အခန်း (၂၀၇-၂၀၈)
Vol. 21 Ch. 207-208
အပိုင်း ၂၀၇
လင်းဖန်၏ ဆုံးဖြတ်ချက် ၃ ခုကြောင့် လုံထန်ဂရုသည် စားသောက်ရေးစရိတ်အတွက် ယွမ်သန်းပေါင်းများစွာ ထပ်မံအကုန်အကျခံလိုက်ရသော်လည်း သူကတော့ ဂရုမစိုက်ပေ။
လုံထန်သည် တစ်ရက်လျှင် ဘီလီယံနှင့်ချီသော ဝင်ငွေများ ရှာဖွေပေးနေသည်ဖြစ်ရာ ဤမျှသော သန်းဂဏန်းပမာဏကို မသုံးစွဲနိုင်လျှင် ကုမ္ပဏီထောင်ထားစရာ အကြောင်းမရှိဟု သူယူဆသည်။
"ဟုတ်ကဲ့ပါ ကျွန်တော် အခုချက်ချင်း စီစဉ်လိုက်ပါ့မယ်"
ကျန်းဖန်က ခေါင်းညိတ်ရင်း လူယုံများကို ချက်ချင်းဖုန်းဆက်တော့သည်။ မူလကပင် လုံထန်တွင် ဆန်၊ ဂျုံမှသည် အသား၊ သစ်သီးဝလံအထိ ကိုယ်ပိုင်စိုက်ပျိုးမွေးမြူရေးခြံများ ရှိပြီးသားဖြစ်သည်။ မြောက်ပိုင်းနှင့် တောင်ပိုင်းတို့တွင် ဒေါ်လာသန်းချီ အကုန်အကျခံကာ တည်ထောင်ထားသော ထိုခြံများမှ ထုတ်ကုန်များကို သုံးစွဲရန်နှင့် စက်ရုံထမင်းစားဆောင် ပြဿနာကို အမြန်ဆုံးဖြေရှင်းရန် သူညွှန်ကြားလိုက်သည်။ မဟုတ်လျှင် လင်းဖန်၏ ဒေါသနှင့်တွေ့ပြီး သူတို့ပါ အစိမ်းလိုက် ဝါးစားခံရနိုင်ချေ ရှိသည်။
စက်ရုံစစ်ဆေးရေးခရီးစဉ်မှာ ထမင်းစားဆောင်ပြဿနာနှင့် တင်ရပ်မနေဘဲ ည ၉ နာရီအထိ ဆက်လက်လုပ်ဆောင်ခဲ့သည်။ လင်းဖန်သည် အလုပ်ရုံများအတွင်းရှိ အသေးအမွှားပြဿနာပေါင်း ဒါဇင်နှင့်ချီကို တွေ့ရှိခဲ့ရာ အတော်လေး အံ့အားသင့်သွားရသည်။ ချက်ချင်းပင် ဌာနချုပ်၌ အရေးပေါ်အစည်းအဝေးခေါ်ယူကာ စီမံခန့်ခွဲမှုပိုင်းကို ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်တော့သည်။ ရလဒ်အနေဖြင့် ဝန်ထမ်းရာပေါင်းများစွာ အလုပ်ထုတ်ခံရပြီး အချို့မှာ စီးပွားရေးဆိုင်ရာ ပြစ်မှုများဖြင့် ထောင်ထဲသို့ပင် တန်းစီရောက်သွားကြသည်။ ဤဖြစ်ရပ်ကြောင့် လုံထန်၏ စီမံခန့်ခွဲမှုမှာ ပိုမိုရှင်းလင်းကျစ်လျစ်သွားပြီး မည်သူမျှ ပေါ့လျော့မနေဝံ့ကြတော့ပေ။
