← Chapters

အခန်း (၁၅၇-၁၅၈)

Vol. 16 Ch. 157-158

အခန်း (၁၅၇-၁၅၈)

Vol. 16 Ch. 157-158

အခန်း ၁၅၇ - သနားစရာကောင်းသော အစိမ်းရောင်ဦးထုပ် အဆောင်းခံရတဲ့ မျောက်ဝံကြီး။

မကြာမီမှာပင် လုပေါင် ယူလာသော ပင်လယ်စာများအားလုံး အကုန်အစင် ပြောင်သလင်းခါသွားတော့သည်။

ထိုချီလင်လေး၏ စားသောက်နှုန်းမှာ အမြဲတမ်းပင် အံ့ဩစရာကောင်းလှသည်။ဂဏန်းအကြီးစား အတော်များများကို အခွံပါမကျန် ဝါးစားပစ်ခဲ့သည်။လုပေါင်ကို တကယ်တမ်း အံ့ဩစေသည်မှာ အမျိုးသမီးနှစ်ဦးဖြစ်သည့် ကျောက်မင်နှင့် ကျန်းရွှယ်ချီတို့ပင် ဖြစ်သည်။သူတို့နှစ်ဦးမှာလည်း ဂဏန်းကြီးတစ်ကောင်နှင့် ကျောက်ပုစွန်ကြီးတစ်ကောင်စီကို အကုန်အစင် စားနိုင်ခဲ့ကြသည်။

လုပေါင် ယူလာသော ပင်လယ်စာများမှာ သာမန်အရွယ်အစားများထက် အဆပေါင်းများစွာ ပိုကြီးသည်ကို သတိပြုရမည်။ကျန်းရွှယ်ချီနှင့် ကျောက်မင်တို့မှာလည်း မိမိတို့၏ အစားကြူးမှုကို သတိထားမိသွားပြီး အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားကြသည်။ဘာပဲဖြစ်ဖြစ် ပင်လယ်စာ အရသာကို မမြည်းစမ်းရသည်မှာ သုံးနှစ်တိုင်တိုင် ရှိခဲ့ပြီ မဟုတ်ပါလား။

သို့သော် လုပေါင်က ဘာမှမပြောဘဲ ဂူထဲမှ ထွက်ခွာရန် ပြင်လိုက်သည်။ယောက်ျားကြီးတစ်ယောက်အနေနှင့် အားနည်းသော အမျိုးသမီးနှစ်ဦးနှင့် တစ်ဂူတည်း အတူရှိနေရသည်မှာ အနည်းငယ် အနေရခက်သောကြောင့် ဖြစ်သည်။သူ ကျောခိုင်းအထွက်တွင် နောက်ကွယ်မှ တိုးညင်းသော အသံလေးတစ်ခု ထွက်ပေါ်လာသည်။

“ဂူထဲမှာပဲ အတူနေပါလား ညဘက်ဆို လေတိုက်ပြီး အပူချိန်က တော်တော်လေး ကျသွားတတ်တယ်။”

ကျောက်မင်နှင့် ကျန်းရွှယ်ချီတို့မှာ လုပေါင်ကို စိုးရိမ်တကြီး ကြည့်နေကြသည်။မနေ့ညက လုပေါင် အပြင်မှာ အိပ်ခဲ့ရသည်ကို သူတို့နှစ်ဦးလုံး စိတ်မကောင်း ဖြစ်နေကြခြင်းပင်။

“ရပါတယ် ငါ့ခန္ဓာကိုယ်က သံမဏိလို တောင့်တင်းပြီးသား လုံးဝ မချမ်းပါဘူး။”

လုပေါင်ကကြောင်တောင်တောင် မျက်နှာပေးဖြင့် ပြောလိုက်သည်။သူ၏ စကားကို သက်သေပြရန် သူ၏ ရင်ဘတ်ကိုပင် ပြန်ပုတ်ပြလိုက်သေးသည်။

နောက်တာလား။သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုနှင့်ဆိုလျှင် သာမန် သိုင်းပညာရှင် များပင် ယှဉ်နိုင်မည် မဟုတ်ပေ။လုပေါင်၏ စကားကို ကြားသောအခါ အမျိုးသမီးနှစ်ဦးမှာ ဘာမှမပြောတော့သော်လည်း အတော်လေးကို စကားအိုင်သွားသည့် ပုံစံမျိုး ဖြစ်သွားကြသည်။

