← Chapters

အခန်း (၁၁၉-၁၂၀)

Vol. 12 Ch. 119-120

အခန်း (၁၁၉-၁၂၀)

Vol. 12 Ch. 119-120

အခန်း (၁၁၉)

"သေချာတာပေါ့... ဒါက ရမှတ်နှစ်ဆရမယ့် အထူးမေးခွန်း ဖြစ်နေလို့ သဘာဝကျကျပဲ ပိုပြီးတော့ ခက်ခဲပါလိမ့်မယ်၊ သေချာ နားထောင်ပေးပါဦး..."

မစ္စတာယိုးသည် မေးခွန်းကတ်ပြားကို မြှောက်လိုက်သည်။

"ဂရင်းလန်တန် (Green Lantern)... လူတိုင်း သူတို့အကြောင်းကို သိကြမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်"

သူက ကင်မရာကို တစ်ချက်ဝေ့ကြည့်လိုက်သည်။

"သူတို့ရဲ့ အစိမ်းရောင် အလင်းစွမ်းအင်ရဲ့ ရင်းမြစ်က 'စိတ်စွမ်းအား'ပါ"

သူက ခေါင်းမော့၍ ဖုန်းပုကြွယ်ကို ကြည့်လာသည်။

"DC စကြဝဠာထဲမှာ အစိမ်းရောင်အလင်းက စိတ်စွမ်းအားကို ကိုယ်စားပြုတယ်ဆိုရင်... ကျန်တဲ့ အရောင်တွေက ဘာကို ကိုယ်စားပြုတာလဲ၊ အနည်းဆုံး အရောင်လေးမျိုးကို အမည်တပ်ပေးပါ၊ အချိန် အခု စပြီ"

ဤကဲ့သို့သော မေးခွန်းမျိုးသည် ဖုန်းပုကြွယ်ကို အခက်တွေ့စေမည် မဟုတ်ပေ။ သူသည် စာရေးရန်အတွက် အချက်အလက်များ စုဆောင်းရန် မဟုတ်လျှင်ပင် စိတ်ဝင်စားမှုကြောင့် ၎င်းတို့ကို အများအပြား ဖတ်ဖူးထားသူ ဖြစ်သည်။ ထို့ကြောင့် သူသည် ခဏမျှသာ စဉ်းစားပြီးနောက် ဖြေလိုက်လေသည်။

"အင်း... အရောင်အလိုက် ကျွန်တော် ရှင်းပြပေးမယ်၊ အနီရောင်က ဒေါသ၊ လိမ္မော်ရောင်က လောဘ၊ အဝါရောင်က ကြောက်ရွံ့မှု၊ အစိမ်းရောင်က စိတ်စွမ်းအား၊ အပြာရောင်က မျှော်လင့်ချက်၊ ခရမ်းရောင်က အချစ်နဲ့ အပြာနုရောင်ကတော့ သနားကြင်နာမှုပါ၊ နောက်ဆုံး တစ်ခုကတော့ အနက်ရောင်ဖြစ်ပြီး သေခြင်းတရားကို ကိုယ်စားပြုပါတယ်"

အခန်းထဲတွင် တိတ်ဆိတ်သွားခဲ့သည်။ မစ္စတာယိုးသည် သူ့လက်ထဲရှိ အဖြေကို ကြည့်ကာ စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်နေခဲ့သည်။ ထို့နောက် သူက ရုတ်တရက် ခိုင်မာသော လေသံဖြင့် ပြောလိုက်တော့သည်။

"မင်း ဖြေတာ လုံးဝ မှန်ကန်တယ်"

ပရိသတ်များဆီမှ အစီအစဉ်အဖွင့်တွင် ရရှိခဲ့သည့် လက်ခုပ်သံများထက်ပင် ပိုမိုကျယ်လောင်သော လက်ခုပ်သံများ ပေါက်ကွဲထွက်လာတော့သည်။

"ပြိုင်ပွဲဝင် နံပါတ် ၁ ကတော့ တကယ်ကို ဗဟုသုတ ကြွယ်ဝလွန်းပါတယ်၊ မေးခွန်းသုံးခုပြီးတဲ့နောက်မှာ သူက အမှတ် ၄၀ တောင် ရနေပါပြီ၊ ကျန်တဲ့ ပြိုင်ပွဲဝင် သုံးယောက်ကတော့ နှစ်ချီကျော်သွားတာတောင် အမှတ် ၀ မှာပဲ ရှိနေကြပါသေးတယ်၊ ပြိုင်ပွဲဝင် နံပါတ် ၁ ကတော့ တကယ့်ကို အနိုင်မရနိုင်တဲ့သူပါပဲ"

မစ္စတာယိုးက ရှင်းပြသည်။ သူက အထူးဧည့်သည်တော် နေရာဘက်သို့ လှည့်ကြည့်လိုက်ပြန်သည်။

"ပြိုင်ပွဲဝင် နံပါတ် ၁ ရဲ့ စွမ်းဆောင်ရည်အပေါ် ဧည့်သည်တော်သုံးဦးက ဘယ်လို ထင်မြင်ပါသလဲ"

ကင်မရာက အထူးဧည့်သည်တော် နေရာသို့ ဦးတည်သွားပြီးနောက် မစ္စမာနက ထိုနေ့အတွက် သူမ၏ ပထမဆုံး စကားကို ပြောလိုက်လေသည်။ သူမက စကားလုံး နှစ်လုံးတည်းကိုသာ ပြောခဲ့ခြင်းဖြစ်သည်။

"အိုတာကူ ကောင်ပဲ"

ထို့နောက် သူမက ခေါင်းကို တစ်ဖက်သို့လွှဲကာ နှာခေါင်းရှုံ့လိုက်လေသည်။

ကပ်ရောဂါက သူ့ထိုင်ခုံပေါ်တွင် ပုံလျက်သား လဲလျောင်းနေပြီး အရိုးပေါ် အရေတင်နေသော သူ့လက်များဖြင့် သူ့ပါးကို ထောက်ထားသည်။ သူ့လက်ပေါ်ရှိ အရေပြားမှာ အလွန်ဖြူဖျော့နေသဖြင့် အရေပြားအောက်ရှိ သွေးကြောများကိုပင် မြင်နေရသည်။ ဤကိုယ်ဟန်အနေအထားက သူ့ကို ပို၍ပင် နွမ်းနယ်စေပုံရသည်။

"ပြောရမယ်ဆိုရင်... ဘာလို့ ကပ်ရောဂါကို ကိုယ်စားပြုတဲ့ အရောင်တစ်မျိုးမှ မရှိရတာလဲ..."

ထွင်းဖောက်မြင်နေရသော ဝိညာဉ်တစ်ခုဖြစ်သည့် ကင်မရာဆရာသည် ကင်မရာကို ဟီဖက်စတပ်ဘက်သို့ လှည့်လိုက်သည်။ ထိုသူ၏ မှတ်ချက်မှာ ယခင်အတိုင်းပင် နားမလည်နိုင်စရာ ကောင်းလှသည်။

"ကျစ်... ဒါက လွင့်မျောနေတဲ့ စွမ်းအင်တွေကို စုဆောင်းတဲ့ မီးအိမ်တွေနဲ့ လက်စွပ်တွေ မဟုတ်လား၊ အဲ့ဒီအရာတွေကို အမြောက်အမြား ထုတ်လုပ်ချင်တယ်ဆိုရင် ဆိုက်ကလော့ပ် အလုပ်သမားတွေ လုံလုံလောက်လောက်ရှိရင် ရပြီပဲကို..."

"ကောင်းပါပြီ၊ မှတ်ချက်တွေအတွက် ကျေးဇူးတင်ပါတယ်"

ထိုသူ စကားမဆုံးခင်မှာပင် မစ္စတာယိုးက ကြားဖြတ်ပြောလိုက်သည်။ သူသည် ရှောင်တန်ဘက်သို့ လှည့်ကာ ပြော၏။

"ပြိုင်ပွဲဝင် နံပါတ် ၂၊ ဒသမမြောက် မေးခွန်းကို နားထောင်ပါ"

သူသည် ယခင်မေးခွန်းကတ်ပြားကို မီးရှို့လိုက်ပြီး နောက်တစ်ခုကို ကြည့်ကာ "Phenylketonuria (ဖီနိုင်းလ်ကီတိုနျူရီးယား) ဆိုတဲ့ စကားလုံးကို အင်္ဂလိပ်လို အက္ခရာတိတိကျကျ ပေါင်းပြပါ၊ အချိန် အခု စပြီ"

စက္ကန့်ရေတွက်သံ စတင်သည်နှင့် မစ္စတာယိုးသည် ပရိသတ်များနှင့် စကားပြောရန် လှည့်လိုက်သည်။

"ကျွန်တော်တို့အားလုံး သိကြတဲ့အတိုင်း အင်္ဂလိပ်ဘာသာစကားမှာ ဆေးပညာဆိုင်ရာ အသုံးအနှုန်းတွေက တော်တော်လေး ဒုက္ခပေးတဲ့ အပိုင်းပါပဲ၊ အဲ့ဒီ စကားလုံးတွေက အရမ်းရှည်ပြီး မှတ်ရလည်း ခက်ပါတယ်..."

