← Chapters

သွေးကြောကျောက်သားအဆင့် ပြီးပြည့်စုံခြင်း

Vol. 12 Ch. 166

သွေးကြောကျောက်သားအဆင့် ပြီးပြည့်စုံခြင်း

Vol. 12 Ch. 166

စုမင် သူမြင်ခဲ့သည့်အရာအား မဖော်ပြနိုင်ချေ။ သူ ဘာကိုမှ မမြင်ခဲ့ခြင်းပင် ဖြစ်နိုင်သည်။

သူသည် ရှင်းရှင်းလင်းလင်း မြင်နိုင်ရန် ရုန်းကန်နေရဆဲ ဖြစ်သော်လည်း သူဘာမြင်ချင်လဲ ဆိုသည်ကို သူ့ဘာသာပင် မသိပါချေ။ သူ့ရှေ့ရှိ လောကတစ်ခုလုံးသည် အလင်းရောင်မရှိ မှောင်မည်းနေခဲ့သည်။

“ငါ အလင်းကို မြင်ချင်တာလား…”

အဖြေအား မည်သူမျှဂရုစိုက်မည် မဟုတ်သည့် မေးခွန်းတစ်ခုအား စုမင်တီးတိုးရေရွတ် လိုက်သည်။ ထိုအရာ၌ အဖြေမရှိသော်လည်း အဖြေလိုအပ်သည်ဟုလည်း သူမထင်ချေ။

အဘယ်ကြောင့်ဆိုသော် သူချက်ချင်း နားလည်လိုက်ပြီ ဖြစ်သောကြောင့်ပင်။ သူလိုအပ်နေသောအရာသည် အလင်းမဟုတ်သလို အမှောင်ထုလည်း မဟုတ်ချေ။

“ငါ မြင်ချင်တဲ့ အရာက ... ရှင်းလင်းပြတ်သားမှုပဲ။ ငါ ပကတိအမှန်တရားကို တွေ့မြင်ချင်တယ်...”

စုမင် မျက်လုံးတို့ကို ပိတ်ချလိုက်သည်မှာ ရုပ်ပိုင်းဆိုင်ရာ မျက်လုံးတို့ပင် မဟုတ်ပေ။ သူ့အတွေးများ၊ သူ့စိတ်နှင့် သူ့ဝိညာဉ်တို့ကိုပါ ပိတ်ချလိုက်ခြင်း ဖြစ်သည်။

ထိုသို့ဆိုလျှင်တောင် သူသည်တစ်စုံတစ်ရာအား မြင်နိုင်ရန် ကြိုးစားနေဆဲပင် ဖြစ်သည်။

‘နေ့တွေ ပြောင်းလဲလာခဲ့ပြီး နောက်ဆုံးတော့ ငါဘယ်သူလဲဆိုတာ နားလည်သွားခဲ့ပြီ။ ငါက... ငါပဲ ဖြစ်နေဦးမှာပဲ။ အခုချိန်မှာတော့ ငါက မော့စုဆိုတဲ့ ... စုမင်ပဲ’

စုမင် မျက်လုံးတို့အား ပြန်ဖွင့်လိုက်သည်။ ၎င်းတို့ထဲတွင် ရှုပ်ထွေးမှုများ ရှိနေသေးသော်လည်း ထိုရှုပ်ထွေးမှုများအား သူ့နှလုံးသား၊ သူ့အတွေးများနှင့် ဝေးရာတွင် သိမ်းဆည်းထားလိုက်ပြီ ဖြစ်သည်။

သူ ရုတ်တရက် အလွန်အထီးကျန်သကဲ့သို့ ခံစားလိုက်ရသည်။ ထိုအထီးကျန်မှုသည် သူ၏နှလုံးသားထဲမှ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး တစ်လောကလုံးနှင့် စကြဝဠာတစ်ခုလုံးမှ သူ့အား စွန့်ပစ်ထားသကဲ့သို့ ခံစားနေရခြင်းဖြစ်သည်။ သူ့ဝိညာဉ်အား ပျောက်ဆုံးသွားပြီး ပြန်ရှာမတွေ့တော့ သကဲ့သို့ ဖြစ်သည်။ သူသည် လမ်းပျောက်သွားပြီး အပြန်လမ်း ရှာမတွေ့တော့သည့် ကလေးငယ်တစ်ဦးလို၊ သို့တည်းမဟုတ် အိမ်မှထွက်၍ ကျယ်ပြန့်လှသည့် လောကကြီးအတွင်း လှည့်လည်သွားလာရင်း အိမ်၏ရနံ့ကိုပင် မမှတ်မိနိုင်တော့သည့် သူတစ်ဦးလိုပင် ဖြစ်သည်။

