← Chapters

အစပျိုး ခြင်း

Vol. 12 Ch. 165

အစပျိုး ခြင်း

Vol. 12 Ch. 165

မျက်စိတစ်မှတ် အတွင်းမှာပင် တစ်လဆိုသော အချိန်သည် နောက်ထပ် ကုန်ဆုံးသွားပြန်သည်။

လွန်ခဲ့သောတစ်လခန့်မှစ၍ ဟန်တောင်တန်း မြို့တော်အောက်ရှိ လျှို့ဝှက်နယ်မြေသည် အတိတ်ကအရာတစ်ခု ဖြစ်သွားခဲ့ချေပြီ။ ထိုနေရာသည် ဆက်လက်၍ လျှို့ဝှက်ထားတော့မည် မဟုတ်သကဲ့သို့ မည်သည့်ကန့်သတ်ချက်မှ ရင်ဆိုင်စရာမလိုပဲ လူတိုင်း ကျေနပ်စွာသွားနိုင်နေပြီ ဖြစ်သည်။

ဟန်တောင်တန်းမြို့တော်၏ နှစ်ပေါင်းများစွာ ရှည်ကြာခဲ့သည့် လျှို့ဝှက်ချက်သည် ပျောက်ကွယ်သွားခဲ့လေပြီ။

မျိုးနွယ်စု ၃ခု၏ ခေါင်းဆောင်များနှင့် မျိုးနွယ်ဝင်အချို့အပြင် အလွန်နည်းပါးသည့် လူတို့သာ လွန်ခဲ့သောလအတွင်း ဤနေရာ၌ မယုံနိုင်လောက်သည့် အပြောင်းအလဲကြီး တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရှိကြသည်။ ကျန်သူတို့သည်ကား သူတို့မြင်ခဲ့ရသည်ကိုသာ သိရှိထားကြသည်။ တစ်လခန့်အကြာက ညတစ်ညတွင် ထိတ်လန့်ဖွယ် ပေါက်ကွဲသံကြီးသည် ကောင်းကင်သို့တိုင် ပျံ့လွင့်လာပြီး လူတစ်ဦး၏ပုံရိပ်သည် ဟန်တောင်တန်းမြို့တော်၏ အောက်ဘက်ရှိ ချောက်နက်ကြီးများထဲမှ ပျံသန်းထွက်ပေါ်လာခဲ့သည်။ ထိုလူ့နောက်တွင်တော့ ဧရာမမွန်းစတားကြီး တစ်ကောင်သည် ဟိန်းဟောက်လျက် သူ့အား လိုက်လံဖမ်းဆီးနေခဲ့သည်။

ထိုလူ ချောက်နက်ကြီးများထံမှ ပျံသန်းထွက်ပေါ်လာသည့် တစ်ချိန်တည်းမှာပင် ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုနှင့် ပုချန့်မျိုးနွယ်စုတို့မှ လူတစ်ယောက်စီ ပျံသန်းထွက်ခွာလာကာ သူ့အား ပူးပေါင်းတိုက်ခိုက် ခဲ့ကြသည်။

တိုက်ပွဲသည် သိပ်မရှည်ကြာခဲ့ပေ။ ထိုလူသည် နောက်ဆုံးတွင် သေဆုံးသွားခဲ့ပြီး ခေါင်းဖြတ်ခံ လိုက်ရလေသည်။

ကျန်လူများအဖို့ ထိုသူသည် မည်သူမှန်း မသိကြသော်ငြား မျိုးနွယ်စု ၃ခု၏ ခေါင်းဆောင်များသည်တော့ ထိုပုဂ္ဂိုလ်သည် ဟန်တောင်တန်း၏ ဘိုးဘေးဖြစ်ကြောင်း သိရှိခဲ့ကြသည်။

ဟန်တောင်တန်း ဘိုးဘေး၏ သေဆုံးမှုကြောင့် မျိုးနွယ်စု ၃ခုသည် ကျွန်များ မဖြစ်ကြတော့ပေ။ နောက်ဆုံးတွင်တော့ သူတို့ကြာရှည်စွာ မျှော်လင့်ခဲ့ရသည့် လွတ်လပ်မှုကို ရရှိခဲ့ကြပြီး ဟန်တောင်တန်းနှင့် သူတို့ကြား ချည်နှောင်ထားခဲ့သည့် ကြိုးများမှ လွတ်မြောက်ခဲ့ကြပြီ ဖြစ်သည်။ နောက်ဆုံးတော့ သူတို့၏မျိုးနွယ်စုများအား ပိုမိုကြီးမား ကျယ်ပြန့်အောင် ပြုလုပ်နိုင်တော့မည် ဖြစ်သည်။

