အခန်း (၉၅၃-၉၅၄)
Vol. 96 Ch. 953-954
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၅၃ + ၉၅၄)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
တစ်ခါတစ်ရံ၌ စကားပြောဆို ဆက်သွယ်ရသည်မှာ နှေးကွေးလွန်းပြီး တိကျမှုမရှိသဖြင့် အားရဖွယ်မကောင်းချေ။ ထို့ကြောင့် သူတို့နှစ်ဦးသည် စိတ်ချင်း တိုက်ရိုက် ဆက်သွယ်လိုက်ကြရာ မရေမတွက်နိုင်သော ဒီဇိုင်းပုံစံကြမ်းများနှင့် အချက်အလက်များစွာတို့ သူတို့၏ စိတ်အာရုံထဲ၌ လျင်မြန်စွာ စီးဆင်းသွားတော့၏။
အိမ်ရှေ့စံမင်းသမီးလေးက ဆိုလာ၏။ “တာဘိုင်အင်ဂျင်တွေက သမီးတို့လေသင်္ဘောကြီးကို အဆင့်မြှင့်တင်ဖို့အတွက် နောက်ထပ်သော့ချက် ဖြစ်လာမှာ သေချာတယ်…”
“ခမည်းတော်… ခမည်းတော့်ဆီမှာ တာဘိုင်အင်ဂျင်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေနဲ့ ပုံစံကြမ်းတွေ ရှိလား…”
ထိုမေးခွန်းကြောင့် တုပိုင် ဆွံ့အသွားရ၏။ သူ့ထံ၌ ထိုအရာများ မည်သို့လုပ်၍ ရှိနိုင်မည်နည်း။
ထိုက်ခန်အင်ပါယာ၌ ကြီးမားသော လေယာဉ်ပျံများနှင့် ဂျက်တိုက်လေယာဉ်များ ရှိခဲ့သော်ငြား ကမ္ဘာပျက်ကပ်ဆိုက်နေချိန်၌ တုပိုင်မှာ သိုင်းပညာအပေါ်၌သာ အာရုံစိုက်နေခဲ့ရသည်။ လေယာဉ်ပျံများအကြောင်းကို လေ့လာနေရန် သူ မည်သည့်နေရာမှ အချိန်ရနိုင်ပါမည်နည်း။
“မရှိဘူးကွယ်…” တုပိုင်က ဆို၏။ “ဒါပေမဲ့ ထိုက်ခန်အင်ပါယာမှာ ဂျက်တိုက်လေယာဉ် အနည်းငယ် ကျန်သေးတယ်…။ အဲဒီက အင်ဂျင်တွေကို ဖြုတ်ယူလို့တော့ ရနိုင်ပါတယ်…”
“ဒါဆို အရမ်းကောင်းတာပေါ့…” အိမ်ရှေ့စံမင်းသမီးလေးက ပြုံးသွား၏။
“ပြီးတော့ ကွန်ပျူတာတွေလည်း ရှိသေးတယ်မလား…။ ဒါပေမဲ့ ခမည်းတော် ပြောပြတဲ့ ခေတ်သစ်ကမ္ဘာက ကွန်ပျူတာဆိုတာ သမီးတို့ရဲ့ နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သော့ချကိတစ်ခု အထိတော့ မဖြစ်နိုင်ဘူး…။ သမီးတို့ အရှေ့ဘက် ပြည်ထောင်စုက ရှုပ်ထွေးတဲ့ တွက်ချက်မှုတွေ လုပ်ဖို့အတွက် စိတ်စွမ်းအင်ကို ချဲ့ထွင်ပေးတဲ့ ကျောက်သလင်း စွမ်းအင်အစီအရင်ကိုပဲ အသုံးပြုထားတာရယ်…။ လတ်တလော စွမ်းဆောင်ရည်ကတော့ ခမည်းတော် ပြောတဲ့ ကွန်ပျူတာလောက် မကောင်းနိုင်တာ သေချာတယ်…။ ဒါပေမဲ့ အနာဂတ် အလားအလာကတော့ ခမည်းတော်တို့ ကမ္ဘာက ကွန်ပျူတာတွေထက် ပိုကောင်းလာမယ်လို့ ထင်တယ်…”