"Phenylketonuria (ဖီနိုင်းလ်ကီတိုနျူရီးယား) ဒါမှမဟုတ် အတိုကောက် PKU ပေါ့"

ရှောင်တန်က ပြန်ဖြေလိုက်သည်။ ထို့နောက် သူသည် စကားလုံး တစ်လုံးချင်းစီကို စာလုံးပေါင်းပြလိုက်လေသည်။

မစ္စတာယိုးသည် စက္ကန့်အနည်းငယ်မျှ ကြောင်အသွားသည်။ သူက မိုက်ကိုင်ထားသော လက်ဖြင့် သူ့နှာခေါင်းပေါ်တွင် တင်နေသော နေကာမျက်မှန်ကို ပင့်တင်လိုက်သည်။ သူသည် သူ့မျက်လုံးလေးများကို ပြူးကြည့်ကာ မေးခွန်းကတ်ပြားပေါ်မှ အဖြေကို အတည်ပြုလိုက်ရသည်။

"အင်း... မှန်ပါတယ်ခင်ဗျာ"

ရှောင်တန်၏ အမှတ်က ၁၀ မှတ် တိုးသွားပြီး ပရိသတ်များက လက်ခုပ်တီးလိုက်ကြသည်။

"ဒီမေးခွန်းက ပြိုင်ပွဲဝင် နံပါတ် ၂ ရဲ့ ကျွမ်းကျင်တဲ့နယ်ပယ်နဲ့ သက်ဆိုင်နေလို့လား၊ ဒါမှမဟုတ် သူ့ရဲ့ အင်္ဂလိပ်စာက ထူးထူးခြားခြားပဲ တော်နေတာလား"

မစ္စတာယိုးက မှတ်ချက်ပေးသည်။

"အဲ့ဒါက တကယ်တော့ တော်တော်လေး ရိုးရှင်း..."

ရှောင်တန် စကားမဆုံးခင်မှာပင် မစ္စတာယိုးက အသံကျယ်ကျယ်ဖြင့် ဆိုလိုက်သည်။

"ဒါဆို... နောက်တစ်ယောက်..."

မစ္စတာယိုးသည် ရီရူလီဘက်သို့ ပြန်လှည့်လိုက်သည်။

"ပြိုင်ပွဲဝင် နံပါတ် ၃၊ အခု မင်းနဲ့ ပြိုင်ပွဲဝင် နံပါတ် ၄ ပဲ အမှတ် ၀ မှာ ရှိနေတော့တာနော်၊ ဒီမေးခွန်းက မင်းအတွက် အရမ်း အရေးကြီးတယ်နော်"

"အင်း"

ရီရူလီက ပုံမှန်အတိုင်း ပြန်ဖြေသည်။ သူမ၏ အမူအရာသည် "ဒါက သိပ်အရေးမကြီးပါဘူး" ဟု ပြောနေသည့်အလားပင်။

"မေးခွန်းကို နားထောင်ပါ..."

မစ္စတာယိုးသည် မေးခွန်းကတ်အသစ်ကို သူ့မျက်စိရှေ့သို့ ယူလိုက်သည်။ တစ်ချက်ကြည့်ပြီးနောက် သူက မေးသည်။

"စခရင်ပေါ်မှာ ပေါ်လာတဲ့ ဓာတုဗေဒ ဖော်မြူလာက ဘာကို ကိုယ်စားပြုသလဲဆိုတာ ပြောပြပါ၊ အချိန် အခု စပြီ"

သူ ထိုသို့ ပြောလိုက်သည်နှင့် ရီရူလီ၏ ခလုတ်ခုံပေါ်မှ စခရင်ငယ်နှင့် ခန်းမအတွင်းရှိ စခရင်ကြီးတို့တွင် C6H12O6 ဟူသော ဓာတုဗေဒ ဖော်မြူလာတစ်ခု ပေါ်လာတော့သည်။

"ဂလူးကို့စ် (သကြား)"

ရီရူလီက ခဏမျှ စဉ်းစားပြီးမှ ပြန်ဖြေလိုက်သည်။

"မှန်ပါတယ်ဗျာ"

မစ္စတာယိုးက ဆိုသည်။

ပရိသတ်များဆီမှ အားပေးသံများ ထပ်မံ ထွက်ပေါ်လာပြန်သည်။

"ကျွန်တော်တို့ရဲ့ ပြိုင်ပွဲဝင်တွေအားလုံး တော်ကြပုံပါပဲ၊ ရင်ခုန်စရာအပိုင်းက နောက်ဆုံးအချီအထိ ကျန်နေဦးမလား၊ ဒါမှမဟုတ် နောက်မေးခွန်းမှာပဲ ပြီးဆုံးသွားမလား"

မစ္စတာယိုးက ရီရူယွီဘက်သို့ လှည့်လိုက်သည်။

"ဟေး၊ ကျွန်မ ဒီမေးခွန်းကို ဖြေပြီးရင် ကျွန်မရဲ့ အမှတ်က အနုတ်ပြသွားလိမ့်မယ်လို့ ရှင် ပြောချင်နေတာလား"

ရီရူယွီက မျက်မှောင်ကြုတ်ကာ မစ္စတာယိုးကို စိုက်ကြည့်လိုက်သည်။

"တကယ်လို့ ကျွန်မ အမှတ် အနုတ်ပြသွားခဲ့ရင်တောင် နောက်တစ်ချီမှာ အခွင့်အရေး ရှိသေးတယ် မဟုတ်လား"

"ဟားဟား... ကျွန်တော် အဲ့ဒီလို ပြောရတာက..."

မစ္စတာယိုးသည် လက်ထဲမှ နောက်ထပ် မေးခွန်းကတ်ပြားကို မြှောက်ပြလိုက်သည်။

"ဒီ ၁၂ ခုမြောက် မေးခွန်းကလည်း နောက်ထပ် အထူးမေးခွန်းတစ်ခု ဖြစ်နေလို့ပါ"

ပရိသတ်များထဲတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

"မေးခွန်းကို နားထောင်ပါ"

မစ္စတာယိုးက မေးခွန်းကတ်ပြားမှ ဖတ်ပြလိုက်သည်။

"အနှစ် ၂၀ ရာစုအတွင်းမှာ ဥရောပ တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုကို ရရှိခဲ့တဲ့ ကစားသမား သုံးဦးရဲ့ အမည်ကို ပြောပြပါ၊ သူတို့ရဲ့ အမည်အပြည့်အစုံကို ပြောဖို့ မလိုပါဘူး၊ ဒါပေမဲ့... အဲ့ဒီ ကစားသမား သုံးဦးရဲ့ လူမျိုးစုကတော့ ထပ်လို့ မရပါဘူး၊ အချိန် အခု စပြီ"

ရီရူယွီသည် ထပ်မံနှုတ်ခမ်းစူလိုက်ပြန်ပြီး အခက်တွေ့သွားပုံပေါ်နေသည်။

"အားကစားနဲ့ ပတ်သက်တဲ့ ဒီမေးခွန်းက အမျိုးသား ပြိုင်ပွဲဝင်တွေအတွက်တော့ အရမ်း လွယ်ကူနိုင်ပါတယ်၊ တကယ်လို့ ပြိုင်ပွဲဝင် နံပါတ် ၁ ဒါမှမဟုတ် နံပါတ် ၂ သာ ဒီမေးခွန်းကို ရခဲ့မယ်ဆိုရင် ဒီအမှတ် ၂၀ ကို အလကား ရသွားမှာပါပဲ၊ စိတ်မကောင်းစွာနဲ့ပဲ ကျွန်တော်တို့ရဲ့ အမျိုးသမီး ပြိုင်ပွဲဝင်က ဒီမေးခွန်းကို ဖြေရမှာ ဖြစ်နေပါတယ်"

မစ္စတာယိုးက ပြောပြီးနောက် သတိပေးလိုက်သည်။

"စက္ကန့် ၃၀ ပဲ ကျန်ပါတော့တယ်"

"ဘက်ကင်ဘောင်ဝါ၊ ပလာတီနီ"

ရီရူယွီသည် အမည်နှစ်ခုကို အမှန်တကယ်ပင် ပြောနိုင်ခဲ့သည်။

"အခုထိတော့... မှန်ပါတယ်ဗျာ"

မစ္စတာယိုးက ဆိုသည်။

"ဒါက တော်တော်လေး စိတ်ဝင်စားစရာ ကောင်းပါတယ်... ပြိုင်ပွဲဝင် နံပါတ် ၄ ပြောခဲ့တဲ့ အမည်နှစ်ခုက ထူးချွန်တဲ့ ကစားသမားတွေ ဖြစ်ရုံတင်မကဘဲ သူတို့ နှစ်ယောက်လုံးက အရင်တုန်းက အစိုးရ အရာရှိတွေလည်း ဖြစ်ခဲ့ကြပါတယ်"

"ရော်နယ်ဒို"

ရီရူယွီက ထိုအမည်ကို ရုတ်တရက် သတိရသွားသကဲ့သို့ ပြောလိုက်သည်။

"ပြိုင်ပွဲဝင် နံပါတ် ၄၊ ကျွန်တော့်မှာ မေးခွန်းတစ်ခု ရှိပါတယ်... ဘရာဇီးလ်လူမျိုး တစ်ယောက်က ဘာလို့ ဥရောပတစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆုကို ရခဲ့မယ်လို့ မင်း ထင်ရတာလဲ"

မစ္စတာယိုးက ပြုံးလျက် ပြန်မေးလိုက်သည်။

"ဟင်၊ သူက ဘရာဇီးလ်လူမျိုးလား"

ရီရူယွီက ပြန်မေးသည်။

"အာ... မင်း သူ့ကို မသိဘူးဆိုရင် အဲ့ဒီနာမည်ကို ဘာလို့ ဖြေလိုက်ရတာလဲ"

မစ္စတာယိုးက မေးသည်။

"ဘာလို့လဲဆိုတော့ အဲ့ဒီအမည်နဲ့ ဘောလုံးသမားတွေ အများကြီးရှိတယ်လို့ ကျွန်မ မှတ်မိနေလို့ပါ၊ ဒါကြောင့် တစ်ယောက်ယောက်ကတော့ အဲ့ဒီဆုကို ရဖူးမှာပဲလို့ ထင်လိုက်တာပါ မစ္စတာယိုး"

ရီရူယွီက ပြန်ဖြေသည်။

"အင်း..."