‘အို ကောင်းကင်ပြာရယ်၊ ဘာကြောင့်များ ငိုကြွေးနေရတာလဲ…’

စုမင်သည် တစ်ချိန်က ထိုစကားများအား လျစ်လျူရှုခဲ့ဖူးသည်။ ယခုတော့ ၎င်းတို့သည် သူ့နှလုံးသားအတွင်း ပြန်လည်ပေါ်ပေါက်လာပြီး တဖြည်းဖြည်း နားလည်လာခဲ့ပြီဖြစ်သည်။

သူ တိတ်ဆိတ်သွားသည်။

ကျောက်တုံးလှိုဏ်ဂူထဲတွင် တိတ်ဆိတ်စွာ ထိုင်နေသည့် သူအ အေးဆေးတည်ငြိမ်နေဟန်  မျက်လုံးတို့သည် အထီးကျန်ဆန်မှုတို့အား ထုတ်ဖော်လျက်ရှိသည်။ သူ၏ ယခုအကြိမ် တည်ငြိမ်မှုနှင့် တိတ်ဆိတ်မှုတို့သည် ယခင်ကနှင့် တူညီသည်ဟု ထင်ရသော်လည်း အမှန်တွင်တော့ ယခင်ကနှင့် လုံးဝကိုခြားနားသွားခဲ့ပြီ ဖြစ်သည်။

နက်မှောင်တောင်တွင် ကြုံတွေ့ခဲ့ရသည့် အရာအားလုံးနှင့် ထူးဆန်း၍ မရင်းနှီးသည့် တောင်ပိုင်းအရုဏ်ဦး တိုင်းပြည်တွင် နိုးထလာခဲ့ချိန်မှစ၍ သူ မည်သို့တိတ်ဆိတ်ရမည်၊ မည်သို့တည်ငြိမ်ရမည်နှင့် မည်သို့တစ်ဦးတည်း နေထိုင်တတ်ရမည်တို့အား သင်ယူခဲ့ရသည်။

စိတ်ခံစားချက်များအား ဖုံးကွယ်တတ်ရန်လည်း သင်ယူခဲ့ရပြီး ၎င်းအား သူ့နှလုသားအတွင်းရှိ ခံစားချက် အစစ်အမှန်များအား ဖုံးကွယ်ရန် အသုံးချခဲ့ရသည်။

ယခုအချိန်တွင် စုမင်သည် ညာဘက်လက်အား မြှောက်လျက် သူ့မျက်နှာပေါ်ရှိ အမာရွတ်အား ထိကြည့်လိုက်ချိန်မှာတော့ သူ၏တိတ်ဆိတ်မှုနှင့် တည်ငြိမ်မှုတို့အတွက် မည်သည့်အရာမျှ ဖုံးကွယ်ရန်မလိုတော့ချေ။ ထိုအရာတို့သည် သူ့နှလုံးသားအတွင်းမှ ဖြောင့်မတ်စွာလာခြင်း ဖြစ်ပြီး ဖုံးကွယ်မှုများမဟုတ်ချေ။

စုမင်သည် ခေါင်းကိုငုံ့ပြီး မိမိကိုယ်ကို တီးတိုးပြောလိုက်သည်။

“ငါ ကြီးပြင်းလာပြီလား…”

သူ၏မှတ်ဉာဏ်များထဲတွင် တောက်ပစွာပြုံးနေသည့် ကောင်လေးသည် နုံအစွာပြောဆိုနေခဲ့ပြီး အကြီးအကဲသည် သူ့လက်အား ဆုပ်ကိုင်ထားခဲ့သည့် မြင်ကွင်းသည် သူ၏နှလုံးသားထဲတွင် ရှိနေဆဲပင်ဖြစ်သည်။