ဂူအပြင်သို့ ရောက်သောအခါ လုပေါင်က Live ထဲက ပရိတ်သက် များကို ဂုဏ်ယူစွာ ကြည့်ကာ

“ညီအစ်ကိုတို့ရေ... ဒီမိန်းကလေး နှစ်ယောက်က ငါ့ရဲ့ ကြံ့ခိုင်မှုကို လျှော့တွက်နေကြတာလား အဲ့လို အထင်သေးခံလို့ ဖြစ်မလားယောက်ျားပီသမှုဆိုတာ ဒါမျိုးပဲ ဟုတ်တယ်မလား။အဆင်ပြေတယ်လို့ ထင်ရင် No Problem လို့ ရိုက်ပေးခဲ့ကြဦး။”

လုပေါင်၏ ဂုဏ်ယူဝင့်ကြွားနေသော မျက်နှာပေးကို မြင်ပြီး ပရိတ်သက် များမှာ ခဏမျှ ဆွံ့အသွားပြီးမှ ဟားတိုက်ရယ်မောကုန်ကြသည်။

“ဘုရားရေ ပေါင်ပေါင်ရာ... မင်းကတော့ တကယ်ကို တုံးအလွန်းတာပဲ အဲ့ဒါကို ဂုဏ်ယူနေသေးတယ်ပေါ့။No Problem မဟုတ်ဘူး Problem က အကြီးကြီးပဲ။”

“ရတနာနတ်ဘုရားရေ... မင်း ဘဝရဲ့ အရေးကြီးတဲ့ အခွင့်အရေးတစ်ခုကို လက်လွှတ်လိုက်ပြီလို့ ငါ ထင်တယ်။”

“ပေါင်ပေါင်ရဲ့ အနာဂတ် အိမ်ထောင်ရေးအတွက် ငါတော့ စိုးရိမ်မိပြီ။”

“တောက်... တကယ့် သံမဏိလိုယောက်ျား ပဲ အခုက မင်းရဲ့ ကြံ့ခိုင်မှုကို ပြရမယ့် အချိန်လား အခွင့်အရေးရတာတောင် အလွဲသုံးစား လုပ်လိုက်တာပဲ။”

ဂူထဲမှ ထွက်လာပြီးနောက် လုပေါင်သည်ပရိတ်သက် များ၏ ဝိုင်းဆဲနေသော Comment များကို ကြည့်ကာ နားမလည်နိုင်အောင် ဖြစ်နေသည်။သူ ခေါင်းခါလိုက်ပြီး ထိုကိစ္စကို ဆက်မတွေးတော့ဘဲ နောက်ထပ် ရင်ဆိုင်ရမည့် ပြဿနာကိုပဲ အာရုံစိုက်လိုက်သည်။ခန္ဓာကိုယ် ကြံ့ခိုင်သော်လည်း အပြင်မှာ အိပ်ရသည်မှာ ချပ်ဝတ်နဂါးကြီး၏ ကျောပေါ်တွင်သာ နားခိုရသဖြင့် သက်သောင့်သက်သာ မရှိလှပေ။

“ဒီကျွန်းပေါ်မှာ နှစ်လလောက် နေရမှာဆိုတော့ နေထိုင်မှု ပုံစံက ဒီလောက်တော့ မဆိုးသင့်ဘူး။”

လုပေါင် တတွတ်တွတ် ရေရွတ်နေစဉ်မှာပင် မလှမ်းမကမ်းရှိ တောအုပ်ထဲမှ ဟောင်သံများ ထွက်ပေါ်လာသည်။လုပေါင် ထိုအသံကို ကောင်းကောင်းသိသည်ဖြူကြီး၏ လက်အောက်မှ မျောက်ဖြူများ၏ အော်သံနှင့် အတူတူပင်။

“ဟုတ်သားပဲ ဒီကျွန်းမှာလည်း မျောက်တွေ ရှိတာပဲ။သူတို့ရဲ့ အသိုက်တွေကတော့ သက်သောင့်သက်သာ ရှိမှာပဲ။”

