လပေါ်သို့ တက်ခြင်း
Vol. 70 Ch. 734
အဆုံးမဲ့ဟင်းလင်းပြင်အတွင်း ပုံရိပ်အချို့က လျင်မြန်စွာ ပျံသန်းနေကြသည်။
သူတို့၏ ဦးတည်ရာမှာ ကောင်းကင်ယံတွင် ချိတ်ဆွဲထားသည့် ကြည်လင်တောက်ပသော လမင်းကြီးပင် ဖြစ်သည်။
နေ၊ လ၊ ကြယ် ဟူသော မူလ သဘာဝဝိညာဉ် သုံးဦးက မဟာကမ္ဘာကြီး တည်ရှိမှုနှင့် အလွန်နီးကပ်စွာ ဆက်နွယ်နေသော်လည်း လုံးဝတော့ မတူညီကြပေ။
သူတို့က ကိုယ်ပိုင်ကမ္ဘာတစ်ခုစီအဖြစ် တည်ရှိနေကြပြီး ထိုကမ္ဘာများအတွင်းရှိ နိယာမများမှာပင် မတူညီကြဘဲ သီးခြားလွတ်လပ်သော ဖြစ်တည်မှုများ ဖြစ်ကြသည်။
၎င်းတို့နှင့် မဟာကမ္ဘာကြီးကြားရှိ အကွာအဝေးမှာ အတိုင်းအဆမရှိ ဝေးကွာလှသည်။ ထိုအကွာအဝေးမှာ တစ်နည်းအားဖြင့် ပြောရလျှင် ဟင်းလင်းပြင်ထဲရှိ အကွာအဝေးထက်ပင် ပို၍ ဝေးကွာနေသေးသည်။
အကယ်၍ နှစ်ဖက်စလုံး၏ မတူညီသော နိယာမများကို မဖောက်ထွက်နိုင်ပါက မည်သည့်အခါမျှ ရောက်ရှိနိုင်မည် မဟုတ်ပေ။
သို့သော် ဝူရှန့်ကျိကျွင်းများ အတွက်မူ ဤအကွာအဝေးကို ဖောက်ထွက်ရန် ဖြစ်နိုင်သည်။
သို့သော်ငြားလည်း အချိန်အတန်အသင့် ပေးရပေဦးမည်။
သွား နေစဉ်အတွင်း ထန်ထျန်းက လုံကျိုကျိုးအား လနတ်သမီးနှင့် ပတ်သက်သည့် အသေးစိတ် အခြေအနေအချို့ကို မေးမြန်းခဲ့သည်။
သို့သော် လုံကျိုကျိုး သိထားသည်မှာလည်း သိပ်မများလှပေ။ သူ မမွေးဖွားမီကတည်းက လနတ်သမီးသည် လောကပြင်ပသို့ ထွက်မလာတော့ဘဲ ပုန်းအောင်းနေခဲ့ခြင်း ဖြစ်သည်။ သူက လနတ်သမီးကို တစ်ခါမှ မမြင်ဖူးသလို စကားပြောဖူးခြင်းလည်း မရှိပေ။
သို့သော် လနတ်သမီးနှင့် ပတ်သက်သည့် ကောလာဟလအချို့ကိုတော့ သူ ကြားဖူးထားသည်။
“ဒီကမ္ဘာကြီး အခုထက်ထိ အသက်ရှင်ကျန်နေသေးတာဟာ သက်ရှိတိုင်းက လနတ်သမီးကို တကယ် ကျေးဇူးတင်သင့်တာ”
လုံကျိုကျိုးက အေးအေးဆေးဆေး ပြောပြသည်။ “လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက စစ်ပွဲကြီးဟာ အရာအားလုံးနီးပါးကို ဖျက်ဆီးခဲ့တယ်။ အဲဒီတုန်းကတည်းက ပျက်စီးယိုယွင်းနေတဲ့ ကမ္ဘာကြီးဟာ ပိုပြီးတော့ အခြေအနေ ဆိုးရွားသွားခဲ့ရတာ”
