အခန်း (၁၆၉-၁၇၁)
Vol. 12 Ch. 169-171
အခန်း(၁၆၉)
“ ဒီနေ့က ကိုးရက်ပြည့်တဲ့နေ့ပဲ… သီရှီထျန် ခန္ဓာကိုယ်အသွင်ပြောင်းလဲဖို့ နောက်ဆုံးအဆင့်ကို ရောက်နေလောက်ပြီ ”
ချိုင့်ဝှမ်းထဲ၌ ပိုင်ဟူသည် လှိုဏ်ဂူအပြင်သို့ ထွက်လျှောက်လာသည်။ သူက ဆက်ပြီး တံခါးပိတ်ကျင့်ကြံနေရန် စိတ်မပါတော့ပေ။ ယင်းအစား သူက ရေတံခွန်ရှိသော ဦးတည်ရာဆီသို့ မျက်တောင်မခတ်တမ်း စိုက်ကြည့်လိုက်သည်။ သူစကားပြောလိုက်သည့်အခါ အပြုံးရိပ်ယောင်က သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
" ဒါပေမဲ့ လူသားအသွင်သဏ္ဍာန်ပြောင်းလဲဖို့က အဲ့လောက်မလွယ်ဘူး… မရီဒျန်အသစ်တွေ ဖွဲ့စည်းဖို့ မရီဒျန်တွေရဲ့ အတားအဆီးတွေကို ချိုးဖြတ်ပစ်ရလိမ့်မယ်… ဒါမှပဲ မရီဒျန်အသစ်တွေက ခန္ဓာကိုယ်နဲ့ လုံးဝ တစ်သားတည်းဖြစ်နေမှာ… ပြီးတော့ မရီဒျန်အားလုံးကို တစ်ဆက်တည်း ချိုးဖြတ်ပစ်ရလိမ့်မယ်… အဲ့လိုမှမဟုတ်ရင် အသွင်သဏ္ဍာန်ပြောင်းလဲနိုင်မှာ မဟုတ်ဘူး ”
ထိုသို့လုပ်ဆောင်နေစဉ်အတွင်း အနောက်ဆုတ်ရန် မဖြစ်နိုင်သကဲ့သို့ ရပ်တန့်ခြင်းကိုလည်း မလုပ်ဆောင်နိုင်ပေ။ သူက မရီဒျန်အားလုံးကို တစ်ဆက်တည်း ချိုးဖြတ်ပစ်ပြီး ယင်းတို့ကို သူ၏ ခန္ဓာကိုယ်နှင့် အပြည့်အဝ တစ်သားတည်း ဖြစ်စေကာ အတူတကွ ချိတ်ဆက်စေရမည်။ သွေးချီကို လှည့်ပတ်နေစဉ် လျှို့ဝှက်အတတ်ပညာကိုလည်း ပြီးပြည့်စုံစွာ ကျင့်ကြံရမည်။ သို့မဟုတ်လျှင် ရှုံးနိမ့်မှုကို တွေ့ကြုံရလိမ့်မည်။ ထိုအခါကျလျှင် သူ၏ ယခင်ကြိုးစားမှုအားလုံးက သဲထဲရေသွန်ဖြစ်သွားလိမ့်မည်။ ထိုအတောအတွင်းမှာ သူက မရီဒျန်ချိုးဖြတ်ခြင်း၏ ပြင်းထန်သော နာကျင်မှုဝေဒနာကိုလည်း ခံစားရလိမ့်မည်။
“ သွားစမ်း… မရီဒျန်တွေရဲ့ အတားအဆီးအားလုံးကို ငါ့အတွက် ချိုးဖြတ်ပစ်လိုက်စမ်း… မိစ္ဆာသန့်စင်ခြင်းမီးဖို… အစွမ်းကုန် လှည့်ပတ်လိုက်စမ်း ”
သီရှီထျန်က စိတ်ဓာတ်ပြတ်သားစွာ ကြုံးဝါးအော်လိုက်သည်။ သူ၏ အတွေးကြောင့် မိစ္ဆာသန့်စင်ခြင်းမီးဖိုက ပြင်းထန်စွာ စတင်လှည့်ပတ်သွားသည်။ သန့်စင်သော မိစ္ဆာချီလှိုင်းများက မီးဖိုထဲမှ အရူးအမူး ပျံ့နှံ့ထွက်လာသည်။
တစ်ချိန်တည်းမှာ မီးဖိုသည် ယင်း၏ အထဲမှာ သိမ်းဆည်းထားသော ကျင့်ကြံသူအလောင်းများထံမှ ပမာဏများပြားသော စွမ်းအင်အနှစ်သာရကို အဆက်မပြတ် ဆွဲထုတ်လိုက်ပြီး မိစ္ဆာချီအဖြစ် သန့်စင်လိုက်သည်။
မိစ္ဆာချီလှိုင်းတစ်ခုပြီးတစ်ခုက မရီဒျန်များထဲသို့ စီးဆင်းသွားသည်။ ယင်းတို့က ဒေါသမာန်ဟုန် ပြင်းထန်နေသော သားရဲကြီးများအဖြစ် အသွင်ပြောင်းလဲသွားကြပြီး မရီဒျန်တစ်ခုစီ၏ အတားအဆီးများကို ဝင်ဆောင့်လိုက်ကြသည်။ အစတွင်မူ ထောပတ်တုံးကို ပူနွေးသော ဓားတစ်ချောင်းက ဖြတ်သန်းသွားသကဲ့သို့ ချိုးဖြတ်မှုက လွယ်ကူပေသည်။ အတားအဆီးတစ်ခုကို ချိုးဖြတ်သွားတိုင်း မရီဒျန်နှစ်ခုက အပြည့်အဝ ချိတ်ဆက်သွားကြပြီး အတူတကွ ပေါင်းစည်းသွားကြသည်။
မှန်ပေသည်။ မိစ္ဆာချီက မရီဒျန်များကို ချိုးဖြတ်သွားသည်နှင့် ပြင်းထန်သော နာကျင်မှုက သူ၏ ခန္ဓာကိုယ်ထဲမှာ အဆုံးမဲ့သော လှိုင်းဂယက်များသဖွယ် ထွက်ပေါ်လာသည်။ ယင်းက သီရှီထျန်၏ ခန္ဓာကိုယ်ကို အဆက်မပြတ် တုန်ယင်စေသည်။
“ မရီဒျန်အားလုံးကို တစ်ဆက်တည်း ချိုးဖြတ်ပစ်ရမယ်… လမ်းတစ်ဝက်မှာ ငါရပ်လို့မဖြစ်ဘူး… အရှေ့ဆက်သွားမယ်… ငါ့မှာ ဒီလောက်များတဲ့ မိစ္ဆာချီရှိတာပဲ… မရီဒျန်အားလုံးကို မချိုးဖြတ်ပစ်နိုင်ဘူးလို့ ငါမယုံဘူး ”
မိစ္ဆာချီသည် ဧရာမသားရဲတစ်ကောင်နှယ် ဟိန်းဟောက်လိုက်ပြီး မရီဒျန်များထဲ၌ အဆုံးမဲ့စွာ စီးဆင်းသွားသည်။ ထိုအခါ မိစ္ဆာချီအရှေ့မှ အတားအဆီးအားလုံးသည် ရွှံ့တံခါးများသဖွယ် ချက်ချင်း ကျိုးပြတ်သွားသည်။
တစ်ခု… နှစ်ခု… သုံးခု…
အသက်ရှူချိန်အနည်းငယ်အတွင်းမှာ အတားအဆီး(၂၃)ခုသည် ပမာဏများပြားသော မိစ္ဆာချီလှိုင်း၏ ဝင်ဆောင့်မှုကြောင့် တစ်ခါတည်း ကျိုးပြတ်သွားကြသည်။ မိစ္ဆာချီက မည်မျှပြင်းထန်ကြမ်းတမ်းပါစေ မရီဒျန်တစ်ခုကို ချိုးဖြတ်သွားသည့်အခါတိုင်း ပမာဏတချို့ကို ဆုံးရှုံးသွားသည်။ ဤလုပ်ငန်းစဉ်အတွင်းမှာ မိစ္ဆာချီက မြန်ဆန်စွာ ကုန်ဆုံးသွားသည်။
(၂၄)ခုမြောက် အတားအဆီး၏ အရှေ့သို့ ရောက်သွားသည့်အခါ သူ့ဆီမှာ မိစ္ဆာချီအနည်းငယ်မျှသာ ကျန်ရှိတော့သည်။
“ ဘန်း… ဘန်း… ဘန်း ”
မိစ္ဆာချီက အတားအဆီးကို စတင်ချိုးဖြတ်လိုက်သည်။ သို့သော်လည်း ထိုအတားအဆီးသည် သံမဏိတံခါးပမာ အလွန်ခိုင်မာသည်။ ယင်းက မိစ္ဆာချီ၏ အရှေ့မှာ ခိုင်မာစွာ တားဆီးပိတ်ဆို့နေသည်။ အကြိမ်ကြိမ်အခါခါ ဝင်ဆောင့်မှုကြောင့် အတားအဆီးက တဖြည်းဖြည်း အားနည်းလာပြီး ပြိုကွဲလုနီးပါး ဖြစ်လာသည်။ သို့သော် ယင်းက အပြည့်အဝ မပြိုကွဲသွားပေ။ ယင်းက မိစ္ဆာချီမဝင်နိုင်ရန် ဆက်ပြီး တားဆီးနေဆဲပင်။
“ မရဘူး… ငါအရှုံးမပေးနိုင်ဘူး… ဒီအတားအဆီးကို သေချာပေါက် ငါချိုးဖြတ်နိုင်ရမယ်… အံ့ဖွယ်လ… ငါ့ကို ကူညီပေးပါ ”
စက်ကရာက ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ မွေးညင်းပေါက်တစ်သိန်းရှစ်ထောင်က ချက်ချင်း ပွင့်သွားကြပြီး ကြောက်မက်ဖွယ်ကောင်းသော ဝါးမျိုခြင်းစွမ်းအားကို ထုတ်လွှတ်လိုက်သည်။ ယင်းတို့က သူ့ခန္ဓာကိုယ်အပြင်ဘက်မှ မိစ္ဆာမြူခိုးကို ဝါးမျိုလိုက်ပြီး မိစ္ဆာချီအဖြစ် သန့်စင်လိုက်သည်။ သန့်စင်ခံလိုက်ရသော မိစ္ဆာချီက သူ၏ မရီဒျန်များထဲသို့ စီးဆင်းသွားပြီး ယခင်မိစ္ဆာချီကို အားဖြည့်ပေးလိုက်သည်။
