အခန်း (၉၁-၉၂)
Vol. 10 Ch. 91-92
အခန်း (၉၁)
ဒုတိယမြောက် စာချုပ်
ဟွာကျွင်း သူမ အခန်းထဲက သေတ္တာတစ်လုံးအတွင်းမှ မော့ချွမ်း အမည်ကို ရေးသားထားသော အသစ်စက်စက် စာချုပ်တစ်ခုကို အမှန်တကယ်ပင် ရှာတွေ့ခဲ့သည်။
သူမ ထိုစာချုပ်ကို မုန့်ဆိုင်သို့ ယူဆောင်လာပြီး စားပွဲပေါ်တွင် ဖြန့်ခင်းကာ မော့ချွမ်းကို ပြော၏။
“မုန့်ဆိုင်မှာ ထာဝရနေထိုင်ဖို့ဆိုရင် ရှင် ဒီစာချုပ်ကို လက်မှတ်ထိုးရပါမယ်။ ဒါဆိုရင် ရှင် မုန့်ဆိုင်နဲ့အတူ ကမ္ဘာနှစ်ခုကြားမှာ ကူးချည်သန်းချည် လုပ်နိုင်ပါလိမ့်မယ်”
“ဒါပေမဲ့ စာချုပ်အရဆိုရင် လက်မှတ်ထိုးပြီးတာနဲ့ ရှင် မုန့်ဆိုင်နဲ့အတူ သေအတူရှင်မကွဲ ဖြစ်သွားလိမ့်မယ်။ တကယ်လို့ မုန့်ဆိုင်က သူ့ရဲ့ ဝင်ပေါက်ထွက်ပေါက်ကို ပိတ်လိုက်ရင် ရှင့် မူလကမ္ဘာကို ဘယ်တော့မှ ပြန်သွားနိုင်မှာ မဟုတ်တော့ဘူး”
မော့ချွမ်း စာချုပ်ကို ကြည့်ရင်း ရင်ခုန်သံများ မြန်လာသည်။
“ဆိုင်ရှင်ရှိတဲ့နေရာမှာ နေပါ့မယ်။ ကျုပ်က သူဌေးမရဲ့ ကမ္ဘာကို တောင့်တနေခဲ့တာပါ”
တစ်ခါမှ မမြင်ဖူးသော အရသာမျိုးစုံ၊ ဖျားနာမှုကို လျင်မြန်စွာ သက်သာစေသည့် ဆေးဝါးများ၊ အအေးဒဏ်ကို ခံနိုင်ရည်ရှိသော တဲများ၊ ထူးဆန်းသော ပုံရိပ်များ ပါရှိသည့် တက်ဘလက်များ...။
မုန့်ဆိုင်တစ်ခုတည်းကပင် သူ့ကို ကမ္ဘာနှစ်ခုကြားရှိ ကြီးမားသော ခြားနားချက်များကို သိမြင်စေခဲ့ပြီ ဖြစ်၏။ အကယ်၍ သူသာ ထိုကမ္ဘာထဲသို့ ခြေချခွင့်ရခဲ့မည်ဆိုလျှင် မည်သည့်အရာများနှင့် ရင်ဆိုင်ရမည်ကို မတွေးတောနိုင်သလို ပုံဖော်၍လည်း မရပေ။
သို့သော် ရင်ဆိုင်ရန် အသင့်ရှိနေ၏။ အကယ်၍ ဤအခွင့်အရေးကိုသာ သူ လက်လွှတ်လိုက်မည်ဆိုလျှင် ကျန်ရှိသော ဘဝသက်တမ်းတစ်လျှောက်လုံးကို လူမသိသူမသိ မှေးမှိန်စွာ ဖြတ်သန်းသွားရမည်ဟု သူ့နှလုံးသားက ပြောနေသည်။
မော့ချွမ်း ဆုံးဖြတ်ချက်ချပြီးပြီ ဖြစ်ကြောင်း မြင်သဖြင့် ဟွာကျွင်းကလည်း ထပ်ပြီး ဖျောင်းဖျခြင်း မပြုတော့ပေ။ မော့ချွမ်း လက်ဗွေနှိပ်လိုက်သည့်အခါ စာချုပ်မှာ အတည်ဖြစ်သွားတော့၏။
“ဒီလောက်ပဲလား”
မော့ချွမ်းက ကိုယ်ခန္ဓာကို အထက်အောက် ပွတ်သပ်ကြည့်လျက် ပြော၏။
“ဘာမှ မခံစားရပါလား”
တိတ်ဆိတ်စွာ အသက်အောင့် စောင့်ကြည့်နေသော ဟွာရှန့် သက်ပြင်းချလိုက်၏။
“တကယ် ဘာမှ မခံစားရတာပဲ”
သူမ စာချုပ်ချုပ်စဉ်က သတိလစ်နေသဖြင့် ဘာကိုမှ မမှတ်မိခဲ့ပေ။ မော့ချွမ်းမှာမူ ထူးခြားမည်ဟု သူမ ထင်မှတ်ထားခဲ့သော်လည်း သူမ မျှော်လင့်ချက်မှာ အလကား ဖြစ်သွားသည်။
မော့ချွမ်းလည်း ဘာကြောင့်မှန်းမသိ စိတ်သက်သာရာ ရသွား၏။ သူ ပုံပြင်စာအုပ်များထဲတွင် ဖော်ပြထားသလို ကြွက်တက်ခြင်း သို့မဟုတ် အရေပြား ကွာကျခြင်းမျိုး ခံစားရမည်ဟု ထင်နေခဲ့ခြင်း ဖြစ်၏။
ဟွာကျွင်း မတ်တပ်ရပ်ကာ စာချုပ်ကို ပြန်လည် ခေါက်သိမ်းလိုက်၏။
“နောက်ကျနေပြီ။ ဆိုင်သိမ်းပြီး သန့်ရှင်းရေး လုပ်ကြရအောင်။ မော့ချွမ်း... ရှင့်အတွက် အခန်း မပြင်ဆင်ရသေးတော့ ဒီညတော့ ဆိုဖာပေါ်မှာပဲ အိပ်ရလိမ့်မယ်”
