အငြင်းပွားခြင်း
Vol. 70 Ch. 736
နေနတ်ဘုရား၏ အလွန်အမင်း ဒေါသထွက်နေသော အော်ဟစ် သံကြီးအတွင်း ထန်ထျန်းနှင့် လနတ်သမီးတို့ ပထမဆုံးတွေ့ဆုံခဲ့စဉ်က မြင်ကွင်းများသည် ထန်ထျန်း၏ ဦးနှောက်ထဲတွင် လျင်မြန်စွာ ဖြတ်ပြေးသွားတော့သည်။
ထိုစဉ်က လနတ်သမီးသည် သူ့ကို စကားများစွာ ပြောခဲ့သလို သံသယများစွာကိုလည်း ချန်ထားခဲ့ဖူးသည်။ ထိုသံသယအချို့မှာ ယနေ့တိုင် အဖြေရှာမရသေးပေ။
စကားပြောပြီးနောက် ထန်ထျန်းက လနတ်သမီးထံမှ ပစ္စည်းအချို့ ယူဆောင်သွားခဲ့သည်။
ပထမတစ်ခုမှာ လနတ်သမီးဝိုင် သို့မဟုတ် ကျောက်စိမ်းဖြူဝိုင် ဖြစ်သည်။
ထန်ထျန်းက ၎င်းကို မြည်းစမ်းကြည့်ပြီး အာနိသင်ကို ခံစားမိပြီးနောက် လနတ်သမီးထံမှ တောင်းဆိုခဲ့ခြင်းဖြစ်သည်။
လက်တွေ့လောက သို့ ပြန်ရောက်ပြီးနောက်တွင်လည်း ကျောက်စိမ်းဖြူက သူနှင့်မကွာရှိသော ဝိညာဉ်တွဲဖက် ဖြစ်လာခဲ့သည်။
၎င်း၏အာနိသင်မှာ အမှန်တကယ်ပင် ကောင်းမွန်လှသည်။
ဒုတိယတစ်ခုမှာ လနတ်သမီးက ကုတင်ခေါင်းရင်းတွင် တင်ထားသော ကျောက်စိမ်းဆံထိုး ဖြစ်သည်။
ထိုစဉ်က သူသည် သူခိုးလက်ဗလာနဲ့မပြန် ဆိုသည့် "လက်ချည်းမပြန်လိုသော" အကျင့်အတိုင်း လနတ်သမီးထံမှ ပစ္စည်းများများရအောင် ကြိုးစားခဲ့ပြီး နောက်ဆုံးတွင် ထိုဆံထိုးကို မျက်စိကျခဲ့ခြင်းဖြစ်သည်။
သဘောထားကြီးလှသော လနတ်သမီးကလည်း ထိုဆံထိုးကို တိုက်ရိုက်ပင် လက်ဆောင်ပေးခဲ့သည်။
ထိုဆံထိုးကို သူကိုယ်တိုင်သုံးရန် အဆင်မပြေသောကြောင့် ကုရှောင်းရွှယ်ကို ပေးခဲ့သည်။
နှစ်ပေါင်းများစွာအတွင်း ကုရှောင်းရွှယ်က ထိုဆံထိုးမှ အကျိုးကျေးဇူးများစွာ ရရှိခဲ့သော်လည်း ထုတ်မပြောခဲ့ခြင်းသာ ဖြစ်သည်။
ဤနှစ်ခုအပြင် တတိယမြောက်တစ်ခုမှာ လနတ်သမီး ကျောက်စိမ်းပြား ဖြစ်သည်။
၎င်းသည်လည်း အလွန်အစွမ်းထက်ပြီး အတွင်း၌ အဆုံးမဲ့သော လစွမ်းအားများ ရှိနေကာ ထန်ထျန်း၏ အင်မော်တယ် နယ်ပယ် တွင် အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
