← Chapters

စစ်မာရှင်း

Vol. 13 Ch. 170

စစ်မာရှင်း

Vol. 13 Ch. 170

ချောင်းစုန့်နှင့် ပက်သက်၍ ပုံမှန် မဟုတ်သော အရာတစ်ခုခု ရှိနေခဲ့သည်။

စုမင်သည် တောင်ကြားအတွင်း ဖုံးကွယ်ထားသည့် လှိုဏ်ဂူမှ ထွက်လာခဲ့ချိန်တွင် နောက်သို့ ပြန်လှည့်ကြည့်လိုက်ရာ ထိုနေရာအား ရှာတွေ့ရန် အမှန်ပင် ခက်ခဲကြောင်း သူသိရှိလိုက်ရသည်။ သူဆိုလျှင်တောင် သေချာအာရုံစူးစိုက် မထားသရွေ့ နံရံနှင့်ပက်သက်၍ တစ်စုံတစ်ရာ လွဲမှားနေကြောင်းကို ရှာတွေ့ရန် ခက်ခဲနေလိမ့်မည် ဖြစ်သည်။

တံဆိပ်ခတ်နှိပ်ခြင်း အတတ်ကိုသာ အသုံးမပြုဘဲ သာမန်မျက်လုံးဖြင့်သာ ကြည့်ရှုမည်ဆိုလျှင် အရာအားလုံးအား ပုံမှန်အတိုင်းသာ မြင်နေရမည်ပင်။ တံဆိပ်ခတ်နှိပ်ခြင်း အတတ်ဖြင့်သာလျှင် နံရံတွင် မှိန်ဖျော့ဖျော့အလင်း တောက်ပနေသည်ကို သူ၏စိတ်အာရုံဖြင့် မြင်တွေ့နိုင်ခြင်း ဖြစ်သည်။

သူ အကြည့်ကို ပြန်လွှဲလိုက်သည်။

စုမင် မျက်နှာဖုံးအား ဆက်လက် မဝတ်ဆင်တော့ချေ။ သူ့ခေါင်းအား ဝတ်ရုံအနက်သုံးလျက် ဖုံးကွယ်လိုက်ပြီး တောင်ကြားအပြင်သို့ အလျင်မလိုစွာ လျှောက်လှမ်း ထွက်လာခဲ့သည်။ ယခင်က ဟန်တောင်တန်း၏ လျှို့ဝှက်နယ်မြေများ ဖြစ်ခဲ့ဖူးသည့် နေရာများအား သူဖြတ်လျှောက် လာစဉ်တွင် ချောင်းတကဲ့သို့ ရတနာ လာရောက် ရှာဖွေသူများအား တွေ့ခဲ့ရသည်။ ထိုသူများသည်လည်း သူ့အား တစ်ချက်သာ ကြည့်လျက် ဆက်လက်ထွက်ခွာ သွားကြသည်သာ ဖြစ်သည်။

မည်သူကမှ လပေါင်းများစွာကြာ ပျောက်ကွယ်နေခဲ့သော မော့စုဆိုသူသည် နေဝင်ရီတရော အချိန်တွင် ချောက်နက်ကြီးများ အတွင်းမှ လျှောက်လှမ်း ထွက်ခွာသွားကြောင်း မသိရှိကြပေ။

သို့တည်းမဟုတ် သွေးကြော ကျောက်သား နယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်ထိ ကျင့်ကြံနိုင်ခဲ့ပြီး ကောင်းကင်နှင့် မြေပြင်ကို အပြောင်းအလဲများ ဖြစ်စေခဲ့သည့် ရုပ်နယ်လွန်အဆင့် နတ်ဘုရားရုပ်တုအား ပေါ်ပေါက်လာစေခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် မာန်စွမ်းအားရှင်သည် ချောက်နက်ကြီးများ အတွင်းမှ ထွက်ခွာသွားခဲ့ကြောင်းကိုသော် ၎င်း မည်သူမှ မသိရှိခဲ့ပေ။

ဤနေ့တွင် အရာအားလုံးသည် ပုံမှန်အတိုင်းပင် ရှိနေခဲ့သည်။ ဟန်တောင်တန်း မြို့တော်သည် မီးအိမ်များမှ မီးအလင်းရောင်ဖြင့် တောက်ပလင်းထိန် နေခဲ့သည်။ အေးခဲကောင်းကင် ကလန်မှ လာရောက် ရွေးချယ်မည့်နေ့လည်း နီးကပ်လာပြီဖြစ်၍ မြို့တော်သည် ယခင်ထက် ပိုမိုသက်ဝင် လှုပ်ရှားနေသည်။ ဟန်တောင်တန်းမြို့တော် ပတ်လည်ရှိ မျိုးနွယ်စု၃စု၏ တောင်၃လုံးသည်သာ တိတ်ဆိတ်မှုတို့ လွှမ်းခြုံနေခဲ့သည်။

