← Chapters

အခန်း (၁၁၁-၁၁၂)

Vol. 12 Ch. 111-112

အခန်း (၁၁၁-၁၁၂)

Vol. 12 Ch. 111-112

အခန်း (၁၁၁)

"ဒီဇင်ဘာ ၂ ရက်ပါ"

ဝါတာနာဘေးက ဖြေသည်။

"ပထမဗီဒီယိုက နိုဝင်ဘာ ၂၄ ရက်နေ့မှာ ဖြစ်ခဲ့တာ မဟုတ်လား"

ဖုန်းပုကြွယ်က မေးလိုက်သည်။

"ဟုတ်တယ်"

"ဒါဆိုရင် ဒုတိယနဲ့ တတိယဗီဒီယိုတွေရဲ့ နေ့စွဲက ဘယ်တော့လဲ"

ဖုန်းပုကြွယ်က ထပ်မေးပြန်သည်။

ဝါတာနာဘေးက ချက်ချင်းပြန်မဖြေချေ။သူသည် စဉ်းစားရန် အချိန်ယူနေပုံရသည်။ သို့သော်လည်း အမှုအကြောင်းကို ပိုမိုကျွမ်းကျင်သော အရာရှိ တာချီဘာနာက ဖြေလာသည်။

"ဖူကူအီက နိုဝင်ဘာ ၂၆ မှာ အပစ်ခံရတာ၊ အဲ့ဒီနေ့ နေ့လယ်မှာ သူက အကူတွေအားလုံးကို ပြန်လွှတ်လိုက်တယ်၊ အကြောင်းရင်းက... မင်းရဲ့ဇနီး ဟာရုကိုဆာတိုနဲ့ တွေ့ဖို့ပဲ"

သူက ထိုသို့ပြောရင်း ခေတ္တမျှ တုံ့ဆိုင်းသွားသည်။ သူသည် ပိုမိုသင့်တော်သော ရှင်းပြချက်ကို ရှာဖွေရန် ကြိုးစားနေပုံရသည်။

"ပုဂ္ဂိုလ်ရေးအရတော့ ဖူကူအီလိုလူမျိုးက သေသင့်တယ်လို့ ငါထင်ပါတယ်၊ ဒါပေမဲ့ မင်းက လူသတ်လက်နက်ကို ရဖို့အတွက် ငါ့လူတွေကိုပါ ဆွဲထည့်ခဲ့တယ်၊ ငါ မင်းကို ဘယ်တော့မှ အညှာတာပေးမှာ မဟုတ်ဘူး"

ဝါတာနာဘေးက ဆက်ပြောပြသည်။

"ဖူကူအီရဲ့ အလောင်းကို နောက်နေ့ မွန်းတည့်မှ တွေ့တာ၊ သေနတ်ဒဏ်ရာ ဖြစ်နေလို့ စုံစမ်းစစ်ဆေးရေးက အရမ်း ဂရုတစိုက်လုပ်ခဲ့ရတယ်၊ အဲ့ဒီနေ့မှာ ဟီရာတာက ကုမ္ပဏီကို ပုံမှန်အတိုင်း အလုပ်တက်တယ်၊ သူက အရမ်းကို အေးဆေးနေတာပဲ။ ဒါပေမဲ့ ဟာရုကိုဆာတိုကတော့ အလုပ်ပျက်ခဲ့တယ်၊ အဲ့ဒီညမှာပဲ တတိယဗီဒီယိုထဲက အဖြစ်အပျက် ဖြစ်ခဲ့တာပဲ"

"ဒါဆိုရင်... အရာရှိ ယာမာဒါ ပျောက်ဆုံးသွားတာက နိုဝင်ဘာ ၂၄ ရက်နေ့ ဟီရာတာ ကုမ္ပဏီက ဆင်းသွားတဲ့အချိန်နဲ့ ၂၆ ရက်နေ့ မနက်ပိုင်းကြားထဲမှာ ဖြစ်ရမယ် မဟုတ်လား"

အရာရှိ တာချီဘာနာက "၂၅ ရက်နေ့ ညဘက်မှာ သူက စက်ဘီးစီးပြီး ကင်းလှည့်ထွက်သွားတာ၊ အဲ့ဒီနောက်ပိုင်း သူ့ကို ဘယ်သူမှ မတွေ့တော့ဘူး"

"စက်ဘီးကိုကော ပြန်တွေ့လား"

ဖုန်းပုကြွယ်က မေးသည်။

"သူ ဘယ်မှာလဲလို့ ငါမေးနေတာလေ"

တာချီဘာနာက အော်ဟစ်လိုက်သည်။

"ဆိုတော့... မတွေ့ဘူးပေါ့... အင်း... နားလည်ပြီ"

ဖုန်းပုကြွယ် သက်ပြင်းချလိုက်သည်။

"ကလေး... မင်းလေသံက အထိုးခံချင်နေတာလား"

တာချီဘာနာက စီးကရက်ဖင်စီခံကို လွှင့်ပစ်လိုက်ပြီး ဖုန်းပုကြွယ်ဆီသို့ ပြေးဝင်လာပြန်သည်။

ဖုန်းပုကြွယ်က သူ့ကို လျစ်လျူရှုကာ ဆက်ပြောသည်။

"ကျွန်တော် သိသလောက်တော့ ဂျပန်နိုင်ငံရဲ့ လုံခြုံရေးက မဆိုးပါဘူး၊ လူဦးရေနဲ့ ရဲအရေအတွက် အချိုးအစားက တော်တော်မြင့်တယ်လေ၊ မြို့ကြီးဆိုရင်တော့ ရဲတွေနဲ့ အထူးတပ်ဖွဲ့တွေပဲ သေနတ်ကိုင်နိုင်မယ်၊ ဒါပေမဲ့ ဒီလိုမြို့ငယ်လေးမှာတော့... လုံခြုံရေးကနေ ရာဇဝတ်မှုတွေအထိကို လူအနည်းငယ်ကပဲ တာဝန်ယူရတာဆိုတော့... ယာမာဒါတစ်ယောက် ပစ်မှတ်ဖြစ်သွားတာ မဆန်းပါဘူး"

သူက ခေတ္တရပ်ကာ ဆက်ပြောသည်။

"ဒီနေရာမှာ ကျွန်တော် စဉ်းစားမိတာကတော့ ဟီရာတာက ယာမာဒါရဲ့ သေနတ်ကို ခိုးဖို့ ကြံစည်တယ်ဆိုရင် သူ့မှာ နည်းလမ်း နှစ်မျိုးရှိတယ်၊ တစ်ခုက ခိုးယူတာ၊ နောက်တစ်ခုက လုယူတာ"

"သေနတ်ခိုးဖို့က ကျွမ်းကျင်မှုလိုတယ်၊ ရဲသေနတ်ဆိုရင် ပိုဆိုးတာပေါ့၊ အဖမ်းခံရရင် ထောင်ကျမှာ သေချာသလို ဖူကူအီကိုသတ်မယ့် အကြံအစည်လည်း ပေါ်သွားလိမ့်မယ်၊ ဟီရာတာက သူ့လုပ်ရပ်ရဲ့ နောက်ဆက်တွဲကို ဂရုမစိုက်ပေမဲ့ အဲ့ဒါက ဖူကူအီကို သတ်ပြီးမှ ဖြစ်ရမယ်၊ အမှုမပြီးမချင်း သူ ဘာမှ အမှားခံမှာ မဟုတ်ဘူး၊ ဒါကြောင့်... ခိုးတာထက် လုတာက ပိုဖြစ်နိုင်ခြေရှိတယ်၊မှန်တာပေါ့ ရာဇဝတ်မှုက ပိုကြီးသွားပေမဲ့ လူသတ်ဖို့ ကြံထားတဲ့သူကတော့ ဒါကို နားလည်ပြီးသားပဲ"

"လုတယ်ဆိုရင် ဘာကျွမ်းကျင်မှုမှ မလိုဘူး၊ ညဘက် လူသူကင်းမဲ့တဲ့ နေရာကိုရှာ၊ မပြင်ဆင်ထားတဲ့ ယာမာဒါကို အနောက်ကနေ တိုက်ခိုက်ပြီး သေနတ်ကို ယူသွားရုံပဲ၊ ဒါပေမဲ့ အဲ့ဒီအတိုင်းဆိုရင် ယာမာဒါက ပျောက်ဆုံးသွားမှာ မဟုတ်ဘူး... လမ်းဘေးမှာ သတိလစ်နေရုံပဲ ရှိမှာ၊ အခု ယာမာဒါက တကယ်ပျောက်ဆုံးသွားတယ်ဆိုတော့ သေနတ်ခိုးတဲ့ ဖြစ်စဉ်မှာ တစ်ခုခု မှားယွင်းသွားတာပဲ၊ ဖြစ်နိုင်တာက သူက အရာရှိ ယာမာဒါကို သတိလစ်အောင်ပဲ လုပ်ဖို့ ကြံစည်ခဲ့ပေမဲ့ မှားယွင်းပြီး သေသွားစေတာမျိုး..."

"မင်း လူယုတ်မာ"

တာချီဘာနာက ယခုတစ်ကြိမ်တွင်တော့ အမှန်တကယ် ဒေါသထွက်သွားခြင်းဖြစ်သည်။ သူက ရှေ့ကို တိုးလာပြီး ဖုန်းပုကြွယ်၏ ကော်လာကို ဆွဲလိုက်သည်။

"မင်း နောက်ဆုံးတော့ ဝန်ခံပြီပေါ့၊ ပြောစမ်း၊ ယာမာဒါရဲ့ အလောင်းက ဘယ်မှာလဲ"

ဖုန်းပုကြွယ်က တည်ငြိမ်စွာ ဆက်ရှင်းပြသည်။

"ကျွန်တော် မသိဘူး၊ ခင်ဗျားတို့ ပေးတဲ့ သဲလွန်စတွေအပေါ် မူတည်ပြီး ကျွန်တော် ခန့်မှန်းနေတာပဲ ရှိသေးတာ... အင့်..."

