ဦးလေး၊ ဒီနေရာမှာ …
Vol. 13 Ch. 169
ဤအလင်းတန်းများသည် ယန်လွမ်၊ ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု အကြီးအကဲ၊ ဟန်တောင်တန်းမြို့တော်မှ ရုပ်နယ်လွန်အဆင့် မာန်စွမ်းအားရှင်၅ဦးနှင့် မျိုးနွယ်စု၃စုမှ မျိုးနွယ်ဝင်များဖြစ်သည်။ ထိုလူများထဲတွင် ဖန်းချန်းလန်နှင့် ဟန်ဖေးကျစ်တို့လည်း ပါဝင်ခဲ့သည်။ သို့သော် မည်သူကမျှ တစ်စုံတစ်ရာ ရှာမတွေ့ခဲ့ပေ။
စုမင်သည်သာ လှိုဏ်ဂူအပြင်အား မထွက်ခဲ့လျှင် ဟန်ခုန်း ဖန်တီးခဲ့သော လေးလွှာစည်း အစီအရင်မှ လျှို့ဝှက်အလွှာ တစ်ဝက်သည် အေးခဲကောင်းကင် ကလန်မှ လက်ဝဲတော်ရံ ကျိူးပင် ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိသဖြင့် မည်သူမှ သူ့အား ရှာတွေ့နိုင်မည် မဟုတ်ချေ။
ထိုသူအပေါင်းတို့သည် သူ့အား ရက်ပေါင်းများစွာ ရှာဖွေခဲ့ကြပြီးနောက် တိတ်ဆိတ်စွာ ထွက်သွားခဲ့ကြသည်။ ဤနေရာတွင် မည်သည့် သဲလွန်စကိုမှ သူတို့ ရှာမတွေ့ခဲ့ပေ။ သူတို့အတွက်တော့ သွေးကြောကျောက်သား နယ်ပယ်အား ပြီးပြည့်စုံခြင်း အဆင့်ထိ ကျင့်ကြံနိုင်ခဲ့သည့် ထိုထူးခြား ဆန်းကြယ်သည့် မာန်စွမ်းအားရှင်သည် ထွက်ခွာသွားလောက်ပြီဟု ထင်မှတ်သွားကြခြင်း ဖြစ်သည်။
ထိုအဖြစ်အပျက် ဖြစ်ပွားပြီး တစ်လအကြာခန့်တွင်တော့ သွေးကြောကျောက်သား နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်ထိ ရောက်ရှိနေခဲ့သူသည် မည်သူမည်ဝါဖြစ်ကြောင်းနှင့် ပတ်သက်သည့် အရာအားလုံးသည် ဟန်တောင်တန်းမြို့တော်ရှိ လူများ၏ အဓိကပြောဆိုသည့် အကြောင်းအရာ ဖြစ်လာခဲ့သည်။ ထင်မြင်ချက် အမျိုးမျိုး ထွက်ပေါ်လာခဲ့ပြီး အချို့သည်တော့ မယုံနိုင်လောက်အောင်ပင် အံ့အားသင့်ဖွယ် ကောင်းနေခဲ့သည်။ ထိုအမည်မသိ ပုဂ္ဂိုလ်သည် ဟန်တောင်တန်း မြို့တော်ရှိလူများ အမှတ်ရနေခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သော မော့စုကဲ့သို့ပင် ဖြစ်လာခဲ့သည်။
တစ်ဖြည်းဖြည်းနှင့် သူ့အကြောင်းသည် ပိုမိုပြောဆိုခြင်း ခံလာရပြီး သူ့ပတ်ဝန်းကျင်ရှိ ထူးခြား ဆန်းကြယ်မှုများကြောင့် သူ၏ကျော်ကြားမှုသည် မူလက ဟန်တောင်တန်း မြို့တော်တွင်ရှိသည့် ရုပ်နယ်လွန်အဆင့် မာန်စွမ်းအားရှင် ၅ဦးထက်ပင် ကျော်လွန်သွားခဲ့ပြီး မွန်းတည့်ချိန်နေကဲ့သို့ တောက်ပ နေခဲ့တော့သည်။
အချို့သည် မော့စုနှင့် ထိုလျှို့ဝှက်ဆန်းကြယ်သော သွေးကြောကျောက်သား ပြည့်စုံဆင့်မှ ပုဂ္ဂိုလ်တို့သည် တစ်ဦးတည်း ဖြစ်သည်ဟု ပြောဆိုကြသော်လည်း ဤသည်မှာ ယူဆချက်တစ်ခုသာ ဖြစ်သည်။ မျိုးနွယ်စု၃စု၏ ခေါင်းဆောင်များနှင့် ဟန်တောင်တန်း မြို့တော်မှ ရုပ်နယ်လွန်အဆင့် မာန်စွမ်းအားရှင် ၅ဦးသည်တော့ ထိုသို့မထင်ချေ။
