အခန်း (၂၁၈)
Vol. 22 Ch. 218
" ကျောက်ယိက တိုက်နယ်မြေကို ထွက်ပြေးသွားပြီ။ သူက အဲ့ဒီက စစ်သူကြီးတွေရဲ့ ထောက်ခံမှုကို ရထားသလို သူ့နောက်က လိုက်လာတဲ့ ကျောက်အရာရှိတွေကလည်း သူ့ကို ဘုရင်အဖြစ် တင်မြှောက်ထားကြတယ်။ ဒါပေမယ့် မင်းနဲ့မတူအောင်လို့ သူက ကျောက်ဘုရင်ဘွဲ့ကို မယူထားဘူး။ "
" အဲ့ဒီအစား သူက သူ့ကိုသူ တိုက်ဘုရင်လို့ ခေါ်ပြီး နန်းတက်ပွဲတောင် ကျင်ပပြီးသွားပြီ။ တိုက်နယ်မြေက စစ်သည်နှစ်သိန်းကိုလည်း သူထိန်းချုပ်ထားပြီးပြီ။ သူ့ရဲ့ နန်းတက်မှုက တကယ်ကို တရားဝင်တယ်။ မတရားလုယူထားတဲ့ မင်းထက်တော့ အများကြီး ပိုသာတယ်။ " ရင်ကျန့်က လှောင်ပြောင်လိုက်သည်။
ကျောက်ယန်ကို နာကျင်အောင် လုပ်နိုင်သရွေ့ ရင်ကျန့်က ကျေနပ်လေသည်။ ခေတ်အဆက်ဆက် ထင်ရှားမည့် ဧကရာဇ်တစ်ပါး ဖြစ်သော်လည်း လူသားဆန်သော နှလုံးသားနှင့် ခံစားချက်များရှိနေသည့် လူတစ်ယောက်သာ ဖြစ်သည်။ ရန်သူတစ်ယောက် ရှေ့တွင် ရှိနေပါလျက် မနှိပ်စက်ဘဲ ထားရအောင် သူက သူတော်စင်တစ်ပါးမဟုတ်ပေ။
" ရင်ကျန့် ငါ့ကို သတ်လိုက်စမ်းပါ။ ငါ့ကို သတ်လိုက်။ ငါ ဒါကို လက်မခံနိုင်ဘူး။ ဒီလိုကံကြမ္မာမျိုးကို ငါလက်မခံနိုင်ဘူး။ " ကျောက်ယန်က ရူးသွပ်စွာ အော်ဟစ်နေသည်။ ယခုအခါ သူ၏ စိတ်ဓာတ်က လုံးဝ ပြိုလဲသွားပြီဖြစ်သည်။
ရင်ကျန့်၏ စကားများက သူ၏ နောက်ဆုံးခုခံမှုကို ဖျက်ဆီးပစ်ခဲ့သည်။ သူ၏ အကြီးမားဆုံး ဂုဏ်ယူမှုဖြစ်သော ပလ္လင်ကို သိမ်းပိုက်ခြင်းကလည်း ဟာသတစ်ခုအနေဖြင့် ဖော်ထုတ်ခြင်း ခံလိုက်ရသည်။ အားလုံးက ရင်ကျန့်၏ ကြိုးကိုင်မှုအောက်တွင် ရှိနေသည်။
" ငါမင်းကို မသတ်ဘူးလို့ ပြောခဲ့တယ်။ တကယ်လည်း မသတ်ဘူး။ " ရင်ကျန့်က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ " သူ့ကို ခေါ်သွားပြီး သေချာ စောင့်ကြပ်ထားလိုက် မသေစေနဲ့။ "
ရင်ကျန့်က လက်ဝှေ့ရမ်းလိုက်သည်နှင့် တော်ဝင်အစောင့်များက ကျောက်ယန်ကို ခေါ်ထုတ်သွားကြသည်။