မျိုးနွယ်စု၃စုသည် တောင်များကိုပိတ်ထားခဲ့ပြီး ဧည့်သည်များ အားလုံးအား ငြင်းပယ်ခဲ့သည်။ လာရောက်လည်ပတ်သူ ဧည့်သည်သည် ရုပ်နယ်လွန်အဆင့်ရှိသူ ဖြစ်ခဲ့လျှင်ပင် မျိုးနွယ်စု၃စုကဲ့သို့ အလတ်တန်းစား မျိုးနွယ်စုများ ရှေ့တွင်တော့ လှည့်ပြန်ရသည်သာ ဖြစ်သည်။

နေဝင်ရီတရောချိန် နေလုံးသည် နီရဲနေခဲ့သော်လည်း လောင်ကျွမ်းနေသည့် အရိပ်အယောင်ကဲ့သို့ နီရဲခြင်းမျိုး မဟုတ်ပေ။ တစ်နေ့တာအတွက် နေလုံးကြီး ပျောက်ကွယ်မသွားခင် အချိန်တွင် ဖြစ်ပေါ်တတ်သည့် ရိုးရှင်းသည့် အနီရောင်ပင် ဖြစ်သည်။ ကုန်းမြေသည် နေဝင်ဆည်းဆာ၏ အရောင်များဖြင့် ခြယ်သခြင်း ခံထားရသည်မှာ မကြာခင် အမှောင်ထုသို့ ပြောင်းလဲတော့မည့် အရိပ်အယောင်ကဲ့သို့ပင်။

နေဝင်ချိန်သည် ဖြည်းဖြည်းချင်း ကုန်လွန်သွားခဲ့ပြီး တောင်ခြေတွင် ရပ်နေသူများအဖို့ နေလုံးအား မမြင်ရတော့သည့် အချိန်တွင် ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စုသည် ကြာမြင့်ခဲ့သည့် အချိန်မှစ၍ ပထမဆုံး ဧည့်သည်အား ကြိုဆိုခဲ့ချေသည်။

စုမင်သည် မျက်နှာတွင် မျက်နှာဖုံးအား နောက်တစ်ကြိမ် ပြန်လည် တပ်ဆင်လိုက်ပြီး ငြိမ်းအေးရာ အရှေ့အရပ် တောင်ခြေတွင် ရပ်လိုက်သည်။  သူ၏ အနက်ရောင်ဝတ်ရုံသည် လေနှင့် လွင့်မျောနေခဲ့ပြီး သူသည် ထိုနေရာတွင် ရပ်လျက် ရှေ့သို့ ငေးစိုက် ကြည့်နေခဲ့သည်။

ဒါသည် သူဤနေရာတွင် ရပ်နေခဲ့သော ဒုတိယအကြိမ် ဖြစ်သည်။ ပထမအကြိမ်နှင့် ယှဉ်လျင်တော့ အချိန်ကွာခြားမှုအပြင် သူသည်လည်း လုံးဝပင် ခြားနားသွားခဲ့သည့် လူတစ်ယောက်သဖွယ် ခံစားရသည်။

သူ ဤနေရာတွင် နောက်ဆုံးအကြိမ် ရောက်ရှိခဲ့စဉ်က စုမင်သည်  ရုပ်နယ်လွန်အဆင့် ရောက်ရှိနေသည်ကဲ့သို့ သူ့ကိုယ်သူ ဖော်ပြခဲ့ရသည်။ ဤတစ်ကြိမ်တွင်တော့ သူထိုသို့လုပ်ရန် မလိုအပ်တော့ချေ။ သူ သည်နေရာတွင် ရပ်နေလျှင် မည်သူကမျှ သူ့အားလျစ်လျူရှု မထားနိုင်ပါချေ။ သွေးကြောကျောက်သား နယ်ပယ်တွင် ရှိသူများအဖို့ သူ၏တည်ရှိမှုအား ရှင်းလင်းစွာ ခံစားနိုင်လိမ့်မည် မဟုတ်ပေ။ သို့သော် ရုပ်နယ်လွန်အဆင့် ရောက်ရှိနေသူတို့သာ စုမင်ထံမှ ထွက်ပေါ်လာနေသည့် သွေးကြောကျောက်သား ပြည့်စုံဆင့်မှ ဖိအားကို ရှင်းလင်းစွာ ခံစားနိုင်လိမ့်မည် ဖြစ်သည်။

