အခန်း (၁၆၆-၁၆၈)
Vol. 12 Ch. 166-168
အခန်း(၁၆၆)
“ တားမြစ်ချက်က ဘာလဲ ”
သီရှီထျန်က လေးနက်သော အသံဖြင့် ပြောသည်။
ပိုင်ဟူက ဘာမှမဖုံးကွယ်ပေ။ သူက ခေါင်းညိတ်လိုက်ပြီး ပြောသည်။
“ အံ့ဖွယ်လအသွင်ပြောင်းလဲခြင်း လျှို့ဝှက်အတတ်ပညာက နေနဲ့လရဲ့ အံ့ဖွယ်ယင်စွမ်းအားပေါ်မှာ အခြေခံတယ်… ဒါကြောင့် လပြည့်ညတိုင်းမှာ အံ့ဖွယ်လအသွင်ပြောင်းလဲခြင်းရဲ့ စွမ်းရည်က အလိုအလျောက် လွင့်ပြယ်သွားလိမ့်မယ်… လူသားအသွင်သဏ္ဍာန်ကို နောက်ထပ် မထိန်းသိမ်းပေးနိုင်ဘူး… ဒုတိယတားမြစ်ချက်က မက်မွန်သစ်သားနဲ့ မထိတွေ့ဖို့ပဲ… နှစ်တစ်ထောင်သက်တမ်းရှိတဲ့ မက်မွန်သစ်သားနဲ့ ထိတွေ့လိုက်ရင် လူသားအသွင်သဏ္ဍာန်က ချက်ချင်း ပျောက်ကွယ်သွားလိမ့်မယ်… တတိယတားမြစ်ချက်က… ”
လက်စသတ်တော့ ‘ အံ့ဖွယ်လအသွင်ပြောင်းလဲခြင်း ’ လျှို့ဝှက်အတတ်ပညာတွင် တားမြစ်ချက်အများကြီး ရှိသည်။ ပိုင်ဟူက ယင်းတို့ကို တစ်ခုချင်းစီ ရွတ်ပြသည်။ ယင်းက ထူးဆန်းသောအရာ မဟုတ်ပေ။ မည်သို့ဖြစ်ပါစေ ယင်းက လျှို့ဝှက်အတတ်ပညာ၏ အကူအညီဖြင့် လူသားအသွင်သဏ္ဍာန်ပြောင်းလဲခြင်း မဟုတ်ပါလော။ ယင်းက အမြူတေဓာတ်လုံးဖွဲ့စည်းပြီး လူသားအသွင်သဏ္ဍာန်ပြောင်းလဲခြင်းကဲ့သို့ မည်သို့စစ်မှန်မည်နည်း။ သို့ဖြစ်၍ တားမြစ်ချက်အများကြီး ရှိနေခြင်းက ပုံမှန်ဖြစ်သည်။
သီရှီထျန်က ထိုတားမြစ်ချက်များကို ကြားသော်လည်း စိတ်မပျက်သွားပေ။ လူသားလောကဆီသို့ သူသွားရောက်ချင်ရသည့် အကြောင်းအရင်းက ကုချင်းတီးခတ်နည်းကို လေ့လာသင်ယူရန် ဖြစ်၏။ သူက တခြားကိစ္စများကို လုပ်ဆောင်မည် မဟုတ်ချေ။ သူက ကုချင်းတီးခတ်နည်းကို သင်ယူပြီးသည်နှင့် တောင်ပိုင်းမြေရိုင်းဒေသဆီသို့ အမြန်ဆုံး ပြန်လာလိမ့်မည်။
“ အရေးကြီးဆုံးကတော့ အံ့ဖွယ်လအသွင်ပြောင်းလဲခြင်း လျှို့ဝှက်အတတ်ပညာက နင့်ကို လူသားအသွင်သဏ္ဍာန် ပြောင်းလဲပေးနိုင်ပေမဲ့ နင့်ရဲ့ မိစ္ဆာအရှိန်အဝါကိုတော့ ဖုံးကွယ်မပေးနိုင်ဘူး… သာမန်လူတွေက အဲ့ဒါကို မခံစားနိုင်ပေမဲ့ ကျင့်ကြံသူတွေကတော့ နည်းနည်းလေး အာရုံခံမိရုံနဲ့ နင်က မိစ္ဆာဆိုတာ ပေါ်သွားလိမ့်မယ်… ဒီတော့ အံ့ဖွယ်လအသွင်ပြောင်းလဲခြင်း လျှို့ဝှက်အတတ်ပညာကို နင်သင်ကြားချင်သေးလား ”
ပိုင်ဟူသည် စကားဆုံးသွားသည်နှင့် နောက်ထပ် မပြောတော့ပေ။ သူက သီရှီထျန်၏ မျက်လုံးကို စိုက်ကြည့်လိုက်ပြီး သူ့အဖြေကို စောင့်ဆိုင်းသည်။
“ သင်မှာပေါ့… ဘာလို့ မသင်ရမှာလဲ ”
သီရှီထျန်က တုံ့ဆိုင်းမနေဘဲ ဆုံးဖြတ်ချက်ပြတ်သားစွာ ပြောသည်။ ကုချင်းတီးခတ်နည်းကိုသာ သူသင်ယူနိုင်မည်ဆိုလျှင် တခြားကိစ္စများက အရေးမကြီးတော့ပေ။ ဒုစရိုက်ခုနစ်ပါးနတ်ဘုရားတေးသွားက အဖိုးတန်ရတနာသိုက်တစ်ခု ဖြစ်သည်။ ထိုရတနာသိုက်ကို ဖွင့်လှစ်နိုင်မည့် သော့က ကုချင်း ဖြစ်သည်။ သို့ဖြစ်၍ သူက ရတနာသိုက်ကို အမြန်ဆုံး ဖွင့်လှစ်ရန်အလို့ငှာ ကုချင်းကို မြန်နိုင်သမျှမြန်မြန် သင်ယူချင်သည်။ သူက ဂီတသံစဉ်များနှင့် အမြန်ဆုံး ရင်းနှီးကျွမ်းဝင်ချင်သည်။
ယင်းကို ကြားသောအခါ ပိုင်ဟူက ပြုံးလိုက်သည်။ သရော်သော အကြည့်က သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ရုတ်တရက် ပြောသည်။
“ နင်က သင်ချင်တယ်… ဒါပေမဲ့ အံ့ဖွယ်လအသွင်ပြောင်းလဲခြင်း လျှို့ဝှက်အတတ်ပညာက ငါ့မြေခွေးမျိုးနွယ်စုရဲ့ အထွတ်အမြတ်ပညာရပ်ဆိုတာ နင်သိဖို့ကောင်းတယ်… အဲ့ဒါကို ဘာလို့ ငါက နင့်ကို သင်ပေးရမှာလဲ… မြေခွေးမျိုးနွယ်စုထဲမှာတောင် လူတိုင်းက အဲ့ဒီလျှို့ဝှက်အတတ်ပညာကို မသင်ယူနိုင်ကြဘူး… ဒီတော့ ငါနင့်ကို သင်ပေးရမယ့် အကြောင်းအရင်းတစ်ခု ပြောစမ်းပါ ”
သူက စကားဆုံးသည်နှင့် စက်ကရာ၏ ခန္ဓာကိုယ်ကို စုန်ချည်ဆန်ချည် အကဲခတ်ကြည့်လိုက်သည်။ ကြည့်ရသည်မှာ သူက စက်ကရာကို အလွန်စိတ်ဝင်စားနေဟန် ရ၏။
အမှန်တကယ်ပင် ထိုလျှို့ဝှက်အတတ်ပညာက မြေခွေးမျိုးနွယ်စု၏ အထွတ်အမြတ်ပညာရပ် ဖြစ်သည်။ မြေခွေးမျိုးနွယ်စုကို မဆိုထားနှင့် မိစ္ဆာမျိုးနွယ်စုတစ်ခုလုံးမှာပင် ထိုလျှို့ဝှက်အတတ်ပညာကို တတ်မြောက်ထားသူများက အလွန်ရှားပါးသည်။ အထူးသဖြင့် မြေခွေးမျိုးနွယ်စုထဲ၌ ကိုယ့်အမျိုးအနွယ်မဟုတ်သော တခြားမျိုးနွယ်စုများကို ထိုလျှို့ဝှက်အတတ်ပညာ မသင်ကြားပေးရန် တင်းကျပ်စွာ တားမြစ်ထားသည်။
သီရှီထျန်က မျက်လုံးမှေးကျဉ်းလိုက်သည်။ သူက ချက်ချင်း ပြန်မပြောပေ။
ရှောင်ပိုင်သည် ဘေး၌ စိတ်ဝင်တစား နားထောင်နေသည်။ သူက အလွန်လိမ္မာပြီး သီရှီထျန်နှင့် ပိုင်ဟူ၏ စကားဝိုင်းကို လုံးဝ ဝင်မနှောင့်ယှက်ခဲ့ပေ။ ယခု ကိစ္စများက ဤအခြေအနေထိ ရောက်လာသည့်အခါ သူက ပိုင်ဟူကို အသနားခံသော အကြည့်ဖြင့် ကြည့်လိုက်ပြီး ပြောသည်။
“ အမပိုင်ဟူ… ကျေးဇူးပြုပြီး ငါ့အကိုကို ကူညီပေးပါ ”
“ ရှောင်ပိုင်… နောက်ထပ် ပြောစရာမလိုဘူး ”
သီရှီထျန်က ရှောင်ပိုင်၏ စကားကို ကြားဖြတ်ဝင်ပြောလိုက်ပြီး ပိုင်ဟူကို တည်ကြည်လေးနက်စွာ ကြည့်လိုက်သည်။
“ အဲ့ဒီလျှို့ဝှက်အတတ်ပညာကို မင်းငါ့ကို သင်ကြားပေးမယ်ဆိုရင် အနာဂတ်မှာ မင်းအတွက် ကိစ္စတစ်ခု ငါလုပ်ဆောင်ပေးမယ်လို့ ကတိပေးတယ်… အဲ့ဒါက ငါ့ရဲ့ မူဝါဒကို မချိုးဖောက်ဘူးဆိုရင် ဓားတောင်ကိုပဲ ကျော်ရကျော်ရ မီးပင်လယ်ပဲ ဖြတ်ရဖြတ်ရ မဖြစ်ဖြစ်အောင် ငါလုပ်ဆောင်ပေးမယ် ”
သူ၏ လေသံက အလွန်လေးနက်သည်။
ယောင်္ကျားကောင်းတို့မည်သည် ကတိကို လွယ်လွယ်မပေးကြချေ။ သို့သော် ကတိပေးပြီးလျှင် ယင်းကို မဖြစ်ဖြစ်အောင် လုပ်ကြ၏။