“ကျွန်တော် ဆိုင်ထဲမှာပဲ အိပ်လို့ရပါတယ်၊ ဆိုင်ကိုလည်း စောင့်ပေးလို့ ရတာပေါ့။ စားပွဲတွေကို ဆက်ပြီး အိပ်လိုက်ပါ့မယ်”
ဟွာရှန့်က ပြော၏။
“စားပွဲတွေ ဆက်ပြီး ဘယ်လိုလုပ် အိပ်လို့ရမှာလဲ။ အစ်မဟွာကျွင်းရဲ့ နောက်ကိုပဲ လိုက်ခဲ့စမ်းပါ”
ဟွာကျွင်းသည် တံခါးကို ဖွင့်ကာ ဘေးကပ်လျက် အခန်းသို့ လျှောက်သွားသည်။ ထိုအချိန်တွင်မှ နံရံပေါ်တွင် တံခါးတစ်ချပ် ပေါ်လာသည်ကို မော့ချွမ်း သတိပြုမိတော့၏။ သူသည် ဟွာကျွင်းနောက်မှ လိုက်ပါရင်း အမှောင်ထုထဲသို့ ဝင်သွားရာ သူမ နံရံကို လက်ဖြင့် ထိလိုက်သည်ကို မြင်လိုက်ရ၏။ “ဗုန်း” ခနဲ အသံနှင့်အတူ ထိန်လင်းတောက်ပသော အလင်းရောင်များက နေရာတစ်ခုလုံးတွင် ပြည့်နှက်သွားသည်။
မော့ချွမ်းသည် ပတ်ဝန်းကျင်ကို လျင်မြန်စွာ အသားကျသွားပြီး အလွန်နွေးထွေးသော အခန်းတစ်ခုအတွင်းသို့ ရောက်နေကြောင်း သိလိုက်ရ၏။
နေရာမှာ ကျယ်ဝန်းတောက်ပပြီး အရောင်အသွေး စုံလင်လှကာ သူ တစ်ခါမှ မမြင်ဖူးသော အရာများစွာ ရှိနေသည်။ ဟွာကျွင်းမှာ အလွန်ပင်ပန်းနေသဖြင့် မှင်တက်နေသော မော့ချွမ်းကို ဂရုမစိုက်နိုင်တော့ပေ။ သူမ အပေါ်ထပ်သို့ တက်ကာ စောင်နှင့် ခေါင်းအုံးကို ယူလာပြီး သူ့ထံ ပစ်ပေးလိုက်၏။
“ဒီညတော့ ဒီဆိုဖာပေါ်မှာပဲ အဆင်ပြေသလို အိပ်လိုက်ပါဦး။ မနက်ဖြန်ကျမှ... မနက်ဖြန်ကျမှ...”
ဟွာကျွင်း အပေါ်ထပ်ရှိ အခန်းနှစ်ခန်းတည်းကို ကြည့်လျက် ပြောလိုက်သည်။
“မနက်ဖြန်ကျရင် ရှင့်အတွက် ပိုကြီးတဲ့ ဆိုဖာတစ်လုံး ဝယ်ပေးမယ်”
ဤနေရာမှာ ကျဉ်းလွန်းသဖြင့် သူမ နောက်ထပ် အိမ်တစ်လုံး ဝယ်ရဦးမည်ဟု တွေးလိုက်မိ၏။
“ဆိုဖာ၊ ဆိုဖာဆိုတာ ဘာလဲ”
မော့ချွမ်း စောင်ကို ကိုင်လျက် ဝေခွဲမရ ဖြစ်နေသည်။
ဟွာရှန့်က သူ့ကို ဧည့်ခန်း ပြတင်းပေါက်အနားသို့ ဆွဲခေါ်သွားပြီး ခုတင်နှင့် တူသော အရာတစ်ခုကို ညွှန်ပြကာ ပြောပြလိုက်၏။
“အစ်ကိုမော့ချွမ်း... ဒီမှာ အိပ်ရမှာ”
မော့ချွမ်းက ၎င်းကို ထိကြည့်၊ ဖိကြည့်ပြီးနောက် အားဖြင့် ထိုင်ချလိုက်ရာ အံ့ဩတကြီးရေရွတ်လိုက်သည်။
“အရမ်း နူးညံ့တာပဲ၊ တကယ်ကို အင်မော်တယ်တွေ နေတဲ့ နေရာအတိုင်းပဲ”
ဟွာရှန့် ဂုဏ်ယူစွာ ပြော၏။
“ဒါပေါ့၊ အစ်မဟွာကျွင်းနောက်ကို လိုက်တာ အမြဲတမ်း မှန်ကန်တဲ့ ရွေးချယ်မှုပဲ”
နောက်တစ်နေ့တွင် နေရောင်ခြည် ဦးဆုံး အလင်းတန်းက ဆိုဖာပေါ်သို့ ကျရောက်လာသည့်အခါ မော့ချွမ်း နိုးလာသည်။ သူသည် မျက်နှာကြက်အထိ မြင့်သော မှန်ပြတင်းပေါက်ကြီး အနားတွင် ရပ်ကြည့်လိုက်ရာ မြင်သမျှ မြင်ကွင်းအားလုံးမှာ သူ တစ်ခါမှ မမြင်ဖူးသည့် အရာများသာ ဖြစ်၏။
ဘေးခန်းမှ တံခါးခေါက်သံ ကြားလိုက်ရ၏။ မော့ချွမ်း ဘာလုပ်ရမည် မသိခင်မှာပင် ဟွာကျွင်း လှေကားပေါ်မှ အပြေးဆင်းလာပြီး သူမနောက်ကို လိုက်ခဲ့ရန် သူ့ကို ခေါ်လိုက်သည်။
