတွေကတော့ လက်မခံကြဘူးလေ။

ကီလိုမီတာ တစ်ထောင်ကျော်ဆိုတာ သိပ်မဝေးပါဘူး။ ကျန်းလီ စဉ်းစားခန်းဝင်သွားပြီး၊ သူ့စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့သည်။

ကျန်းလီသည် ယဲ့မောင်နှမ၏ စကားများကိုသာ အပြည့်အဝ မယုံကြည်ဘဲ၊ မြို့ထဲတွင် ကိုယ်တိုင် လှည့်လည်ကြည့်ရှုခဲ့သည်။

"အသက် ၁၆ နှစ်၊ အပျိုစင်၊ စက်ပြင်တာနဲ့ ပရိုဂရမ်ရေးတာ ကျွမ်းကျင်တယ်၊ ကြမ်းတမ်းတဲ့ နှိပ်စက်မှု မျိုးစုံကို ခံနိုင်ရည်ရှိတယ်။"

"အသက် ၁၉ နှစ်၊ အပျိုစင်၊ သင်္ချာသီအိုရီတွေ ကျွမ်းကျင်တယ်၊ တွက်ချက်မှု မြန်ဆန်တယ်၊ ဘာသာစကားမျိုးစုံ တတ်ကျွမ်းတယ်။"

"အသက် ၂၃ နှစ်၊ ခင်ပွန်းရှိတယ်၊ ဥပဒေနဲ့ ရှေးဟောင်းကဗျာတွေ ကျွမ်းကျင်တယ်၊ နှုတ်စွမ်းရည် ကောင်းတယ်။"

"အသက် ၂၈ နှစ်၊ အရင်က သရုပ်ဆောင်ဖြစ်ခဲ့ဖူးတယ်၊ ဇာတ်ကောင် မျိုးစုံ သရုပ်ဆောင်နိုင်တယ်။"

"အသက် ၃၀၊ ခွန်အားကြီးတယ်၊ အစားနည်းတယ်၊ အလုပ်များများ လုပ်နိုင်တယ်။"

ဖုန်ပေကျံနေသော ကျွန်များ၏ရင်ဘတ်တွင် သူတို့၏ အသက်၊ ကျွမ်းကျင်မှုများကို ရေးသားထားသော ဆိုင်းဘုတ်လေးများ ချိတ်ဆွဲထားပြီး၊ လည်ပင်းတွင်လည်း သံလည်ပတ်များ တပ်ဆင်ထားသည်။ သခင်ဖြစ်သူက ခလုတ်ကို နှိပ်လိုက်သည်နှင့် လည်ပတ်အတွင်းမှ အဆိပ်ပြင်းများ ထွက်ပေါ်လာကာ၊ မိနစ်အနည်းငယ်ခန့် ပြင်းထန်သော နာကျင်မှုကို ခံစားရပြီးနောက် သေဆုံးသွားမည် ဖြစ်သည်။

ကျွန်ဈေးကွက်တွင် သူဌေးကြီးများက အမြဲတမ်း လာရောက် ဝယ်ယူလေ့ရှိကြသည်။

ပုဂ္ဂလိက သွေးထွက်သံယို ပြိုင်ကွင်းများတွင်လည်း စွမ်းရည်မြှင့်လူသားများ အချင်းချင်း သတ်ဖြတ်နေကြပြီး၊ သူတို့ထဲမှ တစ်ယောက်သာ အသက်ရှင်ခွင့်ရှိသည်။

သူဌေးကြီးများကမူ ဝိုင်ခွက်များကိုကိုင်ကာ ရယ်မောရင်း အောက်ထပ်မှ ပြိုင်ပွဲရလဒ်များကို လောင်းကြေးထပ်နေကြသည်။

"တောင်းပန်ပါတယ်... စားစရာလေး နည်းနည်းလောက် ပေးပါ... တောင်းပန်ပါတယ်..."

အစာငတ်၍ သေလုမျောပါး ဖြစ်နေသော လူများက အားနည်းသော အသံဖြင့် တောင်းရမ်းနေကြသည်။ မြို့ထဲတွင် နေထိုင်ရန်အတွက် အလွန်ဈေးကြီးသော အိမ်လခများ ပေးဆောင်ရပြီး၊ ထိုဈေးနှုန်းများမှာလည်း တဖြည်းဖြည်း မြင့်တက်လာနေသည်။ ယခင်က သူတို့သည် ပံ့ပိုးမှုအမှတ် အနည်းငယ်ကို ချွေတာ၍ အစားအသောက် ဝယ်ယူနိုင်ခဲ့သော်လည်း၊ ယခုအခါ ပံ့ပိုးမှုအမှတ် အားလုံးကို အိမ်လခပေးရန်သာ သုံးလိုက်ရသဖြင့် အစားအသောက်ဝယ်ရန် မကျန်တော့ပေ။