တောင်ထိပ်ဆီသို့ ဦးတည်နေသည့် လှေကားထစ်များအတိုင်း စုမင် တည်ငြိမ်စွာ လျှောက်လိုက်သည်။ လှေကားထစ်ပေါ်သို့ ခြေချလိုက်မိစဉ်မှာပင် ပြင်းထန်သည့်ဖိအား ပေါ်ပေါက်လာခဲ့၏။ ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စု အနေဖြင့် တောင်အားပိတ်ထားရန် ဆုံးဖြတ်ခဲ့ချိန်မှစ၍ အပြင်လူများ ဝင်ရောက်ခြင်းအား တားဆီးရန် တောင်အား ကာကွယ်နေခဲ့သည့် စွမ်းအားဖြစ်သည်။

စုမင်သည် ယခင်က ဤစွမ်းအားနှင့် ထိတွေ့ခဲ့ဖူးပြီး ၎င်းသည် ယခု သူထပ်မံ တွေ့ကြုံရချိန်တွင်တော့ သူ့အပေါ် သက်ရောက်မှု မရှိတော့ပါချေ။

သူသာ အလိုရှိသည်ဆိုလျှင်၊ ဖိအားများ၏ တည်ရှိမှုကိုပင် လုံးဝ လျစ်လျူရှုထားနိုင်ပြီ ဖြစ်သည်။

“ငါ၊ မော့စု ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု ခေါင်းဆောင်ကို နှုတ်ခွန်း ဆက်လိုက်ပါတယ်” စုမင်၏ တည်ငြိမ်သည့် အသံသည် ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။ ဤတစ်ကြိမ်တွင်တော့ သူသည် သူ၏အသံ လေထုထဲတွင် ပဲ့တင်ထပ် နေစေရန်အတွက် မည်သည့်ချီမျှ ထည့်သွင်းမထားခဲ့ပေ။

သူသည် တည်ငြိမ်စွာ ပြောဆိုလိုက်ခြင်း ဖြစ်သော်လည်း သူ၏အသံသည် ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု တောင်အား ဖြတ်သန်းလျက် သဘာဝအတိုင်းပင် ပဲ့တင်ထပ်နေခဲ့သည်။

စုမင် အသံထွက်ပေါ်လာသည်နှင့် တိတ်ဆိတ်နေသည့် ငြိမ်းအေးရာ အရှေ့မျိုးနွယ်စု တောင်ကြီးသည် အိပ်မောကျနေရာမှ လှုပ်နှိုးခံလိုက်ရသည့်သဖွယ် ဖြစ်သွားချေသည်။ တောင်ကို ကာကွယ်နေသည့် ဖိအားသည်လည်း ခဏချင်းပင် ပျောက်ကွယ် သွားတော့သည်။ တစ်ချိန်တည်းမှာပင် အလင်းတန်း တချို့သည် လေထုအားဖြတ်သန်းလျက် တောင်ထိပ်ဆီမှ သူ့ထံသို့ ဦးတည်လာနေလေသည်။

ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စုမှ များစွာသော မျိုးနွယ်ဝင်များသည်လည်း အမိန့်တစ်ခုအား လက်ခံရလိုက်ဟန်ဖြင့် တောင်ပေါ်မှ လျင်မြန်စွာ ဆင်းသက်လာကြသည်။ သူတို့သည် ဘေးတစ်ဖက်တစ်ချက်တွင် လေးစားသည့် အမူအယာများဖြင့် ရပ်လျက် သူတက်ရောက်နိုင်ရန် လှေကားထစ်များအတိုင်း လမ်းကြောင်းတစ်ခု ဖြစ်ပေါ် စေလိုက်ကြသည်။

အလင်းတန်း ခုနစ်ခု၊ ရှစ်ခုခန့်မှ ခေါင်းဆောင်သည် ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု ခေါင်းဆောင် ဖန်းရှန်ပင်ဖြစ်သည်။ သူ့နောက်တွင် လိုက်ပါလာသူ များသည်တော့ သူ၏ ယုံကြည်ရသော နောက်လိုက်များနှင့် စစ်သည်တော် ခေါင်းဆောင်တို့ပင် ဖြစ်သည်။ ထိုလူများသည် စုမင်၏ရှေ့တွင် လျင်မြန်စွာ ပေါ်လာခဲ့ကြသည်။