" ဆရာရဲ့ တပည့်က ဆရာသင်ပေးခဲ့တာတွေကို အပြည့်အဝ တတ်မြောက်သွားပြီ။ ဘုရင်အာဏာနဲ့ နိုင်ငံရေးပရိယာယ်တွေ။ ဆရာရဲ့ တပည့်က ဆရာသင်ပေးခဲ့တာတွေကို သုံးပြီး ဟွာရှကို တစ်သားတည်းဖြစ်အောင် စုစည်းပါမယ်။ ဒီနယ်မြေကို စုစည်းပြီးသွားရင် ဆရာကို မာချင်ရဲ့ ဆရာသခင်ဆိုတဲ့ ဘွဲ့ကို ချီးမြှင့်ပေးမယ်။ ဆရာရဲ့ နာမည်ကို တစ်ကမ္ဘာလုံး သိစေရမယ်။ " ရင်ကျန့်က အုတ်ဂူရှေ့တွင် ကတိပြုလိုက်သည်။
ထို့နောက် သူက နောက်သို့ လှည့်ကြည့်လိုက်သည်။ သူ၏ အကြည့်က ဝမ်ကျန့်ကို ဖြတ်ကျော်သွားပြီး ဝမ်ပင်းကို တစ်ချက်ကြည့်ကာ နောက်ဆုံး ကျောက်ဖုန်းဆီတွင် ရပ်တန့်သွားသည်။
" စစ်သူကြီးကျောက် ငါနဲ့အတူ လမ်းလျှောက်ဖို့ လိုက်ခဲ့မလား။ " ရင်ကျန့် ပြုံး၍ မေးလိုက်သည်။
" အမိန့်အတိုင်းပါ။ " ကျောက်ဖုန်းက ငြင်းဆန်ခြင်းမရှိပေ။
ရင်ကျန့်က တစ်ဖက်သို့ အေးအေးဆေးဆေး လမ်းလျှောက်သွားပြီး ကျောက်ဖုန်းက နောက်မှ လိုက်ပါသွားသည်။ သူတို့က တောင်ပေါ်တစ်နေရာသို့ ဦးတည်သွားကြသည်။
ဝမ်ကျန့်နှင့် ဝမ်ပင်းတို့က ထိုနေရာတွင် ရပ်ပြီး ထွက်သွားသော ပုံရိပ်နှစ်ခုကို ကြည့်နေကြသည်။ ထိုအချိန်တွင် ဝမ်ပင်းက တစ်စုံတစ်ခုကို သတိပြုမိသွားသည်။
" အဖေ "
" ပြောစရာရှိတာ ပြောပါ။ " ဝမ်ကျန့်က ဝမ်ပင်းကို ကြည့်လိုက်သည်။
" အဖေ ကျောက်ဖုန်းက အရှင်မင်းကြီးနဲ့ တကယ်တူနေတယ်လို့ မခံစားရဘူးလား။ သူရဲ့ ဘေးတိုက်ပုံစံကို ကြည့်လိုက်ဦး။ အရှင်မင်းကြီးနဲ့ လုံးဝ တူနေတယ်။ " ဝမ်ပင်းက စနောက်သည့် လေသံနှင့် ပြောလိုက်သည်။
၎င်းကို ကြားသောအခါ ဝမ်ကျန့်က ဝမ်ပင်းကို ဒေါသတကြီး ကြည့်လိုက်သည်။ " မင်းရူးနေလား။ အရှင်မင်းကြီးနဲ့ ပက်သက်ပြီး ဒီလိုမျိုး လျှောက်ပြောနေတယ်။ မင်း အသတ်ခံချင်နေတာလား။ "
ဝမ်ကျန့်က ဆူပူလိုက်သော်လည်း သူ၏ အကြည့်ကို မထိန်းချုပ်နိုင်ပေ။ သူတို့၏ နေရာမှ ကြည့်လျှင် ရင်ကျန့်နှင့် ကျောက်ဖုန်းတို့၏ ဘေးတိုက်ပုံစံကိုသာ မြင်ရသည်။ ဝမ်ပင်းပြောလိုက်မှ သူတို့က အရမ်းအမောင်းသာမက မျက်နှာပေါက်များကလည်း ဆင်တူနေသည်ကို ဝမ်ကျန့်က တွေ့လိုက်ရသည်။
" တကယ်တူတာပဲ။ တကယ်လို့ အခြားသူတွေသာ သူတို့ကို တွေ့ရင် သားအဖတွေလို့ မှားယွင်းထင်ကြမှာ သေချာတယ်။ " ဝမ်ကျန့်က စိတ်ထဲမှ တွေးလိုက်ပြီး ထုတ်ပြောခြင်းမရှိပေ။