ချက်ချင်းဆိုသလိုပင် မိစ္ဆာချီက ပိုအားကောင်းလာပြီး အတားအဆီးကို နောက်တစ်ကြိမ် ဝင်ဆောင့်လိုက်သည်။ ဝုန်းခနဲ မြည်သံနှင့်အတူ သူ၏ မရီဒျန်များက ပြင်းထန်စွာ တုန်ယင်သွားသည်။
သူက အတားအဆီးကို နောက်ဆုံးမှာ ချိုးဖြတ်နိုင်သွားသည်။
သို့သော်လည်း နောက်ထပ် အတားအဆီးတစ်ခု၏ အရှေ့သို့ ရောက်သွားသည့်အခါ သူက ထပ်မံ အကူအညီမဲ့သွားသည်။
“ ဘန်း… ဘန်း… ဘန်း… ”
သို့သော်လည်း ထိုအခိုက်အတန့်မှာ သီရှီထျန်က ‘ အံ့ဖွယ်လအသွင်ပြောင်းလဲခြင်း ’လျှို့ဝှက်အတတ်ပညာကို အစွမ်းကုန် လှည့်ပတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်က ဝေလငါးပါးစပ်ကဲ့သို့ ဖြစ်လာပြီး လရောင်ခြည်ကို အရူးအမူး စုပ်ယူလိုက်သည်။ ဟင်းလင်းပြင်က ပြင်းထန်စွာ တုန်ယင်သွားသည်။ ငွေရောင်အလင်းတန်းအမျှင်များက လစန္ဒာထံမှ တစ်ခုပြီးတစ်ခု ဆက်တိုက် ကျဆင်းလာပြီး သီရှီထျန်ကို ဖုံးလွှမ်းလိုက်သည်။ သူ၏ ခန္ဓာကိုယ်က ငွေရောင်ထွန်းလင်းသွားသည်။
ဤအခိုက်အတန့်မှာ ငွေရောင်အလင်းတိုင်လုံးတစ်ခုက ရေတံခွန်ပေါ်တွင် ထွက်ပေါ်လာပြီး မိုးကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ပေးလိုက်သည်။ ငွေရောင်အလင်းတိုင်လုံးထဲမှ အံ့ဖွယ်ယင်စွမ်းအား၏ အနှစ်သာရက သီရှီထျန်၏ ခန္ဓာကိုယ်ထဲသို့ မြစ်တစ်စင်းနှယ် အဆက်မပြတ် စီးဆင်းသွားနေသည်။ အံ့ဖွယ်ယင်စွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားပြီး မရီဒျန်များထဲမှာ ဖြတ်သန်းစီးဆင်းသွားသည်။ ယင်းက မိစ္ဆာချီနှင့် အတူပေါင်းစည်းသွားပြီး ကျန်ရှိနေသော မရီဒျန်များကို ချိုးဖြတ်လိုက်သည်။
“ ဘန်း… ဘန်း… ဘန်း ”
ဤတစ်ကြိမ်တွင် ပမာဏများပြားသော အံ့ဖွယ်ယင်စွမ်းအားက မိစ္ဆာချီနှင့် အတူပေါင်းစည်းသွားလေရာ ဖော်မပြနိုင်အောင် သန်စွမ်းသွားသည်။ သို့ဖြစ်၍ မိစ္ဆာချီက အတားအဆီးအားလုံးကို တစ်ဆက်တည်း ချိုးဖြတ်သွားသည်။
အတားအဆီးတစ်ခုပြီးတစ်ခုက ဆက်တိုက် ကျိုးပြတ်သွားကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူ့ခန္ဓာကိုယ်ထဲမှ မရီဒျန်အားလုံးက အပြည့်အဝ ချိတ်ဆက်သွားကြပြီး တစ်ခုတည်း ပေါင်းဆုံသွားကြသည်။
“ အား ”
မိစ္ဆာချီက သူ၏ ခန္ဓာကိုယ်ထဲမှ မရီဒျန်အားလုံးကို ချိုးဖြတ်သွားသည့်အခါ ပမာဏအလွန်များပြားသော စွမ်းအားက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ မြန်ဆန်စွာ ပျံ့နှံ့သွားသည်။ ချက်ချင်းဆိုသလိုပင် သူ၏ ခန္ဓာကိုယ်ထဲမှ အသွေးအသားတစ်လက်မစီတိုင်းက အံ့ဖွယ်ကောင်းစွာ စတင်ပြောင်းလဲသွားသည်။ အနက်ရောင်မိစ္ဆာချီသည် မီးခိုးငွေ့သဖွယ် သူ၏ ခန္ဓာကိုယ်ထဲမှ တလူလူ မြှောက်တတ်လာပြီး ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။
“ ဘယ်သူလဲ… ဘယ်သူက ဒီလောက်များပြားတဲ့ နေနဲ့လရဲ့ အနှစ်သာရကို ဆွဲယူနေတာလဲ… အသွင်ပြောင်းလဲဖို့လား… ဒါပေမဲ့ အသွင်သဏ္ဍာန်ပြောင်းလဲခြင်း ကပ်ဘေးဒုက္ခမိုးတိမ်ကိုလည်း မတွေ့ရပါလား… ဘာဖြစ်တာလဲ… ”
ပန်းမျိုးတစ်ရာချိုင့်ဝှမ်းထဲတွင် မိန်းမပျိုလေးသည် မိစ္ဆာအသင်္ချေချိုင့်ဝှမ်း၏ ဦးတည်ရာဆီသို့ အံ့အားသင့်စွာ ကြည့်လိုက်သည်။ ထိုနေရာတွင် ငွေရောင်အလင်းတိုင်လုံးတစ်ခုက ကောင်းကင်နှင့် မြေကြီးကို ချိတ်ဆက်ပေးနေသည်။ ထိုအလင်းတိုင်လုံးထဲမှာ ပမာဏများပြားသော အံ့ဖွယ်ယင်စွမ်းအားက ကိန်းအောင်းနေကြောင်း ရှင်းလင်းစွာ သူအာရုံခံနိုင်သည်။ သူကိုယ်တိုင်သည်ပင် ထိုမျှများပြားသော အံ့ဖွယ်ယင်စွမ်းအားကို မဆွဲယူနိုင်ပေ။
“ အမ… အဲ့ဒီနေရာက မိစ္ဆာအသင်္ချေချိုင့်ဝှမ်းပဲ ”
ကျူးအာသည်လည်း ငွေရောင်အလင်းတိုင်လုံးထံသို့ ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ ဇဝေဇဝါဖြစ်သော အရိပ်အယောင် ရှိသည်။
“ ဒါပေမဲ့ အကိုသီက ဘယ်လိုလုပ် အဲ့လောက်များပြားတဲ့ လအနှစ်သာရကို ဆွဲဆောင်နိုင်တာလဲ… အကိုသီက အသွင်ပြောင်းလဲတော့မှာလား ”
“ အဲ့ဒါ မဖြစ်နိုင်တာ… ကျင့်ကြံခြင်းမှာ ဖြတ်လမ်းမရှိဘူး… လူသားတွေအတွက်လည်း အတူတူပဲ… တကယ်လို့ သူတို့ဆီမှာ ကောင်းမွန်တဲ့ ဝိညာဉ်အမြစ်နဲ့ ထူးခြားတဲ့ ပါရမီမရှိဘူးဆိုရင် ဒီဘဝမှာ သူတို့ဘယ်လောက်ပဲကြိုးစားကြိုးစား ဘာအောင်မြင်မှုမှ ရနိုင်မှာ မဟုတ်ဘူး… ငါတို့မိစ္ဆာတွေက အဲ့ထက် ပိုပြီးခက်ခဲတယ်… ငါတို့က ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ဒါမှမဟုတ် ရာစုနှစ်ပေါင်းများစွာကြာအောင် ကျင့်ကြံရတယ်… ဒါပေမဲ့ ငါတို့က ကိုးနှစ် ဆယ်နှစ်ပဲ ကျင့်ကြံရသေးတဲ့ လူသားတွေကို မယှဉ်နိုင်ဘူး… အရင်တစ်ခေါက် အမပြောခဲ့တာ သီရှီထျန်ရဲ့ ကျင့်ကြံခြင်းက မိစ္ဆာသားရဲနယ်ပယ်ရဲ့ အစောပိုင်းအဆင့်မှာပဲ ရှိသေးတယ်… သူက မကြာသေးခင်ကမှ မိစ္ဆာစံအိမ်ကို ဖွင့်လှစ်ခဲ့ပေမဲ့ သူ့ရဲ့ စွမ်းအားက မိစ္ဆာသားရဲဘုရင်တစ်ပါးနဲ့ နှိုင်းယှဉ်နိုင်တယ်… ဒါပေမဲ့ သူဘယ်လောက်ပဲ သန်မာပါစေ မိစ္ဆာသားရဲနယ်ပယ်ရဲ့ အထွတ်အထိပ်ကို မရောက်သေးဘဲ အသွင်သဏ္ဍာန်ပြောင်းလဲခြင်း မိစ္ဆာကပ်ဘေးဒုက္ခကို ဆွဲဆောင်နိုင်မှာ မဟုတ်ဘူး ”