သူတို့ အိုမင်းသွားချိန်အထိ အတူ နေထိုင်သွားကြမည်ဟု ပြောခဲ့သည့် သူ၏ကလေးဘဝ သူငယ်ချင်းလေးသည်လည်း သူ၏နှလုံးသားထဲတွင် ကျန်ရှိနေဆဲပင်ဖြစ်သည်။

“ငါ အရွယ်ရောက်လာခဲ့ပြီပဲ”

စုမင် သူ့ခေါင်းအားမော့လိုက်သည်။ သူထိုသို့လုပ်လိုက်သည်နှင့် တစ်ပြိုင်နက် ပေါက်ကွဲ မြည်ဟည်းသံတို့သည် သူ့ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာပြီး သူ့ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်နေသည်။

ထိုအရာသည် လိုဏ်ဂူအတွင်းတွင် များစွာသော ပဲ့တင်သံများအဖြစ် ပြောင်းလဲသွားပြီး ၎င်းအသံတို့သည် ခပ်တိုးတိုး အော်မြည် ဟိန်းဟောက်သံများအဖြစ် ပြောင်းလဲသွားဟန်ရကာ အချိန်အတော်ကြာ ပြီးနောက်တွင် ပျောက်ကွယ်သွားခဲ့ချေသည်။

ထိုဆူညံပေါက်ကွဲသံများအပြင် အနီရောင် အလင်းသည်လည်း စုမင်ခန္ဓာကိုယ်မှ တောက်ပလာခဲ့သည်။ အနီရောင်အလင်းသည် လှိုဏ်ဂူထဲတွင်  ရုတ်ခြည်း ဖြာထွက်သွားပြီး လောကအတွင်းရှိ အရာအားလုံးအား အနီရောင်များကဲ့သို့ ဖြစ်ပေါ်သွားစေသည်။

တောက်ပလွန်းသည့် အနီရောင်…

ထိုအရာသည် လူတစ်ယောက်၏ စွမ်းအားနှင့် ကျင့်ကြံဆင့်တို့အား ဖော်ပြနေခြင်းဖြစ်သည်။ ကြည့်ရှုသူအပေါင်း၏ မျက်စိထဲတွင် အနီရောင်အလင်းတစ်ဖြာ ထွင်းဖောက်သွားသလို ခံစားရမည်ဖြစ်သည်။

စုမင်အား ဗဟိုပြုလျက် အနီရောင်အလင်းသည် ပတ်ဝန်းကျင် အပြင်ဘက်ထိ တောက်ပသွားခဲ့သည်။ စုမင်၏ တိတ်ဆိတ်မှုနှင့် တည်ငြိမ်မှုအောက်တွင် သူ၏ဝတ်ရုံသည် အပိုင်းပိုင်း စုတ်ပြဲသွားပြီး ဘာမျှ မကျန်တော့သည်အထိ ပျောက်ကွယ်သွားခဲ့သည်။ သိုလှောင်အိတ်နှင့် အခြားပစ္စည်းများသည်သာ သူ့ခြေထောက်ဘေးတွင် ကျလျက်ကျန်ရစ် ခဲ့ချေသည်။

သူ၏ဝတ်ရုံများ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် များစွာသော သွေးကြောများသည် စုမင်၏ခန္ဓာကိုယ်အား ဖုံးလွှမ်းနေသည်ကို တွေ့မြင်နိုင်သည်။ သာမန်လူ တစ်ဦးအနေဖြင့် ၎င်းသွေးကြောတို့သည် မည်မျှရှိကြောင်းကို အကြည့်တစ်ချက်ဖြင့် ပြောပြရန်ခက်ခဲလိမ့်မည် ဖြစ်သည်။ စုမင်သာလျှင် သူ့ကိုယ်သူ သိရှိပေသည်။ သူ့ခန္ဓာကိုယ်တွင် သွေးကြောပေါင်း ၉၃၇ခု ရှိနေပေသည်။

‘ငါသာ မသေခဲ့ဘူးဆိုရင်၊ ဒီအရာက ငါ့အတွက် အခွင့်အလမ်း ဖြစ်လာလိမ့်မယ်တဲ့လား ... ဟန်ခုန်း ... ကျေးဇူးပဲ’