မုန့်ဆိုင်တံခါးကို ဖွင့်လိုက်သည့်အခါ ပစ္စည်းပို့သမား ရောက်နေခြင်း ဖြစ်၏။ မနေ့ညက ဟွာကျွင်းသည် ဖုန်းဖြင့် မုန့်တချို့ မှာယူထားရာ ထိုသူက ယနေ့မနက် အစောကြီး လာပို့ခြင်း ဖြစ်သည်။
ပစ္စည်းပို့သမားက ဟွာကျွင်းနောက်ရှိ မော့ချွမ်းကို ကြည့်ကာ ဝေခွဲမရသော အမူအရာ ဖြစ်နေ၏။ ဤသူက ရှေးခေတ် ရုပ်ရှင်ရိုက်ကူးရေးအတွက် ဝတ်ဆင်ထားခြင်းလားဟု သူ တွေးနေမိသွားသည်။
“မင်္ဂလာပါ၊ ဒါက ကျွန်မဆိုင်က အရောင်းစာရေးပါ။ နောက်ပိုင်း ကျွန်မ မရှိရင် သူပဲ ပစ္စည်းတွေ လက်ခံပါလိမ့်မယ်”
မော့ချွမ်း ပစ္စည်းပို့သမားကို ခေါင်းညိတ်ပြလျက် ထိုသူ့ဝတ်စုံကို တိတ်တဆိတ် အကဲခတ်နေသည်။
ပစ္စည်းပို့သမားလည်း ခေါင်းညိတ်ပြရင်း ဤဆိုင်က ပုံမှန်ဆိုလျှင် ဧည့်သည်မရှိဘဲနှင့် ဘာလို့ ဝန်ထမ်းခန့်ထားရသလဲဟု ထူးဆန်းစွာ တွေးနေမိ၏။
ပစ္စည်းများ လက်ခံပြီး သိမ်းဆည်းပြီးနောက် ဟွာကျွင်းသည် မော့ချွမ်းအတွက် အဝတ်အစား ဝယ်ပေးရန် သူတို့ နှစ်ဦးကို အပြင်သို့ ခေါ်ဆောင်သွား၏။
မော့ချွမ်းမှာ ဟွာရှန့်ထက် အသက်အနည်းငယ် ကြီးသူဖြစ်ရာ ပထမဆုံးအကြိမ် အပြင်ထွက်စဉ် ဟွာရှန့်လောက် အံ့ဩတုန်လှုပ်ခြင်း မရှိပေ။ သူ တိတ်တဆိတ်သာ လေ့လာသင်ယူနေ၏။
သူ၏ အသားကျနိုင်စွမ်းမှာ အတော်လေး မြင့်မားသည်ဟု ဆိုရပေမည်။ သို့သော် သူ့ဆံပင်ကို ညှပ်ရန်မူ လုံးဝ ငြင်းဆန်၏။ မော့ချွမ်းက ဆံပင်ရှည်များကို အုပ်ကိုင်လျက် အဝေးသို့ ရှောင်ထွက်သွားကာ ပြောလိုက်သည်။
“ကျုပ်ရဲ့ ကိုယ်ခန္ဓာ၊ ဆံပင်နဲ့ အရေပြားတွေက မိဘတွေဆီက ရထားတာပါ။ ဘယ်တော့မှ မညှပ်နိုင်ပါဘူး”
‘ကောင်းပြီလေ၊ မညှပ်ချင်လည်း နေပေါ့’
သူ အတော်လေး ရှေးရိုးစွဲတတ်သည်ကို သူမ မသိခဲ့ပေ။ နွေရာသီရောက်လျှင် လမ်းပေါ်တွင် မိန်းကလေးများ လက်တိုဘောင်းဘီတိုများနှင့် လျှောက်သွားကြလျှင် သူ ဘယ်လိုများ နေမလဲဟု ဟွာကျွင်း တွေးလိုက်မိ၏။
သူတို့သည် အတွင်းခံမှအစ အပြင်ဝတ်စုံအထိ အဝတ်အစား သုံးစုံ ဝယ်ယူခဲ့ရာ အိတ်များစွာ ရခဲ့သည်။ ထို့နောက် သူ့အတွက် လက်ကိုင်ဖုန်း တစ်လုံးလည်း ဝယ်ပေးလိုက်၏။
နောက်ဆုံးတွင် ခုတင်ကြီးတစ်လုံး မှာယူပြီးနောက် အိမ်သို့ ပြန်လာခဲ့ကြသည်။
သူတို့ သုံးဦးမှာ အိတ်များစွာသယ်ဆောင်လျက် အိမ်ပြန်ရောက်သည့်အခါ ဟွာရှန့် မော့ချွမ်းကို ဖုန်းအသုံးပြုနည်းကို တတွတ်တွတ် သင်ပေးနေပြီး ဟွာကျွင်းကမူ အမျိုးသားဝတ် ဆောင်းတွင်းဝတ်စုံ ပုံစံများကို အင်တာနက်တွင် ရှာဖွေနေသည်။
လီနျန် သူမကို ပြောပြဖူးသည်မှာ အမျိုးသားများစွာက ဆောင်းတွင်းဝတ်စုံများ ချုပ်လုပ်ပေးနိုင်မလားဟု လာရောက် စုံစမ်းကြသည်။ ဟွာကျွင်းကလည်း ထိုအရာမှာ ဖြစ်နိုင်သည်ဟု ယူဆထား၏။
သူမသည် ညဘက်တွင် လီနျန်ကို ထိုပုံစံများအား ပြသကာ အရွယ်အစားများကို ဆွေးနွေးမည်။
ညနေခင်းတွင် ဟွာကျွင်း တံခါးဖွင့်လိုက်သည်နှင့် လီနျန်က သူမကို အပြင်သို့ ဆွဲထုတ်သွားတော့၏။
ဟွာကျွင်း ပြောလိုက်၏။
