အခန်း (၉၅-၉၆)
Vol. 10 Ch. 95-96
အခန်း (၉၅)
လူလား သရဲလား
လူအုပ်ကြီးသည် မီးတုတ်များကိုယ်စီ ကိုင်ဆောင်ကာ နေရာအနှံ့အပြားကို စေ့စေ့စပ်စပ် ရှာဖွေရင်း လူစုခွဲလိုက်ကြသည်။
“တွေ့ပြီ၊ ဒီမှာ”
သိပ်မဝေးလှသော နေရာမှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာရာ ထိုဘက်သို့ လူတိုင်း ပြေးသွားကြ၏။
“ဒီမှာ... ဒီမှာ ဒီဘက်မှာ”
အသံလာရာသို့ လိုက်သွားကြသည့်အခါ တဲတစ်လုံး ဘေးသို့ ရောက်သွားကြပြီး စောစောက အော်လိုက်သည့် အမျိုးသားသည် ထောင့်တစ်နေရာရှိ အထုပ်တစ်ထုပ်ကို တုတ်ဖြင့် သေသေချာချာ ညွှန်ပြနေသည်။
ထိုအရာမှာ မီးခိုးဖြူရောင် အဝတ်စတစ်ခု ဖြစ်ပြီး အပေါ်ဘက်တွင် မှောင်မည်းနေသော အစုအဝေးတစ်ခု ရှိနေ၏။
ချန်းရှန့် သည် ရှေ့ကလူ လက်ကြားမှ ချောင်းကြည့်ကာ အော်လိုက်သည်။
“သူပဲ စောစောက အမှိုက်ပုံးနားမှာ ရှိနေတာ သူပဲ”
သတ္တိရှိသူ အနည်းငယ်က မီးတုတ်များဖြင့် ဖြည်းဖြည်းချင်း ချဉ်းကပ်သွားကြရာ အနားရောက်မှ သေသေချာချာ မြင်လိုက်ရတော့၏။
“ဒါ လူပဲဟာ”
ထိုသူသည် ခေါင်းတွင် အဝတ်နက် အုပ်ထားခြင်း ဖြစ်သည်။ ညမှောင်မှောင်တွင် သေသေချာချာ မမြင်ရသဖြင့် ချန်းရှန့်မှ ခေါင်းမပါဟု ထင်မှတ်ခဲ့ခြင်း ဖြစ်၏။
မြေပြင်ပေါ်မှ ထိုသူသည် ရုတ်တရက် ခုန်ထ၍ ထွက်ပြေးသော်လည်း ချန်းရှန့်က တုံ့ပြန်မှု အမြန်ဆုံး ဖြစ်သဖြင့် ရှေ့သို့ ပြေးထွက်ကာ ထိုသူကို ကန်ချလိုက်သည်။
“ငါ့ကို ခြောက်လှန့်တဲ့အတွက် မင်းကို ပညာပေးရမယ်၊ မင်း ဘယ်သူလဲဆိုတာ ကြည့်ရသေးတာပေါ့”
သူ ထိုသူ ခေါင်းမှ အဝတ်နက်ကို ဆွဲချွတ်လိုက်ပြီး မီးတုတ် အလင်းရောင်ဖြင့် ကြည့်လိုက်၏။
“အမလေး”
ချန်းရှန့်မှာ ထပ်မံ ထိတ်လန့်သွားပြန်သည်။
မြေပြင်ပေါ်ရှိ ထိုသူမှာ အသက်ငင်နေသလို ဖြစ်နေပြီး ကိုယ်ပေါ်တွင် ညစ်ပတ်စုတ်ပြတ်နေသော အဝတ်အစားများ ရှိနေကာ အမျိုးသမီးတစ်ဦး ဖြစ်ကြောင်း ခဲခဲယဉ်းယဉ်း ခန့်မှန်းရသည်။
ဖရိုဖရဲ ဆံပင်များအောက်တွင်မူ နီညိုရောင် အမာရွတ်များနှင့် အနံ့ဆိုးထွက်ကာ ပြည်တည်နေသော ဒဏ်ရာများ ပြည့်နှက်နေသည့် မျက်နှာ ဖြစ်နေသဖြင့် ကြည့်ရသူကို ကျောချမ်းသွားစေ၏။
“ဒီမျက်နှာက... သရဲလား”
“လျှောက်မပြောနဲ့၊ အသက်ရှူနေတုန်းပဲ၊ လူပါအေ”
“သူက ဘယ်သူလဲ။ ငါ တစ်ခါမှ မမြင်ဖူးပါဘူး၊ သူ့ကို ဘယ်လို လုပ်ကြမလဲ”
အဘိုးအိုက ပြောလိုက်သည်။
“အရင်ဆုံး သူ့ကို ချည်နှောင်ပြီး ထင်းပုံနားမှာ ထားလိုက်ဦး။ နိုးလာမှ သေသေချာချာ မေးကြတာပေါ့။ သူ အေးပြီး မသေအောင် စောင်တစ်ထည်တော့ ပေးထားလိုက်ပါ”
