← Chapters

အခန်း (၉၅၅-၉၅၆)

Vol. 96 Ch. 955-956

အခန်း (၉၅၅-၉၅၆)

Vol. 96 Ch. 955-956

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၅၅ + ၉၅၆)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

ဤကဲ့သို့ ဧရာမလေသင်္ဘောကြီးပင်လျှင် မိစ္ဆာစွမ်းအင်များ ကူးစက်ညစ်ညမ်းနေသည့် မသေမျိုးနဂါးကြီးကို မတားဆီးနိုင်ချေ။ ထိုနဂါးကြီးသည် ဤလေသင်္ဘောကြီးကို လွယ်လွယ်ကူကူပင် ဖျက်ဆီးပစ်နိုင်စွမ်း ရှိနေ၏။

ကမ္ဘာလောကရှိ လူသားများအားလုံး ထပ်မံ၍ မျှော်လင့်ချက် ကင်းမဲ့သွားကြရပြန်ပြီ ဖြစ်သည်။

….

သို့သော်ငြား ထိုအခိုက်အတန့်၌ပင် ကောင်းကင်ယံရှိ လေသင်္ဘောကြီးထံမှ လူရိပ်တစ်ခု ရုတ်တရက် ခုန်ဆင်းလာလိုက်၏။

နောက်တစ်စက္ကန့်၌ပင် ထိုလူရိပ်က နင်းရွှဲ့ထံသို့ ပြေးဝင်လာသည်။ “မယ်တော်… သမီးလေ မယ်တော့်ကို လွမ်းလွန်းလို့ သေတော့မယ်…”

လှပချောမောလှသည့် အိမ်ရှေ့စံမင်းသမီးလေး တုရှောင်က ပြတင်းပေါက်ကို ဖောက်ဝင်လာပြီးနောက် ငှက်ငယ်လေးတစ်ကောင်သဖွယ် နင်းရွှဲ့၏ ရင်ခွင်ထဲသို့ ပြေးဝင်ကာ ကလေးဆန်ဆန် ချွဲနွဲ့လိုက်သည်။

နီရှန်က သူမ၏ အမေအရင်း ဖြစ်သော်ငြား ဤမိန်းကလေးသည် ငယ်စဉ်ကတည်းက နင်းရွှဲ့နှင့် ပိုမို ရင်းနှီးခဲ့၏။

အမေအရင်းဖြစ်သူ နီရှန်မှာ အလွန်တရာ အေးစက်လွန်းပြီး သိုင်းပညာအပေါ်၌သာ အမြဲတစေ အာရုံစိုက်နေတတ်သည်။ မယ်တော်နင်းရွှဲ့ကမူ သူမအပေါ် ငယ်စဉ်ကတည်းက ညင်သာကြင်နာပြီး နားလည်ပေးနိုင်ခဲ့သည်။ ထို့အတွက်​ကြောင့်လည်း နီရှန်ကဲ့သို့သော အမေမျိုးကို မလိုချင်ကြောင်း သူမ တစ်ကြိမ်မက ပြောဆိုဖူးခဲ့ခြင်းပင် ဖြစ်လေ၏။

“မောင်လေးရော… ဘယ်မှာလဲ…” အိမ်ရှေ့စံမင်းသမီးလေး တုရှောင်က အပြုံးမျက်နှာဖြင့် မေးလိုက်၏။

သူမပြောသည့် မောင်လေးဆိုသူမှာ တုပိုင်နှင့် နင်းရွှဲ့တို့၏ သားတော် ၊ တာ့နင်အင်ပါယာ၏ မင်းသား နင်ယဲ့ ဖြစ်ကာ သူမထက် လအနည်းငယ်ခန့် ငယ်ရွယ်သူလည်း ဖြစ်သည်။

