အခန်း (၁၀၇-၁၀၈)
Vol. 7 Ch. 107-108
အခန်း ၁၀၇ ။ ထူးဆန်းသော မေးခွန်းများ
ပိုင်ဟုန်ထူသည် ရတနာများ၏ ကျင့်စဉ်ကို တိုက်ရိုက် ထုတ်ပြလိုက်သည်။ ယင်ယန်ကောင်းကင်စည်းတံဆိပ်သည် ပုံမှန် ကျင့်ကြံသူများ၏ ကျင့်စဉ်ကို အတုယူကာ၊ ရတနာများအတွက် သွေးကြောလမ်းကြောင်းများကို ဖန်တီးပေးထားခြင်း ဖြစ်သည်။ ရတနာများသည် ဝိညာဉ်စွမ်းအားကို စုပ်ယူပြီး၊ ခန္ဓာကိုယ်အတွင်း လှည့်ပတ်စေခြင်းဖြင့် ပိုမို သန်မာလာစေနိုင်သည်။ ဤစိတ်ကူးမှာ အလွန်ထူးချွန်လှသည်။
အင်အားစုအသီးသီးမှ ကိုယ်စားလှယ်များက အလျင်အမြန် မှတ်သားလိုက်ကြသည်။ ဤသည်မှာ ဝိညာဉ်ကျောက်တုံး မည်မျှပေးပေး ဝယ်ယူ၍မရနိုင်သော အသိပညာများဖြစ်သည်။
"ဒါကတော့ ကျင့်စဉ် အပြည့်အစုံပါပဲ။ ဒါပေမဲ့ လူကြီးမင်းတို့အနေနဲ့ ကိုယ့်လူတွေကို တာအိုဂိုဏ်းကို လွှတ်ပြီး လာလေ့လာဖို့ အကြံပြုချင်ပါတယ်။ အပြန်အလှန် ဖလှယ်လေ့လာမှပဲ တိုးတက်မှု ရှိမှာပေါ့။"
"ဂိုဏ်းချုပ်ပိုင်ရဲ့ စေတနာက တကယ်ကို ကြီးမားလှပါတယ်။ ကျွန်တော်တို့ ဟိုထူဂိုဏ်းက အထူး ကျေးဇူးတင်ပါတယ်။"
"မုန့်ကျန်းအင်ပါယာကလည်း တာအိုဂိုဏ်းရဲ့ ပညာဖြန့်ဝေမှုအတွက် ကျေးဇူးတင်ပါတယ်။"
"တာအိုဂိုဏ်းရဲ့ သဘောထားကြီးမှုက ကျွန်တော်တို့ကို အံ့ဩစေပါတယ်။"
ကိုယ်စားလှယ်များသည် ပိုင်ဟုန်ထူနှင့် တာအိုဂိုဏ်းကို ချီးကျူးစကားများ အဆက်မပြတ် ဆိုကြတော့သည်။ ကောင်းတဲ့စကားတွေ ပြောရုံလေးပဲလေ... ပိုက်ဆံမှ မကုန်တာ။
"ဘယ်လိုလဲ... ယုံဧကရာဇ်... ခင်ဗျားရဲ့ ရတနာတွေရဲ့ အသိဉာဏ်ကို ဖျက်ဆီးချင်သေးလား။"
"ခုနက ကျွန်တော် စကားမှားသွားတာပါ။ ဂိုဏ်းချုပ်ပိုင်က ခွင့်လွှတ်ပေးပါ။"
ယုံဧကရာဇ်သည် ရတနာများ၏ အသိဉာဏ်ကို ဖျက်ဆီးမည်ဟူသော စကားကို ထပ်မဟဝံ့တော့ပေ။ အခြား အင်ပါယာများရှိ ရတနာများက အသိဉာဏ်ရှိပြီး ကျင့်ကြံ၍ ပိုမို သန်မာလာနိုင်ချိန်တွင်၊ သူက အသိဉာဏ်မရှိဘဲ ကျင့်ကြံ၍မရသော ရတနာများကို ကိုင်ဆောင်ထားမည်ဆိုပါက... အချိန်ကြာလာသည်နှင့်အမျှ သူတို့ မဟာယုံအင်ပါယာ၏ အဆင့်အတန်းမှာ အလွန်အန္တရာယ်ရှိသော အခြေအနေသို့ ကျရောက်သွားမည် ဖြစ်သည်။
ထိုမျှလောက် အခြေအနေကို တွက်ဆနိုင်စွမ်းတော့ သူ့တွင် ရှိသေးသည်။
"အစကတော့ နေ့ကောင်းရက်သာလေး ရွေးပြီး၊ ရတနာကျင့်စဉ်ကိစ္စကို ကျိုကျိုးတစ်ခုလုံး သိအောင် ကြေညာမလို့ စဉ်းစားထားတာပါ။ ဒါပေမဲ့ လူသားဧကရာဇ်ကျန်းက ကျိုကျိုး အရေးပေါ် အစည်းအဝေး ခေါ်လိုက်တာနဲ့ ကြုံသွားလို့၊ လူကြီးမင်းတို့ကို ကြိုပြီး အသိပေးလိုက်တာပါ။"
"ဒါကြောင့် လူကြီးမင်းတို့လည်း အခုမှရထားတဲ့ ရတနာကျင့်စဉ်ကို ဖက်တွယ်မထားကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။"
ပိုင်ဟုန်ထူက ပြုံးလျက် ပြောလိုက်ပြီး၊ ယုံဧကရာဇ်ကို မသိမသာ တစ်ချက်ကြည့်လိုက်သည်။ သူ့ဆိုလိုရင်းမှာ ရှင်းလင်းနေသည်။
ရတနာကျင့်စဉ်ကို အင်ပါယာရဲ့ လျှို့ဝှက်ချက်အနေနဲ့ သိမ်းထားဖို့ မစဉ်းစားနဲ့နော်။
ယုံဧကရာဇ်က တကယ်ပင် ထိုသို့ စဉ်းစားထားခဲ့ခြင်းဖြစ်သည်။ အကယ်၍ ဖြန့်ဝေပေးမည် ဆိုလျှင်တောင်မှ၊ မာနကြီးသော ကျင့်ကြံသူများကို သူ့ခြေရင်း၌ ဒူးထောက်စေပြီး၊ သူ ဧကရာဇ်ကို တစ်သက်လုံး သစ္စာခံပါမည်ဟု သစ္စာဆိုခိုင်းပြီးမှသာ သင်ပေးရန် စိတ်ကူးထားခဲ့သည်။
ထိုသို့လုပ်ဆောင်ပါက သူ၏ အာဏာစက်မှာ အလွန်ကြီးမားလာမည်ဖြစ်ပြီး၊ သူပုန်ထမည့်သူများကိုလည်း စိုးရိမ်စရာ မလိုတော့ပေ။
သို့သော် သူ့စိတ်ကူးလေး အစပျိုးရုံသာ ရှိသေးချိန်တွင် ပိုင်ဟုန်ထူ၏စကားကြောင့် လုံးဝ ပျက်စီးသွားရတော့သည်။
"ဂိုဏ်းချုပ်ပိုင်ကလည်း... ဘာတွေ ပြောနေတာလဲ။" ယုံဧကရာဇ်က ဟန်ဆောင် ရယ်မောလိုက်သည်။
သို့သော် ပိုင်ဟုန်ထူက နာမည်တပ်ပြီး မပြောခဲ့သဖြင့် ယုံဧကရာဇ်၏လုပ်ရပ်မှာ 'သူခိုးလူမိ' သကဲ့သို့ ဖြစ်သွားသည်။
မဟာယုံအင်ပါယာအတွင်းရှိ ဂိုဏ်းကြီးများမှ ကိုယ်စားလှယ်များသည်၊ သူတို့၏ ဧကရာဇ် ဤမျှ မိုက်မဲနေသည်ကို မြင်သောအခါ၊ ပုန်ကန်ချင်စိတ်... လောကကြီးကို ပြန်လည် ရှင်းလင်းပေးချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာကြသည်။
လူသားဧကရာဇ်နန်းဆောင်က အကြီးစားစစ်ပွဲများကိုသာ တားမြစ်ထားခြင်းဖြစ်ပြီး၊ ထီးနန်းလုပွဲများတွင် လူအများအပြား သေဆုံးရန် မလိုအပ်ပေ။
ကျန်းလီသည် ပိုင်ဟုန်ထူ၏ရည်ရွယ်ချက်ကို တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။ ယင်ယန်ကောင်းကင်စည်းတံဆိပ်ဟူသော နတ်ဘုရားလက်နက် တစ်ခုတည်း၏ ဉာဏ်ပညာဖြင့် အချိန်တိုအတွင်း ကျင့်စဉ်အားလုံးကို သုတေသန လုပ်နိုင်မည် မဟုတ်ပေ။ လူအများ၏ အကြံဉာဏ်များကို စုဆောင်းပြီး၊ ရတနာများအားလုံး အတူတူ သုတေသန လုပ်ကာ အတူတူ စမ်းသပ်မှသာ သုတေသန အချိန်ကို လျှော့ချနိုင်မည် ဖြစ်သည်။
