အခန်း (၁၇၂-၁၇၄)
Vol. 12 Ch. 172-174
အခန်း(၁၇၂)
မဒူဆာ၏ စကားကို ကြားပြီးနောက် အနာဂတ်မှာ မဒူဆာက မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဆီသို့ သေချာပေါက် ရောက်လာလိမ့်မည်ဖြစ်ကြောင်း သီရှီထျန် သိလိုက်သည်။ သူက အဖြေကို စိတ်ထဲမှာ ခန့်မှန်းထားပြီးပြီ ဖြစ်၏။ မည်သို့ဖြစ်ပါစေ မဒူဆာ၏ စိတ်အာရုံကို ဆွဲဆောင်နိုင်သော ကိစ္စများက အများကြီး မရှိပေ။ သို့ဖြစ်၍ တစ်ခဏကြာ တွေးတောပြီးနောက် အကြောင်းအရင်းကို အကြမ်းဖျဉ်း သူခန့်မှန်းနိုင်သွားသည်။
သူမျှော်လင့်ထားသကဲ့သို့ မဒူဆာက ဘာမှမဖုံးကွယ်ပေ။ သူက သီရှီထျန်ကို စူးစိုက်ကြည့်လိုက်သည်။ သူက အနီရောင်နှုတ်ခမ်းကို ညင်သာစွာ ဖွင့်ဟလိုက်ပြီး ပွင့်ပွင့်လင်းလင်း ပြောသည်။
“ အဲ့ဒီနေ့က ကျောက်စိမ်းကုချင်းကို နင်ထုတ်လိုက်တာ ငါမြင်ခဲ့တယ်… ငါ့အထင်မမှားရင် အဲ့ဒါက နင့်ရဲ့ သက်စောင့်မိစ္ဆာလက်နက်ဖြစ်ရမယ်”
“ ဟုတ်တယ် ”
စက်ကရာက မငြင်းပေ။
အခြားတစ်ဖက်တွင် ပိုင်ဟူက ဝိုင်ခွက်ထဲမှ မျောက်မင်းဝိုင်ကို ဖြည်းဖြည်းချင်း အရသာခံနေရင်း သူတို့နှစ်ယောက်ကြားမှ စကားဝိုင်ကို တိတ်တဆိတ် နားထောင်နေသည်။ သူက ကြားဝင်မပြောပေ။
“ ငါ့ကို သက်စောင့်မိစ္ဆာလက်နက်သန့်စင်နည်း နင်သင်ပေးနိုင်မလား သိချင်တယ် ”
မဒူဆာသည် ဝေ့လည်ကြောင်ပတ် မလုပ်ဘဲ သူ၏ ရည်ရွယ်ချက်ကို တဲ့တိုးပြောသည်။ သူလိုချင်သည့်အရာက သက်စောင့်မိစ္ဆာလက်နက်သန့်စင်နည်း ဖြစ်သည်။ မည်သို့ဖြစ်ပါစေ ယခု သူက မိစ္ဆာအမြူတေဓာတ်လုံးကို ဖွဲ့စည်းနိုင်သွားပြီး အစစ်အမှန်မိစ္ဆာတစ်ကောင် ဖြစ်လာသည်။ သို့ဖြစ်၍ ယခု သူက သူ့ကိုယ်ပိုင် သက်စောင့်မိစ္ဆာလက်နက်တစ်ခု သန့်စင်ရန် စတင်နိုင်ပြီ ဖြစ်၏။ သက်စောင့်မိစ္ဆာလက်နက်ဖြင့်ဆိုလျှင် သူ၏ စွမ်းအားက အများကြီး ပိုသန်စွမ်းသွားလိမ့်မည်။
ထို့ပြင် ယခင်တိုက်ပွဲမှာ သီရှီထျန်က ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်း၏ စွမ်းအားဖြင့် အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်နိုင်ခဲ့ကြောင်း သူမြင်ခဲ့သည်။ ထို့ကြောင့် လက်နက်ကောင်းတစ်ခုက သူ့ကိုယ်ပိုင်ကျင့်ကြံခြင်းထက် ပိုပြီးသာလွန်ထူးခြားသော စွမ်းအားကို ထုတ်လွှတ်ပေးနိုင်ကြောင်း သူနားလည်သွားသည်။
ယင်းကို သီရှီထျန်ကြားသောအခါ သူက တွေးတောစဉ်းစားလိုက်သည်။ သူက ချက်ချင်း သဘောမတူပေ။
“ ဆုလာဘ်အနေနဲ့ အတိတ်မှာ မတော်တဆ ငါရရှိခဲ့တဲ့ ရတနာတစ်ခု ရှိတယ်… အဲ့ဒါကို အလဲအလှယ်အနေနဲ့ ငါပေးမယ် ”
မဒူဆာက သူ၏ လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်သည်။ ထိုအခါ အနက်ရောင်ပုတီးစေ့တစ်လုံးက သူ၏ လက်ဖဝါးထဲမှာ ထွက်ပေါ်လာသည်။ ပုတီးစေ့ပေါ်တွင် အနက်ရောင်အလင်းက ရေစီးကြောင်းတစ်ခုပမာ ရွေ့လျားနေသည်။ ယင်းက အလွန်ထူးဆန်းသည်။
သို့သော်လည်း အထူးခြားဆုံးမှာ ထူးဆန်းသော စွမ်းအားတစ်မျိုးက ထိုပုတီးစေ့ပေါ်မှာ စီးဆင်းနေသည်။ ဤသည်မှာ ပုတီးစေ့ထဲ၌ အနက်ရောင်ရေကန်တစ်ကန် တည်ရှိနေသည့်အလားပင်။ ပုတီးစေ့၏ အနီးနားတစ်ဝိုက်မှာ ငွေရောင်အလင်းစက်တချို့ စုဝေးနေသည်။ ကြည့်ရသည်မှာ ထိုပုတီးစေ့က လရောင်ခြည်ကို စုပ်ယူနိုင်ဟန် ရ၏။
“ ဒီပုတီးစေ့ကို မတော်တဆ ငါရရှိခဲ့တာ… ငါသိတာတစ်ခုက ဒီပုတီးစေ့ကို နင့်ရဲ့ ကိုယ်ပေါ်မှာ ထားမယ်ဆိုရင် နေနဲ့လရဲ့ အနှစ်သာရကို ပုံမှန်ထက် သုံးဆပိုမြန်စွာ စုပ်ယူနိုင်လိမ့်မယ်… အဲ့ဒါက ကျင့်ကြံခြင်းမှာ ကူညီပေးနိုင်တဲ့ ရတနာတစ်ခုပဲ ”
မဒူဆာက အနက်ရောင်ပုတီးစေ့ကို ကျောက်စိမ်းစားပွဲဝိုင်းပေါ်မှာ ညင်သာစွာ တင်လိုက်ပြီး သီရှီထျန်ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်လိုက်သည်။
“ ကောင်းပြီ… ဒီမှာ ရှေးဟောင်းလက်နက်သန့်စင်ခြင်းစာအုပ် ”
သီရှီထျန်က မျက်လုံးဝင်းလက်သွားသည်။ သူက ပုတီးစေ့ကို တစ်ချက်ကြည့်ပြီးနောက် ရှေးဟောင်းလက်နက်သန့်စင်ခြင်းစာအုပ်ကို ထုတ်ကာ ကျောက်စိမ်းစားပွဲဝိုင်းပေါ်မှာ တင်လိုက်သည်။ ရှေးဟောင်းလက်နက်သန့်စင်ခြင်းစာအုပ်ကို ရရှိရန် သူ့အတွက် မခက်ခဲပေ။ သူက ယင်းကို ကျင့်ကြံသူများထံမှ ရရှိခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ထိုသို့ရှေးဟောင်းစာအုပ်က အလွန်ရှားပါးသည်။
သူက စာအုပ်ထဲမှ အကြောင်းအရာအားလုံးကို သူ့စိတ်ထဲမှာ မှတ်သားထားပြီးပြီ ဖြစ်၏။ သို့ဖြစ်၍ ယင်းကို ပုတီးစေ့ဖြင့် လဲလှယ်ခြင်းက သူ့အတွက် အကျိုးမယုတ်ပေ။ အမှန်မှာ သူက ဤအလဲအလှယ်တွင် ကြီးမားသော အကျိုးအမြတ်ကို ရရှိသွားသည်။
သူတို့နှစ်ယောက်၏ လဲလှယ်မှုက အလွန်ရိုးရှင်းသည်။ တစ်ယောက်က ပုတီးစေ့ကို ယူလိုက်စဉ် အခြားတစ်ယောက်က ရှေးဟောင်းစာအုပ်ကို ယူလိုက်သည်။ ထိုသို့ဖြင့် လဲလှယ်မှုက ပြီးမြောက်သွားသည်။
သီရှီထျန်သည် အနက်ရောင်ပုတီးစေ့ကို ယူပြီးနောက် တစ်ခဏကြာ စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် သူက မိစ္ဆာချီအမျှင်တန်းတစ်ခုကို အနက်ရောင်ပုတီးစေ့ထဲသို့ ထည့်သွင်းလိုက်သည်။
“ အမ် ”
ထိုလုပ်ဆောင်မှု၏ ရလဒ်က သူ့ကို အံ့ဩသွားစေသည်။ သူ၏ မထူးမခြားနား အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ သူက လက်ထဲ၌ အနက်ရောင်ပုတီးစေ့ကို ကိုင်ထားရင်း သေချာဂရုတစိုက် စစ်ဆေးကြည့်လိုက်သည်။ သူက စိတ်ထဲမှာ တွေးတောလိုက်သည်။