သီရှီထျန်အတွက်တော့ သူ၏ ကတိစကားက သူ့အတွက် အလွန်တန်ဖိုးကြီးမားသောအရာ ဖြစ်သည်။ ထို့ကြောင့် သူ၏ အမူအရာနှင့် လေသံက ဖော်မပြနိုင်အောင် တည်ကြည်လေးနက်နေသည်။
“ ကောင်းပြီလေ… ငါသဘောတူတယ် ”
အံ့အားသင့်ဖွယ်ကောင်းစွာ ပိုင်ဟူက အလွယ်တကူ သဘောတူလိုက်သည်။ ဤသည်မှာ သူက စက်ကရာ ထိုသို့ပြောလာမည်ကို စောင့်ဆိုင်းနေသည့်အလားပင်။ စကားဆုံးသွားသည်နှင့် ပိုင်ဟူ၏ မျက်လုံးထဲမှာ ဉာဏ်များသောအလင်း ထွက်ပေါ်လာသည်။ သူက အဓိပ္ပာယ်လေးနက်စွာ ပြုံးလိုက်သည်။
ထို့နောက် ပိုင်ဟူသည် နောက်ထပ် အပိုစကားမဆိုတော့ဘဲ ‘ အံ့ဖွယ်လအသွင်ပြောင်းလဲခြင်း ’လျှို့ဝှက်အတတ်ပညာအကြောင်း သီရှီထျန်ကို ပြောပြလိုက်သည်။ ယင်းကို သီရှီထျန်က ဂရုတစိုက် နားထောင်သည်။
သီရှီထျန်သည် မိစ္ဆာကျင့်ကြံခြင်းလမ်းစဉ်ပေါ်မှာ ခြေချပြီးသူ ဖြစ်သည်။ ထို့ပြင် သူက မွေးရာပါဉာဏ်ထက်မြက်သူလည်း ဖြစ်သည်။ ထို့ကြောင့် သူက ပိုင်ဟူ၏ ရှင်းပြပေးမှုကို ဂရုတစိုက် နားထောင်နေစဉ် လျှို့ဝှက်အတတ်ပညာ၏ အနှစ်သာရကို ဖြည်းဖြည်းချင်း နားလည်သဘောပေါက်သွားသည်။
လက်စသတ်တော့ အံ့ဖွယ်လအသွင်ပြောင်းလဲခြင်း လျှို့ဝှက်အတတ်ပညာသည် လူအသွင်သဏ္ဍာန်သို့ ပြောင်းလဲရန်အလို့ငှာ လ၏ အံ့ဖွယ်ယင်စွမ်းအားကို ခန္ဓာကိုယ်အနှံ့သို့ ဖြည့်သွင်းပေးရသော ပညာရပ် ဖြစ်သည်။ ထို့ပြင် ထိုသို့လုပ်ဆောင်ရန် ကိုးရက်ကြာမြင့်လိမ့်မည်။ ကိုးဟူသော ကိန်းဂဏန်းသည် အန္တိမကို ရည်ရွယ်သည်။ တစ်နည်းဆိုရသော် တစ်စုံတစ်ယောက်သည် လရောင်ခြည်အောက်မှာ ကိုးရက်လုံးလုံး နှစ်ခြင်းမင်္ဂလာခံယူရလိမ့်မည်။
ယင်းက အမှန်တကယ် အံ့ဖွယ်ကောင်းသည်။
ပိုင်ဟူသည် သင်ကြားပေးပြီးနောက် သီရှီထျန်ကို စူးစိုက်ကြည့်လိုက်ပြီး လေးနက်စွာ ပြောသည်။
“ မှတ်ထားပါ… နင်ငါ့အပေါ် ကတိတစ်ခု အကြွေးတင်သွားပြီ ”
ထိုသို့ပြောပြီးနောက် သူက အနောက်လှည့်၍ လှိုဏ်ဂူအပြင်သို့ လျှောက်သွားသည်။ သီရှီထျန်က သူ့ကတိကို ပြန်ရုပ်သိမ်းသွားမည်ကို ပိုင်ဟူ မစိုးရိမ်ပေ။
အဘယ့်ကြောင့်ဆိုသော် သူက သီရှီထျန်၏ အကျင့်စရိုက်အကြောင်း ကောင်းကောင်း နားလည်ထားသည်။
ကျားရဲတောင်တန်းဒေသထဲမှာ သီရှီထျန်ကို သူစောင့်ကြည့်နေခဲ့ခြင်းက တမင်အချိန်ဖြုန်းနေခဲ့ခြင်း မဟုတ်ပေ။ သူက သီရှီထျန်၏ ကြီးပြင်းလာမှုကို မြင်တွေ့ခဲ့ပြီး သူ၏ အကျင့်စရိုက်ကို ယေဘုယျ နားလည်ထားသည်။ ထို့ပြင် ဤတစ်ကြိမ် ပြန်တွေ့ဆုံပြီးနောက် သီရှီထျန်က အမှန်တကယ် ကတိတည်သူဖြစ်ကြောင်း သူနားလည်သွားသည်။
ထို့ကြောင့် သီရှီထျန်က သူ့ကတိကို မဖြည့်ဆည်းပေးမည်ကို ပိုင်ဟူ မစိုးရိမ်ပေ။
သူက လှိုဏ်ဂူထဲမှ စိတ်အေးလက်အေး ထွက်သွားပြီး သူ့ကိုယ်ပိုင်လှိုဏ်ဂူဆီသို့ ပြန်သွားသည်။
“ ရှောင်ပိုင်… အခု မင်းက ငါ့ဆီကို ပြန်ရောက်လာပြီ… မင်းက မိစ္ဆာအသင်္ချေချိုင့်ဝှမ်းရဲ့ မင်းသမီးလေးဖြစ်ပြီး ဒီနေရာမှာ မင်းကို ဘယ်သူမှ အနိုင်ကျင့်ရဲမှာ မဟုတ်ဘူး… ဒါပေမဲ့ ငါမင်းကို အမြဲတမ်းတော့ မစောင့်ရှောက်ပေးနိုင်ဘူး… ဒါကြောင့် ငါမင်းကို ငါတို့ကျားမျိုးနွယ်စုရဲ့ မိစ္ဆာကျင့်စဉ်ဖြစ်တဲ့ ‘ ကျားဟိန်းသံ ’ကျင့်စဉ်ကို ငါသင်ကြားပေးမယ် ”
သီရှီထျန်သည် ပိုင်ဟူထွက်သွားသည်ကို ကြည့်လိုက်သည်။ သူက ပိုင်ဟူသင်ကြားပေးခဲ့သော အံ့ဖွယ်လအသွင်ပြောင်းလဲခြင်းကျင့်စဉ်ကို ချက်ချင်း မကျင့်ကြံပေ။ ယင်းအစား သူက ရှောင်ပိုင်ကို ကြည့်ပြီး တည်ကြည်လေးနက်စွာ ပြောသည်။
“ မင်းသာ ကြိုးစားလေ့ကျင့်မယ်ဆိုရင် အနာဂတ်မှာ မင်းလည်း ငါ့လို အစွမ်းထက်လာလိမ့်မယ် ”
ရှောင်ပိုင်သည် သူ၏ ညီမလေး ဖြစ်သည်။ ရှောင်ပိုင်ကို ကာကွယ်ပေးခြင်းသည် သူ၏ တာဝန်တစ်ရပ် ဖြစ်သည်။ သီရှီထျန်ကိုယ်၌လည်း သူ့ညီမလေးအား ကာကွယ်ပေးရသည်ကို သဘောကျသည်။ သို့သော်လည်း သူက ရှောင်ပိုင်ကို အမြဲတမ်း မကာကွယ်ပေးနိုင်ပေ။
ဤလောကတွင် ပညာရှင်အများကြီး ရှိသည်။ တောင်ပိုင်းမြေရိုင်းဒေသထဲတွင် သူက ရှောင်ပိုင်ကို ကာကွယ်ပေးနိုင်သည်။ သို့သော်လည်း အနာဂတ်တွင် ရှောင်ပိုင်အနားမှာ သူမရှိသည့်အခါ မည်သူက ရှောင်ပိုင်ကို ကာကွယ်ပေးမည်နည်း။ သူ့ကိုယ်ပိုင်စွမ်းအားကသာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်စောင့်ရှောက်ပေးနိုင်လိမ့်မည်။ ယင်းက သူ့ကို အမြဲတမ်း လုံခြုံမှုပေးနိုင်မည့်အရာ ဖြစ်သည်။
ထို့ပြင် အကယ်၍ ရှောင်ပိုင်က မကျင့်ကြံဘူးဆိုလျှင် သူက ဆယ်စုနှစ်အနည်းငယ်ခန့်သာ အသက်ရှင်နိုင်လိမ့်မည်။ သူက ရှောင်ပိုင်ကို ထိုသို့မခွဲခွာချင်ပေ။ သို့ဖြစ်၍ သူက ရှောင်ပိုင်ကို ကျင့်ကြံခြင်းအကြောင်း သင်ကြားပေးရန် စိတ်ဆုံးဖြတ်လိုက်သည်။
ရှောင်ပိုင်က မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး လေးနက်စွာ မေးသည်။
“ အကိုကြီး… ငါကျင့်ကြံမယ်ဆိုရင် အနာဂတ်မှာ မေမေနဲ့ ဒုတိယအကိုကို အကိုကြီးသွားကယ်တဲ့အခါ ငါလည်း လိုက်နိုင်မယ်မလား ”
“ ဒါပေါ့ ”
သီရှီထျန်က တုံ့ဆိုင်းမနေဘဲ ခေါင်းညိတ်လိုက်ပြီး ပြောသည်။
“ အနာဂတ်မှာ မင်းပိုပြီးသန်မာလာတဲ့အခါ အကိုကြီး ဘယ်နေရာကိုပဲသွားသွား မင်းကို ခေါ်သွားမယ်… မဟုတ်ရင် မင်းက ဒီချိုင့်ဝှမ်းထဲမှာပဲ အကိုကြီးပြန်လာတာကို စောင့်နေရလိမ့်မယ် ”
“ ကောင်းပြီ… ရှောင်ပိုင် ကျင့်ကြံချင်တယ်… အကိုကြီး ရှောင်ပိုင်ကို ဘယ်လိုကျင့်ကြံရမလဲ သင်ကြားပေးပါ ”
ရှောင်ပိုင်က မျက်လုံးဝင်းလက်သွားပြီး စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။