ချက်ချင်းပင် သူက Live ထဲက ပရိတ်သက် များကို ပြောလိုက်သည်။

“သွားကြစို့ ညီအစ်ကိုတို့ တစ်ညတာ ခိုနားဖို့ နေရာသွားငှားကြမယ်။ငါ့ရဲ့အိပ်စက်ခြင်း အချိန်လေး စတင်တော့မယ်။”

လုပေါင်သည် ချပ်ဝတ်နဂါးကြီးကို ဂူဝတွင် စောင့်ခိုင်းထားခဲ့ပြီး သူတစ်ဦးတည်း တောနက်ထဲသို့ ဝင်လာခဲ့သည်။မကြာမီမှာပင် မျောက်ဝံများ နေထိုင်သည့် တောင်ကမ်းပါးယံရှိ ဂူများစွာကို တွေ့လိုက်ရသည်။

ဤကျွန်းပေါ်က မျောက်ဝံနက်များမှာ ဖြူကြီး၏ မျောက်ဖြူများထက် ပို၍ ထွားကျိုင်းကြပြီး ဂေါ်ရီလာ များကဲ့သို့ ဗိုက်သား ၈ ထပ်များနှင့် ဖြစ်သည်။ လုပေါင်၏ သားရဲရင်းနှီးမှု +၁၀၀ စွမ်းရည်ကြောင့် မျောက်ဝံကြီးမှာ လုပေါင်ကို ရန်မမူဘဲ ခင်မင်စွာ ကြည့်နေသည်။

“ဘာကြည့်နေတာလဲ လမ်းပြစမ်းပါ ငါ တော်တော် ပင်ပန်းနေပြီ။”

လုပေါင်ကခပ်ပြတ်ပြတ် ပြောလိုက်သည်။

မျောက်ဝံကြီးက အော်ဟစ်ကာ ရှေ့မှ လမ်းပြခေါ်သွားသည်။သူတို့ မျောက်ဝံအသိုက်သို့ ရောက်သောအခါ မြင်ကွင်းကြောင့် လုပေါင် မှင်တက်သွားရသည်။ကျယ်ဝန်းသော ဂူထဲတွင် ပျော့ပျောင်းသော မြက်ခြောက်များ ခင်းထားသည့်အပြင် သစ်သားဖြင့် ပြုလုပ်ထားသော ပရိဘောဂ အကြမ်းထည်အချို့ကိုပါ တွေ့လိုက်ရသည်။

သစ်လုံးကြီးကို စားပွဲအဖြစ် သုံးကာ အပေါ်တွင် တောသီးမျိုးစုံ တင်ထားပြီး ဘေးတွင် သစ်သားခုံငယ်လေးများ ရှိနေသည်။

“တောက်... ဒီမှာ အခြေအနေ ဒီလောက်ကောင်းမှန်း သိရင် မနေ့ကတည်းက လာအိပ်ပါတယ်။”

လုပေါင်သည် မြက်ခြောက်ပုံပေါ်တွင် လှဲချကာ ဟိုဘက်ဒီဘက် လူးလှိမ့်ရင်း သစ်သားခုံပေါ်မှာ ထိုင်ကာ စားပွဲပေါ်က အသီးတစ်လုံးကို ယူစားလိုက်သည်။

“ဝါး... ရတနာနတ်ဘုရား ဒါကို နေရာငှားတာလို့ ခေါ်တာလား ကိုယ့်အိမ်ကိုယ် ပြန်ရောက်နေတဲ့အတိုင်းပဲ။”

“မျောက်ဝံကြီး ခမျာတော့ သူ့အိမ်မှာ သူ ဧည့်သည် ဖြစ်နေရရှာပြီ။”

“ဒါက ကျူးကျော်တာနဲ့ပိုတူနေတယ်။”

မကြာမီမှာပင် ဂူထဲမှ နောက်ထပ် မျောက်ဝံမကြီး တစ်ကောင် ထွက်လာသည်။သူမ၏ ဦးခေါင်းတွင် ဆံပင်ကျစ်ဆံမြီးလေးများ ပါရှိသည်။ထိုမျောက်ဝံမကြီးမှာ လုပေါင်ကို မြင်သည်နှင့် အချစ်မျက်လုံးများဖြင့် ကြည့်ကာ လုပေါင်အနားသို့ ချက်ချင်း တိုးကပ်လာတော့သည်။

