အခန်း (၁၇၅-၁၇၇)
Vol. 12 Ch. 175-177
အခန်း(၁၇၅)
သီရှီထျန်သည် သူ့ကိုယ်သူ မိစ္ဆာတစ်ကောင်အဖြစ် အပြည့်အဝ ယုံကြည်သတ်မှတ်ထားသည်။ သူက အတိတ်ဘဝ၌ လူသားဖြစ်ခဲ့ဖူးသည်ကိုပင် ထည့်မစဉ်းစားပေ။ သို့မဟုတ်လျှင် သူက ထိုသို့အတွေးရလိမ့်မည် မဟုတ်ချေ။ လူသားများကို စားသုံးပြီး ဝိညာဉ်ကို ဝါးမျိုခြင်းက မိစ္ဆာတစ်ကောင်သာလျှင် လုပ်ဆောင်နိုင်လိမ့်မည်။
ယခု သူက လူသားအသွင်သဏ္ဍာန်ဖြင့် ရှိနေလျှင်ပင် မိစ္ဆာဟူသော သူ၏ ခံယူချက်က မပြောင်းလဲသွားပေ။
သူက စဉ်းစားနေရင်း အရှေ့သို့ လျှောက်သွားသည်။
လမ်းတစ်လျှောက်တွင် အဖိုးတန်သော ဝိညာဉ်ဆေးပင်များကို သူမြင်သွားသည့်အခါတိုင်း ကျောက်စိမ်းသေတ္တာတစ်လုံးကို ထုတ်၍ ယင်းတို့ကို သိမ်းဆည်းလိမ့်မည်။ ယင်းတို့က ရတနာများ ဖြစ်သည်။ ယင်းတို့ကို ဆေးလုံးများအဖြစ် သန့်စင်မည်ဆိုလျှင် တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းကို တိုးမြှင့်ပေးနိုင်သော ရတနာများ ဖြစ်လာလိမ့်မည်။
ထို့ပြင် သီရှီထျန်ဆီမှာ တခြားလူများထက် သာလွန်သော ရတနာတစ်ခု ရှိသည်။ ယင်းက မိစ္ဆာသန့်စင်ခြင်းမီးဖို ဖြစ်သည်။ သူက ဝိညာဉ်ဆေးပင်များကို တိုက်ရိုက် ဝါးမျိုပြီး မိစ္ဆာသန့်စင်ခြင်းမီးဖိုထဲသို့ ထည့်သွင်းနိုင်သည်။ ကျောက်စိမ်းမီးဖိုက သူ့အလိုအလျောက် လှည့်ပတ်ပြီး ဝိညာဉ်ဆေးပင်များထံမှ စွမ်းအင်အနှစ်သာရကို ဆွဲထုတ်ပေးလိမ့်မည်။ သို့ဖြစ်၍ သူက လမ်းလျှောက်နေရင်း ဝိညာဉ်ဆေးပင်များကို စုဆောင်းလိုက်သည်။
“ လေဟုန်စီးမန္တန် ”
အကွာအဝေးတစ်ခုသို့ ရောက်သွားသောအခါ သီရှီထျန်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ တောင်ပိုင်းမြေရိုင်းဒေသက အလွန်ကျယ်ပြောသည်။ အကယ်၍ သူက လမ်းဆက်လျှောက်နေမည်ဆိုလျှင် ဤနေရာမှ ထွက်သွားရန် အလွန် အချိန်ကြာလိမ့်မည်။
ထို့ကြောင့် သူက ခဏရပ်လိုက်ပြီး စကားပြောသည်။ ရုတ်တရက်ဆိုသလို ဘေးပတ်ဝန်းကျင်မှ မိုးမြေကြားတွင် ဝိညာဉ်စွမ်းအားက တအိအိလှုပ်ခတ်သွားသည်။ နောက်အခိုက်အတန့်မှာ အနက်ရောင်လေက မြေကြီးထံမှ မြှောက်တတ်လာသည်။ မိစ္ဆာချီလှိုင်းများက အချက်ပြမီးခိုးငွေ့ပမာ ထွက်ပေါ်လာသည်။
သီရှီထျန်၏ ခန္ဓာကိုယ်သည် အနက်ရောင်လေ၏ ပင့်မြှောက်မှုကြောင့် အပေါ်သို့ ပျံတတ်သွားသည်။ သူက မိစ္ဆာချီလှိုင်းများ၏ ဝန်းရံမှုနှင့်အတူ အရှေ့အရပ်ဆီသို့ မြန်ဆန်စွာ ပျံသန်းသွားသည်။
ကျင့်ကြံခြင်းလောကမှ မန္တန်များကို သူအသုံးပြုလိုက်သည့်အခါ ယင်းတို့က မိစ္ဆာချီဖြင့် ပြည့်နှက်နေလိမ့်မည်။ ပုံမှန်အားဖြင့် လေဟုန်စီးမန္တန်ကို အသုံးပြုသည့်အခါ အရောင်မဲ့သော လေက ထွက်ပေါ်လာလိမ့်မည်။ သို့သော်လည်း သူအသုံးပြုသည့်အခါ အနက်ရောင်လေက ထွက်ပေါ်လာသည်။ လေထဲမှာ မိစ္ဆာချီဖြင့် ပြည့်နှက်နေသည်။ တစ်စုံတစ်ယောက်သည် အကြည့်တစ်ချက်ဖြင့်ပင် ယင်းက ကောင်းမွန်သော လေမဟုတ်ကြောင်း ပြောနိုင်လိမ့်မည်။ ယင်းက ကြောက်စရာကောင်းသည်။
သာမန်လူတစ်ယောက်က ယင်းကို မြင်သွားလျှင်ပင် ထိုသို့အနက်ရောင်လေကို ထိန်းချုပ်ထားသော ပုဂ္ဂိုလ်က လူကောင်းမဟုတ်နိုင်ကြောင်း ချက်ချင်း သိသွားလိမ့်မည်။ သူက ရက်စက်ကြမ်းကြုတ်သော မိစ္ဆာဖြစ်ရမည်။
သူက မိစ္ဆာလေကို စီးနင်းနေရင်း တောင်ပိုင်းမြေရိုင်းဒေသကို ဖြတ်သန်းသွားသည်။ နောက်ဆုံးမှာ သူက တောင်ပိုင်းမြေရိုင်းဒေသထဲမှ ထွက်သွားသည်။
“ ဂါး ”
သီရှီထျန်သည် တောင်ပိုင်းမြေရိုင်းဒေသထဲမှ ထွက်သွားပြီးနောက် အရှေ့သို့ ဆက်ပြီး ပျံသန်းသွားသည်။ သူက လူများ စုဝေးနေထိုင်သော ကျေးရွာတစ်ရွာ သို့မဟုတ် နယ်မြို့တစ်မြို့ကို အရင်ဆုံး ရှာဖွေရန် စီစဉ်ထားသည်။ ထို့နောက် သူက ကုချင်းတီးခတ်နည်းသင်ယူရန် ကုချင်းပညာရှင်တစ်ဦးကို လိုက်လံရှာဖွေမည်။
သို့သော်လည်း တောင်ကုန်းအနည်းငယ်ကို သူဖြတ်ကျော်သွားပြီးနောက် လူသားမျိုးနွယ်၏ တည်နေရာနှင့် နီးကပ်သွားနေစဉ် ကျားတစ်ကောင်၏ မကျေမချမ်းသော ဟိန်းသံကို ရုတ်တရက် သူကြားလိုက်ရသည်။
“ ဟမ်… အဲ့ဒီမှာ ကျားတစ်ကောင်ရှိတယ်… အဲ့ဒါက မိစ္ဆာကျင့်ကြံခြင်းရှိတဲ့ ကျားတစ်ကောင်ပဲ… ဟိန်းသံအရ သူအန္တရာယ်ကျရောက်နေတဲ့ပုံပဲ ”
မိစ္ဆာချီလှိုင်းများထဲမှာ ပုန်းအောင်းနေသော သီရှီထျန်က လေထဲ၌ ရုတ်တရက် ရပ်တန့်လိုက်သည်။ သူက မျက်ခုံးပင့်တင်လိုက်သည်။ အလွန်အားကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ၏ ခန္ဓာကိုယ်ထဲမှ ရုတ်တရက် မြှောက်တတ်လာသည်။
“ တစ်ယောက်ယောက်က ငါ့ရဲ့ ကျားမျိုးနွယ်ဝင်ကို သတ်ချင်နေတာလား… မင်းက သေချင်နေတာပဲ ”
သူ၏ မျက်လုံးထဲမှာ အရိုးခိုက်ခိုက်တုန်စေမည့် အေးစက်မှု ထွက်ပေါ်လာသည်။ သူ၏ အကြည့်ကြောင့် သူ့အရှေ့မှ လေဟာနယ်သည်ပင် အေးခဲသွားတော့မည့်ဟန် ရ၏။ သူက ခန္ဓာကိုယ်ကို တစ်ချက်လှုပ်လိုက်လေရာ မိစ္ဆာလေက မြေကြီးပေါ်သို့ ဆင်းသက်သွားပြီး ကျားဟိန်းသံထွက်ပေါ်လာသော ဦးတည်ရာဆီသို့ အမြန်ရွေ့လျားသွားသည်။
ကျားတစ်ကောင်အဖြစ် သူမွေးဖွားလာကတည်းက ကျားများကို သူ၏ အမျိုးအနွယ်အဖြစ် သတ်မှတ်ထားသည်။ ယင်းက လူသားမျိုးနွယ်ကဲ့သို့ပင်။ လူသားများသည် သူတို့မျိုးနွယ်စုအပေါ် တခြားမျိုးနွယ်စုများ ထိပါးစော်ကားလာသည်ကို မကြိုက်ကြပေ။
ထို့နည်းတူပင် သီရှီထျန်၏ အရှေ့မှာ ကျားတစ်ကောင်ကို သတ်ဖြတ်ခြင်းက သူ့နှလုံးသားထဲမှ တားမြစ်ချက်ကို ချိုးဖောက်လိုက်ခြင်းနှင့် အတူတူပင်။ ထို့ကြောင့် ဝမ်းနည်းဖွယ်ကောင်းသော ကျားဟိန်းသံကို ကြားလိုက်သောအခါ ပြင်းထန်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ၏ ခန္ဓာကိုယ်ထဲမှ မြှောက်တတ်လာသည်။
“ အား ”
