အခန်း (၁၁၅-၁၁၆)
Vol. 12 Ch. 115-116
အခန်း (၁၁၅)
ဤအရာသည် ဖုန်းပုကြွယ်အတွက် ဇာတ်လမ်းက ချန်ထားခဲ့သည့် နောက်ဆုံးမြင်ကွင်း ဖြစ်သည်။ ၎င်းကို ကြည့်ရှုပြီးနောက် သူ တယ်လီပို့လုပ်ခြင်း ခံလိုက်ရတော့သည်။
သူ လော့ဂ်အင်နေရာသို့ ပြန်ရောက်သောအခါ စခရင်ပေါ်တွင် ရလဒ်များ ပေါ်လာခဲ့သည်။
"ဇာတ်လမ်း ပြီးဆုံးပါပြီ။ ဆုလာဘ်များကို တွက်ချက်နေသည်။”
“ရရှိသော EXP - ၅၀၀၀ ၊ ဂိမ်းဒင်္ဂါး - ၅၀၀၀၀”
“ရရှိသော ပစ္စည်းကိရိယာ - မရှိပါ”
“ပြီးမြောက်ခဲ့သော မစ်ရှင်များ - ၃/၆
ပြီးမြောက်ခဲ့သော အထူးနှင့် လျှို့ဝှက်တာဝန်များ - ၀ ၊ ကမ္ဘာ့တည်ဆောက်ပုံ ဖွင့်လှစ်မှု- မရှိပါ
“ကြောက်ရွံ့မှုတန်ဖိုး မြင့်တက်မှုအကြိမ်ရေ - ၀% ၊ အမြင့်ဆုံး ကြောက်ရွံ့မှုတန်ဖိုး - ၀% ၊ ပျမ်းမျှ ကြောက်ရွံ့မှုတန်ဖိုး - ၀%
“သင်၏ ကြောက်ရွံ့မှုအဆင့်သတ်မှတ်ချက်မှာ - သတ္တိ၏ပြယုဂ်။ အပိုဆုလာဘ် ရရှိပါသည်။ ကျေးဇူးပြု၍ နောက်မှ ရွေးချယ်ပါ။”
“ရရှိသော စကေးအမှတ် - ၅၀၀”
“စကေးအမှတ်မှ ရရှိသော အပိုဆု - EXP ၅၀၀၀ ၊ ဂိမ်းဒင်္ဂါး ၅၀၀၀၀”
“ဇာတ်လမ်းအောင်မြင်မှု ဆုလာဘ် - ပဟေဠိကတ် x၂”
“တွက်ချက်မှု ပြီးဆုံးပါပြီ။ ကျေးဇူးပြု၍ ဆက်လက်လုပ်ဆောင်ပါ။"
"ဟေး... ဒါက ဘယ်လို လိမ်စားနေတာလဲကွ"
တယ်လီပို့ လုပ်ပြီးနောက် ဖုန်းပုကြွယ်သည် စခရင်ပေါ်ရှိ ရလဒ်များကို သိပ်ဂရုမစိုက်အားဘဲ အော်ဟစ်လိုက်မိသည်။
"ဒီဇာတ်သိမ်းက 'ဟီရာတာ ရှုအိချီသည် ထောင်ထဲတွင် အေးချမ်းစွာ ကွယ်လွန်သွားသည်' ဆိုတဲ့ စာတန်းထိုးလိုက်တာနဲ့ အတူတူပဲ မဟုတ်လား၊ ဒီလို စံပြ သည်းထိတ်ရင်ဖိုရုပ်ရှင်ဇာတ်သိမ်းမျိုးက အရမ်း စိတ်ပျက်ဖို့ကောင်းတယ်၊ ပုံမှန်ယုတ္တိအရဆိုရင်... တက္ကသိုလ်ဘွဲ့ရခါစ ဟီရာတာက အိမ်ပြန်လာပြီး မီကိုနဲ့ လက်ထပ်မယ်၊ ပြီးတော့မှ သူတို့နှစ်ယောက်လုံး သရဲသတ်တာ ခံရမယ်ဆိုတာမျိုး မဟုတ်ဘူးလား၊ ငါ့ကို နောက်နေတာလား"
သူ စခရင်ကိုကြည့်ပြီး ဒေါသတကြီးနဲ့ အမောတကော ဖြစ်နေလေသည်။ သူ ဇာတ်လမ်းကို ရှင်းလင်းနိုင်ခဲ့သော်လည်း စိတ်ထဲတွင် နည်းနည်းလေးမှ ပေါ့ပါးမသွားခဲ့ပေ။ အိပ်မက်ဆိုးအဆင့် ဇာတ်လမ်းကို ဖြတ်ကျော်နိုင်ခဲ့သည့် အောင်မြင်မှု အရသာကိုလည်း မခံစားရဘဲ စိတ်ပျက်မှုကိုသာ ခံစားနေရသည်။
သို့သော်လည်း ဖုန်းပုကြွယ်ဟူသည်မှာ ဖုန်းပုကြွယ်ပင်၊ သူ ချက်ချင်း ပြန်တည်ငြိမ်သွားခဲ့သည်။ လောကဓံကို ကြံ့ကြံ့ခံနိုင်သော လူငယ်တစ်ယောက်အနေနဲ့ စိတ်ဓာတ်ကျစရာ ဂိမ်းတစ်ပွဲ နှစ်ပွဲလောက် ဆော့မိခြင်းက သူ့အတွက်တော့ လက်ခံနိုင်စရာပင်။ သူသည် သူ့ကိုယ်သူ လောကကြီးထဲက ဖုန်မှုန့်လေးတစ်စလို သဘောထားလိုက်ပြီး အသက်ကို ပြင်းပြင်းရှူသွင်း ရှူထုတ် လုပ်လိုက်သည်။
"ဟူး... ကောင်းတဲ့ဘက်ကပဲ ကြည့်ရမှာပေါ့၊ ဒါက အိပ်မက်ဆိုးအဆင့် တစ်ကိုယ်တော်ရှင်သန်ခြင်းမုဒ်လေ၊ ရလာတဲ့ အပို EXP နဲ့ ဂိမ်းဒင်္ဂါးတွေက အဖွဲ့လိုက်ရှင်သန်ခြင်းမုဒ်ရဲ့ စံနှုန်းလောက် ရှိတာပဲ"
သူ တွေးလိုက်သည်။
"ပြီးတော့ ပစ္စည်းကိရိယာတွေလည်း ထပ်နှိုက်လို့ ရသေးတာပဲ၊ အဲ့ဒီ ကြောက်စရာကောင်းတဲ့ ဇာတ်သိမ်းကို မေ့ပစ်လိုက်တာ ပိုကောင်းမယ်"
တကယ်တမ်းတွင် ဇာတ်လမ်းတစ်ခုလုံးကို ပြန်ကြည့်ရင် ဖုန်းပုကြွယ်အနေဖြင့် ယခုကဲ့သို့ ဇာတ်လမ်းကို အောင်မြင်စွာ ရှင်းလင်းနိုင်ခြင်းက အတော်လေး ကံကောင်းသည်ဟု ပြောလို့ရပေသည်။ ဇာတ်လမ်းသည် 'ချက်ချင်းသေစေနိုင်သည့် အမှားများ' ဖြင့် ပြည့်နှက်နေပြီး တစ်ခုခု မှားယွင်းလိုက်သည်နှင့် ဂိမ်းက ချက်ချင်း ပြီးသွားမည် ဖြစ်သည်။ အစောပိုင်းက အဖြူအမည်း ကမ္ဘာသည် ကစားသမားများ၏ ကြောက်ရွံ့မှုအမှတ်ကို စမ်းသပ်နေခြင်း ဖြစ်သည်။ ဖုန်းပုကြွယ်သည် ကြောက်ရွံ့မှုခံစားချက် ဆုံးရှုံးနေသူတစ်ဦး ဖြစ်သော်ငြား ၂၃ နှစ်လုံးလုံး ကြောက်တတ်သော လူသားတစ်ယောက်အဖြစ် နေထိုင်လာခဲ့သူမို့ ထိုအရာများက မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သူကောင်းကောင်း သိပေသည်။ သူတစ်ယောက်သာ တုံ့ပြန်မှု မရှိခြင်းဖြစ်သည်။ အခြားကစားသမားများသာဆိုပါက ကြောက်ရွံ့စိတ်ကြောင့် ရွေးချယ်မှုအမှားများ လုပ်မိသွားနိုင်သည်။
