← Chapters

ကျွင်းချန်ချင်းကို သတ်နိုင်မည့် နည်းလမ်း

Vol. 70 Ch. 737

ကျွင်းချန်ချင်းကို သတ်နိုင်မည့် နည်းလမ်း

Vol. 70 Ch. 737

​လနတ်သမီး၏ အိပ်ခန်းထဲမှ ထွက်လာပြီးနောက် ထန်ထျန်း၏ စိတ်အခြေအနေက လုံးဝ တည်ငြိမ်မသွားသေးပေ။

​ခုနက သူနှင့် နေနတ်ဘုရား နှစ်ယောက်စလုံး စိတ်လိုက်မာန်ပါ ဖြစ်သွားခဲ့ကြသည်။

ကိစ္စတွေက ပြန်ပြင်လို့မရတဲ့ အခြေအနေအထိ ရောက်သွားဖို့ လက်မတင်လေး လိုခဲ့သည်။

​ဖြစ်နိုင်သည်မှာ လနတ်သမီး ရုတ်တရက် သေဆုံးသွားခြင်းကြောင့်လည်း ဖြစ်ပေလိမ့်မည်။

​အမှန်စင်စစ် ထန်ထျန်း၏ စိတ်ထဲတွင်လည်း ဤကမ္ဘာကြီးကို ကျွင်းချန်ချင်းက ဝါးမြိုဖျက်ဆီးပြီး သက်ရှိအနန္တတို့ ကျွင်းချန်ချင်း၏ အရိပ်မည်းအောက်တွင် နစ်မြုပ်သွားသည်ကို မမြင်လိုသည်မှာ အမှန်ပင်။

​သို့သော် တစ်စုံတစ်ယောက်က ကမ္ဘာကြီးကို ကယ်တင်ရမည့် ဖိအားကို သူတစ်ယောက်တည်းအပေါ် အတင်းအကျပ် ပုံချလာလျှင်မူ သူ၏စိတ်ထဲတွင် ပြင်းထန်သော တွန်းလှန်လိုစိတ်များ ပေါ်ပေါက်လာတတ်သည်။

ဤသို့သော ဆန့်ကျင်လိုသည့် စိတ်ဓာတ်မှာ သူ အခြားကမ္ဘာတွင် ရှိစဉ်ကတည်းက စွဲမြဲလာခဲ့သည့် အကျင့်ပင် ဖြစ်သည်။

​သူက အကြင်နာ တရားဖြင့် အကျပ်ကိုင်ခံရခြင်း ကို မလိုလားပေ။

​သို့သော် လက်တွေ့တွင်မူ သူက ဤမဟာကမ္ဘာကြီးအတွက် သူတတ်နိုင်သမျှ အင်အားတစ်ရပ်အဖြစ် ပါဝင်ပေးချင်စိတ် ရှိပါသည်။

ထို့အပြင် ကျွင်းချန်ချင်း ကိုယ်တိုင်ကလည်း သူ့ကို ကပ်ဘေးရိပ်သိမ်းသူ အဖြစ် သတ်မှတ်ထားပြီးသား ဖြစ်သဖြင့် သူတို့နှစ်ဦးမှာ ရေနှင့်မီးကဲ့သို့ ဖြစ်နေကြပြီ။ ပြေလည်နိုင်သည့် လမ်းစ မရှိသလောက်ပင်။ ထို့ကြောင့် သူကိုယ်တိုင် ဘေးထွက်နေချင်လျှင်ပင် ဖြစ်နိုင်ခြေ သိပ်မရှိလှပေ။

​“ဟူး...”

