← Chapters

အခန်း (၂၀၅-၂၀၆)

Vol. 21 Ch. 205-206

အခန်း (၂၀၅-၂၀၆)

Vol. 21 Ch. 205-206

အပိုင်း ၂၀၅

ကျင်းလင်မြို့သည် ရှန်ဟိုင်းလောက် နာမည်မကြီးသော်လည်း ကျန်းစုပြည်နယ်၏ လူသုံးကုန်ထုတ်လုပ်မှု ဗဟိုချက်ဖြစ်ပြီး အီလက်ထရွန်နစ်ကုမ္ပဏီများစွာ အခြေစိုက်ရာနေရာဖြစ်သည်။

အထူးသဖြင့် လုံထန်ဌာနချုပ် ပြောင်းရွှေ့လာပြီးနောက်တွင် နည်းပညာမြင့် ကုမ္ပဏီများနှင့် စက်ရုံများစွာ ဤနေရာသို့ စုပြုံရောက်ရှိလာကြသည်။

​ထိုသို့ စက်ရုံများ များပြားလာသည်နှင့်အမျှ ရှောင်လွှဲ၍မရသော ပြဿနာအချို့လည်း ရှိလာတတ်သည်။ ယခင်က ရှန်ကျန်းရှိ APPLE ဖုန်းစက်ရုံများတွင် ဝန်ထမ်းအချို့က ဖုန်းအပိုပစ္စည်းများကို ခိုးထုတ်ပြီး ဟွားချန်ပေကဲ့သို့သော အီလက်ထရွန်နစ်ဈေးကွက်ကြီးများတွင် ပြန်လည်ရောင်းချလေ့ရှိသည်။ ထိုမှတစ်ဆင့် မူရင်းပစ္စည်းများကို ပုံတူကူးကာ ပုံတူ ဖုန်းများ ဈေးကွက်ထဲသို့ အလျှိုလျှို ထွက်ပေါ်လာတတ်သည်။

​လုံထန်အနေဖြင့် ဤကဲ့သို့ ပုံတူပစ္စည်းများ ထွက်ပေါ်လာခြင်းကို တားဆီးရန်အတွက် အရင်းအမြစ်ဖြစ်သော ထုတ်လုပ်ရေးစခန်းကိုသာ အဓိက ထိန်းချုပ်ရမည်ဖြစ်သည်။ မူရင်းပစ္စည်းများ အပြင်သို့ မပေါက်ကြားသရွေ့ မည်သူမျှ ပုံတူမကူးနိုင်ပေ။

​"သူဌေးစိတ်ချပါ။ စက်ရုံရဲ့ လုံခြုံရေးကို ဌာနချုပ်က တိုက်ရိုက်ကိုင်တွယ်နေတာပါ။ လုံခြုံရေးဝန်ထမ်းတွေကလည်း အရည်အချင်းရှိသူတွေမို့လို့ ဒီလိုကိစ္စမျိုး လုံးဝဖြစ်မှာမဟုတ်ပါဘူး"

ချန်လျန်က ရင်ဘတ်ကို ပုတ်ကာ အာမခံလိုက်သည်။

​"မဟုတ်သေးဘူး"

လင်းဖန်က ခေါင်းခါလျက် အလေးအနက် ပြောသည်။

"ဘယ်လောက်ပဲ စက်ကိရိယာတွေ ကောင်းကောင်း၊ လူဆိုတာ ပေါ့လျော့သွားတတ်တဲ့ အချိန်ရှိတယ်။ စစ်တပ်မှာတောင် သတင်းပေါက်ကြားမှုတွေ ရှိနေတာပဲ၊ ကျွန်တော်တို့ဘက်က လျှော့တွက်လို့ မရဘူး။"

​အပိုပစ္စည်း အနည်းငယ် ပေါက်ကြားရုံဖြင့် ပုံတူမထုတ်နိုင်သော်လည်း အရေအတွက် ထောင်ချီ၊ သောင်းချီ ပေါက်ကြားသွားပါက ပုံတူလုပ်ငန်းရှင်များအတွက် အခွင့်အရေး ဖြစ်သွားနိုင်သည်။ ထို့ကြောင့် လင်းဖန်က ဤနေရာသို့ လာရောက်ကာ သတိပေးချက် ထုတ်ပြန်ခြင်း ဖြစ်သည်။

