← Chapters

အခန်း (၉၇-၉၈)

Vol. 10 Ch. 97-98

အခန်း (၉၇-၉၈)

Vol. 10 Ch. 97-98

အခန်း (၉၇) အသားကင်ဆိုင် စတင်ဖွင့်လှစ်ခြင်း

အသားကင်စက်၊ မီးသွေးနှင့် အသားထိုးတံများမှာ မြို့ထဲရှိ ဆိုင်တစ်ဆိုင်မှ ဖြစ်သဖြင့် မှာယူသည့်နေ့မှာပင် အရောက်ပို့ပေးသည်။

ဆိုင်ရှင်က အသုံးပြုပုံကို အနည်းငယ် လက်တွေ့ပြသွား၏။ ၎င်းမှာ မခက်ခဲလှပေ။ ကောင်းမွန်သော အသားကင်တစ်ခုဖြစ်ရန် အသား၏ အရည်အသွေး၊ မီးအရှိန်နှင့် ဟင်းခတ်အမွှေးအကြိုင်များမှာသာ အဓိက သော့ချက်ဖြစ်သည်။

ထိုနေ့ညနေ မုန့်ဆိုင် ဖွင့်သည့်အချိန်တွင် အားမောက် သည် သိုးတစ်ကောင်ကို ဆွဲလျက် ဆိုင်ရှေ့တွင် စောင့်နေနှင့်ပြီ ဖြစ်၏။ သူ့ဘေးတွင် သန်သန်မာမာ အမျိုးသမီးတစ်ဦးလည်း ပါလာသည်။

ဟွာကျွင်း ကို မြင်သည်နှင့် အားမောက်က တက်တက်ကြွကြွဖြင့် ရှေ့သို့တိုးကာ နှုတ်ဆက်လိုက်သည်။

“သူဌေးမဟွာ... ဒါ ကျွန်တော့်မိန်းမပါ၊ ဒေါ်လေးပန်း လို့ပဲ ခေါ်လိုက်ပါ”

ဒေါ်လေးပန်းသည် လက်များကို ပွတ်သပ်လျက် ဟွာကျွင်းကို ပြုံးပြကာ ပြော၏။

“သူဌေးမဟွာ... ကျွန်မ အားမောက်ကို ကူညီဖို့ လိုက်လာတာပါ”

အားမောက်သည် သူ့လက်ထဲမှ သိုးကို ဟွာကျွင်းရှေ့သို့ မပြလိုက်၏။

“ဒါ သူဌေးမ ဝယ်ခိုင်းတဲ့ သိုးပါ၊ အခုလေးတင် သတ်ထားတာဆိုတော့ အရမ်းလတ်ဆတ်တယ်”

သူသည် အခြားလက်တစ်ဖက်ဖြင့် ရင်ဘတ်ထဲမှ ငွေအိတ်ကို ထုတ်လိုက်ပြီး ပြောသည်။

“ဒါကတော့ ပိုတဲ့ငွေပါ၊ ပြန်ယူပါဦး”

ဟွာကျွင်းသည် ငွေအိတ်ကို ယူလိုက်ပြီးနောက် မှာကြားလိုက်၏။

“အရင်ဆုံး သိုးသားကို နွှင်ပေးပါ၊ အဆီနဲ့ အသားကို သီးခြားစီ ခွဲထားပေးနော်”

မနေ့ညက သိုးရင်ဘတ်သားမှာ အရသာရှိသော်လည်း အဆီ အလွန်များလွန်းလှပေသည်။

“ပြီးတော့ ဒီဝက်သားကိုလည်း အတူတူ နွှင်ပေးပါ။ ဝက်သားကိုတော့ အချပ်လိုက် လှီးပြီး သိုးသားကိုတော့ အတုံးလေးတွေ တုံးပေးပါ”

အားမောက် ရင်ဘတ်ကို ပုတ်လျက် ပြောလိုက်သည်။

“ကောင်းပါပြီ၊ ပြဿနာ မရှိပါဘူး၊ ကျွန်တော်တို့အပေါ်မှာပဲ စိတ်ချထားလိုက်ပါ”

ထို့နောက် သူ ဒေါ်လေးပန်းကို ခေါ်ကာ အသားများကို စတင် လှီးဖြတ်တော့၏။

အားမန် ဟွာကျွင်းကို အဝေးမှ မြင်သည်နှင့် သူမထံသို့ အပြေးလာသည်။

သူမသည် သန့်ရှင်းလန်းဆန်းသော အဝတ်အစားများ လဲလှယ်ထားပြီး ဟွာကျွင်းပေးထားသော ပဝါကိုလည်း ခေါင်းတွင် ပတ်ထားဆဲ ဖြစ်၏။

“အားမန် ရှင် ကြည့်ရတာ အရင်ကထက် အများကြီး ပိုပြီး လန်းဆန်းသွားတာပဲ”

အားမန်က ခေါင်းညိတ်ပြကာ ဟွာကျွင်းကို ပါးစပ်လှုပ်ရုံလေးဖြင့် ပြောလိုက်၏။

“ကျေးဇူးတင်ပါတယ်”

ဟွာကျွင်း ပြုံးလျက် ခေါင်းခါပြကာ ပြော၏။

“ရပါတယ်ရှင်”

