← Chapters

အခန်း (၂၀၃-၂၀၄)

Vol. 21 Ch. 203-204

အခန်း (၂၀၃-၂၀၄)

Vol. 21 Ch. 203-204

အပိုင်း ၂၀၃

မကြာမီမှာပင် ဖုန်ကာဝတ်စုံလဲလှယ်ပြီးသော လင်းဖန်သည် လူအများရှေ့တွင် ပေါ်လာသည်။

​"သူဌေး၊ ဒီဘက်ကကြွပါ"

​စက်ရုံတာဝန်ခံ ချန်လျန်က အလောတကြီး ရှေ့ကပြေးကာ တံခါးဖွင့်ပေးလိုက်သည်။

တံခါးကို ဖွင့်လိုက်သည်နှင့် မြင်တွေ့ရသည်မှာ ဖုန်မှုန့်ကင်းစင်သည့် အလုပ်ရုံ (Dust-free workshop) မဟုတ်သေးဘဲ အခြားတံခါးတစ်ခုသာ ဖြစ်သည်။ ဒုတိယတံခါးကို ကျော်ပြီးနောက် တတိယတံခါးတစ်ခု ရှိနေသေးရာ စုစုပေါင်း တံခါးသုံးထပ် ဖြစ်သည်။

​ထိုတံခါးများကို ကျော်ဖြတ်ပြီးသည်နှင့် မီတာရာချီရှည်လျားသော ဖုန်မှုန့်သန့်စင်သည့် လမ်းကြောင်းတစ်ခု ရှိနေပြီး၊ အလိုအလျောက်လည်ပတ်နေသည့် ဖုန်စုပ်စက်ကိရိယာ အကြီးအငယ် ဒါဇင်ပေါင်းများစွာကို စီတန်းထားသည်။ ထိုလမ်းကြောင်းကို ဖြတ်လျှောက်စဉ် တစ်ကိုယ်လုံးရှိ ဖုန်မှုန့်များကို အလိုအလျောက် သန့်စင်ပေးကာ လမ်းဆုံးသို့ရောက်မှသာ အလုပ်ရုံအတွင်းသို့ အပြည့်အဝ ဝင်ရောက်ခွင့်ရမည်ဖြစ်သည်။

​၂၁ ရာစုတွင် စက်မှုကဏ္ဍ အဆင့်မြှင့်တင်မှုများအရ ဖုန်မှုန့်ကင်းစင်သော အလုပ်ရုံများသည် စက်ရုံများ၏ အရေးကြီးဆုံး အခြေခံအဆောက်အအုံ ဖြစ်လာသည်။ အထူးသဖြင့် လေထုသန့်စင်မှု အဆင့်အတန်း (Air Cleanliness) ကို လေစစ်ထုတ်စနစ်များဖြင့် ခွဲခြားသတ်မှတ်လေ့ရှိသည်။ ကမ္ဘာတစ်ဝန်းရှိ စက်ရုံအများစုသည် လေထုသန့်စင်မှုအဆင့် ၁ သိန်း (100,000-level) ကိုသာ သုံးစွဲကြသော်လည်း Longteng Group အောက်ရှိ စက်ရုံအားလုံးမှာမူ အဆင့် ၃ သိန်း (300,000-level) အထိ အဆင့်မြင့်သော သန့်စင်စနစ်ကို အသုံးပြုထားသည်။