နောက်ပိုင်းတွင် ရှန်းယွမ်ပင်လယ် ၌ ပြဿနာအချို့ရှိခဲ့သဖြင့် ထိုကျောက်စိမ်းပြားကို ထန်ထျန်းက သိမ်းဆည်းထားလိုက်ခြင်းဖြစ်သည်။
ထိုကျောက်စိမ်းပြားက လနတ်သမီး၏ သာမန် အဆင်တန်ဆာတစ်ခုမျှသာဖြစ်ပြီး ဆံထိုးနှင့် အာနိသင်ချင်း သိပ်မကွာခြားဟု သူအမြဲထင်ခဲ့သည်။
အကြောင်းမှာ ကျောက်စိမ်းဖြူဝိုင် နှင့် ဆံထိုးကို ထန်ထျန်းက ကိုယ်တိုင်တောင်းခဲ့ခြင်းဖြစ်ပြီး ကျောက်စိမ်းပြားကိုမူ လနတ်သမီးက သူ့ကို ကိုယ်တိုင်ပေးခဲ့ခြင်းကြောင့် ဖြစ်သည်။
လူသားတို့သည် တစ်ပါးသူက ကိုယ်တိုင်ပေးလာသော ပစ္စည်းများကို အရေးမကြီးလှသော၊ ရှိရှိမရှိရှိ ဖြစ်သော ပစ္စည်းများဟုသာ စိတ်ထဲတွင် အောက်မေ့တတ်ကြသည်။
သို့သော် ယခုပြန်စဉ်းစားကြည့်သည့်အခါ အခြေအနေမှာ တကယ်ပင် ကွဲပြားနေကြောင်း ထန်ထျန်း ရုတ်တရက် သတိပြုမိသွားသည်။
သူမက လနတ်သမီးလေ
သူကိုယ်တိုင်ကလည်း ကပ်ဘေးရိပ်သိမ်းသူ
လနတ်သမီးက ကိုယ်တိုင်ထုတ်ပေးလာသည့်အရာသည် သာမန်အရာတစ်ခု ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ
ဤသို့တွေးမိစဉ်တွင် ရှောင်ကျိ အသိစိတ်စတင်ရင့်ကျက်လာကာ ပတ်ဝန်းကျင်ရှိ ပစ္စည်းများကို ခွဲခြမ်းစိတ်ဖြာစဉ်က အဖြစ်အပျက်ကို ထန်ထျန်း သတိရသွားပြန်သည်။
သဘာဝ အကြွင်းအကျန် များကို ရှောင်ကျိ ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့သည်။
လနတ်သမီးဝိုင်ကိုလည်း အတော်အသင့် ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့သည်။
သို့သော် လနတ်သမီးကျောက်စိမ်းပြားနှင့် ရင်ဆိုင်ရချိန်တွင်မူ ၎င်းက “ခွဲခြမ်းစိတ်ဖြာ၍မရပါ” ဟူသော အဖြေကိုသာ တိုက်ရိုက်ပေးခဲ့သည်။
ယခုမှ ထန်ထျန်းက ထိုအဖြေကို နားလည်သွားတော့သည်။
လနတ်သမီးကျောက်စိမ်းပြားက လနှလုံးသား ဖြစ်သည်
၎င်းက လနတ်သမီးကိုယ်တိုင်နှင့် အလားတူသည်
ရှောင်ကျိက မည်မျှပင် အစွမ်းထက်ပါစေ လနတ်သမီးကို လုံးစေ့ပတ်စေ့ ခွဲခြမ်းစိတ်ဖြာရန် နည်းလမ်းမရှိသောကြောင့် ထိုအဖြေကို ပေးခဲ့ခြင်းဖြစ်သည်။