ယခင်က တုပိုင် ပင်လယ်ကြမ်းပြင်၌ ပုန်းအောင်းနေခဲ့စဉ်က ဤလေသင်္ဘောကြီး၏ ရှာဖွေထောက်လှမ်းခြင်းနှင့် ပစ်မှတ်မှတ်ခြင်းကို ခံခဲ့ရဖူး၏။ ထိုသည်က ရေဒါ သို့မဟုတ် အနီအောက်ရောင်ခြည်ကို အသုံးပြုခဲ့ခြင်း မဟုတ်ဘဲ စိတ်စွမ်းအင်ကို တိုက်ရိုက် အသုံးပြုခဲ့ခြင်းသာ ဖြစ်သည်။
ဤကမ္ဘာလောကရှိ ဝိညာဉ်ဆရာသခင်တိုင်း၏ စိတ်စွမ်းအင်မှာ ကန့်သတ်ချက် ရှိသော်ငြား အထူးစွမ်းအင်အစီအရင်များဖြင့် ချဲ့ထွင်လိုက်ပါက ရှာဖွေနိုင်သည့် အကွာအဝေးကို အဆပေါင်း ရာနှင့်ချီ၍ တိုးမြှင့်ပေးနိုင်စွမ်း ရှိကြသည်။
“သမီးတို့ အရှေ့ဘက် ပြည်ထောင်စုက တည်ဆောက်ထားတဲ့ စွမ်းအင်ယဉ်ကျေးမှုက ခေတ်သစ်ကမ္ဘာထက် ပိုကောင်းတဲ့ အနာဂတ်ရှိတယ် ဆိုပေမဲ့ ကံမကောင်းစွာနဲ့ပဲ ခမည်းတော်တို့လောက် မကောင်းတဲ့ အရာတစ်ခုတော့ ရှိနေသေးတယ်…” အိမ်ရှေ့စံမင်းသမီးလေးက ဆို၏။ “အဲဒါက ရုပ်ရှင်တွေ ၊ တီဗီတွေ နဲ့ မိုဘိုင်းဖုန်းတွေပဲ…။ ခမည်းတော် ပြောပြတာကို နားထောင်ရုံနဲ့တင် အရမ်း စိတ်ဝင်စားဖို့ ကောင်းနေပြီ…။ သမီးတို့ရဲ့ ဆက်သွယ်ရေးနည်းပညာက အခုထိကို အတော်လေး နောက်ကျနေတုန်းပဲ…။ စစ်မြေပြင်မှာတောင် လေသင်္ဘောနှစ်စင်းက မိုင်တစ်ရာလောက် ကွာသွားတာနဲ့ လုံးဝကို ဆက်သွယ်လို့ မရတော့ဘူး…။ သမီးတို့ရဲ့ ဆက်သွယ်ရေးက အော်ဟစ်တာကိုပဲ လုံးဝ အားကိုးနေရတဲ့ ခေတ်နောက်ကျလွန်းတဲ့ အဆင့်မှာပဲ ရှိနေတုန်းရယ်…။ အဲဒီအသံကိုမှ ကျောက်သလင်း စွမ်းအင်အစီအရင်နဲ့ ပြန်ပြီး အသံချဲ့နေရတာ…”
သူတို့သည် အခြေခံအကျဆုံးဖြစ်သော ရေဒီယိုဆိုသည့် သဘောတရားကိုပင် လုံးဝ နားလည်သဘောပေါက်ထားခြင်း မရှိသေးပေ။
“ခေတ်သစ်ကမ္ဘာကို ရောက်တဲ့အခါ သမီး ဖြုတ်ကြည့်ပြီး လေ့လာစမ်းသပ်လို့ရအောင် ရေဒီယိုတစ်ခုကို ခမည်းတော် ရှာပေးပါ့မယ်…” တုပိုင်က ပြောလိုက်၏။ “ဒါပေမဲ့ အဖေတို့ရဲ့ ရန်သူမှာက ပိုအစွမ်းထက်တဲ့ ဆက်သွယ်ရေးနည်းလမ်း ရှိနေပုံရတယ်…။ မိစ္ဆာတွေက မိုင်ထောင်ချီ ကွာဝေးနေတာတောင် အဖေတို့မြို့ရဲ့ ကောင်းကင်ယံထက်မှာ ပုံရိပ်တွေကို ထုတ်လွှင့်ပြသနိုင်တယ်…။ သူတို့က ကောင်းကင်တစ်ခုလုံးကို မျက်နှာပြင်အနေနဲ့ အသုံးပြုပြီး ပုံရိပ်တွေကို ထုတ်လွှင့်ပြသနိုင်တာလေ…”