အားမန်သည် အားမောက်ကို ကြည့်လိုက်ပြီးနောက် လျှောက်သွားကာ ဆောင့်ကြောင့်ထိုင်လျက် ဓားတစ်လက်ကို ယူပြီး အသားများကို ဝိုင်းကူလှီးပေးတော့၏။

အားမောက် တစ်ခဏ ကြောင်သွားပြီးနောက် ချက်ချင်းပင် အော်လိုက်သည်။

“ဟေး... ဟေး... ဟေး၊ နင်က ဘယ်သူလဲ။ ဘာလို့ ငါ့အလုပ်ကို လာလုနေတာလဲ”

ဟွာကျွင်း အားမန်ကို ပုတ်လိုက်ပြီး မေးလိုက်၏။

“ဘာဖြစ်လို့လဲ”

အားမန် မော့ကြည့်ကာ ဟွာကျွင်းကို ပါးစပ်လှုပ်၍ ပြန်ပြောသည်။

“ကျွန်မ အလုပ်လုပ်နိုင်တယ်”

“အသားလှီးနိုင်တယ်လို့ ပြောတာလား”

အားမန်က ခေါင်းကို အားရပါးရ ညိတ်ပြ၏။ ဟွာကျွင်း ခဏစဉ်းစားပြီးနောက် သူမကို မီးဖိုချောင်သို့ ခေါ်သွား၏။

“ဟွာရှန့် ... မီးဖိုချောင်မှာ လူကူလိုသေးလား”

ဟွာရှန့်သည် အားမန်ကို မြင်သည့်အခါ ဝမ်းသာအားရဖြင့် ပြောသည်။

“လိုတယ်၊ လိုတယ်။ အကို မော့ချွမ်း က ပန်းကန်တွေ သယ်ပေးရတော့ မီးဖိုချောင်မှာ သမီးတစ်ယောက်တည်း ဖြစ်နေတာ”

သူမသည် ရှေ့သို့ တိုးလာကာ အားမန် လက်ကို ကိုင်လိုက်၏။

“အားမန်... နေကောင်းသွားပြီလား”

အားမန်က ခေါင်းညိတ်ပြကာ မိမိကိုယ်ကိုယ် ညွှန်ပြပြီးနောက် မီးဖိုရှိရာသို့ ညွှန်ပြသည်။

ဟွာရှန့်က ပြော၏။

“သိပ်ကောင်းတာပဲ။ အစ်မ ကူညီဖို့ ရောက်လာတာ အရမ်းဝမ်းသာတာပဲ။ ဒီပဝါကို ချွတ်ထားလိုက်ပါလား၊ ဒီထဲမှာ ပူတယ်လေ”

အားမန်သည် ပဝါကို ကိုင်လိုက်ပြီး အနည်းငယ် တွန့်ဆုတ်နေလေသည်။

ဟွာကျွင်းက ပြော၏။

“ရပါတယ်၊ မီးဖိုချောင်ထဲကို ဘယ်သူမှ မလာကြပါဘူး”

ထိုသို့ပြောလိုက်မှသာ အားမန်က စိတ်လျှော့ကာ ပဝါကို ဖြည်းဖြည်းချင်း ချွတ်လိုက်သည်။ ဟွာကျွင်း သေသေချာချာ ကြည့်လိုက်ရာ သူမမျက်နှာပေါ်မှ ဒဏ်ရာများမှာ အနာဖေးတက်ကာ ကျက်စပြုနေပြီ ဖြစ်၏။ မနေ့က လိမ်းပေးလိုက်သော ဆေးမှာ တကယ်ပင် အစွမ်းထက်ပုံရပေသည်။

“သူဌေးမဟွာ...”

အားမောက် မီးဖိုချောင် အပြင်ဘက်မှ လှမ်းခေါ်လိုက်၏။ ဟွာကျွင်းက ပြန်ထူးလိုက်ပြီး ဟင်းခတ်မှုန့် အမျိုးမျိုးကို ယူကာ ဟွာရှန့်ကို ပြောလိုက်သည်။

“မီးဖိုချောင်ကိုတော့ နင်တို့နှစ်ယောက်ပဲ အပ်ခဲ့ပြီနော်”

ဟွာရှန့် တက်ကြွစွာ ပြုံးလျက် ပြန်ပြော၏။

“စိတ်ချပါ အစ်မ”

သိုးသားနှင့် ဝက်သားများကို အတုံးလေးများ တုံးကာ သန့်ရှင်းသော ဇလုံများထဲတွင် ထည့်ထားပြီး ဖြစ်၏။ ဟွာကျွင်းက ၎င်းတို့ကို ကြည့်ကာ ချီးကျူးလိုက်သည်။

“ကောင်းတယ်၊ အတုံးလေးတွေက တစ်ညီတည်းပဲ”

ဒေါ်လေးပန်း တဟီးဟီး ရယ်လျက် ပြော၏။

“ဒါက လွယ်ပါတယ်ရှင်၊ ကျွန်မတို့ အရင်က မုန်လာဥတွေကို အတုံးလေးတွေ အမြဲ တုံးနေကျလေ။ ပြီးရင် နေပူထဲ အခြောက်လှမ်း၊ ဆားလေးဖြူးစားရင် ဆန်ပြုတ်နဲ့ သိပ်မြိန်တာ”

အားမောက် သူမကို ဆွဲလိုက်ပြီး ပြောသည်။

“ငါတို့က အသားအကြောင်း ပြောနေတာလေ၊ နင်က ဘယ်တွေ ရောက်သွားတာလဲ”