ရှောင်ကျိက မူလ ရတနာ ၅ ပါး ကိုပင် ခွဲခြမ်းစိတ်ဖြာနိုင်သော်လည်း လနတ်သမီးကျောက်စိမ်းပြားကို ခွဲခြမ်းစိတ်ဖြာ၍မရခြင်းမှာ တစ်ချက်တည်းကိုသာ သက်သေပြနေသည်။
ထိုကျောက်စိမ်းပြားက အသက်ရှိသောအရာ သို့မဟုတ် ခန္ဓာအစိတ်အပိုင်း တစ်ခုပင် ဖြစ်သည်။
သူ၏ဒေါသကို အစွမ်းကုန်ထိန်းချုပ်ထားသော နေနတ်ဘုရားကို ကြည့်ရင်း ထန်ထျန်းက မျက်မှောင်ကြုတ်လိုက်သည်။
“ငါ မသိဘူး၊ နားလည်း မလည်ဘူး”
“သူမက ဘာလို့ ကိုယ့်အသက်နဲ့သက်ဆိုင်တဲ့ အရာမျိုးကို အဲဒီအချိန်မှာ ငါ့ကို ပေးခဲ့ရတာလဲ"
" အကြောင်းပြချက်တွေ ဘယ်လောက်ပဲရှိရှိ ပိုပြီးသင့်တော်တဲ့ အချိန်တစ်ခုအထိ စောင့်လို့ရတာပဲလေ”
ထန်ထျန်းက လေးလံသောလေသံဖြင့် ပြောလိုက်သည်။
ဒါက သူအနားမလည်နိုင်ဆုံး အချက်ဖြစ်သည်။
ထိုစဉ်က သူသည် အင်မော်တယ်နယ်ပယ် ထဲသို့ ခြေစုံပစ်ဝင်ရုံရှိသေးသည့် ကျင့်ကြံသူလေးမျှသာ ဖြစ်သည်။ ကပ်ဘေးရိပ်သိမ်းသူ ဆိုတာရော၊ ကောင်းကင်နှင့် မြေကြီး ရဲ့ စစ်တုရင်ခုံ ဆိုတာတွေကိုပါ ဘာတစ်ခုမှ မသိဘဲ ကိုယ့်ဘာသာ အေးအေးဆေးဆေး နေချင်ခဲ့သူသာ ဖြစ်သည်။
လနတ်သမီးက ထိုအချိန်မှာ လနှလုံးသားကို သူ့အား ပေးလိုက်သည်မှာ သူက အလွဲသုံးစားလုပ်မှာကို မစိုးရိမ်ဘူးလား
လနှလုံးသားကို မသမာသူတွေက လုယူသွားမှာကိုရော သူမ မပူပန်ဘူးလား
တကယ်လို့ ကျွင်းချန်ချင်းတို့ လက်ထဲ ရောက်သွားရင် အကျိုးဆက်က အလွန်ဆိုးရွားလိမ့်မည်။ သူမက ဒါတွေကို မစိုးရိမ်ဘူးလား
သို့သော် ထန်ထျန်း၏ မေးခွန်းကို နေနတ်ဘုရားက ခေါင်းခါပြသည်။
“ငါ မသိဘူး”
“ငါ အဲဒီတုန်းက သူမကို အဲဒီလိုမလုပ်ဖို့ တားခဲ့သေးတယ်၊ ဒါပေမဲ့ သူမက မင်းကို ယုံကြည်ခဲ့တယ်”
“မင်းက ကမ္ဘာ့အရှင် ကြိုတင်ဟောကိန်းထုတ်ခဲ့တဲ့ မှန်ကန်တဲ့လူဖြစ်တယ်လို့ သူမက ခိုင်ခိုင်မာမာ ယုံကြည်ခဲ့တယ်”
“ဒီကမ္ဘာပေါ်က သက်ရှိအားလုံးရဲ့ ကံကြမ္မာက မင်းတစ်ယောက်တည်းအပေါ်မှာ မူတည်နေတယ်လို့ သူမ ယုံကြည်ခဲ့တယ်။ အဲဒါကြောင့် သူမက မင်းကို ရွေးချယ်ခဲ့တာ၊ နားလည်ပြီလား”