သူဌေးကြီးများသည် စိုက်ပျိုးမြေများကို လက်ဝါးကြီးအုပ်ထားပြီး၊ သူတို့၏ အလုပ်သမားများကိုသာ စိုက်ပျိုးခွင့်ပြုထားသည်။ သူဌေးကြီးများ စိုက်ပျိုးသော စပါးများမှာ မျိုးစေ့ပြုပြင်ထားသဖြင့် ကြီးထွားမှု မြန်ဆန်ပြီး အထွက်နှုန်း ကောင်းမွန်သော်လည်း၊ ရိတ်သိမ်းပြီး ရက်အနည်းငယ်အတွင်း မစားသုံးပါက ပုပ်သိုးသွားတတ်သည်။

သူဌေးကြီးများသည် ထိုစပါးများကို အလွန်ဈေးကြီးပေး၍ ရောင်းချကြပြီး၊ တစ်နေ့တာ ကုန်ဆုံးသွားသောအခါ မရောင်းရဘဲ ကျန်ရစ်နေသော၊ နေရာယူနေသော စပါးများအားလုံးကို မီးရှို့ဖျက်ဆီးပစ်လိုက်ကြသည်။

ထိုစပါးမျိုးစေ့များကို ဇုန် ၁က ပြုပြင်ဖန်တီးပေးခဲ့ခြင်းဖြစ်သည်။ ဇုန် ၁တွင် ဤစပါးများ၏ဈေးနှုန်းမှာ ဇုန် ၃၏ အပုံ ၂၀ ပုံ ၁ ပုံသာ ရှိပြီး၊ စိုက်ပျိုးမြေများကိုလည်း သူဌေးကြီးများက လက်ဝါးကြီးအုပ်ထားခြင်း မရှိပေ။

အရိပ်ဘုရင်သည် စိုက်ပျိုးမြေများ တိုးချဲ့ခြင်းကို အားပေးပြီး ခိုင်မာသော နောက်တန်း အထောက်အပံ့များ တည်ဆောက်ရန် ကြိုးပမ်းနေသည်။

သို့သော် ဇုန် ၃တွင်မူ၊ သူဌေးကြီးများသည် မည်သူ့ကိုမျှ ကိုယ်ပိုင်စိုက်ပျိုးခွင့် မပြုထားပေ။ ဖောက်ဖျက်သူ မည်သူ့ကိုမဆို နေရာမှာတင် ကွပ်မျက်လေ့ရှိသည်။

သူဌေးကြီးများသည် တစ်စုံတစ်ယောက်က သေနတ်ဖြင့် လုပ်ကြံမည်ကို စိုးရိမ်သဖြင့် သေနတ်ဈေးနှုန်းများကိုလည်း အဆမတန် မြှင့်တင်ထားကြသည်။ ၎င်းအပြင် စနိုက်ပါရိုင်ဖယ်ကဲ့သို့သော အဝေးပစ် အမြောက်များကိုလည်း ရောင်းချခြင်း မရှိပေ။ ထို့ကြောင့် အဆင့် ၁ စွမ်းရည်မြှင့်လူသား အများစုမှာ ဇွန်ဘီများကို အနီးကပ် လက်နက်များဖြင့်သာ ရင်ဆိုင်တိုက်ခိုက်နေရပြီး၊ ဓားသွားပေါ်တွင် ကခုန်နေရသကဲ့သို့ အသက်အန္တရာယ် အလွန် များပြားလှသည်။

ထို့ပြင် သူဌေးကြီးများသည် သေနတ်များ အားလုံးကို နံပါတ်စဉ်များ တပ်ထားပြီး၊ သေနတ်အမျိုးအစားနှင့် နံပါတ်များကို မှတ်တမ်းတင်ထားသည်။ အကယ်၍ တစ်စုံတစ်ယောက်က သေနတ်ကို ကိုယ်ပိုင် ပြုပြင်မွမ်းမံထားသည်ကို တွေ့ရှိပါက၊ ချက်ချင်း ဖမ်းဆီးမည်ဖြစ်သည်။ အသက်ရှင်ခွင့် ရမရ ဆိုသည်မှာ သူတို့ ပေးနိုင်သော ပံ့ပိုးမှုအမှတ် ပမာဏအပေါ်တွင်သာ မူတည်တော့သည်။

အချို့လူများက ဆေးဖိုးဝါးခ မပေးနိုင်တော့သောအခါ၊ ဆရာဝန်များက ခွဲစိတ်မှုကို ချက်ချင်း ရပ်တန့်လိုက်ပြီး မေ့ဆေးကိုပါ ဖြတ်ပစ်ကာ လူနာကို ဆေးရုံအပြင်ဘက်သို့ ပစ်ထုတ်လိုက်ကြသည်။ သူသေသွားမည်လား၊ အသက်ရှင်မည်လား ဆိုသည်ကို မည်သူကမျှ ဂရုမစိုက်ကြပေ။

