← Chapters

ရည်ရွယ်ချက် မြင့်မြင့်ထား

Vol. 13 Ch. 167

ရည်ရွယ်ချက် မြင့်မြင့်ထား

Vol. 13 Ch. 167

ကောင်းကင်ပေါ်မှ ဖြစ်ရပ်နှင့် ပက်သက်၍ သိရှိသူ အလွန်နည်းသော်လည်း သိသူတစ်ဦးမျှ မရှိဟုတော့ မဆိုလိုပေ။ ဟန်တောင်တန်း မြို့တော်တွင် ဤအရာနှင့် ပက်သက်၍ သိရှိနားလည်သူ အနည်းငယ်တော့ ရှိချေသည်။ ထိုသူတို့၏ စကားလုံးများသည် မြို့တော် တစ်ခုလုံးအား ထိတ်လန့် တုန်လှုပ်သွားစေပြီး လေထုအတွင်း ဆွေးနွေး ပြောဆိုသံတို့ဖြင့် ပြည့်နှက် သွားစေသည်။

နန်ထျန်း ဟန်တောင်တန်းမြို့တော် ဒုတိယအလွှာ၏ လှပသော အိမ်တစ်လုံးရှိရာ ခြံဝင်းအတွင်း ကျောက်တုံး ကုလားထိုင်ပေါ်တွင် ထိုင်နေခဲ့သည်။ သူ့နံဘေးတွင်တော့ သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်ရှိ၏။ ထိုသူသည် အမြဲ ပျော်ရွှင်နေတတ်ဟန် တူပြီး သူ့မျက်နှာတွင်တော့ ဒေါသဟူသည်မှာ ပေါ်လာခဲသည့်အရာ ဖြစ်နိုင်သည့်အပြင် နှစ်လိုဖွယ် အမူအကျင့်ရှိသူလည်း ဖြစ်သည်။ သူသည်  ထိုအချိန်တွင် ဝိုင်တစ်ခွက်အား ကိုင်ထားပြီး နန်ထျန်းနှင့် သောက်နေခဲ့ကြလေသည်။

ထိုအခိုက်အတန့်သည် ကောင်းကင်ပေါ်တွင် ထူးခြားသည့်ဖြစ်ရပ် ဖြစ်ပေါ်လာချိန်ဖြစ်ပြီး ရုတ်ရုတ်သဲသဲ အသံတို့သည် သူတို့နားအတွင်းသို့ ရောက်ရှိလာခဲ့သည်။ နန်ထျန်းခေါင်းကို မော့လိုက်ပြီး ထိုမြင်ကွင်းအား မြင်လိုက်ချိန်တွင်တော့ တုန်လှုပ်မှုတစ်ခုသည် သူ့တစ်ကိုယ်လုံး ဖြတ်ပြေးသွားခဲ့သည်။

နှစ်လိုဖွယ် အမူအယာရှိသူ လူလတ်ပိုင်းကြီးသည်လည်း ကြည့်ရှုလိုက်သည်။ သူ့မျက်လုံးများသည် တည်ငြိမ်လျက်ရှိပြီး အမူအယာသည် ပြောင်းလဲ မသွားခဲ့သော်ငြား ဝိုင်ခွက်ကိုင်ထားသည့် လက်သည်တော့ တုန်ခါသွားကာ ဝိုင်အနည်းငယ် ဖိတ်ကျသွားခဲ့သည်။

“သွေးကြောက် ကျောက်သားအဆင့်ကို ကြီးမြတ်သော ပြည့်စုံခြင်းအထိ ရောက်ရှိအောင် ကျင့်ကြံထားခဲ့တဲ့ မာန်စွမ်းအားရှင် တစ်ယောက်ရဲ့ ရုပ်နယ်လွန် အဆင့်တက်ခြင်း”

“အဲဒါက ကြည့်ရတာ ကြီးမြတ်သော ပြည့်စုံခြင်းအဆင့် ရောက်နေတဲ့ မာန်စွမ်းအားရှင် မဖြစ်နိုင်ဘူး။ တစ်ခါတုန်းက သွေးကြော၉၈၂ခုနဲ့ ထူးထူးခြားခြား ထူးချွန်တဲ့ လူတစ်ယောက် ရုပ်နယ်လွန်အဆင့် တက်တာကို ကြုံတွေ့ခဲ့ရဖူးတယ်။ အဲဒီအချိန်တုန်းက လေထုက အခုနဲ့ ယှဉ်ကြည့်ရင် ပိုပြီး ကြီးကျယ်ခမ်းနားခဲ့တယ်”

သက်လတ်ပိုင်းလူသည် အရောင်စုံ ရေကန်မျိုးနွယ်စု၏ ဧည့်သည်ခေါင်းဆောင် ခဲ့ကျူးစစ် ဖြစ်သည်။

“ဒါပေမဲ့ ဒီလူကတော့ သွေးကြောကျောက်သား ပြည့်စုံဆင့်ကိုပဲ ရောက်ရှိနေခဲ့တဲ့ မာန်စွမ်းအားရှင် တစ်ယောက်ပဲ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ဒီလိုလူမျိုးကသာ ရုပ်နယ်လွန်အဆင့် ရောက်ခဲ့ရင်လည်း သူရောက်ကာစမှာပဲ ရုပ်နယ်လွန် ကနဦးဆင့်မှာ ရှိတဲ့သူတွေကို အလွယ်တကူ ဖြတ်ကျော်ပြီးတော့ ထိပ်ဆုံးက လူတစ်ယောက် ဖြစ်လာလိမ့်မယ်”