အိမ်ရှေ့စံမင်းသမီးလေးက ဆိုလာသည်။ “ဒီကမ္ဘာလောကကြီးက သိပ်ကို အံ့ဩစရာ ကောင်းတာပဲ…။ ကမ္ဘာပျက်ကပ် ဆိုက်နေတဲ့ ၂၁ ရာစု ကမ္ဘာမြေဆီကို ခမည်းတော်နဲ့အတူ လိုက်သွားဖို့ သမီး မစောင့်နိုင်တော့ဘူး…”
စကားအလွန်များသော ဤသမီးလေးနှင့်အတူ ရှိနေရသဖြင့် လေသင်္ဘောပေါ်၌ ဖြတ်သန်းခဲ့ရသော ၄၈ နာရီကြာ ခရီးစဉ်သည် လုံးဝကို ငြီးငွေ့ဖွယ် မကောင်းခဲ့ချေ။ အချိန်များသည် မျက်စိတစ်မှိတ်အတွင်း၌ပင် ကုန်ဆုံးသွားခဲ့သကဲ့သို့ ရှိတော့သည်။
တုပိုင်၏ လေသင်္ဘောကြီးသည် မြောက်အမေရိကတိုက်ရှိ လူသားမဟာမိတ်တပ်ပေါင်းစု၏ စစ်ဌာနချုပ်ဆီသို့ ပျံသန်းသွားလျက် ရှိနေ၏။
ဤနေရာသည် လုံးဝ ကွဲပြားခြားနားသော အခြားကမ္ဘာတစ်ခုသဖွယ် ဖြစ်နေ၏။ စခန်းတစ်ခုလုံးသည် အလွန်တရာ ကြီးမားကျယ်ဝန်းလှပြီး မြို့တစ်မြို့၏ အရွယ်အစားထက်ပင် သာလွန်ကျော်လွန်လျက် ရှိနေသည်။
ဤသည်ကား အလွန်တရာ ကြည့်ရဆိုးလှသော မြို့တစ်မြို့လည်း ဖြစ်နေသေး၏။ စတုရန်းပုံစံ မြို့တစ်မြို့ဖြစ်ကာ မရေမတွက်နိုင်သော အိမ်များကို သပ်ရပ်စွာ တန်းစီဆောက်လုပ်ထားကြသည်။ ထိုအိမ်များသည် အလှအပကို ဂရုမစိုက်ဘဲ အုတ်နှင့် ဘိလပ်မြေများဖြင့်သာ ခိုင်ခံ့ရုံ တည်ဆောက်ထားကြသဖြင့် အလွန် ကြည့်ရဆိုးလှသည်။
စစ်ဌာနချုပ်စခန်း၏ ပတ်ပတ်လည် နေရာအနှံ့အပြား၌ ဧရာမ မီးခိုးခေါင်းတိုင်ကြီးများ ရှိနေပြီး သတ္တုကျိုစက်ရုံများနှင့် လက်နက်စက်ရုံများကလည်း တစ်ရုံပြီးတစ်ရုံ မားမားမတ်မတ် ရပ်တည်လျက် ရှိနေကြ၏။ အမျိုးမျိုးသော ကျောက်သလင်းများ ၊ သတ္တုများ ၊ စားနပ်ရိက္ခာများနှင့် မျိုးစုံလင်လှသော ကုန်ကြမ်းပစ္စည်းများကိုလည်း တောင်လိုပုံထားကြသေးသည်။ မြေပြင်ပေါ်၌လည်း လူများဖြင့် ပြည့်နှက်ကြပ်ညပ်နေလျက် ရှိကြသေး၏။
တာ့နင်အင်ပါယာ၏ ပထမဆုံး သံရည်ကျိုဖိုကို ယခုမှသာ စတင်တည်ဆောက်နိုင်ခဲ့သော်ငြား ဤနေရာတွင်မူ နေရာအနှံ့အပြား၌ မီးရထားလမ်းများ ရှိနေပြီး စစ်ဌာနချုပ်စခန်း တစ်ခုလုံးကိုပင် ကွန်ရက်သဖွယ် ဖြတ်သန်းဖောက်လုပ်ထားကြသည်။