ဟွာကျွင်း ပြုံးလိုက်မိ၏။ ဤကဲ့သို့သော အိမ်တွင်းစကားဝိုင်းလေးများက အမြဲလိုလို ရင်းနှီးနွေးထွေးမှုကို ပေးစွမ်း၏။

သူမ အသားများကို စတင် နယ်တော့၏။ လှီးထားသော အသားများထဲသို့ ဆား၊ သကြားဖြူ၊ ကော်မှုန့် တို့ကို ထည့်လိုက်ပြီး ကြက်ဥအနည်းငယ်ကို ဖောက်ထည့်ကာ နောက်ဆုံးတွင် ကြက်သွန်နီ အနည်းငယ် ထည့်လိုက်သည်။

သူမ လက်အိတ်စွပ်ကာ ဟင်းခတ်မှုန့်များ အသားထဲသို့ စိမ့်ဝင်သွားစေရန် နှံ့စပ်အောင် နယ်ပေးလိုက်၏။

ခဏမျှ နှပ်ထားပြီးနောက် ဟွာကျွင်းသည် ဝါးတုတ်လေးများကို ထုတ်ကာ အသားများကို စတင် ထိုးတော့၏။

“ဒီလိုမျိုး... အသားအဆီ တစ်တုံးနဲ့ အသားအကျော တစ်တုံးစီ အလှည့်ကျ ထိုးပေးပါ၊ ဒါဆိုရင် ကင်ပြီးတဲ့အခါ ပိုပြီး အရသာရှိလိမ့်မယ်”

အားမောက်နှင့် ဒေါ်လေးပန်းတို့မှာ ဟွာကျွင်း၏ လှုပ်ရှားမှုများကို လိုက်တုလျက် ဘေးတွင် ထိုင်ကာ အသားများကို ဂရုတစိုက် ထိုးနေကြသည်။ အသားထိုးရင်းနှင့် အားမောက် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။

“သူဌေးမဟွာ... ဘာလို့ သိုးသားကို အတုံးလေးတွေ တုံးပြီး ကင်ရတာလဲ။ သိုးတစ်ကောင်လုံး ကင်တာက ပိုပြီး အဆင်မပြေဘူးလား။ ဝါးတုတ်တွေလည်း အလဟဿ မကုန်တော့ဘူးပေါ့”

“အတုံးလေးတွေ တုံးထားတော့ မီးအရှိန် ထိန်းရတာ ပိုလွယ်ပြီး ရောင်းရတာလည်း ပိုအဆင်ပြေတာပေါ့။ ဝယ်သူတွေကလည်း သူတို့ စားချင်သလောက် တစ်ချောင်းချင်း မှာလို့ရပြီး ပူပူနွေးနွေး စားနိုင်တာပေါ့။ ပြီးတော့ အတုံးလေးတွေဆိုရင် ဟင်းခတ်မှုန့်တွေက အသားထဲကို ပိုပြီး စိမ့်ဝင်လွယ်တာပေါ့”

ဒေါ်လေးပန်းက ပြော၏။

“ရှင်ကတော့ တကယ်ကို စေ့စပ်တာပဲ။ ကျွန်မ သူတို့ သိုးကင်တာ တွေ့ဖူးပါတယ်၊ ကျက်သွားရင် ပြီးရော၊ ဆားလေးဖြူးစားရင်ကို အရသာ ရှိတာပဲ”

အားမောက် ပြန်ပြောလိုက်သည်။

“အဲဒါက သူတို့ သူဌေးမဟွာရဲ့ အသားကင်ကို မမြည်းဖူးသေးလို့ပါ။ မြည်းဖူးသွားရင်တော့ ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး”

ဟွာကျွင်းကမူ ဒါကတော့ နည်းပညာရဲ့ အစွမ်းပေါ့ ဟု စိတ်ထဲမှ တွေးလိုက်မိသည်။

ဒေါ်လေးပန်း ပြော၏။

“သကြားနဲ့ ဆားကို အဲဒီလောက် ထည့်ထားတာဆိုတော့ မမြည်းကြည့်ရသေးရင်တောင် သိပ်မွှေးမှာပဲဆိုတာ သိနေပြီ။ ဒါပေမဲ့ ဟဲဟဲ... နည်းနည်းတော့ နှမြောစရာပဲ”

ဟွာကျွင်းသည် ဘာမှမပြောဘဲ ပြုံးလိုက်သည်။ အသားကင်ချောင်း အချို့ အဆင်သင့်ဖြစ်သည့်အခါ သူမ မီးစတင် မွှေးတော့၏။

သူမ အသားကင်စက်ကို မုန့်ဆိုင်တံခါးဝ၏ ဘေးဘက်သို့ ရွှေ့လိုက်ပြီး အောက်ခြေတွင် မီးသွေးများ ထည့်လိုက်သည်။

အားမောက် အမြန်ထ၍ ဝိုင်းကူပေးစဉ် မီးသွေးများကို မြင်သည့်အခါ အံ့ဩတကြီးရွေရွတ်လိုက်သည်။

“အမလေး... ဒီမီးသွေးတွေက တော်တော် ကောင်းတာပဲ”

၎င်းတို့မှာ ပြောင်လက်နေရုံသာမက ဘာအကြွင်းအကျန်မှ မရှိဘဲ အတုံးရှည်များမှာ တစ်ညီတည်း ဖြစ်နေသည်။