သီရှီထျန်က ရှောင်ပိုင်ကို သိမ်မွေ့ညင်သာစွာ ကြည့်လိုက်သည်။ သူက တုံ့ဆိုင်းမနေဘဲ ‘ ကျားဟိန်းသံ ’ကျင့်စဉ်အကြောင်း ရှောင်ပိုင်ကို ရှင်းပြလိုက်သည်။ ကျားဟိန်းသံကျင့်စဉ်သည် သူ၏ သွေးမျိုးဆက်အမွေအနှစ်ထဲမှာ ပါဝင်သော တစ်ခုတည်းသောကျင့်စဉ် ဖြစ်သည်။ ယင်းက ကျားမျိုးနွယ်စု ကျင့်ကြံရန် အသင့်တော်ဆုံးကျင့်စဉ် ဖြစ်သည်။ ယင်းက ကျင့်ကြံခြင်းလမ်းစဉ်အတွက် အခြေခံအုတ်မြစ်ချရန် အသင့်တော်ဆုံး ဖြစ်သည်။ တစ်စုံတစ်ယောက်မှာ ကျင့်ကြံခြင်းအတွေ့အကြုံရှိလျှင် ‘ ကျားဟိန်းသံ ’ကျင့်စဉ်အပေါ် သူ၏ နားလည်သဘောပေါက်မှုက ပိုပြီးနက်ရှိုင်းသွားလိမ့်မည်။
ရှင်းပြချိန်က တိုတောင်းသော်လည်း လက်တွေ့ကျင့်ကြံခြင်းသည်သာ အဓိက ဖြစ်သည်။ သို့ဖြစ်၍ သီရှီထျန်က ရှောင်ပိုင်၏ ခန္ဓာကိုယ်ထဲမှ ပထမဆုံးမရီဒျန်ကို ဖွင့်လှစ်ရန် သူ၏ မိစ္ဆာအာရုံဖြင့် ကူညီပေးလိုက်သည်။ ထို့ပြင် သူက ရှောင်ပိုင်၏ ခန္ဓာကိုယ်ထဲမှ ကြွက်သားများနှင့် ရိုးတွင်းခြင်ဆီကို သန့်စင်ပေးလိုက်ပြီး ကျင့်ကြံခြင်းအတွက် အခြေခံအုတ်မြစ်ချနိုင်ရန် ကူညီပေးလိုက်သည်။
သူက ကျင့်ကြံသူများထံမှ သိမ်းဆည်းထားသော ဆေးလုံးများကိုလည်း ထုတ်ပေးလိုက်သည်။ ယင်းတို့က ချီအားဖြည့်ဆေးလုံးများ၊ ရိုးတွင်းခြင်ဆီသန့်စင်ခြင်းဆေးလုံးများ အစရှိသည်တို့ ဖြစ်ကြသည်။ ယင်းတို့က ချီသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူများသာ အသုံးပြုနိုင်သော အဆင့်နိမ့်ဆေးလုံးများ ဖြစ်ကြသည်။
ထိုဆေးလုံးများ၏ အစွမ်းအာနိသင်က သူ့ကို ပိုင်ဟူပေးခဲ့သော စွမ်းအင်စုစည်းဆေးလုံးကို မယှဉ်နိုင်သော်လည်း ကျင့်ကြံခြင်းကို ယခုမှ စတင်မည့် ရှောင်ပိုင်အတွက်တော့ ယင်းတို့က အလွန်အသုံးဝင်သည်။ ယင်းတို့က သူ၏ ကျင့်ကြံခြင်းအမြန်နှုန်းကို တိုးမြှင့်ပေးနိုင်သည်။ ထို့ပြင် သူက သိုလှောင်အိတ်ထဲ၌ အမြဲတမ်း သိမ်းဆည်းထားသော မျောက်မင်းဝိုင်ကိုလည်း ထုတ်လိုက်သည်။ မျောက်မင်းဝိုင်သည် ကျင့်ကြံခြင်းတွင် စွမ်းအင်စုစည်းဆေးလုံးများထက် ပိုပြီးကောင်းမွန်သည်။
သူက ထိုပစ္စည်းများ၏ တန်ဖိုးကို ဂရုစိုက်မနေဘဲ ရှောင်ပိုင်ကို အကုန်ပေးလိုက်သည်။
သူ့မှာ ညီမလေးက ဤတစ်ယောက်တည်း ရှိသည်။ သို့ဖြစ်လေရာ သူ၏ ညီမလေးအပေါ် မည်သို့ကြောင့် ကပ်စေးနှဲရမည်နည်း။ သူက ပစ္စည်းကောင်းများကို ရှောင်ပိုင်အား အကုန်ပေးရန် မစောင့်နိုင်တော့ပေ။
မှန်ပေသည်။ ပိုင်ဟူ ဒဏ်ရာရထားကြောင်း သူသိပြီးနောက် ပိုင်ဟူကိုလည်း မျောက်မင်းဝိုင်သုံးပုလင်း သူပေးလိုက်သည်။ မျောက်မင်းဝိုင်သည် ဒဏ်ရာများကုသရာတွင်လည်း ကောင်းမွန်သော အကျိုးသက်ရောက်မှု ရှိသည်။ သီရှီထျန်က ကုချင်းသင်ယူရန် အလွန်ဆန္ဒစောနေလေရာ နောက်ထပ် တုံ့ဆိုင်းမနေပေ။
ဒုတိယမြောက်ညတွင် သူက အံ့ဖွယ်လအသွင်ပြောင်းလဲခြင်း လျှို့ဝှက်အတတ်ပညာအတိုင်း လစန္ဒာထံမှ အံ့ဖွယ်ယင်စွမ်းအင်ကို စုပ်ယူလိုက်သည်။ နောက်ကိုးရက်ကြာပြီးလျှင် လူသားအသွင်သဏ္ဍာန်သို့ သူပြောင်းလဲနိုင်ရန် မျှော်လင့်နေသည်။
… … …
အခန်း(၁၆၇)
“ ဖတ် ”
လင်းနန်မြို့တော်ထဲတွင် လီမိသားစုခေါင်းဆောင် လီကျီသည် သူ၏ ဘယ်လက်ကို သူ့ဘေးမှ ကုလားထိုင်၏ လက်တန်းပေါ်သို့ တင်လိုက်ကာ အားထည့်၍ ဖျစ်ညှစ်လိုက်သည်။ ဤသည်မှာ သူက ကုလားထိုင်၏ လက်တန်းကို တစ်စစီ ဆွဲဖြုတ်တော့မည့်အလားပင်။ သူက အံတင်းတင်းကြိတ်ထားပြီး သူ့မျက်နှာက ရုပ်ဆိုးအကျည်းတန်နေသည်။ သူ၏ အသားအရေက လူသေကောင်ပမာ ဖြူဖျော့နေသည်။
ခန်းဆောင်ထဲတွင် လီမိသားစု၏ အရေးကြီးပုဂ္ဂိုလ်များ စုဝေးရှိနေကြသည်။ သူတို့အားလုံးသည်လည်း မျက်နှာပျက်နေကြပြီး သွေးမရှိသကဲ့သို့ အသားအရေဖြူဖျော့နေကြသည်။ ထို့ပြင် သူတို့၏ မျက်လုံးထဲမှာ ကြောက်ရွံ့မှုအရိပ်အယောင် ရှိသည်။ ဤသည်မှာ မိုးကောင်းကင်ပြိုကျသွားသည့်အလားပင်။
လီကျီသည် ခန်းဆောင်ထဲမှ လူတိုင်းကို ကြည့်လိုက်ပြီး အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ နောက်ဆုံးမှာ သူက စကားပြောသည်။
“ အားလုံးပဲ… ဘိုးဘေးရဲ့ ဝိညာဉ်ကမ္ပည်းပြားက အက်ကွဲသွားပြီ ”
အမှန်တကယ်ပင် ထိုစကားက လီမိသားစုအတွက် မိုးကောင်းကင်ပြိုကျခြင်း ဖြစ်သည်။ ခန်းဆောင်ထဲမှ လေထုက ရုတ်တရက် တင်းကျပ်သွားသည်။
ဝိညာဉ်ကမ္ပည်းပြား… ။
ယင်းမှာ မသေမျိုးကျင့်ကြံသူတစ်ယောက်က သူ၏ နတ်ဘုရားစိတ်အာရုံအမျှင်တန်းတစ်ခုကို ဆွဲထုတ်၍ တမူထူးခြားသော ကျောက်စိမ်းပြားတစ်ခုထဲသို့ ထည့်သွင်းထားခြင်း ဖြစ်သည်။ ထိုသို့ကျောက်စိမ်းပြားကို ဝိညာဉ်ကမ္ပည်းပြားဟု ခေါ်ကြသည်။ ဝိညာဉ်ကမ္ပည်းပြား အကောင်းတိုင်း ရှိနေသေးသရွေ့ ထိုမသေမျိုးကျင့်ကြံသူက အသက်ရှင်နေလိမ့်မည်။ အကယ်၍ ဝိညာဉ်ကမ္ပည်းပြားက ရုတ်တရက် အက်ကွဲသွားသည်ဆိုလျှင် ယင်းက ဝိညာဉ်ကမ္ပည်းပြား၏ ပိုင်ရှင် အသက်သေဆုံးသွားပြီဟု အဓိပ္ပာယ်ရလိမ့်မည်။
ယခု လီမိသားစု၏ ဘိုးဘေး လီချန်းလန်၏ ဝိညာဉ်ကမ္ပည်းပြားက အပိုင်းပိုင်းအစစ အက်ကွဲသွားသည်။ ကျောက်စိမ်းပြားပေါ်တွင် မည်သည့်အလင်းရောင်တစ်မျှင်မှ မကျန်ရှိတော့ပေ။ ယင်း၏ ဆိုလိုရင်းက အလွန်ထင်ရှားသည်။
လီမိသားစု၏ ဘိုးဘေးက ကျဆုံးသွားပြီ။
လိမိသားစုသည် ကျင့်ကြံခြင်းလောက၏ ပထမတန်းစား မိသားစုဖြစ်သည်။ လီမိသားစု၏ အဓိကထောက်တိုင်သည် လီချန်းလန် ဖြစ်သည်။ အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်၏ အထောက်အပံ့မရှိလျှင် လင်းနန်တစ်မြို့လုံးက ဤနေရာမှာ နောက်ထပ် ရပ်တည်နိုင်လိမ့်မည် မဟုတ်ချေ။ အစွမ်းထက်ကျင့်ကြံသူတစ်ယောက်၏ ခြိမ်းခြောက်မှုမရှိလျှင် မည်သူက သူတို့၏ စကားကို နားထောင်ဦးမည်နည်း။ သို့ဖြစ်၍ ဤကိစ္စက မည်မျှအရေးကြီးကြောင်း စဉ်းစားကြည့်နိုင်၏။