လူသားမဟာမိတ်တပ်ပေါင်းစု၏ စခန်းသည် ကမ်းရိုးတန်းပေါ်၌ တည်ရှိပြီး အလွန်တရာ ကြီးမားကျယ်ဝန်းသော ဆိပ်ကမ်းတစ်ခုလည်း ရှိနေ၏။ မျိုးစုံလင်လှသော ကုန်တင်သင်္ဘောကြီး ရာနှင့်ချီကာ ပင်လယ်ပြင်ထက်၌ ကျောက်ချရပ်နားထားကြပြီး အမျိုးမျိုးသော ထောက်ပံ့ရေးပစ္စည်းများကို မြောက်အမေရိကတိုက်ဆီသို့ အဆက်မပြတ် သယ်ယူပို့ဆောင်ပေးနေလျက် ရှိကြသည်။
မဟာမိတ်စခန်း၏ အပြင်ဘက်၌မူ အဆုံးအစမဲ့သော ဝါခင်းများ ၊ ဂျုံခင်းများနှင့် စပါးခင်းများ ရှိနေပြီး မရေမတွက်နိုင်သော အင်ဒီးယန်းများက လယ်ယာမြေများ၌ စိုက်ပျိုးရေး လုပ်ကိုင်နေကြ၏။ (အင်ဒီးယန်းတိုင်းရင်းသားတွေကို သိတယ်မလားဗျ။ အမေရိကတိုက်မှာ ရှိကြတဲ့ နဂိုတိုင်းရင်းသားတွေပါ။ - ဘာသာပြန်)
လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း မြေအောက်ကမ္ဘာနယ်မြေနှင့် ဖြစ်ပွားခဲ့သော စစ်ပွဲသည် ကမ္ဘာတစ်ဝှမ်းလုံး၏ အဓိက အာရုံစိုက်ရာ ကိစ္စရပ်ကြီး ဖြစ်ခဲ့ရသည်။ တော်ဝင်ရောမအင်ပါယာ၏ ဧကရာဇ် ၊ ပါရှားအင်ပါယာ၏ ဧကရာဇ် နှင့် တာ့နင်အင်ပါယာ၏ ဧကရာဇ်တို့ သုံးပါးသည် လူသားမဟာမိတ်တပ်ပေါင်းစု စခန်း၌ အလှည့်ကျ ကြီးကြပ်ကွပ်ကဲခဲ့ကြရ၏။ ယခုနှစ်တွင်တော့ တိုက်ဆိုင်စွာပင် နင်းရွှဲ့၏ အလှည့် ဖြစ်နေသည်။
မြောက်အမေရိကတိုက်ရှိ လူသားမဟာမိတ်တပ်ပေါင်းစု စခန်းဆီသို့ တုပိုင် အပြေးအလွှား ရောက်ရှိလာချိန်၌ ထိုနေရာရှိ အခြေအနေများမှာ အလွန်တရာ ဆိုးရွားနေရပြီ ဖြစ်သည်။ စခန်းတစ်ခုလုံးရှိ မရေမတွက်နိုင်သော လူများ၏ မျက်နှာများပေါ်၌ ထိတ်လန့်ကြောက်ရွံ့မှုများ အပြည့်အဝ ဖုံးလွှမ်းနေလျက် ရှိကြ၏။
အဘယ်ကြောင့်ဆိုသော် ကြီးမားသော သတင်းဆိုးကြီးတစ်ခု ယခုလေးတင် ရောက်ရှိလာခဲ့သောကြောင့်ပင် ဖြစ်သည်။ ရှေ့တန်းစစ်မျက်နှာပြင်ရှိ လူသားမဟာမိတ်တပ်ပေါင်းစု၏ စစ်တပ်တစ်ခုလုံး သုတ်သင်ခံလိုက်ရပြီး ခံစစ်မျဉ်း နှစ်ခုစလုံး လုံးလုံးလျားလျား ကျိုးပေါက်သွားပြီ ဖြစ်လေ၏။