အိမ်ရှေ့စံမင်းသားလေး၌ နာမည်နှစ်ခု ရှိ၏။ တရားဝင်အမည်မှာ နင်ယဲ့ ဖြစ်ပြီး မိသားစုချင်း ရှိနေချိန်မျိုးတွင်မူ နင်းရွှဲ့က ကလေးကို တုယဲ့ဟု ခေါ်ဆိုလေ့ရှိသည်။

“ဒီမှာလေ…” နင်းရွှဲ့က ဖြေလိုက်၏။

ဤသားတော်နှင့် ပတ်သက်ပြီး နင်းရွှဲ့တစ်ယောက် လက်မြှောက်အရှုံးပေးထားရသည်။ ထိုကောင်လေးသည် အလွန်တရာ ထုံအပြီး စကားတစ်ခွန်းမျှပင် မပြောတတ် မဆိုတတ်ချေ။

ယခုအခါ ရှေ့တန်းစစ်မျက်နှာပြင်ရှိ စစ်တပ်တစ်ခုလုံး သုတ်သင်ခံလိုက်ရကာ လူသားမဟာမိတ်တပ်ပေါင်းစု စခန်းကြီးမှာ အန္တရာယ်နှင့် ရင်ဆိုင်နေရချိန်၌ပင် သူက တည်ငြိမ်နေဆဲပင် ဖြစ်၏။

“တကယ့် လူကြီးလေး ကျနေတာပဲ…” အိမ်ရှေ့စံမင်းသမီးလေးက မှတ်ချက်ချလိုက်သည်။

နင်းရွှဲ့က သက်ပြင်းချလိုက်၏။ “သမီးရယ်… တကယ်ဆို သမီး ဒီကို မလာခဲ့သင့်ဘူး…။ ရှေ့တန်းက မဟာမိတ်တပ်ပေါင်းစုကြီး လုံးဝ သုတ်သင်ခံလိုက်ရပြီ…။ အမေရိကတိုက်ကြီးကလည်း မကြာခင် လုံးဝ ကျဆုံးသွားတော့မှာ…။ ကမ္ဘာကြီး တစ်ခုလုံးရဲ့ အခြေမနေကတောင် သေချာတော့ဘူး…”

အိမ်ရှေ့စံမင်းသမီးလေး တုရှောင်က ပြန်မေးလိုက်သည်။ “မြေအောက်ကမ္ဘာဘုရင်မ ဖန်းချင်းယီက အဲဒီလောက်ကြီး အစွမ်းထက်တာမှ မဟုတ်တာ… မဟုတ်ဘူးလား…”

နင်းရွှဲ့က ပြန်လည်ဖြေကြားသည်။ “ခမည်းတော်ရဲ့ ယခင် ရဲဘော်ဖော်ဟောင်း မသေမျိုးနဂါးကြီး ပြန်လည် ရှင်သန်လာခဲ့ပြီ…။ အခု အဲဒီနဂါးက မရေမတွက်နိုင်တဲ့ မိစ္ဆာဝိညာဉ်တွေရဲ့ ကူးစက်လွှမ်းမိုးတာကို ခံလိုက်ရပြီဆိုတော့ လူသားမဟာမိတ်တပ်ပေါင်းစုက အဲဒါကို တားဆီးနိုင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တော့ဘူး…”

အိမ်ရှေ့စံမင်းသမီးလေး တုရှောင်မှာ သူမဘာသာ ရေရွတ်လိုက်မိသည်။ “ဒါက ကောင်းကင်ဘုံရဲ့ အလိုတော်များလား…။ ခမည်းတော်က ကမ္ဘာကြီးကို ဒုတိယအကြိမ် ထပ်ပြီး ကယ်တင်ပေးရတော့မှာလား…”

ထိုစကားများ ထွက်ပေါ်လာချိန်၌ နင်းရွှဲ့၏ ခန္ဓာကိုယ်လေးမှာ ဆတ်ကတည်း တုန်ယင်သွားရသည်။ ထိုအခိုက်အတန့်၌ သူမ သေချာစွာ မြင်တွေ့လိုက်ရ၏။

