← Chapters

နတ်ဘုရားရုပ်တု သုံးခု

Vol. 13 Ch. 168

နတ်ဘုရားရုပ်တု သုံးခု

Vol. 13 Ch. 168

၉၇၉၊ ၉၄၃၊ ၉၁၂၊ ၈၈၇ … စုမင် ခန္ဓာကိုယ်ရှိ သွေးကြောများသည် သူ၏ ကောင်းမွန်စွာ ထိန်းချုပ်နိုင်မှုအား အသုံးချခြင်းအောက်တွင် ထိတ်လန့်ဖွယ် အမြန်နှုန်းဖြင့် ပြန်လည်လျော့ကျ ပျောက်ကွယ် သွားခဲ့သည်။

၎င်းတို့ ပြန်လည်လျော့ကျ ဖုံးကွယ်သွားသည်နှင့်အမျှ သူ့ခန္ဓာကိုယ် အတွင်းရှိ ရုပ်နယ်လွန်အဆင့်သို့ တက်ရောက်လိုသည့် ပြင်းပြသော တွန်းအားသည်လည်း ဖိအားပေးဖယ်ရှားခြင်း ခံလာရလေသည်။

“ငါ့ရဲ့ ရုပ်နယ်လွန်အဆင့် တက်ရောက်ခြင်းကိုတောင် မထိန်းချုပ်နိုင်ဘူးဆိုရင် ဘယ်လိုများ ငါ့ရဲ့ ကိုယ်ပိုင်ကံကြမ္မာကို ဆုံးဖြတ်နိုင်တော့မှာလဲ”

စုမင် မျက်လုံးအတွင်းရှိ အလင်းသည် တောက်ပသွားသည်။ သူ့ခန္ဓာကိုယ်ရှိ သွေးကြောအများစုသည် ကောင်းမွန်စွာ ထိန်းချုပ်နိုင်မှုအောက်တွင် နောက်တစ်ကြိမ် လျော့ကျပျောက်ကွယ် သွားပြန်သည်။

သူ၏ ခန္ဓာကိုယ်ရှိ သွေးကြောများအား ဖုံးကွယ်ကာ ရုပ်နယ်လွန်အဆင့်သို့ တက်ရန် တွန်းအားပေးမှုကို သူ၏စိတ်ဆန္ဒဖြင့် ဖိအားပေး ဖယ်ရှားပစ်မှသာလျင် ရုပ်နယ်လွန်အဆင့်သို့ တက်ရောက်မည့်အချိန်အား သူကိုယ်တိုင် ဆုံးဖြတ်နိုင်လိမ့်မည် ဖြစ်သည်။ ထိုအချိန်တွင် ဟန်တောင်တန်း၏ လျှို့ဝှက်နယ်မြေရှိ လိုဏ်ဂူအနီးမှ လူများသည်တော့ မျှော်လင့်ချက်ဟူသည် မရှိကြတော့ဘဲ ဖိအားအား စိတ်ပျက်လက်ပျက်ဖြင့်သာ ခုခံနေကြရတော့သည်။ သူတို့အကုန်လုံး နီးပါး၏ ပါးစပ်ထောင့်များမှ သွေးများ စီးကျနေခဲ့ကြပြီ ဖြစ်သည်။

သူတို့ ခန္ဓာကိုယ်များ ပေါက်ကွဲလျက် သွေးကြောများ ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားသည့် မြင်ကွင်းတို့အား မြင်ယောင်မိလျက် သေခြင်းတရားသည် သူတို့နှင့် နီးကပ်နေခဲ့ပြီဟုပင် ခံစားနေကြရ၏။ ထိုအရာသည် အသုံးမဝင်ဟု သိသော်ငြား ရှင်သန်လိုသည့် ဆန္ဒကြောင့် သူတို့အား ဆက်လက် ခုခံနေမိကြသည်။ ဖြစ်နိုင်မည် ဆိုလျှင်တော့ တည်ရှိမနေမှန်း သိသည့် ရှင်သန်ရန် လမ်းတစ်ခုအား ရှာဖွေလိုဆဲပင် ဖြစ်သည်။

စုမင် သူ့သွေးကြောများအား လျော့ကျပျောက်ကွယ် စေလိုက်ပြီး ရုပ်နယ်လွန်အဆင့်သို့ တက်ရန် တွန်းအားကို ဖိနှိပ်နေသည့် အချိန်တွင် မာန်စွမ်းအားရှင် ၁၀၀နီးပါးခန့်သည် သူတို့၏ သွေးကြောများ ပြန်လည် တည်ငြိမ်လာခြင်းနှင့် ခြောက်လှန့်နေသည့် ဖိအားသည် လျင်မြန်စွာ ပျောက်ကွယ်လာခြင်းကို တွေ့ရှိလိုက်ကြသည်။