“ ဒီအနက်ရောင်ပုတီးစေ့က မရိုးရှင်းဘူး… ပုတီးစေ့နဲ့ပတ်သက်ပြီး တစ်ခုခု ထူးဆန်းနေတယ်… အဲ့ဒါက ငါ့ရဲ့ မိစ္ဆာချီကို တကယ်ကြီး ဝါးမျိုနိုင်တယ်… ဒီဟာက သာမန်ရတနာတစ်ခု မဖြစ်နိုင်ဘူး ”
သူ၏ မိစ္ဆာချီတစ်မျှင်ကို အနက်ရောင်ပုတီးစေ့ထဲသို့ ထည့်သွင်းလိုက်သည့်အခါ မိစ္ဆာချီက ပင်လယ်ထဲသို့ ပြုတ်ကျသွားသော ကျောက်တုံးတစ်တုံးနှင့် ဆင်တူကြောင်း ခံစားမိသွားသည်။ ယင်းက မည်သည့်သဲလွန်စမှ မကျန်ဘဲ ပျောက်ကွယ်သွားသည်။ မိစ္ဆာချီက ရေပေါ်မှာပင် မလွင့်မျောနေပေ။ ထို့ပြင် အနက်ရောင်ပုတီးစေ့သည် မိစ္ဆာချီကို ဝါးမျိုပြီးနောက် ဘာမှမပြောင်းလဲသွားပေ။ ပုတီးစေ့က အနည်းငယ် အရောင်တောက်ပသွားသော်လည်း ယခင်အတိုင်း ဆက်ရှိနေဆဲပင်။ ယင်းက အမှန်တကယ် ထူးဆန်းသည်။
မဒူဆာသည် ရှေးဟောင်းလက်နက်သန့်စင်ခြင်းစာအုပ်ကို သာမန်ကာလျှံကာ လှန်လှောဖတ်လိုက်သည်။ သူက စာအုပ်၏ အစပိုင်းတွင် ဖော်ပြထားသော လက်နက်သန့်စင်ခြင်းအကြောင်းကို စိတ်မဝင်စားပေ။ သို့ဖြစ်၍ သူက စာရွက်ကို အမြန်လှန်လိုက်ပြီး သက်စောင့်ဓမ္မလက်နက်သန့်စင်ခြင်းအပိုင်းကို ရှာဖွေလိုက်သည်။ မကြာမီ သူလိုချင်သောအရာကို မြင်တွေ့သွားသည်။ သူက အကြည့်တစ်ချက်ဖြင့်ပင် ဤစာအုပ်က စစ်မှန်ကြောင်း သိသွားသည်။ သက်စောင့်ဓမ္မလက်နက်သန့်စင်သည့် နည်းလမ်းက ပိုပြီးစစ်မှန်သည်။ အဘယ့်ကြောင့်ဆိုသော် စာအုပ်ထဲမှာ အန္တိမကောင်းကင်ဘုံကိုးခုမူလပြန်အစီအရင်ကို ဖော်ပြထားသည်။ ယင်းက သက်စောင့်ဓမ္မလက်နက်သန့်စင်ရာတွင် မရှိမဖြစ် လိုအပ်သောအရာ ဖြစ်သည်။
ထို့ကြောင့် မဒူဆာက တစ်ချက်ကြည့်ပြီးနောက် ရှေးဟောင်းစာအုပ်ကို ပြန်ပိတ်လိုက်ပြီး သိမ်းဆည်းလိုက်သည်။ သီရှီထျန်က အနက်ရောင်ပုတီးစေ့ကို အံ့ဩသော အမူအရာဖြင့် ကြည့်နေကြောင်း သူမြင်တွေ့သွားသည်။ သူက မထူးမခြားနား ပြောသည်။
“ အဲ့ဒီအနက်ရောင်ပုတီးစေ့ ငါ့ဆီမှာ ရှိနေတာ နှစ်ပေါင်းတစ်ရာကျော်ပြီ… အဲ့ဒါက မိစ္ဆာချီနဲ့ လအနှစ်သာရကို ဝါးမျိုနိုင်တယ်… အဲ့ဒါက လျှို့ဝှက်ဆန်းကြယ်တဲ့ ရတနာတစ်ခုပဲ… နှစ်ပေါင်းတစ်ရာကျော်ကြာအောင် အဲ့ဒါက ငါနဲ့အတူ ရှိနေပေမဲ့ သူ့ရဲ့ လျှို့ဝှက်ချက်ကို ငါမဖော်ထုတ်နိုင်ခဲ့ဘူး… အဲ့ဒါကို ငါ့လက်ထဲမှာ ဆက်သိမ်းထားမယ်ဆိုရင် ဘာမှထူးခြားလာမှာမဟုတ်ဘူး… လအနှစ်သာရကို မြန်မြန် စုပ်ယူနိုင်စေတဲ့ သူ့ရဲ့ စွမ်းရည်က လက်ရှိ ငါ့အတွက် အသုံးမဝင်တော့ဘူး… အဲ့ဒါက နင့်အတွက် အကျိုးပြုပေးနိုင်လိမ့်မယ်လို့ ငါမျှော်လင့်တယ် ”
မဒူဆာက အနက်ရောင်ပုတီးစေ့ကို ကြည့်လိုက်သည်။ သူက ယင်းကို နှစ်ပေါင်းတစ်ရာကျော်ကြာအောင် သူနှင့်အတူ သယ်ဆောင်ထားခဲ့လေရာ ပုတီးစေ့အကြောင်း မည်သို့ကြောင့် သူမသိဘဲ နေမည်နည်း။ သို့သော်လည်း မည်သို့ သူကြိုးစားပါစေ ပုတီးစေ့၏ ထူးခြားမှုကို မဖော်ထုတ်နိုင်ခဲ့ပေ။
ထို့ကြောင့် ဤတစ်ကြိမ်တွင် သက်စောင့်ဓမ္မလက်နက်သန့်စင်ခြင်းနည်းလမ်းဖြင့် လဲလှယ်ရန် ယင်းကို သူထုတ်လိုက်သည်။
“ အင်း ”
သီရှီထျန်က ခေါင်းညိတ်လိုက်ပြီး ကျောက်စိမ်းသေတ္တာတစ်လုံးကို ဂရုတစိုက် ထုတ်လိုက်သည်။ သူက အနက်ရောင်ပုတီးစေ့ကို သေတ္တာထဲမှာ ထည့်သိမ်းလိုက်သည်။ ထိုပုတီးစေ့က တန်ဖိုးကြီးမားသော ရတနာတစ်ခုဖြစ်ကြောင်း သူ၏ မသိစိတ်မှ အာရုံရနေသည်။
စက်ကရာသည် အနက်ရောင်ပုတီးစေ့ကို သိမ်းဆည်းပြီးနောက် မဒူဆာကို ကြည့်လိုက်ပြီး ပြောသည်။
“ သက်စောင့်မိစ္ဆာလက်နက်သန့်စင်တာက မရှုပ်ထွေးဘူးဆိုပေမဲ့ သွေးသန့်စင်ခြင်းဝင်္ကပါကို ခင်းကျင်းဖို့ ကောင်းကင်ဘုံရတနာအများကြီးနဲ့ ဝိညာဉ်ကျောက်တုံးအများကြီးကို လိုအပ်တယ်… သက်စောင့်မိစ္ဆာလက်နက်တစ်ခု သန့်စင်တာက လွယ်ကူတဲ့အလုပ် မဟုတ်ဘူး ”
သူ၏ စကားထဲမှာ သတိပေးမှု ပါရှိ၏။ လက်နက်သန့်စင်နေစဉ်အတွင်း ပထမဆုံး လိုအပ်ချက်က အရေအတွက်များပြားသော ဝိညာဉ်ကျောက်တုံးများ ဖြစ်သည်။ အရေအတွက်များပြားသော ဝိညာဉ်ကျောက်တုံးများကို စုဆောင်းရန်သည် လွယ်ကူသောအလုပ် မဟုတ်ပေ။
သို့သော်လည်း ဝိညာဉ်ကျောက်တုံးများက အခက်ခဲဆုံးအပိုင်း မဟုတ်ပေ။ တကယ့်အခက်အခဲသည် ကောင်းကင်ဘုံရတနာများကို ရှာဖွေစုဆောင်းရခြင်း ဖြစ်သည်။
ကောင်းမွန်သော ကုန်ကြမ်းပစ္စည်းများမရှိလျှင် အရည်အသွေးကောင်းမွန်သော သက်စောင့်မိစ္ဆာလက်နက်ကို သန့်စင်ရန် အလွန်ခက်ခဲလိမ့်မည်။
ဥပမာ ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းသည် ရှားပါးရတနာတစ်ခု ဖြစ်သည်။ ကျောက်စိမ်းသန္ဓေသားဖြစ်စေ သို့မဟုတ် ရေနဂါး၏ အကြောမျှင်ဖြစ်စေ ယင်းတို့ကို ဓမ္မလက်နက်တစ်ခုအဖြစ် သန့်စင်နိုင်သည်။ သို့သော်လည်း သီရှီထျန်က ထိုနှစ်ခုစလုံးကို သူ့ကိုယ်ပိုင် သက်စောင့်မိစ္ဆာလက်နက်အဖြစ် ပေါင်းစပ်ခဲ့သည်။ ယင်းကို ကြည့်ခြင်းအားဖြင့် ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းက မည်မျှတန်ဖိုးကြီးမားကြောင်း သိနိုင်ပေသည်။
ထို့ကြောင့် သက်စောင့်မိစ္ဆာလက်နက်ကို လူတိုင်း မသန့်စင်နိုင်ပေ။ တစ်စုံတစ်ယောက်ဆီမှာ ရှားပါးရတနာများမရှိလျှင် သူက အစွမ်းထက်သော သက်စောင့်မိစ္ဆာလက်နက်ကို ဖန်တီးသန့်စင်နိုင်လိမ့်မည် မဟုတ်ချေ။ ရှားပါးရတနာများသည် ကံအကြောင်းတိုက်ဆိုင်မှသာလျှင် ရှာတွေ့နိုင်သည်။
“ နင်ငါ့ကို သတိပေးဖို့ မလိုပါဘူး ”