​စတုရန်းမီတာ ထောင်ပေါင်းများစွာ ကျယ်ဝန်းသော ထိုအလုပ်ရုံအတွင်း၌ ထုတ်လုပ်မှုလိုင်းပေါင်း ၁၂ ခုကို စနစ်တကျ စီတန်းထားသည်။ စက်သံများမှလွဲ၍ အလုပ်သမားများ အချင်းချင်း စကားပြောသံပင် မကြားရဘဲ လူတိုင်းက မိမိအလုပ်တွင် အာရုံစိုက်နေကြသည်။ ဤသည်မှာ လုံထန်ဂရု၏ မြင့်မားသော လစာစနစ်နှင့်လည်း သက်ဆိုင်သည်။ အခြေခံအလုပ်သမားတစ်ဦး၏ အနိမ့်ဆုံးလစာမှာ ၇,၀၀၀ ယွမ် (မြန်မာငွေ ၂၅ သိန်းဝန်းကျင်) ရှိပြီး၊ ထူးချွန်သူများမှာ ယွမ် ၂၀,၀၀၀ (မြန်မာငွေ သိန်း ၇၀ ကျော်) အထိ ရရှိကြသည်။ ပြည်တွင်းရှိ အခြားအလုပ်သမားများ၏ အနိမ့်ဆုံးလစာမှာ ၂,၀၀၀ ယွမ်ဝန်းကျင်သာ ရှိချိန်တွင် လုံထန်၏ အလုပ်သမားများမှာ ရုံးဝန်ထမ်းများကဲ့သို့ လစာရနေခြင်းဖြစ်သည်။

ထို့ကြောင့်လည်း လူတိုင်းက အစွမ်းကုန် ကြိုးစားလုပ်ကိုင်နေကြခြင်းပင်။

​လင်းဖန်၏ နောက်မှလိုက်လာသော ချန်လျန်သည် သူဌေး၏ တည်ငြိမ်သော မျက်နှာထားကိုကြည့်ကာ ရင်တထိတ်ထိတ် ဖြစ်နေရသည်။ ဤမျှ သိပ္ပံနည်းကျ စီမံထားသော အလုပ်ရုံကို ဥက္ကဋ္ဌ သဘောကျမည်လား၊ မကျဘူးလား သူ မခန့်မှန်းနိုင်ပေ။

​"မင်္ဂလာပါ ဒါရိုက်တာ"

​ထိုစဉ် အပြာရောင် ဖုန်ကာဝတ်စုံ ဝတ်ဆင်ထားသော လူငယ်တစ်ဦးက ချန်လျန်ကို လာရောက် နှုတ်ဆက်သည်။ သူကား ဤအလုပ်ရုံကို တာဝန်ယူရသည့် အလုပ်ရုံမှူး (Workshop Director) ရှန်လင် ဖြစ်သည်။ သူသည် လင်းဖန်ကို မသိသော်လည်း စက်ရုံတစ်ခုလုံး၏ တာဝန်ခံ ချန်လျန်ကိုမူ ကောင်းကောင်းသိသည်။

​"ဟမ်"

​ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လင်းဖန် မျက်မှောင်ကြုတ်သွားသည်။ စက်ရုံတစ်ခုတွင် အကျင့်ပျက် ဌာနစွဲရှိလာမည်ကို သူ အကြောက်ဆုံးပင်။ စက်ရုံတာဝန်ခံ ပေါ်လာသည်နှင့် လက်ရှိအလုပ်ကို ပစ်ထားပြီး လာရောက်ဖော်လော်ဖော်လဲ လုပ်ခြင်းကို သူ လုံးဝ သဘောမကျပေ။

​'ဒုက္ခပဲ'

ချန်လျန်သည် လင်းဖန်၏ မျက်နှာရိပ်မျက်ကဲကို ကြည့်ကာ ရင်တုန်သွားပြီး ရှန်လင်ကို ချက်ချင်း ငေါက်လိုက်သည်။

"ရှန်လင်... မင်း အလုပ်သမားတွေကို မကြည့်ဘဲ ဒီမှာ ဘာလာလုပ်နေတာလဲ။ အလုပ်ရုံထဲမှာ အားလုံး အဆင်ပြေနေပြီလို့ ထင်နေတာလား။"

​"ဒါရိုက်တာ... ကျွန်တော်က..."

ရှန်လင်မှာ ဘာဖြစ်မှန်းမသိဘဲ ကြောင်တောင်တောင် ဖြစ်သွားရှာသည်။

​"မင်း အခုချက်ချင်း..."

