← Chapters

ငါက ဘယ်သူလဲ…

Vol. 12 Ch. 164

ငါက ဘယ်သူလဲ…

Vol. 12 Ch. 164

မြူများ ပါးလွှာသွားပြီးနောက် မှတ်ဉာဏ်များသည် မြစ်တစ်စင်းအလား စီးဆင်းသွားကြသည်။ ၎င်းတို့ ပြောင်းလဲသွားသည် နှင့်အမျှ ရင်းနှီးနေသည့် မြင်ကွင်းများသည် စုမင် မျက်လုံးများရှေ့တွင် လျှပ်ပြက်သလို ပေါ်လာကြသည်။

ထိုမှတ်ဉာဏ်များသည် သူ၏အဖိုးတန်ဆုံးသော ရတနာများပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သူ သေခြင်းနှင့် ရှင်ခြင်းကြား အခြေအနေများတွင် ဉာဏ်ဖြင့်ယှဉ်၍ ကြိုးစားရုန်းကန် ခဲ့ရသည့်အရာများ ဖြစ်နေသောကြောင့်ပင်။

စုမင်သည် တုန်လှုပ်ချောက်ချားစွာဖြင့် ရှေ့သို့ ဆက်ကြည့်လိုက်သည်။ သူဆုံးရှုံးသွားသည့် မှတ်ဉာဏ်များသည် မည်သည့်အရာများ ဖြစ်နေလိမ့်မည်ကို သူသိချင်မိသည်။

ဟန်ခုန်းသည်လည်း စုမင်၏မှတ်ဉာဏ်များအား ကြည့်ရှုနေခဲ့သည်။ သူသာ စုမင်၏ ဆန္ဒအား ဖျက်ဆီးပြီးသွားလျှင် စုမင်ခန္ဓာကိုယ်အား သူ့ကိုယ်ပွားအဖြစ် သန့်စင်ပစ်မည်ဖြစ်သည်။

ထိုမှတ်ဉာဏ်များအတွင်း သူဤနေရာသို့ ပထမအကြိမ် ရောက်ရှိခဲ့စဉ်က ဖြင်ဖူးခဲ့သည့် မှတ်ဉာဏ်များအား တွေ့လိုက်ရသည်။ ၎င်းတို့အား အချိန်နောက်ပြန်သွားနေ သကဲ့သို့ နောက်တစ်ကြိမ် ပြန်မြင်လိုက်ရပြီး လွန်ခဲ့သည့်လေးနှစ် ကောင်းကင်တွင် လျှပ်စီးများလက်၍ မိုးများရွာနေသည့် အချိန်အထိ သူသွားလိုက်သည်။ ကောင်းကင်နှင့် မြေပြင်ကိုပင် ပြောင်းလဲသွားစေနိုင်သည့် ဧရာမအက်ကြောင်းကြီး ပေါ်လာပြီး ၎င်းသည် လျှပ်စီးများအား ရပ်တန့်စေပြီး မိုးများအား အေးခဲသွားစေခဲ့သည်။

‘ဒီနေရာပဲ’

စုမင် အလိုလိုတုန်လှုပ်သွားမိသည်။ သူ့ခန္ဓာကိုယ်အတွင်းရှိ ကျောက်တုံး အပိုင်းအစလေးထံမှ တုန်လှုပ်ဖွယ်စုပ်ယူအား အား ဟယ်ဖုန်း ဆက်လက် တောင့်မခံနိုင်တော့သည်အထိ ဟယ်ဖုန်း၏ စွမ်းအားသည် ဤမြင်ကွင်းအထိသာ ရောက်ရှိခဲ့သည်။ ထို့နောက် ကြိုးပမ်းအားထုတ်မှုအား လက်လျော့ခဲ့ရ၏။

သို့သော် ဟန်ခုန်း ယခုလွှဲပြောင်း လုပ်ဆောင်ချိန်မှာတော့ သူ၏ နတ်ဘုရား စိတ်ဝိညာဉ်သည် ဟယ်ဖုန်း၏ဝိညာဉ်ထက် အဆပေါင်း၊ အလွှာပေါင်းများစွာ ပိုမိုသန်မာပေသည်။ ခြားနားသည့် တစ်စုံတစ်ရာအား သူမြင်နိုင်လိမ့်မည်ဟု စုမင်မျှော်လင့်မိသည်။

“ဟမ် ... မင်းရဲ့ ဝိညာဉ်လုံးထဲမှာ ဘာရှိနေတာလဲ ... အဲဒါက ဘာလဲ”

