← Chapters

အခန်း (၂၂၀)

Vol. 22 Ch. 220

အခန်း (၂၂၀)

Vol. 22 Ch. 220

" ငါက အိမ်ဟောင်းကို တစ်ချက်လာကြည့်ဖို့နဲ့ ကလဲ့စားချေချင်လို့ လာခဲ့တာပဲ။ အခု ငါ့ရဲ့ ကလဲ့စားချေမှုပြီးဆုံးသွားပြီ။ ဟန်တန်မြို့ကလည်း ကျဆုံးသွားပြီဆိုတော့ ငါ ဒီမှာ နေဖို့ အကြောင်းပြချက်မရှိတော့ဘူး။ " ရင်ကျန့်က စကားပြောနေချိန်တွင် သူ၏ မျက်လုံးများထဲ၌ စိတ်ပျက်မှုများ ပေါ်လာသည်။ " ပြီးတော့ ငါရှာနေတဲ့လူကလည်း ငါရှာမတွေ့သေးဘူး။ "

" အရှင်မင်းကြီးက ဘယ်သူ့ကို ရှာနေတာလဲ။ ကျွန်တော်မျိုး ရှာဖွေဖို့ လူတွေ လွှတ်ပေးနိုင်ပါတယ်။ " ကျောက်ဖုန်းက ချက်ချင်း ပြောလိုက်သည်။

" ဒါက ကောက်ရိုးပုံထဲ အပ်ပျောက်ရှာနေသလိုပဲ။ သူမကို ရှာမတွေ့နိုင်ပါဘူး။ " ရင်ကျန့်က ခေါင်းခါပြီး ပြောလိုက်သည်။

" ငါမင်းကို ခေါ်လာတဲ့ နောက်ထပ်အကြောင်းရင်းတစ်ခုက မင်းကို အနားယူခိုင်းဖို့ပဲ။ မင်းမနေ့က ကုသရေးစခန်းမှာ တစ်ရက်နဲ့တစ်ညလုံး ကုန်ဆုံးခဲ့တယ်လို့ ငါကြားတယ်။ မင်းက စစ်သူကြီးတစ်ယောက်ပဲ။ ပြီးတော့ ချင်ရဲ့ အသက်အငယ်ဆုံးနဲ့ အရည်အချင်းအရှိဆုံးသူလည်း ဖြစ်တယ်။ မင်းကိုမင်း အရမ်းပင်ပန်းမခံနဲ့။ ကဲ သွားပြီး အနားယူလိုက်ပါဦး။ "

ရင်ကျန့်က ကျောက်ဖုန်းကို အလွန်တန်ဖိုးထားသည်မှာ ထင်ရှားသည်။ ၎င်းကို မြင်သောအခါ ကျောက်ဖုန်းက ထပ်မပြောတော့ပေ။

" ကျွန်တော်မျိုးကို ခွင့်ပြုပါဦး။ " ကျောက်ဖုန်းက ပြောပြီး ထွက်ခွာသွားသည်။

ရင်ကျန့်က ထိုင်လျက် ကျန်နေခဲ့ပြီး သူ၏ မျက်နှာပေါ်တွင် ခံစားချက်အချို့ ပေါ်လွင်နေသည်။

" ကျောက်ဖုန်း " ကျောက်ဖုန်းက ခြေလှမ်းအနည်းငယ် လှမ်းပြီးချိန်တွင် ရင်ကျန့်က ရုတ်တရက် ခေါ်လိုက်သည်။

" အရှင်မင်းကြီး " ကျောက်ဖုန်းက ချက်ချင်း ပြန်လှည့်ကြည့်လိုက်သည်။

သို့သော် ထိုအကြည့်တစ်ချက်က ရင်ကျန့်၏ နှလုံးသားကို အေးခဲသွားစေသည်။

" အဲ့ဒီမျက်လုံးတွေက....တုန်အာရဲ့ မျက်လုံးတွေအတိုင်းပဲ။ "

ရင်​ကျန့်က ကျောက်ဖုန်းကို စိုက်ကြည့်နေစဉ် သူ၏ မျက်နှာတွင် တုန်လှုပ်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

