အခန်း (၇၁၆-၇၁၈)
Vol. 48 Ch. 716-718
အခန်း ၇၁၆- မိစ္ဆာနတ်ဘုရား၏ သတ်မိန့်
ယီယွင်က ထျန်းယွမ်တိုက်ကြီး၏ အာဏာခွဲဝေမှုနှင့် အုပ်ချုပ်မှုအကြောင်းကို ထုတ်ဖော်ပြောဆိုလိုက်သည့် ခဏမှာပင် ဆွေးနွေးပွဲခန်းမတစ်ခုလုံး အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်သွားသည်။
လူသားမျိုးနွယ်စုနှင့် ပျက်စီးခြင်းမျိုးနွယ်စုတို့ ဆွေးနွေးစဉ်က ပျက်စီးခြင်းမျိုးနွယ်စုသည် အင်အားသာသော်လည်း လူသားတို့၏ အကူအညီကို လိုအပ်နေသဖြင့် အောက်ကျနောက်ကျ အနေအထားတွင် ရှိခဲ့သည်။ သို့သော် ယီယွင် ရောက်လာချိန်တွင်တော့ အခြေအနေကို တစ်ပတ်ရိုက်ကာ ပြောင်းပြန်လှန်ပစ်လိုက်ပြီ ဖြစ်သည်။
မည်သူမျှ မမျှော်လင့်ထားသော ပြတ်သားပြီး အင်အားပါသည့် နည်းလမ်းများဖြင့် လူသားအားလုံးကို စကားမပြောနိုင်အောင် လုပ်ဆောင်လိုက်ခြင်းပင်။
ယီယွင် ရောက်လာကတည်းက ပျက်စီးခြင်းမျိုးနွယ်စုဝင်များမှာ စကားတစ်လုံးပင် မဟတော့ဘဲ ထိုင်ခုံနှစ်လုံးသာ ချပေးခဲ့သည်။ ခန်းမဘေးတွင် ရပ်နေသော ခန်းယန်၊ ကျန်းကဲ့နှင့် ပညာရှိအဖွဲ့မှာလည်း ဘာပြောရမှန်း မသိဖြစ်နေကြသည်။ ယီယွင်သည် အဆင့်အတန်းမြင့်မားပြီး အစွမ်းထက်မည်ဟု သူတို့ ခန့်မှန်းထားသော်လည်း တစ်ကမ္ဘာလုံးရှိ ဂိုဏ်းအားလုံးကို ခြိမ်းခြောက်နိုင်လောက်သည်အထိ အစွမ်းထက်နေခြင်းမှာ သူတို့၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေပြီ ဖြစ်သည်။
"ဘာလဲ အားလုံးက မထွက်သွားကြသေးဘူးလား ပြောစရာ ကျန်နေသေးလို့လား"
ယီယွင်က ခပ်ပြတ်ပြတ်ပင် မေးလိုက်သည်။ ဤအဘိုးကြီးများကို စကားကောင်းနှင့် ပြောနေလျှင် အချိန်ကုန်ရုံသာ ရှိမည်ကို သူ သိထားသည်။
ထွက်သွားရမည်လား..
လူသားပညာရှင်အားလုံးမှာ ဒေါသထွက်နေကြသော်လည်း တကယ်လှည့်ထွက်သွားရန်တော့ မဝံ့ရဲကြပေ။ သူတို့သည် နှစ်ပေါင်းသောင်းချီ ရှင်သန်လာခဲ့ကြသူများ ဖြစ်သည်။ သူတို့၏ သက်တမ်းမှာ ကုန်ဆုံးရန် နီးကပ်နေပြီဖြစ်သလို နောက်ထပ် အဆင့်တစ်ခုသို့ တက်လှမ်းရန်မှာလည်း မဖြစ်နိုင်တော့ပေ။
အကယ်၍ သူတို့တွင် ထာဝရအသက်ကို ရရှိနိုင်မည့် မျှော်လင့်ချက်ရှိလျှင် သူတို့ကိုယ်ကျိုးအတွက်သာ ကြည့်ကြလိမ့်မည်။ သို့သော် အနာဂတ်မျှော်လင့်ချက် မရှိတော့သောအခါ သူတို့၏ တစ်ခုတည်းသော ဆန္ဒမှာ သူတို့၏ မျိုးဆက်နှင့် ဂိုဏ်းများ နောင်နှစ်ပေါင်းများစွာအထိ ဆက်လက် ရှင်သန်ကြီးပွားရေးပင် ဖြစ်သည်။ ထို့ကြောင့် ယီယွင်၏ ခြိမ်းခြောက်မှုကို သူတို့ အလွန်ပင် ကြောက်ရွံ့နေကြခြင်း ဖြစ်သည်။
"ယီယွင်" အနက်ရောင်ဝတ်အဖိုးအို သည် သူ၏ ဒေါသကို မနည်းထိန်းကာ အသက်ပြင်းပြင်း ရှူလိုက်သည်။ "မင်းက အရာအားလုံးကို အုပ်ချုပ်ချင်တယ်ပေါ့ ကောင်းပြီ အရမ်းကောင်းတာပေါ့ မင်းက အစွမ်းထက်တယ်ဆိုတာ ငါတို့ သိပါတယ်။ ဒါပေမဲ့ ဒါတွေအားလုံးက အကြွင်းမဲ့ အစွမ်းပေါ်မှာပဲ မူတည်နေတာ။ မင်းက အဆင့်မပြည့်သေးဘဲနဲ့ ဒီလောက်တောင် မောက်မာနေရတာလဲ မိစ္ဆာနတ်ဘုရားကိုရော မင်းက ဘာမှတ်နေလို့လဲ မင်းရဲ့ လေသံက မိစ္ဆာနတ်ဘုရားကို သတ်ပြီး ကမ္ဘာကြီးကို ဆုလာဘ်တွေ ခွဲဝေပေးတော့မယ့်အတိုင်းပဲ။
မင်းကိုယ်မင်း ဘယ်သူမှတ်နေလို့လဲ မင်း မိစ္ဆာနတ်ဘုရားကို သတ်နိုင်ရင်တော့ မင်းက ပြိုင်ဘက်ကင်း ဧကရာဇ်ပေါ့။ ဒါပေမဲ့ မင်းမသတ်နိုင်ရင်တော့ မင်းဟာ ရယ်စရာ ပြက်လုံးတစ်ခုပဲ ဖြစ်သွားလိမ့်မယ်"
အနက်ရောင်ဝတ်အဖိုးအို က ဒေါသတကြီး အော်ပြောလိုက်သည်။ ယီယွင်၏ ခြိမ်းခြောက်မှုကြောင့် သူ ရူးမတတ် ဖြစ်နေရပြီ။ သူသည် တစ်သက်လုံး အထက်စီးမှ နေလာခဲ့သူဖြစ်ရာ ယခုကဲ့သို့ လူငယ်လေးတစ်ယောက်၏ ခြိမ်းခြောက်မှုကို ခံနေရခြင်းမှာ သူ့အတွက် အလွန်ပင် ခံရခက်လှသည်။