“ကံကောင်းတာက ကမ္ဘာ့အရှင် ပေါ်လာပြီး ကျွင်းချန်ချင်းကို နှိမ်နင်းနိုင်ခဲ့လို့သာ ပျက်စီးခြင်း ဘေးကနေ တားဆီးနိုင်ခဲ့တာ”
“ဒါပေမဲ့ ကမ္ဘာကြီးက အသက်ရှူချောင်ရုံရှိသေးတယ်၊ ပြန်လည် နိုးထဖို့ ပြင်ဆင်နေတုန်းမှာပဲ ‘သဘာဝမိခင်’ သေဆုံး သွားခဲ့တယ်”
“သဘာဝမိခင်ရဲ့ အကာအကွယ် မရှိတော့တဲ့အခါ ကမ္ဘာကြီးရဲ့ ပြန်လည်နိုးထမှုက ချက်ချင်း ရပ်တန့်သွားခဲ့ရတယ်”
“မူလကတည်းက သေခြင်းတရားရဲ့ အနားမှာ ရောက်နေတဲ့ ကမ္ဘာကြီးဟာ နောက်တစ်ကြိမ် ပြိုလဲလာပြန်ပြီး သက်ရှိအားလုံးက အန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရတယ်”
“အဲဒီလို အကျပ်အတည်း အချိန်မှာ လနတ်သမီးက ထွက်ပေါ်လာခဲ့တာပဲ”
“နူးညံ့တဲ့ လရောင်တွေ ကမ္ဘာ ပေါ်ကို ဖြန်းပက်လိုက်ပြီး သူမက သူမရဲ့ မူလအခြေခံ စွမ်းအားအားလုံးကို ထုတ်လွှတ်ခဲ့တယ်။ သဘာဝမိခင်ရဲ့ တာဝန်ကို အစားထိုး ယူခဲ့ပြီး တစ်ကမ္ဘာလုံးကို တည်ငြိမ်အောင် လုပ်ပေးခဲ့တယ်၊ သူမရဲ့ ခွန်အားတစ်ခုတည်းနဲ့ ကမ္ဘာကြီးကို ပြန်ပြီး နိုးထလာစေခဲ့တာ”
“ဒီဖြစ်စဉ်က ကမ္ဘာကြီးကို သေခြင်းတရား လက်ထဲကနေ ကယ်တင်နိုင်ဖို့ နှစ်ပေါင်း ရာချီ ကြာမြင့်ခဲ့တယ်”
“ဒါပေမဲ့ ဒီဖြစ်စဉ်က လနတ်သမီးရဲ့ နှစ်ပေါင်း ဘီလီယံချီ စုဆောင်းထားတဲ့ အရာအားလုံးကို ကုန်ခမ်းသွားစေခဲ့တယ်။ ဒါက သူမအတွက် ဘယ်တော့မှ ပြန်မကောင်းနိုင်တော့တဲ့ ထိခိုက်မှု ဖြစ်သွားခဲ့ပြီး အရင်ကလို အခြေအနေမျိုးကို ဘယ်တော့မှ ပြန်မရောက်နိုင်တော့ဘူး”
“ဒါကြောင့် နေနတ်ဘုရား ပြောတာ မှန်တယ်။ လနတ်သမီးရဲ့ ကိုယ်ကျိုးစွန့်မှုသာ မရှိရင် ဒီကမ္ဘာကြီးက နှစ်သန်းချီပြီး ဆက်လက် အသက်ရှင်နေနိုင်မှာ မဟုတ်ဘဲ သေဆုံးသွားတာ ကြာလှပြီ”
“သူတို့ကြားက ဆက်ဆံရေး ကလည်း အရမ်းနက်ရှိုင်းတယ်။ ဟုန်းမန်ကျိကျွင်းရဲ့ ခုနက စကားတွေက နေနတ်ဘုရားရဲ့ ဒေါသကို ဆွပေးလိုက်သလို ဖြစ်သွားတာ။ သူ တိုက်ရိုက် လက်မပါတာကိုက အတော်လေး တည်ငြိမ်နေလို့ပဲ”
လုံကျိုကျိုးက ပြော၏ ။
ထန်ထျန်းက တိတ်ဆိတ်စွာ ခေါင်းညိမ့်လိုက်သည်။
ကပ်ဘေးကြီး နောက်ပိုင်းမှာ ဒီလို ဖြစ်ရပ်တွေ ရှိခဲ့တာကိုး။