ထိုရုတ်တရက် တွေ့ရှိမှုကြောင့် မူလက သေဆုံးရတော့မည်ဟု မျှော်လင့်ထားသူများ အားလုံးအား အလွန်အံ့အားသင့် သွားစေခဲ့သည်။ သူတို့အထဲမှ အများစုသည် ခဏတာ တုန်လှုပ်သွားပြီးနောက် တုန့်ဆိုင်းခြင်း အလျင်းမရှိဘဲ စတင် ပြေးလွှားတော့သည်။ သူတို့နှလုံးများသည် စိတ်လှုပ်ရှားမှုနှင့် ကြောက်ရွံ့မှုများဖြင့် ခုန်လှုပ်နေခဲ့ပြီး သူတို့ အသက်များအတွက် တစ်ဟုန်ထိုး ရူးသွပ်စွာ ပြေးလွှားနေကြခြင်း ဖြစ်သည်။

သို့သော် အခြေအနေအား နားလည်သူ အချို့တော့ ရှိလေသည်။ သူတို့သည်လည်း လျင်မြန်စွာ ထွက်ပြေးရန် ပြင်လိုက်သော်ငြား ခြေလှမ်း အနည်းငယ်ခန့် လှမ်းပြီးချိန်တွင် ခဏတာ တုန့်ဆိုင်းသွားကြကာ သူတို့အား ကြောက်ရွံ့ တုန်လှုပ်စေခဲ့သည့် တောင်ကြားရှိရာဆီသို့ ဦးတည်၍ ဦးညွှတ်လိုက်ကြသည်။

“သနားညှာတာ ပေးခြင်းအတွက် ကျေးဇူးတင်ပါတယ်”

“ကျွန်ုပ်တို့ကို မသတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်”

သူတို့သည် ထိုစကားလုံးများအား တီးတိုး ရေရွတ်ခဲ့ကြခြင်း မဟုတ်ဘဲ သူတို့၏ ချီစွမ်းအားများကို အသုံးပြု၍ အော်ဟစ်ခဲ့ခြင်းဖြစ်၍ ထိုအသံများသည် ပတ်ဝန်းကျင် တစ်ခွင်လုံး ပဲ့တင် ထပ်သွားခဲ့ကြသည်။ ထိုကဲ့သို့အသံများ အရေအတွက် များပြားလာသည်နှင့်အမျှ သူတို့ အသက်အတွက် ပြေးလွှားနေခဲ့ကြသူ များသည်လည်း တုန့်ဆိုင်းသွားပြီးနောက် ရပ်တန့်လိုက်ကြကာ တောင်ကြားရှိရာဆီ လက်သီးနှင့် လက်ဝါးထပ်လျက် ဦးညွှတ်လိုက်ကြပြီး အလားတူ စကားလုံးများကို အော်ဟစ်လိုက်ကြသည်။

တစ်ချိန်တည်းမှာပင် ထိုအသံများသည် ထွက်ပေါ်လာသည်နှင့် လေထုအတွင်းတွင် ပဲ့တင်သံများအဖြစ် ပြောင်းလဲသွားကြကာ ဟန်တောင်တန်း၏ လျှို့ဝှက်နယ်မြေများသို့ ဖြတ်သန်း ပျံ့နှံ့သွားတော့သည်။

ဤလူများသည် သေခြင်းတရားထံမှ လွတ်မြောက်လာခဲ့ကြပြီ ဖြစ်သော်လည်း ကြောက်ရွံ့မှုသည်တော့ သူတို့ နှလုံးသားများအတွင်း တည်ရှိနေခဲ့ကြပြီ ဖြစ်သည်။ ဟန်တောင်တန်း၏ လျှို့ဝှက်နယ်မြေများမှ အဝေးသို့ ထွက်ပြေးနေကြသည့် လူတစ်ဦးချင်းစီတိုင်းတွင် တူညီသည့် အတွေးသာ ရှိနေခဲ့ကြသည်။ သူတို့၏ ကျေးဇူးတင်မှုအား ပြသပြီးကြသည်နှင့် ချက်ချင်းပင် အမြန်နှုန်းအပြည့်ဖြင့် ထိုနေရာမှ ထွက်ပြေးခဲ့ကြချေသည်။

ကောင်းကင်ရှိ တိမ်များသည် အတူတကွ စုဝေးသွားကြပြီး ရွှေရောင်အလင်းသည် တိမ်များအားထိုးဖောက် ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်၏ နေရာအတော်များများအား သူ၏တောက်ပမှုဖြင့် ဖုံးလွှမ်းသွားသည်။ ထိုတိမ်တိုက်များကြားတွင် နတ်ဘုရား ရုပ်တုကြီးတစ်ခုသည် လျင်မြန်စွာ အကောင်အထည် ပေါ်လာခဲ့သည်ကို လူတိုင်းပင် ရှင်းလင်းစွာ မြင်နိုင်ချေသည်။

စုမင် ရုပ်နယ်လွန် အဆင့်သို့ တက်ရောက်လိုသည့် တွန်းအားကို ဖိနှိပ်နှိမ်နင်း လိုက်ချိန်မှာပင် တုန်လှုပ်ဖွယ် မြည်ဟည်းသံကြီးသည် ကောင်းကင်ရှိ တိမ်တိုက်များမှ ဖြတ်သန်း ထွက်ပေါ်လာခဲ့သည်။ ၎င်းတိမ်တိုက်များ အတွင်းရှိ တစ်စုံတစ်ဦးသည် ဒေါသတကြီးဖြင့် ဟိန်းဟောက် လိုက်သကဲ့သို့ပင် ဖြစ်သည်။