သူတို့အထဲမှ အချို့သည် ယခင်က စုမင်နှင့် အဆက်အဆံ ရှိခဲ့ဖူးသဖြင့် အချက်အလက်များကို နှိုင်းယှဉ်ကြည့်လိုက်ပြီး ထိုယူဆချက်အား ပယ်ချလိုက်ကြသည်။
ကောင်းကင်၌ ရုပ်နယ်လွန်အဆင့် နတ်ဘုရားရုပ်တု ပေါ်ပေါက်ခဲ့သည့် အချိန်မှစ၍ ၂လခန့်ပင် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ ဟန်တောင်တန်းမြို့တော်၏ လျှို့ဝှက်နယ်မြေများတွင် အခြားမည်သည့်အရာမှ ထပ်မံဖြစ်ပွားခြင်း မရှိတော့သဖြင့် အခွင့်အရေး ကောင်းများနှင့် ဆေးဖက်ဝင်အပင်များအား ရှာဖွေရန် ရဲရင့်သူအချို့သည် ထိုနေရာသို့ ပြန်လည်ဝင်ရောက် လာခဲ့ကြသည်။
သို့သော် လူအနည်းငယ်သာ လာရောက်ရဲခြင်း ဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ ၂လတာခန့် သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်ခဲ့ပြီး ချိန်တွင်တော့ လူတို့သည် ဟန်တောင်တန်း မြို့တော်အောက် ပေထောင်ပေါင်းများစွာရှိ ချောက်နက်ကြီးများထံသို့ နောက်တစ်ကြိမ် စတင် ဝင်ရောက်လာခဲ့ကြခြင်း ဖြစ်သည်။
ချောင်းတသည်လည်း အတန်ငယ်ရဲရင့်သော လူအနည်းငယ်ထဲမှ တစ်ဦးဖြစ်သည်။ သူ၏ဆံပင်တို့သည် ဆွတ်ဆွတ်ဖြူနေခဲ့ပြီ ဖြစ်သော်ငြား ရတနာများ ရှာဖွေခြင်းကိုတော့ အလွန်စိတ်ဝင်စား ချေသည်။ သူသည် ယခင်က ဟန်တောင်တန်း၏ လျှို့ဝှက်နယ်မြေများအား အကြိမ်ပေါင်းများစွာ လှည့်ပတ်သွားလာခဲ့ဖူးပြီး ဖြစ်ကာ ယခု ဤနေရာသို့ လူအနည်းငယ်ခန့်သာ လာရောက်ရဲသည်အား အခွင့်ကောင်းယူလျက် နောက်တစ်ကြိမ် ထပ်မံ လာရောက်ခဲ့ခြင်း ဖြစ်သည်။
ဤတစ်ကြိမ်တွင်တော့ သူတစ်ဦးတည်း လာရောက်ခဲ့ခြင်း မဟုတ်ဘဲ သူနှင့်အတူ ကောင်လေးတစ်ဦးကိုပါ ခေါ်ဆောင်လာခဲ့သည်။ ထိုကောင်လေးသည် အနည်းငယ် ထုံထိုင်းတုံးအသော်ငြား ချောင်းတ၏ စကားလုံးတိုင်းကိုတော့ နားထောင်၏။ သူတို့၂ဦးသည် တောင်ကြားများအတွင်း လျင်မြန်စွာ ပြေးလွှားနေခဲ့ကြသည်။ တစ်ခါတစ်ရံတွင်တော့ သူတို့သည် ရပ်တန့်တတ်ကြပြီး ထိုနေရာတွင် လျှို့ဝှက်ချက်များ ရှိ၊မရှိကို ဂရုတစိုက် ရှာဖွေတတ်ကြသည်။
“ဦးလေး၊ ဒီနေရာမှာ ဘာမှမရှိဘူး”
“ဦးလေး၊ ဒီနေရာမှာလည်း ဘာမှမရှိဘူး”
“ဦးလေး၊ ဒီနေရာမှာလည်း ဘာမှ ရှိမနေပြန်ဘူး”
တောင်ကြားတစ်ခုအား သူတို့ရှာဖွေချိန်တိုင်းတွင် တုံးအအကောင်လေးသည် ထိုစကားတို့ကိုသာ တီးတိုး ပြောဆိုတတ်ခဲ့သည်။
“ဦးလေး၊ ဒီမှာ …”