ကျူးအာသည် မိစ္ဆာအသင်္ချေချိုင့်ဝှမ်းကို ကြည့်နေရင်း သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။ သူက ခေါင်းယမ်းလိုက်သည်။ သူ၏ လက်ရှိကျင့်ကြံခြင်းအရ ကျင့်ကြံခြင်းတွင် ဖြတ်လမ်းမရှိကြောင်း ကောင်းကောင်း သူနားလည်သည်။ အကယ်၍ ဖြတ်လမ်းရှိမည်ဆိုလျှင် သူတို့က မည်သို့ကြောင့် အပင်ပန်းခံပြီး တစ်ဆင့်ပြီးတစ်ဆင့် ကျင့်ကြံနေကြမည်နည်း။ သို့သော်လည်း ဖြတ်လမ်းကို ရွေးချယ်သူများသည် အနှေးနှင့်အမြန် ထိခိုက်ပျက်စီးကြလိမ့်မည်။ အကယ်၍ သူတို့က ဖြတ်လမ်းကို ရွေးချယ်၍ အောင်မြင်သွားလျှင်ပင် နောက်ဆုံးမှာ မကောင်းဆိုးဝါးများ ဖြစ်လာကြလိမ့်မည်။
မကောင်းဆိုးဝါးများ၏ ကျင့်ကြံခြင်းသည် အလွန်မြန်ဆန်သည်။ အဘယ့်ကြောင့်ဆိုသော် သူတို့က လောကနိယာမများနှင့် သွေဖယ်နေသော လမ်းစဉ်ကို လျှောက်လှမ်းရသောကြောင့်ပင်။ သူတို့သည် ကျင့်ကြံခြင်းအဆင့်တတ်နိုင်ရန်အလို့ငှာ မည်သည့်အရာကိုမှ ဂရုမစိုက်ကြချေ။
မကောင်းဆိုးဝါးလမ်းစဉ်တွင် အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်၏ ရွှေအမြူတေကို အသုံးပြု၍ အမြူတေဖွဲ့စည်းခြင်းနယ်ပယ် သက်ရှိတစ်ကောင်ကို ဖန်တီးနိုင်သော လျှို့ဝှက်အတတ်ပညာများရှိသည်ဟု ပြောကြသည်။ ထို့ပြင် သူတို့က အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံခြင်းစွမ်းအားကို ပိုင်ဆိုင်ကြပြီး ယင်းကို အသုံးပြုနိုင်ကြသည်။
မကောင်းဆိုးဝါးလမ်းစဉ်တွင် ‘ မကောင်းဆိုးဝါး ’ဟူသော စကားလုံး ပါဝင်နေခြင်းမှာ သူတို့က လူမဆန်သော လုပ်ရပ်များကို လုပ်ဆောင်ကြသောကြောင့်ပင်။ ဥပမာ သူတို့က တခြားလူများ ကြိုးစားပမ်းစား ကျင့်ကြံထားသော စွမ်းအားကို လုယက်ခိုးယူကြသည်။ ယင်းက သူတို့ကို အချိန်တိုလေးအတွင်းမှာ မြန်မြန်ဆန်ဆန် အဆင့်ချိုးဖြတ်နိုင်စေလိမ့်မည်။
မကောင်းဆိုးဝါးများ၏ ကျင့်ကြံခြင်းအမြန်နှုန်းသည် မသေမျိုးကျင့်ကြံသူများနှင့် မိစ္ဆာကျင့်ကြံသူများ ယှဉ်ပြိုင်နိုင်သောအရာ ဖြစ်သည်။ ထို့ကြောင့် မကောင်းဆိုးဝါးလမ်းစဉ်၏ အတတ်ပညာများသည် ယင်းတို့၏ တမူထူးခြားမှုကြောင့် အလွန်နာမည်ကျော်ကြားသည်။
သို့သော်လည်း ဤလောကတွင် အရာအားလုံးဆီမှာ အစွန်းနှစ်ဖက် ရှိသည်။ မကောင်းဆိုးဝါးကျင့်ကြံခြင်းက မြန်မြန်ဆန်ဆန် အဆင့်တတ်နိုင်စေသော်လည်း ယင်းက ပုန်းကွယ်နေသော အန္တရာယ်များကို ခေါ်ဆောင်လာနိုင်သည်။ သူတို့၏ ကျင့်ကြံခြင်းစွမ်းအားက သတ်မှတ်ထားသော နယ်ပယ်တစ်ခုဆီသို့ ရောက်ရှိသွားသည့်အခါ ပုန်းကွယ်နေသော အန္တရာယ်က ပေါက်ကွဲထွက်လာလိမ့်မည်။ ထိုအခါ သူတို့က ရူးသွပ်သွားပြီး အသိစိတ်ကို ဆုံးရှုံးသွားကြလိမ့်မည်။
မကောင်းဆိုးဝါးအများစုသည် အတွင်းနတ်ဆိုး၏ ဝါးမျိုခံရပြီး ဆိုးဝါးစွာ သေဆုံးသွားကြလေ့ရှိသည်။ သို့ဖြစ်၍ ဤလောကတွင် မကောင်းဆိုးဝါးကျင့်ကြံသူများက အရေအတွက်အလွန်နည်းပါးသည်။ ထို့ကြောင့် ကျင့်ကြံခြင်းလမ်းစဉ်တွင် မည်သည့်ဖြတ်လမ်းနည်းမှ မရှိကြောင်း သတ်မှတ်နိုင်၏။
ဥပမာ သီရှီထျန်ဆီမှာ အရေအတွက်ရာထောင်ချီသော ကျင့်ကြံသူအလောင်းများ ရှိသည်။ အကယ်၍ သူက ထိုအလောင်းများထံမှ စွမ်းအားကို အကုန်သန့်စင်နိုင်မည်ဆိုလျှင် သူက မိစ္ဆာသားရဲနယ်ပယ်၏ အထွတ်အထိပ်ဆီသို့ ရောက်ရှိသွားလိမ့်မည်။ ထို့နောက် သူက အမြူတေဓာတ်လုံးဖွဲ့စည်းပြီး စစ်မှန်သော မိစ္ဆာတစ်ကောင် ဖြစ်လာလိမ့်မည်။
သို့သော်လည်း သူက ယင်းကို နေ့ချင်းညချင်း မဆောင်ရွက်နိုင်ပေ။ အလောင်းများကို သန့်စင်ရန် သူ့အတွက် အချိန်လိုအပ်သည်။ သူက အဆင့်အဆင့် လုပ်ဆောင်ရလိမ့်မည်။ ကျင့်ကြံသူအလောင်းများထံမှ စွမ်းအင်အနှစ်သာရကို ဆွဲထုတ်ပြီး သူ့ကိုယ်ပိုင် မိစ္ဆာချီအဖြစ် သန့်စင်ရမည်။
ထိုအတွက် အချိန်အများကြီး လိုအပ်သည်။
ထိုနည်းလမ်းဖြင့် ရရှိလာသော ကျင့်ကြံခြင်းစွမ်းအားသည် သူ့ကိုယ်ပိုင် ဖြစ်သည်။ သို့ဖြစ်၍ ယင်းဆီမှာ ပုန်းကွယ်နေသော မည်သည့်အန္တရာယ်မှ မရှိပေ။ သူမှီခိုအားထားသည်မှာ သူ့ကိုယ်ပိုင်မိစ္ဆာစံအိမ် ဖြစ်သည်။
ယင်းက ကောင်းကင်ဘုံအဆင့် မိစ္ဆာစံအိမ်ဖြစ်လေရာ အံ့ဖွယ်အကျိုးကျေးဇူးများကို ပိုင်ဆိုင်ထားသည်။ အထူးသဖြင့် စွမ်းအင်သန့်စင်သော အမြန်နှုန်းပင်။ သို့မဟုတ်လျှင် သူက တခြားမိစ္ဆာသားရဲများနည်းတူ သွေးအစာကို ဝါးမျိုစားသုံးပြီး ကျင့်ကြံရလိမ့်မည်။
ယင်းက ကောင်းကင်ဘုံအဆင့် မိစ္ဆာစံအိမ်၏ အားသာချက်တစ်ခု ဖြစ်သည်။ အံ့ဖွယ်ကောင်းသော စွမ်းအင်သန့်စင်မှုစွမ်းရည်ကြောင့် ယင်းက တခြားမိစ္ဆာစံအိမ်များကို အထင်သေးရှုံ့ချနိုင်သည်။
အခန်း(၁၇၀)
“ ကျူးအာ… နင် အခုပဲ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဆီ သွားပြီး နင့်ရဲ့ အကိုသီကို ပန်းမျိုးတစ်ရာချိုင့်ဝှမ်းဆီ လာနိုင်မလား မေးကြည့်ပါ… ငါသူ့ကို ကိုယ်တိုင်မြင်ချင်တယ် ”
မိန်းမပျိုလေးသည် တစ်ခဏကြာ တွေးတောပြီးနောက် ဇာမဏီငှက်ထံ မော့ကြည့်လိုက်ပြီး နူးညံ့စွာ ပြောသည်။
“ အမ… ကျူးအာ အခုပဲ သွားလိုက်မယ် ”
ယင်းကို ကြားသောအခါ ဇာမဏီငှက်က မျက်လုံးဝင်းလက်သွားသည်။ သူက အတောင်ပံတဖျပ်ဖျပ်ခတ်၍ အဝေးသို့ အမြန်ပျံသန်းသွားလေရာ သူ့အနောက်တွင် အနီရောင်အလင်းတန်းတစ်ခု ကျန်ရစ်နေခဲ့သည်။
“ ဒီကျူးအာကတော့လေ… ”
ယင်းကို မြင်သောအခါ မိန်းမပျိုလေးက မရယ်ဘဲ မနေနိုင်ပေ။ သူက ခေါင်းပြန်လှည့်လိုက်ပြီး ငွေရောင်အလင်းတိုင်လုံးကို ထပ်မံ ကြည့်လိုက်သည်။