“လီနျန်… ကျွန်မ ရှင်နဲ့ ဆွေးနွေးစရာ ရှိတယ်”
လီနျန်ကမူ ပြန်ပြောလိုက်သည်။
“သူဌေးမဟွာ... အခုမှ ရောက်လာတော့တာပဲ။ ကျွန်မတို့ စောင့်နေကြတာ ကြာပါပြီ”
ထိုအချိန်တွင်မှ ဟွာကျွင်း တန်းစီနေသော ဧည့်သည်များအပြင် လူများစွာက သူမကို ဝိုင်းအုံကြည့်နေကြသည်ကို သတိပြုမိတော့၏။ ၎င်းတို့မှာ ဒုက္ခသည်များ ဖြစ်ကြပြီး အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်များအားလုံး ရှိနေကြသည်။
ဟွာကျွင်းက စူးစမ်းလိုစိတ်ဖြင့် မေး၏။
“ဘာဖြစ်လို့လဲ။ ဘာလို့ လူတွေအားလုံး အပြင်မှာ ဒီလောက် နောက်ကျတဲ့အထိ ရှိနေကြတာလဲ။ အေးလည်း အေးနေတာကို”
ဟွာကျွင်း၏ စကားကို ကြားသည့်အခါ လူများက ဘေးသို့ ဖယ်ပေးကြရာ လူအုပ်ကြားတွင် ထင်းပုံကြီး တစ်ပုံကို သူမ မြင်လိုက်ရသည်။
သန်မာသော လူငယ်တစ်ဦးက ရယ်မောလျက် ပြော၏။
“သူဌေးမဟွာ... ကျွန်တော်တို့ အိမ်ဆောက်ဖို့ နေရာတွေ အကုန်သတ်မှတ်ပြီးပါပြီ။ ပစ္စည်းတွေလည်း အကုန် အဆင်သင့် ဖြစ်နေပါပြီ။ ဒါကြောင့် ဒီည မီးပုံပွဲလေးလုပ်ပြီး ပျော်ပျော်ပါးပါး နေကြမလို့၊ မနက်ဖြန်ကျရင်တော့ ဆောက်လုပ်ရေး စတော့မှာလေ”
လူတိုင်း စည်းစည်းလုံးလုံးနှင့် ဤနေရာကို သူတို့ အိမ်အစစ်အမှန်အဖြစ် သတ်မှတ်နေကြသည်ကို မြင်ရသဖြင့် ဟွာကျွင်းမှာ အလွန် ဝမ်းသာသွား၏။
“ကောင်းတာပေါ့၊ တစ်ခုခု လိုအပ်ရင် ပြောပါ၊ ကျွန်မ ယူပေးပါ့မယ်”
“ကျွန်တော်တို့မှာ ဘာမှမလိုပါဘူး။ ဒီနေ့ အစောကြီးကတည်းက အကုန် ဝယ်ထားပြီးပါပြီ။ ကျွန်တော်တို့ လိုချင်တာက သူဌေးမကိုယ်တိုင် မီးစတင် ထွန်းညှိပေးဖို့ပါပဲ”
“ကျွန်မလား”
ဟွာကျွင်းက မိမိကိုယ်ကို ညွှန်ပြလျက် ဘာလုပ်ရမှန်း မသိခင်မှာပင် သူမ၏ လက်ထဲသို့ မီးတုတ်တစ်ချောင်း ထည့်ပေးလိုက်ကြ၏။
ထို့နောက် လီနျန်က သူမကို ထင်းပုံကြီးရှိရာသို့ တွန်းပို့လိုက်၏။
ဟွာကျွင်း နေရခက်စွာ ပြောလိုက်သည်။
“ဒါဆိုရင် ကျွန်မ မီးရှို့လိုက်မယ်နော်”
လူတိုင်းက သူမကို မျှော်လင့်တကြီး ကြည့်နေကြ၏။ ဟွာကျွင်းသည် မီးတုတ်ကို ထင်းပုံအနားသို့ ယူဆောင်သွားရာ “ဝူး” ခနဲ အသံနှင့်အတူ ထင်းပုံကြီးတစ်ခုလုံး မီးတောက်သွားတော့၏။
မီးလျှံများမှာ အထက်သို့ ထိုးတက်သွားပြီး လူတိုင်း၏ မျက်နှာများကို လင်းထိန်သွားစေသည်။
လူတိုင်းက မိုးကြိုးပစ်သကဲ့သို့ ဟိန်းထွက်နေသော လက်ခုပ်သံများဖြင့် တီးခတ် အားပေးကြတော့၏။
“ဒီမှာ... မီးပုံပွဲကို မီးစတင် ထွန်းညှိပေးတဲ့သူက အရမ်း အရေးကြီးပါတယ်။ ကျွန်တော်တို့အားလုံး ဆုံးဖြတ်ပြီးပါပြီ။ ကျွန်တော်တို့ဟာ ရွာအသီးသီးက လာကြပြီး အရင်က မျိုးရိုးအမည်တွေ မတူကြပေမဲ့ ဒီနေ့ကစပြီး ကျွန်တော်တို့ရွာကို နျန်ဟွာရွာ လို့ ခေါ်မယ်။ ဒီမှာ နေထိုင်ကြသူ အားလုံးဟာ သူဌေးမဟွာရဲ့ ကျေးဇူးတရားကို ထာဝရ မှတ်သားထားကြမှာပါ”
“ဟုတ်တယ်၊ အခုကစပြီး ကျွန်တော်တို့အားလုံးဟာ နျန်ဟွာရွာသားတွေပါပဲ”
အခန်း (၉၂)
အသောက် ပြိုင်ပွဲ