" အရှင်မင်းကြီး နောက်ထပ် အမိန့်ပေးစရာရှိလို့လား။ " ရင်ကျန့် တိတ်ဆိတ်နေသည်ကို မြင်သောအခါ ကျောက်ဖုန်းက ထပ်မေးလိုက်သည်။

" အင်း ဘာမှမဟုတ်ဘူး။ မင်းသွားလို့ရပြီ။ စစ်သေနာပတိချုပ်နဲ့ အခြားသူတွေကိုလည်း ပြန်လို့ရပြီလို့ ပြောလိုက်။ ငါ ဒီမှာ တစ်ယောက်တည်း နေချင်သေးတယ်။ "

ထိုအခိုက်အတန့်တွင် ရင်ကျန့်ကိုယ်တိုင်လည်း ကျောက်ဖုန်းကို ဘာကြောင့် လှမ့းခေါ်လိုက်မိသည်ကို မသိပေ။ သူက ပြုံး၍ လက်ဝှေ့ရမ်းလိုက်သည်။

" ကျွန်တော်မျိုးကို ခွင့်ပြုပါဦး။ " ကျောက်ဖုန်းက နားမလည်သော်လည်း ဘာမှမပြောဘဲ လှည့်ထွက်သွားသည်။

" ဟူး.... တုန်အာ ငါမင်းကို အရမ်းလွမ်းနေမိပုံရတယ်။ " ရင်ကျန့်က သက်ပြင်းချလိုက်သည်။

" ကျောက်ဖုန်း ပြန်လာပြီ။ " ဝမ်ပင်းက ကျောက်ဖုန်းကို သတိပြုမိသွားသည်။

" အရှင်မင်းကြီးက မင်းနဲ့ ဘာတွေဆွေးနွေးစရာရှိလို့ ခေါ်သွားတာလဲ။ " ဝမ်ကျန့်က ချက်ချင်း မေးလိုက်သည်။

" ကျွန်တော်တို့ စကားခဏပြောကြတာပါ။ သူက ကျွန်တော်ကို ဘာတာဝန်မှမပေးပါဘူး။ သူက ကျွန်တော်ရဲ့ ဓားကိုလည်း စမ်းကြည့်သေးတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ယောက်ဖ အရှင်မင်းကြီးနဲ့ ဒီလောက်အကြာကြီး အချိန်ဖြုန်းခွင့်ရတာ ကြီးမားတဲ့ဂုဏ်ဒြပ်တစ်ခုပဲ။ ငါတကယ် အားကျမိတယ်။ " ဝမ်ပင်းက မနာလိုဖြစ်နေသော လေသံဖြင့် ပြောလိုက်သည်။

" ဒီလောက်လေးနဲ့ အားကျနေပြီလား။ " ကျောက်ဖုန်းက ရယ်မောပြီး စနောက်လိုက်သည်။

" မင်းရဲ့အကိုက ရည်မှန်းချက်မရှိဘူး။ သူ့ကိုဂရုစိုက်မနေနဲ့။ " ဝမ်ကျန့်က ပြေညလိုက်သည်။ " အရှင်မင်းကြီးက ဘာပြောလိုက်သေးလဲ။ "

" အရှင်မင်းကြီးက တောင်ပေါ်မှာ တစ်ယောက်တည်းနေချင်တယ်တဲ့။ ကျွန်တော်တို့ကို အရင်ပြန်နှင့်ဖို့ ပြောလိုက်တယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" အင်း ကျောက်ဖုန်း " ဝမ်ကျန့်က ကျောက်ဖုန်းကို ကြည့်ပြီး ပြောလိုက်သည်။ " ဒီကာလအတွင်းမှည မင်း စစ်ရေးစွမ်းဆောင်မှုတွေကို ပိုပြီး ရအောင်ယူရမယ်။ "

" အဖေ " ဝမ်ပင်းက ကြားဖြတ်ပြောလိုက်သည်။ " ကျောက်ဖုန်း ရထားတဲ့ စစ်ရေးစွမ်းဆောင်မှုတွေက မလုံလောက်သေးဘူးလား။ "

