အစီအစဉ် ဆွဲခြင်း
Vol. 70 Ch. 739
လွန်ခဲ့သော နှစ်အနည်းငယ်က သူရရှိခဲ့သည့် ထိုကြယ် မြေပုံသည် နေနတ်ဘုရားတို့ အသည်းအသန် ရှာဖွေနေသည့် ကြယ်မြေပုံ အစစ်အမှန် ဖြစ်နေလိမ့်မည်ဟု ထန်ထျန်း လုံးဝ ထင်မထားခဲ့ပေ။
နေနတ်ဘုရားမှာလည်း ဤကဲ့သို့သော အခြေအနေကို ကြိုတင်မခန့်မှန်းနိုင်ခဲ့သဖြင့် သူ၏မျက်နှာတွင် အံ့အားသင့်မှုများ အတိုင်းသား ပေါ်လွင်နေသည်။
နှစ်ပေါင်း ဆယ်သန်း ချီကာ အစွမ်းထက် ကျင့်ကြံသူ အမြောက်အမြား အပင်ပန်းခံ ရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့သည့် ကြယ်မြေပုံမှာ ထန်ထျန်း၏ လက်ထဲမှ အမှတ်မထင် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ထို့ပြင် ထန်ထျန်း၏ ပြောစကားအရ ၎င်းမှာ မတော်တဆ ရရှိထားခြင်းဖြစ်ပြီး အသုံးမဝင်ဟု ထင်ကာ ပစ်ထားခဲ့သည့် အရာဖြစ်နေသည်။
ဒါက... တကယ့်ကို...
တကယ်လို့သာ ထိုအစွမ်းထက် ကျင့်ကြံသူကြီးတွေ သိသွားရင် ဒေါသထွက်လွန်းလို့ ငိုတောင် ငိုမိကြလိမ့်မည်။
နေနတ်ဘုရား၏ ပြင်းထန်သော တုံ့ပြန်မှုကို ကြည့်ပြီး ထန်ထျန်းက စိတ်မချသေးသဖြင့် ထပ်ပြောလိုက်သည်။ “ဒါမှမဟုတ် ခင်ဗျားပဲ တစ်ချက်လောက် ကြည့်လိုက်ပါဦး"
" တကယ်လို့ မဟုတ်ခဲ့ရင် အားလုံး ဝမ်းသာအားရ ဖြစ်ပြီးမှ အလကား ဖြစ်ကုန်မှာ စိုးလို့ပါ”
နေနတ်ဘုရားက ထန်ထျန်း၏ လုပ်ရပ်ကို ထပ်မံ တားဆီးလိုက်ပြန်သည်။
“မလိုဘူး၊ ငါ့ကို မပြနဲ့”
“ပြီးတော့ ငါ အသေအချာ ယုံကြည်တယ်။ အဲဒါ ကြယ်တာရာဘိုးဘေး ချန်ထားခဲ့တဲ့ ကြယ်မြေပုံ အစစ်ပဲ”
“ဒါက အရမ်း အရေးကြီးတယ်၊ မင်း အသေအချာ သိမ်းထားပါ။ ဘယ်သူ့ကိုမှလည်း မပြနဲ့"
" ဒီနေရာက ထွက်သွားရင်လည်း ဘယ်သူ့ကိုမှ ဒီအကြောင်း မဟနဲ့”
နေနတ်ဘုရားက အလေးအနက် ပြောသည်။
ထန်ထျန်းက ကြောင်သွားပြီး “အပြင်က လူတွေကိုတောင် မပြောရဘူးလား"
" အရမ်းကြီး ဂရုစိုက်လွန်းနေတာ မဟုတ်ဘူးလား”
နေနတ်ဘုရားက ခေါင်းခါကာ “ဒီလိုကိစ္စမျိုးမှာ ဂရုစိုက်လေ ပိုကောင်းလေပဲ”