မစ္စတာယိုးက ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ၊ ဘာပဲဖြစ်ဖြစ် ဒီမေးခွန်းရဲ့ အဖြေကတော့... မှန်ပါတယ်ဗျာ"

ပရိသတ်များက လက်ခုပ်တီးလိုက်ကြပြီး ရီရူယွီ၏ အမှတ်မှာ ၂၀ အထိ ခုန်တက်သွားလေသည်။

"ကဲ... ဂုဏ်သရေရှိလူကြီးမင်းများနှင့်အမျိုးသမီး ပရိသတ်အပေါင်းတို့ခင်ဗျား..."

မစ္စတာယိုးက စိတ်လှုပ်ရှားစွာ ကြေညာလိုက်သည်။

"ဒါကတော့ ပထမအဆင့်ရဲ့ အဆုံးသတ်ပါပဲ၊ မေးခွန်းလေးခုပဲ ကျန်ပါတော့တယ်၊ ပြိုင်ပွဲဝင် လေးယောက်ရဲ့ ရမှတ်တွေကို ကြည့်လိုက်ကြရအောင်"

"ပြိုင်ပွဲဝင် နံပါတ် ၁ ကတော့ အမှတ် ၄၀ နဲ့ အပြတ်အသတ် ဦးဆောင်နေပါတယ်၊ ပြိုင်ပွဲဝင် နံပါတ် ၂ ကတော့ ၁၀ မှတ် ရထားပြီး သူကတော့ ကြည့်ရတာ စိတ်လှုပ်ရှားနေတုန်းပါပဲ၊ တည်ငြိမ်တဲ့ ပြိုင်ပွဲဝင် နံပါတ် ၃ ကလည်း ၁၀ မှတ် ရထားပါတယ်၊ ပြိုင်ပွဲဝင် နံပါတ် ၄ ကတော့ အထူးမေးခွန်းမှာ သူမရဲ့ ကံကောင်းမှုကြောင့် လက်ရှိမှာ အမှတ် ၂၀ ရထားပါတယ်"

မစ္စတာယိုး၏ ရှင်းပြချက်အတိုင်း ကင်မရာက ပြိုင်ပွဲဝင်လေးဦးထံသို့ တစ်ယောက်ချင်းစီ လှည့်ပြသွားသည်။

"ဒါဆိုရင်... မတော်တဆမှုတစ်ခုခု မရှိဘူးဆိုရင်တော့ ကွင်းထဲကို ဝင်ရမယ့် ပြိုင်ပွဲဝင်ဟာ နံပါတ် ၂၊ နံပါတ် ၃ ဒါမှမဟုတ် နံပါတ် ၄ ထဲက တစ်ယောက် ဖြစ်ပါလိမ့်မယ်"

မစ္စတာယိုးသည် ပွဲအခြေအနေကို စတင်၍ အရှိန်မြှင့်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်သည်။

"အခုတော့ အသက်ကို ခဏအောင့်ပြီး အာရုံစိုက်ထားကြပါ၊ ကျွန်တော်တို့ ပထမအချီရဲ့ နောက်ဆုံး မေးခွန်းလေးခုထဲကို ဝင်ရောက်ပါတော့မယ်"

သူက ဖုန်းပုကြွယ်ဘက်သို့ လှည့်၍ မေးခွန်းကတ်ပြားကို ယူလိုက်သည်။

"ဒီမေးခွန်းကတော့..."

သူက တမင်တကာ စကား ဖြတ်လိုက်သည်။

"အထူးမေးခွန်း မဟုတ်ပါဘူး"

"ကျွန်တော် မှားသွားခဲ့ရင်တောင် ဘာမှမဖြစ်ဘူးလို့ ပြောချင်တာလား"

ဖုန်းပုကြွယ်က မေးသည်။

"မှန်ပါတယ်၊ ဒါပေမဲ့ ကျွန်တော် သတိပေးရမှာက အချီတိုင်းရဲ့ အဆုံးမှာ ရမှတ်အများဆုံးရတဲ့ ကစားသမားကို လျှို့ဝှက်ဆန်းကြယ်တဲ့ အားသာချက်တစ်ခု ပေးသွားမှာ ဖြစ်ပါတယ်"

မစ္စတာယိုးသည် ကတ်ပြားကိုင်ထားသော လက်ဖြင့် '၁' ဟု အမှတ်အသား လုပ်ပြလိုက်ပြီး သူ့လေသံက အဓိပ္ပာယ်ပါလှသည်။

"အားသာချက် ဟုတ်လား..."

ဖုန်းပုကြွယ်က တွေးတောရင်း ပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ်... စလိုက်ပါတော့"

"သေချာ နားထောင်ပါ"

မစ္စတာယိုးက ဆိုသည်။

"မေးခွန်းကတော့... 'ထိုအရာထဲတွင် အဓိပ္ပာယ်တစ်ခု ရှိနေပြီး၊ စိတ်ဆန္ဒမှာ မသေမျိုး ဖြစ်သည်။ သင်သည် စိတ်ဆန္ဒ၏ အံ့သြဖွယ်ရာနှင့် စွမ်းအားကို ရင်းနှီးပါသလား။ ဘုရားသခင်သည် ကြီးမြတ်သော စိတ်ဆန္ဒတစ်ခု ဖြစ်ပြီး သူ၏ တစ်စိတ်တစ်ဝမ်းတည်းသော စိတ်ဖြင့် အရာခပ်သိမ်းကို ကောင်းချီးပေးသည်။ အကယ်၍ လူသားတစ်ဦးတွင် အားနည်းသော စိတ်ဆန္ဒ မရှိပါက၊ သူတို့သည် ကောင်းကင်တမန် သို့မဟုတ် သေမင်းထံသို့ မည်သည့်အခါမျှ အညံ့ခံမည် မဟုတ်ပေ'"

သူက ခေတ္တရပ်လိုက်သည်။

"ဒီစကားကို ဘယ်သူ ပြောခဲ့တာလဲ၊ အချိန် အခု စပြီ!"

"ဟမ့်... နောက်ဆုံးကျတော့ ဒါက နောက်ဆုံးအချီပဲ၊ ဒီမေးခွန်းက တော်တော်လေး ကောက်ကျစ်တာပဲ..."

ဖုန်းပုကြွယ်က နှာခေါင်းရှုံ့လိုက်သည်။ သူ့အမူအရာမှာ ယုံကြည်မှု ရှိနေပုံရသည်။

"လီဒီယာရဲ့ အစမှာ စာရေးဆရာက ဆောင်းပါးတစ်ခုလုံးရဲ့ အဓိကအယူအဆနဲ့ ကိုက်ညီအောင် ဂျိုးဆက်ပ် ဂရန်ဗေးရဲ့ ဒီစကားကို ကိုးကားခဲ့တာပဲ"

"ဒါဆို မင်းရဲ့ အဖြေက ဂျိုးဆက်ပ်..."

မစ္စတာယိုးက ပြောရန် ဟန်ပြင်လိုက်သည်။

ဖုန်းပုကြွယ်က သူ့ကို ကြားဖြတ်ပြောလိုက်သည်။

"ဒါပေမဲ့"

သူက မစ္စတာယိုးကို လက်ညှိုးဖြင့် ညွှန်ပြလိုက်လေသည်။

"ဒါပေမဲ့... လီဒီယာ ရဲ့ စာရေးဆရာက အက်ဒ်ဂါ အယ်လန်ပိုးပါ၊ ဒီအရက်သမားကို အလွယ်တကူ ယုံကြည်လို့ မရဘူး"

သူက ပြုံးလိုက်ပြီး ဆက်ပြောသည်။

"ဂရန်ဗေးက နာမည်ကျော် ဘုရားယုံကြည်သူတစ်ဦး ဖြစ်ပြီး အဲ့ဒါက ပိုးမြင်ခဲ့တဲ့ အရာပဲ... တကယ်တော့ ခုနက စကားလုံးတွေကို ပိုးကိုယ်တိုင် ရေးခဲ့တာပါ၊ သူက ဒီစာသားလေးတွေကို ကိုယ်တိုင် လုပ်ကြံရေးသားခဲ့ပြီးနောက် အစင်းကြောင်းလေး တစ်ခုခံပြီး ဂရန်ဗေးရဲ့ နာမည်ကို ရေးခဲ့တာပါ၊ အဲ့ဒါက တခြားသူတွေကို သူက ရှေးလူကြီးတွေရဲ့ လက်ရာကို ကိုးကားနေတာလို့ ထင်အောင် လုပ်ခဲ့တာဖြစ်ပေမဲ့ အမှန်တကယ်တော့... ဒါက ပိုးရဲ့ လက်ရာပါပဲ"

မစ္စတာယိုးက

"ဒါဆို... မင်းရဲ့ အဖြေက"

"သံသယဖြစ်စရာ မလိုပါဘူး၊ အက်ဒ်ဂါ အယ်လန်ပိုး ပါ"

ဖုန်းပုကြွယ်က ပြောလိုက်သည်။

"လုံးဝ မှန်ကန်ပါတယ်"

မစ္စတာယိုးသည် သူ့လက်ကို ဝှေ့ယမ်းကာ မေးခွန်းကတ်ပြားကို မီးရှို့လိုက်သည်။ ပရိသတ်များဆီမှ လက်ခုပ်သံများနှင့် အားပေးသံများ ထပ်မံ ပေါက်ကွဲထွက်လာပြန်သည်။

"ဟူး..."