**--**--**--**--**--**--**--**
လူသားမဟာမိတ်တပ်ပေါင်းစု၏ အမြင့်ဆုံး ကွပ်ကဲရေးဌာနချုပ်၌ စစ်သေနာပတိ ဖူဟုန်ပင်းက တင်ပြလာ၏။ “အရှင်မင်းမြတ်… အခုချက်ချင်း ဆုတ်ခွာပြီး မြောက်ဘက်က ဒုတိယစခန်းဆီကို သွားရပါမယ်…။ ရှေ့တန်းစစ်မျက်နှာပြင်က လုံးဝကို ပြိုကျသွားပါပြီ…။ သိန်းနဲ့ချီတဲ့ လူသားမဟာမိတ်တပ်ပေါင်းစု စစ်တပ်ကြီးတစ်ခုလုံး သုတ်သင်ခံလိုက်ရသလို ၊ လူသားသိုင်းစစ်တပ်ကြီး တစ်ခုလုံးလည်း ကျရှုံးသွားပြီ…။ လေတပ်က တပ်ဖွဲ့ဆယ့်နှစ်ဖွဲ့လည်း ပြီးသွားပါပြီ…။ လေသင်္ဘော သုံးစင်းပဲ လွတ်မြောက်လာပြီး ကျန်တဲ့ ကိုးစင်းကတော့ မြေအောက်ကမ္ဘာဘုရင်ရဲ့ သိမ်းပိုက်ခြင်းကို ခံလိုက်ရပါပြီ…”
ဗိုလ်ချုပ်ကျီရှီသည်လည်း ဝင်ရောက်ထောက်ခံလာသည်။ “ဟုတ်ပါတယ်… အရှင်မင်းမြတ် ချက်ချင်း ဆုတ်ခွာဖို့ လိုအပ်ပါတယ်…။ အရှင်မင်းမြတ် မြောက်ဘက်က ဒုတိယစခန်းဆီ ဆုတ်ခွာနိုင်ဖို့အတွက် စစ်သေနာပတိ ဖူဟုန်ပင်းက အကာအကွယ် ပေးပါလိမ့်မယ်…။ မြေအောက်ကမ္ဘာ စစ်တပ် မြောက်ဘက်ကို ချီတက်လာတာကို တားဆီးနိုင်ဖို့ ခံစစ်မျဉ်းသစ်တစ်ခု ဖန်တီးရပါမယ်။ အဲဒီအတွက် ပထမစခန်းမှာ ကျန်ရှိနေတဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို အသုံးပြုဖို့ ကျွန်တော်မျိုး ခွင့်ပြုချက် လိုအပ်ပါတယ်…”
စစ်သေနာပတိ ဖူဟုန်ပင်းက နာကျင်ဟန်ဖြင့် ခေါင်းယမ်းလိုက်မိသည်။ “တားလို့ မရနိုင်တော့ပါဘူး…။ မရေမတွက်နိုင်တဲ့ မိစ္ဆာဝိညာဉ်တွေက နဂါးဝိညာဉ်တွေကို အလုံးစုံ လွှမ်းမိုးပြီလေ…။ ဘယ်စစ်တပ်ကမှ အဲဒါကို မတားဆီးနိုင်သလို ၊ ဘယ်ကျောက်သလင်း မှော်အမြောက်ကမှလည်း တားဆီးနိုင်မှာ မဟုတ်ဘူး…”
ဗိုလ်ချုပ်ကျီရှီမှာ မည်သည့်စကားမျှ မဆိုနိုင်တော့ချေ။ သူသည်လည်း ထိုအရာကို မတားဆီးနိုင်မှန်း သိနေသောကြောင့်ပင် ဖြစ်သည်။ နဂါးဝိညာဉ် ကောင်းကင်ယံထက်သို့ ပျံတက်သွားချိန်က ဤစစ်ပွဲ လုံးဝကျရှုံးသွားပြီဆိုသည်ကို သက်သေပြလိုက်ခြင်းပင် ဖြစ်၏။
နောက်ထပ် ဆယ်နာရီကြာပြီးသည်နှင့် မြေအောက်ကမ္ဘာစစ်တပ်သည် မျက်မှောက်၌ရှိသော ဤလူသားမဟာမိတ်တပ်ပေါင်းစု စခန်းဆီသို့ ချီတက်ရောက်ရှိလာတော့မည်ဖြစ်ကာ မကြာမီမှာပင် မြောက်အမေရိကတိုက် တစ်ခုလုံး ကျဆုံးသွားတော့မည် ဖြစ်သည်။
တုပိုင်၏ မွေးစားဖခင် လီဝမ်ဟွေ့က ရုတ်တရက် ဆိုလာ၏။ “အရှင်မင်းမြတ်… တာ့နင်အင်ပါယာဆီကို တိုက်ရိုက် ဆုတ်ခွာဖို့ လိုအပ်ကောင်း လိုအပ်ပါလိမ့်မယ်…”