တောင်ကြားတစ်ခု၏ အဝင်ဝတွင် ကောင်လေးသည် စကားစပြောရန် ပြင်လိုက်ချိန်တွင် ရက်အနည်းငယ်ကြာ မည်သည့်အရာမှ ရှာမတွေ့ခဲ့ရသည့် ချောင်းတသည် သူ့ဘက်သို့လှည့်လျက် အော်ဟစ်လိုက်သည်။
“ဘာလဲ … ဘာမှမရှိဘူး ဆိုတာကိုပဲ မင်းပြောတတ်တာလား။ ပါးစပ်ပိတ်ထားစမ်း”
“ဦးလေး၊ ဒီမှာ …”
ကောင်လေးသည် ခေါင်းကိုကုတ်လိုက်ရင်း စကားထပ်ပြောရန် ပြင်လိုက်စဉ်မှာပင် သူ၏ စကားလုံးများသည် ယခင်အတိုင်း ထပ်မံဖြတ်ချ ခံလိုက်ရပြန်၏။
“ပြောနေတာကို ရပ်လိုက် … ဒီလိုမှန်းသာ သိခဲ့ရင်၊ ငါ မင်းကို ဒီနေရာ ခေါ်မလာခဲ့ပါဘူး။ ရတနာတွေကသာ နေရာတိုင်းမှာ ရှိနေမယ်ဆိုရင် ဒါကို ငါတို့အတွက် အခွင့်အရေးလို့တောင် ခေါ်ပါဦးမလားကွ။ ဒါက စူးစမ်းရှာဖွေခြင်းပဲ။ စူးစမ်းရှာဖွေခြင်း မင်းနားလည်လား။ ကောင်လေး၊ ဒါကို မှတ်ထား။ ငါတို့က ရတနာရှာနေကြတာ မဟုတ်ဘူး။ ဒီလိုမျိုး ခရီးလမ်းကြောင်းရဲ့ အတွေ့အကြုံတွေကို သင်ယူနေတာကွ” ချောင်းတ မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်သည်။
လူငယ်သည် မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်လိုက်မိ၏။ သူ့မျက်နှာပေါ်ရှိ ထိုတုံးအအ အမူအယာသည် ချောင်းတအား မိမိဘာသာ စကားပြောနေသလို ခံစားလိုက်ရပြီး မတတ်နိုင်စွာဖြင့် မျက်ခုံးအလယ်သို့သာ လက်ဖြင့် ဖိနှိပ်လိုက်မိသည်။
“မင်းရဲ့သဘောထားက မှားနေတယ်။ ငါမင်းကို ရှင်းပြမယ်။ ရတနာ ရှာဖွေခြင်းဆိုတဲ့ အရာကိုယ်တိုင်ကကို စိတ်ဝင်စားစရာကောင်းတဲ့ အရာပဲ။ ရတနာအကြောင်းကိုပဲ အမြဲတွေးမနေနဲ့။ လုပ်ငန်းစဉ် ဆိုတာကလည်း အရမ်းအရေးကြီးတယ်။ ငါက ဒီနေရာကို ရတနာရှာဖို့ လာခဲ့တာလို့ မင်းထင်လား။ ငါက ဒီကို ရှာဖွေရေး လုပ်ငန်းစဉ်က ပျော်စရာကောင်းလို့ လာခဲ့တာကွ” ချောင်းတသည် သူ၏ကလန်မှ မျိုးနွယ်ဝင် ကောင်လေးအား အလင်းပြပေးရန် ဆုံးဖြတ်လိုက်သည်။
“မင်း နားလည်ပြီလား”
“… ဦးလေး၊ ဒီနေရာမှာ …”
ကောင်လေးသည် မျက်တောင်တဖြတ်ဖြတ် ခတ်လိုက်မိသည်။ သို့သော် သူစကားပြောရန် ပါးစပ်ဟလိုက်စဉ်မှာပင် ချောင်းတသည် ခါးသီးစွာ ရယ်မောလိုက်မိသည်။ ကောင်လေး ဘာပြောမည်မှန်း သူသေချာ သိနေဟန်ဖြင့် ခေါင်းခါလိုက်ပြီး သူ့အား လျစ်လျူရှုထားရန်သာ ဆုံးဖြတ်လိုက်ကာ ရှေ့ဆက် လျှောက်လိုက်သည်။
“ဦးလေး၊ ကျွန်တော် နားလည်ပါပြီ။ ကျွန်တော်တို့က ဒီနေရာကို ရှာဖွေရေး လုပ်ငန်းစဉ်အတွက် ရောက်နေကြတာပဲ”
ချောင်းတသည် သူ့အား လျစ်လျူရှုလိုက်သည်ကို မြင်သောအခါ ကောင်လေးသည် သူ၏စကားလုံးများကို နားလည်သွားဟန်ဖြင့် နောက်သို့ လျင်မြန်စွာ ပြေးလိုက်လိုက်သည်။ ထို့နောက် သူသည် သက်ပြင်းချလိုက်ပြီး တီးတိုး ရေရွတ်လိုက်သည်။