တောက်ပနေသည့် ရွှေရောင်အလင်းသည် စတင် မှုန်မှိုင်းလာခဲ့သည်။ လျင်မြန်စွာ အကောင်အထည် ပေါ်လာနေသည့် နတ်ဘုရား ရုပ်တုကြီးသည် အသိဉာဏ်ရှိလာဟန် တူပြီး စုမင်ရှိနေရာ ဟန်တောင်တန်းအောက် ပေထောင်ပေါင်းများစွာရှိ ချောက်နက်ကြီးများထံသို့ ခေါင်းကို ငုံ့ကြည့်လိုက်သည်။

“ငါက ပထမဆုံး မာန်နတ်ဘုရားရဲ့ ဖန်တီးမှုဖြစ်တဲ့ မာန်စွမ်းအားရှင်တွေကြားက ရုပ်နယ်လွန် အဆင့်ရဲ့ နတ်ဘုရားရုပ်တုပဲ …”

မယုံနိုင်လောက်အောင်ပင် ကြီးမြတ်ခြင်းနှင့် ပြစ်ဒဏ်ချမှတ်နေဟန် ဖိအားများသည် သူ၏အသံအတွင်း ပါဝင်နေခဲ့သည်။ မိုးခြုန်းသံသဖွယ် မြည်ဟီးသံများသည် ကုန်းမြေတစ်ခုလုံး ဖြတ်သန်း ပျံ့နှံ့သွားခဲ့သည်။ သူ့အသံကြီး ထွက်ပေါ်လာသည်နှင့် ကုန်းမြေသည်ပင် တုန်ခါသွားခဲ့ပြီး ဟန်တောင်တန်း မြို့တော်တည်ရှိရာ တောင်ကြီးသည်လည်း တုန်ခါသွားခဲ့သည်။ တောင်ပေါ်မှ ကျောက်တုံးများစွာ လိမ့်ဆင်း ပြိုကျသွားကြပြီး ဖုန်မှုန့်များသည်လည်း လေထုအတွင်း ပျံ့နှံ့သွားချေသည်။ သို့သော် ၎င်းတို့ ပျံ့နှံ့လာသည့် အချိန်တွင်ပင် ဖိအားကြောင့် ဖိနှိပ်ခြင်း ခံလိုက်ရလေသည်။

ဟန်တောင်တန်းမြို့တော် တစ်ခုတည်းသည်သာ သက်ရောက်ခံလိုက်ရခြင်း မဟုတ်ပေ။ အရောင်စုံရေကန်၊ ငြိမ်းအေးရာ အရှေ့အရပ်နှင့် ပုချန့် မျိုးနွယ်စု ၃စုတည်ရှိရာ တောင်များသည်လည်း တုန်ခါသွားခဲ့ကြခြင်း ဖြစ်သည်။ အသံ၏စွမ်းအားသည် အောက်မှ ကြည့်ရှုနေကြသည့် များစွာသော သူများအား အံ့အားသင့်သွားစေသည်။ ဘယ်သူ စတင်၍ ဒူးထောက် လိုက်သည်မှန်း မည်သူမျှ မသိချေ။ သို့သော် ခဏအကြာတွင်တော့ ခပ်ရေးရေး နတ်ဘုရား ရုပ်တုကြီးအား ကိုးကွယ်သည့် အနေဖြင့် လူတိုင်းနီးပါးသည် မြေပေါ်တွင် ဒူးထောက်နေခဲ့ကြပြီ ဖြစ်သည်။

ဟန်တောင်တန်းမြို့တော်ရှိ လူအုပ်ကြီးသည် အမည်းရောင် အစုအပြုံကြီးသဖွယ် မြေပေါ်၌ ဒူးထောက်နေခဲ့ကြသည်။

ကောင်းကင်ရှိ ရုပ်တုကို ကြည့်နေချိန်၌ သူတို့၏ မျက်နှာများတွင်တော့ တစ်ယူသန်တက်ကြွမှုများ၊ လေးစားရိုသေမှုများဖြင့် ပြည့်နှက်နေခဲ့၏။

သူတို့နားများ အတွင်းတွင် သူ၏ ပြစ်ဒဏ်ချမှတ်နေဟန် အသံတို့ ပဲ့တင်ထပ်နေချေသည်။ သူတို့ထဲမှ အများစုသည် ဘဝတစ်လျှောက်လုံးတွင် ကောင်းကင်၌ နတ်ဘုရားရုပ်တုကြီး ထွက်ပေါ်လာသည့် မြင်ကွင်းအား မမြင်ဖူးခဲ့ကြပါချေ။

“မာန်စွမ်းအားရှင် မျိုးနွယ်ရဲ့ ကြီးမြတ်သော နတ်ဘုရားရုပ်တု ၃ခုအကြောင်းကို ငါကြားခဲ့ဖူးတယ်။ သူတို့အကုန်လုံးကို ပထမဆုံး မာန်စွမ်းအားရှင်တို့၏ နတ်ဘုရားက ဖန်တီးခဲ့ပြီးတော့ တစ်ခုစီတိုင်းက မာန်စွမ်းအားရှင် မျိုးနွယ်ရဲ့ ကြီးမြတ်တဲ့ အဆင့်ကြီး၃ဆင့်အတွက် သင်္ကေတသဖွယ် ဖော်ပြတယ်။ ရုပ်နယ်လွန်အဆင့်၊ ရိုးရေစတေးအဆင့်နဲ့ မာန်စွမ်းအားရှင်ဝိညာဉ်အဆင့်တွေ… ဒါက ဒဏ္ဍာရီတစ်ခုလို့ပဲ ငါထင်ထားခဲ့တာ … ငါက ဘယ်လိုလုပ် သိနိုင်ခဲ့မှာလဲ … ဘယ်သူကရော သိနိုင်လိမ့်မလဲ …”