အရောင်စုံရေကန် မျိုးနွယ်စုသည် ဓား-သင်္ဘောအတွင်း ဟန်တောင်တန်းဘိုးဘေး ချန်ထားခဲ့သည့် အမွေအနှစ်အားလုံးကို ရရှိခဲ့ပြီး အေးခဲကောင်းကင်ကလန်က မည်သည့်အရာမှ ဝင်ရောက်မစွက်ဖက်ခဲ့ချေ။ သို့သော် ဓား-သင်္ဘောကြီးကိုတော့ ဝတ်ရုံအနီနှင့် အဘိုးအိုသည် သူ့လူများနှင့် ထွက်ခွာသွားချိန်တွင် အဝေးသို့ ယူဆောင်သွားခဲ့၏။

အရောင်စုံရေကန် မျိုးနွယ်စုသည် လေးလွှာစည်းနှင့် တည်နေရာရွှေ့ပြောင်းခြင်း ပညာရပ်နောက်ကွယ်ရှိ လျှို့ဝှက်ချက်များအား နားလည်ခဲ့၍ သူတို့သည် အကျိုးအမြတ်ကြီးမားစွာ ရရှိခဲ့သည်ဟု ယူဆခဲ့ကြသည်။ ထို့နောက် အရောင်စုံရေကန် မျိုးနွယ်စုသည် ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု နှင့် ပုချန့်မျိုးနွယ်စုတို့မတိုင်မီ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့သည်။ သူတို့သည် ဟန်တောင်တန်း မြို့တော်၏ အုပ်ချူပ်မှုကို လိုလိုလားလား စွန့်လွှတ်ပြီး ဧည့်သည်များအားလုံးအား ငြင်းပယ်တော့မည် ဖြစ်ကြောင်း ဧည့်သည်များထံသို့  အကြောင်းကြားစာ ပေးပို့ခဲ့သည်။ သူတို့သည် အချိန်တစ်နှစ်ခန့် အသုံးပြု၍ မျိုးနွယ်စုတစ်ခုလုံးအား အဝေးသို့ ရွှေ့ပြောင်းသွားတော့မည် ဖြစ်သည်။

အရောင်စုံရေကန် မျိုးနွယ်စုသည် ဟန်တောင်တန်း မြို့တော်အောက်ဘက် လျှို့ဝှက်နယ်မြေမှ ဆေးဖက်ဝင်အပင်များ အားလုံးကိုလည်း ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုနှင့် ပုချန့်မျိုးနွယ်စုတို့အား ပေးအပ်ခဲ့သည်။ သို့သော် မျိုးနွယ်စု၂ခုသည် ဆေးဖက်ဝင် အပင်အားလုံးအား ယူဆောင်မသွားကြပဲ တင်းမာမှုများ လျော့ပါးစေရန် အများစုကို ချန်ထားခဲ့ကြ၏။ နောက်ဆုံးတွင်တော့ မျိုးနွယ်စု ၃စုသည် မြို့တော်အား နှစ်ပေါင်းရာနှင့်ချီ၍ ဖွံ့ဖြိုးတိုးတက်အောင် အတူတကွ လုပ်ဆောင်ခဲ့ကြပြီး မဟာမိတ်ဖွဲ့ထားခဲ့ကြခြင်း ဖြစ်သည်။ အကယ်၍ ဤအရာကြောင့် ၎င်းအား ဖျက်ဆီးခံရလျှင် မထိုက်တန်ပါချေ။

ဟန်တောင်တန်းမြို့တော်မှ လူများစွာသည် ထိုအကြောင်းများကို သိရှိခဲ့ကြပြီး ယခင်အချိန်က လျှို့ဝှက်နယ်မြေ ဖြစ်ခဲ့ဖူးသည့် နေရာအား ဝင်ရောက်စူးစမ်း ရှာဖွေခဲ့ကြသည်။ သူတို့အထဲမှအချို့သည် ဆေးဖက်ဝင်ပင် အချို့အား ရရှိခဲ့ကြပြီး အခွင့်အလမ်းများ ရရှိခဲ့ကြသော်လည်း အများစုသည်တော့ လက်ဗလာသာ ပြန်ခဲ့ကြရလေသည်။