ဧရာမ လေသင်္ဘောကြီး၏ အောက်ဘက်ရှိ ထိုလူ ၊ ရင်းနှီးလွန်းသော်လည်း တစ်ချိန်တည်းမှာပင် စိမ်းသက်နေသည့် ထိုမျက်နှာ… သူမ၏ ခင်ပွန်း ၊ သူမ အမြဲတမ်း တမ်းတလွမ်းဆွတ်နေရသည့် သူမ၏ ခင်ပွန်းပင် ဖြစ်၏။

သူ၏ မျက်နှာသွင်ပြင်မှာ အနည်းငယ် ပြောင်းလဲသွားသော်ငြား စိတ်စွမ်းအင် အရှိန်အဝါမှာမူ ပြောင်းလဲသွားခြင်း မရှိသလို ၊ သူ၏ မျက်ဝန်းများထဲမှ အကြည့်များကလည်း လုံးဝ ပြောင်းလဲသွားခြင်း မရှိချေ။

နင်းရွှဲ့ တစ်ချက်ကြည့်လိုက်ရုံဖြင့် ချက်ချင်း မှတ်မိသွားသည်။ ရုတ်တရက်ဆိုသလို သူမ၏ မျက်စိကိုပင် သူမ မယုံကြည်နိုင်အောင် ဖြစ်သွားရတော့သည်။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း မည်သို့မျှ မတုံ့ပြန်နိုင်တော့ဘဲ တောင့်တင်းသွားရသည်။

သူမ၏ စိတ်အာရုံထဲ၌ အားကောင်းသော ဗုံးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရပြီး ဦးနှောက်တစ်ခုလုံး ထုံကျဉ်မူးဝေသွားတော့သည်။

လီဝမ်ဟွေ့ ၊ ဖူဟုန်ပင်း ၊ ကျီရှီ ၊ လီကျန့် နှင့် အခြားသူများကလည်း တုပိုင်ကို မြင်တွေ့သွားကြသည်နှင့် ရုတ်တရက်ဆိုသလို သူတို့မှာ လုံးဝ မယုံကြည်နိုင်ဖြစ်သွားကြပြီး ကျောက်ရုပ်များသဖွယ် အေးခဲသွားကြရတော့သည်။

လူတိုင်းသည် ယခု မြင်ကွင်းကို မရေမတွက်နိုင်သော အကြိမ်များစွာ စိတ်ကူးယဉ်ခဲ့ဖူးကြ၏။ ဆယ့်ငါးနှစ်တိုင်တိုင် သူတို့သည် တုပိုင် သူတို့၏ မျက်မှောက်၌ ပေါ်လာမည့်အချိန်ကို အမြဲတစေ အိပ်မက်မက်နေခဲ့ကြ၏။

**--**--**--**--**--**--**--**

တစ်ချိန်တည်း၌ပင် တောင်အမေရိကတိုက်ကြီးမှာ ငရဲမြေပြင်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး မြောက်ဘက်သို့ ဆက်လက်၍ တိုးချဲ့လာလျက် ရှိနေ၏။

မြေအောက်ကမ္ဘာဘုရင်မ ဖန်းချင်းယီက မရေမတွက်နိုင်သည့် မြေအောက်ကမ္ဘာစစ်တပ်များကို ဦးဆောင်ကာ မြောက်ဘက်သို့ ချီတက်လာပြီး နေရောင်အောက်ရှိ မြေပြင်များကို ရူးသွပ်စွာ ဝါးမြိုနေလေသည်။

ကောင်းကင်ယံထက်ရှိ ဧရာမ မသေမျိုးနဂါးကြီးမှာ ပို၍ပို၍ ကြီးမားလာကာ ပို၍ပင် ကြောက်မက်ဖွယ် ကောင်းလာတော့၏။