​ထန်ထျန်းက ခေါင်းခါလိုက်သည်။

​နေနတ်ဘုရား ထွက်လာသည့်အခါမှပဲ သူနှင့် ကောင်းကောင်းမွန်မွန် ပြန်လည် ဆွေးနွေးရမည်။

နှစ်ယောက်စလုံးတွင် တူညီသော ရည်မှန်းချက် ရှိနေကြသည်ဖြစ်ရာ ဤကဲ့သို့ အချိန်မျိုးတွင် ရန်လိုနေဖို့ မလိုအပ်ပေ။

​ခဏအကြာတွင် သူက နန်းတော်၏ အနောက်ဘက်ရှိ ဥယျာဉ်ထဲသို့ ပြန်ရောက်လာသည်။

လုံကျိုကျိုးတို့တစ်စုမှာ ထိုနေရာတွင် စောင့်ဆိုင်းနေဆဲပင် ဖြစ်သည်။

​ထန်ထျန်း တစ်ယောက်တည်း ထွက်လာသည်ကို မြင်သောအခါ လုံကျိုကျိုးက အမြန် လှမ်းလာသည်။

​“နေနတ်ဘုရားရော”

လုံကျိုကျိုးက မေးသည်။

​“အတွင်းထဲမှာပဲ ကျန်နေခဲ့တယ်"

"အခု သူ... စိတ်အခြေအနေ သိပ်မကောင်းဘူး"

" သူ့ကို အချိန်ခဏလောက် ပေးလိုက်ပါ”

ထန်ထျန်းက ပြောလိုက်သည်။

​လုံကျိုကျိုးက ခေါင်းညိမ့်သည်။ ယခုအချိန်တွင် နေနတ်ဘုရား ခံစားနေရမည့် အခြေအနေကို သူ နားလည်ပါသည်။

နေနတ်ဘုရားနှင့် လနတ်သမီးတို့သည် ကမ္ဘာဦးအစကတည်းက သိကျွမ်းခဲ့ကြပြီး ဤကမ္ဘာကြီးကို နှစ်ပေါင်း ဘီလီယံချီကာ အတူတကွ ထိန်းသိမ်းစောင့်ရှောက်လာခဲ့သူများ ဖြစ်သည်။

​လနတ်သမီး ရုတ်တရက် မရှိတော့ခြင်းမှာ နေနတ်ဘုရားအတွက် အလွန်ကြီးမားသော ထိုးနှက်ချက် ဖြစ်နေပေလိမ့်မည်။

သူ၏ စရိုက်အရ ယခုအချိန်တွင် လှံကိုဆွဲကာ ကျွင်းချန်ချင်းထံသို့ တိုက်ရိုက် ပြေးမသတ်သည်မှာပင် အတော်လေး ထိန်းချုပ်ထားနိုင်သည်ဟု ဆိုရမည်။

​ထိုစဉ် ဘေးနားရှိ ဟုန်းမန်ကျိကျွင်းက အေးစက်စက်ဖြင့် စကားစလာသည်။ “လနတ်သမီး သေဆုံး သွားပြီဆိုတော့ ကျွင်းချန်ချင်းကို ကိုင်တွယ်မယ့် နည်းလမ်းလည်း မရှိတော့ဘူးဆိုတဲ့ သဘောလား"

" အဲဒီလိုဆိုရင် ငါတို့မှာ အနိုင်ရဖို့ ဘာမျှော်လင့်ချက် ရှိတော့မှာလဲ”

​“ဒီလိုဆိုရင်တော့ ကိုယ့်အိမ်ကိုယ်ပြန်ပြီး ကိုယ့်ဘာသာကိုယ်ပဲ နေကြတာ ပိုကောင်းမယ်ထင်တယ်”

​ဤကဲ့သို့သော စိတ်ပျက်အားလျော့ဖွယ် စကားလုံးများကြောင့် လူတိုင်း မျက်မှောင်ကြုတ်သွားကြသည်။

လုံကျိုကျိုးက လှည့်ကြည့်ကာ လေးလံသော အသံဖြင့် ပြောလိုက်သည်။ “ကျွင်းချန်ချင်းက တစ်ကမ္ဘာလုံးကို ဝါးမြိုနေတာ၊ ဘယ်သူကများ ကိုယ့်ဘာသာကိုယ် ဘေးကင်းအောင် နေနိုင်မှာလဲ”