အမှန်တကယ်တော့ အနက်ရောင်ဝတ်အဖိုးအို ၏ စကားမှာ ကျန်ရှိနေသော လူသားများ၏ အတွေးပင် ဖြစ်သည်။ ယီယွင်က အစွမ်းထက်သည် ဆိုသော်လည်း မိစ္ဆာနတ်ဘုရား လက်ထဲမှ တကယ်ပဲ လွတ်မြောက်နိုင်ပါ့မလား မိစ္ဆာနတ်ဘုရား ပေါ်လာကတည်းက ယီယွင်သည် ၁၀ လနီးပါး ပျောက်ကွယ်နေခဲ့ခြင်း ဖြစ်သည်။
ယီယွင်သည် မိစ္ဆာနတ်ဘုရားနှင့် တစ်ခါမျှ တိုက်ရိုက် မရင်ဆိုင်ဖူးသေးရာ ထိုမိစ္ဆာ၏ ကြောက်စရာကောင်းမှုကို သူ သိနိုင်ပါမည်လား။
"လူငယ်လေး... အရမ်း မမောက်မာပါနဲ့။ မောက်မာတဲ့သူတွေဟာ သူတို့ရဲ့ မောက်မာမှုကြောင့်ပဲ သေကြရစမြဲပဲ" ဟု အခြားပညာရှင်တစ်ဦးကလည်း ထောက်ခံလိုက်သည်။
ယီယွင်ကတော့ သူတို့ကို ဂရုပင် မစိုက်ပေ။ "ပြောလို့ ပြီးကြပြီလား ခင်ဗျားတို့က ငါ့ကို မနိုင်တော့ ငါ့ကိုသတ်ဖို့ မိစ္ဆာနတ်ဘုရားကိုပဲ အားကိုးနေကြတာလား အဲဒီမိစ္ဆာက ခင်ဗျားတို့ရဲ့ မြေးတွေကို သတ်တယ်၊ ခင်ဗျားတို့ရဲ့ ဂိုဏ်းတွေကို ဖျက်ဆီးတယ်၊ ခင်ဗျားတို့ကို အခုလို ထွက်ပြေးအောင် လုပ်ခဲ့တာလေ။ အခုတော့ ရန်သူကို အားကိုးပြီး ရန်သူကို သတ်ခိုင်းနေတာက ခင်ဗျားတို့ရဲ့ ပညာရှင်လမ်းစဉ်လား တကယ်ကို သနားစရာ ကောင်းလိုက်တာ"
ယီယွင်၏ စကားမှာ လူသားများ၏ အရှက်တရားကို ထိုးဆွလိုက်သကဲ့သို့ ပြင်းထန်လွန်းလှသဖြင့် သူတို့မှာ ပြန်မပြောနိုင်ဘဲ ဖြစ်နေကြသည်။ ရန်သူကို အားကိုးကာ ရန်သူကို သတ်ခိုင်းခြင်းမှာ အမှန်တကယ်ပင် သနားစရာ ကောင်းလှသည်။
လူသားပညာရှင်များမှာ အရှက်ရလွန်းသဖြင့် ခန်းမထဲမှ ထွက်သွားရန် ပြင်လိုက်ကြသော်လည်း ထိုခဏ၌...
ဝူး.......
အလွန်ပင် အေးစက်ပြီး မှောင်မည်းသော အရှိန်အဝါတစ်ခုသည် သတိပေးချက်မရှိဘဲ ခန်းမတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။
မည်သူမျှ တုံ့ပြန်ချိန်မရမီမှာပင် သူတို့အားလုံးသည် ရေခဲချောက်ထဲသို့ ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။ ထိုအအေးဓာတ်မှာ အရိုးထဲအထိ စိမ့်ဝင်သွားပြီး သူတို့၏ ဝိညာဉ်စွမ်းအားနှင့် သွေးကြောများကိုပါ ခဲသွားစေမတတ် ပြင်းထန်လှသည်။
ဒါက...
အားလုံး ထိတ်လန့်သွားကြသည်။ ဤခန်းမတွင် အကာအကွယ် အစီအရင်များ ရှိပါလျက်နှင့် ဤကဲ့သို့သော အရှိန်အဝါမျိုး မည်သို့ ဝင်ရောက်လာနိုင်သနည်း။
အချို့က ယီယွင်နှင့် လင်ရှင်းထုံတို့ဆီမှ ထွက်ပေါ်လာခြင်းလားဟု သံသယဝင်ကြသော်လည်း ယီယွင်ကိုယ်တိုင်ပင် မျက်မှောင်ကြုတ်နေသည်ကို မြင်သောအခါ ၎င်းမှာ ယီယွင်နှင့် မဆိုင်ကြောင်း သိလိုက်ကြသည်။
ဒါဆိုရင်...
အားလုံး၏ ခန္ဓာကိုယ်များ တုန်ယင်လာသည်။ ၎င်းမှာ မိစ္ဆာနတ်ဘုရားပင် ဖြစ်ရမည်။
ထိုအရှိန်အဝါမှာ အလွန်ပင် ဖိနှိပ်လွန်းလှသဖြင့် ကျင့်စဉ်အဆင့်နိမ့်သော ရန်ချင်းယွမ်နှင့် ပျက်စီးခြင်းမျိုးနွယ်စု အစေခံမိန်းကလေးများမှာ မခံနိုင်တော့ဘဲ မျက်နှာများ ဖြူလျော်ကာ တစ်ကိုယ်လုံး တုန်ရင်နေကြတော့သည်။
၎င်းကို မြင်သောအခါ ယီယွင်က သူ၏ အရှိန်အဝါ အနည်းငယ်ကို ထုတ်ဖော်ကာ ရန်ချင်းယွမ်နှင့် အစေခံမိန်းကလေးများကို အကာအကွယ် ပေးလိုက်သည်။ သို့မဟုတ်ပါက သူတို့၏ ကိုယ်တွင်းစွမ်းအားများ ခဲသွားပြီး နတ်အမြုတေများပင် ပျက်စီးသွားနိုင်ပေသည်။
"ကျေး... ကျေးဇူးတင်ပါတယ်..." ရန်ချင်းယွမ်က တုန်ရီနေသော အသံဖြင့် ပြောရှာသည်။ သူမသည် မုန်တိုင်းထဲမှ လေလွင့်နေသော သစ်ရွက်ကလေးတစ်ရွက်ကဲ့သို့ အကူအညီမဲ့နေရှာသည်။
"မိစ္ဆာနတ်ဘုရား လာနေပြီလား"
ခန်းမအတွင်းရှိ လူသားနှင့် ပျက်စီးခြင်းမျိုးနွယ်စုဝင် အားလုံးမှာ ထိတ်လန့်တုန်လှုပ်နေကြသည်။ မိစ္ဆာနတ်ဘုရား ရောက်လာသည်နှင့် အသွေးအသား မုန်တိုင်းတစ်ခု ဖြစ်ပေါ်တော့မည်မှာ အသေအချာပင်။ သူတို့မှာတော့ တိုက်ပွဲအတွက် အဆင်သင့်ပင် မဖြစ်ကြသေးပေ။
မိစ္ဆာနတ်ဘုရား...
