အခန်း (၉၅၇-၉၅၈)
Vol. 96 Ch. 957-958
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၅၇ + ၉၅၈)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
အရာအားလုံးက ကောင်းကင်ဘုံ၏ အလိုတော်အတိုင်း ဖြစ်လာပုံရ၏။ လူသားမဟာမိတ်တပ်ပေါင်းစုကြီး မျှော်လင့်ချက်မဲ့နေသည့် အခြေအနေနှင့် ရင်ဆိုင်နေရချိန်၌ပင် သူမ၏ ခင်ပွန်းဖြစ်သူက ထပ်မံ ပေါ်ထွက်လာပြန်သည်။
အိမ်ရှေ့စံမင်းသမီးလေး တုရှောင်က ပစ္စည်းသုံးခုကို ကမ်းပေးလာကာ ဆိုလိုက်၏။ “ခမည်းတော်… ဒါက ခရမ်းလွန်ရောင်ခြည်ဗုံးတွေပဲ။ အရမ်းကို အစွမ်းထက်တယ်။ ခမည်းတော့်ကို သိပ်ပြီး ထိခိုက်စေမှာ မဟုတ်ပေမယ့် မြေအောက်ကမ္ဘာဘုရင်နဲ့ မြေအောက်ကမ္ဘာစစ်တပ်အတွက်တော့ တကယ့်ကို ကပ်ဆိုးဖြစ်စေလိမ့်မယ်။”
“သမီးလိမ္မာလေး။” တုပိုင်က မိန်းကလေးငယ်၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်ပြီးနောက် ခရမ်းလွန်ရောင်ခြည်ဗုံး သုံးလုံးကို သိမ်းဆည်းလိုက်သည်။
“ခမည်းတော် သွားတော့မယ်။”
စကားအဆုံး၌ သူသည် လူသားမဟာမိတ်တပ်ပေါင်းစု စခန်းမှ လျင်မြန်စွာ ထွက်ခွာသွားပြီး တောင်ဘက်ဆီသို့ ပြေးထွက်သွားလိုက်တော့၏။
**--**--**--**--**--**--**--**
တုပိုင်က ယခုအချိန်ထိ ကောင်းကင်ယံ၌ မပျံသန်းနိုင်သေးသဖြင့် အစွမ်းကုန် ပြေးရန်သာ တတ်နိုင်သေးသည်။
သို့သော် သူ၏ လက်ရှိ သိုင်းပညာမှာ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်လောက်သည်အထိ အစွမ်းထက်နေပြီ ဖြစ်ကာ တစ်နာရီလျှင် ကီလိုမီတာ သုံးရာအထိ ပြေးလွှားနိုင်၏။ ထိုအမြန်နှုန်းမှာ သာမန် ကားတစ်စီးထက် များစွာ သာလွန်နေပြီး ဤကဲ့သို့ မြေပြင်ပေါ်၌ ပြေးခြင်းက သူ၏ ရွှမ်းချီအတွင်းအားများကို များစွာ ကုန်ဆုံးသွားစေခြင်း မရှိပေ။ တုပိုင်က တောင်ဘက်သို့သာ တစ်ဟုန်ထိုး ပြေးခဲ့သည်။
ကီလိုမီတာ တစ်ထောင်ကျော် ပြေးလွှားပြီးနောက် ရုတ်တရက် အလွန်တရာ ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းလှသည့် မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသည်။
