← Chapters

အခန်း (၉၅၁-၉၅၂)

Vol. 96 Ch. 951-952

အခန်း (၉၅၁-၉၅၂)

Vol. 96 Ch. 951-952

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၅၁ + ၉၅၂)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

(ကြာနေလို့ Sorry ပါဗျ။ ကျွန်တော် ဖျားနေတာရယ်။ အခုလည်း ဖျားနေတုန်းပဲရယ်။ တကယ်တောင်းပန်ပါတယ်။ ပိုမြန်မြန်ထွက်ပါမယ်ဗျ 🤧)

လေသင်္ဘောကြီး၏ ကွပ်ကဲရေးခန်းမဆောင်၌ မြင်တွေ့ရသည်များမှာ စိတ်ကူးထဲရှိ အဆင့်မြင့်နည်းပညာသုံး လေယာဉ်ပျံများနှင့် လုံးဝကို ကွာခြားနေ၏။ လေသင်္ဘောကြီးအား ထိန်းချုပ်မောင်းနှင်နေသူများ အားလုံးမှာ ဝိညာဉ်ဆရာသခင်များ ဖြစ်ကြသည်။

မောင်းနှင်သူဖြစ်စေ ၊ လက်နက်ကိုင်တွယ်သူဖြစ်စေ အားလုံးက ဝိညာဉ်ဆရာသခင်များသာ ဖြစ်ကြ၏။ ဤနေရာရှိ အရာအားလုံးသည် ရှေးကျဟောင်းနွမ်းနေသည့်တိုင် အလွန်တရာ အဆင့်မြင့်မားလျက်ရှိနေသည်။

လေသင်္ဘောကြီး တစ်စင်းလုံးအတွက် အနည်းဆုံး ဝိညာဉ်ဆရာသခင် နှစ်ရာကျော်ခန့်ကို လိုအပ်မည် ဖြစ်၏။ လေသင်္ဘောကြီး၏ ကွပ်ကဲရေးခန်းမဆောင်အတွင်းရှိ အထင်ရှားဆုံး နေရာ၌မူ တုပိုင်၏ ပုံတူပန်းချီကားချပ်ကို ချိတ်ဆွဲထားလျက် ရှိနေသည်။

"အ... အ... အရှင်မင်းမြတ်ကို ဂါရဝပြုပါတယ်...။"

ဗိုလ်ချုပ်ကြီး ဖူဟုန်လင်း ဒူးထောက်ချလိုက်ချိန်၌ သူမသည် အလွန်အမင်း စိတ်လှုပ်ရှားနေသောကြောင့် စကားပင် ထစ်အသွားရ၏။

ဆယ့်ငါးနှစ်ကြာပြီးနောက်တွင်တော့ သူမ တုပိုင်ကို နောက်ဆုံး၌ ပြန်လည် တွေ့ဆုံခွင့်ရလေပြီ ဖြစ်၏။

ထိုနေ့က တုပိုင် ဧရာမ အရိုးနဂါးကြီးကို စီးနင်းကာ မိစ္ဆာများနှင့်အတူ သေမင်းတမန်လမ်းကြောင်းဆီသို့ ထွက်ခွာသွားပြီးနောက် ထိုသတင်းကား ကမ္ဘာတစ်ဝှမ်းလုံးသို့ ပျံ့နှံ့သွားခဲ့သည်။

သို့သော်ငြား အရှေ့ဘက် ပြည်ထောင်စု အင်ပါယာရော ၊ တာ့နင်အင်ပါယာကပါ တုပိုင်အတွက် မည်သည့် ဈာပနအခမ်းအနားကိုမျှ မကျင်းပခဲ့ကြချေ။ အဘယ်ကြောင့်ဆိုသော် မည်သူကမျှ တုပိုင် သေဆုံးသွားပြီကို မယုံကြည်လိုကြသောကြောင့်ပင် ဖြစ်၏။