“ဒါက အစစ်အမှန်ပဲ”

“ရုပ်နယ်လွန်အဆင့်ရဲ့ နတ်ဘုရားရုပ်တု … ဒါက မာန်စွမ်းအားရှင် မျိုးနွယ်အတွက် ကြီးမြတ်တဲ့ နတ်ဘုရားရုပ်တုကြီး ၃ခုထဲက တစ်ခုပဲ- ရုပ်နယ်လွန် အဆင့်ရဲ့ နတ်ဘုရားရုပ်တုကြီး”

နန်ထျန်းနှင့် ခဲ့ကျူးစစ်တို့သည်လည်း တည်ငြိမ်စွာ မနေနိုင်ခဲ့ပေ။ နှစ်ဦးလုံးသည် ဒူးထောက်လျက် ကောင်းကင်မှ ခပ်ရေးရေး ပေါ်နေသည့် နတ်ဘုရားရုပ်တုကြီးထံ ကြည့်ရင်း အရိုးတွင်းမှပင် တုန်လှုပ်နေသကဲ့သို့ ခံစားနေရချေသည်။

“ဒါက ငါ နတ်ဘုရားရုပ်တုကို ဒုတိယအကြိမ် မြင်ဖူးတာပဲ။ ငါနောက်ဆုံးမြင်ခဲ့ရတဲ့ အကြိမ်နဲ့ယှဉ်ရင် ဒီတစ်ကြိမ်က နည်းနည်း ပိုမှေးမှိန်နေသလို ဆိုပေမယ့် … နတ်ဘုရားရုပ်တုက စကားပြောတာကို ကြားဖူးတာကတော့ ငါ့အတွက် ပထမဆုံးအကြိမ်ပဲ”

“နတ်ဘုရားရုပ်တု ၃ခုအကြောင်း ဖော်ပြထားတဲ့ ဒဏ္ဍာရီတွေက အမှန်တွေဆိုတာကို ငါသိခဲ့ပေမယ့် ဒါကတော့ ငါကိုယ်တိုင် မျက်စိနဲ့မြင်ဖူးတဲ့ ပထမဆုံးအကြိမ်ပဲ။ ဒဏ္ဍာရီတွေထဲမှာ ပြောထားခဲ့တာက သွေးကြော ကျောက်သားနယ်ပယ်ကို ပြည့်စုံတဲ့ အဆင့်အထိ ကျင့်ကြံနိုင်ခဲ့သူက ကြီးမြတ်တဲ့ ယုပြည်ထောင် အတွင်းမှာရှိတဲ့ နတ်ဘုရား ရုပ်တုကို ဆင့်ခေါ်နိုင်လိမ့်မယ်တဲ့။ ဒါက … မာန်စွမ်းအားရှင်တို့၏ နတ်ဘုရားရဲ့ ကောင်းချီးပေးခြင်းပဲ”

ရွှမ်းလွမ်သည်လည်း ဟန်တောင်တန်းမြို့တော်၏ ထောင့်တစ်နေရာတွင် ဒူးထောက်လျက် ကောင်းကင်ရှိ နတ်ဘုရားရုပ်တုအား မှင်သက်နေသည့် အမူအယာဖြင့် ငေးကြည့်နေခဲ့သည်။ ရုပ်တုပြောခဲ့သည့် စကားလုံးများသည်  ရွှမ်းလွမ်၏ နားများထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။ သူလက်သီးအား တင်းကြပ်စွာဆုပ်လိုက်မိသည်။

“သွေးကြော ၉၁၃ကြောကို ရောက်တဲ့အချိန်မှာ ငါ့ရဲ့အကန့်အသတ်ကို ရောက်ခဲ့တယ်။ ငါ ရုပ်နယ်လွန်အဆင့်ကို ရောက်တဲ့အချိန်တုန်းက ဘာမှဖြစ်မလာခဲ့ဘူး။ ဒီလူနဲ့ နှိုင်းယှဉ်လိုက်ရင် …”

ရွှမ်းလွမ် လက်သီးအား ပိုမိုတင်းကြပ်စွာ ဆုပ်လိုက်မိပြီး မနာလိုမှုတို့သည် သူ့နှလုံးသားအတွင်း ကြီးထွားလာခဲ့သည်။ မနာလိုမှုသည် ထိုဖြစ်ရပ်တွင် ပါဝင်နေသည့်လူကြောင့် မဟုတ်ဘဲ  ဤအခြေအနေကြောင့်ပင် ဖြစ်သည်။