“ဒါကြောင့်လည်း မင်းကို ဒီဘက်ခေါ်ပြီး ငါတို့ နှစ်ယောက်တည်း သီးသန့် စကားပြောနေတာပေါ့”
ထို့နောက် သူက မျက်လုံးကို အနည်းငယ် ကျဉ်းမြောင်းလိုက်ပြီး အေးစက်သော အငွေ့အသက်များ ထွက်ပေါ်လာသည်။
“လင်းယွင်တောင်တန်းမှာ ကျွင်းချန်ချင်းကို ချုံခိုတိုက်ခဲ့တဲ့ ကိစ္စက တကယ်တော့ အရမ်း ထူးဆန်းတယ်"
" အဲဒီ အစီအစဉ်ကို ဆွဲတုန်းက လူအနည်းငယ်ပဲ သိတာ၊ ငါတို့ရဲ့ လှုပ်ရှားမှုတွေကလည်း အရမ်း လျှို့ဝှက်တယ်။ အမှန်ဆိုရင် သတင်း ပေါက်ကြားစရာ အကြောင်းမရှိဘူး”
“ဒါပေမဲ့ တကယ်တမ်းမှာ သတင်းပေါက်ကြားသွားရုံတင်မကဘူး၊ ကျွင်းချန်ချင်းက ကြိုတင်ပြင်ဆင်ထားပြီး ငါတို့ကို ပြန်ပိတ်မိအောင် လုပ်နိုင်ခဲ့တယ်”
ထန်ထျန်း ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။ “ဆိုလိုတာက ငါတို့ဘက်မှာ ကျွင်းချန်ချင်းရဲ့ သူလျှို ရှိနေတာလား”
နေနတ်ဘုရားက ခေါင်းညိမ့်သည်။ “မှန်တယ်”
“ပြီးတော့ အဲဒီသူလျှိုက အလွန် သိုသိုဝှက်ဝှက် ပုန်းနေတာ၊ ငါတို့ရဲ့ အဓိက လူ ထဲအထိ ရောက်နေပြီ"
" ဘာလို့လဲဆိုတော့ အဲဒီ အစီအစဉ်ကို ငါ၊ လနတ်သမီး၊ လုံကျိုကျိုး၊ ဝူချန်း၊ ချန်တာအို နဲ့ ဟုန်းမန်... ဒီ ၆ ယောက်ပဲ သိကြလို့ပဲ”
ထန်ထျန်းမှာ အကြီးအကျယ် တုန်လှုပ်သွားသည်။
တကယ်လို့ အဲဒီအတိုင်းဆိုရင် သူလျှိုက အပြင်မှာ ရှိနေတဲ့ လူတွေထဲက တစ်ယောက်ယောက် ဖြစ်နေမှာ မဟုတ်ပါလား
ဒါက အရမ်း ကြောက်စရာ ကောင်းလွန်းသည်။
သူတို့အားလုံးက ကျွင်းချန်ချင်းကို တော်လှန်နေသည့် အဓိက အင်အားစုတွေ မဟုတ်ပါလား
နေနတ်ဘုရား၏ အမူအရာမှာ တည်ငြိမ်နေဆဲပင်။ “အခုထိ ငါက အရမ်း ဂရုစိုက်လွန်းနေတယ်လို့ ထင်နေတုန်းပဲလား"
" ဒီမြေပုံကို ဘယ်သူ့ကိုမှ မပြနဲ့၊ ငါ့ကိုလည်း မပြနဲ့”
“ငါကိုယ်တိုင် အထဲက အကြောင်းအရာကို မသိနေသရွေ့ သူတို့ ငါ့ဆီက ဘာမှ သိ နိုင်မှာ မဟုတ်ဘူး”
ထန်ထျန်း ခေါင်းညိမ့်လိုက်သည်။ နေနတ်ဘုရား၏ သတိထားမှုကို သူ နားလည်သွားပြီ ဖြစ်သည်။
သို့သော် အပြင်က လူတွေထဲမှာ ဘယ်သူကများ သူတို့ကို သစ္စာဖောက်တဲ့ သူလျှို ဖြစ်နေမလဲ...
