← Chapters

အခန်း (၉၉-၁၀၀)

Vol. 10 Ch. 99-100

အခန်း (၉၉-၁၀၀)

Vol. 10 Ch. 99-100

အခန်း (၉၉)

ကြက်ဥထမင်းကြော်

မော့ချွမ်း ကုလားထိုင်တစ်လုံး ဆွဲပေးလိုက်၏။ လင်မော့ရှူ သည် ဝင့်ဝင့်ကြွားကြွား ထိုင်လိုက်ပြီး လက်အောက်ငယ်သားများကို ညွှန်ကြားရန်လည်း မမေ့ပေ။

“မင်းတို့... သူဌေးမဟွာ ပြင်ပေးထားတဲ့ ငါ့ပစ္စည်းတွေကို အရင်သွားသယ်ထားကြ”

အသားကင်ချောင်း အတော်များများတွင် ငရုတ်သီးများ ဖုံးလွှမ်းနေပြီး သူ အစပ်ရှိန်ကြောင့် ရှူးရှူးရှဲရှဲ အသံထွက်ကာ တစ်ချောင်းပြီးတစ်ချောင်း စားနေ၏။

“စပ်လိုက်တာ၊ ဒီလောက် အားရစရာကောင်းတဲ့ အစားအစာမျိုး တစ်ခါမှ မစားဖူးဘူး။”

သူသည် အစားအသောက်ကို အမှန်တကယ် ခံစားတတ်သူ ဖြစ်၏။ အေးစက်သော ညချမ်းတွင် အစပ်ရှိန်ကြောင့် ချွေးများပင် ထွက်လာရခြင်းက မည်မျှပင် စိတ်ကျေနပ်စရာ ကောင်းမည်နည်း။

သူ လှမ်းအော်မေးလိုက်သည်။

“သူဌေးမဟွာ... သောက်စရာ တစ်ခုခု ရှိလား”

“ရှိပါတယ်၊ ခဏလောက် စောင့်ပေးပါဦး”

ဟွာကျွင်း ဆိုင်ထဲသို့ ဝင်သွားပြီး ဘီယာတစ်ခွက် ငှဲ့ယူလာ၏။

လင်မော့ရှူ အနည်းငယ် မြည်းကြည့်ပြီးနောက် ပြော၏။

“အရသာက နည်းနည်းတော့ ထူးဆန်းတယ်”

“ဒါက ဘီယာလေ၊ အရသာကို ခံစားမိဖို့အတွက် တစ်ငုံချင်း မဟုတ်ဘဲ အားရပါးရ သောက်ရတာမျိုး”

လင်မော့ရှူသည် ထိုစကားကို ကြားသည့်အခါ အားပါးတရ တစ်ငုံသောက်လိုက်ပြီး သိုးသားကင် တစ်ချောင်းနှင့် တွဲစားလိုက်၏။ သူ အလွန်ပင် လန်းဆန်းသွားတော့သည်။

အားရပါးရ စားသောက်ပြီးချိန်တွင် သူ့ လူများကလည်း ဂျယ်လီ နှင့် အခြား မုန့်များကို သယ်ယူ ထုပ်ပိုးပြီးပြီ ဖြစ်သည်။ လင်မော့ရှူ မတ်တတ်ရပ်လိုက်ပြီး ဟွာကျွင်းကို ပြော၏။

“သူဌေးမဟွာ... အရသာရှိတဲ့ အစားအစာတွေကို မြည်းစမ်းရတာက ကျွန်တော့်ရဲ့ တစ်ခုတည်းသော ဝါသနာပဲ။ ဒီနေ့ ခရီးကတော့ တကယ်ကို အကျိုးရှိပါတယ်”

ထို့နောက် သူ ငွေစများ အပြည့်ပါသော အိတ်ကြီးတစ်အိတ်ကို စားပွဲပေါ်သို့ ပစ်တင်လိုက်ပြီး ပြော၏။

“ဒါက ဂျယ်လီအတွက်ပါ။ သိုးသားကင်ကတော့ လက်ဆောင်လို့ ခင်ဗျားပြောထားတာဆိုတော့ ကျွန်တော် ငွေမပေးတော့ဘူး။ အဲဒီအစား ကျွန်တော်ကလည်း ခင်ဗျားကို တစ်ခုခု ပြန်ပေးမယ်”

သူ စကားပြောရင်း ခါးတွင် ချိတ်ထားသော ကျောက်စိမ်းဆွဲပြားကို ဖြုတ်ရန် ပြင်လိုက်သည်။ ဟွာကျွင်း အမြန်ပင် တားလိုက်၏။ ထိုကျောက်စိမ်းဆွဲပြားပေါ်တွင် ထူးဆန်းသော စာလုံးများ ထွင်းထုထားရာ ၎င်းမှာ တစ်စုံတစ်ရာကို ကိုယ်စားပြုသော အဆောင်အယောင် ဖြစ်နေနိုင်သည့်အတွက် သူမ လက်မခံရဲပေ။

“ကျောက်စိမ်းဆွဲပြားကတော့ ထားလိုက်ပါ၊ တန်ဖိုး အရမ်းကြီးလွန်းပါတယ်။ အဲဒီအစား တခြားဟာ တစ်ခုခု တောင်းလို့ ရမလား”

လင်မော့ရှူး လှုပ်ရှားမှုကို ရပ်လိုက်ပြီး စူးစမ်းလိုစိတ်ဖြင့် မေး၏။

“ခင်ဗျား ဘာလိုချင်လို့လဲ”

ဟွာကျွင်း သူ့ရထားလုံးကို ညွှန်ပြကာပြော၏။

“ရှင် ရထားလုံးပေါ် တက်တဲ့အခါ သုံးတဲ့ ခြေနင်းခုံလေးကိုပဲ လိုချင်ပါတယ်”