စနစ်က ဖန်တီးပေးသော ဇာတ်လမ်းများသည် ကစားသမား၏ ဇာတ်ကောင်အပေါ်တွင် မူတည်သောကြောင့် ဖုန်းပုကြွယ်အနေဖြင့် လူသစ်လေ့ကျင့်ရေးမှ လွဲ၍ တစ်ကိုယ်တော်ရှင်သန်ခြင်းမုဒ်သို့ ဝင်တိုင်း လျှို့ဝှက်ချက်ဖော်ထုတ်ရသည့် ဇာတ်လမ်းများနှင့်သာ ကြုံနေတတ်သည်။ အချိန်အကန့်အသတ်နှင့် ခြောက်ခြားမှုများကြားတွင် တိုက်ခိုက်ဖို့က အခွင့်အရေး မရှိသလောက်ပင်။ နေရာတိုင်း၌ ချက်ချင်း သေနိုင်သည့်အမှားများ စောင့်ကြိုနေတတ်ပေသည်။
သိပ်မကြာခင် ဖုန်းပုကြွယ်က တစ်စုံတစ်ခုကို သဘောပေါက်သွားခဲ့သည်။ သူ့တွင် ကြောက်ရွံ့မှုအမှတ် မရှိခြင်းကို အသုံးချ၍ တစ်ကိုယ်တော်ရှင်သန်ခြင်းမုဒ်၌ EXP ရှာဖို့က ထင်သလောက် မလွယ်ကူလှပေ။ EXP ရရန်အတွက် ဇာတ်လမ်းကို အောင်မြင်အောင် ရှင်းလင်းနိုင်ဖို့က ပထမဦးစားပေး ဖြစ်သည်။ တစ်ကိုယ်တော်ရှင်သန်ခြင်းမုဒ်တွင် သေသွားခဲ့ပါက ဘာ EXP မှ ရမည် မဟုတ်ပေ။ သို့သော်လည်း အဖွဲ့လိုက်ဇာတ်လမ်းတွင်တော့ အချိန်တူတူ ပေးရသော်ငြား လမ်းမှာ သေသွားလျှင်ပင် အဖွဲ့သားများက ဇာတ်လမ်းကို ပြီးဆုံးအောင်ဆော့ကစားနိုင်ပါက မိမိ၏ပါဝင်ကူညီမှုအပေါ် မူတည်၍ EXP ရဦးမည် ဖြစ်သည်။
ဤနှစ်ခုကို နှိုင်းယှဉ်ကြည့်လျှင် အဖွဲ့လိုက်မုဒ်က ပိုအဆင်ပြေကြောင်း သိသာပေသည်။ အဘယ်ကြောင့်ဆိုသော် အဖွဲ့လိုက်မုဒ်က အမှားအယွင်းကို ပိုခံနိုင်ရည်ရှိသောကြောင့်ပင်။ ဥပမာ - အမဲလိုက်ကျွန်းဇာတ်လမ်းတွင် ကစားသမား ၅ ယောက်ထဲမှ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားကြသော်လည်း နောက်ဆုံး၌ ဇာတ်လမ်းကို ရှင်းလင်းနိုင်ခဲ့ဆဲဖြစ်သည်။
...
ရင်းနှီးနေသော အဖြူရောင်အလင်းတန်းများ စုစည်းလာပြီး ဖန်ပြွန်ထဲတွင် ကတ်နှစ်ကတ် ပေါ်လာလေသည်။ ပဟေဠိကတ်များတွင် နာမည်သာ ပါရှိပြီး အသေးစိတ်ဖော်ပြချက်တော့ မရှိချေ။ ဖုန်းပုကြွယ်က ကတ်နှစ်ကတ်ကို လက်ထဲ ကိုင်ထားလိုက်သည်။ ၎င်းတို့မှာ 'ပဟေဠိကတ် - နေကာမျက်မှန်' နဲ့ 'ပဟေဠိကတ် - လည်ပတ်ခြင်း' တို့ ဖြစ်ကြသည်။ အခြေခံအားဖြင့်တော့ ၎င်းတို့နှစ်ခုသည် နဲနဲလေးမှ မပတ်သက်ပေ။ အကယ်၍ သူ့မှာ ရှိပြီးသား 'ပဟေဠိကတ် - မျောက်' နဲ့ ပေါင်းစပ်လိုက်မည်ဆိုပါက...
ဖုန်းပုကြွယ်စိတ်ထဲတွင် ပေါ်လာသော ပုံရိပ်မှာ နေကာမျက်မှန် တပ်ထားသည့် မျောက်တစ်ကောင်က ခြေတစ်ဖက်တည်း ရပ်နေပြီး နေရာတွင် ချာချာလည်နေသည့် ပုံစံမျိုးပင်။
"အင်း... ဒါကတော့ မဖြစ်နိုင်လောက်ဘူး ထင်တယ်"
သူက သူ့ဘာသာ တွေးလိုက်သည်။
သို့သော်လည်း ကတ်စနစ် ထွက်လာပြီဖြစ်သောကြောင့် သူစမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သူ၏ ပစ္စည်းသိုလှောင်ခန်းထဲမှ ပဟေဠိကတ် - မျောက်ကို ထုတ်ယူလိုက်ပြီး ကတ်သုံးကတ်လုံးကို လက်ထဲတွင် ကိုင်လိုက်သည်။ သူသည် မီနူးကို ဖွင့်၍ 'ပေါင်းစပ်ခြင်း' ကို ရွေးချယ်လိုက်၏။
စနစ်က ပေးလာသော အကြောင်းကြားစာမှာ "ယုတ္တိရှိတဲ့ အစီအစဉ်ကို ရှာမတွေ့ပါ"ဟူ၏။ တစ်နည်းအားဖြင့် ထိုကတ်သုံးကတ်ထဲမှ နှစ်ကတ်ဖြစ်စေ၊ သုံးကတ်လုံးဖြစ်စေ ပေါင်းစပ်လိုက်ပါက တစ်စုံ မဖြစ်နိုင်ဘူးဟု ဆိုလိုခြင်းဖြစ်သည်။
ထိုကြောင့် ဖုန်းပုကြွယ်သည် ကတ်သုံးကတ်လုံးကို သူ့သိုလှောင်ခန်းတွင်သာ သိမ်းဆည်းထားရန် ဆုံးဖြတ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် သူ့ရဲ့ သိုလှောင်ခန်း ၁၀ နေရာလုံးက အားနေတာပဲလေ။