“ အခု ငါတို့လီမိသားစု အရမ်းအန္တရာယ်များတဲ့ အခြေအနေကို ကျရောက်နေပြီ… ငါတို့ ဒီကပ်ဘေးမှာ အသက်ရှင်နိုင်မလားဆိုတာ မင်းတို့အပေါ်မှာ မူတည်နေပြီ… ငါတို့ဘိုးဘေး သေဆုံးသွားပြီဆိုတဲ့သတင်း အပြင်ကို ပျံ့နှံ့သွားလို့ လုံးဝ မဖြစ်ဘူး ”
လီကျီက ကိုယ့်ကိုယ်ကိုယ် စိတ်တည်ငြိမ်စွာ ထားလိုက်ပြီး လေးနက်စွာ ပြောသည်။
“ ဒါကြောင့် ငါဆုံးဖြတ်ချက်ချလိုက်ပြီ… နောက်သုံးနှစ်မှာ လီမိသားစုရဲ့ အကြီးအကဲတွေအားလုံး တံခါးပိတ်ကျင့်ကြံခြင်း ဝင်ရောက်ရမယ်… မင်းတို့ထဲက တစ်ယောက်ယောက်ဆီမှာ အမြူတေဖွဲ့စည်းခြင်းနယ်ပယ်ဆီ အဆင့်ချိုးဖြတ်တော့မယ့် လက္ခဏာတွေ ပေါ်လာမယ်ဆိုရင် ငါတို့မိသားစုရဲ့ အရင်းအမြစ်အားလုံးကို အသုံးပြုပြီး အဲ့ဒီလူကို ပျိုးထောင်ပေးမယ်… အချိန်တိုလေးအတွင်း အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူ နောက်တစ်ယောက် ထွက်ပေါ်လာမှ ဖြစ်မယ်… မဟုတ်ရင် ငါတို့လီမိသားစုနဲ့ လင်းနန်းမြို့တော်က လုံးဝ အဆုံးသတ်သွားလိမ့်မယ် ”
သန်စွမ်းသော ကျင့်ကြံသူတစ်ယောက်သည် အဖွဲ့အစည်းတစ်ခု၏ အကျိုးစီးပွားအတွက် အလွန်အရေးကြီးသည်။ လီမိသားစု လင်းနန်မြို့တော်ထဲမှာ ရပ်တည်နေနိုင်သည့် အကြောင်းအရင်းက သူတို့ဆီမှာ အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက် ရှိနေသောကြောင့်ပင်။ လင်းနန်မြို့တော်ထဲမှာ ပြဿနာရှာချင်သူများသည် နောက်ဆက်တွဲအနေဖြင့် အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်၏ အမျက်ဒေါသကို တွေ့ကြုံကြရလိမ့်မည်။
ထို့ပြင် လင်းနန်မြို့တော်ထဲ၌ နေထိုင်သူများတွင် အများစုက တစ်ကိုယ်တော်လေလွင့်ကျင့်ကြံသူများ ဖြစ်ကြသည်။ ကျင့်ကြံခြင်းမိသားစုငယ်များသည် လီမိသားစုကဲ့သို့ ပထမတန်းစား ကျင့်ကြံခြင်းမိသားစုကို ရန်မပြုဝံ့ကြချေ။
သို့သော်လည်း ယခု ကွဲပြားခြားနားသွားသည်။
အကယ်၍ လီချန်းလန် သေဆုံးသွားသည့် သတင်းက ပျံ့နှံ့သွားမည်ဆိုလျှင် လီမိသားစုကို ခြေနင်းကျောက်တုံးအဖြစ် အသုံးပြုချင်ကြသော ရန်သူများနှင့် ပြိုင်ဘက်မိသားစုများက ဝမ်းသာပျော်ရွှင်သွားကြလိမ့်မည်။ သူတို့က လီမိသားစုကို ဖျက်ဆီးပြီး လင်းနန်မြို့တော်ကို သိမ်းပိုက်ကြလိမ့်မည်။
ထိုသို့အခြေအနေမျိုးမှာ သူတို့သည် ဘိုးဘေးသေဆုံးသွားသည့်အတွက် ဝမ်းနည်းမနေနိုင်ပေ။ လီချန်းလန်၏ သေဆုံးမှုသတင်းကို ပိတ်ပင်ထားပြီး အချိန်တိုလေးအတွင်းမှာ နောက်ထပ် အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက် ပေါ်ထွက်လာရန် ကြိုးစားရမည်။ ထိုနည်းလမ်းဖြင့်သာ သူတို့က ပြန်လည်နာလန်ထူနိုင်လိမ့်မည်။ သို့မဟုတ်လျှင် သူတို့က အမြစ်ဖြတ်ဖျက်ဆီးခံရလိမ့်မည်။
လီမိသားစု၏ ခေါင်းဆောင်ဖြစ်သော လီကျီက လီမိသားစု၏ လက်ရှိအခြေအနေကို မည်သို့ကြောင့် မသိဘဲနေမည်နည်း။ ထို့ကြောင့် သူက လီချန်းလန်၏ သေဆုံးမှုကို မိသားစုထဲမှ အယုံကြည်ရဆုံး အကြီးအကဲများကိုသာ ပြောပြသည်။ ထိုနည်းဖြင့်ဆိုလျှင် သူက လီချန်းလန်၏ သေဆုံးမှုအကြောင်းကို ပိတ်ပင်ထားနိုင်လိမ့်မည်။ ထို့ပြင် ယင်းက လီမိသားစုဝင်များ၏ မြှုပ်ကွယ်နေသော အလားအလာကို နိုးကြားစေနိုင်လိမ့်မည်။
ဤနေရာမှာ ရှိနေကြသော အကြီးအကဲများသည် အခြေတည်နယ်ပယ် ကျင့်ကြံသူများ ဖြစ်ကြသည်။ လီမိသားစု၏ လက်ရှိအခြေအနေအရ သူတို့သည် အခြေတည်နယ်ပယ်၏ အတားအဆီးကို မဖြစ်မနေ ချိုးဖြတ်ရန် ကြိုးစားကြရတော့မည်။ ရွှေအမြူတေကို ဖွဲ့စည်းပြီး အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံခြင်းသို့ ဝင်ရောက်နိုင်မှသာလျှင် ဤတစ်ကြိမ်ကပ်ဘေးကို သူတို့ကျော်လွှားနိုင်ကြလိမ့်မည်။
“ ဟုတ်ကဲ့ပါ ခေါင်းဆောင် ”
အကြီးအကဲအားလုံးက လေးနက်သော အမူအရာဖြင့် တုံ့ပြန်လိုက်ကြသည်။ သူတို့က လီမိသားစုနှင့်အတူ ကြီးပြင်းလာသူများ ဖြစ်ကြသည်။ သူတို့က လီမိသားစု၏ တိုက်ရိုက်မျိုးဆက်များ ဖြစ်ကြသည်။ သို့ဖြစ်၍ လီမိသားစု ကျရှုံးသွားလျှင် သူတို့သည်လည်း အဆုံးသတ်မကောင်းနိုင်ကြောင်း သိရှိထားကြသည်။
“ အားလုံးပဲ… ငါတို့လီမိသားစုက အဆိုးဝါးဆုံးအခြေအနေကို ရောက်နေပြီ… ဘိုးဘေးရဲ့ သေဆုံးမှုက ဒီနေ့ကစပြီး မိသားစုရဲ့ ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်သွားပြီ… ဘယ်သူမှ အဲ့ဒီအကြောင်းကို အပြင်လူတွေရှေ့မှာ မပြောရဘူး… အပြင်လူတွေ မေးရင် ဘိုးဘေးက ဝိညာဉ်သန္ဓေတည်နယ်ပယ်ကို ချိုးဖြတ်ဖို့ တံခါးပိတ်ကျင့်ကြံနေတယ်လို့ ပြောပါ… တကယ်လို့ ဘိုးဘေးရဲ့ သေဆုံးမှုအကြောင်း အပြင်လောကကို တစ်ခွန်းတစ်လေ ပေါက်ကြားသွားမယ်ဆိုရင်… ”
လီကျီက ဘေးပတ်ဝန်းကျင်ကို အေးတိအေးစက် ကြည့်လိုက်သည်။ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ ငါတို့လီမိသားစုက အဲ့ဒီလူကို သတ်ပြီး ဝိညာဉ်ကို ဖျက်ဆီးဖို့ ဘာမဆိုလုပ်ပစ်မယ် ”
“ စိတ်ချပါ ခေါင်းဆောင်… ဒီအကြောင်းကို ကျုပ်တို့တွေ ဘာတစ်ခွန်းမှ မဟပါဘူး ”
သူတို့က လီမိသားစု၏ အဓိကထောင့်တိုင်များ ဖြစ်ကြသည်။ သို့ဖြစ်၍ လီမိသားစုအပေါ် သူတို့၏ သစ္စာရှိမှုကို မေးခွန်းထုတ်ရန် မလိုပေ။