ဟန်ခုန်း၏အသံသည် သူ့ထံသို့ရုတ်တရက် ရောက်ရှိလာသည်။ သူ့အသံတွင် ထူးဆန်းအံ့အားသင့်မှုတို့ ပါဝင်နေပြီး သတိထားမှုနှင့် မယုံကြည်နိုင်မှု အရိပ်အယောင်များပင် ပါဝင်နေသေးသည်။

“ဒါက ... မဖြစ်နိုင်ဘူး…”

ဟန်ခုန်း၏အသံ ရောက်ရှိလာချိန်၌ပင် စုမင်ရှေ့ရှိမြူများသည် ပြယ်လွင့်သွားပြီး မြင်ကွင်းသည် ရုတ်တရက် ပြောင်းလဲသွားလေသည်။ ဤတစ်ကြိမ်တွင် သူသည် မုန်တိုင်းထန်သည့်ညတွင် ပေါ်ပေါက်လာသော အက်ကြောင်းအတွင်းရှိ အရာအား မြင်လိုက်ရပြီး အက်ကြောင်းထဲတွင်တော့ အချိန်သည် နောက်ပြန်ဆုတ်ရမည့်အစား ရှေ့သို့သာ စီးဆင်းသွားခဲ့သည်။

မြင်ကွင်းသည် ပြောင်းလဲသွားပြီး အဆုံးမဲ့အမှောင်ထုသည် စုမင်၏ရှေ့မှောက်တွင် ပေါ်လာသည်။ သို့သော် ထူးဆန်းသည်မှာ မြင်ကွင်းအတွင်းရှိ အရာအားလုံးသည် မှောင်မည်းနေခဲ့သော်ငြား စုမင်သည် ဤအမှောင်ထုအတွင်း လွင့်မျောနေခဲ့သည့် ခန္ဓာကိုယ်တစ်ခုအား ခံစားမိနေဆဲဖြစ်နေခြင်းပင် ဖြစ်သည်။

ခန္ဓာကိုယ်သည် မလှုပ်ရှားနေသော်ငြား သူသည် မျက်လုံးများကို စေ့ပိတ်ထားပြီး လွင့်မျောနေခဲ့သည်။ ထိုလူနှင့်ပတ်သက်၍ ရင်းနှီးသည့် ခံစားချက်တစ်ခု စုမင်ခံစားနေရသည်။ ထိုလူသည် သူကိုယ်တိုင်ပင် ဖြစ်ကြောင်းကိုသူသိသည်။

“ငါ နောက်ဆုံးတော့ ... ဒီအထဲမှာ ဘာရှိနေလဲဆိုတာကို မြင်ခဲ့ရပြီ ... ဒါပေမဲ့ ငါက အဲဒီအချိန်မှာ သတိလစ်နေခဲ့တယ်။ ဒါကြောင့်ပဲ ဒီနေရာနဲ့ပတ်သက်လို့ ငါမှတ်မိတဲ့အရာမရှိတာ ... ဒါက ငါ့ရဲ့ ဆုံးရှုံးနေတဲ့ မှတ်ဉာဏ်တွေလို့ ယူဆလို့မရဘူး”

စုမင် တီးတိုးရေရွတ်မိသည်။

သူ့ရှေ့ရှိမြင်ကွင်းသည် အေးခဲနေဟန်တူပြီး အချိန်အတော်ကြာသည့်တိုင် ပြောင်းလဲသွားခဲ့ခြင်း မရှိပေ။ ဤအဖြစ်အပျက်ပြီးလျှင် ဆိုးရွားသည့် တစ်စုံတစ်ရာအား တွေ့ရှိရတော့မည်ဟု စုမင်ခံစားနေရသည်။ သူ ပို၍ပင် စိတ်လှုပ်ရှားမိလာပြီး တစ်စုံတစ်ရာအား နားလည်လာဟန်ပေါ်သည်။

‘ငါ့ရဲ့ မှတ်ဉာဏ်တွေက ဒီနေရာပဲ အချိန်အတော်ကြာ ကြန့်ကြာနေတယ် ... ဒီနေရာမှာ အချိန်တွေ ဘယ်လောက်တောင် ကုန်ဆုံးခဲ့တာလဲ...’