"ဘာပဲဖြစ်ဖြစ် ကတ်တစ်စုံပြည့်ရင်တော့ ထူးကဲနဲ့ အထက် ပစ္စည်းကိရိယာတွေကို ၁၀၀ ရာခိုင်နှုန်း သေချာပေါက် ရနိုင်တာပဲ"
သူ တွေးလိုက်သည်။
သူသည် ဈေး၏ လေလံခန်းမတွင် ကတ်တစ်စုံကို ရှာကြည့်ခဲ့သေးသော်လည်း မတွေ့ခဲ့ရချေ။ ဖြစ်နိုင်သည်က ဂိမ်းတရားဝင်ကာလသည် ယခုမှ စတင်ခြင်းဖြစ်၍ ပဟေဠိကတ်များ ရှားပါးနေခြင်း သို့မဟုတ် ကစားသမားများက ယင်းကို 'ပြည့်စုံ' အဆင့်ရှိ ပစ္စည်းကိရိယာများ ရနိုင်မည့် အထိရောက်ဆုံး နည်းလမ်းတစ်ခုဟု ယူဆပြီး မရောင်းကြခြင်းလည်း ဖြစ်နိုင်ပေသည်။ နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုမှာ... ပဟေဠိကတ်တစ်ခုဖြစ်နေသရွေ့ လေလံတင်လိုက်သည်နှင့် ချက်ချင်း အရောင်းထွက်သွားတာမျိုး ဖြစ်နိုင်သောကြောင့် ဖုန်းပုကြွယ် လေလံခန်းမကို သွားသည့်အချိန်တွင် မတွေ့မိခြင်းလည်း ဖြစ်နိုင်ပေသည်။
မည်သို့ပင်ဖြစ်စေ ဖုန်းပုကြွယ်ကတော့ ထိုကတ်များကို အလွယ်တကူ ရောင်းချမည် မဟုတ်ပေ။ အဓိကအကြောင်းရင်းက သူသည် ဤကတ်စနစ်ကို အတော်လေးစိတ်ဝင်စားနေပြီး မည်သို့သောအတွဲအစပ်မျိုး ထွက်လာမည်ကို ကြည့်ချင်သောကြောင့်ဖြစ်သည်။
"ကောင်းပြီ... ငါ ဘေ့စ်ဘောတုတ်လိုမျိုး ပစ္စည်းကို နှစ်ခါဆက်တိုက် နှိုက်မိမယ်လို့တော့ မယုံဘူးကွ"
သူက လူသတ်ချင်သော အမူအရာဖြင့် နောက်ဖန်ပြွန်တစ်ခုဆီ လျှောက်သွားလိုက်သည်။ စနစ်၏ အကြောင်းကြားချက်ပင် မဆုံးသေးဘဲ သူက ပစ္စည်းကိရိယာဆုလာဘ်ကို ရွေးချယ်လိုက်တော့သည်။
ယခုတစ်ကြိမ် ဖွဲ့စည်းလာသော အဖြူရောင်အလင်းတန်းသည် ဘေ့စ်ဘောတုတ် သို့မဟုတ် ကျောက်ခဲ မဟုတ်သည်တော့ သေချာပါသည်။ သို့သော် ပစ္စည်း၏ ပုံသဏ္ဍာန်ကို ကြည့်၍ ဖုန်းပုကြွယ် စိတ်ထဲတွင်တော့ မကောင်းသော ခံစားချက်တစ်ခု ဝင်လာခဲ့သည်။
"အမည် - ကြေးရုပ် ၁၈ ဖော်၏ ထိုင်ခုံ (နံပါတ် ၅)
ပစ္စည်းအမျိုးအစား - လက်နက်
အရည်အသွေး - ညံ့ဖျင်း
တိုက်ခိုက်မှုအမှတ် - အတော်လေး အားနည်းသည်
ဂုဏ်သတ္တိ - မရှိပါ
အထူးအာနိသင် - လူသားပုံစံ သတ္တဝါများကို တိုက်ခိုက်သည့်အခါ ၎င်းမှာ ပျက်စီးသွားခြင်း မရှိဘဲ ပစ်မှတ်ကို သွေးထွက်သံယို ဖြစ်စေနိုင်သည့် အခွင့်အလမ်း အနည်းငယ် ရှိသည်။
မှတ်ချက် - ဒီထိုင်ခုံကို အရပ်သားတွေရဲ့အိမ်မှာ ဝှက်ထားလို့ရပါတယ်။ မင်းရဲ့ လူသတ်လိုစိတ်ကို ဖုံးကွယ်ဖို့ အဲ့ဒါပေါ်မှာ ထိုင်နေလို့လည်း ရပါတယ်။ ဒါကို လက်နက်လို့ မသတ်မှတ်တာမို့လို့ ရဲဖမ်းခံရရင်တောင် မင်းကို တရားစွဲနိုင်မှာ မဟုတ်ဘူး။ အဲ့ဒါကို ဈေးကွက်ထဲက အကောင်းဆုံး လက်နက်ခုနစ်မျိုးထဲမှ တစ်ခုဆိုပြီး လူသိများကြတယ်"
ထိုင်ခုံမျက်နှာပြင်က အဝိုင်းပုံစံဖြစ်ပြီး အောက်ခြေတွင် လှေကားထစ်ပုံစံ အထောက်အပံ့များ ပါရှိသည်။ ၎င်းကို သံနှင့်ပြုလုပ်ထားပြီး အနက်ရောင် ရှိ၏။ ဂိမ်းဖော်ပြချက်အတိုင်း 'ညံ့ဖျင်း' ဟူသည့် အရည်အသွေးနဲ့ ကွက်တိပင်။ ဟောင်းနွမ်းပြီး အပြစ်အနာအဆာများ ရှိသော်ငြား ဘာမှမရှိတာထက်စာရင်တော့ ကောင်းပါသေးသည်။
အခန်း (၁၁၆)
ရှောင်တန်တို့အဖွဲ့ ဂိမ်းထဲတွင် ရှိနေဆဲဖြစ်ကြောင်း လူမှုဆက်ဆံရေးတက်ဘ်တွင် မြင်နေရသဖြင့် ဖုန်းပုကြွယ်သည် ခြောက်လှန့်သေတ္တာဆီသို့ တစ်ခေါက် ပြန်သွားကြည့်လိုက်ပြန်သည်။ နေ့လယ်ပိုင်းနှင့် နှိုင်းယှဉ်လျှင် အိုင်တမ်အရေအတွက်မှာ သုံးဆခန့် တိုးပွားနေပြီး ဆက်လက်၍လည်း များပြားလာနေဆဲပင်။ ယခုတစ်ကြိမ်တွင်မူ အိုင်တမ်အမည်များကိုသာ လိုက်ကြည့်လျှင်ပင် အကုန်ဖတ်နိုင်မည် မဟုတ်တော့ချေ။ ထို့ကြောင့် သူသည် အကြမ်းဖျင်းရှာဖွေသည့် စနစ်ကိုသာ အသုံးပြု၍ လိုက်လံကြည့်ရှုတော့သည်။