အချိန်တွေ ကုန်ဆုံးသွားပြီး ဇွန်လ ၁၀ ရက်နေ့သို့ ရောက်ရှိလာသည်။ ဟောင်ကောင်တွင် ကျိဖုပေါင်စတင်ပြီး ၁၀ ရက်ကျော်အတွင်း အသုံးပြုသူ ၅ သန်းအထိ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
"ဘာ... လီကျားချန်းရဲ့ အကူအညီနဲ့ Nirvana S ကို ဗြိတိန်ဈေးကွက်ထဲ တိုက်ရိုက်ဝင်မှာလား"
ကျန်းဖန်က လင်းဖန်ကို အံ့သြတကြီး ကြည့်ကာ မေးလိုက်သည်။
လင်းဖန်က အေးအေးဆေးဆေးပင် ခေါင်းညိတ်ပြသည်။
"တကယ်တော့ ဒါက ဟော်ကျန့်ထိန်တို့ဘက်က တောင်းဆိုတာပါ။ ကျိဖုပေါင်က အခု ဟောင်ကောင်ဈေးကွက်ကို အပိုင်စီးနိုင်နေပြီဆိုတော့ သူတို့က တစ်နှစ်အတွင်း ကမ္ဘာ့အဆင့်မီအောင် လုပ်ချင်နေကြတာ။ ဒါကြောင့် ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်ဖုန်း Nirvana S ကို အသုံးချပြီး ဗြိတိန်ဈေးကွက်ထဲ ကျိဖုပေါင်ကိုပါ တစ်ပါတည်း ထည့်သွင်းဖို့ သူတို့က မျှော်လင့်နေတာပေါ့"
အမှန်စင်စစ် ကျိဖုပေါင်မှာ ဆော့ဖ်ဝဲလ်တစ်ခုသာ ဖြစ်သဖြင့် ဟာ့ဒ်ဝဲ (ဖုန်း) ၏ ပံ့ပိုးမှုမပါဘဲ အောင်မြင်ရန် ခက်ခဲသည်။ ထို့ကြောင့် လုံထန်၏ ထုတ်ကုန်များ ကမ္ဘာအနှံ့ ရောင်းကောင်းလေ ကျိဖုပေါင်အတွက် အကျိုးရှိလေပင်ဖြစ်သည်။
"သူဌေးပြောချင်တာက 'သူများကြက်နဲ့ ကိုယ့်ဥ ဥခိုင်းတာ' ပေါ့ ဟုတ်လား"
ကျန်းဖုန်းက ပွင့်ပွင့်လင်းလင်းပင် မှတ်ချက်ပြုသည်။
"ဘာလို့ အဲလိုပြောရတာလဲ၊ ဒါက နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ Win-Win အခြေအနေပဲလေ"
လင်းဖန်က မျက်လုံးလှန်ကာ ပြန်ပြောသည်။
"စီးပွားရေးလောကမှာ ထာဝရရန်သူဆိုတာ မရှိဘူး၊ ထာဝရအကျိုးစီးပွားပဲ ရှိတာ။ အကျိုးအမြတ် အများဆုံးရဖို့ဆိုရင် ပူးပေါင်းဆောင်ရွက်တာကလွဲလို့ တခြားရွေးချယ်စရာ မရှိဘူး"
ကျန်းဖန်မှာ လင်းဖန်ကို ကြည့်ရင်း အံ့သြမဆုံး ဖြစ်ရသည်။ ဤလူငယ်မှာ အသက် ၂၀ ကျော်ရုံသာ ရှိသေးသော်လည်း အတွေးအခေါ်မှာ မြေခွေးအိုကြီးတစ်ကောင်ကဲ့သို့ပင်။ လင်းဖန်သည် လီကျားချန်း၏ အဆက်အသွယ်များကို အသုံးချကာ ဗြိတိန်ဈေးကွက်တံခါးကို ဖွင့်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။ ၎င်းအပြင် စမတ်တီဗီနှင့် တက်ဘလက်များကိုပါ တစ်ပါတည်း တွဲဖက်ရောင်းချရန် သူ စီစဉ်နေသည်။