ထိုအချိန်တွင် တာချီဘာနာ၏ အားပါသော လက်သီးက သူ့ဝမ်းဗိုက်ဆီသို့ ကျရောက်လာတော့သည်။ သူ၏ အသက်အမှတ်မှာ ၃၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားပြီး 'ထုံကျင်ခြင်း' အခြေအနေသို့ ရောက်သွားသည်။

"အရာရှိ တာချီဘာနာ"

ဝါတာနာဘေးက ရှေ့တိုးလာပြီး လူကို ဆွဲထုတ်လိုက်သည်။

"သံသယရှိသူအပေါ် ခင်ဗျားရဲ့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစား မလုပ်ပါနဲ့"

"သံသယရှိသူ ဟုတ်လား၊ ဒီကောင်က အနည်းဆုံး လူနှစ်ယောက်ကို သတ်ထားတာဗျ"

တာချီဘာနာက ဟိန်းဟောက်လိုက်သည်။

"တော်ပါတော့ အရာရှိ တာချီဘာနာ၊ လုံလောက်ပါပြီ"

ဝါတာနာဘေးက ဖျောင်းဖျလိုက်သည်။

ဖုန်းပုကြွယ်မှာတော့ ထိုစော်ကားမှုကို အောင့်အည်းသည်းခံရုံမှတစ်ပါး အခြားမရှိပေ။ သူ့ရင်ဘတ်ထဲတွင် အသက်ရှူမမှန်တော့ဘဲ အသက်ပြန်ရှူနိုင်ရန် အတော်လေး အချိန်ယူလိုက်ရသည်။ သူသည် မသိလိုက်ဘဲ အမှုအကြောင်းတွေးတောခြင်းထဲတွင် နစ်ဝင်နေခဲ့ရသည်။ ထိုလက်သီးချက်ကြောင့် သူသည် အိပ်မက်ဆိုးမုဒ်ထဲတွင် ရှိနေကြောင်း သတိပြန်ဝင်လာခဲ့သည်။ ရှေ့က NPC နှစ်ယောက်သည် ဆက်သွယ်ပြောဆို၍ရသော လူသားပုံစံ ဖြစ်နေသော်လည်း 'ဘေးကင်းလုံခြုံမှု'တော့ မရှိပေ။ အမှားအယွင်း အနည်းငယ်ကပင် သေခြင်းတရားကို ခေါ်ဆောင်လာနိုင်သည်။ စကားတစ်ခွန်း မှားပြောခြင်း သို့မဟုတ် အမူအရာ မကောင်းခြင်းကြောင့်ပင် သေဆုံးခြင်းအခြေအနေကို စတင်လိုက်နိုင်သည်။ မည်သည့် NPC မဆို သူ့ကို ချက်ချင်း သတ်ပစ်နိုင်စွမ်းရှိသည်။

"ဟူး... ဟူး..."

ဖုန်းပုကြွယ်က အသက်ကို လုရှူရင်း မျိုချလိုက်ကာ စောစောက ပြတ်တောက်သွားသော စကားကို ဆက်ပြောသည်။

"တကယ်လို့ ဟီရာတာက အရာရှိယာမာဒါ ကင်းလှည့်နေတုန်း ချောင်းမြောင်း တိုက်ခိုက်ပြီး သတ်ပစ်လိုက်တယ်ဆိုရင်... စက်ဘီးကိုတော့ တွေ့သင့်တယ်"

တာချီဘာနာသည် စိတ်ပြန်ငြိမ်သွားပုံရပြီး ဝါတာနာဘေးကလည်း လွှတ်ပေးလိုက်သည်။ သူတို့နှစ်ယောက်လုံးက ဖုန်းပုကြွယ် ဘာဆက်ပြောမည်ကို စောင့်ကြည့်နေကြသည်။

"ဟီရာတာက အရာရှိတစ်ယောက်ကို မှားသတ်မိမှန်း သိသွားတဲ့အချိန်မှာ ဖြစ်နိုင်တဲ့ တုံ့ပြန်မှု နှစ်မျိုးပဲ ရှိတယ်၊ တစ်ခုက သေနတ်ယူပြီး ထွက်ပြေးတာ၊ နောက်တစ်ခုက အလောင်းကို ဖျောက်ပစ်ပြီးမှ ထွက်ပြေးတာ၊ တကယ်လို့ ဒုတိယအခြေအနေ ဆိုရင်တောင် သူက အလောင်းနဲ့ စက်ဘီးကို တစ်ပြိုင်နက် မရွှေ့နိုင်ဘူး၊ အလွန်ဆုံးရှိ စက်ဘီးကို လူမမြင်တဲ့ ချောင်ထဲ ပစ်ထားခဲ့ပြီး အလောင်းကိုပဲ ဝေးရာကို ရွှေ့ဖို့ ကြိုးစားမှာပဲ..."

ထိုသို့ပြောပြီး သူ ခေတ္တရပ်လိုက်သည်။

"ဒါနဲ့... ဟီရာတာမှာ ကားရှိလား"

"မရှိဘူး"

ဝါတာနာဘေးက ပြန်ဖြေသည်။

"တကယ်တော့ သူ့မှာ ကားမောင်းလိုင်စင်တောင် မရှိဘူးလေ"

"ဒါဆိုရင်တော့ သူက ယာမာဒါကို ကားနဲ့တိုက်ပြီး အလောင်းနဲ့ စက်ဘီးကို နောက်ဖုံးထဲ ထည့်သွားတာမျိုး မဖြစ်နိုင်ဘူးပေါ့"

ဖုန်းပုကြွယ်က စဉ်းစားရင်း ပြောသည်။ သူက အတွေးကို ပြန်စီစဉ်ရန် ၁၀ စက္ကန့်ခန့် ငြိမ်သက်သွားပြီးမှ "ကျွန်တော့်မှာ ယူဆချက် သုံးခုရှိတယ်၊ ပထမတစ်ခုက ဟီရာတာက ယာမာဒါကို တိုက်ခိုက်ပြီးနောက် အလောင်းကို ဆွဲသွားပြီး လူသူကင်းမဲ့တဲ့ နေရာမှာ ဖျောက်လိုက်တယ်၊ စက်ဘီးကတော့ လမ်းဘေးမှာ ကျန်ခဲ့ပြီး တတိယလူတစ်ယောက်က ကောက်သွားတာ၊ အဲ့ဒီလူက ရာဇဝတ်မှုကို မမြင်လိုက်လို့သာ စက်ဘီးကို ကောက်ရဲတာ၊ လမ်းဘေးအိမ်ခြေရာမဲ့ ဖြစ်ဖို့ များတယ်၊ သူက မြို့ပြင်ကို ထွက်သွားတာ ဖြစ်နိုင်သလို စက်ဘီးက အမှုနဲ့ ပတ်သက်နေမှန်း သိသွားရင် ကြောက်ပြီး မြစ်ထဲပစ်ချတာ ဒါမှမဟုတ် အစိတ်အပိုင်းတွေ ဖြုတ်ပစ်တာမျိုး လုပ်နိုင်တယ်"

"ဒုတိယတစ်ခုကတော့ ဟီရာတာ တိုက်ခိုက်ပြီးတော့ ယာမာဒါက မသေဘူး၊ သတိလည်း မလစ်ဘူး၊ ပြီးတော့ ဟီရာတာရဲ့ မျက်နှာကိုပါ ရှင်းရှင်းလင်းလင်း မြင်သွားတယ်၊ ဟီရာတာမှာ ရွေးချယ်စရာ မရှိတော့ဘူး၊ ယာမာဒါကို လွှတ်ပေးလိုက်ရင် သူ ချက်ချင်း အဖမ်းခံရမှာလေ၊ ဒါကြောင့် သူက လုထားတဲ့ သေနတ်နဲ့ပဲ ယာမာဒါကို ပြန်ပေးဆွဲပြီး လူသူကင်းမဲ့တဲ့ နေရာတစ်ခုမှာ ချုပ်နှောင်ထားတာ... ဒါမှမဟုတ် သတ်ပစ်လိုက်တာ"

အကယ်၍ ထိုသို့သာဆိုလျှင် ယာမာဒါကိုယ်တိုင် စက်ဘီးကို တွန်းသွားရမည်ဖြစ်ပြီး ဟီရာတာက သူ့ကို ဓားစာခံအဖြစ် ခေါ်ဆောင်သွားခြင်း ဖြစ်လိမ့်မည်။

"တတိယတစ်ခုကတော့ ဟီရာတာက ယာမာဒါကို မှားသတ်မိသွားမှန်းသိပြီး သေနတ်ယူပြီး ထွက်ပြေးသွားတာ၊ ဒါပေမဲ့ သူ ထွက်သွားပြီးနောက်မှာ တခြားတစ်ယောက်ယောက်က အလောင်းနဲ့ စက်ဘီးကို လာဖျောက်ပေးလိုက်တာ"

"မင်း ဘာကို ဆိုလိုတာလဲ၊ မင်းမှာ အပေါင်းအပါ ရှိနေတာလား"

အရာရှိ တာချီဘာနာက တင်းမာစွာ မေးလိုက်သည်။

"ဒါက ယုတ္တိရှိတဲ့ ယူဆချက်တစ်ခုပါ၊ သီအိုရီအရတော့ လုံးဝ ဖြစ်နိုင်တယ်၊ ဥပမာ - တစ်ယောက်ယောက်က အမှောင်ထဲကနေ ဖြစ်ပျက်သမျှကို မြင်နေတယ်၊ ပြီးတော့ အဲ့ဒီလူက ဟီရာတာကို ပုဂ္ဂိုလ်ရေးအရ သိနေတယ်ဆိုပါစို့၊ ဒါကြောင့် ဟီရာတာ ထွက်ပြေးသွားပြီးနောက် အမှုကို ဖုံးကွယ်ပေးဖို့ အခင်းဖြစ်နေရာကို ရှင်းလင်းပေးလိုက်တာ၊ နောက်ပိုင်းမှာ သူက ဒီကိစ္စနဲ့ ဟီရာတာကို ငွေညှစ်တာမျိုး လုပ်နိုင်သလို၊ ဟီရာတာကို သေနတ်သုံးပြီး သူ့အတွက် လူသတ်ခိုင်းတာမျိုးတောင် လုပ်လို့ရတယ်"

ဖုန်းပုကြွယ်က ဖြေကြားသည်။

"တော်စမ်း၊ မင်းရဲ့ လျှောက်ပြောနေတာတွေကို တော်လိုက်တော့၊ ဘယ်အချိန်အထိ ဟန်ဆောင်နေဦးမှာလဲ၊ ယာမာဒါ ဘယ်မှာလဲဆိုတာ အခုချက်ချင်း ပြောစမ်း"

အရာရှိ တာချီဘာနာ၏ စိတ်ရှည်မှုက ကုန်ဆုံးသွားပြီ ဖြစ်သည်။

"ကျေးဇူးပြုပြီး ခဏလောက် စောင့်ပေးပါဦး၊ ကျွန်တော် မသေချာသေးတဲ့ အချက်တွေ ရှိပါသေးတယ်..."