ယီယွင်သည် ခရမ်းရောင်သလင်းကျောက် မှတစ်ဆင့် သူ၏ အာရုံကို အရပ်မျက်နှာအားလုံးသို့ ဖြန့်ကြက်လိုက်သည်။ ပတ်ဝန်းကျင်တစ်ခုလုံးသည် သူ၏မျက်စိရှေ့တွင် ဖောက်ထွင်းမြင်နေရသည်။
ရုတ်တရက် အလွန်ဝေးကွာသော ဟင်းလင်းပြင်ကြီး၏ အမှောင်ထုထဲတွင် နီရဲနေသော မျက်လုံးတစ်စုံကို ယီယွင် မြင်လိုက်ရသည်။ ထိုမျက်လုံးများမှာ သူ့ကို တည့်တည့် စိုက်ကြည့်နေခြင်း ဖြစ်သည်။
ထိုအကြည့်ကြောင့် ယီယွင်၏ ရင်ထဲ၌ တင်းကျပ်သွားပြီး သူ၏ အရေပြားများမှာ အပ်နှင့် ထိုးခံရသကဲ့သို့ စစ်စစ်နှင့် နာကျင်လာသည်။ တစ်ဖက်လူမှာ မိစ္ဆာနတ်ဘုရားမှလွဲ၍ အခြားမဖြစ်နိုင်ကြောင်း သူ အသေအချာ သိလိုက်ပြီ။
ထိုအကြည့်မှတစ်ဆင့် မိစ္ဆာနတ်ဘုရား၏ ဝိညာဉ်ကို ယီယွင် ခံစားလိုက်ရသည်။ အေးစက်ခြင်း၊ အစွမ်းထက်ခြင်း၊ ရက်စက်ခြင်းနှင့် ရှုပ်ထွေးမှုများ ပါဝင်နေသည်။ သူ၏ ဝိညာဉ်စွမ်းအားမှာ အလွန်ပင် မတည်မငြိမ် ဖြစ်နေပြီး လူသား ကောင်းကင်ဘုရင်အဆင့်တစ်ဦး၏ ဝိညာဉ်ပင်လယ်ကိုပင် အလွယ်တကူ ဖျက်ဆီးပစ်နိုင်လောက်သော ဝိညာဉ်မုန်တိုင်းများ ပြည့်နှက်နေသည်။
ဤကဲ့သို့ပင် ယီယွင်နှင့် မိစ္ဆာနတ်ဘုရားတို့သည် ဝေးကွာသော ဟင်းလင်းပြင်ကြီးကို ဖြတ်ကျော်ကာ အကြည့်ချင်း ဆုံလိုက်ကြသည်။
ထိုအချိန်တွင် ခန်းမအတွင်းရှိ လူများအားလုံးမှာ မိစ္ဆာနတ်ဘုရား၏ ဖိနှိပ်မှု အရှိန်အဝါ အများစုကို ယီယွင်က တိုက်ရိုက် ရင်ဆိုင်ကာ ကာကွယ်ပေးထားကြောင်း သတိပြုမိလိုက်ကြသည်။
"ယီယွင်"
"ယွင်အာ"
လင်ရှင်းထုံနှင့် ကျန်းရှောင်ယုတို့မှာ ချက်ချင်းပင် စိုးရိမ်တကြီး ဖြစ်သွားကြသည်။ မိစ္ဆာနတ်ဘုရားသည် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ သူ၏ ဝိညာဉ်စွမ်းအားကို ယခုကဲ့သို့ စေလွှတ်လာလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။
"ယွင်အာ... မိစ္ဆာနတ်ဘုရားက မင်းကို ပစ်မှတ်ထားလိုက်ပြီ" ကျန်းရှောင်ယုက စိုးရိမ်တကြီး ပြောလိုက်သည်။ သူမသည် ထိုပစ်မှတ်ထားခံရသည့် ခံစားချက်ကို ကောင်းစွာ သိထားသူ ဖြစ်သည်။
အမှန်တကယ်တော့ ယခင်က ကျန်းရှောင်ယုကို ပစ်မှတ်ထားစဉ်ကထက် ယခု ယီယွင်ကို ပစ်မှတ်ထားသည့် အရှိန်အဝါမှာ အဆပေါင်းများစွာ ပို၍ ပြင်းထန်လှသည်။
ဤဆွေးနွေးပွဲမှာ ဤကဲ့သို့ အဆုံးသတ်သွားလိမ့်မည်ဟု ကျန်းရှောင်ယု မမျှော်လင့်ထားခဲ့ပေ။ ယီယွင်သည် မိစ္ဆာနတ်ဘုရား၏ တိုက်ရိုက်ပစ်မှတ် ဖြစ်သွားခြင်းမှာ အဆိုးရွားဆုံးသော သတင်းပင် ဖြစ်ပါတော့သည်။
အခန်း ၇၁၇- ရေဆန်တိုက်စစ်
"ငါ့ကို မိစ္ဆာနတ်ဘုရားက အာရုံခံလိုက်တာလား ဒီလောက်ဝေးတဲ့ အကွာအဝေးကနေ သူ့ရဲ့ ဝိညာဉ်စွမ်းအားနဲ့ ငါ့ကို ပစ်မှတ်ထားနိုင်တယ်ဆိုတော့ ဒါက ဘယ်လိုမျိုး မှော်အစွမ်းလဲ"
ကျန်းရှောင်ယု၏ စကားကြောင့် ယီယွင်၏ ရင်ထဲ၌ တုန်လှုပ်သွားသည်။ မိစ္ဆာနတ်ဘုရား၏ အေးစက်လှသော ဝိညာဉ်စွမ်းအားသည် သူ၏ ခန္ဓာကိုယ်နှင့် ထူးဆန်းသော ဆက်နွှယ်မှုတစ်ခုကို ယခုခဏ၌ပင် တည်ဆောက်လိုက်သည်ကို သူ ခံစားသိရှိလိုက်ရသည်။
၎င်းမှာ အလွန်ပင် စွမ်းအားကြီးလှသော ဝိညာဉ်ရေးရာ ဥပဒေသတစ်ခု ဖြစ်ပေလိမ့်မည်။