"ဥရောပတစ်ခုလုံးမှာ ဗြိတိန်က အထူးခြားဆုံးပဲ။ လုံထန်ရဲ့ အရောင်းဆိုင်တွေ ကမ္ဘာအနှံ့မှာ ရှိပေမဲ့ ဗြိတိန်မှာတော့ အမြဲတမ်း အရောင်းအေးနေခဲ့တာ။ ဘာလို့လဲဆိုတော့ ဗြိတိန်လူမျိုးတွေနဲ့ အစိုးရက အရမ်းမာနကြီးကြလို့ပဲ။ APPLE တောင် ဈေးကွက်ဖောက်ဖို့ မလွယ်ခဲ့ဘူး"
လင်းဖန်က ဆက်ပြောသည်။
"ဒါပေမဲ့ ဗြိတိန်က ဥရောပအပေါ် သြဇာညောင်းတယ်။ ဗြိတိန်မှာ ခေတ်စားပြီဆိုရင် တခြားနိုင်ငံလေးတွေကလည်း လိုက်သုံးကြလိမ့်မယ်။ ဒါကြောင့် ဥရောပဈေးကွက်ကို အပိုင်စီးဖို့ဆိုရင် ဗြိတိန်က မရှိမဖြစ်ပဲ။"
ကျန်းဖန်က ပြုံးလျက်
"စီးပွားရေးဝန်ကြီးဌာနကလည်း ကျွန်တော်တို့ကို အမြဲဆက်သွယ်နေတယ်၊ အခက်အခဲရှိရင် ပြောပါတဲ့"
ဆိုသည်။
လင်းဖန်က ဝေးလံသော နေရာတစ်ခုကို ကြည့်ရင်း ရေရွတ်လိုက်သည်။
"လောကမှာ အကြောင်းမဲ့ ချစ်ခြင်းဆိုတာ မရှိဘူးလေ"
အမှန်စင်စစ် စီးပွားရေးဝန်ကြီးဌာနက လုံထန်ကို မျက်နှာသာပေးရခြင်းမှာ လင်းဖန်ယခင်က လှူဒါန်းခဲ့သော ယွမ် ၃၅ ဘီလီယံတန် ပရဟိတလုပ်ငန်းများကြောင့်ပင် ဖြစ်သည်။ တစ်နိုင်ငံလုံးတွင် မူလတန်းကျောင်းပေါင်း ၇,၀၀၀ တည်ဆောက်ပေးခဲ့သည့် လုံထန်၏ ဂုဏ်သတင်းမှာ အစိုးရအဆင့်ဆင့်အထိ ပျံ့နှံ့နေခဲ့ပြီ မဟုတ်ပါလား။
"ဗြိတိန်ဈေးကွက်က ဥရောပကို သိမ်းပိုက်ဖို့ သော့ချက်ပဲ။ ဒီတစ်ခေါက် ဥရောပရုံးခွဲနဲ့ သေချာညှိနှိုင်းပြီး အောင်မြင်အောင် လုပ်ပါ။ အသေးစိတ်လေးတွေကိုတောင် လက်လွှတ်မခံနဲ့၊ အဲဒါကပဲ အောင်မြင်မှုရဲ့ လျှို့ဝှက်ချက် ဖြစ်သွားနိုင်တယ်"
"စိတ်ချပါ ကျွန်တော် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပါ့မယ်"
ကျန်းဖန်က ရင်ဘတ်ကို ပုတ်ကာ အာမခံလိုက်တော့သည်။
........................................................