အရောင်စုံရေကန်၊ ငြိမ်းအေးရာ အရှေ့အရပ်နှင့် ပုချန့် မျိုးနွယ်စု၃စုမှ မျိုးနွယ်ဝင်များသည်လည်း မြေပြင်တွင် ဒူးထောက်လျက် ရှိနေကြသည်။

ကောင်းကင်ရှိ နတ်ဘုရားရုပ်တုအား ကြည့်နေကြသည့် သူတို့ မျက်လုံးများထဲတွင်တော့ လေးစား ရိုသေမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

ဤနတ်ဘုရား ရုပ်တုသည် မာန်စွမ်းအားရှင်မျိုးနွယ် တစ်ရပ်လုံးအတွက် ပြရုပ်တစ်ခုသဖွယ်ပင် ဖြစ်သည်။

“ပြောကြတာက ပထမဆုံး မာန်နတ်ဘုရားရဲ့ ကာလမှာတုန်းက လူတိုင်းက မာန်စွမ်းအားရှင် တွေလို့ပဲ သိကြတယ်တဲ့။ ကျင့်ကြံဖို့ နည်းလမ်းတွေ မရှိခဲ့သလို ပြောစရာ နယ်ပယ် အဆင့်တွေဆိုတာလည်း မရှိခဲ့ဘူးတဲ့လေ … ပထမဆုံး မာန်နတ်ဘုရားက သူ့ရဲ့ ကြီးမြတ်တဲ့ခွန်အားနဲ့ မရေမတွက်နိုင်အောင် များပြားတဲ့ အချိန်ကာလတွေကိုသုံးပြီး သူ့ရဲ့ ခန္ဓာကိုယ်ကို စူးစမ်းလေ့လာခဲ့ရင်း နတ်ဘုရားရုပ်တု ၃ခုကို ဖန်တီးခဲ့တာ။ ပြီးတော့ ရုပ်နယ်လွန်အဆင့်၊ ရိုးရေစတေးအဆင့်နဲ့ မာန်စွမ်းအားရှင် ဝိညာဉ်အဆင့် ဆိုပြီးတော့ မာန်စွမ်းအားရှင်တွေ ကျင့်ကြံနိုင်ဖို့ သင့်လျော်တဲ့ နယ်ပယ် အဆင့်တွေကိုလည်း ဖန်တီးပေးခဲ့တယ်”

“ဒါက ရုပ်နယ်လွန် အဆင့်ရဲ့ နတ်ဘုရား ရုပ်တုကို ငါပထမဆုံးအကြိမ် မြင်ဖူးတာ မဟုတ်ဘူး … ဒါပေမဲ့ သူစကားပြောတာကို ကြားဖူးတာတော့ ပထမဆုံးအကြိမ်ပဲ”

ယန်လွမ်သည် အရောင်စုံ ရေကန်မျိုးနွယ်စု တောင်ထိပ်တွင် လေးစားသည့် အမူအယာဖြင့် ရပ်နေခဲ့သည်။ သူမ၏မျက်နှာတွင် ပုံမှန်အတိုင်းကဲ့သို့ နှစ်သက်ကြည်နူးဖွယ် အမူအယာ အရိပ်အမြွက်ပင် ရှိမနေခဲ့ချေ။ သူမ၏ အမူအယာသည် ကြည်လင် စင်ကြယ်နေခဲ့သည်။

ကောင်းကင်ရှိ ခပ်ရေးရေး ပေါ်နေသည့် နတ်ဘုရားရုပ်တုထံမှ ပြစ်ဒဏ် ချမှတ်နေဟန် အသံသည် လေထုအတွင်း ပဲ့တင်ထပ်သွားသောအခါ ဧရိယာအတွင်းရှိ လူတိုင်း၏ နားများထဲနှင့် စုမင်၏ စိတ်အတွင်းသို့ ရောက်ရှိသွားခဲ့သည်။

ထိုအသံသည် မူလကပင် စုမင်အတွက် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ ကြည့်ရှုနေသူများပင် ၎င်းအား ကြားလိုက်ရသည်နှင့် သူ၏စွမ်းအားကို ခံစားနိုင်နေပြီဆိုလျှင် အရာအားလုံး၏ အလယ်ဗဟိုတွင်ရှိနေသည့် စုမင်သည်တော့ ကောင်းကင်တွင် သန်းပေါင်းများစွာသော မိုးကြိုးလျှပ်စီးများ မြည်ဟီးသွားသကဲ့သို့ သူ့နှလုံးသားအတွင်းမှ ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်သည်ပင် ပြိုကွဲလုနီးပါး ဖြစ်သွားသည်ဟု ခံစားလိုက်ရသည်။

ကောင်းကင်နှင့် မြေပြင်ကိုပင် တုန်ခါသွားစေသည့် မြည်ဟီးသံအား ကြားလိုက်ရသောအခါ ပြင်းထန်သည့် တုန်ခါမှုတစ်ခုသည် သူ့အား ဖြတ်သန်းဖြစ်ပေါ် သွားချေသည်။