ဖုန်းပုကြွယ်က ဆိုသည်။

"နိုဝင်ဘာ ၂၄ နေ့ နေ့လယ်မှာ ဟီရာတာက ယာမာဒါကို သတ်ဖို့ စိတ်ကူးပေါ်လာတယ်၊ ၂၅ ရက် ညမှာ ယာမာဒါဆီက သေနတ်ရခဲ့တယ်၊ ၂၆ ရက် နေ့လယ်မှာ ဖူကူအီရဲ့ အိမ်ကိုသွားပြီး ယာမာဒါကို လူသတ်နေတုန်း လက်ရဖမ်းဖို့ ကြိုးစားတယ်..."

သူက ဝါတာနာဘေးကို ကြည့်လိုက်သည်။

"မျက်မြင်သက်သေ မရှိဘဲနဲ့ အဲ့ဒီနေ့ နေ့လယ် ဟီရာတာ အခန်းထဲကို ဝင်သွားတဲ့အချိန်မှာ ဟာရုကို အခန်းထဲမှာ ရှိနေမှန်း ခင်ဗျားတို့ ဘယ်လို သိတာလဲ"

"အဲ့ဒါက ဟီရာတာကိုယ်တိုင် ပြောပြချက်နဲ့ အခင်းဖြစ်တဲ့နေရာ စုံစမ်းစစ်ဆေးချက်တွေအရ ကောက်ချက်ချတာပါ"

ဝါတာနာဘေးက ပြောသည်။

"သူက ပြောတယ်... တံခါးဖွင့်လိုက်တဲ့အချိန်မှာ ဟာရုကို ကုတင်ပေါ်မှာ လဲနေတာကို တွေ့တယ်တဲ့၊ မကောင်းဆိုးဝါးတစ်ကောင်က ဟာရုကိုကို တိုက်ခိုက်နေလို့ သူက သေနတ်နဲ့ အဲ့ဒီမကောင်းဆိုးဝါးကို ပစ်သတ်လိုက်တာတဲ့၊ အဲ့ဒီနောက် သေနတ် ဘယ်ကရလဲလို့ ငါတို့ မေးတော့ သူမမှတ်မိတော့ဘူးလို့ပဲ ပြောတယ်"

"ဒါဆို ဟာရုကိုက အဲ့ဒီအချိန်မှာ မသေသေးဘူးပေါ့"

ဖုန်းပုကြွယ်က မေးသည်။

"၂၇ ရက်နေ့ ညဘက်မှာ ရဲတွေဆီ ဖုန်းဝင်လာပြီး အခင်းဖြစ်နေရာကို သွားတဲ့အခါ ဟီရာတာရဲ့ အိမ်ထဲမှာ ဟာရုကိုဆာတိုရဲ့ အလောင်းကို တွေ့ရတယ်၊ အထောက်အထားတွေအရတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေတာပဲ၊ သေဆုံးချိန်က ၂၇ ရက်နေ့ နေ့လယ်လို့ ခန့်မှန်းရတယ်၊ အဲ့ဒီအချိန်မှာ ဟီရာတာက ကုမ္ပဏီမှာ ပုံမှန်အတိုင်း အလုပ်လုပ်နေတာ"

ဝါတာနာဘေးက ရှင်းပြသည်။

"တစ်နည်းအားဖြင့် ပြောရရင်... ၂၆ ရက်နေ့မှာ ဟီရာတာက လူသတ်ဖို့ အိမ်ကြီးဆီကို သွားပြီးတဲ့နောက် ဟာရုကိုကို အိမ်ပြန်ခေါ်လာတယ်၊ နောက်တစ်နေ့မှာ ဟီရာတာက ဘာမှမဖြစ်သလို အလုပ်တက်ပေမဲ့ သူ့ဇနီးကတော့ အိမ်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်ပေါ့"

ဖုန်းပုကြွယ်က ဆက်ပြောသည်။

"ဟာရုကိုဆာတိုက သူ့ချစ်သူနဲ့အတူ သေဖို့အတွက် သတ်သေတာတော့ မဖြစ်နိုင်ဘူး၊ ပြီးတော့ ရဲကိုလည်း အမှုမဖွင့်ခဲ့ဘူး... ဆိုလိုတာက သူသတ်သေတာဟာ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာကြောင့် ဖြစ်နိုင်သလို သူယောကျ်ားအပေါ် အပြစ်ရှိစိတ်နဲ့ ကြောက်ရွံ့စိတ်ကြောင့်လည်း ဖြစ်နိုင်တာပဲ"

"ငါတို့ သိပြီးသားတွေကို ထပ်တလဲလဲ ပြောနေဖို့ မလိုဘူး"

တာချီဘာနာက စိတ်မရှည်စွာ ညည်းညူလိုက်သည်။

"ခင်ဗျားတို့ သိထားတာတွေက ဒီဗီဒီယိုသုံးခုကနေ ပြန်လည် တည်ဆောက်ထားတာတွေပဲ"

ဖုန်းပုကြွယ်က ဆက်ပြောသည်။

"ဒါပေမဲ့ ခင်ဗျားတို့ မသိတာက... အရာရှိ ယာမာဒါ ဘယ်မှာလဲ ဆိုတာပဲ၊ အဲ့ဒါက ရူးသွပ်သွားပြီဖြစ်တဲ့ ဟီရာတာရှုအိချီရဲ့ စိတ်ထဲမှာပဲ ရှိတယ်"

သူက ဒေါက်တာ ဝါတာနာဘေး၏ မျက်နှာကို ကြည့်လိုက်သည်။

"ဒါဆို ဒေါက်တာ ဝါတာနာဘေးက ဟီရာတာရဲ့ မှတ်ဉာဏ်တွေကို ပြန်နှိုးဖို့ ကြိုးစားနေတာပေါ့"

"မင်းတစ်ခုခု မှတ်မိပြီလား"

ဝါတာနာဘေးက မေးသည်။

"မစ္စတာ F"

"စိတ်မကောင်းပါဘူး"

ဖုန်းပုကြွယ်က ဖြေသည်။

"ကျွန်တော် မြင်လိုက်ရတဲ့ မှတ်ဉာဏ်ကလည်း ဒီဗီဒီယို သုံးခုထဲကပါပဲ၊ ဒါပေမဲ့ အထဲက အကြောင်းအရာတွေက ခင်ဗျားတို့ ဗီဒီယိုတွေနဲ့ မတူဘူး၊ ကျွန်တော် မြင်တာက ဟီရာတာရဲ့ စိတ်ကူးထဲက မကောင်းဆိုးဝါးကမ္ဘာ ဖြစ်နေတယ်"

ဝါတာနာဘေးက သက်ပြင်းချလိုက်သည်။

"လူတစ်ယောက်ရဲ့ ဦးနှောက်က ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတဲ့အခါ သူတို့ရဲ့ မှတ်ဉာဏ်က ထိခိုက်သွားတတ်တယ်၊ ဥပမာ - လူတစ်ယောက်က ငယ်ငယ်တုန်းက အနှိပ်စက်ခံရတယ် ဆိုပါစို့၊ အဲ့ဒီမှတ်ဉာဏ်ကပေးတဲ့ နာကျင်မှုက အရမ်းများလွန်းတဲ့အတွက် စိတ်က အဲ့ဒီမှတ်ဉာဏ်ကို ပိတ်ပစ်လိုက်ပြီး ဘာမှမဖြစ်ခဲ့သလိုမျိုး အကုန်လုံးကို မေ့သွားတတ်တယ်၊ တစ်ခါတလေ မှတ်ဉာဏ်က 'ပိတ်' သွားတာ မဟုတ်ဘဲ 'ပြောင်းလဲ' သွားတာမျိုးလည်း ရှိတယ်၊ ဟီရာတာရဲ့ ကိစ္စမှာဆိုရင် သူ့မှတ်ဉာဏ်ထဲမှာ သူ့မိန်းမကို မကောင်းဆိုးဝါးက တိုက်ခိုက်နေတာကိုပဲ မှတ်မိနေပေမဲ့ တကယ်တမ်းမှာတော့..."

"ကျွန်တော် သိပါတယ်"

ဖုန်းပုကြွယ်က သူ့စကားကို ဖြတ်ပြောလိုက်သည်။

"ကျွန်တော် ဒီအကြောင်း နည်းနည်းပါးပါး သိပါတယ်"

သူသည် ချုပ်နှောင်ခံထားရသဖြင့် မသက်မသာ ဖြစ်နေသော လည်ပင်းကို လှုပ်ရှားလိုက်သည်။

"မှတ်ဉာဏ်ကို 'ပိတ်' လိုက်ရင် စိတ်ကွဲရောဂါ ဖြစ်သွားနိုင်သလို၊ 'ပြောင်းလဲ' သွားရင်တော့ စိတ်ကယောင်ကတမ်း ဖြစ်တာမျိုး ဖြစ်နိုင်တာပေါ့..."

