အခန်း (၂၁၄)
Vol. 22 Ch. 214
" စစ်သူကြီးကျောက် မင်းရဲ့ ဆေးပညာက တကယ်ကို ထူးချွန်တယ်။ မင်းတစ်ယောက်တည်းက လူဆယ်ယောက်ကျော်ထက် ပိုအသုံးဝင်တယ်။ ဒီနေ့ရော မင်း ခွဲစိတ်ဓားကု ကိုင်မှာလား ဒါမှမဟုတ် ဆေးထည့်ပေးမှာလား။ "
" ပုံမှန်အတိုင်းပဲ။ " ကျောက်ဖုန်းက ပြောလိုက်သည်။ " ကျုပ်က ခွဲစိတ်တာနဲ့ ချုပ်တာကို လုပ်မယ်။ ဆရာချန်က ဒဏ်ရာတွေကို သတ့်စင်ပေးတာနဲ့ ဆေးထည့်တာကို လုပ်ပေးပါ။ "
" ကောင်းပြီ။ " ဆရာချန်က ခေါင်းညိမ့်လိုက်သည်။
ထို့နောက် သူတို့နှစ်ယောက်က စခန်းအတွင်းပိုင်းသို့ လျှောက်သွားကြသည်။ တစ်ယောက်က စစ်သူကြီးဖြစ်ပြီး နောက်တစ်ယောက်မှာ သမားတော်ဖြစ်သော်လည်း သူတို့၏ ပူးပေါင်းဆောင်ရွက်မှုက အပြစ်ပြာစရာမရှိလောက်အောင် ဟန်ချက်ညီလှသည်။
အချိန်က လျင်မြန်စွာ ကုန်ဆုံးလာသည်။ ကုသရေးစခန်းအတွင်း ကျောက်ဖုန်းနှင့် ဆရာချန်တို့က လူနာတစ်ယောက်မှ နောက်တစ်ယောက်သို့ လျင်မြန်စွာ ကူးပြောင်းနေကြပြီး ယခင်ကဲ့သို့ပင် ဒဏ်ရာရနေသော စစ်သည်များကို ကျွမ်းကျင်သော ပူးပေါင်းမှုဖြင့် ကုသပေးနေကြသည်။
" ဒဏ်ရာရစစ်သည်တစ်ယောက်ကို ကုသပြီး စွမ်းဆောင်မှုရမှတ် ၁ မှတ် ရရှိပါတယ်။ "
" ဒဏ်ရာရစစ်သည်တစ်ယောက်ကို ကုသပြီး စွမ်းဆောင်မှုရမှတ် ၁မှတ် ရရှိပါတယ်။ "
ကျောက်ဖုန်းက ကုသရေးစခန်းအတွင်း ဒဏ်ရာရသူများကို ကညသပေးနေစဉ်အတွင်း စွမ်းဆောင်မှုရမှတ်များကို အဆက်မပြတ် ရရှိနေခဲ့သည်။
ယန် ကျောက်နယ်စပ်တွင်....