မီးခဲလေး တစ်ခု ထည့်လိုက်သည်နှင့် မီးသွေးများမှာ အလွယ်တကူ မီးစွဲသွားပြီး မီးခိုး တစ်စက်မျှ မထွက်ပေ။ မီးသွေးပေါ်တွင် ကင်သည့် ဇကာကို တင်လိုက်ပြီး ဟွာကျွင်းက အားမောက်ကို ပြောလိုက်၏။

“မီးအရှိန် ထိန်းတာကိုတော့ ရှင်ပဲ တာဝန်ယူရမယ်နော်”

“ပြဿနာ မရှိပါဘူး၊ ဒီလောက် ကောင်းတဲ့ မီးသွေး မပြောနဲ့၊ ဒီထက် ညံ့တဲ့ မီးသွေးတွေနဲ့တောင် ကျွန်တော် ကင်ဖူးတာပဲ”

သူသည် သိုးသားကင်ချောင်း အနည်းငယ်နှင့် ဝက်သားကင်ချောင်း အနည်းငယ်ကို ယူကာ ဇကာပေါ် တင်လိုက်ပြီးနောက် ယပ်တောင်ဖြင့် ဖြည်းဖြည်းချင်း ခတ်ပေးသည်။

ဟွာကျွင်း အသားကင်စက်ကို ရွှေ့လိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ လူများမှာ သတိထားမိသွားကြပြီး စူးစမ်းလိုစိတ်ဖြင့် စုရုံးလာကြတော့၏။

“သူဌေးမဟွာ... ဘာလုပ်မလို့လဲ”

“ဒါက အသားကင်ဆိုင် အသစ်လေးပါ”

“အသားကင်ဆိုင်လား။ အသားကင်ဆိုတာ ဘာလဲ”

၎င်းမှာ လူများအတွက် နောက်ထပ် ဝေါဟာရ အသစ်တစ်ခု ဖြစ်နေပြန်၏။

“အသားကို ကင်ထားတာပါပဲ။ အခုလောလောဆယ်တော့ သိုးသားနဲ့ ဝက်သား နှစ်မျိုးရှိမယ်။ သိုးသားက တစ်ချောင်းကို ကြေးပြား (၂၀)၊ ဝက်သားကတော့ တစ်ချောင်းကို ကြေးပြား (၁၅)ပြားပါ”

“ဘယ်လောက်တောင်”

ဘေးမှ ကြည့်နေသူများ အားလုံးမှာ ထိတ်လန့်သွားကြပြီး အားမောက်ပင် သူ့လှုပ်ရှားမှုများကို ရပ်တန့်ကာ မျက်လုံးပြူးလျက် ဟွာကျွင်းကို စိုက်ကြည့်မိသွားသည်။

ဝယ်သူတစ်ဦးက အသားဇလုံထဲမှ အသားများကို မယုံနိုင်သလို ညွှန်ပြလျက် ပြော၏။

“သူဌေးမဟွာ... ရှင်ကတော့ စီးပွားရေး တော်တော် လုပ်တတ်တာပဲ၊ အသားကို ဒီလောက် အတုံးသေးသေးလေးတွေ တုံးထားပြီးတော့တောင် ဒီလောက် ဈေးကြီးပေးရဦးမှာလား”

အားမောက် စိတ်ထဲမှ တွေးလိုက်မိ၏။

‘သူဌေးမဟွာ ဈေးတွက် မှားနေတာများလား’

သူသည် ဤသိုးတစ်ကောင်လုံးကို ကြေးပြား (၁၆၀၀) ပေးဝယ်ခဲ့ရခြင်း ဖြစ်ပြီး ၎င်းမှာ ပိဿာ (၄၀) ခန့် ရှိလေသည်။ အရိုး၊ ခေါင်းနှင့် ကလီစာများ ဖယ်လိုက်ပါက အသား သန့်သန့် ပိဿာ (၂၀) ခန့် ကျန်ပေလိမ့်မည်။

ဤကဲ့သို့ အသားထိုးသည့် နည်းလမ်းအရဆိုလျှင် အသား တစ်ပိဿာလျှင် အသားကင် အချောင်း (၁၀၀) ခန့် ရနိုင်ရာ အသား (၁၀) ပိဿာ ဆိုလျှင် အချောင်း (၁၀၀၀) ခန့် ရနိုင်ပေသည်။ တစ်ချောင်းလျှင် ကြေးပြား(၂၀) နှင့် ရောင်းမည်ဆိုပါက အချောင်း (၁၀၀၀) ဆိုလျှင် ကြေးပြား မည်မျှ ရနိုင်မည်နည်း။

အားမောက် တွက်ချက်၍ မရနိုင်တော့သော်လည်း ၎င်းမှာ သူဝယ်ခဲ့သော (၁၆၀၀) ထက် များစွာ ပိုနေသည်မှာတော့ အသေအချာပင်။ အဆပေါင်း များစွာပင် ဖြစ်၏။

‘ဒါကို ဘယ်သူက ဝယ်စားမှာလဲ’

အားမောက်သည် ဟွာကျွင်းအတွက် စိုးရိမ်လာပြီး ဈေးပြန်ပြင်ရန် သတိပေးသင့်သည်ဟု တွေးလိုက်မိသည်။

သို့သော် သူ စကားမပြောရသေးမီမှာပင် ဟွာကျွင်း ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေလိုက်၏။

“ဟုတ်ပါတယ်၊ အဲဒီဈေးပါပဲ”