ထိုအခိုက်အတန့်မှာ တောအုပ်ထဲမှ မြေကွက်လပ်တစ်ခုတွင် တန်ဖိုးကြီးအဝတ်အစားကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်သည် သူ့အရှေ့မှ သက်လတ်ပိုင်းအမျိုးသားသုံးယောက်ကို ဒေါသတကြီး စိုက်ကြည့်နေသည်။ လူငယ်သည် အသက်ဆယ့်ခုနစ်နှစ် ဆယ့်ရှစ်နှစ်ခန့်သာ ရှိသေးသည်။ သူက လက်ထဲ၌ အစိမ်းရောင်ဓားတစ်လက်ကို ဆုပ်ကိုင်ထားရင်း သူ့အရှေ့မှ လူသုံးယောက်ကို ချိန်ရွယ်ထားသည်။ ရံဖန်ရံခါ သူ့အကြည့်က သူ၏ ဘေးမှ တစ်စုံတစ်ယောက်ပေါ်သို့ ကျရောက်သွားသည်။
သူ့ဘေးတွင် ရောင်စုံကျားတစ်ကောင် ရှိသည်။ ကျား၏ ခန္ဓာကိုယ်ပေါ်တွင် အရွယ်အစားစုံလင်သော ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေသည်။ ဒဏ်ရာများက အလွန်ဆိုးဝါးပြင်းထန်လေရာ သွေးက သူ၏ အမွှေးအမျှင်များထဲထိ စိမ့်ဝင်နေသည်။
ထိုကျား၏ ခွန်အားက အလွန်ကြောက်စရာကောင်းသည်။ သို့သော်လည်း ယခုအချိန်မှာ သူက အားအင်ကုန်ခမ်းနေပြီး ပြိုလဲကျလုနီးပါး ဖြစ်နေသည်။ နောင်တနှင့် ဝမ်းနည်းပူဆွေးမှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်နေသည်။
သူက သက်လတ်ပိုင်းအမျိုးသားသုံးယောက်၏ ဘေးမှ ဝတ်စုံစိမ်း ဝတ်ဆင်ထားသော အမျိုးသားပေါ်သို့ ထပ်ခါတလဲလဲ ခုန်အုပ်နေသည်။ သို့သော်လည်း ဝတ်စုံစိမ်း ဝတ်ဆင်ထားသော ထိုလူသည် ရွှေရောင်ဓားပျံကို ထိန်းချုပ်လျက် ကျား၏ ခန္ဓာကိုယ်ကို နောက်ထပ် ဒဏ်ရာဒဏ်ချက်များ ပေးနေသည်။ ဒဏ်ရာက အလွန်နက်ရှိုင်းလေရာ ကျား၏ ခန္ဓာကိုယ်ထဲမှ အရိုးများကိုပင် မြင်နိုင်၏။
ဝတ်စုံစိမ်း ဝတ်ဆင်ထားသော အမျိုးသား၏ မျက်လုံးထဲမှာ သရော်လှောင်ပြောင်သော အကြည့် ထွက်ပေါ်လာသည်။
ထိုကျားသည် သူ၏ လက်ခုပ်ထဲမှ ရေဖြစ်သည်။ ၎င်းက သူ၏ တိုက်ခိုက်မှုများကို နည်းနည်းမှ မခုခံနိုင်ပေ။
“ ငါ့ရဲ့ ညီတော်က မင်းတို့လို လောကဝတ်ပြုခန်းမက လူတွေကို ငှားယမ်းဖို့ ဘယ်လောက်ပေးခဲ့လဲ… လောကဝတ်ပြုခန်းမရဲ့ စည်းမျဉ်းတွေကို မင်းတို့ မေ့သွားကြပြီလား ”
တန်ဖိုးကြီးအဝတ်အစားကို ဝတ်ဆင်ထားသော လူငယ်သည် ကျား၏ ခန္ဓာကိုယ်ပေါ်မှ နက်ရှိုင်းသော ဒဏ်ရာများကို မြင်သွားသောအခါ သူ၏ မျက်လုံးထဲ၌ နက်ရှိုင်းသော နာကျင်မှုအရိပ်အယောင် ထွက်ပေါ်လာသည်။ သို့သော်လည်း သူဝင်ကူညီလျှင်ပင် ရလဒ်က မပြောင်းလဲနိုင်ကြောင်း သူသိသည်။
သူ့ဝိညာဉ်သားရဲ၏ စွမ်းအားကြောင့်မဟုတ်လျှင် သူက ဤနေရာအထိ ထွက်ပြေးလွတ်မြောက်လာမည် မဟုတ်ချေ။
လူငယ်သည် ဟွာဝမ့်ဝူ ဖြစ်သည်။ သုံးရက်သုံးညကြာအောင် လိုက်ဖမ်းခံရပြီးနောက် ဟွာဝမ့်ဝူ၏ ဝိညာဉ်သားရဲက ၎င်း၏ အကန့်အသတ်သို့ ရောက်ရှိသွားသည်။ ဤနေရာသို့ ဟွာဝမ့်ဝူ ရောက်လာသည့်အခိုက် ယနေ့ သူက ဤတောအုပ်ထဲမှာ မြေမြှုပ်ခံရတော့မည်ဖြစ်ကြောင်း သိလိုက်သည်။
သူ့အရှေ့မှ သက်လတ်ပိုင်းအမျိုးသားလေးယောက်ကို စိုက်ကြည့်နေစဉ် နက်ရှိုင်းသော အမုန်းတရားက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ ထိုလူများကို သူမြင်လိုက်သည်နှင့်ချက်ချင်း မည်သူက သူတို့ကို စေလွှတ်ခဲ့ကြောင်း သူသိသွားသည်။ ထို့ကြောင့်ပင် သူက နှလုံးနာကျင်မှုကို ခံစားမိသွား၏။
“ ဟွန့်… ဒုတိယမင်းသား… ကျုပ်တို့ ညီအကိုတွေကို ခင်ဗျားအပြစ်မမြင်ပါနဲ့… ခင်ဗျားအပြစ်တင်ချင်ရင် ခင်ဗျားရဲ့ ညီတော်ကိုပဲ အပြစ်တင်ပါ… သူက ကျုပ်တို့ကို ရက်ရက်ရောရော ပေးကမ်းခဲ့တော့ ကျုပ်တို့မငြင်းနိုင်ဘူး ”
အဖွဲ့ခေါင်းဆောင်ဖြစ်သော ဝတ်စုံပြာဝတ် အမျိုးသားက အေးတိအေးစက် အမူအရာဖြင့် ပြောသည်။ ဆုလာဘ်အကြောင်း သူပြောသည့်အခါ လောဘအရိပ်အယောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက အေးစက်စက် ပြောသည်။
“ ဒီအချိန်ထိ ခင်ဗျားအသက်ရှင်နေနိုင်တာ ခင်ဗျားရဲ့ ဘေးက ဝိညာဉ်သားရဲကြောင့်ပဲ… ဒါပေမဲ့ ခင်ဗျားရဲ့ ကံကောင်းမှုက ဒီနေ့ ကုန်ဆုံးပြီ… ခင်ဗျားရော ခင်ဗျားရဲ့ ဝိညာဉ်သားရဲရော ဒီနေရာမှာ အတူတူ သေဆုံးရမယ်… ဒုတိယမင်းသား ကျုပ်တောင်းပန်ပါတယ် ”
သူတို့က တောင်းပန်သည်ဟု ပြောသော်လည်း သူတို့၏ မျက်နှာပေါ်မှာ တောင်းပန်သော မည်သည့်အရိပ်အယောင်မှ မရှိပေ။ လောဘအရိပ်အယောင်သာ ရှိ၏။
“ တတိယညီတော်… တတိယညီတော်…. မင်း တကယ်ရက်စက်လှချည်လား… ရာဇပလ္လင်အတွက်နဲ့ ကိုယ့်ရဲ့ အကိုကိုတောင် သတ်ပစ်ချင်တယ် ”
တန်ဖိုးကြီးအဝတ်အစားကို ဝတ်ဆင်ထားသော လူငယ်က ကောင်းကင်ကို မော့ကြည့်၍ နောင်တရစွာ၊ ဝမ်းနည်းကြေကွဲစွာ အော်ပြောလိုက်သည်။
“ ဂါး ”
ထိုစဉ် ရောင်စုံကျားက ၎င်း၏ နောက်ဆုံးအကန့်အသတ်သို့ ရောက်ရှိသွားသည်။ ၎င်းသည် အစကတည်းက သွေးအများကြီးကို ဆုံးရှုံးထားသည်။ သို့ဖြစ်၍ ၎င်း၏ လှုပ်ရှားမှုများက တဖြည်းဖြည်း နှေးကွေးလာသည်။ နောက်ဆုံးမှာ ဝတ်စုံစိမ်းဝတ် သက်လတ်ပိုင်းအမျိုးသား၏ သရော်လှောင်ပြောင်သော အကြည့်အောက်မှာ ရွှေရောင်ဓားပျံက ကျား၏ ဦးခေါင်းကို ထိုးစိုက်သွားသည်။
“ မြန်မြန်… သူ့ကိုပါ ရှင်းပစ်ကြ… ပြီးကျရင် ငါတို့ပြန်သွားပြီး ဆုလာဘ်တွေ သိမ်းယူကြမယ် ”
ဝတ်စုံပြာဝတ် ခေါင်းဆောင်က လက်ဝှေ့ယမ်းလိုက်ပြီး အေးစက်စွာ ပြောသည်။
“ ဘယ်သူက ငါ့ရဲ့ ကျားမျိုးနွယ်ဝင်ကို သတ်ရဲတာလဲ… ငမိုက်သားကောင် သေစမ်း ”
ဝတ်စုံပြာဝတ် အမျိုးသား၏ စကားသံ ဆုံးသွားသည်နှင့်ချက်ချင်း အေးစက်စက် အော်သံက လေထဲမှာ ရုတ်တရက် ပဲ့တင်ထွက်လာသည်။ အော်သံက မိုးခြိမ်းသံပမာ အလွန်ကျယ်လောင်သည်။
ထိုအော်သံကြောင့် ဘေးပတ်ဝန်းကျင်မှ သစ်ပင်များက ပြင်းထန်စွာ လှုပ်ခါသွားကြသည်။ သစ်ရွက်များသည် အဆုံးမဲ့စွာ ကောင်းကင်ပေါ်မှ ကျဆင်းလာကြသည်။ ယင်းတို့က လေထဲမှာ တလူလူ ကခုန်နေကြသည်။ ထိုအော်သံထဲမှာ ဝိညာဉ်လှုပ်ခတ်စေမည့် လွှမ်းမိုးဗိုလ်ကျသော အရှိန်အဝါက ကိန်းအောင်းနေသည်။ တောင်ကြီးတစ်တောင်ပမာ ကြီးမားလေးလံသော ဖိအားက မိုးမြေကို ဖုံးလွှမ်းသွားသည်။ ယင်းက နှင်းတောင် ပြိုကျသကဲ့သို့ ဤဧရိယာတစ်ခုလုံးကို ချက်ချင်း ဖုံးအုပ်သွားသည်။