မဒူဆာက အေးတိအေးစက် ပြောသည်။ သူ၏ မျက်နှာပေါ်မှာ သေချာပိုင်နိုင်သော အမူအရာ ရှိသည်။ အမှန်မှာ သူက ဤနှစ်များတွင် ရှားပါးရတနာတချို့ကို စုဆောင်းထားနိုင်ခဲ့သည်။ အထူးသဖြင့် အသွင်သဏ္ဍာန်ပြောင်းလဲခြင်း ကပ်ဘေးဒုက္ခကို သူကျော်လွှားနေစဉ် ချွတ်ပစ်ခဲ့သော ငါးရောင်ခြယ်မြွေအကြေးခွံများ ဖြစ်သည်။ ယင်းတို့က သူ့ကိုယ်ပိုင် မိစ္ဆာလက်နက်တစ်ခုသန့်စင်ရန် အထူးသင့်တော်သည်။
သူလိုအပ်နေသည်မှာ လက်နက်သန့်စင်ခြင်းနည်းလမ်းသာ ဖြစ်သည်။ သို့ဖြစ်၍ ဤနေရာမှ သူပြန်သွားသည်နှင့် သက်စောင့်မိစ္ဆာလက်နက်သန့်စင်ခြင်းကို စတင်လိမ့်မည်။
“ နင် ဝိညာဉ်ကျောက်တုံးတွေ လိုရင် ငါ့ကိုပြောပါ… ငါ့မှာ အများကြီး ရှိတယ် ”
သူတို့နှစ်ယောက်၏ သဘောတူညီမှု ပြီးမြောက်သွားကြောင်း ပိုင်ဟူမြင်သောအခါ သူက ပြုံးလိုက်သည်။ သူပြုံးလိုက်သည့်အခါ လှိုဏ်ဂူတစ်ခုလုံး ချက်ချင်း လင်းထိန်သွားသည်။ တမူထူးခြားပြီး ဆွဲဆောင်မှုရှိသော ရနံ့တစ်မျိုးက သူ့ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။ ယင်းက မြေခွေးမျိုးနွယ်စု ပိုင်ဆိုင်သော သဘာဝဆွဲဆောင်မှု ဖြစ်သည်။
“ မလိုပါဘူး အမထျန်းရှင်း… ညီမမှာ စုဆောင်းထားတဲ့ ဝိညာဉ်ကျောက်တုံးတွေ ရှိပါတယ်… အဲ့ဒါက သက်စောင့်မိစ္ဆာလက်နက်တစ်ခု ဖန်တီးသန့်စင်ဖို့ လုံလောက်ပါတယ် ”
မဒူဆာက ပြုံးလိုက်ပြီး ပြောသည်။
ထိုအခိုက်အတန့်မှာ ကျူးအာသည် သူ့အရှေ့မှ ခွက်ထဲမှ နှစ်တစ်ရာမျောက်မင်းဝိုင်ကို အကုန်သောက်ပြီးသွားသည်။ သူက မျောက်မင်းဝိုင်၏ တမူထူးခြားသော အရသာကို အာရုံခံနေရင်း ရုတ်တရက် သတိပြန်ရသွားသည်။ သူက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။ မူလက ကြည်လင်နေသော သူ့မျက်လုံးများက အနည်းငယ် ရီဝေလာသည်။ သူက ပြောသည်။
“ အကိုသီ… ကျူး… ကျူးအာ နင့်ကို ပြောစရာရှိတယ် ”
သူ၏ အသံက အနည်းငယ် ပြတ်တောင်းပြတ်တောင်း ဖြစ်နေသည်။ ရှင်းလင်းစွာပင် သူက ဝိုင်ကြောင့် ယဇ်မူးနေသည်။ သူက ဝိုင်၏ အာနိသင်ကို ခုခံရန် အလုံအလောက် မသန်မာသေးပေ။ ကျောက်စိမ်းစားပွဲဝိုင်းပေါ်မှာ သူမတ်တတ်ရပ်နေစဉ် ခန္ဓာကိုယ်က အနည်းငယ် ယိမ်းယိုင်နေသည်။ ယဇ်မူးနေသော သူ့ပုံစံက အလွန်ချစ်စရာကောင်းသည်။
" အို "
သီရှီထျန်က ခေါင်းလှည့်လိုက်ပြီး ကျူးအာကို ကြည့်လိုက်သည်။ သူက ပြောသည်။
“ မင်းမှာ ပြောစရာရှိရင် ပြောလေ ”
ကျူးအာက အနည်းငယ် လျှို့ဝှက်ဆန်းကြယ်သည်ဟု သူ့နှလုံးသားထဲမှာ အမြဲခံစားရမိသည်။ လျှို့ဝှက်ဆန်းကြယ်သူက ကျူးအာမဟုတ်ဘဲ သူ့အနောက်မှ အမဆိုသူ ဖြစ်သည်။ ကျူးအာ ထွက်ပေါ်လာသည့်အခါတိုင်း သူ့အမနှင့် သက်ဆိုင်နေသည်။ သူက အမြဲတမ်းလိုလို သူ့အမကြောင်း ထည့်ပြောလေ့ရှိသည်။
သူ့အမအကြောင်း ပြောသည့်အခါတိုင်း တောင်ပိုင်းမြေရိုင်းဒေသထဲမှ မိစ္ဆာသားရဲဘုရင်အားလုံးက ရိုသေလေးစားသော အမူအရာကို တူညီစွာ ထုတ်ဖော်လိုက်ကြသည်။ ယင်းကို ကြည့်ခြင်းအားဖြင့် ကျူးအာ၏ အမက သာမန်ပုဂ္ဂိုလ်မဖြစ်နိုင်ပေ။ သို့သော်လည်း သူသည် ကျူးအာ၏ အမကို မြင်တွေ့ရန် တစ်ခါမှ အခွင့်အရေးမရခဲ့ပေ။
" အကိုသီ… ငါ့အမက နင့်ကို တွေ့ချင်တယ်တဲ့ ”
ကျူးအာက လူတိုင်း အံ့ဩသွားစေမည့် စကားကို ပြောသည်။
“ မင်းရဲ့ အမက ငါ့ကို တွေ့ချင်တယ်လား ”
ယင်းကို သီရှီထျန်ကြားသောအခါ အံ့ဩသော အမူအရာက သူ့မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သူက စိတ်ထဲမှာ တစ်ခဏ တွေးတောပြီးလျှင် ခေါင်းမော့လိုက်ပြီး ကျူးအာကို ကြည့်လိုက်သည်။ သူက အားတုံ့အားနာ ပြောသည်။
“ ငါ့ကို ဖိတ်ခေါ်တဲ့အတွက် မင်းရဲ့ အမကို ကျေးဇူးတင်ပါတယ်လို့ ပြောပေးပါ… ဒါပေမဲ့ ငါမသွားနိုင်ဘူး… ငါ့မှာ လုပ်စရာကိစ္စတွေ ရှိနေသေးတယ်… အဲ့ဒါပြီးသွားရင် တောင်ပိုင်းမြေရိုင်းဒေသကနေ ခဏ ငါထွက်သွားမယ် ”
သူက တစ်ခဏ တွေးတောပြီးနောက် ထိုဖိတ်ခေါ်မှုကို ငြင်းပယ်လိုက်သည်။
အခန်း(၁၇၃)
“ ဘာ… အကိုသီက ငါ့အမကို သွားမတွေ့ဘူးလား ”
ဝိုင်တန်ခိုးကြောင့် ယဇ်မူးနေသော ဇာမဏီငှက်သည် သီရှီထျန်၏ ငြင်းပယ်မှုကို ကြားသောအခါ ချက်ချင်း မျက်လုံးပြူးကျယ်သွားသည်။ သူက သီရှီထျန်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။
“ အကိုသီ… တောင်ပိုင်းမြေရိုင်းဒေသထဲက မိစ္ဆာသားရဲတွေ ဘယ်လောက်တောင်မှ ငါ့အမကို မြင်တွေ့ချင်နေလဲ နင်သိရဲ့လား… အကိုသီ ငါ့အမကို သွားတွေ့မယ်ဆိုရင် အကျိုးအမြတ်တစ်စုံတစ်ရာ ရရှိလိမ့်မယ် ”
“ ကျူးအာ… မင်းရဲ့ အမကို ငါ့ကိုယ်စား တောင်းပန်ပေးပါ… ငါ့မှာ လုပ်စရာကိစ္စတွေ ရှိနေသေးလို့ တောင်ပိုင်းမြေရိုင်းဒေသကနေ မကြာခင် ထွက်သွားရလိမ့်မယ် ”
သီရှီထျန်က လေးနက်စွာ ပြောသည်။
“ နောက်တစ်ခါ ငါပြန်ရောက်လာတဲ့အခါ မင်းရဲ့ အမဆီ ငါကိုယ်တိုင် သွားတွေ့လိုက်ပါ့မယ် ”
သူက စိတ်ဆုံးဖြတ်ပြီးပြီ ဖြစ်သည်။ မည်သည့်အကြောင်းကြောင့်နှင့်မှ သူ၏ ဆုံးဖြတ်ချက်ကို ပြန်မပြင်နိုင်ပေ။ သူက စိတ်ထဲမှာ တွေးတောလိုက်သည်။
ကျူးအာ၏ အမဆိုသူအကြောင်း သူစိတ်မဝင်စားဘူးဟု ဆိုလျှင် လိမ်ညာရာရောက်လိမ့်မည်။ ကျူးအာ၏ အမက မည်သို့သော ပုဂ္ဂိုလ်ဖြစ်ကြောင်း အမှန်တကယ် သူသိချင်သည်။ သို့သော်လည်း သူငြင်းပယ်ရခြင်းက အကြောင်းအရင်း ရှိသည်။
ပထမအချက်မှာ ကျူးအာ၏ အမက အလွန်သန်မာသော ပုဂ္ဂိုလ်ဖြစ်သည်။ သူက အမြူတေဓာတ်လုံး ဖွဲ့စည်းပြီးသော မဒူဆာထက်ပင် ပိုပြီးသန်မာသည်။ သို့ဖြစ်၍ သူသတိထားရမည်။