သို့သော် အပြင်လူများသည် တစ်ချိန်က နက်နဲသည့်အရာဝတ္ထုများ ဖုံးလွှမ်းနေခဲ့ပြီး မျိုးနွယ်စု၃စုအား ချည်နှောင်ထားခဲ့သည့် နေရာအား သူတို့မျက်လုံးများဖြင့် မြင်တွေ့နိုင်သောကြောင့် ထိုနေရာနှင့်ပတ်သက်၍ သူတို့၏သိလိုစိတ်အား ကျေနပ်အားရစေခဲ့သည်။

ဤတစ်လအတွင်းတွင် တစ်ချိန်က ထူးခြားဆန်းကြယ်ခဲ့သော နေရာသည် ယခင်ထက်များစွာသော လူများ ဝင်ရောက်ခြင်းကို ခံခဲ့ရသည်။ ဟန်တောင်တန်းမြို့တော်မှ များစွာသော မာန်စွမ်းအားရှင်များသည် ထိုနေရာသို့ သွားရောက်ခဲ့ကြပြီး တဖြည်းဖြည်းနှင့် ၎င်းနေရာအား သူ၏ထူးခြားဆန်းကြယ်မှုကို ဆုံးရှုံးလာစေသည်။

ဧည့်သည်များအားလုံးအား ပယ်ချလိုက်သည့် အရောင်စုံရေကန် မျိုးနွယ်စု၏ လုပ်ရပ်အားလိုက်၍ ပုချန့်မျိုးနွယ်သည်လည်း အလားတူပင် လုပ်ဆောင်ခဲ့သည်။ ၎င်းတို့၏ အကူအညီအား ထပ်မံလိုအပ်တော့မည် မဟုတ်သဖြင့် ဧည့်သည်များအား ငြင်းပယ်လိုက်လေသည်။

ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စုသည်လည်း အလားတူပင်ဖြစ်သည်။ မျိုးနွယ်စု ၃စုသည် သူတို့၏တံခါးများကို အပြင်လူများအတွက် ပိတ်ထားလိုက်ကြပြီး ဟန်တောင်တန်း မြို့တော်၏ အခြေအနေအချို့သည် ပြောင်းလဲသွားခဲ့သည်။

သို့သော် နှစ်အနည်းငယ်တွင် တစ်ကြိမ်ခန့်သာ ပြုလုပ်လေ့ရှိသည့် အေးခဲကောင်းကင်ကလန်မှ ဟန်တောင်တန်း မြို့တော်၌ တပည့်ရွေးချယ်မည့် ကိစ္စကြီးနှင့် ယှဉ်လျင်တော့ ထိုအပြောင်းအလဲများသည် အသေးစားလေးများပင် ဖြစ်သည်။

ဟန်တောင်တန်း မြို့တော်တစ်ခုလုံး ပြန်လည်လှုပ်ရှား သက်ဝင်လာခဲ့သည်။ အချိန်အများစုတွင် အပြင်လူများ ပြောနေကြသည့် တစ်ခုတည်းသော အကြောင်းအရာသည် အေးခဲကောင်းကင်ကလန်မှ မြို့တော်သို့လာရောက်၍ တပည့်ရွေးချယ်မည့် အကြောင်းပင် ဖြစ်လေသည်။

အေးခဲကောင်းကင်ကလန် ဖြစ်စေ၊ အနောက်ပိုင်းပင်လယ်က လန်သို့ဖြစ်စေ ဝင်ရောက်နိုင်ခြင်းသည် တောင်ပိုင်းအကုပ်ဦး နယ်မြေရှိ မာန်စွမ်းအားရှင်တိုင်း၏ ဆန္ဒပင်ဖြစ်သည်။ ဟန်တောင်တန်းမြို့တော်သို့ ရောက်ရှိလာသူများအတွက် အေးခဲကောင်းကလန်၏ တပည့်အဖြစ် ရွေးချယ်ခြင်း ခံရရန်သည်သာ သူတို့၏အဓိကပစ်မှတ် ဖြစ်သည်မှာ ထင်ရှားပေသည်။

အေးခဲကောင်းကင် ကလန်သည် တပည့်ရွေးချယ်ရာတွင် အလွန်တင်းကျပ်ပြီး ဝင်ရောက်ချင်သူများ အတွက် ထူးခြားသည့် နည်းလမ်းတစ်ခု ရှိချေသည်။

ဟန်တောင်တန်း မြို့တော်ကိုပင် ဥပမာပြ၍ရသည်။ မျိုးနွယ်စု၃စုမှ မဟုတ်သည့်လူများအဖို့ ဝင်ရောက်လိုလျှင် ဟန်တောင်တန်း၏ သွယ်ဆက်ကြိုးတန်းများအား စိန်ခေါ်၍ ထိုက်တန်ကြောင်း သက်သေပြရန် လိုပေသည်။

