အခန်း (၁၁၇-၁၁၈)
Vol. 12 Ch. 117-118
အခန်း (၁၁၇)
"ဖုန်းပုကြွယ်၊ အဆင့် ၁၅"
"ဝမ်တန်ကျိ၊ အဆင့် ၁၅"
"ရီရူလီ၊ အဆင့် ၁၅"
"ရီရူယွီ၊ အဆင့် ၁၄"
"သင်တို့အဖွဲ့ ပါဝင်ကစားလိုသော ဂိမ်းမုဒ်ကို ရွေးချယ်ပေးပါ။"
"သင်သည် အဖွဲ့လိုက်ရှင်သန်ခြင်းမုဒ် (ပုံမှန်) ကို ရွေးချယ်ထားပါသည်။ ကျေးဇူးပြု၍ အတည်ပြုပေးပါ။"
"အတည်ပြုပြီးပါပြီ။ အဖွဲ့ဝင်အရေအတွက်ကို လေးယောက်အဖွဲ့အဖြစ် ကျပန်းရွေးချယ်ထားပါသည်။
" "သင်တို့အဖွဲ့ တန်းစီစောင့်ဆိုင်းနေပါပြီ။"
"ကိုက်ညီမှု ပြီးဆုံးပါပြီ။ အာရုံကြောချိတ်ဆက်မှုကို ချိန်ညှိနေပါသည်။ ဇာတ်လမ်းကို ဖန်တီးနေသည်..."
"ဒေါင်းလုဒ်လုပ်နေသည်။ ကျေးဇူးပြု၍ ခဏစောင့်ပါ။"
သူတို့ လေးယောက်အဖွဲ့သည် လေးယောက်တွဲဇာတ်လမ်းကို ကျပန်းရွေးချယ်မိသွားခြင်းမှာ အတော်လေး 'ကံကောင်း' သည်ဟု ဆိုရပေမည်။ သို့သော်လည်း ဇာတ်လမ်းဖန်တီးသည့် အဆင့်တွင် ထူးဆန်းသောအရာတစ်ခု ဖြစ်ပျက်ခဲ့သည်။ သည်းထိတ်ရင်ဖိုသုခဘုံမှ ကြိုဆိုပါသည်ဟူသော နှုတ်ခွန်းဆက်စကားမှာ ပေါ်မလာခဲ့ချေ။
ထို့အပြင် သူတို့လေးယောက်သည် ပုံမှန်အဖွဲ့လိုက်ရှင်သန်ခြင်းမုဒ်များကဲ့သို့ ဇာတ်လမ်းအစ မြင်ကွင်းကို ပထမလူမြင်ကွင်းဖြင့် ကြည့်ရှုရခြင်းမျိုး မရှိခဲ့ပေ။ သူတို့သည် ဓာတ်လှေကားက အကွာအဝေးတစ်ခုအထိ ရွေ့လျားသွားသည်ကိုသာ ခံစားလိုက်ရပြီးနောက် နောက်ထပ်အဆင့်အတွက် စနစ်၏ ကြေညာချက်ကို ကြားလိုက်ရလေသည်။
“ဒေါင်းလုဒ်လုပ်ခြင်း ပြီးဆုံးပါပြီ။ သင်သည် လက်ရှိတွင် အဖွဲ့လိုက်ရှင်သန်ခြင်းမုဒ် (ပုံမှန်) ထဲသို့ ရောက်ရှိနေပါသည်။”
"ဤမုဒ်တွင် ဇာတ်လမ်းမိတ်ဆက်ကို ပေးထားမည်ဖြစ်ပြီး၊ လျှို့ဝှက်ဘေးထွက်မစ်ရှင်များနှင့် အထူးကမ္ဘာ့တည်ဆောက်ပုံများကို ဖော်ထုတ်နိုင်သည့် အခွင့်အရေး ရှိပါသည်။"
"ဇာတ်လမ်းအောင်မြင်မှုအတွက် ဆုလာဘ် - သင်ယူနိုင်သော စကေးကတ်တစ်ခုကို ကျပန်းမဲနှိုက်ခွင့်ရမည်။"
"ဇာတ်လမ်းမိတ်ဆက်ကို မကြာမီ ပြသပါတော့မည်။ ထို့နောက် ဂိမ်းကို ချက်ချင်း စတင်ပါမည်။"
နောက်တစ်စက္ကန့်တွင်… ဘာမှဖြစ်မလာခဲ့ပေ။ မိတ်ဆက်ပြသခြင်းလည်း မရှိချေ။
"ဘာတွေဖြစ်နေတာလဲ"
သူတို့ လေးယောက်လုံးသည် မိမိတို့၏ သီးသန့်ဓာတ်လှေကားများထဲတွင် ထိုမေးခွန်းကို တပြိုင်နက် တွေးတောနေမိကြသည်။
ရုတ်တရက်ဆိုသလို သူတို့ခြေထောက်အောက်မှ ကြမ်းပြင်မှာ ပျောက်ကွယ်သွားသလို ခံစားလိုက်ရပြီး အောက်သို့ ပြုတ်ကျသွားတော့သည်။
ဓာတ်လှေကားကြမ်းပြင်သည် သတိပေးချက်မရှိဘဲ ပွင့်သွားခြင်းဖြစ်ရာ မည်သူမျှ ထိုရုတ်တရက်အပြောင်းအလဲကို တုံ့ပြန်နိုင်စွမ်း မရှိခဲ့ကြချေ။ ကံကောင်းထောက်မစွာဖြင့် ယင်းသည် 'တံခါးပွင့်သည်နှင့် အသေသတ်သည့်' အစီအစဉ်မျိုး မဟုတ်ပေ။ ကစားသမားများသည် နှစ်မီတာခန့်သာ ပြုတ်ကျသွားပြီး လျှောတစ်ခုပေါ်သို့ ကျသွားခဲ့သည်။ မမြင်ရသော အားတစ်ခုက သူတို့ခန္ဓာကိုယ်များကို ဆွဲငင်လိုက်ရာ သူတို့အောက်ရှိ ချောမွတ်သော လမ်းကြောင်းအတိုင်း ရှေ့သို့ လျှောတိုက်ပါသွားတော့သည်။
ထိုလျှော၏ ဒီဇိုင်းသည် ရေပန်းဥယျာဉ်ရှိ ရေလွှာလျှောများနှင့် ဆင်တူသော်လည်း ရေတော့ မပါရှိချေ။ ယင်းအစား ဒြပ်ဆွဲအားနှင့် တွန်းကန်အားတို့ကို အသုံးချ၍ အရာဝတ္ထုများကို လျှောပေါ်တွင် အရှိန်ပြင်းစွာ ရွေ့လျားစေခြင်းဖြစ်သည်။
လေးယောက်သား မှောင်မည်းနေသော လမ်းကြောင်းထဲတွင် ရှေ့သို့ အရှိန်အဟုန်ဖြင့် အလိုအလျောက်ပါသွားကြသည်။ သူတို့၏ အဖွဲ့သားများ ဘယ်နေရာမှာရှိနေမှန်းလည်း မသိရသလို ဘာကိုမှလည်း မမြင်ရချေ။ သူတို့သည် သူတို့ကိုယ်ပိုင်လမ်းကြောင်းအတိုင်း အရှိန်ပြင်းစွာဖြင့်သာ ဆင်းသွားနေကြရသည်။
ဤရှင်းမပြနိုင်သော အစပြုမှုသည် ကြာရှည်မခံခဲ့ပေ။ သူတို့သည် အသီးသီး၏ လျှောလမ်းဆုံးသို့ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိသွားကြသည်။
ဖုန်းပုကြွယ်သည် မမြင်ရသော အားတစ်ခု၏ ဆွဲငင်မှုကြောင့် နောက်မှီအမြင့်ကြီးပါသော ကုလားထိုင်တစ်ခုပေါ်သို့ အရှိန်ဖြင့် ကျသွားရသည်။ ထို့နောက် ကုလားထိုင်သည် အလိုအလျောက် စတင်လည်ပတ်တော့သည်။ ၎င်း လည်ပတ်ခြင်း ရပ်တန့်သွားသောအခါ ဖုန်းပုကြွယ်သည် အတော်လေး ကျယ်ဝန်းပုံရသော နေရာတစ်ခုထဲသို့ ရောက်နေသည်ကို တွေ့လိုက်ရ၏။ ပတ်ဝန်းကျင် အလင်းရောင်သည် အလွန်မှိန်ဖျော့နေသဖြင့် သူ အဝေးကြီးကို မမြင်ရချေ။ ဆယ်မီတာ ပတ်လည်လောက်ရှိသော မြင်ကွင်းကိုသာ ဝေဝေဝါးဝါး မြင်နေရသည်။