ကျန်းလီက ထိုလူကို ကုသပေးလိုက်သော်လည်း သူ ဝမ်းမသာနိုင်ပေ။ ဤသည်မှာ ရောဂါ၏ လက္ခဏာကိုသာ ကုသခြင်းဖြစ်ပြီး အရင်းအမြစ်ကို ကုသခြင်း မဟုတ်ပေ။ လက္ခဏာကို ကုသခြင်းဟုပင် ခေါ်၍ ရမည်မထင်။

အစားအသောက်၊ လက်နက်၊ ဆေးဝါး... အားလုံးမှာ သူဌေးကြီးများ၏ လက်ဝါးကြီးအုပ်မှုအောက်တွင် ရှိနေသည်။ ဇုန် ၃တွင် သူဌေးကြီး အများအပြားရှိနေပြီး၊ သူတို့ကြားတွင် ပြိုင်ဆိုင်မှုများ ရှိသော်လည်း ပူးပေါင်းဆောင်ရွက်မှုက ပို၍ များပြားသည်။ သူတို့သည် အချင်းချင်း ပူးပေါင်းကာ ကုန်ဈေးနှုန်းများကို အဆမတန် မြှင့်တင်ထားကြသည်။

သူဌေးကြီးများသည် ပိုက်ဆံရလာသည်နှင့် အပျော်အပါးအတွက်သာ သုံးစွဲကြပြီး၊ လူသားများ၏ မူလစည်းကမ်းများကို ပြန်လည် ထူထောင်ရန်အတွက် သိပ္ပံနည်းပညာများကို သုတေသနပြုလုပ်ရန် လုံးဝ စိတ်ကူးမရှိကြသည်ကိုလည်း ကျန်းလီ တွေ့မြင်ခဲ့ရသည်။

ကျန်းလီသည် မြို့၏ နေရာအနှံ့အပြားကို လေ့လာစောင့်ကြည့်ပြီးနောက်၊ သူဌေးကြီးတစ်ဦး၏ အဆောက်အအုံရှေ့တွင် ရပ်ကာ သက်ပြင်းချလိုက်သည် - "အလောင်းထိန်းဂိုဏ်းက ဇုန် ၃နဲ့ မကိုက်ညီဘူး။ မိစ္ဆာလမ်းစဉ်ကမှ ဒီနေရာနဲ့ ပိုကိုက်ညီမှာ။"

ယဲ့တု ပြောတာ မှန်သည်။ ဇုန် ၃မှာ ဇွန်ဘီတွေရဲ့ လက်ချက်နဲ့ ပျက်စီးမှာ မဟုတ်ဘဲ၊ ဒီသူဌေးကြီးတွေရဲ့ လက်ချက်နဲ့ပဲ ပျက်စီးသွားမှာ။

***

မဟာယာနအဆင့်ရောက်မှ စနစ်က ပေါ်လာသတဲ့

Mahayana 112

အခန်း ၁၁၂ ။ သူငယ်ချင်း

ကျန်းလီသည် ဗြဟ္မာမျှော်စင်က သူ့ကို တွေ့သွားမည်ကို ဂရုမစိုက်နိုင်တော့ပေ။ သူသာ ဝင်မပါလျှင် အချိန်တိုင်း လူတွေ ဒုက္ခရောက်နေ၊ သေဆုံးနေကြရမည်။

ထို့ပြင် ဗြဟ္မာမျှော်စင်သည် ဇုန် ၃တွင် ရှိနေလိမ့်မည်ဟုလည်း ကျန်းလီ မထင်ပေ။

ဗြဟ္မာမျှော်စင်သည် နတ်ဘုရားလက်နက်ဖြစ်သလို၊ ဗုဒ္ဓဘာသာ၏ ရတနာတစ်ပါးလည်းဖြစ်သည်။ အကယ်၍ ဤကဲ့သို့သော မြင်ကွင်းမျိုးကို မြင်တွေ့ရပါက ၎င်းသည် သေချာပေါက် ဝင်ရောက် စွက်ဖက်ခဲ့မည်မှာ သေချာသည်။

"ရပ်စမ်း။ ဘယ်ကကောင်လဲ။"

ကျန်းလီသည် ကိုယ်ယောင်ဖျောက်မန္တန်ကို ရုပ်သိမ်းလိုက်ရာ၊ ယဲ့မောင်နှမသာမက လူတိုင်းက သူ့ကို မြင်တွေ့နိုင်သွားသည်။ သူဌေးကြီး၏ အဆောက်အအုံရှေ့တွင် စောင့်နေသော စွမ်းရည်မြှင့်လူသား နှစ်ဦးက ကျန်းလီကို ချက်ချင်း သတိထားမိသွားကြသည်။

သတိမထားမိဘဲ မနေနိုင်ပေ။ ကျန်းလီ၏ ဝတ်စားဆင်ယင်မှု၊ ရုပ်ရည်နှင့် အရှိန်အဝါများမှာ အလွန် ထင်ရှားပေါ်လွင်နေပြီး၊ ကမ္ဘာပျက်ကြီး၏ အငွေ့အသက်များနှင့် လုံးဝ မသက်ဆိုင်သကဲ့သို့ ဖြစ်နေသည်။