ထို့ပြင် ရတနာများ၏ ပုံသဏ္ဌာန်မှာ အမျိုးမျိုးကွဲပြားပြီး ထူးခြားချက်များလည်း မတူညီကြသဖြင့်၊ ယင်ယန်ကောင်းကင်စည်းတံဆိပ်၏ ကျင့်စဉ်သည် ရတနာတိုင်းနှင့် ကိုက်ညီမည် မဟုတ်ပေ။ ရတနာများအားလုံးကို အတူတူကျင့်ကြံစေခြင်းဖြင့် ပိုမို အများသုံးနိုင်သော ကျင့်စဉ်ကို ရှာဖွေနိုင်မည် ဖြစ်သည်။
အကယ်၍ တစ်စုံတစ်ယောက်က ရတနာများအတွက် ပိုမိုသင့်တော်သော ကျင့်စဉ်ကို ရှာတွေ့သွားမည်ကိုလည်း တာအိုဂိုဏ်းက မစိုးရိမ်ပေ။ ရှာတွေ့သွားခဲ့လျှင်တောင်မှ ကျိုကျိုး၏ ရတနာခေါင်းဆောင်ကြီး၊ နတ်ဘုရားလက်နက် အကြီးအကဲဖြစ်သော ယင်ယန်ကောင်းကင်စည်းတံဆိပ်၏နေရာကို လှုပ်ခါနိုင်မည် မဟုတ်ပေ။
"နောက်ထပ် ဘယ်သူများ မေးစရာ ရှိသေးလဲ။" ကျန်းလီက ဆက်မေးလိုက်သည်။
အလောင်းထိန်းဂိုဏ်း၏ ဂိုဏ်းချုပ်က မတ်တပ်ရပ်ပြီး လက်အုပ်ချီလိုက်သည် - "ကျွန်တော်တို့ အလောင်းထိန်းဂိုဏ်းက လတ်တလောမှာ အလောင်းတွေ လိုအပ်နေလို့ပါ။ လူကြီးမင်းတို့ထဲမှာ အဆင့်မြင့် ကျင့်ကြံသူတွေရဲ့ အလောင်းတွေကို ထောက်ပံ့ပေးချင်တဲ့သူရှိရင်... အလောင်းထိန်းဂိုဏ်းက ဈေးကောင်းပေးပြီး ဝယ်ယူပါ့မယ်။"
"အစည်းအဝေးမှာ ကြော်ငြာမဝင်ပါနဲ့။ နောက်တစ်ခါ ထပ်လုပ်ရင် အလောင်းထိန်းဂိုဏ်းရဲ့ အစည်းအဝေး တက်ခွင့်ကို ရာသက်ပန် ပိတ်သိမ်းရလိမ့်မယ်။"
အလောင်းထိန်းဂိုဏ်းချုပ်သည် အလျင်အမြန်ပင် ပြန်ထိုင်လိုက်ရသည်။
"ကျွန်တော်ကတော့ 'ဟယ်ဟွမ်ဂိုဏ်း' (နှစ်ကိုယ်တူကျင့်စဉ်ဂိုဏ်း) ကို ကျွန်တော်တို့ မဟာဝေ့မှာ ဂိုဏ်းခွဲ လာဖွင့်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။" ဝေ့ဧကရာဇ်က ပြောလိုက်သည်။
ဟယ်ဟွမ်ဂိုဏ်းသည် သန့်ရှင်းမှန်ကန်သော လင်မယား နှစ်ကိုယ်တူကျင့်စဉ်များကို ကျွမ်းကျင်ပြီး၊ အမျိုးသားရော အမျိုးသမီးအတွက်ပါ အကျိုးရှိစေသည်။
"ကျွန်တော်တို့ မဟာယုံအင်ပါယာကလည်း ဟယ်ဟွမ်ဂိုဏ်းကို ဂိုဏ်းခွဲ လာဖွင့်ဖို့ ဖိတ်ခေါ်ပါတယ်။"
"ကျွန်တော်တို့ မဟာဆွေ့အင်ပါယာကလည်း ဖိတ်ခေါ်..."
"ကျွန်တော်တို့လည်း..."
"ဟယ်ဟွမ်ဂိုဏ်းက အခု 'လိင်တူ နှစ်ကိုယ်တူကျင့်စဉ်' ကို သုတေသန လုပ်နေပါတယ်။ ဘယ်သူက ထောက်ခံပေးမလဲဆိုရင်... အဲ့ဒီနေရာမှာ ဂိုဏ်းခွဲ သွားဖွင့်ပါ့မယ်။"
အချို့က တက်ကြွစွာ ဝင်ရောက်ပြောဆိုရန် ပြင်နေသည်ကို မြင်သောအခါ၊ ကျန်းလီက စားပွဲကို ခေါက်ကာ သတိပေးလိုက်ရသည် - "ဒီလို ကိစ္စတွေကို အစည်းအဝေးပြီးမှ ကိုယ့်ဘာသာ ဆွေးနွေးကြပါ။ နောက်မေးခွန်း တစ်ခု။"
သားရဲထိန်းကျောင်းရေးဂိုဏ်း၏ ဂိုဏ်းချုပ်က ထပြောသည် - "ကျွန်တော့်မှာ ချစ်စရာကောင်းပြီး အိမ်ထောင်မကျသေးတဲ့ သမီးအငယ်ဆုံးလေး တစ်ယောက် ရှိပါတယ်။ လူသားဧကရာဇ်ကျန်းသာ သဘောတူမယ်ဆိုရင်..."
ကျန်းလီက မျက်နှာသေဖြင့် - "နောက်မေးခွန်း တစ်ခု။"
ဟုန်ချန်းသန့်စင်မြေကိုယ်စားပြု တက်ရောက်လာသော တာအိုဆရာရှင်းယွီက၊ မိမိ၏ တပည့်လေးကိုယ်စား သားရဲထိန်းကျောင်းရေးဂိုဏ်းချုပ်ကို သေသေချာချာ မှတ်သားထားလိုက်သည်။
"မုန့်ကျန်းဧကရာဇ်က ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ အရောင်းအဝယ်လုပ်နေပါတယ်လို့ ကျွန်တော် တိုင်ကြားချင်ပါတယ်။" ဝေ့ဧကရာဇ်က ထပ်မံ ထပြောလိုက်သည်။
"လောင်ချောင်။ မင်း မဟုတ်က ဟုတ်ကတွေ လျှောက်ပြောမနေနဲ့။" မုန့်ကျန်းဧကရာဇ်က ဒေါသတကြီး ပြန်အော်လိုက်သည်။
"ဘယ်လိုဖြစ်တာလဲ။" ကျန်းလီ မျက်မှောင်ကြုတ်သွားသည်။
ဝေ့ဧကရာဇ်က ရိုးသားစွာ ပြန်ဖြေသည် - "ကျွန်တော်က မုန့်ကျန်းဧကရာဇ်ကို... ခင်ဗျားရဲ့ မိဖုရားတစ်ပါးကို ကျွန်တော်နဲ့ ပေးစားလို့ ရမလား။ ကျွန်တော် နိုင်ငံရဲ့ နယ်မြေတချို့နဲ့ လဲလှယ်ပေးပါ့မယ်လို့ မေးတာကို... သူက ကျွန်တော့်ကို မျက်နှာ (ဂုဏ်သိက္ခာကို ဆိုလိုသော်လည်း ဝေ့ဧကရာဇ်က ကိုယ်အင်္ဂါဟု အဓိပ္ပာယ်လွဲယူခြင်း) ရောင်းမလားလို့ ပြန်မေးတယ်လေ။"
ကျန်းလီသည် မျက်နှာသေဖြင့် ဝေ့ဧကရာဇ်ကို အစည်းအဝေးခန်းမ အပြင်သို့ ပစ်ထုတ်လိုက်သည် - "ဝေ့ဧကရာဇ်က အစည်းအဝေးကို အနှောင့်အယှက်ပေးတဲ့အတွက် အခုလို အပြစ်ပေးလိုက်တာပါ။ နောက်မေးခွန်းတစ်ခု။"
"ကျွန်တော်တို့ ဟိုထူဂိုဏ်းက မေးစရာ ရှိပါတယ်။" ဟိုထူဂိုဏ်း၏ အကြီးအကဲက မတ်တပ်ရပ်လိုက်သည် - "ကျွန်တော်တို့ဂိုဏ်းက ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတွေက စကြဝဠာထဲကို သွားပြီး ကျင့်စဉ်တွေ စမ်းသပ်ချင်နေကြပါတယ်။ ဒါပေမဲ့ ကျိုကျိုး ကာကွယ်ရေး အစီအရင်ကြီးက အပြင်ထွက်လို့ပဲရပြီး ပြန်ဝင်လို့မရဘူး ဖြစ်နေလို့ပါ။ ဂိုဏ်းချုပ်ပိုင်အနေနဲ့ အစီအရင်ကြီးမှာ နယ်ပယ်ပြင်ပ နတ်ဆိုးတွေကို အလိုအလျောက် ခွဲခြားသိမြင်နိုင်တဲ့ စနစ်လေး ထည့်ပေးလို့ ရမလားလို့ပါ။"
"ကျိုယိဖေးထျန်းဂိုဏ်းကလည်း အဲ့ဒီ ပြဿနာမျိုး ရှိနေပါတယ်။"
"မုန့်ကျန်းအင်ပါယာလည်း အတူတူပါပဲ။"
"ဖန်ရွှီးဂိုဏ်းကလည်း ထပ်တူပါပဲ။"
ပိုင်ဟုန်ထူ မျက်မှောင်ကြုတ်သွားသည်။ ဤသည်မှာ သူ၏ ပေါ့ဆမှုပင် ဖြစ်သည်။ ကျိုကျိုးကမ္ဘာသည် အပိုင်းနှစ်ပိုင်းဖြင့် ဖွဲ့စည်းထားပြီး၊ တစ်ပိုင်းမှာ ကျိုကျိုး ကုန်းမြေကြီးဖြစ်ကာ ကျန်တစ်ပိုင်းမှာ ကုန်းမြေကြီး အထက်ရှိ ကြယ်တာရာ ကောင်းကင်ယံ ဖြစ်သည်။ ကျိုကျိုး ကာကွယ်ရေး အစီအရင်ကြီးသည် ကျိုကျိုး ကုန်းမြေကြီးကိုသာ ကာကွယ်ပေးထားခြင်းဖြစ်သည်။