​နာရီဝက်ခန့်အကြာတွင် သူတို့အဖွဲ့သည် ဖုန်းကိုယ်ထည်ထုတ်လုပ်သည့် အလုပ်ရုံသို့ ရောက်ရှိလာကြသည်။ ဤနေရာသည် ဖုန်းစခရင် အလုပ်ရုံကဲ့သို့ ဖုန်မှုန့်ကင်းစင်ရန် မလိုသော်လည်း စက်သံများဖြင့် ဆူညံလျက်ရှိသည်။ သို့သော် လောလောဆယ်တွင် ထုတ်လုပ်မှုလိုင်း အများစုမှာ ရပ်နားထားသဖြင့် အလုပ်ရုံတစ်ခုလုံးမှာ ဟာလာဟင်းလင်း ဖြစ်နေသည်။

​"သူဌေး... အခုက Nirvana S အတွက် ဖုန်းကိုယ်ထည်တွေကို စမ်းသပ်ထုတ်လုပ်ဖို့ ပြင်ဆင်နေတာမို့လို့..."

ချန်လျန်က အမြန်ရှင်းပြသည်။

​"နားလည်ပါတယ်"

လင်းဖန်ကအေးအေးဆေးဆေး ခေါင်းညိမ့်သည်။

​Nirvana S ၏ အဓိက ထူးခြားချက်မှာ 'သတ္တုကိုယ်ထည် တစ်သားတည်း' (Integrated All-metal Casing) နည်းပညာ ဖြစ်သည်။ သတ္တုပြားများကို ဆက်စပ်ထားခြင်းမျိုး မဟုတ်ဘဲ သတ္တုတုံး တစ်တုံးလုံးကို စက်ဖြင့် ပါးလွှာအောင် ထွင်းထုရသည့် နည်းပညာဖြစ်ရာ အလွန်ခက်ခဲနက်နဲလှသည်။ ဤနည်းပညာမှာ ကမ္ဘာ့အဆင့်မီ နည်းပညာဖြစ်သဖြင့် အပြင်သို့ မပေါက်ကြားရန် အလွန်အရေးကြီးသည်။

​"ဒီအလုပ်ရုံရဲ့ စီမံခန့်ခွဲမှုက နည်းနည်း လျော့ရဲနေသလိုပဲ။ လိုအပ်ရင် လုံခြုံရေး အင်အားတိုးလိုက်ပါ"

လင်းဖန်က မျက်မှောင်ကြုတ်လျက် မှာကြားသည်။

​"စိတ်ချပါ သူဌေး။ ကျွန်တော် လုံခြုံရေးအဖွဲ့ နှစ်ဖွဲ့ကို ၂၄ နာရီ ကင်းလှည့်ဖို့ စီစဉ်ထားပါတယ်။ ဝန်ထမ်းတွေကိုလည်း အလုပ်ချိန်အတွင်း ဖုန်းယူခွင့် မပြုထားပါဘူး။ သူတို့ရဲ့ ဖုန်းတွေကို အပြင်က အနားယူဆောင်မှာပဲ ထားခဲ့ရတာပါ"

ချန်လျန်က ဆိုသည်။

​လင်းဖန်က ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ အလုပ်ရုံအတွင်း၌ အနီအောက်ရောင်ခြည်သုံး ကင်မရာ၄၆ လုံးကို တပ်ဆင်ထားသည်ကို တွေ့ရသည်။

အလုပ်သမားတစ်ဦးဦးက ဓာတ်ပုံခိုးရိုက်ရန် ကြိုးစားပါက ချက်ချင်း သိရှိနိုင်သည်။ ဤကဲ့သို့ ခေတ်မီနည်းပညာများဖြင့် ထိန်းချုပ်ခြင်းကသာ ပိုမိုထိရောက်ကြောင်း လင်းဖန် နားလည်သည်။

​လုံထန်သည်လည်း ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည်မှာ အထင်အရှားပင်။

.........................................................