သူ၏ ခန္ဓာကိုယ်ပေါ်ရှိ မိစ္ဆာဝိညာဉ်များကလည်း ပိုမို ရက်စက်ကြမ်းကြုတ်လာကာ စူးရှကျောချမ်းဖွယ် ရယ်မောသံများကို ပြုလုပ်လာကြသည်။

မသေမျိုးနဂါးနှင့် မြေအောက်ကမ္ဘာဘုရင်မ ဖန်းချင်းယီ ဦးဆောင်သည့် မြေအောက်ကမ္ဘာစစ်တပ်သည် လူသားမဟာမိတ်တပ်ပေါင်းစု စခန်းဆီသို့ တဖြည်းဖြည်း နီးကပ်လာသလို နင်းရွှဲ့နှင့် တုပိုင်တို့ဆီသို့လည်း ပိုမို နီးကပ်လာနေပြီ ဖြစ်သည်။

သူမ ချီတက်လာသည်နှင့်အမျှ မြေပြင်ပေါ်ရှိ သက်ရှိအားလုံးမှာ အညှာအတာကင်းမဲ့စွာဖြင့် သုတ်သင်ခံလိုက်ရတော့၏။

ကမ္ဘာမြေ၏ အဆုံးအစမဲ့ စွမ်းအင်များကို မရေမတွက်နိုင်သည့် မိစ္ဆာများ ၊ မသေမျိုးနဂါးကြီးနှင့် မြေအောက်ကမ္ဘာစစ်တပ်ကြီးက ဝါးမြိုသွားကြပြီ ဖြစ်သည်။ သူတို့သည် ကမ္ဘာမြေကြီးကို ဝါးမြိုနေကြခြင်းပင် ဖြစ်တော့၏။

မြေအောက်ကမ္ဘာဘုရင်မကမူ သူမ၏ စိတ်ထဲ၌ ကျိန်ဆဲနေသည်။ “တုပိုင်… ရှင် အခုထိ ရောက်မလာသေးဘူးဆိုရင် ကျွန်မရဲ့ နောက်ဆုံးကျန်နေတဲ့ စိတ်အာရုံက မိစ္ဆာတွေရဲ့ ဝါးမြိုတာကို ခံရတော့မှာ…။ အဲဒီအခါကျရင် ကျွန်မက အလုံးစုံ မိစ္ဆာဖြစ်သွားတော့မယ်…”

**--**--**--**--**--**--**--**

“ဒါက… ကိုယ်တို့ရဲ့ သားလေးလား…” တုပိုင်က သူ၏ မျက်မှောက်ရှိ ရှက်ရွံ့တတ်ပုံပေါ်သည့် ချောမောသည့် ကောင်လေးကို ကြည့်ကာ မေးမြန်းလိုက်၏။

နင်းရွှဲ့က ညင်သာစွာ ဖြေလာသည်။ “ဟုတ်တယ်… ဒါ ကျွန်မတို့ရဲ့ သားလေးလေ…”

အလွန်တရာ ထက်မြက်လှသည့် အိမ်ရှေ့စံမင်းသမီးလေး တုရှောင်နှင့် နှိုင်းယှဉ်ပါက တုပိုင်၏ မျက်မှောက်ရှိ ကောင်လေးမှာ သာမန်ဆန်လွန်းနေ၏။ သူသည် အလွန် အေးချမ်းတည်ငြိမ်နေပုံရပြီး သူ၏ သိုင်းပညာစွမ်းရည်မှာ မမြင့်မားသလို ၊ သူ၏ စိတ်စွမ်းအင်ကလည်း သိပ်၍ မသန်မာလှချေ။

သူသည် ဂီတနှင့် အနုပညာကို နှစ်သက်ပြီး စာဖတ်ခြင်းကို အနှစ်သက်ဆုံးဖြစ်ကြောင်း နင်းရွှဲ့က ပြောပြခဲ့သည်။

အခြေခံအားဖြင့် သူသည် နေ့စဉ် အချိန်အများစုကို စာအုပ်များ၏ ကမ္ဘာထဲ၌သာ ကုန်ဆုံးလေ့ရှိပြီး လူများနှင့် ဆက်ဆံရသည်ကို သိပ်၍ သဘောမကျလှပေ။