ကျိုကျိုးကမ္ဘာရှိ ကြယ်တာရာ ကောင်းကင်ယံတွင် သေဆုံးနေသော ဂြိုဟ်များသာရှိပြီး မည်သည့် ဝိညာဉ်စွမ်းအားမျှ မရှိသဖြင့်၊ ကျင့်ကြံသူများ ကျင့်ကြံရန်နှင့် ရှင်သန်ရန် မသင့်တော်ပေ။
သို့သော် ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများသည် စကြဝဠာအတွင်းသို့ သွားရောက် လည်ပတ်နိုင်ကြသည်။ သူတို့သည် အချို့သော ကျင့်စဉ်များကို စမ်းသပ်ရာတွင် အစွမ်းပြင်းထန်လွန်းခြင်း သို့မဟုတ် လျှို့ဝှက်ထားလိုခြင်းတို့ကြောင့် စကြဝဠာအတွင်း၌ သွားရောက် လေ့ကျင့်လေ့ရှိကြသည်။ ဂြိုဟ်များပေါ်တွင် သက်ရှိများမရှိသဖြင့် ဖျက်ဆီးပစ်လိုက်လျှင်လည်း ပြဿနာမရှိပေ။
ကျန်းလီသည် ဖာရှန်းဂိုဏ်းမှ ကျင့်ကြံသူများက စကြဝဠာအတွင်း၌ အားကစားလုပ်ကာ ဂြိုဟ်များကို ဘောလုံးကဲ့သို့ ကန်ကစားနေကြသည်ကို မြင်ဖူးသလို၊ တွင်းနက်များအတွင်း၌ ရေချိုးရသည်ကို နှစ်သက်သော ကျင့်ကြံသူများကိုလည်း တွေ့ဖူးသည်။
ထို့ပြင် အချို့သော ကျင့်ကြံသူများမှာ ကျင့်ကြံရန်အတွက် ကြယ်တာရာစွမ်းအားများ လိုအပ်ကြသည်။ ဥပမာ - မုန့်ကျန်းအင်ပါယာမှ ကျင့်ကြံသူများသည် နိုင်ငံတော် ကံကြမ္မာစွမ်းအားကို တိုးတက်စေရန် စကြဝဠာအတွင်းသို့ သွားရောက်ကာ ကြယ်ရောင်များကို အနီးကပ် စုပ်ယူလေ့ရှိကြသည်။
ကျန်းလီက ပိုင်ဟုန်ထူကို အကြည့်ဖြင့် လှမ်းမေးလိုက်ရာ၊ ပိုင်ဟုန်ထူက ဤသည်မှာ အစီအရင်ကို ပြင်ဆင်ရန် ကျန်းလီက သဘောတူလိုက်ခြင်းဖြစ်ကြောင်း နားလည်လိုက်သည်။
"ရပါတယ်။ သိပ်တော့ မခက်ခဲပါဘူး၊ ဒါပေမဲ့ အချိန်နည်းနည်းတော့ ယူရလိမ့်မယ်။" ပိုင်ဟုန်ထူက ပြန်ဖြေလိုက်သည် - "နယ်ပယ်ပြင်ပ နတ်ဆိုးတွေနဲ့ ကျင့်ကြံသူတွေကြားမှာ အခြေခံကျတဲ့ ကွာခြားချက်တွေ ရှိပါတယ်။ ခန္ဓာကိုယ်နဲ့ ဝိညာဉ် နှစ်ခုစလုံးက လုံးဝ မတူညီကြပါဘူး။ နတ်ဆိုးက ရုပ်ပြောင်းရုပ်လွှဲလုပ်ပြီး အစီအရင်ကို ဖြတ်ကျော်ဖို့ ကြိုးစားရင်တောင်၊ အစီအရင်က ဝိညာဉ် မတူညီတာကို စစ်ဆေးသိရှိနိုင်ပြီး ဖြတ်ကျော်ခွင့် ပြုမှာ မဟုတ်ပါဘူး။"
ဝိညာဉ်ဆိုသည်မှာ ကျင့်ကြံသူတစ်ဦး၏ အခြေခံအုတ်မြစ်ဖြစ်သည်။ ကျင့်ကြံသူသည် ပုံသဏ္ဌာန်ကို ပြောင်းလဲနိုင်သော်လည်း ဝိညာဉ်ကိုမူ ပြောင်းလဲ၍ မရနိုင်ပေ။
ပိုင်ဟုန်ထူက ကျန်းလီကို အကြည့်ဖြင့် အချက်ပြလိုက်သည်။ ကောင်းကင်နတ်ဘုရားအဆင့် နတ်ဆိုးဖြစ်ရင်တောင် မဖြစ်နိုင်ဘူးနော်။
"ဒါဆိုရင် နောက်ထပ် စည်းကမ်းတစ်ခု ထပ်ထည့်လိုက်။ အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်အောက် ကျင့်ကြံသူတွေကိုပဲ အစီအရင်ကို ဖြတ်ကျော်ခွင့်ပြုမယ်လို့။" ကျန်းလီက ဖြည့်စွက် ပြောဆိုလိုက်သည်။ သူသည် အကာအကွယ်တစ်ထပ် ထပ်တိုးချင်ခြင်းဖြစ်သည်။ မြေနတ်ဘုရားအဆင့် နတ်ဆိုးများမှာ အသိဉာဏ်ရှုပ်ထွေးကြသဖြင့် ကျိုကျိုးသို့ ခိုးဝင်၍ ဒုက္ခပေးမည်ဟူသော အတွေးမျိုး ရှိနိုင်မည် မဟုတ်ပေ။
ကျန်းလီသည် အစည်းအဝေးပွဲထဲမှာပင် ချန်ချွန်းရှန်းဝမ်ထံ ဆက်သွယ်လိုက်ရာ၊ ရှန်းဝမ်က ခဏ စဉ်းစားပြီးနောက် ပြဿနာမရှိနိုင်ဟု ယူဆကာ အစီအရင်ပုံစံ ပြင်ဆင်ခြင်းကို သဘောတူလိုက်သည်။
"ဘယ်သူ မေးစရာ ရှိသေးလဲ။"
ရက်အနည်းငယ် ကြာပြီးနောက် ကျန်းလီသည် ပြဿနာအားလုံးကို ဖြေရှင်းပေးနိုင်ခဲ့ပြီး၊ ကျိုကျိုး အရေးပေါ် အစည်းအဝေးလည်း အောင်မြင်စွာ ပြီးဆုံးသွားလေတော့သည်။
***
မဟာယာနအဆင့်ရောက်မှ စနစ်က ပေါ်လာသတဲ့
Mahayana 108
အခန်း ၁၀၈ ။ ဗြဟ္မာမျှော်စင်ရှိနေသော ကမ္ဘာ
အစည်းအဝေးတွင် မေးမြန်းကြသော မေးခွန်းအများစုမှာ သိပ်ပြီး အရေးမပါသော ကိစ္စများဖြစ်သဖြင့် ကျန်းလီမှာ အတော်လေး စိတ်ပင်ပန်းခဲ့ရသည်။
ပြဿနာက ဘယ်ကလာလဲဆိုတာကို သူ သိသည်။ နယ်ပယ်ပြင်ပ နတ်ဆိုးများ၏ နှောင့်ယှက်မှု မရှိတော့ခြင်း၊ ပြီးတော့ သူ့လို လူသားဧကရာဇ်တစ်ပါးက ကျိုကျိုးကို ထိန်းသိမ်းပေးထားခြင်းတို့ကြောင့်၊ ဤပုဂ္ဂိုလ်ကြီးများမှာ အေးချမ်းလွန်းသော ပတ်ဝန်းကျင်တွင် အားလပ်ချိန် များနေကြခြင်းသာဖြစ်သည်။
ကျန်းလီသည် ဤလူတွေကို အလုပ်တစ်ခုခုရှာပေးရန် စဉ်းစားလိုက်သော်လည်း၊ လောလောဆယ်တွင် ဘာလုပ်ခိုင်းရမည်ကို သေချာ မစဉ်းစားရသေးပေ။
အားလုံးက ဝမ်းသာပျော်ရွှင်နေကြသည်ကို သူ တွေ့လိုက်ရသည်။ အကြောင်းရင်းမှာ စကြဝဠာထဲသို့ သွားရောက် ကစားခွင့်ရတော့မည်ဖြစ်သောကြောင့်ပင်။
စကြဝဠာထဲရှိ ဂြိုဟ်များနှင့် နှိုင်းယှဉ်ပါက ကျိုကျိုးကုန်းမြေကြီး၏ ဧရိယာမှာ အလွန်ကြီးမားလှသည်။ ကျန်းလီ၏ ယခင်ဘဝက ဂြိုဟ်များနှင့် ယှဉ်မည်ဆိုလျှင်၊ ဂျူပီတာဂြိုဟ်ဆယ်လုံးခန့်ကို ဖြန့်ခင်းထားသည်နှင့် ညီမျှသည်။