သူ့ခန္ဓာကိုယ်၏ အပြောင်းအလဲများကြောင့် စုမင်အံ့သြမသွားခဲ့ပေ။ ဟန်ခုန်း၏ စကားလုံးတို့သည်သာ သူ့နှလုံးသားအတွင်း ထွက်ပေါ်လာခဲ့သည်။ သူ့ခန္ဓာကိုယ်နှင့် ရောနှောနေသည့် မာန်စွမ်းအားရှင်အရိုး၏ တည်ရှိမှုအား သူရှင်းလင်းစွာ ခံစားနိုင်ချေသည်။ ၎င်းသည် သူ့ခန္ဓာကိုယ်အတွင်း၌ ဖြည်းညင်းစွာ အရည်ပျော်နေဆဲဖြစ်သည်။

မာန်စွမ်းအားရှင် အရိုးအား စုပ်ယူခြင်းသည် စုမင်အတွက်တော့ မလွယ်သင့်ပေ။ သို့သော် ကံတရားကြောင့် မာန်စွမ်းအားရှင် အရိုး၏ မူလပိုင်ရှင်သည် ဟန်ခုန်း၏ကိုယ်ပွားအဖြစ် သန့်စင်ခြင်း ခံခဲ့ရလေသည်။ ဟန်ခုန်းသည် ကိုယ်ပွား၏ စွမ်းအားတိုးတက်ရန် ကြိုးစားဖို့ အချိန်အလုံအလောက် မရှိခဲ့ခြင်းဖြစ်နိုင်သည်။

အဆိုပါ အရိုးအရည်ပျော်ခြင်းမှ ထွက်ပေါ်လာသည့်စွမ်းအားသည် စုမင်၏စွမ်းအား တိုးတက်လာရခြင်း၏ အဓိကအကြောင်းရင်းခံပင် ဖြစ်သည်။

သူထိုင်ချလိုက်သည်။ စိတ်ရှုပ်ထွေးမှုများအား သူ့နှလုံးသား အနက်ပိုင်းတွင် မြှုပ်နှံလိုက်ပြီး ဖြစ်သည်။ သူလျှောက်ရမည့်လမ်းသည် မည်သို့ဦးတည်နေမှန်း သူမသိပေ။ သူသိသည့် တစ်ခုတည်းသောအရာမှာ သူစွမ်းအား ကြီးမားလာချိန်မှသာ သူ၏မေးခွန်းများအတွက် အဖြေများကို ရှာဖွေနိုင်လိမ့်မည်ဖြစ်သည်။ ထိုအချိန်မှသာလျှင် သူ့ကိုယ်ပိုင် အဖြေများအား ရှာဖွေရန် အချိန်နှင့်အခွင့်အရေးတို့ ရှိလာမည်ဖြစ်သည်။

‘ဒါက ကံကြမ္မာပဲဖြစ်စေ ဒါမှမဟုတ် ငါ့မှတ်ဉာဏ်တွေက ဆုံးရှုံးသွားခဲ့ရတာဖြစ်စေ ငါဂရုမစိုက်ဘူး။ တစ်နေ့မှာတော့ ငါ အဖြေကိုရှာတွေ့လိမ့်မယ် ... ပြီးတော့ အဖြေရှာတွေ့ချိန်ကျရင် ... ငါ့ကံကြမ္မာကို ငါဆုံးဖြတ်နိုင်မယ့် အခွင့်အရေး ရလာလိမ့်မယ်’

စုမင် အသက်ပြင်းပြင်း ရှူလိုက်သည်။ သူ့ခန္ဓာကိုယ်ရှိ သွေးကြောများသည် အသံကျယ်လောင်စွာ မြည်လျက် နောက်တစ်ကြိမ် တိုးလာပြန်သည်။

၉၄၁၊ ၉၄၃ ... သူတို့သည် ၉၅၂သို့ ရောက်သည်အထိ ဆက်တိုး သွားသွားခဲ့ကြသည်။

သွေးကြော ၉၅၀သည် မာန်စွမ်းအားရှင် ကုန်းမြေတွင် အတော်ရှားပါးသည့် မြင်ကွင်းတစ်ခုဖြစ်သည်။ ဤအခြေအနေကိုတော့ သွေးကြောကျောက်သား ပြည့်စုံဆင့်ဟု သိရှိကြချေသည်။ သွေးကြော ၉၈၀ ဖော်ထုတ်နိုင်သော သူများကိုမူ သွေးကြောက်ကျောက်သား အဆင့်၌ ကြီးကျယ်ခမ်းနားသော အောင်မြင်မှုရရှိခြင်းဟု သတ်မှတ်ကြသည်။ သွေးကြောကျောက်သား အဆင့်တွင် ဤအခြေအနေသို့ ရောက်ရှိသူများသည် မယုံနိုင်လောက်အောင် ရှားပါးချေသည်။