“ ကြည့်ရတာ… မိစ္ဆာအသင်္ချေချိုင့်ဝှမ်းထဲမှာ တစ်ခုခုဖြစ်နေတဲ့ပုံပဲ ”
လစန္ဒာထံမှ ကျဆင်းလာသော ငွေရောင်အလင်းတိုင်လုံးကို တောင်ပိုင်းမြေရိုင်းဒေသ၏ မည်သည့်နေရာမှမဆို မြင်နိုင်ပေသည်။ သို့ဖြစ်၍ ယင်းက တောင်ပိုင်းမြေရိုင်းဒေသထဲမှ ကျွမ်းကျင်ပညာရှင်အားလုံးကို သတိအနေအထားဖြစ်စေသည်။
တောင်ထွတ်တစ်ခုပေါ်တွင် မဒူဆာသည် တဟူးဟူး တိုက်ခတ်နေသော လေကို အံတု၍ တိတ်တဆိတ် ရပ်နေပြီး ငွေရောင်အလင်းတိုင်လုံးကို ကြည့်နေသည်။
“ ကောင်းသားပဲ… အဲ့ဒါက သီရှီထျန်ကို ငါသွားရှာတော့မယ့်အချိန်မှ ပေါ်လာတယ်… အခု ငါ့ရဲ့ ဒဏ်ရာတွေက အနည်းနဲ့အများ သက်သာလာပြီ… အခု မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဆီ သွားဖို့ အချိန်ကျပြီ ”
မဒူဆာက သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။ သူက ခန္ဓာကိုယ်ကို တစ်ချက်ရွေ့လျားလိုက်သည့်အခါ မိစ္ဆာလေက မြေကြီးထံမှ မြှောက်တတ်လာပြီး သူ့ကို သယ်ဆောင်သွားသည်။ သူက ငွေရောင်အလင်းတိုင်လုံး ထွက်ပေါ်လာသော မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဆီသို့ မြန်ဆန်စွာ ဦးတည်သွားသည်။
တစ်ချိန်တည်းမှာ တခြားနေရာများမှ မိစ္ဆာသားရဲဘုရင်များသည်လည်း ငွေရောင်အလင်းတိုင်လုံးကို အံ့ဩစွာ ကြည့်နေကြသည်။ သူတို့က မိစ္ဆာအသင်္ချေချိုင့်ဝှမ်းထဲမှာ မည်သို့ဖြစ်ပျက်နေကြောင်း တိတ်တဆိတ် ခန့်မှန်းလိုက်ကြသည်။
“ အား ”
ထိုအချိန်တွင် ငွေရောင်အလင်းတိုင်လုံးထဲ၌ အံ့ဖွယ်ယင်စွမ်းအားဖြင့် ရစ်ပတ်ခံထားရသော သီရှီထျန်က အံ့ဖွယ်ကောင်းသော ပြောင်းလဲမှုကြီးနှင့် တွေ့ကြုံသွားသည်။ အံ့ဖွယ်ယင်စွမ်းအားက အဆက်မပြတ် သန့်စင်ခံနေရစဉ် မရီဒျန်များက အသစ်ပြန်လည်ဖွဲ့စည်းသွားကြသည်။ ထိုမရီဒျန်များက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ အသွေးအသားများနှင့် ဆက်သွယ်သွားသည်။ ဤအခိုက်အတန့်မှာ အသွေးအသားများက အဆက်မပြတ် တုန်ယင်နေပြီး လူးလွန့်နေသည်။ အလွန်အားကောင်းသော အနက်ရောင်အလင်းက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ပေါ်လျှိုးလာသည်။ ထိုအနက်ရောင်အလင်းအောက်မှာ သီရှီထျန်က နာကျင်စွာ အော်ဟစ်လိုက်သည်။
သူ၏ ဧရာမကျားခန္ဓာကိုယ်က တိုက်ရိုက် မတ်တတ်ရပ်လိုက်သည်။ သူ၏ တစ်ကိုယ်လုံးပေါ်မှ အမွှေးအမျှင်များက ပျောက်ကွယ်သွားသည်။ သူ၏ ကျားခြေထောက်နှစ်ချောင်းက တဖြည်းဖြည်း တိုသွားသည်။ ကျားခြေသည်းများက ခြေဖဝါးများအဖြစ် ပြောင်းလဲသွားသည်။ ကျားခြေထောက်များက လူသားပေါင်တံများအဖြစ် ပြောင်းလဲသွားသည်။ ပြောင်းလဲမှုက ဆက်တိုက် ဖြစ်ပေါ်နေသည်။
ခြေထောက်များ၊ ခန္ဓာကိုယ်၊ လက်များ အစရှိသဖြင့် တစ်ခုပြီးတစ်ခု အသွင်ပြောင်းလဲသွားသည်။ နောက်ဆုံးမှာ ဦးခေါင်းက သာမန်မျက်စိဖြင့် မြင်နိုင်သော အလျင်နှင့်အတူ အမြန်ပြောင်းလဲသွားသည်။
“ အား ”
သူ၏ မိစ္ဆာခန္ဓာကိုယ်က လူသားအသွင်သဏ္ဍာန်သို့ ပြောင်းလဲသွားသည့်အခါ စက်ကရာက ကောင်းကင်ကို မော့ကြည့်၍ ကျယ်လောင်စွာ အော်လိုက်သည်။ သူ၏ ခန္ဓာကိုယ်တစ်ဝိုက်မှာ ရစ်သိုင်းနေသော မိစ္ဆာမြူခိုးက ချက်ချင်း ပြန်ရုပ်သိမ်းသွားသည်။ သူ၏ အော်သံကြောင့် လစန္ဒာထံမှ ကျဆင်းနေသော ငွေရောင်အလင်းတိုင်လုံးသည်လည်း ချက်ချင်း ပြိုကွဲသွားသည်။
အံ့ဖွယ်ယင်စွမ်းအားသည်လည်း ကွဲထွက်သွားပြီး အရပ်မျက်နှာအသီးသီးဆီသို့ ပြန့်ကျဲသွားသည်။ ယင်းက သူ၏ ခန္ဓာကိုယ်ထဲသို့ နောက်ထပ် မဝင်ရောက်နိုင်တော့ပေ။
“ ဒီအသွင်ပြောင်းလဲမှုက အစစ်အမှန်မဟုတ်ပေမဲ့ ငါသီရှီထျန် အစစ်အမှန် အသွင်သဏ္ဍာန်ပြောင်းလဲနိုင်မယ့်နေ့က မကြာခင် ရောက်လာတော့မှာပါ ”
သီရှီထျန်၏ ခန္ဓာကိုယ်ထဲ၌ ကြီးမားသော အရှိန်အဝါတစ်ခုက အပြင်သို့ ပေါက်ကွဲထွက်သွားသည်။ သူ၏ မျက်လုံးများက ချွန်ထက်သော မြားများသဖွယ် အလွန်စူးရှသည်။ ဤသည်မှာ သူ့အကြည့်က လူများ၏ စိတ်ဝိညာဉ်ကို ဖောက်ထွင်းနိုင်သည့်အလားပင်။ သူ၏ အသံထဲမှာ မောက်မာထောင်လွှားမှု ရှိသည်။
သူက ယခုမှ အသွင်ပြောင်းလဲသွားလေရာ သူ့တစ်ကိုယ်လုံးက ဗလာကျင်းနေသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှာ အဝတ်အစားအပိုင်းအစတစ်ခုမှ မရှိပေ။ သို့ဖြစ်၍ သူ၏ ခန္ဓာကိုယ်က အလွန်ကြံ့ခိုင်သန်စွမ်းကြောင်း ရှင်းလင်းစွာ မြင်နိုင်ပေသည်။ သူက ခြောက်ပေခန့် အရပ်ရှည်လျားပြီး သူ၏ ဝမ်းဗိုက်ပေါ်မှာ ကြွက်သားအမြှောင်းမြှောင်းထနေသည်။ သူ၏ ရင်အုပ်က သံမဏိတုံးသဖွယ် မာကျောပြီး သူ၏ လက်မောင်းပေါ်တွင် ကြွက်သားများက သူ့နေရာတကျ ရှိနေသည်။ ဤသည်မှာ နဂါးတစ်ကောင်က သူ၏ လက်မောင်းကို ရစ်ခွေနေသည့်အလားပင်။
သူ၏ မေးရိုးက ဓားတစ်ချောင်းပမာ ချွန်ထက်ပြီး သူ၏ မျက်ခုံးမွှေးများက အပေါ်သို့ အနည်းငယ် မြင့်တတ်နေသည်။ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါက သူ၏ ခန္ဓာကိုယ်ထဲမှ ရုတ်တရက် ပေါ်လျှိုးလာသည်။ သူ၏ မျက်လုံးထဲ၌ အေးစက်မှုနှင့် မောက်မာထောင်လွှားမှု ရှိသည်။
သူ၏ အနက်ရောင်ဆံပင်ရှည်က ကျောအနောက်ဘက်တွင် ရေတံခွန်ပမာ ကျဆင်းနေသည်။ လေတိုက်ခတ်သွားတိုင်း သူ၏ အနက်ရောင်ဆံပင်က တအိအိလှုပ်ခတ်သွားသည်။ သူ၏ နဖူးပေါ်တွင် ခရမ်းရောင်ဘုရင်စာလုံး ရှိသည်။ တစ်စုံတစ်ယောက်က သေချာဂရုတစိုက် ကြည့်မည်ဆိုလျှင် ယင်းက မိစ္ဆာကျားခန္ဓာကိုယ်၏ နဖူးပေါ်မှ ခရမ်းရောင်ဘုရင်စာလုံးနှင့် အတူတူဖြစ်ကြောင်း မြင်ရလိမ့်မည်။