“သေလိုက်ပါတော့ကွာ တကယ်ပဲ ဒါက ဘာကြီးလဲ မင်းကငါ့ကို ပြောခဲ့ရင်တောင် ဒီအရာကြီးရှိနေတာ ငါကမင်းကို ဘယ်လိုလုပ် ပိုင်ဆိုင်ဖို့ ကြိုးစားလို့ရတော့မှာလဲ”

ဟန်ခုန်း၏ အထိတ်တလန့် အသံသည် စုမင်စိတ်အတွင်း ပဲ့တင်ထပ်လာသည်။ ထိုအခိုက်တွင်ပင် ဟန်ဖုန်း၏ ဧရာမ နတ်ဘုရား စိတ်ဝိညာဉ်သည် မယုံနိုင်ဖွယ်ကောင်းသည့် အရှိန်ဖြင့် ကျုံ့လာချေသည်။ စုမင်ခန္ဓာကိုယ်အတွင်းတွင် အနက်ရောင် စုပ်ဝဲကြီးရှိနေပြီး သူ့ခန္ဓာကိုယ်အတွင်းရှိ  အရာအားလုံးအား လျင်မြန်စွာ စုပ်ယူနေသကဲ့သို့ပင် ဖြစ်သည်။

စုမင်သည် ထိုဖြစ်ပျက်နေသည့် မည်သည့်အရာများကိုမှ သတိမပြုမိပေ။ မြူထုနောက်ကွယ်ရှိ မြင်ကွင်းကိုသာ ထူးဆန်းသည့် အမူအရာဖြင့် ငေးကြည့်နေခဲ့သည်။ အမှောင်ထုအတွင်းရှိ မလှုပ်ရှားသည့် သူ့ကိုယ်သူ ကြည့်နေမိရင်း ထိုနေရာတွင် အချိန်မည်မျှ ကြာသွားခဲ့မှန်းကိုပင် သူတွေးတောမရနိုင်ပေ။

အချိန်မည်မျှ ကုန်သွားပြီမှန်း သူမသိချေ။ ဟန်ခုန်း၏ ဒေါသတကြီးအော်ဟစ်နေသံ အားပျော့လာချိန်မှသာ အချိန်အတော်ကြာပြီးမှ ပထမဆုံးအနေဖြင့် အမှောင်ထုအတွင်း၌ ပြောင်းလဲမှုတစ်ခုကို စုမင်မြင်လိုက်ရသည်။

ထိုအချိန်တွင် ပြောင်းလဲမှုသည် ခပ်အက်အက်အသံ တစ်သံက တည်ငြိမ်စွာ စကားပြောလိုက်ရာမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

“ဘာကြောင့်လဲ”

ထိုအသံအား ကြားလိုက်ရချိန်တွင် စုမင်၏စိတ်သည် ပြင်းထန်စွာ တုန်လှုပ်သွားပြီးနောက် သူသည် ပြိုလဲပျောက်ကွယ် သွားတော့မည်ကဲ့သို့ ခံစားလိုက်ရသည်။ သူ့မျက်လုံးအတွင်းရှိ ထူးဆန်းသည့် အကြည့်သည် ထိတ်လန့်တုန်လှုပ်မှုသို့ ရုတ်ခြည်း ပြောင်းလဲသွားသည်။ သူ ထိုအသံအား ကောင်းစွာသိသည်။ ထိုအသံသည် သူ့ထံမှလာခြင်း ဖြစ်သည်။

“ငါ ဘယ်တုန်းကများ ဒါကိုပြောခဲ့ဖူးတာလဲ…”

သူတီးတိုးရေရွတ်လိုက်ရင်း သူ့ဘဝတွင် ဘယ်တော့မှမေ့တော့မည် မဟုတ်သော မြင်ကွင်းတစ်ခုအား သူတွေ့လိုက်ရသည်။

ထိုမြင်ကွင်းတွင်တော့ သူ သူ့ကိုယ်သူ မြင်လိုက်ရသည်။

အမှောင်ထုထဲတွင်ရပ်နေသည့် သူ့ကိုယ်သူမြင်ခဲ့ရသည်။ ဧရာမ သံကြိုးကြီး၅ခုသည် သူ့လက်များ၊ ခြေထောက်များ၊ ခေါင်းများအား ထိုးဖောက်လျက် လေဟာနယ်အတွင်းတွင် သူ့အားချိတ်ဆွဲထားခဲ့သည်။ ထိုသံကြိုး၅ခုသည် မည်သည့်အရာကိုမျှ မှီခိုနေခြင်း ရှိမနေသကဲ့သို့ဖြစ်ပြီး သူတို့ဘယ်နေရာမှ လာသည်ကိုလည်း မသိနိုင်ချေ။

သူ့မျက်လုံးများသည် စေ့ပိတ်ထား၏။ ချိတ်ဆွဲခံထားရပြီး သူ့ခန္ဓာကိုယ်သည်တော့ သွေးများဖုံးလွှမ်းလျက် ရှိသည်။ သို့သော် သူ့မျက်နှာတွင်တော့ နာကျင်မှုအား မခံနိုင်သည့်ဟန် အရိပ်အအယောင်ပင် ရှိမနေချေ။