လင်မော့ရှူးမှာ ရယ်မောပြီး ပြောလိုက်သည်။

“သူဌေးမဟွာကတော့ တကယ်ကို စိတ်ဝင်စားဖို့ကောင်းတဲ့သူပဲ။ ကောင်းပြီလေ၊ အဲဒီ ခြေနင်းခုံကိုပဲ ပေးလိုက်ပါ့မယ်”

ထိုသို့ ပြောကာ ထွက်ခွာသွားတော့၏။

ဟွာကျွင်းသည် ခုံကို သိမ်းလိုက်ပြီးနောက် လက်ထဲမှ ငွေအိတ်ကို ချိန်ဆကြည့်ရာ အနည်းဆုံး ငွေစ (၁၀၀) ခန့် ရှိမည်။

သူမ ဂုဏ်ယူမိသွား၏။ အရောင်းအဝယ် လုပ်ငန်းမှာ တစ်နေ့ထက်တစ်နေ့ ပိုမို ချောမွေ့လာပြီ ဖြစ်၏။

အသားကင်ဆိုင်တွင်လည်း ဝယ်ယူသူ ပိုမို များပြားလာပြီး အများစုမှာ သိုးသားကင် တစ်ချောင်းနှင့် ဝက်သုံးထပ်သားကင် တစ်ချောင်းစီ တွဲ၍ မှာယူကြသည်။ ဤသို့ဖြင့် အရသာ နှစ်မျိုးလုံးကို မြည်းစမ်းနိုင်သလို ငွေလည်း သက်သာနိုင်မည်။

ဒေါ်လေးပန်း သည် အသံကျယ်ကျယ်နှင့် သွက်လက်ချက်ချာစွာ လှုပ်ရှားနေပြီး တက်ကြွမှု အပြည့် ရှိနေ၏။ မှတ်ဉာဏ်မှာလည်း ကောင်းလှသဖြင့် စာရွက်နှင့် ကလောင် မပါဘဲ မည်သူက ဘာမှာသည်၊ မည်သူ့ကို အရင်ကင်ပေးရမည်၊ မည်သူက နောက်မှဖြစ်သည်ကို ရှင်းလင်းစွာ မှတ်မိသည်။

တန်းစီနေသူများကြား ကြားဖြတ်ခြင်းမှာ လုံးဝ မဖြစ်နိုင်ပေ။

အသားကင် မှာသူများမှာ များသောအားဖြင့် မုန့်ဆိုင်ရှေ့တွင် တန်းစီနေသူများ ဖြစ်ကြ၏။ မှာယူပြီးနောက် သူတို့သည် တန်းစီသည့်နေရာသို့ ပြန်သွားကြပြီး အားမောက်မှ ကင်၍ ပြီးသည့်အခါ ဒေါ်လေးပန်းသည် လိုက်လံ ပို့ဆောင်ပေးသည်။

သို့ဖြစ်ရာ တစ်ခဏအတွင်းမှာပင် မုန့်ဆိုင်တံခါးဝတွင် အသားကင် စားနေသူများဖြင့် ပြည့်နှက်သွားတော့၏။

အသားကင် မှာသူ ပိုများလာသည်နှင့်အမျှ ကင်ထားသော အသားနံ့မှာလည်း ပိုမို ပြင်းထန်လာသည်။ အသားကင်နံ့ကို မည်သူ ငြင်းဆန်နိုင်မည်နည်း။ ခေတ်သစ် ညစျေးများတွင်လည်း အသားကင်အနံ့မှာ ဆွဲဆောင်မှုအရှိဆုံးသာ ဖြစ်သည်။

မကြာမီ ဆိုင်ထဲတွင် စားသောက်နေသော ဝယ်သူများပင် ထိုအနံ့ကို ရသွားကြ၏။ သူတို့ ဆိုင်တံခါးဝသို့ ထွက်လာပြီး ကင်ပြီးလျှင် သူတို့ နေရာသို့ လာပို့ရန် မှာကြားကြသည်။

မုန့်ဆိုင်၏ ဈေးနှုန်းများမှာ မနည်းလှသဖြင့် ဝယ်သူအချို့မှာ ချမ်းသာသော်လည်း အချို့မှာမူ တစ်ခါစားရန် ငွေကို စုဆောင်းထားရသူများ ဖြစ်ကြ၏။

ထို့ကြောင့် ယနေ့အတွက် အသားကင်မှာ သူတို့အနေနှင့် အပိုကုန်ကျစရိတ် ဖြစ်နေသဖြင့် သေသေချာချာ စဉ်းစားရလေသည်။

သို့သော် အသားကင်ကို မြည်းစမ်းပြီးနောက်တွင် ထိုစိုးရိမ်မှုများ အကုန် ပျောက်ကွယ်သွားတော့၏။ ထူးခြားသော အနံ့အရသာက သူတို့ပိုက်ဆံအိတ် အခြေအနေကို မေ့လျော့သွားစေရန် လုံလောက်လှပေသည်။

ဒေါ်လေးပန်းမှာ အလုပ်အများဆုံး ဖြစ်၏။ အစားအသောက်များ လိုက်ပို့ရုံသာမက အသားများကိုလည်း ဝိုင်းထိုးပေးရသည်။ ကံကောင်းသည်မှာ ဟွာကျွင်းက ဝိုင်းကူပေးနေခြင်း ဖြစ်၏။

“မနက်ဖြန်တော့ ဒီလိုလုပ်လို့ မရဘူး”

ဒေါ်လေးပန်းက ပြော၏။

“မနက်ဖြန်ကျရင် အသားတွေကို အစောကြီး ကြိုထိုးထားမှ ဖြစ်မယ်၊ မဟုတ်ရင် မနိုင်တော့ဘူး”

