အခန်း (၂၁၃)
Vol. 22 Ch. 213
" ငါ့မှာ ဆေးဖော်စပ်နည်းတွေ ရှိပေမယ့် ငါ ဆေးမဖော်တတ်ဘူး။ ဒါကို ကံကောင်းတယ်လို့ ပြောရမလား။ ကံဆိုးတယ်လို့ ပြောရမလား။ " ပဆမဆုလာဘ်နှစ်ခုကို ကြည့်ပြီး ကျောက်ဖုန်းက ငိုချင်မိသွားသည်။
ဆေးဖော်စပ်နည်းများက သူ့အတွက် အသုံးမဝင်သကဲ့သို့ ဖြစ်သည်။ ထိုအရာများက ဤခေတ်မှ ဆေးပညာရှင်များ ဖော်စပ်နိုင်သောအရာမဟုတ်ပေ။ ၎င်းတို့မှာ စစ်မှန်သော ဆေးများဖြစ်ကြပြီး သူတို့လုပ်လေ့ရှိသော အဆိပ်အတောက်ဖြစ်စေသော သတ္တုရောနှောနေသော အရာများမဟုတ်ကြပေ။
" စိတ်ဝိညာဉ်ကျောက်တုံးလား။ ဒါက သဘာဝရဲ့ စိတ်ဝိညာဉ်စွမ်းအားတွေ ပယဝင်နေတယ်လို့ ပြောတဲ့ ဒဏ္ဍာရီလာ စိတ်ဝိညာဉ်ကျောက်တုံးတွေလား။ " ကျောက်ဖုန်းက စိတ်ဝိညာဉ်ကျောက်တုံးတစ်ခုကို ထုတ်ယူလိုက်သည်။
ချက်ချင်းပင် အဖြူရောင်အလင်းဖျော့ဖျော့ ထွက်ပေါ်နေသော ကျောက်တုံးတစ်တုံး သူ၏ လက်ထဲတွင် ပေါ်လာသည်။ ၎င်းမှာ လက်သီးဆုပ်အရွယ်ရှိသော အဖြူရောင်ကျောက်စိမ်းနှင့် ဆင်တူသည်။
" အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံးတစ်ခုကတောင် ဒီလောက်ပြင်းထန်တဲ့ စိတ်ဝိညာဉ်စွမ်းအားတွေ ပါဝင်နေတာပဲ။ " ကျောက်ဖုန်းက စိတ်ဝိညာဉ်ကျောက်တုံးအတွင်းမှ စွမ်းအားများကို ချက်ချင်း ခံစားမိလိုက်သည်။
ဟန်တန်မြို့၏ တစ်နေရာတွင် အနက်ရောင်ချပ်ဝတ်နှင့် စစ်သည်များက နေရာအနှံ့တွင် စောင့်ကြပ်နေကြသည်။ ထိုနေရာက မြို့အလယ်တွင် မဟုတ်ဘဲ မြို့၏ မြောက်ဘက်အစွန်အဖျားတွင် ရှိနေသည်။
" ယောက္ခမကြီး ဆယ်စုနှစ်တစ်ခုမက ကြာခဲ့ပြီ။ ကျုပ်တို့ ပြန်လာနိုင်လိမ့်မယ်လို့ တစ်ခါမှမတွေးခဲ့ဖူးဘူး။ " ရင်ကျန့်က ပြောလိုက်သည်။
" မှန်တာပေါ့။ " ရှဝူချယ်က လွမ်းဆွတ်တမ်းတမှုများဖြင့် ပြုံးလိုက်သည်။ " ဒီအဘိုးကြီး တစ်နေ့မှာ အိမ်ဟောင်းကို ပြန်လာရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ "
" အထဲဝင်ပြီး တစ်ချက်လောက် ကြည့်ရအောင်။ " ရင်ကျန့်က မျှော်လင့်ချက်အပြည့်ဖြင့် ပြောလိုက်သည်။ " နှစ်တွေအများကြီး ကြာသွားပြီ။ အထဲမှာ ဘာတွေပြောင်းလဲသွားမလဲဆိုတာ သိချင်မိတယ်။ "