" ငါသိတယ်။ အရှင်မင်းကြီး ဟန်တန်မြို့ကို စရောက်လာတော့ ငါ့ကို သတင်းအချို့ ပြောခဲ့တယ်။ " ဝမ်ကျန့်က လေးနက်စွာ ပြောလိုက်သည်။ " အရှင်မင်းကြီးက မင်းကို ရာထူးတိုးပေးဖို့ ရည်ရွယ်ထားတယ်။ "

၎င်းကို ကြားသောအခါ ဝမ်ပင်း၏ အမူအရာက ပြောင်းလဲသွားပြီး မျက်လုံးများ ပြူးကျယ်သွားသည်။

" ယောက်ဖက အခု ပင်မစစ်သူကြီးဖြစ်နေပြီ။ သူ့ရဲ့ ဘွဲ့ထူးကလည်း အဆင့်ဆယ့်နှစ်မှာ ရှိနေတာ။ ကျွန်တော်ထက်တောင် တစ်ဆင့်ပိုမြင့်နေပြီ။ တကယ်လို့ သူက ရာထူးထပ်တိုးရင် စစ်သေနာပတိချုပ် ဖြစ်သွားမှာမဟုတ်လား။ "

အသက် ၂၀အရွယ် စစ်သေနာပတိချုပ်။ ဤကမ္ဘာတွင် ဘယ်သူမှ ထိုကဲ့သို့ လုပ်နိုင်မည်မဟုတ်ပေ။ ဝမ်ပင်းက အလွန်အံ့အားသင့်သွားပြီး စဉ်းစားမရဖြစ်နေသည်။

" ဘာပဲဖြစ်ဖြစ် အရှင်မင်းကြီးက မင်းကို ဒီလောက်တန်ဖိုးထားတာ ကောင်းတဲ့အချက်ပဲ။ " ဝမ်ကျန့်က လေးနက်စွာ ပြောလိုက်သည်။ " မင်း သူ့ရဲ့ ယုံကြည်မှုကို မဖျက်ဆီးနဲ့။ အခု ကျောက်နိုင်ငံက မကျဆုံးသေးဘူးဆိုတော့ ဒီရာထူးကို ပိုခိုင်မာအောင် စစ်ရေးအောင်မြင်မှုတွေ ပိုရအောင် ယူရမယ်။ ဒါဆို အရှင်မင်းကြီးက မင်းကို ရာထူးတိုးပေးရင်တောင် ကန့်ကွ​က်မယ့်သူ နည်းသွားလိမ့်မယ်။ "

" ကျွန်တော် နားလည်ပါပြီ။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။

အစောက ရင်ကျန့်ဆီမှ အရိပ်အ​မြွက်သာ ကြားခဲ့ရသော်လည်း ယခု ဝမ်ကျန့်ဆီမှ ကြားလိုက်ရချိန်တွင် သေချာသလောက် ဖြစ်သွားခဲ့သည်။ ကျောက်နိုင်ငံကျဆုံးပြီး ရှန်းယန်မြို့တော်သို့ ပြန်ရောက်လျှင် သူက စစ်သေနာပတိချုပ် ဖြစ်လာပေလိမ့်မည်။ ၎င်းက ဝမ်ကျန့်နှင့်တစ်ဆင့်တည်းရှိသော ရာထူးဖြစ်သည်။

" တကယ်လို့ ယောက်ဖက စစ်သေနာပတိချုပ်ဖြစ်လာရင် နန်းတွင်းမှာ ဝမ်မိသားစုရဲ့ အဆင့်အတန်းက ပိုမြင့်လာလိမ့်မယ်။ " ဝမ်ပင်းက လေးနက်စွာ ပြောလိုက်သည်။

