အခန်း (၂၁၅)
Vol. 22 Ch. 215
" မင်း ငါ့ကို အဲ့ဒီဆေးပညာအကြောင်း ပြောကတည်းက ကျောက်ဖုန်းကို ငါစိတ်ဝင်စားနေခဲ့တာ။ အခု သူ ဒီမှာရှိနေမှတော့ အသူ့ကို တွေ့ကြတာပေါ့။ " ရှဝူချယ်က ပြောလိုက်ပြီး စခန်းအတွင်းရှိ ကျောက်ဖုန်းဆီသို့ လျှောက်သွားသည်။
ဆရာချန်က စကားပြောရန် ပြင်လိုက်သော်လည်း ရှဝူချယ်က လက်မြှောက်ပြီး တိတ်တိတ်နေရန် အချက်ပြလိုက်သည်။ သူက ဓားကို ကျွမ်းကျင်စွာ ကိုင်တွယ်နေသော ကျောက်ဖုန်း၏ လက်များဆီသို့ အကြည့်ရောက်သွားသည်။
ကျောက်ဖုန်းက ဓားငယ်လေးကို မီးထဲတွင် ကျွမ်းကျင်စွာ ပိုးသတ်လိုက်သည်ကိုလည်းကောင်း ဒဏ်ရာကို သန့်စင်ရန် အရက်ပြင်းကို အသုံးပြုလိုက်သည်ကိုလည်းကောင်း ကြည့်နေခဲ့သည်။ သူက စစ်သား၏ ခန္ဓာကိုယ်ထဲမှ စိုက်ဝင်နေသော မြားခေါင်းကို ထုတ်ယူလိုက်ပြီး ဒဏ်ရာကို ကျွမ်းကျင်စွာ ပြန်ချုပ်ပေးလိုက်သည်။
" ဒါက ဒဏ်ရာချုပ်တဲ့ပညာ၊ ပြီးတော့ မီးနဲ့ အရက်ကို သုံးပြီး ပိုးသတ်တာ။ ဒါတွေအားလုံးက ငါတစ်ခါမှမကြားဖူးတဲ့ ဆေးပညာတွေပဲ။ မျိုးဆက်တိုင်းမှာ ထူးချွန်တဲ့ ပါရမီရှင်တွေ ထွက်ပေါ်လာကြတာ အမှန်ပဲ။ ဆေးပညာကလည်း တစ်ဆင့်ချင်းစီ တိုးတက်ပြောင်းလဲနေတယ်။ "
ကျောက်ဖုန်းက စစ်သားကို ကုသပေးပြီးနောက် ဆေးထည့်ပေးကာ ပြေလိုက်သည်။ " မြားခေါင်းတော့ ထွက်သွားပြီ။ သွေးလည်း တိတ်သွားပြီ။ အရက်တစ်ငုံလောက်သောက်ပြီး အနားယူလိုက်။ "
" ကျေး ကျေးဇူးတင်ပါတယ် စစ်သူကြီး။ " စစ်သားက ကျေးဇူးတင်စကားပြောပြီး ထရပ်ရန် ကြိုးစားလိုက်သည်။
" မလှုပ်ရှားနဲ့။ အနားယူလိုက်ပါဦး။ " ကျောက်ဖုန်းက သူ့ကို ပြန်အိပ်ခိုင်းလိုက်သည်။
" စစ်သူကြီးရဲ့ ကျေးဇူးကို တစ်သက်လုံး မေ့မှာမဟုတ်ပါဘူး။ " စစ်သားက အလွန်ကျေးဇူးတင်စွာ ပြောလိုက်သည်။
ကျောက်ဖုန်းက ပြုံးပြီး နောက်သို့ လှည့်လိုက်သည်။ သူ၏ နောက်တွင် ရှဝူချယ်ကို မြင်လိုက်ရသောအခါ သူက မှင်သက်သွားသည်။
ရှဝူချယ်ကလည်း သတိပြန်ဝင်လာပြီး ကျောက်ဖုန်းနှင့် အကြည့်ချင်းဆုံသွားသည်။ သူက ကျောက်ဖုန်းကို မြင်လိုက်ရချိန်တွင် သူ၏ စိတ်က ပြင်းထန်စွာ တုန်လှုပ်သွားရသည်။