ရှေ့မိုင်တစ်ရာအကွာ၌ မြေပြင်နှင့် ကောင်းကင်ယံ အပါအဝင် ကမ္ဘာလောကကြီး တစ်ခုလုံးမှာ အဆက်မပြတ် ဝါးမြိုခံနေရသည်။ နေမင်းကြီးလည်း ပျောက်ကွယ်သွားလေပြီ။
စိမ်းလန်းသော သစ်ပင်များ ၊ နီရဲသော ပန်းပွင့်များ ၊ သာယာသော တောင်တန်းများနှင့် ကြည်လင်သော ရေပြင်များအားလုံး ပျောက်ကွယ်သွားရပြီ ဖြစ်၏။
သေမင်းတမာန်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေသည့် မြေပြင်ကြီးက အလုံးစုံကို ဝါးမြိုသွားပြီး သက်ဝင်လှုပ်ရှားနေသည့် ကမ္ဘာမြေကြီးအား ငရဲအဖြစ်သို့ အဆက်မပြတ် ပြောင်းလဲပစ်နေသည်။
ချက်ချင်းပင် တုပိုင် ကောင်းကင်ယံသို့ ရုတ်တရက် ခုန်တက်လိုက်သည်။
ထိုအခိုက်အတန့်၌ ဖြူလျော်သော အသားအရေပိုင်ရှင် အမျိုးသမီးတစ်ဦးက မရေမတွက်နိုင်သည့် မြေအောက်ကမ္ဘာစစ်တပ်များကို ဦးဆောင်ကာ အရိုင်းအစိုင်းများသဖွယ် ပြေးလွှားလာနေသည်ကို တုပိုင် ရှင်းလင်းပြတ်သားစွာ မြင်တွေ့လိုက်ရ၏။
သူတို့ ရှေ့တစ်လှမ်း တိုးလာတိုင်း မြေအောက်ကမ္ဘာနယ်မြေသည်လည်း ရှေ့သို့ တစ်လှမ်း ကျယ်ပြန့်လာပြီး ကမ္ဘာလောကကြီးမှာလည်း ထပ်မံ ဝါးမြိုခံလိုက်ရပြန်သည်။
သူတို့၏ အမြန်နှုန်းမှာ အလွန်တရာ လျင်မြန်လွန်းလှပြီး တစ်နာရီလျှင် ကီလိုမီတာ တစ်ရာ ၊ နှစ်ရာခန့်အထိ ရှိနေ၏။
အကယ်၍ ဤအတိုင်းသာ ဆက်သွားနေမည်ဆိုပါက လူသားမဟာမိတ်တပ်ပေါင်းစု စခန်းကြီးမှာ နောက်ထပ် ဆယ်နာရီအကြာတွင် လုံးဝ ဖျက်ဆီးခံရတော့မည် ဖြစ်သည်။
ရက်အနည်းငယ်အတွင်း အမေရိကတိုက်ကြီး တစ်ခုလုံး ကျဆုံးသွားမည်ဖြစ်ပြီး မြေအောက်ကမ္ဘာနယ်မြေအဖြစ်သို့ လုံးဝ ပြောင်းလဲသွားတော့လေမည်။
“ဝုန်းးး”
တုပိုင် သူ၏ ခြေထောက်များကို ကွေးကာ လေထဲသို့ မီတာတစ်ထောင်ခန့် ခုန်တက်လိုက်ပြီးနောက် အမြောက်ဆံတစ်လုံးသဖွယ် ပြန်လည် ကျဆင်းလာသည်။
“ဘုန်းးးး” ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ တုပိုင်သည် မြေအောက်ကမ္ဘာစစ်တပ်၏ ရှေ့ မီတာသောင်းချီ အကွာ၌ ပေါ်လာတော့သည်။
“မြေအောက်ကမ္ဘာစစ်တပ် ရပ်လိုက်စမ်း။ ဒါက သက်ရှိတွေရဲ့ ကမ္ဘာလောကပဲ။ ငရဲပြည်ရဲ့ အက်ကွဲကြောင်းဆီကို အခုချက်ချင်း ပြန်လှည့်သွားကြ။” တုပိုင်က အသံကျယ်ကြီးဖြင့် ဟိန်းဟောက်လိုက်၏။