ဖုန်းပုကြွယ် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သောအခါ ရှောင်တန်၊ ရီရူလီနှင့် ရီရူယွီတို့သည်လည်း သူကဲ့သို့ပင် ကုလားထိုင်များပေါ်တွင် ထိုင်နေကြသည်ကို တွေ့လိုက်ရသည်။ သူတို့ တစ်ယောက်ချင်းစီ၏ ရှေ့တွင် မြင့်မားသော ထိန်းချုပ်ခုံတစ်ခုစီ ရှိနေပြီး သူတို့ လေးယောက်သည် တစ်ဖက်စီတွင် နေရာယူထားကြခြင်းဖြစ်သည်။ အလယ်တွင် ဆယ်မီတာခန့် အချင်းရှိသော စက်ဝိုင်းပုံ ကွက်လပ်တစ်ခု ရှိနေသည်။ ကြမ်းပြင်ကို ကြီးမားသောကြွေပြားများ ခင်းထားပြီး ကြွေပြားများမှာ စစ်တုရင်ခုံကဲ့သို့ အဖြူအမည်း ကွက်ကျားပုံစံမျိုး ဖြစ်သည်။
သူတို့ စိတ်ရှုပ်ထွေးနေစဉ် အမှောင်ထုထဲမှ နက်ရှိုင်းပြီး စွမ်းအားပြည့်လှသော အသံကြီးတစ်ခု ထွက်ပေါ်လာသည်။
"ဂုဏ်သရေရှိ လူကြီးမင်းအပေါင်းတို့နှင့် အမျိုးသမီးများ ခင်ဗျား... 'သေမင်းပဟေဠိ' တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်မှ ကြိုဆိုပါတယ်၊ အစီအစဉ်တင်ဆက်သူ မစ္စတာယိုး (Mr. Yoo) ကို ကြိုဆိုလိုက်ကြရအောင်ဗျာ"
စက်ဝိုင်းပုံ အလင်းတန်းတစ်ခုသည် မှောင်မည်းနေသော ပတ်ဝန်းကျင်ကို ထိုးဖောက်၍ အလယ်ရှိ စင်မြင့်ဝိုင်းနှင့် ဆက်သွယ်ထားသော လမ်းကြောင်းပေါ်သို့ ကျရောက်လာ၏။ လမ်းကြောင်းအဆုံးတွင် အရိုးစုပုံစံ တံခါးကြီးတစ်ချပ် ရှိနေသည်။ ထို့နောက် တံခါးပွင့်သွားပြီး အဖြူရောင် မြူခိုးများ အလုံးအရင်းနှင့် ထွက်ပေါ်လာလေသည်။ ၎င်းတို့သည် ရေခဲခြောက်မှ ထွက်လာသော မြူများလား သို့မဟုတ် မြူစစ်စစ်များလား ဆိုသည်မှာတော့ မသေချာချေ။ နောက်တစ်စက္ကန့်တွင် ရောင်စုံလျှပ်စစ်မီးများစွာက ဟိုဒီဝေ့ဝဲသွားတော့သည်။ 'ဂန်းနမ်းစတိုင်' (Gangnam Style) သီချင်းသံနှင့်အတူ လူဝကြီးတစ်ယောက်သည် မြင်းစီးကဟန်ဖြင့် တံခါးထဲမှ ကခုန်ရင်း ထွက်လာလေသည်။ ထို့ပြင် ပတ်ဝန်းကျင် အမှောင်ထုထဲမှလည်း အားပေးသံများ ဆူညံစွာ ထွက်ပေါ်လာလေသည်။
ဤ မစ္စတာယိုးသည် ထိပ်ပြောင်သူဖြစ်သည်။ သူသည် သူ့အတွက် အထူးချုပ်လုပ်ထားသော အနောက်တိုင်းဝတ်စုံရှည်ကို ဝတ်ဆင်ထား၏။ နေကာမျက်မှန် ဝိုင်းဝိုင်းလေး တစ်လက်ကို တပ်ထားပြီး ပြောင်လက်နေသော သူ့ဦးခေါင်းပေါ်တွင် အနက်ရောင် ဦးထုပ်ရှည်ကြီးတစ်လုံးကို ဆောင်းထား၏။ သူ့မျက်နှာကို ကြည့်ရသည်မှာ ရိုးသားဖြူစင်ပုံရပြီး ဝသော်လည်း ကခုန်သည့်အခါ အလွန် လျင်မြန်ပေါ့ပါးပုံရသည်။ သူသည် ပင်ဂွင်းကြီးတစ်ကောင်ကဲ့သို့ စင်မြင့်အလယ်သို့ ခုန်ဆင်းလာပြီး တေးဂီတ ရုတ်တရက် ရပ်တန့်သွားသော 'တွေးတောနေသူ' (The Thinker) ရုပ်တု၏ အဆုံးသတ် ကိုယ်ဟန်အတိုင်း အမူအရာ လုပ်ပြလိုက်သေးသည်။
"ဟေး... ဒါက ဘာလဲ၊ 'မြင်းစီးအက' က နောက်ထပ် နှစ်ပေါင်းသုံးဆယ်လောက်အထိ ခေတ်စားနေဦးမယ်လို့ ဆိုလိုတာလား"
ဖုန်းပုကြွယ်က မေးလိုက်သည်။
"အားလုံးပဲ ကြိုဆိုပါတယ်၊ ဒါကတော့..." မစ္စတာယိုးသည် လက်ထဲမှ မိုက်ခရိုဖုန်းကို လေထဲသို့ မြှောက်လိုက်သည်။
ထိုအချိန်တွင် ပတ်ဝန်းကျင်မှ မီးများအားလုံး လင်းထိန်လာရာ ဖုန်းပုကြွယ်သည် အရာအားလုံးကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရတော့သည်။ ဤနေရာသည် ဖျော်ဖြေရေး အစီအစဉ်ကြီးတစ်ခု၏ ရိုက်ကွင်းနှင့် တူလှသည်။ မျက်နှာကြက်တွင် မီးဆိုင်းများစွာ ရှိနေပြီး နေရာအနှံ့တွင် အသံချဲ့စနစ်နှင့် ချိတ်ဆက်ထားသော ကေဘယ်ကြိုးများ ရှိနေလေသည်။ ကစားသမား လေးဦးသည် အလယ်ရှိ စင်မြင့်ဝိုင်းကို မျက်နှာမူလျက် ထိုင်နေကြရသည်။ သူတို့ရှေ့ရှိ ထိန်းချုပ်ခုံတွင် ကွေးညွတ်နိုင်သော မိုက်ခရိုဖုန်းတစ်ခု၊ လက်ဖက်ရည်အောက်ခံ ပြားလောက်ရှိသော ခလုတ်ကြီးတစ်ခုနှင့် A, B, C, D ဟု အမည်တပ်ထားသော ခလုတ်လေးခု ရှိသည်။ ထို့အပြင် စခရင်တစ်ခုလည်း ပါရှိသေးသည်။
သူတို့နောက်ဘက်ရှိ ပရိသတ်ထိုင်ခုံများပေါ်တွင်မူ ထောင်ပေါင်းများစွာသော နတ်ဆိုးများနှင့် သရဲသစ္ဆေများ ရှိနေကြသည်။ ထိုနေရာတွင် သရဲများ၊ နတ်ဆိုးများ၊ လူတစ်ပိုင်း သားရဲတစ်ပိုင်းများ၊ နတ်သူငယ်များ၊ သွေးစုပ်ဖုတ်ကောင်များ၊ ဝံပုလွေလူသားများ၊ ဖရန်ကင်စတိုင်း မွန်းစတားများ စသည်ဖြင့် အမျိုးစုံလှသည်။ ဤနေရာမျိုးတွင် လူသားများသည် အဆန်းတကြယ် အဖြစ်ဆုံး သတ္တဝါပင် ဖြစ်ပေလိမ့်မည်။
"သေ၊ သေ၊ မေး၊ ဖြေ"
တိုက်ရိုက်ထုတ်လွှင့်မှု ဒါရိုက်တာ၏ ညွှန်ကြားချက် မပါဘဲနှင့်ပင် ပရိသတ်များသည် တင်ဆက်သူ၏ စကားကို စိတ်အားထက်သန်စွာနှင့် ကျယ်လောင်စွာ တုံ့ပြန်နေကြသည်။
"ဟီး ဟီး ဟီး..."