ထို့ပြင် ယခင်တစ်ခေါက်က သူသည် သူ့ခေါင်းပေါ်မှာ ပျံဝဲနေသော အန္တရာယ်ကို ဖြေရှင်းရန် တောင်ပိုင်းမြေရိုင်းဒေသတစ်ခုလုံးကို အကွက်ကျကျ စီစဉ်ခဲ့ပြီး အသုံးချခဲ့သည်။ အကယ်၍ တစ်ဖက်လူက သူ့အစီအစဉ်ကို သိထားမည်ဆိုလျှင် ဤတစ်ကြိမ် တွေ့ဆုံမှုက ကောင်းမွန်သောအရာ ဖြစ်မလာနိုင်ပေ။
မှန်ပေသည်။ ယင်း၏ အနောက်မှာ တခြားအကြောင်းအရင်းများလည်း ရှိသေးသည်။ ထို့ကြောင့် သူက ဤဖိတ်ခေါ်မှုကို ငြင်းပယ်လိုက်သည်။
သီရှီထျန်က သူ့နှလုံးသားထဲမှာ တီးတိုးရေရွတ်လိုက်သည်။
‘ တောင်ပိုင်းမြေရိုင်းဒေသရဲ့ လျှို့ဝှက်အဆန်းကြယ်ဆုံး ပုဂ္ဂိုလ်ကို ငါလည်းပဲ မြင်တွေ့ချင်တယ်… ဒါပေမဲ့ အခုချိန်က သူနဲ့ တွေ့ဆုံဖို့ မသင့်တော်ဘူး… သေမျိုးလောကဆီ ငါသွားပြီး ကုချင်းတီးခတ်နည်းအကြောင်း သင်ယူနိုင်မယ်ဆိုရင် ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းရဲ့ စွမ်းအားအစစ်အမှန်ကို ငါထုတ်လွှတ်နိုင်လိမ့်မယ်… အဲ့ဒီအခါမှ ကျူးအာရဲ့ အမနဲ့ သွားတွေ့မယ်ဆိုရင် တစ်ဖက်လူက ဘယ်လောက်ပဲ သန်မာပါစေ ငါ့ကိုယ်ငါ ခုခံကာကွယ်နိုင်လိမ့်မယ်… အင်း… ငါပြန်ရောက်လာတဲ့အခါ မင်းရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ မျက်နှာကို ဖော်ထုတ်ပစ်မယ် ’
“ ဒါဆို ငါပြန်သွားပြီး ငါ့ရဲ့ အမကို ပြောလိုက်မယ် ”
ကျူးအာက သီရှီထျန်ကို စူးစမ်းလိုစွာ ကြည့်လိုက်သည်။ သို့သော်လည်း သူက နောက်ထပ် ဆက်မပြောတော့ဘဲ ပန်းမျိုးတစ်ရာချိုင့်ဝှမ်းဆီသို့ ပြန်သွားရန် ပြင်လိုက်သည်။
“ ကျူးအာ… နင့်အမနဲ့ တွေ့ရအောင် ငါ့ကို ခေါ်သွားပေးနိုင်မလား ”
ထိုစဉ် ပိုင်ဟူက ရုတ်တရက် ဝင်ပြောသည်။ စိတ်ဝင်စားသော အကြည့်က သူ့မျက်လုံးထဲမှာ ထွက်ပေါ်နေသည်။
“ ငါ့ကိုပါ ထည့်တွက်လိုက်ပါ… နင့်အမနဲ့ ငါမတွေ့ရတာ နှစ်တွေ အတော်ကြာသွားပြီ ”
မဒူဆာသည်လည်း ပြောသည်။ ထိုသို့ဖြင့် သူတို့သုံးယောက်က ပန်းမျိုးတစ်ရာချိုင့်ဝှမ်းဆီသို့ အတူတူသွားရောက်ရန် ပြင်ဆင်လိုက်ကြသည်။
“ ကောင်းပြီ… ငါ့အမက အမထျန်းရှင်းနဲ့ အမမဒူဆာကို မြင်တဲ့အခါ သေချာပေါက် ဝမ်းသာပျော်ရွှင်သွားလိမ့်မယ် ”
ယင်းကို ကျူးအာ ကြားသောအခါ သူက မငြင်းဆန်ပေ။ သူက ဝမ်းသာစွာ သဘောတူလိုက်သည်။ သူက အလွန်ပျော်ရွှင်သွားဟန် ရသည်။
သီရှီထျန်က မထူးမခြားနား ဆက်ရှိနေသည်။ သူက ဗူးသီးခြောက်ကို ကောက်ယူလိုက်ပြီး ခွက်များထဲ၌ ဝိုင်ထပ်ဖြည့်ပေးလိုက်သည်။ သူတို့က ဝိုင်သောက်ရင်း စကားစမြည် ပြောကြသည်။ သူတို့ထဲ၌ ပိုင်ဟူက အတွေ့အကြုံအများဆုံး ဖြစ်သည်။ ထို့ကြောင့် စကားဝိုင်းထဲတွင် ပိုင်ဟူက အများဆုံး ပြောသည်။
သူက ခရမ်းရွှေကုန်းမြေ၏ လျှို့ဝှက်ချက်တချို့၊ ဒဏ္ဍာရီပုံပြင်များနှင့် ကုန်းမြေ၏ လက်ရှိအခြေအနေကို ပြောပြသည်။
ဥပမာ တောင်ပိုင်းမြေရိုင်းဒေသ၏ အနီးနားမှ လူသားမျိုးနွယ်တိုင်းပြည်များ ဖြစ်ကြသည်။ မြောက်ဘက်တွင် ချူတိုင်းပြည်ရှိပြီး အနောက်ဘက်တွင် ကျောက်တိုင်းပြည် ရှိသည်။ အရှေ့ဘက်သည်တော့ ဖရိုဖရဲဖြစ်နေသည်။ တိုင်းပြည်ငယ်သုံးခုက နှစ်စဉ်နှစ်တိုင်း အမြဲစစ်ဖြစ်နေကြသည်။ မြေကြီးပေါ်တွင် သွေးက မြစ်တစ်စင်းသဖွယ် စီးဆင်းနေသည်။ လူအနည်းစုသာလျှင် အသက်ရှင်ကြသည်။ နေရာအများစုတွင် အိမ်ဆယ်အိမ်၌ ကိုးအိမ်က လူသူကင်းမဲ့နေသည်။ တချို့က စစ်ပွဲမှာ သေဆုံးသွားကြပြီး တချို့က အဝေးသို့ ထွက်ပြေးသွားကြသည်။ ယင်းက အလွန်ဆိုးဝါးသော အခြေအနေ ဖြစ်သည်။
ဝိုင်သောက်ပြီးနောက် ကျူးအာသည် မဒူဆာနှင့်အတူ ပန်းမျိုးတစ်ရာချိုင့်ဝှမ်းဆီသို့ ပြန်သွားသည်။ ကျူးအာ၏ အမကို စူးစမ်းသိချင်သော ပိုင်ဟူက သူတို့အနောက်မှ လိုက်သွားသည်။
သို့ဖြစ်၍ လှိုဏ်ဂူထဲမှာ သီရှီထျန်တစ်ယောက်တည်း ကျန်နေခဲ့သည်။
“ အကိုကြီး… အကိုကြီး… ”
ပိုင်ဟူနှင့် တခြားလူများ ထွက်သွားပြီး သိပ်မကြာမီ ရှောင်ပိုင်၏ အော်သံက လှိုဏ်ဂူအပြင်ဘက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။ သူက အော်ခေါ်နေရင်း လှိုဏ်ဂူထဲသို့ ပြေးဝင်လာသည်။ သူ၏ အော်သံထဲမှာ ကြီးမားသော စိုးရိမ်ကြောက်လန့်မှု ပါရှိသည်။
“ ရှောင်ပိုင် ”
ယင်းကို ကြားသောအခါ စက်ကရာက ထိတ်လန့်သွားပြီး လှိုဏ်ဂူအဝင်ဝသို့ အမြန်ကြည့်လိုက်သည်။ ရှောင်ပိုင်က သူ့ဆီသို့ အမြန်ပြေးလာနေကြောင်း သူမြင်သွားသည်။
စက်ကရာက လူသားအသွင်သို့ ပြောင်းလဲသွားသော်လည်း ရှောင်ပိုင်က မရင်းနှီးမှုကို လုံးဝ မခံစားရပေ။ သူ့ထံမှ ထုတ်လွှတ်နေသော အရှိန်အဝါကြောင့် သူ့အရှေ့မှ ပုဂ္ဂိုလ်က သူ့အကိုကြီးဖြစ်ကြောင်း ရှောင်ပိုင် ချက်ချင်း သိလိုက်သည်။
သူက အမြန်ပြေးလာပြီး အော်ပြောလိုက်သည်။
“ အကိုကြီး… မကောင်းတော့ဘူး… အမဇီဖေး ပျောက်နေတယ်… ရှောင်ပိုင် နေရာတွေအများကြီး လိုက်ရှာကြည့်ပေမဲ့ ရှာမတွေ့ဘူး ”
ရှောင်ပိုင်၏ မျက်လုံးထဲမှာ မျက်ရည်ဖြင့် ပြည့်နှက်နေသည်။
“ ဘာ… မိန်းကလေးဇီဖေး ပျောက်နေတယ်လား ”
သီရှီထျန်က မျက်မှောင်ကြုတ်လိုက်သည်။ အံ့ဩသော အကြည့်က သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
သူက ဇီဖေးအပေါ် အလွန်ကျေးဇူးတင်မိသည်။ ထိုမိန်းကလေးက သူတို့မောင်နှမကို ပြန်ဆုံစည်းစေရန် ကူညီပေးခဲ့သူ ဖြစ်သည်။ ထိုကျေးဇူးတရားက မသေးငယ်ပေ။ သို့သော်လည်း ယခု ဇီဖေးက ချိုင့်ဝှမ်းထဲမှာ ပျောက်သွားသည်။ သို့ဖြစ်လေရာ မည်သို့ကြောင့် သူစိတ်မလှုပ်ရှားဘဲ နေမည်နည်း။
“ ဟုတ်တယ် အကိုကြီး… ငါ နေရာတွေ အများကြီးမှာ လိုက်ရှာကြည့်ခဲ့ပေမဲ့ အမဖေးဖေးကို ရှာမတွေ့ဘူး… အမဖေးဖေး တစ်ခုခု ဖြစ်နေတာလား ”