​“ငါတို့က သူ့ကို တိုက်ခိုက်ခဲ့ဖူးသူတွေ၊ သူက ငါတို့ထဲက ဘယ်သူ့ကိုမဆို အလွယ်တကူ လွှတ်ပေးလိမ့်မယ်လို့ ခင်ဗျား ထင်နေတာလား"

" ဒါမှမဟုတ် ခင်ဗျားက သူ့ရှေ့မှာ အမြီးနန့်ပြီး ခွင့်လွှတ်ဖို့ တောင်းပန်မလို့လား”

​သူလည်း အတော်လေး ဒေါသထွက်သွားပုံရသည်။

ကျွင်းချန်ချင်းကို လုပ်ကြံရန် ကြိုးပမ်းမှု ရှုံးနိမ့်ပြီး ဝိညာဉ်အားလုံး ပြန်လည် သိမ်းဆည်းခံရပြီးကတည်းက ဟုန်းမန်ကျိကျွင်း၏ စိတ်ဓာတ်မှာ အလွန် အားနည်းသွားခဲ့သည်။ တစ်ခုခု လွဲချော်သည်နှင့် ကိုယ့်လမ်းကိုယ်သွားဖို့သာ စဉ်းစားနေတော့သည်။

​သို့သော် လုံကျိုကျိုး၏ ပြင်းထန်သော စကားလုံးများက ဟုန်းမန်ကျိကျွင်းကိုလည်း ဒေါသထွက်သွားစေသည်။

​“ရိုင်းလှချည်လား”

​“လူငယ် လေး၊ မင်း ဝူရှန့်ကျိကျွင်း အဆင့်ကို တက်လှမ်းနိုင်တာ ဘယ်လောက်ကြာသေးလို့လဲ မင်း ဘာသိမှာလဲ”

​“မင်း ကျွင်းချန်ချင်းရဲ့ အမှောင်ခေတ်ကို ဖြတ်သန်းခဲ့ဖူးလို့လား သူ့ရဲ့ ကြောက်မက်ဖွယ်ကောင်းပုံကို တကယ် သိလို့လား "

"သူ့ကို တကယ် ရင်ဆိုင်ဖူးတဲ့သူမှသာ စစ်မှန်တဲ့ မျှော်လင့်ချက်မဲ့ခြင်းဆိုတာ ဘာလဲဆိုတာ သိမှာ”

ဟုန်းမန်ကျိကျွင်းက အော်ဟစ်လိုက်သည်။

​လုံကျိုကျိုး၏ အမူအရာက တည်ငြိမ်နေဆဲပင်။ “ဘယ်သူက ငါ မရင်ဆိုင်ဖူးဘူးလို့ ပြောလို့လဲ”

​ဟုန်းမန်ကျိကျွင်းမှာ ခေတ္တ မှင်တက်သွားပြီး လုံကျိုကျိုးကို ကြောင်စီစီ စိုက်ကြည့်နေမိသည်။ ရုတ်တရက် သူ တစ်ခုခုကို သတိရသွားသကဲ့သို့ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

​“မင်းက အဲဒီတုန်းက...”

​လုံကျိုကျိုးက သူ၏စကားကို ဖြတ်ပြောလိုက်သည်။ “ကျွင်းချန်ချင်းရဲ့ ခွန်အား ကို ခင်ဗျား ထပ်ပြောနေဖို့ မလိုဘူး။ ဒါပေမဲ့ သူကလည်း မသေဖူးတာမှ မဟုတ်တာ"

" အခုအချိန်က သူ့ကို ကိုင်တွယ်ဖို့ အကောင်းဆုံးအချိန်ပဲ"

" သူ ဘယ်လောက်ပဲ အစွမ်းထက်ပါစေ၊ သူကလည်း ကျင့်ကြံသူ တစ်ယောက်ပါပဲ"

"သူ့ကို ကြောက်ပြီး စိတ်ဓာတ် မကျလိုက်ပါနဲ့”