အပိုင်း ၂၀၈
၂၀၁၉ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် လုံထန်ဂရုသည် ၎င်းတို့၏ တရားဝင်ဝဘ်ဆိုဒ်မှတစ်ဆင့် Nirvana စီးရီး၏ ဒုတိယမျိုးဆက်ဖုန်းသစ်ကို တရားဝင်မိတ်ဆက်ကြောင်း ခန့်ညားထည်ဝါစွာ ကြေညာလိုက်သည်။ ဤသတင်းထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကမ္ဘာတစ်ဝန်းရှိ မီဒီယာပေါင်းစုံက အလုအယက် စိတ်ဝင်စားလာကြတော့သည်။
ယခင်က ထွက်ရှိခဲ့သော ပထမမျိုးဆက် Nirvana X သည် မည်သည့်ပြိုင်ဘက်ကမျှ မဟန့်တားနိုင်လောက်အောင် အောင်မြင်ခဲ့ပြီး၊ ဈေးကွက်အတွင်း ၈ လကြာ ရောင်းချခဲ့ပြီးနောက် အလုံးရေ ၁.၅ ဘီလီယံအထိ စံချိန်တင် ရောင်းချနိုင်ခဲ့သည်။ ထိပ်တန်းနည်းပညာ၊ သင့်တင့်သောဈေးနှုန်းနှင့် အကောင်းဆုံး ဝန်ဆောင်မှုများကြောင့် နာမည်ကောင်းရရှိခဲ့ပြီး ဖြစ်ရာ ယခုထွက်ရှိလာမည့် Nirvana S အပေါ် လူတိုင်းက ရင်ခုန်စွာဖြင့် ခန့်မှန်းချက်ပေါင်းစုံ ထုတ်နေကြသည်။
နောက်တစ်နေ့ နံနက် ၉ နာရီတွင် Nirvana S မိတ်ဆက်ပွဲကို လုံထန်ဂရုဌာနချုပ် အဆောက်အအုံ ပထမထပ်၌ ခမ်းနားစွာ ကျင်းပခဲ့သည်။ ဆွဲဆောင်မှုရှိသော ဂီတနှင့်အတူ လှပဆန်းသစ်သော ဗီဒီယိုဖိုင်က ပရိသတ်တို့၏ ရင်ကို ဖမ်းစားလိုက်သည်။
လုံထန်ဂရု၏ CEO ကျန်းဖန်စင်ပေါ်သို့ တက်လာချိန်တွင် လူတိုင်း၏ အကြည့်များက သူ့ထံတွင်သာ ရှိတော့သည်။
"မီဒီယာမိတ်ဆွေများခင်ဗျား... မင်္ဂလာပါ! ဒီနေ့ရဲ့ အဓိကအကြောင်းအရာကတော့ 'Nirvana S' ပဲ ဖြစ်ပါတယ်"
ကျန်းဖုန်းက ပြောလိုက်သည်နှင့် နောက်ခံစခရင်ကြီးတွင် ဖုန်း၏ပုံရိပ် ပေါ်လာတော့သည်။
"ဟာ..."
ပရိသတ်များကြားမှ အံ့သြသံများ ဟိန်းထွက်သွားသည်။ Nirvana S ၏ အပြင်အဆင်မှာ Nirvana X နှင့် အနွယ်တူသော်လည်း ပိုမိုလှပဆန်းသစ်ပြီး လက်ရာမြောက်လှသည်။
အထူးသဖြင့် ရှေ့နှင့်နောက်တွင် တပ်ဆင်ထားသော ကင်မရာများသည် မန္တလာပန်းများကြားတွင် မြှုပ်နှံထားသည့် ငရဲမှမျက်လုံးများကဲ့သို့ ဆွဲဆောင်မှုရှိလှပြီး မည်သူမျှ မငြင်းဆန်နိုင်သော အလှတရားမျိုးကို ဖော်ဆောင်နေသည်။
ကျန်းဖုန်းက Nirvana S ၏ အစွမ်းထက်လှသော အချက်အလက်များကို ဆက်လက်ရှင်းပြသည်။
ကင်မရာ: ကုမ္ပဏီကိုယ်တိုင် ဖော်ထုတ်ထားသည့် ရှေ့နောက် Dual Camera မှာ ၇၀ မီဂါပစ်ဇယ် (70 MP) အထိ ရှိပြီး ကမ္ဘာ့အဆင့်မီ ဓာတ်ပုံရိုက်ကူးမှု အတွေ့အကြုံကို ပေးစွမ်းမည်။
