အခန်း (၁၀၉-၁၁၀)
Vol. 7 Ch. 109-110
အခန်း ၁၀၉ ။ လူကြီးမင်းက ဘယ်အဆင့် စွမ်းရည်မြှင့်လူသားလဲ?
"ဟို... လူကြီးမင်း... ကျွန်မ နာမည်က 'ယဲ့ဝူ' ပါ။ သူက ကျွန်မရဲ့ မောင်လေး 'ယဲ့တု' ပါ။ ကျွန်မတို့ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။" ဆက်သွယ်ရေး အဆောင်မန္တာန်၏ ပုံရိပ်ယောင် ပျောက်ကွယ်သွားသည်ကို မြင်သောအခါ၊ အစ်မဖြစ်သူ ယဲ့ဝူက ကျန်းလီကို ကြောက်ရွံ့စွာဖြင့် စကားစပြောလိုက်သည်။ "ကျွန်မ..."
ယဲ့ဝူသည် ကျန်းလီ၏ကျေးဇူးကို မည်သို့ဆပ်ရမည်ကို ပြောချင်သော်လည်း၊ မိမိမှာ အဆင့် ၁ စွမ်းရည်မြှင့်လူသားလေးတစ်ယောက်သာဖြစ်ရာ မည်သည့်အရာဖြင့် ကျေးဇူးဆပ်နိုင်မလဲ။ ကိုယ်ခန္ဓာကို ပေးဆပ်မည်ဆိုလျှင်ပင် မဖြစ်နိုင်ပေ။
သူမသည် လှပသော မျက်နှာပေါက်ရှိသော်လည်း၊ ဤကဲ့သို့သော ခက်ခဲကြမ်းတမ်းသည့် လောကကြီးတွင် ဆယ်နှစ်တိုင်တိုင် ရုန်းကန်ခဲ့ရသဖြင့် ခန္ဓာကိုယ်အနှံ့တွင် ဒဏ်ရာအမာရွတ်များ ပြည့်နှက်နေသည်။ အားဖြည့်ဝတ်စုံနှင့် အတွင်းခံများကို ချွတ်လိုက်ပါက ကြောက်မက်ဖွယ်ကောင်းသော အမာရွတ်များနှင့် တောင့်တင်းသော ဝမ်းဗိုက်ကြွက်သားများကိုသာ မြင်တွေ့ရပေမည်။
ဇုန် (၅) ဇုန်မှ အထက်တန်းစား ပုဂ္ဂိုလ်ကြီးများသည် မွှေးပျံ့နူးညံ့သော မိန်းကလေးများကိုသာ သဘောကျကြပြီး၊ သူမကဲ့သို့သော ခန္ဓာကိုယ်မျိုးကို မည်သူကမျှ အလိုရှိမည်မဟုတ်ကြောင်း သူမ ကြားဖူးထားသည်။
"ငါ့နာမည် ကျန်းလီ လို့ခေါ်တယ်။ မင်းတို့ထက် အသက် ၅၀၀ လောက်ပဲ ကြီးတာမို့၊ 'အစ်ကိုကျန်း' လို့ပဲ ခေါ်ပါ။" ကျန်းလီက ပြုံးလျက် ပြောလိုက်သည်။ ယဲ့ဝူ မြင်ဖူးခဲ့သော ဇုန် (၅) ဇုန်မှ ပုဂ္ဂိုလ်ကြီးများကဲ့သို့ မောက်မာမှုမျိုး လုံးဝ မရှိပေ။
"မင်းတို့ ကမ္ဘာမှာ လူအများဆုံးနေရာက ဘယ်မှာလဲ။ ပြီးတော့ ဒီဇွန်ဘီတွေက ဘယ်လိုဖြစ်လာတာလဲ။" ဤကမ္ဘာကြီး ဤမျှအထိ ဆိုးရွားသွားရခြင်းမှာ နယ်ပယ်ပြင်ပ နတ်ဆိုးများ၏လက်ချက် ဟုတ်မဟုတ်ကို ကျန်းလီ သိချင်နေသည်။
ကျန်းလီသည် သူ၏ နတ်ဘုရားအာရုံကို အစွမ်းကုန် မဖြန့်ကျက်ရဲပေ။ ဤကမ္ဘာမှ လူများသည် နတ်ဘုရားအာရုံကို မသိကြသဖြင့် သူ့အာရုံဖြတ်သွားလျှင်လည်း သတိထားမိမည် မဟုတ်သော်လည်း၊ ဗြဟ္မာမျှော်စင်ကမူ မတူညီပေ။ ထိုအသိဉာဏ်ပွင့်နေသော နတ်ဘုရားလက်နက်သည် သူ၏ နတ်ဘုရားအာရုံကို သေချာပေါက် အာရုံခံမိမည်ဖြစ်ပြီး၊ ထိုသို့သိသွားပါက ဟင်းလင်းပြင်တာအိုကို သုံးကာ ထွက်ပြေးသွားမည်ဆိုလျှင် ပြဿနာ ပိုကြီးသွားနိုင်ပေသည်။
ထို့ပြင် ဗြဟ္မာမျှော်စင်သည် ကျန်းလီ၏နတ်ဘုရားအာရုံကို ရှောင်ကွင်းနိုင်မည့် နည်းလမ်းများ ရှိမရှိကိုလည်း ကျန်းလီ သေချာ မသိပေ။
သေချာပေါက်ရှိမည်ဟု သူ ယုံကြည်သည်။ ယင်ယန်ကောင်းကင်စည်းတံဆိပ်က ပြောဖူးသည်မှာ၊ ဗြဟ္မာမျှော်စင်သည် မိမိကိုယ်ကိုယ် ဟင်းလင်းပြင် အလွှာပေါင်းများစွာဖြင့် ဖုံးအုပ်ထားသဖြင့် ကမ္ဘာပေါင်းများစွာ ခြားနေသကဲ့သို့ ဖြစ်နေသည်ဟုဆိုသည်။ ထို့ကြောင့် သူ၏နတ်ဘုရားအာရုံသည် ထိုဟင်းလင်းပြင်များကို ဖြတ်ကျော်ကာ ဗြဟ္မာမျှော်စင်ကို ရှာတွေ့နိုင်မည် မသေချာပေ။