ချန်လျန် စကားမဆုံးခင်မှာပင် လင်းဖန်က ကြားဖြတ်ပြောလိုက်သည်။

"ရပြီ၊ ဒီအလုပ်ရုံရဲ့ စက်ပစ္စည်းပျက်စီးမှု အချက်အလက်တွေနဲ့ နေ့စဉ် ဝန်ထမ်းမှတ်တမ်းတွေကို ယူခဲ့ပါ။"

​လင်းဖန်ကိုယ်တိုင်လည်း အောက်ခြေဘဝက တက်လာသူဖြစ်သဖြင့် ဤကဲ့သို့သော လူမှုရေးဟန်ပြမှုများကို အစွန်းရောက်အောင် မုန်းတီးခြင်းမရှိသော်လည်း၊ သူ၏ ကုမ္ပဏီများကိုမူ အမြင့်ဆုံး စံချိန်စံညွှန်းများအတိုင်း လုပ်ကိုင်ရန်သာ လိုလားသည်။

​ချန်လျန်က ရှန်လင်ကို အမြန်အမိန့်ပေးလိုက်သည်။

"ဘာရပ်ကြည့်နေတာလဲ၊ သူဌေးပြောတာ မကြားဘူးလား။ သွားယူလေ"

​"ဟုတ်... ဟုတ်ကဲ့"

အသက် ၂၅ နှစ်အရွယ် ရှန်လင်သည် ရှေ့ကလူမှာ သူဌေးကြီးမှန်း သိသွားသဖြင့် အမြန်ပြေးကာ စာရင်းများ သွားယူတော့သည်။

​"သူဌေး... ကျွန်တော် ရှင်းပြပါရစေ..."

ချန်လျန်က ဆိုသည်။

​"ကိစ္စမရှိပါဘူး"

လင်းဖန်က လက်ကာပြလိုက်သည်။ အလုပ်ရုံက သတ်မှတ်ထားသော တာဝန်များကို အချိန်မီ ပြီးမြောက်အောင် ဆောင်ရွက်နိုင်သရွေ့ အသေးအမွှားလေးများကို သူ ခွင့်လွှတ်နိုင်သည်။

​ခေတ္တအကြာတွင် ရှန်လင်က မှတ်တမ်းစာအုပ်ကြီးကို လင်းဖန်ထံ ကမ်းပေးသည်။

​"အခု စက်ရုံရဲ့ ပျက်စီးဆုံးရှုံးမှုနှုန်းက ပျမ်းမျှ ဘယ်လောက်ရှိလဲ"

လင်းဖန်က မှတ်တမ်းများကို ဖတ်ရင်း မေးလိုက်သည်။

​"၂ ရာခိုင်နှုန်းပါ"

ချန်လျန်က ဖြေသည်။

​"အင်း..."

လင်းဖန်က ကျေနပ်သည့်အမူအရာဖြင့် ခေါင်းညိမ့်လိုက်သည်။

​ဤအလုပ်ရုံ၏ မှတ်တမ်းများအရ စက်ပစ္စည်းပျက်စီးမှုမှာ ၁.၅ ရာခိုင်နှုန်းထက် မကျော်ပေ။ ဤသည်မှာ အလုပ်သမားများက စက်ပစ္စည်းများကို စနစ်တကျ ထိန်းသိမ်းပြီး လုပ်ငန်းခွင် စည်းကမ်းများကို တိကျစွာ လိုက်နာခြင်းကြောင့်ဖြစ်သည်။ ကမ္ဘာပေါ်တွင် ဂျာမနီစက်ရုံများမှလွဲလျှင် လုံထန်စက်ရုံများ၏ ပျက်စီးမှုနှုန်းကို မည်သူမျှ မမီနိုင်ပေ။

​"ခင်ဗျားတို့ အလုပ်ရုံရဲ့ ထုတ်လုပ်မှုအပေါ် ကျွန်တော့်မှာ ဘာမှတ်ချက်မှ မရှိဘူး။ ပျက်စီးမှုနှုန်းကို ၁.၅ ရာခိုင်နှုန်းမှာ ထိန်းထားနိုင်တာဟာ အုပ်စုတစ်ခုလုံးမှာ အကောင်းဆုံးပဲ"