မစ္စတာယိုး သက်ပြင်းချလိုက်သည်။

"ပြိုင်ပွဲဝင် နံပါတ် ၁ ကတော့ အထူးမေးခွန်းအပါအဝင် ပထမအချီရဲ့ မေးခွန်းလေးခုလုံးကို မှန်အောင် ဖြေဆိုနိုင်ခဲ့ပါတယ်၊ လက်ရှိမှာ သူရထားတဲ့ အမှတ် ၅၀ က ပထမနေရာကို ရဖို့အတွက် လုံလောက်တာထက်တောင် ပိုနေပါပြီ"

သူက ရှောင်တန်ဘက်သို့ လှည့်လိုက်သည်။

"ဒါဆိုရင် ပြိုင်ပွဲဝင် နံပါတ် ၂ ကရော ဘာဖြစ်လာမလဲ"

ရှောင်တန်မှာမူ ချွေးအေးများ စိုရွှဲနေပြီဖြစ်သည်။ သူက ခြောက်ကပ်ကပ် ရယ်လိုက်ပြီး ပြော၏။

"ဟား... ဟားဟား... ကျွန်တော်ကတော့ အဲ့ဒီကွင်းထဲကို သွားဖို့အတွက် ကိုယ့်ဘာသာ အဆင်သင့် ပြင်ထားပြီးပါပြီ..."

"အဲ့ဒီလိုလား... ဟီး ဟီး ဟီး..."

မစ္စတာယိုးက ရယ်လိုက်သည်။

"ဒါပေမဲ့ နောက်ဆုံးအချီရဲ့ မေးခွန်းတွေကတော့ တကယ့်ကို ခက်ခဲပါတယ်၊ ဒါကြောင့်... သေချာ နားထောင်ပါ"

သူက မေးခွန်းကတ်ပြားကို ကြည့်ကာ ပြောသည်။

"ကျွန်တော်တို့အားလုံး သိကြတဲ့အတိုင်း... ကစ်အက်စ် (Kick-Ass) လို့ ခေါ်တဲ့ စိတ်ကူးယဉ် ဇာတ်ကောင်တစ်ယောက် ရှိပါတယ်၊ သူက စူပါဟီးရိုး ဝတ်စုံကို ချွတ်လိုက်တဲ့အခါ သူ့ရဲ့ အစစ်အမှန်က ကျောင်းသားတစ်ယောက် ဖြစ်နေတာပါ၊ တကယ်လို့ မင်းမကန့်ကွက်ဘူးဆိုရင် အဲ့ဒီ ကျောင်းသားရဲ့ အမည်က ဘာလဲဆိုတာ ပြောပြပါဦး"

မစ္စတာယိုးက မေးခွန်းကတ်ပြားကို ချလိုက်ပြီး ရှောင်တန်ကို ကြည့်လိုက်သည်။

"အချိန် အခု စပြီ!"

ရှောင်တန် ထိုမေးခွန်းကို ကြားလိုက်ရသောအခါ ဆွံ့အသွားတော့သည်။ သူသည် သူ့အတွေးများကို ဖုံးကွယ်မထားနိုင်သူဖြစ်ရာ သူ့မျက်နှာအမူအရာအရ သူသည် အဖြေကို လုံးဝ မသိကြောင်း ထင်ရှားလှသည်။

"အင်း..."

ရှောင်တန်သည် ထိုရုပ်ရှင်စီးရီး တစ်ခုလုံးကို တစ်ကြိမ်ထက်မက ကြည့်ဖူးသော်လည်း အကြောင်းရင်းတချို့ကြောင့် ဇာတ်လိုက်၏ အမည်ကို မမှတ်မိနိုင်ဘဲ ဖြစ်နေရသည်။

"စက္ကန့် ၃၀ ပဲ ကျန်ပါတော့တယ်"

မစ္စတာယိုးက ပရိသတ်ဘက်သို့ လှည့်ရင်း သတိပေးလိုက်သည်။

"ဟုတ်ပါတယ်၊ ပြိုင်ပွဲဝင် နံပါတ် ၁ ရဲ့ မျက်နှာအမူအရာအရ သူက အဖြေကို သိနေတယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်၊ ဒါပေမဲ့ စိတ်မကောင်းစွာနဲ့ပဲ ဒီမေးခွန်းကို သူ ဖြေခွင့်မရှိပါဘူး"

စက္ကန့်သံများ ဆက်လက် ထွက်ပေါ်နေသော်လည်း ရှောင်တန်မှာတော့ ဘာဖြစ်နေသည်ကို လုံးဝ မသိနိုင်ဘဲ ဖြစ်နေခဲ့သည်။

"၁၅ စက္ကန့်ပဲ ကျန်တော့တယ်"

မစ္စတာယိုးက ထပ်မံ ကြေညာလိုက်သည်။

"ကောင်းပြီ၊ ကျွန်တော် မသိပါဘူး"

ရှောင်တန်သည် တင်းမာသော အခြေအနေကို ဆက်လက်မခံစားနိုင်တော့ပေ။ သူသည် အချိန်မကုန်ခင် အရှုံးပေးလိုက်တော့သည်။

ပရိသတ်များဆီမှ လှောင်ပြောင်သံများ ထွက်ပေါ်လာသည်။

"စိတ်မကောင်းပါဘူး၊ ပြိုင်ပွဲဝင် နံပါတ် ၂ ရဲ့ အမှတ်က သုညဆီကို ပြန်ရောက်သွားပါပြီ၊ လက်ရှိမှာ သူက အမှတ်အနည်းဆုံး ဖြစ်နေပါပြီ"

မစ္စတာယိုးက ဆိုသည်။ ထို့နောက် သူသည် ရီရူလီ၏ ခလုတ်ခုံရှေ့သို့ လမ်းလျှောက်သွား၏။

"ပြိုင်ပွဲဝင် နံပါတ် ၃၊ မင်း ဒီမေးခွန်းကို မှန်အောင် ဖြေနိုင်သရွေ့ မင်းဘေးကင်းမှာပါ၊ ပြိုင်ပွဲဝင် နံပါတ် ၄ အနေနဲ့ နောက်ထပ် အထူးမေးခွန်းတစ်ခုနဲ့ မတွေ့သရွေ့တော့ သူမှားသွားရင်တောင် ရလဒ်က ပြောင်းလဲမှာ မဟုတ်ပါဘူး၊ တစ်နည်းအားဖြင့် ပြောရရင်... ဒီ ၁၅ ခုမြောက် မေးခွန်းက ပထမအချီရဲ့ ရလဒ်ကို အဆုံးအဖြတ် ပေးသွားမှာပါပဲ"

"အင်း"

ရီရူလီ၏ တုံ့ပြန်မှုမှာ ယခင်အတိုင်းပင် ဖြစ်သည်။

မစ္စတာယိုး၏ နှုတ်ခမ်းမှာ နှစ်ချက်ခန့် တွန့်သွားရသည်။ သူသည် စကားတွေ အကြာကြီး ပြောနေသော်လည်း ထိုမိန်းကလေးမှာ လှုပ်လှုပ်ရှားရှား မရှိလှချေ။ သူသည် မတတ်သာဘဲ မေးခွန်းကတ်ပြားကို ယူ၍ မေးလိုက်ရသည်။

"အင်း... ဒဏ္ဍာရီလာ... ငရဲပြည်မင်းဆယ်ပါးထဲမှာ ဒုတိယမြောက်၊ ပဉ္စမမြောက်နဲ့ ဒသမမြောက် မင်းတွေက ဘယ်သူတွေလဲ၊ အချိန် အခု စ..."