“အဲဒါ ... ငါလား…”

စုမင် ယခင်က ဤကဲ့သို့တုန်လှုပ်မှုမျိုး မခံစားဖူးပေ။ နက်မှောင်တောင်တွင် ရှိနေခဲ့စဉ်က သူ့မျက်နှာတွင် ထိုးထားသကဲ့သို့ အမာရွတ်သည် ချိတ်ဆွဲခံထားရသည့် စုမင်တွင်မရှိကြောင်း သူသတိပြုမိလိုက်သည်။

ဘာမျှမရှိသည့်နေရာတွင် ချိတ်ဆွဲခံထားရသည့် စုမင်၏ရှေ့တွင် အလွန်ကြီးမားသော ဦးခေါင်းကြီးတစ်လုံး ရှိနေသည်။ ထိုခေါင်းကြီးသည် စုမင်ရာပေါင်းများစွာ အတူတကွ ပေါင်းစည်းထားသည့် အရွယ်အစားဖြစ်သည်။ သူ့တွင် အနီရောင်ဆံပင်များရှိပြီး ပြစ်ဒဏ်ချမှတ်နေဟန် မျက်နှာအမူအရာသည် သူ၏ ကြမ်းကြုတ်မှုအား ဖော်ပြလျက်ရှိသည်။

ထိုခေါင်းသည် မြွေအရိုးများဖြင့် ပြုလုပ်ထားသည့် နားဆွဲတို့ကို ဝတ်ဆင်ထားပြီး သူ့နဖူးပေါ်တွင်တော့ မိုးကြိုးသွားပုံ အမှတ်တစ်ခု ရှိနေသည်။ သူ့မျက်နှာပေါ်တွင် များစွာသော အမှတ်အသားများလည်း ရှိနေသေးသည်။ သူသည် ထိုအရာနှင့်ပင် အတူမွေးဖွားလာဟန်ရပြီး ထိုအမှတ်အသားများသည့် ကြုမ်းကြုတ်၍ အရိုင်းဆန်သည့် တည်ရှိမှုမျိုး ဖော်ပြနေလေသည်။

၎င်း၏မျက်လုံးများသည် ပွင့်လာခဲ့သည်။ ထိုမျက်လုံးတို့သည် မှုန်မှိုင်း၍ အသက်မဲ့နေဟန်ရှိသည်။ သို့သော် မျက်လုံးများသည် အသက်မရှိသော်ငြား ထိုဦးခေါင်းကြီးအား သူမြင်လိုက်သည့်အခါတွင် ကောင်းကင်သည် ပြိုကွဲသွားပြီး ကမ္ဘာမြေကြီးသည် အက်ကွဲသွားသကဲ့သို့ သူခံစားခဲ့ရခြင်း ဖြစ်သည်။ ၎င်းထံ၌ သက်ရှိအားလုံး၏ အထက်တွင်ရှိပြီး မဖော်ပြနိုင်သည့် စွမ်းအားတစ်မျိုး ရှိနေချေသည်။

ထိုဦးခေါင်းကြီး၏ရှေ့တွင် သက်ရှိများအားလုံးသည် ကြောက်ရွံ့တုန်လှုပ်မှုဖြင့် ခေါင်းကိုငုံ့လျက် ကိုးကွယ်ကြရလိမ့်မည် ဖြစ်သည်။

မည်သို့ပင်ဆိုစေ ထိုအရာသည် သေဆုံးနေဆဲပင် ဖြစ်သည်။ တုန်လှုပ်ဖွယ် အနီရောင် ဓားတစ်ချောင်းသည် ဦးခေါင်းခွံသို့ ထိုးစိုက်လိုက်သည်။ ဦးခေါင်းတစ်ခုလုံးအား ဖောက်ထွက်သွားပြီး ဓား၏တစ်ဝက်သည် အခြားတစ်ဖက်မှ ထွက်လာချေသည်။

ထို့ပြင် ဦးခေါင်းခွံပေါ်တွင် အပ်ချောင်းအနီ ကိုးချောင်းထက်မနည်း ထိုးစိုက်လျက် ရှိသည်ကိုလည်း စုမင်တွေ့လိုက်ရသည်။

သူ့မျက်နှာပေါ်တွင် အံ့အားသင့် ကြောင်အနေသည့် အမူအရာဖြင့် စုမင်သည် ဦးခေါင်းခွံနှင့် လေထဲတွင် ချိတ်ဆွဲခံထားရသည့် စုမင်တို့အား ကြည့်လိုက်သည်။ ထို့နောက် သူသည် လေထဲ၌ ချိတ်ဆွဲခံထားရသည့် စုမင် ကြည့်နေရာဘက်သို့ လှမ်းကြည့်လိုက်ရာ ဓားရိုးပေါ်တွင် ထိုင်နေသည့် လူတစ်ယောက်အား တွေ့လိုက်ရသည်။