" အိမ်ရှေ့စံမင်းသား " ကင်းထောက်တစ်ယောက်က နယ်စပ်စခန်းအတွင်းမှ ယန်တန်ကို တင်ပြလိုက်သည်။ " ကျွန်တော်တို့ ရရှိထားတဲ့ သတင်းအရ ချင်က ဟန်တန်မြို့ကို သိမ်းပိုက်လိုက်ပါပြီ။ "
ထိုသတင်းကို ကြားသောအခါ ယန်တန်က စိတ်လှုပ်ရှားသွားပြီး ပြုံးလိုက်သည်။
" စစ်သေနာပတိချုပ် ငါတို့အတွက် အခွင့်အရေး ရောက်လာပြီ။ " ယန်တန်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
" အရှင်သား တကယ်ပဲ စစ်ချီချင်တာလား။ " ယွဲ့ချန်က စိုးရိမ်စွာဖြင့် မေးလိုက်သည်။ " ကျုပ်တို့ စစ်တပ်တွေ ကျောက်နယ်မြေထဲ ဝင်သွားရင် ချင်စစ်တပ်နဲ့ ထိပ်တိုက်တွေ့ဖို့ အလားအလာ အများကြီးရှိတယ်။ ကျုပ်တို့ ယန်နိုင်ငံရဲ့ အင်အားက ချင်ကို ယှဉ်နိုင်မှာမဟုတ်ဘူး။ "
သူက ယန်တန်အား ထိုကိစ္စကို မလုပ်ရန် အကြိမ်ကြိမ် အကြံပြုခဲ့ပြီး ယန်ဘုရင်ထံသို့ အသနားခံစာပင် တင်သွင်းခဲ့သော်လည်း ယန်တန်က သူ၏ အမြင်ကိုသာ ဆုပ်ကိုင်ထားခဲ့သည်။
" ရင်ကျန့်က ဘယ်လိုမှ စစ်မျက်နှာနှစ်ခုကို ဖွင့်တိုက်နိုင်မှာမဟုတ်ဘူး။ " ယန်တန်က ယုံကြည်မှုရှိစွာ ပြောလိုက်သည်။ " ပြီးတော့ ကျောက်နိုင်ငံက ငါတို့ ယန်နိုင်ငံရဲ့ရန်သူပဲ။ ဒါကြောင့် ငါတို့စစ်ချီတာက တရားမျှတပါတယ်။ ရင်ကျန့်က ငါတို့ကို မတားနိုင်ပါဘူး။ ချင်စစ်တပ်နဲ့ ထိပ်တိုက်တွေ့ခဲ့ရင်တောင် ရင်ကျန့်က ငါတို့ယန်ကို တိုက်ခိုက်ရဲမှာမဟုတ်ဘူး။ "
" ကောင်းပါပြီ။ " ယွဲ့ချန်က ဘာမှမတတ်နိုင်တော့ဘဲ ခေါင်းညိမ့်ရုံသာ တန်နိုင်ခဲ့သည်။
" ငါ အိမ်ရှေ့စံရဲ့ အမိန့်ကို ထုတ်ပြန်လိုက်စမ်း။ " ယန်တန်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။ " စစ်သေနာပတိချုပ်ကိုယ်တိုင် စစ်သည်တစ်သိန်းကို ဦးဆောင်ပြီး ကျောက်နယ်မြေကို ကျူးကျော်ရမယ်။ တွေ့သမျှမြို့တိုင်းကို သိမ်းပိုက်ပြီး တွေ့သမျှ စစ်တပ်တိုင်းကို အမြစ်ဖြတ်ချေမှုန်းရမယ်။ ငါတို့ ယန်နိုင်ငံရဲ့ နယ်မြေကို ချဲ့ထွင်ဖို့ ဒီအခွင့်အရေးကို အရယူရမယ်။ "
၎င်းက လက်လွတ်မခံသင့်သော အခွင့်အရေးတစ်ခုဖြစ်သည်။ နယ်မြေချဲ့ထွင်နိုင်လျှင် သူ့အတွက် ယန်နိုင်ငံတွင် ကြီးမားသော ဂုဏ်သတင်းကို ယူဆောင်လာမည်ဖြစ်ပြီး နောက်တစ်ချိန် နန်းတက်သည့်အခါ ပိုမိုကြီးမားသော ထောက်ခံမှုများအဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။