​ဟုန်းမန်ကျိကျွင်းမှာ အံ့ ကြိတ်လိုက်သော်လည်း နောက်ဆုံးတွင်တော့ ပြန်မပြောတော့ပေ။

လုံကျိုကျိုး၏ ယခင်က သရုပ်မှန်က အလွန်ခိုင်မာသော ယုံကြည်မှုကို ပေးစွမ်းနိုင်ပုံရသည်။

​သို့သော် သူ၏ စိတ်ထဲတွင်တော့ စိတ်ပျက်မှုများ ရှိနေဆဲပင်။

​“ဒါပေမဲ့ ကျွင်းချန်ချင်းကို ကိုင်တွယ်ဖို့ ငါတို့မှာ ဘာနည်းလမ်း ကျန်သေးလို့လဲ"

" သူ ဝိညာဉ်တွေ ပြန်မသိမ်းရသေးခင်မှာတောင် ငါတို့ ရှုံးခဲ့တာ။ အခုဆိုရင် သူ့ခွန်အားက အဆပေါင်း ထောင်ချီ တိုးသွားပြီ၊ ထိပ်တိုက်ရင်ဆိုင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တော့ဘူး"

" လနတ်သမီးကလည်း... အခု ရုတ်တရက် သေဆုံး သွားပြီ”

​“သူ့ကို သတ်လို့ရတယ်ဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ ငါတို့လောက်နဲ့တင် လုံလောက်ပါ့မလား”

ဟုန်းမန်ကျိကျွင်းက ပြောသည်။

​“လုံလောက်ပါတယ်”

​ထိုစဉ် အဝေးမှ အသံတစ်သံ ထွက်ပေါ်လာသည်။

လူတိုင်း လှည့်ကြည့်လိုက်သောအခါ နေနတ်ဘုရားက လနတ်သမီး၏ အိပ်ခန်းထဲမှ ထွက်ကာ ဖြည်းဖြည်းချင်း လမ်းလျှောက်လာသည်ကို တွေ့ရသည်။

​ယခုအချိန်တွင် သူက ဒေါသများကို သိမ်းဆည်းထားပြီး တည်ငြိမ်သွားပုံရသည်။

ပြောရလျှင် သူက ပုံမှန်ထက်ပင် ပို၍ တည်ငြိမ်နေပုံရသည်။ ယခင်ကဆိုလျှင် ဟုန်းမန်ကျိကျွင်း၏ စိတ်ဓာတ်ကျဖွယ် စကားလုံးများကို ကြားသည်နှင့် သူ ဆဲဆိုကြိမ်းမောင်းနေလောက်ပြီ။

သို့သော် ယခုမူ သူက အလွန်အေးဆေးနေပြီး မည်သည့် တုံ့ပြန်မှုမျှ မရှိပေ။ တကယ့်ကို... လူတစ်ယောက် ပြောင်းလဲသွားသကဲ့သို့ပင်။

​လူတိုင်းရှေ့သို့ ရောက်လာသောအခါ သူက အားလုံးကို တစ်ချက်ကြည့်လိုက်ပြီး နောက်ဆုံးတွင် ဟုန်းမန်ကျိကျွင်းအပေါ် စိုက်ကြည့် လိုက်သည်။

​“ကျွင်းချန်ချင်းက ပြိုင်ဘက်ကင်း တဲ့ အဆင့်ကို ရောက်ဖို့ အဝေးကြီး လိုပါသေးတယ်။ ခင်ဗျား အဲဒီလောက် ကြောက်နေဖို့ မလိုဘူး”

​“လနတ်သမီးဆီက နည်းလမ်းကတော့ ရိုးရှင်းပြီး ထိရောက်တဲ့ နည်းလမ်းတစ်ခုပါပဲ"

"ငါ့မှာ တခြား ပြင်ဆင်မှုတွေ ရှိပါသေးတယ်။ ကျွင်းချန်ချင်းက ဘယ်တော့မှ သူ့ရဲ့ ခွန်အား အကုန်လုံး ကို ပြန်မရနိုင်စေရဘူး”