ဒါက လုပေါင်၏ သားရဲချစ်ခင်မှု စွမ်းရည်ကြောင့် ဖြစ်သည်ကို သိသော်လည်း ရှင်းပြရန် ခက်ခဲလှသည်။ဤကျစ်ဆံမြီးနှင့် မျောက်ဝံမမှာ ရှေ့က မျောက်ဝံကြီး၏ ဇနီးဖြစ်မှာ သေချာသည်။လုပေါင် နောက်လှည့်ကြည့်လိုက်သောအခါ ရှေ့က မျောက်ဝံကြီးမှာ လုပေါင်ကို သနားစရာကောင်းပြီး ဝမ်းနည်းနေသော မျက်နှာပေးဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။မျောက်ဝံကြီးမှာ သူ၏ ဇနီးကို လုပေါင်က လုယူသွားပြီဟု ထင်ကာ အစိမ်းရောင်ဦးထုပ်ဆောင်းခံလိုက်ရသလို ခံစားနေရရှာတော့သည်။

အခန်း ၁၅၈ - မြင်ကွင်းက ပြင်းထန်လွန်းလို့ မတွေးရဲစရာပဲ။

“မျောက်အစ်ကို... ဒါက နားလည်မှုလွဲတာပါ၊ တကယ် နားလည်မှုလွဲတာ။ ငါနဲ့ မင်းမိန်းမကြားမှာ တကယ် ဘာမှမရှိပါဘူး။”

လုပေါင် တစ်ယောက် အခက်တွေ့စွာ ပြောလိုက်ရသည်။

ထိုသို့ပြောလိုက်သဖြင့် မျောက်ဝံနက်ကြီး၏ မျက်နှာက ပို၍ပင် ဝမ်းနည်းကြေကွဲဖွယ် ဖြစ်သွားသည်။လုပေါင်၏ သားရဲရင်းနှီးမှု +၁၀၀ စွမ်းရည်ကြောင့် ဤမျောက်ဝံကြီးသည် လုပေါင်အပေါ် ရန်ငြိုးမထားနိုင်ဘဲ မိမိကိုယ်ကိုသာ အားမလိုအားမရ ဖြစ်နေရှာတော့သည်။

Live ထဲက ပရိတ်သက် များမှာတော့ ဤမြင်ကွင်းကို ကြည့်ပြီး ရယ်မော၍ မဆုံးနိုင်ကြတော့ပေ။

“ဟားဟားဟား... ငါ့ရတနာနတ်ဘုရားရဲ့ ဆွဲဆောင်မှုကတော့ နောက်တာမဟုတ်ဘူး။ မျောက်မတောင် မခံနိုင်ဘူးပဲ။”

“ဒီမင်္ဂလာပွဲကို ငါ သဘောတူတယ်။ ဘယ်သူကန့်ကွက်မလဲ။”

“ညားပါစေ ညားကြပါစေ။”

မျောက်ဝံနက်ကြီး: ငါ တကယ်ပဲ ဝမ်းနည်းရမှာလား ဝမ်းသာရမှာလား မင်းက ငါ့အိမ်ကို ကိုယ့်အိမ်လို သုံးတာ ထားပါတော့ အခုက ငါ့မိန်းမကိုပါ သိမ်းပိုက်ချင်နေတာလား။

မြင်ကွင်းများက ပို၍ ရုန်းရင်းဆန်ခတ် ဖြစ်လာသဖြင့် လုပေါင်၏ နဖူးပေါ်တွင် ချွေးစေးများ ပျံလာသည်။သူသည် သူ၏ တင်ပါးကို ဖြည်းဖြည်းချင်း ရွှေ့ကာ ထိုမျောက်မကြီးနှင့် အဝေးဆုံးသို့ ခွာလိုက်သည်။သို့သော် မျောက်မကြီးကမူ လက်နှစ်ဖက်တွင် တောသီးလတ်လတ်ဆတ်ဆတ်များကို ကိုင်ကာ လုပေါင်ကို အတင်းကပ်ကျွေးနေသည်။သူမ၏ မျက်နှာမှာ အချစ်စိတ်များဖြင့် ဖုံးလွှမ်းနေသဖြင့် လုပေါင်၏ နှလုံးသားမှာ တုန်လှုပ်သွားရသည်။