မစ္စတာယိုးသည် အန်ဆိုင်နည်းပြ၏ ပုံစံအတိုင်း ရယ်မောလိုက်သည်။ ထို့နောက် သူက လက်ဖျောက်တစ်ချက် တီးလိုက်ရာ သူ့လက်ထဲတွင် လေထဲမှ တုတ်ကောက်တစ်ချောင်း ပေါ်လာလေသည်။
မစ္စတာယိုးသည် လက်တစ်ဖက်ဖြင့် မိုက်ကိုကိုင်ကာ ကျန်တစ်ဖက်က တုတ်ကောက်ကို မြှောက်လိုက်သည်။
"ဒါဆို... ဒီနေ့ လာရောက်ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲဝင်လေးယောက်နဲ့ မိတ်ဆက်ပေးပါရစေ"
သူသည် လက်ထဲမှ တုတ်ကောက်ကို အကြိမ်အနည်းငယ် ဝှေ့ယမ်းလိုက်ပြီး ဖုန်းပုကြွယ်ဘက်သို့ ချိန်လိုက်သည်။
"နံပါတ် ၁၊ ဖုန်းပုကြွယ်"
သူက မိတ်ဆက်ခြင်းကို ထပ်ခါတလဲလဲ လုပ်လိုက်သည်။
"နံပါတ် ၂၊ ဝမ်တန်ကျိ။ နံပါတ် ၃၊ ရီရူလီ။ နံပါတ် ၄၊ ရီရူယွီ။"
"ဒီနေ့ အနိုင်ရရှိမယ့်သူအတွက် ဆုလာဘ်ကတော့..."
မစ္စတာယိုးသည် မိုက်ကိုင်ထားသော လက်ဖြင့် သူ့အိတ်ကပ်ထဲမှ အဖြူရောင် ပလတ်စတစ် ဆေးပုလင်းလေးတစ်လုံးကို ထုတ်ယူလိုက်သည်။ ပုလင်းပေါ်တွင် မည်သည့်တံဆိပ်မှ မပါသလို စာလည်း မပါရှိချေ။
"ဆေးလုံး ၂၀ ပါဝင်တဲ့ SCP-500၊ အစွမ်းထက် အနာပျောက်ဆေးတစ်ပုလင်းပဲ ဖြစ်ပါတယ်"
သူသည် ဆေးပုလင်းကို မြှောက်ပြလိုက်ပြီးနောက် မျက်လှည့်ပြလိုက်သကဲ့သို့ပင် ပုလင်းက ပျောက်ကွယ်သွားပြန်သည်။(TL note – SCP-500 ဆိုတာ ဆေးလုံး၄၇လုံးပါတဲ့ ဆေးပုလင်းတစ်လုံးဖြစ်ပါတယ်။ဆေးလုံးတွေက ဘယ်လိုအနာရောဂါမျိုးကိုမဆို ချက်ချင်းပျောက်ကင်းစေနိုင်ပါတယ်။ စကားမစပ် ဒီစာရေးဆရာက SCP fan ထင်တယ်)
"တကယ်လို့ ဂိမ်းထဲမှာ သူတို့အားလုံး သေဆုံးသွားခဲ့ရင်တော့ ဒီဆုလာဘ်ကို နောက်အပတ် အစီအစဉ်ဆီကို လွှဲပြောင်းပေးသွားမှာပါ"
ဖုန်းပုကြွယ်သည် ဤအတောအတွင်း ငြိမ်မနေခဲ့ပေ။ သူသည် အပြတ်အသတ်အောင်နိုင်ခြင်း စကေးကို အသုံးပြု၍ ဤဇာတ်လမ်း၏ ဘော့စ်မှာ မည်သူဖြစ်ကြောင်း ကြည့်လိုက်ရာ ထိုတင်ဆက်သူလူဝကြီး၏ အချက်အလက်များကို မြင်လိုက်ရတော့သည်။
စကေးမှ ရရှိသော အချက်အလက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။
အမည် - မစ္စတာယိုး
မျိုးနွယ် - နတ်ဘုရားတစ်ပိုင်း
အဆင့် - တိုင်းတာလို့ မရ
အရပ် - ၁၆၀ စင်တီမီတာ
ကိုယ်အလေးချိန် - ၁၀၃ ကီလိုဂရမ်
တိုက်ခိုက်မှုပုံစံ - ???
အားနည်းချက် - ???
ပိုင်ဆိုင်သော စကေး - ???
အန္တရာယ်အဆင့် - အလွန်အမင်း သေစေနိုင်သည်
ထိုစဉ် မစ္စတာယိုးက ပြောလိုက်သည်။
"ကဲ... ပြိုင်ပွဲမတိုင်ခင် ပြိုင်ပွဲဝင်တစ်ယောက်ချင်းစီရဲ့ ကြေညာချက်တွေကို နားထောင်ကြည့်ရအောင်လားဗျာ၊ ပထမဆုံး နံပါတ် ၁၊ မစ္စတာ အရူးပါခင်ဗျာ"
"အာ... ကျွန်တော့်အထင်တော့ ဒီဂိမ်းရဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း ကစားကြတာက အကောင်းဆုံးပဲလို့ ထင်ပါတယ်"
ဖုန်းပုကြွယ်က သူ့အဖွဲ့သားများကို မျက်စိတစ်ချက် မှိတ်ပြရင်း ပြောလိုက်သည်။
ဂိမ်းထဲမဝင်ခင်ကတည်းက တစ်ယောက်အကြောင်းတစ်ယောက် သိထားကြပြီး ဖြစ်သောကြောင့် ကျန်သုံးယောက်သည် ဖုန်းပုကြွယ်၏ ဘွဲ့စွမ်းရည်က ဘာလဲဆိုသည်ကို သဘာဝကျကျ သိထားကြသည်။ ထိုစကားကို ကြားသောအခါ သူတို့ နားလည်သွားကြသည်... ယင်းမှာ မခုခံပါနှင့်။ အကယ်၍ ဤဇာတ်လမ်း၏ စည်းမျဉ်းများကို ချိုးဖောက်ပါက မင်းသေသွားလိမ့်မည် ဟူ၍ပင်။
အမှန်စင်စစ် ဖုန်းပုကြွယ် ထိုသို့ မပြောလျှင်ပင် သူတို့သည် ဇွတ်တရွက်လုပ်ဆောင်ကြမည် မဟုတ်ပေ။ သူတို့ရှေ့မှ ထိုလူဝကြီး မည်မျှအစွမ်းထက်သည်ကို မသိသော်ငြား ပတ်ဝန်းကျင်ရှိ ပရိသတ်များ၏ စွမ်းအားကိုတော့ သတိထားနေရသည်။ ဤမျှများပြားသော အစွမ်းထက်မကောင်းဆိုးဝါးများထဲမှ မည်သူမဆို သူတို့ လေးယောက်လုံးကို အလွယ်တကူ သတ်ပစ်နိုင်ပေသည်။
"ဒါက အဓိပ္ပာယ်မရှိတဲ့ စကားတစ်ခွန်းလို့ ထင်ရတာပဲနော်"
မစ္စတာယိုးက ရယ်မောရင်း ပြောလိုက်သည်။ မစ္စတာယိုးရယ်လိုက်ရာ ပရိသတ်များကလည်း လိုက်၍ ရယ်မောကြသည်။ ထို့နောက် သူက ရှောင်တန်ဘက်သို့ ညွှန်ပြကာ "ပြိုင်ပွဲဝင် နံပါတ် ၂" ဟု ဆိုသည်။
"ဟင်... ကျွန်တော်လား"
ရှောင်တန် လန့်သွားသည်။
"အာ... ကျွန်တော် အခုဂိမ်းထဲကနေ ထွက်လို့ ရနိုင်မလားဗျ"
"မေးခွန်းကောင်းပဲ၊ အဖြေကတော့..."