နောက်တစ်နေ့တွင် ဟွာကျွင်း တံခါးဖွင့်ပြီးနောက် မော့ချွမ်း နှင့် ဟွာရှန့် တို့အား ဆိုင်ကို ကြည့်ထားရန် ပြောကာ အပြင်သို့ ထွက်ခဲ့ကာ ပန်းထိုးအလုပ်ရုံ ထဲသို့ ဝင်သွား၏။
“လီနျန် .. ကျွန်မ အမျိုးသား ဝတ်စုံပုံစံတချို့ တွေ့ထားတယ်။ ဒါမျိုးတွေ ချုပ်ပေးနိုင်မလား”
လီနျန်က ပုံများကို ကြည့်ပြီး မေးလိုက်သည်။
“ချုပ်ပေးနိုင်တာပေါ့။ အရင်အတိုင်းပဲ နမူနာတစ်စုံ အရင် ချုပ်ပေးရမလား”
ဟွာကျွင်း ခဏစဉ်းစားပြီး ပြန်ပြော၏။
“နှစ်စုံ အရင် ချုပ်ကြည့်လိုက်ပါ”
စကားပြောနေစဉ်မှာပင် ဟွာကျွင်းသည် ထူးဆန်းသော အသံတစ်ခုကို ကြားလိုက်ရသည်။
“ဒါ ဘာသံလဲ။ ကြားလိုက်လား။ တစ်ယောက်ယောက် အော်ဟစ်နေသလိုပဲ”
“အဲဒါ မနေ့ညက ကင်းလှည့်အဖွဲ့ ဖမ်းမိထားတဲ့ တစ်ယောက်လေ။ အခု တဲနောက်မှာ ချည်ထားတယ်”
“လူတစ်ယောက်ကို ဖမ်းမိထားတယ် ဟုတ်လား။ ဘယ်လိုလူလဲ”
“အဲဒါ အမျိုးသမီးတစ်ယောက်ပါ၊ အသက်ကတော့ ခန့်မှန်းလို့ မရဘူး။ မနေ့ညက အမှိုက်ပုံး မွှေနေတုန်း တွေ့တာတဲ့။ သူ့မျက်နှာက...”
လီနျန် စကားစပြတ်သွား၏။
“သူ့မျက်နှာက ဘာဖြစ်လို့လဲ”
“သူ့မျက်နှာက ကြောက်စရာကောင်းတဲ့ အမာရွတ်တွေနဲ့ ပြည့်နေတာ... အားလုံးကတော့ သူ့ကို ‘မျက်နှာပျက်အမျိုးသမီး’ လို့ ခေါ်ကြတယ်”
“အမှိုက်ပုံး မွှေနေတာဆိုမှတော့ သူက လူဆိုး မဟုတ်ပါဘူး။ ဘာလို့ ချည်ထားရတာလဲ”
“သူ့ရုပ်ရည်က ကြောက်စရာကောင်းနေတာရယ်၊ မေးတာကိုလည်း ပြန်မဖြေဘဲ အသံတွေပဲ ထွက်နေတာရယ်ကြောင့်လေ။ ကင်းလှည့်အဖွဲ့ကလည်း သူ့နောက်ကြောင်းကို မသိရသေးတော့ မလွှတ်ရဲကြသေးဘူး”
“သွားကြည့်လိုက်ဦးမယ်”
ဟွာကျွင်းသည် တဲနောက်ဘက်သို့ ပတ်သွားရာ ကင်းလှည့်အဖွဲ့ဝင် အနည်းငယ်က တင်းကျပ်စွာ ချည်နှောင်ခံထားရသော လူတစ်ဦးကို စောင့်ကြပ်နေသည်ကို မြင်လိုက်ရသည်။
သူတို့သည် သူဌေးမဟွာ လာသည်ကို မြင်သည့်အခါ ပြောလိုက်ကြ၏။
“သူဌေးမဟွာ... ဘာလို့ ဒီကို လာတာလဲ။ ဒီလူက မျက်နှာပျက်အမျိုးသမီးလေ၊ ရုပ်ရည်က ကြောက်စရာကြီး၊ မလန့်သွားအောင် သတိထားဦးနော်”
ဟွာကျွင်းသည် မြေပြင်ပေါ်တွင် လဲလျောင်းနေသော အမျိုးသမီးကို မြင်လိုက်ရ၏။ ဆံပင်များမှာ ညစ်ပတ်ဖရိုဖရဲ ဖြစ်နေပြီး မျက်နှာပေါ်ရှိ အမာရွတ်များမှာ မီးလောင်ရာမှ ကျန်ရစ်ခဲ့သည့်အလား မညီမညာ ဖြစ်နေသည်။
သေသေချာချာ ကုသထားခြင်း မရှိသဖြင့် ပြည်တည်နေသော ဒဏ်ရာအချို့လည်း ရှိနေ၏။
ဘေးမှ ကြည့်နေသော လီနျန်ပင် ထိတ်လန့်သွားရသည်။
ဟွာကျွင်း သူမကို မေး၏။
“ရှင့်မျက်နှာက မီးလောင်ထားတာလား”