"သာမန်လူ တစ်ယောက်ပါ။" ကျန်းလီက အေးစက်စွာ ဖြေလိုက်သည်။

လက်နက်ရောင်းဝယ်ရေး သူဌေးကြီး၏ အဆောက်အအုံရှေ့တွင် စောင့်နေသော စွမ်းရည်မြှင့်လူသား နှစ်ဦးသည် သေချာပေါက် သေနတ်များ ကိုင်ဆောင်ထားကြသည်။ ၎င်းတို့မှာ ပြောင်းဝကျယ် ပစ္စတိုများဖြစ်ပြီး၊ ကျည်တစ်တောင့်တည်းနှင့် လူ့ခန္ဓာကိုယ် တစ်ဝက်ကို ဖျက်ဆီးပစ်နိုင်စွမ်းရှိသည်။

ထိုနှစ်ဦးသည် ချက်ချင်းပင် ခလုတ်ကို ဆွဲလိုက်ကြသည်။

"ဒိုင်း... ဒိုင်း..."

အသံနှစ်သံ ထွက်ပေါ်လာသော်လည်း၊ ထိုနှစ်ဦးမှာ မတ်တပ်ရပ်လျက် သေနတ်ချိန်ထားသော ပုံစံအတိုင်း ရပ်နေကြသည်။ ကျည်ဆန်များမှာ သေနတ်ပြောင်းဝတွင် ပိတ်ဆို့နေပြီး အပြင်သို့ ထွက်မလာခဲ့ပေ။ သို့သော် သူတို့နှစ်ဦး၏ ခေါင်းများမှာမူ ဖရဲသီးတစ်လုံးအလား ပေါက်ကွဲထွက်သွားခဲ့သည်။

"လူ... လူကြီးမင်း... ဒီသူဌေးကြီးရဲ့နောက်ကွယ်မှာ လုံထူ ရှိနေတယ်နော်။" ယဲ့တုက ထစ်အစွာဖြင့် ကျန်းလီကို သတိပေးလိုက်သည်။

ကျန်းလီက ဘာမှပြန်မပြောဘဲ အဆောက်အအုံထဲသို့ ဝင်သွားလိုက်သည်။

ယဲ့ဝူက နေရာမသိ၊ အချိန်မသိ ဝင်ပြောသော မောင်ဖြစ်သူကို ခြေထောက်ဖြင့် တစ်ချက် ကန်လိုက်သည်။ ငတုံး... ဒီပုဂ္ဂိုလ်ကြီးကိုယ်တိုင်က အဆင့် ၅ ထက်တောင် သန်မာတယ်လို့ ပြောထားပြီးတာကို၊ နင်က ကိုယ့်ကိုယ်ကိုယ် ဉာဏ်ကောင်းတယ် ထင်ပြီး သွားသတိပေးနေသေးတယ်။

ဤကဲ့သို့ သူဌေးကြီးများကို လာရောက် စိန်ခေါ်ရဲသူ အလွန ရှားပါးလှသည်။ အဆင့် ၃ စွမ်းရည်မြှင့်လူသား တစ်ဝက်ကျော်မှာ သူဌေးကြီးများ၏ လက်အောက်ခံများဖြစ်ကြရာ၊ မည်သူက ဤနေရာသို့ လာရောက် ပြဿနာရှာရဲမလဲ။

အောက်ထပ်မှ ဆူညံသံများကြောင့် အပေါ်ထပ်ရှိ လူများ အားလုံး သိရှိသွားကြသော်လည်း၊ အများစုမှာ ရယ်စရာတစ်ခုအဖြစ်သာ သဘောထားကြသည်။ ယခင်ကလည်း ကိုယ့်စွမ်းရည်ကို ယုံကြည်ပြီး လာရောက် လုယက်သူများ ရှိခဲ့ဖူးသည်။ သို့သော် အဆင့်မြင့် စွမ်းရည်မြှင့်လူသားများက အလွယ်တကူ ဖမ်းဆီးနိုင်ခဲ့ပြီး၊ ထိုသူများ၏မျက်လုံးများကို ဖောက်ထုတ်၊ လက်နှစ်ဖက်ကို ဖြတ်ကာ မြို့အပြင်ဘက်သို့ ပစ်ထုတ်ခဲ့ကြသည်။ ဇွန်ဘီများ၏ လိုက်လံ ကိုက်ခဲခြင်းကို ခံရကာ အသည်းအသန် ပြေးလွှားနေရသော ထိုသူများကို ကြည့်ရင်း သူဌေးကြီးများက ဟားတိုက် ရယ်မောခဲ့ကြဖူးသည်။

ဇွန်ဘီများက ထိုသူကို စားပြီးနောက် ဆင့်ကဲပြောင်းလဲသွားမည်လား ဆိုသည်ကိုမူ သူဌေးကြီးများက ထည့်မစဉ်းစားကြပေ။