ဝေနိုင်ငံ။
သတင်းပို့သူတစ်ယောက်က နန်းတော်၏ ခန်းမအတွင်းသို့ ပြေးဝင်လာသည်။
" အရှင်မင်းကြီး ကျွန်တော်မျိုး ကျောက်နိုင်ငံက တိုက်ပွဲသတင်းကို ရရှိပါတယ်။ ချင်စစ်တပ်ရဲ့ လန်ထျန်းစခန်းက ဟန်တန်မြို့ကို သိမ်းပိုက်လိုက်ပါပြီ။ ကျောက်မြို့တော် ကျဆုံးသွားပါပြီ။ ကျောက်ရဲ့ စစ်သေနာပတိချုပ် ဖန်ရွှမ်က တိုက်ပွဲမှာ ကျဆုံးသွားပြီး ဟန်တန်ကို ကာကွယ်နေတဲ့ စစ်သည်သုံးသိန်းကလည်း ပြိုကွဲသွားပါပြီ။ "
ထိုသတင်းကို ကြားသောအခါ ဝေဘုရင်၏ အမူအရာက ပြောင်းလဲသွားသည်။ ဝေအရာရှိများ၏ မျက်နှာအမူအရာများကလည်း စိတ်ရှုပ်ထွေးသွားကြသည်။
" ကျောက်မြို့တော်က ချင်လက်ထဲကျသွားပြီ။ ဖန်ရွှမ်လည်း သေသွားပြီ။ ဒါက တကယ်ကြောက်စရာကောင်းတာပဲ။ "
" ဒါဆို ကျောက်နိုင်ငံက အန္တရာယ်ထဲ ကျရောက်သွားပြီ။ ကျောက်ရဲ့ ထူးချွန်တဲ့ စစ်သေနာပတိချုပ် သုံးယောက်ထဲက နှစ်ယောက်က သေသွားပြီ။ လီမုတစ်ယောက်ပဲ ကျန်တော့တယ်။ "
" ကျောက်ရဲ့ တိုက်နယ်မြေမှာရှိတဲ့ နယ်စပ်စောင့်စစ်တပ်နဲ့ လီမုက ချင်စစ်တပ်ကို တက်ပဲ တားဆီးနိုင်ပါ့မလား။ "
" နှုတ်ခမ်းမရှိရင် သွားတွေ အေးသွားလိမ့်မယ်။ တကယ်လို့ ကျောက်သာ ကျဆုံးသွားရင် ငါတို့ ဝေကလည်း အန္တရာယ်ရှိလာလိမ့်မယ်။ "
ယခုအချိန်တွင် ဝေအရာရှိများက စိုးရိမ်မှုများဖြင့် ပြည့်နှက်နေသည်။ သူတို့က ကျောက်နိုင်ငံပျက်စီးပြီး ချင်စစ်တပ်က ဝေနိုင်ငံကို လာရောက်တိုက်ခိုက်မည့်နေ့ကို ကြိုမြင်နေကြသည်။ ၎င်းက ရှောင်လွှဲ၍ ရနိုင်မည့်ပုံမပေါ်ပေ။
သူတို့သာမက ပလ္လင်ပေါ်မှ ဝေဘုရင်ကိုယ်တိုင်ကလည်း ထိုသို့ပင် ခံစားနေရသည်။ သူ၏ မျက်နှာက စိုးရိမ်မှုများဖြင့် ပြည့်နှက်နေပြီး ဝေဝူကျိကို ကြည့်လိုက်သည်။
" ဦးရီးတော်...." ဝေဘုရင်၏ အသံက စိုးရိမ်ထိတ်လန့်နေသည်။ " ဒီလိုအခြေအနေမျိုးမှာ ကျုပ်တို့ရဲ့ ဝေက ဘာလုပ်သင့်လဲ။
ဝေဝူကျိက ဖြည်းညင်းစွာ ရှေ့တိုးလာပြီး သူ၏ အိုမင်းနေသော မျက်နှာပေါ်တွင် ပင်ပန်းနွမ်းနယ်မှုများ ပေါ်လွင်နေသည်။
" ချင်က ကျောက်ကို ဖျက်ဆီးနေတဲ့ အရှိန်အဟုန်က အခုဆို လုံးဝ တားဆီးလို့မရတော့ဘူး။ ကျွန်တော်မျိုးတို့ ဝေနိုင်ငံက အနာဂတ်မှာ ရှင်သန်နိုင်ဖို့ဆိုရင် ပြင်ပအကူအညီနဲ့မှ ရတော့မယ်။ " ဝေဝူကျိက ဖြည်းညင်းစွာ ပြောလိုက်သည်။