ထို့နောက်၌မူ မီးနတ်ဘုရားဂိုဏ်းလောကရှိ ဘုရင်များ အားလုံးနှင့် အနောက်ကမ္ဘာမှ ဘုရင်များ အားလုံး အပါအဝင် တော်ဝင်ရောမအင်ပါယာ၏ ဧကရာဇ်တို့သည် တာ့နင်အင်ပါယာ၏ မြို့တော်ဆီသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ခဲ့ကြ၏။

ထို့နောက် ကမ္ဘာ့အင်အားကြီး နိုင်ငံများမှ ဧကရာဇ်များ အားလုံး၏ သက်သေအဖြစ် ရပ်တည်မှုအောက်၌ပင် တုပိုင်သည် အရှေ့ဘက် ပြည်ထောင်စု၏ ဧကရာဇ် ဖြစ်လာခဲ့တော့သည်။

ထို့အပြင် ဤသည်ကား ကာယကံရှင် ကိုယ်တိုင် တက်ရောက်ခြင်းမရှိသော တစ်ခုတည်းသော နန်းတက်ပွဲ အခမ်းအနားလည်း ဖြစ်ခဲ့သေးသည်။

တုပိုင် အရှေ့ဘက် ပြည်ထောင်စု၏ ပလ္လင်ပေါ်၌ တစ်ရက်မျှပင် ထိုင်ခဲ့ဖူးခြင်း မရှိသော်ငြား သူ၏ ဩဇာလွှမ်းမိုးမှုကမူ အရှေ့ကမ္ဘာတစ်ခုလုံး၏ နေရာအနှံ့အပြား၌ ရှိနေခဲ့၏။ ရွှေဒင်္ဂါး ၊ ငွေဒင်္ဂါး နှင့် ကြေးဒင်္ဂါး အားလုံးပေါ်​၌ တုပိုင်၏ မျက်နှာကို ရိုက်နှိပ်ထားကြသည်။

မီးနတ်ဘုရားဂိုဏ်း၌ပင် ရွှေဒင်္ဂါးပြားအချို့၏ မျက်နှာစာ၌ ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်၏ ပုံကို ရိုက်နှိပ်ထားပြီး ကျောဘက်၌မူကား တုပိုင်၏ ပုံကို ရိုက်နှိပ်ထားကြ၏။

တာ့နင်အင်ပါယာ၏ ကောလိပ်များစွာ၌လည်း နေရာအနှံ့၌ တုပိုင်၏ ပုံတူကားချပ်များကို ချိတ်ဆွဲထားပြီး တုပိုင်၏ ရုပ်တုများမှာလည်း နေရာတိုင်း၌ မားမားမတ်မတ် ရှိနေကြသည်။

ဤကဲ့သို့ နတ်ဘုရားတစ်ပါးပမာ ကိုးကွယ်ယုံကြည်မှု ခံရသော အခြေအနေမျိုး၌ တုပိုင် ဆယ့်ငါးနှစ်တိုင်တိုင် ပျောက်ကွယ်သွားခဲ့သော်ငြား လူတိုင်း၏ နှလုံးသားထဲတွင် ရှိနေဆဲပင် ဖြစ်သည်။

အနည်းဆုံးတော့ ယခုကွပ်ကဲရေးခန်းမဆောင် တစ်ခုလုံးရှိ ရာနှင့်ချီသော ဝိညာဉ်ဆရာသခင်များနှင့် စစ်သည်တော်များက တုပိုင်အား ကြည့်နေသည့် အကြည့်များထဲ၌ ယုံကြည်မှုနှင့် ကြည်ညိုမှုအရိပ်အယောင်တို့က အပြည့်အဝ လွှမ်းခြုံနေလျက် ရှိကြသည်။

သူတို့သည် တုပိုင်၏ ရှေ့မှောက်၌ ဒူးထောက်နေကြပြီး သူတို့၏ နှလုံးသားများမှာ ပြင်းထန်စွာ ခုန်လှုပ်နေကာ တစ်ကိုယ်လုံးရှိ သွေးများ ဆူပွက်နေသကဲ့သို့ပင် ခံစားနေကြရ၏။ တုပိုင်အား ကြည့်နေသော သူတို့၏ အကြည့်များမှာ ပြန်လည်ဝင်စားလာသည့် နတ်ဘုရားတစ်ပါးအား ဖူးမြော်နေရသကဲ့သို့ပင် ဖြစ်တော့သည်။