ကျန်းလီသည် နတ်ဘုရားအာရုံဖြင့် အဆောက်အအုံတစ်ခုလုံးကို လွှမ်းခြုံလိုက်သည်။ စာရွက်စာတမ်းများ၊ သုတေသန မှတ်တမ်းများ၊ အလုပ်မှတ်တမ်းများ အားလုံးသည် သူ့မျက်စိရှေ့တွင် ပေါ်လာသည်။ မည်သူက သေဒဏ်မထိုက်သူ၊ မည်သူက သေဒဏ်ထိုက်သူ ဆိုသည်ကို သူ တစ်ချက်ကြည့်ရုံဖြင့် ချက်ချင်း ခွဲခြားသိရှိနိုင်သည်။

အားလုံးကို သတ်ပစ်လိုက်ပါက အပြစ်မရှိသူများ ပါသွားနိုင်သော်လည်း၊ တစ်ယောက်ကျော် တစ်ယောက် သတ်ပါက အပြစ်ရှိသူများ လွတ်သွားနိုင်ပေသည်။

အပေါ်ထပ်ရှိ လူများ၏ မျက်နှာပေါ်မှ အပြုံးများသည် အချိန်အတော်ကြာအောင် တည်ရှိနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ပြုံးနေရင်းဖြင့်ပင် သေဆုံးသွားခဲ့ကြသောကြောင့်ပင်။

"မင်း... မင်းက ဘယ်သူလဲ။ ဘယ်သူက ငါ့ကို လာသတ်ခိုင်းတာလဲ။"

လက်နက်သူဌေးကြီးသည် လူသတ်ငွေ့များ လွှမ်းခြုံနေသော ကျန်းလီကို မြင်သောအခါ၊ အလွန် ထိတ်လန့်သွားပြီး သွားများပင် ခိုက်ခိုက်တုန်နေတော့သည်။ သူ့လက်ချက်ဖြင့် အဆင့် ၃ စွမ်းရည်မြှင့်လူသား မည်မျှ သေဆုံးခဲ့ရသည်ကို သူပင် မမှတ်မိတော့ပေ။

ကျန်းလီက သူ့မေးခွန်းကို မဖြေဘဲ လက်နက်သူဌေးကြီးထံသို့ တည်ငြိမ်စွာ လျှောက်သွားလိုက်သည်။

လက်နက်သူဌေးကြီးက ထူးဆန်းသော အပြုံးတစ်ခုကို ပြုံးလိုက်ပြီး ခလုတ်တစ်ခုကို နှိပ်လိုက်ရာ၊ ကျန်းလီ၏ ခေါင်းပေါ်နှင့် ခြေရင်းမှ အဖြူရောင် အခိုးအငွေ့များ ပန်းထွက်လာသည်။

"ဝုန်း—"

အဆောက်အအုံ၏ အပေါ်ဆုံးထပ်တွင် ကြီးမားသော ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားသွားသည်။

"ဒါက အခိုးအငွေ့တွေ မဟုတ်ဘူး၊ အလွန်သေးငယ်တဲ့ ဗုံးလေးတွေကွ။ အဲ့ဒါတွေက မင်းခန္ဓာကိုယ်ထဲကို ဝင်သွားပြီး ဆက်တိုက် ပေါက်ကွဲလိမ့်မယ်။" လက်နက်သူဌေးကြီးက နှာခေါင်းရှုံ့လိုက်သည် - "ဒီလို ပေါက်ကွဲမှုမျိုးအောက်မှာ... အသားစတစ်စတောင် ကျန်မှာ မဟုတ်..."

လက်နက်သူဌေးကြီး၏ စကားမဆုံးမီမှာပင်၊ ကျန်းလီက သူ့လည်ပင်းကို ညှစ်လိုက်သဖြင့် မျက်နှာတစ်ခုလုံး နီရဲသွားတော့သည်။

ဘေးတစ်ဖက်တစ်ချက်တွင် ပုန်းအောင်းနေသော အဆင့် ၄ စွမ်းရည်မြှင့်လူသား နှစ်ဦးသည် အခြေအနေ မဟန်သည်ကို မြင်သောအခါ၊ ကျန်းလီကို ခိုးတိုက်ခိုက်ရန် ပြင်လိုက်ကြသည်။ သို့သော် ကျန်းလီ၏ စိတ်ကူးတစ်ချက်ဖြင့် ထိုနှစ်ဦးမှာ ခေါင်းနှင့် ကိုယ် အိုးစားကွဲသွားကြတော့သည်။

"အ... အဆင့် ၅..." လက်နက်သူဌေးကြီးသည် ကျန်းလီကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။ ဤလောကတွင် အဆင့် ၅ စွမ်းရည်မြှင့်လူသားဆို၍ ၅ ယောက်သာ ရှိသည်၊ ဒီ ၆ ယောက်မြောက်က ဘယ်ကနေ ပေါ်လာတာလဲ။

မဖြစ်နိုင်ဘူး... အဆင့် ၅ဆိုရင်တောင် အဆင့် ၄ နှစ်ယောက်ကို စိတ်ကူးတစ်ချက်တည်းနဲ့ သတ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး...