"အဲ့ဒီလောက်တောင် ပြောနေပြီးပြီပဲ၊ ယာမာဒါ ဘယ်မှာလဲ၊ မင်း သိတာလား၊ မသိဘူးလား၊ မင်း မှတ်မိပြီလား"

အရာရှိ တာချီဘာနာက ဖုန်းပုကြွယ်ရှေ့တွင် ရပ်ပြီး စိုက်ကြည့်နေသည်။ သူသည် နောက်တစ်ကြိမ် အကြမ်းဖက်တော့မည့် ပုံစံပင်။

ဖုန်းပုကြွယ်မှာ နောက်တစ်ချက် အထိုးမခံချင်သော်လည်း ခုခံရန် နည်းလမ်းမရှိပေ။ တစ်ကိုယ်လုံး ချုပ်နှောင်ခံထားရသဖြင့် အရိုက်ခံရန်သာ ရှိသည်။ သူသည် ခန္ဓာကိုယ် မြှင့်တင်ခြင်းမန္တန်ကို သုံးရန် မကြိုးစားခဲ့ပေ။ အကြောင်းမှာ ဤဇာတ်လမ်း၏ အခြေအနေနှင့် NPC များ၏ အပြုအမူအရ သူသာ သဘာဝလွန်စွမ်းအားကို ရုတ်တရက် သုံးလိုက်ပါက... သူ ရုန်းမထွက်နိုင်ခင် ဝါတာနာဘေးက ကြောက်ပြီး ဆုတ်သွားမည်ဖြစ်သလို တာချီဘာနာကလည်း တွန့်ဆုတ်မနေဘဲ သေနတ်နဲ့ ပစ်ပေလိမ့်မည်။ ထိုအခြေအနေသည် သူ့အား သေခြင်းဆီသို့သာ ပို့ဆောင်ပေးလိမ့်မည်။

"ယာမာဒါ ဘယ်မှာလဲဆိုတာ သိဖို့ ကျွန်တော် ပြန်သွားရမယ်..."

ဖုန်းပုကြွယ်က အလျင်အမြန် ပြောလိုက်သည်။

"မင်း ဘာပြောတာလဲ"

တာချီဘာနာက ဇဝေဇဝါ ဖြစ်သွား၏။

"ကျွန်တော် အဲ့ဒီအဖြူအမည်း ကမ္ဘာထဲကို ပြန်သွားပြီး စုံစမ်းရမယ်"

ဖုန်းပုကြွယ်က ဆိုသည်။

ဝါတာနာဘေးက သူ့ကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

"မင်း ဆိုလိုတာက... ဟီရာတာရဲ့ စိတ်ကမ္ဘာထဲကို ပြန်သွားမယ်ပေါ့"

သူက ဝေဝေဝါးဝါး မေးလိုက်သည်။

"ဘယ်လိုသွားမှာလဲ၊ ဗီဒီယိုကို ထပ်ကြည့်မှာလား"

"မဟုတ်ဘူး... အဲ့ဒါက အသုံးမဝင်တော့ဘူး"

ဖုန်းပုကြွယ်က ပြောသည်။

"စောစောက ကျွန်တော် ဗီဒီယို ကြည့်ခဲ့တယ် မဟုတ်လား၊ သာမန် ရိုက်ချက်တွေကိုပဲ မြင်ရတော့တယ်၊ 'ဟီရာတာ' ကိုယ်တိုင် ဗီဒီယို ကြည့်နေတဲ့ အချိန်မှာသာ ကျွန်တော်က သူ့ရဲ့ ပုံပျက်နေတဲ့ စိတ်ကမ္ဘာ မှတ်ဉာဏ်တွေကို တွေ့ခဲ့ရပြီး ဒီကို ရောက်လာတာ၊ အဲ့ဒီကို ပြန်သွားဖို့ နည်းလမ်းရှိလား"

သူက အသံကို နှိမ့်ကာ ပြောလိုက်သည်။

"ပြီးတော့ ကျွန်တော် ၂၅ ရက်နေ့ ညနေပိုင်း မတိုင်ခင် အချိန်ကို ပြန်သွားရမယ်..."

"အရမ်းကောင်းတယ်၊ မင်းက ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိတယ်ဆိုရင်တော့ ဒေါက်တာနဲ့ စကားပြောလို့ ရပြီ"

တာချီဘာနာ၏ လေသံက ရုတ်တရက် ပြောင်းလဲသွား၏။ အလွန်အေးဆေး တည်ငြိမ်နေသဖြင့် စိတ်ထဲ တစ်မျိုးကြီး ဖြစ်သွားစေသည်။

ဖုန်းပုကြွယ် ထိုစကားကို ကြားသောအခါ ထိတ်လန့်သွားသည်။

"ဘာလား"

သူက ဝါတာနာဘေးကို လှည့်ကြည့်လိုက်သည်။

"ကျွန်တော်က ဒေါက်တာ ဝါတာနာဘေးနဲ့ စကားပြောနေတာ မဟုတ်ဘူးလား..."

ဝါတာနာဘေးက သူ့စကားကို ဖြတ်ပြောသည်။

"မင်းက အမှုရဲ့ မှတ်ဉာဏ်တွေကို ပြန်ရခဲ့ပြီ၊ မင်းရဲ့ စိတ်အခြေအနေကိုလည်း နားလည်သွားပြီ၊ ပြီးတော့ ယာမာဒါရဲ့ မှတ်ဉာဏ် ပျောက်ဆုံးနေတဲ့ နေရာကိုလည်း ရှာတွေ့သွားပြီဆိုတော့ ငါတို့ စိတ်အေးသွားပါပြီ"

"ဟမ်"

ဖုန်းပုကြွယ်မှာ သူတို့ ဘာတွေ ပြောနေမှန်း လုံးဝ နားမလည်တော့ပေ။

"ခင်ဗျားတို့ နှစ်ယောက်က ရုတ်တရက်ကြီး..."

သူ့စကား မဆုံးခင်မှာပင် သူသည် စကားပြောနိုင်စွမ်း ပျောက်ဆုံးသွားသည်။ အကြောင်းမှာ သူသည် ပထမလူအမြင်ဖြင့် ရုပ်ရှင်ကြည့်နေရသော အခြေအနေသို့ ပြန်ရောက်သွားပြီး ရှေ့က မြင်ကွင်းက ထပ်မံ ပြောင်းလဲသွားသောကြောင့် ဖြစ်သည်။

ဖုန်းပုကြွယ်သည် ဤဇာတ်လမ်း၏ ကစားခြင်းခံနေရသလို ခံစားလိုက်ရသည်။ အစက သူသည် ရိုးရိုး သရဲဇာတ်လမ်းအခြေအနေတစ်ခုဟု ထင်ခဲ့သော်လည်း နောက်ပိုင်းတွင် ဇာတ်လမ်းပေါင်းစုံဖြင့် ဖြစ်ပျက်နေသော သဘာဝလွန်ဖြစ်ရပ်တစ်ခုဟု ထင်ခဲ့သည်။ နောက်ဆုံးတွင်တော့ အဖြစ်အပျက် သုံးခုလုံးသည် အချိန်နောက်ပြန် ဖြစ်နေပြီး စိတ်ဝေဒနာရှင် တစ်ယောက်၏ ပုံပျက်နေသော မှတ်ဉာဏ်များသာ ဖြစ်ကြောင်း သိလိုက်ရသည်။ ဇာတ်လမ်းသည် လက်တွေ့ကမ္ဘာမှ လူသတ်မှုတစ်ခု ဖြစ်သွားခဲ့သည်။

ပြီးတော့... နောက်ထပ် ဘာဖြစ်လာဦးမည်ကို သူ မသိတော့ပေ။

ဝီ... ဝီ...

မီးချောင်းမှ ထွက်ပေါ်လာသော အသံဖြစ်သည်။ စူးရှသော အဖြူရောင် အလင်းတန်းက ဖုန်းပုကြွယ်ကို ခေတ္တတာ မူးနောက်နေမှုမှ နှိုးလိုက်သည်။

သူသည် မျက်စိတစ်ဖက်ကို မှိတ်ကာ ခေါင်းကို ဘေးသို့ လွှဲလိုက်သည်။ နှစ်စက္ကန့်ခန့် ကြာသောအခါမှ အလင်းရောင်ကို မျက်စိကျင့်သားရသွားပြီး ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

ဖုန်းပုကြွယ်သည် အစင်းကြောင်းများပါသော လူနာဝတ်စုံကို ဝတ်ထားပြီး စားပွဲတစ်ခု ရှေ့တွင် ထိုင်နေလေသည်။ သူ့လက်နှစ်ဖက်ကို ကုလားထိုင်၏ လက်ရန်းတွင် လက်ထိပ် ခတ်ထားပြီး ခြေထောက်များကိုလည်း ခြေချင်း ခတ်ထား၏။

စားပွဲပေါ်တွင် မီးအိမ်တစ်လုံးရှိပြီး စာရွက်စာတမ်း အချို့ ပြန့်ကျဲနေလေ၏။ စားပွဲတစ်ဖက်တွင်တော့ အသက် ၅၀ ကျော်ခန့်ရှိကာ နဖူးတွင် အရေးအကြောင်းများဖြင့် ပြည့်နေသော ကုတ်အဖြူဝတ် အမျိုးသားတစ်ဦး ထိုင်နေခဲ့သည်။ သူသည် စာရွက်တစ်ရွက်ကို ကိုင်ထားပြီး ဘောပင်ဖြင့် တစ်ခုခု ရေးနေသည်။ ဘေးတွင်တော့ အသံဖမ်းစက် အသေးလေးတစ်လုံး ရှိနေသည်။

အခန်းသည် အလုံပိတ်မဟုတ်ပေ။ အပေါ်ဘက်တွင် သံတိုင်များ တပ်ထားသော ပြတင်းပေါက် သေးသေးလေးတစ်ခုရှိပြီး လရောင်အနည်းငယ် ဖြတ်သန်း စီးဝင်နေ၏။ အခန်းထောင့်တွင် ကုတင်တစ်လုံးရှိပြီး အခြားတစ်ဖက်တွင်တော့ အိမ်သာတစ်ခု ရှိသည်။ နံရံများသည်လည်း အင်္ဂတေရောင် မဟုတ်တော့ဘဲ နူးညံ့တောက်ပသော အရောင်များ သုတ်ထားသည်။ ဖုန်းပုကြွယ်သည် အပြင်ထွက်မည့် တံခါးကို မြင်နေရသည်။ တံခါးအပေါ်ဘက်တွင် သံဇကာကွက်များဖြင့် ပိတ်ထားသော ပြတင်းပေါက် သေးသေးလေးတစ်ခု ရှိနေသည်။ တံခါးအောက်ခြေတွင်တော့ အပြင်ကသာ ဖွင့်လို့ရသည့် အပေါက်ငယ်လေး တစ်ခု ရှိနေသည်။ ယင်းက အကျဉ်းသားကို အစားအစာ ပေးသည့် အပေါက် ဖြစ်ဟန်တူသည်။