သို့သော် ထိုမျှ ကြီးမားသည့်တိုင် ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများအတွက်မူ ကျိုကျိုးကုန်းမြေကြီးပေါ်တွင် လွတ်လပ်စွာ တိုက်ခိုက်ခွင့် မရသကဲ့သို့ ခံစားရသည်။ ထို့ကြောင့် သူတို့ အများစုသည် ကောင်းကင်ယံ အမြင့်ပိုင်းတွင်ဖြစ်စေ၊ စကြဝဠာထဲတွင်ဖြစ်စေ သွားရောက် တိုက်ခိုက်လေ့ ရှိကြသည်။
ထို့ပြင် ကျိုကျိုးကုန်းမြေကြီးတွင် စည်းမျဉ်းဆိုင်ရာ ကန့်သတ်ချက်များရှိနေသည်။ ကျိုကျိုးကုန်းမြေကြီးပေါ်တွင် တစ်သက်လုံး နေထိုင်လာသူများအတွက် မသိသာသော်လည်း၊ စကြဝဠာထဲတွင် ခဏမျှ လှုပ်ရှားနိုင်သော ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် သို့မဟုတ် အချိန်ကြာမြင့်စွာ လှုပ်ရှားနိုင်သော ခန္ဓာပေါင်းစည်းခြင်းအဆင့်များ စကြဝဠာထဲသို့ ရောက်သွားသောအခါ... သူတို့ကိုယ်သူတို့ မယုံနိုင်လောက်အောင် သန်မာနေကြောင်း အံ့ဩစွာ တွေ့ရှိလိုက်ရသည်။
ကျိုကျိုးကုန်းမြေကြီးပေါ်တွင် တောင်များကို ဖြိုခွဲခြင်း၊ ပင်လယ်များကို ဖုံးလွှမ်းခြင်း၊ မိုးလေဝသကို ပြောင်းလဲခြင်းများကိုသာ ပြုလုပ်နိုင်သော်လည်း... စကြဝဠာထဲသို့ ရောက်သွားသောအခါ ကျိုကျိုးကုန်းမြေကြီး၏ စည်းမျဉ်းများ ကန့်သတ်ချက်မရှိတော့သဖြင့်၊ ဂြိုဟ်များ၏လမ်းကြောင်းကို ပြောင်းလဲခြင်း သို့မဟုတ် ဂြိုဟ်များကို ရိုက်ခွဲပစ်ခြင်းမှာ သူတို့အတွက် အလွန်လွယ်ကူသော ကိစ္စများ ဖြစ်သွားကြသည်။
ကျန်းလီ မဟာယာနအဆင့်သို့ ရောက်ခါစကဆိုလျှင်၊ ဂြိုဟ်များကို စစ်တုရင်ရုပ်များကဲ့သို့ ဖိချေကာ ပိုင်ဟုန်ထူနှင့်အတူ စစ်တုရင်ပွဲပေါင်း ရာနှင့်ချီ ကစားခဲ့ဖူးသေးသည်။
သို့သော် လူသားဧကရာဇ်နန်းဆောင်ကတော့ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများကို ဂြိုဟ်လမ်းကြောင်းများ ပြောင်းလဲခြင်း၊ ကြယ်များကိုရိုက်ခွဲခြင်း စသည်တို့ကို လျှော့လုပ်ကြရန် တိုက်တွန်းထားသည်။ သို့မဟုတ်ပါက ညတိုင်း ကောင်းကင်ကို မော့ကြည့်သည့်အခါ ကြယ်လေးငါးပွင့်လောက် ပျောက်ပျောက်သွားသည်ကို တွေ့ရမည် ဖြစ်သောကြောင့်ပင်။
...
ကောင်းကင်နတ်ဘုရားအဆင့် နယ်ပယ်ပြင်ပ နတ်ဆိုး၏ ခြိမ်းခြောက်မှုကို ဖြေရှင်းပြီးနောက်၊ ကျန်းလီသည် ဗြဟ္မာမျှော်စင်ကို သွားရှာရန် ဆုံးဖြတ်လိုက်သည်။
ဗြဟ္မာမျှော်စင်သည် ဟင်းလင်းပြင်တာအိုကို ကျွမ်းကျင်သဖြင့် ကျိုကျိုးအတွက် အလွန် အသုံးဝင်လှသည်။
အစကတည်းက ယင်ယန်ကောင်းကင်စည်းတံဆိပ်ကို ရှာတွေ့ပြီးသည်နှင့် ဗြဟ္မာမျှော်စင်ကို သွားရှာရန် စဉ်းစားထားခဲ့သော်လည်း၊ တာအိုဘိုးဘေး၏ နတ်ဘုရားရုပ်အလောင်းရှိရာ ကမ္ဘာမှ ပြန်ရောက်လာပြီးနောက် ကိစ္စများစွာ ဆက်တိုက်ပေါ်လာသဖြင့် ဗြဟ္မာမျှော်စင်ကို ရှာဖွေရေးကို ခဏ ဆိုင်းငံ့ထားခဲ့ရသည်။
ကျန်းလီသည် စနစ်အရောင်းဆိုင်မှနေ၍ ဗြဟ္မာမျှော်စင်ကို တစ်ခေါက် ထပ်ဝယ်ကြည့်လိုက်သေးသည်။ သို့သော် ဟိုကောင်က ထုံးစံအတိုင်းပင် ကျိုကျိုးသို့ ဆင့်ခေါ်ခြင်း မခံရမီမှာပင် ဟင်းလင်းပြင်တာအိုကို အသုံးပြု၍ ထွက်ပြေးသွားပြန်သည်။
ထို့ကြောင့် ကိုယ်တိုင် သွားရှာရန်သာ ရှိတော့သည်။
ယခင်က ထိုစကားနားမထောင်သော နတ်ဘုရားလက်နက်များ ဟင်းလင်းပြင်ကို ဆွဲဖြဲကာ အခြားကမ္ဘာများသို့ ထွက်ပြေးသွားစဉ်က စနစ်က တည်နေရာကို မှတ်သားထားခဲ့သဖြင့်၊ မည်သည့်ကမ္ဘာသို့ ရောက်နေသည်ကို သိရန်မှာ မခက်ခဲပေ။
ဗြဟ္မာမျှော်စင်၏ တိကျသော တည်နေရာကို ရှာပေးနိုင်မလားဟု ကျန်းလီက ယင်ယန်ကောင်းကင်စည်းတံဆိပ်ကို မေးကြည့်ရာ၊ တံဆိပ်ကလည်း ယဉ်ယဉ်ကျေးကျေးပင် ပြန်ဖြေသည် - ထိုငတုံးက သူ့ကိုယ်သူ ဟင်းလင်းပြင် အတားအဆီးများစွာဖြင့် ဖုံးအုပ်ထားသဖြင့် ကမ္ဘာပေါင်းများစွာ ခြားနေသကဲ့သို့ ဖြစ်နေကာ ကံတရားစွမ်းအားကို အားနည်းသွားစေသည်။ ထို့ကြောင့် ဗြဟ္မာမျှော်စင် ထိုကမ္ဘာထဲတွင် ရှိနေသေးကြောင်းကိုသာ အတည်ပြုနိုင်ပြီး တိကျသောနေရာကိုတော့ မသိနိုင်ကြောင်း ဖြေကြားခဲ့သည်။
ယင်ယန်ကောင်းကင်စည်းတံဆိပ်က ထပ်မံ အသုံးမဝင်တော့ကြောင်း မြင်သောအခါ၊ ကျန်းလီသည် ယင်ယန်ကောင်းကင်စည်းတံဆိပ်ကို ရတနာကျင့်စဉ်များ ဆက်လက် သုတေသနလုပ်ရန်သာ ခိုင်းစေလိုက်တော့သည်။
ကျန်းလီသည် ဗုဒ္ဓသားတော်ဝူကျစ်ကို သွားတွေ့ကာ၊ အကယ်၍ ဗြဟ္မာမျှော်စင်သာ အသိဉာဏ် ပွင့်လာမည်ဆိုလျှင် မည်သို့သော စရိုက်မျိုး ရှိနိုင်မည်ကို မေးမြန်းခဲ့သည်။
ဗုဒ္ဓသားတော်ဝူကျစ်က ခဏ စဉ်းစားပြီးနောက် - "သူက လူများတဲ့နေရာတွေမှာ သွားပြီး တရားဟောရတာကို သဘောကျလောက်တယ်" ဟု ဖြေကြားခဲ့သည်။
ထို့နောက် ကျန်းလီသည် သူနှင့် ရင်းနှီးသော သူငယ်ချင်း အနည်းငယ်ကို အသိပေးကာ၊ အခြားကမ္ဘာတစ်ခုသို့ သွားရောက်မည်ဖြစ်ကြောင်း ပြောပြခဲ့သည်။
【အမည်မသိ ကမ္ဘာတစ်ခုသို့ ကူးပြောင်းမည်လား?】
"ကူးပြောင်းမယ်။"
ကျန်းလီကိုယ်တိုင် ဟင်းလင်းပြင်ကို ဆွဲဖြဲကာ ဗလာနယ်ကို ဖြတ်သန်း၍ သွားနိုင်သော်လည်း၊ စနစ်၏ ကူးပြောင်းမှုက ပို၍ မြန်ဆန်သည်။ မည်သို့ပင်ဖြစ်စေ ယခု သူ၏ ရင်းမြစ်အမှတ်များမှာ မှတ်၍မရအောင် များပြားနေပြီဖြစ်ရာ စိတ်ကြိုက်အသုံးပြုနိုင်သည်။
...