“ကျွန်တော်က အခုလေးတင် ရတနာတစ်ခုကို ရှာတွေ့ခဲ့တယ် ဆိုရင်တောင်မှ ဦးလေးက အဲဒါကိုရှာဖွေဖို့ စိတ်မဝင်စားတာပဲ။ ဟုတ်ပြီ ကျွန်တော် အခုနားလည်ပြီ။ ကျွန်တော်တို့က ဒီနေရာကို လုပ်ငန်းစဉ်အတွက်ပဲ ရောက်နေကြတာ …”
ချောင်းတသည် မုတ်ဆိတ်တို့အား ကိုင်လျက် ကောင်လေး၏ စကားကို နားထောင်ရင်း ခေါင်းညိတ်လိုက်သည်။
“ဒါ အမှန်ပဲ၊ အဲဒီလို အတိအကျပဲ။ မင်းက ရတနာတစ်ခုကို ရှာတွေ့ခဲ့တယ် ဆိုရင်တောင်မှ ငါကဆက်ပြီးတော့ …” သူဆက်ပြောရန် ပြင်လိုက်စဉ်မှာပင် ခြေလှမ်းများသည် ယိမ်းယိုင်သွားပြီး နောက်သို့ ရုတ်တရက် လျင်မြန်စွာလှည့်ကာ မျက်လုံးများ ပြူးကျယ်လျက် မေးလိုက်သည်။
“ဘာလဲ … မင်း ဘာပြောလိုက်တာလဲ။ ရတနာ … မင်းရတနာ တွေ့ခဲ့တာလား”
ကောင်လေးသည် သူတို့ ယခုလေးတင် ထွက်ခွာလာခဲ့သည့် တောင်ကြားအား ထုံထိုင်းထိုင်း အမူအယာဖြင့် ညွှန်ပြလိုက်မိသည်။
“အဲဒီ နေရာမှာ၊ ကျွန်တော် အခုလေးတင် ပြောပြမလို့ လုပ်နေခဲ့တာလေ။ အဲဒီနေရာမှာ တောက်ပနေတဲ့ နေရာတစ်ခု ရှိတယ်”
သူပြောပြီးသည်နှင့် ချောင်းတသည် သူ့အား နောက်တွင် ချန်ထားလျက် မယုံနိုင်လောက်အောင် လျင်မြန်စွာဖြင့် တောင်ကြားအတွင်းသို့ ပြန်လည် ပြေးဝင်သွားသည်။ ကောင်လေးသည် ကိုယ့်ခေါင်းကိုယ်သာ ပြန်ကုတ်လိုက်မိသည်။
သူ့ဦးလေးသည် ရတနာပစ္စည်းများအား စိတ်မဝင်စားခြင်းသာ ဖြစ်သင့်သည်။ သူက ယခုတော့ ဘာကြောင့် လုပ်ငန်းစဉ်ကိုသာ သဘောမကျရတော့သနည်း။ ထိုအရာသည် သူနားမလည်နိုင်သည့် နက်နဲသော မေးခွန်းတစ်ခုဟုသာ တွေးလိုက်ပြီး နောက်မှ လျင်မြန်စွာ ပြေးလိုက် သွားလိုက်သည်။
သူ တောင်ကြားအတွင်းသို့ ရောက်သောအခါ ချောင်းတသည် နေရာတစ်ခုလုံးအား မရပ်မနား ရှာဖွေနေသည်ကို တွေ့လိုက်ရ၏။
“အဲဒါ ဘယ်မှာလဲ … တောက်ပနေတဲ့ နေရာက ဘယ်မှာလဲ”
“အဲဒါက ဒီနေရာမှာ၊ ဒါက ကျွန်တော်မြင်ခဲ့တဲ့ တောက်ပနေတဲ့ နေရာပဲ”
ကောင်လေးသည် ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီး တောင်ကြားနံရံရှိ နေရာတစ်ခုကို ညွှန်ပြလိုက်သည်။ သို့သော် သူထိုနေရာသို့ ထိလိုက်သည့် အခိုက်တွင်ပင် သူ့လက်ချောင်းသည် ထိုနေရာအား ဖြတ်ဝင်သွားလေသည်။
ထိုမြင်ကွင်းသည် ချောင်းတ၏ မျက်နှာအား ရုတ်ခြည်း ဆိုသလိုပင် ပျော်ရွှင် စိတ်လှုပ်ရှားများဖြင့် ပြည့်သွားစေသည်။ သူသည် ပတ်ဝန်းကျင်သို့ လျင်မြန်စွာ လှည့်ပတ်ကြည့်ရှုလိုက်ပြီး မည်သူမှမရှိကြောင်း သေချာသောအခါ ကောင်လေးဆီသို့ ဦးတည်လိုက်သည်။ နံရံအား ခဏတာ လေ့လာပြီးသွားချိန်တွင် လက်တစ်ဖက်အား မြောက်လျက် နံရံပေါ်သို့ တင်ထား ကြည့်လိုက်၏။ ထိုအချိန်တွင် ကောင်လေး၏ လက်ကဲ့သို့ပင် သူ့လက်သည်လည်း ဖြတ်သန်းသွားလေသည်။