“ ဗုန်း ”
အော်သံပျောက်ကွယ်သွားသည်နှင့် အရပ်ရှည်ပြီး ခန္ဓာကိုယ်သန်စွမ်းကြံ့ခိုင်သော ဝတ်စုံနက်ဝတ် အမျိုးသားတစ်ယောက်က မြေကြီးပေါ်သို့ အကြမ်းပတမ်း ဆင်းသက်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော အင်အားက သူ၏ ခြေထောက်အောက်မှ ပေါ်လျှိုးလာသည်။ အက်ကွဲကြောင်းများသည် သူ့ကို ဗဟိုပြု၍ ပင့်ကူအိမ်သဖွယ် ပျံ့နှံ့သွားသည်။ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါက အရပ်မျက်နှာအသီးသီးသို့ ရိုက်ခတ်သွားသည်။
ယခု ရောက်ရှိလာသော ပုဂ္ဂိုလ်သည် သီရှီထျန်မှလွဲ၍ တခြားမဟုတ်ပေ။
သီရှီထျန်က မြေကြီးပေါ်မှာ ရပ်နေသည်။ သူက မြားသဖွယ် ချွန်ထက်သော အကြည့်ဖြင့် သူ့အရှေ့မှ ဧရိယာကို ကြည့်လိုက်သည်။ ဘေးပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ပြီးနောက် နောက်ဆုံးမှာ သူ့အကြည့်က ဦးခေါင်းထဲ၌ ဓားစိုက်နေ၍ လဲကျနေသော ရောင်စုံကျားပေါ်သို့ ကျရောက်သွားသည်။
ရောင်စုံကျား၏ မျက်လုံးထဲမှ အလင်းရောင်က စတင်မှေးမှိန်နေပြီ ဖြစ်သည်။ မကျေမချမ်းသော စိတ်ဆန္ဒက သူ့ခန္ဓာကိုယ်ထဲမှ မြှောက်တတ်နေသည်။
သီရှီထျန်ကို မြင်သွားသောအခါ ရောင်စုံကျားသည် သီရှီထျန်ထံမှ အမျိုးအနွယ်တူညီသော အရှိန်အဝါကို အာရုံခံမိသွားဟန် ရသည်။ သူ၏ မှေးမှိန်နေသော မျက်လုံးက ရုတ်တရက် ပြန်ထွန်းလင်းသွားသည်။ သူက တိုးညင်းစွာ ပြောသည်။
“ အရှင်… ”
သူ၏ မျက်လုံးထဲမှ အလင်းရောင် မပျောက်ကွယ်သွားမီ သူက ထိုစကားလုံးကိုသာ ပြောနိုင်ခဲ့သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်ထဲမှ နောက်ဆုံးအသက်ဓာတ်အမျှင်တန်းက လွင့်ပြယ်သွားသည်။
“ ငမိုက်သားတွေ… မင်းတို့အားလုံး သေရမယ် ”
ရောင်စုံကျား သေသွားသည့်အခိုက် သီရှီထျန်က မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ အေးစက်စက် အလင်းတန်းနှင့် အလွန်ပြင်းထန်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ပေါ်လျှိုးလာသည်။ သူ၏ အကြည့်က သူ့အရှေ့မှ သက်လတ်ပိုင်းအမျိုးသားလေးယောက်ပေါ်သို့ ကျရောက်သွားသည်။
အခြေတည်နယ်ပယ် ကျင့်ကြံသူနှစ်ယောက်နှင့် နှောင်းပိုင်းအဆင့် ချီသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူနှစ်ယောက် ဖြစ်ကြသည်။
“ မိစ္ဆာအရှိန်အဝါ… ဘယ်လောက်သန်မာလိုက်တဲ့ မိစ္ဆာအရှိန်အဝါလဲ… အို မကောင်းတော့ဘူး… သူက အသွင်သဏ္ဍာန်ပြောင်းလဲထားတဲ့ မိစ္ဆာပဲ ”
သီရှီထျန်၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော မိစ္ဆာအရှိန်အဝါကို မသေမျိုးကျင့်ကြံသူများက အလွယ်တကူ အာရုံခံနိုင်ပေသည်။ အကြည့်တစ်ချက်ဖြင့်ပင် သူတို့က ထိတ်လန့်တုန်လှုပ်သွားကြသည်။ မသေမျိုးကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းပြီးနောက် သူတို့သည် မိစ္ဆာမျိုးနွယ်စုအကြောင်း အနည်းအကျဉ်း သိထားကြသည်။ သို့ဖြစ်၍ အသွင်သဏ္ဍာန်ပြောင်းလဲပြီးသော မိစ္ဆာမျိုးနွယ်ဝင်တစ်ယောက်က မည်သည်ကို ဆိုလိုကြောင်း သူတို့သိကြသည်။
ထိုသူက ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ကိုပင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သော အစွမ်းထက်မိစ္ဆာတစ်ကောင် ဖြစ်သည်။
ထိုအချက်ကို သူတို့နားလည်သွားသောအခါ နှလုံးက သူတို့၏ ရင်ဘက်ထဲမှ ခုန်ပေါက်ထွက်လာတော့မည်ဟု ခံစားမိသွားကြသည်။ ကြောက်ရွံ့သော အမူအရာက သူတို့၏ မျက်နှာပေါ်မှာ တူညီစွာ ထွက်ပေါ်လာသည်။
“ ဘာလို့ အသွင်သဏ္ဍာန်ပြောင်းလဲပြီးတဲ့ မိစ္ဆာတစ်ကောင်က ဒီနေရာမှာ ထွက်ပေါ်လာတာလဲ ”
ဝတ်စုံပြာဝတ် အမျိုးသားက စိတ်ပျက်အားလျော့စွာ ပြောသည်။
အခန်း(၁၇၆)
သီရှီထျန်ကို သူတို့မြင်သွားသည့်အခိုက် အကူအညီမဲ့မှုက သူတို့၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ သီရှီထျန်က အမြူတေဓာတ်လုံး မဖွဲ့စည်းရသေးသော မိစ္ဆာသားရဲတစ်ကောင်ဖြစ်ကြောင်း သူတို့မပြောနိုင်ကြချေ။ သူက လူသားအသွင်သဏ္ဍာန်သို့ ပြောင်းလဲရန် လျှို့ဝှက်အတတ်ပညာကို မှီခိုအားထားနေရသည့် မိစ္ဆာသားရဲတစ်ကောင်ထက် မပိုချေ။ ထို့ကြောင့် သီရှီထျန်၏ စွမ်းအားသည် သူတို့စိတ်ကူးထားသကဲ့သို့ ကြောက်စရာမကောင်းချေ။
မှန်ပေသည်။ သီရှီထျန်၏ လက်ရှိ စွမ်းရည်အရ သူက အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်ကို အနိုင်မတိုက်ခိုက်နိုင်လျှင်ပင် ထွက်ပြေးရန် သူ့အတွက် မခက်ခဲပါချေ။
သူ့အရှေ့မှ ကျင့်ကြံသူများထဲတွင် အသန်မာဆုံးက အခြေတည်နယ်ပယ်မှာသာ ဖြစ်သည်။ အကယ်၍ ထိုထက် အရေအတွက်ပိုများလျှင်ပင် သူက အလွယ်လေး အနိုင်ယူနိုင်ပေသည်။
“ ညီအကိုတို့… အသေအကြေ တိုက်ခိုက်ရအောင် ”
တစ်ခဏကြာ စိတ်ပျက်အားလျော့သွားပြီးနောက် ဝတ်စုံပြာဝတ် အမျိုးသား၏ မျက်လုံးထဲမှာ စိတ်ဓာတ်ပြတ်သားမှု ထွက်ပေါ်လာသည်။ သူက ကျယ်လောင်စွာ အော်လိုက်ပြီး ထူးဆန်းသော ချိပ်တံဆိပ်လက်ဟန်တစ်ခုကို ထုတ်ဖော်လိုက်သည်။
“ ကောင်းကင်အေးခဲအတတ်ပညာ… မိစ္ဆာကောင်ကို အေးခဲပစ်စေ ”
ချက်ချင်းဆိုသလိုပင် ဘေးပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအားက အပြင်းအထန် တုန်ခါသွားသည်။ အပူချိန်က သိသိသာသာ လျော့ကျသွားသည်။ နှင်းကဲ့သို့ ဖြူဖွေးသော အလင်းစက်များက ကောင်းကင်ယံမှ ကျဆင်းလာပြီး မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်။
ဤဧရိယာတစ်ဝိုက်မှ သစ်ပင်ပန်းပင်များနှင့် မြက်ပင်များသည် အဖြူရောင်အလင်းစက်များဖြင့် ချက်ချင်း ဖုံးလွှမ်းခံလိုက်ရသည်။ အလွန်အားကောင်းသော လေအေးက ဘေးပတ်ဝန်းကျင်ကို အရိုးခိုက်ခိုက်တုန်အောင် ချမ်းအေးစေသည်။ ဤသည်မှာ လေက အေးခဲသွားတော့မည့်အလားပင်။