ထိုအမျိုးသမီးသည် မျက်လုံး ဖွင့်ကာ ဟွာကျွင်းကို ကြည့်လိုက်ပြီး မျက်ရည်တစ်စက်က ပါးပြင်ပေါ်သို့ စီးကျလာသည်။ သူမ တစ်ခုခုပြောရန် ပါးစပ်ဟလိုက်သော်လည်း အက်ရှရှ အသံများသာ ထွက်ပေါ်လာတော့၏။
“သူ့ကို ထပ်မမေးပါနဲ့တော့။ ကျွန်တော်တို့ တစ်နေ့လုံး မေးတာ ဘာမှ ပြန်မပြောဘူး။ သူ့အသံကလည်း သစ်သားကို ဓားနဲ့ ခြစ်သလိုမျိုး နားထောင်လို့ တော်တော် မကောင်းဘူး”
ဟွာကျွင်းသည် သူမ၏ စိုစွတ်နေသော မျက်လုံးများနှင့် မြေပြင်ပေါ်တွင် ကွေးကွေးလေး ရှိနေသည့် သေးသွယ်သော ကိုယ်ခန္ဓာကို ကြည့်ကာ လမ်းဘေးကြောင်လေး တစ်ကောင်ကဲ့သို့ အလွန်ပင် သနားသွားမိသည်။ သူမသည် ထိုအမျိုးသမီးကို အမြန်ပင် ထူလိုက်သော်လည်း အမျိုးသမီးမှာ အားအင်မရှိသဖြင့် ကိုယ်ကို မထိန်းနိုင်ဘဲ ဟွာကျွင်းပါ လဲကျလုနီးပါး ဖြစ်သွားရ၏။
လီနျန်က အမြန်ပင် ရှေ့သို့ တိုးကာ အခြားတစ်ဖက်မှ ဝိုင်းကူထိန်းပေးလိုက်သည်။
ကင်းလှည့်အဖွဲ့ဝင်များက ပျာပျာသလဲ မေးကြ၏။
“သူဌေးမဟွာ... ဘာလုပ်မလို့လဲ”
“သူ့မျက်နှာက ဒဏ်ရာတွေကို မြန်မြန် ကုသပေးဖို့ လိုတယ်။ ဒီမှာ ဒီအတိုင်း ဆက်ထားရင် သူ အသက်ရှင်မှာ မဟုတ်တော့ဘူး”
ဟွာကျွင်းနှင့် လီနျန်တို့ သူမကို မုန့်ဆိုင်ဆီသို့ ခေါ်ဆောင်လာကြ၏။
အမှောင်ရိပ်ထဲမှ ထွက်လာသည်နှင့် ထိုအမျိုးသမီးသည် ရုတ်တရက် အားအင်များ ထွက်ပေါ်လာကာ ရှေ့သို့ မဆက်ဘဲ ကိုယ်ကို နောက်သို့ ဆွဲထားသည်။
ဟွာကျွင်း ညင်သာစွာဖြင့် မေးလိုက်၏။
“ဘာဖြစ်လို့လဲ”
ထိုအမျိုးသမီးက သူမ၏ မျက်နှာကို လက်ညှိုးထိုးပြကာ နောက်ဘက်သို့ ပြန်ညွှန်ပြသည်။ ထို့နောက် မျက်နှာကို လက်ဖြင့် အုပ်ကာ အက်ရှရှ ငိုရှိုက်သံများ ထွက်ပေါ်လာတော့၏။
ဟွာကျွင်း ကင်းလှည့်အဖွဲ့ဝင်များကို မေးလိုက်သည်။
“သူ့မှာ တခြား ပစ္စည်းတွေ ပါသေးလား”
သူတို့က တစ်ဦးကိုတစ်ဦး ကြည့်လျက် ပြန်ဖြေကြ၏။
“မပါဘူး... ကျွန်တော်တို့ ဘာမှ မတွေ့မိဘူး။ ဒါပေမဲ့ မနေ့ညကတော့ သူ့ခေါင်းမှာ အဝတ်နက် တစ်စ အုပ်ထားတယ်”
ထိုအမျိုးသမီးသည် ဟွာကျွင်းကို မော့ကြည့်ကာ ခေါင်းကို အားရပါးရ ညိတ်ပြ၏။
“အဲဒီ အဝတ်ပဲ ဖြစ်ရမယ်။ သူ့ကို သွားယူပေးလိုက်ပါ”
အဝတ်နက်ကို အမျိုးသမီးထံ ပေးလိုက်သည့်အခါ သူမသည် ၎င်းကို ကျွမ်းကျင်စွာပင် ခေါင်းပေါ် အုပ်လိုက်ပြီး အဝတ်ပေါ်ရှိ အပေါက်နှစ်ပေါက်ကို ရှာကာ မျက်လုံးနေရာသို့ ရောက်အောင် ပြင်ဆင်လိုက်၏။
ဟွာကျွင်း စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
“ရှင်က ရာဇဝတ်သားလည်း မဟုတ်ဘဲ ဘာလို့ ဒီလို လုပ်နေရတာလဲ”
ထိုအမျိုးသမီးက သူမ မျက်နှာကို ပြန်ညွှန်ပြကာ အက်ရှရှ အသံများ ထွက်ပေါ်လာပြန်သည်။