ပျက်စီးယိုယွင်းနေသော မြို့ပျက်ကြီးထဲတွင်... အထပ်မြင့် အဆောက်အအုံကြီးများ ယိုင်နဲ့နေပြီး တံခါးနှင့် ပြတင်းပေါက်များမှာလည်း ကျိုးပဲ့နေကြသည်။ တောက်ပသော နေရောင်ခြည် ကျဆင်းလာသော်လည်း ဤမီးခိုးရောင် မြို့တော်ကြီးကိုတော့ လင်းထိန်သွားစေခြင်းမရှိပေ။
မိဘများ၏ ပြောပြချက်များ၊ မှတ်တမ်းရုပ်ရှင်များ ရှိနေသော်လည်း... ဤခေတ်တွင် မွေးဖွားလာသော ကလေးငယ်များအတွက် အတိတ်က မြို့တော်ကြီးများ မည်မျှ စည်ကားခဲ့မည်၊ အသက်အန္တရာယ် ကင်းရှင်းသော ကမ္ဘာကြီးက မည်သို့ရှိမည်ကို စိတ်ကူးယဉ်ကြည့်ရန်ပင် ခက်ခဲလှသည်။
ဤမြို့တော်တွင် အိမ်များမှာ လုံခြုံရေး ပေးစွမ်းနိုင်သော နေရာများ မဟုတ်တော့ဘဲ၊ ရွှံ့နွံများနှင့် ထောင်ချောက်များအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ အတွင်းသို့ ဝင်ရောက်သွားသည်နှင့် သေရေးရှင်ရေးကို မခန့်မှန်းနိုင်တော့ပေ။ ထိုအိမ်များထဲတွင် ဇွန်ဘီမည်မျှ ပုန်းအောင်းနေမည်၊ လူ မည်မျှ သေဆုံးနေမည်ကို မည်သူမျှ မသိနိုင်ကြပေ။
ဇွန်ဘီတစ်ကောင်သည် မြို့ထဲတွင် ယိမ်းယိုင်စွာ လမ်းလျှောက်နေပြီး၊ ဗီဇစိတ်ဖြင့် သားကောင်ကို ရှာဖွေနေသည်။
"အစ်မ... ဟိုမှာ တစ်ကောင်တည်း ကျန်နေတဲ့ အဆင့် ၁ ဇွန်ဘီ ငါတို့ရဲ့ ပိတ်ဆို့ထားတဲ့ ဧရိယာထဲကို ဝင်လာပြီ။" လူငယ်တစ်ဦးက အဆောက်အအုံငယ်တစ်ခု၏ ခေါင်မိုးပေါ်တွင် ဝပ်နေရင်း၊ ဇွန်ဘီကို မြင်သောအခါ အသံတွင် စိတ်လှုပ်ရှားမှုများ ပါဝင်နေသည်။
အဆင့် ၁ ဇွန်ဘီတစ်ကောင်ဆီမှရမည့် ပစ္စည်းများက မောင်နှမ နှစ်ယောက်ကို တစ်လတိတိ စားဝတ်နေရေး အဆင်ပြေစေနိုင်သည်။ သေချာသည်မှာ လက်နက်ခဲယမ်းများအဖြစ် ပြောင်းလဲလိုက်မည်ဆိုပါက မြန်မြန် ကုန်သွားမည် ဖြစ်သည်။
သူသည် ဇွန်ဘီ ထောက်လှမ်းရေးစက်ဖြင့် ထိုဇွန်ဘီ၏အဆင့်ကို အတည်ပြုလိုက်ရာ၊ အတိအကျပင် အဆင့် ၁ ဇွန်ဘီ ဖြစ်နေသည်။
"မောင်လေး... စိတ်အေးအေးထား။ သူ့ဘေးနားမှာ တခြားဇွန်ဘီတွေ၊ ဒါမှမဟုတ် တခြားလူတွေ ရှိမရှိ အရင်သေချာစစ်ရဦးမယ်။"
အစ်မဖြစ်သူမှာ အထပ်ရှစ်ထပ်ရှိသော အဆောက်အအုံတစ်ခုပေါ်တွင် ဝပ်နေပြီး၊ ပို၍ တည်ငြိမ်စွာ လှုပ်ရှားနေသည်။
သူမသည် မှန်ဘီလူးအချို့ကို အသုံးပြုကာ အောက်ထပ်ရှိ ဇွန်ဘီကို စောင့်ကြည့်နေသည်။ မှန်ဘီလူးများကို အကြိမ်ကြိမ်ချိန်ညှိကာ ဇွန်ဘီ၏အဆင့်ကို အတည်ပြုခြင်း၊ ပတ်ဝန်းကျင်တွင် အခြားဇွန်ဘီများ ရှိမရှိ၊ သို့မဟုတ် အခွင့်အရေး ယူလိုသော ဝါရင့် မုဆိုးများ ပုန်းအောင်းနေခြင်း ရှိမရှိကို သေချာ စစ်ဆေးနေသည်။
ဤကမ္ဘာပျက်ကြီးထဲတွင် မောင်နှမနှစ်ယောက်၏ရန်သူမှာ ဇွန်ဘီများသာ မဟုတ်ပေ။
"အစ်မ... ရပြီလား။ သားကောင်က ပိတ်ဆို့ထားတဲ့ ဧရိယာထဲကနေ ထွက်သွားတော့မယ်နော်။" မောင်လေး၏အသံမှာ အနည်းငယ် လောနေပြီး၊ ဆက်သွယ်ရေးနားကြပ်ကို အဆက်မပြတ် ပွတ်သပ်နေသည်။
"ချုံခိုတိုက်ခိုက်မယ့်သူ မရှိဘူး... စမယ်။" အစ်မဖြစ်သူက ပြတ်သားစွာ အမိန့်ပေးလိုက်သည်။
မောင်နှမ နှစ်ယောက်သည် တစ်ဖက်တစ်ချက်ရှိ အဆောက်အအုံများပေါ်မှ ခုန်ချလိုက်ကြသည်။ သူတို့သည် အနက်ရောင် အားဖြည့်ဝတ်စုံများကို ဝတ်ဆင်ထားပြီး၊ လက်ထဲမှ ဓားများက အလင်းပြန်ကာ တောက်ပနေသည်။ သူတို့သည် အသံတိတ် ခုန်ဆင်းလာပြီး ဇွန်ဘီ၏ ခြေလက်များနှင့် လည်ပင်းကို ပစ်မှတ်ထားလိုက်ကြသည်။
ဇွန်ဘီများ၏ အားနည်းချက်မှာ ခေါင်းဖြစ်ပြီး၊ အဖိုးတန်ဆုံးဖြစ်သော ဦးနှောက်အမြုတေမှာလည်း ခေါင်းထဲတွင်သာရှိသည်။ အကယ်၍ ခေါင်းကို တိုက်ရိုက် တိုက်ခိုက်လိုက်ပါက ယနေ့ သူတို့၏ ကြိုးစားမှုများအားလုံး အလဟဿ ဖြစ်သွားမည်ဖြစ်သည်။
ဇွန်ဘီက သူတို့၏လှုပ်ရှားမှုကို သတိပြုမိချိန်တွင်၊ သူတို့နှင့် ၃ မီတာပင် မကွာတော့ပေ။
ဇွန်ဘီက ဗီဇစိတ်ဖြင့် ခဲယဉ်းစွာ ရှောင်တိမ်းလိုက်သော်လည်း၊ အစ်မဖြစ်သူ၏ဓားချက်ဖြင့် လက်တစ်ဖက် ပြတ်ကျသွားခဲ့သည်။
မောင်ဖြစ်သူက အခွင့်အရေးယူကာ တိုတောင်းသော ဓားကို ဝှေ့ယမ်းရင်း လေထဲတွင် လှပသော ဓားကွက်များကို ဖော်ပြလိုက်သည်။ သူသည် ဇွန်ဘီ၏လည်ပင်းကို ဖြတ်ရန် ကြိုးစားလိုက်သော်လည်း၊ ဇွန်ဘီသည် အသိဉာဏ်မရှိသည့်တိုင် မိမိ၏အားနည်းချက်ကို သိရှိနေသည်။ သူသည် ခန္ဓာကိုယ်ကို ဓားအကုတ်ခံရလျှင် ခံရပါစေ၊ လည်ပင်းကိုတော့ လုံးဝ အထိမခံပေ။
မောင်ဖြစ်သူမှာ ပို၍ စိတ်လောလာသည်။ ယနေ့ အခွင့်အရေးမှာ မည်မျှ ရှားပါးကြောင်း သူ သိသည်။ အကယ်၍ လွဲချော်သွားပါက မောင်နှမ နှစ်ယောက်မှာ ဗိုက်ဆာခံပြီး နောက်ထပ် ရက်အနည်းငယ် ထပ်မံ ချုံခိုနေရဦးမည်ဖြစ်သည်။
ဇွန်ဘီ၏အသားအရေမှာ မြေအောက်ဂူထဲမှ မံမီအလောင်းကဲ့သို့ ခြောက်သွေ့နေသည်။ ၎င်းက မောင်ဖြစ်သူကို ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ၊ ခြောက်ကပ်နေသော ကြွက်သားများ လှုပ်ရှားနေသည်ကိုပင် မြင်တွေ့နေရသည်။