နှုတ်ခမ်းထောင့်စွန်းမှ သွေးတို့ စီးကျလာသော်လည်း သူ့ခန္ဓာကိုယ် အပေါ်တွင် ကောင်းမွန်စွာ ထိန်းချုပ်နိုင်မှုအား အသုံးပြုနေခြင်းကို ရပ်တန့်လိုက်ခြင်း မရှိပေ။ ခေါင်းကိုမော့လျက် သူ့အပေါ်ဘက်သို့ လှမ်းကြည့်လိုက်သည်။ ပြင်ပတွင် မည်သည့်အရာ ရှိနေသည်ကို သူမမြင်ရသော်လည်း အသံထွက်ပေါ်လာသည့် ကောင်းကင်မှ သူ့အားကြည့်နေသည့် မျက်လုံးတစ်စုံကိုတော့ သူခံစားနိုင်သည်။

ထိုအကြည့်တွင် ဖိအားပေးလိုသည့် စွမ်းအားတို့ဖြင့် ပြည့်နေခဲ့သော်ငြား ၎င်းအထဲတွင် အသက်ဓာတ် လက္ခဏာတော့ ရှိမနေပါချေ။ ထိုအရာသည် သက်မဲ့အရာဝတ္ထု သက်သက်သာ ဖြစ်သည်။

“ကျွန်ုပ်၏ဆန္ဒသည် ပထမဆုံး မာန်နတ်ဘုရား၏ အလိုဆန္ဒပင်ဖြစ်သည်။ ကျွန်ုပ်သည် မာန်စွမ်းအားရှင်မျိုးနွယ်၏ ရုပ်နယ်လွန်အဆင့် တက်ရောက်မှုအား ကူညီထောက်ပံ့ပေးရန် ဖြစ်သည် … ရှေးကျသော မာန်စွမ်းအားရှင်တို့ထက် သွေးပိုမို ထူထပ်သူတိုင်းသည် မာန်နတ်ဘုရား၏ ကောင်းချီးကို ရရှိလိမ့်မည်။ ငါ တည်ရှိနေသမျှ ကာလပတ်လုံး အဲဒီလို ဖြစ်ပျက်ခြင်းကိုသာ မြင်ချင်သည်”

သူ၏အသံသည် အလွန်ပင် စွမ်းအားပြည့်ဝလှပြီး ကုန်းမြေအား နောက်တစ်ကြိမ် တုန်ခါသွားစေပြန်သည်။

“ဘယ်အကြောင်းကြောင့်များ … မင်းက ရုပ်နယ်လွန် အဆင့်ကို မတက်ရောက်ရတာလဲ”

တောက်ပသည့် အလင်းသည် ကောင်းကင်ရှိ ခပ်ရေးရေး နတ်ဘုရား ရုပ်တုကြီး၏ မျက်လုံးများတွင် ဖြစ်ပေါ်လာသည်။ ထိုတောက်ပမှုသည် အဆုံးမရှိသည့် ရွှေရောင် အလင်းများသဖွယ်ဖြစ်ပြီး ကုန်းမြေ တစ်ခုလုံးအား ခဏချင်းပင် ဖုံးလွှမ်းသွားတော့သည်။ ၎င်းတို့သည် ကုန်းမြေတစ်ခုလုံးအား ဖုံးလွှမ်းသွားသည်နှင့် ကြည့်ရှုနေသူများအဖို့ ကမ္ဘာလောကကြီး တစ်ခုလုံးသည် ရွှေရောင်ခြယ်သ ခံလိုက်ရသကဲ့သို့ မြင်တွေ့လိုက်ရသည်။

နောက်ဆုံး ပြောလိုက်သည့် စကားသည် ကြားရသူတိုင်းအား တုန်လှုပ်သွားစေပြီး စုမင် နှလုံးသားထဲတွင်တော့ ပဲ့တင်သံများသဖွယ် ဖြစ်ပေါ်သွားလေသည်။ မရေမတွက်နိုင်သော လူများသည် သူ့အား သိလိုစိတ်ဖြင့် စူးစမ်း ပြောဆိုရင်းဖြင့် ဆူညံသံများ ဖြစ်ပေါ်လာခဲ့သည်။

စုမင်သည်လည်း တုန်လှုပ်နေခဲ့သည်။ ကောင်းမွန်စွာ ထိန်းချုပ်နိုင်မှုဖြင့် သူလျှော့ချ ဖျောက်ကွယ်ထားကဲ့သည့် သွေးကြောများသည် သူ၏ ထိန်းချုပ်မှုမှလွတ်ကာ ပြန်လည် ပေါ်ထွက်လာတော့မည့် အရိပ်အယောင်များ ပြသလာခဲ့သည်။ သူဖိနှိပ်ထားခဲ့သည့် ရုပ်နယ်လွန်အဆင့်သို့ တက်ရောက်လိုသည့် တွန်းအားသည်လည်း ပြန်လည် ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။

နတ်ဘုရားရုပ်တုမှ လာသော သန်မာသည့် ဆန္ဒတစ်ခုသည် စုမင်အား ယခုချက်ချင်းပင် ရုပ်နယ်လွန်အဆင့်သို့ တက်ရောက်ရန် ဖိအားပေးနေချေသည်။

“ငါ့မှတ်ဉာဏ်တွေရဲ့ တစ်စိတ်တစ်ပိုင်းက ပျောက်ကွယ်သွားခဲ့တယ် … ပြီးတော့ ငါအဲဒါကို မထိန်းချုပ်နိုင်ခဲ့ဘူး …”

