အခန်း (၂၀၅-၂၀၆)
Vol. 21 Ch. 205-206
အပိုင်း ၂၀၅
ကျင်းလင်မြို့သည် ရှန်ဟိုင်းလောက် နာမည်မကြီးသော်လည်း ကျန်းစုပြည်နယ်၏ လူသုံးကုန်ထုတ်လုပ်မှု ဗဟိုချက်ဖြစ်ပြီး အီလက်ထရွန်နစ်ကုမ္ပဏီများစွာ အခြေစိုက်ရာနေရာဖြစ်သည်။
အထူးသဖြင့် လုံထန်ဌာနချုပ် ပြောင်းရွှေ့လာပြီးနောက်တွင် နည်းပညာမြင့် ကုမ္ပဏီများနှင့် စက်ရုံများစွာ ဤနေရာသို့ စုပြုံရောက်ရှိလာကြသည်။
ထိုသို့ စက်ရုံများ များပြားလာသည်နှင့်အမျှ ရှောင်လွှဲ၍မရသော ပြဿနာအချို့လည်း ရှိလာတတ်သည်။ ယခင်က ရှန်ကျန်းရှိ APPLE ဖုန်းစက်ရုံများတွင် ဝန်ထမ်းအချို့က ဖုန်းအပိုပစ္စည်းများကို ခိုးထုတ်ပြီး ဟွားချန်ပေကဲ့သို့သော အီလက်ထရွန်နစ်ဈေးကွက်ကြီးများတွင် ပြန်လည်ရောင်းချလေ့ရှိသည်။ ထိုမှတစ်ဆင့် မူရင်းပစ္စည်းများကို ပုံတူကူးကာ ပုံတူ ဖုန်းများ ဈေးကွက်ထဲသို့ အလျှိုလျှို ထွက်ပေါ်လာတတ်သည်။
လုံထန်အနေဖြင့် ဤကဲ့သို့ ပုံတူပစ္စည်းများ ထွက်ပေါ်လာခြင်းကို တားဆီးရန်အတွက် အရင်းအမြစ်ဖြစ်သော ထုတ်လုပ်ရေးစခန်းကိုသာ အဓိက ထိန်းချုပ်ရမည်ဖြစ်သည်။ မူရင်းပစ္စည်းများ အပြင်သို့ မပေါက်ကြားသရွေ့ မည်သူမျှ ပုံတူမကူးနိုင်ပေ။
"သူဌေးစိတ်ချပါ။ စက်ရုံရဲ့ လုံခြုံရေးကို ဌာနချုပ်က တိုက်ရိုက်ကိုင်တွယ်နေတာပါ။ လုံခြုံရေးဝန်ထမ်းတွေကလည်း အရည်အချင်းရှိသူတွေမို့လို့ ဒီလိုကိစ္စမျိုး လုံးဝဖြစ်မှာမဟုတ်ပါဘူး"
ချန်လျန်က ရင်ဘတ်ကို ပုတ်ကာ အာမခံလိုက်သည်။
"မဟုတ်သေးဘူး"
လင်းဖန်က ခေါင်းခါလျက် အလေးအနက် ပြောသည်။
"ဘယ်လောက်ပဲ စက်ကိရိယာတွေ ကောင်းကောင်း၊ လူဆိုတာ ပေါ့လျော့သွားတတ်တဲ့ အချိန်ရှိတယ်။ စစ်တပ်မှာတောင် သတင်းပေါက်ကြားမှုတွေ ရှိနေတာပဲ၊ ကျွန်တော်တို့ဘက်က လျှော့တွက်လို့ မရဘူး။"
အပိုပစ္စည်း အနည်းငယ် ပေါက်ကြားရုံဖြင့် ပုံတူမထုတ်နိုင်သော်လည်း အရေအတွက် ထောင်ချီ၊ သောင်းချီ ပေါက်ကြားသွားပါက ပုံတူလုပ်ငန်းရှင်များအတွက် အခွင့်အရေး ဖြစ်သွားနိုင်သည်။ ထို့ကြောင့် လင်းဖန်က ဤနေရာသို့ လာရောက်ကာ သတိပေးချက် ထုတ်ပြန်ခြင်း ဖြစ်သည်။
နာရီဝက်ခန့်အကြာတွင် သူတို့အဖွဲ့သည် ဖုန်းကိုယ်ထည်ထုတ်လုပ်သည့် အလုပ်ရုံသို့ ရောက်ရှိလာကြသည်။ ဤနေရာသည် ဖုန်းစခရင် အလုပ်ရုံကဲ့သို့ ဖုန်မှုန့်ကင်းစင်ရန် မလိုသော်လည်း စက်သံများဖြင့် ဆူညံလျက်ရှိသည်။ သို့သော် လောလောဆယ်တွင် ထုတ်လုပ်မှုလိုင်း အများစုမှာ ရပ်နားထားသဖြင့် အလုပ်ရုံတစ်ခုလုံးမှာ ဟာလာဟင်းလင်း ဖြစ်နေသည်။
"သူဌေး... အခုက Nirvana S အတွက် ဖုန်းကိုယ်ထည်တွေကို စမ်းသပ်ထုတ်လုပ်ဖို့ ပြင်ဆင်နေတာမို့လို့..."