ဟွာကျွင်း သက်ပြင်းချလိုက်မိ၏။ သူမသည် လူများစွာ၏ ခွဲခြားဆက်ဆံခြင်းကို ခံခဲ့ရဖူးသဖြင့် ဤမျှအထိ မိမိကိုယ်ကိုယ် ယုံကြည်မှု ကင်းမဲ့ကာ အဝတ်နက်ဖြင့် ဖုံးအုပ်ထားခြင်း ဖြစ်ပေလိမ့်မည်။
သို့သော် ဤအဝတ်နက်ကြီး အုပ်ထား၍ မဖြစ်ပေ။ ဟွာကျွင်းသည် သူမ ပတ်ထားသော ပဝါကို ချွတ်လိုက်ပြီး ထိုအမျိုးသမီး၏ ခေါင်းပေါ်တွင် တင်ကာ လည်ပင်းနှင့် မျက်နှာကို ပတ်ပေးလိုက်ရာ မျက်လုံးတစ်ဖက်သာ ပေါ်တော့၏။
“ဒါဆို အဆင်ပြေပြီ”
ဟွာကျွင်းသည် သူမ၏ လက်ရာကို ကျေနပ်စွာ ကြည့်လိုက်သည်။ ဤသို့ဆိုလျှင် သူမမှာ ခရီးသွားတစ်ဦးနှင့် တူသွားပြီ ဖြစ်၏။
ဟွာကျွင်းနှင့် လီနျန်တို့သည် သူမကို တွဲကာ မုန့်ဆိုင်သို့ ပြန်လာကြရာ မော့ချွမ်းနှင့် ဟွာရှန့်တို့မှာ သူတို့ကို မြင်သည့်အခါ လန့်သွားကြသည်။
မော့ချွမ်းက ပြောလိုက်၏။
“ဟွာကျွင်း... ခင်ဗျား အပြင်ထွက်သွားပြီး လူတစ်ယောက် ကောက်လာတာလား”
ဟွာကျွင်းက သူ့ကို ဂရုမစိုက်ဘဲ အမျိုးသမီးကို ထိုင်ခိုင်းလိုက်ကာ ပြောလိုက်၏။
“ရှင့်အတွက် ခေါက်ဆွဲ တစ်ပွဲ လုပ်ပေးမယ်။ ခဏလေး စောင့်ပေးပါဦး”
ထိုအမျိုးသမီးက နံရံကို အားကိုးတကြီး မှီထားရင်း မသိမသာ ခေါင်းညိတ်ပြရှာသည်။
သူမ၏ အခြေအနေမှာ အလွန် ဆိုးရွားနေသည်ကို မြင်သဖြင့် ဟွာကျွင်းသည် နို့သကြားလုံး တစ်လုံးကို ခွာပြီး သူမပါးစပ်ထဲသို့ ထည့်ပေးလိုက်၏။
ထို့နောက် မီးဖိုပေါ်တွင် အိုးတင်ကာ ရေနွေးတည်လိုက်ပြီး ရေပွက်လာသည့်အခါ ဟွာကျွင်းသည် ခေါက်ဆွဲခြောက်တစ်ဆုပ်ကို ထည့်လိုက်၏။
မုန့်ဆိုင်ရှိ အရာများသည် ဤမျှ အားနည်းနေသူအတွက် အလွန်အမင်း မသင့်တော်လှသဖြင့် ခေါက်ဆွဲကို နူးညံ့အိစက်သွားသည်အထိ ပြုတ်ပေးရန် ဆုံးဖြတ်လိုက်သည်။ ထိုမှသာ အစာချေဖျက်ရန် ပိုမို လွယ်ကူစေလိမ့်မည်။
ဟွာကျွင်းသည် ယောက်မ ဖြင့် ခေါက်ဆွဲများကို ဘေးသို့ ကပ်လိုက်ပြီးနောက် ကြက်ဥတစ်လုံးကို ညင်သာစွာ ဖောက်ထည့်လိုက်ကာ ကြက်ဥ ကျက်လာသည်အထိ စောင့်လိုက်သည်။ ရေထပ်မံ ပွက်လာသည့်အခါ ဟွာကျွင်းသည် တူဖြင့် ခေါက်ဆွဲများကို မွှေပေးလိုက်ပြီး ဘေးမီးဖိုတွင် ကြက်စွပ်ပြုတ်အိုးငယ်လေးကို နွှေးလိုက်၏။
ထိုကြက်စွပ်ပြုတ်မှာ ဟွာကျွင်း ကြက်သားပြုတ်လုပ်စဉ်က ကျန်ခဲ့ခြင်း ဖြစ်ပြီး ဂျင်းတစ်ပြားမှအပ ဘာမှ မပါဝင်ပေ။
မကြာမီ ကြက်စွပ်ပြုတ် ပွက်လာကာ ရနံ့မှာ လေထဲတွင် ပြန့်လွင့်သွားတော့၏။ သကြားလုံး စားထားရသဖြင့် ထိုအမျိုးသမီးမှာ အားအင် အနည်းငယ် ပြန်ရလာသည်။