“အဆွေတော် မော့၊ ငါမင်းကို လပေါင်းများစွာကြာ စောင့်နေခဲ့တာ။ ကျေးဇူးပြုပြီး ဒီလမ်းကကြွပါ”

ဖန်းရှန်သည် စုမင်ရှေ့တွင် ပထမဆုံးပေါ်လာခဲ့ပြီး သူ့မျက်နှာတွင်တော့ ပျော်ရွှင်မှုတို့ ရှိနေခဲ့သည်။ သူသည် ကျယ်လောင်စွာ ရယ်မောလိုက်ရင်း စုမင်ထံသို့ လက်သီးနှင့် လက်ဝါးထပ်လျက် လေးစားဟန်ပြလိုက်သည်။ သူသည် တည်ငြိမ်နေဟန် ပေါ်သော်ငြား စုမင်ထံသို့ ကြည့်လိုက်မိသည့် ပထမဆုံး အကြည့်တစ်ချက်နှင့်ပင် သူ၏နှလုံးသားသည် တုန်ခါသွားသကဲ့သို့ ခံစားလိုက်ရသည်။

မော့စုထံမှ ယခုရရှိနေသည့် ခံစားမှုသည် သူ့အား ပထမဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်ကနှင့် လုံးဝပင် ခြားနားသွားခဲ့ပြီ ဖြစ်သည်။ သူသည် အစပိုင်းတွင် မော့စု၏စွမ်းအားနှင့် ပတ်သက်၍ မသေချာခဲ့သောကြောင့် စမ်းသပ်မှုလုပ်ခဲ့ပြီး သဲလွန်စ တချို့အား ရှာတွေ့ခဲ့သည်။

သို့သော် ယခု သူ၏မျက်စိရှေ့ရှိ မော့စုသည်တော့ တွင်းနက်ကြီးသဖွယ်ပင် ဖြစ်သည်။ သူ၏စွမ်းအားကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သည့်အပြင် အနီးကပ်ကြည့်ရှုရန် ကြိုးစားလိုက်မိ ချိန်တွင်လည်း သူ၏ ချီမတည်မငြိမ် ဖြစ်လာသည့် လက္ခဏာများသည် ဖန်းရှန်ကို အံ့အားသင့်သွားစေသည်။

မော့စုနှင့် ပက်သက်သည့် ကောလဟာလအချို့အား သူပြန်သတိရလိုက်မိသည်။ ၎င်းတို့အထဲမှ အချို့သည် ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုမှ ပေါက်ကြားခဲ့ခြင်း ဖြစ်သော်လည်း အချက်အများစုသည် မျိုးနွယ်စု အတွင်း၌ပင် အလေးအနက်ထားသည့် အချက်များ ဖြစ်နေလေသည်။

“မင်းက ယန်ဂေါင်ကို သတ်ခဲ့တယ်။ ဟန်ဖေးကျစ်ကိုလည်း နောက်ဆုတ်သွားအောင် ဖိအားပေးနိုင်ခဲ့တယ်။ နန်ထျန်းရဲ့ လေးစားမှုကိုလည်း ရယူနိုင်ခဲ့ပြီးတော့ ရွှမ်းလွမ်ကိုလည်း ဖိနှိပ်နိုင်ခဲ့တယ် … အဆွေတော်မော့ မင်းရဲ့နာမည်က ဟန်တောင်တန်းမှာ အခု အရမ်းကျော်ကြားနေခဲ့ပြီ၊ အဆွေတော်မော့ ဒီလမ်းကကြွပါ။ တောင်ပေါ်ရောက်မှ စကား ဆက်ပြောကြတာပေါ့”

ဖန်းရှန်၏ အပြုံးသည် ပိုမိုကျယ်ပြန့် လာခဲ့သည်။

စစ်သည်တော် ခေါင်းဆောင်သည်လည်း ဖန်းရှန်ကဲ့သို့ပင် အလားတူ ထိတ်လန့် တုပ်လှုပ်သွားခဲ့သည်။ သူသည် ရုပ်နယ်လွန်အဆင့် သို့ ရောက်ရှိနေခဲ့ပြီးသူပင် ဖြစ်သော်ငြား စုမင်အား မြင်လိုက်သည့် အခိုက်တွင် သူ၏အမူအယာသည် ပြောင်းလဲသွားခဲ့ရ၏။ သူ့ခြေလှမ်းများသည် သတိမပြုမိနိုင်လောက်စွာ ပျက်ယွင်းသွားခဲ့ပြီး မျက်လုံးတို့သည်လည်း ပြူးကျယ်သွားမိသည်။