ချန်လျန်က အမြန်ရှင်းပြသည်။
"နားလည်ပါတယ်"
လင်းဖန်ကအေးအေးဆေးဆေး ခေါင်းညိမ့်သည်။
Nirvana S ၏ အဓိက ထူးခြားချက်မှာ 'သတ္တုကိုယ်ထည် တစ်သားတည်း' (Integrated All-metal Casing) နည်းပညာ ဖြစ်သည်။ သတ္တုပြားများကို ဆက်စပ်ထားခြင်းမျိုး မဟုတ်ဘဲ သတ္တုတုံး တစ်တုံးလုံးကို စက်ဖြင့် ပါးလွှာအောင် ထွင်းထုရသည့် နည်းပညာဖြစ်ရာ အလွန်ခက်ခဲနက်နဲလှသည်။ ဤနည်းပညာမှာ ကမ္ဘာ့အဆင့်မီ နည်းပညာဖြစ်သဖြင့် အပြင်သို့ မပေါက်ကြားရန် အလွန်အရေးကြီးသည်။
"ဒီအလုပ်ရုံရဲ့ စီမံခန့်ခွဲမှုက နည်းနည်း လျော့ရဲနေသလိုပဲ။ လိုအပ်ရင် လုံခြုံရေး အင်အားတိုးလိုက်ပါ"
လင်းဖန်က မျက်မှောင်ကြုတ်လျက် မှာကြားသည်။
"စိတ်ချပါ သူဌေး။ ကျွန်တော် လုံခြုံရေးအဖွဲ့ နှစ်ဖွဲ့ကို ၂၄ နာရီ ကင်းလှည့်ဖို့ စီစဉ်ထားပါတယ်။ ဝန်ထမ်းတွေကိုလည်း အလုပ်ချိန်အတွင်း ဖုန်းယူခွင့် မပြုထားပါဘူး။ သူတို့ရဲ့ ဖုန်းတွေကို အပြင်က အနားယူဆောင်မှာပဲ ထားခဲ့ရတာပါ"
ချန်လျန်က ဆိုသည်။
လင်းဖန်က ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ အလုပ်ရုံအတွင်း၌ အနီအောက်ရောင်ခြည်သုံး ကင်မရာ၄၆ လုံးကို တပ်ဆင်ထားသည်ကို တွေ့ရသည်။
အလုပ်သမားတစ်ဦးဦးက ဓာတ်ပုံခိုးရိုက်ရန် ကြိုးစားပါက ချက်ချင်း သိရှိနိုင်သည်။ ဤကဲ့သို့ ခေတ်မီနည်းပညာများဖြင့် ထိန်းချုပ်ခြင်းကသာ ပိုမိုထိရောက်ကြောင်း လင်းဖန် နားလည်သည်။
လုံထန်သည်လည်း ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည်မှာ အထင်အရှားပင်။
.........................................................