ဟွာကျွင်း ယနေ့တွင် စမ်းသပ်ရောင်းချခြင်း ဖြစ်သဖြင့် အနည်းငယ်သာ ရောင်းရမည်ဟု ထင်မှတ်ခဲ့သော်လည်း အသားကင်၏ လူကြိုက်များမှုကို သူမ လျှော့တွက်မိခဲ့ခြင်းသာ ဖြစ်သည်။

မုန့်ဆိုင် ပိတ်ပြီး မကြာမီမှာပင် အသားကင်ဆိုင်သည်လည်း နောက်ဆုံး ဝယ်သူကို နှုတ်ဆက်လိုက်ရသည်။ အားမောက်နှင့် ဒေါ်လေးပန်းတို့သည် အရေအတွက်ကို ရေတွက်ကြည့်ရာ ယနေ့ည နာရီအနည်းငယ်အတွင်းမှာတင် အသားကင် အချောင်းပေါင်း (၁၃၀) နီးပါး ရောင်းချခဲ့ရ၏။

သူတို့သည် ငွေထည့်ထားသော ပုံးကလေးကို မှောက်ချပြီး ကြေးပြားကို ရေတွက်ကြည့်ရာ စုစုပေါင်း (၂၂၅၀) ရရှိသည်။

အားမောက်မှာ မျက်လုံးများ မှိတ်သွားသည်အထိ ပြုံးရွှင်ကာ ပြော၏။

“သူဌေးမဟွာ... ကျွန်တော်တို့ တကယ်ပဲ ဒီလောက်အများကြီး ရောင်းရတာလား”

သိုးဝယ်ထားသော အရင်းများ အကုန် ပြန်ရပြီ ဖြစ်၏။

ဒေါ်လေးပန်းကလည်း ပြောသည်။

“ကျွန်မတို့တစ်သက်လုံး လယ်ထဲမှာပဲ လုပ်လာတာ၊ အခုမှပဲ စီးပွားရေးလုပ်တာက ငွေရတာ ဒီလောက် မြန်မှန်း သိတော့တယ်”

အားမောက်က သူမကို ပြင်ပေးလိုက်၏။

“ဟဲဟဲ... စီးပွားရေးလုပ်တိုင်း ငွေရမြန်တာ မဟုတ်ဘူးအေ့။ သူဌေးမဟွာ မပါဘဲနဲ့ နင် ဒီလောက် ရောင်းနိုင်ပါ့မလား။ လူတိုင်းက သူဌေးမဟွာနောက် လိုက်ရင် ဗိုက်ဝမယ်လို့ ပြောတာ မဆန်းပါဘူး”

ဟွာကျွင်းသည် အားမောက်နှင့် ဇနီးဖြစ်သူအတွက် လုပ်အားခကို ထုတ်ပေးလိုက်ပြီး ကျန်ရှိသည်များကို မော့ချွမ်းအား သိမ်းဆည်းခိုင်းကာ ပြုံးလိုက်၏။

“ကြိုးစားတဲ့သူတိုင်း ဗိုက်ဝကြတာပါပဲ။ ဒါကို ယူထားကြပါ၊ အမြတ်ခွဲဝေမှုကိုတော့ လစဉ် ရှင်းပေးပါ့မယ်”

ဒေါ်လေးပန်းသည် ကြေးပြားများကို သိမ်းလိုက်ပြီး ပြောသည်။

“ကျွန်မတို့ကတော့ သူဌေးမဟွာ ပြောတဲ့အတိုင်းပါပဲ။ ဒါဆို ကျန်တဲ့အသားတွေကို ဒီညပဲ ကြိုထိုးထားလိုက်မယ်၊ မနက်ဖြန် သိပ်မလောရအောင်”

ဒေါ်လေးပန်းသည် တက်ကြွနေ၏။ နေ့စဉ်လုပ်အားခ၊ လစဉ်အမြတ်ခွဲဝေမှုနှင့် အရင်းအနှီး မစိုက်ထုတ်ရသော လုပ်ငန်းကို ညနေပိုင်း နာရီအနည်းငယ် လုပ်ရခြင်းမှာ သူမတို့ မိသားစုအတွက် ဘုရားပေးသော အခွင့်အရေးဟု မှတ်ယူကာ တန်ဖိုးထားည်။ ဟွာကျွင်းသည် သူတို့ အသားထိုးပြီးသည်အထိ စောင့်ကာ အသားများကို ရေခဲသေတ္တာထဲသို့ ထည့်လိုက်သည်။

မြေကြီးပေါ်တွင် သိုးအရိုးများ၊ ကလီစာများနှင့် သိုးခေါင်း တစ်ခု ကျန်ရှိနေသေး၏။ ဟွာကျွင်း ကလီစာ အချို့ကို ယူလိုက်ပြီး အားမောက်က ကျန်ရှိသည်များကို အိမ်သို့ ယူသွားလေသည်။

အားမောက်ကို နောက်ထပ် အသားကင် အချောင်း (၃၀) ခန့် ကင်ခိုင်းပြီးနောက် ဟွာကျွင်း ၎င်းတို့ကို ဆိုင်ထဲသို့ ယူလာပြီး ပြော၏။

“ငါတို့ ညစာ ပြင်ဆင်ရမဲ့ အချိန်ရောက်ပြီ”

ဟွာရှန့် သည် သိုးကလီစာများကို ယူကာ ရေဘုံဘိုင်အောက်တွင် သေသေချာချာ ဆေးကြောလိုက်သည်။ ဟွာကျွင်း မီးဖိုချောင်ကို ကြည့်လိုက်ရာ ယနေ့တွင် ထမင်းကို အနည်းငယ် ပိုချက်ထားမိသဖြင့် အိုးထဲ၌ ထမင်း တစ်ဝက်ကျော် ကျန်နေသေး၏။