တုပိုင်၏ အသံကို ကြားလိုက်ရချိန်၌ မြေအောက်ကမ္ဘာဘုရင်မ ဖန်းချင်းယီမှာ အံ့ဩသွားပြီး သူမ၏ မျက်ဝန်းများက ရုတ်တရက် အရောင်လက်သွားကာ အသိစိတ် အနည်းငယ် ပြန်လည် ကြည်လင်လာသည်။
“တုပိုင်… ခွေးကောင် ၊ ရှင် နောက်ဆုံးတော့ ရောက်လာပြီပေါ့။” မြေအောက်ကမ္ဘာဘုရင်မ ဖန်းချင်းယီက အေးစက်စက် ပြောလာသည်။ “ဒီမယ်မင်းကြီးမက ရှင့်ကို ဘယ်လောက်ကြာအောင် စောင့်နေရလဲ သိလား။ ကျွန်မသာ မရှိရင် ကမ္ဘာပျက်နေတာ ကြာပြီဟဲ့။”
သူမ၏ အပြောကြောင့် တုပိုင် မှင်သက်သွားရ၏။ “ဟမ်… “
သို့သော် နောက်တစ်စက္ကန့်၌ပင် မြေအောက်ကမ္ဘာဘုရင်မ ဖန်းချင်းယီ၏ မျက်ဝန်းများမှာ အစိမ်းရောင်မီးတောက်များအဖြစ်သို့ ပြန်လည် ပြောင်းလဲသွားပြီး သူမ၏ အသိစိတ်များ ပျောက်ကွယ်သွားရပြန်သည်။
ထို့နောက် သူမ၏ အသံမှာလည်း ပြောင်းလဲသွားပြီး အလွန်တရာ ဩရှကာ အေးစက်ခက်ထန်နေတော့၏။
“အရှင်တုပိုင်… မင်း နောက်ဆုံးတော့ ရောက်လာပြီပဲ။ ဒါပေမဲ့ မင်း အခုမှ ရောက်လာတာ သိပ်တော့ နောက်မကျသေးပါဘူးလေ။”
“တုပိုင်… မင်းက အရှင်မင်းမြတ် အိပ်မက်ဆိုး မိစ္ဆာဘုရင်ရဲ့ အစီအစဉ်တွေကို ဖျက်ဆီးခဲ့တယ်။ ပြီးတော့ နဂါးနက်ကြီးကို ငါတို့နဲ့အတူ သေဆုံးအောင် တွန်းပို့ခဲ့လို့ ငါတို့ မိစ္ဆာ သောင်းချီပြီး အထီးကျန် တစ္ဆေတွေ ဖြစ်ခဲ့ရတယ်။” မိစ္ဆာဝင်ပူးခံထားရသည့် ဖန်းချင်းယီက အေးစက်စက် ဆက်ပြောလာ၏။ “ဒီနေ့တော့ မင်းနဲ့ ငါ ဒီစာရင်းကို ရှင်းရမယ်။”
ပြောပြီးသည်နှင့် မြေအောက်ကမ္ဘာဘုရင်မက လက်ကို ရုတ်တရက် မြှောက်လိုက်သည်။ ထိုအခိုက်အတန့်၌ပင် သူမ၏ အနောက်ရှိ မြေအောက်ကမ္ဘာစစ်တပ်ကြီးမှာ ရှေ့ဆက်တိုးလာခြင်းကို ရပ်တန့်သွားကြသည်။
မြေအောက်ကမ္ဘာဘုရင်မက ဆက်ဆို၏။ “အဲဒီနေ့က မင်းဆီမှာ ဧရာမ အရိုးနဂါးကြီး ရှိခဲ့တယ်။ ဒါပေမဲ့ အခုတော့ နဂါးဝိညာဉ်က ငါတို့လက်ထဲ ရောက်နေပြီဆိုတော့ မင်းရဲ့ သိုင်းပညာလောက်နဲ့ ငါ့ကို တားဆီးဖို့ ကြိုးစားတာက ကျောက်တုံးကို ကြက်ဥနဲ့ ပေါက်သလိုပဲ အလကားဖြစ်သွားလိမ့်မယ်။”
တုပိုင် မေးခွန်းထုတ်လိုက်သည်။
“မင်း… ဘယ်သူလဲ။”
မြေအောက်ကမ္ဘာဘုရင်မက သူမ၏ အတောင်ပံများကို ခတ်ကာ ဓားကောက်တစ်လက်ကို ကိုင်ဆောင်လျက် ကောင်းကင်ယံသို့ ပျံတက်သွားလိုက်သည်။