အပိုင်း ၂၀၆
"သူဌေး... ကျွန်တော်တို့ စက်ရုံက ဌာနချုပ်ရဲ့ အမိန့်တွေကို တိတိကျကျ လိုက်နာပါတယ်။ ဝန်ထမ်းအားလုံးလည်း လျှို့ဝှက်ချက် ထိန်းသိမ်းရေး သဘောတူညီချက်မှာ လက်မှတ်ထိုးထားပြီးသားပါ"
ချန်လျန်သည် လင်းဖန်ကို စိတ်အေးစေရန် ထပ်လောင်းပြောကြားလိုက်ခြင်း ဖြစ်သည်။ သို့သော် ထိုစကားကြောင့်ပင် လင်းဖန်၏ ဒေါသက ထွက်လာတော့သည်။ သူက လှည့်ကြည့်ကာ အေးစက်စွာ ပြောလိုက်၏။
"ဘယ်သဘောတူညီချက်မှ မူလရည်ရွယ်ချက်အတိုင်း အပြည့်အဝ အကျိုးမသက်ရောက်နိုင်ဘူး။ အဲဒီစာချုပ်တစ်ခုတည်းနဲ့တင် လုံလောက်တယ်ဆိုရင် စက်ရုံမှာ လုံခြုံရေးဝန်ထမ်းတွေ ဘာလို့လိုနေတော့မှာလဲ"
ဒါက နောက်ပြောင်နေခြင်း မဟုတ်ပေ။ လူစည်ကားပြီး ဆူညံလှသော နေရာတစ်ခုတွင် တစ်ခုခု ပေါက်ကြားသွားပါက မည်သူ့လက်ချက်ဆိုသည်ကို လိုက်လံစုံစမ်းရန် အလွန်ခက်ခဲသည်။ စာချုပ်ရှိသော်လည်း တရားခံကို ရှာမတွေ့ပါက အပိုပင် ဖြစ်သည်။ ထို့အပြင် နည်းပညာတစ်ခု ပေါက်ကြားသွား၍ လုံထန်ဂရုဆုံးရှုံးရမည့် တန်ဖိုးမှာ သန်းပေါင်း ထောင်ချီ၊ သောင်းချီ ရှိနိုင်ရာ သာမန်အလုပ်သမားတစ်ဦးက မည်သို့မျှ ပြန်လည် ပေးလျော်နိုင်မည်မဟုတ်ပေ။
ယခင်က APPLE ကဲ့သို့ ကုမ္ပဏီကြီးများပင် လျှို့ဝှက်ချက်များကို အစွမ်းကုန် ထိန်းသိမ်းသော်လည်း ထုတ်လုပ်ရေးစက်ရုံများမှတစ်ဆင့် သတင်းများ အမြဲပေါက်ကြားလေ့ရှိသည်။ ထိုစက်ရုံများမှ ဝန်ထမ်းများသည်လည်း စာချုပ်ချုပ်ထားသူများပင် ဖြစ်သော်လည်း ဥပဒေအသိအမြင် အားနည်းမှုကြောင့် ထိုစာချုပ်ကို အလေးမထားကြခြင်း ဖြစ်သည်။
"နားလည်ပါပြီ "
ချန်လျန်မှာ စကားမှားသွားသဖြင့် နောင်တရလျက် ငြိမ်သက်သွားတော့သည်။
လင်းဖန်သည် ည ၇ နာရီအထိ စက်ရုံဝင်းအတွင်းရှိ အလုပ်ရုံပေါင်း တစ်ရာနီးပါးကို လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို အကြံပြုညွှန်ကြားခဲ့သည်။
ညစာစားချိန်တွင် လင်းဖန်သည် ချန်လျန်နှင့်အတူ စက်ရုံထမင်းစားဆောင်သို့ ရောက်ရှိလာသည်။ ဌာနချုပ်နှင့် သုတေသနဌာနတွင် သီးသန့် ထမင်းစားဆောင်များ ရှိသော်လည်း စက်ရုံထမင်းစားဆောင်သို့ လင်းဖန် ရောက်ဖူးသည်မှာ ဤပထမဆုံးအကြိမ် ဖြစ်သည်။