လီချန်းလန်၏ သေဆုံးမှုသတင်းကို သူတို့ကြားလိုက်ရသည့်အခါ လီမိသားစု၏ အဆိုးဝါးဆုံးအချိန်က ရောက်လာပြီဖြစ်ကြောင်း သူတို့သိလိုက်ကြသည်။ ဤကပ်ဘေးကို သူတို့ကျော်လွှားနိုင်မည် မကျော်လွှားနိုင်မည်က နှစ်အနည်းငယ်အတွင်း နောက်ထပ် အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက် ပေါ်ထွက်လာမည်လောဆိုသည့် မေးခွန်းပေါ်မှာ မူတည်နေသည်။ ဘိုးဘေး၏ သေဆုံးမှုအကြောင်း သတင်းမပျံ့သွားခင် အမြူတေဖွဲ့စည်းခြင်းနယ်ပယ် နောက်ထပ် ကျင့်ကြံသူတစ်ယောက် ပေါ်ထွက်လာမည်ဆိုလျှင် သူတို့က ဤကပ်ဘေးကို တောင့်ခံနိုင်လိမ့်မည်။ လီမိသားစု ယခင်အခြေအနေသို့ ပြန်ရောက်သွားရန် အချိန်ကာလတစ်ခုသာ လိုအပ်လိမ့်မည်။
အကယ်၍ သူတို့က ထိုသို့မလုပ်ဆောင်နိုင်လျှင် လီမိသားစုက ပထမတန်းစား ကျင့်ကြံခြင်းမိသားစုအဆင့်မှ ပြုတ်ကျသွားလိမ့်မည်။ သူတို့က ဒုတိယတန်းစား သို့မဟုတ် အဆင့်အနိမ့်ဆုံးသို့ပင် ကျဆင်းသွားနိုင်သည်။
“ ကောင်းပြီ… လာမယ့်နှစ်တွေမှာ လီမိသားစုရဲ့ ကျင့်ကြံခြင်းအရင်းအမြစ်အားလုံးကို မင်းတို့ကို ပေးမယ်… အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက် ပေါ်ထွက်လာသရွေ့ ငါတို့လီမိသားစု ဆက်ပြီး တည်ရှိနိုင်လိမ့်မယ် ”
လီကျီက အများကြီး မပြောပေ။ သူက စကားဆုံးသည်နှင့် လက်ဝှေ့ယမ်းလိုက်ပြီး ခန်းဆောင်ထဲမှ လူအားလုံးကို အပြင်သို့ ထွက်သွားရန် အချက်ပေးလိုက်သည်။
တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြသည်။ နောက်ဆုံးမှာ လီကျီတစ်ယောက်တည်း ခန်းဆောင်ထဲမှာ ကျန်နေခဲ့သည်။ သူက ထိုင်ခုံပေါ်မှာ ထိုင်ချလိုက်ပြီး သူ၏ ညာလက်ကို ဆန့်ထုတ်လိုက်သည်။ သူက ညာလက်ဖဝါးကို မိန်းမောတွေဝေစွာ စိုက်ကြည့်နေသည်။ သူ၏ ညာလက်ဖဝါးပေါ်တွင် ကျောက်စိမ်းအပိုင်းအစများ ရှိသည်။
ထိုကျောက်စိမ်းအပိုင်းအစများကို အတူတကွ ဆက်လိုက်မည်ဆိုလျှင် ပြီးပြည့်စုံသော ဝိညာဉ်ကမ္ပည်းပြားတစ်ခုကို ရရှိလိမ့်မည်။ ပျက်စီးနေသော ထိုဝိညာဉ်ကမ္ပည်းပြားသည် လီချန်းလန်၏ ဝိညာဉ်ကမ္ပည်းပြားမှလွဲ၍ တခြားမဟုတ်ပေ။ ယခု ဝိညာဉ်ကမ္ပည်းပြားက အစိတ်စိတ်အမွှာမွှာ ဖြစ်နေပြီး မည်သည့်အလင်းရောင်မှ မရှိတော့ပေ။
ယင်းတို့ကို အတူတကွ ပြန်ဆက်မည်ဆိုလျှင်ပင် မည်သည့်အကျိုးသက်ရောက်မှုမှ မရှိနိုင်ပေ။
သူ့လက်ထဲမှ ကျောက်စိမ်းအပိုင်းအစများကို ကြည့်နေစဉ် လီကျီ၏ မျက်လုံးထဲမှာ နက်ရှိုင်းသော အမုန်းတရား ထွက်ပေါ်လာသည်။ သူက အံတင်းတင်းကြိတ်၍ စကားတစ်လုံးချင်းစီကို လေးနက်စွာ ပြောသည်။
“ တောင်ပိုင်းမြေရိုင်းဒေသ… မိစ္ဆာကျား… မင်းကြောင့် ငါတို့လီမိသားစု အခုလို ဆုံးရှုံးမှုကြီးနဲ့ တွေ့ကြုံခဲ့ရတာ… တကယ်လို့ ငါ့ရဲ့ လီမိသားစု တစ်နေ့ နာလန်ပြန်ထူလာနိုင်တဲ့အခါ ငါတို့ လက်စားပြန်ချေမယ်… ဒီရန်ငြိုးကို ငါတို့ သေချာပေါက် ပြန်ဆပ်ရမယ်… ဆုံးရှုံးမှုက ကြီးမားမယ်ဆိုရင်တောင် တောင်ပိုင်းမြေရိုင်းဒေသကို ငါတို့မြေလှန်ပစ်မယ် ”
လီကျီက ရက်စက်ကြမ်းကြုတ်သော အမူအရာဖြင့် ပြောသည်။
သူ့နှလုံးသားထဲမှ အမုန်းတရားက မည်မျှကြီးမားကြောင်း ပါးစပ်မှ ပြောပြနေရန် မလိုပေ။ မြစ်တစ်စင်းဖြင့် ဆေးကြောလျှင်ပင် သူ့နှလုံးသားထဲမှ အမုန်းတရားက မပျောက်ကွယ်သွားနိုင်ပေ။
… … …
ချူတိုင်းပြည်၏ နန်းမြို့တော်… ။
ချူမိသားစု၏ စံအိမ်တော်ထဲတွင်… ။
ချူမိသားစု၏ ခေါင်းဆောင်တစ်ဖြစ်လဲ ချူတိုင်းပြည်၏ ဘုရင်ဖြစ်သော ချူထျန်းရှင်းက အနက်ရောင်မြူခိုးထုဖြင့် ရစ်သိုင်းနေသော လူတစ်ယောက်၏ အရှေ့မှာ မတ်တတ်ရပ်နေသည်။ ထိုပုဂ္ဂိုလ်က ရပ်နေသော်လည်း ချူထျန်းရှင်းအပေါ် သူ၏ ရိုသေလေးစားမှုကို ဖော်ပြရန် ကိုယ်ကို အရှေ့သို့ အနည်းငယ် ကိုင်းညွတ်ထားသည်။
“ အမှောင်အကျဉ်းသား… လီမိသားစုရဲ့ ဘိုးဘေး မြေခွေးအိုလီချန်းလန်က တောင်ပိုင်းမြေရိုင်းဒေသထဲမှာ ကျဆုံးသွားပြီလို့ မင်းပြောလိုက်တာလား… ငါမှတ်မိသလောက်ဆိုရင် အဲ့ဒီမြေခွေးအိုလီချန်းလန်က အမြူတေဖွဲ့စည်းခြင်းနယ်ပယ်ကို ရောက်ပြီးကတည်းက အရေးကြီးကိစ္စမရှိရင် အပြင်ထွက်လေ့မရှိတော့ဘူး… သူက တကယ်ပဲ တောင်ပိုင်းမြေရိုင်းဒေသထဲမှာ ကျဆုံးသွားပြီလား ”
ချူထျန်းရှင်းက ဂုဏ်သိက္ခာကြီးမြတ်သော အရှိန်အဝါကို ထုတ်လွှတ်ထားသည်။ ယင်းက သာမန်မေးခွန်းဖြစ်သော်လည်း သူ့ပါးစပ်ထဲမှ ထိုစကား ထွက်ပေါ်လာသည့်အခါ ခန်းမထဲ၌ ကြီးမားသော ဖိအားတစ်ခု ဖြစ်ပေါ်လာသည်။
အမှောင်အကျဉ်းသားက အက်ရှရှအသံဖြင့် ရိုသေလေးစားစွာ ပြန်ပြောသည်။ ထိုအက်ရှမှုက အနည်းငယ် ထူးဆန်းသည်။ တခြားလူများသည် သူ၏ အသံမှတဆင့် မည်သည့်စိတ်ခံစားချက်ကိုမှ ခံစားရလိမ့်မည် မဟုတ်ချေ။ ဤသည်မှာ သူက စိတ်ခံစားချက်မရှိသော အေးစက်စက် သံမဏိတုံး ဖြစ်သည့်အလားပင်။ သူ့အသံကို ကြားရသည့်အခါ နှလုံးသားထဲ၌ အေးစက်သောခံစားမှု သဘာဝအလျောက် ဖြစ်ပေါ်လာလိမ့်မည်။
“ အရှင် အမိန့်ပေးပြီးကတည်းက ကျုပ်တို့တွေ တောင်ပိုင်းမြေရိုင်းဒေသကို အာရုံစိုက်ခဲ့ကြပါတယ်… တောင်ပိုင်းမြေရိုင်းဒေသက မိစ္ဆာမျိုးနွယ်စုရဲ့ အင်အားကို သုံးသပ်ဖို့ ကျုပ်ကိုယ်တိုင် အဲ့ဒီကို သွားခဲ့ပါတယ်… ဒါပေမဲ့ တောင်ပိုင်းမြေရိုင်းဒေသဆီ ကျုပ်မဝင်ရောက်ခင်မှာ လီချန်းလန်က သူ့ရဲ့ လွင့်မျောတိမ်လှေနဲ့အတူ တောင်ပိုင်းမြေရိုင်းဒေသထဲ အလျင်စလို ဝင်ရောက်သွားတာ မြင်လိုက်ပါတယ်… အဲ့ဒီနောက် သူက ဘယ်တော့မှ ပြန်ထွက်မလာတော့ပါဘူး ”
အမှောင်အကျဉ်းသား၏ အက်ရှရှအသံက တင်းမာနေသည်။ သူက ဆက်ပြောသည်။
“ အဲ့ဒီအချိန်တုန်းက တောင်ပိုင်းမြေရိုင်းဒေသထဲမှာ မိုးခြိမ်းသံတွေ ဆက်တိုက် မြည်ဟိန်းနေပါတယ်… ကျုပ်အထင်မမှားရင် တောင်ပိုင်းမြေရိုင်းဒေသထဲက မိစ္ဆာသားရဲတစ်ကောင်က အသွင်သဏ္ဍာန်ပြောင်းလဲခြင်း ကပ်ဘေးဒုက္ခကို ဖြတ်ကျော်နေတာ ဖြစ်ရပါမယ်… အဲ့ဒီကို အလွယ်တကူ မချဉ်းကပ်သွားရဲတာကြောင့် အဝေးကနေပဲ ကျုပ်စောင့်ကြည့်ခဲ့ပါတယ် ”