ဟွာကျွင်း ရုတ်တရက် မျက်လုံးများ စပ်ဖျဉ်းပူလောင်လာသဖြင့် မျက်တောင် အကြိမ်ကြိမ် ပုတ်ခတ်လိုက်မိသည်။ မူလက သူမသည် ဤခေတ်ကာလရှိ လူများထံမှ ငွေများရရှိထားသဖြင့် ပြန်လည်ပေးဆပ်ချင်သော စိတ်တစ်ခုတည်းဖြင့်သာ ကူညီခဲ့ခြင်း ဖြစ်ပြီး မည်သည့် အကျိုးအမြတ်ကိုမျှ မမျှော်လင့်ခဲ့ပေ။ သူမ၏ စိတ်သန့်ရှင်းနေရန်သာ ဆန္ဒရှိခဲ့ခြင်း ဖြစ်၏။
အဆုံးတွင်တော့ သူမမှာ ကျောင်းပြီးခါစ သာမန်မိန်းကလေးတစ်ဦးသာ ဖြစ်ပြီး မိဘများမှာလည်း စောစီးစွာ ကွယ်လွန်ခဲ့ကြရာ အားငယ်ရဆုံးအချိန်များတွင် အနိုင်ကျင့်ခံခဲ့ရဖူးသဖြင့် နိမ့်ကျသည်ဟူသော ခံစားချက်မှာ သူမထံမှ အမြဲထွက်ခွာမသွားခဲ့ပေ။
မုန့်ဆိုင် ကို ရရှိပြီးသည့်တိုင်အောင် ဤအရာအားလုံးမှာ အိပ်မက်တစ်ခု ဖြစ်နေမည်ကို စိုးရိမ်စိတ်ဖြင့် အမြဲ ကြောက်လန့်တကြား နေထိုင်ခဲ့ရသည်။
နောက်ပိုင်းတွင် ဤခေတ်ကာလ၌ သူငယ်ချင်းကောင်းများစွာနှင့် တွေ့ဆုံခဲ့ရပြီး အားပေးကူညီမှုများစွာ ရရှိခဲ့သည့်အခါမှသာ သူမ စိတ်မှာ တဖြည်းဖြည်း အချေကျခဲ့ခြင်း ဖြစ်၏။
သူမ ဤနေရာကို အိမ်ကဲ့သို့ မှတ်ယူထားခဲ့ပြီဖြစ်ရာ ယခုအခါ သူမ အိမ်မှာ ပို၍ပင် ကြီးမားလာခဲ့လေပြီ။
သူမ အတွေးများထဲတွင် နစ်မျောနေစဉ် ရွာသားများက အစားအသောက်မျိုးစုံကို ယူဆောင်လာကြသည်။ သိုးကောင်လုံး ကင်၊ အမဲသားစွတ်ပြုတ်၊ ပေါက်စီများ၊ ဟင်းသီးဟင်းရွက် ပန်ကိတ်များနှင့် အခြားအရာများစွာ ပါဝင်၏။ လူတိုင်းမှာ အဆင်သင့် ပြင်ဆင်လာပုံရသဖြင့် ဟွာကျွင်းလည်း အကြံကောင်းတစ်ခု ရသွား၏။
“လူတိုင်းမှာ အစားအသောက်တွေ ရှိနေမှတော့ ကျွန်မက အရက်ကို တာဝန်ယူပါ့မယ်”
ဟွာကျွင်း ဆိုင်သို့ အပြေးပြန်သွားကာ အိမ်အတွင်းမှတစ်ဆင့် ခေတ်မီလမ်းမပေါ်ရှိ အနီးနားမှ အချိန်မရွေးဝယ်ယူနိုင်သောစတိုးဆိုင်သို့ သွားပြီး အာဂူးထို(တရုတ် အရက်တစ်မျိူး) အရက်ပုလင်း အားလုံးကို ဝယ်ယူလိုက်သည်။ သူမ မော့ချွမ်းကို မီးပုံပွဲသို့ ကူသယ်ခိုင်းလိုက်ပြီး ပြော၏။
“ကျွန်မဆီမှာ အရက်ပြင်းတွေ ရှိတယ်၊ ရှင်တို့ သောက်ရဲကြလား”
ထိုနေရာရှိ အမျိုးသား အများစု က ကြွေးကြော်ကြသည်။
“ဘာကို ကြောက်နေရမှာလဲ။ ဆောင်းတွင်းမှာ ကိုယ့်ကိုယ်ကိုယ် နွေးထွေးအောင်တောင် အရက်ကို သောက်ခဲ့ကြတာပဲ”
ဟွာကျွင်း ပြုံးလျက် ပြော၏။
“ဒါဆိုရင် ဂိမ်းတစ်ခု ဆော့ကြရအောင်။ လူတစ်ယောက်ကို အရက် သုံးခွက် သောက်ပြီးတာနဲ့ ဒီသစ်လုံးကို ဖြတ်လျှောက်ရမယ်”
အိမ်ဆောက်ရန် စုပုံထားသော လူတစ်ကိုယ်စာခန့်ရှိသည့် သစ်လုံးကို ညွှန်ပြ၏။
“တကယ်လို့ မပြုတ်ကျဘဲ အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ရင် တစ်ယောက်ကို ငွေနှစ်တေး ဆုချပါ့မယ်”
ဤစကားက လူတိုင်း၏ စိတ်ဝင်စားမှုကို ချက်ချင်းပင် နှိုးဆွလိုက်ရာ အားလုံးက ပထမဆုံး ဖြစ်ချင်ဇောဖြင့် အော်ဟစ် အားပေးကြတော့၏။
“ကြိုပြောထားပါရစေ၊ ဒီအရက်က အရမ်းပြင်းပါတယ်၊ ဒါကြောင့် ကိုယ့်အရှိန်နဲ့ကိုယ်ပဲ သောက်ကြပါ”