“ဟားဟား၊ ငါ နောက်ဆုံးတော့ လျှို့ဝှက် နေရာတစ်ခုကို ရှာတွေ့ပြီကွ”
ချောင်းတသည် စိတ်လှုပ်ရှားစွာဖြင့် တုံးအအ ကောင်လေးအား ဆွဲခေါ်လိုက်ပြီး နံရံအတွင်းသို့ တွန်းပို့လိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ် တစ်ခုလုံးသည်လည်း ဝင်ရောက် သွားလိုက်တော့သည်။
“တိမ်သစ်ရွက်မြက်။ ဒီနေရာမှာ တိမ်သစ်ရွက်မြက်တွေ အများကြီးပဲ … တိမ်သစ်ရွက်မြက် တစ်ပင်ကို ကျောက်ဒင်္ဂါး၁၀၀နဲ့ ရောင်းလို့ရတယ်။ ငါ ချမ်းသာတော့မယ် … ငါ ချမ်းသာပြီကွ”
ဝင်ရောက်လာသည်နှင့် ချောင်းတ၏ မျက်လုံးတို့သည် တောက်ပသွားသည်။ သူ့အရှေ့ သိပ်မဝေးသည့် နေရာရှိ ဆေးဖက်ဝင်အပင်များ ပေါက်ရောက် ကြီးထွားရာနေရာသို့ ငေးကြည့်လိုက်ရင်း စိတ်လှုပ်ရှားစွာဖြင့် လက်၂ဖက်အား ပွတ်သပ် လိုက်မိသည်။
“ဦးလေး၊ ဒီမှာ …” ကောင်လေး၏ မိုက်မဲတုံးအသည့် အသံသည် သူ့နားအတွင်း ရောက်ရှိလာခဲ့သည်။
“ငါသိတယ် … ငါသိတယ်၊ ဒီနေရာမှာ ဆေးဖက်ဝင် အပင်တွေ ရှိတယ်။ ပြီးတော့ ဒီအပင်တွေ အားလုံးက ရတနာတွေပဲ”
ချောင်းတသည် ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီး အပင်များ ပေါက်ရောက် ကြီးထွားနေသည့် နေရာသို့ ရောက်ရှိသွားခဲ့သည်။ ထို့နောက် သူ ထိုင်ချလိုက်ပြီး ပျော်ရွှင်စွာဖြင့် အပင်များ ဆွဲယူလိုက်၏။
“ဦးလေး၊ ဒီနေရာမှာ …”
ကောင်လေး၏ အသံတွင်တော့ အနည်းငယ် ထစ်အတုန်ခါမှုတို့ ပါဝင်နေခဲ့သည်။
“ငါသိတယ်၊ ငါ ဘာကြောင့် လုပ်ငန်းစဉ်ကိုတင် သဘောမကျရတော့တာလဲလို့ မေးချင်နေတာမလား။ မင်းကို ငါပြောပြမယ်။ လုပ်ငန်းစဉ်ဆိုတာ အရေးကြီးတယ်။ ဒါပေမဲ့ ရတနာကတော့ ပိုပြီး အရေးကြီးတယ်လေ။ မင်း ဒါကို သေချာ မှတ်ထားရမယ်”
ချောင်းတ၏ စိတ်မရှည်မှုတို့သည် သူ့မျက်နှာပေါ်ရှိ ပျော်ရွှင်မှုများ အောက်တွင် ဖုံးကွယ်ထားခံလိုက်ရပြီး ဖြစ်သည်။ သူသည် ရှင်းပြနေရင်းမှပင် အပင်များကိုလည်း လျင်မြန်စွာ စုဆောင်းနေလိုက်သေးသည်။
“ဦးလေး၊ ဒီနေရာမှာ…”
ကောင်လေး၏အသံသည် ပိုမိုတုန်ယင်လာခဲ့ပြီး ထိုအထဲတွင် ကြောက်ရွံ့မှု အရပ်အယောင်တို့ပါ ပါဝင်လာခဲ့ပြီဖြစ်သည်။ သို့သော်ငြား ချောင်းတ၏ အာရုံအလုံးစုံသည် အပင်များ စုဆောင်းရာတွင်သာ ရောက်ရှိနေပြီး ထိုအရာအား သတိမပြုမိခြင်းသည်တော့ သနားစရာပင် ဖြစ်လေသည်။