ထိုသူသည် ကြီးမားကျယ်ပြန့်သည့် ဝတ်ရုံများအား ဝတ်ဆင်ထားပြီး သူ့မျက်နှာအား ရှင်းရှင်းလင်းလင်း မမြင်ရချေ။ သို့သော် စုမင် ထိုလူအားမြင်လိုက်ချိန်တွင် အေးစက်မှုသည် သူ၏စိတ်တစ်ခုလုံး ပျံ့နှံ့သွားပြီး ထိုအေးစက်မှုသည် မကြာခင်မှာတော့ စိုးရိမ်ကြောက်ရွံ့မှု အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

“ဒါကမင်းရဲ့ ကံကြမ္မာပဲ။ မင်း ငြင်းပယ်လို့မရဘူး”

အဝေးတစ်နေရာမှ လာဟန်တူသည့် အေးစက်စက်အသံသည် သူ့နားအတွင်းသို့ ကျရောက်လာသည်။ ၎င်းသည် လေထုအတွင်း ပဲ့တင်ထပ်နေပြီး စည်းမျဉ်းဥပဒေသ တစ်ခုသဖွယ် သူ့အားဖိအားပေးလျက် ရှိ၏။ ထိုအသံသည် အချိန်ကြာမြင့်စွာ တည်ရှိနေခဲ့ပြီး ထိုဥပဒေသ၏ အလိုဆန္ဒကို ဆန့်ကိင်သူများအဖို့ အပြစ်ပေးခံရလိမ့်မည် ဖြစ်သည်။

“တိ ... တိထျန်း…”

ဟန်ခုန်း၏ အားနည်း၍ တုန်လှုပ်နေသည့်အသံသည် လေးစားကြောက်ရွံ့မှုတို့ ပါဝင်လျက် စုမင်စိတ်အတွင်း ပဲ့တင်ထပ်သွားသည်။ ပိုမိုပြင်းထန်လာသော သန်မာသည့်စုပ်ယူအားကို တောင့်ခံထိန်းညှိနိုင်ရန် သူ၏ နတ်ဘုရားစိတ်ဝိညာဉ်မှ စွမ်းအားအများစုကို ခွဲခြားအသုံးပြု နေရသည်။ သို့သော် သူ၏ နတ်ဘုရား စိတ်ဝိညာဉ်တွင် စွမ်းအား ကျန်ရှိနေသေးသရွေ့ စုမင်မြင်ရသည့်အရာအား သူလည်းမြင်ရပေသည်။

ဟန်ခုန်းသည် ဧရာဦးခေါင်းကြီးအား မြင်သောအခါ ကြောက်ရွံ့သွားခဲ့သည်။

ထို့နောက် ထိုဦးခေါင်းထက်ရှိ ဓားရိုးပေါ်မှလူအားမြင်၍ ထိုသူ၏အသံအား ကြားလိုက်ရသောအခါ ပိုမိုကြောက်ရွံ့သွားသည်မှာ သူ၏ အိပ်မက်ဆိုးအတွင်းမှ နတ်ဆိုးတစ်ကောင်အား မြင်နေရသကဲ့သို့ပင် ဖြစ်သည်။ ၎င်းသည် သူ့အား အလွန်အမင်း ကြောက်လန့်စေသော်ငြား တစ်ချိန်တည်း၌ပင် လေးစားမှုများလည်း ပြည့်နှက်လာစေသေးသည်။

“ငါ ငြင်းပယ်တယ်”

ချိတ်ဆွဲခံထားရသည့် စုမင်သည် မျက်လုံးများ ဖွင့်လိုက်သည်ကို စုမင်မြင်လိုက်ရသည်။ ချိတ်ဆွဲခံထားရသည့် သူသည် မျက်လုံးများကို ဖွင့်လိုက်သောအခါ သူ့မျက်လုံးအောက်တွင် သွေးစီးကြောင်းတစ်ခု ပေါ်လာခဲ့သည်။ ထိုသွေးစီးကြောင်းသည် ပါးလွှာသည့်လေထုကြောင့် ဖြစ်ပေါ်လာဟန်ရပြီး မကြာခင်မှာတော့ ထိုအရာသည် လုံးဝပုံပေါ်လာတော့သည်။ ၎င်းသည် သူနက်မှောင်တောင်တွင် ရှိခဲ့စဉ်က သူ့မျက်နှာပေါ်တွင် ကျန်ရစ်ခဲ့သည့် ဒဏ်ရာဖြစ်သည် ... သူ ပျောက်ကွယ် မသွားစေချင်မိသည့် အမာရွတ် တစ်ခုလည်း ဖြစ်သည်။