တောင်ပေါ်တွင် ရင်ကျန့်က ရှေ့မှ လျှောက်နေပြီး ကျောက်ဖုန်းက နောက်မှလိုက်တေသည်။ သူတို့က အတန်ကြာအောင် လမ်းလျှောက်နေကြသော်လည်း ဘယ်သူမှ သကားမပြောကြပေ။
" ချင်ဘုရင်က ဘာလို့ငါနဲ့ နှစ်ယောက်တည်း သွားချင်ရတာလဲ။ " ကျောက်ဖုန်းကလည်း စိတ်လှုပ်ရှားနေသည်။ " ကောင်းတာတစ်ခုခုဖြစ်မလား။ "
ထိုအချိန်တွင် ရင်ကျန့်က ရုတ်တရက် ရပ်လိုက်သည်။
" မင်းငါ့ကို ပြောစရာတစ်ခုခုမရှိဘူးလား။ " ရင်ကျန့်က ပြုံး၍ မေးလိုက်သည်။
" ဒါက..." ကျောက်ဖုန်းက ရင်ကျန့်ကို အလွန်လေးစားသော်လည်း အမှန်တကယ်ရင်ဆိုင်ရသောအခါ ဘာပြောရမှန်းမသိပေ။
၎င်းကို မြင်သောအခါ ရင်ကျန့်က ပြုံးလိုက်သည်။ သူက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး နေရာတစ်ခုတွင် ထိုင်လိုက်သည်။
" ထိုင်ပါဦး။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" အရှင်မင်းကြီး ထိုင်ပါ။ ကျွန်တော်မျိုး ရပ်နေပါမယ်။ " ကျောက်ဖုန်းက ပြန်ပြောလိုက်သည်။
" ငါ မင်းကို ထိုင်ခိုင်းရင် ထိုင်လိုက်ပါ။ " ရင်ကျန့်က ကျောက်ဖုန်းကို စိုက်ကြည့်လိုက်သည်။
ကျောက်ဖုန်းက ရွေးချယ်စရာမရှိတော့ဘဲ ရင်ကျန့်၏ ဘေးတွင် ထိုင်လိုက်သည်။
" မင်းက ခံစားချက်ပြင်းထန်တဲ့ လူတစ်ယောက်လို့ ငါကြားခဲ့ရတယ်။ တိုက်ပွဲတိုင်းမှာ မင်းက ရှေ့ကနေ ဦးဆောင်ပြီး တိုက်ခိုက်လေ့ရှိတယ်။ အဲ့ဒါ အမှန်ပဲလား။ "
" ဟုတ်ပါတယ်။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။
" စစ်သူကြီးတစ်ယောက်ရဲ့ ပထမဆုံး တာဝန်က စစ်တပ်ကို ကွပ်ကဲဖို့ပဲ။ မင်းက စစ်သည်တွေရှေ့ကနေ အတင်းတိုးဝင်တာက မိုက်မဲရာကျတယ်။ တကယ်လို့ ကွပ်ကဲတဲ့သူ ကျဆုံးသွားရင် စစ်ပွဲတစ်ခုလုံး ပြိုလဲသွားနိုင်တယ်။ ဒါကို မင်းမသိဘူးလား။ " ရင်ကျန့်က အပြစ်တင်သည့် လေသံနှင့် ပြောလိုက်သည်။
" အရှင်မင်းကြီး ကျွန်တော်မျိုးရဲ့ ကွပ်ကဲမှုနည်းစနစ်က အခြားသူတွေနဲ့ ကွဲပြားပါတယ်။ " ကျောက်ဖုန်းက ပြေညလိုက်သည်။ " ကျွန်တော်မျိုး ဦးဆောင်ရင် မြို့ကို သိမ်းပိုက်နိုင်ရမယ်။ မဟုတ်ရင် နောက်ဆုံးလူအထိ တိုက်ခိုက်ရမယ်။ ဆုတ်ခွာဖို့ဆိုတာ မရှိပါဘူး။ "