"စက်ရုံထမင်းစားဆောင်ကို အပြင်လူကို ကန်ထရိုက်ပေးထားတာလား"
လင်းဖန် မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
ပတ်ဝန်းကျင် အပြင်အဆင်မှာ ညစ်ပတ်ပေရေနေပြီး စနစ်တကျ မရှိလှပေ။ လုံထန်ကဲ့သို့ ကုမ္ပဏီကြီးတစ်ခု၏ ထမင်းစားဆောင်မှာ ဤမျှ ဆိုးရွားနေသည်ကို သူ မယုံနိုင်ဖြစ်နေသည်။
"ဟုတ်ကဲ့ အုပ်စုရဲ့ ထောက်ပံ့ရေးဌာနကနေ တင်ဒါခေါ်ပြီး ရွေးချယ်ထားတာပါ"
ချန်လျန်က ခေါင်းငုံ့ကာ ဖြေသည်။ သူကိုယ်တိုင်လည်း ဤနေရာတွင် မစားဝံ့သဖြင့် သုတေသနဌာနဘက်သို့ သွားစားလေ့ရှိသည်။
လင်းဖန်သည် ဘာမှမပြောဘဲ ဖုန်းထုတ်ကာ CEO ကျန်းဖန်နှင့် CFO မင်းကျန့်ရှင်းတို့ကို ချက်ချင်း ခေါ်လိုက်သည်။ နာရီဝက်ခန့်အကြာတွင် သူတို့နှစ်ဦး ရောက်လာသောအခါ လင်းဖန်၏ တင်းမာနေသော မျက်နှာကိုကြည့်ပြီး ရင်တထိတ်ထိတ် ဖြစ်သွားကြသည်။
"သူဌေး"
"ခင်ဗျားတို့ကို စောင့်နေတာ ကြာပြီ။"
လင်းဖန်က အေးစက်စွာ ကြည့်လိုက်သည်။
"ညလည်း မိုးချုပ်နေပြီဆိုတော့ ထမင်းစားရသေးမှာ မဟုတ်ဘူး။ ချန်လျန်... အကောင်းဆုံးဆိုတဲ့ အစားအစာ နှစ်ပွဲယူလာပြီး GM နဲ့ ဘဏ္ဍာရေးဒါရိုက်တာကို ကျွေးလိုက်စမ်း"
ချန်လျန် ယူလာပေးသော ထမင်းပွဲကို ကြည့်ပြီး ကျန်းဖန်နှင့် မင်းကျန့်ရှင်းတို့ ဆွံ့အသွားကြသည်။ ဤဟင်းလျာများမှာ ကျေးလက်က ကျောင်းထမင်းကျွေးသလောက်ပင် အဆင့်မရှိပေ။
"ထမင်းစားဆောင်ကို ကန်ထရိုက်ပေးတာ ကျွန်တော် ဘာမှမပြောဘူး။ အဲဒါက ကုမ္ပဏီရဲ့ ငွေကြေးဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးနိုင်တာပဲ"
လင်းဖန်က ဒေါသကို ထိန်းရင်း ပြောသည်။
"ဒါပေမဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ကြစမ်း။ ဒီလိုအစားအစာမျိုးကို ခင်ဗျားတို့ ကျွေးရက်သလား"
ကျန်းဖန်နှင့် မင်းကျန့်ရှင်းတို့မှာ ခေါင်းမဖော်ဝံ့တော့ပေ။ ၎င်းတို့၏ လက်မှတ်မပါဘဲ ဤကန်ထရိုက်က အတည်ဖြစ်လာစရာ အကြောင်းမရှိပေ။ အသေးအဖွဲကိစ္စဟု သဘောထားကာ ပေါ့လျော့ခဲ့မိသဖြင့် ယခုကဲ့သို့ သူဌေးလက်ထဲတွင် အမိဖမ်းမိခြင်း ဖြစ်သည်။