“ဘယ်အချိန်တုန်းတည်းကများ ဟန်တောင်တန်း မြို့တော်မှာ ဒီလိုလူတစ်ယောက် ပေါ်ထွက်လာခဲ့တာလဲ”

နန်ထျန်း အသက်ပြင်းပြင်း ရှူလိုက်မိသည်။ သူသည် သူ၏ ပုံမှန်ပုံစံအတိုင်းသာ ပြုမူလိုက်သော်လည်း ထူးဆန်းသည့် ဖြစ်ရပ်ကြောင့် စိတ်ရှုပ်ထွေးမှုနှင့် တုန်လှုပ်မှုများ ရောထွေးနေသော ခံစားချက်များသည်တော့ နှလုံးသားထဲတွင် ကြီးထွား လာခဲ့လေသည်။

“ဒီတည်ရှိမှုက ဟန်တောင်တန်း အောက်မှာရှိတဲ့ လျှို့ဝှက် နယ်မြေတွေဆီကနေ လာတာပဲ… ငါတို့တွေ တစ်ချက်လောက် သွားကြည့်သင့်လား”

တောက်ပသည့် အလင်းတစ်ချက်သည် ခဲ့ကျူးစစ်၏ မျက်လုံးများတွင် ခဏတာ ဖြစ်ပေါ်သွားခဲ့သည်။

“မလိုပါဘူး၊ အကယ်၍ ဒီလူက ဒီလို ကြီးမားတဲ့ ရုပ်နယ်လွန် အဆင့်တက်မှုမျိုး လုပ်နေတာဆိုရင် သူ့ကိုယ်သူ ကာကွယ်ဖို့တော့ လုံလုံလောက်လောက် ပြင်ဆင်ထားမှာပဲ။ ငါတို့သာ သွားရင် ငါတို့ရည်ရွယ်ချက်နဲ့ ပက်သက်ပြီး အထင်လွဲသွားနိုင်တယ်။ အကျိူးမရှိဘူး။ သူအောင်မြင်သွားတဲ့ အချိန်ကျမှ သွားပြီးတော့ နှုတ်ဆက်တာက ပိုကောင်းလိမ့်မယ်”

“ဒီလို လူမျိုးအတွက် ရုပ်နယ်လွန်အဆင့်ကို တက်ရောက်ဖို့ဆိုတာ မကျရှုံးနိုင်ပါဘူး “နန်ထျန်း နွမ်းလျစွာ ပြောသည်။

“မင်းပြောကြည့်၊ ဒီပုဂ္ဂိုလ်က အခုနောက်ပိုင်း ကျော်ကြားလာတဲ့ ထူးခြားဆန်းကြယ်တဲ့ မော့စုများဖြစ်နေမလား” ခဲ့ကျူးစစ် ရုတ်တရက် မေးသည်။

“ဟမ် “နန်ထျန်း မျက်လုံးတို့ကို ကျဉ်းမြောင်းလိုက်ရင်း ကောင်းကင်ရှိ ထူးဆန်းသည့် ဖြစ်ရပ်ကို ခဏတာ ငေးကြည့်လိုက်သည်။ ခဏတာ တုန့်ဆိုင်းနေပြီး နောက်တွင်တော့ ခေါင်းခါလိုက်ရင်း “ငါ မော့စုကို အရင်က လေ့လာခဲ့ဖူးတယ်။ သူက ရုပ်နယ်လွန်အဆင့် မရောက်သေးဘူးလို့ ထင်ရတယ်။ အမှန်ကတော့ သူက မူလတည်းက ရုပ်နယ်လွန် အဆင့်ကို ရောက်နေခဲ့ပြီးသားပဲ။ ဒါပေမဲ့ မတော်တဆ တစ်ခုခုကြောင့် သူ့ရဲ့ ကျင့်ကြံဆင့်က ကျသွားခဲ့တာ ဖြစ်လိမ့်မယ် … ဒါက … သူ မဖြစ်နိုင်ဘူး”

ခဲ့ကျူးစစ် တိတ်ဆိတ်သွားသည်။ မသေချာ မရေရာမှုများနှင့် နန်ထျန်းသည် ကောင်းကင်ရှိ မြင်ကွင်းအား ကြည့်လိုက်ရင်း သူ့စိတ်ထဲတွင် မဆုံးဖြတ်နိုင်ကြောင်း တွေ့လိုက်ရသည်။

သူတို့၂ယောက် တိတ်ဆိတ်သွားသည့် အချိန်တွင် ရွှမ်းလွမ်သည်တော့ ဟန်တောင်တန်းမြို့တော် တတိယအလွှာ၏ ထောင့်တစ်နေရာတွင် မျက်နှာပေါ်၌ မှောင်မည်းနေသော အမူအယာနှင့် မတ်တပ်ရပ်လျက် ရှိနေခဲ့သည်။ ကောင်းကင်ပေါ်ရှိ ထူးဆန်းသော ဖြစ်ရပ်အား ငေးကြည့်နေရင်း သူ၏ အမူအယာသည် အဆက်မပြတ် ပြောင်းလဲနေခဲ့သည်။