" ငါတို့ဝေက အခု ဘယ်ကအကူအညီကို သွားတောင်းမှာလဲ။ " ဝေဘုရင်က ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
" ချူနိုင်ငံပဲ။ " ဝေဝူကျိက ကျယ်လောင်စွာ ပြောလိုက်သည်။
" ချူဆိုတာ နန်မန်လူရိုင်းတွေရဲ့ နိုင်ငံပဲ။ သူတို့က အင်အားကြီးတယ်ဆိုပေမယ့် ငါတို့ဝေကို တကယ်ကူညီနိုင်ပါ့မလား။ " ဝေဘုရင်က စိုးရိမ်တကြီး မေးလိုက်သည်။
" ကျွန်တော်မျိုးကို ချူနိုင်ငံဆီ သံတမန်အဖြစ် သွားခွင့်ပြုဖို့ တောင်းဆိုပါတယ်။ အရှင်မင်းကြီး ခွင့်ပြုပေးပါ။ " ဝေဝူကျိက ပြောလိုက်သည်။
" ခွင့်ပြုတယ်။ " ဝေဘုရင်က မဆိုင်းမတွ သဘောတူလိုက်သည်။
ကျောက်မြို့တော် ကျဆုံးသွားသည့်သတင်းက နယ်မြေအနှံ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။ အခြားနိုင်ငံများကလည်း ထိုသတင်းကြောင့် အကြီးအကျယ် တုန်လှုပ်သွားကြသည်။
ဟန်တန်မြို့။
ကုသရေးစခန်းအတွင်း၌ အစေခံတစ်ယောက်က ဆရာချန်ထံသို့ ရောက်လာသည်။ " ဆရာ လူတစ်ယောက်က ဆရာနဲ့ လာတွေ့ပါတယ်။ "
" ဧည့်သည်မတွေ့နိုင်သေးဘူး။ ဒဏ်ရာရနဲ့သူတွေ အရမ်းများနေတယ်။ ဘာကိစ္စဖြစ်ဖြစ် နောက်မှဆွေးနွေးလို့ရတယ်။ " ဆရာချန်က ချက်ချင်း ပြောလိုက်သည်။
သူက စစ်သားတစ်ယောက်၏ ဒဏ်ရာမှ မြားကို ထုတ်ပြီး သန့်စင်ရန် အရက်ပြင်းကို အသုံးပြုနေသဖြင့် လက်ပင်မအားပေ။ ယခုအခါ ကုသရေးစခန်းတွင် အသုံးပြုနေသော အရက်က ချင်မှဝယ်ယူထားသော အမျိုးအစားမဟုတ်ဘဲ အင်မော်တယ်ဝိုင်ခန်းမမှ အရက်ပြင်းများဖြစ်သည်။
စမ်းသပ်မှုများစွာ ပြုလုပ်ပြီးနောက် အင်မော်တယ်ဝိုင်ခန်းမမှ အရက်က ချင်တွင် ချက်လုပ်ထားသော အက်ထက် ပိုပြင်းပြီး ပိုးသတ်ရာတွင် ပိုမိုကောင်းမွန်သော အာနိသင်ရှိသောကြောင့် ကုသရာတွင် အသုံးပြုနေခြင်း ဖြစ်သည်။
" ဒါပေမယ့် လာတွေ့တဲ့သူက ဆရာရဲ့ ဆရာလို့ပြောပါတယ်။ "
" ဆရာလား..." ဆရာချန်က အံ့အားသင့်သွားပြီး စခန်းဝင်ပေါက်သို့ လှည့်ကြည့်လိုက်သည်။
ထိုနေရာတွင် အဘိုးအိုတစ်ယောက်က လက်နှစ်ဖက်နောက်ပစ်၍ တိတ်ဆိတ်စွာ ရပ်နေသည်။
" တစ်ယောက်ယောက် ငါနေရာမှလာပြီး တာဝန်ယူပေးပါဦး။ " ဆရာချန်က အတီးမှ တစ်ယောက်ကို ပြောလိုက်သည်။