စုမင်၏ ခန္ဓာကိုယ် အတွင်းရှိ သွေးကြောများအား မခံစားနိုင်ရုံသာမက အခြားသူများထံမှ မခံစားဖူးသည့် ဖိအားတစ်မျိုးကိုလည်း သူခံစားနေရလေသည်။ ထိုဖိအားသည် စုမင်နှင့် သူ ပထမဆုံး တွေ့ဆုံခဲ့ချိန်တွင် ရှိမနေခဲ့ပါချေ။

“အဆွေတော်မော့၊ မင်းပြန်လာတာက ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု အတွက်တော့ ကောင်းမွန်တဲ့ အခိုက်အတန့် ပါပဲ။ ဒီလမ်းက ကြွပါ”

စစ်သည်တော် ခေါင်းဆောင်သည် အသက်ပြင်းပြင်း ရှူလိုက်သည်။ သူ၏ သဘောထားသည် အစပိုင်းတွင် စုမင်အား ဆက်ဆံခဲ့ပုံမှ ချက်ချင်းပင် ပြောင်းလဲသွားခဲ့ပြီးဖြစ်ကာ အပြုံးတစ်ခုဖြင့် လက်သီးနှင့်လက်ဝါး ထပ်လျက် စုမင်အား နှုတ်ဆက်လိုက်သည်။

“တောင်ပေါ်ကို သွားစရာ မလိုအပ်ပါဘူး”

စုမင်သည် ဖန်းရှန်နှင့် စစ်သည်တော် ခေါင်းဆောင်တို့ထံသို့ လက်သီးနှင့်လက်ဝါး ထပ်လျက် ပြန်လည် နှုတ်ဆက်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ငါက ဧည့်သည် ပလိတ်ပြားကို ပြန်ပေးဖို့နဲ့ မင်းဆီက အရာ၃ခုကို တောင်းဆိုချင်လို့ လာခဲ့တာပါ၊ ညီနောင် ဖန်း”

စုမင် စကားလုံးများကို ဖန်းရှန် ကြားလိုက်ရသည့်အခါ သူ့မျက်နှာတွင် လေးနက်မှုများ အထင်းသား ပေါ်လာခဲ့သည်။

“ညီနောင်မော့၊ မင်း ဧည့်သည် တစ်ယောက်ရဲ့ အဆင့်အတန်း အခြေအနေကနေ အလောတကြီး နှုတ်ထွက်ဖို့ မလိုပါဘူး။ မင်းမှာ ပြောစရာရှိတယ် ဆိုရင်၊ စိုးရိမ်မနေဘဲ ပြောလို့ရပါတယ်”

“ကျေးဇူးပါ”

စုမင် ခေါင်းညိတ် ပြလိုက်သည်။ ဟန်တောင်တန်းအောက်တွင် သူကြုံတွေ့ခဲ့ရသည့် အရာ့များနှင့် ပက်သက်၍ သူ ထည့်သွင်းပြောဆိုမည် မဟုတ်ပေ။ သူသည် ထိုနေရာသို့ ဝင်ရောက်ရန် မိမိဘာသာ တောင်းဆိုခဲ့ခြင်းသာ ဖြစ်ပြီး အခြားသူများနှင့် ပက်သက်ခြင်း မရှိချေ။

“တစ်ခုကတော့၊ ဟန်တောင်တန်းမှာ ဖြစ်သွားတဲ့ အပြောင်းအလဲကြောင့် ငါ ကောင်းကင်ပုလွေ သံကိုင်းကို ရှာမတွေ့ခဲ့ဘူး။ ဒါပေမဲ့ မင်းတော့ ရှာတွေ့ထားတဲ့ တချို့တလေ ရှိမယ်လို့ ငါယုံတယ်။ အဲဒီ ဆေးဖက်ဝင်အပင်တွေ ငါ့ကိုပေးမယ်ဆိုရင်၊ ငါ ပြင်ဆင်မှုတွေ လုပ်ပြီးပြီဆိုတာနဲ့ ဖန်းမုကို အတတ်နိုင်ဆုံး မြန်မြန်ကုသပေးမယ်”