“ဘယ်လောက်ပြင်းတဲ့ အရက်ပဲဖြစ်ဖြစ် ကျွန်တော်တို့ မကြောက်ဘူး၊ ကြည့်ပါဦး၊ ဒီပုလင်းက အရမ်းလှလွန်းတယ်၊ အထက်တန်းလွှာတွေ ပျော်ပါးဖို့ သောက်တဲ့ အရက်ဆိုတာ တစ်ချက်ကြည့်ရုံနဲ့ သိသာပါတယ်”
ဟွာကျွင်း ပြုံးလိုက်၏။ ထိုငွေကို ရရန်မှာ ထင်သလောက် မလွယ်ကူပေ။ ရှေးဟောင်းအရက်များသည် ခေတ်မီပေါင်းခံနည်းစနစ်များ မရှိသဖြင့် ခေတ်သစ်အရက်များလောက် မပြင်းပေ။
“ဘယ်သူ အရင်လုပ်မလဲ”
အမျိုးသားတစ်ဦး စိတ်အားထက်သန်စွာ လက်ထောင်လိုက်သည်။
“ကျွန်တော် ကျွန်တော် ကျွန်တော် အရင်လုပ်မယ်”
အခြားသူများက ရယ်မောလျက် ပြောကြ၏။
“ချန်းရှန့်... မင်း အရင်ဆုံး တက်သွားပြီးမှ မလုပ်နိုင်ဘဲ အရှက်ကွဲနေမယ်”
ချန်းရှန့် ပြန်လှည့်ကြည့်ကာ ပြုံးလိုက်သည်။
“ဟက်၊ ငါ့ရဲ့ သောက်နိုင်တဲ့ ပမာဏကို လျှော့မတွက်ကြနဲ့”
လူလေးယောက် သစ်လုံးကြီးကို မကာ လူအုပ်အလယ်တွင် ထားလိုက်ကြ၏။ ချန်းရှန့် ခွက်ကို မကာ တစ်ကျိုက်တည်း မော့ချလိုက်သည်။
‘ဘုရားရေ၊ အရက်က ပြင်းလှချည်လား’
ချန်းရှန့်မှာ ချက်ချင်းပင် သီးသွားကာ မျက်ရည်များ ဝဲလာပြီး တဟွတ်ဟွတ် ချောင်းဆိုးတော့၏။
“ဟားဟားဟားဟား...”
“ငါတို့ ပြောသားပဲ၊ မင်း မလုပ်နိုင်ပါဘူးဆိုတာ”
ချန်းရှန့် စိတ်အနည်းငယ် ပြန်တည်ငြိမ်သွားသည့်အခါပြန်အော်လိုက်သည်။
“ဘယ်သူက ပြောတာလဲ။ ငါ ခုနက အဆင်သင့် မဖြစ်သေးလို့ သီးသွားတာပါ”
သူ မျက်ရည်များကို သုတ်ကာ ဒုတိယမြောက် အရက်ခွက်ကို မလိုက်ပြီး သောက်ရန် အကြာကြီး တွန့်ဆုတ်နေမိသည်။
သတ္တိများမှာ ရုတ်တရက် ပျောက်ကွယ်သွားတော့၏။ သူသည် အရက်ခွက်ကို စိုက်ကြည့်ကာ ဝေခွဲမရဖြစ်နေစဉ် အရက်အရှိန်က ချက်ချင်း တက်လာသည်။
ခေါင်းထဲတွင် မူးဝေလာသဖြင့် ယိုင်တိုင်တိုင် ဖြစ်သွားကာ အရက်ခွက်ကို ပြန်ချလိုက်ပြီး လက်ခါပြလျက် ပြော၏။
“အို... အို... မရတော့ဘူး။ ထပ်မသောက်နိုင်တော့ဘူး”
လူအုပ်ကြီး ထပ်မံ ရယ်မောကြပြန်ရာ သူ ခေါင်းမာစွာ ပြန်ပြောလ်ိုက်သည်။
“ငါ့ကို မရယ်ကြနဲ့၊ မယုံရင် မင်းတို့ကိုယ်တိုင် လာစမ်းကြည့်ကြ။ ဒီအရက်က သေလောက်အောင် စပ်တာ”
သူ့စကားမှာ မှန်ကန်လှပေသည်။ နောက်ထပ် လူအနည်းငယ် ထွက်လာကြသော်လည်း တစ်ခွက်သောက်ပြီးသည်နှင့် လဲကျသူ လဲကျ၊ သုံးခွက်သောက်ပြီးသော်လည်း သစ်လုံးပေါ်သို့ပင် မတက်နိုင်သူက ရှိနေသည်။
ဟွာကျွင်း ပြော၏။
“ကဲ... လူတိုင်း လာကြပါဦး။ ကျွန်မ ငွေတစ်တေးတောင် မပေးရသေးဘူးနော်”
လူတစ်ဦးက လူအုပ်ကြားမှ တိုးထွက်လာကာ အားမာန်အပြည့်ဖြင့် လျှောက်လာသည်။
“သူဌေးမဟွာ၊ ကျွန်တော့်နာမည် အားချိုက် ပါ၊ ကျွန်တော့်ကို စမ်းခွင့်ပေးပါ”
ဟွာကျွင်း ပြုံးလျက် အားချိုက်ထံသို့ အရက်ခွက် ကမ်းပေးလိုက်၏။ သူ ချက်ချင်း မသောက်ဘဲ အနံ့ခံကြည့်ကာ ပြော၏။
“အရက်ကောင်းပဲ”
ထို့နောက် သူသည် သုံးခွက်စလုံးကို မော့ချလိုက်ပြီး အသက်ပြင်းပြင်း ရှူကာ ခေါင်းကို ခါယမ်းလျက် သစ်လုံးပေါ်သို့ တက်လိုက်သည်။