ဝယ်သူမှာ လက်ခါယမ်းလျက် ခေါင်းကို ရမ်းကာ ထွက်သွားတော့၏။

“ဈေးကြီးလိုက်တာ၊ ဈေးကြီးလိုက်တာ။ ဆိုင်ထဲမှာ တခြားဟာပဲ ဝင်စားတော့မယ်။ သိုးသားကင်တာ ဘယ်သူမဆို လုပ်တတ်တာပဲ မဟုတ်လား”

“ဟုတ်တယ်၊ ဈေးကြီးလွန်းတယ်၊ မတန်ပါဘူး”

“ကျွန်တော်က သိုးသား မကြိုက်ဘူး၊ ညှီနံ့ နံတယ်။ သွားစို့၊ သွားစို့”

ဘေးမှ စုရုံးကြည့်နေသူများမှာ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြတော့သည်။

အခန်း (၉၈)

သိုးသားကင်နှင့် ဝက်သားကင်

လူစုကွဲသွားသည့်အခါ ဟွာကျွင်း သိပ်ပြီး အာရုံမထားပေ။ အားမောက် မှာမူ စိုးရိမ်တကြီး ဖြစ်နေရှာ၏။

“သူဌေးမဟွာ... ဈေးက အရမ်းကြီးနေတာလား။ မရောင်းရရင် ဘယ်လိုလုပ်မလဲ”

သူ့အနေနှင့် မရောင်းရလည်း လုပ်အားခ ရမည်ဖြစ်သော်လည်း သူဌေးမဟွာ ငွေရှုံးမည်ကို စိုးရိမ်နေ၏။

သိုးတစ်ကောင်လုံးကို ကြေးပြား(၁၆၀၀)တောင် ပေးထားရသည်။

“ရပါတယ်၊ အသားကင်ကသာ အရသာရှိမယ်ဆိုရင် လူတွေ အများကြီး ဝယ်စားကြမှာ အသေအချာပါပဲ”

အားမောက် မိမိထံသို့ ဖိအားများ ရောက်လာသကဲ့သို့ ခံစားလိုက်ရပြီး အလွန်ပင် ပူပန်သွားသည်။

“ကျွန်တော်... ကျွန်တော် ကောင်းကောင်းမကင်နိုင်မှာ ကြောက်တယ်...”

ဟွာကျွင်း သူ့ကို နှစ်သိမ့်လိုက်၏။

“ရပါတယ်၊ အများကြီး စမ်းကြည့်ပေါ့။ အကြိမ်အနည်းငယ်လောက် ပျက်စီးသွားတာ ပြဿနာ မရှိပါဘူး”

သူ့အပေါ် ဤမျှ ယုံကြည်သည်ကို မြင်ရသောကြောင့် အားမောက်သည် သူဌေးမဟွာကို စိတ်ပျက်အောင် မလုပ်ဘူးဟု တွေးလိုက်မိ၏။

‘အသားကင်ရုံတင်ပဲလေ၊ သူဌေးမဟွာက ဟင်းခတ်မှုန့်တွေ အကုန်ပြင်ပေးထားပြီးပြီ၊ သူက မီးအရှိန် ထိန်းရုံပဲ’

သူသည် အိမ်တွင် နေ့တိုင်း မီးမွှေနေကျသူဖြစ်ရာ ဤအလုပ်က မခက်ခဲလှပေ။

သူ လက်ထဲမှ အသားကင်ချောင်းများကို ဂရုတစိုက် လှန်ပေးကာ ယပ်တောင်ဖြင့် မီးအရှိန်ကို ညှိလိုက်၏။ မကြာမီ အသားထဲမှ အဆီများ ထွက်လာကာ မီးသွေးပေါ်သို့ တဖြည်းဖြည်း ကျသွားပြီး မီးတောက်ကလေးများ ချက်ချင်း ထကြွလာတော့၏။

မီးတောက်များသည် အသားကင်ချောင်းများပေါ်တွင် လောင်မြိုက်ပြီး အသားနံ့များကို ထုတ်လွှတ်ပေးလာ၏။ ထို့နောက် မီးခိုးများနှင့်အတူ လေထဲတွင် လွင့်ပါသွားသည်။

လေပြေက အချိန်ကိုက် ညင်ညင်သာသာ တိုက်ခတ်လာရာ ထိုရနံ့မှာ ဆိုင်ရှေ့ရှိ လူအုပ်ကြီးထံသို့ ရောက်သွားတော့၏။

တစ်ယောက် လှည့်ကြည့်ကာ ပြောသည်။

“အရမ်းမွှေးတာပဲ၊ အသားမစားရတာ ကြာပြီ”

အားမောက်သည် ဆီအနည်းငယ် သုတ်လိုက်ပြီး အသားကင်များကို လှန်လျက် ဟင်းခတ်မှုန့်များ ဖြူးကာ ဆက်ကင်နေ၏။

ဇီရာ၊ ငရုတ်သီးနှင့် အခြား ဟင်းခတ်မှုန့်များသည် အပူရှိန်ပြင်းပြင်းတွင် ထူးခြားသော ရနံ့များကို ထုတ်လွှတ်ပေးကာ အသားမီးကျွမ်းနံ့နှင့် ရောယှက်သွားပြီး လူတိုင်း၏ ဆာလောင်မှုကို နှိုးဆွပေးလိုက်သည်။