"ကဲ... ဟီရာတာကွန်၊ မင်း အဆင်သင့် ဖြစ်ပြီဆိုရင်တော့ စကားစကြရအောင်"

ကုတ်အဖြူဝတ် အမျိုးသားက ပြောလိုက်သည်။

ဖုန်းပုကြွယ်က သက်ပြင်းချလိုက်သည်။

"စိတ်မကောင်းပါဘူး၊ ခင်ဗျား ကျွန်တော့်ကို ပြောပြဖို့ လိုအပ်တဲ့ အချက်သုံးချက် ရှိတယ်"

ထိုလူက နှစ်စက္ကန့်ခန့် ငြိမ်သွားပြီး သူ့ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။

"ဘာတွေလဲ"

"ခင်ဗျားက ဘယ်သူလဲ၊ ကျွန်တော်က ဘယ်မှာလဲ၊ ပြီးတော့... ဒီနေ့က ဘယ်နှစ်ရက်နေ့လဲ"

ဖုန်းပုကြွယ်က မေးသည်။

ထိုလူက အသက်ကို ပြင်းပြင်းရှူကာ သက်ပြင်းချလိုက်သည်။

"ဟူး..."

သူက ဘေးက အသံဖမ်းစက်ကိုယူကာ အသံသွင်းခလုတ်ကို နှိပ်ပြီး ပြောလိုက်သည်။

"၂၀၀၅ ခုနှစ်၊ မတ်လ ၉ ရက်၊ လူနာအမှတ် ၀၀၉၈၊ ဟီရာတာရှုအိချီ၊ အသံသွင်းသူ တာကူရာတာရို"

တာကူရာက အသံဖမ်းစက်ကို ဘေးသို့ ချလိုက်ပြီး ဖုန်းပုကြွယ်ကို ပြောသည်။

"မင်း ငါ့ကို မမှတ်မိဘူးလား"

ဖုန်းပုကြွယ်က သူ့ကို လျစ်လျူရှုလိုက်သည်။ သူသည် ခေါင်းကို တတ်နိုင်သမျှ နှိမ့်ကာ သူ့မျက်နှာကို လက်ဖမိုးဖြင့် ထိဖို့ ကြိုးစားသည်။ နှစ်ကြိမ်ခန့် ထိကြည့်ပြီးနောက် သူ့မျက်နှာသည် ၁၅ နှစ်ခန့် အိုမင်းမသွားကြောင်း အတည်ပြုနိုင်ခဲ့သည်။ သူသည် အကျဉ်းသားဝတ်စုံကို ဝတ်ထားရသော်လည်း ဂိမ်းမီနူးကို ဖွင့်ကြည့်သောအခါ ဝတ်စုံကဏ္ဍတွင် ဘာမှ ပြောင်းလဲမသွားပေ။ သို့သော်လည်း NPC ၏ အမြင်တွင်တော့ သူ့ရှေ့က လူသည် အသက် ၄၀ ကျော်အရွယ် ဟီရာတာရှုအိချီဖြစ်နေသည်မှာ ငြင်းမရပေ။

"မင်း..."

တာကူရာသည် အလွန်လူကဲခတ် တော်သူတစ်ဦး ဖြစ်ပုံရသည်။

"မင်းက ဘယ်သူလဲ၊ မင်းက ဟီရာတာလား၊ ဝါတာနာဘေးလား၊ တာချီဘာနာလား၊ ဒါမှမဟုတ် တခြားတစ်ယောက်လား"

ထိုမေးခွန်းထဲတွင် အချက်အလက်များစွာ ပါဝင်နေသော်လည်း ဖုန်းပုကြွယ်က ချက်ချင်း တုံ့ပြန်လိုက်သည်။

"ကျွန်တော့်မှာ စိတ်ကွဲရောဂါ ရှိနေတာလား"

"ဟုတ်တယ်"

တာကူရာက ပြန်ဖြေသည်။ သူက စာရွက်စာတမ်းကို ယူကာ သက်ပြင်းချလိုက်သည်။

"၁၉၉၁ ခုနှစ်... မင်း ဒီကို ရောက်ကတည်းက ဒေါက်တာတွေ အများကြီးက မင်းကို ကုသဖို့နဲ့ သုတေသနလုပ်ဖို့ ပါဝင်ခဲ့ကြတယ်၊ လောလောဆယ်မှာတော့ မင်းဆီမှာ အတည်ပြုထားတဲ့ စရိုက်သုံးခု ရှိတယ်၊ အဓိကကတော့ ဟီရာတာရှုအိချီပဲ၊ ကျန်တဲ့နှစ်ခုကတော့ စိတ်ကျန်းမာရေး ဆရာဝန် ဝါတာနာဘေးနဲ့ ရဲအရာရှိ တာချီဘာနာပဲ၊ ကဲ... အခု မင်းက ဘယ်သူလဲ၊ ဒါမှမဟုတ် ဘယ်သူမှ မဟုတ်ဘူးလား"

ဖုန်းပုကြွယ်က ကုလားထိုင်တွင် မှီလိုက်သည်။

"ကျွန်တော့်ကို မစ္စတာ F လို့ ခေါ်နိုင်ပါတယ်"

သူက မျက်နှာကြက်ကို ကြည့်လိုက်သည်။

"ဝါတာနာဘေးက ဟီရာတာရဲ့ ယုတ္တိဗေဒနဲ့ ဉာဏ်ပညာကို ကိုယ်စားပြုပြီး၊ တာချီဘာနာကတော့ ဟီရာတာရဲ့ ကျင့်ဝတ်နဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်ကို ကိုယ်စားပြုတာပေါ့၊ ဟီရာတာ ကိုယ်တိုင်ကတော့... ကျွန်တော် မသိဘူး၊ သူ့ကို တစ်ခါမှ မတွေ့ဖူးသေးဘူး"

"မစ္စတာ Fလား၊ ယုတ္တိဗေဒလား၊ ကျင့်ဝတ်တဲ့လား"

တာကူရာက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

"ကောင်းပြီလေ မစ္စတာ F၊ ဒါဆို မင်းက ဘာကို ကိုယ်စားပြုတာလဲ၊ မင်းရဲ့ မူလက ဘာလဲ၊ အလုပ်အကိုင်ကကော..."

"ကျွန်တော်လား"

ဖုန်းပုကြွယ်က ပြုံးလိုက်သည်။

"ကျွန်တော်က လျှို့ဝှက်ဆန်းကြယ် ဝတ္ထုရေးဆရာ တစ်ယောက်ပါ၊ ပိုမိုမြင့်မားတဲ့ ဒိုင်မန်းရှင်းတစ်ခုကနေ ဒီခန္ဓာကိုယ်ထဲကို ရောက်လာတာ"

သူက ပေါ့ပေါ့ပါးပါးပင် ရှိနေသည်။

"ကျွန်တော်က ကျွန်တော့်ကိုယ်ပိုင်အတွေးတွေနဲ့ ဖန်တီးထားတဲ့ လှောင်အိမ်ထဲကနေ ဖြည်းဖြည်းချင်း ရုန်းထွက်နေတာ၊ ဒီခန္ဓာကိုယ်ရဲ့ အဓိကပိုင်ရှင်က ကျွန်တော်မတွေ့ဖူးသေးတဲ့ ဟီရာတာ ဖြစ်နိုင်သလို တခြားတစ်ခုခုလည်း ဖြစ်နိုင်တယ်၊ အရှုပ်ထွေးဆုံးနဲ့ ဝေဝါးနေတဲ့ မှတ်ဉာဏ်ကမ္ဘာကနေ မသိစိတ်ရဲ့ စိတ်ကမ္ဘာထဲကို ကျွန်တော် ထိုးဖောက် ဝင်ရောက်ခဲ့တယ်၊ ပြီးတော့ အရေးကြီးတဲ့ မှတ်ဉာဏ်အချို့ကို ယူပြီး ဒီကို ရောက်လာတာပဲ"

သူက ကိုယ်ကို ရှေ့သို့ တိုးလိုက်သည်။

"အခုတော့ ကျွန်တော် တကယ် သံသယဖြစ်နေတာက... ဒေါက်တာတာကူရာ၊ ခင်ဗျားရယ် ဒီအကျဉ်းခန်းရယ်က တကယ်ပဲလား၊ ဒါမှမဟုတ် တခြားလှောင်အိမ်တစ်ခုရဲ့ အမှတ်အသား သက်သက်ပဲလား ဆိုတာပါပဲ..."