ဇွန်ဘီက မောင်ဖြစ်သူထံသို့ ခုန်အုပ်လိုက်ပြီး လက်ချောင်းငါးချောင်းဖြင့် အားကုန် ကုတ်ဖြဲလိုက်ရာ၊ မောင်ဖြစ်သူ၏ အားဖြည့်ဝတ်စုံမှာ စုတ်ပြဲသွားသည်။ မောင်ဖြစ်သူက အော်ဟစ်လိုက်ပြီး အမြန် နောက်ဆုတ်သွားကာ မျက်နှာတွင် ထိတ်လန့်မှုများ ပြည့်နှက်နေသည်။
သူ ဇွန်ဘီ အကုတ်ခံလိုက်ရပြီ။
သို့သော် သူသည် အော်ဟစ်ပြီးသည်နှင့် ချက်ချင်း ပါးစပ်ကို ပိတ်လိုက်ပြီး၊ နာကျင်မှုနှင့် ကြောက်ရွံ့မှုကို အံကြိတ်ခံကာ အစ်မဖြစ်သူကို အာရုံမလွင့်စေရန် ကြိုးစားလိုက်သည်။
အစ်မဖြစ်သူက မောင်ဖြစ်သူထက် ပို၍ တည်ငြိမ်သည်။ သူမသည် ပေါ့ပါးသော ခြေလှမ်းများဖြင့် ဇွန်ဘီအနားသို့ ချဉ်းကပ်သွားပြီး၊ ညီဖြစ်သူ လွဲချော်သွားသော ကွက်လပ်ကိုဖြည့်ကာ ဇွန်ဘီကို ဆက်လက်တိုက်ခိုက်လိုက်သည်။
မောင်ဖြစ်သူ ကူးစက်ခံရပါက အချိန်တိုအတွင်းမှာ ဖြေဆေးဖြင့် ကယ်တင်၍ ရနိုင်သေးသည်။ ယခု အရေးကြီးဆုံးမှာ ဤဇွန်ဘီကို အရင်ဆုံး သတ်ဖြတ်ရန်သာ ဖြစ်သည်။ သို့မဟုတ်ပါက ယနေ့ မောင်နှမ နှစ်ယောက်စလုံး ဇွန်ဘီ၏အစားအစာ ဖြစ်သွားရပေလိမ့်မည်။
အစ်မဖြစ်သူသည် ဦးနှောက်အမြုတေကို မက်မောမနေတော့ဘဲ၊ ဇွန်ဘီ၏ခေါင်းကိုသာ တိုက်ရိုက် ပစ်မှတ်ထား တိုက်ခိုက်တော့သည်။
သို့သော် ဇွန်ဘီ၏ လှုပ်ရှားမှုများက အစ်မဖြစ်သူထက်ပင် ပိုမို မြန်ဆန်နေသေးသည်။ ၎င်းသည် မြေပြင်ပေါ်တွင် လိမ့်သွားပြီး ပြတ်ကျနေသော မိမိ၏လက်ကို ပြန်ကောက်ကာ လက်နက်အဖြစ် အသုံးပြု၍ အစ်မဖြစ်သူကို ပြန်လည် ရိုက်နှက်လာသည်။
ခန္ဓာကိုယ်နှင့် ကင်းကွာသွားသော ဇွန်ဘီ၏လက်မောင်းသည်ပင်လျှင် အလွန်ပြင်းထန်သော ကူးစက်နိုင်စွမ်းရှိပြီး၊ လက်သည်းများမှာ ဓားငယ်လေးများထက်ပင် ထက်မြက်လှသည်။ အစ်မဖြစ်သူ၏ တန်ဖိုးနည်း အကာအကွယ်ဝတ်စုံမှာ အကြိမ်အနည်းငယ် အကုတ်ခံရရုံဖြင့် ပေါက်ပြဲသွားမည်မှာ သေချာသည်။
အစ်မဖြစ်သူမှာ နောက်ဆုတ်ကာ ခံစစ်ကိုသာ အသည်းအသန် ကာကွယ်နေရသည်။
အစ်မဖြစ်သူကို ပို၍ ထိတ်လန့်စေသည်မှာ... ဤဇွန်ဘီ၏အမူအကျင့်များသည် သာမန် အဆင့် ၁ ဇွန်ဘီနှင့် လုံးဝ မတူညီခြင်းပင်။ ကိရိယာကို အသုံးပြုတတ်သော အသိဉာဏ်မျိုးမှာ အဆင့် ၂ ဇွန်ဘီ တွင်မှသာ ရှိသည်။
ဤဇွန်ဘီက ဆင့်ကဲပြောင်းလဲတော့မည်။
သူတို့၏ ဇွန်ဘီ ထောက်လှမ်းရေးစက်မှာ ဈေးပေါလွန်းသဖြင့် ဤဇွန်ဘီသည် အဆင့် ၁၏ မည်သည့်အဆင့်ခွဲတွင် ရှိနေသည်ကို အတိအကျ မစစ်ဆေးနိုင်ခဲ့ပေ။
အစ်မဖြစ်သူသည် ပစ္စတိုကို ထုတ်ယူလိုက်ပြီး၊ လက်တစ်ဖက်က ဓား၊ လက်တစ်ဖက်က သေနတ်ကို ကိုင်ကာ ဇွန်ဘီ၏ခေါင်းကို ပစ်ခတ်ရန် ကြိုးစားလိုက်သည်။
လူတစ်ယောက်နှင့် ဇွန်ဘီ တစ်ကောင်တို့ အကြိမ်ပေါင်းများစွာ အပြန်အလှန် တိုက်ခိုက်နေကြသည်။ အစ်မဖြစ်သူက ဓားဖြင့် ခုတ်ချလိုက်သော်လည်း ဇွန်ဘီက လက်မောင်းဖြင့် ကာကွယ်လိုက်သည်။
အစ်မဖြစ်သူက ခန္ဓာကိုယ်၏အလေးချိန်နှင့် လက်မောင်းအားကို အသုံးပြု၍ ဇွန်ဘီကို ဖိချလိုက်ရာ၊ ဇွန်ဘီမှာ နောက်သို့ လန်ကျသွားရသည်။ ၎င်း၏ ကွေးညွှတ်သွားသော ပုံစံမှာ လူသားတို့၏ ကန့်သတ်ချက်ကို ကျော်လွန်နေပြီး၊ ကျောရိုးများမှ "ဂလွတ်... ဂလွတ်" မြည်သံများ ထွက်ပေါ်လာသော်လည်း ဇွန်ဘီမှာ နာကျင်မှုကို လုံးဝ မခံစားရပေ။
သူမသည် အခွင့်အရေးကို ဆုပ်ကိုင်ကာ ဘယ်လက်ဖြင့် သေနတ်ကို ပစ်လိုက်သည်။ ဇွန်ဘီ၏မျက်လုံးကို ချိန်ရွယ်ထားပြီး၊ မျက်လုံးမှတစ်ဆင့် နောက်ကွယ်ရှိ ဦးနှောက်အမြုတေကိုပါ ဖောက်ထွင်း ဖျက်ဆီးရန် ရည်ရွယ်လိုက်သည်။
ထိုစဉ် ဇွန်ဘီက ခေါင်းကို ရုတ်တရက် မော့လိုက်ပြီးနောက်၊ ပြန်လည်တည့်မတ်လိုက်ချိန်တွင် ကြောက်မက်ဖွယ်ကောင်းသော အပြုံးတစ်ခုကို ပြုံးပြလိုက်ကာ... သေချာစီတန်းနေသော သွားများဖြင့် ကျည်ဆန်ကို ကိုက်ဖမ်းလိုက်သည်။
"အစ်မ... သတိထား။ ဇွန်ဘီ ထောက်လှမ်းရေးစက်က အခုလေးတင်မှ ပြောင်းသွားပြီ၊ သူက အဆင့် ၂ ဇွန်ဘီ ဖြစ်သွားပြီ။"
အစ်မဖြစ်သူ၏ သူငယ်အိမ်များ ကျုံ့ဝင်သွားသည်။ ဇွန်ဘီ၏အင်အားမှာ ရုတ်တရက် အဆမတန် ကြီးမားလာပြီး၊ သူမကို လေထဲသို့ လွှင့်ပစ်လိုက်သည်ကို ခံစားလိုက်ရသည်။
အစ်မဖြစ်သူသည် လေထဲတွင် ကိုယ်ကိုထိန်းကာ ဇွန်ဘီနှင့် အကွာအဝေးတစ်ခု ခြားလိုက်ပြီး၊ မောင်ဖြစ်သူအနားသို့ သွားရောက်ကာ သူ့ကိုခေါ်ဆောင်၍ ထွက်ပြေးရန် ပြင်လိုက်သည်။
အဆင့် ၂ ဇွန်ဘီကို သူမ လုံးဝ အနိုင်မရနိုင်ပေ။ ဤနေရာမှ ထွက်ပြေးမှသာ အသက်ရှင်နိုင်မည့် အခွင့်အရေး ရှိမည်။