နေနတ်ဘုရားက အော်ဟစ်လိုက်သည်။
ထန်ထျန်းက ခေါင်းအသာခါယမ်းသည်။ ဤအကြောင်းပြချက်က အချိန်ရွေးချယ်မှု ပြဿနာကို မဖြေရှင်းနိုင်ပေ။
လနတ်သမီးက ထိုသို့ယူဆသည် ဆိုလျှင်တောင် ပို၍သင့်တော်သောအချိန် (ဥပမာ ယခုကဲ့သို့အချိန်မျိုး) ကို စောင့်ဆိုင်း၍ ရနိုင်သည်မဟုတ်ပါလား။
သို့သော် လနတ်သမီးက ထိုသို့ ပေါ့ပေါ့တန်တန်ပင် လနှလုံးသားကို သူ့အား ပေးအပ်ခဲ့သည်။
ခဏမျှ စဉ်းစားပြီးသော်လည်း နားမလည်နိုင်သဖြင့် ထန်ထျန်းက နေနတ်ဘုရားကို ကြည့်ကာ လက်ဖဝါးကို ဖြန့်လိုက်သည်။ ငွေဖြူရောင် ကျောက်စိမ်းပြားတစ်ခု သူ၏လက်ဖဝါးပေါ်တွင် ပေါ်လာသည်။
“ဒါကို ခင်ဗျားပဲ သိမ်းထားလိုက်ပါ”
ထန်ထျန်းက ပြောလိုက်သည်။
နေနတ်ဘုရားက မျက်မှောင်အကြီးအကျယ် ကြုတ်လိုက်သည်။ “မင်း ဘာဆိုလိုတာလဲ”
ထန်ထျန်းက ခေါင်းခါကာ “ဘာလို့လဲတော့ ငါ မသိဘူး၊ ခင်ဗျားတို့အားလုံးက ငါ့ကို ကပ်ဘေးရိပ်သိမ်းသူ၊ ပျက်စီးလုနီးပါး ကမ္ဘာကြီးကို ကယ်တင်မယ့်သူလို့ သတ်မှတ်နေကြတယ်”
“ဒါပေမဲ့ ငါကိုယ်တိုင်ကတော့ ငါ့ကိုယ်ငါ ကမ္ဘာကြီးကို ကယ်တင်နိုင်မယ့် လူစားမျိုးမဟုတ်ဘူးလို့ သေချာပေါက် သိနေတယ်"
" ဖြစ်နိုင်တာက ခင်ဗျားတို့ လူမှားနေတာလည်း ဖြစ်နိုင်တယ်”
“လနတ်သမီးရဲ့ မျှော်လင့်ချက်က ငါ့အတွက် အရမ်းကြီးမားလွန်းသလို လေးလံလွန်းတယ်။ ငါ ဒါကို မထမ်းဆောင်နိုင်ဘူး၊ မထမ်းဆောင်ချင်ဘူး”
“ဒါကြောင့် ဒီလနှလုံးသားကို ခင်ဗျားပဲ သိမ်းဆည်းထားလိုက်ပါ”
ထန်ထျန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
နေနတ်ဘုရားက ထိုနေရာမှာပင် မှင်တက်သွားတော့သည်။
သူက မျက်လုံးပြူးကာ ထန်ထျန်းကို စိုက်ကြည့်နေပြီး နီမြန်းသော ဆံပင်ရှည်များက လေထဲတွင် တလွင့်လွင့် ဖြစ်နေသည်။
သို့သော် နေနတ်ဘုရားက ယခုအချိန်တွင် အဆုံးစွန်အထိ ဒေါသထွက်နေကြောင်း ထန်ထျန်း ခံစားမိသည်။
ထိုသိပ်သည်းလှသော သတ်ဖြတ်လိုသည့် အော်ရာမှာ သူ့ကို အရှင်လတ်လတ် အရေခွံဆုတ်တော့မည့်အတိုင်းပင်။
“ထန်ထျန်း...”