သို့သော် ထိုအရာသည် သူတို့၏ထိုက်တန်မှုအား ပြသရုံသာဖြစ်သေးပြီး ရွေးချယ်ခံရရန်တော့ မသေချာသေးပေ။

တစ်ချိန်တည်းမှာပင် ယခုလအတွင်း နာမည်တစ်ခုသည် လူအုပ်စုတစ်စု ပြောဆိုခြင်းမှသည် ဟန်တောင်တန်း မြို့တော်တစ်ခုလုံး၏ ဆွေးနွေးမှုတစ်ခု ဖြစ်လာခဲ့သည်။ ထိုနာမည်သည် နန်ထျန်း၏ပါးစပ်များမှ ထွက်လာခြင်းဖြစ်ပြီး ရွှမ်းလွမ်သည် တိတ်တဆိတ် လက်ခံခဲ့သည်။ ထို့နောက် အရောင်စုံရေကန် မျိုးနွယ်စုမှ ဟန်ဖေးကျစ်၏ ရှာဖွေခြင်းကိုလည်း ခံခဲ့ရပြီး ဟန်တောင်တန်း မြို့တော်တွင် ထိုနာမည်အား မသိသူမရှိ ဖြစ်လာခဲ့ချေသည်။

ထိုနာမည်သည် မော့စုဖြစ်သည်။

ထိုနာမည်နှင့်ပတ်သက်၍ များစွာသော ဆွေးနွေးမှုများကြောင့် ဟန်တောင်တန်း မြို့တော်မှလူများသည် ထိုနာမည်နှင့် အကျွမ်းတဝင် ခံစားလာရကြပြီး ထိုအကျွမ်းဝင်ခြင်းမှ တစ်ဆင့် ထိုလူ၏စွမ်းအားနှင့် လျှို့ဝှက်ဆန်းကြယ်မှုတို့အား ခံစားကြရသည်။

သူသည် ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု၏ ဧည့်သည်သစ်ဖြစ်ပြီး သူ၏ကျင့်ကြံခြင်း အဆင့်ကိုတော့ ခန့်မှန်း၍မရနိုင်ချေ။ အရောင်စုံရေကန် မျိုးနွယ်စုမှ ယန်ဂေါင်သည်လည်း သူ့လက်ထဲတွင် သေဆုံးခဲ့ခြင်း ဖြစ်သော်ငြား အရောင်စုံရေကန်မျိုးနွယ်မှ ထိုအတွက် သူ့အား အရေးယူမည့်ဟန်မပေါ်ပေ။

ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စုသည်လည်း တစ်ဦးမှလွဲ၍ အခြားဧည့်သည်များအား ပယ်ချခဲ့ပြီး ထိုတစ်ဦးတည်းသော ကျန်ရစ်သည့် ဧည့်သည်သည် လျှို့ဝှက်ဆန်းကြယ်သည့် မော့စုဆိုသူဖြစ်သည်။

ထိုလူသည် ရုပ်နယ်လွန်အဆင့် ရောက်ရှိနေပြီဆိုသည့် ကောလဟာလများလည်း ထွက်ပေါ်လျက်ရှိသည်။ လွန်ခဲ့သည့် တစ်လခန့်က ဟန်တောင်တန်း၏ လျှို့ဝှက်နယ်မြေထဲတွင် သူသည် နန်ထျန်းနှင့်အဆင့်အတန်း တူရပ်တည်ခဲ့ပြီး ရွှမ်းလွမ်ကို အံ့အားသင့်စေခဲ့သည်။ ထို့ပြင် သူသည် ဟန်ဖေးကျစ်နှင့်လည်း တိုက်ခိုက်ခဲ့သေး၏။

ထိုတိုက်ပွဲတွင် ပါဝင်သူများသည် သေဆုံးခြင်းဖြင့် အဆုံးမသတ်ခဲ့သော်လည်း ဟန်ဖေးကျစ်သည် အရောင်စုံရေကန် မျိုးနွယ်စုအား ပြန်ရောက်ရှိချိန်တွင် သူ့အားရုတ်ခြည်း ရှာဖွေခဲ့ခြင်းသည် စောင့်ကြည့်နေသူများအား ဖြစ်ပျက်ခဲ့သည်များနှင့် ပတ်သက်၍ အရူးအမူးသိလိုစိတ် ဖြစ်ပေါ်စေခဲ့သည်။