တစ်စုံတစ်ယောက်သည် အသက်ရှူသွင်းလိုက်ရုံဖြင့် သူ့ခန္ဓာကိုယ်ထဲမှ အင်္ဂါအစိတ်အပိုင်းများက အေးခဲသွားမည့်ဟန် ရသည်။
နောက်အခိုက်အတန့်မှာ လေထဲ၌ အဖြူရောင်ရေခဲအလွှာထု ဖွဲ့စည်းသွားပြီး စက်ကရာပေါ်သို့ ကြမ်းတမ်းစွာ ကျဆင်းလာသည်။
“ သေစမ်း ”
ဝတ်စုံစိမ်းဝတ် အမျိုးသားသည်လည်း အခြေတည်နယ်ပယ် ကျင့်ကြံသူ ဖြစ်သည်။ ဝတ်စုံပြာဝတ် အမျိုးသားက ဦးဆောင်လှုပ်ရှားလိုက်ကြောင်း သူမြင်သောအခါ သူသည်လည်း နောက်ထပ် တုံ့ဆိုင်းမနေပေ။ သူက ဓားနည်းစနစ်တစ်ခုကို ထုတ်ဖော်လိုက်သည်။ ရွှေရောင်ဓားပျံသည် ပြင်းထန်စွာ တုန်ယင်သွားပြီး သုံးချောင်းကွဲထွက်သွားသည်။ ရွှေရောင်ဓားပျံသုံးချောင်းသည် တြိဂံသဏ္ဍာန် ဖွဲ့စည်းသွားပြီး စက်ကရာကို ဝိုင်းရံလိုက်သည်။ လျှင်မြန်ထက်ရှသော ဓားချီထဲမှာ သတ်ဖြတ်ခြင်းအရှိန်အဝါဖြင့် ပြည့်နှက်နေသည်။
“ အားလုံး အတူတူ တိုက်ကြမယ် ”
ကျန်လူနှစ်ယောက်က ချီသန့်စင်ခြင်းနယ်ပယ်မှာသာ ရှိသေးသော်လည်း သူတို့အရှေ့မှ လူအသွင်သဏ္ဍာန်ပြောင်းလဲထားသော မိစ္ဆာကို မြင်သွားသည့်အခိုက် ထွက်ပြေးရန် မည်သည့်နည်းလမ်းမှ မရှိတော့ကြောင်း သိလိုက်ကြသည်။ ဤအခိုက်အတန့်မှာ သူတို့က မည်သည့်အရာကိုမှ ဂရုမစိုက်တော့ဘဲ ဓမ္မလက်နက်များကို အသီးသီး ထုတ်လိုက်ကြသည်။ တစ်ယောက်က အနက်ရောင်ဓားမော့သုံးချောင်းကို ထုတ်လိုက်စဉ် အခြားတစ်ယောက်က အစိမ်းရောင်အလင်း တောက်ပနေသော သံကွင်းတစ်ခုကို ထုတ်လိုက်သည်။ သူတို့က ထိုဓမ္မလက်နက်များကို သီရှီထျန်ဆီသို့ တစ်ပြိုင်နက် ပစ်ပေါက်လိုက်ကြသည်။
အနက်ရောင်ဓားမော့သုံးချောင်းသည် မကောင်းဆိုးဝါးအရှိန်အဝါကို ထုတ်လွှတ်နေသည်။ ဤသည်မှာ ယင်းတို့က မကောင်းဆိုးဝါးတာအိုလက်နက်များ ဖြစ်သည့်အလားပင်။ လေထဲသို့ ယင်းတို့ ဖြတ်သန်းသွားသည်နှင့် မကောင်းဆိုးဝါးအရှိန်အဝါကို သယ်ဆောင်သွားသည်။
“ ဟွန့်… မင်းတို့ကများ ငါ့ရဲ့ အမျိုးအနွယ်ကို သတ်ရဲတယ်… မင်းတို့အားလုံး အသက်နဲ့ ရန်ကြွေးပြန်ဆပ်ရမယ် ”
သီရှီထျန်သည် သူ့ဆီသို့ အရပ်မျက်နှာပေါင်းစုံမှ ပျံသန်းလာနေသော တိုက်ခိုက်မှုများကို အထင်သေးရှုံ့ချစွာ ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ အေးစက်စက်အလင်း ဝင်းလက်သွားသည်။ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ၏ ခန္ဓာကိုယ်ထဲမှ တစ်ဟုန်ထိုး ပေါ်လျှိုးလာသည်။
သူက လက်နှစ်ဖက်ကို မြှောက်လိုက်ပြီး ‘ မီးဘောလုံးမန္တန် ’ကို ထုတ်ဖော်ရန် လက်သင်္ကေတတချို့ ဖွဲ့စည်းလိုက်သည်။ ချိပ်တံဆိပ် ပြီးမြောက်သွားသည်နှင့်တစ်ပြိုင်နက် သူ့ခန္ဓာကိုယ်ထဲမှ မိစ္ဆာချီက အပြင်သို့ ဒလဟော တိုးထွက်လာပြီး ချိပ်တံဆိပ်ထဲသို့ ပေါင်းစပ်သွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာ အနက်ရောင်မီးဘောလုံးတစ်လုံးက သူ့အရှေ့မှာ လျှို့ဝှက်ဆန်းကြယ်စွာ ထွက်ပေါ်လာပြီး ‘ တရှဲရှဲ ’လောင်ကျွမ်းသံကို ထုတ်လွှတ်လိုက်သည်။ ထိုမီးဘောလုံးသည် သာမန်မသေမျိုးကျင့်ကြံသူများ အသုံးပြုလေ့ရှိသော မီးဘောလုံးကဲ့သို့ အနီရောင်မဟုတ်ပေ။ ယင်းက မိစ္ဆာအရှိန်အဝါဖြင့် ပြည့်နှက်နေသော အနက်ရောင်မီးဘောလုံး ဖြစ်သည်။
မိစ္ဆာအရှိန်အဝါကို မီးတောက်များမှ ထုတ်လွှတ်နေသည်။
လျှို့ဝှက်ဆန်းကြယ်သော ထိုမီးတောက်ဘောလုံးထဲမှာ ပမာဏများပြားသော စွမ်းအား ကိန်းအောင်းနေသည်။ သီရှီထျန်၏ ထိန်းချုပ်မှုအောက်မှာ မီးဘောလုံးက အပေါ်မှ ကျဆင်းလာနေသော အဖြူရောင်ရေခဲအလွှာနှင့် တွေ့ဆုံသွားသည်။
တစ်ချိန်တည်းမှာ သူ၏ လက်နှစ်ဖက်က လက်သည်းများအဖြစ် ပြောင်းလဲသွားသည်။ မိစ္ဆာအရှိန်အဝါက တလိပ်လိပ် မြှောက်တတ်လာပြီး သူ၏ လက်နှစ်ဖက်ပေါ်မှာ စုဝေးသွားသည်။ ထို့ပြင် သူ၏ လက်ဖဝါးနှစ်ဖက်စလုံးက ရုတ်တရက် ပြောင်းပြန်လှန်သွားသည်။ ချက်ချင်းဆိုသလိုပင် အနက်ရောင်အမွှေးအမျှင်များက သူ၏ လက်နှစ်ဖက်ပေါ်မှာ ထွက်ပေါ်လာကြသည်။ သူ၏ လက်ချောင်းများသည်လည်း ရှည်လျားသော ကျားလက်သည်းများအဖြစ် ပြောင်းလဲသွားသည်။
သူက ရိုးရှင်းစွာ တစ်ချက်ဝှေ့ယမ်းလိုက်လေရာ လက်သည်းပုံရိပ်တစ်ရာက သူ့အရှေ့မှာ ထွက်ပေါ်လာသည်။ အနက်ရောင်လက်သည်းများက လေကို ဖြတ်သန်းသွား၍ ကျယ်လောင်သော ဆုတ်ဖြဲသံကို ထုတ်လွှတ်လိုက်သည်။
“ ဘန်း ဘန်း ဘန်း ”
ကျားလက်သည်းများက ဓမ္မလက်နက်များနှင့် ထိပ်တိုက် တွေ့ဆုံသွားသည်။ ထိုအခါ ကျယ်လောင်သော သတ္ထုချင်းထိခတ်သံ ထွက်ပေါ်လာသည်။ ထို့ပြင် ထိုသို့တွေ့ဆုံသွားသည့်အခါတိုင်း အလွန်အားကောင်းသော မိစ္ဆာအရှိန်အဝါက ဓမ္မလက်နက်များထဲသို့ စီးဆင်းသွားသည်။
ချွန်ထက်သော ထိုလက်သည်းများက အလွန်ကြောက်စရာကောင်းသည်ဟု ဆိုရမည်။ ယင်းတို့က ဓမ္မလက်နက်များပေါ်မှာ နက်ရှိုင်းသော လက်သည်းရာများကို ချန်ရစ်ခဲ့သည်။ ဓမ္မလက်နက်များသည် ကျင့်ကြံသူများ၏ စိတ်နှင့် ဆက်သွယ်နေသော ပစ္စည်းများ ဖြစ်ကြသည်။
သို့ဖြစ်၍ ဓမ္မလက်နက်များ ထိခိုက်ပျက်စီးသွားသည့်အခါ ကျင့်ကြံသူသုံးယောက်က ရုတ်တရက် တုန်ယင်သွားကြသည်။ သူတို့က ပြိုင်တူ သွေးတစ်ပွက်အန်လိုက်ကြရသည်။ သို့ဖြစ်၍ သူတို့၏ အရှေ့၌ သွေးမြူခိုး ဖွဲ့စည်းသွားသည်။
“ အား… ငါမင်းနဲ့ သေတဲ့အထိ တိုက်ခိုက်မယ်… မြစိမ်းသစ်သားပညာရပ် ”
ဝတ်စုံပြာဝတ် အမျိုးသား အစောနက ထုတ်လွှတ်ခဲ့သော ကောင်းကင်အေးခဲအတတ်ပညာက ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာမီးဘောလုံးနှင့် တွေ့ဆုံသွားသည်။ မီးဘောလုံးထဲမှာ ကိန်းအောင်းနေသော မီးတောက်မီးလျှံများက အလွန်အားကောင်းလေရာ ရေခဲအလွှာက ချက်ချင်း အငွေ့ပျံသွားသည်။ သူ့ဘေးမှ ကျင့်ကြံသူသုံးယောက်က တစ်ချက်တည်းဖြင့် ဒဏ်ရာအပြင်းအထန် ရရှိသွားကြောင်း ဝတ်စုံပြာဝတ် အမျိုးသား မြင်သောအခါ ရူးသွပ်မှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