သို့သော်လည်း လူသားအသွင်သဏ္ဍာန်၏ နဖူးပေါ်မှ ခရမ်းရောင်ဘုရင်စာလုံးက အများကြီး ပိုသေးငယ်သည်။ ထို့ပြင် ယင်းက “ ဘုရင် ”ဟူသော စာလုံးထက် အမှတ်သင်္ကေတတစ်ခုနှင့် ပိုပြီးဆင်တူသည်။ ဤသည်မှာ ဘုရင်အမှတ်သင်္ကေတက သူ့နဖူးပေါ်မှာ လျှို့ဝှက်ဆန်းကြယ်စွာ တည်ရှိနေသည့်အလားပင်။ ယင်းက ရှေးခေတ်မှ မိစ္ဆာမျိုးနွယ်စု၏ စာလုံးဖြစ်ဟန် ရ၏။
ခရမ်းရောင်ဘုရင်စာလုံးက ဆက်တိုက် တအိအိလှုပ်ခတ်နေစဉ် ဂုဏ်သိက္ခာကြီးမြတ်သော အရှိန်အဝါက ပေါ်လျှိုးလာသည်။ ကြီးမားလေးလံသော ဖိအားက အရပ်ရှစ်မျက်နှာဆီသို့ ရုတ်တရက် ပျံ့နှံ့သွားသည်။ ချက်ချင်းဆိုသလိုပင် မိစ္ဆာအသင်္ချေချိုင့်ဝှမ်းတစ်ခုလုံးက ကြီးမားလေးလံသော ဖိအားဖြင့် ဖုံးလွှမ်းခံလိုက်ရသည်။
“ အရှင်မင်းကြီး ”
ဤအခိုက်အတန့်မှာ ချိုင့်ဝှမ်းထဲမှ သက်ရှိအားလုံးက တစ်ချိန်တည်း ဒူးထောက်လိုက်ကြသည်။ ထိုသို့ဖိအားဖြင့် ရင်ဆိုင်ရသောအခါ သူတို့ဆီမှာ ခုခံရန်ဟူသောအတွေး စိုးစဉ်းမျှ မရှိပေ။
စက်ကရာက မိစ္ဆာချီကို မသိစိတ်မှ ထုတ်လွှတ်လိုက်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူ၏ အကြည့်က နက်ရှိုင်းသည်။ ဤသည်မှာ သူက တစ်စုံတစ်ခုကို တွေးတောစဉ်းစားနေသည့်အလားပင်။ သို့သော်လည်း စက္ကန့်အနည်းငယ်ကြာပြီးနောက် သူက အသိပြန်ဝင်လာသည်။ သူက သိုလှောင်အိတ်ကို ထုတ်လိုက်ပြီး ညင်သာစွာ ပုတ်လိုက်သည်။ သိုလှောင်အိတ်က အလင်းရောင် ဝင်းခနဲ လက်သွားသည့်အခါ အနက်ရောင်ဝတ်စုံတစ်ထည်က သူ၏ လက်ဖဝါးပေါ်မှာ ထွက်ပေါ်လာသည်။
သူက အနက်ရောင်ဝတ်စုံကို မြန်ဆန်စွာ ဝတ်လိုက်ပြီး ဗလာကျင်းနေသော သူ့ခန္ဓာကိုယ်ကို ဖုံးကွယ်လိုက်သည်။
သူ၏ သန်စွမ်းကြံ့ခိုင်သော ခန္ဓာကိုယ်ကို အနက်ရောင်ဝတ်စုံဖြင့် ဖုံးကွယ်လိုက်သည်။ လေတဟူးဟူး တိုက်ခတ်နေစဉ် သူ၏ အနက်ရောင်ဝတ်စုံက တဖျပ်ဖျပ်လှုပ်ခတ်သွားသည်။ သန်စွမ်းကြံ့ခိုင်သော အရှိန်အဝါက သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။
“ ဒီနေ့ ငါသီရှီထျန်က လူသားအသွင်သဏ္ဍာန်ကို ပြန်ရသွားပြီ… ဒါပေမဲ့ ငါက လူသားတစ်ယောက် မဟုတ်တော့ဘူး… အတိတ်က အတိတ်မှာပဲ ကျန်ခဲ့ပြီ… အတိတ်ဘဝမှာ ငါက လူသားတစ်ယောက်ဖြစ်ခဲ့ပေမဲ့ ဒီဘဝမှာ ငါက မိစ္ဆာတစ်ကောင်ပဲ ”
“ ဒီလောကမှာ အမတတွေ၊ မိစ္ဆာတွေ၊ တစ္ဆေတွေနဲ့ နတ်ဘုရားတွေ ရှိတယ်… ငါ့ရဲ့ အရင်ဘဝမှာ ဟွာရှားကို ငါချုပ်ကိုင်နိုင်ခဲ့တယ်… ဒီဘဝမှာတော့ ခရမ်းရွှေကုန်းမြေရဲ့ အချုပ်အခြာအာဏာက ငါ့လက်ထဲမှာ ရှိရမယ် ”
သီရှီထျန်က သူ့အရှေ့မှ ဟင်းလင်းပြင်ကို ကြည့်လိုက်သည်။ သူ့စကားများက မောက်မာထောင်လွှားပြီး အားမာန်ပါသည်။ ယင်းက ဤဘဝတွင် လူသားခန္ဓာကိုယ်ဖြင့် ပထမဆုံး သူပြောလိုက်သော စကားဖြစ်သည်။ ထိုသို့သူပြောလိုက်သည့်အခိုက် အထွတ်အမြတ်အရှိန်အဝါက သူ၏ နှလုံးသားထဲမှ ထွက်ပေါ်လာသည်။ ထိုအရှိန်အဝါက ယခုအချိန်မှာ သိပ်မထင်ရှားသေးသော်လည်း ယင်းက သူ၏ တမူထူးခြားသော အသွင်လက္ခဏာကို ကိုယ်စားပြုသည်။
“ မဆိုးဘူး… နင့်မှာ ထူးခြားတဲ့ ပါရမီရှိတယ်… နင်တစ်ခုသိထားရမှာက အံ့ဖွယ်လအသွင်ပြောင်းလဲခြင်း လျှို့ဝှက်အတတ်ပညာကို သက်ရှိအားလုံး မကျင့်ကြံနိုင်ဘူး… ငါ့ရဲ့ မြေခွေးမျိုးနွယ်စုထဲမှာတောင် ပြီးပြည့်စုံတဲ့အဆင့်ထိ ကျင့်ကြံနိုင်ဖို့ ကျွမ်းကျင်ပညာရှင်တစ်ဦးက ဘေးကနေ လမ်းညွှန်ပေးရလိမ့်မယ်… ဒါပေမဲ့ နင်ကတော့ အဲ့ဒါကို ပြီးပြည့်စုံတဲ့အဆင့်ထိ ကိုယ့်ဘာသာ ကျင့်ကြံနိုင်ခဲ့တယ်… နင်က လစန္ဒာအလင်းတိုင်လုံးကိုတောင် ဆွဲယူနိုင်ခဲ့တယ်… အဆုံးမဲ့တဲ့ အံ့ဖွယ်ယင်စွမ်းအားရဲ့ ထောက်ပံ့ပေးမှုအောက်မှာ ခန္ဓာကိုယ်ထဲက မရီဒျန်အားလုံးကို တစ်ဆက်တည်း ချိုးဖြတ်နိုင်ခဲ့ပြီး လူသားအသွင်သဏ္ဍာန်ကို ပြောင်းလဲနိုင်ခဲ့တယ်… နင့်ကို ငါမချီးကျူးဘဲ မနေနိုင်ဘူး ”
ထိုအခိုက်အတန့်မှာ ရေတံခွန်တောင်ထိပ်ပေါ်တွင် မည်သည့်အချိန်ကမှန်းမသိ ရောက်နေသော ပိုင်ဟူက အံ့ဩစွာ ပြောသည်။ သူ၏ မျက်လုံးထဲမှာ နက်နဲသိမ်မွေ့သော အကြည့်ရှိသည်။ သူက သီရှီထျန်၏ လူသားအသွင်သဏ္ဍာန်ကို စုန်ချည်ဆန်ချည် အကဲခတ်ကြည့်လိုက်သည်။
သူက စိတ်ထဲမှာ တွေးတောလိုက်သည်။
‘ သီရှီထျန်ရဲ့ လူသားအသွင်သဏ္ဍာန်က မသေမျိုးကျင့်ကြံသူတွေထဲက ရုပ်ရည်ချောမောလှပတဲ့ ကျင့်ကြံသူတွေနဲ့ နှိုင်းယှဉ်ရင် သာမန်ပဲ… ဒါပေမဲ့ သူ့မှာ တမူထူးခြားတဲ့ အရှိန်အဝါရှိပြီး သူ့ရဲ့ ခန္ဓာကိုယ်က သန်စွမ်းကြံ့ခိုင်တယ်… သူ့မျက်လုံးထဲမှာ မောက်မာထောင်လွှားတဲ့ အရိပ်အယောင်လည်း ရှိတယ်… အားလုံးခြုံကြည့်ရင် သူက မဆိုးဘူး… သူ့မျက်နှာက ကြည်လင်ပြီး သူ့နှလုံးသားက စင်ကြယ်တယ်… ကြည့်ရတာ သူ့မှာ အတိတ်ဇာတ်ကြောင်းတွေ ရှိခဲ့တဲ့ပုံပဲ ’
မှန်ပေ၏။ သီရှီထျန်၏ အသွင်သဏ္ဍာန်ကို ရုပ်ရည်ချောမောသည်ဟု မဆိုနိုင်ပေ။ ဥပမာ ကျိုးယွမ်ဖေးကဲ့သို့ ပြိုင်စံရှားသော ချောမောလှပမှုနှင့် နှိုင်းယှဉ်လျှင် သူက သာမန်သာ ဖြစ်သည်။ သို့သော်လည်း သူ့မှာ တမူထူးခြားသော အရှိန်အဝါရှိသည်။ ထိုအရှိန်အဝါက သူတစ်ဦးတည်းသာ ပိုင်ဆိုင်နိုင်သော ဆွဲဆောင်မှုတစ်မျိုးကို ထုတ်လွှတ်နေသည်။
“ ပိုင်ဟူ… ”
သီရှီထျန်က ပိုင်ဟူကို လှည့်ကြည့်လိုက်သည်။