“ဒီနေ့ညတော့ ကြက်ဥထမင်းကြော်နဲ့ သိုးကလီစာ ကြက်သွန်မြိတ်ကြော် စားကြတာပေါ့”

“ဟေး”

ဟွာရှန့် ဝမ်းသာအားရ လက်ခုပ်တီးလိုက်သည်။ သူမ နေ့စဉ် အမျှော်လင့်ဆုံး အချိန်မှာ ထမင်းစားချိန် ဖြစ်၏။

မော့ချွမ်းကလည်း ဘေးမှနေ၍ မျှော်လင့်တကြီး စောင့်ဆိုင်းနေသည်။ ဘေးမှ ကြည့်နေသော အားမန် သည် ရုတ်တရက် ဟွာကျွင်း လက်မောင်းကို ဆွဲလိုက်၏။ သူမသည် မိမိကိုယ်ကိုယ် ညွှန်ပြပြီးနောက် အိုးကို ညွှန်ပြလေသည်။

“အစ်မက ထမင်းကြော် ကြော်ကြည့်ချင်တာလား”

အားမန် ခေါင်းညိတ်ပြ၏။ ဟွာကျွင်းသည် ယောက်မကို ကမ်းပေးကာ ဘေးသို့ ဖယ်ပေးလိုက်သည်။

မမျှော်လင့်ဘဲ အားမန်မှာ ထမင်းကြော်ရာတွင် အလွန် ကျွမ်းကျင်လှ၏။ သူမ ယောက်မကို ကိုင်လိုက်သည်နှင့် ယုံကြည်မှု အပြည့်ရှိသော စစ်သည်တော်တစ်ဦးအလား ပြောင်းလဲသွားတော့သည်။

ဟွာကျွင်းသည် ထမင်းကြော်ရာတွင် ဝက်ဆီ သုံးရသည်ကို ပိုနှစ်သက်၏။ ၎င်းက ဟင်းသီးဟင်းရွက်ဆီထက် ပိုမို မွှေးကြိုင်လှပေသည်။ သူမ အားမန်ကို သတိပေးလိုက်၏။

“ဝက်ဆီအိုးက ရှင့်ဘယ်ဘက်မှာ ရှိတယ်နော်”

အားမန်သည် ဝက်ဆီအိုးကို ယူကာ ဇွန်းကြီးကြီး တစ်ဇွန်း ခပ်ထည့်လိုက်၏။ ပြင်းထန်သော အပူရှိန်ကြောင့် ဝက်ဆီမှာ ချက်ချင်း အရည်ပျော်သွားသည်။ သူမ ကြက်ဥများကို ဖောက်ထည့်လိုက်ပြီး အမြန်ပင် မွှေပေးလိုက်ရာ ပုံစံပေါ်လာတော့၏။

ကြက်ဥအကာနှင့် အနှစ်ကို ဤသို့ ခွဲလိုက်ခြင်းဖြင့် ထမင်းကြော်ပြီးသည့်အခါ ပို၍ ကြည့်ကောင်းစေသည်။

ထို့နောက် သူမ ထမင်း ထည့်လိုက်ပြီး ညာဘက်လက်မှ ယောက်မဖြင့် ဖိ၍ မွှေကာ ဘယ်ဘက်လက်မှ အိုးလက်ကိုင်ကို ကိုင်၍ အိုးကို အထက်အောက် မြှောက်၍ ကြော်တော့၏။

အားမန်မှာ တကယ့် ကျွမ်းကျင်သူတစ်ဦး ဖြစ်နေသည့်အတွက် လူတိုင်း မှင်တက်သွားကြသည်။

ထမင်းနှင့် ကြက်ဥများ ရောနှောသွားပြီးနောက် သူမ စင်ပေါ်မှ ဟင်းခတ်မှုန့်များကို ကြည့်ကာ ဆား၊ ငရုတ်ကောင်းမှုန့်နှင့် ပဲငံပြာရည်အကြည် အနည်းငယ်ကို ထည့်လိုက်၏။

ဆက်လက်၍ ကြက်သွန်မြိတ်များကို လှီးဖြတ်ပြီး အိုးထဲသို့ ဖြူးလိုက်ကာ ဆယ်ကြိမ်ခန့် ထပ်မံ မွှေပေး၏။ ထို့နောက် မီးပိတ်ကာ ပန်းကန်ထဲသို့ ခပ်လိုက်သည်။

၎င်းမှာ လုံးဝ ခြားနားသော ကြက်ဥထမင်းကြော် ဖြစ်၏။ ထမင်းစေ့များမှာ တစ်စေ့ချင်းစီ ကွဲထွက်နေပြီး ကြက်ဥများဖြင့် ဖုံးလွှမ်းနေကာ အပေါ်မှ ကြက်သွန်မြိတ်လေးများဖြင့် မွှေးကြိုင်လှပနေသည်။

ဟွာကျွင်းပင် မှင်တက်သွားရ၏။ ဤထမင်းကြော်နည်းမှာ သူမ အွန်လိုင်းတွင် တွေ့ဖူးသည်များနှင့် လုံးဝ ကွဲပြားနေသည်။ တစ်လုတ် စားလိုက်ရုံဖြင့် ကြက်ဥ၊ ထမင်းနှင့် ကြက်သွန်မြိတ်တို့၏ အနံ့အပြင် ငရုတ်ကောင်းနှင့် ပဲငံပြာရည်တို့၏ အရသာကိုပါ ခံစားရသည်။

ဟွာကျွင်း အားမန်ကို စိတ်ရင်းဖြင့် ချီးကျူးလိုက်၏။

“ရှင် တကယ်ကို တော်တာပဲ”