ဖန်းရှန် တုန့်ဆိုင်းခြင်းမရှိ ခေါင်းညိတ်ပြလိုက်သည်။

“ငါ ကောင်းကင်ပုလွေသံကိုင်းကို ရှာတွေ့ထားခဲ့ပါတယ်။ သူတို့ကို မူလတည်းက ညီနောင်မော့အတွက် ပြင်ဆင်ထားခဲ့တာပါ။ ငါ့သားနဲ့ ပက်သက်လို့ မင်းကိုပဲ ဒုက္ခပေးရတော့မှာပဲ။ ငါ့လူတွေကို အခုချက်ချင်းပဲ အဲဒီအပင်တွေပို့ပေးဖို့ ပြောလိုက်ပါ့မယ်။ ညီနောင် မော့၊ မင်းရဲ့ တစ်ခြား တောင်းဆိုချက် ၂ခုအကြောင်းကို ပြောပါဦး”

ဖန်းရှန်သည် စကားပြောလိုက် ရင်းနှင့်ပင် သူ့နောက်မှ လိုက်ပါလာသည့် မျိုးနွယ်စုဝင် တစ်ဦးအား တစ်ချက်ကြည့်လိုက်သည်။ ထိုမျိုးနွယ်စုဝင်သည် ချက်ချင်းပင် နာခံစွာဖြင့် တောင်ထိပ်ဆီသို့ လျင်မြန်စွာ ထွက်ခွာသွားသည်။

“ဒုတိယ အနေနဲ့ကတော့၊ မင်းတို့ မျိုးနွယ်စုမှာရှိတဲ့ တောင်ပိုင်း အာရုဏ်ဦး ကုန်းမြေရဲ့ မြေပုံကို ငါတစ်ခါလောက် ကြည့်ချင်တယ်” စုမင် ဖြည်းညှင်းစွာ ပြောသည်။

ဖန်းရှန် တိတ်ဆိတ်သွားပြီး ချက်ချင်း အဖြေပြန်မပေးခဲ့ချေ။ သူ့မျက်နှာတွင်တော့ အနေရခက်မှုတချို့ ပေါ်ပေါက်လာ၏။ အချိန်အတော်ကြာမှသာ တုန့်ဆိုင်းနေရာမှ စုမင်အားကြည့်လိုက်သည်။

“ညီနောင်မော့၊ မြေပုံတွေက မျိုးနွယ်စုတွေ အကုန်လုံးအတွက် အရမ်းကို အရေးကြီးတယ်။ မြေပုံတစ်ခုစီတိုင်းက နည်းနည်းချင်းစီ ဆွဲသားခဲ့ရတာ ဖြစ်ပြီးတော့ မျိုးနွယ်စုမှာရှိခဲ့တဲ့ မျိုးဆက်ပေါင်းများစွာရဲ့ သွေး၊ ချွေး၊ မျက်ရည်တွေနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းလို့ ပြောလို့ရတယ်”

“ဒီအကြောင်းကိုတော့ ငါက အကြီးအကဲနဲ့ ဆွေးနွေးရလိမ့်ဦးမယ်”

စုမင် စကားမပြောခဲ့ပေ။ သူ၏ ရိုးရှင်းသည့် အကြည့်သည် ဖန်းရှန်အား တည်ငြိမ်သွားစေသည်။ သူ၏မျက်လုံးများသည် မည်သည့်ခံစားချက် အရိပ်အယောင်မှမရှိဘဲ ဖန်းရှန်အား တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။

ထိုအကြည့်သည် လေးနက်သော အဓိပ္ပါယ်တို့ ပါချင်မှပါမည် ဖြစ်သော်ငြား ဖန်းရှန်သည် သူ၏မြင်နေရသည့် ပုံစံအတိုင်း ရိုးရှင်းစွာ ပြုမူတတ်ပြီး မျိုးနွယ်စုခေါင်းဆောင် ဖြစ်လာခဲ့ခြင်း မဟုတ်ကြောင်း သူသိသည်။

သူသည် ဖန်းမုနှင့် စတင်ဆက်သွယ်ခဲ့သည်။ ဖန်းမုအား သဘောကျသည့် အပြင် ဟန်တောင်တန်းမြို့တော်သို့ ရောနှော ဝင်ရောက်လိုသည့် ရည်ရွယ်ချက်ဖြင့် ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုသို့ အဓိက အဆက်အသွယ် ပြုလုပ်ခဲ့သည်။ သို့သော် ထိုအရာအားလုံး၏ အကြောင်းရင်းခံသည် မြေပုံအတွက်သာလျှင် ဖြစ်သည်။

စုမင်သည် ဖန်းရှန်အား သူ၏တောင်းဆိုချက်ကို သဘောတူရန် ဖန်းမု၏ဒဏ်ရာဖြင့် အတင်းအကြပ် ခိုင်းစေခြင်းမျိုး မပြုလုပ်ခဲ့ပါချေ။ ၎င်းနှင့်ပက်သက်၍ သူငြင်းဆန်၍ မရနိုင်သည့် အရာတချို့ရှိကြောင်း သူသိသည်။