သို့သော်ငြား တစ်စုံတစ်ယောက်က သူ့အား ဦးစွာ စကားစမြည်လာပြောပါက သူသည် အလွန် ညင်သာစွာဖြင့် တုံ့ပြန်တတ်၏။ သူသည် အလွန် သည်းခံတတ်ပြီး ညင်သာကြင်နာတတ်သည့် သူတစ်ဦးပင် ဖြစ်သည်။

ယေဘုယျအမြင်အရဆိုလျှင် သူသည် ထူးချွန်ထက်မြက်သည့် လူငယ်တစ်ဦး မဟုတ်သော်ငြား နင်းရွှဲ့၏ မျက်ဝန်းများထဲ၌မူ သားဖြစ်သူအပေါ် ဂုဏ်ယူနေမှုများက အပြည့်ရှိနေဆဲပင် ဖြစ်၏။

“ခမည်းတော်…”

တုပိုင်၏ မျက်နှာအမူအရာကို မြင်လိုက်ရချိန်၌ နင်ယဲ့မှာ အနည်းငယ် စိတ်လှုပ်ရှားသွားပြီး ထိုသည်က သူ့အတွက် အလွန်တရာ ရှားပါးသည့် အဖြစ်အပျက်တစ်ခုလည်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် အချိန်အများစုတွင် သူသည် အလွန် တည်ငြိမ်လေ့ရှိပြီး စိတ်လှုပ်ရှားခြင်းနှင့် ထိတ်လန့်တုန်လှုပ်ခြင်းမျိုး အလွန် ရှားပါးလှသောကြောင့်ပင် ဖြစ်၏။

“ကောင်းပြီ… ကောင်းပြီကွာ…” တုပိုင်က သူ၏ ပခုံးကို ပုတ်ကာ အားပေးလိုက်သည်။

သူ့အတွက်မူ ကလေးတစ်ယောက် ထူးချွန်ခြင်း ရှိမရှိဆိုသည်ကို အပေါ်ယံကြည့်ကာ ဆုံးဖြတ်၍ မရနိုင်ပေ။

သူ၏ မျက်မှောက်ရှိ သားတော်သည် အစ်မနှစ်ဦးလောက် ပါရမီမပါသော်ငြား အနာဂတ်တွင် သူ အမွေဆက်ခံရမည့် အရာမှာ တာ့နင်အင်ပါယာကြီးပင် ဖြစ်သည်။ ဧကရာဇ်တစ်ပါးအနေဖြင့် သိုင်းပညာ အစွမ်းထက်ခြင်း မထက်ခြင်းမှာ အရေးမကြီးသလို ၊ စိတ်စွမ်းအင် ကျင့်ကြံမှု မြင့်မားခြင်း မမြင့်မားခြင်းကလည်း အရေးမကြီးချေ။

အရေးကြီးဆုံးအရာမှာ စိတ်နေစိတ်ထားနှင့် သဘောထားကြီးမြတ်မှုပင် ဖြစ်၏။

သူ၏ မျက်မှောက်ရှိ ကလေးငယ်သည် ဤအချက်နှစ်ချက်ကို ပိုင်ဆိုင်ထားသည်မှာ ယုံမှားသံသယဖြစ်ဖွယ် မရှိပေ။

ရှေးဆိုရိုးစကားတစ်ခုဖြစ်သည့် ဉာဏ်ပညာကြီးမားလွန်းသည့် သူများသည် ထုံအအနှင့်တူသည်ဟူသော စကားမှာ ဤကဲ့သို့သော သူများ၏ စိတ်နေသဘောထားကို ဖော်ပြနေခြင်းပင် ဖြစ်သည်။

“ယောက်ဖတော် တုပိုင်…”