နေနတ်ဘုရား၏ အသံမှာ အေးစိမ့်နေသည်။ “ငါ အခု မင်းကို တကယ်ပဲ အပိုင်းပိုင်း ခုတ်ထစ်ပစ်ချင်နေပြီ”
“ငါက တကယ်ပဲ လနှလုံးသားကို ငါ့ဆီမှာ ထားချင်နေတယ်လို့ မင်းထင်နေတာလား”
“လနတ်သမီးက မင်းကို ဒီလောက်ယုံကြည်ခဲ့တာကို မင်းက သူမကို ဒီလိုနည်းနဲ့ ပြန်ပေးဆပ်တာလား”
သူက ဒေါသတကြီး အော်ဟစ်လိုက်သည်။
ရွှေရောင်လှံရှည်က ထန်ထျန်း၏ နှလုံးသားဆီသို့ အလျားလိုက် ချိန်ရွယ်လိုက်သည်။
“ငါက သူမကို ငါ့အပေါ် ယုံကြည်ပေးပါလို့ မတောင်းဆိုခဲ့ဘူး”
ထန်ထျန်းလည်း ဒေါသထွက်သွားကာ “ငါက ဘယ်သူ့ကိုမှ ငါ့ကို ယုံကြည်ပေးပါလို့ မတောင်းဆိုခဲ့ဘူး”
“ငါ့အပေါ် အတင်းအကျပ် ပုံချလာတဲ့ တာဝန်တွေကို ငါ မုန်းတယ်။ ဒါတွေက ငါနဲ့ ဘာမှမဆိုင်ဘူး၊ ဘာလို့ ငါ ဖြစ်နေရတာလဲ”
သူက အသက်ပြင်းပြင်းရှိုက်ကာ ရှုပ်ထွေးနေသော စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းလိုက်ပြီးမှ ဆက်ပြောသည်။ “ငါ့ကို တစ်ခုခုလုပ်ဖို့ အတင်းအကျပ် ဖိအားပေးတာကို ငါ လုံးဝမကြိုက်ဘူး၊ ဘယ်ကိစ္စပဲဖြစ်ဖြစ်”
“တကယ်လို့ ခင်ဗျားတို့က အဲဒီလိုပဲ ဆက်ပြီး အတင်းအကျပ် လုပ်နေဦးမယ်ဆိုရင်တော့ ငါ မလိုက်တော့ဘူး”
“လနှလုံးသားကို ခင်ဗျားယူသွား၊ သတ်ချင်လည်း သတ်၊ ခုတ်ချင်လည်း ခုတ် စိတ်ကြိုက်သာလုပ်"
" ဒီကိစ္စပြီးရင် ငါနဲ့ ဒီကိစ္စတွေ ဘာမှမသက်ဆိုင်တော့ဘူး”
သူက ဤအဓိပ္ပာယ်မရှိသော ကပ်ဘေးရိပ်သိမ်းသူ ဆိုသည့် အဆင့်အတန်းကို ဆက်ပြီး မထမ်းပိုးချင်တော့ပေ။
သူ၏ကံကြမ္မာကို အခြားမည်သည့်အရာကမှ ခြယ်လှယ်တာကို သူ မလိုလားတော့ပေ။
နေနတ်ဘုရားက မျက်လုံးထဲမှ မီးတောက်မတတ် ထန်ထျန်းကို ကြည့်နေသည်။
သို့သော် အချိန်အတော်ကြာပြီးနောက် နောက်ဆုံးတွင် သူက လက်ထဲမှ လှံရှည်ကို ချလိုက်ပြီး ကြမ်းပြင်ပေါ်သို့ အားပါးတရ စိုက်ချလိုက်သည်။
“မင်း ထွက်သွားတော့”
သူက အသက်ပြင်းပြင်းရှူကာ ပြောလိုက်သည်။ “မင်းမှ မဟုတ်ပါဘူး၊ တကယ်တော့ ငါကိုယ်တိုင်လည်း မင်းကို ကပ်ဘေးရိပ်သိမ်းသူ လို့ အသိအမှတ်မပြုချင်ဘူး”
“ဒါပေမဲ့ အဖြစ်မှန်က အဲဒီအတိုင်းပဲ ဖြစ်နေတယ်”
“လနတ်သမီးက မင်းကို ယုံကြည်တယ်၊ ငါကတော့ လနတ်သမီးကို ယုံကြည်တယ်"
" မင်း စိတ်ကြိုက်သာလုပ်တော့၊ ဒီတာဝန်ကို ထမ်းချင်ရင် ထမ်း၊ မထမ်းချင်ရင်လည်း ငါ မင်းကို ထပ်ပြီး အတင်းအကျပ် မလုပ်တော့ဘူး”
“မင်းရဲ့ ဆန္ဒအတိုင်းပဲ မင်း လုပ်ချင်တာ လုပ်တော့”
ပြောပြီးသည်နှင့် သူက ကျောခိုင်းလိုက်ကာ ထန်ထျန်းကို လျစ်လျူရှုလိုက်တော့သည်။
ထန်ထျန်းက ခေတ္တမျှ ငြိမ်သက်စွာ ရပ်နေပြီးနောက် နောက်ဆုံးတွင် ဘာမှမပြောဘဲ လနှလုံးသားကို ပြန်သိမ်းကာ ထိုအိပ်ခန်းအတွင်းမှ ထွက်သွားခဲ့တော့သည်။