ရှောင်ပိုင်က သီရှီထျန်ကို စိုးရိမ်တကြီး ကြည့်လိုက်သည်။ သူက ဝမ်းနည်းသော လေသံဖြင့် ပြောသည်။
“ ဘာမှမစိုးရိမ်ပါနဲ့… မင်းရဲ့ အမဖေးဖေးက ချိုင့်ဝှမ်းထဲမှာ လမ်းပျောက်သွားတာ နေမှာပါ… ငါ ယင်းခုန်းကို သွားရှာပြီး မိန်းကလေးဇီဖေးကို ချက်ချင်း လိုက်ရှာခိုင်းလိုက်မယ်… သူ ချိုင့်ဝှမ်းထဲမှာ ရှိနေဦးမယ်ဆိုရင် ငါတို့ သူ့ကို သေချာပေါက် ရှာတွေ့မှာပါ ”
သီရှီထျန်သည် ရှောင်ပိုင်ကို ပွေ့ချီလိုက်သည်။ သူက ရှောင်ပိုင်၏ ဦးခေါင်းကို ညင်သာစွာ ပုတ်ပေးလိုက်ပြီး ပြောသည်။
“ ဘာမှစိတ်မပူပါနဲ့… မိန်းကလေးဇီဖေးက မင်းကို ဒီခေါ်လာပေးခဲ့မှတော့ အကို သူ့ကို တွေ့အောင် လိုက်ရှာပေးမယ် ”
“ အင်း ”
ရှောင်ပိုင်က ရိုသေကျိုးနွံစွာ ခေါင်းညိတ်လိုက်သည်။
သီရှီထျန်က နောက်ထပ် အပိုစကားမပြောတော့ဘဲ လှိုဏ်ဂူထဲမှ အမြန်ထွက်သွားပြီး ယင်းခုန်းကို အမိန့်ပေးလိုက်သည်။ ယင်းခုန်းသည် သူ၏ လင်းတအုပ်စုကို ဦးဆောင်၍ ချိုင့်ဝှမ်းအပေါ်မှာ လှည့်ပတ်ပျံသန်းလိုက်သည်။
အရေအတွက်ထောင်ချီသော လင်းတများက ချိုင့်ဝှမ်းတစ်ခုလုံး၏ ကောင်းကင်ယံကို အပြည့်ဖုံးလွှမ်းလိုက်သည်။ သူတို့အားလုံးက မျက်စိရှင်ရှင်ထား၍ ချိုင့်ဝှမ်း၏ နေရာအားလုံးကို စစ်ဆေးရှာဖွေကြသည်။ ပိုင်စုစုသည်လည်း သူ၏ မြွေများကို ဦးဆောင်၍ ချိုင့်ဝှမ်း၏ နေရာအားလုံးမှာ လိုက်လံရှာဖွေနေသည်။
ကောင်းကင်နှင့် မြေပြင် နှစ်ခုစလုံးတွင် ပိုက်စိပ်တိုက်ရှာဖွေမှုကို လုပ်ဆောင်နေသည်။
သို့သော်လည်း ထူးဆန်းသည်မှာ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းတစ်ခုလုံးကို ရှာဖွေပြီးသွားသည့်တိုင် ဇီဖေး၏ သဲလွန်စတစ်ခုကိုပင် သူတို့ရှာမတွေ့ကြချေ။ ဤသည်မှာ ဇီဖေးက ချိုင့်ဝှမ်း၏ လေထဲမှာ ဘွားခနဲ ပျောက်ကွယ်သွားသည့်အလားပင်။
တစ်ခုသိထားရမည်မှာ ချိုင့်ဝှမ်း၏ ထွက်ပေါက်အားလုံးကို အစောင့်အကြပ်များက ထူထူထဲထဲ စောင့်ကြပ်နေကြသည်။ အမှောင်ထဲမှာ ပုန်းအောင်းနေကြသော ထိုအစောင့်အကြပ်များသည် တစ်စုံတစ်ယောက် အပြင်ထွက်သွားကြောင်း မမြင်ခဲ့ကြပေ။
ဇီဖေး၏ ပျောက်ဆုံးမှုက အလွန်လျှို့ဝှက်ဆန်းကြယ်သည်။
“ သွားရှာကြ… ချိုင့်ဝှမ်းအပြင်ထွက်ပြီး တောင်ပိုင်းမြေရိုင်းဒေသတစ်ခုလုံးမှာ လိုက်ရှာဖွေကြ… သက်ရှိလူသားတစ်ယောက်က ဘယ်သူမှမသိဘဲ ငါ့ချိုင့်ဝှမ်းထဲကနေ ဘွားခနဲ ပျောက်သွားတယ်ဆိုတာ ငါမယုံဘူး… လူကို မတွေ့ရင်တောင် သဲလွန်စတစ်ခုခု ရှာတွေ့ရမယ် ”
သီရှီထျန်၏ မျက်နှာက အေးစက်နေသည်။ သူ၏ အကြည့်က အလွန်စူးရှသည်။ သူက အေးတိအေးစက် ပြောသည်။ သူက စိတ်ထဲမှာ တွေးတောလိုက်သည်။
‘ ဇီဖေးက ဘယ်လိုလုပ် ပျောက်သွားတာလဲ… ဒီရက်တွေမှာ အံ့ဖွယ်လအသွင်ပြောင်းလဲခြင်း လျှို့ဝှက်အတတ်ပညာကို ကျင့်ကြံဖို့အတွက်ပဲ ငါအာရုံစိုက်နေခဲ့တယ်ဆိုပေမဲ့ ချိုင့်ဝှမ်းထဲမှာ ဘာတွေဖြစ်နေတယ်ဆိုတာ ငါသိနိုင်ပါသေးတယ်… ဒီရက်တွေမှာ ဇီဖေးကို မကြာခဏ ငါမြင်မိပါတယ်… ဒီတော့ သူက ဘယ်လိုလုပ် ရုတ်တရက် ပျောက်သွားတာလဲ ’
သီရှီထျန်က ဇဝေဇဝါဖြစ်သွားသည်။ အဖြေကို သူမရှာဖွေနိုင်ပေ။
သီရှီထျန်က တောင်ပိုင်းမြေရိုင်းဒေသတစ်ခုလုံးမှာ လိုက်လံရှာဖွေနေစဉ် မိစ္ဆာအသင်္ချေချိုင့်ဝှမ်း၏ အနောက်ဘက်တွင် ဧရာမအုတ်ဂူကျောက်တိုင်တစ်ခုက မြေကြီးပေါ်မှာ ထောင်မတ်နေသည်။ ကျောက်တိုင်ပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်းသင်္ကေတများ ရှိသည်။ ယင်းက ရှေးကျပြီး အကန့်အသတ်မဲ့သော အံ့ဖွယ်အရှိန်အဝါကို ထုတ်လွှတ်နေသည်။ အုတ်ဂူကျောက်တိုင်၏ အနီးနားမှ လေက အေးစက်နေသည်။
အုတ်ဂူကျောက်တိုင်၏ အနောက်တွင် အရွယ်အစားအလွန်ကြီးမားသော အုတ်ဂူတစ်ခု ရှိသည်။ သို့သော်လည်း သူတို့က အဝေးမှသာ ရှေးဟောင်းအုတ်ဂူ၏ အသွင်သဏ္ဍာန်ကို အကြမ်းဖျဉ်း မြင်နိုင်ကြသည်။ သူတို့က အုတ်ဂူနားသို့ မချဉ်းကပ်နိုင်ကြပေ။ အဘယ့်ကြောင့်ဆိုသော် အုတ်ဂူကျောက်တိုင်မှ ထုတ်လွတ်နေသော လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားက အပြင်လူများ မချဉ်းကပ်နိုင်ရန် တားဆီးထားသောကြောင့်ပင်။ ယင်းက မည်သူ့ကိုမှ အုတ်ဂူနားသို့ ချဉ်းကပ်ခွင့်မပြုပေ။
နှစ်ပေါင်းများစွာကြာသွားပြီးနောက် ဤဧရိယာထဲမှာ လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါဖြင့် ပြည့်နှက်သွားသည်။ ဤဧရိယာတွင် မည်သည့်အပင်မှ မရှိပေ။ သစ်ပင်ပန်းပင်များကို မဆိုထားနှင့် မြက်ပင်ပင် မရှိပေ။ ထို့အတူ ကျေးငှက်များနှင့် တိရိစ္ဆာန်များလည်း မရှိပေ။ ဤနေရာက ဖုန်းဆိုးမြေဖြစ်သည့်အလားပင်။ ထို့ပြင် အတိတ်မှာ သီရှီထျန်က ဤနေရာကို တားမြစ်နယ်မြေအဖြစ် သတ်မှတ်ခဲ့သည်။ ထို့ကြောင့် ချိုင့်ဝှမ်းထဲမှ မည်သည့်သက်ရှိမှ ဤနေရာဆီသို့ နောက်ထပ် မလာဝံ့ကြချေ။
သို့သော်လည်း ယနေ့တွင် ချွင်းချက်တစ်ခု ဖြစ်ပေါ်လာသည်။
ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားပြီး သာမန်ရုပ်ရည်သာရှိသော မိန်းကလေးတစ်ယောက်က ရှေးဟောင်းအုတ်ဂူ၏ အရှေ့မှာ ထွက်ပေါ်လာပြီး အုတ်ဂူကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။ သူက စူးစမ်းလိုသော အမူအရာဖြင့် သူ့အရှေ့မှ အုတ်ဂူကျောက်တိုင်ကို ကြည့်နေသည်။
“ ထူးဆန်းတယ်… တစ်ယောက်ယောက်က ငါ့ကို ခေါ်နေသလိုပဲ ”