“ငါက အိပ်မက်ဆိုး မိစ္ဆာဘုရင်ရဲ့ လက်အောက်ခံ မြေအောက်ကမ္ဘာ မိစ္ဆာစစ်သူကြီးပဲ။ ငါ့ရဲ့ ခန္ဓာကိုယ်က မင်းရဲ့ ဖျက်ဆီးတာကို ခံလိုက်ရလို့ လူသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို အတင်းအဓမ္မ ဝင်ပူးခဲ့ရတာ။ ငါ့ရဲ့ စွမ်းအားနဲ့ ကျင့်ကြံမှုတွေ အများကြီး လျော့ကျသွားတယ်ဆိုပေမယ့် မင်းကို သတ်ဖို့ကတော့ လွယ်လွယ်လေးပဲ။”
“သေစမ်း”
မြေအောက်ကမ္ဘာဘုရင်မက လက်ထဲရှိ ဓားကောက်ကြီးဖြင့် တုပိုင်အား ရက်စက်ကြမ်းကြုတ်စွာ ခုတ်ပိုင်းချပြစ်လိုက်သည်။
ချက်ချင်းဆိုသလိုပင် ခရမ်းရောင်အလင်းတန်းတစ်ခုက တုပိုင်ထံသို့ ထိုးဝင်လာတော့၏။
တုပိုင်သည်လည်း လေဟာပြင်ကို ဆုပ်ကိုင်လိုက်ရာ မိစ္ဆာမီးလျှံဓားက ပေါ်လာပြီး ထိုဓားဖြင့် ပြန်လည် ခုတ်ပိုင်းလိုက်သည်။
မျက်စိတစ်မှိတ်အတွင်း၌ပင် မြေအောက်ကမ္ဘာဘုရင်မ၏ ဓားအလင်းတန်းနှင့် တုပိုင်၏ မိစ္ဆာမီးလျှံဓားတို့ ထိပ်တိုက်တွေ့သွားကြ၏။
“ထန်းးး”
ကျယ်လောင်သော အသံကြီးနှင့်အတူ တုပိုင်တစ်ယောက် လွင့်စင်ထွက်သွားကာ သွေးများ အန်ကျလာပြီး လက်နှစ်ဖက်ရှိ မိစ္ဆာမီးလျှံဓားမှာလည်း အပိုင်းပိုင်းအစစ ကွဲကြေသွားရတော့သည်။
ဤအမျိုးသမီး၏ သိုင်းပညာက မည်မျှအထိ မြင့်မားနေသနည်း။
သူမ၏ တိုက်ခိုက်မှုက နေရောင်ခြည်နှင့် ထိတွေ့သွားပါက စွမ်းအားများ သိသိသာသာ လျော့ကျသွားမည်ကို သိထားရမည် ဖြစ်သည်။ သို့သော် ထိုကဲ့သို့ ဖြစ်နေချိန်၌ပင် သူမသည် တုပိုင်ကို လွင့်စင်ထွက်သွားစေပြီး သွေးအန်သည်အထိ လုပ်ဆောင်နိုင်စွမ်း ရှိနေဆဲပင် ဖြစ်၏။
မြေအောက်ကမ္ဘာဘုရင်မက အေးစက်စက်ဖြင့် လှောင်ပြောင်လိုက်သည်။
“အရှင်တုပိုင်… မင်းရဲ့ သိုင်းပညာက အခုထိ အားနည်းနေတုန်းပဲ။ မင်းရဲအဖြစ်က ပုရွက်ဆိတ်က တောင်ကြီးကို ရွှေ့ဖို့ ကြိုးစားနေသလိုပဲ… ရယ်စရာသိပ်ကောင်းတယ်။”
ထို့နောက် သူမက ရှေ့သို့ ဆက်တက်လာ၏။
မြေအောက်ကမ္ဘာနယ်မြေသည်လည်း မြောက်ဘက်ဆီသို့ ဆက်လက်၍ ကျယ်ပြန့်လာနေဆဲ ဖြစ်သည်။