လက်နက်သူဌေးကြီး၏အတွေးများ မဆုံးမီမှာပင် ကျန်းလီက သူ့လည်ပင်းကို ချိုးပစ်လိုက်သည်။

ကြိုတင်ခန့်မှန်းထားခဲ့သော်လည်း၊ တစ်ချိန်က အလှမ်းဝေးလွန်းသော ပုဂ္ဂိုလ်ကြီးတစ်ဦးမှာ ယခုအခါ စုတ်ပြဲနေသော အဝတ်စုတ်တစ်ခုအလား ကျန်းလီ၏ လွှင့်ပစ်ခြင်းကို ခံလိုက်ရသည်ကို မြင်သောအခါ၊ ယဲ့တုမှာ အိပ်မက်မက်နေသကဲ့သို့ ခံစားနေရသည်။

ထိုနေ့တွင် ကျန်းလီသည် သူဌေးကြီးများ၏ အဆောက်အအုံများစွာကို ဆက်တိုက် ဖျက်ဆီးခဲ့ပြီး၊ နောက်ဆုံးတွင် ဆေးဝါးသူဌေးကြီး၏ အဆောက်အအုံအောက်သို့ ရောက်ရှိလာခဲ့သည်။

ယဲ့မောင်နှမ သောက်သုံးခဲ့သော အားဖြည့်ဆေးရည်များမှာ ဤသူဌေးကြီးက ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် သူတို့ မောင်နှမ သောက်သုံးခဲ့ရသည်မှာ အနိမ့်ဆုံးအဆင့် ဆေးရည်များသာဖြစ်သည်။

"ဒါ... ဒါတွေက ဇွန်ဘီတွေလား။"

အဆောက်အအုံ၏ ဓာတ်ခွဲခန်းတစ်ခုအတွင်းသို့ ရောက်သောအခါ ယဲ့တုမှာ အံ့ဩမှင်တက်သွားသည်။ ဖန်အိုးကြီးများထဲတွင် ထူးဆန်းသော ပုံသဏ္ဌာန်ရှိသည့် ဇွန်ဘီများကို စိမ်ထားသည်ကို သူ တွေ့လိုက်ရသည်။ အချို့မှာ ဝက်ဝံပုံစံရှိသော်လည်း ခြေထောက်များမှာ ရေဘဝဲလက်တံများ ဖြစ်နေသည်။ အချို့မှာ ခေါင်းနှစ်လုံး (လူခေါင်းနှင့် ဝက်ခေါင်း) ပါရှိပြီး ကျောဘက်တွင် လိပ်ခွံ ပါရှိသည်။ အချို့မှာ ခေါင်းမပါဘဲ ခြေလေးဖက်ဖြင့် ထောက်ထားပြီး၊ ခြေလက်များတွင် ပါးစပ်များစွာ ပေါက်နေသည်။

လူနှင့် တိရစ္ဆာန် အားလုံးသည် ဇွန်ဘီအဖြစ် ပြောင်းလဲနိုင်သော်လည်း၊ ဤဇွန်ဘီများမှာ အသက်ရှင်စဉ်က မည်သည့် တိရစ္ဆာန်များ ဖြစ်ခဲ့သည်ကို ယဲ့ဝူ လုံးဝ ခွဲခြား၍ မရနိုင်ပေ။

"မဟုတ်ဘူး... ဒါတွေက လူတွေ၊ ပြီးတော့ အသက်ရှင်နေသေးတယ်။"

"လူတွေ။" ယဲ့တုသာမက ယဲ့ဝူပင်လျှင် ဤမြင်ကွင်းကို ကြည့်ရင်း ထိတ်လန့်သွားရသည်။

ထို့ပြင် အရေးအကြီးဆုံးမှာ... ဖန်အိုးများထဲရှိ အရည်များမှာ အလွန်ရင်းနှီးနေပြီး... ကြည့်ရသည်မှာ...