“ဒီလူက ဘယ်သူများ ဖြစ်နေမလဲ … သူက အခုချိန်မှာ ရုပ်နယ်လွန်အဆင့် တက်ဖို့ကို ရွေးချယ်ခဲ့တယ်။ သူက အေးခဲကောင်းကင် ကလန်ကို ဝင်ရောက်ဖို့ ပြင်ဆင်နေတာပဲ ဖြစ်ရမယ်။ သွေးကြောကျောက်သား ပြည့်စုံဆင့် … သွေးကြောကျောက်သား ပြည့်စုံဆင့် … ဟမ့်၊ မင်း ငါ့ကို ရန်လာမစသ၍ ငါလည်း မင်းကို နှောင့်ယှက်မှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းက ငါ့လမ်းကြောင်းကို လာပိတ်ခဲ့ရင်တော့ သွေးကြောကျောက်သား ပြည့်စုံဆင့်ကနေ ရုပ်နယ်လွန်အဆင့်ကို တက်ခဲ့တဲ့ မာန်စွမ်းအားရှင်က သူတို့ပြောသလို အမှန်တစ်ကယ် သန်မာရဲ့လားဆိုတာ စမ်းကြည့်ရသေးတာပေါ့”

ကောင်းကင်၌ ထူးဆန်းသည့်ဖြစ်ရပ် ပေါ်ပေါက် လာသောအခါ ဟန်တောင်တန်း မြို့တော်အတွင်းရှိ လူများသည်သာ ထိတ်လန့် တုပ်လှုပ်ခြင်းများ ဖြစ်လျက် ဆွေးနွေးမှုများ ပြုလုပ်ကြခြင်း မဟုတ်ပေ။ ကောင်းကင်ပေါ်မှ အပြောင်းအလဲသည် မျိုးနွယ်စု၃စု၏ အာရုံကိုလည်း ဆွဲဆောင်သွားခဲ့ခြင်း ဖြစ်သည်။

ယန်လွမ်၏ အမူအယာသည် လေးနက်နေခဲ့ပြီး အရောင်စုံ ရေကန်မျိုးနွယ်စု တောင်ထိပ်ပေါ်တွင် ရပ်လျက် ကောင်းကင်အား မော့ကြည့်နေခဲ့သည်။ သူမ၏ အနက်ရောင် ဆံနွယ်များသည် လေတွင် ယိမ်းနွဲ့နေကြပြီး အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် သူမသည် ရင်သပ်ရှုမောဖွယ် ကောင်းအောင်ကို လှပနေခဲ့သည်။

“ဟန်တောင်တန်း မြို့တော်ထဲမှာ ရုပ်နယ်လွန်အဆင့် တက်ရောက်ခြင်းလား။ ဒါက သာမန် မာန်စွမ်းအားရှင် တစ်ယောက်သာဆို ငါ စိတ်ထဲထည့်နေမှာ မဟုတ်ဘူး … ဒါပေမဲ့ မင်းက သွေးကြောကျောက်သား အဆင့်ကို ပြည့်စုံခြင်းအထိ ရောက်ရှိတဲ့ ရှားပါးတဲ့ လူတွေထဲက တစ်ယောက်ဖြစ်နေတယ်။ အခြားလူတွေက ယေဘုယျကျကျပဲ မင်းလိုလူမျိုးတွေကို ဆန္ဒရှိသလို ရုပ်နယ်လွန်အဆင့် တက်ရောက်ခွင့်ပြုမှာ မဟုတ်ဘူးဆိုတာ မင်းမသိခဲ့ဘူးလား”

“မင်းက… ဘယ်သူများလဲ”

ယန်လွမ် ခဏတာ တုန့်ဆိုင်းနေပြီးနောက် ခေါင်းကိုငုံ့လျက် ဟန်တောင်တန်းမြို့တော် အောက်ဘက်ရှိ ချောက်နက်ကြီးများဆီသို့ လှမ်းကြည့်လိုက်သည်။ ရုပ်နယ်လွန်အဆင့်သို့ တက်ရောက်နေသည့် ပုဂ္ဂိုလ်သည် ထိုနေရာ၌ ရှိနေကြောင်းကို သူမခံစားနိုင်သည်။

မည်သို့ပင်ဆိုစေ သူမသည်လည်း မဆင်မခြင် ရှေ့ဆက် မတိုးခဲ့ချေ။ သူမတွင်လည်း နန်ထျန်းနှင့် အလားတူ သုံးသပ်ချက်မျိုးသာ ရှိသည်။ သွေးကြောကျောက်သား အဆင့်အား ပြီးပြည့်စုံသည့် အဆင့်ထိအောင် ကျင့်ကြံနိုင်ခဲ့သူများသည် အလွန်ထူးခြားသူများ ဖြစ်သည်။ ထိုကဲ့သို့ စွမ်းအားကြီး မာန်စွမ်းအားရှင်မျိုးသည် သူ၏ ရုပ်နယ်လွန်အဆင့်သို့ တက်ရောက်ခြင်းအတွက် မည်သည့် ပြင်ဆင်မှုမှ ပြုလုပ်မထားဘဲ နေမည်မဟုတ်ချေ။