ကြက်ဥထမင်းကြော် ကြော်ရန်မှာ ခက်ခဲပြီး လက်ကောက်ဝတ် အားကောင်းရန်နှင့် မီးအရှိန် ထိန်းချုပ်တတ်ရန် လိုအပ်သလို အိုးကိုလည်း အမြဲ မြှောက်ပေးနေရမည် ဖြစ်ကြောင်း အားမန် ဟွာကျွင်းကို ပါးစပ်လှုပ်၍ ပြန်ပြောပြသည်။

ထို့နောက် ဟွာကျွင်း မေးလိုက်၏။

“ရှင် သိုးကလီစာ ကြက်သွန်မြိတ်ကြော်ကိုရော ကြော်နိုင်လား”

ဤဟင်းမှာမူ အားမန်အတွက် အနည်းငယ် စိမ်းနေလေသည်။ သူမသည် ကြိုးစားကြည့်မည်ဖြစ်ကြောင်း ဟွာကျွင်းကို ပါးစပ်လှုပ်၍ ပြန်ပြောလိုက်တော့သည်။

အခန်း (၁၀၀)

စားဖိုမှူး

အိုးကို မီးပြင်းပြင်းဖြင့် အပူပေးပြီးနောက် ဆီထည့်လိုက်၏။ ဆီပူလာသည်နှင့် ကြက်သွန်မြိတ်၊ ဂျင်း၊ ကြက်သွန်ဖြူတို့ကို မွှေးလာသည်အထိ ဆီသတ်ပြီး သိုးကလီစာများကို ထည့်လိုက်သည်။

အားမန်သည် အိုးကို ကျွမ်းကျင်စွာ အထက်အောက် လှုပ်ယမ်းလျက် ကြော်တော့၏။ အိုးထဲရှိ ဆီများမှာ မီးဟုန်းဟုန်းတောက်သွားပြီး ဆိုင်ကြော်များ၌ ရရှိတတ်သော အနံ့ ချက်ချင်းပင် ထွက်လာသည်။

“ဝါး”

အားလုံး လက်ခုပ်တီးပြီး အားပေးကြရာ အားမန်မှာ အလွန်ပင် စိတ်လှုပ်ရှားသွားရ၏။ သူမ ရှက်ကိုးရှက်ကန်း ပြုံးပြလိုက်သည်။

ဟွာကျွင်း ပဲငပိအနှစ် ကို ကမ်းပေးလိုက်ရာ သူမသည် ၎င်းကို ယူ၍ နမ်းကြည့်ပြီး သဘောကျဟန်ဖြင့် ခေါင်းညိတ်ပြီး အိုးထဲသို့ တစ်ဇွန်း ခပ်ထည့်လိုက်၏။

နောက်ဆုံးတွင် ဆားအနည်းငယ် ခတ်လိုက်ပြီးနောက် ဟင်းတစ်ခွက် အဆင်သင့် ဖြစ်သွားတော့၏။ အားမန် ဟင်းကို ပန်းကန်ထဲ ပြင်ထည့်လိုက်ပြီး မော့ချွမ်းမှ စားပွဲပေါ်သို့ သယ်သွားပေးသည်။

သိုးသားကင်၊ သိုးကလီစာ ကြက်သွန်မြိတ်ကြော်နှင့် ကြက်ဥထမင်းကြော်တို့မှာ ခဏအတွင်းမှာပင် ကုန်စင်သွားတော့၏။

ပန်းကန်များ သိမ်းဆည်းပြီးနောက် ဟွာကျွင်း အားမန်ကို ဆေးလိမ်းပေးလိုက်သည်။

ဒဏ်ရာများမှာ သန့်စင်ပြီးပြီ ဖြစ်သဖြင့် မနေ့ကလောက် မနာတော့သော်လည်း အားမန်မှာ ထိတ်လန့်နေဆဲ ဖြစ်၏။

အစပိုင်းတွင် ဟွာကျွင်း သူမ နာကျင်မှာကို ကြောက်သည်ဟု ထင်ခဲ့သော်လည်း အမှန်တကယ်တွင်မူ အားမန်သည် လူများ သူမ မျက်နှာ ကြည့်မည်ကို ကြောက်နေခြင်း ဖြစ်ကြောင်း နောက်ပိုင်းတွင် သိလိုက်ရသည်။ အားမန်၏ မျက်နှာသွင်ပြင်ကို သေသေချာချာ ကြည့်လျှင် မျက်လုံးကြီးကြီး၊ နှာတံပေါ်ပေါ်နှင့် ပါးစပ်လေးမှာ သေးငယ်လှရာ မျက်နှာတစ်ခြမ်းတွင် အမာရွတ်သာ မရှိပါက အလွန်လှပသော မိန်းကလေးတစ်ဦး ဖြစ်မှာ အသေအချာပင်။

ဟွာကျွင်း သူမ အာရုံပြောင်းသွားစေရန် ဆေးလိမ်းရင်း စကားစမြည် ပြောပေးနေ၏။

“အားမန်... နင့်အသက် ဘယ်လောက်ရှိပြီလဲ”

ဟွာကျွင်းက ညင်သာစွာ မေးလိုက်၏။

အားမန်က လက်ချောင်းလေးများဖြင့် (၂၂) နှစ်ဟု ပြသည်။

“အားမန်က ဟင်းချက်တာ အရမ်းတော်တာပဲ၊ ဒါကို သင်ထားတာလား”

အားမန် ခေါင်းညိတ်ပြ၏။ နောက်ပိုင်းတွင် ဟွာကျွင်းသည် သူမ၏ မိသားစုမှာ ယခင်က စားသောက်ဆိုင်တစ်ဆိုင် ပိုင်ဆိုင်ခဲ့ဖူးကြောင်း သိလိုက်ရသည်။ မီးလောင်မှုကြောင့် ဆိုင်မှာ ပျက်စီးသွားရုံသာမက သူမ မှီခိုအားထားခဲ့ရသော အဘိုးမှာလည်း ဆုံးပါးသွားခဲ့သဖြင့် သူမမှာ လေလွင့်နေခဲ့ရခြင်း ဖြစ်၏။