မစ္စတာယူးက စကားကို ခဏရပ်လိုက်ပြီး ပြုံးလျက် ပြောသည်။
"နိုးပါခင်ဗျာ"
ပရိသတ်များ ထပ်မံရယ်မောကြပြန်ရာ ရှောင်တန်မှာ မျက်နှာပျက်ပျက်ဖြင့်သာ လိုက်၍ ရယ်ပြလိုက်ရသည်။
"ဒါဆိုရင်... ပြိုင်ပွဲဝင် နံပါတ် ၃"
မစ္စတာယိုးက ရီရူလီကို ပြောလိုက်သည်။
"ကျွန်မမှာတော့ ထွေထွေထူးထူး ပြောစရာ မရှိပါဘူး"
ရီရူလီက အေးစက်စွာ ပြန်ဖြေသည်။
"ဒီလှပတဲ့ အမျိုးသမီးလေးကတော့ တော်တော်လေး တည်ငြိမ်တာပဲ"
မစ္စတာယိုးက ပခုံးတွန့်ပြလိုက်သည်။ ထို့နောက် ရီရူယွီဘက်သို့ လှည့်လိုက်သည်။
"ပြိုင်ပွဲဝင် နံပါတ် ၄"
"ဒီဆုလာဘ်က ဘာလဲဆိုတာကို ကျွန်မ မေးလို့ ရမလား"
ရီရူယွီသည် ဤကဲ့သို့သော အချိန်မျိုးတွင် အတော်လေး လက်တွေ့ဆန်နေပေသည်။
မစ္စတာယိုးက မျက်ခုံးပင့်လိုက်ပြီး သူမအား ရင်းနှီးဖော်ရွေကာ ယုံကြည်ထိုက်သော အမူအရာ ပြလိုက်သည်။
"ဒါက ဘယ်လိုရောဂါမျိုးကိုမဆို သေချာပေါက် ပျောက်ကင်းစေမယ့် ဆေးပါ"
"အော်... ဒါဆို နောက်ထပ် မေးခွန်းတစ်ခုလောက် မေးလို့ ရမလားရှင်"
ရီရူယွီက ထပ်မေးရန် ကြိုးစားသော်လည်း မစ္စတာယိုးက ကြားဖြတ်ပြောလိုက်သည်။
"ကောင်းပါပြီ၊ အားလုံးပဲ... ပထမအဆင့် မစတင်ခင်မှာ ဒီနေ့ရဲ့ အထူးဧည့်သည်တော်သုံးဦးနဲ့ မိတ်ဆက်ပေးပါရစေ..."
မစ္စတာယိုးက စင်မြင့်ရှေ့ရှိ ထိုင်ခုံတန်းကို ညွှန်ပြလိုက်ရာ ထိုနေရာသို့ မီးမောင်းများ ထိုးကျသွားသည်။
ဘယ်ဘက်အစွန်ဆုံးတွင် ထိုင်နေသူမှာ ဆံပင်ရွှေရောင်နှင့် အနောက်တိုင်းသူ အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ ဖွံ့ဖြိုးထွားကြိုင်းသော ရင်ဘတ်ရှေ့တွင် လက်နှစ်ဖက်ကို ပိုက်ထား၏။ သူမသည် အသက် ၃၀ ဝန်းကျင်ခန့် ရှိပြီး အတော်လေး လှပသော်လည်း သူမ၏ မျက်နှာအမူအရာမှာတော့ အထင်သေးမှုနှင့် မောက်မာမှုတို့ဖြင့် ပြည့်နှက်နေသည်။
"ပထမဆုံး ဧည့်သည်ကတော့ သေစေလောက်သော အပြစ်ခုနစ်ပါးထဲမှ မစ္စမာန ဖြစ်ပါတယ်"
မစ္စတာယိုးက မိတ်ဆက်ပေးသည်။
"ဟွန့်..."
ကင်မရာက သူမဘက်သို့ လှည့်သွားသောအခါ မာနသည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ခေါင်းလွှဲသွားလေသည်။ သို့သော်လည်း ပရိသတ်များ၏ တုံ့ပြန်မှုမှာ အားရစရာ ကောင်းလှသည်။ အားပေးသံများနှင့် လေချွန်သံများ ဆူညံသွားတော့သည်။
မာနဘေးတွင် ထိုင်နေသူမှာ အသက် ၂၀ ခန့်ရှိသော လူငယ်တစ်ဦးဖြစ်သည်။ သူသည်လည်း အနက်ရောင် ဝတ်စုံကိုပင် ဝတ်ဆင်ထား၏။ သူသည် ဆံပင်ကို မြင်းမြီးပုံစံ စည်းထားပြီး မျက်နှာမှာ သွေးမရှိသကဲ့သို့ ဖြူဖျော့နေခဲ့သည်။ သူ့မျက်ဝန်းများက အာရုံမရှိသကဲ့သို့ ဖြစ်နေပြီး ကုလားထိုင်ပေါ်တွင် ပုံလျက်သား လဲလျောင်းနေလေသည်။
"ဒုတိယ ဧည့်သည်ကတော့ မြင်းစီးသူရဲလေးဦးထဲက တစ်ဦးဖြစ်တဲ့ ကပ်ရောဂါသခင်လေး ဖြစ်ပါတယ်"
မစ္စတာယိုးက ဆိုသည်။
မီးမောင်းက ကပ်ရောဂါအပေါ်သို့ ဖြာကျသွား၏။ သူသည် ထိုအလင်းရောင်က အားနည်းသော သူ့ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်သကဲ့သို့ လက်နှစ်ဖက်ဖြင့် သူ့မျက်လုံးများကို ကာကွယ်လိုက်သည်။ သူက နှစ်ချက်ခန့် ချောင်းဆိုးလိုက်ပြီး ပြောသည်။
"အဟွတ်... အဟွတ်... ကျွန်တော် နေလို့ သိပ်မကောင်းဘူး ထင်တယ်..."