သူမသည် ကိုယ်ကို မတ်လိုက်ပြီး အိုးထဲသို့ လှမ်းကြည့်ရာ အစားအသောက်အပေါ် တောင့်တနေသော မျက်ဝန်းများကို အထင်အသား မြင်လိုက်ရ၏။
သူမ မည်သည့်အချိန်က နောက်ဆုံးအကြိမ် စားခဲ့ရသည်ကိုပင် မမှတ်မိတော့ပေ။ သူမသည် ထိုရနံ့ကို အားရပါးရ ရှူရှိုက်နေမိသည်။
ဟွာကျွင်းသည် နောက်ဘက်မှ လှုပ်ရှားမှုကို ကြားသဖြင့် လှည့်ကြည့်ကာ ပြုံးပြလိုက်၏။
“ခဏလေးနော်၊ ရတော့မယ်”
ထိုအမျိုးသမီးသည် ဟွာကျွင်းကို ကျေးဇူးတင်စွာ ကြည့်လိုက်ပြီးနောက် သူမ ပြုမူပုံမှာ မယဉ်ကျေးဟု တွေးမိပုံရကာ ကိုယ်ကို ပြန်မတ်၍ ခပ်ခွာခွာ ထိုင်လိုက်သည်။
သူမသည် ခေါင်းကို အနည်းငယ် ငုံ့ထားကာ ပုံမှန်အတိုင်း ဖြစ်အောင် ကြိုးစားနေသော်လည်း တုန်ရင်နေသော လက်များက သူမ၏ စိတ်လှုပ်ရှားမှုကို ဖော်ပြနေတော့သည်။
အခန်း (၉၆) ကြက်ဥကြော်နှင့် ကြက်သားခေါက်ဆွဲပြုတ်
ခေါက်ဆွဲများ ကျက်ခါနီးပြီဖြစ်ရာ ဟွာကျွင်းသည် ပဲငပိရည်အကြည်နှင့် ဆားအနုအနည်းငယ်ကို ပန်းကန်ထဲသို့ ထည့်လိုက်ပြီး ကြက်စွပ်ပြုတ် သုံးဇွန်းခန့် ခပ်ထည့်ကာ ဟင်းခတ်မှုန့်များ ပျော်ဝင်သွားအောင် မွှေလိုက်သည်။
သူမ ခေါက်ဆွဲများကို ပန်းကန်ထဲသို့ ခပ်ထည့်ကာ ခေါက်ဆွဲမျှင်တိုင်းတွင် ကြက်စွပ်ပြုတ်နံ့ သင်းနေစေရန် တူဖြင့် အကြိမ်အနည်းငယ် မွှေပေး၏။ နောက်ဆုံးတွင်မှ ကြက်ဥကို ဆယ်ယူကာ အပေါ်မှ တင်ပေးသည်။ နူးညံ့အိစက်နေသော ခေါက်ဆွဲများ၊ ရွှေဝါရောင် ကြက်ဆီများ ဝေ့သီနေသော စွပ်ပြုတ်ရည်၊ လုံးတစ်နေသော ကြက်ဥပြုတ်တို့ဖြင့် အရသာရှိလှသော ကြက်သားခေါက်ဆွဲပြုတ် တစ်ပန်းကန် အဆင်သင့် ဖြစ်သွားတော့၏။
ဟွာကျွင်းသည် ၎င်းကို လင်ဗန်းဖြင့် သယ်ဆောင်လာကာ ထိုအမျိုးသမီး၏ ပေါင်ပေါ်တွင် တင်ပေးလိုက်သည်။
ထိုအမျိုးသမီးသည် တူကို အငမ်းမရ ဆွဲယူလိုက်ပြီးမှ တစ်ခုခုကို သတိရသွားပုံရ၏။ သူမသည် ဟွာကျွင်းကို မော့ကြည့်ကာ မျက်နှာဖုံးပဝါကို ပါးစပ်ပေါ်အောင် ဆွဲချလိုက်ပြီး အသံမထွက်ဘဲ ပါးစပ်လှုပ်ရုံဖြင့် ပြောသည်။
“ကျေးဇူးတင်ပါတယ်”
“ရပါတယ်ရှင်။ အေးအေးဆေးဆေး စားပါ၊ ပူတယ်နော်”
သူမသည် ခေါင်းညိတ်ပြကာ ခေါက်ဆွဲတစ်လုပ်ကို ဖြည်းဖြည်းချင်း ဝါးပြီးနောက် အမြန်ပင် မျိုချလိုက်၏။ ထို့နောက်တွင်မူ သူမ မအောင့်နိုင်တော့ဘဲ ခေါက်ဆွဲပန်းကန်ကို မကာ အသံထွက်အောင် တစ်ကျိုက်တည်း မော့သောက်တော့၏။ တူကိုပင် အသုံးမပြုတော့ပေ။
“ပူတယ်လေ၊ သတိထားဦး”
ပါးစပ်တွင် အပူလောင်သွားသော်လည်း ထိုအမျိုးသမီးမှာ မရပ်တန့်ဘဲ အဆက်မပြတ် မျိုချနေသည်။
ကံကောင်းသည်မှာ ခေါက်ဆွဲကို နူးနေအောင် ပြုတ်ထားခြင်း ဖြစ်သဖြင့် သူမသည် မဝါးဘဲနှင့်ပင် မျိုချနိုင်ခဲ့၏။ ကြက်ဥကိုပင် နှစ်ချက်ခန့်သာ ဝါးလိုက်သည်။