မသိလိုက်မသိဘာသာဖြင့် တစ်နာရီခန့် ကုန်ဆုံးသွားခဲ့သည်။ ဖုန်းပုကြွယ်သည် လော့ဂ်အင်နေရာသို့ ပြန်လာပြီး သူငယ်ချင်းတက်ဘ်ကို စစ်ဆေးကြည့်သောအခါ ရှောင်တန်တို့အဖွဲ့၏ အခြေအနေမှာ 'အနားယူနေသည်' ဟု ပြောင်းလဲနေသည်ကို တွေ့လိုက်ရ၏။ သူတို့သုံးယောက်လုံး ဇာတ်လမ်းထဲမှ တစ်ချိန်တည်း ထွက်လာခြင်းဖြစ်၍ ဖြစ်နိုင်ခြေ နှစ်ခုသာ ရှိပေသည်။ တစ်ခုမှာ သုံးယောက်လုံး တစ်ပြိုင်နက် သေဆုံးသွားခြင်းဖြစ်ပြီး အခြားတစ်ခုမှာမူ ဇာတ်လမ်းကို အောင်မြင်စွာ ရှင်းလင်းနိုင်ခဲ့၍ တယ်လီပို့လုပ်ခြင်း ခံလိုက်ရခြင်းပင်။
ဖုန်းပုကြွယ်ကမူ ဒုတိယဖြစ်နိုင်ခြေက ပိုများမည်ဟု ယုံကြည်နေသည်။ အဓိကမှာ အမျိုးသမီးနှစ်ဦး၏ တိုက်ခိုက်ရေးစွမ်းရည်ကို သူယုံကြည်သောကြောင့်ပင်။ သူသည် အသံဖြင့် ဆက်သွယ်မှု မလုပ်တော့ဘဲ သူတို့သုံးယောက်လုံးကို သူ့အစည်းအဝေးခန်းမထဲသို့ တိုက်ရိုက် ဖိတ်ခေါ်လိုက်သည်။ ရှောင်တန်သည် မက်ဆေ့ချ်ကို လက်ခံရရှိပြီးနောက် ဖုန်းပုကြွယ်ကို အဖွဲ့ထဲသို့ ဝင်ရန် ပြန်လည်ဖိတ်ခေါ်ပြီး အဖွဲ့ခေါင်းဆောင်အာဏာကိုပါ လွှဲပေးလိုက်လေသည်။
ရီရူလီက အခန်းထဲသို့ ပထမဆုံး ဝင်လာသူဖြစ်သည်။ သူမသည် ဖုန်းပုကြွယ်၏ မျက်နှာအမူအရာကို ကြည့်ကာ သူမ၏ ဗီဇအတိုင်း ထက်မြက်သော မေးခွန်းတစ်ခုကို မေးလိုက်၏။
"ရှင် သတ်ဖြတ်ခြင်းဂိမ်းမှာ ရှုံးလာတာလား"
"အဲ့လိုပဲ ပြောရမလားပဲ"
ဖုန်းပုကြွယ်က ပြန်ဖြေလိုက်သည်။
ထိုစဉ် တံခါးက ဒုတိယအကြိမ် ပွင့်လာပြီး ရီရူယွီဝင်လာကာ သူတို့စကားဝိုင်းကို ကြားဖြတ်ပြောလိုက်သည်။
"ခေါင်းဆောင်ကြီး... ရှုံးရင်လည်း ရှုံးတယ်ပေါ့၊ 'အဲ့လိုပဲ ပြောရမလားပဲ' ဆိုတာက ဘာသဘောလဲ"
"အဲ့ဒါကို မပြောကြရအောင်ပါ"
ဖုန်းပုကြွယ်သည် ထိုစကားမှလွဲ၍ အခြားပြန်ပြောစရာ မရှိတော့သလို ခံစားလိုက်ရသည်။
တံခါး ပြန်ပိတ်သွားပြီးနောက် နောက်တစ်ကြိမ် ထပ်ပွင့်လာပြန်ရာ ရှောင်တန် ဝင်လာခဲ့သည်။ သူသည် လက်ထဲတွင် စားစရာမုန့်များကို ကိုင်ထားပြီး ပါးစပ်မှလည်း တတွတ်တွတ် ရေရွက်နေ၏။
"ယို... အစ်ကိုပုကြွယ်၊ မင်းက ဒီပုံစံနဲ့ ဂျိုကာကို အတုခိုးနေတာလား"
"ဟုတ်တယ်... ငါ့ဘာသာ ပြင်ထားတာလေ"
ဖုန်းပုကြွယ်က ဂုဏ်ယူစွာဖြင့် ပြန်ဖြေလိုက်သည်။
"အမြင်ကတော့ သိပ်မကောင်းဘူး"
ရီရူလီ၏ မှတ်ချက်က သူ၏ တက်ကြွမှုကို ရေအေးဖြင့် လောင်းချလိုက်သလို ဖြစ်သွား၏။
"အင်း..."
ဖုန်းပုကြွယ်သည် ချက်ချင်းပင် အလေးအနက်ဖြစ်ဟန် ဟန်ဆောင်လိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။
"အဲ့ဒါနဲ့ ပတ်သက်ပြီးတော့... သတ်ဖြတ်ခြင်းမုဒ် အပြင်၊ အိပ်မက်ဆိုးအဆင့် တစ်ကိုယ်တော်ရှင်သန်ခြင်းမုဒ်ကိုလည်း ငါ စမ်းကြည့်ခဲ့သေးတယ်"
"နောက်ဆုံးတော့ ဇာတ်လမ်းကို ရှင် မရှင်းနိုင်ခဲ့ဘူး မဟုတ်လား"
ရီရူယွီက ကောက်ကျစ်သောအပြုံးဖြင့် မေးလာသည်။
"ငါ ရှင်းနိုင်ခဲ့ပါတယ်..."
ဖုန်းပုကြွယ်၏ အမူအရာက အထီးကျန်ဆန်သည့်ဟန် ဖြစ်သွားသည်။
"ဒါပေမဲ့ ဇာတ်လမ်းကို ရှင်းပြီးတဲ့နောက် ခံစားချက်က ဘယ်လိုပြောရမလဲ... လမ်းမှာတင် သေသွားတာကမှ ပိုကောင်းဦးမယ်"
"ဒါဆိုရင်တော့ ဇာတ်ကွက်ကြောင့်ပဲ ဖြစ်ရမယ်"
ရီရူလီက တစ်ခုခု ရိပ်မိသွားသည်။
"ဟင်း... ဘာပဲဖြစ်ဖြစ်၊ မင်းတို့ကိုတော့... အထူးသဖြင့် ရှောင်တန်ကို အဲ့ဒီလို ဂိမ်းမျိုးဆော့ဖို့ အကြံမပေးဘူး"
ဖုန်းပုကြွယ်က ဆိုသည်။
"မင်းဆော့ခိုင်းရင်တောင် ငါသွားမှာမဟုတ်ဘူး၊ အိပ်မက်ဆိုး မဟုတ်တဲ့ တစ်ကိုယ်တော်မုဒ်တောင် မဆော့ရဲပါဘူး"
ရှောင်တန်က ပြန်ပြောသည်။
ရီရူယွီက မျက်မှောင်ကြုတ်ကာ သူ့ကို အထင်သေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။
"အဖွဲ့လိုက်မုဒ် ဆော့တုန်းကတော့ ရှင်အတော်လေး သောင်းကျန်းနေခဲ့တာ မဟုတ်လား၊ ကျွန်မတို့က ဂိုဏ်းတူတွေမို့လို့ ကျွန်မတောင် ရှက်မိတယ်..."