**--**--**--**--**--**--**--**

တုပိုင်ကမူ လက်ရှိအချိန်၌ တာ့နင်အင်ပါယာ၏ မြို့တော်ကို တစ်ချက်မျှ ကြည့်ရှုပြီးနောက် တောင်အမေရိက မြေအောက်ကမ္ဘာ စစ်မျက်နှာပြင် ရှေ့တန်းဆီသို့ သွားရောက်လို၏။ မကြာမီမှာပင် လေသင်္ဘောကြီးသည် ထျန်ကျင်းမြို့၏ ကောင်းကင်ယံထက်သို့ ရောက်ရှိလာသည်။

မြို့တော်၏ ပြောင်းလဲမှုများမှာ စိတ်ကူးထားသလောက် ကြီးကြီးမားမား မရှိလှဘဲ နေရာအနှံ့အပြား၌ ရှေးဟောင်းအိမ်များ ရှိနေဆဲပင် ဖြစ်၏။

အထပ်သုံးထပ် ၊ လေးထပ်ရှိသော အဆောက်အအုံများစွာ ရှိနေသော်ငြား အခြေခံအားဖြင့် အုတ်နှင့် အုတ်ကြွပ်များကိုသာ အသုံးပြုထားပြီး အတော်အတန် မြင့်မားသော ရှေးဟောင်းစံအိမ်ကြီးများနှင့် ဆင်တူနေကြသည်။

တာ့နင်အင်ပါယာ၏ အခြေခံသိပ္ပံပညာမှာ အားနည်းလှသော်ငြား အရှေ့ဘက် ပြည်ထောင်စု အင်ပါယာ၏ သိပ္ပံနှင့် နည်းပညာ အားလုံးကို ရရှိထားသောကြောင့် ဘိလပ်မြေကိုတော့ အကြီးအကျယ် အသုံးပြုထားကြ၏။

ရလဒ်အနေဖြင့် မြို့တစ်မြို့လုံးရှိ လမ်းများမှာ အများဆုံး ပြောင်းလဲသွားခဲ့သည်။ လမ်းများအား ဘိလပ်မြေဖြင့် ခင်းကျင်းထားပြီး အများကြီး ပိုမို ကျယ်ဝန်းလာခဲ့သည်။

ထို့အပြင် သိသိသာသာ ကွဲပြားခြားနားသွားသည်ဟု သူ အခိုင်အမာ ဆိုနိုင်သောအရာမှာ ကောင်းကင်ယံ၌ ပျံသန်းနေသည့် လေသင်္ဘောများပင် ဖြစ်၏။ မှန်ပေသည်။ လေသင်္ဘောများပင် ဖြစ်၏။

ဤလေသင်္ဘော အမျိုးအစားသည် အနိမ့်ပိုင်း၌သာ ပျံသန်းပြီး မြို့အချင်းချင်း လူစီးပို့ဆောင်ရေးအတွက် တာဝန်ယူထားကြသည်။ တစ်ကြိမ်လျှင် လူအယောက် ၁၀၀ ခန့်ကို သယ်ယူပို့ဆောင်ပေးနိုင်ပြီး ကျောက်သလင်း စွမ်းအင်ကိုသာ အသုံးပြုထားဆဲ ဖြစ်၏။