စုမင်ကဲ့သို့ နည်းလမ်းသုံး၍ မာန်စွမ်းအားရှင် အရိုးအား စုပ်ယူသူ တစ်စုံတစ်ဦး ရှိခဲ့မည်ဆိုလျှင်တောင် ဟန်ခုန်း၏ အရိုးအပေါ် နှစ်ထောင်ချီလွှမ်းမိုးခဲ့မှုမျိုး မရှိခဲ့ဘူးဆိုလျှင် ရလဒ်သည်တူညီလိမ့်မည် မဟုတ်ပါချေ။ ၎င်းသည် ပြောသလောက်မလွယ်ကူပေ။ လူ့ခန္ဓာကိုယ်အတွင်းရှိ မာန်သွေးသည်လည်း အရေးကြီးသည့် အချက်တစ်ချက် ဖြစ်နေသေးသည်။

စုမင်ခန္ဓာကိုယ်တွင် သွေးကြော ၉၅၂ခုပေါ်ပေါက်လာသည့် အချိန်တွင် တစ်ချိန်က ဟန်တောင်တန်း၏ လျှို့ဝှက်နယ်မြေများ ဖြစ်ခဲ့ဖူးသည့် နေရာ၌ လူတစ်ရာနီးပါး ရှိနေခဲ့သည်။ ထိုလူများသည် ၃ယောက် သို့မဟုတ် ၅ယောက် အုပ်စုလေးများအဖြစ် လှုပ်ရှားနေကြပြီး တစ်ဦးတည်း သွားလာနေသူများလည်း ရှိကြသည်။ သူတို့သည် လျှို့ဝှက်နယ်မြေ ပတ်လည်တွင် ပျံ့နှံ့ ရှာဖွေနေကြချေသည်။

ဤနေရာသည် မူလက တိတ်ဆိတ်နေခဲ့သော်ငြား ထိုအခိုက်အတန့်တွင် လူတို့သည် သူတို့ခန္ဓာကိုယ်များ အတွင်းရှိ သွေးကြောများအား ထိန်းချုပ်၍ မရတော့သကဲ့သို့ ရုတ်တရက် ခံစားလိုက်ရသည်။

ထိုရုတ်တရက် ပြောင်းလဲမှုသည် သူတို့အား ထိတ်လန့်စေခဲ့သည်။

“ဘာဖြစ်သွားတာလဲ”

သက်လတ်ပိုင်း လူတစ်ဦးသည် ဆေးဖက်ဝင်အပင်များ ပေါက်ရောက်ကြီးထွားရာ နေရာတစ်ခုဖြစ်သည့် တောင်ကြားအတွင်းမှ ထွင်လာရင်း သူ၏အမူအရာသည် ပြောင်းလဲသွားခဲ့သည်။ သူ့ခန္ဓာကိုယ်အတွင်းတွင် သွေးကြောများသည် အလိုလိုစုဝေးနေကြပြီး အနီရောင်အလင်းတို့ ထုတ်လွှတ်လာသည်။ ထိုအရာသည် သက်လတ်ပိုင်းလူအား ခဏတာအံ့အားသင့် သွားစေပြီးနောက် ထိတ်လန့် တုန်လှုပ်မှုတို့သည် သူ့မျက်နှာတွင် ဖြစ်ပေါ်လာခဲ့သည်။

ထိုအခိုက်တွင် လျှို့ဝှက်နယ်မြေအတွင်းရှိ လူများတွင် တူညီသည့်အမူအရာ တစ်ခုရှိနေခဲ့သည်။ သူတို့ခန္ဓာကိုယ်အတွင်းရှိ သွေးကြောများမှ အလင်းရောင်များဖြင့် သူတို့အား ဖုံးလွှမ်းခံထားရချေသည်။ သွေးအလင်းသည် မတည်မြဲနေချေ။ မယုံကြည်နိုင်ဖွယ် စွမ်းအားကြီးသည့် စုပ်ယူအားတစ်ခုသည် ထိုအလင်းတို့အား သူတို့ခန္ဓာကိုယ်မှ ခွဲထုတ်ပစ်ချင်နေဟန်ဖြင့် ဆွဲခေါ်လျက်ရှိသည်။