မစ္စတာယိုး စကားမဆုံးခင် ရီရူလီက အဖြေပေးလိုက်သည်။

"ချူကျန်းမင်းကြီး၊ ယန်လော့မင်းကြီး နဲ့ ချာကရာမင်းကြီးပါ"

မစ္စတာယိုးက မေးခွန်းကတ်ပြားကို မီးရှို့လိုက်သည်။

"မှန်ပါတယ်ဗျာ"

ပရိသတ်များက လက်ခုပ်တီးကြသည်။ ထိုအချိန်မှာပင် ကင်မရာဆရာသည် အတော်လေး ပါးနပ်စွာဖြင့် ကင်မရာကို ဒုတိယထိုင်ခုံရှိ ရှောင်တန်ထံသို့ လှည့်ပြလိုက်ရာ ရှောင်တန်၏ စိတ်ပျက်လက်ပျက် ဖြစ်နေသော မျက်နှာကို ကင်မရာထဲတွင် မြင်လိုက်ရလေသည်။

မစ္စတာယိုးသည် စင်မြင့်အလယ်သို့ ပြန်လာကာ ရီရူယွီနှင့် မျက်နှာချင်းဆိုင်လိုက်သည်။ သူ့လက်ထဲရှိ နောက်ဆုံး မေးခွန်းကတ်ပြားကို ကြည့်ကာ "ဒီ ၁၆ ခုမြောက် မေးခွန်းကတော့..." သူက တမင်တကာ ဆယ်စက္ကန့်ခန့် စကားကို ဖြတ်လိုက်သည်။

"..."

ထိုလူသည် သူ့ပါးစပ်မှ ထွက်လာသော စကားလုံး တစ်လုံးချင်းစီတိုင်းကို ဖြတ်ပြောနေသည့်အလားပင်။

"... နောက်ထပ် အထူးမေးခွန်းတစ်ခု ဖြစ်ပါတယ်!"

ပရိသတ်များ ပြန်လည် တိတ်ဆိတ်သွားပြန်သည်။

"လက်ရှိမှာ ပြိုင်ပွဲဝင် နံပါတ် ၄၊ ရီရူယွီက အမှတ် ၂၀ ရထားပါတယ်"

မစ္စတာယိုးက ဆိုသည်။

"တကယ်လို့ သူ ဒီမေးခွန်းကို မှားအောင် ဖြေခဲ့မယ်ဆိုရင် သူ့အမှတ်က သုညဆီကို ပြန်ရောက်သွားမှာ ဖြစ်ပါတယ်"

သူ့လေသံမှာ နှေးကွေးပြီး တည်ငြိမ်လှသည်။

"ရင်ခုန်စရာ အပိုင်းကတော့... နောက်ဆုံး အခိုက်အတန့်အထိ ကျန်နေဦးမှာပါ"

"ဟေး၊ ဖက်တီး၊ တကယ်လို့ သူရော ကျွန်မရော သုညစီ ဖြစ်သွားမယ်ဆိုရင် ဘယ်သူက ကွင်းထဲကို သွားရမှာလဲ"

ရီရူယွီက ရုတ်တရက် မေးလိုက်သည်။

"အာ... ဖက်တီး..."

မစ္စတာယိုး၏ မျက်နှာက မဲမှောင်သွား၏။

"ကောင်းပြီ၊ ကြည့်ရတာ သူက ငါ့ကို ခေါ်နေတာပဲ..."

သူသည် မတတ်သာဘဲ ဝန်ခံလိုက်ရသည်။ စင်မြင့်အလယ်တွင် သူမှလွဲ၍ ကင်မရာဆရာသာ ရှိသည်။ အကယ်၍ ထိုကင်မရာဆရာကို ချိန်ခွင်ပေါ် တင်ကြည့်မည်ဆိုလျှင် သူသည် ၂၁ ဂရမ်ခန့်သာ အလေးချိန် ရှိပေလိမ့်မည်။

"အင်း... တကယ်လို့ ပထမနေရာမှာ အမှတ်ချင်း တူနေမယ်ဆိုရင် အပိုမေးခွန်းတစ်ခု ထပ်မေးရပါလိမ့်မယ်"

မစ္စတာယိုးသည် သူ၏ အနေရခက်မှုကို ဖုံးကွယ်ရန် ချောင်းတစ်ချက် ဟန့်လိုက်သည်။

"ပြီးတော့ အကယ်လို့ နောက်ဆုံးနေရာမှာ အမှတ်ချင်း တူနေမယ်ဆိုရင်တော့ အဲ့ဒီ ပြိုင်ပွဲဝင် နှစ်ယောက်လုံး ကွင်းထဲကို အတူတူဝင်ရမှာ ဖြစ်ပါတယ်"

"အိုး"

ရီရူယွီက ညစ်ပြုံး ပြုံးလိုက်သည်။

"ဟား... ဒါဆိုရင်တော့ ကျွန်မ ဒီမေးခွန်းကို အရှုံးပေးလိုက်တော့မယ်"

ပရိသတ်များဆီမှ စုပ်သပ်သံများ ထွက်ပေါ်လာပြီး မစ္စတာယိုးကမူ ပြုံးရုံသာ ပြုံးနေပြီး ဘာမှ မပြောချေ။

အခြားတစ်ဖက်တွင် ဖုန်းပုကြွယ်သည် ရီရူယွီကို ကြည့်ကာ လက်မထောင်ပြလိုက်သည်။ တစ်ချက်က သူမ၏ နည်းဗျူဟာကို ချီးကျူးခြင်းဖြစ်ပြီး၊ နောက်တစ်ချက်ကတော့ သူမ၏ သစ္စာရှိမှုကို ချီးကျူးခြင်းပင် ဖြစ်သည်။

ရှောင်တန်မှာမူ မျက်ရည်ကျလုမတတ် စိတ်လှုပ်ရှားသွားရသည်။ ထိုကွင်းဆိုသည်မှာ မည်သည့်အရာ ဖြစ်ပါစေ နှစ်ယောက်အတူတူ သွားရမည်ဆိုပါက သူ ပိုစိတ်သက်သာရာ ရပေလိမ့်မည်။

"မေးခွန်းကိုတောင် နားမထောင်ဘဲ အရှုံးပေးလိုက်တာပဲ... ကြည့်ရတာ ငါထပ်ပြီး အတည်ပြုချက် တောင်းနေဖို့ မလိုတော့ဘူး ထင်တယ်"

မစ္စတာယိုးက အဓိပ္ပာယ်ပါပါ ပြုံးလိုက်သည်။

"ဒါဆိုရင်... ကွင်းဆီကို သွားကြရအောင်"

သူ ထိုသို့ ပြောလိုက်သည်နှင့် ရှောင်တန်နှင့် ရီရူယွီတို့၏ ထိုင်ခုံများ စတင်လည်ပတ်ပြီး အောက်သို့ နစ်ဝင်သွားတော့သည်။ ကြမ်းပြင်အောက်ရှိ မှောင်မည်းသော နေရာထဲသို့ ဆင်းသွားပြီးနောက် ထိုနှစ်ယောက်သည် မမြင်ရသော အားတစ်ခု၏ ဆွဲငင်မှုကြောင့် မူလထိုင်ခုံများမှ ပြုတ်ထွက်သွားကြပြန်သည်။ သူတို့သည် လျှောလမ်းနှစ်ခုဆီသို့ ပြန်ရောက်သွားပြီး အမည်မသိနယ်မြေတစ်ခုဆီသို့ အရှိန်ပြင်းစွာဖြင့် ရွေ့လျားသွားကြတော့သည်။

ဧရာမစခရင်ကြီးပေါ်မှ မြင်ကွင်းမှာ အချိန်ကိုက် ပြောင်းလဲသွားပြီး ကျယ်ပြောလှသော သဲကန္တာရကြီးတစ်ခု ထွက်ပေါ်လာသည်။ မကြာမီ ရှောင်တန်သည် ထိုကျယ်ပြောလှသော သဲကန္တာရကြီးပေါ်သို့ ကောင်းကင်မှ ပြုတ်ကျလာပြီး ပက်လက်ကျသွားလေသည်။ စက္ကန့်အနည်းငယ်အကြာတွင် ရီရူယွီသည်လည်း ကောင်းကင်မှ ပြုတ်ကျလာသည်။ သူမ၏ ခြေထောက်များသည် ရှောင်တန်၏ ဗိုက်ပေါ်သို့ တည့်တည့်ကျရောက်ခဲ့ပြီး ဘေးကင်းစွာဖြင့် ဆင်းသက်နိုင်ခဲ့သည်။

"ဒီနေ့ ကွင်းမှာ ပထမဆုံးပေါ်လာမယ့် သတ်ဖြတ်သူက ဘယ်သူဖြစ်မလဲ"

မစ္စတာယိုးက ဆိုသည်။

"ကျွန်တော်တို့ လေးယောက်လုံးက အဆင့်မမြင့်ကြပေမဲ့ ဘယ်အဆင့်က သက်ရှိမဆို သေခြင်းတရားရဲ့အစွန်းမှာ ရုန်းကန်နေရတဲ့ မြင်ကွင်းကတော့ တုနှိုင်းလို့ မရတဲ့ ရှုစားမှုမျိုးပါပဲ"

သူသည် ပရိသတ်များ၏ စိတ်ခံစားမှုကို လှုံ့ဆော်ရန် မြင့်မားသော လေသံကို အသုံးပြုလိုက်သည်။

"ဒီသွေးစွန်းမယ့် မစ်ရှင်ကို ဘယ်သူ ဒါမှမဟုတ် ဘာက တာဝန်ယူမလဲ"

သူသည် ကင်မရာဆရာနှင့် ပိုမိုနီးကပ်စွာ တိုးသွားပြီး ကင်မရာမှန်ဘီလူးကို စိုက်ကြည့်လိုက်သည်။ တိုက်ရိုက်ထုတ်လွှင့်နေသော တေးဂီတမှာလည်း ထိတ်လန့်စရာကောင်းပြီး တင်းမာသော အသံအဖြစ် ပြောင်းလဲသွားသည်။