“ဒါဆို ငါတို့ နောက်ထပ် ဘာဆက်လုပ်ကြမလဲ"
"ခုနက သူတို့လည်း ငါတို့ ဘာအကြောင်း ပြောနေလဲဆိုတာ ခန့်မှန်းမိလောက်မှာပဲ”
ထန်ထျန်းက မေးသည်။
နေနတ်ဘုရားက ခဏ စဉ်းစားပြီးမှ “လောလောဆယ် ဘာမှ မဟနဲ့ဦး”
“ဟိုဘက် ပြန်ရောက်ရင် ငါ မှားသွားတာပါလို့ သူတို့ကို ပြောလိုက်မယ်"
" ပြီးရင် မင်းလည်း ပြန်ပြီး လုံကျိုကျိုးနဲ့အတူ ဟိုဘက်က ကိစ္စတွေကို ရှင်းလိုက်ဦး”
“နောက်ပိုင်းမှာ ငါက အကြောင်းပြချက် အမျိုးမျိုးနဲ့ သူတို့ကို တာဝန် တစ်ခုစီ ပေးလိုက်မယ်"
" မင်းကိုလည်း တာဝန်တစ်ခု ပေးမယ်၊ ဒါပေမဲ့ မင်း အဲဒီတာဝန်ကို မလုပ်နဲ့။ ဟင်းလင်းပြင် ထဲကို တန်း ဝင်ပြီး ကြယ်တာရာဘိုးဘေး သေဆုံး တဲ့နေရာဆီကို တစ်ယောက်တည်း သွား။ အဲဒါဆိုရင် ဘယ်သူမှ သံသယ ဝင်မှာ မဟုတ်ဘူး”
ထန်ထျန်း ခေါင်းညိမ့်လိုက်သည်။ ဤနည်းလမ်းက တကယ့်ကို ပို၍ ဘေးကင်းပါသည်။
သို့သော် အခြား ပြဿနာတစ်ခု ရှိနေသေးသည်။
“ကြယ်တာရာဘိုးဘေး အကြောင်းကို ငါ မရင်းနှီးဘူး၊ ပြောရရင် လုံးဝ မသိတာ"
"သူ သေဆုံး တဲ့နေရာကရော ဘယ်လို အခြေအနေလဲဆိုတာ မသိဘူး"
"ငါ တစ်ယောက်တည်းဆိုရင် ကိစ္စအချို့ကို မကိုင်တွယ်နိုင်မှာ စိုးရိမ်တယ်”
ထန်ထျန်းက ပြောသည်။
ဤကိစ္စက အလွန် အရေးကြီးသဖြင့် အဘက်ဘက်က ပြည့်စုံအောင် ပြင်ဆင်ထားသင့်ပါသည်။
နေနတ်ဘုရားက ခေါင်းညိမ့်ကာ “အဲဒါလည်း ဟုတ်တာပဲ”
ခေတ္တ စဉ်းစားပြီးမှ သူက ဆက်ပြောသည်။ “ဒါဆိုရင် ငါ့ရဲ့ ကိုယ်ပိုင် တိုကင် တစ်ခု မင်းကို ပေးထားမယ်"
" ဒီတိုကင် က လုံးဝ ချိပ်ပိတ်ထားတာ၊ ငါကိုယ်တိုင်တောင် ဘယ်နေရာမှာ ရှိလဲဆိုတာ အာရုံခံလို့ မရဘူး”
“တကယ်လို့ မင်း မဖြေရှင်းနိုင်တဲ့ အခက်အခဲကြီးတွေ ကြုံလာရရင် ဒီတိုကင် ကို ချိုးလိုက်။ အဲဒီအခါကျမှ ငါက အာရုံခံနိုင်ပြီး မင်းဆီကို ကူညီဖို့ လာခဲ့မယ်”
ထန်ထျန်းက စဉ်းစားပြီး ခေါင်းညိမ့်လိုက်သည်။ “ကောင်းပြီလေ”
သတင်း မပေါက်ကြားဖို့ဆိုရင် ဒီနည်းလမ်းက တစ်ခုတည်းသော နည်းလမ်း ဖြစ်ပေလိမ့်မည်။
ထို့နောက် နေနတ်ဘုရားက နီမှောင်သော ပုတီးစေ့တစ်ခုနှင့်အတူ လက်နက် သွန်းလုပ်မည့် ပုံစံစာရွက် ကို ထန်ထျန်းထံသို့ ပေးလိုက်သည်။
“ပုံစံစာရွက်ကိုပါ ငါ့ကို ပေးတာလား”
ထန်ထျန်း အနည်းငယ် အံ့သြသွားသည်။
နေနတ်ဘုရားက ခေါင်းညိမ့်ကာ “မင်းပဲ ယူထားလိုက်"
" ငါ ယူထားလို့လည်း ဘာမှ မထူးဘူး။ လက်နက် သွန်းလုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေထဲမှာ ငါကိုယ်တိုင်လည်း ပါဝင်နေတာ..."