“၈၊ ၁၀၊ ၁၃၊ … ငါ ချမ်းသာတော့မယ်။ ငါ ဒီတစ်ကြိမ်တော့ သေချာပေါက်ကို ချမ်းသာတော့မယ် … ၁၄၊ ၁၅ … မင်း ဘာပြောလိုက်ပြန်တာလဲ။ ငါ မင်းကို ခုလေးတင် သင်မပေးခဲ့ဘူးလား”
ချောင်းတသည် နှုတ်ခမ်းတို့အား သပ်လိုက်ရင်း အပင်များအား လျင်မြန်စွာ စုဆောင်းနေလိုက်သည်။
“သူပြောချင်တာက ဒီနေရာမှာ တစ်ယောက်ယောက် ရှိနေတယ် ဆိုတာပဲ”
အေးစက်စက် အသံတစ်ခုသည် လေထုအတွင်း ရုတ်ခြည်း ထွက်ပေါ်လာခဲ့သည်။ ထိုအသံသည် ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာခြင်းဖြစ်ပြီး ၁၆ခုမြောက် ဆေးပင်အား ကောက်ယူနေသည့် ချောင်းတ၏လက်အား ရပ်တန့်သွားစေကာ တုန်လှုပ်နေသည့် အမူအရာဖြင့် ခေါင်းလှည့်လာခဲ့စေသည်။
ကောင်လေး၏ ဘေးတွင်တော့ အနက်ရောင်ဝတ်ရုံအား ဝတ်ဆင်ထားပြီး သန့်ရှင်းချောမောသည့် မျက်နှာဖြင့် လူတစ်ယောက် ရပ်နေခဲ့သည်။ ထိုသူ၏ မျက်လုံး အောက်တွင်တော့ အမာရွတ်ခပ်ရေးရေး တစ်ခု ရှိနေပြီး သူသည် ချောင်းတအား အေးစက်စွာ စိုက်ကြည့်နေခဲ့သည်။
“ဦးလေး၊ သူမှန်တယ်။ ဒီနေရာမှာ တစ်ယောက်ယောက် ရှိနေတယ်လို့ ကျွန်တော် ပြောချင်ခဲ့တာပဲ”
ကောင်လေးသည် သက်ပြင်းချလိုက်ရင်း စိတ်လှုပ်ရှားမှု တို့သည်လည်း သူ့မျက်နှာတွင် ဖြစ်ပေါ်လာခဲ့သည်။
ချောင်းတ၏ နှလုံးသည် ရင်ဘတ်မှ ပေါက်ထွက်တော့မည်ကဲ့သို့ ခုန်လှုပ်နေခဲ့ပြီး သတ်ဖြတ်လိုသည့် အသိတို့သည်လည်း နှလုံးသားတွင် ဖြစ်ပေါ်လာခဲ့သည်။ ဤဆေးဖက်ဝင် အပင်များ၏ တန်ဖိုးသည် အလွန်ပင် ကြီးမားလှပြီး သူတို့အကြား ဖြစ်လာမည့် ပဋိပက္ခသည် ရှောင်လွဲရန် မဖြစ်နိုင်လောက်ချေ။ သို့သော် ထိုသူ၏ဘေးတွင် ကောင်လေး ရှိနေခြင်းသည် ချောင်းတအား တုန့်ဆိုင်း သွားစေသည်။ သူတုန့်ဆိုင်းသွားချိန်မှာပင် ထိုလူ၏ မျက်လုံးအတွင်းရှိ အေးစက်မှုများသည် သု့အား တုန်လှုပ်သွားစေပြီး ရေခဲတုံးကြီးအတွင်း နစ်မြုပ် ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရကာ ခေါင်းမှခြေဖျားအထိ ဖြူဖျော့ သွားစေခဲ့သည်။
“စီ… စီနီယာ … စီနီယာ … ကျေးဇူးပြုပြီး သနားညှာတာပေးပါ”
ချောင်းတသည် တုန်လှုပ်ချောက်ခြားစွာဖြင့် ဒူးထောက်လိုက်ပြီး သနားညှာတာပေးရန် လျင်မြန်စွာ တောင်းဆိုလိုက်သည်။ ထိုပုဂ္ဂိုလ်၏ ကျင့်ကြံဆင့်အား သူမသိသော်ငြား သူ၏ အကြည့်တစ်ချက်နှင့်ပင် ရေခဲတုံးအတွင်း နစ်မြုပ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရခြင်း ဖြစ်သည်။ ဤအရာမျိုးသည် သွေးကြော ကျောက်သား နယ်ပယ်မှ လူတစ်ဦး လုပ်နိုင်သည့် အရာမျိုး မဟုတ်ပေ။ ထို့အပြင် ဤလူ၏ရှေ့တွင် သူ၏ သွေးကြောများအား မထုတ်ဖော်နိုင်ကြောင်းကိုလည်း သတိပြုမိလိုက်ပြီး ထိုအရာသည် သူ့အား ကြောက်ရွံ့ တုန်လှုပ် သွားစေသည်။