ရုပ်နယ်လွန် အဆင့်တစ်ယောက် ပေါ်ပေါက်လာမှုတိုင်းသည် ဟန်တောင်တန်း မြို့တော်တွင် ဂယက်ရိုက်မှုများ ဖြစ်ပွားစေလိမ့်မည်။ မျိုးနွယ်စု၃စုအပြင် မူလက ရုပ်နယ်လွန်အဆင့် ရောက်နေသူ ၅ဦးသာရှိခဲ့သည်။ ရွှမ်းလွမ်နှင့် နန်ထျန်းတို့အပြင် အရောင်စုံရေကန် မျိုးနွယ်စုမှ ခဲ့ကျူးစစ်လည်း ရှိသေးသည်။

အခြားသူ ၂ဦးသည်တော့ မည်သည့်မျိုးနွယ်စုမှ ဝင်ရောက်ခြင်းမရှိပေ။ ဟန်တောင်တန်း မြို့တော်သို့ သူတို့လာရောက်ရသည့် အကြောင်းရင်းသည် ရှင်းလင်းပေသည်- သူတို့သည် အေးခဲကောင်းကင် ကလန်သို့ ဝင်ရောက်ချင်ကြသည်။

ထိုလူ၅ဦးသည် မွန်းတည့်ချိန်တွင် ထွန်းလင်းတောက်ပနေသည့် နေလုံးသဖွယ်ပင် ဖြစ်သည်။ သူတို့ထဲမှ မည်သူမဆိုသည် မည်သည့် မျိုးနွယ်စုကိုမဆို ဝင်ရောက်မည်ဆိုလျှင် သူတို့သည် ဧည့်သည်တော် ခေါင်းဆောင် များဖြစ်လာလိမ့်မည် ဖြစ်သည်။

သို့သော် ခြောက်ယောက်မြောက် ရုပ်နယ်လွန်အဆင့် မာန်စွမ်းအားရှင် ပေါ်ပေါက်လာခဲ့ပြီးဖြစ်ကာ သူနှင့်ပတ်သက်သည့် ဆွေးနွေးမှုများသည် ပိုမိုများပြားလာခဲ့သည်။ ဤသို့ဖြစ်ရသည့် အကြောင်းရင်းမှာ ထိုလူသည် ယခုထိထွက်ပေါ်လာရန် ငြင်းဆန်နေဆဲ ဖြစ်သောကြောင့်ပင်။

သူမ ပေါ်လာသေးသည်နှင့်အမျှ မော့စုနှင့်ပတ်သက်သည့် ထူးခြားဆန်းကြယ် မှုတို့သည် ပိုမိုးတိုးပွားလာခဲ့၏။ သူသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်သည်ဆိုခြင်းနှင့် သူ၏သိသာထင်ရှားသည့် အမှတ်အသားမှာ  အနက်ရောင်မျက်နှာဖုံး တပ်ဆင်ထားခြင်း ဖြစ်သည်ဆိုတာကိုသာ လူတွေသိထားချေသည်။

မျက်နှာဖုံးအောက်ရှိ သူ့မျက်နှာသည် မည်သို့သော ပုံပန်းသွင်ပြင်ရှိမှန်း မည်သူမျှမသိချေ။

နန်ထျန်းသည်ပင် ဤသို့သောစကားမျိုးအား တစ်ကြိမ်ပြောခဲ့ဖူးသည်။

“မော့စုက ငါရော ရွှမ်းလွမ်ရော မယှဉ်သာတဲ့လူ တစ်ယောက်ပဲ။ ဟန်တောင်တန်း မြို့တော်မှာရှိတဲ့ ရုပ်နယ်လွန်အဆင့် မာန်စွမ်းအားရှင်ဘယ်သူမှ ယှဉ်နိုင်ဖို့မဖြစ်နိုင်ဘူး”

စကားလုံးများ၏ နောက်ကွယ်ရှိ အဓိပ္ပာယ်သည် အလွန်အံ့အားသင့်ဖွယ် ကောင်းချေသည်။ သို့သော် သူထိုသို့ ပြောခဲ့ပြီးနောက်တွင် ရွှမ်းလွမ်သည် တိတ်ဆိတ်စွာ လက်ခံခဲ့ခြင်းနှင့် ခဲ့ကျူးစစ်တို့ ခေါင်းညိတ်လိုက်ခြင်းက ဟန်တောင်တန်း မြို့တော်တွင် ဂယက်တစ်ခု ဖြစ်သွားစေခဲ့သည်။

ထိုခြောက်ယောက်မြောက် ရုပ်နယ်လွန်အဆင့် မာန်စွမ်းအားရှင် အကြောင်းသည် အေးခဲကောင်းကင်ကလန်၏ တပည့်ရွေးချယ်မည့် ဖြစ်ရပ်ပြီးလျှင် လူပြောအများဆုံး ဖြစ်သည်။