မိစ္ဆာနတ်ဘုရားသည် ကျန်းရှောင်ယုနှင့် ရှိထားသော ဝိညာဉ်ဆက်နွှယ်မှုမှတစ်ဆင့် ဆွေးနွေးပွဲခန်းမအတွင်းရှိ အခြေအနေများကို စောင့်ကြည့်နေခဲ့ခြင်း ဖြစ်နိုင်ပါသလား ထိုသို့တွေးမိရုံနှင့်ပင် ယီယွင်၏ ရင်ထဲ၌ တင်းကျပ်သွားသည်။ ဤမိစ္ဆာနတ်ဘုရားမှာ အမှန်တကယ်ပင် သာမန်မဟုတ်ချေ။
မိစ္ဆာနတ်ဘုရား၏ ဝိညာဉ်စွမ်းအားသည် ယီယွင်အပေါ်သို့ ခိုင်ခိုင်မာမာ အာရုံခံပစ်မှတ်ထားပြီးနောက် ခန်းမတစ်ခုလုံးကို လွှမ်းခြုံထားသော ဖိအားမှာ ဖြည်းဖြည်းချင်း လျော့ပါးသွားပြီး ဒီရေပြန်ကျသကဲ့သို့ ပျောက်ကွယ်သွားတော့သည်။
အားလုံးက သူတို့၏ ခန္ဓာကိုယ်များ ပေါ့ပါးသွားသည်ဟု ခံစားလိုက်ရသည်။ သူတို့၏ ကိုယ်တွင်းစွမ်းအားနှင့် သွေးလည်ပတ်မှုမှာလည်း ထိန်းချုပ်ခံထားရခြင်း မရှိတော့ပေ။
မိစ္ဆာနတ်ဘုရား ထွက်ခွာသွားပြီ။
ဖိအားများ လုံးဝ ပျောက်ကွယ်သွားပြီးနောက် လူတိုင်းမှာ ချွေးသီးချွေးပေါက်များ ကျနေကြသည်။ ထိုဖိအားမှာ အလွန်ကြီးမားလွန်းသဖြင့် မိစ္ဆာနတ်ဘုရားသည် နောက်တစ်စက္ကန့်မှာပင် ရောက်လာပြီး လူသတ်ပွဲကြီး စတင်တော့မည့်အတိုင်း ခံစားခဲ့ရခြင်း ဖြစ်သည်။
"တော်သေးတာပေါ့၊ မိစ္ဆာနတ်ဘုရား ရောက်လာပြီလို့တောင် ထင်လိုက်တာ"
"သူ ထွက်သွားပြီပဲ။ သူ ဒဏ်ရာတွေ မသက်သာသေးလို့ ဖြစ်ရမယ်။ သူ အခုလို အရှိန်အဝါ လွှတ်လိုက်တာကလည်း ယီယွင်ကြောင့်ပဲ ဖြစ်မှာ" ဟု လူသားအကြီးအကဲ တစ်ဦးက ယီယွင်ကို ကြည့်ယင်း ပြောလိုက်သည်။
အမှန်တကယ်တော့ ကျန်းရှောင်ယု မပြောလျှင်ပင် ခန်းမထဲရှိ လူအားလုံးမှာ မိစ္ဆာနတ်ဘုရား၏ ဝိညာဉ်ဖိအား အများစုမှာ ယီယွင်အပေါ်၌သာ စုစည်းနေကြောင်း သတိထားမိကြသည်။ ယီယွင်သည် မိစ္ဆာနတ်ဘုရား၏ အဓိက ပစ်မှတ် ဖြစ်သွားခဲ့ချေပြီ။
"ယီယွင်က မိစ္ဆာနတ်ဘုရားရဲ့ ဝိညာဉ်ရေးရာ အာရုံခံမှုကို ခံလိုက်ရပြီ"
လူသားပညာရှင်များမှာ ဤအချက်ကို ချက်ချင်းပင် ရိပ်မိလိုက်ကြသည်။ ဤသည်မှာ ကျန်းရှောင်ယုကဲ့သို့ပင် မိစ္ဆာနတ်ဘုရား၏ သတ်ဖြတ်မည့်စာယင်းထဲသို့ ယီယွင် ရောက်ရှိသွားခြင်း ဖြစ်သည်။
"မိစ္ဆာနတ်ဘုရားက ငါတို့ နားမလည်နိုင်တဲ့ နည်းလမ်းတွေနဲ့ ဒီဆွေးနွေးပွဲကို စောင့်ကြည့်နေတာ ဖြစ်ရမယ်။ ယီယွင်ရဲ့ မောက်မာတဲ့ စကားတွေကြောင့် မိစ္ဆာနတ်ဘုရားက ဒေါသထွက်သွားတာပဲ။ တကယ်လို့ ငါသာ မိစ္ဆာနတ်ဘုရားဆိုရင်လည်း နောက်တစ်ချိန်မှာ ငါ့ကို ခြိမ်းခြောက်နိုင်မယ့် ဒီလိုပါရမီရှင်မျိုးကို အရှင်ထားမှာ မဟုတ်ဘူး"
ယီယွင်သည် စကားပြောရာတွင် အလွန်ပင် ထက်မြက်ပြီး မောက်မာလှသည်။ သူသည် ထျန်းယွမ်တိုက်ကြီးရှိ ဂိုဏ်းပေါင်းစုံကို ခြိမ်းခြောက်ရုံသာမက မိစ္ဆာနတ်ဘုရားကိုပင် အနည်းငယ်မျှ ကြောက်ရွံ့ပုံမပြခဲ့ချေ။
"ဟားဟား" အနက်ရောင်ဝတ်အဖိုးအို က ရယ်မောလိုက်သည်။ သူ၏ ရယ်မောသံထဲတွင် သူတစ်ပါး ပျက်စီးသည်ကို ဝမ်းသာသည့် အရိပ်အယောင်များ အထင်အရှား ပါဝင်နေသည်။
"အဲဒီကလေး ခုနက ဘာပြောလိုက်သေးလဲ မိစ္ဆာနတ်ဘုရားနဲ့ ရင်ဆိုင်ရရင် မနိုင်ရင်တောင် ဘေးကင်းအောင် ထွက်ပြေးနိုင်တယ် ဟုတ်လား သူ့မှာ အချိန်တွေ အများကြီး ရှိတယ်ဆိုပဲ။ ကံဆိုးတာက သူ အခု မိစ္ဆာနတ်ဘုရားရဲ့ ပစ်မှတ် ဖြစ်သွားပြီဆိုတော့ သူ့မှာ ဘာအချိန်တွေ ကျန်ဦးမှာလဲ"