ရဲရင့်ခန့်ညားပုံပေါ်သည့် အမျိုးသားတစ်ဦး အပြေးအလွှား ဝင်ရောက်လာပြီး အလွန်တရာ စိတ်လှုပ်ရှားနေပုံဖြင့် တုပိုင်၏ ရှေ့၌ တိုက်ရိုက် ဒူးထောက်ချလိုက်၏။

“လီချင်း… မင်းလည်း ရောက်နေတာလား…” တုပိုင်က သူ့ကို မှတ်မိနေဆဲဖြစ်ကာ အံ့ဩတကြီး မေးလိုက်သည်။

ဤသူသည် အန်နမ်ဘုရင် လီချန်၏ သားတော်ဖြစ်ပြီး ယခုအခါတွင် ဘုရင်လီချင်းဟု ခေါ်ရပေမည်။

လွန်ခဲ့သော အကြိမ်က တုပိုင် သူ့ကို နောက်ဆုံးတွေ့ခဲ့ချိန်၌ သူသည် အသက်ဆယ်နှစ်သာ ရှိသေးပြီး ယခုအခါတွင်မူ ရဲရင့်ပြတ်သားသည့် လူငယ်တစ်ဦး ဖြစ်နေပြီ ဖြစ်၏။

“အစ်မတော် နင်းရွှဲ့နဲ့အတူ ကျွန်တော်လည်း စစ်ထွက်လာခဲ့တာပါ…” လီချင်းက ရိုသေစွာ လျှောက်တင်လာသည်။

လီချင်းအတွက်မူ တုပိုင်မှာ သူ၏ အတုယူအားထားရဆုံး စံပြပုဂ္ဂိုလ်ကြီးပင် ဖြစ်လေ၏။ အန်နမ်နိုင်ငံသည် ဘုရင်မ မိုဟန်၏ တပ်များကြောင့် ပျက်စီးသွားခဲ့ချိန်က တုပိုင်ကသာ ဘုရင်မ မိုဟန်၏ စစ်တပ်ကို အနိုင်ယူပြီး တိုင်းပြည်ကို ပြန်လည်တည်ထောင်နိုင်ရန် ကူညီပေးခဲ့သူ ဖြစ်သည်။

ထို့အပြင် တုပိုင်တစ်ယောက် အရှေ့ဘက် ပြည်ထောင်စု၏ ပြိုင်ဘက်ကင်း စစ်တပ်ကြီးကို မည်သို့ ဖျက်ဆီးပစ်ခဲ့သည်ကိုလည်း သူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရသေးသည်။

ထိုအချိန်က ကလေးအရွယ်သာ ရှိသေးသည့် သူသည် တုပိုင်အပေါ် လုံးဝကို အထင်ကြီးလေးစားသွားခဲ့ရခြင်း ဖြစ်သည်။

**--**--**--**--**--**--**--**

နောက်ထပ် အချိန်တိုကာလလေးအတွင်း၌ တုပိုင် ၊ မွေးစားဖခင် လီဝမ်ဟွေ့ နှင့် သူ၏ ဇနီး နင်းရွှဲ့တို့ပင် သိပ်၍ ပြောစရာစကား မရှိကြချေ။

အဘယ်ကြောင့်ဆိုသော် အရင်းနှီးဆုံး သူများအတွက် စကားလုံးများဖြင့် ဖော်ပြရန် မလိုအပ်ဘဲ အတူတကွ တိတ်ဆိတ်စွာ နေရုံဖြင့်ပင် အရာအားလုံးကို နားလည်နေသောကြောင့် ဖြစ်၏။