သူတို့အကြား ပြင်းထန်သည့် ရန်ငြိုးများမရှိသရွေ့ အလွန်နည်းသည့် သူတို့သည်သာ ထိုကဲ့သို့လူမျိုး ရုပ်နယ်လွန်အဆင့် တက်ရောက်ခြင်းအား သွားရောက် စုံစမ်းကြည့်ကြလိမ့်မည် ဖြစ်သည်။ သူမတွင်တော့ လေးလေးနက်နက် ထည့်သွင်း စဉ်းစားရမည့် အရာများစွာ ရှိနေသေးသည်။

အလားတူပင် အရောင်စုံ ရေကန်မျိုးနွယ်စု တောင်ထိပ်ပေါ်မှ ကောင်းကင်ရှိ ထူးဆန်းသည့် မြင်ကွင်းအား ကြည့်ရှုနေကြသည့် အရောင်စုံ ရေကန်မျိုးနွယ်စုဝင်များ အပြင် ဟန်ဖေးကျစ်သည်လည်း ကောင်းကင်အား တည်ငြိမ်စွာ ကြည့်နေခဲ့သည်။ သူမမျက်လုံးများထဲတွင် မသေချာ မရေရာမှုများ ရှိနေသော်လည်း မနာလိုမှုနှင့် တုန်လှုပ်မှုများတော့ ရှိမနေခဲ့ပေ။

“ငါ ရုပ်နယ်လွန်အဆင့်ကို တက်တဲ့အချိန်ကြရင်လည်း ငါ့ဆီမှာ ဒီလိုမျိုး ဖြစ်ပျက်လိမ့်မယ်။ ဒါပေမဲ့ ဒါက ဘယ်သူများလဲ… သူများ ဖြစ်နေနိုင်မလား …”

ဟန်ဖေးကျစ် မျက်မှောင်ကြုတ်လျက် စဉ်းစား တွေးတောရင်း တိတ်ဆိတ်သွားခဲ့သည်။

ပုချန့်မျိုးနွယ်စု တောင်ထိပ်တွင်လည်း တိတ်ဆိတ်စွာ ရပ်နေကြသည့် လူအုပ်စုတစ်စု ရှိနေခဲ့သည်။ သူတို့သည် ကောင်းကင်အား ကြည့်ရှုနေကြသော်လည်း မည်သူမျှ စကားမပြောကြပေ။ ထိုတိတ်ဆိတ်နေမှုကြောင့် သူတို့ ဘာတွေးနေသည် ဆိုသည်ကိုလည်း မည်သူမျှ မသိနိုင်ချေ။

ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု အကြီးအကဲသည် တောင်ထိပ်ပေါ်တွင် ထိုင်နေခဲ့၏။ သူ့နောက်တွင်တော့ မျိုးနွယ်စုခေါင်းဆောင် ဖန်းရှန်၊ အစောင့်အရှောက် ခေါင်းဆောင်၊ စစ်သည်တော် ခေါင်းဆောင်နှင့် အခြားသူများ ရှိနေခဲ့သည်။ သူတို့အားလုံးသည် ကောင်းကင်အား ကြည့်ရှုနေကြပြီး သူတို့မျက်နှာများပေါ်ရှိ အမူအယာများသည်တော့ မနာလိုမှု၊ ထိတ်လန့်တုန်လှုပ်မှုနှင့် မသေချာမရေရာမှုများဖြင့် အဆက်မပြတ် ပြောင်းလဲ နေခဲ့ကြသည်။

“စိတ်ဝင်စားစရာပဲ …”

ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု အကြီးအကဲသည် ခပ်ရေးရေးမျှ ပြုံးလိုက်သည်။

“အရောင်စုံရေကန် မျိုးနွယ်စုက ဟန်ဖေးကျစ်ပြီးရင် ဒီလူက သွေးကြောကျောက်သား နယ်ပယ်ကို ပြီးပြည့်စုံတဲ့ အဆင့်ထိ ရောက်အောင် ကျင့်ကြံနိုင်ခဲ့တဲ့ ဒုတိယမြောက်လူပဲ … ဒါပေမဲ့ သူက ငါတို့ ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စုထဲက လူတစ်ယောက် ဟုတ်မနေခဲ့ဘူး”

သူ၏ သွေးကြောများ တိုးပွားလာခြင်းကြောင့် ရုပ်နယ်လွန်အဆင့် တည်ရှိမှု ပေါ်ထွက်လာပြီး ကောင်းကင်တွင် အပြောင်းအလဲတစ်ခု ဖြစ်သွားစေခြင်းနှင့် ၎င်းအပြောင်းအလဲသည် လျှို့ဝှက်နယ်မြေ အတွင်းရှိ လူများအား တင်ပလ္လင်ချိတ် ထိုင်ချလျက် ချီများကို လှည့်ပတ်ကာ သူတို့အပေါ် ကျရောက်နေသည့် ဖိအားကို တောင့်ခံနေရသည်အထိ ဖိအား ပေးနေခဲ့ခြင်းများအား စုမင် မသိခဲ့ချေ။