ရုတ်တရက် မစ္စတာယိုး၏ အမူအရာက ပြောင်းလဲသွားပြီး အလျင်အမြန် ပြောလိုက်သည်။

"အဲ့ဒါကို မပြောရသေးခင် ကျွန်တော်တို့ရဲ့ အစီအစဉ်ကို ကြည့်ရှုနေကြတဲ့သူတွေ အနေနဲ့ စခရင်ရဲ့ အောက်ခြေမှာရှိတဲ့ အပြန်အလှန် ဆက်သွယ်မှု နည်းလမ်းကို အသုံးပြုပြီး မက်ဆေ့ချ် ပို့နိုင်သလို၊ ကျွန်တော်တို့ရဲ့ ဝဘ်ဆိုဒ်ကို ဝင်ရောက်ပြီးတော့လည်း နောက်ဆုံး အနိုင်ရရှိမယ့်သူကို ခန့်မှန်းတဲ့ လှုပ်ရှားမှုမှာ ပါဝင်နိုင်ပါသေးတယ်၊ ခြောက်လှန့်က ပေးအပ်တဲ့ ဂုဏ်ပြုဆုငွေ တစ္ဆေဒင်္ဂါး ၁၀၀၀ ကို ရရှိမယ့် အခွင့်အရေး ရှိမှာပဲ ဖြစ်ပါတယ်၊ အရောင်းအဝယ် လုပ်ချင်ရင် ခြောက်လှန့်သေတ္တာဆီကို လာခဲ့ပါ၊ ဆုတွေ ရချင်ရင်တော့ သေမင်းပဟေဠိကို ကြည့်ရှုပါ၊ အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ"

"ဟေး၊ ဒီလို အရေးကြီးတဲ့ အချိန်ကျမှ ဘာလို့ ကြော်ငြာကို ကြားဖြတ်လွှင့်နေတာလဲ"

ဖုန်းပုကြွယ်က အော်ပြောလိုက်သည်။

"ဟားဟား... ကြည့်ရတာ ကျွန်တော်တို့ရဲ့ ပြိုင်ပွဲဝင် နံပါတ် ၁ က အရမ်းကို အလျင်စလို ဖြစ်နေပုံရတယ်"

မစ္စတာယိုးက ရယ်မောလိုက်သည်။

"ဒါပေမဲ့ ကွင်းထဲက ပထမဆုံး သတ်ဖြတ်သူကို မကြေညာခင်မှာ ကျွန်တော်တို့ရဲ့ ဧည့်သည်တော် သုံးဦးဆီကနေ ပထမအချီမှာ ပြိုင်ပွဲဝင်တွေရဲ့ စွမ်းဆောင်ရည်အပေါ် မှတ်ချက်တွေနဲ့ ဘယ်သူ သတ်ဖြတ်သူ ဖြစ်လာမလဲဆိုတဲ့ သူတို့ရဲ့ ခန့်မှန်းချက်တွေကို နားထောင်ကြည့်ကြရအောင်လားဗျာ"

ကင်မရာက မာနထံသို့ နောက်တစ်ကြိမ် လှည့်သွား၏။ သူမသည် ဖက်တီးယိုးကို အဝေးမှနေ၍ မောက်မာစွာ ကြည့်လိုက်ပြီး ဆိုသည်။

"တကယ်လို့ ငါ မှတ်ချက်ပေးလိုက်ရင် နင်တစ်နေရာရာမှာ သွားပြီး ကိုယ့်ဘာသာ အဆုံးစီရင်လိုက်နိုင်မလား"

"ဘာလို့ အဲ့ဒီလို တောင်းဆိုရတာလဲ၊ ကျွန်တော့်အပေါ် မင်းရဲ့ အထင်သေးမှုက အဲ့ဒီလောက်အဆင့်ထိ ရောက်သွားပြီလား"

မစ္စတာယိုးက သူ့နဖူးမှ ချွေးများကို သုတ်ရင်း မေးလိုက်သည်။

"အာ... အဲ့ဒါတော့ မဖြစ်နိုင်ဘူး ထင်တယ်"

"ဟွန့်..."

ထို့ကြောင့် မာနက စကားဆက်မပြောတော့ပေ။

ထို့နောက် ကင်မရာက ဟီဖက်စတပ်ထံသို့ လှည့်သွားသည်။ ကြည့်ရသည်မှာ ကင်မရာဆရာသည် အစီအစဉ်ကို သိမြင်သွားပုံရပြီး ပိုယုံကြည်ရသော ကပ်ရောဂါကို နောက်ဆုံးမှ စကားပြောခိုင်းရန် ဆုံးဖြတ်လိုက်ပုံရသည်။

"သတ်ဖြတ်သူက ဆိုက်ကလော့ပ်တစ်ကောင် ဖြစ်နေမလား"

ဟီဖက်စတပ်၏ မှတ်ချက်သည် ယခင်အတိုင်းပင် ယုံကြည်၍ မရနိုင်သေးပေ။

"တကယ်လို့ ဖြစ်ခဲ့မယ်ဆိုရင်တော့ မင်းပဲ တစ်နေရာရာမှာ သွားပြီး ကိုယ့်ဘာသာ အဆုံးစီရင်လိုက်တော့"

လူဝကြီးယိုးက ဟောက်လိုက်သည်။

နောက်ဆုံးတွင် ကင်မရာက ကပ်ရောဂါထံသို့ လှည့်သွားသည်။ သူသည် မစ္စတာယိုးဘက်သို့ လှည့်ကာ ဖြည်းညှင်းစွာ ပြောလာသည်။

"ပထမအချီရဲ့ စွမ်းဆောင်ရည်တွေအရ သူတို့ရဲ့ သက်ဆိုင်ရာ ကျွမ်းကျင်မှုတွေကို အခြေခံအားဖြင့် တွေ့ခဲ့ရပါတယ်၊ ပြိုင်ပွဲဝင် နံပါတ် ၁ ကတော့ ဘက်စုံတော်တဲ့သူဖြစ်ကြောင်း ထူးထူးခြားခြား တွေ့ရပါတယ်၊ သတ်ဖြတ်သူနဲ့ ပတ်သက်ရင်တော့ ခန့်မှန်းနေစရာ မလိုပါဘူး၊ အဟွတ် အဟွတ်... ကျွန်တော်က မြင်းစီးသူရဲကောင်း တစ်ယောက်ပါ၊ သဘာဝကျကျပဲ အဲ့ဒီ သဲကန္တာရထဲမှာ ဘာရှိတယ်ဆိုတာကို ကျွန်တော် သိနှင့်ပြီးသားပါ၊ ဒါကြောင့်... တင်ဆက်သူဖြစ်တဲ့ ခင်ဗျားပဲ ကြေညာလိုက်ပါတော့"

အခန်း (၁၂၀)

“ကောင်းပါပြီ၊ အနည်းငယ်တော့ လေးနက်မှုရှိတဲ့ သုံးသပ်ချက်အတွက် သခင်လေး ကပ်ရောဂါကို ကျေးဇူးတင်ပါတယ်”

မစ္စတာယိုးက ဆိုသည်။ သူက လက်ဝါးကို ဖြန့်ကာ စခရင်ဆီသို့ ညွှန်ပြလိုက်သည်။

“အခုတော့... အဖြေကို ထုတ်ဖော်လိုက်ကြရအောင်”

သဲကန္တာရထဲတွင်မူ ရှောင်တန်နှင့် ရီရူယွီတို့သည် ရိုက်ကူးရေးစင်မြင့်မှ မည်သည့်အသံကိုမျှ မကြားရသလို သူတို့ပတ်ဝန်းကျင်တွင်လည်း မည်သည့်ကင်မရာကိုမျှ မမြင်ရချေ။ ပုံရိပ်များက ထိုနေရာသို့ မည်သို့ရောက်ရှိသွားသနည်းဆိုသည်ကို ဘုရားသခင်သာ သိပေလိမ့်မည်။

လွန်ခဲ့သော ခဏက သူတို့နှစ်ဦးသည် သက်ဆိုင်ရာ လျှောလမ်းများပေါ်တွင် ခေတ္တမျှ ရှေ့သို့ ရွေ့လျားသွားပြီးနောက် သူတို့၏ အမြင်အာရုံမှာ ရုတ်တရက် ဖြူဖွေးသွားခဲ့သည်။ စူးရှသော နေရောင်ခြည်က အမှောင်ထုကို ဖောက်ထွင်းဝင်ရောက်လာပြီး ပတ်ဝန်းကျင် အပူချိန်ကလည်း ရုတ်တရက် မြင့်တက်လာခဲ့သည်။ ၎င်းမှာ လေဟာနယ်အက်ကြောင်းတစ်ခုထဲမှ မြေပြင်ပေါ်သို့ ပြုတ်ကျလာသည့်အလားပင်။

ဤသဲကန္တာရသည် အလွန်ပင် တိတ်ဆိတ်ငြိမ်သက်နေပုံရသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ဝါကျင့်ကျင့် သဲပြင်ကြီးမှလွဲ၍ ဘာမှမရှိချေ။ ရှားစောင်းပင်များ မရှိ၊ တိရစ္ဆာန်အရိုးစုများ မရှိ၊ ကျောက်ဆောင်များ မရှိသလို အိုအေစစ်လည်း မရှိချေ...။ အထူးဆန်းဆုံးအရာကား ဤကဲ့သို့ ပွင့်လင်းလှသော နေရာမျိုးတွင် လေတိုက်ခတ်မှု လုံးဝမရှိဘဲ သူတို့ရှေ့မှ သဲကန္တာရမှာ လုံးဝ ပြန့်ပြူးနေခြင်း ဖြစ်သည်။ သူတို့၏ အမြင်အာရုံတစ်ဆုံးတွင် သဲသောင်ကုန်းလေးတစ်ခုတောင် မရှိချေ။