ဒါက ထန်ထျန်းကို စကားတစ်ခွန်း သတိရသွားစေသည်။ “ကမ္ဘာကြီးက စုတ်ပြတ်သတ်နေပေမဲ့ တစ်စုံတစ်ယောက်ကတော့ အမြဲတမ်း တိတ်တဆိတ် ဖာထေးပေးနေတတ်တယ်” ဆိုတာမျိုးပင်။
ဒီစကားက လနတ်သမီးလို ပုဂ္ဂိုလ်ကြီးမျိုးနဲ့ မထိုက်တန်ဘူးလို့ ထင်ရပေမဲ့ အဓိပ္ပာယ်ချင်းတော့ ဆင်တူနေသည်။
လနတ်သမီးက သူမ၏ စတေးမှုဖြင့် ကမ္ဘာကြီးကို နှစ်ပေါင်း သန်းချီကြာအောင် ကယ်တင်ခဲ့သည်။
သို့သော် ထန်ထျန်းမှာ အခြား သံသယအချို့ ရှိနေသေးသည်။
“အဲဒီတုန်းက နေနတ်ဘုရားနဲ့ ကြယ်တာရာဘိုးဘေးတို့လည်း ရှိနေတာပဲလေ၊ သူတို့ ဘာလို့ ဝင်မကူကြတာလဲ”
ထန်ထျန်းက မေးလိုက်သည်။
ဒါက အပြစ်တင်တာ မဟုတ်ဘဲ သဘာဝဝိညာဉ် သုံးဦးစလုံးသာ ပေါင်းကူခဲ့လျှင် လနတ်သမီး အခုလောက်အထိ ထိခိုက်မှာ မဟုတ်ဘူးဟု တွေးမိသောကြောင့် ဖြစ်သည်။
လုံကျိုကျိုးက ခေါင်းခါပြသည်။ “ဒီကိစ္စကို လနတ်သမီး တစ်ယောက်ပဲ လုပ်နိုင်တာ”
“ကြယ်တာရာဘိုးဘေးက ကပ်ဘေးကြီးမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပြီး မကြာခင်မှာပဲ သေဆုံး သွားခဲ့တယ်”
“နေနတ်ဘုရားကတော့...”
“သူက ကူချင်ပေမဲ့ ခွန်အားက မလိုက်နိုင်ဘူး။ လရောင်ရဲ့ စွမ်းအားက ပိုပြီး နူးညံ့တယ်၊ သဘာဝစွမ်းအားနဲ့ ပိုနီးစပ်လို့ သဘာဝမိခင်ရဲ့ နေရာမှာ အစားထိုးပြီး ကမ္ဘာကြီးကို နိုးထစေနိုင်တာ”
“ဒါပေမဲ့ နေရဲ့ စွမ်းအားက အရမ်းကို ကြမ်းတမ်းလွန်းတယ်။ တကယ်လို့ သူသာ ပါဝင်ခဲ့ရင် ကမ္ဘာကြီးကို တည်ငြိမ်အောင် လုပ်နိုင်ကောင်း လုပ်နိုင်လိမ့်မယ်၊ ဒါပေမဲ့ နိုးထလာတဲ့ သက်ရှိတွေဟာလည်း ဒေါသနဲ့ ကြမ်းတမ်းမှုတွေ ပြည့်နှက်နေလိမ့်မယ်။ အဲဒါကလည်း ကပ်ဘေးတစ်ခုပဲ”
“ဒါကြောင့် အဲဒီအချိန်မှာ ဒါကို လုပ်နိုင်တာ လနတ်သမီး တစ်ယောက်ပဲ ရှိခဲ့တာ”
ထန်ထျန်း သဘောပေါက်သွားသည်။ စွမ်းအားရဲ့ သဘောသဘာဝ မတူညီလို့ကိုး။
“ဒါဆို နေနတ်ဘုရား ပြောတဲ့ သူမ လနန်းတော်ကနေ ထွက်မရတာကလည်း ဒီကိစ္စကြောင့်ပဲလား”
ထန်ထျန်းက မေးသည်။
လုံကျိုကျိုးက ခေတ္တမျှ စဉ်းစားပြီးမှ “အဲဒါကတော့ မဟုတ်လောက်ဘူး”