" ရာထူးပိုမြင့်လေ မနာလိုမှုတွေ ပိုဖိတ်ခေါ်လေပဲ။ ပြီးတော့ လူတိုင်းရဲ့ ပစ်မှတ်ဖြစ်လာနိုင်တယ်။ " ဝမ်ကျန့်က လေးနက်စွာ ပြောလိုက်သည်။ " ခြေတစ်လှမ်းမှားတာနဲ့ လုံးဝ ပျက်စီးသွားနိုင်တယ်။ "

" ယောက္ခမကြီး အဲ့လောက်အထိ စိုးရိမ်မနေပါနဲ့။ " ကျောက်ဖုန်းက ပြုံးလိုက်သည်။ " ဘုရင့်အာဏာက အမြင့်ဆုံးပဲ။ အရှင်မင်းကြီးက ထူးချွန်တဲ့ ပါရမီနဲ့ ဗျူဟာတွေရှိတဲ့ လူတစ်ယောက်ပါ။ သူက အခြားသူတွေရဲ့ ကြိုးကိုင်မှုကို အလွယ်တကူ ခံရမှာမဟုတ်ပါဘူး။ အနာဂတ်အတွက်တော့ ကျွန်တော်တို့ တစ်လှမ်းချင်းစီ သွားကြတာပေါ့။ ဒီလောက်ထိ စိုးရိမ်နေဖို့ မလိုပါဘူး။ "

ဟန်တန်မြို့သို့ ပြန်ရောက်သောအခါ ကျောက်ဖုန်းက ကုသရေးစခန်းသို့ ချက်ချင်း သွားရောက်ခဲ့သည်။ သူက သူ၏ ရဲဘော်ရဲဘက်များကို ကုသပြီး စွမ်းဆောင်မှုရမှတ်များကို ရယူရမည်ဖြစ်သည်။

အချိန်များ ကုန်လွန်လာပြီး ဆယ်ရက်ကြာသွားခဲ့သည်။ ဟန်တန်မြို့ကို ချင်စစ်တပ်က အပြည့်အဝ ထိန်းချုပ်လိုက်ပြီဖြစ်သည်။ ကုသရေးစခန်းတွင် ကြားခဲ့ရသော နာကျင်စွာ အော်ဟစ်သံများကလည်း ငြိမ်သက်သွားခဲ့သည်။

" ကယ်တင်လို့ရတဲ့သူအားလုံးကိုတော့ ကယ်တင်ပြီးသွားပြီ။ " ဆရာချန်က ပြုံးလိုက်သည်။ " ဒီတစ်ခေါက် ကုသရေးစခန်းကို လူပေါင်းသုံးသောင်းနီးပါး ရောက်လာခဲ့တယ်။ ရှင်သန်မှုနှုန်းက ၇၀ ရာခိုင်နှုန်းကျော် ရှိပါတယ်။ ဒါက တကယ်ကို မှတ်သားလောက်စရာပဲ။ "

" မသန်စွမ်းဖြစ်သွားတဲ့လူတွေရဲ့ စာရင်းကို ပြုစုပြီးပြီလား။ "ကျောက်ဖုန်းက မေးလိုက်သည်။

" အားလုံးပြုစုပြီး စစ်တရားသူကြီးကို တင်ပြပြီးပါပြီ။ " ဆရာချန်က ခေါင်းညိမ့်လိုက်သည်။

စစ်တပ်တွင် မသန်စွမ်းဖြစ်သွားသော စစ်သည်များကို စစ်မှုထမ်းခြင်းမှ အနားပေးရမည်ဖြစ်သည်။ ထို့အပြင် အနားယူသွားသော ဘွဲ့ထူးရှိသူများက ရွေးချယ်စရာနှစ်ခုရှိသည်။ လျော်ကြေးအဖြစ် နှစ်စဉ်လစာပိုမိုရယူရန်နှင့် မိမိတို့ဇာတိပြည်နယ်တွင် ရာထူးတစ်ခု တာဝန်ထမ်းဆောင်ရန်တို့ ဖြစ်သည်။

" ကုသရေးစခန်းက ဒဏ်ရာပြင်းထန်တဲ့ စစ်သည်အားလုံးကို ကုသပေးနိုင်တော့ ဘယ်လိုခံစားရလဲ။ " ရှဝူချယ်က ကျောက်ဖုန်းကို ကြည့်ပြီး မေးလိုက်သည်။