နောက်ဆုံးတွင် တစ်ယောက်က မအောင့်နိုင်တော့ဘဲ ရှေ့သို့ တိုးလာကာ အားမောက် လက်ထဲမှ ရွှေဝါရောင် သန်းနေသော အသားကင်များကို ကြည့်လိုက်၏။

“ဒါ... ရောင်းတာလား”

သူက အချိန်အတော်ကြာ ကြည့်ပြီးမှ မေးလိုက်သည်။

အားမောက် ပြန်ပြောလိုက်၏။

“ဒီတစ်သုတ်က မရောင်းသေးဘူး၊ အရသာ စမ်းကြည့်နေတာ”

စကားပြောရင်း သူသည် ထိုအသားကင်များကို ယူကာ စက္ကန့်အနည်းငယ်ခန့် သေသေချာချာ စစ်ဆေးပြီးနောက် ဆော့စ်မှုန့် အနည်းငယ် ထပ်ဖြူးကာ ဟွာကျွင်းထံ ကမ်းပေးလိုက်၏။

“သူဌေးမဟွာ... မြည်းကြည့်ပါဦး”

ဟွာကျွင်းသည် မော့ချွမ်း နှင့် ဟွာရှန့် တို့ကို ခေါ်ကာ တစ်ယောက်လျှင် သိုးသားကင် တစ်ချောင်းနှင့် ဝက်သားကင် တစ်ချောင်းစီ မြည်းစမ်းစေ၏။

မော့ချွမ်း ပြော၏။

“မီးကျွမ်းနံ့လေး ရနေတယ်၊ ကိုက်လိုက်ရင်လည်း အသားက နူးညံ့ပြီး အရည်ရွှမ်းနေတာပဲ။ ဇီရာ နဲ့ ငရုတ်သီးကလည်း အတော်ပဲ၊ အရသာရှိတယ်”

ဟွာရှန့်ကလည်း ပြောလိုက်သည်။

“ဒါ တကယ် အရသာရှိတာပဲ၊ အားမန် အတွက် နှစ်ချောင်း သွားပေးလိုက်ဦးမယ်”

ဤသို့ဆိုကာ ခုန်ပေါက် ထွက်သွားတော့၏။

ဒေါ်လေးပန်း နှင့် အားမောက်တို့မှာလည်း အားရပါးရ စားနေသဖြင့် စကားပင် မပြောနိုင်ကြပေ။ အသားကုန်သွားသည့်အခါ ကင်ထားသည့် တုတ်ကိုပင် လျှာဖြင့် လျက်ချင်စိတ်ကို ထိန်းထားရသည်။

ဒေါ်လေးပန်းက ပြော၏။

“သူဌေးမဟွာ... ဒီလောက် အရသာရှိတဲ့ သိုးသားမျိုး တစ်ခါမှ မစားဖူးဘူး။ ဝက်သားလည်း စားကောင်းတယ်”

အားမောက်မှ ခေါင်းညိတ်ကာ ပြော၏။

“ကျွန်တော် သူဌေးမ ကို ယုံခဲ့သင့်တာ၊ ကြေးပြား (၃၀) နဲ့ ရောင်းရင်တောင် တန်တယ်”

ဘေးမှ ဝယ်သူမှာ စိတ်မရှည်တော့ဘဲ မေးလိုက်၏။

“နောက်တစ်သုတ် ရောင်းလို့ရပြီလား”

ဟွာကျွင်း မေးလိုက်သည်။

“ဘယ်နှစ်ချောင်း ယူမလဲ”

သူ ခဏစဉ်းစားလိုက်၏။ ဈေးက မနည်းသော်လည်း ကြည့်ရသည်မှာ အရမ်း အရသာရှိပုံရသဖြင့် စိတ်ကို တင်းကာ ပြောလိုက်သည်။

“သိုးသားကင် တစ်ချောင်းနဲ့ ဝက်သားကင် တစ်ချောင်း... မဟုတ်ဘူး၊ သိုးသားကင် တစ်ချောင်းနဲ့ ဝက်သားကင် နှစ်ချောင်း”

ဝက်သားက သိုးသားထက် ဈေးသက်သာသောကြောင့် သူ တစ်ချောင်း ပိုစားနိုင်သည်။

“ကောင်းပါပြီ၊ သိုးသားကင် တစ်ချောင်းနဲ့ ဝက်သားကင် နှစ်ချောင်း။ အစပ် စားနိုင်လား”

“အင်း...အစပ် နည်းနည်းပဲ လုပ်ပေးပါ”

“ဟုတ်ကဲ့၊ အစပ်နည်းနည်း။ အားလုံးပေါင်း ကြေးပြား(၅၀) ပါ”

ဟွာကျွင်းက ဈေးနှုန်းကို ရှင်းလင်းစွာ ပြောလိုက်ရာ ဒေါ်လေးပန်း သေသေချာချာ နားထောင်ပြီး နောက်ပိုင်းတွင် မေးမြန်းရန် မှတ်သားထားသည်။ ယခုမှစ၍ အားမောက် အသားကင်သည့်အခါ သူမ အော်ဒါလက်ခံရန် တာဝန်ယူရမည်။

အားမောက်သည် သိုးသားနှင့် ဝက်သားကင်များကို တစ်ဆုပ်စာ ယူကာ မီးပေါ်တင်၍ စတင် ကင်တော့၏။