လင်းဖန်က ပြောလိုက်သည်။

"ဒါပေမဲ့ တစ်ခုမှတ်ထားပါ။ ကျွန်တော်တို့ဆီမှာ အပိုဆုကြေးရှိတယ်။ သတ်မှတ်ထားတဲ့ တာဝန်ထက် ပိုပြီး ပြီးမြောက်အောင် လုပ်နိုင်ရင် ခင်ဗျားတို့အတွက် ဆုလာဘ်တွေ အများကြီး ရှိလိမ့်မယ်။"

​"ဟုတ်ကဲ့ပါ"

ရှန်လင်က လေးလေးစားစားဖြင့် ခေါင်းညိမ့်သည်။ လုံထန်ဂရု၏ အရှင်သခင်၊ အကြီးဆုံး သူဌေးကြီးကိုယ်တိုင်က ဤသို့ပြောလာမှတော့ သူ မည်သို့မျှ မငြင်းဆန်ဝံ့ပေ။

.................................................

အပိုင်း ၂၀၄

"သူဌေး... ကျွန်တော်..."

ချန်လျန်သည် တစ်စုံတစ်ခုကို ကာကွယ်ပြောဆိုရန် အလောတကြီး ဖြစ်နေသည်ကို လင်းဖန်က လက်ကာပြလိုက်ပြီး တည်ငြိမ်စွာ ပြုံးပြသည်။

​"ကျွန်တော် သိပါတယ်။ နိုင်ငံရဲ့ အခြေအနေအရ လူမှုပတ်ဝန်းကျင်မှာ ဒီလို လိုက်လျောညီထွေရှိမှုမျိုးတော့ လိုအပ်တာပေါ့။ ကျွန်တော်က အရမ်းကြီး တင်းကျပ်လွန်းတဲ့ ခေါင်းဆောင်မျိုး မဟုတ်ပါဘူး။ သတ်မှတ်ထားတဲ့ အချိန်အတွင်း ထုတ်လုပ်မှုတာဝန်တွေ ပြီးမြောက်အောင် ဆောင်ရွက်နိုင်သရွေ့ ကျန်တဲ့ကိစ္စတွေကို ကျွန်တော် သိပ်အရေးမစိုက်ပါဘူး။"

​"ဟုတ်ကဲ့ပါ"

ချန်လျန်မှာ စိတ်လှုပ်ရှားစွာဖြင့် အသံကျယ်ကျယ် ပြန်ထူးလိုက်သည်။

​ဘေးတွင်ရှိသော အလုပ်ရုံမှူး ရှန်လင်မှာမူ ရှေ့က လူငယ်သူဌေးကြီးကို ငေးကြည့်ရင်း အံ့အားသင့်နေရသည်။ ကောလာဟလများအရ လုံထန်ဂရု၏ သူဌေးမှာ ချောမောသော လူငယ်လေးတစ်ဦးဟု ကြားဖူးသော်လည်း ယခု ကိုယ်တိုင်မြင်ရချိန်တွင် ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသည်မှာပင် အလွန်တရာ ခန့်ညားလွန်းလှသည်။ အသက် ၂၀ ကျော်ရုံမျှရှိသေးသော လူငယ်တစ်ဦးက ဤမျှ အောင်မြင်နေသည်ကို ကြည့်ပြီး အသက် ၂၅ နှစ်အရွယ်တွင် အလုပ်ရုံမှူးဖြစ်၍ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူနေသော ရှန်လင်မှာ လင်းဖန်နှင့်ယှဉ်လျှင် ဖားပြုတ်နှင့် မင်းသားကဲ့သို့ ကွာခြားလှသည်ဟု တွေးကာ အားကျမဆုံး ဖြစ်နေတော့သည်။

​"အောက်ခြေအလုပ်ရုံကို ရောက်တုန်းရောက်ခိုက် သေချာလေး လေ့လာကြည့်ချင်သေးတယ်။ ဒီအလုပ်ရုံရဲ့ အခြေအနေတွေကို ကျွန်တော့်ကို ရှင်းပြပါဦး"