သူက လက်နှစ်ဖက်စလုံးဖြင့် ရှုပ်ထွေးသော ချိပ်တံဆိပ်သင်္ကေတတစ်ခုကို ဖွဲ့စည်းလိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအားတစ်ဝက်ကျော်က ချိပ်တံဆိပ်ထဲသို့ ဝင်ရောက်သွားသည်။ ချိပ်တံဆိပ် ပြီးမြောက်သွားသည်နှင့်ချက်ချင်း ဘေးပတ်ဝန်းကျင်မှ မိုးမြေဝိညာဉ်စွမ်းအားက ရုတ်တရက် ပြင်းထန်စွာ တုန်ယင်သွားသည်။ ကောင်းကင်ယံတွင် အစိမ်းရောင်အလင်း ဝင်းလက်သွားသည်။ ထို့နောက် အစိမ်းရောင်အလင်းထဲတွင် အရွယ်အစားကြီးမားသော သစ်သားတုံးတစ်ခု ထွက်ပေါ်လာသည်။
ထိုအစိမ်းရောင်သစ်သားတုံးထဲမှာ အစွမ်းထက်အရှိန်အဝါ ကိန်းအောင်းနေသည်။ ယင်းက ကောင်းကင်ပေါ်မှ ကျဆင်းလာသည်နှင့်ချက်ချင်း သီရှီထျန်ရှိနေသော ဧရိယာတစ်ခုလုံးကို အပြည့်ဖုံးလွှမ်းသွားသည်။ အရွယ်အစားကြီးမားသော မြစိမ်းသစ်သားတုံးက သီရှီထျန်၏ ဦးခေါင်းပေါ်သို့ ပြုတ်ကျလာသည်။
“ သေစမ်း ”
တခြားကျင့်ကြံသူသုံးယောက်သည်လည်း သူတို့၏ ဓမ္မလက်နက်များပေါ်သို့ သွေးအဆီအနှစ်ကို ထွေးထုတ်လိုက်ကြသည်။ ချက်ချင်းဆိုသလိုပင် ဓမ္မလက်နက်များက အရောင်တလက်လက် တောက်ပသွားပြီး ယခင်ကထက် ပိုပြီးအားကောင်းသော အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ ယင်းတို့က သီရှီထျန်ကို နောက်တစ်ကြိမ် တိုက်ခိုက်လိုက်ကြသည်။
သို့သော်လည်း သူတို့သတိမထားမိသည်မှာ ဝတ်စုံပြာဝတ် အမျိုးသားသည် ‘ မြစိမ်းသစ်သားပညာရပ် ’ကို အသုံးပြုပြီးသည်နှင့်ချက်ချင်း အမူအရာပြောင်းလဲသွားသည်။ သူ၏ ရူးသွပ်သော အမူအရာက ရုတ်တရက် ပျောက်ကွယ်သွားသည်။ တစ်ချိန်တည်းမှာ သူ၏ လက်နှစ်ဖက်က နောက်ထပ် ချိပ်တံဆိပ်သင်္ကေတတစ်ခုကို ဖွဲ့စည်းလိုက်သည်။
“ ဘန်း ”
ချိပ်တံဆိပ်သင်္ကေတ ပြီးမြောက်သွားသည်နှင့် ထူထဲသော အဖြူရောင်မြူခိုးက လေထဲမှာ ရုတ်တရက် ပေါက်ကွဲသွားသည်။ ယင်းက မီးခိုးဗုံးနှင့် ဆင်တူသည်။ ထူထဲသော အဖြူရောင်မြူခိုးက လေထဲမှာ တအိအိလှုပ်ခတ်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ဤနေရာတစ်ခုလုံးကို အဖြူရောင်မြူခိုးက ဖုံးလွှမ်းသွားသည်။ တစ်ချိန်တည်းမှာ ထူးဆန်းသော မြည်သံများ ထွက်ပေါ်လာသည်။ အဖြူရောင်မြူခိုးထဲတွင် ချောက်ချားဖွယ်ကောင်းသော တစ္ဆေမျက်နှာများနှင့် မိစ္ဆာမျက်နှာများ ဖွဲ့စည်းသွားကြသည်။
ဝတ်စုံပြာဝတ် အမျိုးသားသည် အဖြူရောင်မြူခိုးကို အသုံးပြု၍ ထွက်ပြေးရန် ကြိုးစားသည်။ သူက ပေတစ်ရာအကွာအဝေးတွင် လျှို့ဝှက်ဆန်းကြယ်စွာ ထွက်ပေါ်လာသည်။ သူက ပြန်ပေါ်လာသည်နှင့်ချက်ချင်း အဝေးသို့ အမြန်ထွက်ပြေးသည်။
ယင်းက ‘ အံ့ဖွယ်မြူခိုးငွေ့ပညာရပ် ’ဖြစ်သည်။ ထိုပညာရပ်သည် ရန်သူကို လှည့်စားနိုင်သော အဖြူရောင်မြူခိုးကို ထုတ်လွှတ်ပေးသည်။ ယင်းက အမြင်အာရုံကို လှည့်စားသော ပညာရပ်ဖြစ်ပြီး မည်သည့်တိုက်ခိုက်စွမ်းရည်မှ မရှိပေ။ တစ်ချိန်တည်းမှာ ယင်းက အသုံးပြုသူကို ပေတစ်ရာအကွာအဝေးဆီသို့ ချက်ချင်း ရောက်ရှိစေနိုင်သည်။ ထိုသို့ပညာရပ်ကို ရန်သူ့လက်ထဲမှ ထွက်ပြေးရန် အဓိက အသုံးပြုကြသည်။
‘ ငါ့ရဲ့ ညီအကိုသုံးယောက်… ငါ့ကို အပြစ်မမြင်ကြပါနဲ့… အသွင်ပြောင်းလဲထားတဲ့ မိစ္ဆာတစ်ကောင်က အရမ်းကြောက်စရာကောင်းတယ်… တကယ်လို့ ငါတို့အတူတူ ဆက်နေနေရင် ငါတို့အားလုံး အသက်ဆုံးရှုံးသွားကြလိမ့်မယ်… ငါတို့လေးယောက်ထဲမှာ သုံးယောက်ပဲ သေသွားတာက ပိုပြီးကောင်းပါတယ်… ဒီကနေ ငါလွတ်မြောက်သွားရင် ပိုပြီးသန်မာလာအောင် သေချာပေါက် ကြိုးစားကျင့်ကြံမယ်… ပြီးကျရင် ငါပြန်လာပြီး မင်းတို့အတွက် လက်စားချေပေးမယ် ’
ဝတ်စုံပြာဝတ် အမျိုးသားသည် အဝေးသို့ ထွက်ပြေးသွားနေရင်း သူ့နှလုံးသားထဲမှာ တီးတိုးရေရွတ်လိုက်သည်။ ဤသည်မှာ သူက တစ်ယောက်တည်း ကိုယ်လွတ်ရုန်းခဲ့သည့်အတွက် သူ့ကိုယ်သူ အကြောင်းပြချက်ပေးနေသည့်အလားပင်။
“ ဘန်း ဘန်း ဘန်း ”
ကျယ်လောင်သော မြည်သံများက အဖြူရောင်မြူခိုးထဲမှ ပေါ်ထွက်လာသည်။ စက်ကရာ၏ ထက်ရှသော အကြည့်က မြူခိုးကို ဖောက်ထွင်းသွားသည်။ ထိုမြူခိုးက သူ၏ အမြင်အာရုံကို တားဆီးမပိတ်ဆို့နိုင်ပေ။ သူက ကျားလက်သည်းနှစ်ခုကို အကြမ်းပတမ်း ဝှေ့ယမ်းလိုက်သည်။ ထိုအခါ မရေမတွက်နိုင်သော လက်သည်းပုံရိပ်များက သူ၏ ဦးခေါင်းပေါ်သို့ ပျံတတ်သွားကြပြီး မြစိမ်းသစ်သားတုံးနှင့် တွေ့ဆုံသွားကြသည်။ သူ၏ အစွမ်းထက်သော မိစ္ဆာချီကြောင့် မြစိမ်းသစ်သားတုံးက ချက်ချင်း ပေါက်ကွဲသွားသည်။
ထို့နောက် သူ၏ ခြေထောက်ကို လှုပ်ရှားလိုက်သည်။ သူ၏ အနောက်တွင် ကြွင်းကျန်ပုံရိပ်များ ထွက်ပေါ်လာကြသည်။ သူက မြေကြီးပေါ်မှာ တစ်လှမ်းပြီးတစ်လှမ်း ကြမ်းတမ်းစွာ လျှောက်သွားသည်။ သူ၏ ခန္ဓာကိုယ်က အမြှောက်ဆန်ပမာ အရှေ့သို့ ပျံသန်းထွက်သွားသည်။ ကြောက်မက်ဖွယ်ကောင်းသော ကျားရဲအရှိန်အဝါနှင့်အတူ သူက ကျင့်ကြံသူသုံးယောက်၏ အရှေ့သို့ ချက်ချင်း ရောက်ရှိသွားသည်။
" ရွှတ်… ရွှတ်… ရွှတ် "
ကျယ်လောင်သော မြည်သံသုံးသံက ဆက်တိုက် ထွက်ပေါ်လာသည်။ ကြီးမားသော အပေါက်သုံးပေါက်က ကျင့်ကြံသူသုံးယောက်၏ ရင်ဘက်ပေါ်မှာ ထွက်ပေါ်လာသည်။ သွေးက ထိုအပေါက်များထဲမှ ဒလေဟာ စီးကျလာနေစဉ် သူတို့၏ အသက်ဓာတ်က မြန်ဆန်စွာ ပျောက်ကွယ်သွားသည်။
“ ငါ့အမျိုးအနွယ်ကို သတ်ပြီးမှ ထွက်ပြေးချင်တယ်လား… ငါမင်းကို လွှတ်ပေးလိုက်ရင် ငါသီရှီထျန်က အနာဂတ်မှာ တောင်ပိုင်းမြေရိုင်းဒေသကို ဘယ်လိုအရည်အချင်းနဲ့ အုပ်ချုပ်မှာလဲ ”