"မင်းတို့ မြင်တာ မမှားပါဘူး၊ အဲ့ဒါ မင်းတို့ သောက်ခဲ့တဲ့ အားဖြည့်ဆေးရည်တွေပဲ။" ကျန်းလီက ရှင်းပြလိုက်သည် - "သူဌေးကြီးတွေက လူတွေကို စစ်ထုတ်စက်အဖြစ် သုံးပြီး၊ လေထုထဲက ဇွန်ဘီဗိုင်းရပ်စ်တွေကို စစ်ထုတ်ပြီး သန့်စင်တဲ့ ဝိညာဉ်စွမ်းအားတွေကို ရယူကြတာ။ ပြီးတော့ အဲ့ဒီလူတွေ ဇွန်ဘီဖြစ်မသွားအောင် ဆေးရည်တွေ ထိုးသွင်းပေးလိုက်တော့၊ သူတို့ရဲ့ ခန္ဓာကိုယ်တွေက အတွင်းပိုင်းကော အပြင်ပိုင်းပါ ပြောင်းလဲသွားကြတာပဲ။"

"ဒါ... ဒါပေမဲ့ ကျွန်တော် ကြားဖူးတာက အားဖြည့်ဆေးရည်ဆိုတာ ဦးနှောက်အမြုတေထဲက စွမ်းအားတွေကို အရည်ဖျော်ပြီး လုပ်ထားတာဆို..." ယဲ့တု၏ လောကအမြင်ကြီး တစ်ခုလုံး ပြိုလဲသွားသကဲ့သို့ ခံစားလိုက်ရသည်။

ကျန်းလီသည် နတ်ဘုရားအာရုံဖြင့် ကြည့်ရှုလိုက်ရာ၊ ဤနေရာတွင် ဦးနှောက်အမြုတေကို အသုံးပြု၍ အားဖြည့်ဆေးရည်များ ထုတ်လုပ်နေသည်ကို တွေ့ရသော်လည်း၊ အများစုမှာမူ လူသားများကို စစ်ထုတ်စက်အဖြစ် အသုံးပြု၍ ထုတ်လုပ်နေခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။

"ဘာလို့လဲဆိုတော့... ဒီနည်းလမ်းက ပိုပြီး ကုန်ကျစရိတ် သက်သာလို့လေ။"

ယဲ့တုသည် ထိုအဖြေကို လုံးဝ မယုံကြည်ချင်ပေ။ ကုန်ကျစရိတ် သက်သာရုံလေးနဲ့ လူတွေကို ဒီလိုမျိုး ကြောက်စရာကောင်းတဲ့ အရာတွေ လုပ်ရက်ကြတယ်ပေါ့။

ကျန်းလီသည် ကျယ်လောင်ပြီး ရှေးကျကာ၊ တည်ကြည်ခမ်းနားလှသော ဗုဒ္ဓဂါထာတစ်ခုကို ရွတ်ဆိုလိုက်သည်။ ယဲ့ဝူ၏နားထဲတွင် ထိုအသံမှာ အဆုံးအစမရှိသော တရားဓမ္မများနှင့် စွမ်းအားများ ပါဝင်နေပြီး သူမ၏ခေါင်းကိုပင် ပေါက်ကွဲသွားစေမတတ် ခံစားလိုက်ရသည်။

သို့သော် ဗုဒ္ဓဂါထာဆိုသည်မှာ ကရုဏာတရားကို အခြေခံသဖြင့် လူကို သေစေမည် မဟုတ်ပေ။ ယဲ့ဝူမှာ ခေါင်းမူးသွားရုံမျှသာ ဖြစ်သည်။

ကျန်းလီ၏နှုတ်မှ ဗုဒ္ဓဂါထာများ ထွက်ပေါ်လာသည်နှင့်အမျှ၊ ဖန်အိုးကြီးများ အက်ကွဲသွားပြီး ထူးဆန်းသော ပုံစံဖြစ်နေသည့် လူများမှာ ရွှေရောင်အလင်းတန်းများဖြင့် ဖုံးလွှမ်းသွားသည်။ ရွှေရောင် အလင်းတန်းများကြားမှ ထိုလူများမှာ မူလပုံစံသို့ တဖြည်းဖြည်း ပြန်လည်ပြောင်းလဲလာသည်ကို ယဲ့ဝူ မြင်တွေ့လိုက်ရသည်။

ကျန်းလီသည် သေသွားသော လူများကို ပြန်မရှင်စေနိုင်သော်လည်း၊ ဤလူများကို မူလပုံစံသို့ ပြန်ရောက်အောင် လုပ်ပေးရန်မှာမူ မခက်ခဲလှပေ။

ယဲ့ဝူသည် ကျန်းလီ၏နောက်သို့ လိုက်ကာ အပေါ်ဆုံးထပ်သို့ ရောက်ရှိသွားသည်။ သက်သောင့်သက်သာရှိသော ဆိုဖာပေါ်တွင် ထိုင်နေသည့် ခန္ဓာကိုယ်ထွားကျိုင်းသော အမျိုးသားတစ်ဦးကို သူမ တွေ့လိုက်ရသည်။

အဆင့် ၅ စွမ်းရည်မြှင့်လူသား၊ လုံထူ။

လုံထူသည် သူဌေးကြီးများ၏ နောက်ခံ အားကိုးရာဟု ယဲ့ဝူ ထင်မှတ်ခဲ့သော်လည်း၊ သူကိုယ်တိုင်က အကြီးမားဆုံး သူဌေးကြီးဖြစ်နေမည်ဟု မထင်ထားခဲ့ပေ။