“ဒါဆို အားမန်... ငါတို့ မုန့်ဆိုင်မှာပဲ နေပြီးတော့ ငါတို့ရဲ့ စားဖိုမှူး လုပ်မလား”

အားမန်သည် ရုတ်တရက် မော့ကြည့်ကာ ဟွာကျွင်းကို မယုံနိုင်သလို စိုက်ကြည့်နေမိ၏။ သူမ လွန်ခဲ့သော နှစ်ရက်အတွင်း ဤမုန့်ဆိုင်အကြောင်းကို ကြားသိခဲ့ရပြီး ကမ္ဘာပေါ်တွင် အကောင်းဆုံး အစားအစာများ ရရှိသည်ဟု လူပြောများနေခြင်း ဖြစ်၏။

သူမသည် တကယ်ပဲ ဤမုန့်ဆိုင်တွင် စားဖိုမှူး ဖြစ်လာရတော့မည်လား။ ၎င်းကို သိလိုက်ရသည့်အခါ သူမ ဝမ်းသာအားရဖြင့် ခေါင်းကို အဆက်မပြတ် ညိတ်ပြတော့၏။

သို့သော် သူမ တစ်ခုခုကို သတိရသွားကာ ဟွာကျွင်း လက်ကို ဆွဲ၍ လက်ဖဝါးပေါ်တွင် ရေးပြသည်။

“အရင်က ကျွန်မက လက်သင်ပဲ ရှိပါသေးတယ်”

“ရပါတယ်၊ ဖြည်းဖြည်းချင်း သင်ယူတာပေါ့။ ငါတို့ဆီမှာ ဟင်းကြော်တွေက သိပ်ပြီး မရှိပါဘူး။ လောလောဆယ်တော့ ကြက်ဥထမင်းကြော်ပဲ လုပ်ပေးရင် ရပါပြီ”

ထိုအခါမှ အားမန်မှာ စိတ်သက်သာရာ ရသွားတော့၏။ စကားပြောနေစဉ်တွင် ဆေးလိမ်းပြီးသွားရာ ဟွာကျွင်း ကျန်ရှိသော ဆေးဘူးကို ပေးလိုက်သည်။

“ဒါကို ယူထားလိုက်၊ မနက်ဖြန် ငါမရှိတဲ့အချိန်မှာ နင်ဘာသာနင် လိမ်းထားလိုက်ပေါ့”

အားမန်သည် ဆေးဘူးကို လက်ထဲတွင် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး မျက်ရည်များမှာလည်း ထိန်းမရဘဲ စီးကျလာတော့၏။ ဟွာကျွင်းနှင့် တွေ့ဆုံရခြင်းမှာ သူမအတွက် ကံကောင်းလှပေသည်။ မဟုတ်ပါက သူမသည် အရိုက်ခံရ၍ သေလျှင်သေ၊ မဟုတ်ပါက ငတ်၍ သေသွားပေလိမ့်မည်။

မျက်နှာ မီးလောင်သွားသည့် အချိန်မှစ၍ သူမကို မြင်သူတိုင်းမှာ ကြောက်ရွံ့ခြင်း (သို့မဟုတ်) ရွံရှာခြင်းတို့ကိုသာ ပြသကြသည်။ ထိုအချိန်ကစပြီး သူမ လူကြောက်တတ်လာ၏။

တစ်ရက် လမ်းလျှောက်နေစဉ် သားအမိနှစ်ယောက်နှင့် ဆုံခဲ့ဖူးသည်ကို သူမ မှတ်မိနေ၏။ ထိုစဉ်က ကံမကောင်းမှုကြောင့် သူမ မျက်နှာဖုံးပဝါ ကျွတ်ကျသွားခဲ့သည်။ မိခင်ဖြစ်သူက သူမ မျက်နှာကို မြင်သည်နှင့် ကလေး မျက်လုံးကို အုပ်ကာ ထိတ်လန့်တကြား အော်ဟစ်လျက် ထွက်ပြေးသွားတော့၏။

“သရဲကြီးဟေ့”

ထိုအော်သံကြောင့် လမ်းပေါ်ရှိ လူများက တုတ်များကိုင်ကာ လာကြည့်ကြပြီး သူမကို လက်ညှိုးထိုးလျက် တိုးတိုးတိုးတိုး ပြောကြသည်။

ထိုအချိန်မှစ၍ သူမ နေ့အလင်းရောင်အောက်သို့ ဘယ်တော့မှ ထွက်မလာတော့ပေ။

သူမသည် သူတို့ကို အပြစ်မတင်ပေ၊၊ သူမကိုယ်တိုင်ပင် မှန်ကြည့်ရန် မဝံ့ရဲရာ အခြားသူများကို အဘယ်ကြောင့် အပြစ်တင်နိုင်မည်နည်း။

သို့သော် ဤမုန့်ဆိုင်ရှိ လူများက သူမကို မကြောက်ကြပေ။

ဟွာကျွင်း ဆေးလိမ်းပေးသည့်အချိန်တွင် သူမ မျက်လုံးထဲ၌ ကြင်နာမှုနှင့် ကိုယ်ချင်းစာမှုတို့ကိုသာ အားမန် မြင်တွေ့ခဲ့ရသည်။