မကြာမီ ခေါက်ဆွဲတစ်ပန်းကန်လုံး ကုန်သွားတော့၏။
သူမသည် ပန်းကန်ကို မီးဖိုပေါ်တွင် တင်လိုက်ပြီး လက်ချောင်းလေးများကို စိုးရိမ်တကြီး ဆုပ်နယ်နေမိသည်။
ဟွာရှန့် က ဟွာကျွင်း၏ အင်္ကျီလက်ကို မသိမသာ ဆွဲကာ မေးလိုက်၏။
“သူ ဘာဖြစ်တာလဲဟင်”
“သူ့မျက်နှာ မီးလောင်ထားတာ”
ဟွာရှန့်ကိုယ်တိုင်လည်း မီးလောင်မှုနှင့် ကြုံတွေ့ခဲ့ဖူးသူ ဖြစ်ရာ ယခုအချိန်တွင် သူမသည် ထိုအမျိုးသမီးကို အထူးပင် ကိုယ်ချင်းစာသွားမိ၏။
သူမသည် ထိုအမျိုးသမီးနားသို့ လျှောက်သွားကာ ပြောသည်။
“မကြောက်ပါနဲ့။ ကျွန်မလည်း အရင်က မီးထဲမှာ သေလုနီးပါး ဖြစ်ခဲ့ဖူးတယ်၊ ဟွာကျွင်းက ကျွန်မကို ကယ်ပေးခဲ့တာ။ သူက အရမ်း စိတ်ထားကောင်းတဲ့သူပါ”
ထိုအမျိုးသမီးသည် ဟွာကျွင်းကို တစ်ဖန် ပြန်ကြည့်ကာ အားတင်းပြီး ပြုံးပြရှာ၏။
ပြုံးလိုက်သည့်အခါ ဒဏ်ရာကို ဆွဲလိုက်သလို ဖြစ်သွားသဖြင့် သူမ၏ မျက်နှာ အမူအရာ ပြောင်းလဲသွားကာ မျက်နှာကို လက်ဖြင့် အုပ်လိုက်သည်။
ဟွာကျွင်းသည် သူမအနားသို့ သွားကာ မျက်နှာကို သေသေချာချာ စစ်ဆေးပြီးနောက် ပြော၏။
“ရှင့်ဒဏ်ရာကို မြန်မြန် ကုသဖို့ လိုမယ်”
ဟွာကျွင်းသည် ဆေးပညာကို နားမလည်ဘဲ လက်တည့်စမ်းရန် မဝံ့ရဲသဖြင့် မော့ချွမ်း ကို ပြောလိုက်၏။
“မော့ချွမ်း... သမားတော်တစ်ယောက်ကို သွားပင့်ပေးပါဦး၊ သူ့ကို ကြည့်ခိုင်းရအောင်”
သို့သော် မမျှော်လင့်ဘဲ ထိုအမျိုးသမီးသည် အပြင်းအထန် ငြင်းဆန်သည်။ သူမသည် ဟွာကျွင်း၏ လက်မောင်းကို ကိုင်ကာ ခေါင်းကို အဆက်မပြတ် ခါယမ်းနေတော့၏။
ဟွာကျွင်းလည်း အခြားနည်းမရှိသဖြင့် မေးလိုက်သည်။
“ဒါဆိုရင် ကျွန်မက ရှင့်ဒဏ်ရာကို သန့်ရှင်းရေး လုပ်ပေးတာတော့ လက်ခံတယ် မဟုတ်လား”
သူမသည် မျက်လုံးများကို နှိမ့်ချကာ ခဏစဉ်းစားပြီးနောက် ခေါင်းညိတ်ပြ၏။
ဟွာကျွင်းသည် အိမ်မှ ရှေးဦးသူနာပြုသေတ္တာကို ယူဆောင်လာကာ ဂွမ်းလုံးကို အရက်ပြန်စိမ်ပြီး မျက်နှာပေါ်ရှိ ပြည်များကို ညင်သာစွာ သန့်ရှင်းပေးသည်။
အစပိုင်းတွင် နာကျင်လွန်းသဖြင့် သူမ တွန့်သွားသော်လည်း နောက်ပိုင်းတွင် နားလည်သွားကာ လက်မောင်းကို ဆွဲလိမ်လျက် အံကြိတ်ခံရှာ၏။
မော့ချွမ်းက ပြောလိုက်သည်။
“အဲဒီ အဖြူရောင် အဖတ်တွေကို အကုန် ညှစ်ထုတ်ပစ်မှ ရမယ်”
ဟွာကျွင်းသည် စိတ်ကို တင်းထားကာ ပြည်များ အကုန်ထွက်သွားသည်အထိ ဂွမ်းလုံးဖြင့် ဖိညှစ်ပေးလိုက်၏။
ထိုအမျိုးသမီးကို ပြန်ကြည့်လိုက်သည့်အခါ သူမမှာ မျက်ရည်များ ဝဲနေ၏။