"ထားလိုက်ပါတော့၊ နောက်ပိုင်းကျရင် မင်း နေသားကျသွားမှာပါ၊ ရှောင်တန်က ဂိမ်းထဲကနေ လိုင်းမပြုတ်ဘဲ အဆုံးထိ ရှင်သန်နိုင်ခဲ့တာပဲ၊ အဲ့ဒါကြောင့် သူ တော်တော်လေး စွမ်းဆောင်နိုင်တယ်ဆိုတာတော့ ဝန်ခံရမှာပဲ"
ဖုန်းပုကြွယ်က ကြားဝင်ပြောပေးလိုက်သည်။
"အင်း... မင်းက ငါ့ကို ကူညီတဲ့လေသံနဲ့ အဲ့ဒီလို ပြောတာကတော့... တော်တော် အရေထူတာပဲ"
ရှောင်တန်က ဝမ်းနည်းစွာဖြင့် မုန့်ကို ပါးစပ်အပြည့် ထပ်မြိုချလိုက်သည်။
ဖုန်းပုကြွယ်က သူ့ကို လျစ်လျူရှုလိုက်ပြီး အလုပ်ကိစ္စကို စပြောလိုက်သည်။
"ကောင်းပြီ... နောက်တစ်ပွဲအကြောင်း ပြောကြရအောင်၊ ငါတို့ လေးယောက်လုံး ရှိနေတာဆိုတော့ အတူတူ ဆော့ချင်တယ်ဆိုရင် သတ်ဖြတ်ခြင်းဂိမ်းမှာ ၂ ယောက်ချင်းစီ ခွဲဆော့မလား၊ ဒါမှမဟုတ် အဖွဲ့လိုက်ရှင်သန်ခြင်းမုဒ် ဆော့မလား"
"ရှင် ကျွန်မတို့နဲ့ အဖွဲ့လိုက်ရှင်သန်ခြင်းမုဒ် မဆော့ဖူးသေးဘူး မဟုတ်လား၊ ဒါဆို အဲ့ဒါ တစ်ပွဲလောက် ဆော့ကြတာပေါ့"
ရီရူလီက ပြန်ဖြေသည်။
"သဘောတူတယ်"
ရီရူယွီက ဆိုသည်။
"ငါလည်း ထောက်ခံတယ်"
ရှောင်တန်က ဖြည့်စွက်ပြောလိုက်၏။
"နောက်ပြီးတော့... ဒီဇာတ်လမ်းပြီးရင် ကျွန်မတို့ မိန်းကလေးတွေ လိုင်းပေါ်က ဆင်းတော့မယ်"
ရီရူလီက ပြောသည်။
"နားလည်ပါတယ်... ဂိမ်းသေတ္တာထဲမှာ အကြာကြီး အိပ်နေရတာက ကျန်းမာရေးအတွက် မကောင်းဘူးလေ"
ဖုန်းပုကြွယ် ပြုံးလိုက်သည်။ သူသည် ရီရူလီ နေ့လယ်က ပြောခဲ့သည်ကို မှတ်မိနေဆဲပင်။
"မင်းတို့လည်း လိုင်းပေါ်ရောက်ကတည်းက အဖွဲ့လိုက်ဇာတ်လမ်း အရှည်ကြီးနှစ်ပွဲ ရှင်းပြီးလောက်ပြီ မဟုတ်လား၊ နောက်ထပ် တစ်ပွဲဆိုရင်တော့ နားဖို့ လိုအပ်နေပြီ"
"ဒါဆို အစည်းအဝေးခန်းထဲမှာ ထိုင်နေကြတုန်းပဲမို့လို့ ဂိမ်းထဲမဝင်ခင် တစ်ယောက်နဲ့တစ်ယောက်ရဲ့ အခြေအနေတွေကို သိထားသင့်တယ်"
ရီရူလီက ဆိုသည်။
"မင်းပြောတာ အဓိပ္ပါယ်ရှိတယ်၊ ဒါမှလည်း ဇာတ်လမ်းထဲရောက်မှ ကိုယ့်အဖွဲ့သားတွေအကြောင်းကို လိုက်စုံစမ်းနေစရာ မလိုတော့မှာပေါ့"
ဖုန်းပုကြွယ်က ခေါင်းညိတ်လိုက်သည်။
"မဟုတ်ရင် အဖွဲ့ဖွဲ့ရတဲ့ အဓိပ္ပာယ် မရှိတော့ဘူး"
ပုံစံပြသည့်အနေဖြင့် ရီရူလီက စတင် ပြောလိုက်သည်။
"ကျွန်မက အခု အဆင့် ၁၅ ပါ၊ ကျွန်မရဲ့ ဘွဲ့အမည်က [ဒြပ်စင်ဓားသမား] အဖြစ် ပြောင်းသွားပြီ၊ ဘွဲ့ထူးစွမ်းရည်ကတော့ စိတ်ဝိညာဉ်သတ္တဝါတွေကို တိုက်ခိုက်တဲ့အခါ လက်နက်တွေရဲ့ ထိခိုက်မှုကို အလိုအလျောက် မြင့်တက်စေတာပါ၊ ကျွန်မရဲ့ အမြင့်ဆုံး ကျွမ်းကျင်မှုက တိုက်ခိုက်ရေးအဆင့် D ဖြစ်ပြီး၊ အားအနည်းဆုံးကတော့ ကုသရေးနဲ့ ဆင့်ခေါ်ခြင်းပါ၊ အဲ့ဒါတွေကတော့ မပွင့်သေးဘူး၊ ကျွန်မရဲ့ အဓိကလက်နက်ကို အခုလေးတင် ပြောင်းထားတာမို့လို့ ဒီတစ်ခုကတော့ အတော်လေးကြာအောင် သုံးရလိမ့်မယ်"
သူမက ပြောရင်းနှင့် သူမအိတ်ထဲမှ အိုင်တမ်တစ်ခုကို အစည်းအဝေးစားပွဲပေါ်သို့ သုံးဖက်မြင်ပုံရိပ်အနေဖြင့် ထုတ်ပြလိုက်သည်။ အချက်အလက်များကို တစ်ချက်ကြည့်ရုံဖြင့် ရှင်းရှင်းလင်းလင်း မြင်ရသည်။
အမည် - မြင့်မြတ်ချိပ်တံဆိပ်
ပစ္စည်းအမျိုးအစား - လက်နက်
အရည်အသွေး - ပုံမှန်
တိုက်ခိုက်မှုအမှတ် - အလယ်အလတ်
ဂုဏ်သတ္တိ - မရှိပါ
အထူးအာနိသင် - အသုံးပြုသူ၏ မှော်စွမ်းရည် ပြန်လည်ပြည့်ဖြိုးမှုနှုန်းကို ၅၀ ရာခိုင်နှုန်း မြင့်တက်စေသည်။
အသုံးပြုရန်လိုအပ်ချက် - တိုက်ခိုက်ရေး အဆင့် D
မှတ်ချက် - ဤဓား၏ အစစ်အမှန်စွမ်းအားကို ချိပ်ပိတ်ထားသည်။ မိစ္ဆာဝိညာဉ်များကို သတ်မှတ်ထားသည့် အရေအတွက်အတိုင်း သတ်ဖြတ်ပြီးသောအခါ ချိပ်ပိတ်မှု ပွင့်သွားမည်ဖြစ်ပြီး ဓားသည် ၎င်း၏ စွမ်းအားအပြည့်အဝကို ထုတ်ဖော်နိုင်လိမ့်မည်။
"အိုး... ဒါက တော်တော်လေး အစွမ်းထက်တာပဲ၊ ဒါက မှော်လက်နက်တော့ မဟုတ်ဘူး၊ ဒါပေမဲ့ တိုးတက်နိုင်တဲ့ ပစ္စည်းတစ်ခုပဲ"
ဖုန်းပုကြွယ်က ဆိုသည်။
"မှော်လက်နက်လား"
ကျန်သုံးယောက်က သူ့ကို စူးစမ်းစွာ ကြည့်လာသည်။
ထို့ကြောင့် ဖုန်းပုကြွယ်သည်လည်း သူ၏ သေမင်းဖဲချပ်ကို စားပွဲပေါ်တွင် အချက်အလက်များအဖြစ် ထုတ်ပြလိုက်ပြီး ရီရူလီကို အတုယူကာ သူ့အခြေအနေကို ရှင်းပြလိုက်တော့သည်။