" ဆရာ ဒါက စစ်သူကြီးကျောက်ဖုန်းပါ။ သူသာ ဒီစစ်ဝတ်စုံကို ဝတ်မထားဘူးဆိုရင် သူက ချင်စစ်တပ်မှာ အထူးချွန်ဆုံး စစ်သူကြီးတစ်ယောက်ဖြစ်လိမ့်မယ်လို့ ဆရာ ဘယ်တော့မှ ခန့်မှန်းမိမှာ မဟုတ်ဘူး။ " ဆရာချန်က ပြုံး၍ ပြောလိုက်သည်။
သို့သော် ရှဝူချယ်မှာမူ သူ၏ အတွေးထဲတွင် နစ်မြှုနေသကဲ့သို့ မိန်းမောတွေဝေနေသည်။
" သမားတော်ရှ ကျွန်တော် ဆရာကြီးရဲ့ ကျော်ကြားမှုကို ကြားဖူးပြီး လေးစားနေတာကြာပါပြီ။ " ကျောက်ဖုန်းက ရှဝူချယ်ကို အရိုအသေပေးပြီး နှုတ်ဆက်လိုက်သည်။
သို့သော် ရှဝူချယ်ကတော့ အတွေးထဲတွင် ပျောက်ဆုံးနေပြီး မိန်းမောတွေဝေနေဆဲ ဖြစ်သည်။ ဘေးတွင် ရပ်နေသော ဆရာချန်က တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိထားမိသွားသည်။
" ဆရာ ဆရာ...."
ရှဝူချယ်က နောက်ဆုံးတွင် သူ၏ အတွေးများထဲတွင် ရုန်းထွက်နိုင်ခဲ့သည်။
" အော် အင်း..." ရှဝူချယ်က စိတ်ကို ပြန်လည်စုစည်းပြီး ပြုံးလိုက်သည်။ " တောင်းပန်ပါတယ်။ ငါရိုင်းပျသွားတယ်။ စစ်သူကြီးကျောက်နဲ့ တွေ့ရတာ ဝမ်းသာပါတယ်။ "
" သမားတော်ရှရဲ့ ကျော်ကြားမှုကို ကြားဖူးနေတာကြာပါပြီ။ ဒီနေ့ ဆရာကြီးကို တွေ့ရတာဟာ ကျွန်တော်ရဲ့ ဆန္ဒတစ်ခု ပြည့ဝသွားတာပါပဲ။ " ကျောက်ဖုန်းက ယဉ်ကျေးစွာ ပြန်ပြောလိုက်သည်။
" စစ်သူကြီးကျောက်က အားနာစရာတွေ ပြောနေပြန်ပါပြီ။ တကယ်တော့ ငါကလည်း စစ်သူကြီးကျောက်ရဲ့ နာမည်ကို ကြားဖူးနေတာကြာပါပြီ။ ဒီနေ့ တွေ့ရတာ ငါ့ရဲ့ ဆန္ဒတစ်ခု ပြည့်ဝသွားတာပဲ။ ဆရာချန်ဆီကနေ ဒဏ်ရာချုပ်တဲ့ပညာနဲ့ ပိုးသတ်တဲ့နည်းလမ်းတွေအကြောင်း ပထမဆုံးကြားတုန်းက တကယ်ကို အံ့ဩသွားခဲ့ရတယ်။ " ရှဝူချယ်က ရယ်မောပြီး ပြောလိုက်သည်။
" အဲ့ဒါက ကံကောင်းလို့ သိခဲ့ရတဲ့ အရာတစ်ခုပါ။ " ကျောက်ဖုန်းက နှိမ့်ချစွာ ပြန်ပြောလိုက်သည်။
" စစ်သူကြီးက နှိမ့်ချတတ်တဲ့သူတစ်ယောက်လို့ ကြားဖူးပါတယ်။ ဒီနေ့ ကိုယ်တိုင်တွေ့ရတော့ တကယ်ဖြစ်နေတာပဲ။ " ရှဝူချယ်က ပြောလိုက်သည်။