ထို့နောက် သူက ခြံဝင်တံခါးကို တွန်းဖွင့်လိုက်သည်။ အထဲတွင် ပင့်ကူအိမ်များ၊ ဖုန်မှုန့်များနှင့် ပြည့်နှက်နေသည်။ ဤနေရာက မည်သူမျှ ရောက်မလာခဲ့သည်မှာ ထင်ရှားသည်။ သို့သော် ရင်ကျန့်အတွက်မူ ထိုနေရာက လူသူကင်းမဲ့ပြီး ဖုန်မှုန့်များတက်နေလျှင်တောင် သူ့အပေါ် သက်ရောက်မှုက အလွန်ကြီးမားလှသည်။
ထိုအချိန်တွင် ရင်ကျန့်၏ စိတ်အာရုံက အတိတ်ကာလဆီသို့ ပြန်လည်ရောက်ရှိသွားသည်။
" အကိုကျန့် လာဖမ်းလေ။ "
" တုန်အာ အဲ့ဒီမှာ ရပ်လိုက်စမ်း။ မင်းငါ့စာအုပ်ကို ထပ်ပြီး ယူသွားပြန်ပြီ။ "
" ဟီးဟီး အကိုကျန့်က တစ်နေကုန် စာဖတ်နေတာပဲ။ ကျွန်မက အကိုကို ခဏလောက် အနားယူစေချင်ရုံပါ။ "
" ကျန့်အာ တိုင်းပြည်ကို အုပ်ချုပ်တဲ့ အတတ်ပညာက ဘုရင်ဆီမှာ ရှိတာလား။ ဘုရင််ကောင်းတစ်ပါးရဲ့ လမ်းစဉ်ဆိုတာ သူ့ရဲ့ ဝန်ကြီးတွေကို ထိန်းချုပ်နိုင်ဖို့ပဲ။ ဒါတွေကို မင်းသင်ယူရမယ်။ "
လွန်ခဲ့သော နှစ်ပေါင်းများစွာက မြင်ကွင်းများက ရင်ကျန့်၏ စိတ်ထဲတွင် တစ်ခုပြီးတစ်ခု လင်းလက်လာသည်။
" နှစ်တွေကြာခဲ့ပြီ။ အရာဝတ္ထုတွေက ကျန်နေခဲ့ပေမယ့် လူတွေကတော့ ပြောင်းလဲသွားပြီ။ မယ်တော်၊ တုန်အာ၊ ဆရာ..." ရင်ကျန့်၏ စိတ်ထဲတွင် ခံစားချက်များစွာ ထွက်ပေါ်လာခဲ့သည်။
ချင်သို့ မပြန်မီက သူတို့၏ ဆက်ဆံရေးမှာ ချစ်ခင်ကြင်နာတတ်သော မိခင်နှင့် မိခင်အပေါ် သိတတ်သော သားတစ်ယောက်တို့၏ ဆက်ဆံရေးမျိုး ရှိခဲ့သည်။ သူ၏ မိခင်က သူ့အတွက်ဆိုလျှင် အရာအားလုံး သူမ၏ အသက်ကိုပင် စတေးရန် အသင့်ရှိခဲ့သည်။
သူမက တုန်အာကို ချွေးမတစ်ယောက်ကဲ့သို့ ဆက်ဆံခဲ့ပြီး နည်းလမ်းမျိုးစုံဖြင့် ဂရုစိုက်ပေးခဲ့သည်။ သို့သော် ချင်သို့ ပြန်ရောက်ပြီးနောက်တွင် အရာအားလုံး ပြောင်းလဲသွားခဲ့သည်။
" ယောက္ခမကြီး ကျုပ် အမိန့်ပေးထားပြီးပြီ။ " ရင်ကျန့်က ရှဝူချယ်ဘက်သို့ လှည့်ပြီး ပြောလိုက်သည်။ " မြို့တစ်မြို့လုံးကို ရှာပြီး တုန်အာရဲ့ သဲလွန်စတစ်ခုခု ရှာတွေ့တာနဲ့ ချက်ချင်း အစီရင်ခံဖို့ ပြောထားတယ်။ ရလဒ်က ကျုပ်တို့ကို စိတ်မပျက်စေဖို့ မျှော်လင့်ရမှာပဲ။ "