“ ခဏနေဦး ”
ပိုင်ဟူက ခေါင်းယမ်းလိုက်ပြီး သူ့စကားကို ကြားဖြတ်ပြောလိုက်သည်။
“ ငါ့နာမည်က ပိုင်ဟူလို့ ဘယ်သူပြောလဲ… နင့်ကို ငါစိတ်ဝင်စားတယ်… အဲ့ဒါကြောင့် နင့်ကို ငါ့နာမည် ပြောပြမယ်… နောက်တစ်ခါ ငါ့ကို အဲ့ဒီနာမည် မခေါ်နဲ့… ငါ့နာမည်က စုထျန်းရှင်း… ငါ့ခန္ဓာကိုယ်ရဲ့ တမူထူးခြားတဲ့ အမွှေးနံ့ကြောင့် ကျင့်ကြံခြင်းလောကက လူတွေက ငါ့ကို ကောင်းကင်ရနံ့မြေခွေးဘုရင်လို့ ခေါ်ကြတယ် ”
သူ့နာမည်က သူ၏ အမွှေးနံ့မှ ဆင်းသက်လာခြင်း ဖြစ်သည်။ အပြင်လူများက သူ့ကို ကောင်းကင်ရနံ့မြေခွေးဘုရင်ဟုသာ သိကြသည်။ သူ၏ နာမည်အမှန်ကို သိထားသူများက အလွန်နည်းပါးသည်။
ထိုသို့ပြောလိုက်သည်နှင့် ပိုင်ဟူ၏ ခန္ဓာကိုယ်ပေါ်မှာ အဖြူရောင်အလင်း ထွက်ပေါ်လာသည်။ ထိုအခါ ပိုင်ဟူက ပျောက်ကွယ်သွားပြီး ထိုနေရာမှာ ပြိုင်စံရှား ချောမောလှပသော မိန်းမပျိုလေးတစ်ဦး ထွက်ပေါ်လာသည်။ သူက နှင်းကဲ့သို့ ဖြူဖွေးသော ဝတ်စုံကို ဝတ်ဆင်ထားသည်။ ဝတ်စုံသည် သူ၏ ခန္ဓာကိုယ်အချိုးအစားနှင့် ပြီးပြည့်စုံစွာ လိုက်ဖက်ညီသည်။ သူ၏ အနက်ရောင်ဆံပင်ရှည်ကို ကျောက်စိမ်းဆံထိုးတစ်ချောင်းဖြင့် ဦးခေါင်းပေါ်မှာ စုချည်ထားသည်။ သို့တိုင် ဆံနွယ်တချို့က သူ၏ ပခုံးထက်သို့ ကြော့ရှင်းလှပစွာ ကျဆင်းနေသည်။ သူ၏ ခန္ဓာကိုယ်သည် ခေါင်းအစခြေအဆုံးထိ အမို့အမောက်အရှိုက်အဝန်းများဖြင့် ပြီးပြည့်စုံနေသည်။ သူက ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်မိမယ်တစ်ပါးနှင့် ဆင်တူသည်။ သူက ဂန္တဝင်ဆန်သော အလှပိုင်ရှင် ဖြစ်သည်။ ဤလောက၏ အလှအပအားလုံးက သူ့အပေါ်မှာ စုစည်းရှိနေဟန် ရ၏။
သူ၏ လက်မောင်းနှစ်ခုကြား၌ အဖြူရောင်ဖဲကြိုးတစ်ခုက လေနှင့်အတူ ညင်သာစွာ လွင့်မျောနေသည်။ ထို့ပြင် သတ္တဝါများကို ယဇ်မူးစေနိုင်သော အမွှေးနံ့တစ်မျိုးက သူ၏ ခန္ဓာကိုယ်မှ ပျံ့လွင့်နေသည်။
“ တကယ်ပဲ မင်းကို ”
ပိုင်ဟူ၏ အသွင်သဏ္ဍာန်ကို မြင်လိုက်ရသောအခါ သီရှီထျန်၏ နှလုံးသားထဲမှ နောက်ဆုံးလက်ကျန် သံသယအမျှင်က လုံးဝ ပျောက်ကွယ်သွားသည်။ အတိတ်မှာ သူက ထိုချောမောလှပသော မျက်နှာကို နှစ်ကြိမ်မြင်ခဲ့ဖူးသည်။
“ နင် ဒီကို ရောက်နေပြီဆိုမှတော့ ဘာလို့ ပုန်းနေသေးတာလဲ ”
ပိုင်ဟူက သိမ်မွေ့စွာ ပြုံးလိုက်သည်။ သူက ရုတ်တရက် ဘေးသို့ လှည့်လိုက်ပြီး ထူးဆန်းသော စကားကို ပြောသည်။
အခန်း(၁၇၁)
“ ဘာလဲ… အဲ့ဒီမှာ ဘယ်သူလဲ ”
သီရှီထျန်က မျက်ခုံးပင့်တင်လိုက်သည်။ အေးစက်မှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ပိုင်ဟူ၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်သည်။ သူက အေးစက်စက် အော်ပြောလိုက်သည်။
“ အပြင်ထွက်လာခဲ့စမ်း ”
သူ့စကားဆုံးသွားသည်နှင့် သူက ညာလက်ဖြင့် သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ အစိမ်းရောင်သစ်သားပေတံတစ်ချောင်းက မြန်ဆန်စွာ ပျံသန်းထွက်လာပြီး သူ့လက်ထဲသို့ ကျဆင်းလာသည်။ နောက်အခိုက်အတန့်မှာ သူက သစ်သားပေတံကို ဦးတည်ရာတစ်ခုထံသို့ မြန်ဆန်စွာ ပစ်ပေါက်လိုက်သည်။ သစ်သားပေတံသည် အစိမ်းရောင်အလင်းကို ထုတ်လွှတ်လိုက်ပြီး ဟင်းလင်းပြင်နှင့် ဝင်ဆောင့်သွားသည်။
“ ဘန်း ”
ထိုအစိမ်းရောင်သစ်သားပေတံကို လီမိသားစု၏ အခြေတည်နယ်ပယ် ကျင့်ကြံသူနှစ်ယောက်ထံမှ သူရရှိခဲ့ခြင်း ဖြစ်သည်။ ယင်းက အဆင့်နိမ့် ဓမ္မလက်နက်တစ်ခု ဖြစ်သည်။ ယင်းကို သူ့လက်ထဲမှာ ဆုပ်ကိုင်ခဲ့စဉ် မိစ္ဆာချီက သစ်သားပေတံထဲသို့ ချက်ချင်း ဝင်ရောက်သွားသည်။ ပမာဏများပြားသော မိစ္ဆာချီက သစ်သားပေတံ၏ စွမ်းအားကို တစ်ခါတည်းဖြင့် အဆုံးစွန်သို့ တွန်းပို့ပေးလိုက်သည်။ သစ်သားပေတံက ဟင်းလင်းပြင်ကို ရက်စက်ကြမ်းကြုတ်စွာ ရိုက်ချလိုက်သည်။
သို့သော်လည်း အနက်ရောင်ဆံခြည်တစ်မျှင်က ဟင်းလင်းပြင်ထဲမှာ ရုတ်တရက် ထွက်ပေါ်လာသည်။ ဆံခြည်မျှင်သည် ရှည်လျားသေးသွယ်သည်။ မျက်စိတစ်မှိတ်အတွင်းမှာ ယင်းက အနီရောင်မြွေတစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွားသည်။ ဤသည်မှာ မြွေတစ်ကောင်က တွင်းပေါက်ထဲမှ ရုတ်တရက် ခုန်ထွက်လာသည့်အလားပင်။
မြွေသည် အစိမ်းရောင်သစ်သားပေတံကို ရစ်ခွေလိုက်ပြီး ကြမ်းတမ်းစွာ လှုပ်ယမ်းလိုက်သည်။ လှုပ်ရှားမှုနှစ်ကွက်တည်းဖြင့် အစိမ်းရောင်သစ်သားပေတံပေါ်မှ မိစ္ဆာအရှိန်အဝါက လုံးဝ လွင့်ပြယ်သွားသည်။ နောက်အခိုက်အတန့်မှာ နှင်းကဲ့သို့ ဖြူဖွေးသော ကျောက်စိမ်းလက်တစ်ဖက်က ဟင်းလင်းပြင်ထဲမှ ဆန့်တန်းထွက်လာပြီး သစ်သားပေတံကို ဖမ်းဆုပ်လိုက်သည်။
တစ်ချိန်တည်းမှာ အသစ်ရောက်လာသူ၏ ရုပ်သဏ္ဍာန်က အပြည့်အဝ ထွက်ပေါ်လာသည်။
“ မင်းကို မဒူဆာ ”
သီရှီထျန်သည် အသစ်ရောက်လာသူကို မြင်သွားသောအခါ အံ့ဩသွားသည်။ သို့သော်လည်း လီချန်းလန်နှင့် တိုက်ပွဲပြီးနောက် မဒူဆာက သူ့အား လာရှာမည်ဟု ပြောခဲ့ဖူးကြောင်း သူပြန်အမှတ်ရသွားသောအခါ အနည်းငယ် စိတ်အေးသွားသည်။ မည်သို့ဖြစ်ပါစေ အစောနက သူလုပ်ဆောင်ခဲ့သောအရာက အလွန်ကြီးမားသည်။ တောင်ပိုင်းမြေရိုင်းဒေသထဲမှ မိစ္ဆာသားရဲဘုရင်များက ငွေရောင်အလင်းတိုင်လုံးကို မည်သို့ကြောင့် မမြင်ဘဲ နေမည်နည်း။
“ နင် လူသားအသွင်သဏ္ဍာန် ပြောင်းလဲသွားမယ်လို့ ငါမမျှော်လင့်ထားဘူး… ဒါပေမဲ့ ဘာလို့ နင့်ရဲ့ ခန္ဓာကိုယ်ထဲမှာ အမြူတေဓာတ်လုံး မရှိတာလဲ… ပြီးတော့ နင့်ရဲ့ ကျင့်ကြံခြင်းစွမ်းအား တိုးတတ်သွားတယ်လို့ ငါမခံစားမိဘူး ”