" သမားတော်ရှက ကျွန်တော်ကို ချီးကျူးလွန်းနေပါပြီ။ ဒီနေရာက စကားပြောလို့ကောင်းတဲ့နေရာမဟုတ်ဘူး။ " ကျောက်ဖုန်းက ယဉ်ကျေးစွာ ပြောလိုက်သည်။ " ကုသပေးဖို့ လိုအပ်နေတဲ့ ဒဏ်ရာရစစ်သည်တွေ အများကြီး ရှိပါသေးတယ်။ ဒါကြောင့် ကျွန်တော် သူတို့ကို အရင်သွားကြည့်လိုက်ပါဦးမယ်။ အခြေအနေတွေ တည်ငြိမ်သွားရင် ကျွန်တော် ဆရာကြီးနဲ့ ဆေးပညာအကြောင်း အေးအေးဆေးဆေး ဆွေးနွေးချင်ပါသေးတယ်။ "
ထို့နောက် သူက နောက်ထပ် စစ်သားတစ်ယောက်ကို ကုသရန် လှည့်ထွက်သွားသည်။ ရှဝူချယ်က ချင်နိုင်ငံတွင် အဆင့်အမြင့်ဆုံးသမားတော်ကြီးဖြစ်သည်။ တရားဝင်မဟုတ်သော သမိုင်းမှတ်တမ်းများအရ သူက ချင်ရှီဟွမ်နှင့် ထူးခြားသော ဆက်ဆံရေးရှိပုံရသည်။
သို့သော် ကျောက်ဖုန်းက ထိုအရာကို အထူးတလည် ဂရုစိုက်နေမည်မဟုတ်ပေ။ သူ၏ လက်ရှိစွမ်းအားနှင့် နေရာအရ အထက်လူကြီးများကို ဖားယားနေရန် မလိုအပ်ပေ။ သူက သူ၏လမ်းကို သူ၏ ဓားဖြင့်သာ ဖောက်လုပ်မည်ဖြစ်သည်။
" မင်းရဲ့ အလုပ်ကို ဆက်လုပ်ပါ။ " ရှဝူချယ်က ပြောလိုက်ပြီး သူ၏ မျက်နှာပေါ်တွင် အတွေးနက်သော အမူအရာ ပေါ်လာသည်။
" ဆရာ အစောက ဘာဖြစ်တာလဲ။ တစ်ခုခုဖြစ်လို့လား။ " ဆရာချန်က မေးလိုက်သည်။ သူက ရှဝူချယ်၏ အမူအရာကို သတိထားမိလေသည်။
" ဘာမှမဟုတ်ပါဘူး။ " ရှဝူချယ်က ဖြည်းညင်းစွာ ပြောလိုက်သည်။ " မင်းလုပ်စရာရှိတာ ဆက်လုပ်ပါ။ ပြီးတော့ ငါ့အတွက် ခွဲစိတ်ဓားအချို့ ပြင်ပေးထားဦး။ ဒဏ်ရာရသူတွေ များတော့ ငါလည်း ကူညီပေးရမှာပေါ့။ "
" ဆရာသာကူညီပေးရင် ဒဏ်ရာရစစ်သည်တွေ အများကြီး ပိုအသက်ရှင်နိုင်မှာပါ။ " ဆရာချန်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ ထို့နောက် သူက ရှဝူချယ်အတွက် ပစ္စည်းများ ယူပေးရန် ထွက်ခွာသွားသည်။
ရှဝူချယ်၏ အကြည့်များက ကျောက်ဖုန်းဆီတွင်သာ ရှိနေပြီး သူ၏ မျက်နှာပေါ်တွင် အတွေးနက်ခြင်း၊ စိုးရိမ်ခြင်းများ ရောထွေးနေသည်။