လင်းဖန်က ပြုံးလျက် ပြောလိုက်သည်။

​ဤဖုန်မှုန့်ကင်းစင်သည့် အလုပ်ရုံသည် စက်မှုဇုန်တစ်ခုလုံး၏ အရေးကြီးဆုံး အစိတ်အပိုင်း ဖြစ်သည်။ အကြောင်းမှာ Nirvana X မှသည် Kaitian ONE နှင့် မျိုးဆက်သစ် Nirvana S တို့၏ 'စခရင်' (Screen) များကို ဤနေရာတွင်သာ ထုတ်လုပ်သောကြောင့် ဖြစ်သည်။ စခရင်တွင် အမှားအယွင်း တစ်စုံတစ်ရာ ရှိသွားပါက စမတ်ဖုန်းတစ်လုံးလုံးအပေါ် ကြီးမားသော သက်ရောက်မှု ရှိနိုင်သည်။

​"ဟုတ်ကဲ့ပါ သူဌေး"

ရှန်လင်က တက်ကြွစွာဖြင့် ရှင်းပြတော့သည်။

"ကျွန်တော်တို့ အလုပ်ရုံမှာ ဂျာမနီနိုင်ငံကနေ တိုက်ရိုက်ဝယ်ယူထားတဲ့ ခေတ်မီထုတ်လုပ်မှုလိုင်း ၁၂ ခု ရှိပါတယ်။ အဲဒီထဲက ၆ ခုက Kaitian ONE တက်ဘလက် စခရင်တွေ ထုတ်လုပ်ဖို့ဖြစ်ပြီး ကျန်တဲ့ ၆ ခုကတော့ စမတ်ဖုန်း စခရင်တွေ ထုတ်လုပ်ဖို့ပါ။"

​"ဖုန်းစခရင် ထုတ်လုပ်မှုလိုင်း ၆ ခုထဲမှာ ၄ ခုကတော့ လက်ရှိ Nirvana X အတွက် ဆက်လက်ထုတ်လုပ်နေပြီး ကျန်တဲ့ ၂ ခုကတော့ Nirvana S စခရင်တွေအတွက် စမ်းသပ်ထုတ်လုပ်နေတာ ဖြစ်ပါတယ်"

​လင်းဖန်က ခေါင်းညိမ့်နားထောင်သည်။ Nirvana S သည် အလုံးအရင်းနှင့် ထုတ်လုပ်နိုင်ရန် ပြင်ဆင်နေသည့် အဆင့်ဖြစ်ရာ စမ်းသပ်ထုတ်လုပ်ခြင်းသည် အရေးကြီးဆုံး အပိုင်းဖြစ်သည်။ စမ်းသပ်ထုတ်လုပ်ထားသော စခရင်များကို သုတေသနဌာနသို့ ပို့ဆောင်ကာ အခြားဟာ့ဒ်ဝဲများနှင့် ၉၉ ရာခိုင်နှုန်းထက်မနည်း ကိုက်ညီမှုရှိမှသာ အမြောက်အမြား ထုတ်လုပ်ခွင့် ရရှိမည်ဖြစ်သည်။

​ကမ္ဘာပေါ်ရှိ စမတ်ဖုန်းကုမ္ပဏီ အများစုမှာ စခရင်ထုတ်လုပ်သည့် လုပ်ငန်းစဉ် ခက်ခဲနက်နဲမှုကြောင့် အခြားစက်ရုံများသို့ အပ်နှံလေ့ရှိကြသည်။ Nirvana S အတွက်ပင် စမ်းသပ်ထုတ်လုပ်မှု အကြိမ်ပေါင်း ၃ ကြိမ်မှ ၅ ကြိမ်အထိ လိုအပ်ပြီး တစ်ကြိမ်လျှင် ၁ ပတ်မှ ၂ ပတ်အထိ ကြာမြင့်တတ်သည်။

​"Nirvana S စခရင် စမ်းသပ်ထုတ်လုပ်တာ ဘယ်နှစ်ကြိမ် ရှိသွားပြီလဲ"

လင်းဖန်က လူနည်းသော ထုတ်လုပ်မှုလိုင်းဘက်သို့ လျှောက်သွားရင်း မေးလိုက်သည်။

​"အခုဒါ တတိယအကြိမ် စမ်းသပ်နေတာပါသူဌေး။ ဒီတစ်ခေါက်သာ အဆင်ပြေသွားရင် နောက်ထပ် လဝက်အတွင်းမှာ အလုံးအရင်းနဲ့ ထုတ်လုပ်နိုင်မှာပါ"