လူတစ်ဦးနှင့်တစ်ဦး အဆင်ပြေစေရန် စိတ်စေတနာဖြင့် အပြန်အလှန် ဆက်ဆံခြင်းသည် အရေးကြီးဆုံးမူဝါဒပင် ဖြစ်သည်။ စုမင်သည် ဖန်းမုအား ကုသပေးပြီး ဖန်းရှန်သည် စုမင်အတွက် ဆေးဖက်ဝင်ပစ္စည်းများ စုဆောင်းပေးသည်။ ၎င်းသည် ကုန်သွယ်မှု တစ်ခုသဖွယ် ထင်ရသော်လည်း ဖန်းရှန်အား မျက်နှာသာပေးခြင်း တစ်မျိုးလည်း ဖြစ်နေသေးသည်။

စုမင်သည် သူ့အား မျက်နှာသာ ပေးထားကြောင်း ဖန်းရှန်လည်း သိသည်။

“ကောင်းပြီ၊ ငါ ထပ်မပြောတော့ပါဘူး။ အကြီးအကဲက သဘောမတူခဲ့ဘူး ဆိုရင်တောင် ငါက မင်းဆီကို မြေပုံ ယူလာပေးမှာပါပဲ”

ဖန်းရှန် ရုတ်တရက်ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်” ဖန်းရှန်အား ကျေးဇူးတင်ကြောင်းပြရန် စုမင်သည် လက်သီးနှင့်လက်ဝါး ထပ်လျက် အနည်းငယ်ဦးညွှတ်ရင်း အရိုအသေပေးလိုက်သည်။ ထို့နောက် သူခေါင်းပြန် မော့လာချိန်တွင်တော့ ဖြည်းညှင်းစွာ ဆက်ပြောလာသည်။

“တတိယအနေနဲ့ကတော့ ငါ ဖန်းချန်းလန်နဲ့ တွေ့ချင်တယ်”

“ပထမ၂ခုကိုတော့ ငါမင်းကို ကတိပေးနိုင်တယ်။ ဒါပေမဲ့ တတိယတစ်ခု အတွက်ကတော့ ငါ့ဘာသာ ဆုံးဖြတ်လို့မရဘူး။ ဒါပေမဲ့ ငါ့ညီမကို ပြောပြလိုက်ပြီးတော့ သူမကို ဆုံးဖြတ်ခိုင်းလိုက်ပါ့မယ်” ဖန်းရှန်သည် စုမင်အားကြည့်လျက် ဖြည်းညှင်းစွာ ပြောလိုက်သည်။

“ဒါပေါ့”

သူ့မျက်နှာပေါ်ရှိ မျက်နှာဖုံးကြောင့် မည်သူမှ စုမင်၏ အမူအယာအား မမြင်နိုင်ပေ။ ရေသေကဲ့သို့ မပြောင်းမလဲ တည်ငြိမ်နေခဲ့သည့် စုမင်၏ မျက်လုံးများကိုသာ သူတို့မြင်နိုင်လေသည်။

သူသည် ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စု၏ ဧည့်သည်ပလိတ်ပြားအား ထုတ်ယူလိုက်ပြီး ဖန်းရှန်၏ လက်အတွင်း ထည့်ပေးလိုက်သည်။ သူ ထိုသို့လုပ်ပြီးသည်နှင့် စုမင်သည် အနားတွင်ရပ်နေသည့် စစ်သည်တော် ခေါင်းဆောင်အား ခေါင်းညိတ်ပြလိုက်ပြီး လှေကားထစ်များအတိုင်း ပြန်ဆင်းကာ တင်ပလ္လင်ခွေထိုင်ရင်း တိတ်ဆိတ်စွာ စောင့်ဆိုင်း နေလိုက်သည်။

ဖန်းရှန်သည် ခဏတာ တုန့်ဆိုင်းနေပြီးနောက် မေးမိသည် “ကျွန်တော့ရဲ့သားကို မကုသခင် အချိန်ဘယ်လောက် ကြာမှာလဲ။ ပြီးတော့ … ကျွန်တော် မင်းကို ဘယ်လိုရှာရမလဲ”

“သုံးလ၊ ငါ့ကို ရှာဖို့ကတော့ … မင်းမရှာနိုင်ရင်တောင် ဖန်းချန်းလန်က ရှာနိုင်ပါလိမ့်မယ် “စုမင် ညင်သာစွာပြောသည်။