သစ်လုံးမှာ မြေပြင်ပေါ်တွင် ကန့်လန့်ဖြတ် ရှိနေပြီး ငါးမီတာခန့် ရှည်လျား၏။ သူသည် ၎င်းပေါ်တွင် ရပ်လိုက်ရာ အစပိုင်းတွင် ယိုင်တိုင်တိုင် ဖြစ်သွားသဖြင့် ဘေးမှ ကြည့်နေသူများမှာလည်း ရင်တထိတ်ထိတ် ဖြစ်သွားကြသည်။
သို့သော် သူကိုယ်တိုင်က တုန်လှုပ်ခြင်း မရှိပေ။ ခဏမျှ ရပ်တန့်ပြီးနောက် အဆုံးသို့ ရောက်အောင် သုံးလေးလှမ်းဖြင့် တစ်ရှိန်ထိုး ပြေးထွက်သွားတော့၏။
လူတိုင်းက သူ့ကို လက်ခုပ်တီး အားပေးကြသည်။ သူ ပြန်လျှောက်လာပြီး ဟွာကျွင်း လက်ထဲမှ ငွေနှစ်တေးကို ယူကာ ဦးညွှတ် အလေးပြုလိုက်၏။
“အားချိုက်ကတော့ အကောင်းဆုံးပဲဟေ့”
“အားချိုက်ဆိုတဲ့အတိုင်းပဲ၊ ခွန်အားကြီးရုံတင်မကဘူး၊ အသောက်ပိုင်းမှာလည်း အတော် ဝါရင့်တာပဲ”
အားချိုက် တဟားဟား ရယ်မောကာ မူလနေရာတွင် ပြန်ထိုင်လိုက်လေသည်။
အားချိုက်ကြောင့် အားတက်သွားကြသဖြင့် နောက်ပိုင်း ပါဝင်သူ အနည်းငယ်မှာလည်း စိန်ခေါ်မှုကို အောင်မြင်သွားကြ၏။ လူတိုင်း တန်းစီပြီး စမ်းသပ်ရန် စိတ်အားထက်သန်နေစဉ်မှာပင် အမျိုးသမီးတစ်ဦး ရှေ့ဆုံးသို့ တိုးထွက်လာသည်။
“ဟေး... နင်က မိန်းမပဲ၊ ဘာလို့ ရှေ့ကို တိုးနေတာလဲ။ နင်လည်း ဝင်ပြိုင်မလို့လား”
“ငါတို့ ယောက်ျားတွေတောင် မအောင်မြင်တာကို၊ မင်းတို့ မိန်းမတွေကတော့ အဝေးမှာပဲ နေပါဦး ဟားဟားဟား...”
အမျိုးသမီးသည် ထိုအသံများကို ဂရုမစိုက်ပေ။
“သူဌေးမဟွာ... အမျိုးသမီးတွေ ဝင်မပြိုင်ရဘူးလို့ မပြောထားဘူး မဟုတ်လား”
“ယောက်ျား မိန်းမ တန်းတူပဲလေ၊ လူတိုင်းမှာ အခွင့်အရေး ရှိပါတယ်”
“ဒါဆိုရင် ကျွန်မလည်း စမ်းကြည့်ချင်ပါတယ်၊ ငွေနှစ်တေးကို ကျွန်မလည်း ရချင်တယ်”
ဟွာကျွင်း ပြုံးလျက် အရက်ကို ခွက်ထဲ ထည့်ပေးလိုက်သည်။ သူမသည် သုံးခွက်စလုံးကို မော့သောက်လိုက်ပြီး သစ်လုံးပေါ်သို့ ပေါ့ပါးစွာ ခုန်တက်လိုက်၏။ သူမသည် တစ်ကြိမ်သာ ဟန်ချက်ပျက်သွားသော်လည်း အောင်မြင်စွာ ဖြတ်ပြေးနိုင်ခဲ့သည်။
လူတိုင်း မှင်တက်သွားကြပြီး ခဏချင်းမှာပင် သူမမှာ အခြားတစ်ဖက်သို့ ရောက်သွားလေပြီ။
ဟွာကျွင်း လက်ခုပ်တီးလိုက်ရာ ထိုအချိန်မှသာ လူတိုင်း သတိဝင်လာပြီး အတူတူ လက်ခုပ်တီးကြတော့၏။
အမျိုးသမီးသည် ခေါင်းကို မော့ကာ ဂုဏ်ယူစွာ ပြန်လျှောက်လာသည်။ ဟွာကျွင်း သူမ လက်ထဲသို့ ငွေနှစ်တေး ထည့်ပေးလိုက်ပြီး ပြော၏။
“မိန်းမတွေက ယောက်ျားတွေထက် ညံ့တယ်လို့ ဘယ်သူပြောလဲ”
အမျိုးသမီးသည် ဟွာကျွင်းကို ကျေးဇူးတင်စကား ပြောပြီးနောက် မြေပြင်ပေါ်တွင် မအောင်မြင်ဘဲ ကျန်နေသည့် အမျိုးသားတစ်စုကို လက်ညှိုးထိုးပြကာ ပြောဆိုသည်။
“ရှင်တို့ ငပျော့တွေကို ကြည့်ပါဦး၊ အသုံးမကျလိုက်တာ၊ ကိုယ့်ကိုယ်ကိုယ် ယောက်ျားလို့တောင် ခေါ်နေကြသေးတယ်”
မြေပြင်ပေါ်မှ အမျိုးသားများမှာ မကျေမနပ်ဖြစ်ကာ အငြင်းပွားကြတော့၏။ ထိုအခါ အမျိုးသမီးက ပြောလိုက်၏။