လီကျန့်နယ်စားမင်းကလည်း တင်ပြလာသည်။ “အရှင်မင်းမြတ် တာ့နင်အင်ပါယာဆီကို တိုက်ရိုက် ဆုတ်ခွာဖို့ ကျွန်တော်မျိုးလည်း အကြံပြုချင်ပါတယ်…။ မြောက်အမေရိကတိုက်မှာ ဆက်နေလည်း ဘာအဓိပ္ပာယ်မှ ရှိမှာမဟုတ်တော့ဘူး…။ အမေရိကတိုက်က ကျဆုံးဖို့ သေချာနေသလို ၊ လူသားမဟာမိတ်တပ်ပေါင်းစုကလည်း ကျရှုံးဖို့ သေချာနေပါပြီ…။ အခု ကျွန်တော်တို့ဆီမှာ စစ်တပ်အင်အား တစ်သိန်းခွဲထက် ပိုမရှိတော့ဘူး…။ မြေအောက်ကမ္ဘာ စစ်တပ်ကို မတားဆီးနိုင်တော့ပါဘူး…။ ကျွန်တော်တို့မှာ လေသင်္ဘော သုံးစင်း အသင့်ရှိနေချိန် တာ့နင်အင်ပါယာဆီကို အရှင်မင်းမြတ် ချက်ချင်း ဆုတ်ခွာပါ…”
တာ့နင်အင်ပါယာ၏ ကျန်းဝူအမျိုးသမီးဧကရာဇ် နင်းရွှဲ့က သက်ပျင်းချလိုက်မိသည်။ “လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်တုန်းက ငါ့ခင်ပွန်းက ကမ္ဘာကြီးကို ကယ်တင်ပေးခဲ့တယ်…။ အခု ကမ္ဘာပျက်ကပ်ကြီးက ထပ်ရောက်လာပြန်ပြီလား…”
မူလက စစ်ပွဲအခြေအနေမှာ မျှော်လင့်ချက် ကင်းမဲ့သွားသည့် အခြေအနေအထိတော့ မရောက်ရှိသေးချေ။ မြေအောက်ကမ္ဘာဘုရင်သည် မြေအောက်ကမ္ဘာစစ်တပ်ကို ကွပ်ကဲနေသော်ငြား အတော်အတန် ထိန်းချုပ်ထားသဖြင့် ချီတက်မှုအရှိန်မှာ သိပ်မမြန်ဆန်လှပေ။
သို့သော်ငြား မရေမတွက်နိုင်သော မိစ္ဆာများသည် နဂါးဝိညာဉ်ကို ညစ်ညမ်းစေလိုက်ပြီးနောက်တွင်တော့ ထိုနဂါးသည် ကောင်းကင်ယံထက်သို့ ပျံတက်သွားခဲ့၏။ ရုတ်တရက်ဆိုသလိုပင် လူသားမဟာမိတ်တပ်ပေါင်းစု၌ မည်သည့် ခုခံနိုင်စွမ်းမျှ မရှိတော့ဘဲ မြေအောက်ကမ္ဘာတပ်များ၏ ချီတက်မှုအရှိန်မှာလည်း အဆပေါင်းများစွာ မြန်ဆန်သွားခဲ့တော့သည်။
လွန်ခဲ့သော ၄၈ နာရီခန့်၌ ရှေ့တန်းရှိ လူသားမဟာမိတ်တပ်ပေါင်းစုကြီး သုတ်သင်ခံလိုက်ရပြီး သိုင်းစစ်တပ်ကြီးလည်း လုံးဝ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် လက်ရှိအချိန်၌ လူသားမဟာမိတ်တပ်ပေါင်းစု စခန်းတစ်ခုလုံးသည် ကမ္ဘာပျက်မည့်နေ့ရက် ရောက်ရှိလာသကဲ့သို့ ဖြစ်နေကာ လူတိုင်းမှာ အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့နေကြတော့သည်။
လက်ရှိအခြေအနေအား ကယ်တင်နိုင်မည့် မျှော်လင့်ချက်မျှ မမြင်ရတော့ချေ။ ဤအတိုင်းသာ ဆက်သွားနေမည်ဆိုပါက မြေအောက်ကမ္ဘာစစ်တပ်များ ကမ္ဘာတစ်ဝှမ်းလုံးသို့ ပျံ့နှံ့သွားရန် အချိန်ကာလတစ်ခုသာ လိုအပ်တော့မည် ဖြစ်သည်။