အမှန်မှာ မဒူဆာသည် ပိုင်ဟူ လူသားအသွင်သဏ္ဍာန်သို့ ပြောင်းလဲသွားသည့်အချိန်မှ ရောက်လာခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူမြင်လိုက်ရသော မြင်ကွင်းက သူ၏ နှလုံးကို ပြင်းထန်စွာ တုန်ယင်သွားစေသည်။
ပထမဆုံးအနေနှင့် သီရှီထျန်က လူသားအသွင်သဏ္ဍာန်သို့ ပြောင်းလဲသွားသော်လည်း သူ၏ ခွန်အားက မိစ္ဆာသားရဲနယ်ပယ်ထဲမှာသာ ရှိနေသေးသည်။ ထို့ပြင် သူ၏ ခန္ဓာကိုယ်ထဲမှာလည်း အမြူတေဓာတ်လုံး မရှိနေပေ။ ယင်းက အလွန်ထူးဆန်းသည်။
သို့သော် သူ့ကို အဓိက အံ့ဩထိတ်လန့်စေခဲ့သည်မှာ ပိုင်ဟူ ဖြစ်သည်။ ပိုင်ဟူက သူ့ကိုယ်သူ ‘ ကောင်းကင်ရနံ့မြေခွေးဘုရင် ’ဟု ပြောခဲ့သည်။ သို့ဖြစ်၍ တစ်ဖက်လူ၏ သရုပ်မှန်က သူ့အရှေ့မှာ ချက်ချင်း ထွက်ပေါ်လာသည်။
တောင်ပိုင်းမြေရိုင်းဒေသက သေးငယ်သော်လည်း မိစ္ဆာမျိုးနွယ်စုထဲမှာ မိစ္ဆာဘုရင်များ ရှိနေဆဲပင်။ ကောင်းကင်ရနံ့မြေခွေးဘုရင်သည် မိစ္ဆာဘုရင်များထဲတွင် အလွန်နာမည်ကျော်ကြားသည်။ သူက ဝိညာဉ်သန္ဓေတည်နယ်ပယ် တန်ခိုးရှင်တစ်ပါးနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည်။ ထိုသို့အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦးက ဤနေရာမှာ ရုတ်တရက် ထွက်ပေါ်လာကြောင်း သူမြင်လိုက်သည့်အခါ မည်သို့ကြောင့် မအံ့ဩသွားဘဲ နေမည်နည်း။
“ မဒူဆာက မြေခွေးဘုရင်ကို နှုတ်ဆက်ပါတယ် ”
ထို့နောက် သူက ပိုင်ဟူကို ရိုသေလေးစားစွာ နှုတ်ဆက်လိုက်သည်။ သို့သော်လည်း သူ၏ မွေးရာပါအကျင့်စရိုက်ကြောင့် သူ၏ အမူအရာက အေးတိအေးစက် ဖြစ်နေသည်။ သူ၏ စကားထဲမှာ မည်သည့်စိတ်ခံစားချက်မှ မပါရှိပေ။ မည်သို့ဖြစ်ပါစေ သူသည်လည်း အမြူတေဓာတ်လုံး ဖွဲ့စည်းပြီးသော အစစ်အမှန် မိစ္ဆာတစ်ကောင် မဟုတ်ပါလော။
ပိုင်ဟူက လှပစွာ ပြုံးလိုက်သည်။ သူက သိမ်မွေ့စွာ ပြောသည်။
“ ဒီတော့ ညီမမဒူဆာကို… ငါတို့က မိစ္ဆာမျိုးနွယ်စုတစ်ခုတည်းကပဲ… ယဉ်ကျေးနေဖို့ မလိုပါဘူး… အနာဂတ်မှာ ငါတို့တွေ တစ်ယောက်ကိုတစ်ယောက် ညီအမတွေလို့ ခေါ်ကြမယ်… ငါ့နာမည်က ထျန်းရှင်းပါ ”
မဒူဆာထံမှ မည်သည့်သတ်ဖြတ်ခြင်းစိတ်ဆန္ဒကိုမှ သူအာရုံမခံမိပေ။ ရှင်းလင်းစွာပင် တစ်ဖက်လူက ရန်သူမဟုတ်ပေ။ လက်ရှိ မိစ္ဆာမျိုးနွယ်စု၏ အခြေအနေကို သူသိသည်။ ထို့ပြင် လူသားအသွင်သဏ္ဍာန်သို့ ပြောင်းလဲနိုင်သော မိစ္ဆာအသစ်များက မိစ္ဆာမျိုးနွယ်စု၏ အလုံးစုံအင်အားကို တိုးမြှင့်ပေးနိုင်ကြောင်း ကောင်းကောင်း သူသိသည်။
ယင်းကို ကြားသောအခါ မဒူဆာ၏ အေးတိအေးစက် မျက်နှာပေါ်မှာ အပြုံးတစ်ခု ထွက်ပေါ်လာသည်။ သူက ပိုင်ဟူကို ဦးညွတ်လိုက်ပြီး ပြောသည်။
“ ဒီညီမက အမထျန်းရှင်းကို ဂါရဝပြုပါတယ် ”
“ ကောင်းတယ် ”
ပိုင်ဟူက ပြုံးလိုက်ပြီး မဒူဆာ၏ ဂါရဝပြုမှုကို လက်ခံလိုက်သည်။ ချက်ချင်းဆိုသလိုပင် သူတို့နှစ်ယောက်က ရင်းနှီးကျွမ်းဝင်သွားကြသည်။ မဒူဆာက အစိမ်းရောင်သစ်သားပေတံကို သီရှီထျန်ဆီသို့ ပြန်ပစ်ပေးလိုက်သည်။
“ နေပါဦး… ကျူးအာကို စောင့်ပါဦး… ကျူးအာလည်း အမတစ်ယောက် လိုချင်တယ် ”
ထိုအခိုက်အတန့်မှာ အနီရောင် အလင်းတန်းတစ်ခုက အဝေးမှ မြန်ဆန်စွာ ပျံသန်းလာနေသည်။ လူမရောက်ခင်မှာ အသံက အရင်ဦးစွာ ကျယ်ကျယ်လောင်လောင် ပဲ့တင်ထပ်သွားသည်။ တစ်စုံတစ်ယောက်က အသံလာရာဆီသို့ မော့ကြည့်လျှင် ဇာမဏီငှက်က ဤနေရာသို့ အမြန်ပျံသန်းလာနေကြောင်း မြင်ရလိမ့်မည်။
“ ကျူးအာ နင်ဘာလို့ ဒီရောက်လာတာလဲ ”
မဒူဆာသည် ကျူးအာက သူ့ဘေးနားသို့ ပျံသန်းလာနေကြောင်း မြင်သောအခါ စိတ်ဝင်တစား မေးသည်။ ဇာမဏီငှက်သည် ပန်းမျိုးတစ်ရာချိုင့်ဝှမ်းထဲမှာသာ အမြဲတစေ နေထိုင်သည်။ သူက ပုံမှန်အားဖြင့် ချိုင့်ဝှမ်းအပြင်သို့ ထွက်လာလေ့မရှိပေ။ ထို့ပြင် သူက ပန်းမျိုးတစ်ရာချိုင့်ဝှမ်းထဲမှ ပုဂ္ဂိုလ်အကြောင်း ကောင်းကောင်း နားလည်သည်။ များသောအားဖြင့် ဇာမဏီငှက် အပြင်ထွက်လာခြင်းက ထိုပုဂ္ဂိုလ်၏ စေခိုင်းမှုကြောင့် ဖြစ်သည်။
ဖြစ်နိုင်သည်မှာ အစောနက သီရှီထျန် ထုတ်လွှတ်ခဲ့သော လစန္ဒာတိုင်လုံးက ပန်းမျိုးတစ်ရာချိုင့်ဝှမ်းထဲမှ ထိုပုဂ္ဂိုလ်၏ စိတ်အာရုံကို ဆွဲဆောင်သွားခဲ့သည်လော။ မဒူဆာက စိတ်ထဲမှာ တွေးတောလိုက်သည်။
ဇာမဏီငှက်၏ နောက်ထပ် စကားက သူ၏ သံသယကို ချက်ချင်း ဖယ်ရှားပေးလိုက်သည်။ ဇာမဏီငှက်က အတောင်ပံတဖျပ်ဖျပ်ခတ်၍ ပြောသည်။
“ အမက ငါ့ကို ဒီလာခိုင်းတာပါ ”
ဇာမဏီငှက်သည် ပိုင်ဟူ၏ အရှေ့မှာ ရပ်လိုက်ပြီး မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။
“ ကျူးအာရော နင့်ကို အမထျန်းရှင်းလို့ ခေါ်နိုင်မလား ”
“ ခေါ်လို့ရတာပေါ့ ”
ပိုင်ဟူက ပြုံးလိုက်သည်။ သူက လက်ဆန့်ထုတ်လိုက်ပြီး ဇာမဏီငှက်ကို သူ့လက်ပေါ်သို့ ဆင်းသက်စေသည်။
“ ကောင်းတယ်… အခု ကျူးအာမှာ နောက်ထပ် အမတစ်ယောက် ရှိသွားပြီ ”
ကျူးအာက ဝမ်းသာပျော်ရွှင်စွာ အတောင်ပံတဖျပ်ဖျပ်ခတ်လိုက်သည်။
“ တကယ်လို့ အနာဂတ်မှာ ကျူးအာ အန္တရာယ်ကြုံတဲ့အခါ ငါ့ကို ကာကွယ်ပေးမယ့် နောက်ထပ် အမတစ်ယောက် ရသွားပြီ… ကျူးအာ အရမ်းပျော်တာပဲ ”
လက်စသတ်တော့ ဇာမဏီငှက်က ပိုင်ဟူကို အမတော်ချင်သည်မှာ ထိုအကြောင်းအရင်းကြောင့်ကို။ ယင်းကို ကြားသောအခါ မဒူဆာနှင့် ပိုင်ဟူက တစ်ယောက်ကိုတစ်ယောက် ကြည့်၍ ခေါင်းယမ်းလိုက်ကြသည်။