“အိုး…” ဖန်းရှန်မျက်လုံးသည် တောက်ပသွားခဲ့ပြီး စုမင်ထံသို့ လက်သီးနှင့် လက်ဝါးထပ်လျက် နှုတ်ဆက်ရင်းပြောသည် “ညီနောင်မော့၊ မင်းက ဒီလောက်တောင် ယုံကြည်မှု ရှိနေတယ် ဆိုမှတော့လည်း၊ ကျွန်တော့ကို သွားခွင့်ပြုပါဦး”

စကားပြောပြီးသည်နှင့် သူသည် နောက်လိုက်များအား ဦးဆောင်ကာ တောင်ထိပ်သို့ ပြန်လှည့်သွားတော့သည်။

စစ်သည်တော် ခေါင်းဆောင်သည် စုမင်အားကြည့်လျက် တုန့်ဆိုင်းနေခဲ့သည်။ လူများအားလုံး ထွက်ခွာသွားချိန်အထိ သူသည် တိတ်ဆိတ်နေခဲ့ပြီး နောက်တွင်တော့ ထွက်ခွာရန် နောက်သို့ ပြန်လှည့်လိုက်သည်။

“ဆရာ၊ မင်းမှာ တစ်စုံတစ်ရာ ပြောစရာရှိတယ်ဆိုရင် ပြောပါ”

စုမင်သည် မျက်လုံးတို့ကို ဖွင့်လိုက်ရင်း စစ်သည်တော် ခေါင်းဆောင်အား ကြည့်လိုက်သည်။

“ညီနောင်မော့၊ စစ်မာရှင်း ဆိုတာကို မင်းသိလား”

“စစ်မာရှင်းလား … အဲဒါ ဘယ်သူလဲ”

စုမင် ခေါင်းခါလိုက်၏။

စစ်သည်တော် ခေါင်းဆောင်သည် သက်ပြင်းဖွဖွချလိုက်ပြီး စိတ်ပျက်မှုတို့သည် သူ့မျက်လုံးအတွင်း အထင်းသား ပေါ်လာခဲ့သည်။

“အဲဒီလူက… မင်းနဲ့ အရမ်းတူတယ် … ညီနောင်မော့၊ မင်း အနာဂါတ်မှာ သူနဲ့ တွေ့နိုင်ခဲ့မယ်ဆိုရင်  ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စုက ပိုင်ချီက ရုပ်နယ်လွန်အဆင့်ကို ရောက်ရှိခဲ့ပြီ ဖြစ်ပြီးတော့ သူ့ကိုလေးစားနေဆဲပါ ဆိုတာကို ကျေးဇူးပြုပြီး ပြောပေးပါ။ ကျေးဇူးတင်ပါတယ်”

စစ်သည်တော် ခေါင်းဆောင်သည် စုမင်အား ဦးညွှတ်လိုက်ပြီး ထွက်ခွာသွားခဲ့သည်။ စုမင်မြင်ကွင်းမှ ဖြည်းညှင်းစွာ ပျောက်ကွယ်သွားသည့် သူ့နောက်ကျောသည်တော့ အထီးကျန်ဆန်သည့် လေထုကို ထုတ်လွှတ်နေခဲ့၏။

“စစ်မာရှင်းက … ငါနဲ့ အရမ်း တူတာလား”

စုမင် မျက်မှောင်ကြုတ်လိုက်မိသည်။

သူ ကြာကြာမစောင့်ခဲ့ရပေ။ ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု တောင်ထိပ်မှ တစ်စုံတစ်ဦးသည် ဆင်းလာခဲ့ပြီး ထိုသူသည် သက်လတ်ပိုင်း လူတစ်ဦး ဖြစ်သည်။ ထိုသူသည် မျက်နှာတွင် လေးစားမှုအပြည့်ဖြင့် ပန်းထိုးသေတ္တာ၂လုံးအား စုမင်ရှေ့၌ ချထားလျက် ဦးညွှတ်လိုက်ပြီး ပြန်လည်ထွက်ခွာသွားသည်။

စုမင်၏ မျက်လုံး အနက်ရှိုင်းဆုံး အပိုင်းတွင်တော့ ရှည်ကြာသည့် အရိပ်အယောင်တစ်ခု ရှိနေခဲ့သည်။ သူသည် ခေါင်းကိုငုံ့လျက် သေတ္တာ၂လုံးအား ကြည့်လိုက်၏။ ၎င်းတို့အထဲမှ တစ်ခုတွင် မြေပုံပါကြောင်းကို သူသိသည်။

***

All Chapters