ဟွာကျွင်း သူမအား တစ်ရှူးကမ်းပေးကာ နှစ်သိမ့်ရှာသည်။
“ကဲ... အခုတော့ သန့်ရှင်းသွားပါပြီ။ နောက်တော့ ရောင်ရမ်းမှု ကျစေတဲ့ ဆေးလေးပဲ လိမ်းရမှာပါ၊ ဒါကတော့ မနာတော့ပါဘူး”
“ရှင် သမားတော်တော့ ပြဖို့ လိုသေးတယ်နော်၊ ကျွန်မက ခဏ ကုပေးနိုင်တာ”
ဟွာကျွင်း အကြံပေးပြန်၏။
သို့သော် သူမသည် ခေါင်းကို အဆက်မပြတ် ခါယမ်းကာ ပါးစပ်လှုပ်ရုံဖြင့် ပြောသည်။
“ဟင့်အင်း”
ဟွာကျွင်းလည်း လက်လျှော့လိုက်ရကာ ဆေးစွမ်းထက်ပါစေရန်သာ စိတ်ထဲမှ ဆုတောင်းနေမိတော့၏။
ထိုအချိန်တွင် လီနျန်သည် အဝတ်အစား အချို့ကို ကိုင်ဆောင်ကာ ဝင်လာသည်။
“သန့်ရှင်းတဲ့ အဝတ်အစားတချို့ ရှာလာတာ၊ သူ လိုအပ်မယ် ထင်လို့ပါ”
ဟွာကျွင်း ထိုအမျိုးသမီးကို မေးလိုက်၏။
“ရှင့်နာမည် ဘယ်လိုခေါ်လဲ”
အမျိုးသမီးသည် ဟွာကျွင်း၏ လက်ကို ညင်သာစွာ ကိုင်ကာ လက်ဖဝါးပေါ်တွင် နာမည် ရေးပြသည်။
“အား... မန်... ရှင့်နာမည်က အားမန်လား”
ထိုအမျိုးသမီးက ခေါင်းညိတ်ပြ၏။ လီနျန် မေးလိုက်သည်။
“အားမန်... ငါနဲ့အတူ ပန်းထိုးအလုပ်ရုံကို လိုက်ခဲ့မလား။ အဲဒီမှာ အလုပ်လုပ်ရင် လုပ်အားခလည်း ရတယ်လေ”
အားမန်က ခေါင်းခါပြကာ ဟွာကျွင်း လက်မောင်းကို မလွှတ်တမ်း ကိုင်ထားသည်။
ဟွာကျွင်း ပြော၏။
“အားမန်... မုန့်ဆိုင်က နေဖို့အတွက် မသင့်တော်ဘူးလေ။ လီနျန်နဲ့ အရင်လိုက်သွားပြီး ခဏ နားနေလိုက်ဦး။ မနက်ဖြန်မှ ဒီကို ပြန်လာမလား”
အားမန်သည် ဟွာကျွင်းကို ကြည့်လိုက်၊ လီနျန်ကို ကြည့်လိုက် လုပ်နေပြီး လီနျန်က ခေါင်းညိတ်ပြသည့်အခါမှ ဟွာကျွင်း လက်ကို လွှတ်ပေးလိုက်တော့၏။
သူမသည် မျက်နှာကို ပဝါဖြင့် ပြန်ပတ်ကာ လီနျန်နှင့်အတူ ထွက်သွားသည်။
ဟွာရှန့်က ဟွာကျွင်း လက်မောင်းကို ဖက်တွယ်လျက် ပြောလိုက်သည်။
“အစ်မအားမန်က အရမ်း သနားဖို့ ကောင်းတာပဲ။ တော်သေးတာပေါ့ ဟွာရှန့်မှာ ဟွာကျွင်းရှိနေလို့၊ မဟုတ်ရင် ကျွန်မလည်း အဲဒီလို ဖြစ်သွားနိုင်တာပဲ”
ဟွာကျွင်းက သူမ ဆံပင်များကို ပွတ်သပ်ပေး၏။
ဟွာရှန့်က နှုတ်ခမ်းဆူလျက် ထပ်ပြောပြန်သည်။
“အစ်မ... ကျွန်မလည်း ကြက်သားခေါက်ဆွဲပြုတ် စားချင်တယ်...”
ဟွာကျွင်း အံ့သြစွာ မေးလိုက်သည်။
“ဟင် နင် ခုနတင် မြေအိုးထမင်း တစ်အိုးလုံး စားထားတာလေ၊ ပြန်ဆာလာပြီလား”
“အစ်မအားမန် စားတာကို မြင်တော့ ကျွန်မလည်း စားချင်လာလို့ပါ...”
“ကောင်းပြီလေ၊ ချက်ပေးမယ်၊ ဟုတ်ပြီလား”
ဟွာရှန့် ပျော်ရွှင်စွာ ပြောလိုက်သည်။
“ဟုတ်၊ သမီး လည်း ကြက်ဥပြုတ် ပါချင်တယ်နော်”
မော့ချွမ်း ဘေးမှနေ၍ ရုတ်တရက် ဝင်ပြော၏။
“ကျွန်တော်ကတော့ ကြက်ဥပြုတ် နှစ်လုံး...”