" ငါ့ဆီမှာ ထားရင် တခြား မထင်မှတ်တဲ့ အန္တရာယ်တွေ ဖြစ်လာမှာ စိုးလို့”
ထန်ထျန်း ဘာမှ မပြောဘဲ ပုံစံစာရွက်နှင့် တိုကင်ကို ယူလိုက်သည်။
တိုကင်ကို ကြည့်လိုက်သောအခါ အပေါ်ယံတွင် သာမန်ကာလျှံကာ ဖြစ်သော်လည်း အတွင်း၌မူ အလွန်အစွမ်းထက်သော နေနတ်ဘုရား စွမ်းအားများ ပြည့်နှက်နေကာ နေမင်းအသေးစားလေး တစ်ခုနှင့်ပင် တူနေသည်။
သူက ရုတ်တရက် ကြောင်သွားပြီး “ဒါက နေနှလုံးသား တော့ မဟုတ်ပါဘူးနော်”
နေနတ်ဘုရားက လှောင်ပြုံးပြုံးကာ “မင်း အိမ်မက် မက်နေတာလား”
“ငါက လနတ်သမီးလောက် မင်းကို မယုံဘူး"
"ပြီးတော့ ဒီလက်နက်ကို မသွန်းလုပ်ခင်အထိ ငါက ကျွင်းချန်ချင်းအတွက် တစ်ခုတည်းသော အတားအဆီးပဲ၊ ဒါကြောင့် နေနှလုံးသားကို မင်းကို ပေးဖို့ မဖြစ်နိုင်ဘူး"
"မင်း ကြယ်နှလုံးသားကို အရင်ရှာတွေ့အောင် လုပ်ဦး”
ထန်ထျန်း ခေါင်းညိမ့်လိုက်သည်။ နေနှလုံးသား မဟုတ်လျှင် တော်သေးသည်။
ထိုကဲ့သို့သော ထိတ်လန့်စရာမျိုးကို သူ ထပ်မံ မခံစားချင်တော့ပေ။
ပစ္စည်းများကို သိမ်းဆည်းပြီးနောက် သူက ခေတ္တ တုံ့ဆိုင်းကာ လေသံနှေးနှေးဖြင့် မေးလိုက်သည်။ “တကယ်လို့ အဲဒီလက်နက်ကို သွန်းလုပ်ဖြစ်ခဲ့ရင် ခင်ဗျားတို့က ကုန်ကြမ်းအဖြစ် ပါဝင်ရမှာဆိုတော့... "
"ခင်ဗျားတို့ ပျောက်ကွယ်သွားမှာလား”
နေနတ်ဘုရားက တည်ငြိမ်စွာ ကြည့်ကာ “ငါ ငရဲမသွား ရင် ဘယ်သူ သွား မှာလဲ..."