သီရှီထျန်၏ မျက်လုံးထဲမှာ အလွန်အားကောင်းသော အေးစက်မှု ထွက်ပေါ်လာသည်။ သူက တစ်လှမ်းပြီးတစ်လှမ်း အရှေ့သို့ လျှောက်သွားသည်။ သူခြေတစ်လှမ်း လှမ်းလိုက်တိုင်း မြေကြီးက ပြင်းထန်စွာ တုန်ယင်သွားပြီး အက်ကွဲကြောင်းများက သူ၏ ခြေဖဝါးအောက်မှ စတင်ပျံ့နှံ့သွားသည်။
ထို့နောက် သူက ကြီးမားသော အရှိန်အဟုန်ကို အားကိုး၍ အရှေ့သို့ မြန်ဆန်စွာ ပြေးသွားသည်။ သူခြေတစ်လှမ်း လှမ်းလိုက်တိုင်း ဆယ်ပေအကွာသို့ ရောက်ရှိသွားသည်။
သူ၏ ခန္ဓာကိုယ်ပေါ်မှ မိစ္ဆာချီက မင်ရည်သဖွယ် နက်မှောင်နေသည်။ ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာချီက အဆုံးမဲ့သော ရက်စက်ကြမ်းကြုတ်မှုကို သယ်ဆောင်ထားသည်။ ယင်းက အလွန်အေးစက်ပြီး လွှမ်းမိုးဗိုလ်ကျသည်။
“ သေစမ်း ”
ပြင်းထန်သော အရှိန်အဟုန်နှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ထွက်ပေါ်လာသည်။ ဤသည်မှာ တစ်စုံတစ်ယောက်ကို သူသတ်ပစ်ချင်လျှင် မည်သူမှ သူ့အား မတားဆီးနိုင်သည့်အလားပင်။
အမှန်မှာ ထိုအဖြစ်အပျက်က စက္ကန့်ပိုင်းအတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ အသက်ရှူချိန်အနည်းငယ်အတွင်းမှာ ကျင့်ကြံသူသုံးယောက်က တစ်ပြိုင်နက် အသတ်ခံလိုက်ကြရသည်။ သူတို့ထဲမှ တစ်ယောက်က အခြေတည်နယ်ပယ် ကျင့်ကြံသူဖြစ်သည်။ ထို့ပြင် သူက နောက်ထပ် အခြေတည်နယ်ပယ် ကျင့်ကြံသူထံသို့ လိုက်ဖမ်းနေသည်။
ထိုသို့ရက်စက်ကြမ်းကြုတ်မှုနှင့် အေးစက်မှုက တခြားလူများကို နှလုံးတုန်ယင်သွားစေရန် လုံလောက်သည်။
မှန်ပေသည်။ ထိုအဖြစ်အပျက်များကို တစ်စုံတစ်ယောက်က အကုန်အစင် မြင်တွေ့သွားသည်။
ထိုသူက တန်ဖိုးကြီးအဝတ်အစားကို ဝတ်ဆင်ထားသော လူငယ် ဖြစ်သည်။
ဤအခိုက်အတန့်မှာ သူက သီရှီထျန်၏ အေးစက်ပြီး မောက်မာထောင်လွှားသော နောက်ကျောပုံရိပ်ကို ကြည့််နေသည်။ သူက ပါးစပ်အဟောင်းသားဖြစ်နေပြီး အချိန်တော်တော်ကြာအောင် ပါးစပ်ပြန်မပိတ်နိုင်ပေ။
အခန်း(၁၇၇)
“ ဘုရားရေ… အဲ့ဒါက ငါ့နောက်ကို သုံးရက်သုံးညလုံးလုံး အသည်းအသန် လိုက်ဖမ်းခဲ့ကြတဲ့ ကျင့်ကြံသူတွေမှ ဟုတ်ရဲ့လား… ငါ့ရဲ့ တော်ဝင်မိသားစု ကိုးကွယ်နေတဲ့ ကျွမ်းကျင်ပညာရှင်တောင် အဲ့ဒီလူရဲ့ အလွယ်တကူ သတ်ဖြတ်တာခံခဲ့ရတယ်… မဟုတ်ဘူး… သူတို့ပြောတာ သူက မိစ္ဆာတဲ့… ”
နက်ရှိုင်းသော ထိတ်လန့်မှုက သူ့နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာ သီရှီထျန်၏ နောက်ကျောကို ကြည့်နေစဉ် သူ၏ မျက်လုံးထဲမှာ ကြောက်ရွံ့ရိုသေမှု ထွက်ပေါ်လာသည်။ ယင်းက အစွမ်းကြီးမားသူအပေါ် သဘာဝအလျောက် ဖြစ်ပေါ်သော ကြောက်ရွံ့ရိုသေမှု ဖြစ်သည်။
ထိုသို့ကြောက်ရွံ့ရိုသေမှုက လူသားများတွင်ဖြစ်စေ မိစ္ဆာများတွင်ဖြစ်စေ အတူတူ ဖြစ်သည်။
“ ဘန်း ”
သီရှီထျန်၏ စူးရှသော အေးစက်စက်အကြည့်က အပြာရောင်ဓားပျံကို စီးနင်း၍ အဝေးသို့ ထွက်ပြေးသွားနေသော ဝတ်စုံပြာ အမျိုးသားပေါ်သို့ ကျရောက်သွားသည်။ သူ၏ မျက်နှာက အေးစက်ခက်ထန်နေသည်။
သူက ဘယ်ခြေဖြင့် မြေကြီးကို အကြမ်းပတမ်း ခြေဆောင့်လိုက်သည်။ သူ၏ ကြံ့ခိုင်သန်စွမ်းသော ခန္ဓာကိုယ်က လေထဲသို့ မြှောက်တတ်သွားသည်။ ကျားလက်သည်းအသွင်သို့ ပြောင်းလဲနေသော သူ၏ ညာဘက်လက်က အရှေ့သို့ ကြမ်းတမ်းစွာ ကုတ်ဆွဲလိုက်သည်။
“ ဘန်း ”
မိစ္ဆာချီ၏ ပေါင်းစပ်မှုအောက်မှာ ကျားလက်သည်းက အနက်ရောင်အလင်းနှင့် အလွန်အားကောင်းသော မိစ္ဆာအရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ ထိုအလင်းရောင်ထဲတွင် ကျားလက်သည်းက မြန်ဆန်စွာ ကြီးမားကျယ်ပြောသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ကျားလက်သည်းက ကြိတ်ဆုံတစ်ခု၏ အရွယ်အစားခန့် ကြီးမားသွားသည်။ ထက်ရှသော အနက်ရောင်သတ္ထုအလင်းနှင့်အတူ ကျားလက်သည်းက လေကို ဆုတ်ဖြဲသွားသည်။ ကျားလက်သည်း၏ ဖိအားအောက်မှာ လေသည်ပင် သိပ်သည်းသွားတော့မည့်ဟန် ရ၏။ ကျားလက်သည်းက ဝတ်စုံပြာဝတ် အမျိုးသား၏ ဦးခေါင်းပေါ်သို့ တန်းမတ်စွာ ကျဆင်းသွားသည်။
“ ဗုန်း ”
ကျယ်လောင်သော ပေါက်ကွဲသံက လေထဲမှာ ပဲ့တင်ထပ်သွားသည်။
“ အား… မင်းက ငါ့ကို အသက်ရှင်ခွင့်မပေးဘူးပေါ့… ကောင်းပြီ… ဒီနေ့ ငါမင်းနဲ့အတူ သေမယ်… ပေါက်ကွဲစမ်း ”
ကျားလက်သည်းအောက်၌ ဝတ်စုံပြာဝတ် အမျိုးသားသည် သူ့ဦးခေါင်းထက်မှ ကြီးမားသော အင်အားကို ခံစားမိသောအခါ စိတ်ပျက်အားလျော့သွားသည်။ နောက်အခိုက်အတန့်မှာ သူ၏ မျက်နှာက ရက်စက်ကြမ်းကြုတ်သွားပြီး ရူးသွပ်မှုက သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
ကျားလက်သည်းကြောင့် သူက သေခြင်းအငွေ့အသက်ကို ခံစားမိသွားသည်။ သီရှီထျန်က သူ့အနောက်သို့ လိုက်မီသွားလေရာ သူ့မှာ အသက်ရှင်ရန် အခွင့်အရေးမရှိတော့ကြောင်း သိလိုက်သည်။
ထို့ကြောင့် သူက ရူးမိုက်သော ဆုံးဖြတ်ချက်ကို ချလိုက်သည်။ သူက ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအားကို ရူးသွပ်စွာ လှည့်ပတ်လိုက်သည်။ မရေမတွက်နိုင်သော သွေးချီက သူ၏ မွေးညင်းပေါက်များထဲမှ စိမ့်ထွက်လာနေစဉ် ကြောက်မက်ဖွယ်ကောင်းသော အင်အားက သူ၏ ခန္ဓာကိုယ်ထဲမှ မြှောက်တတ်လာသည်။
“ ဗုန်း ”
ဝတ်စုံပြာဝတ် အမျိုးသားက သူ၏ သွေးချီကို ပြောင်းပြန်လှည့်ပတ်လိုက်လေရာ သူ၏ ခန္ဓာကိုယ်က ကြီးမားစွာ ပြောင်းလဲသွားသည်။ သူ၏ ခန္ဓာကိုယ်က လေထိုးလိုက်သော ပူဖောင်းတစ်လုံးနှယ် ကြီးမားသွားသည်။
ထို့နောက် “ ဗုန်း ”ဟူသော မြည်သံနှင့်အတူ သူက ပေါက်ကွဲသွားသည်။ ထူထဲသော သွေးမြူခိုးက အချင်းမီတာတစ်ရာ ကျယ်ဝန်းသော ဧရိယာကို ချက်ချင်း ဖုံးလွှမ်းသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ဘေးပတ်ဝန်းကျင်မှ အရာအားလုံးက ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအားအောက်မှာ အက်ကွဲပျက်စီးသွားသည်။
" တင်း… တုန် "