ဟွာရှန့်မှလည်း သူမကို စိုးရိမ်ပူပန်ပေးရုံသာ ရှိ၏။

မော့ချွမ်းမှာ အစားအသောက်ကလွဲ၍ ကျန်သည့်အရာများကို စိတ်ဝင်စားပုံမရပေ။

“အို... ဘာလို့ ငိုနေတာလဲ။ မြန်မြန် သုတ်လိုက်ပါ၊ ဒဏ်ရာကို စိုသွားလိမ့်မယ်”

ဟွာကျွင်း တစ်ရှူးပေးလိုက်ရာ သူမ ခေါင်းငုံ့၍ မျက်ရည်များကို သုတ်လိုက်သည်။

“စိတ်မပူပါနဲ့၊ မနက်ဖြန်ကျရင် အမာရွတ်ပျောက်ဆေး သွားဝယ်ပေးမယ်။ တစ်မျိုးက မထူးခြားရင် တခြားဟာတွေပါ ထပ်ဝယ်မယ်လေ။ တစ်မျိုးမျိုးနဲ့တော့ ထိရောက်မှာပါ”

“တကယ်တော့ ဒီအမာရွတ်တွေက ရုပ်ဆိုးတယ်လို့ မထင်ပါဘူး။ ဒါတွေက သေမင်းရဲ့ လက်ထဲကနေ ရဲရဲဝံ့ဝံ့ လွတ်မြောက်လာခဲ့တဲ့ နင့်ရဲ့ ဂုဏ်ထူးဆောင် တံဆိပ်တွေပဲ”

ဟွာရှန့် အားမန် လက်ကို ပုတ်ကာ ပြော၏။

“မမဟွာကျွင်း ပြောတာ မှန်တယ်၊ အားမန်က လုံးဝ ရုပ်မဆိုးပါဘူး။ မယုံရင် မော့ချွမ်းကို မေးကြည့်လေ။ မော့ချွမ်း... အားမန်က ရုပ်ဆိုးလို့လား”

မော့ချွမ်း ဖုန်းကိုင်ကာ ဂိမ်းဆော့နေသည်။ အမေးခံရသည့်အခါ သူက ခေါင်းပင်မမော့ဘဲ ပြန်ဖြေ၏။

“မသိပါဘူး”

အားမန် စိတ်ထဲတွင် နွေးထွေးသွားရ၏။ တစ်ခါတစ်ရံတွင် လူတိုင်း၏ အာရုံစိုက်မှုကို မခံရခြင်းကပင် သူမကို ပိုမို စိတ်အေးချမ်းစေသည်။

အိမ်သို့ ပြန်ရောက်သည့်အခါ ဟွာကျွင်း ရေချိုးပြီးနောက် အိပ်ရာထဲသို့ ဝင်လိုက်စဉ် စောင်အောက်ရှိ နွေးထွေးနေသော ကိုယ်ခန္ဓာတစ်ခုကြောင့် လန့်သွားရသည်။ ဟွာရှန့်က စောင်အောက်မှ ခေါင်းပြူထွက်လာကာ ပြော၏။

“အစ်မ... ကျွန်မပါ၊ အစ်မအတွက် အိပ်ရာကို နွေးအောင် လုပ်ပေးနေတာ”

ဟွာကျွင်း ရင်ဘတ်ကို ပုတ်ကာ မေးလိုက်၏။

“ဒီနေ့မှ ဘာလို့ ဒီလောက် လိမ္မာနေတာလဲ”

ဟွာရှန့် တိုးတိုးလေး ကပ်ပြောသည်။

“အားမန်က အရမ်းသနားဖို့ ကောင်းတယ်နော်။ အစ်မ... သူ့ကို ကူညီပေးနိုင်မလား”

ဟွာကျွင်းသည် ဟွာရှန့်အနေဖြင့် မီးလောင်မှုတွင် ပိတ်မိခဲ့သော သူမ၏ အတိတ်ကို ပြန်သတိရနေခြင်း ဖြစ်ကြောင်း သိလိုက်သည်။ ဟွာကျွင်း ဖုန်းထုတ်ကာ ရက်ချိန်းယူလိုက်ပြီး ပြော၏။

“မနက်ဖြန် ဆေးရုံသွားပြီး မေးကြည့်ကြတာပေါ့”

“ရေး၊ အစ်မက အတော်ဆုံးပဲဆိုတာ ကျွန်မ သိသားပဲ”

နောက်တစ်နေ့တွင် ဟွာကျွင်းတို့သည် ဆေးရုံကြီး သုံးခုသို့ သွားရောက်ကာ ကျွမ်းကျင်သူများနှင့် တိုင်ပင်ပြီးနောက် ဆေး ခုနစ်မျိုး ရှစ်မျိုးခန့် ဝယ်ယူလိုက်သည်။

ထို့နောက် သူမ ယခင်က သွားဖူးသော ရှေးဟောင်းပစ္စည်းဆိုင်သို့ ဝင်လိုက်၏။ ဆိုင်ရှင်သည် ဟွာကျွင်းကို မြင်သည်နှင့် အလွန်ပင် ဝမ်းသာသွားသည်။

“ညီမလေး... မတွေ့ရတာ ကြာပြီပဲ။ ငါ ညီမလေးအကြောင်း စဉ်းစားနေတာ၊ ဒီနေ့ ဘာကိစ္စများ ရှိလို့လဲ”

စကားပြောနေရင်း သူ့မျက်လုံးများက ဟွာကျွင်း လက်ထဲမှ အိတ်ဆီသို့ ရောက်သွားတော့၏။ ဟွာကျွင်း အိတ်ကို ကမ်းပေးလိုက်ပြီး ဆို၏။

“ဒါလေးကို တစ်ချက်လောက် ကြည့်ပေးပါဦး”

ဆိုင်ရှင်က ပြုံးလျက် ပြောလိုက်သည်။

“ကြည့်စရာကို မလိုပါဘူး၊ ကောင်းတဲ့ ပစ္စည်းတွေမှန်း သိပါတယ်”