"အခုလို အခြေအနေမျိုးနဲ့ သူက ထျန်းယွမ်တိုက်ကြီးရဲ့ အစီအစဉ်သစ်ကို အုပ်ချုပ်ချင်သေးတယ်ပေါ့။ ၈၀၊ ၉၀ ရာခိုင်နှုန်းလောက်အထိ ဆုံးဖြတ်နိုင်တယ်ဆိုလား။ အခုတော့ သေမင်းက တံခါးဝအထိ လာခေါက်နေပြီ၊ သူ့ရဲ့ မောက်မာမှုတွေ ဘယ်နား သွားထားဦးမလဲ ဟားဟားဟား"
အနက်ရောင်ဝတ်အဖိုးအို ၏ ရင်ထဲ၌ ကျေနပ်သွားမိသည်။ ခုနက ယီယွင်၏ အရှိန်အဝါအောက်တွင် ဖိနှိပ်ခံထားရသော လူသားပညာရှင်များမှာ ဒေါသထွက်နေကြသော်လည်း မည်သည့်နေရာတွင်မှ ပေါက်ကွဲ၍ မရခဲ့ပေ။ သူတို့သည် ယီယွင်ကို ဘာမှမလုပ်နိုင်သော်လည်း မိစ္ဆာနတ်ဘုရားကတော့ လုပ်နိုင်ပေသည်။
ကြွားလုံးထုတ်ဖို့ကတော့ လူတိုင်း တတ်ကြသည်။ မိစ္ဆာနတ်ဘုရား၏ နောက်ကွယ်တွင် ထိုမိစ္ဆာကို နှိမ့်ချပြောဆိုနိုင်သော်လည်း ယခုကဲ့သို့ မိစ္ဆာနတ်ဘုရားကိုယ်တိုင်က သတ်မိန့် ထုတ်လိုက်ပြီဆိုလျှင်တော့ ထိုကြွားလုံးများကို မည်သို့ ဆက်လက် ဟန်ဆောင်နေနိုင်ဦးမည်နည်း။
"အရမ်း မောက်မာလွန်းရင် အသက်မရှည်ဘူး ဆိုတာ တကယ်ပါပဲ။ ယီယွင်က သူ့သေတွင်း သူတူးလိုက်တာပဲ။ ပါးစပ်က ခဏလေး မှားပြောလိုက်မိတာနဲ့ မိစ္ဆာနတ်ဘုရားရဲ့ အာရုံခံတာကို ခံလိုက်ရပြီ။ နောင်ဆိုရင် သူ ဘယ်ပြေးပြေး မိစ္ဆာနတ်ဘုရားက လိုက်နေတော့မှာ၊ သူတော့ သွားပြီ"
လူသားပညာရှင်များသည် ၎င်းကို ယွမ်ချီအသံပို့လွှတ်ကာသာ တိတ်တဆိတ် ဆွေးနွေးနေကြသည်။ သူတို့သည် ယီယွင်ရှေ့တွင်တော့ ထိုကဲ့သို့ ပြောင်ပြောင်တင်းတင်း မပြောရဲကြချေ။
တကယ်တော့ ယီယွင် မိစ္ဆာနတ်ဘုရားလက်ချက်ဖြင့် သေသွားပြီးနောက် မိစ္ဆာနတ်ဘုရားက တစ်ကမ္ဘာလုံးကို သတ်ဖြတ်မည်ကိုလည်း သူတို့ ကြောက်ရွံ့နေကြသည်။ အကောင်းဆုံးရလဒ်မှာ ယီယွင်က မိစ္ဆာနတ်ဘုရားကို အပြင်းအထန် ဒဏ်ရာရအောင် လုပ်နိုင်ပြီးမှ သေသွားလျှင် သူတို့အတွက် အကောင်းဆုံးပင် ဖြစ်ပေလိမ့်မည်။
သို့သော် အနက်ရောင်ဝတ်အဖိုးအို နှင့် အဖွဲ့အားလုံး အံ့သြသွားသည်မှာ ယီယွင်၏ မျက်နှာတွင် ထိတ်လန့်တုန်လှုပ်ခြင်း သို့မဟုတ် ပျာယာခတ်နေခြင်းမျိုး တစ်စုံတစ်ရာ မတွေ့ရခြင်းပင်။
ယီယွင်သည် ဘာစကားတစ်လုံးမျှ မဟဘဲ တိတ်ဆိတ်နေသည်။ သူသည် လူသားများကို မကြည့်ဘဲ သူ၏ နေရာတွင် ငြိမ်သက်စွာ ထိုင်နေသည်။ သူသည် သူ၏ လက်ဖဝါးကို တစ်ခုခုကို စဉ်းစားနေသကဲ့သို့ ကြည့်နေသည်။
"ဒီကလေး ဘာတွေ လုပ်နေတာလဲ"
"ထားလိုက်စမ်းပါ။ ငါတို့ သွားကြစို့။ ယီယွင်နဲ့ ကျန်းရှောင်ယုတို့ ပစ်မှတ်ထားခံလိုက်ရပြီဆိုတော့ ဒီတိုက်ပွဲက ပျက်စီးခြင်းမျိုးနွယ်စုနဲ့ ယီယွင်တို့အတွက် ရှောင်လွှဲလို့မရတော့ဘူး"
လူသားပညာရှင်များ ထွက်သွားကြသော်လည်း အံ့သြစရာကောင်းသည်မှာ သန့်စင်ကျွန်း (သန့်စင်ရာနယ်မြေ ) မှ ဇနီးမောင်နှံနှစ်ဦးမှာ ကျန်ရစ်နေခြင်းပင်။ သူတို့နှစ်ဦးမှာ ယီယွင်ကို ကြည့်နေပြီး သူ၏ အတွေးများကို မနှောင့်ယှက်ကြပေ။
အမှန်တကယ်တော့ ယီယွင် ခန်းမထဲသို့ ရောက်လာကတည်းက ဤဇနီးမောင်နှံမှာ ယီယွင်နှင့် နှုတ်ဆက်ရုံမှလွဲ၍ ဘာမှ ဝင်မပြောခဲ့ကြပေ။ လူသားများ ထွက်သွားခြင်း သို့မဟုတ် သူတို့၏ စည်းကမ်းချက်များနှင့် ပတ်သက်၍လည်း သူတို့နှစ်ဦးမှာ မည်သည့်အမြင်မှ ဖော်ပြခြင်း မရှိခဲ့ကြချေ။
ယီယွင်သည် မော့ကြည့်ကာ သန့်စင်ကျွန်း ဇနီးမောင်နှံကို လှမ်းကြည့်လိုက်သည်။ သူတို့နှစ်ဦး ကျန်ရစ်နေခဲ့ခြင်းမှာ သူ့အား တစ်ခုခု ပြောလို၍ ဖြစ်ကြောင်း သူ သိသော်လည်း ယခုအချိန်တွင် သူတို့နှင့် စကားမပြောနိုင်သေးပေ။ သူ့တွင် လုပ်ဆောင်ရမည့် အရေးကြီးသော ကိစ္စတစ်ခု ရှိနေသည်။