အခန်း (၁၁၂)

တာကူရာက သက်ပြင်း အရှည်ကြီး ချလိုက်သည်။ သူက ခေါင်းလှည့်၍ ဘေးက အသံဖမ်းစက်ထဲသို့ ပြောလိုက်သည်။

"လူနာအမှတ် ၀၀၉၈ မှာ စရိုက်သစ်တစ်ခု ထပ်တိုးလာပြန်ပြီ၊ သူ့ကိုယ်သူ မစ္စတာ F လို့ ခေါ်တဲ့ လျှို့ဝှက်ဆန်းကြယ် ဝတ္ထုရေးဆရာတဲ့၊ မစ္စတာ F ဟာ ဟီရာတာရှုအိချီရဲ့ ပင်ကိုယ်စရိုက်လိုပဲ ထင်ယောင်ထင်မှားဖြစ်ရပ်တွေကို ခံစားနေရတယ်၊ သူက သူ့ကိုယ်သူ ပိုမိုမြင့်မားတဲ့ ဒိုင်မန်းရှင်းတစ်ခုကနေ ရောက်လာပြီး ဒီခန္ဓာကိုယ်ကို ပူးကပ်ထားတဲ့ ဝိညာဉ်တစ်ခုလို့ ယုံကြည်နေတယ်"

ဖုန်းပုကြွယ်က သူပြောပြီးသည်အထိ စောင့်ကာ သူသိချင်နေသည့် မေးခွန်းကို မေးတော့သည်။

"ဒေါက်တာ... အခုက ၂၀၀၅ ခုနှစ် ဆိုတော့ ဟီရာတာရဲ့ အမှုက ပိတ်သွားတာ ကြာလှပြီပေါ့၊ အဲ့ဒီအမှုက ဘယ်လို အဆုံးသတ်သွားတာလဲ"

"ကြိုတင်ကြံစည်ထားတဲ့ လူသတ်မှု နှစ်မှုပေါ့၊ အဲ့ဒီထဲက တစ်ယောက်က ရဲအရာရှိ ဖြစ်နေတယ်၊ အခြေအနေက တော်တော်လေးဆိုးရွားပေမဲ့ မင်းလုပ်ရပ်နောက်ကွယ်က အကြောင်းရင်းနဲ့ စိတ်ကျန်းမာရေး အခြေအနေကို ထည့်သွင်းစဉ်းစားပြီး တစ်သက်တစ်ကျွန်းပြစ်ဒဏ် ချမှတ်ခဲ့တယ်"

"ဒါက စိတ်ကျန်းမာရေး ဆေးရုံလား"

ဖုန်းပုကြွယ်က မေးသည်။

"ဒါက စိတ်ဝေဒနာရှင် ရာဇဝတ်သားတွေအတွက် ထောင်ပဲ"

တာကူရာက ဖြေသည်။

"သုံးလတစ်ကြိမ် အကျဉ်းသားအားလုံးကို အကဲဖြတ်မှုအသစ်လုပ်ရတယ်၊ ဒါကြောင့်လည်း အခု ငါတို့ စကားပြောနေကြတာပေါ့"

"လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်းမှာ ဟီရာတာ ဘယ်လိုနေခဲ့လဲ"

ဖုန်းပုကြွယ်က မေးသည်။

"အခု မင်းဖြစ်နေတာထက်တော့ ပိုပြီး ပုံမှန်ဖြစ်ခဲ့ပါတယ်"

တာကူရာက ပြန်ဖြေသည်။

"ဟီရာတာကွန် သတိရှိနေတဲ့ အချိန်တွေမှာ သူ ငါ့ကို ပြောပြဖူးတယ်၊ အတိတ်ကို သတိရမိတိုင်း သူက အဖြူအမည်းကမ္ဘာထဲကို ရောက်သွားတတ်တယ်တဲ့၊ ဘယ်နှစ်ကြိမ်ပဲ ရောက်ရောက် သူမြင်ရတာက သရဲတစ္ဆေတွေရဲ့ မှတ်ဉာဏ်တွေပဲတဲ့၊ တစ်ခါတလေကျရင် ဝါတာနာဘေးနဲ့ တာချီဘာနာတို့ရဲ့ စရိုက်တွေ ပေါ်လာတတ်ပြီး ဟီရာတာကွန်က တစ်ယောက်တည်း စကားတွေ ပြောနေတတ်တယ်၊ အဲ့ဒီစရိုက်နှစ်ခုနဲ့ ငါ ဆက်သွယ်ကြည့်ဖူးတယ်၊ သူတို့ ပြောပြတဲ့ အချက်အလက်တွေက ရဲမှတ်တမ်းတွေနဲ့ ထပ်တူကျနေတယ်၊ ငါ့အထင်တော့ ဒီစရိုက်နှစ်ခုဟာ တကယ်တမ်း ဘာဖြစ်ခဲ့လဲဆိုတာကို မမှတ်မိကြဘူး၊ ရဲတွေ ဟီရာတာကို ပြောပြထားတဲ့ အကြောင်းအရာတွေကိုပဲ သူတို့ရဲ့ ကိုယ်ပိုင်မှတ်ဉာဏ်အဖြစ် မှတ်ယူထားကြတာ"

သူက စာရွက်စာတမ်းတွေဆီကနေ အကြည့်လွှဲပြီး ဖုန်းပုကြွယ်၏ မျက်နှာကို စိုက်ကြည့်လိုက်သည်။

"မင်းကော ဘယ်လိုလဲ မစ္စတာ F၊ မင်း ဒီအမှုကို တော်တော် စိတ်ဝင်စားနေပုံရတယ်ဆိုတော့ တကယ် ဘာဖြစ်ခဲ့လဲဆိုတာ မင်းလည်းမသိဘူး မဟုတ်လား"

"ဟုတ်ပါတယ်၊ အဲ့ဒါကိုပဲ ကျွန်တော် မေးမလို့၊ ၁၅ နှစ်တောင် ကြာသွားပြီဆိုတော့... ပြစ်ဒဏ်ကလည်း ကြိုတင်ကြံစည်ထားတဲ့ လူသတ်မှုနှစ်မှုဆိုမှတော့... အရာရှိ ယာမာဒါရဲ့ အလောင်းကိုတော့ ပြန်တွေ့လောက်ပြီ မဟုတ်လား"

ဖုန်းပုကြွယ်က မေးသည်။

"အရာရှိ ယာမာဒါရဲ့ အလောင်းကို အမှုဖြစ်ပြီး ၇ နှစ်အကြာမှ တွေ့တာ"

တာကူရာက ပြန်ဖြေသည်။

"အဲ့ဒီအချိန်လောက်မှာပဲ ငါ မင်းနဲ့ စတင် ထိတွေ့ခွင့်ရခဲ့တာ"

"ဘာ... အဲ့ဒီတုန်းက ယာမာဒါရဲ့ အလောင်းတောင် မတွေ့သေးဘဲနဲ့ သူ့ကို လူသတ်မှုနှစ်မှုနဲ့ ဘယ်လိုလုပ် အပြစ်ပေးလို့ ရမှာလဲ"

ဖုန်းပုကြွယ်က မေးခွန်းထုတ်သည်။

"ကောင်းပြီ..."

တာကူရာက ဆိုသည်။

"အဲ့ဒီအချိန်က အခြေအနေအရတော့ အမှုက အရမ်းကို ရှင်းလင်းပါတယ်၊ ဟီရာတာကွန်က စိတ်လွတ်နေပြီလေ၊ သူ့မှာ အားကိုးစရာလည်း မရှိဘူး၊ သူ့ဘက်က ရပ်တည်ပေးမယ့်သူ တစ်ယောက်မှ မရှိခဲ့ဘူး၊ တရားရုံးက ခန့်ပေးတဲ့ရှေ့နေကလည်း အပြစ်ရှိကြောင်းပဲ ဝန်ခံမှာဆိုတော့... အခြေခံအားဖြင့် တရားလိုရှေ့နေ ပြောသမျှက အမှန်တရား ဖြစ်သွားတာပေါ့၊ အထောက်အထား အားလုံးက အချက်တစ်ခုတည်းကိုပဲ ညွှန်ပြနေတယ်၊ အဲ့ဒါက သူက ရဲကိုသတ်တယ်၊ သေနတ်ကို ခိုးတယ်၊ ပြီးတော့ သောင်းကျန်းခဲ့တယ် ဆိုတာပဲ"

"ရယ်စရာပဲ"

ဖုန်းပုကြွယ်က ပြောသည်။

"ဖြစ်နိုင်ခြေအားလုံးကို မဖယ်ထုတ်ခင်မှာ ဘယ်လိုလုပ် အဲ့ဒီလို လက်ခံလိုက်တာလဲ၊ ဖြစ်နိုင်တာက ယာမာဒါက ဖူကူအီကိုသတ်ပြီး သေနတ်ကို ဟီရာတာရဲ့ အိမ်မှာ လာဖျောက်ထားတာလည်း ဖြစ်နိုင်တာပဲ၊ ပြီးတော့ ဟာရုကိုဆာတိုကို သတ်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသယောင် လုပ်ခဲ့တာလည်း ဖြစ်နိုင်တယ်၊ နောက်ဆုံးကျမှ သူ ထွက်ပြေးသွားတာ... အဲ့ဒီလိုသာ ဆိုရင်တော့ ၂၇ ရက်နေ့မှာ ဟီရာတာ ဘာမှမဖြစ်သလို အလုပ်တက်နိုင်တာကို ရှင်းပြလို့ ရသွားပြီ"

တာကူရာက သူ့ကို နှစ်စက္ကန့်ခန့် စိုက်ကြည့်လိုက်သည်။

"ဟားဟား... မစ္စတာ F၊ တကယ်လို့ မင်းသာ လွန်ခဲ့တဲ့ ၁၅ နှစ်က ပေါ်လာပြီး ဟီရာတာရှုအိချီအတွက် ခုခံကာကွယ်ပေးခဲ့မယ်ဆိုရင် မင်းလွတ်ချင် လွတ်သွားနိုင်တယ်"

သူက စားပွဲပေါ်က စာရွက်စာတမ်း တစ်ခုကို ယူလိုက်သည်။

"ကံမကောင်းတာက ဒီနေ့မှာတော့ မင်းရဲ့ ယူဆချက်ကို ပယ်ဖျက်နိုင်တဲ့ အချက် အနည်းဆုံး နှစ်ချက် ရှိနေတယ်၊ ပထမတစ်ခုက ယာမာဒါဟာ ဖူကူအီ၊ ဟီရာတာ၊ ဟာရုကိုဆာတိုတို့နဲ့ ဘာပတ်သက်မှုမှ မရှိဘူး၊ ရဲတွေက ဒါကို အသေအချာ စုံစမ်းပြီးသား၊ ဆွေမျိုးလည်း မဟုတ်၊ သူငယ်ချင်းလည်း မဟုတ်၊ ဘာမှ မသက်ဆိုင်ကြဘူး၊ ဒါကြောင့် သူ့မှာ ဒါတွေလုပ်ဖို့ အကြောင်းရင်း မရှိဘူး၊ ဒုတိယအချက်ကတော့ ယာမာဒါရဲ့ အလောင်းကို ရှာတွေ့တဲ့ နေရာဟာ တိုင်ဖွန်းမုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ ဟီရာတာရဲ့ အိမ်ဟောင်းအောက်မှာပဲ၊ အဲ့ဒီမြေကွက်ကို အစိုးရက ၇ နှစ်အကြာမှာ ပြန်ရောင်းခဲ့ပြီး အဆောက်အအုံအတွက် ဖောင်ဒေးရှင်းတူးတဲ့အချိန်မှာ အလောင်းကို တူးဖော်မိခဲ့တာ၊ သေဆုံးချိန်က လွန်ခဲ့တဲ့ ၁၅ နှစ်ခန့်ကလို့ ခန့်မှန်းရတယ်၊ အလောင်းက အရိုးစုပဲ ကျန်တော့ပေမဲ့ ပြင်ပဒဏ်ရာကြောင့် သေဆုံးခဲ့တယ်ဆိုတဲ့ လက္ခဏာတွေကတော့ ထင်ထင်ရှားရှား ရှိနေတယ်၊ ဒါဟာ လူသတ်ပြီး အလောင်းဖျောက်ခဲ့တဲ့ အမှုဆိုတာ ငြင်းလို့မရဘူး"

"အင်း..."