"မင်းကို တွေ့တိုင်း အဲ့ဒီလိုပဲ ပြောနေတာပဲ၊ ရပါတယ်... မင်းက မစ္စတာ ကျောက်ကပ်အားနည်းသူထက်စာရင် အများကြီး သာပါသေးတယ်"
မစ္စတာယိုးက ပြန်ပြောလိုက်သည်။
ပရိသတ်များဆီမှ ရယ်သံများ ထပ်မံ ထွက်ပေါ်လာပြန်သည်။
နောက်ဆုံး ဧည့်သည်အပေါ်သို့ မီးမောင်း ထိုးကျသွားပြန်သည်။ ထိုနေရာတွင် ထိုင်နေသူမှာ သက်လတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်သည်။ သူ့မျက်နှာက တည်ကြည်ပြီး မျက်ဝန်းများမှာ တောက်ပနေလေသည်။ သူသည် လက်တိုရှပ်အင်္ကျီနှင့် ဂျင်းဘောင်းဘီကို ဝတ်ဆင်ထား၏။ သူ၏ လက်မောင်းကြွက်သားများမှာ ရုပ်တုတစ်ခုကဲ့သို့ ထင်ရှားပေါ်လွင်နေသည်။
"နောက်တစ်ယောက်ကတော့ တတိယမြောက် ဧည့်သည်၊ မီးနတ်ဘုရား မစ္စတာ ဟီဖက်စတပ် ဖြစ်ပါတယ်"
မစ္စတာယိုးက ဖြည့်စွက်ပြောသည်။
"သူကတော့ ဒီအပတ် အစီအစဉ်ရဲ့ ဆုလာဘ်ကို စပွန်ဆာပေးတဲ့သူလည်း ဖြစ်ပါတယ်"
"တကယ်တော့... ကျုပ်က မိုင်းတွင်းမှာ ဆိုက်ကလော့ပ် (Cyclopes) တွေနဲ့ မျက်နှာချင်းဆိုင်နေရတာ ပျင်းလို့ ဒီကို လာခဲ့တာပါ"
ဟီဖက်စတပ်က ဆိုသည်။
ပရိသတ်များဆီမှ လက်ခုပ်သံအချို့ ထွက်ပေါ်လာသော်လည်း ပရိသတ်ထဲတွင် ပါဝင်သော ဆိုက်ကလော့ပ်အချို့ကမူ လှောင်ပြောင်သံများဖြင့် သူတို့၏ မကျေနပ်မှုကို ဖော်ပြကြသည်။
"ကောင်းပါပြီ... အားလုံးပဲ၊ ကျွန်တော်တို့ရဲ့ အစီအစဉ်ကို တရားဝင် စတင်ပါတော့မယ်ခင်ဗျား..."
မစ္စတာယိုးသည် ရုတ်တရက် ကင်မရာရှေ့သို့ တယ်လီပို့လုပ်၍ ရောက်ရှိသွား၏။ ကင်မရာက သူ့မျက်နှာကို အနီးကပ် ဆွဲရိုက်လိုက်ပြီး သူသည် မယုံနိုင်စရာအရှိန်ဖြင့် ကင်မရာထဲသို့ စကားများ ပြောလိုက်တော့သည်။
"ဒီအစီအစဉ်ကို ခြောက်လှန့်ဖိုသေတ္တာကနေ သီးသန့် ကူညီပံ့ပိုးထားတာ ဖြစ်ပါတယ်၊ အကယ်၍ သင်ဟာ ပဟေဠိမှာ ပါဝင်ဖြေဆိုဖို့ မက်ဆေ့ချ် ပို့မယ်ဆိုရင် ခြောက်လှန့်သေတ္တာက ပေးအပ်တဲ့ ဂုဏ်ပြုဆုငွေ ၁၀၀၀ တစ္ဆေဒင်္ဂါးကို ရရှိမယ့် အခွင့်အရေး ရှိမှာပဲ ဖြစ်ပါတယ်၊ စခရင်ရဲ့ အောက်ခြေမှာရှိတဲ့ ဝဘ်ဆိုဒ်ကို ဝင်ရောက်ပြီးတော့လည်း ကျွန်တော်တို့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပါဝင်နိုင်ပါတယ်၊ အရောင်းအဝယ် လုပ်ချင်ရင် ခြောက်လှန့်သေတ္တာဆီကို လာခဲ့ပါ၊ ဆုတွေ ရချင်ရင်တော့ သေမင်းပဟေဠိကို ကြည့်ရှုပါ၊ အစဉ်တစိုက် အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ"
"ဇာတ်လမ်းမှာ ဘာလို့ မိတ်ဆက် မပါတာလဲ၊ 'သည်းထိတ်ရင်ဖိုသုခဘုံမှ ကြိုဆိုပါတယ်' လို့ ဘာလို့ မပြောတာလဲ အခုမှ ရှင်းသွားတော့တယ်"
ဖုန်းပုကြွယ်သည် ကြော်ငြာဝင်နေသည့် လူဝကြီး မစ္စတာယိုးကို လျစ်လျူရှုကာ သူ့ဘာသာ တွေးမိလိုက်သည်။
"ဒါဆိုရင် စည်းမျဉ်းတွေကို ရှင်းပြပေးမယ့် တင်ဆက်သူတစ်ယောက် ရှိနေမှာပဲ..."
ဖုန်းပုကြွယ်သည် ပတ်ဝန်းကျင်ရှိ မကောင်းဆိုးဝါးအုပ်စုကြီဂကို လေ့လာကြည့်လိုက်သည်။ သူတို့ထဲမှ မည်သူမျှ ကိုင်တွယ်ရ လွယ်ကူမည့်ပုံ မပေါ်သလို ထိုမစ္စတာယိုးလည်း သူ့ကို တစ်စက္ကန့်အတွင်း သတ်ပစ်နိုင်သည့် စွမ်းအား ရှိပုံရသည်။ ဤဇာတ်လမ်းတွင် တိုက်ခိုက်ရမည့် အခွင့်အရေးမှာ အလွန်နည်းပါးပုံရသည်။ ဤအခြေအနေမျိုးတွင် လွတ်လပ်စွာ လုပ်ဆောင်ခွင့်ဟူသည် မရှိချေ။ လက်ရှိတွင် ဤ 'သေမင်းပဟေဠိ' ၏ စည်းမျဉ်းများက အဘယ်အရာဖြစ်ကြောင်း မရှင်းလင်းသေးသော်လည်း အမည်အရနှင့် မစ္စတာယိုး၏ ပြောဆိုချက်များအရ ဖြေဆိုနေစဉ်အတွင်း သေဆုံးနိုင်သည့် အခွင့်အရေး ရှိပေသည်။ သို့သော် ဇာတ်လမ်းကို ရှင်းလင်းနိုင်ရန် တစ်ခုတည်းသော နည်းလမ်းမှာ အဆုံးအထိ ပါဝင်ဖြေဆိုရန်သာ ဖြစ်ပေသည်။
"ပထမဆုံးအနေနဲ့ ပထမအချီ၊ မဖြစ်မနေ ဖြေဆိုရမည့် မေးခွန်းများ ဖြစ်ပါတယ်"
မစ္စတာယိုးသည် သူ့တုတ်ကောက်ကို လေထဲသို့ မြှောက်လိုက်သည်။ ဘုန်းခနဲ အသံနှင့်အတူ တုတ်ကောက်သည် သဲလွန်စမကျန် ပျောက်ကွယ်သွားတော့သည်။ ထို့နောက် သူသည် သူ့အင်္ကျီအိတ်ကပ်ထဲမှ ကတ်ပြားတစ်ထပ်ကို ထုတ်ယူလိုက်သည်။ ကတ်ပြားများမှာ စာအိတ်ခန့် အရွယ်အစားရှိပြီး မာကျောကြသည်။ ကတ်ပြားတစ်ခုချင်းစီ၏ နောက်ကျောတွင် 'သေမင်းပဟေဠိ' အမှတ်တံဆိပ်ကို ရိုက်နှိပ်ထားသည်။ ရှေ့မျက်နှာစာမှ အကြောင်းအရာများကိုမူ တင်ဆက်သူ တစ်ဦးတည်းသာ မြင်နိုင်သည်။
"ဒီအဆင့်အတွက် စည်းမျဉ်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်၊ ကျွန်တော်က ပြိုင်ပွဲဝင် လေးယောက်ကို သူတို့ရဲ့ နံပါတ်စဉ်အလိုက် မေးခွန်းတွေ မေးသွားပါမယ်၊ မေးခွန်းတစ်ခုစီအတွက် ဖြေဆိုဖို့ အချိန် ၄၅ စက္ကန့် ရပါမယ်၊ မှန်အောင် ဖြေနိုင်သူကို ၁၀ မှတ် ပေးမှာဖြစ်ပြီး၊ မှားအောင် ဖြေမိသူ ဒါမှမဟုတ် အချိန်ကျော်သွားသူကိုတော့ ၁၀ မှတ် နုတ်သွားမှာ ဖြစ်ပါတယ်၊ စုစုပေါင်း မေးခွန်း ၁၆ ခု ရှိပါမယ်၊ ဒီအဆင့် ပြီးဆုံးတဲ့အခါ အမှတ်အနည်းဆုံး ရရှိတဲ့ ပြိုင်ပွဲဝင်က 'ကွင်း' ထဲကို ဝင်ရမှာ ဖြစ်ပါတယ်"
မစ္စတာယိုး စည်းမျဉ်းများကို ဖတ်ကြားပြီးနောက် ချက်ချင်းပင် ဖုန်းပုကြွယ်ဘက်သို့ လှည့်လာသည်။
"ဒါဆိုရင် ပထမဆုံး မေးခွန်းကို နားထောင်ပေးပါ"
ဖုန်းပုကြွယ်သည် ထို 'ကွင်း' ဆိုသည်မှာ ဘာလဲဟု စဉ်းစားရန် အချိန်မရခဲ့ချေ၊ သူသည် မေးခွန်းကိုသာ အာရုံစိုက်လိုက်ရသည်။
"ဒါကတော့ သမိုင်းဆိုင်ရာ မေးခွန်းတစ်ခု ဖြစ်ပါတယ်"
မစ္စတာယိုး၏ လေသံသည် တည်ငြိမ်လှပြီး အစီအစဉ်၏ အဟုန်ကို ကောင်းကောင်း ထိန်းထားနိုင်လေသည်။
"မေးခွန်းကတော့..."