အကယ်၍ သီရှီထျန်သာ ဤနေရာမှာ ရှိမည်ဆိုလျှင် ထိုမိန်းကလေးက နေရာတိုင်းမှာ သူလိုက်ရှာဖွေနေသော ဇီဖေးဖြစ်ကြောင်း မြင်တွေ့သွားလိမ့်မည်။ ယင်းခုန်းနှင့် တခြားလူများက ချိုင့်ဝှမ်း၏ နေရာတိုင်းမှာ လိုက်လံရှာဖွေခဲ့ကြသော်လည်း သူတို့က ဤနေရာဆီသို့ မရောက်လာခဲ့ကြပေ။ ဤနေရာ၏ ကြောက်မက်ဖွယ်ကောင်းပုံကြောင့် သူတို့က ဤနေရာကို အလိုအလျောက် လျစ်လျူရှုခဲ့ကြသည်။ ထို့ပြင် ယင်းက အရှင်မင်းကြီးကိုယ်တိုင် သတ်မှတ်ထားသော တားမြစ်နယ်မြေ ဖြစ်သည်။ သူတို့သည် ခွင့်ပြုချက်မရှိဘဲ တားမြစ်နယ်မြေထဲသို့ မဝင်ရောက်ဝံ့ကြပေ။
ထို့ကြောင့် ဇီဖေး၏ သဲလွန်စကို သူတို့မရှာဖွေနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့မဟုတ်လျှင် သဲလွန်စတစ်ခုခုကို အစောကြီးကတည်းက သူတို့ ရှာတွေ့သွားလောက်၏။
“ ဖတ်… ဖတ်… ”
ဇီဖေးက အုတ်ဂူဆီသို့ တစ်လှမ်းချင်း တစ်လှမ်းချင်း လျှောက်သွားနေသည်။ သူ၏ ခြေလှမ်းသံများက လူသူကင်းမဲ့၍ တိတ်ဆိတ်နေသော ဤဧရိယာထဲမှာ ရှင်းလင်းပီသစွာ ပဲ့တင်ထပ်သွားသည်။ ယင်းက ထူးဆန်းသည်။ မှန်ပေသည်။ ယင်းက အလွန်ထူးဆန်းသည်။
ယခင်တစ်ခေါက်က ဤရှေးဟောင်းအုတ်ဂူဆီသို့ သီရှီထျန် ချဉ်းကပ်သွားခဲ့စဉ် ယင်းက ကြောက်မက်ဖွယ်ကောင်းသော လေအေးကို ထုတ်လွှတ်ခဲ့သည်။ ယင်းက သူ့ကို နေရာမှာတင် ချက်ချင်း ရေခဲရုပ်တု ဖြစ်သွားစေသည်။ အကယ်၍ ကျောက်စိမ်းသန္ဓေသားထံမှ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားက သူ့ကို မကာကွယ်ပေးခဲ့လျှင် သူက ဤနေရာမှာ သေချာပေါက် အသက်ဆုံးရှုံးသွားလိမ့်မည်။
သို့သော်လည်း ယခု ထူးဆန်းသည်မှာ ဇီဖေးက အုတ်ဂူနားသို့ ချဉ်းကပ်သွားနေသော်လည်း မည်သည့်လေအေးမှ မထွက်ပေါ်လာပေ။ သူက ပုံမှန်အတိုင်း အေးအေးဆေးဆေး လမ်းလျှောက်သွားနေသည်။ ရှေးဟောင်းကျောက်တိုင်သည်လည်း ပုံမှန်အတိုင်း ဆက်ရှိနေသည်။ ကျောက်တိုင်သည် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ဤနေရာမှာ မလှုပ်မယှက်တည်ရှိနေခဲ့ဟန် ရသည်။
အခန်း(၁၇၄)
ကျောက်တိုင်ကို ဖြတ်ကျော်သွားပြီးနောက် ယင်း၏ အနောက်မှ ရှေးဟောင်းအုတ်ဂူက သူ့အရှေ့မှာ ထင်ရှားမြင်သာစွာ ထွက်ပေါ်လာသည်။ ရှေးဟောင်းအုတ်ဂူ၏ တံခါးက တင်းကျပ်စွာ ပိတ်နေပြီး ယင်း၏ အပေါ်မှာ လျှို့ဝှက်ဆန်းကြယ်သော သင်္ကေတအမှတ်အသားများ ရှိသည်။
ထို့ပြင် အုတ်ဂူတံခါးပေါ်မှာ ချောက်ချားဖွယ်ကောင်းသော ရုပ်ပုံတစ်ခု ရှိသည်။ ယင်းက နတ်မိစ္ဆာတစ်ပါး၏ ရုပ်ပုံ ဖြစ်သည်။ သို့သော်လည်း ထိုနတ်မိစ္ဆာက အတောင်ပံများ ကျိုးနေသည်။ ရုပ်ပုံထဲတွင် ကောင်းကင်နှင့် မြေကြီးက ပြိုကျပျက်စီးနေပြီး နေနှင့်လက ပြိုကွဲသွားနေသည်။ သွေးမိုးက ကောင်းကင်ယံမှ ကျဆင်းနေသည်။
ရုပ်ပုံသည် အမှန်တကယ် အသက်ဝင်နေဟန် ရ၏။ သို့ဖြစ်၍ တစ်စုံတစ်ယောက်က ထိုရုပ်ပုံကို ကြည့်လိုက်မည်ဆိုလျှင် သူ့နှလုံးသားထဲမှာ အကြောက်တရားဖြင့် ပြည့်နှက်သွားလိမ့်မည်။ ဤသည်မှာ ယင်းက ဖုံးကွယ်ထားသော သမိုင်းကြောင်းတချို့ကို ဖော်ပြနေသည့်အလား သို့မဟုတ် အချိန်မြစ်ထဲမှာ နစ်မြုပ်နေသော လျှို့ဝှက်ချက်များကို ထုတ်ဖော်ပြနေသည့်အလားပင်။
“ ဂျိန်း ”
အုတ်ဂူတံခါး၏ အရှေ့သို့ ဇီဖေး ရောက်သွားသည့်အခါ သူက တံခါးပေါ်မှ ရုပ်ပုံကို ဂရုတစိုက် စစ်ဆေးကြည့်လိုက်သည်။ ထိုစဉ် လွန်ခဲ့သော နှစ်တစ်သောင်းအတွင်း တစ်ခါမှ မပြောင်းလဲခဲ့ဖူးသော တံခါးက ရုတ်တရက် ကြွပ်ဆပ်သော မြည်သံကို ထုတ်လွှတ်လိုက်ပြီး အပေါ်သို့ မြှောက်တတ်သွားသည်။
“ အား ”
တံခါးပွင့်သွားသည့်အခိုက် အလွန်အားကောင်းသော ဆွဲငင်အားက အုတ်ဂူထဲမှ ရုတ်တရက် ပေါ်လျှိုးလာသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ထိုဆွဲငင်အားက ဇီဖေးကို လွှမ်းခြုံသွားပြီး သူ့ကို အုတ်ဂူထဲသို့ အတင်းအဓမ္မ ဆွဲခေါ်သွားသည်။ မမျှော်လင့်ထားသော ထိုအဖြစ်အပျက်ကြောင့် ဇီဖေးက အလန့်တကြား အော်ဟစ်လိုက်သည်။ စက္ကန့်ပိုင်းလေးအတွင်းမှာ သူက ရှေးဟောင်းအုတ်ဂူထဲသို့ ဆွဲခေါ်ခံသွားရပြီး ပျောက်ကွယ်သွားသည်။
“ ဘန်း ”
ဇီဖေး အထဲရောက်သွားသည့်အခိုက် အုတ်ဂူတံခါးက ရုတ်တရက် ပြန်ပိတ်သွားသည်။ “ ဘန်း ”ဟူသော မြည်သံနှင့်အတူ အုတ်ဂူတံခါးက အောက်သို့ အကြမ်းပတမ်း ကျဆင်းသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ တံခါးက ယခင်အတိုင်း တင်းကျပ်စွာ ပြန်ပိတ်သွားပြီး ရှေးဟောင်းအရှိန်အဝါကို ဆက်ပြီး ထုတ်လွှတ်လိုက်သည်။ ကျယ်လောင်သော မြည်သံက ကောင်းကင်နှင့် မြေကြီးကြားမှာ ပဲ့တင်ထပ်သွားသည်။ မကြာမီ ဘေးပတ်ဝန်းကျင်က ယခင်အတိုင်း တိတ်ဆိတ်ငြိမ်သက်သွားသည်။
ရှေးဟောင်းအုတ်ဂူက မူလအတိုင်း ဆက်ရှိနေသည်။ အုတ်ဂူကျောက်တိုင်သည်လည်း မြေကြီးပေါ်မှာ ဆက်ပြီး ထောင်မတ်နေသည်။
ယင်းက ရှေးခေတ်ကတည်းက တည်ရှိနေခဲ့ဟန် ရ၏။
ဤနေရာမှာ ထူးဆန်းသော တစ်စုံတစ်ရာ ဖြစ်ပျက်ခဲ့ကြောင်း မည်သူမှ ပြောနိုင်လိမ့်မည် မဟုတ်ချေ။
သုံးရက်ကြာပြီးနောက်…
သီရှီထျန်က ဝတ်စုံနက်ကို ဝတ်ဆင်ထားသည်။ သူ၏ အနက်ရောင်ဆံပင်က လေထဲမှာ တဖျပ်ဖျပ်လှုပ်ခတ်နေသည်။ သူက နေရာမှာ မောက်မာထောင်လွှားစွာ မတ်တတ်ရပ်နေသည်။ သူ့အရှေ့တွင် ပိုင်ယွဲ့၊ ချီဟောင်၊ ပိုင်စုစုနှင့် တခြားလူများက ရိုသေလေးစားစွာ တန်းစီရပ်နေကြသည်။
ရှောင်ပိုင်သည်လည်း သူ့ခြေထောက်နားမှာ ပူးကပ်နေသည်။
“ ဒီနေ့ မင်းတို့အားလုံးကို ငါဘာလို့ ခေါ်လိုက်တာလဲ မင်းတို့ သိပြီးကြပြီမလား ”