ဖုန်းပုကြွယ် ခေတ္တမျှ ငြိမ်သက်သွားပြီးမှ ပြန်ပြောသည်။

"ကောင်းပြီလေ၊ တကယ်တော့ ကျွန်တော်က တရားစီရင်ရေး လုပ်ငန်းစဉ်ကို မကျေနပ်လို့ ခုခံချေပချက်အဖြစ် သုံးလို့ရမယ့် ယူဆချက်တစ်ခုကို လျှောက်ပြောကြည့်တာပါ"

"ဟီရာတာရဲ့ ပြစ်မှုကတော့ သံသယဖြစ်စရာ မရှိပါဘူး မစ္စတာ F"

တာကူရာက ပြောသည်။

"ကဲ... မင်းရဲ့ သိချင်စိတ်ကိုလည်း ငါ ဖြည့်ဆည်းပေးပြီးပြီဆိုတော့ ငါ့ရဲ့ မေးခွန်းအချို့ကိုလည်း ပူးပေါင်းဆောင်ရွက်ပြီး ဖြေပေးပါဦး..."

"ကျွန်တော် ထင်တဲ့အတိုင်းပဲ၊ ခင်ဗျားက အစစ်မဟုတ်ဘူး"

ဖုန်းပုကြွယ်က တာကူရာ၏ စကားကို ဖြတ်ပြောလိုက်ပြီး စိတ်ထဲမှလည်း - 'ငါ နောက်ဆုံးတော့ ဒီဇာတ်လမ်းရဲ့ အဓိပ္ပာယ်ကို နားလည်သွားပြီ' ဟု တွေးလိုက်သည်။

တာကူရာ မျက်နှာပျက်သွားပြီး စကားပြောခြင်းကို ရုတ်တရက် ရပ်လိုက်လေသည်။

"ယာမာဒါရဲ့ အလောင်းကို တွေ့ပြီး မကြာခင်မှာပဲ ခင်ဗျားက ဟီရာတာနဲ့ စတင် ထိတွေ့ခဲ့တယ်လို့ ပြောတယ်နော်၊ အဲ့ဒါကို ကြားလိုက်တဲ့အချိန်မှာ ကျွန်တော် အကုန်လုံးကို နားလည်သွားပြီ"

ဖုန်းပုကြွယ်က ဆိုသည်။

"အမှုဖြစ်ပြီး ၇ နှစ်အကြာမှာ ယာမာဒါရဲ့ အလောင်းကို တွေ့သွားပြီဆိုတာ ဟီရာတာ သိလိုက်ရတဲ့ အချိန်မှာ သူက နောက်ထပ် စရိုက်တစ်ခုကို ထပ်ဖန်တီးလိုက်တယ်... အဲ့ဒါ ခင်ဗျားပဲ"

"ဟား... မင်းဆိုလိုတာက ငါက တာချီဘာနာတို့၊ ဝါတာနာဘေးတို့နဲ့ အမျိုးအစားတူ ဖြစ်တည်မှု တစ်ခုပဲလို့ ပြောချင်တာလား"

"မဟုတ်ဘူး၊ ခင်ဗျားက သူတို့ထက် ပိုမြင့်တဲ့အဆင့်မှာ ရှိတယ်၊ ကျွန်တော် မြင်သလောက်တော့... ဟီရာတာရဲ့ စိတ်ကမ္ဘာမှာ အလွှာလေးလွှာ ရှိရမယ်"

ဖုန်းပုကြွယ်က ဖြည်းဖြည်းချင်း ရှင်းပြသည်။

"၁၉၉၀ နိုဝင်ဘာမှာ ဟီရာတာက လူသတ်မှုနှစ်မှု ကျူးလွန်ပြီး သူ့ဇနီး သတ်သေတာကို မြင်လိုက်ရတဲ့ အချိန်မှာ သူ ရူးသွားခဲ့တယ်၊ အဲ့ဒီအချိန်ကစပြီး သူ့စိတ်ဟာ အနက်ရှိုင်းဆုံး အလွှာဖြစ်တဲ့ ကြောက်မက်ဖွယ် ကမောက်ကမ ကမ္ဘာထဲမှာပဲ ပိတ်မိနေခဲ့တာ"

"တစ်လအကြာမှာတော့ အမှုစုံစမ်းစစ်ဆေးရေးက ပိုရှင်းလင်းလာတယ်၊ ဟီရာတာက အကြိမ်ကြိမ် အစစ်ဆေးခံရပြီး တရားရုံးကနေ အချက်အလက် အချို့ကို ရခဲ့တယ်၊ ဒါကြောင့် သူက စရိုက်သစ် နှစ်ခုကို ဖန်တီးလိုက်တယ်၊ အဲ့ဒါက ဒေါက်တာ ဝါတာနာဘေးနဲ့ အရာရှိ တာချီဘာနာပဲ၊ ဒီစရိုက်နှစ်ခုက သူ့ကို အဖြူအမည်း ကမောက်ကမကမ္ဘာထဲကနေ ဒုတိယစိတ်အလွှာထဲကို ခေါ်ထုတ်လာပေးနိုင်ပြီး သူ့ကို အသက်ရှူချောင်စေခဲ့တယ်၊ သူတို့က သူ့ကို သရဲတစ္ဆေတွေ၊ မကောင်းဆိုးဝါးတွေရဲ့ မှတ်ဉာဏ်တွေကို ငြင်းပယ်ဖို့နဲ့ တကယ့်မှတ်ဉာဏ်တွေကို ပြန်ရှာဖို့ ကူညီတိုက်တွန်းပေးခဲ့ကြတယ်"

ဖုန်းပုကြွယ်က ခြောက်သွေ့နေသော နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်။

"စိတ်ရောဂါဆရာဝန်တစ်ယောက် လုပ်နိုင်တာက အများဆုံး တရားခံကို စစ်ဆေးဖို့အတွက် စိတ်ညှို့တာပဲ ရှိမယ်၊ အသံသွင်းထားတဲ့အထိတော့ မလုပ်ဘူး၊ ဝါတာနာဘေးနဲ့ တာချီဘာနာတို့ ရှိနေတဲ့ နေရာဟာလည်း စိတ်ကမ္ဘာတစ်ခုပဲဆိုတာ ကျွန်တော် သိသင့်ခဲ့တာ၊ အဲ့ဒီနေရာဟာ အခု ဒီနေရာထက် ပိုနက်ရှိုင်းတဲ့ မသိစိတ်တစ်ခုပဲ၊ အဲ့ဒါက ယုတ္တိရှိတဲ့ အတွေးတွေနဲ့ ပုံပျက်နေတဲ့ မှတ်ဉာဏ်တွေ ကြားထဲမှာ ရှိနေတာ"

သူက တာကူရာ၏ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။

"ပြီးတော့ ခင်ဗျား... ဒါမှမဟုတ် အခု ကျွန်တော်တို့ ရှိနေတဲ့ ဒီအကျဉ်းခန်းဟာ တတိယအလွှာပဲ"

"ဒါဆိုရင် ငါက ဘာကို ကိုယ်စားပြုတာလဲ"

တာကူရာက မေးသည်။

"ခင်ဗျားလည်း မှတ်ဉာဏ်တစ်ခုပါပဲ"

ဖုန်းပုကြွယ်က ဆိုသည်။

"ခင်ဗျားက... လွန်ခဲ့တဲ့ ၈ နှစ်တာအတွင်း ဟီရာတာရဲ့ စိတ်ထဲမှာ ရှိနေတဲ့ ပုံမှန်ဖြစ်ပြီး ယုံကြည်စိတ်ချရတဲ့ မှတ်ဉာဏ်တွေကို ကိုယ်စားပြုနေတာ"

သူ ကုလားထိုင်တွင် ပြန်မှီကာ ခေါင်းကို မော့လိုက်သည်။ အကျင့်အတိုင်း နှာတံကို ပွတ်ရန် လုပ်လိုက်သော်လည်း လက်များ လက်ထိပ်ခတ်ခံထားရသဖြင့် မတတ်နိုင်ဘဲ ဆက်ပြောလိုက်ရသည်။

"အချိန်က အရာရာကို မှေးမှိန်သွားစေတယ်၊ ၇ နှစ်တာ စိတ်ကျန်းမာရေးကုသမှု ခံယူပြီးနောက်မှာ တခြားစရိုက်နှစ်ခုရဲ့ အကူအညီနဲ့ ပြီးတော့ ထောင်ထဲမှာ ယာမာဒါသေဆုံးမှုနဲ့ သေဆုံးတဲ့နေရာကို သိလိုက်ရတဲ့ အချက်တွေကြောင့် ဟီရာတာဟာ ဒီတတိယအလွှာကို ရောက်လာခဲ့တာ"