“ထားပါတော့လေ၊ မင်းနဲ့ကျမှ ဟန်ဆောင်နေစရာ မလိုပါဘူး"
"ကမ္ဘာ့အရှင် ဒီဇိုင်းဆွဲထားတဲ့ လက်နက်က အရမ်းကို ဆန်းကြယ်တယ်။ အသုံးပြုပြီးရင် အဲ့ဒါကို ပြန် ဖြုတ်လို့ ရပြီး မူလ ဝိညာဉ် ၃ ပါး ကို ပြန် လွတ်မြောက်စေနိုင်တယ်”
“ဒါကြောင့် မပူပါနဲ့၊ ကိစ္စတွေ အောင်မြင်သွားတဲ့အခါ မင်းက ဒီလက်နက်ကို ထာဝရ သိမ်းမထားဖို့ပဲ လိုတယ်၊ အဲဒါဆိုရင် ငါ ပြန်လာနိုင်မှာပါ”
ထန်ထျန်း တိတ်ဆိတ်သွားသည်။ ထိုသို့ဆိုလျှင်ပင် စတေးမှုက အလွန်ကြီးမားလှပေသည်။
“စိတ်ချပါ၊ ငါက ဒီကမ္ဘာကို အုပ်စိုးချင်တဲ့ စိတ်မရှိဘူး"
" အပြန်အလှန်အားဖြင့် ဒီကမ္ဘာကြီးရဲ့ နောက်ဆုံး မူလ ဝိညာဉ် ပျောက်ကွယ်သွားမှာကို ငါ မလိုလားဘူး”
နေနတ်ဘုရားက လက်ယမ်းပြကာ “အဲဒီကျမှပဲ ကြည့်ကြတာပေါ့”
“ဒါမှမဟုတ် အဲဒီလက်နက် မလိုဘဲ ကျွင်းချန်ချင်းကို ငါ ဖြေရှင်းနိုင်ရင်လည်း ဖြေရှင်းမှာပါ"
" ဒီနှစ်ပေါင်း သန်းချီတဲ့ အချိန်မှာ ငါ အိပ်ပျော်နေခဲ့တာ မဟုတ်ဘူး”
သူက ထပ်မံ ပြောလိုက်သည်။
ထို့နောက် သူတို့နှစ်ဦးက အသေးစိတ် အချက်အလက်များကို ဆွေးနွေးကြပြီး ဤကိစ္စကို အပြီးသတ် ဆုံးဖြတ်လိုက်ကြသည်။
“ထန်ထျန်း၊ မင်းမှာ ဒီကမ္ဘာကြီးအပေါ် တာဝန်သိစိတ်က အဲဒီလောက် မရှိဘူးဆိုတာ ငါသိပါတယ်"
"ဒါကြောင့် မင်းရဲ့ အကူအညီအတွက် ငါ ကျေးဇူးတင်ပါတယ်”
နေနတ်ဘုရားက ပြောသည်။
ထန်ထျန်းက ပြုံးကာ ခေါင်းခါပြသည်။ “အဲဒီလို မပြောပါနဲ့"
" ငါလည်း ကျွင်းချန်ချင်းကို တိုက်ချင်တာပဲ၊ ငါတို့မှာ တူညီတဲ့ ပန်းတိုင် ရှိတာပဲဥစ္စာ”
နေနတ်ဘုရားက ခေါင်းညိမ့်ကာ “ဒီကမ္ဘာကြီးက ရှုပ်ထွေးနေပြီဆိုပေမဲ့ အပေါ်ယံမှာတော့ ငါက စကားပြောပိုင်ခွင့် ရှိနေတုန်းပဲ"
"မင်းမှာ တစ်ခုခု လိုအပ်တာရှိရင် အားမနာဘဲ ပြောပါ၊ ငါ ဖြေရှင်းပေးမယ်”
ထန်ထျန်းက မေးစေ့ကို ပွတ်လိုက်သည်။
“ခင်ဗျား အဲဒီလို ပြောမှတော့... "
"တကယ်ပဲ တစ်ခုလောက် ရှိတယ်...”