စက်ကရာက ခေါင်းညိတ်လိုက်ပြီး သူ့အရှေ့မှ လက်အောက်ငယ်သားများကို ကြည့်လိုက်သည်။ သူက ဂုဏ်သိက္ခာကြီးမြတ်သော ကိုယ်ဟန်အမူအရာဖြင့် ပါးစပ်ဟလိုက်ပြီး ပြောသည်။
“ အရှင်မင်းကြီး တကယ်ပဲ အပြင်သွားတော့မလို့လား ”
ပိုင်စုစုက စိုးရိမ်တကြီး မေးသည်။ ချီဟောင်နှင့် တခြားလူများသည်လည်း သီရှီထျန်ကို တည်ကြည်လေးနက်စွာ ကြည့်နေကြသည်။ ရှင်းလင်းစွာပင် ထိုမေးခွန်းက သူတို့အတွက် အလွန်အရေးကြီးသည်။
သီရှီထျန်က တုံ့ဆိုင်းမနေဘဲ ပြန်ပြောသည်။
“ ဟုတ်တယ်… ဒီဘုရင်က သေမျိုးလောကထဲမှာ အရေးကြီးကိစ္စတစ်ခုကို လုပ်ဆောင်ရလိမ့်မယ်… အဲ့ဒါက နှောင့်နှေးလို့ မဖြစ်ဘူး… ဒါပေမဲ့ ငါ့ရဲ့ အလုပ်ကိစ္စပြီးသွားတာနဲ့ ဒီကို ချက်ချင်း ပြန်လာမယ်… ကိစ္စအဆင်ချောမယ်ဆိုရင် သုံးလေးလလောက်ပဲ ကြာလိမ့်မယ်… အဲ့လိုမဟုတ်ရင် နှစ်နှစ် ဒါမှမဟုတ် သုံးနှစ် ကြာလိမ့်မယ် ”
သူက စကားပြောပြီးနောက် ခဏရပ်လိုက်ပြီး အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ၏ မျက်လုံးက ထွန်းလင်းတောက်ပသွားသည်။ သူက တည်ကြည်လေးနက်စွာ ပြောသည်။
“ ငါမရှိတဲ့ အတောအတွင်းမှာ မင်းတို့တွေ ငါသင်ပေးထားတဲ့ ကျင့်ကြံခြင်းနည်းလမ်းကို အပတ်တကုတ် ကြိုးစားကျင့်ကြံကြပါ… တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် မိစ္ဆာသားရဲဖြစ်လာဖို့ အမြန်ဆုံး ကြိုးစားကြပါ… မင်းတို့မှတ်ထားကြပါ… ဒီဘုရင်က အသုံးမကျတဲ့ လက်အောက်ငယ်သားတွေကို ပျိုးထောင်မပေးဘူး ”
သီရှီထျန်က နောက်ဆုံးစကားကို တင်းမာခက်ထန်စွာ ပြောသည်။ သူစကားပြောလိုက်သည့်အခိုက် သူ့နဖူးပေါ်မှ ခရမ်းရောင်အမှတ်အသားက ပြင်းထန်စွာ လှုပ်ခါသွားသည်။ ချက်ချင်းဆိုသလိုပင် တောင်ကြီးတစ်တောင်ပမာ ကြီးမားလေးလံသော ဖိအားက ချီဟောင်နှင့် တခြားလူများပေါ်သို့ ကျဆင်းသွားသည်။ သူက အေးတိအေးစက် ပြောသည်။
“ ဒီဘုရင်က ငါ့နောက်လိုက်ပြီး လောကကို သိမ်းပိုက်အုပ်စိုးမယ့် ပညာရှင်တွေကိုပဲ လိုချင်တယ် ”
“ အမိန့်အတိုင်း ဆောင်ရွက်ပါ့မယ် အရှင်မင်းကြီး ”
ယင်းကို ချီဟောင်နှင့် တခြားလူများ ကြားသောအခါ သူတို့၏ မျက်လုံးက ထွန်းလင်းတောက်ပသွားသည်။ ပြင်းထန်သော တိုက်ပွဲစိတ်ဆန္ဒက သူတို့၏ ခန္ဓာကိုယ်ထဲမှ မြှောက်တတ်လာသည်။ သူတို့က တုံ့ဆိုင်းမနေဘဲ ချက်ချင်း ပြန်ဖြေကြသည်။ သူတို့၏ မျက်လုံးထဲမှာ စိတ်ဓာတ်ပြတ်သားမှုက ထင်ရှားစွာ ပေါ်လွင်နေသည်။ သူတို့အားလုံးက စွမ်းအားကို အလွန်အမင်း ဆာလောင်ကြသည်။
ဤအတောအတွင်းမှာ သူတို့က မြန်မြန်ဆန်ဆန် တိုးတတ်လာကြသည်။ ကျင့်ကြံခြင်းဆေးလုံးများနှင့် ကျင့်ကြံခြင်းနည်းလမ်းများ၏ အထောက်အကူပြုမှုကြောင့် သူတို့၏ ကျင့်ကြံခြင်းအမြန်နှုန်းက ယခင်ကထက် အဆပေါင်းများစွာ ပိုပြီးမြန်ဆန်လာသည်။
ယခု ချီဟောင်သည် တတိယမရီဒျန်ကို ချိုးဖြတ်ရန် စတင်ပြင်ဆင်နေပြီ ဖြစ်သည်။ ယင်းကို ချိုးဖြတ်နိုင်လျှင် သူက အထွတ်အထိပ်အဆင့် ဝိညာဉ်သားရဲတစ်ကောင် ဖြစ်လာလိမ့်မည်။ ပိုင်ယွဲ့နှင့် တခြားသားရဲများသည်တော့ သူတို့က ဒုတိယမရီဒျန်ကို ချိုးဖြတ်ရန် စွမ်းအားစုဆောင်းနေကြသည်။
သူတို့၏ တိုးတတ်မှုက အလွန်မြန်ဆန်သည်။
အကယ်၍ ယခု အသစ်ချက်လုပ်ထားသော မျောက်မင်းဝိုင်ကို အသုံးပြုနိုင်မည်ဆိုလျှင် သူတို့၏ ကျင့်ကြံခြင်းအမြန်နှုန်းက ထိုထက် ပိုပြီးမြန်ဆန်သွားလိမ့်မည်။
သို့သော်လည်း ထိုအမြန်နှုန်းက သီရှီထျန်နှင့် နှိုင်းယှဉ်လျှင် အနည်းငယ် နှေးကွေးနေဆဲပင်။
“ အင်း ”
သီရှီထျန်က စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ပြောသည်။
“ ငါ့ရဲ့ တည်ရှိမှုကြောင့် တောင်ပိုင်းမြေရိုင်းဒေသထဲက မိစ္ဆာသားရဲတွေက မိစ္ဆာအသင်္ချေချိုင့်ဝှမ်းကို ထိပါးရဲမှာ မဟုတ်ဘူး… ငါမရှိတဲ့ အတောအတွင်း မင်းတို့အားလုံး ချိုင့်ဝှမ်းထဲမှာပဲ နေထိုင်ပြီး တံခါးပိတ်ကျင့်ကြံနေကြပါ… ပြီးတော့ ရှောင်ပိုင်… မင်းလည်း ချိုင့်ဝှမ်းထဲမှာပဲ နေပါ… ကိုယ့်ကိုယ်ကိုယ် သေချာဂရုစိုက်ပါ ”
“ အကိုကြီး… ရှောင်ပိုင်လည်း အကိုနဲ့အတူ လိုက်ချင်တယ်… ရှောင်ပိုင်ကို တစ်ယောက်တည်း ထားမသွားပါနဲ့ ”
သီရှီထျန်၏ စကားကို ကြားသောအခါ ရှောင်ပိုင်က ကျားလက်သည်းကို ထုတ်လိုက်ပြီး သီရှီထျန်၏ အဝတ်စကို ဖမ်းဆုပ်လိုက်သည်။ သူက အဝတ်စကို တင်းတင်းဆွဲ၍ သနားစဖွယ်ကောင်းစွာ ကြည့်လိုက်သည်။
ယင်းကို မြင်သောအခါ သီရှီထျန်က စိတ်မကောင်းဖြစ်သွားသည်။ သို့သော်လည်း သူ၏ ဆုံးဖြတ်ချက်ကို မပြင်နိုင်ပေ။ ထို့ကြောင့် သူက ရှောင်ပိုင်ကို သိမ်မွေ့ညင်သာစွာ နှစ်သိမ့်ပေးလိုက်သည်။
“ ရှောင်ပိုင်… အကို ဒီတစ်ကြိမ် အပြင်ထွက်သွားတာ အရေးကြီးကိစ္စတစ်ခု ဆောင်ရွက်စရာရှိလို့ပဲ… မင်းရဲ့ အမပိုင်ဟူက ဒီအတောအတွင်း ချိုင့်ဝှမ်းထဲမှာ ဒဏ်ရာကုသနေလိမ့်မယ်… မင်း သူနဲ့အတူ နေနိုင်တယ်… မင်းမှတ်ထားပါ သူက အရမ်းသန်မာတဲ့ မိစ္ဆာတစ်ကောင်… မင်း သူ့ဆီကနေ ညွှန်ကြားမှုတချို့ ရရှိမယ်ဆိုရင် မြန်မြန် ပိုပြီးသန်မာလာလိမ့်မယ်… ပြီးတော့ အကိုက အပြင်ကို အကြာကြီး ထွက်မသွားပါဘူး… မကြာခင် ပြန်လာမှာပါ… ရှောင်ပိုင်က ကြိုးစားကျင့်ကြံမယ်ဆိုရင် အချိန်က အကုန်မြန်သွားပါလိမ့်မယ် ”
ယခု သူ့ဆီမှာ ရှောင်ပိုင်ကို ကာကွယ်ပေးရန် အကြွင်းမဲ့ယုံကြည်မှု မရှိသေးပေ။ သူက လူသားအသွင်သဏ္ဍာန်သို့ ပြောင်းလဲရန် လျှို့ဝှက်အတတ်ပညာကို အားကိုးနေရသူ ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းအစစ်အမှန်က မိစ္ဆာနယ်ပယ်မှာ မဟုတ်ပေ။