အခန်း (၁၁၈)
မစ္စတာယိုးက ‘စတင်ပါ’ ဟု ဆိုလိုက်သော်လည်း မေးခွန်းကို ချက်ချင်း မမေးသေးချေ။ ယင်းအစား သူက ဖုန်းပုကြွယ်ကို ပြုံးကြည့်ကာ ပြောသည်။
“ပထမဆုံး မေးခွန်းက တော်တော်လေး လွယ်တာမို့လို့ သိပ်စိတ်လှုပ်ရှားဖို့ မလိုပါဘူးနော်”
“ကျွန်တော် စိတ်လှုပ်ရှားနေတယ်လို့ ပြောမိလို့လား၊ သမိုင်းက ကျွန်တော့်ရဲ့ အထူးပြုဘာသာရပ်ပဲ”
ဖုန်းပုကြွယ်က တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
“ကောင်းပြီ... မေးခွန်းကတော့... တိရင်ကျဲ...”
မစ္စတာယိုးက ထိုအမည်ကို ပြောလိုက်သည်နှင့် ဖုန်းပုကြွယ် သက်ပြင်းချနိုင်သွားသည်။ မေးခွန်းက လီယွမ်ဖန်းတို့လို စိတ်ကူးယဉ် ကမ္ဘာထဲက အကြောင်းအရာမျိုး ဖြစ်နေမည်ကို သူ စိုးရိမ်နေခဲ့ခြင်းဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် လူဝကြီးသည် တကယ့် သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦးကိုသာ ရည်ညွှန်းခဲ့သည်။ ထိုသို့ဆိုလျှင် သူ၏ ဗဟုသုတများကို ကောင်းကောင်း အသုံးချနိုင်ပေလိမ့်မည်။
“ကျွန်တော်တို့အားလုံး တိရင်ကျဲကို သိကြပါတယ်၊ သူက ဝူကျိုးမင်းဆက်ခေတ်က ဝန်ကြီးချုပ်တစ်ဦးပေါ့၊ ကောလာဟလတွေအရ သူက အမှုတွေဖြေရှင်းရာမှာ အရမ်းတော်တယ်လို့ သိရပါတယ်”
မစ္စတာယိုးက ထုံးစံအတိုင်း စကားတွေ လျှောက်ပြောနေပြန်သည်။
“မေးခွန်းကိုပဲ မြန်မြန်မေးပါတော့ဗျာ”
ဖုန်းပုကြွယ်က ဟိန်းဟောက်လိုက်သည်။
“ဟားဟား... တောင်းပန်ပါတယ်”
မစ္စတာယိုးက ဆိုသည်။
“မေးခွန်းကတော့၊ တိရင်ကျဲရဲ့ ရာသီခွင်က ဘာလဲ”
“ဟင်”
ထိုမေးခွန်းကို ကြားလိုက်ရသောအခါ ဖုန်းပုကြွယ် ကြောင်အသွားတော့သည်။
ရှောင်တန်နှင့် ကျန်လူများက ကူညီချင်ကြသော်လည်း မေးခွန်းကို ကြားလိုက်ရသောအခါ အားလုံး မှင်တက်သွားကြသည်။
“စက္ကန့် ၄၅၊ အခု စပြီ”
မစ္စတာယိုး ပြောလိုက်သည်နှင့် တပြိုင်နက် ပွဲခင်းအတွင်းရှိ စပီကာများမှ စက္ကန့်ရေတွက်သံများ ထွက်ပေါ်လာတော့သည်။
“ဒါက ဘယ်လို သမိုင်းမေးခွန်းလဲ... သင်္ချာမေးခွန်းကြီး မဟုတ်လား”
ဖုန်းပုကြွယ်က တိုးညင်းစွာ ညည်းတွားလိုက်သည်။
“ကံကောင်းလို့ တိရင်ကျဲရဲ့ မွေးသက္ကရာဇ်နဲ့ ကွယ်လွန်သက္ကရာဇ်တွေက ကိန်းပြည့်တွေ ဖြစ်နေတာ၊ ဒါကြောင့် မှတ်ရတာ လွယ်တယ်၊ အင်း... ၆၃၀ ကနေ ၇၀၀ အထိ၊ ပြီးတော့ ဒီနှစ် ၂၀၅၅ က ဝက်နှစ် ဆိုတော့...”
“စက္ကန့် ၃၀ ပဲ ကျန်တော့တယ်”
မစ္စတာယိုးက သတိပေးလိုက်သော်လည်း သူ့အမူအရာမှာ စိတ်အေးလက်အေး ရှိနေလေသည်။
“သူ့ရဲ့ ရာသီခွင်က ကျားနှစ်”
ဖုန်းပုကြွယ်သည် တုံ့ဆိုင်းမနေတော့ပေ။ဝေခွဲမရဖြစ်မနေဘဲ အဖြေကို မြန်မြန်ဆန်ဆန် ပေးလိုက်သည်။
“မှန်ပါတယ်”
မစ္စတာယိုးက ဆိုသည်။
ပရိသတ်များက လက်ခုပ်တီးလိုက်ကြသည်။ မစ္စတာယိုး လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ပထမမေးခွန်းကတ်ပြားမှာ မီးလောင်၍ ပျောက်ကွယ်သွားတော့သည်။
“ဒုတိယ မေးခွန်း”
မစ္စတာယိုးက ရှောင်တန်ဘက်သို့ လှည့်လိုက်သည်။
“ပြိုင်ပွဲဝင် နံပါတ် ၂၊ မင်း ကြည့်ရတာ အရမ်း စိတ်လှုပ်ရှားနေပုံပဲ”
“ဒါ... ပထမဆုံး မေးခွန်းက တကယ်ကြီး လွယ်လို့လားဗျာ”
ရှောင်တန်၏ မျက်နှာမှာ ဖြူဖျော့နေလေသည်။
“ဟားဟား... သေချာတာပေါ့”
မစ္စတာယိုးက ပြုံးလျက် ဆိုသည်။
“ကဲ... မေးခွန်းကို အာရုံစိုက်ထားပါ၊ ဒါကတော့... အားကစားနဲ့ ပတ်သက်တဲ့ မေးခွန်းတစ်ခု ဖြစ်ပါတယ်”
သူက ကတ်ပြားကို ကြည့်ကာ ဖတ်လိုက်သည်။
“ကမ္ဘာ့ စနူကာချန်ပီယံရှစ်မှာ အနိုင်ရဖူးတဲ့ ကစားသမားသုံးဦးရဲ့ အမည်ကို ပြောပြပါ”
သူက ရှောင်တန်ကို မော့ကြည့်လိုက်သည်။
“အချိန် စတင်ပါပြီ”
“အမည်အပြည့်အစုံ ပြောရမှာလား”
ရှောင်တန်က မေးသည်။
“ဟုတ်ပါတယ်”
မစ္စတာယိုးက ပြန်ဖြေသည်။
“သတိပြုရမှာက အမည်တစ်ခုမှ မှားလို့ မရပါဘူး၊ တစ်ခုမှားတာနဲ့ အကုန်မှားပြီလို့ သတ်မှတ်မှာပါ၊ ဒါအပြင် မြန်မြန်လေး လုပ်ပါဦး”
“အာ... ဂျိုးဒေးဗစ်”
ရှောင်တန်က သူအသေချာဆုံး အမည်တစ်ခုကို အရင်ပြောလိုက်သည်။
“မှန်တယ်၊ တစ်ယောက်”
“စတီဖင်ဟန်ဒရီ”
“မှန်တယ်၊ နှစ်ယောက်”
မစ္စတာယိုးက သတိပေးလိုက်သည်။
“စက္ကန့် ၃၀ ပဲ ကျန်တော့တယ်”
“တင်းကျွင်းဟွေး”
ရှောင်တန်က ချက်ချင်း ဖြေလိုက်သည်။
“အင်း...”