မိစ္ဆာနတ်ဘုရားသည် သူ့ကို ဝိညာဉ်အမှတ်အသားတစ်ခုဖြင့် အာရုံခံထားသည်။ ၎င်းမှာ ဟင်းလင်းပြင်ကြီးကို ဖြတ်ကျော်ကာ ဆက်သွယ်ထားခြင်း ဖြစ်သည်။ ဤအမှတ်အသား ရှိနေသရွေ့ မိစ္ဆာနတ်ဘုရားသည် ယီယွင် ရှိရာနေရာကို အချိန်မရွေး တိကျစွာ သိရှိနိုင်မည် ဖြစ်သည်။
ဤဝိညာဉ်အမှတ်အသားသည် နောက်ဆုံးတွင်တော့ ဝိညာဉ်စွမ်းအင် ပုံစံတစ်ခုသာ ဖြစ်သည်။ စွမ်းအင်ဖြစ်နေသရွေ့ ယီယွင်သည် မကြောက်ပေ။ သူ့တွင် စွမ်းအင်များကို ထိန်းချုပ်နိုင်သော ခရမ်းရောင်သလင်းကျောက် ရှိနေသည်။ ခရမ်းရောင်သလင်းကျောက်ကဲ့သို့သော နတ်ဘုရားအဆင့် ရတနာသည် စွမ်းအင်များကို စုပ်ယူနိုင်ပြီး ထိန်းချုပ်နိုင်သည်။
ထို့ကြောင့် ယီယွင်သည် သေချာစွာ စစ်ဆေးကြည့်မည်ဆိုလျှင် ထိုစွမ်းအင်ကို ဖယ်ရှားပစ်နိုင်စွမ်း ရှိသည်။ သို့သော် ယီယွင် စဉ်းစားနေသည်မှာ ထိုစွမ်းအင်ကို ဖယ်ရှားရန် မဟုတ်ပေ။
သူ့တွင် နတ်မျှော်စင် နှင့် အခြားဝှက်ဖဲများ ရှိနေပြီးသားဖြစ်ရာ မိစ္ဆာနတ်ဘုရားကို တိုက်ခိုက်ရန် သူ စီစဉ်ထားပြီးသား ဖြစ်သည်။ မိစ္ဆာနတ်ဘုရားက သူ့ကို အာရုံမခံထားလျှင်ပင် သူသည် ထွက်ပြေးမည် မဟုတ်ပေ။ ထို့ကြောင့် အာရုံခံခံထားရခြင်းမှာ သူ့အတွက် ဘာမှ ထူးခြားမှု မရှိသဖြင့် သူ လုံးဝ မကြောက်ပေ။
ယခု ယီယွင် စဉ်းစားနေသည်မှာ သူ၏ ခန္ဓာကိုယ်ထဲတွင် ပုန်းခိုနေသော ဝိညာဉ်စွမ်းအင်သည် မိစ္ဆာနတ်ဘုရားနှင့် အမြဲတစေ ဆက်နွှယ်နေခြင်း ဖြစ်သည်။ ထိုစွမ်းအင်ကြောင့် မိစ္ဆာနတ်ဘုရားက သူ့ကို အာရုံခံနိုင်သကဲ့သို့ သူသည်လည်း ထိုသေးငယ်လှသော ဆက်နွှယ်မှုကို အသုံးပြုကာ မိစ္ဆာနတ်ဘုရား ရှိရာနေရာကို ပြောင်းပြန် အာရုံခံလိုက်နိုင်မလား ဆိုသည်ပင် ဖြစ်သည်။
ခရမ်းရောင်သလင်းကျောက်နှင့်ဆိုလျှင် ၎င်းမှာ ခက်ခဲသောကိစ္စမဟုတ်ကြောင်း ယီယွင် ခံစားမိသည်။
အကယ်၍ လူသားပညာရှင်များသာ သူ၏ အတွေးကို သိခဲ့လျှင်တော့ အံ့သြလွန်းသဖြင့် ဆွံ့အသွားကြပေလိမ့်မည်။ ပုံမှန်အားဖြင့် မိစ္ဆာနတ်ဘုရား၏ အာရုံခံခြင်းကို ခံရခြင်းမှာ သေမိန့်ကျခြင်းနှင့် အတူတူပင်။ သတ္တိရှိသူများကတော့ ထိုအမှတ်အသားကို မည်သို့ ဖျက်ပစ်ရမလဲဟုသာ စဉ်းစားကြမည် ဖြစ်သည်။
သို့သော် မိစ္ဆာနတ်ဘုရား၏ အစွမ်းနှင့်ဆိုလျှင် ထိုအမှတ်အသားကို ဖျက်ပစ်ရန်မှာ လွယ်ကူသောကိစ္စ မဟုတ်ပေ။
သို့သော် ယီယွင်သည် ခရမ်းရောင်သလင်းကျောက်ကို အသုံးပြုကာ ထိုအမှတ်အသားကို ဖျက်ပစ်နိုင်ပါလျက်နှင့် မဖျက်သည့်အပြင် ထိုလမ်းကြောင်းအတိုင်း လိုက်ကာ မိစ္ဆာနတ်ဘုရားကို ရှာဖွေပြီး တိုက်ခိုက်ရန် ကြံစည်နေခြင်း ဖြစ်သည်။
ဤကဲ့သို့ ရူးသွပ်သော အတွေးမျိုးကို ပျက်စီးခြင်းမျိုးနွယ်စုသာ သိပါက လက်ခံလိမ့်မည် မဟုတ်ပေ၊ လူသားမျိုးနွယ်စုမှာတော့ ပြောနေစရာပင် မလိုတော့ချေ။
"စောစောမသေမှာ ကြောက်နေလို့လား" ဟုပင် မေးကြပေလိမ့်မည်။
ယီယွင်၏ ဤအတွေးမှာ စိတ်ကူးပေါက်ရာ လုပ်ဆောင်ခြင်း မဟုတ်ပေ။ ရန်သူရှိရာနေရာကို သိရှိထားခြင်းမှာ အကျိုးကျေးဇူး များစွာရှိသည်။ မိစ္ဆာနတ်ဘုရားကို တွေ့ရှိပြီးနောက် ဘာလုပ်မည်ဆိုသည်မှာတော့ မိစ္ဆာနတ်ဘုရား၏ လက်ရှိ ဒဏ်ရာအခြေအနေပေါ်တွင် မူတည်ပေလိမ့်မည်။