နေနတ်ဘုရားက တည်ငြိမ်စွာ ပြောသည်။

​ဟုန်းမန်ကျိကျွင်းက ခေတ္တ တိတ်ဆိတ်သွားပြီးမှ မေးလိုက်သည်။ “ဒါဆို ဘာနည်းလမ်း ရှိသေးလို့လဲ"

" ငါတို့ နောက်ထပ် ဘာလုပ်ရမလဲ”

နေနတ်ဘုရား၏ ရှေ့တွင်တော့ သူ၏ စိတ်ပျက်အားလျော့မှုကို ခေတ္တ သိမ်းဆည်းထားလိုက်သည်။

​“ဘာလုပ်ရမလဲဆိုတာ ငါ ပြောပြမှာပါ။ ဒါပေမဲ့ အခုတော့ မဟုတ်သေးဘူး"

" ကျွင်းချန်ချင်းက ဝိညာဉ်တွေ ပြန်သိမ်းလိုက်လို့ ကမ္ဘာအတော်များများ ပြိုလဲလုနီးပါး ဖြစ်နေပြီ၊ ခင်ဗျားတို့ အရင်ပြန်ပြီး အခြေအနေတွေကို ထိန်းထားကြဦး"

" အချိန်ကျရင် ဘာလုပ်ရမယ်ဆိုတာ ငါ အကြောင်းကြားလိုက်မယ်”

နေနတ်ဘုရားက ပြော၏ ။

​ဟုန်းမန်ကျိကျွင်းက ခေါင်းညိမ့်ကာ ဘာမှ ထပ်မပြောတော့ပေ။

လနတ်သမီး မရှိတော့သည့်နောက်တွင် သူတို့ဘက်၌ နေနတ်ဘုရားသည်သာ တစ်ဦးတည်းသော ခေါင်းဆောင် ဖြစ်လာတော့သည်။

​ထိုစဉ် လုံကျိုကျိုးက စကားစလာသည်။ “ဒါဆို လနတ်သမီးရဲ့ နည်းလမ်းက တကယ်တမ်း ဘာလဲ"

" အရင်ကတော့ ခင်ဗျားမှာ စိုးရိမ်စရာတွေ ရှိနေလို့ မပြောခဲ့ဘူး၊ အခုတော့ ပြောပြလို့ ရပြီမလား"

" ဖြစ်နိုင်ရင် အဲဒီ ရိုးရှင်းပြီး ထိရောက်တဲ့ နည်းလမ်းကို အကောင်အထည်ဖော်ဖို့ ငါတို့ ဝိုင်းစဉ်းစားလို့ ရတာပေါ့”

​အခြားသူများလည်း ထိုကိစ္စကို သဘောတူကြသည်။

​နေနတ်ဘုရားက ခေတ္တ စဉ်းစားပြီးမှ ခေါင်းညိမ့်လိုက်သည်။ “ထားပါတော့လေ၊ ဒီနည်းလမ်းကလည်း အဓိပ္ပာယ် မရှိတော့သလို ဖြစ်နေပြီဆိုတော့"

" ကမ္ဘာ့အရှင်က ဟင်းလင်းပြင်ထဲကို မဝင်ခင်တုန်းက လနတ်သမီးဆီမှာ အရာတစ်ခု ချန်ထားခဲ့ဖူးတယ်”

​“အဲဒါက လက်နက်တစ်ခု ပြုလုပ်မယ့် ပုံစံ စာရွက် ပဲ"

" အဲဒီ ပုံစံစာရွက် အတိုင်း ပြုလုပ်ထားတဲ့ လက်နက်က အထွတ်အထိပ် အခြေအနေကို မရောက်သေးတဲ့ ကျွင်းချန်ချင်းကို သတ်ဖို့ လုံလောက်တယ်”

​“ဒါက ကမ္ဘာ့အရှင် ချန်ထားခဲ့တဲ့ နောက်ဆုံး ဝှက်ဖဲ ပဲ၊ အရေးပေါ် အခြေအနေအတွက် ပြင်ဆင်ထားခဲ့တာ”