ထို့အပြင် တုပိုင် မီးရထားလမ်းကိုလည်း မြင်လိုက်ရသေး၏။

အိမ်ရှေ့စံမင်းသမီး တုရှောင်က ပြောလာ၏။ "ဒါက ပထမဆုံး မီးရထားလမ်းပါ...။ ထျန်ကျင်းကနေ ပေကျင်းအထိ အများစုကို ဖောက်လုပ်ပြီးစီးနေပြီ ဖြစ်ပေမဲ့ အခုထိတော့ ဖွင့်မပေးရသေးပါဘူး...။ အရှေ့ဘက် ပြည်ထောင်စုနဲ့ တာ့နင်အင်ပါယာရဲ့ အမြင့်ဆုံး ခေါင်းဆောင်တွေကအစ လူတိုင်းက ခမည်းတော် ပြန်လာမယ်လို့ ယုံကြည်နေကြတယ်...။ အဲဒီအခါကျရင် သမီးတို့ဆီမှာ အင်အားတွေ လိုအပ်လိမ့်မယ်လေ...။ ဒါကြောင့် အရှေ့ဘက် ပြည်ထောင်စု တစ်ခုလုံးရဲ့ ရေရှည် မဟာဗျူဟာက စစ်ရေးစွမ်းအားကို မြှင့်တင်ဖို့ ၊ လေသင်္ဘောကြီးတွေ တည်ဆောက်ဖို့နဲ့ စွမ်းအင်သုံး လက်နက်တွေ ထုတ်လုပ်ဖို့ပါပဲ...။ ဒါ့ကြောင့်မလို့ သုတေသန အင်အားစုအားလုံးနီးပါးကို ဒီလမ်းကြောင်း နှစ်ခုပေါ်မှာပဲ ရင်းနှီးမြှုပ်နှံထားပြီး တခြား ပရောဂျက်တွေကိုတော့ အကြီးအကျယ် လျှော့ချပစ်ခဲ့ရတယ်..."

ထို့မျှသာမက တာ့နင်အင်ပါယာနှင့် အရှေ့ဘက် ပြည်ထောင်စုတို့၏ အင်အားစုများမှာလည်း အစွန်းနှစ်ဖက်သို့ ရောက်ရှိနေသည်ကို တွေ့ရသည်။ သိုင်းပညာလမ်းကြောင်းကို အပြည့်အဝ လိုက်နာကျင့်ကြံသူများ ရှိသကဲ့သို့ ၊ သိုင်းပညာကို လုံးဝ မကျင့်ကြံကြတော့သူများလည်း ရှိလာ၏။

အဘယ်ကြောင့်ဆိုသော် သာမန် စစ်သည်များအနေဖြင့် တိုက်ခိုက်ရန် ဓားကို ကိုင်ဆောင်ဖို့ မလိုအပ်တော့ဘဲ ကျောက်သလင်းသုံး မှော်သေနတ်များက တစ်ကီလိုမီတာ သို့မဟုတ် နှစ်ကီလိုမီတာ အကွာအဝေးရှိ ရန်သူကို ပစ်ခတ်သုတ်သင်နိုင်သောကြောင့် ဖြစ်ကာ သာမန်စစ်ပွဲများ၌ အနီးကပ်တိုက်ခိုက်ရမည့် အခွင့်အရေးမှာ အခြေခံအားဖြင့် မရှိတော့သောကြောင့်ပင် ဖြစ်သည်။

သေချာပေါက် မြေအောက်ကမ္ဘာနယ်မြေစစ်ပွဲသည်တော့ ချွင်းချက် ဖြစ်လေ၏။

အိမ်ရှေ့စံမင်းသမီး တုရှောင်က မေးလာ၏။ "ခမည်းတော်... မြို့တော်ကို ဝင်ဦးမလား...။ ဝန်ကြီးချုပ် ချန်ဖိန်က ခမည်းတော်ကို တကယ် တွေ့ချင်နေမှာ အသေအချာပဲ...။ ပြီးတော့ လင်းချီနျန်ကလည်း ထောက်လှမ်းရေးဌာနရဲ့ ဒုတိယအကြီးအကဲ ဖြစ်နေပါပြီ..."

တုပိုင်က ဆိုသည်။ "ခမည်းတော်လည်း သူတို့ကို လွမ်းပါတယ်...။ ဒါပေမဲ့ စစ်ရေးကိစ္စက မီးလို ပူလောင်နေတယ်...။ တောင်အမေရိက မြေအောက်ကမ္ဘာ စစ်မျက်နှာပြင် ရှေ့တန်းကိုပဲ တိုက်ရိုက် သွားကြစို့..."