"မိတ်ဆွေ... ဇုန် ၃ကနေ ကြိုဆိုပါတယ်။" လုံထူက ဟားတိုက် ရယ်မောကာ ကျန်းလီကို နွေးထွေးစွာ ကြိုဆိုလိုက်သည်။

လုံထူက ကျန်းလီသည်လည်း အဆင့် ၅ စွမ်းရည်မြှင့်လူသားတစ်ဦးဖြစ်မည်ဟု ထင်မှတ်ထားသဖြင့်၊ သူနှင့် မိတ်ဆွေဖွဲ့ရန် အရည်အချင်း ပြည့်မီသည်ဟု ယူဆထားသည်။

ကျန်းလီ ဘယ်ကလာသလဲဆိုတာ သူ ဂရုမစိုက်ပေ။ ဇုန် ၅ ခု အပြင်ဘက်က နာမည်မသိတဲ့ စွမ်းရည်မြှင့်လူသားပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ကံကောင်းပြီး အဆင့် ၅ ဦးနှောက်အမြုတေကို ရသွားတဲ့ အဆင့် ၃ စွမ်းရည်မြှင့်လူသားပဲဖြစ်ဖြစ်ပေါ့။

"မိတ်ဆွေက ဒီသူဌေးကြီးတွေ သာမန်လူတွေကို အနိုင်ကျင့်နေတာကို ဒေါသထွက်လို့ ဒီကို ရောက်လာတာလို့ ငါ ကြားတယ်။ စိတ်အေးအေး ထားပါ... ငါတို့တွေက အဆင့် ၅ စွမ်းရည်မြှင့်လူသားတွေပဲဟာ။ ဒီလောက် ကိစ္စသေးသေးလေးတွေအတွက် ဘာလို့ ဒေါသထွက်နေရမှာလဲ။"

လုံထူ၏အမြင်တွင် ကျန်းလီသည် အားနည်းသော စွမ်းရည်မြှင့်လူသားဘဝမှ ရုတ်တရက် အင်အားကြီးလာသူ တစ်ဦးဖြစ်ပြီး၊ ခွန်အားကြီးလာသော်လည်း စိတ်ထားမှာ အားနည်းသူဘဝက အတိုင်းသာ ရှိနေသေးသဖြင့် အားနည်းသူများကို သနားနေခြင်းဖြစ်မည်ဟု တွေးလိုက်သည်။

လုံထူက မိမိသည် အတွေ့အကြုံရင့် အဆင့် ၅ တစ်ယောက်ဖြစ်သဖြင့်၊ 'အင်အားကြီးသူဆိုတာ ဘယ်လို နေထိုင်ရမယ်' ဆိုတာကို ကျန်းလီအား လမ်းညွှန်ပြသပေးရန် လိုအပ်သည်ဟု ခံစားနေရသည်။

"ငါတို့တွေ ပိုသန်မာလာတာက... ဇွန်ဘီတွေကို သတ်ပြီး လူ့အဖွဲ့အစည်းကို ပြန်လည် တည်ဆောက်ဖို့လား။ ဟားဟား... သေချာပေါက် မဟုတ်ဘူးလေ။ ငါတို့တွေက ဘဝကို စည်းစိမ်ယစ်ဖို့အတွက် သန်မာလာအောင် လုပ်ကြတာပဲ မဟုတ်လား။"

"ကမ္ဘာမပျက်ခင်က ငါက မြေအောက် လက်ဝှေ့သမားတစ်ယောက်ပါ။ အလင်းရောင်တောင် မမြင်ရတဲ့ ဘဝမျိုးပေါ့။ အခုတော့... ငါက ဒီနေရာမှာ ကောင်းကင်ပဲ၊ ငါက ဘုရင်ပဲ။ ဘယ်သူက ငါ့ကို ဆန့်ကျင်ရဲလို့လဲ။"

"မင်းက တကယ်ပဲ အားကြီးတယ်လို့ ထင်နေတာလား။" ကျန်းလီက မေးလိုက်သည်။

"ဘာ..."

လုံထူ စကားမဆုံးခင်မှာပင်၊ ပြင်းထန်သော အင်အားကြီးတစ်ခုက သူ့ကို ရိုက်ချလိုက်ရာ၊ အဝေးသို့ လွင့်ထွက်သွားပြီး သွေးများ အန်ကျလာတော့သည်။

"ခွေးလိုကောင်ကများ... ငါနဲ့ လာပြီး မိတ်ဆွေဖွဲ့ချင်နေသေးတယ်။"

ကျန်းလီသည် မိတ်ဆွေဖွဲ့ရာတွင် ကျင့်ကြံမှုအဆင့်ကို ဂရုမစိုက်ပေ။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ထက် သန်မာတဲ့သူမှ မရှိတာ။

သူ မိတ်ဆွေဖွဲ့ရာတွင် စိတ်နေစိတ်ထားကိုသာ အဓိကထား ကြည့်ရှုခြင်းဖြစ်သည်။

***

All Chapters