“ဒါ ... ဒါက ဘာလဲ။ ဒီနေရာမှာ ဘာတွေဖြစ်နေတာလဲ”

“ငါ့ရဲ့သွေးကြောတွေကို ထိန်းချုပ်လို့မရတော့ဘူး။ သေစမ်း ... ဒါမျိုးက ရုပ်နယ်လွန်အဆင့် မာန်စွမ်းအားရှင် တစ်ယောက်ဆီကို နီးကပ်သွားချိန်မှသာ ဖြစ်ပျက်တာမျိုးပါ။ ဒီနေရာမှာ ရုပ်နယ်လွန်အဆင့် တစ်ယောက်ယောက်များ ရှိနေတာလား”

“အဲဒါ မမှန်ဘူး။ ဒါက ရုပ်နယ်လွန်အဆင့် မာန်စွမ်းအားရှင် တစ်ယောက် အတွက်တောင်မှ ခက်ခဲလိမ့်မယ်။ ဒီနေရာမှာ အခုရှိနေတာ လူ၁၀၀မကဘူး။ ငါတို့ပတ်လည်က အနီရောင်အလင်းတွေကို ကြည့်လိုက်။ လူတိုင်းက သူတို့ရဲ့သွေးကြောတွေကို ထိန်းချုပ်မှု ဆုံးရှုံးသွားတယ်ဆိုတာ ရှင်းနေတာပဲ…”

လျှို့ဝှက်နယ်မြေရှိ လူများအားလုံးသည် ရုတ်ရုတ်သဲသဲဖြစ်ပြီး ထိတ်လန့်တုပ်လှုပ် နေကြသည်။ အကယ်၍ သူတို့သာအခြားနေရာတွင် ရှိနေခဲ့မည်ဆိုလျှင် ဤကဲ့သို့မတုန်လှုပ်နိုင်ချေ။ နောက်ဆုံးတော့ ဤနေရာသို့လာခဲ့ကြသည့် မာန်စွမ်းအားရှင်အားလုံးသည် အားမနည်းကြပေ။

သို့သော် လွန်ခဲ့သည့် ၂လခန့်အထိ ဤနေရာသည် ဟန်တောင်တန်း မြို့တော်၏ အဆန်းကြယ်ဆုံး နေရာ ဖြစ်နေခဲ့သေးသည်ပင်။ ဤနေရာအား အများပိုင်အဖြစ် ဖွင့်လှစ်ပေးခဲ့ကာ ၂လခန့် ကုန်ဆုံးသွားသော်ငြား ထူးခြားဆန်းကြယ် မှုသည်တော့ အဆင့်တစ်ခုထိ ရှိနေသေးဆဲပင်ဖြစ်သည်။

ထိုကဲ့သို့ အကြီးအကျယ် ပြောင်းလဲမှုမျိုးသည် ဤနေရာတွင် ဖြစ်ပျက်နေခြင်းဖြစ်ရာ သူတို့မည်သို့ မထိတ်လန့်ပဲ နေနိုင်မည်နည်း။

‘မျိုးနွယ်စု ၃စုက ရှာမတွေ့နိုင်ခဲ့တဲ့ လျှို့ဝှက်ချက် တစ်ခုဖြစ်ရမယ်။ အဲဒါက စတင်အသက်ဝင် ရုံလောက်ပဲ ရှိသေးတာတောင် ငါ့ရဲ့သွေးကြောတွေက ငါ့ခန္ဓာကိုယ်ကနေ ထွက်ခွာ ပျံသန်းသွားတော့မလို ခံစားနေရတယ် ... ငါဒီနေရာမှာ ဆက်မနေနိုင်တော့ဘူး’