သူကိုယ်တိုင် စားကြည့်ပြီးသည့်အခါ အတော်လေး ယုံကြည်မှု ရှိသွားသည်။ သူကိုယ်တိုင် ကြေးပြား (၂၀) တန် သိုးသားကင်ကို ဝယ်မစားနိုင်သော်လည်း ၎င်းမှာ ကြေးပြား(၂၀) တန်သည်က အသေအချာပင်။ ကြေးပြား တစ်ပြား လျော့သွားလျှင် အရသာကို စော်ကားရာ ရောက်ပေလိမ့်မည်။

ဟွာကျွင်း အားမောက်ကို မှာကြားလိုက်၏။

“ဝယ်သူ မရှိတဲ့အခါ ကျန်တဲ့ အသားကင်တွေကို မီးသိပ်မရှိတဲ့ အစွန်ဘက်မှာ တင်ထားပါ။ လူလာတဲ့အခါမှ ပြန်နွှေးပေးလို့ ရတာပေါ့”

အားမောက် သေသေချာချာ မှတ်သားထားသည်။

မကြာမီ ပထမဆုံး ဝယ်သူအတွက် အသားကင်များ ကျက်သွား၏။ အားမောက်သည် ငရုတ်သီးမှုန့် အနည်းငယ် ဖြူးကာ လှမ်းပေးလိုက်သည်။

“ဧည့်သည်... ဒါက ဧည့်သည်ရဲ့ အသားကင်တွေပါ၊ သုံးဆောင်ပါဦး”

ဝယ်သူသည် အသားကင်များကို ယူကာ လှည့်ထွက်သွားပြီး နှစ်လှမ်းခန့်တွင် တစ်ယောက်က တားလိုက်၏။

“အစ်ကို... အဲဒါ မြန်မြန် မြည်းကြည့်ပါဦး၊ ဒီအသားကင်က တကယ်ပဲ အဲဒီလောက် အရသာရှိလို့လား”

ဝယ်သူ၏ ဘယ်ဘက်လက်တွင် သိုးသားကင်၊ ညာဘက်လက်တွင် ဝက်သားကင် ရှိနေ၏။ သူ ခဏစဉ်းစားပြီးနောက် ဝက်သားကင်က နှစ်ချောင်း ရှိသဖြင့် ဝက်သားကို အရင်စားရန် ဆုံးဖြတ်လိုက်သည်။

ယနေ့ဝယ်ထားသော ဝက်ဗိုက်သားမှာ အဆီနှင့် အသား မျှတသော အသားဖြစ်ပြီး မီးသွေးပေါ်တွင် ကင်လိုက်သည့်အခါ အဆီအများစုမှာ ပျောက်ကွယ်သွားပြီ ဖြစ်၏။

ပါးစပ်ထဲ ရောက်သည့်အခါ အဆီများသည့် ခံစားချက် မရှိပေ။ ကြွပ်ရွနေသော အပြင်ခွံ၊ အဆီနားမှ ကပ်နေသည့် ကြွပ်ရွသွားသော အသားလေးများနှင့် အဆီမပါသည့်အသားတို့မှာ ဝါးလိုက်သည့်အခါ အလွန်ပင် ကျေနပ်စရာ ကောင်းလှ၏။ အထူးသဖြင့် ဟင်းခတ်မှုန့်၏ အနံ့မှာ ဝက်သား အရသာကို အဆင့်များစွာ မြှင့်တင်ပေးလိုက်သလို ဖြစ်နေသည်။

သူ တစ်လုပ်ပြီး တစ်လုပ် မရပ်မနား စားနေတော့၏။ ဘေးမှလူများက စိတ်မရှည်တော့ဘဲ မေးကြသည်။

“ပြောဦးလေ။ အရသာက ဘယ်လိုလဲ”

သူ ပျော်ရွှင်နေသော အမူအရာဖြင့် ခေါင်းကို ရမ်းလိုက်ပြီးနောက် သိုးသားကင်ကို ဆက်စားပြန်၏။ သိုးသားမှာ အဆီပါသော်လည်း မညှီဘဲ ငန်စပ်မွှေး အရသာမှာ ဝက်ဗိုက်သားကင်ထက်ပင် အတော်လေး ကောင်းလှသည်။

“အစ်ကို... စားရင်းနဲ့ ရူးသွားတာလား”

သူသည် သုံးချောင်းစလုံးကို တစ်ခါတည်း အကုန်စားလိုက်ပြီးနောက် နှုတ်ခမ်းကို လျှာဖြင့် သပ်လျက် ပြော၏။

“အရမ်း အရသာရှိတာပဲ၊ အသားကို ဒီလိုမျိုး အရသာရှိအောင် လုပ်လို့ရမှန်း တစ်ခါမှ မသိခဲ့ဘူး”

“တကယ်ပဲ အဲဒီလောက် ကောင်းလို့လား။ ရှင်က လူငှားများလား...”