“တကယ်လို့ ရှင်တို့မှာ အရည်အချင်း ရှိတယ်ဆိုရင် ထပြီး ကျွန်မနဲ့ ပြိုင်ကြလေ”
ထိုအခါ သူတို့သည် ခေါင်းငုံ့ကာ တိတ်ဆိတ်သွားကြတော့၏။
ထိုအခါ အားချိုက် မတ်တပ်ရပ်လိုက်ပြီး ပြော၏။
“ငါ မင်းနဲ့ ပြိုင်မယ်”
“ကောင်းတယ်”
အမျိုးသားများ တညီတညွတ်တည်း အော်ဟစ်လိုက်ကြ၏။
“မင်း အားချိုက်နဲ့ ပြိုင်စမ်း”
အမျိုးသမီးသည် သူ့ကို အထက်အောက် ကြည့်လိုက်ပြီး မေး၏။
“နင်က အားချိုက်လား”
အားချိုက်က ခေါင်းညိတ်ပြလျက် မေးသည်။
“ဘယ်လို ပြိုင်ချင်လဲ”
“အရင်အတိုင်းပဲ အရက်သောက်ပြီး သစ်လုံးကို ဖြတ်မယ်၊ ဘယ်သူ အရင် လဲကျမလဲဆိုတာ ကြည့်ရအောင်”
သူမ စကားပြောပြီးနောက် ဟွာကျွင်းကို ကြည့်ကာ မေးလိုက်၏။
“သူဌေးမဟွာ... အဲဒီလို လုပ်လို့ ရမလား”
“ရတာပေါ့၊ ဒီနေ့အတွက် အရက်တွေ အများကြီး ရှိပါတယ်”
အမျိုးသားများ အော်ဟစ်ကြတော့၏။
“လုပ်လိုက်စမ်း အားချိုက်”
ရုတ်တရက် လူအုပ်ကြားမှ အမျိုးသမီး အသံတစ်ခု ထွက်ပေါ်လာသည်။
“ညီအစ်မတို့ရေ... ရှောင်ရှီး အတွက် အားပေးကြရအောင်”
အမျိုးသမီးများအားလုံး ပြေးထွက်လာကြပြီး တစ်ဖက်တွင် ရပ်ကာ ရှောင်ရှီးအတွက် လက်ခုပ်တီး အားပေးကြသည်။ နှစ်ဖက်စလုံးက အပြန်အလှန် အော်ဟစ် အားပေးကြသဖြင့် အလွန်ပင် စည်ကားနေတော့၏။
အားချိုက်နှင့် ရှောင်ရှီးတို့မှာ တိုက်ပွဲဝင်စိတ်ဓာတ် အပြည့်ဖြင့် ခွက်တိုင်းကို မော့ပြီးနောက် ပြေးကြသည်။ အစပိုင်းတွင် တစ်ယောက်ထက်တစ်ယောက် ပိုမြန်နေကြသော်လည်း တဖြည်းဖြည်းနှင့် မောပန်းလာကြသည်။
နောက်ဆုံးတွင် အားချိုက် အရှုံးပေးလိုက်ရ၏။ သူသည် လက်ခါပြလျက် ပြော၏။
“ငါ မရတော့ဘူး၊ အရမ်း မူးနေပြီ၊ အရှုံးပေးပါတယ်”
ရှောင်ရှီးမှာလည်း မူးဝေနေပြီး မတ်တပ်ပင် မရပ်နိုင်တော့ပေ။ အကယ်၍ အားချိုက်သာ အရှုံးမပေးခဲ့လျှင် သူမလည်း လဲကျသွားမည်။
လူတိုင်းက တစ်ခါ ထပ်မံ လက်ခုပ်တီးကြပြီး တစ်ယောက်က ပြောလိုက်သည်။
“ငါကြည့်ရတာ နင်တို့ နှစ်ယောက်က တော်တော် လိုက်ဖက်တယ်ဟေ့၊ နှစ်ယောက်စလုံးက အသောက် ကောင်းကြတာပဲ၊ အတူတူပဲ ပေါင်းနေလိုက်ကြပါလား”
“ဟားဟားဟားဟားဟား... ကောင်းလိုက်တဲ့ စကား”
အားချိုက် မျက်နှာမှာ အရက်ရှိန်ကြောင့်လား ရှက်သွားသောကြောင့်လား မသိရဘဲ ချက်ချင်းပင် နီရဲသွားတော့၏။ သူ ဒူးနှစ်ဖက်ကြားတွင် ခေါင်းကို ဝှက်ထားကာ မူးနေသကဲ့သို့ ဟန်ဆောင်နေသည်။
ရှောင်ရှီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။
“ငါ့အဖေက အရက်ချက်တဲ့သူ၊ ငါက အရက်စည်ပိုင်းတွေ ဘေးမှာ ကြီးပြင်းလာတာ။ ငါငယ်ငယ်တုန်းက ကိုယ့်ကိုယ်ကိုယ် ပြောခဲ့တယ်၊ ကြီးလာရင် ငါ့ထက် အရက်ပိုသောက်နိုင်တဲ့သူကိုပဲ ရှာမယ်လို့၊ သူကတော့ အဲဒီလောက် မကောင်းသေးဘူး”
လူတိုင်းက ထပ်မံ ရယ်မောကြပြန်သည်။
သူမလူအုပ်ကြီး တိတ်ဆိတ်သွားသည်အထိ စောင့်ဆိုင်းလိုက်ပြီးနောက် အားချိုက်ကို ပြော၏။
“ဒါပေမဲ့ နင်ကတော့ မဆိုးပါဘူး၊ ငါ နင်ကို အခွင့်အရေးတစ်ခု ပေးပါ့မယ်”