ဤနေရာရှိ အပြောင်းအလဲသည် ပြင်ပကမ္ဘာမှ အာရုံစိုက်မှုများအား စွဲဆောင် သွားခဲ့ခြင်းကိုလည်း သူမသိရှိချေ။ ယခုအချိန်တွင်တော့ စုမင်သည် လိုဏ်ဂူထဲတွင် ရိုးရှင်းစွာ ခြေချိတ်ထိုင်လျက်ရှိပြီး သူ၏သွေးကြောများသည် ဆက်လက် တိုးပွားနေခဲ့သည်။ သွေးကြောများသည် ၉၅၂ခုမှ ၉၆၃ခုအထိ တိုးပွားနေခဲ့ပြီး ဖြစ်သည်။ သူတိုသည် ဆက်လက်၍ တိုးလာနေဆဲပင် ဖြစ်သည်။

သွေးကြော ၉၆၃ကြော၊ ထိုပမာဏသည် ဟန်ဖေးကျစ်ထက်ပင် သာလွန်သွားခဲ့ပြီ ဖြစ်သည်။ သွေးကြောများသည် စုမင် ခန္ဓာကိုယ်ပေါ်တွင် ထိတ်လန့်ဖွယ် အနီရောင် အလင်းကို ထုတ်လွှတ်နေခဲ့သည်မှာ လှိုဏ်ဂူအား အနီရောင် ဆိုးချင်ရုံမဟုတ်ပဲ လိုဏ်ဂူ တစ်ခုလုံးအား သွေးပင်လယ်ကြီးအဖြစ် ပြောင်းပစ်ချင်နေ သကဲ့သို့ပင် ဖြစ်သည်။

သွေးကြောများ တိုးပွားလာနေသည်နှင့် အမျှ ရုပ်နယ်လွန် အဆင့်၏ ခပ်ရေးရေး ခံစားချက်သည်လည်း သူ့နှလုံးသားအောက်ခြေမှ ပေါ်ပေါက်လာခဲ့သည်။ ဤခံစားချက်သည် တစ်ဖြည်းဖြည်းနှင့် ပိုမိုရှင်းလင်းပြတ်သား လာခဲ့သည်။ ထိုတဖြည်းဖြည်း ထွက်ပေါ်လာသော ပြင်းပြသည့်ဆန္ဒသည် သူ့အား လက်များကိုမြောက်လျက် သူ့ကိုယ်ပိုင် မာန်အမှတ်အား ဆွဲသားချင်လာအောင် ပြုလုပ်နေသည်။

တစ်ချိန်တည်းမှာပင် စုမင်ခန္ဓာကိုယ်မှ သွေးကြောများ ဆက်လက် တိုးပွားလာသည်နှင့်အမျှ လျှို့ဝှက်နယ်မြေအတွင်း လိုဏ်ဂူနှင့်နီးသော နေရာမှလူများနှင့် မထွက်ခွာနိုင်ခဲ့သူများသည် ပို၍ ဖြူရော်ဖျော့တော့ လာကြသည်။ သူတို့၏ အကန့်အသတ်အား နီးကပ်လာပြီဖြစ်ကာ သူတို့၏ အမူအယာများသည်လည်း ပိုမို ထိတ်လန့်တုန်လှုပ် လာကြ၏။

သူတို့သာ ထိုအရာကို ထပ်မံ၍ ကြာရှည်စွာ တောင့်ခံနိုင်ခြင်း မရှိတော့ပါက  ခန္ဓာကိုယ်များ ပေါက်ကွဲ၍ သွေးကြောများ ဆွဲထုတ် ခံလိုက်ရခြင်းသည်သာ သူတို့အား စောင့်ဆိုင်းနေလိမ့်မည် ဖြစ်သည်။

“ဒါ … က … သွေးကြောကျောက်သား နယ်ပယ်ကို ပြီးပြည့်စုံခြင်း အဆင့်ထိ ရောက်ရှိနေခဲ့တဲ့ မာန်စွမ်းအားရှင် တစ်ယောက်ရဲ့ ရုပ်နယ်လွန်အဆင့်ကို တက်ရောက်ခြင်းပဲ”

လူအချို့သည် အဖြေအား ခန့်မှန်းမိခဲ့ကြပြီဖြစ်သည်။ ထိုသို့ သိလိုက်ကြသည်နှင့် သူတို့သည် ဖိအားကို ဆက်လက်တွန်းလှန်ရန် သတ္တိအား ဆုံးရှုံးသွားတော့သည်။ သူတို့နှလုံးသား၏ နက်ရှိုင်းသည့် နေရာမှပင် စိတ်ပျက်လက်ပျက် ဖြစ်မှုများ ထွက်ပေါ်လာချေသည်။

သာမန် မာန်စွမ်းအားရှင်တို့သည် သူတို့၏ ရုပ်နယ်လွန်အဆင့် တက်ရောက်ခြင်းအတွက် လုံခြုံသည့် နေရာတစ်ခုကိုသာ တိတ်တဆိတ် ရွေးချယ်ကြလိမ့်မည် ဖြစ်ပြီး ထိုကဲ့သို့ သာမန် မာန်စွမ်းအားရှင် တစ်ဦး၏ ရုပ်နယ်လွန်အဆင့် တက်ရောက်ခြင်းသည်လည်း ယခုကဲ့သို့ ရာသီဥတုတွင် ပြောင်းလဲခြင်းမျိုး ဖြစ်ပွားလာလိမ့်မည် မဟုတ်ပေ။ ပြီးပြည့်စုံခြင်း အဆင့်မှ ရုပ်နယ်လွန်အဆင့်သို့ တက်ရောက်သူများသည်သာ ထိုကဲ့သို့ ပြောင်းလဲမှုမျိုး ဖြစ်ပေါ်စေနိုင်ခြင်း ဖြစ်သည်။