“ဒီအခြေအနေက ရိုက်ကူးရေးလုပ်ဖို့အတွက်တော့ အကောင်းဆုံးပဲ”

ရီရူယွီက သူမလက်ကို နဖူးတွင် မိုးကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။

ရှောင်တန်က ကိုးရိုးကားယား ပြုံးလိုက်ပြီး သူမကို ကျေးဇူးတင်စကား ဆိုလိုက်သည်။

“အာ... ငါနဲ့အတူ လိုက်လာပေးလို့ ကျေးဇူးတင်ပါတယ်”

“အဲ... ရပါတယ်၊ ဒါက နည်းဗျူဟာရဲ့ အစိတ်အပိုင်းတစ်ခုပဲ၊ တိုက်ခိုက်ရမယ့်အပိုင်းကို လူအများကြီး ခွဲဝေယူလို့ရတာပဲလေ၊ ဒါကြောင့် စည်းမျဉ်းတွေကို အသုံးချသင့်တာပေါ့၊ ရှင်ကို အရမ်းတုံးပြီး အားနည်းဖို့ ဘယ်သူက ပြောထားလို့လဲ”

ရီရူယွီက မတတ်သာသည့် လေသံဖြင့် ပြန်ပြောလိုက်သည်။ သူမက လက်ကို မြှောက်ကာ အင်္ကျီကော်လာထဲသို့ လက်ညှိုးထည့်၍ ချောင်အောင် လုပ်လိုက်သည်။ သူမသည် အထူးတပ်ဖွဲ့ ဝတ်စုံပြည့် ဝတ်ဆင်ထားသဖြင့် ဤအပူချိန်မျိုးတွင် မခံမရပ်နိုင်အောင် ပူအိုက်နေခြင်းမှာ သဘာဝကျလှသည်။

ရှောင်တန်သည် သူ့အပေါ် ရီရူယွီ၏ သုံးသပ်ချက်ကို စိတ်ထဲမထားပေ။ သူမသည် မကောင်းသော စိတ်ဖြင့် ပြောခြင်းမဟုတ်မှန်း သူသိပေသည်။

“ဒါနဲ့... ဒီလို ပတ်ဝန်းကျင်မျိုးမှာ ရန်သူက ဘယ်ကနေ ပေါ်လာမှာလဲ”

သူက ခေါင်းမော့ကြည့်လိုက်သည်။ နေမင်းကြီးသည် ကောင်းကင်ထက်တွင် မြင့်မားစွာ တည်ရှိနေပြီး တိမ်တိုက်တစ်စပင် မရှိချေ။ ပြင်းထန်သော အလင်းရောင်ကြောင့် သူ့မျက်လုံးများကို ဖွင့်ရန်ပင် ခက်ခဲနေရသည်။

“တကယ်လို့ ကောင်းကင်ကနေ လာမယ်ဆိုရင် အနက်ရောင်လင်းတကြီးလိုမျိုး မကောင်းဆိုးဝါးကောင်ကြီး ဖြစ်နေမလား”

“ရှင်ပြောသလိုဆိုရင်တော့ မြေအောက်ကနေ လာမယ်ဆိုရင် ဧရာမပိုးကောင်ကြီး ဖြစ်မှာပေါ့”

သူတို့အားလုံး ခန့်မှန်းချက် မှားသွားခဲ့သည်...။

ထိုအချိန်တွင် ရိုက်ကူးရေးစင်မြင့်၌ မစ္စတာယိုးသည် အဖြေကို ထုတ်ဖော်နေသည့် အပိုင်းသို့ ရောက်ရှိနေပြီဖြစ်သည်။ သူ၏ နောက်ထပ်စကားမှာ ထိုသို့ဖြစ်သည်။

“သူကတော့... ဆိုက်ဘာထရွန်က လာတဲ့... သဲ ကန် တာ ရ ကျား ဖြစ်ပါတယ်”

ပရိသတ်များဆီမှ အားပေးသံများသည် ဆူနာမီလှိုင်းလုံးကြီးတစ်ခုအလား ထွက်ပေါ်လာတော့သည်။

ထိုအချိန်မှာပင် သဲကန္တာရကျားသည် ရှောင်တန်နှင့် ရီရူယွီတို့၏ အမြင်အာရုံထဲသို့ ဝင်ရောက်လာလေသည်။

သူသည် အဝေးတစ်နေရာမှ မိုးကုတ်စက်ဝိုင်းတွင် ပေါ်လာပြီး ဖုန်မှုန့်တန်းကြီးကို ချန်ထားရစ်ကာ အံ့သြဖွယ်အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာနေခြင်းဖြစ်သည်။

သဲကန္တာရကျား ပေါ်လာသောအခါ သူ၏ ပုံပန်းသဏ္ဍာန်သည် စက်ရုပ်ကျားကြီးတစ်ကောင် ဖြစ်နေလေသည်။ သူ၏ သတ္တုခန္ဓာကိုယ်တွင် အဝါရောင်နှင့် အမည်းရောင် ကျားကွက်များ ဖုံးလွှမ်းနေခဲ့သည်။ သူက အနားသို့ ကပ်မလာသေးသော်လည်း ရှောင်တန်သည် အဝေးမှပင် ဤမကောင်းဆိုးဝါး... သို့မဟုတ် ဤထရန်စဖော်မာ၏ ခန္ဓာကိုယ်သည် အလွန်ကြီးမားမည်မဟုတ်ကြောင်း ခန့်မှန်းမိသည်။ စက်ရုပ်ပုံစံ ပြောင်းလိုက်လျှင် ငါးမီတာ သို့မဟုတ် ခြောက်မီတာခန့်သာ မြင့်လိမ့်မည်ဟု ခန့်မှန်းရသည်။

ဒိုင်း။

သေနတ်သံ ထွက်ပေါ်လာချေပြီ။

ရှောင်တန် ခေါင်းလှည့်ကြည့်လိုက်သောအခါ ရီရူယွီသည် မြေပြင်ပေါ်တွင် ဝပ်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူမ၏ စနိုက်ပါရိုင်ဖယ်သည် အဆင်သင့်ဖြစ်နေပြီး ပထမကျည်ဆန်ကို ပစ်လိုက်ပြီးပြီ ဖြစ်သည်။

လေငြိမ်ပြီး တောက်ပနေကာ ကျယ်ဝန်းလှသော ဤတိုက်ပွဲကွင်းပြင်ထဲတွင် ပစ်ခတ်ရေးကို အထူးပြုသော ကစားသမားတစ်ဦးအနေဖြင့် ရန်သူ အနားမကပ်လာခင် တစ်ခုခု မလုပ်နိုင်ခဲ့လျှင် သေချာပေါက် ကျရှုံးပေလိမ့်မည်။ တိုက်ပွဲကို အဝေးက အဆုံးမသတ်နိုင်လျှင်ပင် ထိုသံတုံးကြီးကို ဘာဒဏ်ရာမှ မရဘဲ အနားကပ်လာအောင်တော့ အခွင့်မပေးနိုင်ပေ။

အကောင်းဆုံး စနိုက်ပါပစ်ကွင်း အခြေအနေတွင် ရီရူယွီသည် ထိုကျား၏ ဦးခေါင်းကို ချိန်ရွယ်ကာ ပစ်ခတ်လိုက်သည်။ သို့သော် စိတ်မကောင်းစရာမှာ သူမ၏ ပထမပစ်ချက်မှာ ကျားခေါင်းကို ဆံခြည်မျှင်အကွာအဝေးဖြင့် လွဲချော်သွားခဲ့ခြင်းဖြစ်သည်။ သေချာတာပေါ့၊ ဒါက သဲကန္တာရကျားက ရွေ့လျားနေလို့ပင်။ တကယ်၍ သူငြိမ်နေမည်ဆိုပါက မှန်ပြောင်းပါသော စနိုက်ပါရိုင်ဖယ်ဖြင့် ပစ်ခတ်ရေးကျွမ်းကျင်မှု အဆင့် F ရှိသည့် ကစားသမားပင် ထိမှန်အောင် ပစ်နိုင်ပေလိမ့်မည်။

“ဒါက တော်တော် ဒုက္ခပေးတာပဲ...”