မစ္စတာယိုးက နှစ်စက္ကန့်ခန့် တိတ်သွား၏။
“မင်း ဖြေတာ လုံးဝ မှန်ကန်ပါတယ်”
“ဟူး...”
ရှောင်တန်သည် ခလုတ်ခုံပေါ်သို့ ပုံကျသွားတော့သည်။
အားပေးသည့် လက်ခုပ်သံများ ထွက်ပေါ်လာသည်။
“ဟားဟား... ဒါကြောင့် ပြောတာပေါ့၊ စိတ်လှုပ်ရှားစရာ မလိုပါဘူးလို့၊ ဒီမေးခွန်းက အရမ်းလွယ်ပါတယ်”
မစ္စတာယိုးက ဆိုသည်။
“ဒါက အခြေခံ ဗဟုသုတလောက်ပဲ ရှိတာပါ”
သူက မိုက်ခရိုဖုန်းကို ခဏဖယ်ကာ ချောင်းတစ်ချက် ဟန့်လိုက်ပြီးနောက် ရီရူလီဘက်သို့ လှည့်လိုက်သည်။
“ပြိုင်ပွဲဝင် နံပါတ် ၃၊ တတိယမြောက် မေးခွန်းကို နားထောင်ပေးပါ”
ဒုတိယကတ်ပြားကို မီးရှို့ပြီးနောက် မစ္စတာယိုးသည် တတိယကတ်ပြားကို ကြည့်၍ ရီရူလီကို ပြောလိုက်သည်။
“ဒါကတော့... ဉာဏ်စမ်းပဟေဠိတစ်ခု ဖြစ်ပါတယ်”
ရီရူလီက ဘာအမူအရာမှ မပြသော်လည်း သူမနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ဖုန်းပုကြွယ်၏ မျက်နှာကမူ “ဒါကတော့ အလကားရတဲ့ အမှတ်ပဲ” ဟု ပြောနေသည့်အလားပင်။
“မေးခွန်းကတော့... ကြက်တစ်ကောင်နဲ့ ငန်းတစ်ကောင်ကို ရေခဲသေတ္တာထဲ ထည့်ထားလိုက်တယ်၊ ကြက်ကတော့ အေးခဲပြီး သေသွားပေမဲ့ ငန်းကတော့ အသက်ရှင်နေတယ်၊ အဲ့ဒါ ဘာကြောင့်လဲ”
မစ္စတာယိုးက မေးလိုက်သည်။
“အချိန် အခု စပြီ”
“ကြက်က စိတ်လှုပ်ရှားနေလို့လား”
ရီရူလီက ချက်ချင်း ပြန်ဖြေသည်။
“စိတ်မကောင်းပါဘူး... အဖြေမှားပါတယ်”
မစ္စတာယိုးက ပြုံးလိုက်သည်။
“အဖြေမှန်ကတော့... အဲ့ဒီ ငန်းက ပင်ဂွင်း ဖြစ်နေလို့ပါ”
ပရိသတ်များက သက်ပြင်းချလိုက်ကြပြီး ရီရူလီ၏ ခလုတ်ခုံပေါ်တွင် ပြထားသော အမှတ်မှာ ချက်ချင်းပင် အနုတ် ၁၀ မှတ် ဖြစ်သွားလေသည်။ မစ္စတာယိုးက ကင်မရာကို ကြည့်ကာ မှတ်ချက်ပေးလိုက်သည်။
“ပြိုင်ပွဲဝင် နံပါတ် ၃ ရဲ့ အဖြေက ဟာသတစ်ခုရဲ့ အဖြေနဲ့ တူနေပေမဲ့ စိတ်မကောင်းစွာနဲ့ပဲ ဒါက ဉာဏ်စမ်းပဟေဠိ ဖြစ်နေပါတယ်”
“ကျစ်... ဒါဆို အဖြေက ရှင့်အမျိုးအနွယ် ဖြစ်နေတာပေါ့...”
ရီရူလီက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
ပရိသတ်များဆီမှ ရယ်သံများ ပေါက်ကွဲထွက်လာသည်။ မစ္စတာယိုးသည် သူ့ပဝါကို ထုတ်၍ အနေခက်စွာဖြင့် ချွေးများကို သုတ်လိုက်သည်။ သူသည် ရီရူယွီဘက်သို့ လှည့်လိုက်ပြီး စတုတ္ထမြောက် ကတ်ပြားကို သူ့မျက်စိရှေ့တွင် ထားလိုက်သည်။
“ကဲ... ပြိုင်ပွဲဝင် နံပါတ် ၄၊ စတုတ္ထမြောက် မေးခွန်းကို နားထောင်ပါ”
“အာ... ဒီလောက် အခက်အခဲလေးကတော့ ကိတ်ခွဲသလိုပါပဲ၊ မေးသာမေးပါ”
ရီရူယွီက စိတ်အားထက်သန်စွာ ဆိုသည်။
“ဒါကတော့... ဂိမ်းနဲ့ ပတ်သက်တဲ့ မေးခွန်းတစ်ခုပါ”
မစ္စတာယိုးက ပြောသည်။
“စိတ်မကောင်းပါဘူး၊ ဒါပေမဲ့ လူသိများတဲ့ 'မြက်ခင်းပြင် သုံးယောက်တွဲ'က ဘယ်သူတွေလဲ၊ အချိန် အခု စပါပြီ”
“ဟင်”
ရီရူယွီသည် သူမ၏ မျက်လုံးအစုံကို ပုတ်ခတ်ပုတ်ခတ် လုပ်နေပြီး မျက်နှာမှာလည်း ဘာမှ မသိသည့်ပုံ ဖြစ်နေသည်။
ရီရူလီက သူမကို မကူညီနိုင်သော်လည်း ဖုန်းပုကြွယ်နှင့် ဝမ်တန်ကျိတို့ကမူ ထိုသူသုံးယောက်၏ အမည်များကို လက်ဟန်ခြေဟန်များ၊ ပါးစပ်လှုပ်ရုံများဖြင့် အချက်ပြနေကြသည်။
“ဟားဟား... အချက်ပြတာတွေကို ခွင့်မပြုပါဘူး”
မစ္စတာယိုးက ဆိုသည်။
“တကယ်လို့ မင်းတို့သာ အဖြေကို ပြောပြလိုက်ရင် မင်းတို့ကိုယ်တိုင် မေးခွန်းကို မှားသွားပါလိမ့်မယ်”
“အော်၊ ကျွန်မ သိပြီ၊ သုံးယောက်တွဲအဖွဲ့ မဟုတ်လား”
လွန်ခဲ့သော စက္ကန့်ပိုင်းက ဘာလုပ်ရမှန်းမသိဘဲ နှုတ်ခမ်းစူနေသော ရီရူယွီသည် နောက်တစ်စက္ကန့်တွင် ရုတ်တရက် ပြုံးလိုက်သည်။
လူတိုင်းကို အံ့အားသင့်စေသည်မှာ သူမ၏ အဖြေပင်။