လူတစ်ဦးချင်းစီတိုင်းသည် ထိုနေရာ၌ သူတို့မျက်လုံးများအား အလုပ်ပေးလျက် လေ့လာ ကြည့်လိုက်သောအခါ လူ၁၀၀နီးပါးခန့်သည် ထိုဖြစ်ရပ်အတွင်း ဆွဲယူခြင်း ခံထားရသည်ကိုသာ တွေ့လိုက် ကြရလေသည်။

စုမင်၏ အသက်ရှူနှုန်းသည် ပိုမိုမြန်ဆန်လာခဲ့ပြီး သူ့ညာဘက်လက်သည် ဖြည်းဖြည်းချင်း မြောက်တက်လာခဲ့သည်။ ရုပ်နယ်လွန် အဆင့်၏ ခံစားမှုသည်လည်း ပိုမိုသန်မာ၍ ထင်ရှားလာခဲ့သည်။ သူသာ အလိုရှိလျှင် ထိုအခိုက်၌ ရုပ်နယ်လွန်အဆင့်သို့ တက်ရောက် နိုင်ကြောင်းကို သူသေချာနေခဲ့သည်။

သို့သော်…

“ငါ့ရဲ့ မူလရုပ်နယ်လွန်မာန် သွေးကြောမျှင် ဖန်တီးဖို့အတွက် သင့်လျော်တဲ့ ပစ္စည်းတွေကို ငါရှာမထားရသေးဘူး။ ငါသာ အခုချိန်မှာ ရုပ်နယ်လွန်အဆင့်ကို တက်လိုက်ရင် ဟယ်ဖုန်းဆီက ရထားခဲ့တဲ့ အရာကိုပဲ ငါအသုံးပြုရလိမ့်မယ် … ပြီးတော့ ငါသာ ရုပ်နယ်လွန် အဆင့်အတွက် ပျင်းပြတဲ့စိတ်ဆန္ဒကို ဖိနှိပ်ခဲ့မယ် ဆိုရင်တောင် ငါ့သွေးကြောတွေက ဆက်ပြီးတော့ … တိုးလာနေဦးမှာပဲလို့ ငါခံစားနေရတယ်”

စုမင်၏ ညာဘက်လက်သည် တုန်ခါနေခဲ့သည်။ ရုပ်နယ်လွန်အဆင့် ဆန္ဒအား ဖိနှိပ်နိုင်ရန် မယုံနိုင်လောက်အောင်ပင် များပြားလှသော စိတ်စွမ်းအားများ သူလိုအပ်ခဲ့သည်။ သူ့မျက်လုံးများတွင် တောက်ပသည့် အလင်းတို့ ပေါ်လာခဲ့ပြီး ထိုအလင်းများထဲတွင်တော့ ဆုံးဖြတ်ထားမှုနှင့် ရည်မှန်းချက်များ ပါဝင်နေခဲ့သည်။

“သွေးကြော ၉၆၃ခုက ငါ့ကို သွေးကြောကျောက်သား နယ်ပယ်ရဲ့ ပြည့်စုံဆင့်လောက်ပဲ ရောက်ရှိစေတယ် … ငါ ဒီပြည့်စုံဆင့်ကနေတော့ ရုပ်နယ်လွန် အဆင့်ကို မတက်ချင်ဘူး။ ငါသာ ရုပ်နယ်လွန်အဆင့်ကို တက်ရောက်ရမယ်ဆိုရင် သွေးကြော ၉၈၀ကျော်ရှိတဲ့ သွေးကြောကျောက်သား နယ်ပယ်ရဲ့ ကြီးမြတ်သော ပြည့်စုံဆင့်ကို ရောက်တဲ့အချိန်မှပဲ ရုပ်နယ်လွန်အဆင့်ကို တက်ဖို့ ကြိုးစားမယ်”

“ငါ ရုပ်နယ်လွန် အဆင့်ကို မတက်ရောက်ချင်ဘူးဆိုရင် ငါ့ဘာသာ အဲဒီအရာကို စွန့်ခွာရမယ်။ အကယ်၍ ငါ ရုပ်နယ်လွန်အဆင့်ကို တက်ရောက်ခဲ့ပြီဆိုတဲ့ အချိန်ကျ ငါနောင်တမရဘူးဆိုတာ သေချာမှဖြစ်မယ်”

“အခု ငါ့မှာ ဝိညာဉ်လုယက်အတွက် ကောင်းကင်ပုလွေ သံကိုင်းပဲ မရှိတာ။ ဒါပေမဲ့ ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စုက ငါ့အတွက် အဲဒါကို ရှာပေးနေတယ်။ ဟန်တောင်တန်း ဘိုးဘေးရဲ့ လျှို့ဝှက်နယ်မြေက အခုချိန်မှာ ဖရိုဖရဲ ဖြစ်နေမှာ ဆိုပေမယ့် သူတို့သာ အဲဒါကိုလိုချင်ရင် ဒါက သူတို့အတွက် ပြဿနာတစ်ခု မဟုတ်ဘူး”