ထိုလူသည် စုမင်ပင် ဖြစ်သည်။
သည်နှစ်လ အတောအတွင်းတွင် စုမင်သည် သူ၏သွေးကြောများအား ဖြည်းညှင်းစွာ ဖိနှိပ်နေခဲ့ပြီး ဤနေ့သည် သီးသန့်နေရာမှ သူအပြင်သို့ ထွက်လာခဲ့သည့် နေ့ဖြစ်သည်။ ဟန်တောင်တန်း၏ လျှို့ဝှက်နယ်မြေများမှ မည်သို့ထွက်ခွာရမည်ကို ရှာဖွေဖော်ထုတ်ရန် သူရည်ရွယ်ခဲ့သော်လည်း လေးလွှာစည်းအစီအရင်၏ လျှို့ဝှက် အလွှာတစ်ဝက်မှ သူလှမ်းထွက်လိုက်သည်နှင့် ဤလှိုဏ်ဂူအတွင်းတွင် ပေါ်ထွက် လာခဲ့ရသည်။ ထို့နောက် သူထွက်သွားရန် ပြင်နေစဉ်မှာပင် အဘိုးအိုနှင့် ကောင်လေးတို့ ဤနေရာသို့ ဝင်ရောက်လာသည်အား တွေ့ရှိလိုက်ရခြင်း ဖြစ်သည်။
အဘိုးအိုသည် သူ့အား မမြင်ခဲ့ပဲ စုမင် ဂရုပင်မစိုက်ခဲ့သည့် တိမ်သစ်ရွက်မြက်ထံသို့သာ ဦးတည်သွားခဲ့၏။ ထိုနေရာ၌ ရပ်နေသည့် ကောင်လေးသည်သာ သူ့အား တုံးအစွာ ငေးကြည့်နေခဲ့ခြင်း ဖြစ်သည်။ မျက်လုံးအတွင်း ရှုပ်ထွေးသည့် အကြည့်တို့ဖြင့် စုမင်သည် အဘိုးအိုအား ငေးကြည့်နေမိသည်။
“ဟန်ခုန်း သေပြီးတဲ့နောက်မှာ တစ်ခုခုများ ဖြစ်ခဲ့တာလား … အဘိုးအိုရဲ့ စွမ်းအားက သွေးကြောကျောက်သား အဆင့်၇လောက်မှာပဲ ရှိသေးတယ်။ သူက ကလေးတစ်ယောက်ကို ဘယ်လိုများ ဒီနေရာ ခေါ်လာခဲ့ရတာလဲ ...”
ချောင်းတ၏ နှလုံးခုန်နှုန်းသည် ပိုမို လျင်မြန်လာခဲ့ပြီး မယုံနိုင်လောက်ဖွယ် စိတ်လှုပ်ရှားနေလေသည်။ စုမင် သူ့ကို စိုက်ကြည့်နေသဖြင့် ချောင်းတ၏ နဖူးတွင် ချွေးများစွာ ထွက်လာနေခဲ့ချေသည်။
“မကြာသေးခင်နှစ်တွေက ဟန်တောင်တန်းမြို့တော်မှာ ဖြစ်ပျက်ခဲ့တဲ့ အဓိကဖြစ်ရပ်တွေ အကြောင်း ငါ့ကိုပြောပြ။ ငါ စိတ်ကျေနပ်မယ်ဆိုရင် ဒီနေရာမှာရှိတဲ့ အပင်တွေအားလုံးက မင်းအတွက်ပဲ” စုမင် ဖြည်းညှင်းစွာ ပြောလိုက်သည်။
ချောင်းတသည် နဖူးရှိ ချွေးများအား သုတ်မပစ်ရဲသလို အဘယ်ကြောင့် ထိုပုဂ္ဂိုလ်သည် ဤကဲ့သို့ မေးခွန်းမျိုး မေးခြင်းကိုလည်း ခန့်မှန်းရန် မကြိုးစားရဲချေ။ စုမင် စကားအားကြားသည်နှင့် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း သူသိသမျှ အရာအားလုံးအား လေးစားမှု အပြည့်ဖြင့် ပြောပြတော့သည်။
ချောက်နက်ကြီးများအား ထပ်မံ၍ ချိပ်ပိတ်ထားတော့မည် မဟုတ်ဘဲ လူတိုင်း နှစ်သက်သလို လာနိုင်ပြီဖြစ်ကြောင်း သူပြောသည့် အခါတွင်လည်း စုမင်၏ အမူအယာသည် ပြောင်းလဲခြင်းမရှိ တည်ငြိမ်နေခဲ့သည်။