“မင်း တကယ် ... ငါ့ကို စိတ်ပျက်စေတာပဲ...ဒါပေမဲ့ ငါ့ဆန္ဒကို မင်းငြင်းပယ်လို့ မရဘူး”

ဓားရိုးထိပ်တွင် ထိုင်နေသည့်သူသည် သူ့ခေါင်းကိုမော့လာသည်။ သူ့မျက်နှာကို ယခုထိသေချာ မမြင်နိုင်သေးသော်လည်း သူ၏ မျက်လုံးများတွင်တော့ ကရုဏာကင်းမဲ့ဟန်နှင့် သီးခြားဆန်၌ အဖက်မတန်ဟန်တို့ ပါဝင်နေပေသည်။

စုမင် သူ့အကြည့်အား မြင်လိုက်ချိန်တွင် မိုးထစ်ခြုန်းသံကဲ့သို့ အော်ဟစ်သံကြီးသည် သူ့စိတ်အတွင်း ဖြစ်ပေါ်လာပြီး သူ့အား အပိုင်းပိုင်း စုတ်ဖြဲခံလိုက်ရသကဲ့သို့ စူးရှစွာနာကျင် လာလေသည်။ ထို့နောက် သူ့ရှေ့ရှိ အရာအားလုံးသည် ရုတ်ခြည်း ပြိုကွဲသွားပြီးနောက် မရေမတွက်နိုင်သည့် အပိုင်းအစများအဖြစ် ပြောင်းလဲသွားတော့သည်။

“တိတျန်း ... မင်း ငါ့ကိုလိမ်ခဲ့တယ် မင်းငါ့ကို လိမ်ခဲ့တာပဲ ... ငါ…”

တစ်ချိန်းတည်းတွင်ပင် တုန်လှုပ်ချောက်ချားဖွယ် ငိုကြွေးသံကြီးသည် လေထုအားဖြတ်လျက် ပဲ့တင်ထပ်သွားသည်။ ထိုအသံသည် ဟန်ခုန်းထံမှလာခြင်း ဖြစ်သည်။ သူ၏ အော်ဟစ်သံများသည် လျင်မြန်စွာ အားနည်းသွားပြီး နောက်ဆုံးတွင် ပျောက်ကွယ်သွားတော့၏။

အရာအားလုံး ပျက်စီးသွားခဲ့သည်။ မိုးကြိုးလျှပ်စီး ထောင်ပေါင်းများစွာ သူ့စိတ်အတွင်း ရိုက်ခတ်နေသကဲ့သို့ အော်ဟစ်သံသည် သူ့စိတ်အတွင်း ပဲ့တင်ထပ်နေခဲ့ပြီးနောက် သူမြင်သမျှအရာအားလုံး ပျောက်ကွယ်သွားခဲ့သည်။

သူ့ရှေ့ရှိ မြူများသည် လျင်မြန်စွာ ပြန်လည် ထူထပ်သွားသည်မှာ ထိုအရာအားလုံးသည် တစ်ခါမျှ မဖြစ်ပျက်ခဲ့သလိုပင် ဖြစ်သည်။ ထိုအဖက်မတန်ဟန် အကြည့်သည်သာ မှတ်ဉာဏ်များ၏ မြူထုအား ဖြတ်သန်းလျက် စုမင်ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေသကဲ့သို့ ခံစားရသည်။

“မင်းတကယ် ... ငါ့ကို စိတ်ပျက်စေတာပဲ…”

ကြောက်ရွံ့မှုတစ်ခုသည် စုမင်အား ဖြတ်သန်းသွားပြီးနောက် သူမျက်လုံးများ ပြန်ဖွင့်လိုက်သည်။ သူ့ခန္ဓာကိုယ် တစ်ခုလုံးသည် ချွေးတို့ဖြင့် စိုရွှဲနေခဲ့သည်။ သူမျက်လုံး ပြန်ဖွင့်လိုက်သည်နှင့် သွေးတို့သည် သူ့ပါးစပ်ထောင့်စွန်းမှ စီးကျလာပြီး ပါးစပ်အပြည့် သွေးတစ်လုတ်အား ချောင်းဆိုးရင်း ထွေးထုတ်လိုက်ရ၏။

သူချောင်းဆိုး လိုက်ချိန်မှာပင် မျက်နှာဖုံးသည် ဘေးသို့ ပြုတ်ကျသွားပြီးနောက် အောက်ဘက်ရှိ ဖျော့တော့၍ ဝေခွဲမရဟန်အထင်သားဖြင့် သူ့မျက်နှာအား ဖော်ပြလိုက်လေသည်။