ထိုလှုံ့ဆော်မှုသည် ဟန်တောင်တန်းမြို့တော်ရှိ လူများအား အာရုံစိုက်မိစေခဲ့ပြီး လူအပေါင်းတို့သည် ထိုလျှို့ဝှက်ဆန်းကြယ်သည့် မော့စုဆိုသူအား မသိစိတ်အရ ရှာဖွေနေမိကြချေသည်။

ဟန်ဖေးကျစ်သည် အရောင်စုံရေကန် မျိုးနွယ်၏ တောင်ပေါ်ရှိ အခန်းတစ်ခုအတွင်း တိတ်ဆိတ်စွာ ထိုင်နေခဲ့သည်။ သူမရှေ့တွင်တော့ အေးချမ်းသည့် အမူအရာရှိသည့် အစိမ်းရောင်ဝတ်ရုံနှင့် သက်လတ်ပိုင်းအရွယ် လူကြီးတစ်ဦး ရှိနေခဲ့သည်။ သူသည် ပေါ့ပါးစွာရယ်မောလိုက်ရင်း ဟန်ဖေးကျစ်အားကြည့်ရင်း ပြောသည်။

“ငါ မင်းတောင်းဆိုတဲ့အတိုင်း လုပ်ခဲ့ပြီးတော့ ဒီလူကို မုန်တိုင်းအလယ် တွန်းပို့ခဲ့ပြီးပြီ။ ဒါပေမဲ့ ငါမသိတာက မင်းဘာကြောင့် အဲဒီလိုလုပ်ရတာလဲ ဆိုတာကိုပဲ”

“ကျေးဇူးပါ စီနီယာကျူးစစ်”

ဟန်ဖေးကျစ် တည်ငြိမ်စွာ ပြောလိုက်သည်။

“အဆင်ပြေပါတယ်။ ငါက ဒီအတိုင်း သိချင်မိရုံပါ။ ဒီလူက ဘယ်လောက်တောင် ကောင်းမွန်လို့လဲ။ မင်းသာ သူ့ကိုရှာနေတာမဟုတ်ပဲ ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စုကလည်း မင်းနဲ့ပေါင်းပြီး မုန်တိုင်းတစ်ခု ဖန်တီးလိုက်သေးတယ်။ ပြီးတော့ ဒါတွေအကုန်လုံးရဲ့ ရည်ရွယ်ချက်က သူ့ကိုရှာဖို့တစ်ခုတည်း အတွက်ပဲတဲ့လေ”

“ပုချန့်မျိုးနွယ်စုက ဧည့်သည်တွေကို ငြင်းပယ်ပြီးသွားတည်းက သူတို့ရဲ့ မျိုးနွယ်စုကိုပိတ်ထားပြီး ပြင်ပကကိစ္စတွေနဲ့ အဆက်အသွယ် မရှိတော့တာလည်း ကောင်းတဲ့အရာပဲ။ မဟုတ်ရင် သူတို့ပါ ပါဝင်လာပြီးတော့ ဒီမော့စုကြောင့် ပိုဂယက်ရိုက် သွားလိမ့်မယ်”

သက်လတ်ပိုင်း လူကြီးသည် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

ဟန်ဖေးကျစ် စကားမပြောပဲ တိတ်ဆိတ်သွားခဲ့သည်။ ခဏအကြာတွင်တော့ သက်လတ်ပိုင်းလူကြီးသည် တစ်ချက် ရယ်သွမ်းသွေးလိုက်ပြီး မတ်တတ်ရပ်ကာ ထွက်ခွာသွားတော့သည်။

သူထွက်သွားပြီး ခဏအကြာတွင်တော့ တောက်ပသည့် အလင်းတစ်ချက်သည် ဟန်ဖေးကျစ် မျက်လုံးအတွင်း ပေါ်လာပြီး တီးတိုးရေရွတ်လိုက်သည်။

“မော့စု၊ ရှင်သေသွားတယ်ဆိုတာ ကျွန်မတော့မယုံဘူး။ ရှင့်မှာ ကျွန်မကိုပေးထားတဲ့ ကတိတစ်ခု ရှိနေသေးတယ်”

ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စုသည်လည်း စုမင်အားရှာဖွေနေခဲ့သည်။ မျိုးနွယ်စု ခေါင်းဆောင်နှင့် သူ၏ညီမ ဖန်းချန်းလန်တို့၏ တည်ရှိမှု အဆင့်အတန်းအောက်တွင် ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု တစ်စုလုံးသည် စုမင် ပျောက်ဆုံးသွားခဲ့သည့် နေရာဖြစ်သည့် တစ်ချိန်က ဟန်တောင်တန်း၏ လျှို့ဝှက်နယ်မြေမှစတင်၍ ကျယ်ပြန့်စွာ ရှာဖွေကြသည်။