သူသည် ထိုညက မြေအိုးထမင်း နှစ်အိုးအပြင် ဟွာကျွင်း စားလက်စ အပိုင်းကိုပါ အကုန်စားထားသူ ဖြစ်သည်။
ဟွာကျွင်း ပြန်မပြောခင်မှာပင် သူ ထပ်ပြောလိုက်သည်။
“ကျွန်တော် အရင်ဆုံး ပန်းကန်တွေ သွားချလိုက်ဦးမယ် ပြန်လာမှ စားမယ်”
ထိုသို့ဆိုကာ ပန်းကန်များကို သယ်၍ အမြန် ပြေးထွက်သွားတော့၏။
ဟွာကျွင်း အားမလိုအားမရ သက်ပြင်းချဟန် ဆောင်ကာ သူတို့ နှစ်ဦးအတွက် ခေါက်ဆွဲ ပြုတ်ပေးလိုက်သည်။
မုန့်ဆိုင်မှာ ညနေပိုင်းတွင် အမြဲလိုလို စည်ကားနေပြီး စားရသူများက ချီးကျူးနေကြစဉ် နေရာမရသူများမှာမူ နောက်တစ်နေ့တွင် စောစောလာမည်ဟု ကြုံးဝါးကာ နောင်တရစွာ ခေါင်းခါပြန်သွားကြသည်။
ဆိုင်ပိတ်ပြီးနောက်တွင် အားမောက်သည် ဟွာကျွင်းကို လာရှာသည်။
“ရှင် လာတာနဲ့ အတော်ပဲ”
ဟွာကျွင်းက သူ့ကို ထိုင်ရန် အမူအရာ ပြလိုက်၏။
အားမောက်က လက်များကို ပွတ်သပ်ကာ ပြောသည်။
“သူဌေးမဟွာ... မနေ့ညက သိုးကင်က တကယ်ကို မွှေးတာပဲ။ ဒီလောက် မွှေးတဲ့ ဆော့စ်မျိုး တစ်ခါမှ မစားဖူးဘူး”
“ရှင့်ရဲ့ သိုးသားကင်ပုံကလည်း အရမ်း တော်ပါတယ်။ အခု ရှင် ဘယ်မှာ အလုပ်လုပ်နေလဲဆိုတာ မေးလို့ ရမလား”
“ကျွန်တော် မူလကတော့ အားလုံးနဲ့အတူ တောင်ပေါ်မှာ ဆေးမြစ်ရှာတယ်၊ ဒါပေမဲ့ အခု ဆေးမြစ်တွေက သိပ်မရှိတော့ဘူးလေ။ ကျွန်တော် သွားတာ ဘာမှ မရခဲ့ဘူး၊ အခုတော့ အိမ်ဆောက်တဲ့ နေရာမှာ ကူလုပ်နေတယ်”
ဟွာကျွင်းက ခေါင်းညိတ်ပြလျက် ပြော၏။
“ကျွန်မ အသားကင်ဆိုင်လေး တစ်ဆိုင် ဖွင့်ချင်လို့၊ မနေ့က သိုးကင်လိုမျိုးပေါ့။ အခု လူအင်အား လိုနေတာနဲ့ အတော်ပဲ...”
အားမောက် အမြန်ပင် ပြန်ပြောလိုက်သည်။
“ကျွန်တော် လုပ်နိုင်ပါတယ်၊ သူဌေးမဟွာ... ကျွန်တော် အသားကင်ဆိုင်ကို ကူကြည့်ပေးပါ့မယ်။ ကျွန်တော် ကြိုးစားပြီး လုပ်ပါ့မယ်”
“မလောပါနဲ့ဦး။ ကျွန်မ စဉ်းစားထားတာကတော့ ဒီလို... အသားကင်စက်၊ မီးသွေးနဲ့ ဟင်းခတ်မှုန့်တချို့ကို ကျွန်မက ထုတ်ပေးမယ်။ ဒါပေမဲ့ သိုးသားနဲ့ တခြား အသားတွေကိုတော့ ရှင်ကိုယ်တိုင် ဝယ်ရမယ်”
“ပြဿနာ မရှိပါဘူး၊ ကျွန်တော့် မိန်းမကိုလည်း ခေါ်လို့ ရတယ်၊ သူ ကူညီပေးလိမ့်မယ်။ လုပ်အားခကိုတော့ ဆေးမြစ်အလုပ်ရုံကလိုမျိုး ရရင်ပဲ ကျေနပ်ပါပြီ”
“အရင် သဘောတူညီချက် အတိုင်းပါပဲ၊ လုပ်အားခအပြင် အမြတ်ထဲက ရာခိုင်နှုန်းကိုလည်း ခွဲပေးပါ့မယ်”
အားမောက်မှာ အလွန်ပင် ကျေးဇူးတင်သွားမိသည်။ ယခုမှစ၍ သူသည် နေ့ဘက်တွင် အိမ်ဆောက်ပြီး ညဘက်တွင် အသားကင် ရောင်းနိုင်ပြီ ဖြစ်ရာ နွေဦးရာသီတွင် မျိုးစေ့များ ဝယ်ရန် ငွေပိုစုနိုင်တော့မည်။ နောက်နှစ်အနည်းငယ်ဆိုလျှင် သူ့ကလေးများလည်း အိမ်ထောင်ပြုကြတော့မည်ဖြစ်ရာ နေရာတိုင်းတွင် ငွေလိုနေသည်။
ဟွာကျွင်းသည် အိမ်ပြန်ရောက်သည့်အခါ အသားကင်စက်၊ ကိရိယာများနှင့် မီးသွေးများကို အွန်လိုင်းမှ မှာယူလိုက်သည်။
ဇီရာစေ့၊ မြေပဲလှော်၊ နှမ်းဖြူ နှမ်းမည်း စသည့် လိုအပ်သော ဟင်းခတ်မှုန့်များကိုလည်း အများအပြား ဝယ်ယူ၏။
သူမနှင့် ရင်းနှီးသော ဝက်သားသည်ထံမှ ဝက်သား ပိဿာပေါင်းများစွာကိုလည်း မှာယူလိုက်သည်။
ထို့နောက် ခရမ်းသီးနှင့် ကြက်သွန်ဖြူ တစ်ခြင်းကို ဝယ်လိုက်၏။ ဘီယာကလည်း မပါလျှင် မဖြစ်ရာ ဟွာကျွင်းသည် ပုလင်းများဖြင့် ရှုပ်မနေစေရန် စည်ဘီယာကြီးများကို ဝယ်ယူရန် ဆုံးဖြတ်လိုက်တော့သတည်း။
ဤအရာအားလုံးမှာ ဟွာကျွင်း၏ အသားကင်ဆိုင်အတွက် ပြင်ဆင်မှုများ ဖြစ်သည်။