"အစ်မ... ကိုယ့်ဘာသာ ထွက်ပြေးတော့။ ကျွန်တော့်ကို မခေါ်နဲ့တော့။" မောင်ဖြစ်သူက အစ်မ၏ ရည်ရွယ်ချက်ကို ချက်ချင်း သိလိုက်သည်။ သို့သော် အစ်မတစ်ယောက်တည်း ထွက်ပြေးလျှင်တောင်မှ အဆင့် ၂ ဇွန်ဘီ၏လက်ထဲမှ လွတ်နိုင်မည် မသေချာရာ၊ ဝန်ထုပ်ဝန်ပိုးဖြစ်နေသော သူ့ကိုပါ ခေါ်သွားမည်ဆိုပါက လွတ်မြောက်ရန် လုံးဝ မဖြစ်နိုင်တော့ပေ။
မောင်ဖြစ်သူ၏မျက်လုံးများမှာ ဖြူဝေလာပြီး ခန္ဓာကိုယ်မှာလည်း သဘာဝမကျစွာ တုန်ရီနေကာ၊ ဇွန်ဘီအဖြစ်သို့ စတင်ပြောင်းလဲနေပြီဖြစ်သည်။
ဇွန်ဘီများအကြားတွင် အဆင့်အတန်း ဖိနှိပ်မှုများရှိကြသည်။ သူ့ခန္ဓာကိုယ်သည် ဤအဆင့် ၂ ဇွန်ဘီကို ကြောက်ရွံ့နေကြောင်း သူ ခံစားနေရသည်။
"ဒီကောင်ကြီးကို ကျွန်တော် တားထားမယ်။ အစ်မ မြန်မြန် ပြေး။" မောင်ဖြစ်သူသည် ခန္ဓာကိုယ်၏ ဗီဇကြောက်ရွံ့မှုကို ကျော်လွှားကာ မတ်တပ်ထရပ်ပြီး ဇွန်ဘီနှင့် တိုက်ခိုက်ရန် ပြင်လိုက်သည်။
အစ်မဖြစ်သူသည် ၎င်းမှာ အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း သိသော်လည်း... သူတို့ မောင်နှမသည် အသက် ၈ နှစ်အရွယ်ကတည်းက မိဘများ၏ ရောင်းစားခြင်းကိုခံခဲ့ရပြီး သူတစ်ပါး၏ အစားအစာ ဖြစ်လုနီးပါးမှ ထွက်ပြေးလွတ်မြောက်လာခဲ့သူများ ဖြစ်သည်။ မောင်နှမ နှစ်ယောက်သည် ဆယ်နှစ်တိုင်တိုင် ဤမျှော်လင့်ချက်မဲ့သော ဇွန်ဘီကမ္ဘာကြီးတွင် အချင်းချင်း အားကိုးကာ အသက်ရှင်သန်ခဲ့ကြရသည်။ ယခု မောင်ဖြစ်သူ သေဆုံးသွားမည်ဆိုပါက... သူမအတွက်လည်း အသက်ရှင်ချင်စိတ် မရှိတော့ပေ။
သေလိုက်တာကမှ ပိုကောင်းဦးမယ်။
ဇွန်ဘီကတော့ မောင်နှမ နှစ်ယောက်၏ စိတ်ခံစားချက်များကို ဂရုမစိုက်ပေ။ ၎င်းသည် လျှပ်စီးအလား မြန်ဆန်စွာဖြင့် အပျက်အစီးများပေါ်တွင် ပြေးလွှားကာ မောင်နှမ နှစ်ယောက်ထံသို့ ခုန်အုပ်လာသည်။
မောင်နှမ နှစ်ယောက်စလုံး၏မျက်နှာတွင် မျှော်လင့်ချက်ကင်းမဲ့သော အမူအရာများ ပေါ်ထွက်လာသည်။
အစ်မဖြစ်သူ မျက်လုံးမှိတ်ကာ သေခြင်းတရားကို စောင့်ဆိုင်းနေလိုက်သော်လည်း... ခဏကြာသည့်တိုင်အောင် မည်သည့် နာကျင်မှုကိုမျှ မခံစားရပေ။
သူမ တွန့်ဆုတ်စွာ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ၊ ရှေးဟောင်းအဝတ်အစားများ ဝတ်ဆင်ထားသော သူစိမ်းအမျိုးသားတစ်ဦးက ထူးဆန်းသော စကားများ ပြောနေသည်ကို တွေ့လိုက်ရသည်။
"ခြောက်ကပ်ကပ်နဲ့... ဘာကောင်ကြီးလဲ။"
သို့သော် ထိုသူစိမ်း ပြောသောစကားကို သူမ နားမလည်ပေ။
မောင်ဖြစ်သူကတော့ ခုနက ဖြစ်ပျက်သွားသည်များကို အသေအချာ မြင်လိုက်ရသည်။
ထိုသူစိမ်း အမျိုးသားသည် ဇွန်ဘီ၏ခေါင်းပေါ်သို့ ရုတ်တရက် ရောက်လာခဲ့သည်။ သူသည် ဇွန်ဘီ၏ ပုံစံကို မြင်သောအခါ အနည်းငယ် အံ့ဩသွားပြီးနောက်၊ ဗီဇစိတ်ဖြင့် ခြေထောက်ကို ဖိနင်းလိုက်ရာ... ဇွန်ဘီမှာ ခြေတစ်ချက်တည်းနှင့် ပိပြား သေဆုံးသွားခဲ့သည်။
မောင်ဖြစ်သူသည် ငယ်စဉ်က ပိုးဟပ်ကို မြင်ဖူးခဲ့သည်ကို ပြန်သတိရသွားသည်။ ထိုအချိန်ကလည်း ခြေထောက်များများဖြင့် လှုပ်ရှားနေသော ပိုးဟပ်ကို မြင်သောအခါ လန့်သွားပြီး ဗီဇစိတ်ဖြင့် နင်းချေခဲ့ဖူးသည် မဟုတ်လား။
ထိုသူစိမ်း အမျိုးသားမှာ သေချာပေါက် ကျန်းလီပင်ဖြစ်သည်။
ကျန်းလီသည် ဤကမ္ဘာ၏ဘာသာစကားကို လျင်မြန်စွာ လေ့လာသင်ယူလိုက်ပြီး - "ဒီညီလေးက အခြေအနေ သိပ်မကောင်းဘူး ထင်တယ်။"
အစ်မဖြစ်သူသည် ထိုအခါမှသာ မောင်ဖြစ်သူ အန္တရာယ်ရှိနေသေးကြောင်း သတိရသွားပြီး၊ ကျောပိုးအိတ်ထဲမှ ဆေးထိုးပြွန် တစ်ခုကို ထုတ်ယူကာ မောင်ဖြစ်သူ၏ လက်မောင်းသို့ ထိုးသွင်းလိုက်သည်။ မောင်ဖြစ်သူ၏ အမောတကော အသက်ရှူသံများမှာ တဖြည်းဖြည်း တည်ငြိမ်သွားပြီး၊ မျက်လုံးများမှာလည်း အနက်ရောင်ပြန်ဖြစ်သွားကာ ခန္ဓာကိုယ် တုန်ယင်နေခြင်းလည်း ရပ်တန့်သွားသည်။
ကျန်းလီသည် နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်ရာ၊ ဤနေရာမှာ ဂြိုဟ်တစ်လုံးဖြစ်ပြီး၊ ဤဂြိုဟ်ပေါ်တွင် ဇွန်ဘီကပ်ရောဂါကြီး ဖြစ်ပွားနေကြောင်း တွေ့ရှိလိုက်ရသည်။
သူ မျက်မှောင်ကြုတ်သွားသည်။ ဤကမ္ဘာပေါ်ရှိ လူသားများ၏အခြေအနေမှာ အလွန် အန္တရာယ်ကြီးမားနေကြောင်း သူ တွေ့ရှိလိုက်ရသည်။
"ငါ ကမ္ဘာအသစ်ကို ရောက်ပြီ။" ကျန်းလီက ပိုင်ဟုန်ထူထံ ဆက်သွယ်လိုက်သည်။
ပိုင်ဟုန်ထူက ပုံမှန်ထက် များစွာ မြန်ဆန်သော စကားပြောနှုန်းဖြင့် ပြောလိုက်သည် - "ဘယ်လို ကမ္ဘာမျိုးလဲဆိုတာ ငါ့ကို ပြပါဦး။"
ကျန်းလီသည် ပိုင်ဟုန်ထူ၏ စကားပြောနှုန်း မူမမှန်သည်ကို သတိထားမိလိုက်ပြီး ပြောလိုက်သည် - "ဒီကမ္ဘာရဲ့ အချိန်စီးဆင်းမှုက ကျိုကျိုးနဲ့ မတူဘူးပဲ။"
"ဒါ ပုံမှန်ပါပဲ။" ပိုင်ဟုန်ထူက ဤအချက်ကို ကြိုတင် ခန့်မှန်းထားပြီးဖြစ်သည် - "ကမ္ဘာတစ်ခုနဲ့ တစ်ခုရဲ့ အချိန်စီးဆင်းမှုက မူလကတည်းက မတူညီကြဘူးလို့ ကြားဖူးတယ်။ နတ်ဘုရားဘုံက နတ်ဘုရားဘုံလှေကားနဲ့ ကမ္ဘာပေါင်းများစွာကို ဆက်သွယ်လိုက်ပြီးမှသာ အချိန်စီးဆင်းမှုတွေကို အကုန် တူညီအောင် ညှိပေးလိုက်တာတဲ့။"