“မူလ စွမ်း အားတွေ ကုန်ခမ်းသွားပြီးတဲ့နောက် လနတ်သမီးရဲ့ ခွန်အားက အရင်ကလောက် မရှိတော့ဘူး ဆိုပေမဲ့ သာမန် ဝူရှန့်ကျိကျွင်းတွေနဲ့တော့ ယှဉ်လို့မရသေးဘူး”
“ပြီးတော့ ကပ်ဘေးအပြီး ကမ္ဘာကြီးက လရောင်စွမ်းအားပေါ်မှာ အခြေခံပြီး နိုးထလာတာဆိုတော့ သူမ အနေနဲ့ မဟာကမ္ဘာကြီးရဲ့ ဘယ်နေရာကိုမဆို သွားလို့ရတာပေါ့”
“နေနတ်ဘုရား ဒီလိုပြောတာက... တခြား အကြောင်းရင်း ရှိလိမ့်မယ် ထင်တယ်။ သူက ဒီလိုကိစ္စမျိုးမှာတော့ လိမ်ပြောမှာ မဟုတ်ဘူး”
ထန်ထျန်း ခေါင်းညိမ့်လိုက်သည်။
ဖြစ်နိုင်သည်မှာ နောက်ပိုင်းတွင် မည်သူမျှ မသိနိုင်သည့် ကိစ္စအချို့ ထပ်မံ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ဝမ့်ယွဲ့လှိုဏ်ဂူတွင် လနတ်သမီးကို ပထမဆုံး တွေ့ခဲ့စဉ်ကတည်းက ထန်ထျန်းသည် သူမ၏ နူးညံ့တည်ငြိမ်သော အော်ရာ ကြောင့် စိတ်ဝင်စားမိခဲ့ခြင်း ဖြစ်သည်။
သူမက မြင့်မြတ်လှသော လနတ်ဘုရားမတစ်ဦးနှင့် မတူဘဲ နူးညံ့သိမ်မွေ့သော အမျိုးသမီးလေး တစ်ဦးနှင့်သာ တူနေခဲ့သည်။
ထိုစဉ်က လနတ်သမီးသည် ဤကမ္ဘာကြီးအတွက် ဤမျှကြီးမားသော စတေးမှုမျိုး လုပ်ခဲ့လိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
“နေနတ်ဘုရားက ကမ္ဘာ့အရှင်ကို တော်တော်လေး အမြင်မကြည်ပေမဲ့ လနတ်သမီးကတော့ ကမ္ဘာ့အရှင်နဲ့ အတော်လေး နီးစပ်တယ်”
“ကျွင်းချန်ချင်းကို ကိုင်တွယ်မယ့် နည်းလမ်းက သူမဆီမှာ တကယ် ရှိနေနိုင်တယ်”
လုံကျိုကျိုးက ပြော၏ ။
ထန်ထျန်း ခေါင်းညိမ့်လိုက်သည်။
လူတိုင်း ဆက်လက် ခရီးနှင်ကြရာ အချိန်အတန်ကြာပြီးနောက် အထက်ရှိ ကြည်လင်သော လမင်းကြီးမှာ ရုတ်တရက် လျင်မြန်စွာ ကြီးမားလာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ငွေရောင်အလင်းများ ဖြာထွက်နေသည့် အတိုင်းအဆမရှိ ကျယ်ပြောသော ကမ္ဘာကြီး ဖြစ်သွားတော့သည်။
လနှင့် မဟာကမ္ဘာကြီးကြားက အတားအဆီးကို သူတို့ အောင်မြင်စွာ ဖောက်ထွက်နိုင်ခဲ့ပြီဖြစ်ကြောင်း ထန်ထျန်း သိလိုက်သည်။
ခဏအကြာတွင် သူတို့အားလုံး လကမ္ဘာပေါ်သို့ တက်နိုင်ခဲ့ကြသည်။
အေးစိမ့်လှသော လေပြေတစ်ချက်မှာ မျက်နှာကို တိုးဝှေ့လာသည်။