ဤကိစ္စကို လော၍မရကြောင်း ကျန်းလီ သိသည်။ အပြင်တွင် ရောက်နေသော 'အတိတ်အနာဂတ်ဓား' နှင့် 'ဗြဟ္မာမျှော်စင်' တို့သည် အချိန်တာအိုနှင့် ဟင်းလင်းပြင်တာအိုကို အသီးသီး ကျွမ်းကျင်ကြရာ၊ ထိုနှစ်ခုစလုံးမှာ သူ မကျွမ်းကျင်သောအရာများ ဖြစ်သဖြင့်၊ ၎င်းတို့ကို ရှာဖွေရန် အချိန်အတော်ယူရမည်မှာ သေချာသည်။
ဗုဒ္ဓသားတော်ဝူကျစ် ပြောခဲ့သည့်အတိုင်း ဗြဟ္မာမျှော်စင်သည် လူများသော နေရာများတွင် တရားဟောရသည်ကို နှစ်သက်နိုင်သဖြင့်၊ လူအများဆုံး နေရာကို အရင်သွားကြည့်ရန် ကျန်းလီ စဉ်းစားလိုက်သည်။
"ဒီကမ္ဘာ" ဆိုသော စကားလုံးကို ကျန်းလီ အသုံးပြုလိုက်သဖြင့် သူတို့ အံ့ဩသွားကြသော်လည်း၊ ကျန်းလီရှေ့တွင် မေးခွန်းထုတ်ခွင့်မရှိကြောင်း သိထားသဖြင့် ယဲ့ဝူနှင့် ယဲ့တုတို့သည် ရိုးသားစွာပင် ပြန်ဖြေလိုက်ကြသည်။
"ကျွန်မတို့မှာ အဓိက ဇုန် ၅ ခု ရှိပါတယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းက အဲ့ဒီမှာ နေကြတာပါ။" ယဲ့ဝူက လားရာတစ်ခုကို လက်ညှိုးထိုးပြလိုက်သည် - "ဒီနေရာနဲ့ အနီးဆုံးကတော့ ဇုန် ၃ ပါ။ ကျွန်မတို့ကလည်း ဇုန် ၃က လူတွေပါ။"
ကျန်းလီက ခေါင်းညိတ်ပြီး ရှေ့မှ စတင်လျှောက်သွားသည်။ သူ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း၊ မြေပြင်ပေါ်ရှိ အပျက်အစီးများနှင့် ကျောက်တုံးများမှာ အလိုလို ဘေးသို့ ဖယ်သွားကြပြီး ညီညာသော မြေပြင်ပေါ်သို့ နင်းနိုင်အောင် ဖန်တီးပေးနေသည်ကို မြင်သောအခါ၊ မောင်နှမ နှစ်ယောက်မှာ မျက်လုံးများ ပြူးကျယ်သွားကြသည်။
"ဇွန်ဘီတွေ ဘယ်လို ဖြစ်လာလဲဆိုတာနဲ့ ပတ်သက်ပြီး... အတိအကျတော့ မမှတ်မိတော့ဘူး။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ဖြစ်မယ်ထင်တယ်။"
"အဲ့ဒီတုန်းက ဇွန်ဘီဗိုင်းရပ်စ်က ရုတ်တရက်ကြီး ပေါ်လာတာပါ။ လူဖြစ်ဖြစ်၊ တိရစ္ဆာန်ဖြစ်ဖြစ် ကူးစက်ခံရနိုင်တယ်။ အရင်ဆုံး ကူးစက်ခံရတာက သမုဒ္ဒရာကြီးပဲ။ ဗိုင်းရပ်စ်က သမုဒ္ဒရာထဲမှာ အရမ်းမြန်မြန် ပျံ့နှံ့သွားပြီး၊ ရက်အနည်းငယ် အတွင်းမှာတင် သမုဒ္ဒရာကြီး တစ်ခုလုံးက ဇွန်ဘီတွေရဲ့ ဗိမာန်ကြီး ဖြစ်သွားတော့တာပဲ။"
"အစတုန်းက ပင်လယ်သတ္တဝါတွေ ဇွန်ဘီဖြစ်သွားမှန်း ကျွန်မတို့ မသိခဲ့ကြဘူး။ တချို့က ပင်လယ်စာတွေကို ဖမ်းပြီး တစ်ကမ္ဘာလုံးကို တင်ပို့ရောင်းချနေတုန်းပဲ။ အဲ့ဒီ ပင်လယ်စာတွေကို စားမိတဲ့ သူတွေ အားလုံးကလည်း ဇွန်ဘီတွေ ဖြစ်ကုန်ကြတာပေါ့။"
"နိုင်ငံအသီးသီးက အစိုးရတွေက ချက်ချင်း တုံ့ပြန်ပြီး စစ်တပ်တွေလွှတ် နှိမ်နင်းဖို့ ကြိုးစားခဲ့ကြပေမဲ့၊ ဇွန်ဘီတွေရဲ့ ဆင့်ကဲပြောင်းလဲမှုက အရမ်းမြန်လွန်းတယ်။ မကြာခင်မှာပဲ အဆင့်မြင့် ဇွန်ဘီတွေ ပေါ်လာပြီး စစ်တပ်ကိုပါ ပြန်လည် ကူးစက်စေခဲ့တယ်။"