သူ သူတို့ကို ဂရုမစိုက်ဘဲ ငွေအိတ်ကို ပုတ်ကာ သက်ပြင်းချလျက် ထွက်သွားတော့၏။

လင်မော့ရှူ သည် ကံကောင်းသူ တစ်ယောက် ဖြစ်သည်။ ယနေ့တွင် ဂျယ်လီ လာယူရန် ရောက်ရှိလာစဉ် အဝေးမှပင် ထူးဆန်းသော ရနံ့တစ်ခုကို ရလိုက်၏။

ရှေ့တွင် စည်ကားနေသော ဟွာကျွင်းမုန့်ဆိုင် ရှိနေသဖြင့် ထိုရနံ့မှာ မုန့်ဆိုင်ဆီမှ လာသည်မှာ သေချာပေသည်။

သူသည် မြင်းကို အမြန်နှင်လာပြီးနောက် မီးခိုးတလူလူ ထွက်နေသော ဆိုင်ဘေးတွင် ရပ်နေသည့် ဟွာကျွင်းကို မြင်လိုက်ရ၏။

“သူဌေးမဟွာ”

လင်မော့ရှူ ရင်းနှီးစွာ နှုတ်ဆက်လိုက်သည်။

“ရှင်ပဲ၊ ရှင့် ပစ္စည်းတွေက ဆေးဆိုင်မှာ အဆင်သင့်ရှိတယ်၊ ကျွန်မ သွားယူပေးမယ်”

“မလောပါနဲ့ဦး။ ဘာတွေ ကင်နေတာလဲ၊ အရမ်းမွှေးတာပဲ”

ဟွာကျွင်းသည် အသားကင် နှစ်ချောင်းကို ယူကာ ရက်ရက်ရောရော ကမ်းပေးလိုက်၏။

“ဒါက အသားကင် ပါ၊ မြည်းကြည့်ပါဦး”

လင်မော့ရှူးက အားနာမနေဘဲ ယူ၍ တစ်လုပ်စားကြည့်သည့်အခါ မှင်တက်သွားရသည်။

သူ မသေချာသလို မေးလိုက်၏။

“ဒါ သိုးသားလား။ ဒါက ဝက်သားလား”

ဟွာကျွင်းက ခေါင်းညိတ်ပြသည်။ သိုးသားကိုတော့ ခန့်မှန်း၍ ရသော်လည်း ဇီရာနံ့က သိုးညှီနံ့ကို ဖုံးပေးထားပြီး သိုးသား၏ ထူးခြားသော အရသာကိုတော့ ထိန်းထားပေး၏။

သို့သော် ဤဝက်သားမှာ သူမှတ်မိသလောက် ဝက်သားက ညှီနံ့ရှိတတ်သော်လည်း ယခု လုံးဝ မရှိတော့ပေ။

ဟွာကျွင်း ပြောလိုက်သည်။

“ကြိုက်တယ်ဆိုရင် နောက်ထပ် အချောင်းနည်းနည်း ပေးဦးမယ်”

လင်မော့ရှူးမှာ ဝယ်သူကြီးဖြစ်သဖြင့် ဤအချောင်းအနည်းငယ်မှာ လက်ဆောင်ပေးသင့်ပေသည်။

“မဖြစ်ဘူး၊ မဖြစ်ဘူး၊ ခင်ဗျားဆီက ဘယ်လိုလုပ် အလကား စားနိုင်မှာလဲ။ ဒီအသားကင် တစ်ချောင်းကို ဘယ်လောက်ကျလဲ”

“သိုးသားက ကြေးပြား (၂၀)၊ ဝက်သားက (၁၅)ပြားပါ”

“ဒါဆို အကုန်ယူမယ်”

သူသည် ငွေကြေး မရှားပါးသူ ဖြစ်ကြောင်း အသိသာပင်။

သူ ထိုသို့ ပြောလိုက်သည်နှင့် ဘေးမှလူများမှာ စိုးရိမ်ကုန်ကြတော့သည်။ သူတို့သည် ရပ်ကြည့်နေကြသော်လည်း ရနံ့ကြောင့် စိတ်လှုပ်ရှားနေပြီး ဈေးနှုန်းကိုသာ တွန့်ဆုတ်နေကြခြင်း ဖြစ်၏။

ယခုမူ တစ်ယောက်ယောက်က အကုန်ယူမည်ဆိုသည့်အခါ ပျာယာခတ်သွားကြတော့၏။

“နေဦး၊ သခင်လေး... ဘယ်လိုလုပ် တစ်ယောက်တည်း အကုန်ယူမှာလဲ။ ကျွန်တော်တို့လည်း အခုပဲ ဝယ်တော့မလို့ပါ”

“ဟုတ်တယ်၊ ဟုတ်တယ်၊ အကုန်ဝယ်သွားရင် ကျွန်တော်တို့ ဘာစားရမလဲ”

ဟွာကျွင်းကလည်း သူ့ကို အကြံပေးလိုက်၏။

“အသားကင်က အေးသွားရင် အရသာ မရှိတော့ဘူးရှင်။ နည်းနည်းစီ ကင်ပြီး ပူပူနွေးနွေး စားတာကမှ အကောင်းဆုံးပဲ”

လင်မော့ရှူးက ခဏစဉ်းစားပြီးမှ ပြန်ပြောလိုက်သည်။

“ခင်ဗျားပြောတာ ဟုတ်တယ်။ ဒါဆို ဝက်သားကင် ဆယ်ချောင်း၊ သိုးသားကင် ဆယ်ချောင်း ပေးပါ”

ဒေါ်လေးပန်းက ဘေးမှနေ၍ ချက်ချင်း မေးလိုက်၏။

“ဧည့်သည် အစပ်စားလားရှင်”

“ငရုတ်သီး များများ ထည့်ပေးပါ။ ဒီလို အေးတဲ့ရာသီမှာ အစပ်စားရတာက အရသာ အရှိဆုံးပဲ”

All Chapters