" တူလွန်းတယ်။ ခုနက အကြည့်တစ်ချက်က တုန်အာနဲ့ တကယ်တူလွန်းတယ်။ ဟူး... ဒီလိုလူပင်လယ်ကြီးထဲမှာ တုန်အာရဲ့ မျက်လုံးတွေနဲ့ တူလွန်းတဲ့ လူတစ်ယောက်ကို တွေ့ဖို့ဆိုတာ....ဒါက တကယ်ကို တိုက်ဆိုင်လွန်းတယ်။ ငါကပဲ တုန်အာကို သတိရလွန်းနေလို့များလား။ " ရှဝူချယ်၏ မျက်လုံးများထဲမှ အနက်ရှိုင်းဆုံးတွင် ဝမ်းနည်းမှုအရိပ်အယောင်များ ကိန်းအောင်းနေသည်။
အချိန်များက လျင်မြန်စွာ ကုန်ဆုံးလာပြီး ညအချိန်သို့ ရောက်လာသည်။ ကျောက်ဖုန်းက တစ်နေကုန် အလုပ်ရှုပ်နေခဲ့ပြီး ဆရာချန်က သူ့ဆီသို့ ရောက်လာခဲ့သည်။
" စစ်သူကြီးကျောက် အခုတော့ အနားယူလိုက်ပါဦး။ ဒဏ်ရာပြင်းထန်တဲ့သူ အများစုကို ကုသပြီးသွားပြီ။ ကျန်တာတွေကို ဆက်လုပ်ဖို့ အခြားလူတွေကို ငါစီစဉ်ထားပြီးပြီ။ ဒီညတော့ အနားယူလိုက်ပြီး မနက်ဖြန်မှ ပြန်လာခဲ့ပါ။ "
" ရပါတယ်။ ခဏလောက် အနယူပြီး ဆက်လုပ်လို့ရပါတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" စစ်သူကြီးကျောက် မင်းက စစ်မြေပြင်ကနေ ပြန်လာကာစပဲ ရှိသေးတယ်။ " ဆရာချန်က ပြုံး၍ ပြောလိုက်သည်။ " မင်းက ဟန်တန်ကို ထိုးဖောက်ခဲ့တဲ့ ရှေ့တန်းစစ်တပ်ကို ဦးတောင်ခဲ့ပြီး ရက်ပေါင်းများစွာ မနားမနေ တိုက်ခိုက်ခဲ့ရတယ်လို့ ငါကြားတယ်။ မင်းက ချင်ရဲ့ ထူးချွန်တဲ့ စစ်သူကြီးတစ်ယောက်ပဲ။ ကိုယ့်ကိုကိုယ် အရမ်းပင်ပန်းမခံသင့်ဘူး။ မဟုတ်ရင် စစ်သေနာပတိချုပ် ဝမ်ကျန့်က ငါ့ကို အပြစ်တင်နေလိမ့်မယ်။ "
" စစ်မြေပြင်နဲ့ယှဉ်ရင် ဒီလောက်ပင်ပန်းတာက ဘာမှမဟုတ်ပါဘူး။ " ကျောက်ဖုန်းက လက်ကို ဆေးကြောပြီး ဆရာချန်ကို ကြည့်လိုက်သည်။
" ကောင်းပြီ ကောင်းပြီ။ ငါလည်း မင်းကို ထပ်ပြီး နားမချတော့ဘူး။ " ဆရာချန်က ရယ်လိုက်သည်။ " ဒီမှာ မင်းအတွက် အကောင်းဆုံး အရက်တစ်အိုး ယူဘာပေးတယ်။ ဒါက အင်မော်တယ်ဝိုင်အရက်ပဲ။ နန်းတော်ထဲက တော်ဝင်အရက်ထက်တောင် ပိုကောင်းသေးတယ်။ ဒါလေးသောက်ပြီး ခဏလောက် အနားယူလိုက်ဦး။ "
သူက အရက်အိုးတစ်လုံးကို ကျောက်ဖုန်းထံသို့ ကမ်းပေးလိုက်သည်။ သူက ကျောက်ဖုန်းအတွက် အထူးပြင်ဆင်ပေးထားသည်မှာ ထင်ရှားသည်။ သူက သူ၏ ရဲဘော်ရဲဘက်များကို ကုသပေးရန် ရောက်လာခြင်းဖြစ်သော်လည်း သူ၏ ကြိုးစားမှုများက ဆရာချန်အတွက် ကြီးမားသော အကူအညီဖြစ်စေခဲ့သည်။