“အဲ့ဒါက လူဖီ၊ အေ့စ်နဲ့ ဆာဘို တို့ပါ”(TL note- One Piece animeထဲကပါ)
ဘန်း၊ ဘန်း။
ယင်းမှာ အစ်ကိုကြွယ်နှင့် ရှောင်တန်တို့၏ မျက်နှာများ ခလုတ်ခုံပေါ်သို့ ကျရောက်သွားသည့် အသံပင် ဖြစ်သည်။
ပရိသတ်ထဲမှ မျက်မှန်တပ်ထားသူအားလုံး၏ မျက်မှန်များမှာလည်း မြေပြင်ပေါ်သို့ ပြုတ်ကျ ကွဲကြေကုန်တော့သည်။
“အဖြေမှားပါတယ်”
မစ္စတာယိုးက ဆိုသည်။
“ဒါပေမဲ့ ဒီမေးခွန်းက အမျိုးသမီး ပြိုင်ပွဲဝင်အတွက်တော့ မသိနိုင်တဲ့အပိုင်း ဖြစ်နိုင်ပါတယ်”
ထို့ကြောင့် ရီရူယွီ၏ အမှတ်မှာလည်း အနုတ် ၁၀ သို့ ကျဆင်းသွားလေသည်။
“ကဲ... ပထမဆုံးမေးခွန်း လေးခု ပြီးတဲ့နောက်မှာ အမှတ်တွေကို ကြည့်လိုက်ရအောင်”
မစ္စတာယိုးက ဆိုသည်။
“အမျိုးသား ပြိုင်ပွဲဝင် နှစ်ယောက်လုံးက အပေါင်း ၁၀ မှတ် စီ ရထားကြပြီး၊ အမျိုးသမီး ပြိုင်ပွဲဝင် နှစ်ယောက်လုံးကတော့ အနုတ် ၁၀ မှတ် စီ ဖြစ်နေကြပါတယ်”
သူက ခေါင်းမော့လိုက်သည်။
“ကျွန်တော်တို့ရဲ့ ဧည့်သည်တော် သုံးဦးကို မှတ်ချက်ပေးဖို့ ဖိတ်ခေါ်ပါတယ်”
မီးမောင်းနှင့် ကင်မရာသည် အထူးဧည့်သည်တော်နေရာသို့ အာရုံစိုက်သွား၏။ မစ္စမာနက ခေါင်းကို တစ်ဖက်သို့ လွှဲကာ နှာခေါင်းရှုံ့လိုက်သည်။ သူမသည် မစ္စတာယိုးကို စကားပြောရန်ပင် စိတ်မဝင်စားသည့် ပုံစံမျိုး ဖြစ်နေသည်။
မစ္စတာကပ်ရောဂါက ချောင်းဆိုးလိုက်ပြီး ပြောသည်။
“ကျွန်တော့်အထင်တော့ အမျိုးသားနဲ့ အမျိုးသမီး ပြိုင်ပွဲဝင်တွေရဲ့ မေးခွန်းတွေကိုသာ လဲလိုက်မယ်ဆိုရင် သူတို့အားလုံး အပေါင်းမှတ်တွေ ရကြမှာပါ”
ဟီဖက်စတပ်ကမူ သူ့ဘာသာ ရေရွတ်နေလေသည်။
“ဆိုက်ကလော့ပ်တစ်ကောင်ကို ရေခဲသေတ္တာထဲ ထည့်ထားမယ်ဆိုရင်...”
အလင်းရောင်က မစ္စတာယိုးထံသို့ ပြန်ရောက်လာသည်။ သူက မတတ်သာသည့်ပုံစံဖြင့် ပခုံးတွန့်ပြလိုက်ပြီး ဆက်ပြောသည်။
“ကောင်းပါပြီ၊ မှတ်ချက်တွေအတွက် ကျေးဇူးတင်ပါတယ်။ အခုတော့...”
သူက ဖုန်းပုကြွယ်ဘက်သို့ လှည့်လိုက်သည်။
“မေးခွန်းတွေရဲ့ အခက်အခဲအဆင့်က မြင့်တက်လာပါတော့မယ်”
ဖုန်းပုကြွယ်က ခေါင်းညိတ်လိုက်သည်။
“ပထမအဆင့်မှာတင် ကျွန်တော့်ရဲ့ မေးခွန်းက အခက်ဆုံး ဖြစ်နေတယ်လို့ ဘာလို့ ခံစားနေရတာလဲ”
ဖုန်းပုကြွယ်က အမူအရာမဲ့စွာ ကန့်ကွက်လိုက်သည်။
မစ္စတာယိုးက သူ့ကို လျစ်လျူရှုကာ ပြောသည်။
“ဒီမေးခွန်းကစပြီး ကျွန်တော် မေးခွန်းအမျိုးအစားကို ပြောပြမှာ မဟုတ်တော့ပါဘူး၊ မေးခွန်းကို သေချာ နားထောင်ပေးပါ...”
သူက ကတ်ပြားကို ကိုင်ကာ အသံကျယ်ကျယ်ဖြင့် ဖတ်ပြလိုက်သည်။
“မေးခွန်းကတော့... ပိုင် (π) တန်ဖိုးရဲ့ ကိုးလုံးမြောက် ဒသမကိန်းက ဘယ်လောက်လဲ၊ အချိန် အခုစပြီ”
“သုံး”
ဖုန်းပုကြွယ်သည် တစ်စက္ကန့်သာ အချိန်ယူ၍ ဖြေလိုက်သည်။(TL note – π = 3.1415926535…)
“ဒါက ရမ်းဖြေလိုက်တာလား”
“မဟုတ်ပါဘူး”
“အရမ်းတော်တယ်၊ မင်း မှန်အောင် ဖြေနိုင်ခဲ့ပြီ”
ပရိသတ်များဆီမှ လက်ခုပ်သံများ ထွက်ပေါ်လာပြီး ဖုန်းပုကြွယ်၏ အမှတ်မှာ ၂၀ အထိ ရောက်ရှိသွားတော့သည်။
“ပုံမှန်လူတစ်ယောက်က ဒသမ ခုနစ်လုံးလောက်အထိပဲ မှတ်မိကြတာ၊ ဒီပြိုင်ပွဲဝင်ကတော့ အများကြီး ပိုမှတ်ထားပုံရတယ်”
မစ္စတာယိုးက ဆိုသည်။
“ရပါတယ်”
ဖုန်းပုကြွယ်က နှိမ့်ချစွာ ပြောလိုက်သည်။ အမှန်စင်စစ် သူသည် ဒသမဂဏန်း အလုံးပေါင်း နှစ်ရာအထိ မှတ်ထားခြင်းဖြစ်သည်။ သူသည် ပိုင် (π) တန်ဖိုးကို လျှို့ဝှက်နံပါတ် သိုလှောင်ရုံတစ်ခုလို သဘောထားခြင်းဖြစ်သည်။ သူသည် ထိုအလုံးနှစ်ရာထဲမှ ဂဏန်း ခြောက်လုံး၊ ရှစ်လုံး သို့မဟုတ် ဆယ်လုံးကို ကြိုက်သလို ရွေးထုတ်ပြီး လျှို့ဝှက်နံပါတ်အဖြစ် အသုံးပြုနိုင်သည်။