ထန်ထျန်းပင်လျှင် အနည်းငယ် ချမ်းစိမ့်မှုကို ခံစားလိုက်ရသည်။
သို့သော် ၎င်းမှာ လပေါ်တွင်ရှိသော ထူးခြားသည့် အအေးဓာတ်ဖြစ်ပြီး နိယာမ အဆင့်မှ လာခြင်းဖြစ်ကြောင်း၊ မဟာကမ္ဘာကြီးနှင့် မတူညီသော နိယာမမျိုးဖြစ်ကြောင်း သူ ချက်ချင်း သဘောပေါက်လိုက်သည်။
လ၏ မျက်နှာပြင်မှာ အလွန်ပင် ဆိတ်ငြိမ်အေးချမ်းလှသည်။ ရေစီးသံများ မရှိသလို မြင့်မားသော သစ်ပင်ကြီးများကိုလည်း မမြင်ရပေ။
သူတို့ရှေ့ရှိ လမ်းဘေး ဝဲယာတွင်မူ ရေခဲ ခရစ်စတယ် ကဲ့သို့ ကြည်လင်ပြီး အလင်းမှိန်မှိန်လေးများ ဖြာထွက်နေသည့် ထူးခြားသော ပန်းကလေး အနည်းငယ်ကိုသာ မြင်တွေ့ရသည်။
“အဲဒါ လနတ်ဘုရားမြက် တွေပဲ၊ ကျင့်ကြံခြင်းအတွက် အကောင်းဆုံး အထောက်အကူပြု ရတနာတွေပေါ့၊ သဘာဝမျက်ရည် တောင် ဒါကို မယှဉ်နိုင်ဘူး”
“ဒါတွေက လနတ်သမီးရဲ့ အသက်စွမ်းအားကို ဖော်ပြနေတာလည်း ဖြစ်တယ်”
“အဲဒါတွေကို လျှောက်မကိုင်နဲ့နော်၊ မဟုတ်ရင် နေနတ်ဘုရားကတော့ သေချာပေါက် ရူးသွားလိမ့်မယ်”
လုံကျိုကျိုးက သတိပေးလိုက်သည်။
ထန်ထျန်း ခေါင်းညိမ့်လိုက်သည်၊ သူကတော့ ဒီနေရာက ပစ္စည်းတွေကို လျှောက်ကိုင်မည့်သူ မဟုတ်ပေ။
သူတို့ ရောက်ရှိလာသည့် နေရာတွင် အလွန်ရိုးရှင်းသော မုခ်ဦးတစ်ခုကို တည်ဆောက်ထားသည်။
ထိုမုခ်ဦးက လကမ္ဘာတစ်ခုလုံးနှင့် ဆက်သွယ်နေပြီး မည်သည့်အရပ်မှ လပေါ်သို့ ရောက်လာသည်ဖြစ်စေ ဤမုခ်ဦးရှေ့သို့သာ ရောက်ရှိလာမည် ဖြစ်သည်။
မုခ်ဦး၏ နောက်ဘက်တွင်မူ အလင်းဖြာနေသော ကျောက်ပြားများ ခင်းထားသည့် လမ်းကလေး တစ်ခု ရှိသည်။
လမ်းဘေး ဝဲယာတွင် လနတ်ဘုရားမြက်ခင်းလေးများ ရှိပြီး လေပြေအဝှေ့တွင် ငြိမ့်ငြိမ့်လေး လှုပ်ခတ်နေသော်လည်း ပန်းရနံ့တော့ ထွက်မလာပေ။
အရာအားလုံးမှာ အေးချမ်း ဆိတ်ငြိမ်နေသည်။
လမ်းကလေးအတိုင်း ဆက်သွားလျှင် လနတ်သမီး နေထိုင်ရာ လနန်းတော် သို့ ရောက်ရှိနိုင်မည် ဖြစ်သည်။
“သွားကြစို့”
နေနတ်ဘုရား၏ ဦးဆောင်မှုဖြင့် လူတိုင်းက လမ်းကလေးပေါ်သို့ တက်ကာ လနန်းတော်ရှိရာ အရပ်သို့ ဦးတည် ထွက်လာခဲ့ကြတော့သည်။