‘ကျေးဇူးပြုပြီးအဲ့လိုကြီး မလုပ်ပါနဲ့။’

လုပေါင်က ရှောင်ဖယ်နေသည်ကို မြင်သောအခါ မျောက်မကြီးက သူ့ကို ဝမ်းနည်းစွာ တစ်ချက်ကြည့်ပြီး ဂူထဲက အမှောင်ထဲသို့ ဝင်သွားသည်။လုပေါင် သက်ပြင်းချရုံရှိသေး မျောက်မကြီး ပြန်ထွက်လာသည်။ သူမ၏ ပါးစပ်တွင် အနီရောင် အရွက်တစ်ရွက်ကို ကိုက်ထားသည်။အရွက်ကို ထွေးထုတ်လိုက်သောအခါ သူမ၏ နှုတ်ခမ်းများမှာ အနီရောင် ဆိုးထားသလို ဖြစ်သွားတော့သည်။

ထို့နောက် မျောက်မကြီးက လုပေါင်ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်သေးသည်။လုပေါင်မှာ လန့်လွန်းသဖြင့် ဖင်ထိုင်လျက်ပင် လဲကျတော့မလို ဖြစ်သွားသည်။

“တောက် ဒါက မိန်းမသားဆိုတာ ချစ်သူအတွက် အလှပြင်တတ်တယ် ဆိုတဲ့ အတိုင်းပဲ ပေါင်ပေါင်ရေ... သူက မင်းအတွက် မိတ်ကပ်တွေ နှုတ်ခမ်းနီတွေတောင် ဆိုးလာပြီ။ မင်း လက်ခံလိုက်ပါတော့။”

“ဟားဟားဟား... ရတနာနတ်ဘုရား ပြာယာခတ်နေတာ ကြည့်ပြီး ငါတော့ ရယ်ရလို့ သေတော့မယ်။”

လုပေါင် တကယ်ပင် ပြာယာခတ်နေသည်။ သူက မျောက်ဝံကြီးကို အကူအညီတောင်းသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

“ဟေ့... မင်းမိန်းမကို ထိန်းဦးလေ။”

သို့သော် မမျှော်လင့်ဘဲ မျောက်ဝံကြီး ဘာမှမလုပ်ရသေးခင်မှာပင် ကျစ်ဆံမြီးနှင့် မျောက်မကြီးက သူမ၏ ခင်ပွန်းကို ဟိန်းဟောက်လိုက်တော့သည်။

“ဝေါင်း”

လုပေါင်မှာ လန့်လွန်းသဖြင့် လိပ်ပြာပင် လွင့်သွားတော့မလိုပင်။သို့သော် မျောက်မကြီးမှာ လုပေါင်ဘက် လှည့်လိုက်သည်နှင့် အချစ်မျက်လုံးလေးများဖြင့် မျက်တောင်တဖျတ်ဖျတ် ခတ်ပြနေပြန်သည်။

အံ့ဩစရာအကောင်းဆုံး မြင်ကွင်းကတော့ ထိုအခါမှ စတင်သည်။ခုနက ဝမ်းနည်းနေသော မျောက်ဝံကြီးမှာ အဟောက်ခံရပြီးနောက် အသံပင် မထွက်ရဲတော့ပေ။သူသည် ရှေ့သို့ တိုးလာပြီး လုပေါင်၏ လက်ကို လှမ်းဆွဲလိုက်သည်။ထို့နောက် လုပေါင်၏ လက်ကို မျောက်မကြီး၏ လက်ထဲသို့ ထည့်ပေးလိုက်ပြီး သူ၏ မျက်လုံးများတွင် မျက်ရည်များပင် ဝဲနေတော့သည်။

“ဟာ... မျောက်အစ်ကို ဒါက ဘာပြဇာတ်လဲငါ့ကို အဲ့လိုကြီး မလုပ်ပါနဲ့ဦး။”