" ကျွန်တော်မျိုး ကွပ်ကဲမှုအောက်က စစ်သည်တွေက ကောင်းကင်ထိအောင် မြင့်မားတဲ့ စိတ်ဓာတ်တွေ ရှိနေကြပြီး သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက အခြားစစ်တပ်တွေထက် အများကြီး သာလွန်ပါတယ်။ ရှေ့တန်းကနေ တိုက်ခိုက်တာက သူတို့ရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်ပါတယ်။ ဟန်တန်ကို သိမ်းပိုက်နိုင်တာက အကောင်းဆုံးသာဓကပါပဲ။ " ကျောက်ဖုန်းက ပွင့်ပွင်းလင်းလင်း ပြန်ပြောလိုက်သည်။
"မင်းရဲ့ ဘေးကင်းမှုကိုရော ထည့်စဉ်းစားရဲ့လား။ ငါ့မှာ စစ်သည်သန်းချီရှိပေမယ့် တကယ်တော်တဲ့ စစ်သူကြီးက လက်တစ်ဆုပ်စာပဲရှိတယ်။ ပြီးတော့ မင်းက အဲ့ဒီထဲက တစ်ယောက်ပဲ။ " ရင်ကျန့်က ကျောက်ဖုန်း၏ ပခုံးကို ပုတ်ပြီး ပြောလိုက်သည်။
" ကျွန်တော်က ကိုယ့်အသက်ကို အရမ်းနှမြောတတ်သူပါ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။ " ကျွန်တော်မျိုး အသက် ၁၆နှစ်မှာ စစ်မှုထမ်းခဲ့ပြီး အခုအသက် ၂၀ နားကပ်နေပါပြီ။ အိမ်မှာ ပြုစုရမယ့် မိခင်ရှိသလို အိမ်ထောင်မပြုရသေးတဲ့ ညီမတစ်ယောက်လည်း ရှိပါတယ်။ ဒါ့အပြင် ကျွန်တော်မျိုးက အိမ်ထောင်မကျသေးပေမယ့် သားတစ်ယောက်နဲ့ သမီးတစ်ယောက်တောင် ရနေပါပြီ။ တကယ်လို့ ကျွန်တော်မျိုး သေဆုံးသွားရင် သူတို့ ဘယ်လိုဖြစ်သွားမလဲ။ "
" ချင်က ကမ္ဘာကြီးကို မစုစည်းနိုင်မချင်း ကျွန်တော်မျိုး အသက်ရှင်နေပါ့မယ်။ အဲ့ဒီနောက်မှာ အရှင်မင်းကြီးအတွက် ပိုင်ယွဲ့ကို သိမ်းပိုက်ဖို့ တောင်ဘက်ကို သွားပြီး တောင်ဘက်နယ်စပ်ကို စောင့်ရှောက်ပေးပါမယ်။ "
ကျောက်ဖုန်းက ထိုစကားများကို ရည်ရွယ်ချက်ရှိစွာ ပြောလိုက်ခြင်းဖြစ်သည်။ သူက သမိုင်းကို သိထားပြီး ထိုခေတ်ကာလကို ပြောင်းလဲရန် ခက်ခဲကြောင်း နားလည်ထားသည်။
ချင်ရှီဟွမ်က နှစ်တစ်ထောင်အတွင်း တစ်ယောက်သာ ထွက်ပေါ်နိုင်သော အုပ်ချုပ်သူတစ်ယောက် ဖြစ်သော်လည်း နောက်ဆုံးတွင် သူက သက်တမ်းတစ်ခုရှိသော လူသားတစ်ယောက်သာ ဖြစ်သည်။ သူ၏ သားတော်များက ချင်အင်ပါယာကို ထိန်းသိမ်းနိုင်စွမ်းမရှိပေ။