“ ဒါပေမဲ့ တောင်ပိုင်းမြေရိုင်းဒေသထဲက မိစ္ဆာသားရဲဘုရင်တွေက သာမန်မိစ္ဆာသားရဲတစ်ကောင်ထက် အဆပေါင်းအများကြီး ပိုသန်မာတာကို ကျုပ်မြင်လိုက်ပါတယ်… သူတို့က အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်နဲ့ တိုက်ခိုက်ရင်တောင် အချိန်တစ်ခဏအထိ လက်ရည်ညီမျှနိုင်ပါတယ်… ဒါ့အပြင် အခု တောင်ပိုင်းမြေရိုင်းဒေသထဲမှာ အစစ်အမှန်မိစ္ဆာတစ်ကောင် ပေါ်ထွက်လာပါပြီ… တောင်ပိုင်းမြေရိုင်းဒေသကို အမြန်ဆုံး နှိမ်နင်းဖို့ ကျုပ်တောင်းဆိုပါတယ်… မဟုတ်ရင် အဲ့ဒါက အနာဂတ်မှာ ဖြေရှင်းရခက်ခဲတဲ့ ပြဿနာတစ်ခုဖြစ်လာမှာ ကျုပ်စိုးရိမ်ပါတယ် ”
အမှောင်အကျဉ်းသားက နောက်ဆုံးစကားကို ပြောလိုက်သည့်အခါ သူ့မျက်လုံးထဲ၌ သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ထွက်ပေါ်လာသည်။ သူ၏ အမူအရာက ရက်စက်ခက်ထန်သွားသည်။
“ မဖြစ်ဘူး ”
မမျှော်လင့်ထားစွာပင် ချူထျန်းရှင်းက ခေါင်းခါလိုက်ပြီး ငြင်းပယ်လိုက်သည်။
“ အခု ငါတို့ချူမိသားစုရဲ့ အင်အားနဲ့ အရင်းအမြစ်အားလုံးကို နောက်သုံးနှစ်နေရင် ဖွင့်လှစ်မယ့် ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေအတွက် ရင်းနှီးမြှုပ်နှံထားတယ်… ငါတို့မှာ အင်အားအပိုမရှိဘူး… တောင်ပိုင်းမြေရိုင်းဒေသရဲ့ ကိစ္စက အရေးကြီးတယ်ဆိုရင်တောင် အဲ့ဒါက ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေနဲ့ယှဉ်ရင် ဘာမှမဟုတ်ပါဘူး… ဒီသုံးနှစ်အတွင်းမှာ ချူမိသားစုတစ်ခုလုံးက လျှို့ဝှက်နယ်မြေဆီသွားမယ့် ခရီးစဉ်ကိုပဲ ပထမ ဦးစားပေးရမယ်… တခြားကိစ္စတွေကို ခဏဘေးချိတ်ထားမယ် ”
သူ၏ အသံထဲမှာ မေးခွန်းမထုတ်နိုင်သော ပြတ်သားမှု ရှိ၏။ ဤသည်မှာ သူ၏ ဆုံးဖြတ်ချက်ကို မည်သူမှ မပြောင်းလဲနိုင်သည့်အလားပင်။
“ အမိန့်တော်အတိုင်းပါ ”
ယင်းကို အမှောင်အကျဉ်းသား ကြားသောအခါ သူက တုံ့ဆိုင်းမနေဘဲ ပြန်ဖြေလိုက်သည်။
အခန်း(၁၆၈)
ချူထျန်းရှင်းက အမှောင်အကျဉ်းသားကို ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။
“ အမှောင်အကျဉ်းသား… မင်း ဒီသုံးနှစ်အတွင်းမှာ အမှောင်စစ်သည်တော်တွေကို သေချာလေ့ကျင့်ပေးပါ… ဒဏ္ဍာရီတွေထဲမှာ ဖော်ပြထားတာက ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေထဲမှာ ကောင်းကင်ဘုံစေတီတစ်ဆူ ရှိတယ်… အဲ့ဒီစေတီထဲမှာ မိုးမြေရဲ့ လျှို့ဝှက်ချက်တွေ ရှိတယ်… အဲ့ဒါကို ရရှိမယ်ဆိုရင် မင်းက ဒီလောကရဲ့ အစွမ်းထက်ဆုံးအင်အားစုကို တည်ဆောက်နိုင်လိမ့်မယ်… အဲ့ဒါက အမှန်ဟုတ်ဟုတ် မဟုတ်ဟုတ် စေတီက ငါတို့လက်ထဲကို သေချာပေါက် ရောက်လာရမယ်… တကယ်လို့ အဲ့ဒါကို ငါတို့မရဘူးဆိုရင်တောင် တခြားလူတွေ ရသွားလို့ လုံးဝ မဖြစ်ဘူး ”
ထိုကောလဟာလသည် ခရမ်းရွှေကုန်းမြေထဲ၌ ပျံ့နှံ့နေသည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်၏။ ထိုစေတီက ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေ၏ စစ်မှန်သော ရတနာဖြစ်သည်ဟု ပြောကြသည်။ ယင်းကို တစ်စုံတစ်ယောက်က ရရှိသွားမည်ဆိုလျှင် မည်သူမှ မယှဉ်နိုင်သော အထွတ်အမြတ်နယ်ပယ်ဆီသို့ ချိုးဖြတ်နိုင်လိမ့်မည်။
လွန်ခဲ့သော နှစ်တစ်ထောင်ခန့်တွင် အခြေတည်နယ်ပယ်မှာသာ ရှိသေးသော ကျင့်ကြံသူတစ်ယောက်က ကံအကြောင်းတိုက်ဆိုင်မှုကြောင့် စေတီထဲသို့ ဝင်ရောက်နိုင်သွားခဲ့သည်။ သူပြန်ထွက်လာသည့်အခါ သူ၏ ကျင့်ကြံခြင်းအခြေခံက ဝိညာဉ်သန္ဓေတည်နယ်ပယ်ဆီသို့ ဝင်ရောက်သွားပြီးပြီ ဖြစ်၏။ ထို့နောက် နောင်နှစ်တစ်ထောင်အတွင်းမှာ သူက ဆက်တိုက် အဆင့်ချိုးဖြတ်သွားပြီး ကပ်ဘေးဒုက္ခကို အောင်မြင်စွာ ကျော်လွှားကာ အမတတစ်ပါး ဖြစ်လာခဲ့သည်။
ထိုကိစ္စက ခရမ်းရွှေကုန်းမြေထဲမှာ တွင်ကျယ်စွာ ပျံ့နှံ့သွားသည်။ ထို့ကြောင့် ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေ ဖွင့်လှစ်သည့်အခါတိုင်း ခရမ်းရွှေကုန်းမြေထဲမှာ မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာလေ့ ရှိသည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများက လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်သွားကြသည်။ သူတို့က ဒုတိယမြောက် ကံကောင်းမည့်လူ ဖြစ်လာရန် မျှော်လင့်နေကြသည်။
ကံမကောင်းစွာပင် နှစ်ပေါင်းများစွာ ကြာသွားသည့်တိုင် ထိုကံကြမ္မာကောင်းကို နောက်ထပ် မည်သူမှ မရရှိခဲ့ကြပေ။ သို့တိုင် စေတီထဲသို့ အပြေးအလွှား ဝင်ရောက်သွားကြသူများက ပင်လယ်ကြီးတမျှ များပြားနေဆဲပင်။
“ ဟုတ်ကဲ့ပါ… အမှောင်စစ်သည်တော်တွေကို သေချာလေ့ကျင့်ပေးထားပါတယ်… အရှင် အမိန့်ပေးလိုက်တာနဲ့ အမှောင်စစ်သည်တော်တွေက ဓားတောင်ကိုပဲ ကျော်ရကျော်ရ မီးပင်လယ်ကိုပဲ ဖြတ်ရဖြတ်ရ လုံးဝ တုံ့ဆိုင်းနေမှာ မဟုတ်ပါဘူး… ဒါ့အပြင် အမှောင်အကျဉ်းထောင်အန္တိမဝင်္ကပါကို လေ့ကျင့်နေတာ နောက်ပိုင်းအဆင့်ကို ရောက်နေပါပြီ… တစ်စုံတစ်ယောက်က အမှောင်အကျဉ်းထောင်အန္တိမဝင်္ကပါနဲ့ လွှမ်းခြုံခံရမယ်ဆိုရင် သူက ဝိညာဉ်သန္ဓေတည်နယ်ပယ် တန်ခိုးရှင်ဆိုရင်တောင် ဝင်္ကပါထဲမှာ သေဆုံးသွားရပါမယ် ”
အမှောင်အကျဉ်းသား၏ မျက်လုံးထဲ၌ အလွန်အားကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ထွက်ပေါ်လာသည်။ သူ့စကားက တခြားလူများကို ပါးစပ်အဟောင်းသားဖြစ်စေပြီး နှလုံးတုန်ယင်သွားစေရန် လုံလောက်သည်။
ဝိညာဉ်သန္ဓေတည်နယ်ပယ် တန်ခိုးရှင်တစ်ယောက်ကို သတ်ဖြတ်နိုင်သည့် ဝင်္ကပါ… ။