Live ထဲက ပရိတ်သက် များမှာတော့ အားပေး၍ ကောင်းနေကြသည်။

မျောက်ဝံနက်ကြီး: ရတနာနတ်ဘုရား... မင်း မိန်းမ လိုချင်သလား ခေါင်းပဲ ငြိမ့်လိုက် ငါ ကိုယ်တိုင် လက်ထပ်ပေးမယ်။”

“ရတနာနတ်ဘုရားရေ... မင်း ဒီကျွန်းမှာ လာနေရတာ တကယ်တန်တယ်။အိမ်ရော မိန်းမရော တစ်ခါတည်း ရတာပဲ မဟုတ်လား။”

ပရိတ်သက် များမှာ စနောက်ရုံတင်မကဘဲ မင်္ဂလာလက်ဖွဲ့ လက်ဆောင်များကိုလည်း တရစပ် ပို့နေကြတော့သည်။လုပေါင်မှာတော့ ထိုမြင်ကွင်းကို ကြည့်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

“မျောက်မမ... ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် လေးစားပါ။ငါ လုပေါင်က အဲ့လို အလွယ်တကူ ရတဲ့လူ မဟုတ်ဘူး။”

လုပေါင် ထိုသို့ပြောလိုက်မှ မျောက်မကြီးသည် ဝမ်းနည်းစွာဖြင့် သူ့အနားမှ ခွာသွားတော့သည်။လုပေါင် သက်ပြင်းချလိုက်နိုင်သလို၊ အစိမ်းရောင်ဦးထုပ် ဆောင်းရတော့မည့် အန္တရာယ်မှ လွတ်မြောက်သွားသော မျောက်ဝံကြီးလည်း သက်ပြင်းချလိုက်နိုင်သည်။ယခုအခါ မျောက်ဝံကြီးသည် လုပေါင်ကို အလွန်ပင် ခင်မင်သွားတော့သည်။ သူ၏ သူငယ်ချင်းမိန်းမကို မပြစ်မှားသော လုပေါင်ကို သူက ယောင်္ကျားကောင်းတစ်ယောက်အဖြစ် သတ်မှတ်လိုက်ပုံရသည်။

မျောက်ဝံကြီးက သူ၏ ရင်ဘတ်ကို ပုတ်ကာ လုပေါင်ကို အော်ဟစ်နှုတ်ဆက်လိုက်သည်။ စနစ်၏ ဘာသာပြန်ချက်အရ။

“ဒီနေ့ကစပြီး မင်းက ငါ အိုးဟေးရဲ့ ညီအစ်ကိုအရင်းပဲ။ဘာလိုလို ငါ့ကို ပြောပါ၊ အသက်ပေးပြီး ကူညီမယ်။”

ဘေးအန္တရာယ်မှ လွတ်မြောက်သွားသော လုပေါင်လည်း သက်ပြင်းချလိုက်ရသည်။ သို့သော် ဂူထဲမှ မျောက်မကြီး၏ ကြေကွဲစွာ ငိုကြွေးသံကို ကြားရသောအခါ လုပေါင်မှာ အတော်လေး အနေရခက်သွားရသည်။

“ဒါက ငါတစ်ခုခု လုပ်လိုက်သလို ဖြစ်နေပြီ။ တော်သေးတာပေါ့ Live လွှင့်နေလို့ မဟုတ်ရင် ငါ့နာမည် ပျက်တော့မှာပဲ။”

Live ထဲက ပရိတ်သက် များကတော့ စနောက်နေကြဆဲပင်။

“ပေါင်ပေါင်ရေ... မင်း နာမည်က ပျက်နေပါပြီ။မျောက်မပျိုလေးတစ်ကောင်ရဲ့ အသဲကိုခွဲလိုက်တာလေ။”

“မင်းကတော့ နှလုံးသားသူခိုးပဲ။”

“ငါ့မျက်လုံးထဲမှာ မြင်ယောင်နေတာကတော့... မြင်ကွင်းက ပြင်းထန်လွန်းလို့ ငါတော့ မတွေးရဲတော့ဘူး။”

All Chapters