သွေးမြူခိုးထဲမှာ အဖျက်စွမ်းအားဖြင့် ပြည့်နှက်နေစဉ် ကုချင်းအသံက လျှို့ဝှက်ဆန်းကြယ်စွာ ထွက်ပေါ်လာသည်။ ကုချင်းအသံသည် အလွန်စူးရှသည်။ အခြေတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက်၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမှုသည်ပင် ကုချင်းအသံကို မဖုံးကွယ်နိုင်ပေ။
အကယ်၍ တစ်စုံတစ်ယောက်က ကောင်းကင်ပေါ်မှ ငုံ့ကြည့်မည်ဆိုလျှင် ဝတ်စုံနက် ဝတ်ဆင်ထားသော သီရှီထျန်က သွေးမြူခိုး၏ အလယ်မှာ မတ်တတ်ရပ်နေကြောင်း မြင်ရလိမ့်မည်။ သူ၏ အမူအရာက အေးစက်နေပြီး သူ၏ ဘယ်လက်ဖြင့် ကျောက်စိမ်းကုချင်းကို ကိုင်ထားသည်။ ကုချင်းကြိုးများကိုတော့ သူ၏ ညာလက်ဖြင့် ဆွဲလှုပ်နေသည်။
ကုချင်းမြည်သံ ထွက်ပေါ်လာသည်နှင့် သဏ္ဍာန်မဲ့သော အသံလှိုင်းများက သူ့ကို ဗဟိုပြု၍ အရပ်မျက်နှာအသီးသီးဆီသို့ ပျံ့နှံ့သွားသည်။ သူ့ကို ဗဟိုပြုထားသော အချင်းသုံးမီတာဧရိယာထဲတွင် သဏ္ဍာန်မဲ့သော အသံလှိုင်းများဖြင့် ပြည့်နှက်သွားသည်။ သွေးမြူခိုးထဲမှ ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအားသည် ထိုအချင်းသုံးမီတာဧရိယာထဲသို့ ဝင်ရောက်သွားသည်နှင့် သဏ္ဍာန်မဲ့သော အသံလှိုင်းများကြောင့် ချက်ချင်း လွင့်ပြယ်သွားသည်။
သို့သော် ကျောက်စိမ်းကုချင်းပေါ်မှ ကြိုးများက တင်းမာနေသည်။ သီရှီထျန်၏ မျက်လုံးထဲမှာလည်း တည်ကြည်လေးနက်သော အရိပ်အယောင် ရှိသည်။ ရှင်းလင်းစွာပင် သီရှီထျန်သည် အပေါ်ယံမြင်နေရသကဲ့သို့ မအေးဆေးနေပေ။
“ တင်း… တုန်… တင်း… တုန် ”
သူ၏ ညာလက်က ကုချင်းကြိုးကိုးချောင်းကို စည်းချက်ညီမှုမရှိဘဲ တီးခတ်နေသည်။ ကုချင်းမြည်သံမှ ထွက်ပေါ်လာသော အသံလှိုင်းများက သူ့အနားသို့ ချဉ်းကပ်လာနေသော အဖျက်စွမ်းအားကို တားဆီးချေဖျက်ပေးနေသည်။ သူ၏ လက်ချောင်းများပေါ်တွင် အနက်ရောင်အလင်းက မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။ အားကောင်းသော မိစ္ဆာချီက သူ၏ မိစ္ဆာစံအိမ်ထဲမှ အဆက်မပြတ် တိုးထွက်လာနေသည်။
အခြေတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက်၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမှုက သူ၏ ဝိညာဉ်စွမ်းအားနှင့် သွေးချီစွမ်းအား ပြောင်းပြန်လှည့်ပတ်မှုကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ သို့ဖြစ်၍ ပေါက်ကွဲမှုစွမ်းအားက အခြေတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက် ထုတ်ဖော်နိုင်သော စွမ်းအားထက် ဆယ်ဆ သို့မဟုတ် အဆတစ်ရာ ပိုပြီးပြင်းထန်သည်။ ထိုသို့စွမ်းအားတွင် ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအားဖြင့် ပြည့်နှက်နေသည်။ ယင်းက ပေါက်ကွဲမှုနယ်နိမိတ်ထဲမှ မည်သည့်အရာကိုမဆို ဖျက်ဆီးပစ်နိုင်သည်။
ယင်းက အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားအပြည့်ပါဝင်သော တိုက်ခိုက်မှုနှင့် နှိုင်းယှဉ်နိုင်သည်။
ခြားနားချက်မှာ အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူက ထိုသို့စွမ်းအားကို မည်သည့်ဆိုးကျိုးမှမရှိဘဲ အလွယ်တကူ ထုတ်ဖော်နိုင်သည်။ အခြေတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက်က ထိုသို့စွမ်းအားကို ထုတ်လွှတ်မည်ဆိုလျှင် တန်ကြေးအနေနှင့် သူ၏ အသက်ကို စတေးရလိမ့်မည်။ ထို့ကြောင့် အခြေတည်နယ်ပယ် ကျင့်ကြံသူက ယင်းကို တစ်ကြိမ်တစ်ခါသာ အသုံးပြုနိုင်ပေသည်။
“ ဘန်း… ဘန်း… ဘန်း ”
သွေးမြူခိုး၏ အဖျက်စွမ်းအားသည် ဖြည်းဖြည်းချင်း မလွင့်ပြယ်သွားမီ ဆယ့်ငါးမိနစ် ကြာမြင့်သွားသည်။
“ တင်း… တုန် ”
စက်ကရာက ကုချင်းကြိုးများကို ထပ်ခါတလဲလဲ ဆွဲလှုပ်လိုက်သည်။ သဏ္ဍာန်မဲ့သော အသံလှိုင်းဂယက်များ၏ ရိုက်ခတ်မှုကြောင့် သွေးမြူခိုးက အပြီးတိုင် လွင့်ပြယ်သွားသည်။
“ ဟူး… ကျင့်ကြံသူတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမှုက အရမ်းကြောက်စရာကောင်းတာပဲ… အခြေတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ကတောင် ဒီလောက်ကြီးမားတဲ့ အဖျက်စွမ်းအားကို ထုတ်လွှတ်နိုင်တယ်… အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမှုက ဝိညာဉ်သန္ဓေတည်နယ်ပယ် စွမ်းအားကို ထုတ်လွှတ်နိုင်မလား ငါသိချင်မိတယ် ”
သီရှီထျန်က သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ကျောက်စိမ်းကုချင်းက အဖြူရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ သူ၏ မိစ္ဆာစံအိမ်ထဲသို့ ပြန်ဝင်သွားသည်။ သူ့အရှေ့မှ မြင်ကွင်းကို ကြည့်လိုက်သည့်အခါ သတိထားမှုက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ မြေကြီးသည် လူအယောက်တစ်ရာ ထည့်သွင်းမြှုပ်နှံနိုင်သော တွင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ဘေးပတ်ဝန်းကျင်မှ အရာအားလုံးသည် ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော အဖျက်စွမ်းအားကြောင့် လုံးလုံးလျားလျား ဖျက်ဆီးခံလိုက်ရသည်။ အချင်းမီတာတစ်ရာကျယ်ဝန်းသော ဧရိယာက မည်သည့်အပင်မှမရှိသော ဖုန်းဆိုးမြေဖြစ်လာသည်။
ဤသည်မှာ အရာအားလုံးက လောင်ကျွမ်းပျက်စီးသွားသည့်အလားပင်။
“ အမ် ”
ဝတ်စုံပြာဝတ် အမျိုးသားသည် အရိုးပင် မကျန်ဘဲ သေဆုံးသွားသည်။ စက်ကရာက အနောက်လှည့်ပြီး ထွက်သွားရန် ပြင်လိုက်သည်။ သို့သော်လည်း ဘေးသို့ သူလှည့်လိုက်သည့်အခိုက် မှိတ်တုတ်မှိတ်တုတ် အလင်းရောင်က သူ၏ မျက်စိကို ဖမ်းစားသွားသည်။ သူ့ခန္ဓာကိုယ်က ရပ်တန့်သွားသည်။ သူက မှိတ်တုတ်မှိတ်တုတ် အလင်းရောင်ရှိသော နေရာဆီသို့ စူးစိုက်ကြည့်လိုက်သည်။