ဆံဖြူအဘိုးအို တစ်ဦးသည် သူ၏ဖျော့တော့နေသည့် မျက်နှာတွင် လေးနက်မှုများနှင့်အတူ ဟန်တောင်တန်းသို့ ပြန်ရန် နေရာမှလျင်မြန်သွာ ထွက်ခွာသွားတော့သည်။ သူ့စိတ်ထဲတွင်တော့ ဤနေရာသည် မယုံနိုင်လောက်အောင် အန္တရာယ် များပေသည်။ သူရှာဖွေစူးစမ်း၍ ရနိုင်မည့်နေရာမျိုး မဟုတ်ပေ။

ကမ္ဘာမြေကြီးသည် စတင်တုန်ခါရွေ့လျားလာပြီး တိမ်များသည်လည်း လေနှင့်အတူ ပြောင်းလဲလာကြသည်။ လျှို့ဝှက်နယ်မြေရှိ လူအားလုံးအား အံ့အားသင့်စွာ ငိုကြွေးမြည်တမ်းစေခဲ့သည်။

အဘိုးအိုသည် နောက်သို့လှည့်မကြည့်ချေ။ သူ့နှလုံးသားသည် ရင်ဘတ်မှ ပေါက်ထွက်တော့မည်ကဲ့သို့ ဖြစ်ပေါ်နေပြီး ဤနေရာမှ အမြန်ဆုံးထွက်ခွာလိုသည့် ဆုံးဖြတ်ချက်အား ပိုမိုခိုင်မာလာစေသည်။

လူအနည်းငယ်တွင် အလားတူအတွေးများ ဖြစ်ပေါ်လာခဲ့ပြီး ဧရိယာတစ်ဝိုက်ရှိ မာန်စွမ်းအားရှင် များစွာသည် ထွက်ပေါက်ဆီသို့ မတူညီသည့်နေရာများမှ ပြေးထွက်လာကြချေသည်။

တုန်ခါမှုများ ပြီးသွားသည်နှင့် တုန်လှုပ်နိုင်သည့် ပြင်းထန်နေသော ဖိအားလှိုင်းလုံးကြီးသည် မုန်တိုင်းတစ်ခုလို ရုတ်တရက် ပျံ့နှံ့သွားပြီး လျှို့ဝှက်နယ်မြေ တစ်ခုလုံးအား ချက်ချင်း ဖုံးလွှမ်းသွားတော့သည်။

အသံများသည် လေထဲတွင် ပဲ့တင်ထပ်နေကြပြီး တုန်လှုပ်ဖွယ်ဖိအားကြောင့် ကောင်းကင်သည်ပင် တုန်ခါသွားခဲ့သည်။ ထွက်ခွာလိုသူများသည်လည်း တုန်လှုပ်သွားကြသည်။ သူတို့သည် ရပ်တန့်လျက် ဖိအားအောက်တွင် ထိုင်ချလိုက်ရပြီး သွေးကြောများအတွင်းရှိ သွေးတို့အားလှည့်ပတ်ကာ သူတို့ခန္ဓာကိုယ်အပေါ်ရှိ ဖိအားကို တောင့်ခံလိုက်ရသည်။

မူလက ကြယ်များပြည့်နှက်နေသည့် ကောင်းကင်ကြီးသည်လည်း စည်းများကျိုးပျက်သွား သကဲ့သို့ ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက်သူတို့ မြင်လိုက်ရသည့်အရာမှာ အဝေးရှိ ရှင်းလင်းနေသည့် ကောင်းကင်ပြာကြီးပင် ဖြစ်သည်။ ထိုကောင်းကင်ကြီးသည်တော့ တောင်ပိုင်းအရုဏ်ဦး နယ်မြေ၏ ကောင်းကင်ကြီးပင်ဖြစ်သည်။

ထိုအခိုက်တွင် ကောင်းကင်၌ တိမ်တိုက်များ စုဝေးလာကြသည်။ သူတို့စုဝေးလာကြသည်နှင့် ရွှေရောင်အလင်းသည် ၎င်းတို့အနားတွင် ဝန်းရံလျက်ရှိသည်။ ထိုထူးဆန်းသည့် အပြောင်းအလဲသည် ဟန်တောင်တန်းမြို့တော်ရှိ လူများ၏ အာရုံများအား ရုတ်ခြည်း ဆွဲဆောင်သွားချေသည်။ မျိုးနွယ်စု ၃စုမှလူများသည်ပင် ထိုမြင်ကွင်းအား ကြည့်ရှုလိုက်မိကြသည်။