လူသားများနှင့် ပျက်စီးခြင်းမျိုးနွယ်စစ်သည်များ အားလုံးမှာ မိစ္ဆာနတ်ဘုရား ဒဏ်ရာများသက်သာလာပြီး အစွမ်းအထက်ဆုံး အနေအထားနှင့် ရောက်လာမည်ကိုသာ ထိုင်စောင့်နေကြသည်။ သို့သော် ယီယွင်၏ အယူအဆမှာမူ မိစ္ဆာနတ်ဘုရား အားအပြည့်မရမီ ကြိုတင်၍ တိုက်ခိုက်ရန်သာ ဖြစ်သည်။
အခန်း ၇၁၈- မဟာမိတ်
မိစ္ဆာနတ်ဘုရားကို ရှာဖွေရန် စိတ်ကူးသည် ယီယွင်၏ စိတ်ထဲ၌ စွဲမြဲနေသည်။ သူသည် ဆယ့်ငါးမိနစ်ခန့် တရားထိုင်ပြီးနောက် သူ၏ ခန္ဓာကိုယ်ထဲရှိ စွမ်းအင်အမှတ်အသား တည်ရှိရာနေရာကို ရှာဖွေတွေ့ရှိသွားသည်။
သို့သော် သူသည် မိစ္ဆာနတ်ဘုရားကို ရှာရန်အတွက် လောလောဆယ်တွင် ထိုလမ်းကြောင်းအတိုင်း ပြောင်းပြန်လိုက်ရန် အလောတကြီး မလုပ်ဆောင်သေးပေ။
သူသည် မော့ကြည့်လိုက်ပြီး သန့်စင်ကျွန်း ဇနီးမောင်နှံကို လှမ်းကြည့်လိုက်သည်။
"စီနီယာတို့ ကျွန်တော်နဲ့ ဆွေးနွေးစရာ တစ်ခုခု ရှိလို့လား"
ထိုဇနီးမောင်နှံသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် ခင်ပွန်းဖြစ်သူက ပြုံး၍ ပြောလိုက်သည်။
"တကယ်တော့ အရေးကြီးတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ နှစ်ယောက်စလုံးကတော့ အစပိုင်းမှာ လူသားတွေနဲ့အတူ ဒီတောင်တန်းတွေကနေ ဆုတ်ခွာဖို့ စဉ်းစားထားတာပါ။ အသက်သေမှာ ကြောက်လို့ မဟုတ်ဘဲ အလဟဿ အသက်ပေးရမှာ စိုးလို့ပါ"
"ဒါပေမဲ့... အခု ညီလေး ယီနဲ့ နတ်သမီးလင်တို့ ပြန်ရောက်လာပြီဆိုတော့ ပြင်းထန်တဲ့ တိုက်ပွဲတစ်ခု ဖြစ်လာတော့မယ်ထင်တယ်။ မင်းကလည်း ကိုယ့်ကိုယ်ကိုယ် အရမ်းယုံကြည်မှုရှိနေတာ မြင်ရတော့ ငါလည်း စိတ်ဝင်စားမိတယ်။
ဒါကြောင့် ငါ့ဇနီးနဲ့ တိုင်ပင်ပြီး ဒီမှာပဲ နေဖို့ ဆုံးဖြတ်လိုက်တယ်။ မင်းနဲ့ မိစ္ဆာနတ်ဘုရားတို့ရဲ့ တိုက်ပွဲကြီးကို ငါတို့ ကိုယ်တိုင် မြင်တွေ့ချင်တယ်။
ဒါဟာ မိစ္ဆာနတ်ဘုရားကို အပြင်းအထန် ဒဏ်ရာရအောင် လုပ်နိုင်မယ့် အခွင့်အရေး အကောင်းဆုံး တိုက်ပွဲ ဖြစ်လာလိမ့်မယ်။ ငါတို့လည်း အဲဒါကို လက်လွတ်မခံချင်ဘူး။ ဒီမှာ နေခဲ့ခြင်းအားဖြင့် အနည်းငယ်တော့ အထောက်အကူ ပြုနိုင်မှာပါ"
မျိုးရိုးအမည် ယင်း ဟု ခေါ်သော ကျွန်းအရှင်သည် စကားကို ပေါ့ပေါ့ပါးပါးပင် ပြောသွားခဲ့သော်လည်း ယီယွင်မှာ အနည်းငယ် အံ့သြသွားသည်။ ဤသန့်စင်ကျွန်း ဇနီးမောင်နှံသည် တကယ်ပင် သေအတူ တိုက်ရန် ဆုံးဖြတ်ထားကြခြင်း ဖြစ်သည်။
သူ့အနေနှင့် မိစ္ဆာနတ်ဘုရားလက်မှ လွတ်အောင် ပြေးနိုင်သော်လည်း သန့်စင်ကျွန်း ဇနီးမောင်နှံတွင်မူ ထိုကဲ့သို့သော နည်းလမ်းမျိုး မရှိနိုင်ပေ။ ဒီမှာ နေခဲ့ခြင်းမှာ အသက်အန္တရာယ် အလွန်ပင် များလှသည်။
လူသားမျိုးနွယ်စုဝင်များ ဖြစ်ပါလျက်နှင့် အသက်ကို ယင်းကာ ပျက်စီးခြင်းမျိုးနွယ်စုဘက်မှ ရပ်တည်ပေးခြင်းကြောင့် ယီယွင်သည် သူတို့အပေါ် အလွန်ပင် လေးစားကြည်ညိုသွားမိသည်။
အကယ်၍ ယီယွင်ကို ကြောက်ရွံ့ခြင်းအကြောင်း ပြောရမည်ဆိုလျှင် ဤဇနီးမောင်နှံမှာ ယီယွင်ကို အကြောက်ဆုံးသူများ မဟုတ်ပေ။ သူတို့တွင် ဆွေမျိုးသားချင်း မရှိသလို အင်အားစုကြီးတစ်ခုလည်း မဟုတ်ပေ။