ယခု ဖုန်းပုကြွယ်၏ လက်ရှိအခြေအနေကို ကျွန်ုပ်၏ နတ်ဘုရားအမြင်ဖြင့် အသေးစိတ် ဖော်ပြပေးပါမည်။
ဘွဲ့အမည် - ဇာတ်ကွက်စူးစမ်းရှာဖွေသူ ၊ EXP - ၁၁၀၀၀/၁၅၀၀၀ ၊ စကေးအမှတ် - ၁၅၈၀ ၊ ဂိမ်းဒင်္ဂါး - ၂၀၄၆၀၀
ကျွမ်းကျင်မှု - အထွေထွေစွမ်းရည် D ၊ လက်မှုပညာ E ၊ ထောက်လှမ်းရေး E ၊ တိုက်ခိုက်ရေး D (မျက်နှာဖုံးမှ အပိုဆု) ၊ ပစ်ခတ်ရေး D ၊ ကုသရေး F ၊ မှော်အတတ် F ၊ ဆင့်ခေါ်ခြင်း NA
ပစ္စည်းသိုလှောင်ခန်း ၇/၁၀ - မာရီယို၏ ဂွ၊ ရန်လိုမှုမျက်လုံး၊ M1911A1 ပစ္စတို (ကျည်ဆံ ၂ တောင့် ကျန်) ၊ အက်ခိုးချပ်ဝတ် ၊ အသက်ဖြည့်ဆေး (M) x ၄ ၊ ဓားမြှောင် ၊ လက်နှိပ်ဓာတ်မီး
တပ်ဆင်ထားသော ပစ္စည်းများ - ဂျက်ဇ်အက၊ ကေစီဂျုံးစ်၏ မျက်နှာဖုံး ၊ သေမင်းဖဲချပ်
ကတ်သိုလှောင်ခန်း ၃/၁၀ - ပဟေဠိကတ် - မျောက် ၊ ပဟေဠိကတ် - နေကာမျက်မှန် ၊ ပဟေဠိကတ် - လည်ပတ်ခြင်း
စကေးများ - အလျင်အမြန်ပြင်ဆင်ခြင်း၊ ကောင်ဆိုးလေး၏ အောက်ပိုင်းဝိုက်ကန်ချက်၊ ခန္ဓာကိုယ်မြှင့်တင်ခြင်းမန္တန်၊ အပြတ်အသတ်အောင်နိုင်ခြင်း
ဖုန်းပုကြွယ်၏ မိတ်ဆက်ခြင်းကို ကြားပြီးနောက် ကျန်သုံးယောက်လုံး အံ့အားသင့်သွားကြသည်။ မှန်ပေသည် သူကတော့ အသေးစိတ်ဖော်ပြချက်များကို အကုန်မပြောခဲ့ချေ။ ရီရူလီ၏ နည်းလမ်းကို အတုယူ၍ သူ၏ ဘွဲ့အမည်၊ စကေးများ၊ အမြင့်ဆုံးကျွမ်းကျင်မှုနှင့် မပွင့်သေးသော စွမ်းရည်များကိုသာ ပြောပြခဲ့ခြင်းဖြစ်သည်။ ထို့ပြင် သေမင်းဖဲချပ်ကိုလည်း ထုတ်ပြခဲ့သည်။
သို့သော်လည်း ထိုအချက်အလက်များကိုအခြေခံ၍ သူသည် အလွန်အစွမ်းထက်ကြောင်း ဆုံးဖြတ်ရန် လုံလောက်နေပြီဖြစ်သည်။ အမှန်တကယ်တွင် အဆင့် ၁၅ ကစားသမားတစ်ဦးအတွက် ရီရူလီသည် ပုံမှန်ကစားသမားများထဲ၌ အမြင့်ဆုံးအဆင့်တွင် ရှိနေသူဖြစ်သည်။ သူမနှင့် ပရော်ဖက်ရှင်နယ် ကစားသမားတစ်ဦးကြား၏ ကွာခြားချက်မှာ လိုင်းပေါ်ရှိနေသည့် အချိန်နှင့် ဂိမ်းအပေါ် ထားရှိသည့် သဘောထားသာ ဖြစ်သည်။ အဆင့်တူ၊ ပစ္စည်းတူလျှင်ပင် ရီရူလီ၏ တိုက်ခိုက်ရေးစွမ်းရည်သည် ကျန်းဟူဂိုဏ်းမှ ရယ်မောနေသောဓားသွား သို့မဟုတ် ဗြဟ္မာဂိုဏ်းမှ နတ်ဘုရားလေးပါးတို့ထက် အားနည်းလိမ့်မည် မဟုတ်ချေ။ သို့သော်လည်း သူမသည် တိုက်ခိုက်ရေးကျွမ်းကျင်မှုတွင် အဆင့် D ကိုသာ ရောက်ရှိသေးပြီး မည်သည့်မှော်လက်နက်မှ မပွင့်သေးပေ။
ဖုန်းပုကြွယ်လိုလူအတွက်မူ ဆင့်ခေါ်ခြင်းမှလွဲ၍ ကျွမ်းကျင်မှုအားလုံး ပွင့်နေပြီဖြစ်သည်။ ထို့အပြင် သူသည် အဆင့် D သုံးခုနှင့် အဆင့် E နှစ်ခုအထိ ရှိနေခဲံသည်။ ပစ္စည်းကိရိယာများမှ ရရှိသော အပိုဆုများကို ထည့်မတွက်လျှင်ပင် သူ၏ ဘက်စုံစွမ်းရည်မှာ အခြားသူများ အိပ်မက်ပင် မက်ရဲသည့် အရာမျိုး ဖြစ်နေပေပြီ။
မှန်ပါသည်၊ ဖုန်းပုကြွယ်အနေဖြင့် လက်ရှိကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိရန်အတွက် ဖုံးကွယ်ထားသော အန္တရာယ်များစွာ ရှိနေပါသည်။ ကျွမ်းကျင်မှုတစ်ခု သို့မဟုတ် နှစ်ခုကိုသာ အထူးပြုသော ကစားသမားများနှင့် နှိုင်းယှဉ်လျှင် သူ၏ အထင်ရှားဆုံး အားနည်းချက်မှာ လက်တွေ့တိုက်ခိုက်ရေး အတွေ့အကြုံ မရှိခြင်းပင်။ ယင်းကို ပြေးဝင်လာသော ဓားသွားနှင့် တိုက်ပွဲတွင် မြင်တွေ့နိုင်သည်။ ထို့အပြင် ယခုအချိန်အထိ သူ့တွင် အဓိကတိုက်ခိုက်ရေးအတွက် အသုံးပြုနိုင်သော တိုက်ခိုက်ရေးစကေး မရှိသေးပေ။ ခန္ဓာကိုယ်မြှင့်တင်ခြင်းမန္တန်သည် သူ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကိုသာ တိုးမြင့်ပေးခြင်း ဖြစ်သည်။ တိုက်ခိုက်ရေးအကြောင်း ဘာမှမသိသော သူကဲ့သို့ ကစားသမားတစ်ဦးအတွက်မူ ၎င်းသည် ထရပ်ကားကြီးထဲကို ဓာတ်ဆီလောင်းထည့်လိုက်သလိုမျိုးပင်... တကယ်တော့ ဒီဇယ်ထည့်တာက ပိုမှန်ပါလိမ့်မည်။
ကစားသမားတစ်ဦး၏ ကိုယ်ပိုင်အရည်အချင်းနှင့် ဇာတ်ကောင်၏ စွမ်းရည်ဟူသည် မတူညီသော အယူအဆနှစ်ခု ဖြစ်သည်။ ဖုန်းပုကြွယ်၏ ဘွဲ့စွမ်းရည်ဖြစ်သော အပြတ်အသတ်အောင်နိုင်ခြင်းက သူ့အမှတ်အသားဖြစ်လျှင် အမှန်တကယ်တွင်မူ သူသည် အလွန်မြင့်မားသော ကျွမ်းကျင်မှုအဆင့်ရှိသည့် ပဟေဠိဖြေရှင်းခြင်းကို အထူးပြုသော ကစားသမားတစ်ဦးသာ ဖြစ်ပေသည်။