ဆန့်ကျင်ဘက်အနေဖြင့် လီကျန့်ကသာ တုပိုင်နှင့် စကားအများဆုံး ပြောဆိုသူ ဖြစ်သည်။

လီကျန့်က လျှောက်တင်လာ၏။ “အရှင်မင်းမြတ်က ပင်လယ်ရပ်ခြားက နယ်မြေတစ်ခုကို ကျွန်တော်မျိုးကို ပေးသနားချင်ခဲ့ဖူးတယ်… အဲဒါက မူလ လီမိသားစု စော်ဘွားစီရင်စု နယ်မြေထက်တောင် ပိုကျယ်ပြန့်သေးတယ်…။ ဒါပေမဲ့ ကျွန်တော်မျိုး အကြာကြီး တုံ့ဆိုင်းနေခဲ့ပြီးမှ ငြင်းဆန်ခဲ့တယ်…။ ဘာလို့လဲဆိုတော့ အရာများစွာကို ကြုံတွေ့ခဲ့ရပြီးနောက်ပိုင်းမှာ နယ်မြေတစ်ခုတည်းအပေါ် တွယ်တာဖက်တွယ်ထားတာက အရိုက်မိုက်ဆုံးကိစ္စဆိုတာ ကျွန်တော်မျိုး သိလာရလို့ပဲ…။ ဟုတ်တယ်… ကမ္ဘာကြီးရဲ့ ဖွံ့ဖြိုးတိုးတက်မှုအပေါ် အာရုံစိုက်ပြီး အနာဂတ်ကို စူးစမ်းလေ့လာတာကသာ လူတစ်ယောက်ကို ထာဝရ စိတ်အားထက်သန်နေစေတာလေ…”

တုပိုင်က သူပြောသည်ကို တိတ်ဆိတ်စွာ နားထောင်နေ၏။

လီကျန့်က ဆက်လက်လျှောက်တင်သည်။ “အဖေက အရမ်း ထူးခြားပြောင်မြောက်တဲ့ လူတစ်ယောက်ပါ…။ ဒါပေမဲ့ အဆုံးမှာတော့ သူက သေဆုံးတဲ့အထိ ပိတ်လှောင်ခံလိုက်ရတယ်…။ ကျွန်တော်မျိုးရဲ့ မိသားစုမှာ အမွေဆက်ခံဖို့ လူလုံလောက်နေပြီမို့ အနာဂတ်မှာ အရှင်မင်းမြတ် ဘယ်ကိုပဲသွားသွား ကျွန်တော်မျိုးကိုပါ တစ်ပါတည်း ခေါ်သွားပေးပါ…”

**--**--**--**--**--**--**--**

“ယောက်ျား… တောင်းပန်ပါတယ်…”

နင်းရွှဲ့က တုပိုင်၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ ဝမ်းနည်းစွာ ပြောလိုက်၏။ “မြေအောက်ကမ္ဘာနယ်မြေရဲ့ ရှေ့တန်းစစ်မျက်နှာပြင်မှာ လူသားမဟာမိတ်တပ်ပေါင်းစုကြီး တစ်ခုလုံး သုတ်သင်ခံလိုက်ရပြီ…။ နီရှန် ၊ ကျီပြောင်ပြောင် ၊ သွေးကွမ်ရင်မယ်တော် နဲ့ ကျီယင်ယင် တို့လည်း ပြန်မလာနိုင်ကြတော့ဘူး…”

အိမ်ရှေ့စံမင်းသမီးလေး တုရှောင်က နှစ်သိမ့်ပေးလိုက်သည်။ “မယ်တော် မသေဘူး… သမီး ခံစားနိုင်တယ်…”

တုပိုင်က သက်ပြင်းချကာ တောင်းပန်လိုက်၏။ “ကိုယ် တောင်းပန်ပါတယ်…။ ပြန်တွေ့ပြီး နာရီဝက်တောင် မပြည့်ခင်မှာကို ထပ်ပြီး ခွဲရတော့မယ်…”

နင်းရွှဲ့ကမူ မည်သည့်စကားမျှ မဆိုတော့ဘဲ တုပိုင်၏ ရင်ခွင်ထဲ၌သာ သူမ၏ ခေါင်းကို အသည်းအသန် ခေါင်းရမ်းပြလိုက်တော့၏။

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၅၅ + ၉၅၆) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

All Chapters