သို့သော် သူ့အား မည်သူမှ ရှာမရခဲ့ပဲ နောက်ထပ်အချိန်တစ်လ ကုန်ဆုံးသွားခဲ့ပြီး မော့စုသည် ပို၍ ထူးခြားလာခဲ့ချေသည်။

ဟန်တောင်တန်းမြို့တော် အောက်ဘက်ရှိ ပေထောင်နှင့်ချီ၍ နက်ရှိုင်းသော ချောက်ကြီးများထဲတွင် လူများစွာတို့သည် မြေအောက်ရှိ တောင်ကြားများအတွင်း သွားလာလှုပ်ရှားလျက် ရှိကြသည်။

ဤလွန်ခဲ့သော၂လအတွင်း ရှာဖွေသူများစွာ လာခဲ့ကြသော်လည်း တောင်ကြားတစ်ခု အတွင်းတွင် ထူးဆန်းသော လှိုဏ်ဂူတစ်ခု ရှိနေခဲ့ကြောင်းကို မည်သူမှ မသိရှိခဲ့ကြပေ။

ထိုဂူအား မည်သူမှ သတိမပြုမိကြခြင်း ဖြစ်သည်။

ထိုအချိန်များတွင် လိုဏ်ဂူအတွင်း၌ အသံများပဲ့တင်ထပ်လျက် ရှိနေသည်။

“ငါက ဘယ်သူလဲ…”

စုမင်သည် လှိုဏ်ဂူအတွင်း မျက်လုံးများပွင့်လျက် ထိုင်နေခဲ့သည်။ သူ၏မျက်လုံးများသည် နီရဲနေခဲ့ပြီး အကြည့်များသည်တော့ ဗလာသက်သက်သာ ဖြစ်နေခဲ့၏။ အချိန်နှင့် ဘယ်နေရာတွင် သူရှိနေသည်ဆိုတာကို သူသတိမရတော့ပေ။ သူစဉ်းစားနိုင်သမျှသည် အဖြေမရှိသည့် မေးခွန်းတစ်ခု အတွက်ပင်ဖြစ်သည်။

ဤ ၂လအတောအတွင်းတွင် တောင်လှိုဏ်ဂူသည် မှောင်မည်းမနေတော့ပဲ ဂူသည် အနီရောင်အလင်းတို့ဖြင့် ဖြည်းဖြည်းချင်း ပြည့်လာခဲ့ခြင်းဖြစ်သည်။ အနီရောင်အလင်းသည် စုမင်ခန္ဓာကိုယ်မှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ မြောက်များစွာသော သွေးကြောတို့သည် သူ့ခန္ဓာကိုယ်အား သိပ်သည်းစွာ ဖုံးအုပ်ထားကြပြီး သူတို့ တိုးပွားလာလေလေ တောက်ပသည့် အလင်းရောင်တို့အား ပိုမိုထုတ်လွှတ်လေလေ ဖြစ်သည်။

စုမင်ခန္ဓာကိုယ်အတွင်းရှိ မာန်အရိုးသည် အရည်ပျော်လျက်ရှိပြီး သူ့ချီများ၏ စုပ်ယူခြင်းကိုခံလိုက်ရကာ ခန္ဓာကိုယ်အတွင်း လှည့်ပတ်ရင်းဖြင့် စုမင်၏ သွေးကြောများအား ၉၂၆ခုအထိ တိုးလာစေခဲ့သည်။

သူ့သွေးကြောများသည် တိုးပွားနေဆဲဖြစ်သော်လည်း စုမင်သည်ကား မည်သည့်အရာကိုမျှ သတိမပြုမိပါချေ။ သူ့စိတ်တစ်ခုလုံးသည် အတွေးတစ်ခု အတွင်းတွင်သာ နစ်မြုပ်နေခဲ့သည်။ သူ၏မှတ်ဉာဏ်များထဲမှ ကြားသိခဲ့ရသည့် သူ၏ကံကြမ္မာနှင့် ... ထိုကဲ့သို့ ထူးဆန်းသည့် စိတ်အခြေအနေနှင့် သူသည်မည်သူ ဖြစ်ကြောင်းအား ပထမဆုံးအကြိမ်အဖြစ် စဉ်းစားခြင်းဖြစ်သည်။