" အင်း အဲ့လိုပဲ မျှော်လင့်ရမှာပေါ့။ " ရှဝူချယ်က ခေါင်းညိမ့်ပြီး ပြောလိုက်သည်။
" အရှင်မင်းကြီး ကျောက်ယန်ကို ဘယ်လိုကိုင်တွယ်ဖို့ စီစဉ်ထားပါလဲ။ "
" သေခြင်းက သူ့အတွက် အရမ်းလွယ်ကူလွန်းတယ်။ " ရင်ကျန့်က အေးစက်စွာ ပြောလိုက်သည်။ " သူ့ကိုသူ သေချင်စိတ်ပေါက်လာအောင် ကျုပ်လုပ်မယ်။ နောက်ရက်အနည်းငယ်အတွင်းမှာ ဟန်တန်မြို့ကို ရှင်းလင်းပြီးတာနဲ့ ကျုပ်သူ့ကို ဆရာရဲ့ အုတ်ဂူဆီသွားပြီး တောင်းပန်ခိုင်းမယ်။ "
" ဒါဆို ကျောက်နိုင်ငံရဲ့ ပြည်သူတွေကိုရော ဘယ်လိုလုပ်မှာလဲ။ " ရှဝူချယ်က မေးလိုက်သည်။
" ယောက္ခမကြီး ဒီလောက်နှစ်တွေ ကြာနေတာတောင် ကျုပ်ကို နားမလည်သေးဘူးလား။ " ရင်ကျန့်က ရှဝူချယ်ကို ကြည့်လိုက်သည်။ " ကျုပ်က သာမန်လူတစ်ယောက်ဆိုရင် ကျောက်က ကျောက်ယန်နဲ့ ကျုပ်ကြားက ရန်ငြိုးက ပုဂ္ဂိုလ်ရေးဆိုင်ရာ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ကျုပ်က ဘုရင်တစ်ပါးပဲ။ ကျောက်နိုင်ငံ ကျဆုံးလိမ့်မယ်။ သူ့ရဲ့ ပြည်သူတွေက ကျုပ်ရဲ့ ပြည်သူတွေ ဖြစ်လာလိမ့်မယ်။ "
" သူတို့သာ ချင်လက်အောက်ကို ခိုလှုံမယ်ဆိုရင် ဟန်ပြည်သူတွေကို ကျုပ် ဆက်ဆံခဲ့သလိုပဲ သူတို့ကိုလည်း ချင်ပြည်သူတွေခလိုပဲ တန်းတူဆက်ဆံမှာပါ။ ဒါက ကျောက်နိုင်ငံအတွက်သာ မဟုတ်ပါဘူး။ တစ်နေ့ကျရင် ကောင်းကင်အောက်က ဟွာရှလူမျိုးအားလုံးကို တန်းတူဆက်ဆံမှာပါ။ "
" ကျုပ် ဘုရင်ဖြစ်လာရင် စစ်ပွဲတွေ အချင်းချင်း သတ်ဖြတ်တာတွေ မရှိတဲ့ လောကတစ်ခုကိက တည်ဆောက်ပြီး ကောင်းကင်အောက်က အရာအားလုံးကို ငြိမ်းချမ်းမှု ပေးမယ်လို့ ကျုပ် တုန်အာကို ကတိပေးခဲ့တယ်။ ဒါကို ကျုပ် အမြဲတမ်း မှတ်မိနေမှာပါ။ " ရင်ကျန့်က လေးနက်သော အမူအရာနှင့် ပြောလိုက်သည်။
၎င်းကို ကြားသောအခါ ရှဝူချယ်က ရင်ကျန့်က ဦးညွှတ်လိုက်သည်။ " ဒီလူအိုကြီးက ကျောက်ပြည်သူတွေကိုယ်စား အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။ "