မြေအောက်ကမ္ဘာဘုရင်မက မြေအောက်ကမ္ဘာနယ်မြေထဲ၌ ရှိနေသရွေ့ သူမထံတွင် အဆုံးမရှိသော စွမ်းအင်များ ရရှိနေမည်ဖြစ်ကြောင်း တုပိုင် သိမြင်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် သူမ ဝါးမြိုနေသည့် အရာမှာ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများပင် ဖြစ်သောကြောင့်ပင်။
ဤသည်မှာ သူ မြေအောက်ကမ္ဘာဘုရင်မ၏ ရုပ်သွင်ကို ပထမဆုံးအကြိမ် သေချာစွာ မြင်တွေ့ရခြင်းပင် ဖြစ်၏။
အနက်ရောင် ကိုယ်ကျပ်သံချပ်ကာကို ဝတ်ဆင်ထားပြီး ပေါ်လွင်နေသော သူမ၏ ခန္ဓာကိုယ်အချိုးအစားမှာ မိစ္ဆာတစ်ကောင် မဟုတ်ဘဲ တကယ့်ကို စစ်မှန်သော နတ်ဆိုးမကြီးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။
အဘယ်ကြောင့်ဆိုသော် သူမသည် မြေအောက်ကမ္ဘာ မိစ္ဆာစစ်သူကြီး၏ ဝင်ပူးခြင်းကို ခံထားရသောကြောင့်ပင်။
အထူးသဖြင့် သူမ၏ အရပ်မှာ ၂၀ စင်တီမီတာနီးပါးခန့် ပိုရှည်လာပြီး တကယ့်ကို ဧရာမ ခြေတံရှည်ကြီးများပင် ဖြစ်တော့၏။ ထိုခြေတံများမှာ ပြီးပြည့်စုံပြီး စွမ်းအားများနှင့် မှော်ဆန်သော အလှတရားများ အပြည့်အဝ ရှိနေသည်။
စကားမစပ် သူမသည် ဒေါက်မြင့်ဖိနပ်တစ်ရံကိုလည်း စီးထားသေးသည်။ (မူရင်းစာရေးဆရာရေးထားတာပဲ 😑)
သူမ၏ မျက်နှာသွင်ပြင်မှာလည်း ပြောင်းလဲသွားကာ မိစ္ဆာနှင့် လူသားတစ်ဦး ပေါင်းစပ်ထားသကဲ့သို့ ဖြစ်နေပြီး သူမ၏ ဆွဲဆောင်မှုနှင့် အလှတရားမှာ ဝိညာဉ်မိစ္ဆာ အန်ဂျလာနှင့်ပင် နှိုင်းယှဉ်နိုင်လောက်သည်အထိ အထွတ်အထိပ်သို့ ရောက်ရှိလေပြီ။
သူမက ဝိညာဉ်မိစ္ဆာတစ်ဦး၏ ခြေလှမ်းများဖြင့် မြောက်ဘက်ဆီသို့ တစ်လျှောက်လုံး လျှောက်လှမ်းလာသည်။
သူမ၏ အနောက်ရှိ မြေအောက်ကမ္ဘာစစ်တပ်ကလည်း မြောက်ဘက်ဆီသို့ ဆက်လက် ချီတက်လာနေကြ၏။
မြေအောက်ကမ္ဘာနယ်မြေသည်လည်း ကောင်းကင်နှင့် မြေကြီးကို တစ်ပြိုင်နက်တည်း ဝါးမြိုပစ်နေသည်။
“အရှင်တုပိုင်… နဂါးမရှိရင် မင်းက ဘာမှမဟုတ်ပါဘူး။” မြေအောက်ကမ္ဘာဘုရင်မက အထင်တသေး ဆိုလိုက်သည်။
ထို့နောက် သူမက ကျောက်စိမ်းရောင် လက်တစ်ဖက်ကို ဆန့်တန်းကာ တုပိုင် ရှိရာ လေဟာပြင်ဆီသို့ ဆုပ်ကိုင်လိုက်၏။ တစ်ချိန်တည်းမှာပင် မီတာတစ်ရာအကွာရှိ တုပိုင်မှာ လေထဲ၌ပင် သူမ၏ ဆုပ်ကိုင်ခြင်းကို ခံလိုက်ရသည်။
မြေအောက်ကမ္ဘာဘုရင်မက မိစ္ဆာဆန်ဆန်ပြုံးကာ ကျင်းသိန်းချီရှိသည့် ခွန်အားဖြင့် တုပိုင်အား ညစ်ချလိုက်သည်။