"ပြီးတော့ ပင်လယ်သတ္တဝါတွေက ဇွန်ဘီဖြစ်သွားပြီးတဲ့နောက် ခန္ဓာကိုယ်တွေပါ ပြောင်းလဲကုန်ကြတယ်။ အတောင်ပံတွေ ပေါက်လာပြီး ပင်လယ်ထဲကနေ ပျံသန်း ထွက်လာကြတယ်။"
ယဲ့ဝူသည် ကောင်းကင်ကြီးတစ်ခုလုံး မှောင်မိုက်သွားခဲ့သည့် ထိုနေ့ကို ပြန်တွေးမိပြီး ကြက်သီးထသွားသည် - "ကျွန်မတို့ရဲ့မြို့က ပင်လယ်နဲ့ နီးတော့၊ ပင်လယ်သတ္တဝါတွေ ကုန်းပေါ်တက်လာတဲ့အခါ ပထမဆုံး ရောက်လာတဲ့ နေရာပဲ။ ဝေလငါးပြာအုပ်ကြီးတွေက အသားစတွေနဲ့ လုပ်ထားတဲ့ အတောင်ပံတွေကို ခတ်ပြီး၊ ငရဲက သရဲတွေလို အော်ဟစ်နေကြတယ်။ သူတို့ရဲ့ပါးစပ်ကို ၉၀ ဒီဂရီလောက် ဖြဲဟလိုက်တဲ့အခါ... ပါးစပ်ထဲကနေ ရေတွက်လို့မရတဲ့ ငါးတွေက ကောင်းကင်တစ်ခုလုံး ဖုံးလွှမ်းသွားတဲ့အထိ ထွက်လာပြီး ကျွန်မတို့ဆီကို အတင်း ဝင်ကိုက်ကြတော့တာပဲ။ အကိုက်ခံရတဲ့ သူတွေ အားလုံး ဇွန်ဘီ ဖြစ်ကုန်ကြတယ်။"
"လူသားတွေက ဇွန်ဘီတွေရှေ့မှာ အဆက်မပြတ်ဆုတ်ခွာခဲ့ရပြီး၊ လူ့အဖွဲ့အစည်းရဲ့ စည်းကမ်းတွေလည်း ပြိုလဲသွားခဲ့တယ်။ ကမ္ဘာကြီးလည်း ဇွန်ဘီကပ်ဘေးထဲကို အလျင်အမြန် ကျရောက်သွားတော့တာပဲ။"
"နေထိုင်ဖို့ နေရာတွေ ကျဉ်းမြောင်းလာတယ်၊ ပစ္စည်းတွေ ပြတ်လပ်လာတယ်၊ ပြီးတော့ အချိန်မရွေး ထွက်လာနိုင်တဲ့ ဇွန်ဘီတွေလည်း ရှိနေတယ်။ မနက်ဖြန် အသက်ရှင်မရှင် မသေချာတဲ့ အခြေအနေမှာ... လူတိုင်းက တစ်ကိုယ်ကောင်းဆန်လာကြပြီး ကိုယ်အသက်ရှင်ဖို့လောက်ပဲ စဉ်းစားကြတော့တယ်။"
"လိမ်လည်တာတွေ၊ သစ္စာဖောက်တာတွေ၊ လုယက်တာတွေ... အချိန်တိုင်း ဖြစ်ပျက်နေတယ်။ လူတွေက စူပါမားကတ်တွေ၊ ဆေးရုံတွေ၊ ရဲစခန်းတွေကို ခြေကုပ်စခန်းတွေအဖြစ် သိမ်းပိုက်ပြီး အဖွဲ့ငယ်လေးတွေဖွဲ့ ပစ္စည်းတွေလုယက်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ကြတယ်။"
"နောက်ပိုင်း ဇွန်ဘီတွေကို ပိုနားလည်လာတဲ့အခါ၊ ဇွန်ဘီတွေရဲ့အားနည်းချက်က ခေါင်းဆိုတာကို သိလာရတယ်။ အတိအကျပြောရရင် ဦးနှောက်အမြုတေပေါ့။"
ယဲ့ဝူသည် ကျန်းလီ ပေးထားသော အဆင့် ၃ ဇွန်ဘီ၏ ဦးနှောက်အမြုတေကို ထုတ်ပြလိုက်သည် - "ဇွန်ဘီတွေရဲ့ဦးနှောက်က ပျောက်ကွယ်သွားပြီး ဒီလိုအရာမျိုး ဖြစ်သွားတာ။ ကျွန်မတို့က ဒါကို စုပ်ယူလိုက်ရင် ခန္ဓာကိုယ်က သိသိသာသာ ပြောင်းလဲလာတယ်။ ခွန်အား၊ အမြန်နှုန်း၊ တုံ့ပြန်နိုင်စွမ်းတွေက အဆပေါင်းများစွာ တိုးတက်လာတယ်။ အဲ့ဒီလို လူတွေကို ကျွန်မတို့က 'စွမ်းရည်မြှင့်လူသား' လို့ ခေါ်ကြတယ်။"
"ကျွန်မတို့က ဇွန်ဘီတွေကို အဆင့် ၅ ဆင့် ခွဲခြားထားသလိုပဲ၊ စွမ်းရည်မြှင့်လူသားတွေကိုလည်း အဆင့် ၅ ဆင့် ခွဲခြားထားပါတယ်။"
"မင်းတို့က ဘယ်အဆင့် စွမ်းရည်မြှင့်လူသားတွေလဲ။ ဒီဦးနှောက်အမြုတေကကော ဘယ်အဆင့် ဇွန်ဘီဆီကလဲ။" ကျန်းလီက မေးလိုက်သည်။
ယဲ့တုက အနည်းငယ် ဂုဏ်ယူစွာဖြင့် ရင်ကော့လိုက်သည် - "ကျွန်တော်တို့က အဆင့် ၁ စွမ်းရည်မြှင့်လူသားတွေပါ။"