"အမိန့်တိုင်းပါ ခမည်းတော်..."

ထို့နောက် တုပိုင်တို့၏ လေသင်္ဘောကြီးသည် လေထဲ၌ ခေါင်းလှည့်သွားကာ တောင်အမေရိက၏ အနောက်ဘက်သို့ ဦးတည်ပျံသန်းသွားပြီး အမြန်ဆုံးအရှိန်ဖြင့် ရှေ့သို့ ချီတက်သွားရာ တစ်နာရီလျှင် ကီလိုမီတာ ၄၀၀ နီးပါး အရှိန်အထိ ရောက်ရှိသွားတော့၏။ ဤအရှိန်က တုပိုင်ကို အလွန်တရာ အံ့အားသင့်သွားစေသည်။

အဘယ်ကြောင့်ဆိုသော် ခေတ်သစ်ကမ္ဘာ၏ ပထမကမ္ဘာစစ်အတွင်း၌ ပန်ကာတပ် လေယာဉ်များ၏ ပျံသန်းမှုအရှိန်မှာ တစ်နာရီလျှင် ကီလိုမီတာ ၂၀၀ ခန့်သာ ရှိခဲ့သောကြောင့်ပင် ဖြစ်သည်။

တုပိုင် လေသင်္ဘော၏ ဒီဇိုင်းပုံစံများကို အနီးကပ် စစ်ဆေးကြည့်ပြီးနောက်တွင်တော့ သူ သိပ်မအံ့ဩတော့ချေ။

အကြောင်းမှာ ကျောက်သလင်း စွမ်းအင်ဗဟိုချက်သည် အလွန်တရာ အစွမ်းထက်လွန်းလှပြီး ဧရာမစွမ်းအင်များကို ထောက်ပံ့ပေးနိုင်သောကြောင့် ဖြစ်သည်။ ဤလေသင်္ဘော၏ အင်ဂျင်သည် ခေတ်နောက်ကျနေသော ပန်ကာအမျိုးအစား ဖြစ်သော်ငြား အင်ဂျင်အရေအတွက်ကမူ အလွန် များပြားလျက်ရှိနေ၏။

ထို့အပြင် အလင်းရွှေများ ပါဝင်နေခြင်းကြောင့် ပန်ကာအင်ဂျင်၏ ပစ္စည်းအရည်အသွေးမှာ ပထမကမ္ဘာစစ်အတွင်းရှိ လေယာဉ်များထက် များစွာ သာလွန်နေသည်။

ထို့အပြင် ဤလေသင်္ဘောသည် လေခွင်းအားကောင်းသော ကိုယ်ထည်ဒီဇိုင်းကို အသုံးပြုထားသေး၏။ လေခွင်းအားပညာရပ်မှာ အလွန်တရာ အဆင့်မမြင့်မားလှသော်ငြား မဆိုးလှတော့ချေ။

ဤသည်တို့ အပြင် လေသင်္ဘော တစ်စင်းလုံးကို အလင်းရွှေများဖြင့် ပုံသွင်းထားကာ အလေးချိန်မှာလည်း အလွန် ပေါ့ပါးလှသဖြင့် တစ်နာရီလျှင် ကီလိုမီတာ ၄၀၀ အထိ ပျံသန်းနိုင်သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။

တုပိုင် ဆက်လက်ပြီး လေသင်္ဘော၏ ဂဟေဆက်ခြင်းများနှင့် သံမှိုများကိုပါ စစ်ဆေးကြည့်ရာ အလွန်တရာ ပြောင်မြောက်လှသည်ကို တွေ့ရ၏။ ကျောက်သလင်း လေဆာကိရိယာများမှာ အလွန်အဆင့်မြင့်နေပြီဖြစ်သောကြောင့် ဂဟေဆက်နည်းပညာမှာလည်း အဆမတန် တိုးတက်နေပြီဖြစ်ကြောင်းကို တုပိုင် လျင်မြန်စွာပင် သဘောပေါက်သွားတော့သည်။