"အစ်ကိုပုကြွယ်... ဒီလက်နက်ကတော့ ပြိုင်ဘက်ကင်းပဲဗျာ၊ မင်း ဒါကို ဘယ်လိုရခဲ့တာလဲ"
ရှောင်တန်က မေးလိုက်သည်။
"သတ်ဖြတ်ခြင်းဂိမ်းမှာ လျှို့ဝှက်မစ်ရှင်တစ်ခု လုပ်ခဲ့တာလေ"
ဖုန်းပုကြွယ်က ပြန်ဖြေသည်။
"ပြောရရင်တော့... ရလဒ်ကို ဘေးဖယ်ထားရင်၊ ဇာတ်ညွှန်းက တော်တော်လေး ကောင်းတယ်ကွ၊ မိုးကြိုးသွားရဲ့ နောက်ခံအကြောင်းအရာကို ယူသုံးထားတာ၊ ငါ့အတွက် သင့်တော်တဲ့ ကဗျာတစ်ပုဒ်လောက် ရေးပေးလိုက်ရုံနဲ့ မစ်ရှင်က အောင်မြင်သွားတာပဲ"
"ကဗျာလား၊ ရှင်က အဲ့ဒီလိုမျိုးတွေတောင် စဉ်းစားနိုင်တာလား"
ရီရူယွီက မေးလိုက်သည်။
"ဘာတွေပြောနေတာလဲ... အဲ့ဒါက ငါ့ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်လေ"
ဖုန်းပုကြွယ်က ဆိုသည်။
"ပြောရရင်တော့... မင်းတို့နှစ်ယောက်မှာ အဲ့ဒီလို မိုးကြိုးသွားအမည်တွေ ရှိနေတာ ရှားပါတယ်၊ ငါ မင်းတို့အတွက် ကဗျာနှစ်ပုဒ်လောက် ကူစဉ်းစားပေးရမလား"
"မလိုပါဘူး"
"ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ မလိုပါဘူး"
ကောင်မလေးနှစ်ယောက်က ချက်ချင်းပင် ငြင်းပယ်လိုက်ကြသည်။
"အာ... အိုကေလေ"
ဖုန်းပုကြွယ်က ကိုးရိုကားယားဖြင့် ပြောလိုက်သည်။
"ဒါဆို ဆက်ကြရအောင်၊ ရှောင်တန်... မင်းရဲ့ တိုက်ခိုက်ရေးစွမ်းရည်အကြောင်း ပြောပြဦး"
ရှောင်တန်သည် အာလူးကြော်တစ်ပြားကို ပါးစပ်ထဲ ထည့်လိုက်ပြီး သူ့လက်ချောင်းများကို စုပ်လိုက်သည်။ သူ့အမူအရာက တစ်ခုခုကို အလေးအနက် စဉ်းစားနေပုံရသော်လည်း အမှန်တကယ်တွင်မူ သူသည် သူ့အခြေအနေကိုပင် မသိဘဲ ဂိမ်းမီနူးကို ခိုးကြည့်နေခြင်း ဖြစ်သည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက် သူက ပြောသည်။
"အင်း... ငါလည်း အခု အဆင့် ၁၅ ပါပဲ၊ ငါ့ရဲ့ ဘွဲ့အမည်က [ကြောက်ရွံ့စွာ ချောင်းတိုက်သူ] ကနေ [စိုးရိမ်စွာ တိုက်ခိုက်သူ] ဆိုပြီး ပြောင်းသွားပြီ၊ အခုတော့ နည်းနည်း ခံစားလို့ ပိုကောင်းလာသလို ခံစားရတယ်... ဘွဲ့စွမ်းရည်ကတော့ [ပျားတုပ်ခြင်း] လို့ ခေါ်တဲ့ တက်ကြွစွမ်းရည်တစ်ခုပဲ၊ အဲ့ဒါက ရန်သူကို သွေးထွက်သံယို ဖြစ်စေနိုင်တယ်၊ ငါ့ရဲ့ အမြင့်ဆုံးကျွမ်းကျင်မှုက တိုက်ခိုက်ရေး အဆင့် D ၊ ဒါပေမဲ့ မှော်အတတ်နဲ့ ဆင့်ခေါ်ခြင်း ကျွမ်းကျင်မှုတွေတော့ မပွင့်သေးဘူး၊ အထွေထွေစွမ်းရည်နဲ့ ပစ်ခတ်ရေးကတော့ အဆင့် E ၊ ကျန်တဲ့သုံးခုကတော့ အဆင့် F တွေပေါ့၊ ငါ့ရဲ့ အဓိကလက်နက်က ဆိုင်ကနေ ဝယ်ထားတဲ့ သာမန်အရည်အသွေးရှိတဲ့ ဒမတ်စကတ်ဓားမြှောင်ပါ၊ အရင်က မီးဖိုချောင်သုံးဓားကိုတော့ ရောင်းလိုက်ပြီ၊ နှေးကွေးစေသော သဲကိုတော့ ခုထိ မသုံးရသေးဘူး... အိုး စကားမစပ် အစ်ကိုပုကြွယ်၊ မင်းရဲ့ ဝင်ချက်စတာသေနတ်က ငါ့ဆီမှာ ရှိနေသေးတယ်၊ စောစောက ပြန်ပေးဖို့ မေ့သွားလို့"
ဖုန်းပုကြွယ်က လက်ကာပြရင်း ပြောသည်။
"အဲ့ဒီသေနတ်ကို မင်းပဲ သိမ်းထားလိုက်ပါ၊ ငါ့မှာ လက်နက်တွေ အများကြီး ရှိနေပြီ"
ထိုသို့ပြောရင်း သူမတ်တတ်ရပ်လိုက်ပြီး စောစောက သူထိုင်နေသည့် ထိုင်ခုံကို ကောက်ကိုင်လိုက်သည်။
အစည်းအဝေးစားပွဲ ကာနေသောကြောင့် ဖုန်းပုကြွယ်တစ်ယောက် အစည်းအဝေးခန်းတွင် ပါရှိသော ကုလားထိုင်တွင် မထိုင်ဘဲ ထိုင်ခုံပုလေးပေါ်တွင် ထိုင်နေခဲ့ခြင်းဖြစ်ကြောင်း လူတိုင်း ယခုမှ သတိထားမိလိုက်ကြသည်။
"မင်းတို့ရဲ့ တုံ့ပြန်မှုတွေကို ကြည့်ပြီး ငါ စိတ်အေးသွားပြီ"
ဖုန်းပုကြွယ်က ထိုထိုင်ခုံပုကို သူ၏ သိုလှောင်အိတ်ထဲသို့ ထည့်ရင်း ပြောလိုက်သည်။ ၎င်းသည် သူ့သိုလှောင်အိတ် အဋ္ဌမမြောက်နေရာကို ယူလိုက်၏။
"ဟေး... အဲ့ဒါက လက်နက်လား"
ရှောင်တန်က မေးသည်။
"ဟုတ်တယ်၊ စောစောက စမ်းသပ်မှုအရတော့ ငါ သေချာသွားပြီ..."
ဖုန်းပုကြွယ်က ဆိုသည်။
"ဒီအရာက အန္တရာယ်ကို ဖုံးကွယ်ဖို့ တကယ်အသုံးဝင်တယ်"
"ရှင် သတ်ဖြတ်ခြင်းဂိမ်းမှာ တခြားသူတွေကို ဒီထိုင်ခုံနဲ့ ချောင်းမြောင်းတိုက်ခိုက်ဖို့ ကြံစည်နေတာတော့ မဟုတ်ပါဘူးနော်..."
ရီရူယွီက သူ့ရည်ရွယ်ချက်ကို ချက်ချင်း ရိပ်မိသွား၏။
"သေချာတာပေါ့"
"ရှင် အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်..."