“ငါက နက်မှောင်တောင်ကနေ လာခဲ့ပြီးတော့ ဘာမှမရှိတဲ့ လေဟာနယ် တစ်ခုထဲကို စုပ်ယူခံခဲ့ရတယ် … ငါက အဲဒီအရာကိုလည်း မထိန်းချုပ်နိုင်ခဲ့ဘူး …”

“ငါက တောင်ပိုင်း အရုဏ်ဦးနယ်မြေကို ရောက်ရှိလာခဲ့ပြီးတော့ အတွေ့အကြုံတွေ အများကြီးရခဲ့တယ်။ ဖြစ်ပျက်လာတဲ့ အရာအားလုံးအတွက် ငါက များသော အားဖြင့်တော့ ဖြစ်ပျက်လာတဲ့အတိုင်းပဲ လိုက်ပါ လုပ်ဆောင်ခဲ့တယ်။ ဒီအရာတွေနဲ့ ပက်သက်လို့လည်း မထိန်းချုပ်နိုင်ခဲ့ဘူး …”

“ငါ ဘယ်သူဖြစ်တယ် ဆိုတာကို ရှာဖွေခဲ့တယ်။ ငါ့မျက်လုံးတွေကို ဖွင့်ပြီးတော့ အခြားသူတွေ မမြင်နိုင်တဲ့ လောကတစ်ခုကို မြင်ချင်ခဲ့တယ်။ ဒါပေမဲ့ အဆုံးမှာတော့ ငါ့မျက်လုံးတွေက ပိတ်နေဆဲပဲ … ငါက ဒီအရာကို ထိန်းချုပ်နိုင်ခြင်း မရှိပြန်ဘူး …”

“ငါ့ရဲ့ စုမင်နဲ့ မော့စုဆိုတဲ့ဘဝမှာ ငါမှတ်မိသလောက်ကတော့ ငါ့ဘဝ တစ်လျှောက်လုံးမှာ ဖြစ်ပျက်ခဲ့တဲ့ အရာတွေ အားလုံးကို အခြားသူတွေကပဲ ဆုံးဖြတ်ထားခဲ့ပုံ ရတယ်။ သူတို့က ငါ့ဆုံးဖြတ်ချက်ကို ငါချဖို့ ခွင့်မပြုတဲ့အပြင် ငါ့ကိုယ်ပိုင် ကံကြမ္မာကို ငါပိုင်ဆိုင်ခွင့်၊ ပြောင်းလဲခွင့်တောင် မပေးကြဘူး …”

“ကိုယ့်ကိုယ်ပိုင် လမ်းကြောင်းကိုတောင် မလျှောက်နိုင်၊ ကိုယ့်ရဲ့ ကိုယ်ပိုင် ကံကြမ္မာကိုတောင် မထိန်းချုပ်နိုင်တဲ့ ငါက … ဒီနေ့ကစလို့ အဲဒီအရာတွေကို ထိန်းချုပ် သွားတော့မယ်။ ငါ့ ကိုယ်ပိုင်လမ်းကြောင်းကိုပဲ ငါလျှောက်ချင်တယ်။ ငါက အခု ရုပ်နယ်လွန် အဆင့်ကို မတက်ချင်သေးဘူး ပြီးတော့ ဘယ်သူကမှလည်း အဲဒီအရာကို ပြောင်းလဲနိုင်မှာ မဟုတ်ဘူး”

“ငါ ဘယ်အချိန်မှာ ရုပ်နယ်လွန် အဆင့်ကို တက်ရောက်မလဲဆိုတာ ငါ့ဘာသာ ဆုံးဖြတ်မယ်”

စုမင် စတင်၍ တည်ငြိမ်လာခဲ့သည်။ ထို သူ့စိတ်အတွင်းမှ ဖိအားကြောင့် သူတုန်လှုပ်နေမည် ဖြစ်နိုင်သော်လည်း သူ့အသံအတွင်းမှ ဆုံးဖြတ်ချက်များသည် သူ့နှလုံးသားအတွင်းရှိ အတွေးများအား ဖော်ဆောင်သွားခဲ့သည်။

“မင်းက ပထမဆုံး မာန်နတ်ဘုရားရဲ့ ဖန်တီးမှုဖြစ်ပြီးတော့ ရုပ်နယ်လွန် အဆင့်ကို တက်ရောက်နေတဲ့ မာန်စွမ်းအားရှင်တွေကို ကူညီပေးတဲ့ နတ်ဘုရား ရုပ်တုလို့ မင်းပြောခဲ့တယ်။ ဒါဆိုရင် ပထမဆုံး မာန်နတ်ဘုရားကရော ဘယ်လိုများ ရုပ်နယ်လွန် အဆင့်ကို တက်ရောက် နိုင်ခဲ့တာလဲ။ ရုပ်နယ်လွန်အဆင့်ကို တက်ရောက်နိုင်ဖို့ သူ့ကို တစ်စုံတစ်ယောက်က တွန်းအားပေးခဲ့ ရလို့လား”

“ရုပ်နယ်လွန် အဆင့်ကို တက်ရောက်နိုင်ဖို့ … ငါမင်းကို မလိုအပ်ဘူး”