လူသားများထဲတွင် စွမ်းရည်မြှင့်လူသား ဖြစ်လာနိုင်သူ အလွန်နည်းပါးပြီး ပါရမီ လိုအပ်သည်။ သူတို့ မောင်နှမသည် အဆင့် ၁ စွမ်းရည်မြှင့်လူသားများထဲတွင် အလွန်သန်မာသူများဖြစ်ကြသည်။
သို့သော် ဤကိစ္စများမှာ ပုဂ္ဂိုလ်ကြီးရှေ့တွင် ကြွားဝါစရာ မဟုတ်ကြောင်း သတိရသွားသဖြင့် ယဲ့တုသည် ပခုံးပြန်ကျုံ့သွားသည် - "ဒီဦးနှောက်အမြုတေက အဆင့် ၃ ဇွန်ဘီဆီကပါ။ ဒီမြို့ပျက်ကြီးထဲမှာ အဆင့် ၃ ဇွန်ဘီ တစ်ကောင်ပဲရှိတယ်လို့ ကြားဖူးတယ်... အဲ့ဒါ ဒီတစ်ကောင် ဖြစ်လောက်တယ်။"
ကျန်းလီက တွက်ချက်ကြည့်လိုက်ရာ၊ အဆင့် ၁သည် ချီသန့်စင်ခြင်း အဆင့်နှင့် ညီမျှပြီး၊ အဆင့် ၃သည် ရွှေအမြုတေအဆင့်နှင့် ညီမျှမည်ဟု ခန့်မှန်းရသည်။ သူနင်းသတ်လိုက်သော ဇွန်ဘီမှာ အခြေခံတည်ဆောက်ခြင်းအဆင့်၏ ခွန်အားရှိသဖြင့် ဤကမ္ဘာတွင် အဆင့် ၂ ဖြစ်လောက်သည်။
သို့သော် ဤကမ္ဘာမှ လူများနှင့် ဇွန်ဘီများသည် ခန္ဓာကိုယ်စွမ်းရည်နှင့် ကျင့်ကြံခြင်းစနစ်ပိုင်းတွင်သာ တူညီသော်လည်း တာအိုမန္တန်များကိုမူ အသုံးမပြုနိုင်ကြပေ။
သူတို့ သုံးဦးကို ချုံခိုတိုက်ခိုက်ရန် ကြိုးစားသော ဇွန်ဘီတစ်ကောင်ကို ကျန်းလီက အလွယ်တကူ ဖမ်းဆွဲလိုက်ပြီး၊ ဇွန်ဘီက ဘာဖြစ်သွားမှန်းမသိခင်မှာပင် ဦးနှောက်အမြုတေကို ထုတ်ယူလိုက်ရာ ချက်ချင်း သေဆုံးသွားသည်။
အဆင့် ၂ ဇွန်ဘီ၏ ဦးနှောက်အမြုတေတွင် ပါဝင်သော ဝိညာဉ်စွမ်းအား သိပ်သည်းဆမှာ အဆင့် ၃နှင့်ယှဉ်လျှင် အများကြီး နိမ့်ကျနေသည်ကို တွေ့ရသဖြင့်၊ ကျန်းလီသည် အသုံးမဝင်ဟု ယူဆကာ မောင်နှမ နှစ်ယောက်ထံသို့ ပေါ့ပေါ့ပါးပါးပင် ပစ်ပေးလိုက်သည်။
"ဆက်ပြော။"
ယဲ့ဝူက ဆက်ပြောသည် - "နောက်ပိုင်းကျတော့ နိုင်ငံအသီးသီးက အစိုးရတွေနဲ့ သူဌေးကြီးတွေ ပူးပေါင်းပြီး အဓိက ဇုန်ကြီး ၅ ခုကို တည်ဆောက်ခဲ့ကြတယ်။ ဂဏန်းတွေနဲ့ အမည်ပေးထားတာပါ... ဇုန် ၁ ကနေ ဇုန် ၅ အထိပေါ့။ အသက်ရှင်ကျန်ရစ်သူတွေ အဲ့ဒီကို သွားလို့ ရပါတယ်။"
"အဆင့် ၅ ဇွန်ဘီ ဒါမှမဟုတ် အဆင့် ၅ စွမ်းရည်မြှင့်လူသားတွေကို မြင်ဖူးလား။" အဆင့် ၅ဆိုသည်မှာ ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်နှင့် ညီမျှခြင်း ရှိမရှိကို သိလိုသဖြင့် ကျန်းလီက ရုတ်တရက် မေးလိုက်သည်။
ယဲ့တုက ခါးသက်စွာ ပြုံးလိုက်သည် - "လူကြီးမင်းကလည်း နောက်နေပြန်ပါပြီ။ ကျွန်တော်သာ အဆင့် ၅ ဇွန်ဘီကို မြင်ဖူးရင် အခုထိ အသက်ရှင်နေပါ့မလား။ အဆင့် ၄ ဇွန်ဘီကိုတောင် အဝေးကနေ ခဏလေး မြင်ဖူးပြီး ချက်ချင်း ထွက်ပြေးခဲ့ရတာ။ အဆင့် ၅ စွမ်းရည်မြှင့်လူသားဆိုရင်တော့... ဇုန် ၃မှာ တစ်ယောက် ရှိတယ်လို့ ကြားဖူးတယ်။ ဒါပေမဲ့ အဲ့ဒီလို ပုဂ္ဂိုလ်မျိုးက နဂါးလိုပဲ အစအနရှာရခက်တယ်။ ကျွန်တော်တို့လို သာမန်လူတွေ မြင်ခွင့်မရှိပါဘူး။ ဖန်သားပြင်ပေါ်မှာပဲ မြင်ဖူးတာပါ။"
"ဒါနဲ့ လူကြီးမင်းက ဘယ်အဆင့် စွမ်းရည်မြှင့်လူသားလဲ ။" ယဲ့တုက သိချင်စိတ်ကို မထိန်းနိုင်ဘဲ မေးလိုက်သည်။ သူ့နှလုံးသားမှာ ဒိတ်ဒိတ်ခုန်နေသည်။ အဆင့် ၄လား... ဒါမှမဟုတ် အဆင့် ၅လား?