သီရှီထျန်သည်လည်း ခေါင်းယမ်းလိုက်သည်။ လူအများကြီး ရောက်လာကြပြီး သူတို့ဆီမှာ သက်ဆိုင်ရာကိစ္စရှိနေကြောင်း သီရှီထျန် မြင်သွားသည်။
ထို့ကြောင့် သူတို့က အပြင်မှာ စကားဆက်မပြောကြတော့ချေ။ စက်ကရာက ပိုင်ဟူနှင့် တခြားလူများကို သူ့ကိုယ်ပိုင် လှိုဏ်ဂူဆီသို့ ခေါ်ဆောင်သွားသည်။ ယခု သူက လူသားအသွင်သဏ္ဍာန်ဖြင့် ရှိနေလေရာ ယခင်ကဲ့သို့ မြေကြီးပေါ်မှာ လဲလျောင်းရန် မလိုအပ်တော့ပေ။ လှိုဏ်ဂူထဲသို့ ဝင်ရောက်သွားပြီးနောက် သူက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူက အတွေးတစ်ချက်ဖြင့် သူ၏ သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းတုံးအများအပြားကို အပြင်သို့ ထုတ်လိုက်သည်။ သူ၏ သိုလှောင်အိတ်ထဲတွင် ကျောက်စိမ်းတုံးအများကြီး ရှိသည်။ သူက ယင်းတို့ကို ကျင့်ကြံသူများထံမှ ရရှိခဲ့ခြင်း ဖြစ်သည်။
ကျောက်စိမ်းတုံးများကို ထုတ်ယူပြီးနောက် သူက မိစ္ဆာချီကို အသုံးပြု၍ ယင်းတို့ကို အမြန်အရည်ပျော်စေသည်။ နောက်အခိုက်အတန့်မှာ ကျောက်စိမ်းအရည်က စားပွဲဝိုင်းတစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။ ထို့နောက် သူက ကျောက်စိမ်းထိုင်ခုံတချို့ကိုလည်း ပြုလုပ်လိုက်သည်။ သူက ဗူးသီးခြောက်တစ်ခုနှင့် ဝိုင်ခွက်လေးခွက်ကို သိုလှောင်အိတ်ထဲမှ အမြန်ထုတ်လိုက်ပြီး ယင်းတို့ကို ကျောက်စိမ်းစားပွဲဝိုင်းပေါ်မှာ တင်လိုက်သည်။
“ ကျေးဇူးပြုပြီးတော့… ”
သီရှီထျန်က ထိုင်ခုံတစ်ခုမှာ ဝင်ထိုင်လိုက်ပြီး ပိုင်ဟူနှင့် တခြားလူများကို နှုတ်ဆက်လိုက်သည်။ ထို့နောက် သူတို့အားလုံးက ထိုင်ခုံမှာ ဝင်ထိုင်လိုက်ကြသည်။ ဇာမဏီငှက်သည်လည်း ကျောက်စိမ်းစားပွဲဝိုင်းပေါ်မှာ ရပ်နားလိုက်ပြီး ဗူးသီးခြောက်ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်လိုက်သည်။
သီရှီထျန်သည် နောက်ထပ် မည်သည့်စကားမှ မဆိုတော့ဘဲ ဗူးသီးခြောက်အဖုံးကို ဖွင့်၍ ဝိုင်ကို ခွက်လေးခွက်ထဲသို့ လောင်းထည့်လိုက်သည်။ ရွှေရောင်အရည်က ဗူးသီးခြောက်ထဲမှ စီးကျလာပြီး ခွက်လေးခွက်ထဲသို့ ဝင်သွားသည်။ ရွှေရောင်အရည်က ပယင်းနှင့် ဆင်တူပြီး အနည်းငယ် စေးပျစ်သည်။ အမြှုပ်တချို့က ဝိုင်ခွက်ပေါ်မှာ ထွက်ပေါ်နေသည်။
တစ်ချိန်တည်းမှာ မွှေးပျံ့သော ဝိုင်အနံ့က ဖြည်းဖြည်းချင်း ပျံ့လွင့်လာသည်။ မကြာမီ ခွက်လေးခွက်ထဲမှာ ရွှေရောင်အရည်ဖြင့် ပြည့်သွားသည်။
“ အဲ့ဒီဝိုင်က… ”
မဒူဆာသည် တစ်ခါမှ သူမရဖူးသော ဝိုင်အနံ့ကို ရှူလိုက်သည်။ ထူးဆန်းသော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ ထိုဝိုင်ထဲမှာ အလွန်သိပ်သည်းသော ဝိညာဉ်စွမ်းအားရှိကြောင်း သူအာရုံခံမိသည်။ ထိုဝိညာဉ်စွမ်းအားက မလွင့်ပြယ်သွားပေ။ ရှင်းလင်းစွာပင် ယင်းက တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းစွမ်းအားကို တိုးမြှင့်ပေးနိုင်သော ဝိညာဉ်ဝိုင် ဖြစ်သည်။
“ ဒီခွက်ထဲက အရည်က ငါ့ရဲ့ လက်အောက်ငယ်သားတွေထဲက တစ်ယောက် အချိန်အကြာကြီး ချက်လုပ်ထားတဲ့ ဝိညာဉ်ဝိုင်ပါ… အဲ့ဒါကို နှစ်ပေါင်းတစ်ရာကြာအောင် ချက်လုပ်ခဲ့တာပါ… အဲ့ဒါကို မျောက်မင်းဝိုင်လို့ ခေါ်ပါတယ်… အားလုံးပဲ မျောက်မင်းဝိုင်ကို မြည်းစမ်းကြည့်ကြပါ ”
သီရှီထျန်သည် သူ့အရှေ့မှ ဝိုင်ခွက်ကို ကောက်ယူလိုက်ပြီး မျောက်မင်းဝိုင်အကြောင်း သူတို့ကို မိတ်ဆက်ပေးလိုက်သည်။
ထိုဝိုင်သည် သာမန်မျောက်မင်းဝိုင် မဟုတ်ပေ။ ယင်းက နှစ်ပေါင်းတစ်ရာကြာအောင် သိမ်းဆည်းထားခဲ့သော နှစ်ချို့မျောက်မင်းဝိုင် ဖြစ်သည်။ ဝိုင်အရသာက အလွန်ပြင်းထန်ပြီး ထိုထဲမှာ ကိန်းအောင်းနေသော ဝိညာဉ်စွမ်းအားက သာမန်မျောက်မင်းဝိုင်ထက် ဆယ်ဆ သို့မဟုတ် အဆတစ်ရာ ပိုပြီးအားကောင်းသည်။ သို့ဖြစ်၍ ယင်းက အလွန်တန်ဖိုးကြီးမားသည်။ သီရှီထျန်ဆီမှာပင် ထိုသို့မျောက်မင်းဝိုင်က ဗူးသီးခြောက်သုံးခုတည်း ရှိ၏။
ထို့ကြောင့် သူသည်ပင် ယင်းကို သောက်သုံးရန် တုံ့ဆိုင်းမိသည်။ သို့သော်လည်း ယနေ့ သူက ချွင်းချက်အနေဖြင့် ဗူးသီးခြောက်တစ်ခုကို ထုတ်လိုက်သည်။
“ ဒီဟာက ဝိုင်ကောင်းပဲ ”
ပိုင်ဟူက တစ်ငုံသောက်လိုက်သည်။ သူက မျက်လုံးမှိတ်လိုက်ပြီး ဝိုင်ထဲမှာ ပါဝင်သော အရသာအမျိုးမျိုးကို ဂရုတစိုက် ခံစားကြည့်သည်။ သူက ခေါင်းညိတ်လိုက်ပြီး မျောက်မင်းဝိုင်ကို မချီးကျူးဘဲ မနေနိုင်ပေ။ ဤနှစ်တစ်ရာမျောက်မင်းဝိုင်သည် အမှန်တကယ်ပင် သာမန်မျောက်မင်းဝိုင်ထက် အများကြီး ပိုအရသာရှိသည်။ ယင်းက ရှားပါးပစ္စည်း ဖြစ်သည်။
ပိုင်ဟူ၏ ချီးကျူးစကားကို ကြားသောအခါ ဇာမဏီငှက်သည်လည်း ဝိုင်ခွက်ထဲသို့ အမြန်ခေါင်းငုံ့လိုက်ပြီး တစ်ငုံသောက်လိုက်သည်။ သူက မျက်လုံးဝင်းလက်သွားပြီး ပြောသည်။
“ ဒီဝိုင်က တကယ်ကောင်းတယ်… အဲ့ဒါက ငါ့အမ ချက်လုပ်တဲ့ ပန်းမျိုးတစ်ရာအမတဝိုင်လိုမျိုး ကောင်းတယ် ”
“ အင်း… ဒီဝိုင်က တကယ်ကောင်းတယ်… ဒါပေမဲ့ အများကြီးမရှိတာ စိတ်မကောင်းစရာပဲ ”
သီရှီထျန်က တည်ငြိမ်စွာ ပြောသည်။ သူက မဒူဆာကို ကြည့်လိုက်ပြီး မေးသည်။
“ မဒူဆာ… အရင်တစ်ခေါက်က ငါ့ဆီ မင်းလာခဲ့မယ်လို့ ပြောခဲ့တယ်… အခု ဒီကို မင်းရောက်လာပြီ… မင်းရဲ့ လာရင်းကိစ္စက အရင်ကဟာပဲလား ”