ကျောက်ဖုန်းတစ်ယောက်တည်းက စစ်ဘက်ဆိုင်ရာ သမားတော် ဆယ်ယောက်ကျော်နှင့် ညီမျှသောကြောင့် ဒဏ်ရာရစစ်သည်အများအပြားကို ပိုမိုကယ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။
ကျောက်ဖုန်းက ငြင်းဆန်ခြင်းမပြုခဲ့ပေ။ သူက အရက်အိုးကို ယူကာ ကုသရေးစခန်း၏ အပြင်ဘက်သို့ ထွက်လာပြီး နေရာတစ်ခုရှာကာ ထိုင်လိုက်သည်။ သူထိုင်လိုက်သည်နှင့် ကျန်းမင်က သူ၏ အနီးသို့ ရောက်လာသည်။
" အရှင် "
" ဘာကိစ္စလဲ။ " ကျောက်ဖုန်းက အရက်တစ်ငုံသောက်ပြီး မေးလိုက်သည်။
" ကျွန်တော်တို့ ဌာနချုပ်က သတင်းစကားတစ်ခု ရောက်လာပါတယ်။ ဟိုလူနှစ်ယောက်က ဆူညံဆူညံလုပ်နေပြီး အရှင်နဲ့ တွေ့ဖို့ အတင်းတောင်းဆိုနေပါတယ်။ " ကျန်းမင်က ရိုသေစွာ ပြောလိုက်သည်။
" သူတို့ကို ပစ်ထားလိုက်။ " ကျောက်ဖုန်းက ပြောလိုက်သည်။ " သူတို့ကို သွားလာဖို့ လွတ်လပ်ခွင့်နည်းနည်းပေးထားလိုက်။ ဒါပေမယ့် ဌာနချုပ်ကနေ ထွက်သွားလို့တော့မရဘူး။ တကယ်လို့ ထွက်သွားဖို့ အတင်းအကျပ် ကြိုးစားရင် သတ်ပစ်လိုက်။ "
" နားလည်ပါပြီ။ " ကျန်းမင်းက ခေါင်းညိမ့်လိုက်သည်။
ထိုအချိန်တွင် ရှဝူချယ်က သူ၏ လက်များကို သုတ်ရင် လျှောက်လာခဲ့သည်။
" မင်းသွားလို့ရပြီ။ " ကျောက်ဖုန်းက လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။
" ဒါဆို ကျွန်တော် သွားလိုက်ပါဦးမယ်။ " ကျန်းမင်က ချက်ချင်း ထွက်သွားသည်။
ရှဝူချယ်က ဖြည်းညင်းစွာ လျှောက်လာပြီး ကျောက်ဖုန်းကို ပြုံးပြလိုက်သည်။
" ဒီနေ့ မင်းရဲ့ နည်းစနစ်တွေကို စမ်းသုံးကြည့်တာ တကယ်ကို ကောင်းမွန်တာပဲ။ တကယ်လို့ ဒီနည်းစနစ်တွေကိုသာ လက်ဆင့်ကမ်းသွားရင် လူပေါင်းများစွာကို ကယ်တင်နိုင်လိမ့်မယ်။ ဒါက ကမ္ဘာကြီးကို ပြောင်းလဲစေနိုင်မယ့် ထောက်ပံ့မှုတစ်ခုပဲ။ "
" သမားတော်ရှရဲ့ ဆေးပညာကသာ တကယ်ကို ကောင်းမွန်တာပါ။ သမားတော်ရှရဲ့ ပါရမီက ပိုပြီးတော့တောင် အံ့ဩစရာကောင်းသေးတယ်။ တစ်ရက်တည်းနဲ့ ဒီနည်းစနစ်တွေကို တတ်မြောက်သွားတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြန်ပြောလိုက်သည်။