အဖြစ်မှန်ကား အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှ၏။ သောင်းနှင့်ချီသော မိစ္ဆာဝိညာဉ်များသည် နဂါးဝိညာဉ်ကို ညစ်ညမ်းစေပြီးနောက်တွင် လောကဟင်းလင်းပြင် တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိသွားကြသည်။
လွန်ခဲ့သော ဆယ့်ငါးနှစ်က ကမ္ဘာ့ဟင်းလင်းပြင် အက်ကွဲကြောင်းမှတစ်ဆင့် ဝင်ရောက်လာခဲ့ကြသော ဤမိစ္ဆာများ အားလုံးကို တုပိုင်က သတ်ဖြတ်ခဲ့ပြီး ဖြစ်၏။ ယခုအခါ ဝိညာဉ်များသာ ကျန်ရှိနေတော့သော်ငြား သူတို့က ဤမျှတိုင် အစွမ်းထက်နေကြဆဲပင် ဖြစ်သည်။
ထိုအခိုက်အတန့်၌ အပြင်ဘက်တွင် ရုတ်ရုတ်သဲသဲ အသံများ ထွက်ပေါ်လာရာ နင်းရွှဲ့ ပြတင်းပေါက်ဆီသို့ လျှောက်သွားကာ ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။
ရုတ်တရက်ဆိုသလိုပင် နေနှင့် ကောင်းကင်ကိုပင် ဖုံးကွယ်သွားစေနိုင်လောက်သည့် အလွန်တရာ ကြီးမားလှသော လေသင်္ဘောကြီးတစ်စင်း ကောင်းကင်ယံထက်၌ ပေါ်လာသည်ကို မြင်လိုက်ရ၏။
လက်ရှိ ကမ္ဘာလောကကြီး၌ အရှေ့ဘက် ပြည်ထောင်စု နှင့် တာ့နင်အင်ပါယာတို့၌သာ လေသင်္ဘောများ ရှိကြသည်။
“တုပိုင်လေသင်္ဘောကြီးက နောက်ဆုံးတော့ အောင်မြင်သွားခဲ့ပြီလား…” နင်းရွှဲ့က ဝမ်းသာစွာဖြင့် ဆိုသည်။ “ရှောင်ရှောင်က တကယ်ကို အံ့ဩစရာကောင်းတာပဲ…။ ဒါပေမဲ့ ကံမကောင်းတာက အချိန်နှောင်းသွားခဲ့ပြီ…။ ဘာမှ အသုံးမဝင်နိုင်တော့ဘူး…”
ယခင်ကသာဆိုလျှင် ဤကဲ့သို့ မကြုံစဖူး ကြီးမားလှသော လေသင်္ဘောကြီးသည် လူတိုင်းကို အားတတ်စေပြီး စိတ်ဓာတ်ခွန်အားကို အပြည့်အဝ မြှင့်တင်ပေးနိုင်မည် ဖြစ်၏။
သို့သော်ငြား ယခုအချိန်၌မူ လူသားမဟာမိတ်တပ်ပေါင်းစု ပျက်သုဉ်းသွားပြီဆိုသည်မှာ သေချာနေပြီ ဖြစ်သလို ၊ အမေရိကတိုက် တစ်ခုလုံး ကျဆုံးသွားပြီဆိုသည်မှာလည်း ပြောင်းလဲ၍မရသော ရလဒ်တစ်ခု ဖြစ်နေပြီ ဖြစ်၏။ လက်ရှိ အခြေအနေမှာ ကမ္ဘာတစ်ဝှမ်းလုံး ကျဆုံးသွားခြင်းကို မည်သူမျှ တားဆီးနိုင်တော့မည် မဟုတ်သကဲ့သို့ပင် ဖြစိနေတော့သည်။
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၅၃ + ၉၅၄) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။