အပိုင်း ၂၀၆

"သူဌေး... ကျွန်တော်တို့ စက်ရုံက ဌာနချုပ်ရဲ့ အမိန့်တွေကို တိတိကျကျ လိုက်နာပါတယ်။ ဝန်ထမ်းအားလုံးလည်း လျှို့ဝှက်ချက် ထိန်းသိမ်းရေး သဘောတူညီချက်မှာ လက်မှတ်ထိုးထားပြီးသားပါ"

​ချန်လျန်သည် လင်းဖန်ကို စိတ်အေးစေရန် ထပ်လောင်းပြောကြားလိုက်ခြင်း ဖြစ်သည်။ သို့သော် ထိုစကားကြောင့်ပင် လင်းဖန်၏ ဒေါသက ထွက်လာတော့သည်။ သူက လှည့်ကြည့်ကာ အေးစက်စွာ ပြောလိုက်၏။

​"ဘယ်သဘောတူညီချက်မှ မူလရည်ရွယ်ချက်အတိုင်း အပြည့်အဝ အကျိုးမသက်ရောက်နိုင်ဘူး။ အဲဒီစာချုပ်တစ်ခုတည်းနဲ့တင် လုံလောက်တယ်ဆိုရင် စက်ရုံမှာ လုံခြုံရေးဝန်ထမ်းတွေ ဘာလို့လိုနေတော့မှာလဲ"

​ဒါက နောက်ပြောင်နေခြင်း မဟုတ်ပေ။ လူစည်ကားပြီး ဆူညံလှသော နေရာတစ်ခုတွင် တစ်ခုခု ပေါက်ကြားသွားပါက မည်သူ့လက်ချက်ဆိုသည်ကို လိုက်လံစုံစမ်းရန် အလွန်ခက်ခဲသည်။ စာချုပ်ရှိသော်လည်း တရားခံကို ရှာမတွေ့ပါက အပိုပင် ဖြစ်သည်။ ထို့အပြင် နည်းပညာတစ်ခု ပေါက်ကြားသွား၍ လုံထန်ဂရုဆုံးရှုံးရမည့် တန်ဖိုးမှာ သန်းပေါင်း ထောင်ချီ၊ သောင်းချီ ရှိနိုင်ရာ သာမန်အလုပ်သမားတစ်ဦးက မည်သို့မျှ ပြန်လည် ပေးလျော်နိုင်မည်မဟုတ်ပေ။

​ယခင်က APPLE ကဲ့သို့ ကုမ္ပဏီကြီးများပင် လျှို့ဝှက်ချက်များကို အစွမ်းကုန် ထိန်းသိမ်းသော်လည်း ထုတ်လုပ်ရေးစက်ရုံများမှတစ်ဆင့် သတင်းများ အမြဲပေါက်ကြားလေ့ရှိသည်။ ထိုစက်ရုံများမှ ဝန်ထမ်းများသည်လည်း စာချုပ်ချုပ်ထားသူများပင် ဖြစ်သော်လည်း ဥပဒေအသိအမြင် အားနည်းမှုကြောင့် ထိုစာချုပ်ကို အလေးမထားကြခြင်း ဖြစ်သည်။

​"နားလည်ပါပြီ "

ချန်လျန်မှာ စကားမှားသွားသဖြင့် နောင်တရလျက် ငြိမ်သက်သွားတော့သည်။

​လင်းဖန်သည် ည ၇ နာရီအထိ စက်ရုံဝင်းအတွင်းရှိ အလုပ်ရုံပေါင်း တစ်ရာနီးပါးကို လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို အကြံပြုညွှန်ကြားခဲ့သည်။

​ညစာစားချိန်တွင် လင်းဖန်သည် ချန်လျန်နှင့်အတူ စက်ရုံထမင်းစားဆောင်သို့ ရောက်ရှိလာသည်။ ဌာနချုပ်နှင့် သုတေသနဌာနတွင် သီးသန့် ထမင်းစားဆောင်များ ရှိသော်လည်း စက်ရုံထမင်းစားဆောင်သို့ လင်းဖန် ရောက်ဖူးသည်မှာ ဤပထမဆုံးအကြိမ် ဖြစ်သည်။