ကျန်းလီက ပြုံးလျက် ဖြေလိုက်သည် - "မဟာယာနအဆင့်။ မင်းတို့ပြောတဲ့ အဆင့် ၅ ဇွန်ဘီတွေ၊ အဆင့် ၅ စွမ်းရည်မြှင့်လူသားတွေထက် နည်းနည်းလေး ပိုသန်မာလောက်ပါတယ်။"
***
မဟာယာနအဆင့်ရောက်မှ စနစ်က ပေါ်လာသတဲ့
Mahayana 110
အခန်း ၁၁၀ ။ လူသတ်နေသော 'ပံ့ပိုးမှုအမှတ်' စနစ်
"မဟာယာနအဆင့်? တစ်ခါမှ မကြားဖူးပါဘူး။" ယဲ့တုက ခေါင်းကုတ်လိုက်သည်။ သာမန်အားဖြင့် ဇွန်ဘီများ ပြည့်နှက်နေသော ဤမြို့ပျက်ကြီးထဲတွင် ဤမျှလောက် သတိလက်လွတ် နေ၍ မရပေ။ သတိလက်လွတ် နေသူများကို ဇွန်ဘီများက အချိန်မရွေး ချုံခိုတိုက်ခိုက်နိုင်သောကြောင့် ဖြစ်သည်။
လူသားများက ဦးနှောက်အမြုတေရရှိရန် ဇွန်ဘီများကို သတ်ချင်ကြသကဲ့သို့၊ ဇွန်ဘီများကလည်း လူသားများ၏သွေးသားကို စားသုံးရန်အတွက် စွမ်းရည်မြှင့်လူသားများကို သတ်ချင်ကြသည် မဟုတ်လား။
သို့သော် ကျန်းလီ၏အနားတွင် ရှိနေချိန်၌ ယဲ့တုသည် အလိုလိုနေရင်း စိတ်အေးလက်အေး ဖြစ်လာမိသည်။
ကျန်းလီနှင့် စကားပြောဆိုပြီးနောက်၊ ယဲ့ဝူသည် ဤပုဂ္ဂိုလ်ကြီးမှာ ဇွန်ဘီများနှင့်ပတ်သက်၍ ဘာမှမသိကြောင်း ချက်ချင်း ရိပ်မိလိုက်သည်။ ကျန်းလီ၏ စကားပြောဆိုပုံများနှင့် ရှေးဟောင်းအဝတ်အစားများကို ဆက်စပ်တွေးတောကြည့်ပြီးနောက်၊ ယဲ့ဝူ၏စိတ်ထဲတွင် ရဲတင်းပြီး မဖြစ်နိုင်လောက်အောင် အဓိပ္ပာယ်မရှိသော ခန့်မှန်းချက်တစ်ခု ပေါ်ထွက်လာခဲ့သည်။
"လူကြီးမင်း... လူကြီးမင်းက တခြားကမ္ဘာကနေ ရောက်လာတာလားဟင်။" သူမက ထစ်အစွာဖြင့် မေးလိုက်သော်လည်း၊ ချက်ချင်းပင် ထိုမေးခွန်းက ပုဂ္ဂိုလ်ကြီး၏ ကိုယ်ရေးကိုယ်တာကို ထိပါးရာရောက်သွားမည်ကို စိုးရိမ်သဖြင့် - "ကျွန်မ မေးတာ ရိုင်းသွားပါပြီ..." ဟု တောင်းပန်လိုက်သည်။
"ဟုတ်တယ်။" ကျန်းလီက ဖုံးကွယ်မထားဘဲ ဖြေလိုက်သည် - "ပြေးတာ အရမ်းမြန်တဲ့ အရုပ်လေးတစ်ခုကို လာရှာတာပါ။"
"မင်းတို့က ဦးနှောက်အမြုတေကို သုံးပြီး ပိုသန်မာလာအောင် လုပ်ကြတာလား။" ကျန်းလီက ထပ်မေးလိုက်သည် - "မင်း အဆင့်တက်တော့မယ့်ပုံ ပေါက်နေလို့ပါ။"
ယဲ့ဝူသည် ကျန်းလီ၏ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်လိုက်ပြီး၊ ကျန်းလီ စကားမဆုံးခင်မှာပင် အဆင့် ၃ ဇွန်ဘီ၏ ဦးနှောက်အမြုတေကို ထုတ်ယူလိုက်သည်။
ဦးနှောက်အမြုတေကို စုပ်ယူရန်အတွက် လုံခြုံသော နေရာတစ်ခု လိုအပ်ပြီး၊ ဤလောကတွင် ကျန်းလီ၏အနားလောက် လုံခြုံသော နေရာ မရှိနိုင်တော့ပေ။
ယဲ့ဝူသည် ဦးနှောက်အမြုတေကို နဖူးပေါ်တွင် ကပ်ထားကာ မျက်လုံးမှိတ်ပြီး အတွင်းရှိ စွမ်းအားများကို အာရုံခံလိုက်သည်။
ဦးနှောက်အမြုတေထဲမှ စွမ်းအားများက ဖြည်းညှင်းစွာ ထွက်ပေါ်လာပြီး ယဲ့ဝူ၏ခန္ဓာကိုယ်ကို စိမ့်ဝင်သွားသည်။ ယဲ့ဝူသည် တစ်ခါမှ မကြုံဖူးသော ကြီးမားလှသည့် စွမ်းအားများ ကိုယ်တွင်းသို့ စီးဝင်လာသည်ကို ခံစားလိုက်ရပြီး၊ သွေးလည်ပတ်မှုများ မြန်ဆန်လာကာ၊ ဆဲလ်များ ကွဲပွားမှုနှင့် ဇီဝကမ္မဖြစ်စဉ်များ အရှိန်မြင့်လာသည်။
ကျန်းလီက ထိုဖြစ်စဉ်ကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။ ဦးနှောက်အမြုတေထဲရှိ ဝိညာဉ်စွမ်းအား ပမာဏမှာ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးနှင့် ညီမျှသော်လည်း၊ ယဲ့ဝူ စုပ်ယူနေစဉ်အတွင်း အများစုမှာ လေထုထဲသို့ လွင့်စင်ပျောက်ကွယ်သွားပြီး၊ အနည်းငယ်မျှသာ ယဲ့ဝူ၏ကိုယ်တွင်းသို့ ဝင်ရောက်နိုင်ခဲ့သည်။
ဤကဲ့သို့သော စုပ်ယူမှု နည်းလမ်းကြောင့်၊ ယဲ့ဝူသည် အဆင့် ၁ နှောင်းပိုင်းမှ အဆင့် ၂ အလယ်အလတ်သို့သာ ရောက်ရှိသွားနိုင်ခဲ့သည်။