ဖုန်းပုကြွယ်က ပခုံးတွန့်ပြလိုက်ပြီး ရှောင်တန်ဘက်သို့ လှည့်လိုက်သည်။
"စကားကို ပြန်ဆက်ရအောင်၊ မင်းရဲ့ ပျားတုပ်ခြင်းစကေးအကြောင်း အသေးစိတ် ပြောပြနိုင်မလား"
အမည် - ပျားတုပ်ခြင်း
အထူးစကေးအမျိုးအစား - တက်ကြွ
ကုန်ကျမှု - အမြင့်ဆုံး သက်လုံအမှတ်၏ ၇ ရာခိုင်နှုန်း
အာနိသင် - တိုက်ခိုက်မှုက ပစ်မှတ်ကို ထိမှန်သည့် ခဏတွင် အသက်ဝင်စေနိုင်သည်။ ပစ်မှတ်သည် အပေါ့စား သွေးထွက်ခြင်းအကျိုးသက်ရောက်မှုကို ၂ မိနစ်ကြာ ခံစားရလိမ့်မည်။ ဤအာနိသင်ကို ၁၀ ကြိမ်အထိ ထပ်ဆင့်နိုင်ပြီး အကြိမ်ရေ မည်မျှရှိစေကာမူ ကြာချိန်ကို နောက်ဆုံးအကြိမ် အသုံးပြုသည့်အချိန်မှစ၍ ပြန်လည်တွက်ချက်မည်။ (ပြန်လည်အသုံးပြုရန်ကြာချိန် မရှိပါ၊ ပစ်မှတ်၏ အရေပြားကို ဖောက်ဝင်နိုင်သည့် ထက်မြက်သော လက်နက်တစ်ခု လိုအပ်သည်၊ တစ်ကြိမ်လျှင် ပစ်မှတ်တစ်ခုတည်းကိုသာ အသုံးပြုနိုင်သည်။)
မှတ်ချက် - တကယ်လို့ မင်းမှာ ခွန်အားပိုင်းအရ အားသာချက်မရှိရင် အချိန်ဆွဲတိုက်ခိုက်တဲ့ နည်းလမ်းကို စမ်းကြည့်သင့်တယ်။
ရှောင်တန်က စကေးအကြောင်းကို အကျဉ်းချုပ် ရှင်းပြလိုက်ရာ ဖုန်းပုကြွယ်က ခေါင်းညိတ်လိုက်သည်။
"မဆိုးဘူးပဲ၊ သက်လုံဖြည့်ဆေးတွေနဲ့သာ တွဲသုံးမယ်ဆိုရင် မင်းက အရမ်းအစွမ်းထက်တဲ့ ကစားသမားတစ်ယောက်ကိုတောင် တဖြည်းဖြည်း ချည့်နဲ့သွားအောင် လုပ်နိုင်မှာပဲ"
"ကစားသမားလား"
ရှောင်တန်က ပြုံးလိုက်သည်။
"ဒါကိုသုံးပြီး ထွားကြိုင်းတဲ့ ဘော့စ်အဆင့် မကောင်းဆိုးဝါးတွေကို ကိုင်တွယ်နိုင်ရင်ကို ကောင်းလှပါပြီ၊ ကစားသမားနဲ့ တိုက်ခိုက်ရရင် သူတို့က ဆေးတွေ၊ ပတ်တီးတွေ သုံးမှာ မဟုတ်လား"
"မဟုတ်ဘူး၊ မင်းရဲ့ စကေးက ကစားသမားတွေကို ကိုင်တွယ်ဖို့အတွက် အတော်လေး စက်ဆုပ်ဖို့ကောင်းတယ်"
ဖုန်းပုကြွယ်က ခေါင်းခါပြလိုက်သည်။
"ထိတာနဲ့ သွေးထွက်မယ်၊ ပြီးတော့ ကြာချိန်လည်း မရှိဘဲ ထပ်ခါတလဲလဲ သုံးလို့ရတယ်၊ သက်လုံအမှတ် အပြည့်ရှိနေရင် မင်းက သွေးထွက်ခြင်းအာနိသင်ကို ၁၀ ကြိမ်ထက်မက ဖြစ်စေနိုင်တယ်... စကေးရဲ့ ကြာချိန်ကလည်း ကသိကအောက် ဖြစ်စေသလို၊ အသက်အမှတ် လျော့တာကလည်း သိပ်မနာဘူး၊ ဒီအတိုင်း လွှတ်ထားရင်လည်း အာနိသင်က ထပ်ဆင့်တိုးလာမယ်၊ ဆေးပတ်တီး သုံးမယ်ဆိုရင်လည်း ခဏခဏ သုံးနေရလိမ့်မယ်၊ အဲ့ဒီအခါကျရင် မင်းရဲ့ပြိုင်ဘက်က ဒီအဆုံးမရှိတဲ့ ပျားတုပ်ခြင်းကြောင့် ဒုက္ခရောက်မှာပဲ၊ အာနိသင်က နည်းနေတုန်းတော့ ပတ်တီးသုံးဖို့က အလဟဿ ဖြစ်နေပေမယ့် အာနိသင်ပြင်းလာရင်တော့ အသက်ဖြည့်ဆေးတွေ ပိုသုံးရလိမ့်မယ်"
ရီရူလီကလည်း ဖုန်းပုကြွယ်၏ စကားကို သဘောတူပုံရပြီး ဖြည့်စွက်ပြောလိုက်သည်။
"ရှင်ပြောတဲ့ ထွားကြိုင်းတဲ့ ဘော့စ်တွေကို အနိုင်ယူဖို့ ဆိုတာကတော့ ရှင်အတွေးလွန်နေတာပါ..."
ရှောင်တန် ဇဝေဇဝါ ဖြစ်သွားသည်။
"ဟင်... ဘာလို့လဲ"
ဖုန်းပုကြွယ် သက်ပြင်းချလိုက်သည်။
"တကယ်လို့ အဲ့ဒီလို ဘော့စ်မျိုး ရှိလာခဲ့ရင်တောင် သူ့ရဲ့ ပြန်လည်ကုသနိုင်စွမ်းက မင်းရဲ့ စကေးအာနိသင်ကို ပျက်ပြယ်သွားအောင် လုပ်ဖို့ လုံလောက်နေလိမ့်မယ်၊ ဒါက ရိုးရှင်းတဲ့လော့ဂျစ်ပဲလေ၊ လျင်မြန်တဲ့ မကောင်းဆိုးဝါးတွေက ပိုအားနည်းတတ်ကြပြီး နှေးကွေးတဲ့ မကောင်းဆိုးဝါးတွေကတော့ အံ့ဩစရာကောင်းတဲ့ တိုက်ခိုက်မှုအား ဒါမှမဟုတ် ခုခံအား ရှိတတ်ကြတာပဲ"
"အာ... ဟုတ်သားပဲ၊ ဒါပေမဲ့ အမှန်အတိုင်း ပြောရရင် ငါကတော့ ကစားသမားတွေနဲ့ မတိုက်ခိုက်ချင်ပါဘူး၊ အဲ့ဒါက ငါနဲ့ မကိုက်ဘူး"
"ကောင်းပါပြီ၊ သူတို့က ရှင့်ရဲ့ စကေးအကြောင်းကို ပြောနေကြရုံပါပဲ"
ရီရူယွီက ဆိုသည်။ ထို့နောက် သူမက လှည့်ကြည့်ကာ ပြောလိုက်သည်။
"အခု ကျွန်မအလှည့် မဟုတ်လား၊ ကျွန်မရဲ့ အဆင့်က နည်းနည်းနိမ့်တယ်၊ အဆင့် ၁၄ ပါ၊ ဘွဲ့အမည်ကတော့ မပြောင်းသေးဘူး [ပါရမီရှင် သေနတ်သမား] ပဲ ရှိသေးတယ်၊ ဘွဲ့အမည်ရဲ့ စကေးကတော့ ပင်ကိုယ်စွမ်းရည်ဖြစ်ပေမဲ့ တိုက်ခိုက်ရေးနဲ့တော့ မဆိုင်ဘူး၊ အာနိသင်ကတော့ ပစ္စည်းသိုလှောင်ခန်း နေရာတစ်ခုတည်းမှာ မတူညီတဲ့ သေနတ်ကျည်အိမ်သုံးခုကို သိမ်းထားလို့ ရတာပါ၊ ကျွန်မရဲ့ အကောင်းဆုံး ကျွမ်းကျင်မှုက ပစ်ခတ်ရေးအဆင့် D ပဲ၊ ဆင့်ခေါ်ခြင်းကလွဲရင် ကျန်တဲ့ ကျွမ်းကျင်မှုတွေအားလုံး ပွင့်နေပြီ၊ ဒါပေမဲ့ ခေါင်းဆောင်ကြီးလောက်တော့ မကောင်းဘူးပေါ့၊ ကျွန်မရဲ့ အထွေထွေစွမ်းရည်၊ လက်မှုပညာနဲ့ ထောက်လှမ်းရေးက အဆင့် E ဖြစ်ပြီး ကျန်တဲ့ သုံးခုကတော့ အဆင့် F တွေပါ၊ လက်နက်နဲ့ ပတ်သက်ရင်တော့... ကျွန်မမှာ သီးသန့် အဓိကလက်နက် မရှိဘူး၊ ဒါပေမဲ့ ပုံမှန်သုံးနေကျ သေနတ်သုံးလက်တော့ ရှိတယ်"
ဖုန်းပုကြွယ် ယင်းကို ခဏစဉ်းစားလိုက်ပြီး ပြောသည်။
"အင်း... အသင်းရဲ့ ဖွဲ့စည်းပုံကိုတော့ ငါအကြမ်းဖျင်း သိသွားပြီ၊ ဒါဆို... ထွက်ခွာဖို့ ပြင်ဆင်ကြရအောင်"