တုပိုင်မှာ ကျောက်သလင်းခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသဖြင့် ဤကဲ့သို့ ပြင်းထန်သော အင်အားများကို ခုခံနိုင်စွမ်း ရှိနေလေသည်။
သို့သော် မြေအောက်ကမ္ဘာဘုရင်မသည် မြေအောက်ကမ္ဘာနယ်မြေ တစ်ခုလုံး၏ စွမ်းအားကို အသုံးပြုနိုင်သောကြောင့် သူမ၏ ခွန်အားက ပိုပိုပြီး မြင့်တတ်လာတော့သည်။
ရုတ်တရက်ဆိုသလို တုပိုင်၏ ခန္ဓာကိုယ်မှာ ဖိချေခံလာရတော့၏။
ဖိအားက ပို၍ပို၍ ကြီးမားလာပြီး တုပိုင် ခံနိုင်ရည်ရှိသည့် ကန့်သတ်ချက်ကိုပင် ကျော်လွန်သွားတော့သည်။
“ဟားဟားဟား” မြေအောက်ကမ္ဘာဘုရင်မက အားရပါးရ ရယ်မောလိုက်သည်။ “တကယ်ကို အားနည်းလွန်းတယ်။ ကမ္ဘာပေါ်က လူတွေအားလုံး ဒီမြင်ကွင်းကို မြင်တွေ့သွားရရင် ဘယ်လောက်တောင် စိတ်ဝင်စားစရာ ကောင်းလိုက်မလဲ။ သူတို့ရဲ့ ကယ်တင်ရှင်ကြီးက အသက်ရှင်လျက်နဲ့ သေလုမျောပါး ဖြစ်နေတာကိုလေ။”
သူမက အင်အားများကို ဆက်လက် တိုးမြှင့်လိုက်ရာ တုပိုင်ကို ညစ်ထားသည့် အင်အားမှာ ကျင်းတစ်သန်းကျော်အထိ ရောက်ရှိသွားတော့၏။
“ဘုန်းးး”
ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး တုပိုင်၏ ခန္ဓာကိုယ်မှာ ရုတ်တရက် အပိုင်းပိုင်းအစစ ပေါက်ကွဲသွားရတော့သည်။
“ဟားဟားဟား” မြေအောက်ကမ္ဘာဘုရင်မက ရယ်မောလိုက်သည်။ “ပုရွက်ဆိတ်နဲ့ တူတဲ့ တုပိုင်… အားနည်းတဲ့ တုပိုင်”
သို့သော် နောက်တစ်စက္ကန့်၌ပင် သူမ ရုတ်တရက် နေရာ၌ အေးခဲသွားရ၏။
“ဝှီး”
ထိုအခိုက်၌ပင် တုပိုင်က သူမ၏ ဘေး၌ ရုတ်တရက် ပေါ်လာပြီး လက်ထဲရှိ မိစ္ဆာဖီးနစ်မီးလျှံဓားဖြင့် သူမ၏ ခန္ဓာကိုယ်ထံသို့ ခုတ်ပိုင်းချလိုက်သည်။
မိစ္ဆာဖီးနစ်မီးလျှံဓားမှာ မီးတောက်များဖြင့် လုံးဝ ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ဓားသွား၏ အပူချိန်မှာ ဒီဂရီ သိန်းပေါင်းများစွာကို ကျော်လွန်လျက် ရှိနေသည်။
သိသာလှစွာပင် မြေအောက်ကမ္ဘာဘုရင်မ၏ ခန္ဓာကိုယ်မှာ ဧရာမ ကွဲကြောင်းကြီးတစ်ခုအဖြစ် တိုက်ရိုက် ခုတ်ပိုင်းခံလိုက်ရတော့၏။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ထက်ပိုင်းပြတ်လုမတတ် ဖြစ်သွားရ၏။