"မင်းတို့ အားလုံး ဒီလိုပဲ စုပ်ယူကြတာလား။" ကျန်းလီက ယဲ့တုကို မေးလိုက်သည် - "ဒီထက် ပိုထိရောက်တဲ့ စုပ်ယူနည်း မရှိတော့ဘူးလား။"
ယဲ့တုက ပုံမှန်ကိစ္စတစ်ခုလိုပင် ပြန်ဖြေသည် - "ဒါက အကြိမ်ကြိမ် ပြုပြင်မွမ်းမံပြီးသား အမြန်ဆုံး စုပ်ယူနည်းပါပဲ။"
ယဲ့ဝူသည် အဆင့် ၂ ဦးနှောက်အမြုတေကိုပါ ဆက်လက်စုပ်ယူရန် ပြင်လိုက်စဉ်၊ ကျန်းလီက တားလိုက်သည်။
"မင်းရဲ့ လက်ရှိခန္ဓာကိုယ်က ပေါက်ကွဲတော့မယ့် ပူဖောင်းတစ်ခုလို ဖြစ်နေပြီ။ နောက်ထပ် စွမ်းအား နည်းနည်းလေး ထပ်စုပ်ယူလိုက်တာနဲ့... အဆင့် ၂ အမြုတေကို မပြောနဲ့၊ အဆင့် ၁ အမြုတေကို စုပ်ယူရင်တောင် မင်း သေသွားလိမ့်မယ်။ အခု မင်းလုပ်ရမှာက စွမ်းအားတွေ ဆက်စုပ်ယူဖို့ မဟုတ်ဘူး၊ ခန္ဓာကိုယ်နဲ့ အသားကျအောင် အရင်လုပ်ဖို့ပဲ။"
ယဲ့ဝူသည် ဤမျှများပြားသော စွမ်းအားများကို တစ်ခါမှ မစုပ်ယူဖူးပေ။ သူတို့ မောင်နှမသည် ပုံမှန်အားဖြင့် ဦးနှောက်အမြုတေကို အတုယူ၍ ဖော်စပ်ထားသော ဆေးရည်များကိုသာ သောက်သုံး၍ သန်မာလာခဲ့ခြင်း ဖြစ်သည်။ အဆင့် ၂ ဦးနှောက်အမြုတေကိုပင် မစုပ်ယူဖူးရာ၊ အဆင့် ၃ကိုဆိုလျှင် ပြောစရာပင် မလိုတော့ပေ။
ဦးနှောက်အမြုတေ အများကြီးစုပ်ယူမိလျှင် ကိုယ်လုံး ပေါက်ကွဲသွားမည် ဆိုသည်ကို သူမ တစ်ခါမှ မကြားဖူးခဲ့ပေ။ သို့သော် ကျန်းလီ၏စကားကို သူမ ယုံကြည်သည်။ ပုဂ္ဂိုလ်ကြီးက သူမကို လိမ်ညာစရာ အကြောင်းမရှိပေ။
"မင်းတို့ကိုယ်တိုင် မကျင့်ကြံဖူးကြဘူးလား။" ယဲ့ဝူတို့က ဆေးရည်ကိုသာ သောက်သုံး၍ သို့မဟုတ် အမြုတေကို တိုက်ရိုက် စုပ်ယူ၍သာ သန်မာလာကြသည်ဟု ပြောသည်ကို ကြားသောအခါ ကျန်းလီက မေးလိုက်သည်။
"ကျင့်ကြံတယ်?"
"ဆိုလိုတာက လေထုထဲက စွမ်းအားတွေကို စုပ်ယူတာလေ။"
"အဲ့ဒါက လုံးဝ မလုပ်သင့်တဲ့ ကိစ္စပါပဲ။" ကျန်းလီက လေထုထဲမှ စွမ်းအားများကို စုပ်ယူခိုင်းမည်ဟု ထင်သွားသဖြင့် ယဲ့ဝူက အလန့်တကြား ရှင်းပြလိုက်သည်။
"လေထုထဲမှာ စွမ်းအားတွေ ရှိတယ်ဆိုတာ လူတိုင်း သိကြပါတယ်။ ဒါပေမဲ့ ဘယ်သူမှ မစုပ်ယူရဲကြဘူး။ လေထုထဲက စွမ်းအားတွေက ဇွန်ဘီဗိုင်းရပ်စ်တွေနဲ့ ရောနှောနေတာမို့၊ အဲ့ဒီ စွမ်းအားတွေကို အများကြီး စုပ်ယူလိုက်ရင် ဇွန်ဘီ ဖြစ်သွားလိမ့်မယ်။"
"အခုချိန်ထိ အသက်ရှင်နေတဲ့ သူတွေကတော့ ခန္ဓာကိုယ်မှာ ကိုယ်ခံအားတွေ ရှိနေလို့၊ ပုံမှန် အသက်ရှူရုံနဲ့တော့ ဇွန်ဘီ မဖြစ်သွားပါဘူး။ ဒါပေမဲ့ လေထုထဲက စွမ်းအားတွေကို တမင်တကာ စုပ်ယူမယ် ဆိုရင်တော့... အဲ့ဒါ ကိုယ့်သေတွင်း ကိုယ်တူးတာပါပဲ။"
"ဇွန်ဘီဗိုင်းရပ်စ်နဲ့ လေထုထဲက စွမ်းအားကို ခွဲထုတ်လို့ မရဘူးလား။" ကျန်းလီသည်လည်း ဤနေရာရှိ ဝိညာဉ်စွမ်းအားများ ညစ်ညမ်းနေကြောင်း သတိထားမိသော်လည်း၊ ၎င်းမှာ သူ့အတွက် ပြဿနာ မဟုတ်ပေ။
သူက လက်ကို ဆန့်ထုတ်လိုက်ရာ၊ ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအားများက သူ့လက်ဖဝါးထဲသို့ စုစည်းလာပြီး အရည်အဖြစ် ပြောင်းလဲသွားသည်။ မူလက အပြာရောင်ရှိသင့်သော ဝိညာဉ်စွမ်းအား အရည်များမှာ မည်းနက်နေသည်။
ကျန်းလီ၏ စိတ်ကူးတစ်ချက်ဖြင့်၊ အနက်ရောင် အရည်များသည် ဝိညာဉ်စွမ်းအား အရည်များမှ ကွဲထွက်သွားပြီး၊ ဝိညာဉ်စွမ်းအား အရည်များမှာ မူလ အသက်ဝင်လန်းဆန်းသော အပြာရောင်အဖြစ် ပြန်လည် ပြောင်းလဲသွားသည်။
"ဒီလိုမျိုးလေ။"
ယဲ့တုသည် ထိုမြင်ကွင်းကို မယုံကြည်နိုင်စွာဖြင့် မျက်လုံးပြူး၍ ကြည့်နေမိသည်။