“ဒီမော့စုက ဆန်းကြယ်မှု တစ်ခုအဖြစ် ရှိနေဆဲပဲ … ပြီးတော့ သွေးကြောကျောက်သား နယ်ပယ်ကို ပြီးပြည့်စုံခြင်း အဆင့်ထိ ကျင့်ကြံနိုင်ခဲ့တဲ့ ပိုပြီး ထူးခြားဆန်းကြယ်တဲ့ မာန်စွမ်းအားရှင် တစ်ယောက်လည်း ရှိသေးတယ် …”
ဟန်တောင်တန်းမြို့တော်တွင် ဆွေးနွေးနေခဲ့သည့် အကြောင်းအရာများ၊ သွေးကြောကျောက်သား နယ်ပယ်တွင် ပြီးပြည့်စုံခြင်း အဆင့်ထိ ရောက်ရှိနေခဲ့သည့် မာန်စွမ်းအားရှင်နှင့် ကောင်းကင်ရှိ ထူးဆန်းသည့်ဖြစ်ရပ်များ အကြောင်း ပြောပြနေခဲ့စဉ် ချောင်းတ၏ အသံသည် တုန်ခါနေခဲ့သည်။
စုမင်သည် ခဏတာတိတ်ဆိတ်စွာ ရပ်နေခဲ့ပြီးနောက် သူ့ဘေးရှိ ကောင်လေးအား တစ်ချက်ကြည့်လိုက်သည်။
“မင်းနာမည် ဘယ်လိုခေါ်လဲ”
“ကျွန်တော်က ချောင်းစုန့်ပါ”
ကောင်လေး၏ မျက်နှာတွင်တော့ တုံးအသည့် အမူအယာသာ ရှိနေဆဲဖြစ်သည်။
“ဒီနေရာမှာရှိတဲ့ အပင်တွေ အကုန်လုံးက မင်းဟာပဲ”
စုမင်သည် စကားပြောပြီးသည်နှင့် အပြင်သို့ လှည့်ထွက်သွားပြီး သဲလွန်စမကျန်အောင် ပျောက်ကွယ် သွားတော့သည်။
ထိုအချိန်မှသာလျင် ချောင်းတသည် သူ့နဖူးရှိ ချွေးတို့အား သုတ်ပစ်ရဲလေတော့သည်။ ထို့နောက် သူသည် ချောင်းစုန့်အား လက်ညှိုးထိုးလျက် စတင်ဆူပူကြိမ်းမောင်း လိုက်တော့၏။
“မင်း … ဒီနေရာမှာ တစ်ယောက်ယောက် ရှိနေခဲ့တယ်လို့ မင်း ဘာလို့ စောစော မပြောရတာလဲ”
“ကျွန်တော် ပြောခဲ့သားပဲ … ဦးလေးကမှ ကျွန်တော့စကားကို ဆုံးအောင် ဆက်ပြောခွင့် မပေးခဲ့တာ… “
ကောင်လေး၏ မျက်နှာတွင်တော့ မတရားမှုအား ခံလိုက်ရသလို အမူအယာ ဖြစ်ပေါ်လာခဲ့သည်။
“မင်း … မင်း … မင်းက ငါ့ကို သေအောင်လုပ်နေတာပဲ … မှတ်ထား။ ငါမင်းကို အခုပြောပြမယ်။ နောက်တစ်ကြိမ် မင်းစကားပြောရင် ပြောစရာရှိတာ အကုန်လုံးကို အသက်တစ်ရှူစာ အတွင်းမှာ ပြီးအောင်ပြော။ မင်းစကားကို တစ်ခြားသူတွေ နှောင့်ယှက်တာကြောင့် ပြတ်မသွားစေနဲ့။ အကုန်လုံးကို တစ်ဆက်တည်းပြောပြီး မရပ်လိုက်နဲ့”
ချောင်းတသည် သူ့နဖူးရှိ ချွေးအေးတို့အား နောက်တစ်ကြိမ် သုတ်လိုက်ပြီး မြေပေါ်ရှိ ဆေးဖက်ဝင်အပင်များအား ကြည့်လိုက်ချိန်တွင်တော့ သူ့မျက်နှာသည် ပြန်လည် ရွှင်လန်းလာခဲ့ချေသည်။
“ငါ ချမ်းသာတော့မယ်၊ ချမ်းသာတော့မယ်ကွ”
“ဟုတ်ပြီ ကျွန်တော် အခုကစ မှတ်ထားလိုက်ပြီ …ဦးလေး …စိတ်မပူပါနဲ့ အခြားသူတွေ နှောင့်ယှက်တာကို ကျွန်တော် ဂရုမစိုက်တော့ပါဘူး ကျွန်တော် ပြောစရာရှိတာကို အသက်တစ်ရှူစာ အတွင်းမှာပဲ မရပ်ဘဲ ပြောပါ့မယ်” ကောင်လေးသည် တီးတိုး ရေရွတ်လိုက်ရင်း ထိုစကားပြောပြီးချိန်မှပင် သက်ပြင်းရှည်ကြီး ချလိုက်လေသည်။
***