​"စက်ရုံထမင်းစားဆောင်ကို အပြင်လူကို ကန်ထရိုက်ပေးထားတာလား"

လင်းဖန် မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။

​ပတ်ဝန်းကျင် အပြင်အဆင်မှာ ညစ်ပတ်ပေရေနေပြီး စနစ်တကျ မရှိလှပေ။ လုံထန်ကဲ့သို့ ကုမ္ပဏီကြီးတစ်ခု၏ ထမင်းစားဆောင်မှာ ဤမျှ ဆိုးရွားနေသည်ကို သူ မယုံနိုင်ဖြစ်နေသည်။

​"ဟုတ်ကဲ့ အုပ်စုရဲ့ ထောက်ပံ့ရေးဌာနကနေ တင်ဒါခေါ်ပြီး ရွေးချယ်ထားတာပါ"

ချန်လျန်က ခေါင်းငုံ့ကာ ဖြေသည်။ သူကိုယ်တိုင်လည်း ဤနေရာတွင် မစားဝံ့သဖြင့် သုတေသနဌာနဘက်သို့ သွားစားလေ့ရှိသည်။

​လင်းဖန်သည် ဘာမှမပြောဘဲ ဖုန်းထုတ်ကာ CEO ကျန်းဖန်နှင့် CFO မင်းကျန့်ရှင်းတို့ကို ချက်ချင်း ခေါ်လိုက်သည်။ နာရီဝက်ခန့်အကြာတွင် သူတို့နှစ်ဦး ရောက်လာသောအခါ လင်းဖန်၏ တင်းမာနေသော မျက်နှာကိုကြည့်ပြီး ရင်တထိတ်ထိတ် ဖြစ်သွားကြသည်။

​"သူဌေး"

​"ခင်ဗျားတို့ကို စောင့်နေတာ ကြာပြီ။"

လင်းဖန်က အေးစက်စွာ ကြည့်လိုက်သည်။

"ညလည်း မိုးချုပ်နေပြီဆိုတော့ ထမင်းစားရသေးမှာ မဟုတ်ဘူး။ ချန်လျန်... အကောင်းဆုံးဆိုတဲ့ အစားအစာ နှစ်ပွဲယူလာပြီး GM နဲ့ ဘဏ္ဍာရေးဒါရိုက်တာကို ကျွေးလိုက်စမ်း"

​ချန်လျန် ယူလာပေးသော ထမင်းပွဲကို ကြည့်ပြီး ကျန်းဖန်နှင့် မင်းကျန့်ရှင်းတို့ ဆွံ့အသွားကြသည်။ ဤဟင်းလျာများမှာ ကျေးလက်က ကျောင်းထမင်းကျွေးသလောက်ပင် အဆင့်မရှိပေ။

​"ထမင်းစားဆောင်ကို ကန်ထရိုက်ပေးတာ ကျွန်တော် ဘာမှမပြောဘူး။ အဲဒါက ကုမ္ပဏီရဲ့ ငွေကြေးဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးနိုင်တာပဲ"

လင်းဖန်က ဒေါသကို ထိန်းရင်း ပြောသည်။

"ဒါပေမဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ကြစမ်း။ ဒီလိုအစားအစာမျိုးကို ခင်ဗျားတို့ ကျွေးရက်သလား"

​ကျန်းဖန်နှင့် မင်းကျန့်ရှင်းတို့မှာ ခေါင်းမဖော်ဝံ့တော့ပေ။ ၎င်းတို့၏ လက်မှတ်မပါဘဲ ဤကန်ထရိုက်က အတည်ဖြစ်လာစရာ အကြောင်းမရှိပေ။ အသေးအဖွဲကိစ္စဟု သဘောထားကာ ပေါ့လျော့ခဲ့မိသဖြင့် ယခုကဲ့သို့ သူဌေးလက်ထဲတွင် အမိဖမ်းမိခြင်း ဖြစ်သည်။

​"ကမ္ဘာ့အလားအလာ အရှိဆုံးကုမ္ပဏီ ပြည်တွင်းမှာ လစာအကောင်းဆုံးပေးတဲ့ ကုမ္ပဏီ.ဒါတွေက အလကားပဲ"