“ငါသာ ရုပ်နယ်လွန် အဆင့်ကို တက်ရောက်ချိန်မှာ ဝိညာဉ်လုယက်ကို ငါ့ရဲ့ မူလမာန်အကြောမျှင် အဖြစ် ပြုလုပ်နိုင်မယ်ဆိုရင် ဝမ်းသာစရာပဲ။ ငါ အလျင်မလိုသင့်ဘူး … ငါ အလျင်စလို လုပ်လို့မဖြစ်ဘူး …”

စုမင် မျက်လုံးတို့သည် တောက်ပသွားပြီး သူ့မျက်နှာပေါ်ရှိ သွေးကြောတို့သည် ပေါက်ထွက်မတတ် ဖြစ်လာကာ ရုပ်နယ်လွန်အဆင့်၏ ပြင်းပြသော စိတ်ဆန္ဒအား ဖိနှိပ်လိုက်သည်။ သူ့ညာဘက်လက်ကိုလည်း ဖိအားပေးလျက် အောက်သို့ ပြန်ချလိုက်သည်။

ညာဘက်လက်အား ဖိအားပေး၍ အောက်ချလိုက်သည်နှင့် တစ်ပြိုင်နက် သူ့ခန္ဓာကိုယ်သည် ရုတ်တရက်ပင် ကြမ်းတမ်းစွာ စတင်တုန်ခါလာခဲ့ပြီး မြည်ဟီးသံများသည်လည်း လေထုအတွင်း ပဲ့တင်ထပ်သွားသည်။ ထို အလိုဆန္ဒအား ဖိနှိပ်လိုက်ခြင်းအား မူလက ပေါက်ကွဲတော့မည့် ချော်ရည်များအား အတင်းအဓမ္မ ချေမှုန်းလိုက်ခြင်းနှင့် တူသည်။ သို့သော် ထိုသို့ ပြုလုပ်လိုက်ခြင်းသည် သူ့ခန္ဓာကိုယ်အတွင်းတွင် သိုလှောင်ထားသည့် ပေါက်ကွဲနိုင်သော စွမ်းအားများအား ပိုမို အားကောင်းသွားစေသည်။

လေထဲမှ မြည်ဟီးသံများနှင့်အတူ သူ့ခန္ဓာကိုယ်သည် စုတ်ဖြဲ ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။ ရုပ်နယ်လွန်အဆင့်၏ အလိုဆန္ဒအား ဆန့်ကျင်ခြင်းနှင့် သွေးကြောများ တိုးပွားလာစေရန် ရုပ်နယ်လွန်အဆင့်သို့ တက်ရောက်ခြင်း ဖြစ်စဉ်အား ပြောင်းပြန် လုပ်ဆောင်ခြင်းတို့သည် ရှင်းလင်းစွာပင် ခွင့်ပြုထားသော အရာများ မဟုတ်ချေ။

သူ့ခန္ဓာကိုယ်တွင် ဆူညံသံများ စတင် ထွက်ပေါ်လာသည်နှင့် အမျှ စုမင်၏ မျက်လုံးများ၊ နားများ၊ နှာခေါင်းနှင့် ပါးစပ်များမှ သွေးများစီးကျလာခဲ့၏။ သို့သော် သူ၏ မျက်လုံးများသည်တော့ တောက်ပလာခဲ့ချေသည်။

“ငါ ရုပ်နယ်လွန်အဆင့်ကို တက်ရောက်မယ့် အချိန်ကို ငါ့ဘာသာငါ ဆုံးဖြတ်မယ်။ ဆုံးဖြတ်ရမယ့်သူက သဘာဝကလည်း မဟုတ်သလို နတ်ဘုရားတွေလည်း မဟုတ်ဘူး” စုမင်ပြောဆိုလိုက်ပြီး သူထိုသို့ လုပ်လိုက်ချိန်မှာပင် ချက်ချင်းပင် သူ့သွေးကြွောများသည် ၁၀ခု ထပ်တိုးလာသည်။ ၎င်းတို့သည် ၉၆၃ကြောမှ ၉၇၃ကြောသို့ တိုးသွားခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ထိုနေရာမှဆက်၍ တိုးပွားနေသည် ၉၇၄၊ ၉၇၅၊ ၉၇၆ …

သူ၏ သွေးကြောများ တိုးပွားလာသည်နှင့်အမျှ သူ့အား ဆုတ်ဖြဲနေသကဲ့သို့ ခံစားချက်သည် ပိုမိုပြင်းထန်လာခဲ့သည်။ သို့သော် သွေးကြော တစ်ကြောချင်းစီ၏ တိုးပွားမှုတိုင်းသည် ရုပ်နယ်လွန်အဆင့် တက်ရောက်ချိန်၌ သူ၏ခွန်အားကို ပို၍ တိုးတက်စေမည်ကို စုမင် ခံစားနိုင်သည်။