သူ့မျက်နှာပေါ်ရှိ နက်မှောင်တောင်ရှိ အချိန်များမှ ကျန်ရစ်ခဲ့သည့် မျက်လုံးအောက်ဘက်ရှိ အမာရွတ်သည် နီရဲလာချေသည်။

မြန်ဆန်လာသည့် အသက်ရှူသံတို့ စုမင်ထံမှ ထွက်ပေါ်လာပြီး ကြမ်းတမ်းစွာ တုန်ခါလာခဲ့သည်။ သူ့မျက်လုံးတို့သည် သွေးများစီးကျနေပြီး လက်၂ဖက်အား မြေပေါ်သို့ထောက်လျက် သူ့ခန္ဓာကိုယ်သည် တုန်ယင်နေခဲ့သည်။

“ဒါက ငါဆုံးရှုံးခဲ့ရတဲ့ မှတ်ဉာဏ်အပိုင်းလား…”

အချိန်အတော်ကြာပြီး နောက်တွင်တော့ စုမင်သည် သူ့ပါးစပ်ထောင့်စွန်းမှ သွေးများအား သုတ်ပစ်လိုက်ပြီး မှောင်မည်းနေသည့် လှိုဏ်ဂူအား ကြည့်ရှုစစ်ဆေးလိုက်ရင်း တီးတိုးရေရွတ်မိသည်။

‘ငါ့ရဲ့ မှတ်ဉာဏ်တချို့ဟာ တကယ်ကို ဖယ်ရှားခံထားရတာပဲ ... ဟန်ခုန်းပြောခဲ့တဲ့ တိတျန်းဆိုတဲ့လူက ငါ့ရဲ့မှတ်ဉာဏ်တွေကို ဖျက်ပစ်လိုက်တဲ့လူများ ဖြစ်နေမလား’

‘သူက ဘယ်သူလဲ ... သူ ဘယ်နေရာကနေ လာခဲ့တာလဲ ... ဘာကြောင့် ... သူကငါ့ဆီကို လာခဲ့ရတာလဲ…’

‘အဲဒီလူရဲ့အောက်က ခေါင်းက မာန်စွမ်းအားရှင် တစ်ယောက်ရဲ့ ခေါင်းဆိုတာ သေချာတယ်။ သူကရော ဘယ်သူလဲ…’

စုမင် တုန်လှုပ်သွားသည်။ ဒုတိယမြောက် မာန်နတ်ဘုရားသည် သူ့ခေါင်းအား ဆုံးရှုံးခဲ့ရသည်ဟု နန်ထျန်းပြောခဲ့ခြင်းအား သူသတိရမိသွားသည်။

‘ဒါက ခေါင်းလေးတစ်ခုပါပဲ။ ဒါပေမဲ့ ငါ့ကို နတ်ဘုရားတစ်ပါးက ကြည့်ရှုနေခဲ့သလိုမျိုး ခံစားရစေခဲ့တယ် ... အဲဒီခေါင်းက ဒုတိယမြောက် မာန်နတ်ဘုရားရဲ့ ခေါင်းများ ဖြစ်နေနိုင်မလား’

‘တိတျန်း ... တိတျန်း ... တိတျန်းက သူ့ကို လိမ်ညာခဲ့တယ်လို့ ဟန်ခုန်းမသေခင်မှာ အော်ဟစ်နေခဲ့တယ်။ ဒီတိတျန်းဆိုတာက ဘယ်သူများလဲ…’

သူ့မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးဟန်တို့ပေါ်လာပြီး တခြား စိတ်ခံစားချက်များ အားလုံးကို ဖုံးလွှမ်းသွားချေသည်။

“ငါကရော ... ဘယ်သူလဲ ... ကံကြမ္မာ ... စုမင် ... ”

စုမင် သူ့ကိုယ်သူ ဖြည်းညင်းစွာ မေးလိုက်သည်။

သူခေါင်းကို မော့လိုက်သော်လည်း အော်ဟစ်မှု၊ ဟိန်းဟောက်မှုတို့ မလုပ်ပဲ သူတစ်ဦးတည်းသာ ကြားနိုင်လောက်မည့် အသံဖြင့် ရိုးရှင်းစွာ တီးတိုးရေရွတ်လိုက်သည်။

“ငါက ဘယ်သူလဲ…”