"ကမ္ဘာ့အလားအလာ အရှိဆုံးကုမ္ပဏီ ပြည်တွင်းမှာ လစာအကောင်းဆုံးပေးတဲ့ ကုမ္ပဏီ.ဒါတွေက အလကားပဲ"
လင်းဖန်က အော်ဟစ်တော့သည်။
"တခြားစက်ရုံတွေကို 'အလုပ်သမား သွေးစုတ်တဲ့ စက်ရုံ' လို့ ပြောကြပေမဲ့ အစားအသောက်ပိုင်းမှာတော့ ဒီလောက်ထိ မယုတ်မာကြဘူး။"
"အခုကြည့်စမ်း... ၁၅ ယွမ်တန် ထမင်းပွဲမှာ အသားမပြောနဲ့ ဆီတောင် မမြင်ရဘူး။ ဒါ လူလုပ်တဲ့အလုပ်လား။ ခင်ဗျားတို့က ကုမ္ပဏီအတွက် ပိုက်ဆံချွေတာပေးနေတာ မဟုတ်ဘူး၊ တစ်ကမ္ဘာလုံးက ကျွန်တော့်ကို လက်ညှိုးထိုး ကဲ့ရဲ့အောင် လုပ်နေကြတာ"
လင်းဖန်က ဆက်လက်၍ ပြတ်သားသော အမိန့်သစ်များ ထုတ်ပြန်လိုက်သည်။
"ဒီနေ့ကစပြီး စက်ရုံစားသောက်ဆိုင် အားလုံးကို ဌာနချုပ်က တိုက်ရိုက်ကိုင်တွယ်မယ်။ စားစရိတ်အတွက် ကျွန်တော့်မှာ ပိုက်ဆံမရှားဘူး။ ဝန်ထမ်းတွေရဲ့ ထမင်းပွဲမှာ ခွဲခြားမှု မရှိစေရဘူး။ အလုပ်သမားတိုင်း ၁၅ ယွမ်ဖိုး စားရမယ်၊ ကုမ္ပဏီက ၁၅ ယွမ် ထပ်ဆောင်းစိုက်ထုတ်ပေးမယ်။ အဲဒီတော့ တစ်နပ်ကို ၃၀ ယွမ် (မြန်မာငွေ ၁ သောင်းကျော်) တန်ဖိုးရှိတဲ့ အဆင့်မီ အစားအစာ ဖြစ်ရမယ်။"
"တစ်နေ့ သုံးနပ်စလုံးမှာ နွားနို့တစ်ဗူး၊ ပန်းသီး၊ လိမ္မော်သီး ဒါမှမဟုတ် ငှက်ပျောသီး သုံးလုံးစီ အခမဲ့ ပေးရမယ်။"
ကျန်းဖန်နှင့် မင်းကျန့်ရှင်းတို့က
"ဟုတ်ကဲ့ပါ"
အမြန်တုန့်ပြန်လိုက်ကြရသည်။
"နောက်ပြီး... ဒီနံရံအကာအကွယ်တွေ အကုန်ဖြိုချလိုက်။"
လင်းဖန်က အရာရှိများအတွက် သီးသန့် ကာရံထားသော အခန်းများကို လက်ညှိုးထိုးပြကာ ဒေါသတကြီး ပြောသည်။
"လုံထန်ရဲ့ အလုပ်ရုံထဲမှာတော့ အဆင့်အတန်း ခွဲခြားထားနိုင်ပေမဲ့၊ အလုပ်ရုံအပြင်ဘက်မှာတော့ အဆင့်အတန်းမရှိဘူး၊ အားလုံး တန်းတူပဲ ဖြစ်ရမယ်။"
နံရံတစ်ခုက လူတန်းစား နှစ်ရပ်ကို ခွဲခြားထားသည်။ အလုပ်ရုံမှူးမှသည် အလယ်အလတ် မန်နေဂျာများအထိ သီးသန့်အခန်းများတွင် စားသောက်နေကြပြီး သာမန်ဝန်ထမ်းများကို ပေးမဝင်ခြင်းမှာ လင်းဖန်အတွက် လုံးဝ လက်ခံနိုင်စရာ မရှိသော ကိစ္စပင် ဖြစ်တော့သည်။