ရှဝူချယ်က ရင်ကျန့်အနေဖြင့် ကျောက်တွင် ကြုံတွေ့ခဲ့ရသော အရှက်ကွဲမှုနှင့် ရန်ငြိုးများကြောင့် သာမန်ပြည်သူများအား ပစ်မှတ်ထားမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။ သူက ရင်ကျန့်၏ စိတ်နေစိတ်ထားကို သိသော်လည်း သတိပေးခဲ့သည်။
" ယောက္ခမကြီး ဒီလိုလုပ်နေဖို့ မလိုပါဘူး။ " ရင်ကျန့်က ရှဝူချယ်ကို အမြန်ထူပေးလိုက်သည်။
ကုသရေးစခန်းတွင် ဆရာချန်က အလွန်အလုပ်ရှုပ်နေသည်။ သူ့အပြင် စခန်းတစ်ခုလုံးတွင် စစ်ဘက်ဆိုင်ရာ သမားတော်ရာချီက ခဏလေးမှပင် မနားရဘဲ လှုပ်ရှားနေရသည်။ စခန်းတစ်ခုလုံးတွင် နာကျင်စွာ အော်ဟစ်သံများနှင့် ပြည့်နှက်နေသည်။ စစ်ဘက်ဆိုင်ရာ သမားတော် ခြောက်ရာနီးပါးရှိသော်လည်း ဒဏ်ရာရစစ်သည်သောင်းနှင့်ချီ၍ ရှိနေသည်။
" ခေါင်းဆောင် ကျွန်နော်တို့မှာ သွေးတိတ်ဆေးတွေ ကုန်သွားပြီး ရိက္ခာတွေ ထပ်ပြီး ခွဲဝေပေးဖို့ လိုအပ်ပါတယ်။ "
" ခေါင်းဆောင် သမားတော်လင်းက ပင်ပန်းလွန်းပြီး မေ့လဲသွားပါတယ်။ "
" ခေါင်းဆောင် လူအချို့ကို ပြန်ပြီး တာဝန်ခွဲပေးပါဦး။ ကျွန်တော်တို့ မအိပ်ရတာ ရက်အတော်ကြာပြီ။ "
" ဆေးဝါးရိက္ခာတွေ မလုံလောက်တော့ပါဘူး။ "
ကုသရေးစခန်းအတွင်း နာကျင်စွာ အော်ဟစ်သံများသာမက သမားတော်များ၏ အရေးတကြီး အော်ဟစ်သံများကလည်း ပဲ့တင်ထပ်နေသည်။
" မြန်မြန် စစ်သေနာပတိချုပ်ဆီ သွားတင်ပြကြစမ်း။ " ဆရာချန်က အလောတကြီး ပြောလိုက်သည်။
သမားတော်များ၏ အသနားခံမှုများကို ရင်ဆိုင်ရသောအခါ သူက သူ၏ အထက်လူကြီးများထံ ဆေးဝါးများ ထပ်မံတောင်းဆိုရုံမှလွဲ၍ အခြားရွေးချယ်စရာမရှိခဲ့ပေ။
" နားလည်ပါပြီ။ ကျွန်တော် အခုချက်ချင်း သွားလိုက်ပါမယ်။ " အစေခံတစ်ယောက်က ပြန်ဖြေပြီး လျင်မြန်စွာ ထွက်ခွာသွားသည်။
" ဟူး..." ဆရာချန်က သက်ပြင်းချလိုက်သည်။ " ဒီတစ်ခေါက် ဒဏ်ရာရတဲ့သူတွေက အရမ်းများတယ်။ ငါတို့စခန်းက ကုသပေးနိုင်တဲ့ အရေအတွက်ထက် အများကြီး ကျော်လွန်နေတယ်။ "
" ဆရာချန် " ကျောက်ဖုန်း၏ အသံက ထွက်ပေါ်လာသည်။
ထိုအသံကို ကြားသောအခါ ဆရာချန်၏ မျက်နှာတွင် ဝမ်းသာသော အမူအရာ ပေါ်လာသည်။