" အသက်တစ်ချောင်းကို ကယ်တင်တာက သတ်ဖြတ်ရတာထက် ပိုပြီး စိတ်သက်သာရာရပါတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြန်ဖြေလိုက်သည်။

" ကိုယ့်လက်နဲ့ အသက်တစ်ချောင်းကို ကယ်တင်နိုင်ခဲ့တဲ့ ခံစားချက်က စိတ်ဝိညာဉ်ကို နှစ်သိမ့်ပေးနိုင်တယ်။ " ရှဝူချယ်က ခေါင်းညိမ့်ပြီး ပြောလိုက်သည်။ " ဒါက ဆေးဆရာတစ်ယောက်ရဲ့ စစ်မှန်တဲ့ နှလုံးသားပဲ။ ဒါပေမယ့် ဆေးဆရာတစ်ယောက်က လူအနည်းငယ်ကိုပဲ ကယ်တင်နိုင်တယ်။ တကယ်လို့ ကမ္ဘာကြီး စည်းလုံးသွားရင်တော့ လူသန်းပေါင်းများစွာကို ကယ်တင်နိုင်လိမ့်မယ်။ "

" ဆရာချန် ကြားတယ်မလား။ ဒါက ဆေးဆရာတစ်ယောက်ရဲ့ အဆင့်အတန်းပဲ။ ဒါကို ခင်ဗျား သေချာလေ့လာသင့်တယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ဒါပေါ့။ ငါက ဆရာရဲ့ စကားတွေကို အမြဲတမ်း မှတ်သားထားပါတယ်။ " ဆရာချန်က ပြန်ပြောလိုက်သည်။ " ငါ မင်းကို ပြောရဦးမယ်။ ကျောက်ကို သိမ်းပိုက်ပြီးတာနဲ့ ငါက မဟာသမားတော်အဖြစ် ရာထူးတိုးတော့မှာပဲ။ "

နိုင်ငံတစ်ခု၏ မဟာသမားတော်။ ချင်တစ်နိုင်ငံလုံးတွင် ထိုရာထူးကို ရရှိထားသူက ရှဝူချယ်တစ်ယောက်သာ ရှိသည်။

" မဟာသမားတော်အဖြစ် ရာထူးတိုးမှာလား။ ဆရာချန်က မကြာခင် ရှန်းယန်ကို သွားရတော့မှာပေါ့။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ဟားဟား ဘာပဲဖြစ်ဖြစ် စစ်သူကြီးကျောက်ရဲ့ မင်္ဂလာဆောင်ကို ရောက်အောင် လာခဲ့ပါမယ်။ " ဆရာချန်က ရယ်ပြီး ပြောလိုက်သည်။

" စစ်သူကြီးကျောက်က အိမ်ထောင်မပြုရသေးဘူးလား။ " ရှဝူချယ်က စိတ်ဝင်တစား မေးလိုက်သည်။

" ဆရာ စစ်သူကြီးကျောက်က အသက်၁၆နှစ်မှာ စစ်ထဲဝင်တာ အခု လေးနှစ်နီးပါးရှိပြီ။ သူ ဘယ်မှာ မင်္ဂလာဆောင်ထို့ အခွင့်အရေးရှိလို့လဲ။ " ဆရာချန်က ပြုံး၍ ပြောလိုက်သည်။ "ဒါပေမယ့် စစ်သူကြီးကျောက်မှာ အားကျစရာကောင်းတဲ့ စေ့စပ်မှုတစ်ခု ရှိနေတယ်။ စစ်သူကြီးကျောက်က စစ်သေနာပတိချုပ်ဝမ်ကျန့်ရဲ့ သမီးနဲ့ စေ့စပ်ထားတယ်။ အခု သူတို့မှာ သားတစ်ယောက်နဲ့ သမီးတစ်ယောက်တောင် ရနေပြီလို့ ပြောကြတယ်။ "

All Chapters