​လုံကျိုကျိုးက ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။ “ဒါဆို အဲဒီ ပုံစံစာရွက် ကရော ငါတို့ ရှာလို့မရဘူးလား"

" ဒါမှမဟုတ် အဲဒီ ပြုလုပ်ပုံနည်းလမ်းကို လနတ်သမီး တစ်ယောက်ပဲ သိတာလား”

​နေနတ်ဘုရားက ခေါင်းခါပြပြီး လက်ဖဝါးကို ဖြန့်လိုက်ရာ ရှေးဟောင်း ကျောက်စိမ်းပြား တစ်ခု သူ၏လက်ထဲတွင် ပေါ်လာသည်။

​“ပုံစံစာရွက်က ဒီမှာ ရှိတယ်"

" ပြုလုပ်ပုံ နည်းလမ်းကလည်း အရမ်း ရိုးရှင်းတယ်"

"ဒါပေမဲ့ ခက်ခဲတာက အဲဒီအတွက် လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေပဲ”

​“ငါ တိုက်ရိုက်ပဲ ပြောပြမယ်။ ဒီလက်နက်ကို ပြုလုပ်ဖို့ ကုန်ကြမ်း သုံးမျိုး လိုတယ်"

" နေနှလုံးသား၊ လနှလုံးသား နဲ့ ကြယ်နှလုံးသား တို့ပဲ”

​“နေနှလုံးသားနဲ့ လနှလုံးသားက ပြဿနာ မဟုတ်ဘူး။ ဒါပေမဲ့ ကြယ်နှလုံးသားကတော့ ကြယ်တာရာဘိုးဘေး ကွယ်လွန်သွားကတည်းက ပျောက်ကွယ်သွားခဲ့တာ ကြာလှပြီ။ ဘယ်သူမှ ဘယ်မှာ ရှိလဲဆိုတာ မသိကြဘူး”

​“ဒါပေမဲ့ ကြယ်တာရာဘိုးဘေး သေဆုံး ခါနီးမှာ ကြယ်မြေပုံ တစ်ခု ချန်ထားခဲ့ဖူးတယ်။ အဲဒီမြေပုံက သူ သေဆုံး ခဲ့တဲ့ တိကျတဲ့ နေရာကို ညွှန်ပြထားတာ၊ ကြယ်နှလုံးသားကလည်း အဲဒီနေရာမှာပဲ ရှိနေဖို့ များတယ်”

​“အဲဒီ ကြယ်မြေပုံကို လနတ်သမီး တစ်ယောက်ပဲ မြင်ဖူးတာ၊ သူမရဲ့ ဦးနှောက်ထဲမှာပဲ ရှိတာ။ သူမရဲ့ လမ်းညွှန်မှုရှိမှသာ ငါတို့က ကြယ်တာရာဘိုးဘေး သေဆုံး တဲ့နေရာကို သွားပြီး ကြယ်နှလုံးသားကို ရှာနိုင်မှာ”

​“ဒါပေမဲ့ သူမက... အခု သေဆုံး သွားပြီဆိုတော့ ဒီလက်နက်ကို ပြုလုပ်ဖို့ နည်းလမ်း မရှိတော့ဘူး”

​နေနတ်ဘုရား၏ ပြောစကားကို ကြားပြီးနောက် လူတိုင်း တိတ်ဆိတ်သွားကြသည်။

အခြေအနေက ဤသို့ ဖြစ်နေသည်ကိုး။

​သို့သော် ထန်ထျန်းမှာမူ မျက်မှောင်ကို အပြင်းအထန် ကြုတ်လိုက်မိသည်။

​ကြယ်မြေပုံ လား

​သူသည် ယခင်က တိုက်တိုက်ဆိုင်ဆိုင် ရရှိထားခဲ့ဖူးသည့် အရာတစ်ခုကို ရုတ်တရက် သတိရသွားတော့သည်။

All Chapters