" စစ်သူကြီးကျောက် ဘယ်လိုလုပ် ဒီကိုရောက်လာတာလဲ။ "
" ဟန်တန်မြို့ တိုက်ပွဲက ပြီးသွားပြီ။ ကျုပ်လည်း ကုသရေးစခန်းမှာ ကူညီနိုင်မယ့်အရာများ ရှိမလားလို့ လာကြည့်တာပဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" မင်းက အချိန်ကိုက်ရောက်လာတာပဲ။ " ဆရာချန်က ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။
" ဒီတိုက်ပွဲက ဒဏ်ရာရသူတွေ အများကြီး ရှိလာခဲ့တယ်။ ငါတို့မှာ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကလည်း မလုံလောက်ဘူး။ ပြီးတော့ ဆေးဝါးရိက္ခာတွေလည်း ပြတ်လပ်နေတယ်။ "
" သမားတော် မလုံလောက်တာကိုတော့ ကျုပ် ဘာမှမလုပ်ပေးနိုင်ပေမယ့် ဆေးဝါးရိက္ခာတွေတော့ ယူလာပေးပါတယ်။ " ကျောက်ဖုန်းက ပြုံး၍ လက်ခုပ်တီးလိုက်သည်။
သူ၏ ကိုယ်ရံတော်များက ဆေးဝါးရိက္ခာများ ပြည့်နှက်နေသော လှည်းဆယ်စီးကျော်ကို ယူဆောင်လာကြသည်။
" ဒါတွေက ဘယ်ကနေရလာတာလဲ။ " ဆရာချန်က အံ့အားသင့်စွာ မေးလိုက်သည်။
" ဒါတွေက ကျောက်စစ်တပ်ရဲ့ ကုသရေးစခန်းကနေ သယ်လာတာပဲ။ ဒါက ဆယ်ပုံတစ်ပုံပဲ ရှိသေးတယ်။ ကျန်တာတွေကိုလည်း စနစ်တကျ သယ်ယူလာနေတုန်းပဲ။ " ကျောက်ဖုန်းက ရှင်းပြလိုက်သည်။
" ဒါဆို ကျောက်စစ်တပ်က ဒဏ်ရာရသူတွေကရော။ " ဆရာချန်က အံ့ဩသွားပြီး မေးလိုက်သည်။
" ကျုပ်က ကျုပ်ရဲ့ ညီအကိုတွေကိုပဲ စိုးရိမ်တယ်။ ရန်သူစစ်သားတွေကို ဘာဂရုစိုက်နေရမှာလဲ။ ငါ့လူတို့ အဲ့ဒီဆေးဝါးတွေကို အသုံးပြုဖို့ စခန်းထဲကို သယ်သွားကြ။ "
ဟန်တန်မြို့အတွင်းရှိ ကျောက်စစ်တပ်မှ ဒဏ်ရာရစစ်သည်များစွာ ရှိနေသည်။ ကျောက်ဖုန်းက ကုသ၍မရနိုင်သော ဒဏ်ရာအပြင်းအထန် ရနေသူများအတွက် သူ၏ စစ်သည်များကို သူတို့ကို အမြန်ဆုံး အဆုံးသတ်ပေးရန် အမိန့်ပေးခဲ့သည်။ ဒဏ်ရာအနည်းငယ် ရသူများကို သူတို့ဘာသာသူတို့ ရှင်သန်အောင်နေရန် ပစ်ထားခဲ့သည်။
မည်သို့ပင်ဖြစ်စေ သူတို့က ရန်သူများဖြစ်သည်။ ၎င်းမှာ ကျောက်ဖုန်းက ရက်စက်ခြင်းမဟုတ်ဘဲ လောကနိယာမတစ်ခုသာ ဖြစ်သည်။ သူတို့က သူ၏ ဒဏ်ရာရစစ်သည်များကဲ့သို့ တူညီသော ကုသမှုကို ခံစားခွင့်ရှိမည်မဟုတ်ပေ။