ဤ၂လအချိန်အတွင်းတွင် သူသည် ရှုံးနိမ့်ပျောက်ဆုံးနေသော အခြေအနေမျိုးဖြင့် နေထိုင်နေခဲ့သည်။ ထိုကဲ့သို့ ဆက်လက် စဉ်းစားနေခဲ့ရင်းဖြင့်ပင် သူ၏တည်ရှိမှုသည် ပြောင်းလဲလာခဲ့သည်။ အပြောင်းအလဲသည် အားနည်း၍ ရှာဖွေတွေ့ရှိရန် ခက်ခဲသော်ငြား ပြောင်းလဲသွားခဲ့သည်မှာ သေချာပေသည်။ ထိုအရာသည် သူအနီရောင် လမ်းကြောင်းအား လျှောက်လှမ်းခဲ့ချိန်တွင် ကြုံတွေ့ခဲ့ရမှုများအား နားလည်သဘော ပေါက်သွားချိန်တွင် ပြောင်းလဲသွားသလိုမျိုးပင် ဖြစ်သည်။

လူတိုင်းသည် သူတို့၏ ကိုယ်ပိုင်အစစ်အမှန် ပုံစံနှင့်ပတ်သက်၍ အတွေးမျိုးစုံ စဉ်းစားမိလေ့ရှိသည်။ သူတို့သည် သဘာဝအားဖြင့် “ငါ ဘယ်သူလဲ” ဆိုသည့်စကားမျိုးအား ထုတ်ဖော်ပြောဆို တတ်ကြသော်လည်း ထိုစကားများအား ကြိုတင်စဉ်းစားခြင်း မရှိပဲ ပြောဆိုကြခြင်းသာ ဖြစ်သည်။

“ငါက ဘယ်သူလဲ ... ငါက တကယ်ပဲ ဘယ်သူလဲ ... ”

စုမင် တီးတိုးရေရွတ်နေခဲ့သည်။

သူသည် သူ့ပတ်ပတ်လည်သို့ပင် ခေါင်းလှည့်မကြည့်နိုင်ချေ။ သူ အဖြေအား သိချင်နေမိသည်။

အဖြေသည် မရေမရာ ဝိုးတဝါးဖြစ်နေခဲ့ပြီး သူ့အား ရှင်းပြနိုင်မည့်သူ မရှိသည်လည်း ဖြစ်နိုင်သည်။

ထိုအခိုက်အတန့်တွင် သူသည် မျက်လုံးများ ပိတ်ထားကြသည့် လူအုပ်ကြီးထဲသို့ ရောက်နေပြီး သူတစ်ဦးတည်းသာလျှင် အချိန်မရွေး ပိတ်သွားနိုင်သည့် မျက်လုံးများအား တွန်းအားပေး ဖွင့်ထားနေသကဲ့သို့ ဖြစ်သည်။ သူသည် ထိုအရာအား ထပ်မံ၍ ကြာရှည်စွာ တောင့်ခံနိုင်တော့မည် မဟုတ်ပေ။

ထိုအရာမှာ သူသည် ချောက်နက်ကြီး တစ်ခုအတွင်း ရုန်းကန်နေခဲ့ရပြီး နောက်မှလိုက်လာသည့် အန္တရာယ်နှင့်အချိန်မရွေး ရင်ဆိုင်ရနိုင်သကဲ့သို့ အခြေအနေမျိုး ဖြစ်နေသည်။ သူ ခေါင်းကိုမော့၍ ချောက်အပြင်ရှိ လောကအားကြည့်ရှုနိုင်ရန် ပြင်းထန်စွာ ကြိုးစားရုန်းကန်နေရ၏။

သူဘာမြင်ခဲ့ရမှန်း သူမသိပေ။ ထိုအရာအား ပိုမိုရှင်းလင်းစွာ မြင်နိုင်ရန် သူရုန်းကန်ကြိုးစား နေခဲ့ရခြင်း ဖြစ်သည်။

သူ၏ စိတ်ရှုပ်ထွေးနေရသည့် အခြေအနေတွင် အကြီးအကဲ သူ့အားပေးခဲ့သည့် သားရဲအရေစာလိပ်များမှ တစ်စုံတစ်ယောက် ချန်ထားခဲ့ဟန်တူသည့် စာကြောင်းကို သတိရလိုက်သည်။ ထိုစာကြောင်းသည် သူအများဆုံး နားမလည်နိုင်ခဲ့သည့် စာကြောင်းလည်း ဖြစ်သည်။

“ငါမြင်နေရတဲ့ လောကကြီးကို ... မင်း မမြင်နိုင်ဘူး…”

***

All Chapters