စွမ်းအင်ယဉ်ကျေးမှုသည် အမှန်တကယ်ပင် ကောင်းမွန်လှသည်။

**--**--**--**--**--**--**--**

အိမ်ရှေ့စံမင်းသမီးလေး တုရှောင်မှာ ခေတ်သစ်ကမ္ဘာရှိ တုပိုင်၏ ဇာတ်လမ်းကို နားထောင်ရင်း မျက်လုံးများ အပြူးသား ဖြစ်နေရသည်။ သို့သော်ငြား သူမ အလွန်အမင်းတော့ မထိတ်လန့်သွားချေ။

အဘယ်ကြောင့်ဆိုသော် သူမသည် နေ့စဉ်နှင့်အမျှ ရူးသွပ်စွာ စိတ်ကူးယဉ်တတ်ပြီး လွန်ခဲ့သော နှစ်အနည်းငယ်က မယ်တော်နင်းရွှဲ့အား ခမည်းတော် တုပိုင်သည် အခြားကမ္ဘာတစ်ခုသို့ ထွက်သွားခဲ့ပြီဖြစ်ကြောင်းပင် ပြောပြခဲ့ဖူးသောကြောင့် ဖြစ်၏။

ထို့မျှသာမက သူမ၌ ကြီးမားသော ဆန္ဒတစ်ခု ရှိနေသေးရာ ထိုသည်မှာ တစ်နေ့နေ့ တစ်ချိန်ချိန်၌ မိစ္ဆာကမ္ဘာဆီသို့ သွားရောက် စူးစမ်းလေ့လာရန်ပင် ဖြစ်သည်။

ယခုမှပင် အခြားကမ္ဘာဆိုသည်မှာ မိစ္ဆာတို့၏ ဟင်းလင်းပြင်လောက မဟုတ်ဘဲ နဂါးသွေးတိုက်ကြီး ဖြစ်နေမှန်း သူမ သိလိုက်ရ၏။ မူလ၌ နဂါးသွေးနွယ်ဖွား တစ်စုက အုပ်ချုပ်ခဲ့သော်ငြားလည်း မိစ္ဆာများက သိမ်းပိုက်သွားခဲ့ပြီး စွမ်းအင်အားလုံးကို စုပ်ယူခဲ့သောကြောငွ ယခုအခါ အသက်ကင်းမဲ့နေသော ဂြိုဟ်တစ်ခုသာ ကျန်တော့သည်။

တုပိုင်သည် ခေတ်သစ်ကမ္ဘာမှ ကူးပြောင်းလာခဲ့ခြင်း ၊ ခေတ်သစ်ကမ္ဘာကြီး ပျက်စီးသွားခဲ့ပြီ ဖြစ်ခြင်း စသည်တို့မှာ ဤကောင်မလေးကို စိတ်လှုပ်ရှားသွားစေနိုင်သော်ငြား လုံးဝ အံ့အားသင့် တုန်လှုပ်သွားစေခြင်းတော့ မရှိခဲ့ချေ။

အဘယ်ကြောင့်ဆိုသော် သူမ၏ ဦးခေါင်းသေးသေးလေးထဲ၌ ထိုထက်ပို၍ ကြောက်မက်ဖွယ်ကောင်းသော အရာများစွာကို တွေးတောထားပြီး ဖြစ်သောကြောင့်ပင် ဖြစ်လေ၏။

တုပိုင်က ပြောသည်။ "ကမ္ဘာပျက်ကြီးရဲ့ နောက်ဆုံးနေ့ရက်တွေတုန်းက သမီးထက် အသက်ငါးနှစ်လောက် ကြီးတဲ့ အစ်မတစ်ယောက် ရှိခဲ့သေးတယ်...။ သူ့နာမည်ကလည်း တုရှောင်ပဲ..."