"ဒီအလွှာမှာ သူက ခင်ဗျားနဲ့ စကားပြောနိုင်တယ်၊ အရာရာကို တည်တည်ငြိမ်ငြိမ်နဲ့ ခွဲခြမ်းစိတ်ဖြာနိုင်တယ်၊ လက်ရှိ အခြေအနေကို လက်ခံနားလည်နိုင်တယ်၊ တကယ်လို့ ဟီရာတာသာ ခင်ဗျားနဲ့အတူ ဒီနေရာမှာပဲ နေနိုင်ပြီး ပိုနက်ရှိုင်းတဲ့ အလွှာနှစ်ခုကို ပြန်မသွားဘူးဆိုရင် မှတ်ဉာဏ်တွေ ပြန်မရရင်တောင်မှ အနည်းဆုံးတော့ ပုံမှန်လူတစ်ယောက်အဖြစ် ပြန်ဖြစ်လာနိုင်တယ်"

ဖုန်းပုကြွယ်၏ အကြည့်က အသံဖမ်းစက် အသေးလေးဆီသို့ ရောက်သွားသည်။

"ဒီအသံဖမ်းစက်က ခင်ဗျားနဲ့ သူနဲ့ ပြောထားတဲ့ စကားတွေ... ဒါမှမဟုတ် သူကိုယ်တိုင် စနစ်တကျ စီစဉ်ထားတဲ့ မှတ်ဉာဏ်တွေပေါ့၊ ဒါကြောင့်လည်း ဒီမှတ်ဉာဏ်တွေက ပုံမှန်ဖြစ်ပြီး ယုံကြည်စိတ်ချရတယ်လို့ ကျွန်တော် ပြောခဲ့တာ၊ သူက တခြားမှတ်ဉာဏ်တွေနဲ့ ရောထွေးမသွားချင်ဘူး၊ ဒါပေမဲ့ ဒီအသံဖမ်းစက် ရှိနေတာကပဲ ဟီရာတာ ဒီနေရာမှာ နေနိုင်တဲ့အချိန်က ကန့်သတ်ချက် ရှိတယ်ဆိုတာ သက်သေပြနေတာပဲ"

တာကူရာ၏ မျက်နှာတွင် ကူကယ်ရာမဲ့မှုများ ပြည့်နှက်သွားသည်။

"မစ္စတာ F၊ မင်း ပြောတာတွေက အခြေခံအားဖြင့်တော့ မှန်ပါတယ်၊ ဒါပေမဲ့ စိတ်မကောင်းစွာနဲ့ပဲ ဒီမှာ အလွှာသုံးလွှာပဲ ရှိတယ်ဆိုတာ ငါပြောပြပါရစေ"

သူက သက်ပြင်းချလိုက်သည်။

"ဒီနေရာက လက်တွေ့ကမ္ဘာနဲ့ အနီးစပ်ဆုံး အလွှာပဲ"

သူက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။

"ဒီအသံဖမ်းစက်... စားပွဲပေါ်က စာရွက်စာတမ်းတွေ၊ အဲ့ဒါတွေ အားလုံးက ဟီရာတာရဲ့ မှတ်ဉာဏ် အစိတ်အပိုင်းတွေပဲ၊ ဒီအခန်းဟာ လက်တွေ့ဘဝက ဟီရာတာရဲ့ အကျဉ်းခန်းကို ပုံဖော်ထားတာပဲ၊ ဒါပေမဲ့ တကယ့်အကျဉ်းခန်းထဲမှာတော့ စားပွဲ၊ ကုလားထိုင် ဒါမှမဟုတ် မီးအိမ်ဆိုတာ မရှိဘူး"

"သုံးလွှာပဲ ရှိတာလား"

ဖုန်းပုကြွယ်က မေးသည်။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

သူ့မျက်နှာတွင် စိတ်ရှုပ်ထွေးမှုများ ပေါ်လာပြီး စိတ်ထဲမှလည်း တွေးလိုက်သည်။

'ဟီရာတာရဲ့ စိတ်လှုံ့ဆော်မှုကို ဖြစ်စေတဲ့ မှတ်ဉာဏ်တွေ ပြန်ရခဲ့ပြီးပြီ၊ ဖူကူအီကို သတ်တဲ့ မှတ်ဉာဏ်လည်း ပုံပျက်နေပေမဲ့ ပြန်ရခဲ့ပြီ၊ ဟာရုကိုဆာတို ကြိုးဆွဲချသေတာကို မြင်လိုက်ရတဲ့ မှတ်ဉာဏ်လည်း ပြန်ရခဲ့ပြီ၊ ဒါတွေအားလုံးက သူ အဖမ်းမခံရခင်နဲ့ အဖမ်းခံရပြီးနောက်မှာ ပေါ်လာသင့်တာ၊ ဒါပေမဲ့ ယာမာဒါကိုသတ်တဲ့ မှတ်ဉာဏ်ကျတော့ ဘာလို့ မရှိတာလဲ၊ ၇ နှစ်ကြာလို့ ယာမာဒါ သေဆုံးမှုကို သိလိုက်ရချိန်မှာတောင် တာကူရာရဲ့ စရိုက်က အကန့်အသတ်ရှိတဲ့ အချက်အလက်တွေကိုပဲ ပေးနိုင်ခဲ့တယ်၊ လူသတ်မှုအကြောင်း သူ ဘာမှမသိဘူး...'

"မဖြစ်နိုင်ဘူး၊ တကယ်လို့ နောက်ထပ်အလွှာ မရှိတော့ဘူးဆိုရင် အဲ့ဒါက ဟီရာတာဟာ အရာရှိ ယာမာဒါသေဆုံးမှုနဲ့ ဘာမှမပတ်သက်ဘူးလို့ ဆိုလိုတာပဲ"

ဖုန်းပုကြွယ်က ပြတ်ပြတ်သားသား ပြောလိုက်သည်။

"အဲ့ဒီမှတ်ဉာဏ်ဟာ သူ့ဦးနှောက်ထဲမှာ မရှိဘူး၊ ဒါကြောင့် ဘယ်အလွှာမှာမှ ရှာတွေ့မှာ မဟုတ်ဘူး"

တာကူရာက ခေါင်းခါလိုက်သည်။

"ဒါပေမဲ့ အချက်အလက်တွေက ညွှန်ပြနေတာကတော့..."

"ကျွန်တော့်ကို မှန်တစ်ချပ် ပေးပါ"

ဖုန်းပုကြွယ်က သူ့စကားကို ဖြတ်ပြောလိုက်သည်။

"မင်း ဘာလုပ်မလို့လဲ"

တာကူရာက မေးသည်။

"ကျွန်တော် ဒီနေရာကနေ ထွက်သွားချင်လို့"

ဖုန်းပုကြွယ်က ဖြေသည်။

"အလွန်ဆုံးရှိလှ မင်းလက်တွေ့ကမ္ဘာကို ပြန်ရောက်သွားမှာပဲ၊ လက်တွေ့ကမ္ဘာကို ပြန်ရောက်သွားရင် ဟီရာတာက ငါ့ဆီကို ပြန်ရောက်လာတာ ဒါမှမဟုတ် ပိုနက်တဲ့ အလွှာနှစ်ခုထဲကို ပြန်ကျသွားတာမျိုးပဲ ဖြစ်လိမ့်မယ်"

တာကူရာက သူ့ကို ဖျောင်းဖျသည့် ပုံစံဖြင့် ပြောသည်။

"ကျွန်တော် အပေါ်ကိုသွားမှာ မဟုတ်ဘူး"

ဖုန်းပုကြွယ်က ဆိုသည်။

"ကျွန်တော် ဘေးအိမ်ကို သွားမှာ"

"ဘေးအိမ်လား၊ မင်း ဘာကို ဆိုလိုတာလဲ"

တာကူရာက မေးသည်။

"ခင်ဗျား နားလည်မှာ မဟုတ်ဘူး"

ဖုန်းပုကြွယ်သည် နောက်ဆုံးတွင် ပိုမိုမြင့်မားသော ဒိုင်မန်းရှင်းက သက်ရှိတစ်ကောင်၏ အမူအရာပုံစံ ဖမ်းလိုက်သည်။

"ကျွန်တော့်ကို မှန်တစ်ချပ်သာ ပေးပါ"

မျက်တောင်တစ်ခတ်အတွင်း ဒေါက်တာတာကူရာ ပျောက်ကွယ်သွားပြီး အခန်းထဲတွင် ဖုန်းပုကြွယ် တစ်ဦးတည်းသာ ကျန်ရစ်တော့သည်။ သူ့ရှေ့က စားပွဲပေါ်တွင် ဘောင်ပါသော မှန်အသေးလေး တစ်ချပ် ပေါ်လာသည်။ ဘောင်၏ အနောက်တွင် မှန်ကို ထောင့်ဖြတ် အနေအထားဖြင့် မတ်မတ်ဖြစ်စေနိုင်သော ပလတ်စတစ် အထိုင်တစ်ခု ပါရှိသည်။

ဖုန်းပုကြွယ်က ကုလားထိုင်ကို မှန်ထဲသို့ ကြည့်နိုင်မည့် အနေအထား ရောက်အောင် ရှေ့သို့ ဆွဲလိုက်သည်။ မှန်ထဲတွင် မြင်ရသော လူသည် သူကိုယ်တိုင် မဟုတ်ကြောင်း သူ မြင်လိုက်ရသည်။ ယင်းသည် မုတ်ဆိတ်မွေးများ မရိတ်ရသေးဘဲ ဖြူဖျော့သော မျက်နှာရှိသည့် အသက် ၄၀ ကျော် လူတစ်ယောက် ဖြစ်သည်။

"ဟီရာတာရှုအိချီ၊ နောက်ဆုံးတော့ ငါတို့ တွေ့ကြပြီပေါ့"

ဖုန်းပုကြွယ်က မှန်ထဲက မျက်နှာကို ပြောလိုက်သည်။ သူသည် အဖြူအမည်း ကမ္ဘာထဲတွင် ဟီရာတာ၏ ကိုယ်ရေးမှတ်တမ်းကို တွေ့ခဲ့ဖူးပြီး ထိုထဲတွင် ဓာတ်ပုံတစ်ပုံ ပါဝင်သည်။ သူ့ရှေ့က မျက်နှာသည် ၁၀ နှစ်ကျော်မျှ အိုမင်းသွားသော်လည်း သူ မှတ်မိနေပါသေးသည်။

All Chapters