အစောက ဖိချေခံလိုက်ရသည်မှာ သိသာလှစွာပင် တုပိုင်၏ ကိုယ်ပွားသာ ဖြစ်သည်။ တုပိုင်၏ ကိုယ်ပွားနည်းစနစ်မှာ အသုံးပြုရ အလွန် လွယ်ကူပြီး အကြိမ်ကြိမ် စမ်းသပ်ထားပြီးလည်း ဖြစ်၏။
ထို့အပြင် ရန်သူက တုပိုင်ကို အနိုင်ယူလိုက်ပြီဟု ထင်မှတ်သွားသည့် အကြိမ်တိုင်းတွင် သူတို့၏ သတိထားမှုများ လျော့ကျသွားတတ်သဖြင့် တုပိုင်၏ စိတ်စွမ်းအင်နည်းစနစ်များ အောင်မြင်နိုင်ခြင်းပင် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဤမြေအောက်ကမ္ဘာဘုရင်မ၏ စိတ်စွမ်းအင် ကျင့်ကြံမှုမှာ တုပိုင်ထက် များစွာ သန်မာလွန်းနေသောကြောင့် ဖြစ်၏။ ထို့ကြောင့် သူမ၏ စိတ်ပိုင်းဆိုင်ရာ ကာကွယ်မှုများ လုံးဝ လျော့ကျသွားချိန်အထိ သူ စောင့်ဆိုင်းရမည် ဖြစ်ပြီး ထိုအချိန်မှသာ ဝိညာဉ်ချုပ်နှောင်ခြင်း နည်းစနစ်က အလုပ်လုပ်နိုင်မည် ဖြစ်ကာ ထိုအရာကလည်း ခဏတာမျှသာ ဖြစ်ပေသည်။
သို့သော် ထိုခဏတာလေးကပင် လုံလောက်နေပြီ ဖြစ်၏။ တုပိုင်က သူမကို သေစေလောက်သည့် တိုက်ခိုက်မှုတစ်ခု ပေးစွမ်းနိုင်လိုက်သည်။
သို့သော် ထို့နောက်ဖြစ်ပျက်လာသည့် မြင်ကွင်းက တုပိုင်ကို လုံးဝ ထိတ်လန့်တုန်လှုပ်သွားစေရသည်။
အဘယ်ကြောင့်ဆိုသော် မြေအောက်ကမ္ဘာဘုရင်မ အခုတ်ခံလိုက်ရသည့် ဧရာမ ဒဏ်ရာကြီးမှာ မမျှော်လင့်ထားဘဲ စတင်၍ ပြန်လည် ကုစားလာသောကြောင့်ပင်။
စက္ကန့်အနည်းငယ် အကြာ၌ပင် သူမသည် တစ်ဖန် လုံးဝကို အကောင်းပကတိအတိုင်း ပြန်ဖြစ်သွားလေ၏။
သောက်ကျိုးနည်းလှ၏။ ဤမြေအောက်ကမ္ဘာဘုရင်မက မည်သို့လုပ်ပြီး ဤမျှအထိ အစွမ်းထက်နေရသည်နည်း။
သူမသည် စစ်မှန်သည့် မိစ္ဆာစစ်သူကြီးမဟုတ်ဘဲ မိစ္ဆာစစ်သူကြီး၏ ဝိညာဉ်သာ ဖြစ်ပြီး ဖန်းချင်းယီ၏ ခန္ဓာကိုယ်ကို ဝင်ပူးထားတာ ဖြစ်၏။ သို့သော် သောက်ကျိုးနည်း အလွန်အမင်းအစွမ်းထက်လှသည်။
တုပိုင် အန္တရာယ်ကို ခံစားမိသောကြောင့် လျင်မြန်စွာ နောက်ဆုတ်လိုက်၏။ သူ၏ မျက်ဝန်းတို့သည်လည်း ကြုံ့ဝင်သွားရသည်။
သို့သော်လည်း အချိန်နှောင်းသွားလေပြီ။
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၅၇ + ၉၅၈) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။