အံ့အားသင့်ဖွယ်ကောင်းစွာ မြေကြီးပေါ်တွင် သာမန်ရိုးရှင်းသော ကျောက်စိမ်းပြားတစ်ခုက မှိတ်တုတ်မှိတ်တုတ် အလင်းရောင်ကို ထုတ်လွှတ်နေသည်။ ယင်းက ဝတ်စုံပြာဝတ် အမျိုးသား သေဆုံးသွားခဲ့သောနေရာ ဖြစ်သည်။
“ အစောနက ပေါက်ကွဲမှုက အဲ့ဒီကျင့်ကြံသူရဲ့ သိုလှောင်အိတ်နဲ့ သိုလှောင်အိတ်ထဲက ပစ္စည်းတွေကို ပြာမှုန်ဖြစ်စေခဲ့တယ်… ဒါပေမဲ့ အဲ့ဒီကျောက်စိမ်းပြားက ဘာမှမပျက်စီးသွားဘူး… မဟုတ်မှ အဲ့ဒါက… ရတနာတစ်ခုလား ”
ချက်ချင်းဆိုသလိုပင် စက်ကရာ၏ ဦးနှောက်က မြန်ဆန်စွာ အလုပ်လုပ်လိုက်သည်။ ယေဘုယျအားဖြင့် မသေမျိုးကျင့်ကြံသူများသည် သတင်းအချက်အလက်များ သိမ်းဆည်းရန် ကျောက်စိမ်းပြားများကို အသုံးပြုကြသည်။ ဥပမာ ရှေးဟောင်းကျင့်ကြံခြင်းအတတ်ပညာများ၊ ကုန်းမြေ၏ သတင်းအချက်အလက်များနှင့် ကျင့်ကြံခြင်းဗဟုသုတုများ အစရှိသည်တို့ကို ကျောက်စိမ်းပြားများထဲမှာ သိမ်းဆည်းကြလေ့ရှိသည်။ အဘယ့်ကြောင့်ဆိုသော် ကျောက်စိမ်းပြားများက မှတ်ဉာဏ်များနှင့် သတင်းအချက်အလက်များကို သိမ်းဆည်းပေးနိုင်သည်။
ထို့ကြောင့် မသေမျိုးကျင့်ကြံခြင်းလောကတွင် ထိုသို့ကျောက်စိမ်းပြားများကို အမြဲတစေ မြင်တွေ့ရလေ့ရှိသည်။
အခြေခံမန္တန်များ သို့မဟုတ် ချီသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံခြင်းအတတ်ပညာများကို များသောအားဖြင့် ရှေးဟောင်းစာအုပ်များထဲမှာ မှတ်သားကြသည်။ ထို့ကြောင့် သာမန်လူများသည်ပင် ရှေးဟောင်းစာအုပ်များထဲမှ အခြေခံမန္တန်များ သို့မဟုတ် ချီသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံခြင်းအတတ်ပညာများကို သင်ယူလေ့လာနိုင်ကြသည်။ သို့သော်လည်း ကျောက်စိမ်းပြားများက ကွဲပြားခြားနားသည်။
ကျောက်စိမ်းပြားများထဲမှာ ကျင့်ကြံခြင်းအတတ်ပညာများနှင့် သတင်းအချက်အလက်များကို သိမ်းဆည်းနိုင်သည်။ ထို့ပြင် ကျောက်စိမ်းပြားများပေါ်မှာ နတ်ဘုရားစိတ်အာရုံကို တံဆိပ်ရိုက်ခတ်နိုင်သည်။
တစ်စုံတစ်ယောက်သည် ကျောက်စိမ်းပြားထဲမှ အကြောင်းအရာကို ဖတ်ရှုလိုလျှင် သူ၏ နတ်ဘုရားစိတ်အာရုံကို ပို့လွှတ်ရုံဖြင့် လုံလောက်လိမ့်မည်။ အရေးကြီးသော ကျောက်စိမ်းပြားများပေါ်တွင် အတားအဆီးအမျိုးမျိုး ထည့်သွင်းထားလေ့ရှိသည်။ သူတို့က ထိုနည်းဖြင့် ကျောက်စိမ်းပြားများထဲမှ အကြောင်းအရာကို ကာကွယ်နိုင်လိမ့်မည်။
အတားအဆီးများရှိသော ကျောက်စိမ်းပြားများကို လူတိုင်းက မဖတ်ရှုနိုင်ကြပေ။ အတားအဆီးများကို မချိုးဖြတ်နိုင်လျှင် သူတို့သည် ကျောက်စိမ်းပြားထဲမှ အကြောင်းအရာကို ဖတ်ရှုနိုင်လိမ့်မည် မဟုတ်ချေ။ တချို့ကျောက်စိမ်းပြားများဆိုလျှင် ယင်းတို့ကို ဖွင့်လှစ်ရန် အထူးလျှို့ဝှက်နည်းလမ်းကို လိုအပ်သည်။ ထိုသို့ကျောက်စိမ်းပြားများက အလွန်အမင်း ထူးဆန်းသည်။
သီရှီထျန်သည် ကျောက်စိမ်းပြားများအကြောင်းကို ကျင့်ကြံသူများထံမှ သူရရှိခဲ့သော ရှေးဟောင်းစာအုပ်များထံမှ လေ့လာခဲ့သည်။ သို့ဖြစ်၍ ကျောက်စိမ်းပြားများသည် သူနှင့်မစိမ်းပေ။ ပုံမှန်ကျောက်စိမ်းပြားဆိုလျှင် ယင်းက အစောနက ပေါက်ကွဲမှုထဲမှာ အကောင်းတိုင်း ကျန်ရှိနိုင်လိမ့်မည် မဟုတ်ချေ။ ဆန့်ကျင်ဘက်တွေးကြည့်လျှင် ထိုသို့ပေါက်ကွဲမှုထဲမှာ အကောင်းတိုင်း ကျန်ရှိနိုင်သော ကျောက်စိမ်းပြားက လုံးဝ သာမန်မဖြစ်နိုင်ပေ။
“ ဖတ် ”
သူက အရှေ့သို့ လျှောက်သွားပြီး မြေကြီးပေါ်မှ ကျောက်စိမ်းပြားကို အမြန်ကောက်ယူလိုက်သည်။ ကျောက်စိမ်းပြားကို သူ၏ လက်ထဲမှာ ဆုပ်ကိုင်ထားစဉ် နွေးထွေးသော ခံစားမှုက သူ၏ လက်ဖဝါးထံမှတဆင့် ခန္ဓာကိုယ်တစ်လျှောက်သို့ ပျံ့နှံ့သွားသည်။
ယင်းက အရည်အသွေးကောင်းမွန်သော ကျောက်စိမ်းပြား ဖြစ်သည်။
အတွေးတစ်ခုက သူ့စိတ်ထဲမှာ ထွက်ပေါ်လာသည်။ သို့သော်လည်း သူက မိစ္ဆာအာရုံအမျှင်တန်းတစ်ခုကို အပြင်သို့ ချက်ချင်း ထုတ်လွှတ်လိုက်ပြီး ကျောက်စိမ်းပြားထဲသို့ ပို့လွှတ်လိုက်သည်။ ထိုကျောက်စိမ်းပြားထဲမှာ မည်သည့်အရာကို သိမ်းဆည်းထားကြောင်း သူသိချင်သည်။
“ အဲ့ဒါက… ”
သီရှီထျန်၏ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။ သူ၏ မိစ္ဆာအာရုံဖြင့် ကျောက်စိမ်းပြားကို စူးစမ်းလိုက်သည့်အခါ ကျောက်စိမ်းပြားထဲမှာ ထူးဆန်းသော နယ်မြေလွတ်တစ်ခုရှိနေကြောင်း သူခံစားမိသွားသည်။ ကျောက်စိမ်းပြားပေါ်တွင် ရှေးဟောင်းသင်္ကေတတချို့ ရှိသည်။ ယင်းတို့က မြုပ်ချည်ပေါ်ချည် ဆက်တိုက် လှုပ်ရှားနေကြပြီး အဖြူရောင်အလင်းက မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသည်။
သူ၏ မိစ္ဆာအာရုံက ကျောက်စိမ်းပြားထဲသို့ ဝင်ရောက်သွားသည်နှင့်ချက်ချင်း ထိုရှေးဟောင်းသင်္ကေတများက ကိုယ်ပိုင်အသက်ဝိညာဉ် ရှိနေသည့်အလား သူ၏ အသိစိတ်ထဲသို့ တန်းမတ်စွာ ဝင်ရောက်လာသည်။
“ အား ”
သူအပိုင်မဟုတ်သော သတင်းအချက်အလက်လှိုင်းတစ်ခုက သူ၏ အသိစိတ်ထဲသို့ တိုးဝင်လာသည့်အခါ သီရှီထျန်က ညည်းညူလိုက်သည်။ ထိုသတင်းအချက်အလက်က ရုတ်တရက် ထွက်ပေါ်လာလေရာ သူ၏ ဦးခေါင်းက စူးရှနာကျင်သွားသည်။ သူက နာကျင်မှုကို ခံစားနေရစဉ် သူ၏ အသိစိတ်က သတင်းအချက်အလက်များကို မြန်ဆန်စွာ စုပ်ယူလိုက်သည်။ ထို့ပြင် သူက ထိုသတင်းအချက်အလက်များကို ချက်ချင်း နားလည်သဘောပေါက်သွားသည်။
“ ဟူး ”
သီရှီထျန်က တစ်ခဏကြာအောင် သူ၏ မျက်လုံးကို တင်းကျပ်စွာ မှိတ်လိုက်သည်။ သူမျက်လုံးပြန်ဖွင့်လိုက်သည့်အခါ ထူးဆန်းသော အလင်းတန်းက သူ့မျက်လုံးထဲမှ ထွက်ပေါ်လာသည်။ သူ၏ မျက်နှာအမူအရာသည်လည်း ချက်ချင်း ပြောင်းလဲသွားသည်။ သူက ယခင်ကဲ့သို့ အေးဆေးမတည်ငြိမ်တော့ပေ။ ယင်းအစား အံ့ဩသော အမူအရာက သူ့မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
ဤသည်မှာ သီရှီထျန်က သူ့ကို အံ့ဩသွားစေမည့် တစ်စုံတစ်ခုကို မြင်လိုက်ရသည့်အလားပင်။