ထို့ပြင် ရှောင်ပိုင်သည် ကျင့်ကြံခြင်းကို စတင်ပြီးနောက် မိစ္ဆာအရှိန်အဝါကို ပိုင်ဆိုင်သွားသည်။ အကယ်၍ သူသာ ရှောင်ပိုင်ကို ခေါ်ဆောင်သွားမည်ဆိုလျှင် မသေမျိုးကျင့်ကြံသူများက သူ့ကို အလွယ်တကူ သတိထားမိသွားကြလိမ့်မည်။ ယင်းက သူလိုချင်သောအရာ မဟုတ်ပေ။
သီရှီထျန်၏ နှစ်သိမ့်စကားကို ကြားသောအခါ ရှောင်ပိုင်သည် မျက်ရည်ကျနေရင်း အဝတ်စကို ပြန်လွှတ်ပေးလိုက်သည်။ သူက ပြောသည်။
“ အကိုကြီး… မြန်မြန် ပြန်လာနော်… ရှောင်ပိုင် ကြိုးစားပမ်းစား ကျင့်ကြံနေမယ် ”
သီရှီထျန်က ရှောင်ပိုင်၏ ဦးခေါင်းကို ညင်သာစွာ ပုတ်ပေးလိုက်သည်။ ထို့နောက် သူက စိတ်ဓာတ်ပြတ်သားစွာ အနောက်လှည့်လိုက်ပြီး အဝေးသို့ လျှောက်သွားသည်။ သူ၏ ခြေလှမ်းများက မနှေးလွန်း မမြန်လွန်းပေ။ မြေကြီးပေါ်မှာ သူလမ်းလျှောက်နေစဉ် စည်းချက်ညီမှုက အလိုအလျောက် ဖြစ်ပေါ်နေသည်။
ချိုင့်ဝှမ်းအပြင်ဘက်သို့ ဦးတည်နေသော လှိုဏ်ခေါင်းထဲသို့ သူဝင်ရောက်သွားနေစဉ် မောက်မာထောင်လွှားသော အငွေ့အသက်က သူ၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူ၏ ပုံရိပ်ကို လှိုဏ်ခေါင်းထဲမှ အမှောင်ထုက ဝါးမျိုသွားသည်။
“ အကိုကြီး… ရှောင်ပိုင် သေချာပေါက် အလုပ်ကြိုးစားမယ်… အနာဂတ်မှာ ရှောင်ပိုင်က အကိုကြီးနဲ့အတူ အမေ့ကို သွားကယ်မယ် ”
ရှောင်ပိုင်သည် လှိုဏ်ခေါင်းထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသော သီရှီထျန်ကို စိုက်ကြည့်နေရင်း စိတ်ထဲမှာ တိတ်တဆိတ် ဆုံးဖြတ်ချက်ချလိုက်သည်။
“ နင်က လွတ်လွတ်လပ်လပ် တကယ် ထွက်သွားနိုင်တာပဲ… နင်ပြန်ရောက်လာတဲ့အခါ နင့်ရဲ့ ကျင့်ကြံခြင်းက ဘယ်အဆင့်ထိ ရောက်နေမလဲ ငါသိချင်မိတယ်… နင်မရှိတဲ့အခိုက် မိစ္ဆာအသင်္ချေချိုင့်ဝှမ်းကို ယာယီ ငါစောင့်ရှောက်ပေးထားမယ်… ကျောက်စိမ်းသန္ဓေသားနဲ့ ဖန်တီးထားတဲ့ အဲ့ဒီနတ်ဆိုးကုချင်းကို သုံးပြီး သီချင်းတစ်ပုဒ် တီးခတ်လိုက်တဲ့အခါ ဘယ်လိုဖြစ်လာမလဲ ငါအရမ်းသိချင်မိတယ် ”
ပိုင်ဟူသည် ရေတံခွန်တောင်ထိပ်ပေါ်တွင် မည်သည့်အချိန်ကမှန်းမသိ မတ်တတ်ရပ်နေသည်။ သူက လွတ်လပ်စွာ ထွက်ခွာသွားသော သီရှီထျန်ကို တိတ်တဆိတ် ကြည့်နေသည်။ သူက လှပစွာ ပြုံးလိုက်ပြီး သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။
" ရှပ်… ရှပ် "
ထူထဲသော တောအုပ်ထဲတွင် ဝတ်စုံနက် ဝတ်ဆင်ထားသော အရပ်ရှည်ရှည် အမျိုးသားတစ်ယောက်က တစ်လှမ်းချင်း လမ်းလျှောက်နေသည်။ သူ၏ ခြေထောက်အောက်တွင် သစ်ရွက်ခြောက်များ၊ သစ်ကိုင်းခြောက်များ ရှိသည်။ သူက ယင်းတို့ကို တတ်နင်း၍ အရှေ့သို့ လျှောက်သွားနေသည်။
သူ၏ အနက်ရောင်ဆံပင်ရှည်က ကျောအနောက်မှာ ရေတံခွန်ပမာ ကျဆင်းနေသည်။ လေပြေတိုက်ခတ်သွားသည့်အခါတိုင်း အနက်ရောင်ဆံပင်က တဖျပ်ဖျပ်လှုပ်ခတ်သွားသည်။ သူ၏ နဖူးပေါ်တွင် သေးငယ်သော ခရမ်းရောင်အမှတ်အသားရှိသည်။ သူ၏ မျက်နှာက အေးစက်ခက်ထန်နေသည်။
သူက ရှေးဟောင်းသစ်ပင်ကြီးများကို အေးဆေးတည်ငြိမ်စွာ ဖြတ်ကျော်သွားသည်။ သူ၏ ဦးတည်ရာက အရှေ့ဘက် ဖြစ်သည်။
“ ပိုင်ဟူပြောပုံအရ မြောက်ဘက်မှာ ချူတိုင်းပြည်၊ အနောက်ဘက်မှာ ကျောက်တိုင်းပြည် ရှိတယ်… အရှေ့ဘက်က ဖရိုဖရဲ ဖြစ်နေပြီး အဲ့ဒီမှာ တိုင်းပြည်ငယ်လေးတွေက အမြဲတမ်း တိုက်ခိုက်နေကြတယ် ”
စက်ကရာက မိစ္ဆာအသင်္ချေချိုင့်ဝှမ်းထဲမှ ထွက်လာသည်။ သူက သေချာစဉ်းစားပြီးနောက် အရှေ့ဘက်သို့ ဦးတည်သွားသည်။ သူက စိတ်ထဲမှာ စဉ်းစားလိုက်သည်။
“ မြောက်ပိုင်းကို ငါသွားလို့ မဖြစ်ဘူး… ဘာလို့လဲဆိုတော့ ချူတိုင်းပြည်က မင်းသမီးက ငါ့ကို ဖမ်းဆီးဖို့ ခဏခဏ ကြိုးစားခဲ့တယ်… ကျောက်တိုင်းပြည်က ချူတိုင်းပြည်နဲ့ ပခုံးချင်းယှဉ်နိုင်တဲ့ တိုင်းပြည်ကြီးတစ်ခုပဲ… ဒီလိုဆိုတော့ ကျောက်တိုင်းပြည်မှာ မသေမျိုးကျင့်ကြံသူတွေ အများကြီး ရှိလောက်တယ်… အခန့်မသင့်ရင် ငါ့ရဲ့ သရုပ်မှန်က အလွယ်တကူ ထုတ်ဖော်ခံရနိုင်တယ်… အနောက်ဘက်ကိုလည်း ငါသွားလို့မဖြစ်ဘူး… အရှေ့ဘက်က ဖရိုဖရဲဖြစ်နေပေမဲ့ အဲ့ဒီမှာ တိုင်းပြည်ငယ်လေးတွေပဲ ရှိတယ်… တိုင်းပြည်ငယ်လေးတွေဆိုတော့ သူတို့အနောက်မှာ မသေမျိုးကျင့်ကြံခြင်းဂိုဏ်းတွေ မရှိနိုင်လောက်ဘူး… ညစ်ထေးနေတဲ့ ရေကန်က ငါ့ကို လွတ်လွတ်လပ်လပ် ကူးခတ်နိုင်စေလိမ့်မယ် ”
ဖရိုဖရဲဖြစ်ခြင်းက လက်ရှိ သူ့အတွက် ကောင်းမွန်သည်။ ဖရိုဖရဲဖြစ်နေလျှင် လူများ သေဆုံးကြလိမ့်မည်။ လူသေများဆီမှာ ဝိညာဉ်များ ရှိသည်။ ထိုဝိညာဉ်များက သူလိုအပ်သောအရာ ဖြစ်သည်။ ဝိညာဉ်အလုံအလောက်ကို သူစုပ်ယူပြီးသည့်အခါ သူ၏ ခရမ်းရောင်ဘုရင်စာလုံးက နောက်ထပ် ဆင့်ကဲပြောင်းလဲသွားမည်လော သူသိချင်သည်။ သူက လူသားခန္ဓာကိုယ်များကိုလည်း စိတ်ဝင်စားသည်။ ယင်းတို့က ကျင့်ကြံသူများ၏ ခန္ဓာကိုယ်ကဲ့သို့ မကောင်းမွန်သော်လည်း ခြင်တစ်ကောင်က မည်မျှသေးငယ်ပါစေ အသားရှိနေဆဲပင်။
ထို့ပြင် လူသားခန္ဓာကိုယ်သည် ကျင့်ကြံရန် အကောင်းဆုံး တာအိုခန္ဓာကိုယ် ဖြစ်သည်။ သူတို့က ကျင့်ကြံရန် ကောင်းကင်ဘုံ၏ ကောင်းချီးပေးခြင်းခံထားရသည်။
လူသားခန္ဓာကိုယ်ထဲမှ သွေးချီအနှစ်သာရက ပမာဏများပြားပြီး အလွန်သန့်စင်သည်။ ယင်းကို သန့်စင်လျှင် သူ၏ ရုပ်ခန္ဓာကိုယ်က ပိုပြီးသန်မာလာလိမ့်မည်။