စုမင် သူ့ဆန္ဒအား အော်ဟစ်လိုက်ရင်း၌ပင် ကောင်းမွန်စွာ ထိန်းချုပ်နိုင်မှုအား သုံးလျက် သွေးကြောများအား နောက်တစ်ကြိမ် ငုပ်လျှိုး သွားစေလိုက်သည်။

ကောင်းကင်ရှိ နတ်ဘုရားရုပ်တုသည် ခဏတာ တိတ်ဆိတ်သွားခဲ့ပြီးနောက် ဟန်တောင်တန်း၏ ချောက်နက်ကြီးများဆီသို့ အေးစက်စွာ ကြည့်လိုက်သည်။

“ပထမဆုံး မာန်နတ်ဘုရားရဲ့ အလိုဆန္ဒကို ငြင်းပယ်ဝံ့တဲ့ လူတစ်ယောက်ကို တွေ့ရှိခဲ့ပြီ … ပထမဆုံး ပြစ်မှုကျူးလွန်သူ တစ်ယောက် ဖြစ်တာကြောင့်  သင့်ကို သတိပေးချက်ပဲ ပြုလုပ်လိုက်တယ်”

ထိုအသံသည် ပထမဆုံး ထွက်ပေါ်လာချိန်တုန်းက လိုပင် အသံအနိမ့်အမြင့် အတက်အကျ အရိပ်အမြွက်ပင် ရှိမနေခဲ့ချေ။

သူ၏စကားများ ထွက်လာသည်နှင့် တစ်ပြိုင်နက် နတ်ဘုရား ရုပ်တုကြီးသည် လေထဲသို့ ပျံ့လွင့်သွားသကဲ့သို့ တစ်ဖြည်းဖြည်း မှိန်ဖျော့ပျောက်ကွယ် သွားချေသည်။ ရွှေရောင် အလင်းသည်လည်း ကောင်းကင်ရှိ တိမ်တိုက်များအတွင်း ငုပ်လျှိုး ပျောက်ကွယ် သွားတော့သည်။

ကုန်းမြေတစ်ခုလုံးသည် တိတ်ဆိတ်မှုတို့ဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ ဤထူးဆန်းသည့် ဖြစ်ရပ်သည် မြင်ရသူ အပေါင်းအား တုန်လှုပ်သွားစေခဲ့သည်။ ထိုတုန်လှုပ်မှုသည် လူတိုင်းအား ဟန်တောင်တန်း မြို့တော်၏ အောက်ရှိ ချောက်နက်ကြီးများထံသို့ ရောထွေးနေသည့် ခံစားချက်များဖြင့် တိတ်ဆိတ်စွာ ကြည့်ရှု မိသွားစေသည်။

ဤအရာသည် ရုပ်နယ်လွန် အဆင့်သို့ တက်ရောက်ရန် ငြင်းပယ်ခဲ့သည့် လူတစ်ဦးအား သူတို့အားလုံးအနေဖြင့် ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

“အဲဒါ ဘယ်သူလဲ၊ သူက ဘာလို့ အဲဒီလို လုပ်ခဲ့ရတာလဲ …”

“ငါ သိသားပဲ၊ သူက သွေးကြောကျောက်သား နယ်ပယ်ကို ပြီးပြည့်စုံခြင်း အဆင့်ထိ ကျင့်ကြံနိုင်ခဲ့တဲ့ မာန်စွမ်းအားရှင် တစ်ယောက်ပဲ။ ဒါပေမဲ့ သူက ဘာလို့ ရုပ်နယ်လွန်အဆင့်ကို တက်ရောက်ဖို့ ငြင်းဆန်လိုက်ရတာလဲ၊ ငါ နားကိုမလည်နိုင်ဘူး”

“ပထမဆုံး မာန်နတ်ဘုရားရဲ့ အလိုဆန္ဒကို ငြင်းဆန်ခြင်းဆိုတာက အရင်က တစ်ခါမှ မကြားဖူးခဲ့တဲ့ အရာမျိုးပဲ …”

ကောင်းကင်ရှိ တိမ်တိုက်များနှင့် နတ်ဘုရားရုပ်တုကြီး ပျောက်ကွယ် သွားသည်နှင့် ဟန်တောင်တန်းမြို့တော်၊ အရောင်စုံရေကန် မျိုးနွယ်စုတောင်ထိပ်၊ ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စု တောင်ထိပ်နှင့် ပုချန့်မျိုးနွယ်စု တောင်ထိပ်များမှ အလင်းတန်းများသည် ချောက်နက်ကြီးများထံသို့ ဦးတည် သွားကြချေသည်။ ဤလူများ အားလုံးတို့သည် ဟန်တောင်တန်း မြို့တော်နှင့် မျိုးနွယ်စု၃စုမှ စွမ်းအားကြီး မာန်စွမ်းအားရှင် ဖြစ်သည်။ ထိုကဲ့သို့ ထိတ်လန့်တုန်လှုပ်ဖွယ် မြင်ကွင်းအား ဖြစ်ပေါ်စေခဲ့သည့် ပုဂ္ဂိုလ်သည် မည်သူ ဖြစ်ကြောင်းကို သူတို့လည်း သိရှိလိုသည်။

***

All Chapters