သူသည် အိတ်ကို မကြည့်ရာ အတော်လေး လေးလံလှ၏။ ထို့နောက် အိတ်ကို စားပွဲပေါ်သို့ ဂရုတစိုက် တင်လိုက်ပြီး လက်အိတ်စွပ်ကာ ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သည်။

ခြေနင်းခုံလား။

သူသည် ၎င်းကို အပြင်သို့ ထုတ်လိုက်ရာ ခြေနင်းခုံတစ်ခု ဖြစ်နေလေသည်။

“ဒါက ရှေးခေတ်က ချမ်းသာတဲ့သူတွေ ရထားလုံးပေါ်တက်ရင် သုံးတဲ့ ခုံလေးပဲ။ ကြည့်ရတာ ဟွမ်ဟွာလီသားနဲ့ လုပ်ထားတာပဲ၊ သက်တမ်းလည်း တော်တော် ကြာပုံရတယ်”

သူ ဆက်ပြောသည်။

“ဟွမ်ဟွာလီ သစ်ပင်တစ်ပင်က ကြီးထွားဖို့ နှစ်ပေါင်း တစ်ရာ ကြာတယ်၊ နှစ်ပေါင်း သုံးရာကျော်မှ ပရိဘောဂ လုပ်ဖို့ ခုတ်လို့ ရတာ။ ဒီခြေနင်းခုံကတော့ နှစ်ပေါင်း ငါးရာကျော် သက်တမ်းရှိတဲ့ အပင်ကနေ လုပ်ထားတာပဲ”

ဟွာကျွင်း စိတ်ထဲမှ တွေးလိုက်မိ၏။

‘မျှော်လင့်ထားတဲ့အတိုင်းပဲ။ အဲဒီသခင်လေးကို ကြည့်ကတည်းက သစ်သားအစုတ်တွေကို သုံးမဲ့သူ မဟုတ်မှန်း ငါသိသားပဲ’

“ဒါဆို ဒါက ဘယ်လောက်လောက် တန်မလဲ”

ဆိုင်ရှင်သည် ၎င်းကို ဂရုတစိုက် ကိုင်တွယ်ကြည့်ကာ နားထင်နားသို့ ကပ်၍ နမ်းကြည့်သည်။

“အသားလိုင်းတွေက ရှင်းတယ်၊ အရောင်ကလည်း နူးညံ့တယ်၊ အနံ့ကလည်း မွှေး... ဟင်၊ ဘာလို့ သိုးသားကင်နံ့ ရနေတာလဲ”

“အော်... ကျွန်မ ဒီကို မလာခင် သိုးသားကင် စားခဲ့လို့ပါ”

ဆိုင်ရှင်က ထိုအချက်ကို အလေးမထားဘဲ သေသေချာချာ စဉ်းစားနေ၏။ ဤမိန်းကလေးသည် အမြဲတမ်း ကောင်းမွန်သော ပစ္စည်းများကို ယူဆောင်လာတတ်သဖြင့် ဈေးနှိမ်လိုက်ပါက နောက်တစ်ခါ လာတော့မည် မဟုတ်ပေ။

သူ အံကြိတ်ကာ ပြောလိုက်သည်။

“မင်းက ဖောက်သည်ဟောင်းတွေဆိုတော့ ငါ ဈေးမနှိမ်တော့ပါဘူး။ ယွမ် နှစ်သိန်းရှစ်သောင်းနဲ့ ယူမယ်”

“နှစ်သိန်းရှစ်သောင်း...”

ဟွာကျွင်း ဈေးနှုန်းကို မခန့်မှန်းနိုင်သလို အွန်လိုင်းတွင်လည်း ရှာမတွေ့၍ စမ်းသပ်သည့်အနေဖြင့် တွန့်ဆုတ်နေဟန် ဆောင်လိုက်၏။

ဆိုင်ရှင်မှာ ပျာယာခတ်သွားပြီး ပြော၏။

“အို... ညီမလေးရယ်၊ နှစ်သိန်းရှစ်သောင်းဆိုတာ နည်းတာ မဟုတ်ဘူးနော်။ ငါ ဒီတစ်ခါ တကယ် ဈေးမနှိမ်ပါဘူး၊ ဒီထက် ပိုပေးရင် ငါ တကယ် ရှုံးမှာ”

သူက ယခုတစ်ခါ ဈေးမနှိမ်ပါဟု ဆိုခြင်းက ယခင်က ဈေးနှိမ်ခဲ့ဖူးသည်ကို သွယ်ဝိုက်၍ ဝန်ခံလိုက်ခြင်း ဖြစ်၏။ သို့သော် ဟွာကျွင်းက ၎င်းကို အလေးမထားပေ။ သူမအနေဖြင့် အရှုံးမရှိသလို သူ အမြတ်ရမှာကိုလည်း တားဆီး၍ မရနိုင်ပေ။

ဟွာကျွင်း ထိုသူ၏ အမူအရာကို ကြည့်ကာ ရယ်ချင်သွားပြီး ပြောသည်။

“ကောင်းပါပြီ၊ နှစ်သိန်းရှစ်သောင်းနဲ့ပဲ ရောင်းပါ့မယ်”

ဆိုင်ရှင်သည် ဟွာကျွင်း စိတ်ပြောင်းသွားမှာ စိုးသဖြင့် ဖုန်းကို ချက်ချင်း ထုတ်ကာ ငွေလွှဲတော့၏။ သူ့ထံတွင် ဟွာကျွင်း၏ ဘဏ်အကောင့် ရှိပြီးသား ဖြစ်ရာ တစ်မိနစ်ပင် မပြည့်ခင် ယွမ် နှစ်သိန်းရှစ်သောင်း ရောက်ရှိလာတော့သည်။

All Chapters