"အရင်က မင်းသွားခဲ့တဲ့ ကမ္ဘာက အချိန်စီးဆင်းမှု တူညီနေတာက တိုက်ဆိုင်မှုသက်သက်ပါပဲ။"
သူတို့နှစ်ဦး အချိန်ကို တွက်ချက် နှိုင်းယှဉ်ကြည့်လိုက်ရာ၊ အချိန်စီးဆင်းမှုမှာ အလွန်ကွာခြားနေကြောင်း တွေ့လိုက်ရသည်။ ကျိုကျိုးတွင် နှစ် ၉,၀၀၀ ကြာမြင့်သွားသော်လည်း၊ ဤကမ္ဘာတွင်မူ အနှစ် ၁,၀၀၀ သာ ကြာမြင့်သေးသည်။
"ဒီနေရာက ဘာလို့ ဒီလောက် ရှုပ်ပွနေတာလဲ။ မင်း ရောက်သွားတဲ့ အရှိန်နဲ့ သူတို့ရဲ့ အဆောက်အအုံတွေကို ပြိုကျအောင် လုပ်လိုက်တာလား။" ပိုင်ဟုန်ထူသည် ကျန်းလီ၏ နောက်ခံမြင်ကွင်းရှိ ပျက်စီးနေသော အဆောက်အအုံများ၊ ပေါက်ရောက်နေသော ပေါင်းပင်များနှင့် ဟာလာဟင်းလင်း ဖြစ်နေသော မြို့ပျက်ကြီးကို မြင်သောအခါ မေးလိုက်သည်။
"ပါးစပ်ကနေ ထွက်ချင်တိုင်း ထွက်မနေနဲ့။" ကျန်းလီသည် ပိုင်ဟုန်ထူ၏အပြုအမူကို အထင်သေးစွာ ပြောလိုက်သည်။
သူသည် မလှမ်းမကမ်းမှ သောင်းကျန်းနေသော ဇွန်ဘီတစ်ကောင်ကို ဖမ်းဆွဲလာပြီး ပိုင်ဟုန်ထူအား ပြသလိုက်သည်။
မောင်ဖြစ်သူ၏မျက်လုံးများ ပြူးကျယ်သွားသည်။ သူ၏ ဇွန်ဘီ ထောက်လှမ်းရေးစက်တွင် ဤဇွန်ဘီမှာ အဆင့် ၃ ဇွန်ဘီ ဟု ဖော်ပြနေသည်။
ဤမြို့ပျက်ကြီးထဲတွင် အစွမ်းအထက်ဆုံး ဇွန်ဘီမှာ အဆင့် ၃ ဇွန်ဘီတစ်ကောင်သာရှိသည်ဟု သူ ကြားဖူးခဲ့ရာ၊ ထိုကောင်သည် ဤဇွန်ဘီပင် ဖြစ်လောက်သည်။
"ဒီဒေသခံတွေက ဒီအရာကို 'ဇွန်ဘီ' လို့ ခေါ်ကြတယ်။ အကိုက်ခံရတဲ့သူတိုင်းကလည်း ဇွန်ဘီ အသစ်တွေ ဖြစ်သွားကြတာပဲ။"
ထိုရင်းနှီးနေသော ဖော်ပြချက်ကို ကြားလိုက်ရသောအခါ ပိုင်ဟုန်ထူ၏ခေါင်းထဲတွင် မြင်ကွင်းတစ်ခု ဖြတ်ပြေးသွားပြီး တစ်ချက်တုန်ရီသွားသည် - "ဒါက ငါတို့ လူသားဧကရာဇ်လောင်းဘဝတုန်းက... နယ်ပယ်ပြင်ပ နတ်ဆိုးတွေ ခန္ဓာကိုယ်ဖြိုခွဲတုန်းက မြင်ကွင်းမျိုးပဲ မဟုတ်လား။"
"အဲ့ဒီတုန်းက တစ်မြို့လုံးက လူတွေ ဒီလိုဖြစ်ကုန်တာ၊ မင်းက ချက်ချင်းပဲ အဲ့ဒီလူတွေ အကုန်လုံးကို သတ်ပစ်လိုက်လို့... 'လူသတ်သမားကျန်း' ဆိုတဲ့ နာမည် တွင်သွားတာလေ။"
ပိုင်ဟုန်ထူသည် သူ ပြန်မတွေးချင်သော အတိတ်ကို ပြန်လည်မြင်ယောင်လာသည်။ ထိုအချိန်က နယ်ပယ်ပြင်ပ နတ်ဆိုးသည် ထျန်းယွမ်အင်ပါယာတွင် 'နတ်ဆိုးခန္ဓာ ဖြိုခွဲခြင်းအတတ်' ကို အသုံးပြုကာ၊ တစ်မြို့လုံးရှိ လူများကို အသိဉာဏ်ကင်းမဲ့စေပြီး ခွေးရူးများအလား တွေ့သမျှလူကို လိုက်ကိုက်စေခဲ့သည်။ အကိုက်ခံရသူများသည်လည်း ရောဂါကူးစက်ခံရသူများ ဖြစ်လာပြီး အခြားသူများကို ထပ်မံ ကူးစက်စေခဲ့သည်။
ကျန်းလီသည် ဓားများ အပြည့်ထည့်ထားသော ခြင်းတောင်းကြီးတစ်လုံးကို လွယ်ကာ မြို့ထဲသို့ ပြေးဝင်သွားပြီး ကူးစက်ခံရသူ အားလုံးကို လိုက်လံ ခုတ်သတ်ခဲ့သည်။ သူသယ်လာသော လက်နက်များအားလုံး တုံးတိသွားသည်အထိ ခုတ်သတ်ပြီးမှသာ ကူးစက်ခံရသူအားလုံးကို ရှင်းလင်းနိုင်ခဲ့သည်။
ကျန်းလီသည် သူ၏ ယခင်ဘဝကတည်းက ဇွန်ဘီရုပ်ရှင်များကို ကြည့်ဖူးခဲ့သည်။ ရုပ်ရှင်ထဲမှ စစ်တပ်နှင့် အစိုးရတို့၏ အစွမ်းအစမှာ မေးခွန်းထုတ်စရာဖြစ်သော်လည်း၊ ဇွန်ဘီများ၏ အန္တရာယ် ကြီးမားမှုမှာမူ အစစ်အမှန်ပင်ဖြစ်သည်။
အခြားသော လူသားဧကရာဇ်လောင်းများက ဇွန်ဘီများ မည်မျှကြောက်စရာကောင်းသည်ကို မသိကြသော်လည်း၊ ကျန်းလီကမူ သေချာသိထားသည်။
ထို့ကြောင့်ပင် နယ်ပယ်ပြင်ပ နတ်ဆိုး ခန္ဓာကိုယ်ဖြိုခွဲကာ တစ်မြို့လုံးကို ကူးစက်စေခဲ့ချိန်တွင်၊ သူသည် တွေဝေခြင်းမရှိဘဲ ပထမဆုံး ပြေးဝင်သွားကာ လူသတ်ခဲ့ခြင်းဖြစ်သည်။
"တော်တော်တော့ တူပါတယ်။" ကျန်းလီ ခေါင်းညိတ်လိုက်သည် - "ဒါပေမဲ့ ဇွန်ဘီဖြစ်တိုင်း နယ်ပယ်ပြင်ပ နတ်ဆိုးတွေ လုပ်တာလို့တော့ တစ်ထစ်ချပြောလို့ မရသေးဘူး။"
ကျန်းလီသည် လူတိုင်း ကြောက်ရွံ့ရသော ထိုဇွန်ဘီကို သတ်ဖြတ်လိုက်ပြီး၊ ဦးနှောက်အမြုတေကို ထုတ်ယူလိုက်သည်။
"အဲ့ဒီတုန်းက ကူးစက်ခံရတဲ့ သူတွေရဲ့ ခေါင်းထဲမှာ ဒီလိုမျိုးပစ္စည်း မရှိခဲ့ဘူး။ ဒါက ဝိညာဉ်ကျောက်တုံးနဲ့ အရမ်းတူပြီးတော့၊ လူတွေက စုပ်ယူလို့ရတယ်။"
ကျန်းလီသည် ဤ အဆင့် ၃ ဦးနှောက်အမြုတေကို မောင်နှမ နှစ်ယောက်ထံသို့ ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်ရာ၊ မောင်နှမ နှစ်ယောက်မှာ ရုတ်တရက် ကျရောက်လာသော ကံကောင်းမှုကြီးကြောင့် ကြောင်အမ်းသွားကြသည်။
"ငါထင်တာကတော့... အလောင်းထိန်းဂိုဏ်းနဲ့ ဒီနေရာက တော်တော်လေး ကိုက်ညီမယ် ထင်တယ်။" ဟု ပိုင်ဟုန်ထူက ပြောလိုက်သည်။
ကျန်းလီကလည်း ပိုင်ဟုန်ထူ၏အမြင်ကို ထောက်ခံလိုက်သည် - "သူတို့သာ ဒီလိုကမ္ဘာမျိုးရှိတယ်ဆိုတာ သိသွားရင်၊ တစ်ဂိုဏ်းလုံး ပြောင်းလာကြလိမ့်မယ်။"
***