လင်းဖန်က အော်ဟစ်​တော့သည်။

"တခြားစက်ရုံတွေကို 'အလုပ်သမား သွေးစုတ်တဲ့ စက်ရုံ' လို့ ပြောကြပေမဲ့ အစားအသောက်ပိုင်းမှာတော့ ဒီလောက်ထိ မယုတ်မာကြဘူး။"

​"အခုကြည့်စမ်း... ၁၅ ယွမ်တန် ထမင်းပွဲမှာ အသားမပြောနဲ့ ဆီတောင် မမြင်ရဘူး။ ဒါ လူလုပ်တဲ့အလုပ်လား။ ခင်ဗျားတို့က ကုမ္ပဏီအတွက် ပိုက်ဆံချွေတာပေးနေတာ မဟုတ်ဘူး၊ တစ်ကမ္ဘာလုံးက ကျွန်တော့်ကို လက်ညှိုးထိုး ကဲ့ရဲ့အောင် လုပ်နေကြတာ"

​လင်းဖန်က ဆက်လက်၍ ပြတ်သားသော အမိန့်သစ်များ ထုတ်ပြန်လိုက်သည်။

​"ဒီနေ့ကစပြီး စက်ရုံစားသောက်ဆိုင် အားလုံးကို ဌာနချုပ်က တိုက်ရိုက်ကိုင်တွယ်မယ်။ စားစရိတ်အတွက် ကျွန်တော့်မှာ ပိုက်ဆံမရှားဘူး။ ဝန်ထမ်းတွေရဲ့ ထမင်းပွဲမှာ ခွဲခြားမှု မရှိစေရဘူး။ အလုပ်သမားတိုင်း ၁၅ ယွမ်ဖိုး စားရမယ်၊ ကုမ္ပဏီက ၁၅ ယွမ် ထပ်ဆောင်းစိုက်ထုတ်ပေးမယ်။ အဲဒီတော့ တစ်နပ်ကို ၃၀ ယွမ် (မြန်မာငွေ ၁ သောင်းကျော်) တန်ဖိုးရှိတဲ့ အဆင့်မီ အစားအစာ ဖြစ်ရမယ်။"

​"တစ်နေ့ သုံးနပ်စလုံးမှာ နွားနို့တစ်ဗူး၊ ပန်းသီး၊ လိမ္မော်သီး ဒါမှမဟုတ် ငှက်ပျောသီး သုံးလုံးစီ အခမဲ့ ပေးရမယ်။"

​ကျန်းဖန်နှင့် မင်းကျန့်ရှင်းတို့က

"ဟုတ်ကဲ့ပါ"

အမြန်တုန့်ပြန်လိုက်ကြရသည်။

​"နောက်ပြီး... ဒီနံရံအကာအကွယ်တွေ အကုန်ဖြိုချလိုက်။"

လင်းဖန်က အရာရှိများအတွက် သီးသန့် ကာရံထားသော အခန်းများကို လက်ညှိုးထိုးပြကာ ဒေါသတကြီး ပြောသည်။

"လုံထန်ရဲ့ အလုပ်ရုံထဲမှာတော့ အဆင့်အတန်း ခွဲခြားထားနိုင်ပေမဲ့၊ အလုပ်ရုံအပြင်ဘက်မှာတော့ အဆင့်အတန်းမရှိဘူး၊ အားလုံး တန်းတူပဲ ဖြစ်ရမယ်။"

​နံရံတစ်ခုက လူတန်းစား နှစ်ရပ်ကို ခွဲခြားထားသည်။ အလုပ်ရုံမှူးမှသည် အလယ်အလတ် မန်နေဂျာများအထိ သီးသန့်အခန်းများတွင် စားသောက်နေကြပြီး သာမန်ဝန်ထမ်းများကို ပေးမဝင်ခြင်းမှာ လင်းဖန်အတွက် လုံးဝ လက်ခံနိုင်စရာ မရှိသော ကိစ္စပင် ဖြစ်တော့သည်။

All Chapters