သူ့ခန္ဓာကိုယ်ရှိ သွေးကြောများသည် ၉၇၉ခုအထိ တိုးသွားခဲ့ပြီးနောက် သွေးကြောကျောက်သား နယ်ပယ်၏ ကြီးမြတ်သော ပြီးပြည့်စုံခြင်း အဆင့်အား ရောက်ရှိရန် သွေးကြော တစ်ခုသာ လိုတော့ချေသည်။ သို့သော် ထိုအချိန်တွင်ပင် သူ့အား ရုပ်နယ်လွန်အဆင့်သို့ တက်ရောက်ရန် တိုက်တွန်းနေသော အလိုဆန္ဒသည် လှိုင်းလုံးကြီး တစ်လုံးသဖွယ် သူ့စိတ်အတွင်း ဖြစ်ပေါ်လာပြီး ညာဘက်လက်အား နောက်တစ်ကြိမ် မြောက်တက်သွားစေ ပြန်သည်။

ထိုအခိုက်တွင်ပင် ပြင်ပကမ္ဘာရှိ ကောင်းကင်မှ ထူးဆန်းသော ဖြစ်ရပ်ကြီး၏ အရွယ်အစားသည် ကြီးမားလာခဲ့သည်။ မိုးတိမ်များသည် အရပ်မျက်နှာ အားလုံးသို့လိမ့်ကာ ပျံ့နှံ့သွားပြီး အော်မြည်သံများအား ထုတ်လွှတ်လိုက်ကြသည်။ ရွှေရောင်အလင်းသည် အလွန်ပင် စူးရှတောက်ပလာပြီး ၎င်းတို့သည် နတ်ဘုရား ရုပ်တုအသွင် ပြောင်းလဲသွားဟန် တူသည်။

ချောက်နက်ကြီးများအတွင်း တည်ရှိသည့် လျှို့ဝှက်နယ်မြေတွင် တင်ပလ္လင်ခွေ ထိုင်နေကြသည့် လူ၁၀၀နီးပါးခန့်သည် ဖိအားအား တောင့်ခံနေရင်းမှပင် ပါးစပ်များ အတွင်းမှ သွေးများ စီးကျနေခဲ့ကြသည်။ သူတို့၏ မျက်လုံးများတွင်တော့ စိတ်ပျက်မှုများဖြင့်သာ ပြည့်နှက်နေခဲ့သည်။

ကျောက်တောင်လိုဏ်ဂူ အတွင်းတွင်တော့ စုမင်သည် သူ၏ မြောက်တက်လာနေခဲ့သည့် ညာဘက်လက်အား အေးစက်စက် အကြည့်တစ်ခုဖြင့် စိုက်ကြည့်နေခဲ့ရင်း ဖြည်းညှင်းစွာ ပြောလိုက်သည် “ဆိုတော့ ဒါက ရုပ်နယ်လွန် အဆင့်ပေါ့။ ဒါက ဆင့်ခေါ်ခြင်း တစ်မျိုး လိုပါပဲလား … ဒါပေမဲ့ ဒီနေ့တော့ ငါ ရုပ်နယ်လွန်အဆင့်ကို တက်ရောက်မှာ မဟုတ်ဘူး … ဒါက ငါ့ဆန္ဒပဲ”

စုမင် ခေါင်းကိုမော့လိုက်ရင်း ကျောက်တုံးလိုဏ်ဂူအား ဖြတ်မြင်နေရသကဲ့သို့ ကောင်းကင်တွင် ဖြည်းညှင်းစွာ အကောင်အထည် ပေါ်လာနေသည့် ခပ်ရေးရေး နတ်ဘုရားရုပ်တုအား စိုက်ကြည့်လိုက်သည်။

“ကောင်းမွန်စွာ ထိန်းချုပ်နိုင်မှု”

စုမင် သူ့မျက်လုံးတို့ကို ပိတ်လိုက်သည်။ သူ၏ သွေးကြောများသည် ၉၇၉ခုမှ ဆက်၍ တိုးပွားလာမှု မရှိတော့ဘဲ ရပ်တန့်သွားခဲ့သည်။ ထို့နောက် ကောင်းမွန်စွာ ထိန်းချုပ်နိုင်မှု အစွမ်းဖြင့် ၎င်းတို့သည် ကသိကအောက်ဖြစ်ဖွယ် အခြေအနေမှ စတင်နှိမ်နှင်းခြင်း ခံလိုက်ပြီး တစ်ကြောပြီးတစ်ကြော ပြန်လည် ငုပ်လျှိုးပျောက်ကွယ် သွားကြသည်။

“ငါ့ရဲ့ ကိုယ်ပိုင် ကံကြမ္မာကို ငါပဲ ဆုံးဖြတ်မယ်”

“ငါက တချို့အရာတွေပေါ်မှာ စွဲလမ်းတောင့်တခဲတယ် ဆိုပေမယ့် ဒါက ငါ့မှာ ဘာလိုအင်ဆန္ဒမှ မရှိတာတော့ မဟုတ်ဘူး။ ငါ အရာတစ်ခုခုကို ရှာဖွေချင်တယ် ဆိုရင်တော့ ငါက ရည်မှန်းချက်မြင့်မြင့် ထားတတ်တာ အသေအချာပဲ”

စုမင် သူ့ပါးစပ်ထောင့်ရှိ သွေးများအား သုတ်ပစ်လိုက်ပြီး အေးစက်စက် အပြုံးတစ်ပွင့်က သူ့နှုတ်ခမ်းများတွင် ဖြစ်ပေါ်လာခဲ့သည်။

***

All Chapters