အကယ်၍ သမိုင်းအတိုင်းသာ ဖြစ်ခဲ့ပြီး ဟူဟိုက်က နန်းတက်ခဲ့လျှင် ချင်က ပြိုလဲသွားပေလိမ့်မည်။ ဖုစုက အာဏာရခဲ့ချှင်တောင် သူ၏ စွမ်းရည်များက ချင်အင်ပါယာကို ထိန်းထားရန် လုံလောက်မည်မဟုတ်ပေ။ ပြောရလျှင် ချင်၏ နိဂုံးက ရှောင်လွှဲ၍ မရပေ။
ကျောက်ဖုန်းက သူနှင့် သူ၏ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ရမည်ဖြစ်သည်။ ပိုင်ယွဲ့ကို သိမ်းပိုက်ပြီး တောင်ဘက်နယ်စပ်ကို စောင့်ရှောက်ခြင်းက သူရွေးချယ်ထားသော လမ်းစဖြစ်သည်။ သမိုင်းတွင် ကျောက်ထို့က နယ်မြေ၏ တစ်ထောင့်တစ်နေရာကို ရယူနိုင်ခဲ့သော်လည်း ကျောက်ဖုန်းက နယ်မြေတစ်ခုလုံးကို လွှမ်းမိုးရန် ရည်ရွယ်ထားသည်။
" ကောင်းပြီ။ ကမ္ဘာကြီးကို စုစည်းဖို့ မင်းငါ့ကို ကူညီပြီး ပိုင်ယွဲ့ကို သိမ်းပိုက်မယ့်နေကို ငါစောင့်နေမယ်။ တောင်ဘက်နယ်စပ်ကို စောင့်ရှောက်တာကတော့ တကယ်လို့ အဲ့ဒီနေ့တကယ်ရာက်လာခဲ့ရင် မင်းကို အဲ့ဒီနေရာမှာထားတာက မင်းရဲ့ ပါရမီတွေကို ဖြုန်းတီးပစ်သလို ဖြစ်နေလိမ့်မယ်။ " ရင်ကျန့်က ရယ်မောလိုက်သည်။ သူက ကျောက်ဖုန်းအပေါ် ကြီးမားသော မျှော်လင့်ချက်များ ထားနေသည်မှာ ထင်ရှားသည်။
" ဝေမြို့မှာ တိုက်ပွဲအလယ်က ဆုတ်ခွာသွားတဲ့ တပ်မှူးနှစ်ယာက်ကို မင်းမှတ်မိသေးလား။ " ရင်ကျန့်က ရုတ်တရက် မေးလိုက်သည်။
" သူတို့ကို ရှန်းယန်မြို့ကို ခေါ်သွားတာကလွဲရင် ကျွန်တော်မျိုး ဘာမှမသိပါဘူး။ " ကျောက်ဖုန်းက ရိုးသားစွာ ပြန်ဖြေလိုက်သည်။
" ငါ အဲ့ဒီကိစ္စကို ကိုယ်တိုင်စစ်ဆေးခဲ့တယ်။ " ရင်ကျန့်က ပြောလိုက်သည်။ " တိုက်ပွဲကနေ ဆုတ်ခွာခဲ့တယ်။ သူတို့ကြောင့် ဝေမြို့က ကျဆုံးလုနီးပါး ဖြစ်ခဲ့ရတယ်။ ဒီလိုရာဇဝတ်မှုမျိုးကို ခွင့်လွှတ်လို့မရဘူး။ သူတို့ရဲ့ ဘွဲ့ထူးနဲ့ ရာထူးတွေကို ရုတ်သိမ်းပြီး အကျဉ်းထောင်ထဲမှာ ကွပ်မျက်မယ့်နေ့ကို စောင့်ခိုင်းထားတယ်။ ဒါက င်းရဲ့ ဒေါသတွေကို ပြေလျော့စေသလား။ " ရင်ကျန့်က ကျောက်ဖုန်းကို ကြည့်ပြီး ပြောလိုက်သည်။
" အရှင်မင်းကြီး ပြောတာ မှားနေပါတယ်။ " ကျောက်ဖုန်းက ချက်ချင်းပြန်ပြောလိုက်သည်။ " ဒါက ကျွန်တော်မျိုးရဲ့ ဒေါသတင်မဟုတ်ဘဲ ဝေမြို့ကို ကာကွယ်ခဲ့တဲ့ စစ်သည်အားလုံးရဲ့နာကျည်းမှုကို ပြေလျော့စေတာပါ။ "