“ဒါက”

“ဘာဖြစ်တာလဲ ... ဘာလို့ ကောင်းကင်က ရုတ်တရက် ပြောင်းလဲသွားရတာလဲ”

“အေးခဲကောင်းကင် ကလန်ကလူတွေ ရောက်လာကြပြီလား ... ဒါမဖြစ်နိုင်ဘူး မဟုတ်လား။ သူတို့က သူတို့ရဲ့ အချိန်ဇယားကြောင့် လွန်ခဲ့တဲ့လအနည်းငယ်ကပဲ ရောက်နေရမှာ မဟုတ်ဘူးလား…”

“ဘယ်လိုတောင် ပြင်းထန်လိုက်တဲ့ဖိအားလဲ ... ငါ့သွေးကြောတွေတောင် ထိန်းချုပ်မှု လွတ်သွားတော့မလို ဖြစ်သွားတယ် ... ဒီထူးဆန်းတဲ့ အဖြစ်အပျက်ရဲ့ အဓိပ္ပာယ်က ဘာများဖြစ်နေမလဲ”

“ဒီမြင်ကွင်းရဲ့ အဓိပ္ပာယ် က ဘာလဲ ... မိုးတိမ်တွေ စုဝေးနေပြီး ရွှေရောင်အလင်းတွေက သူတို့ပတ်လည်မှာ ရှိနေကြတယ်။ ဖြစ်နိုင်မလား ... ရတနာတစ်ခု ပေါ်ပေါက်လာတာကြောင့်များ ဖြစ်နိုင်မလား”

ဟန်တောင်တန်းမြို့တော်ရှိ လူတိုင်းသည် သူတို့၏ လုပ်လက်စများအား ရပ်ထားပြီး ခေါင်းများအားမော့လျက် ကောင်းကင်သို့ကြည့်နေရင်း ဆွေးနွေးသံတို့သည်လည်း လေထုအတွင်း ဆူညံလျက်ရှိသည်။ လူတို့၏မျက်နှာများသည် အံ့အားသင့်မှုတို့ဖြင့် ပြည့်နှက်နေကြပြီး ၎င်းတို့ထဲမှ အချို့သည်တော့ ထိုအမည်မသိအရာနှင့် ပတ်သက်၍ ကြောက်ရွံမှု အရိပ်အယောင်တို့ပင် ဖြစ်ပေါ်လျက်ရှိကြသည်။

“ဒါ ... ဒါက…”

ဟန်တောင်တန်းမြို့တော်တွင် အဘိုးအိုတစ်ဦးသည် တုန်လှုပ်နေခဲ့သည်။ အဘိုးအိုသည် လူအုပ်အတွင်းရပ်လျက် ကောင်းကင်အား မိန်းမောစွာ ကြည့်နေမိသည်။ သူ့မျက်လုံးများတွင်တော့ သယစိတ်ကှုပ်ထွေးမှုတို့ ရှိမနေပဲ မယုံကြည်မှုနှင့် အံ့အားသင့်မှုတို့သာ ရှိနေခဲ့သည်။

“ဒါက သွေးကြောကျောက်သား ကြီးမြတ်တဲ့ပြည့်စုံဆင့်ကို ရောက်ရှိနေသူ တစ်ယောက်က ရုပ်နယ်လွန်အဆင့်ကို တက်တဲ့အချိန်ကြရင် ပေါ်လာတတ်တဲ့ မာန်နတ်ဘုရားရဲ့ကောင်းချီးပေးခြင်းပဲ ... ဒါက…”

အဘိုးအိုသည် အံ့အားသင့်ဝမ်းမြောက်စွာ ငိုကြွေးလိုက်မိသည်။

သူ့ဘေးရှိ လူများသည်လည်း သူ့စကားလုံးများအား ကြားလိုက်ရချေသည်။ ခဏတာ တိတ်ဆိတ်ပြီး ချိန်တွင်တော့ အံ့အားသင့် ငိုကြွေးသံများသည် ၎င်းတို့အထဲမှ ပြင်းထန်စွာ တိုးပွားထွက်ပေါ် လာတော့သည်။

***

All Chapters