အိမ်ရှေ့စံမင်းသမီးလေးက ဆို၏။ "ဟင်... ဒါဆို သမီး ဘယ်လိုလုပ်ရမလဲ...။ အစ်မနာမည်ကလည်း တုရှောင် ၊ သမီးနာမည်ကလည်း တုရှောင်...။ အခုကစပြီး ခမည်းတော်နဲ့အတူ ကမ္ဘာမြေရဲ့ အဆုံးသတ်အထိ လိုက်သွားမယ်ဆိုရင် သမီးကို ဘယ်လို ခေါ်ကြမလဲ..."

တုပိုင်က ပြုံးရင်း ဆို၏။ "အခုကစပြီး သမီးအစ်မကို တာ့ရှောင် လို့ ခေါ်ပြီး သမီးကို ရှောင်ရှောင် လို့ ခေါ်မယ်လေ...။ ဒါမှမဟုတ် သူ့ကို ရှောင်ပိန် လို့ခေါ်ပြီး သမီးကို ရှောင်ဝ လို့ ခေါ်ရမလား..."

"ကောင်းပါတယ်... ကောင်းပါတယ်..." မည်သည့် စိတ်ဆိုးမှုမျှ မရှိဘဲ အိမ်ရှေ့စံမင်းသမီးလေးမှာ လက်ခုပ်တီးကာ သဘောကျနေတော့၏။

သူမသည် အလိုလိုက်ခံရပြီး ကြီးပြင်းလာခဲ့ရသော ကလေးတစ်ယောက် ဖြစ်သည်နှင့်အညီ အလွန်တရာ အပြစ်ကင်းစင်ပြီး ဖြူစင်လှသည်။ တုပိုင်က သူမအား ရှောင်ဝဟု ခေါ်သည်ကို ကြားသော်ငြားလည်း အနည်းငယ်မျှ စိတ်ဆိုးခြင်း မရှိချေ။ အမှန်တကယ်တော့ သူမသည် လုံးဝ ဝမနေဘဲ အနည်းငယ် ပြည့်ဖြိုးရုံသာ ဖြစ်ပြီး လှပကာ တစ်ချိန်တည်းမှာပင် အလွန် ချစ်စရာကောင်းနေလျက်ရှိ၏။

ကမ္ဘာမြေပေါ်ရှိ တုရှောင်မှာ စကားသိပ်မများလှသော်ငြား သူ၏ ရှေ့မှောက်ရှိ အိမ်ရှေ့စံမင်းသမီးလေး ရှောင်ဝမှာမူကား စကားအလွန်များလွန်းလှသည်။

သူမသည် တစ်နေ့လျှင် ကိုးနာရီ အိပ်စက်ပြီး ကျန်ရှိနေသော အချိန်များ၌ အစာစားချိန်မှလွဲ၍ တုပိုင်နှင့် အဆက်မပြတ် စကားပြောနေတော့သည်။

သူမထံ၌ "ဘာဖြစ်လို့လဲ" ဟူသော မေးခွန်းပေါင်း သောင်းခြောက်ထောင် ရှိနေပြီး မေးလာသော မေးခွန်းများမှာလည်း အလွန်တရာ ဖြေရခက်လှ၏။

သူမသည် ခေတ်သစ်ကမ္ဘာ၏ ယဉ်ကျေးမှုပုံစံနှင့် နည်းပညာအဆင့်အတန်းတို့ကို အလွန် စိတ်ဝင်စား၏။ ထို့အပြင် ငရဲမျှော်စင်၏ အထပ်တစ်ထပ်ချင်းစီအကြောင်းကို ရှင်းလင်းစွာ မေးမြန်းခဲ့ပြီး နောက်ဆုံး၌ ဟင်းလင်းပြင်တံခါးပေါက် အကြောင်းသို့ လှည့်လာပြန်သည်။ ဤကောင်မလေးသည် အလွန်တရာ ဉာဏ်ကောင်းလွန်းလှသည်။

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၅၁ + ၉၅၂) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

All Chapters