ဆရာချန်က ရှဝူချယ်ဆီသို့ လျှောက်သွားပြီး သူ၏ ရှေ့တွင် ဒူးထောက်လိုက်သည်။ " ဆရာကို တပည့် ဂါရဝပြုပါတယ်။ "
" ထပါ။ " ရှဝူချယ်က ပြုံး၍ ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် ဆရာ။ " ဆရာချန်က ထရပ်လိုက်သည်။ " ဆရာရောက်လာတာ တပည့်မသိလိုက်ဘူး။ တပည့်ကို ခွင့်လွှတ်ပေးပါ။ "
ကုသရေးစခန်းတွင် ဆရာချန်က စည်းကမ်းတင်းကျပ်သူတစ်ယောက် ဖြစ်သော်လည်း ရှဝူချယ်ရှေ့တွင်မူ ကလေးတစ်ယောက်ကဲ့သို့ ရပ်နေသည်။
" ငါက အစောကမှ ရောက်လာတာပါ။ ဒီလိုအခမ်းအနားတွေ လုပ်နေဖို့ မလိုဘူး။ ပြီးတော့ ငါက အရှင်မင်းကြီးနဲ့အတူ လိုက်လာတာဆိုတော့ ငါဒီမှာ ရှိတာကို ဘယ်သူမှမသိကြဘူး။ " ရှဝူချယ်က ပြုံး၍ ပြောလိုက်သည်။
" တကည့်က ဆရာနဲ့ မတွေ့ရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ " ဆရာချန်က ရိုသေစွာ ပြောလိုက်သည်။
" နိုင်ငံအတွက် ဆေးကုသပေးနေတာက မြင့်မြတ်တဲ့အလုပ်ပဲ။ မင်းရဲ့ တရာဖြစ်တဲ့ငါက မင်းကို ဘယ်လိုလုပ် အနှောက်အယှက်ပေးရမှာလဲ။ " ရှဝူချယ်က ပြုံးလိုက်သည်။
ထိုအချိန်တွင် ကုသရေးစခန်းအတွင်းမှ ကျောက်ဖုန်း၏ အသံက ထွက်ပေါ်လာသည်။ " ဆရာချန် ဒဏ်ရာသန့်စင်ပေးပါဦး။ "
" ခဏလေးပါ။ " ဆရာချန်က ချက်ချင်း ပြန်ပြောလိုက်သည်။
ရှဝူချယ်က အနည်းငယ် အံ့အားသင့်သွားသည်။ " ငါတပည့်တွေထဲမှာ ဒီတစ်ယောက်က စိတ်အဆိုးဆုံးပဲ။ ဒါကို စခန်းထဲက တစ်ယောက်ယောက်က သူ့ကို ခေါ်ပြီး ခိုင်းနေတာလား။ ပြီးတော့ သူက ချက်ချင်းတောင် ပြန်ထူးလိုက်သေးတယ်။ "
ရှဝူချယ်က စခန်းအတွင်းသို့ လှမ်းကြည့်လိုက်သည်။ စစ်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်က လူငယ်တစ်ယောက်က ဓားငယ်လေးတစ်ခုဖြင့် ဒဏ်ရာရစစ်သည်တစ်ယောက်ကို ကုသပေးနေသည်။ သူဖြစ်နေတာလား။ ရှဝူချယ်က ထိုလူငယ်မှ မည်သူဖြစ်သည်ကို သ်ရှိသွားပြီး သူ၏ အိုမင်းသော မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
" ဆရာ အဲ့ဒါ စစ်သူကြီးကျောက်ဖုန်းပါ။ ဒဏ်ရာချုပ်တဲ့ပညာနဲ့ အရက်နဲ့ ပိုးသတ်တဲ့ နည်းလမ်းနှစ်ခုလုံးကို သူဖန်တီးခဲ့တာပါ။ " ဆရာချန်က ရှင်းပြလိုက်သည်။ " ဟန်တန်မြို့တိုက်ပွဲ ပြီးသွားပြီဆိုတော့ စစ်သူကြီးကျောက်က ကုသရေးစခန်းကို လာပြီး ကူညီပေးနေတာပါ။ "