ထိုသို့ဝင်္ကပါက အလွန်ကြောက်စရာကောင်းပေသည်။
“ အင်း… ကောင်းပြီ… မင်းထွက်သွားနိုင်ပြီ ”
“ အမိန့်တော်အတိုင်းပါ ”
အမှောင်အကျဉ်းသားက ပြန်ဖြေသည်။ သူ့ဘေးပတ်ဝန်းကျင်မှ အနက်ရောင်မြူခိုးထုက တအိအိလှုပ်ခတ်သွားသည့်အခါ သူက ခန်းဆောင်ထဲမှ တိတ်တဆိတ် ပျောက်ကွယ်သွားသည်။ ဤသည်မှာ သူက ခန်းဆောင်ထဲမှာ တစ်ခါမှ မထွက်ပေါ်လာခဲ့သည့်အလားပင်။ ယင်းက အလွန်အံ့ဖွယ်ကောင်းသည်။
… … …
မိစ္ဆာအသင်္ချေချိုင့်ဝှမ်းထဲမှ ရေတံခွန်ပေါ်တွင်… ။
ကြီးမားသော တောင်အစွန်းတစ်ခု ရှိသည်။ တောင်အစွန်းပေါ်မှ ကျောက်တုံးကြီးတစ်ခုပေါ်တွင် ဧရာမကျားနက်တစ်ကောင်က ရပ်နေသည်။ အနက်ရောင်မိစ္ဆာချီက သူ၏ ခန္ဓာကိုယ်ပေါ်မှ မွေးညင်းပေါက်များထဲမှ အဆက်မပြတ် စိမ့်ထွက်နေသည်။ သူ့ခန္ဓာကိုယ်၏ အပြင်ဘက်တွင် မိစ္ဆာချီက အနက်ရောင်မြူခိုးထုပမာ သိပ်သည်းနေပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို အပြည့်အဝ ဖုံးအုပ်ထားသည်။
လေတိုးဝှေ့မှုကြောင့် မိစ္ဆာမြူခိုးက တအိအိလှုပ်ခတ်သွားသည့်အခါ မြူခိုးထဲ၌ သီရှီထျန်၏ ပုံရိပ်က မထင်မရှား ထွက်ပေါ်လာသည်။ ယင်းက အလွန်ထူးဆန်းသည်။
“ ဟူး ”
“ ဟူး ”
သူက အသက်ရှူသွင်းရှူထုတ်ခြင်းကို စည်းချက်မှန်စွာ ပြုလုပ်နေသည်။ သူက ကောင်းကင်ပေါ်မှ လစန္ဒာကို မျက်နှာမူထားရင်း အသက်ရှူသွင်းရှူထုတ်ခြင်းကို ပြုလုပ်နေသည်။ သူ၏ ဦးခေါင်းပေါ်မှ ကောင်းကင်ယံတွင် ငွေရောင်အလင်းတန်းအမျှင်များက ဆက်တိုက် ထွက်ပေါ်နေပြီး သီရှီထျန်၏ နေရာဆီသို့ အမြန်ကျဆင်းလာနေသည်။
ယင်းက နေနှင့်လ၏ အနှစ်သာရ ဖြစ်သည်။ သို့သော်လည်း ဤတစ်ကြိမ် နေနှင့်လ၏ အနှစ်သာရက ယခင်သူစုပ်ယူခဲ့သော အနှစ်သာရနှင့် ကွဲပြားခြားနားသည်။ ယခင်သူစုပ်ယူခဲ့စဉ်က ငွေရောင်အလင်းစက်များသာ ဖြစ်၏။ ဤတစ်ကြိမ်တွင် ငွေရောင်အလင်းတန်းအမျှင်များက ကျဆင်းလာသည်။ ထိုအလင်းတန်းအမျှင်ထဲမှာ ငွေရောင်အလင်းစက် မည်မျှများပြားစွာ သိပ်သည်းနေကြောင်း မည်သူစိတ်ကူးကြည့်နိုင်မည်နည်း။
ထိုသို့စုပ်ယူမှုက ယခင်အခေါက်များထက် အဆပေါင်းအများကြီး ပိုမြန်ဆန်သည်။
ငွေရောင်အလင်းသည် သူ၏ ခန္ဓာကိုယ်တစ်ဝိုက်မှာ လှည့်ပတ်ပြီးလျှင် မွေးညင်းပေါက်များမှတဆင့် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်။
“ အံ့ဖွယ်လအသွင်ပြောင်းလဲခြင်း လျှို့ဝှက်အတတ်ပညာက မြေခွေးမျိုးနွယ်စုရဲ့ အထွတ်အမြတ်ပညာရပ်လို့ တကယ်ခေါ်ထိုက်ပါပေတယ်… အဲ့ဒါက ငါ့ကို နေနဲ့လရဲ့ အနှစ်သာရကို အမြန်စုပ်ယူနိုင်စေတယ်… စုပ်ယူတဲ့ အမြန်နှုန်းနဲ့ ပမာဏက အရင်တစ်ခေါက်ထက် ဆယ်ဆ ဒါမှမဟုတ် အဆတစ်ရာ ပိုမြန်ဆန်တယ်… ဒါက တကယ်အံ့ဩစရာပဲ ”
သီရှီထျန်သည် လစန္ဒာထံမှ ကျဆင်းလာနေသော အံ့ဖွယ်ယင်စွမ်းအားကို စုပ်ယူနေသည်။ သူက စိတ်ထဲမှာ တိတ်တဆိတ် အံ့ဩသွားသည်။ မြေခွေးမျိုးနွယ်စု၏ လျှို့ဝှက်အတတ်ပညာက အမှန်တကယ် အံ့ဖွယ်ကောင်းသည်။
ယင်းက နေနှင့်လ၏ အနှစ်သာရအား စုပ်ယူမှုကို အဆတစ်ရာ ပိုမြန်ဆန်စေသည်။ ယင်းကို ကျင့်ကြံခြင်းမှာ အသုံးပြုမည်ဆိုလျှင် တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းအမြန်နှုန်းက ယခင်ထက် ဆယ်ဆ သို့မဟုတ် အဆတစ်ရာ ပိုမြန်ဆန်သွားလိမ့်မည်။ တခြားလူများက အသွင်သဏ္ဍာန်ပြောင်းလဲရန် အနှစ်တစ်ရာ ကျင့်ကြံရမည်ဆိုလျှင် ‘ အံ့ဖွယ်လအသွင်ပြောင်းလဲခြင်း ’ကို လေ့ကျင့်သော လူများက တစ်နှစ် သို့မဟုတ် ဆယ်နှစ်သာ လိုအပ်လိမ့်မည်။ ထိုသို့ခြားနားမှုက အလွန်ကြီးမားသည်။
သို့ဖြစ်၍ ‘ အံ့ဖွယ်လအသွင်ပြောင်းလဲခြင်း ’အတတ်ပညာက အလွန်တန်ဖိုးကြီးမားသည်။
ထိုသို့စဉ်းစားမိသောအခါ သူ့ခန္ဓာကိုယ်က မရပ်တန့်သွားပေ။ သူ့အသိစိတ်၏ ထိန်းချုပ်မှုအောက်မှာ သူစုပ်ယူထားသော အံ့ဖွယ်ယင်စွမ်းအားက သူ၏ မရီဒျန်များထဲသို့ မပေါင်းစပ်သွားပေ။ ယင်းအစား အံ့ဖွယ်ယင်စွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲ၌ ကိုးကြိမ်လှည့်ပတ်ပြီးနောက် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ယင်းက သူ၏ အသွေးအသားနှင့် မြန်မြန်ဆန်ဆန် ပေါင်းစပ်သွားသည်။
ထိုပေါင်းစပ်မှုက အလွန်လျှို့ဝှက်ဆန်းကြယ်သည်။ ယင်းက သူ၏ အသွေးအသားတစ်လက်မစီတိုင်းနှင့် ပေါင်းစပ်သွားဟန် ရ၏။ ထို့ပြင် အံ့ဖွယ်ယင်စွမ်းအားက သူ၏ အသွေးအသားနှင့် အပြည့်အဝ မပေါင်းစပ်သွားပေ။ ယင်းအစား အံ့ဖွယ်ယင်စွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲ၌ ငွေရောင်မရီဒျန်များအဖြစ် ဖွဲ့စည်းသွားသည်။ ငွေရောင်မရီဒျန်များက သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းအားလုံးနှင့် ဆက်သွယ်သွားသည်။
“ အံ့ဖွယ်လအသွင်ပြောင်းလဲခြင်း လျှို့ဝှက်အတတ်ပညာရဲ့ ပထမအဆင့်က ငွေရောင်မရီဒျန်တွေ ဖွဲ့စည်းဖို့ ဖြစ်တယ်… ငွေရောင်မရီဒျန်တွေ ဖွဲ့စည်းပြီးရင် အဲ့ဒီမရီဒျန်တွေကို ခန္ဓာကိုယ်တစ်ခုလုံးနဲ့ ချိတ်ဆက်ရမယ်… ပြီးကျရင် အသွင်သဏ္ဍာန်ပြောင်းလဲနိုင်ပြီ ”
ယင်းက ‘ အံ့ဖွယ်လအသွင်ပြောင်းလဲခြင်း ’အတတ်ပညာ၏ အဖွင့်စာကြောင်း ဖြစ်သည်။ ပိုင်ဟူ၏ ပြောကြားမှုအရ ထိုစာကြောင်းထဲမှာ ‘ အံ့ဖွယ်လအသွင်ပြောင်းလဲခြင်း ’၏ စစ်မှန်သောအဓိပ္ပာယ် ပါဝင်သည်။ အကယ်၍ ယင်းကို သူ့နားဖြင့် ကိုယ်တိုင်မကြားခဲ့လျှင် ဤလောကမှာ ထိုမျှအံ့ဖွယ်ကောင်းသော လျှို့ဝှက်အတတ်ပညာတစ်ခု ရှိနေမည်ဟု သူယုံကြည်လိမ့်မည် မဟုတ်ချေ။ ရှေးခေတ်မှ မိစ္ဆာမျိုးနွယ်စု၏ ဉာဏ်ပညာကြီးမားပုံကို သူမချီးကျူးဘဲ မနေနိုင်ပေ။