ရှန်လင်က ပြတ်ပြတ်သားသား ဖြေသည်။

​"ကောင်းပြီ"

လင်းဖန်သည် ထုတ်လုပ်မှုလိုင်းဘေးတွင် ရပ်ကာ အလုပ်သမားများ၏ လုပ်ဆောင်ပုံကို စေ့စေ့စပ်စပ် ကြည့်ရှုနေသည်။ သူ၏ လှုပ်ရှားမှုများကို ကြည့်ခြင်းအားဖြင့် လင်းဖန်သည် နည်းပညာပိုင်းတွင် ကျွမ်းကျင်သူဖြစ်ကြောင်း ချန်လျန်နှင့် ရှန်လင်တို့ ရိပ်မိလိုက်ကြသည်။

​"အခု ၅.၅ လက်မ နဲ့ ၆.၂ လက်မ စခရင် ထုတ်လုပ်မှုလိုင်းတွေက အရေအတွက် တူတူပဲလား"

​"မဟုတ်ပါဘူး။ အခု ၅.၅ လက်မကို တစ်လိုင်းပဲ ချန်ထားပြီး ၆.၂ လက်မကို လေးလိုင်းအထိ တိုးထားပါတယ်။ ကျန်တဲ့ တစ်လိုင်းကတော့ ၆.၅ လက်မ စခရင်အတွက်ပါ"

ရှန်လင်က ဖြေသည်။

​လင်းဖန် နားလည်လိုက်သည်။ နည်းပညာများ တိုးတက်လာသည်နှင့်အမျှ လူများက စခရင်အသေးများကို မကြိုက်ကြတော့ဘဲ ၆.၅ လက်မကဲ့သို့ စခရင်အကြီးများကိုသာ ပိုမိုလိုလားလာကြသည်။ ဤသည်မှာ Nirvana S ၏ သတ်မှတ်ချက်လည်း ဖြစ်သည်။

​"ကဲ... ပြန်ကြစို့"

​အလုပ်သမားများ၏ အာရုံစိုက်မှုကို မနှောင့်ယှက်လိုသဖြင့် လင်းဖန်က ချက်ချင်း ပြန်လှည့်လာသည်။ သူတို့ရှိနေခြင်းကြောင့် အလုပ်သမားများမှာ စိတ်လှုပ်ရှားကာ ထုတ်လုပ်မှုအရှိန် ပျက်သွားနိုင်သည်ကို သူ စိုးရိမ်သောကြောင့်ဖြစ်သည်။ လုံထန်၏ မြင့်မားသော လစာနှင့် အကျိုးခံစားခွင့်များကို မဆုံးရှုံးလိုကြသဖြင့် ဝန်ထမ်းတိုင်းမှာသူဌေးလာစစ်ဆေးချိန်တွင် အမှားအယွင်း ဖြစ်မည်ကို အလွန်ကြောက်လန့်နေကြသည်။

​"ကျန်တာတွေကတော့ သိပ်ကိစ္စမရှိပါဘူး၊ 'လျှို့ဝှက်ချက် ထိန်းသိမ်းမှု'အပိုင်းကိုတော့ ဂရုစိုက်ပေးပါ။"

အလုပ်ရုံမှ ထွက်ခါနီးတွင် လင်းဖန်က အလေးအနက် မှာကြားလိုက်သည်။

"စက်ရုံဝင်းတစ်ခုလုံးကို တင်းကျပ်စွာ ထိန်းချုပ်ထားပါ။ ကျွန်တော်တို့ရဲ့ နည်းပညာတွေ ပြင်ပကို ပေါက်ကြားတာမျိုး လုံးဝ ခွင့်မပြုနိုင်ဘူး။ အပိုပစ္စည်း အဟောင်းအစုတ်လေး တစ်ခုတောင်မှ အပြင်ကို ခိုးထုတ်ခွင့် မပေးပါနဲ့။"

All Chapters