ကျန်းလီက ထို ဝိညာဉ်စွမ်းအား အရည်များကို ယဲ့တုအား စုပ်ယူရန် အချက်ပြလိုက်သည်။ ယဲ့တုသည် ဤကဲ့သို့သော ကံကောင်းမှုမျိုး မိမိထံ ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထိုအရည်များကို စုပ်ယူပြီးနောက်၊ ယဲ့တုသည် အဆင့် ၁ စွမ်းရည်မြှင့်လူသား အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။
ဇုန် ၃ သို့ သွားရာလမ်းတွင် ကျန်းလီသည် မောင်နှမ နှစ်ယောက်နှင့် စကားများစွာ ပြောဖြစ်ခဲ့ပြီး၊ အများစုမှာ ကျင့်ကြံခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာများဖြစ်သည်။
ဤကမ္ဘာ၏ ကျင့်ကြံခြင်းစနစ်မှာ ကျိုကျိုးနှင့် လုံးဝ ကွဲပြားခြားနားကြောင်း ကျန်းလီ ကောက်ချက်ချလိုက်သည်။
ကျိုကျိုး၏ ကျင့်ကြံခြင်းသည် သဘာဝတရားနှင့် လိုက်လျောညီထွေဖြစ်ရန်၊ ကောင်းကင်တာအိုကို နားလည်ရန်၊ ကောင်းကင်နှင့် လူသား တစ်သားတည်းဖြစ်ရန် (天人合一 - Heaven and Man as One) အဓိကထားပြီး ဝိညာဉ်စွမ်းအားကို စုပ်ယူကာ ခန္ဓာကိုယ်ကို ဖြည်းညှင်းစွာ တိုးတက်စေခြင်း ဖြစ်သည်။
သို့သော် ဤဇွန်ဘီကမ္ဘာမှ လူများ၏ ကျင့်ကြံနည်းမှာ အလွန်ရိုးရှင်းပြီး ကြမ်းတမ်းလှသည်။ မည်သည့်အရာကိုမျှ နားလည်သဘောပေါက်ရန်မလိုဘဲ ဝိညာဉ်စွမ်းအားများကို အတင်းအကျပ် စုပ်ယူခြင်းသာ ဖြစ်သည်။ ဤသို့သော နည်းလမ်းကြောင့် သူတို့သည် တာအိုမန္တန်များကို အသုံးမပြုနိုင်ကြပေ။ အဆင့် ၂ စွမ်းရည်မြှင့်လူသားများသည် အခြေခံတည်ဆောက်ခြင်းအဆင့်၏ အတွင်းမြင်နိုင်စွမ်းကို မလုပ်ဆောင်နိုင်သလို၊ အဆင့် ၃ စွမ်းရည်မြှင့်လူသားများသည်လည်း ရွှေအမြုတေအဆင့်၏ 'သွေးနှင့်ချီစွမ်းအင် ပေါင်းစည်းခြင်း' ကို မလုပ်ဆောင်နိုင်ကြပေ။
ထို့ပြင် ဤကဲ့သို့သော ကျင့်ကြံနည်းသည် အခြေခံကို ထိခိုက်စေပြီး သက်တမ်းကို တိုးစေမည့်အစား လျော့ကျစေသည်။ အသက် ၅၀ အထိ နေရရန်ပင် ခဲယဉ်းသည်။
သက်တမ်း ပြဿနာကိုတော့ ကျန်းလီကိုယ်တိုင် သတိထားမိခြင်းဖြစ်သည်။ ဤကမ္ဘာတွင် ကျင့်ကြံခြင်းကို စတင်ခဲ့သည်မှာ ၁၀ နှစ်သာ ရှိသေးသဖြင့်၊ အသက်ကြီး၍ သေဆုံးသူ တစ်ဦးမျှ မရှိသေးပေ။
သို့သော် ကျန်းလီ နားလည်ပေးနိုင်ပါသည်။ ဤနေရာရှိ လူများမှာ အသက်ရှင်သန်ရေးကိုပင် ခဲယဉ်းစွာ ရုန်းကန်နေရပြီး၊ ဇွန်ဘီ၏ အစားခံရမည့်နေ့ကိုပင် မသိနိုင်ကြရာ၊ အခြေခံ ထိခိုက်မည့်ကိစ္စကို ဂရုစိုက်နိုင်ရန် အချိန်မရှိကြပေ။
"ရောက်ပါပြီ။"
ယဲ့ဝူသည် ကျန်းလီကို ဇုန် ၃ ၏ မြို့ပြင်သို့ ခေါ်ဆောင်လာခဲ့သည်။ မြို့အပြင်ဘက်တွင် ပိန်ချုံးနေသော လူများစွာ ရှိနေပြီး၊ အများစုမှာ သက်ကြီးရွယ်အိုများ ဖြစ်ကြသည်။ သူတို့သည် တဲများထဲတွင် ထိုင်ကာ မျှော်လင့်ချက်ကင်းမဲ့ပြီး သေမလိုဖြစ်နေသော အကြည့်များဖြင့် ရှိနေကြသည်။
"ဒါက..." ကျန်းလီ မျက်မှောင်ကြုတ်သွားသည်။ ဇုန် ၃၏ မြို့ပတ်ဝန်းကျင်မှာ လုံခြုံပြီး ပုံမှန်အားဖြင့် ဇွန်ဘီများ မရှိသော်လည်း၊ ဇွန်ဘီအုပ်စုများ မြို့ကို ဝင်တိုက်တတ်ကြောင်း ယဲ့ဝူ ပြောခဲ့ဖူးသည်။ ဤမြို့အပြင်ဘက်တွင် နေထိုင်သော လူများက မည်သို့ အသက်ရှင်နိုင်မလဲ။
ယဲ့ဝူက သက်ပြင်းချကာ ရှင်းပြသည် - "မြို့ထဲမှာနေမယ်ဆိုရင်၊ မစားမသောက်ဘဲ နေရင်တောင်မှ 'ပံ့ပိုးမှုအမှတ်' တွေ ပေးရတယ်။ အဲ့ဒါမပေးနိုင်ရင် မြို့ထဲကနေ မောင်းထုတ်ခံရတာပဲ။ ကံကောင်းတဲ့သူတွေက အချိန်တစ်ခုလောက် ဆက်အသက်ရှင်နိုင်ပေမဲ့၊ ကံဆိုးလို့ ဇွန်ဘီအုပ်စုနဲ့ တိုးတဲ့သူတွေကတော့..."