“ လျှို့ဝှက်အတတ်ပညာရဲ့ ဖော်ပြချက်အရ အံ့ဖွယ်ယင်စွမ်းအားကို အသုံးပြုပြီး ခန္ဓာကိုယ်ထဲမှာ အထူးမရီဒျန်ရှစ်ခုကို ဖွဲ့စည်းနိုင်တယ်… အဲ့ဒါဆိုရင် မိစ္ဆာရဲ့ ခန္ဓာကိုယ်ထဲက မရီဒျန်တွေက လူသားခန္ဓာကိုယ်ရဲ့ မရီဒျန်တွေနဲ့ တူညီသွားလိမ့်မယ်… ငွေရောင်မရီဒျန်တွေရဲ့ ထောက်ပံ့ပေးမှုကြောင့် ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အသွင်သဏ္ဍာန်က လူသားအဖြစ် ပြောင်းလဲသွားလိမ့်မယ်… ဒီလိုလျှို့ဝှက်အတတ်ပညာက အရမ်းအံ့ဩဖို့ကောင်းတယ်… ပိုင်ဟူက ငါ့ကို အလွယ်တကူပဲ ဒီဟာ သင်ပေးခဲ့တယ်… သူ့အပေါ် ငါ ကျေးဇူးအကြွေးတစ်ခု တင်သွားပြီ ”
စက်ကရာက သူ့နှလုံးသားထဲမှာ ခါးသီးစွာ ပြုံးလိုက်သည်။ အတိတ်မှာ ပိုင်ဟူက သူ့ကို ထျန်းအင်ပါယာရတနာသေတ္တာနှင့် စွမ်းအင်စုစည်းဆေးပုလင်းကို ပေးခဲ့သည့်အပြင် သူ၏ အသက်ကိုလည်း ကယ်တင်ပေးခဲ့သည်။ ထို့ပြင် ဤတစ်ကြိမ်မှာ သူ့ကို ‘ အံ့ဖွယ်လအသွင်ပြောင်းလဲခြင်း ’လျှို့ဝှက်အတတ်ပညာကို ပေးခဲ့သည်။ သို့ဖြစ်၍ သူနှင့် ပိုင်ဟူကြားမှ ဆက်ဆံရေးက သာလွန်ထူးခြားသည်။ တစ်ဖက်လူ၏ ကျေးဇူးတရားကိုတော့ သူတွက်ချက်ရန် မဖြစ်နိုင်ပေ။
သူက ထိုအတွက် ပိုင်ဟူကို ကတိပေးခဲ့သော်လည်း ကတိသည် ကတိသာ ဖြစ်၏။ ကျေးဇူးတရားကို အပြည့်အဝ ပြန်ဆပ်နိုင်ရန် မဖြစ်နိုင်ပေ။
‘ အံ့ဖွယ်လအသွင်ပြောင်းလဲခြင်း ’လျှို့ဝှက်အတတ်ပညာသည် လူသားခန္ဓာကိုယ်ထဲမှ မရီဒျန်များကို မိစ္ဆာခန္ဓာကိုယ်ထဲ၌ ပုံစံတူပြုလုပ်နိုင်သော ပညာရပ် ဖြစ်သည်။ ယင်းက မည်မျှတန်ဖိုးကြီးမားကြောင်း မည်သူမဆို စိတ်ကူးကြည့်နိုင်ပေသည်။
“ ငါသူ့အပေါ် ကျေးဇူးအကြွေး အကြီးကြီး တင်သွားပြီ ”
သီရှီထျန်က သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။ သူက နောက်ထပ် ဆက်မပြောတော့ပေ။ သူက ခေါင်းမော့လိုက်ပြီး မိုးကောင်းကင်ပေါ်မှ လစန္ဒာကို ကြည့်ကာ အသက်ရှူသွင်းရှူထုတ်ခြင်းကို ဆက်လက် ပြုလုပ်လိုက်သည်။ ပျံလွှားငှက်များက သူတို့၏ အသိုက်ဆီသို့ ပြန်သွားကြသည့်အလား ငွေရောင်အလင်းတန်းအမျှင်များက သူ၏ ခန္ဓာကိုယ်ပေါ်သို့ အဆက်မပြတ် ကျဆင်းလာနေသည်။ ယင်းတို့က သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီးနောက် လျှို့ဝှက်အတတ်ပညာအတိုင်း လှည့်ပတ်သွားကြကာ ငွေရောင်မရီဒျန်များ ဖြစ်လာကြသည်။
ပထမဆုံး သူက အခြေခံမရီဒျန်ဆယ့်နှစ်ခုကို ပုံစံတူဖွဲ့စည်းလိုက်သည်။
ပထမရက်တွင် သူက သည်းခြေအိတ်မရီဒျန်၊ အသည်းမရီဒျန်နှင့် အဆုတ်မရီဒျန်ကို ဖွဲ့စည်းလိုက်သည်။
နောက်တစ်နေ့တွင် သူက အူမကြီးမရီဒျန်၊ အစာအိမ်မရီဒျန်နှင့် သရက်ရွက်မရီဒျန်ကို ဖွဲ့စည်းလိုက်သည်။
တတိယမြောက်နေ့တွင် နှလုံးမရီဒျန်၊ အူသိမ်မရီဒျန်နှင့် ကျောက်ကပ်မရီဒျန်ကို ဖွဲ့စည်းလိုက်သည်။
… … …
တစ်ရက်ကုန်ဆုံးသွားတိုင်း မရီဒျန်အသစ်များက သူ၏ ခန္ဓာကိုယ်ထဲမှာ ဖွဲ့စည်းသွားသည်။ တစ်ချိန်တည်းမှာ ဤလုပ်ငန်းစဉ်အတွင်း၌ မိစ္ဆာချီအပေါ် သူ၏ ထိန်းချုပ်နိုင်စွမ်းက ယခင်ထက် အများကြီး ပိုတိုးတတ်လာကြောင်း သီရှီထျန် ခံစားမိသွားသည်။ နေ့စဉ်နေ့တိုင်း သူက တမူထူးခြားသော အကျိုးအမြတ်များကို ရရှိသွားသည်။ မည်သို့မည်ပုံ မသိလိုက်ခင်မှာ သီရှီထျန်က သူ့ခန္ဓာကိုယ်အကြောင်း ပိုပြီးကောင်းမွန်စွာ နားလည်သွားသည်။
အချိန်က တရွေ့ရွေ့ ကုန်ဆုံးသွားသည်။
အခြေခံမရီဒျန်ဆယ့်နှစ်ခုကို တုပဖွဲ့စည်းပြီးနောက် အထူးမရီဒျန်ရှစ်ခုကို ဖွဲ့စည်းရန် အချိန်ကျလာသည်။
အချိန်က တရွေ့ရွေ့ ကုန်ဆုံးသွားနေစဉ် ငွေရောင်မရီဒျန်များက သူ၏ ခန္ဓာကိုယ်တစ်ခုလုံး၌ ချောမွေ့စွာ စီးဆင်းသွားနေပြီး အချင်းချင်း ဆက်သွယ်သွားကြသည်။ သူ၏ သွေးချီသည်လည်း ထိုမရီဒျန်များထဲမှာ စတင်လှည့်ပတ်သွားသည်။ ထိုသို့လှည့်ပတ်သွားနေစဉ် သူ၏ ခန္ဓာကိုယ်ပေါ်မှ အသွေးအသားများက ပုံမှန်မဟုတ်ဘဲ သက်ဝင်လှုပ်ရှားလာကြသည်။ ဤသည်မှာ သူ့ခန္ဓာကိုယ်က တစ်စုံတစ်ခု ပြောင်းလဲသွားတော့မည့်အလားပင်။
နောက်ဆုံးမှာ အထူးမရီဒျန်ရှစ်ခုစလုံး ပြီးပြည့်စုံသွားသည်။
ကိုးရက်မြောက်နေ့တွင် နောက်ဆုံးအထူးမရီဒျန်ဖြစ်သော ယန်မရီဒျန်က အောင်မြင်စွာ ဖွဲ့စည်းသွားသည်။
“ ဘန်း… ဘန်း… ဘန်း… ”
အခြေခံမရီဒျန်ဆယ့်နှစ်ခုနှင့် အထူးမရီဒျန်ရှစ်ခုတို့ အောင်မြင်စွာ ဖွဲ့စည်းသွားသည့်အခိုက် စက်ကရာ၏ ခန္ဓာကိုယ်ထဲမှာ ကြီးမားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။ ဤသည်မှာ မိုးမြေဖန်ဆင်းခြင်းနှင့်ဆင်တူသော အဖြစ်အပျက်တစ်ခုက သူ၏ ခန္ဓာကိုယ်ထဲမှာ ဖြစ်ပေါ်လာနေသည့်အလားပင်။ ကျယ်လောင်သော မြည်သံများက ဆက်တိုက် ထွက်ပေါ်လာသည်။
မရီဒျန်အားလုံးက တစ်ခုတည်းအဖြစ် ဆက်သွယ်သွားကြသည်နှင့်ချက်ချင်း ပြီးပြည့်စုံသော သွေးချီလှည့်ပတ်မှုက ဖြစ်ပေါ်လာသည်။ သွေးချီသည် သက်ဝင်လှုပ်ရှားစွာ ခုန်ပေါက်နေရင်း မရီဒျန်အားလုံးထဲမှာ အဆက်မပြတ် လှည့်ပတ်စီးဆင်းနေသည်။
ဤအခိုက်အတန့်မှာ သူ၏ မိစ္ဆာစံအိမ်ထဲမှ မီစ္ဆာချီက အပြင်သို့ ဒလဟော တိုးထွက်လာပြီး အသစ်ဖွဲ့စည်းသွားသော မရီဒျန်များထဲသို့ တိုက်ရိုက် စီးဆင်းသွားသည်။ သို့သော်လည်း မိစ္ဆာချီသည် အသစ်ဖွဲ့စည်းထားသော မရီဒျန်များထဲမှာ ရွေ့လျားရန် အလွန်အမင်း ခက်ခဲနေသည်။ မိစ္ဆာချီက အရှေ့သို့ ခက်ခက်ခဲခဲ ရွေ့လျားသွားနေရသည်။ ခြေတစ်လှမ်းရွေ့လျားသွားသည့်အခါတိုင်း မရီဒျန်များက ပြင်းထန်စွာ တုန်ယင်သွားသည်။ ဤသည်မှာ မရီဒျန်များက ပြိုကွဲသွားတော့မည့်အလားပင်။