စနစ်: တန်ရွမ်2.0 စနစ်သစ်ကို အသုံးပြုထားပြီး Pangu (Smart Phone Butler) နှင့် အပြည့်အဝ ပေါင်းစပ်ထားသည်။ AI နည်းပညာကြောင့် အသုံးပြုသူ၏ မျက်နှာအမူအရာကို ကြည့်ရုံဖြင့် စိတ်ကူးကို သိရှိနိုင်ကာ ဆက်သွယ်ပြောဆိုစရာမလိုဘဲ ခိုင်းစေနိုင်သည်။
ဘာသာပြန်: ကမ္ဘာ့အဓိကဘာသာစကား ၃၀၀ ကျော်ကို တိုက်ရိုက်ဘာသာပြန် ပြောဆိုနိုင်သည်။
ဘက်ထရီ: ဤဖုန်း၏ အထူးခြားဆုံးအချက်မှာ Silicon Crystal ဘက်ထရီသစ်ကို သုံးထားခြင်း ဖြစ်သည်။ 12,000 mAh ပမာဏရှိပြီး ၁၀ မိနစ်အတွင်း အားအပြည့်သွင်းနိုင်သည်။ ဖုန်းကို မရပ်မနား ၇၂ နာရီအထိ အသုံးပြုနိုင်မည် ဖြစ်သည်။
ပရိသတ်များမှာ မယုံနိုင်လောက်အောင် ဖြစ်သွားကြသည်။ ၇၀ မီဂါပစ်ဇယ် ကင်မရာမှာ ကမ္ဘာ့အဆင့်မြင့် Mirrorless ကင်မရာများကိုပင် ကျော်လွန်သွားပြီ ဖြစ်သည်။ အထူးသဖြင့် Silicon Crystal ဘက်ထရီကို လအနည်းငယ်အတွင်း လက်တွေ့အသုံးပြုနိုင်သည်အထိ အောင်မြင်လာခြင်းမှာ အံ့မခန်းပင်။ စမတ်ဖုန်းလောက၏ အကြီးမားဆုံး အခက်အခဲဖြစ်သော ဘက်ထရီပြဿနာကို လုံထန်ဂရုက အောင်မြင်စွာ ဖြေရှင်းလိုက်ပြီ ဖြစ်သည်။
အွန်လိုင်းပေါ်တွင်လည်း မှတ်ချက်ပေါင်းစုံဖြင့် ဆူညံသွားသည်။
"ကျောက်ကပ်ရောင်းပြီး ဝယ်ရမယ့်အချိန် ရောက်ပြီ" ဟု နောက်ပြောင်သူများရှိသလို၊ "APPLE ကတော့ Nirvana S ရှေ့မှာ ညီလေးပဲ" ဟု ဆိုကြသူများလည်း ရှိသည်။
လင်းဖန်၏ စိတ်ကြိုက် လမ်းညွှန်မှုများကြောင့် ရရှိလာသော ဤနည်းပညာမှာ တရုတ်နိုင်ငံ၏ နည်းပညာထွန်းကားမှုကို ကမ္ဘာသိ ကြေညာလိုက်ခြင်းပင် ဖြစ်သည်။
ကျန်းဖန်က တည်ငြိမ်စွာဖြင့် ဈေးနှုန်းကို ကြေညာလိုက်သည်။
"အမြင့်ဆုံး Specs ပါဝင်တဲ့ ၆.၂ လက်မ မော်ဒယ်ကို ၄,၈၈၈ ယွမ် (မြန်မာငွေ ၁၇ သိန်းကျော်) နဲ့ ၆.၅ လက်မ မော်ဒယ်ကို ၅,၈၈၈ ယွမ် (မြန်မာငွေ ၂၁ သိန်းကျော်) အဖြစ် သတ်မှတ်ထားပါတယ်။"
ဤကြေညာချက်က ပရိသတ်ကို တစ်ခါ ထပ်မံ လှုပ်ခတ်သွားစေပြန်သည်။ နည်းပညာပိုင်းတွင် ကြီးမားသော ခုန်ပျံကျော်လွှားမှု ရှိခဲ့သော်လည်း ဈေးနှုန်းမှာ ယခင်ထက် ယွမ် ၁,၀၀၀ သာ တိုးလာခြင်းကြောင့် ဖြစ်သည်။
"ဘုရားရေ... ဒါက ရူးသွပ်စရာပဲ"
"ဈေးက ဒီလောက်တောင် သက်သာနေမှတော့ တခြားဖုန်းတွေ ဘယ်လို ရောင်းစားတော့မလဲ"
လှပသော အပြင်အဆင်၊ အပြစ်ပြောစရာမရှိသော စွမ်းဆောင်ရည်နှင့် သင့်တင့်သောဈေးနှုန်းတို့ကြောင့် APPLE ပရိသတ်များပင် Nirvana S ဘက်သို့ ကူးပြောင်းလာကြတော့မည်မှာ အသေအချာပင်။ လုံထန်ကို မချစ်ဘဲ မနေနိုင်လောက်အောင်ပင် ကောင်းလွန်းလှတော့သည်။