ယဲ့တုက ဒေါသတကြီးဖြင့် ပြောလိုက်သည် - "ပံ့ပိုးမှုအမှတ်ဆိုတာက ဇုန် ၅ ခုစလုံးမှာ သုံးတဲ့ ငွေကြေးပဲ။ အဲ့ဒီ သူဌေးကြီးတွေက ပံ့ပိုးမှုအမှတ်တွေကို ရူးမတတ် လိုချင်နေကြတာ။ လူတွေကို အတင်းအကျပ် ပံ့ပိုးမှုအမှတ်တွေ ပေးခိုင်းတယ်။ အဲ့ဒါကြောင့်သာ မဟုတ်ရင် ကျွန်တော်တို့လည်း မြို့အပြင်ကို ထွက်ပြီး ခဏခဏ အသက်စွန့်စရာ မလိုပါဘူး။"
"မောင်လေး။" ယဲ့ဝူက ယဲ့တုကို အလျင်အမြန် ဆွဲထားလိုက်သည်။ ဇုန် ၃ မြို့အပြင်ဘက်မှာ သူဌေးကြီးတွေအကြောင်း အတင်းပြောတာက အသေခံချင်နေတာလား။
"ဒီလူတွေက ဘာလို့ ပံ့ပိုးမှုအမှတ် မရှိကြတာလဲ။ ပံ့ပိုးမှုအမှတ်ရအောင် ဘယ်လို လုပ်ရတာလဲ။"
"ဇွန်ဘီတွေကို သတ်ပြီး ဦးနှောက်အမြုတေ ရောင်းတာ၊ သူဌေးကြီးတွေဆီမှာ အလုပ်လုပ်တာ၊ သုတေသနလုပ်တာ၊ မြို့ပျက်တွေထဲက အသုံးဝင်တဲ့ ပစ္စည်းတွေ ရှာရောင်းတာ၊ ဒါမှမဟုတ် ကျပန်းအလုပ်တွေ လုပ်တာ... အဲ့ဒါတွေအားလုံးက ပံ့ပိုးမှုအမှတ် ရနိုင်တယ်။ မြို့ထဲကနေ မောင်းထုတ်ခံရတဲ့ သူတွေကတော့ အများအားဖြင့် အသက်ကြီးတဲ့သူတွေ၊ ဒါမှမဟုတ် အပြင်ထွက် စွန့်စားရင်း ဒဏ်ရာရပြီး မသန်စွမ်းဖြစ်သွားတဲ့ သူတွေပါ။ သူတို့က မြို့ထဲမှာ အသက်ရှင်ဖို့အတွက် တစ်နေ့ကို ၁၈ နာရီလောက် ကျပန်းအလုပ်တွေကို ပင်ပင်ပန်းပန်းလုပ်ပြီး ပံ့ပိုးမှုအမှတ် နည်းနည်းလေး ရအောင် ရှာရတယ်။ အဲ့ဒါလေးနဲ့ပဲ စားစရာဝယ်ဖို့နဲ့ မြို့ထဲမှာ နေဖို့ အနိုင်နိုင်ပါပဲ။"
"အကယ်၍ အကြောင်းတစ်ခုခုရှိလို့ ကျပန်းအလုပ် ရက်အနည်းငယ်လောက် မလုပ်ဖြစ်ရင်၊ ပံ့ပိုးမှုအမှတ် မလောက်တော့ဘဲ ချက်ချင်း မောင်းထုတ်ခံရတာပါပဲ။"
"ခွေးသူဌေးကြီးတွေ... သူတို့က အစားအသောက် ဈေးနှုန်းတွေကို အရမ်းမြှင့်ထားကြတာ။ တခြားဇုန်တွေမှာ ဒီလိုမျိုး မရှိဘူး၊ ကြားရသလောက် ဇုန် ၁ မှာဆိုရင် အစားအသောက်ဈေးက ဒီကဈေးရဲ့ အပုံ ၂၀ ပုံ ၁ ပုံပဲ ရှိတယ်တဲ့။" ယဲ့တုက ဒေါသကို မထိန်းနိုင်ဘဲ ဆဲဆိုလိုက်သည် - "ဒီသူဌေးကြီးတွေက လူတွေရဲ့ သွေးကို စုပ်နေတဲ့ တစ္ဆေတွေပဲ။ လူဘယ်လောက်များများက ဇွန်ဘီကိုက်ခံရလို့ သေတာမဟုတ်ဘဲ သူတို့ တွန်းပို့လို့ သေနေရလဲ။"
***