ရီရူယွီက နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်။ သူမက ဒုတိယပစ်ချက်ကို ပြင်ဆင်ပြီး မောင်းဖြုတ်လိုက်သည်။

ဒိုင်း။

ယခုတစ်ကြိမ်တွင် ပစ်မှတ်က ပိုနီးကပ်လာပြီဖြစ်သည်။ မှန်ပြောင်းထဲတွင်မူ ၎င်းက လက်တစ်ကမ်းအကွာမှာ ရှိနေသလိုပင်။ ဤတစ်ချက်ကတော့ ပစ်မှတ်ကို ထိမှန်သွားခဲ့သည်။

တိုက်ဆိုင်မှု ဖြစ်နိုင်သလို ကံကောင်းမှုလည်း ဖြစ်နိုင်သည်။ ယခုတစ်ကြိမ်တွင် သဲကန္တာရကျားကို ထိမှန်ရုံတင်မကဘဲ ကျည်ဆန်က ၎င်း၏ဘယ်ဘက်မျက်လုံးကို တည့်တည့်ထိမှန်သွားကာ ကျားမျက်နှာပေါ်တွင် အနက်ရောင်အပေါက်ကြီးတစ်ခု ဖြစ်သွားစေသည်။ ကျည်ဆန်ထိမှန်သွားသည့် အခိုက်အတန့်တွင် မီးပွားများပင် လွင့်စင်ထွက်လာခဲ့သည်။ သို့သော်လည်း သဲကန္တာရကျားသည် သက်ရှိသတ္တဝါ မဟုတ်ဘဲ သက်ရှိစက်ရုပ်တစ်ရုပ် ဖြစ်သဖြင့် ဤကဲ့သို့သော တိုက်ခိုက်မှုမျိုးက အသက်အန္တရာယ် မရှိနိုင်ချေ။

ဒိုင်း။ တတိယပစ်ချက်။

ပစ်ပြီးနောက် ရီရူယွီသည် ပစ်မှတ်ကို ထိ၊ မထိတောင် မစစ်ဆေးတော့ပေ။ သူမက စနိုက်ပါရိုင်ဖယ်ကို အိတ်ထဲသို့ ပြန်ထည့်လိုက်ပြီး ဂျာမနီထုတ် MP5 စက်သေနတ်ကို ထုတ်ယူလိုက်သည်။ သူမ သေနတ်ကို မြှောက်ကာ ချိန်ရွယ်လိုက်၏။

ဤသေနတ်သည် ဈေးဆိုင်မှ ဝယ်ယူထားသည့် သေနတ်ဖြစ်သော်လည်း အလွန်ဈေးကြီးလှသည်။ ငွေကြေးအင်အား အသင့်အတင့်ရှိသော ပစ်ခတ်ရေးကစားသမားတစ်ဦးအတွက် ဤစက်သေနတ်မှာ ဂိမ်းအစောပိုင်းအဆင့်များတွင် အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။ ၎င်းသည် သုံးကီလိုဂရမ်အောက်သာ အလေးချိန်ရှိပြီး ပစ်ခတ်မှုနှုန်း မြင့်မားခြင်း၊ ပြန်ကန်အား နည်းခြင်း၊ တိကျမှု မြင့်မားခြင်းနှင့် ကျည်ပြန်ဖြည့်ရသည့်အရှိန် မြန်ဆန်ခြင်းတို့ ရှိသည်။ စံပြလက်နက်တစ်ခုအနေဖြင့် MP5 သည် ၎င်း၏ ယုံကြည်စိတ်ချရမှုနှင့် ကောင်းမွန်သော စွမ်းဆောင်ရည်တို့ကြောင့် ကမ္ဘာပေါ်ရှိ အထူးတပ်ဖွဲ့များစွာ၏ ပထမဆုံးရွေးချယ်မှုအဖြစ် ကာလရှည်ကြာ ရပ်တည်ခဲ့သည်။

ဒက် ဒက် ဒက် ဒက် ဒက်...။

သဲကန္တာရကျား သူတို့နှင့် မီတာ ၃၀ အကွာသို့ ရောက်ရှိလာသောအချိန်တွင် ရီရူယွီသည် သူမ၏ စက်သေနတ်ဖြင့် ကျည်ဆန်မိုးများ စတင်ရွာသွန်းလိုက်တော့သည်။ သူမ၏ စနိုက်ပါရိုင်ဖယ်မှ တတိယကျည်ဆန်သည် ထိုအကောင်၏ ရင်ဘတ်ကို ထိမှန်ခဲ့သော်လည်း ထိုနေရာရှိ သံချပ်ကာမှာ ပိုမို ထူထဲသဖြင့် ကျည်ဆန်က ဖောက်မဝင်နိုင်ခဲ့ချေ။ ကျည်ဆန်ရာလေးတစ်ခုသာ ကျန်ရစ်ခဲ့သည်။

ရှောင်တန်သည်လည်း သူ၏ ဝင်ချက်စတာကို ထုတ်ယူကာ မျက်စိရှေ့တွင် မြှောက်ထားလိုက်သည်။ သူ့နှလုံးခုန်သံများ မြန်ဆန်နေပြီး သူ့လက်ဖဝါးတွင် ချွေးများ စိုနေသော်လည်း သူက မောင်းဖြုတ်ရန် လောမနေခဲ့ပေ။ ဇာတ်လမ်းအချို့တွင် လေ့ကျင့်မှုများ လုပ်ပြီးနောက် ရှောင်တန်သည် သူ ကိုင်ဆောင်ထားသော လက်နက်များ၏ ဝိသေသလက္ခဏာတို့ကို အနည်းဆုံးတော့ နားလည်ထားပြီးဖြစ်သည်။ သူ ကိုင်ဆောင်ထားသော ရှော့ဂန်းသည် ၎င်း၏ စွမ်းအားပြည့် ရရှိရန်အတွက် အနီးကပ် ပစ်ရမည်ဖြစ်ကြောင်း သူသိပေသည်။ အကယ်၍ သူသာ မီတာဆယ်ဂဏန်း အကွာအဝေးမှ ပစ်မည်ဆိုပါက ထိုအရာက ထရန်စဖော်မာ မဟုတ်ဘဲ သံချပ်ကာကားအိုကြီးတစ်စီး ဖြစ်နေလျှင်ပင် ကြီးမားသောထိခိုက်မှု ဖြစ်စေနိုင်မည် မဟုတ်ချေ။

MP5 မှ ကျည်ဆန်များသည် သဲကန္တာရကျား၏ အရှေ့ပိုင်းကို ထိမှန်နေပြီး မီးပွားများ လွင့်စင်နေစေလေသည်။ သို့သော် ၎င်းက ထိုအကောင်၏ အရှိန်ကို မလျှော့ချနိုင်ခဲ့ပေ။၎င်းသည် ကစားသမား နှစ်ဦးနှင့် ဆယ်မီတာခန့် အကွာအဝေးသို့ ရောက်သောအခါ နောက်ခြေနှစ်ချောင်းဖြင့် ကန်ကာ လေထဲသို့ ခုန်တက်လိုက်သည်...။

နေရောင်ခြည်က သဲပြင်ပေါ်တွင် ကျားကြီးတစ်ကောင်၏ အရိပ်ကို ထင်ဟပ်နေစေ၏။ သဲကန္တာရကျား လေထဲတွင် ရှိနေသည့် စက္ကန့်အနည်းငယ်အတွင်း မြေပြင်ပေါ်ရှိ အရိပ်က သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

သဲကန္တာရကျားသည် လေထဲတွင် ပုံစံပြောင်းလိုက်ခြင်းဖြစ်သည်မှာ သိသာပေသည်။ မူလက ကျားခေါင်းပုံသဏ္ဍာန်ရှိသော ခေါင်းက ပွင့်ထွက်သွားပြီး လည်ပတ််သွားကာ ကိုယ်ထည်ထဲမှ စက်ရုပ်ခေါင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ ကွေးညွတ်နေသော ခြေထောက်လေးချောင်းသည် ထူးဆန်းသော ထောင့်များဖြင့် ခေါက်သွားပြီး ဖိသိပ်ကာ ရှည်ထွက်လာသည်။ ကိုယ်ထည်အတွင်းရှိ စက်ရုပ်လက်မောင်းများ ထွက်ပေါ်လာပြီး ကျားကွက်ပုံစံ သံချပ်ကာများသည် ခြေလက်များ၏ အပြင်ဘက်အလွှာတွင် ချပ်ဝတ်တန်ဆာကဲ့သို့ ကပ်ပါသွား၏။ အစောပိုင်းက ခေါင်းကို ထိမှန်ခဲ့သော ကျည်ဆန်ပေါက်များသည် အရေးမပါသော နေရာများသို့ ရောက်ရှိသွားတော့သည်။ ကြည့်ရသည်မှာ ၎င်း၏ ကျားပုံစံကို အရှိန်ပြင်းစွာ ရွေ့လျားရန်နှင့် တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိရန်အတွက် အသုံးပြုပုံရသည်။

ပုံစံပြောင်းလဲမှု လုပ်ငန်းစဉ်တစ်ခုလုံးသည် ရှုပ်ထွေးသော်လည်း မြန်ဆန်ပြီး သေသပ်လှသည်။ လေထဲသို့ ခုန်တက်သွားသော ကျားကြီးသည် မြေပြင်ပေါ်သို့ မဆင်းသက်လာမီ ခြောက်မီတာခန့် မြင့်သော စက်ရုပ်စစ်သည်တော်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူသည် ကစားသမား နှစ်ဦးထံ အရှိန်ပြင်းစွာ ပြေးဝင်လာတော့သည်။

ပုံစံပြောင်းလဲပြီးနောက် သူက စကားပြောလိုက်သည်...။

မည်သည့် စိတ်ခံစားမှုမှ မပါဝင်သော စက်ရုပ်အသံဖြင့် "လူသားတွေ... ဖျက်ဆီးမယ်... ပြန်လည် တည်ဆောက်မယ်...။"

All Chapters