သူ စိတ်ရှုပ်ထွေးစွာဖြင့် ခြောက်ကပ်ကပ် ရယ်မောလိုက်မိသည်။

သူ ရှုံးနိမ့်သွားသလို ခံစားလိုက်ရသည်။

သူသည် တစ်ကောင်တည်း ဆက်လက် ရှင်သန်ရတော့မည့် ဒဏ်ရာရ သားရဲတစ်ကောင်နှင့် တူသကဲ့သို့ သူ၏မှတ်ဉာဏ်များကို ဆုံးရှုံးသွားပြီး မြင်သမျှအရာတိုင်းအား ယုံကြည်ရန် ငြင်းဆန်နေသည့် လူတသ်ယောက်နှင့်လည်း တူညီသည်။ ထို့ပြင် သူသည် ကြီးထွားလာခဲ့သည့် သစ်ပင်တစ်ပင်က သူ့သက်တမ်းမည်မျှ ရှိနေပြီမှန်း သတိရမရတော့သည်နှင့် တူညီနေပြန်သည်… လက်ခုပ်ထဲက ရေလိုပဲ လှုပ်ရှားလိုက်တာနဲ့ ဆုံးရှုံးသွားရလိမ့်မည် ဖြစ်သည်။

သူ့ကိုယ်သူ ဆုံးရှုံးလိုက်ရသကဲ့သို့ မြေပြင်၌ ဒူးထောက်ချလိုက်မိသည်။ မူလကပင် သူအဖြေတစ်ခု ရလိမ့်မယ်ဖြစ်ကြောင်း တွေးခဲ့မိသော်လည်း ထိုအဖြေသည် သူ့အားပို၍နက်ရှိုင်းသည့် ရှုပ်ထွေးမှုအတွင်းသို့သာ ကျရောက်သွားစေခဲ့သည်။

‘ဒါက ကံကြမ္မာလား…’

ဤအရာသည် ဆံချည်မျှင်ဘောလုံး တစ်ခုသဖွယ်ပင် ဖြစ်သည်။ ခေါင်းအစပိုင်းအား ရှာမတွေ့နိုင်သကဲ့သို့ အဆုံးကိုလည်း ရှာမတွေ့နိုင်ချေ။

စုမင် မျက်လုံးများအား မှိတ်လိုက်သည်။ သူအပြင်ပြန်မထွက်ချင်ပေ။ အမှောင်ထုထဲတွင် တစ်ဦးတည်းထိုင်၍ အဖြေကို တိတ်ဆိတ်စွာသာ ရှာဖွေချင်မိသည်။

သူ့အတွင်းတွင် ဟန်ခုန်းသေဆုံးသွားခဲ့ပြီ ဖြစ်သည်ကို စုမင်စိတ်ထဲတွင် သတိပြုမိခဲ့ပြီးဖြစ်သည်။ ဟန်ခုန်း၏ နတ်ဘုရားစိတ်ညာဉ်မှ တချို့ အစိတ်အပိုင်းများအား သူ့ခန္ဓာကိုယ်အတွင်းရှိ ကျောက်တုံး အပိုင်းအစလေးမှ စုပ်ယူခဲ့ပြီး ကျန်သည်များကတော့ တောက်ပသည့် အလင်းစက်လေးများအဖြစ် စုမင်၏ ဝိညာဉ်လုံးအား ဝိုင်းပတ် လှည့်လည်နေကြပြီး ဖြည်းညင်းစွာစုပ်ယုခြင်း ခံနေရလေသည်။

ဟန်ခုန်းယူဆောင်လာခဲ့ပြီး သူ့ခန္ဓာကိုယ်အတွင်း၌ ကျန်နေခဲ့သည့်  မာန်စွမ်းအားရှင် ဝိညာဉ်အဆင့်မှ ကူးပြောင်းမာန် အရိုးအားလည်း သူသတိပြုမိခဲ့သည်။ ဟန်ခုန်း၏ သေဆုံးမှုကြောင့် ၎င်းသည် စုမင်ခန္ဓာကိုယ်ထဲသို့ ဖြည်းညင်းစွာ ပျော်ဝင်သိမ်းသွင်းခြင်း ခံနေရ၏။ ထိုအရာ အရည်ပျော်သည်နှင့်အမျှ စုမင်၏သွေးသည် ၎င်းတို့အား တုန်လှုပ်ဖွယ် အမြန်နှုန်းဖြင့် လှည့်ပတ်လျက် စုပ်ယူနေချေသည်။

သူသာ မသေဆုံးခဲ့လျှင် ဤအရာသည် သူ့အတွက် အခွင့်အလမ်းကောင်း တစ်ခု ဖြစ်လာလိမ့်မည်ဟု ဟန်ခုန်းပြောခဲ့သလိုပင် ဖြစ်သည်။

***

All Chapters