သူတို့သည် သန့်စင်ကျွန်းတွင် တစ်ကိုယ်တည်း အေးအေးဆေးဆေး နေထိုင်သူများ ဖြစ်ကြသည်။ ယီယွင်က ထျန်းယွမ်တိုက်ကြီးကို အုပ်ချုပ်ပြီး အာဏာခွဲဝေသည်ဆိုလျှင်ပင် သူတို့နှင့် ဘာမှ မသက်ဆိုင်ပေ။
"မှန်ကန်တဲ့ လမ်းစဉ်ကို ရွေးချယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" ယီယွင်က လက်သီးစုကာ နှုတ်ဆက်လိုက်သည်။ သူသည် ရန်သူကို ကလဲ့စားချေတတ်သကဲ့သို့ ကျေးဇူးရှိသူကိုလည်း ပြန်ဆပ်တတ်သူ ဖြစ်သည်။ ဤဇနီးမောင်နှံ၏ စေတနာကို သူ မှတ်သားထားလိုက်ပြီ ဖြစ်သည်။
"အခုတော့ ငါတို့က မဟာမိတ်တွေ ဖြစ်သွားကြပြီဆိုတော့ ညီလေး ယီရဲ့ အစီအစဉ်ကို သိခွင့်ရှိမလား မင်းရဲ့ မျက်နှာကို ကြည့်ရတာ ဒီအခြေအနေကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ အစီအစဉ် ရှိပြီးသားလို့ ထင်တယ်" ဟု ကျွန်းအရှင်က မေးလိုက်သည်။
ယီယွင်သည် အစကတည်းက တည်ငြိမ်နေသည်ကို သူ သတိထားမိသည်။ မိစ္ဆာနတ်ဘုရား၏ အမှတ်အသား အလုပ်ခံရခြင်းအပေါ် စိုးရိမ်ပူပန်မှုမျိုး လုံးဝ မရှိပေ။ ထိုအမှတ်အသားကို ယီယွင် တစ်ခုခု လုပ်နိုင်လိမ့်မည်ဟု သူ မထင်သော်လည်း ယီယွင်က မကြောက်သည့်အတွက် တိုက်ပွဲအတွက် တစ်ခုခု ပြင်ဆင်ထားကြောင်း သူ နားလည်လိုက်သည်။
သို့မဟုတ်ပါကလည်း ယီယွင်သည် လူသားတို့၏ စည်းကမ်းချက်များကို ပြတ်ပြတ်သားသား ငြင်းဆိုကာ အစီအရင်ကို အမှိုက်ဟု ပြောရဲမည် မဟုတ်ပေ။
"ကျွန်တော့်မှာ မူလအစီအစဉ် တစ်ခု ရှိပါတယ်။ ဒါပေမဲ့ ဒီညပြီးရင် အခြေအနေတွေ ပြောင်းလဲသွားနိုင်တယ်။ ဒါကြောင့် ရလဒ်တစ်ခု ထွက်လာတဲ့အထိ စောင့်ပြီးမှ စီနီယာတို့ နှစ်ယောက်ကို ရှင်းရှင်းလင်းလင်း ပြောပြပါရစေ"
သန့်စင်ကျွန်း ဇနီးမောင်နှံမှာ အံ့သြသွားကြသည်။ မိစ္ဆာနတ်ဘုရားနှင့် ပတ်သက်လာလျှင် ရက်အနည်းငယ်အတွင်း ဘာမှ ထူးထူးခြားခြား ပြောင်းလဲစရာ မရှိနိုင်ရာ ဤတစ်ညအတွင်း ဘာတွေ ပြောင်းလဲသွားမည်နည်း။
သို့သော် ယီယွင်က ပြောသည့်အတွက် သူတို့ ခေါင်းညိတ်လိုက်ကြသည်။ "ဒါဆိုရင်လည်း ငါတို့ သတင်းကောင်းကို စောင့်နေပါမယ်"
"ကောင်းပါပြီ။ ဒီနေ့ ဆွေးနွေးပွဲက တော်တော် ကြာသွားပြီဆိုတော့ စီနီယာတို့လည်း ပင်ပန်းနေလောက်ပြီ။ စောစော နားကြပါဦး" ယီယွင်က ယဉ်ကျေးစွာ ပြောလိုက်သည်။
သန့်စင်ကျွန်း ဇနီးမောင်နှံသည် ယီယွင်အနေနှင့် ကျန်းရှောင်ယုတို့နှင့် ပြောစရာရှိမည်ကို ရိပ်မိသဖြင့် ပြုံးကာ နှုတ်ဆက်ပြီး ထွက်သွားကြတော့သည်။
ယခင်ဘုရင်မကလည်း အစေခံနှစ်ဦးကို ခေါ်ကာ သူတို့ကို လေးလေးစားစားဖြင့် လိုက်လံပို့ဆောင်ခိုင်းလိုက်သည်။ မိမိတို့ဘက်မှ ရပ်တည်ပေးသော လူသားများကို ပျက်စီးခြင်းမျိုးနွယ်စုက အမြဲတမ်း လေးစားစမြဲ ဖြစ်သည်။
သူတို့ ထွက်သွားပြီးနောက် ကျန်းရှောင်ယုသည် ယီယွင်၏ အနားသို့ ရောက်လာသည်။ သူမ၏ ရင်ထဲ၌ နာကျင်နေရသည်။ သူမသည် ယီယွင်ကို ဝေးဝေးသို့ ထွက်သွားရန် တိုက်တွန်းလိုသော်လည်း ယခုအခါ ယီယွင်သည် မိစ္ဆာနတ်ဘုရား၏ ပစ်မှတ် ဖြစ်နေခဲ့ပြီ။
ယီယွင်က မိစ္ဆာနတ်ဘုရားလက်မှ လွတ်အောင် ပြေးနိုင်သည်ဟု သူမ ယုံကြည်သော်လည်း ယခုကဲ့သို့ အာရုံခံခံထားရလျှင် ပြေးခြင်းမှာ အကျိုးမရှိပေ။ ကမ္ဘာမြေ၏ မည်သည့်အရပ်သို့ ပြေးပါစေ မိစ္ဆာနတ်ဘုရားက ချက်ချင်း ရှာတွေ့နိုင်ပေလိမ့်မည်။
၎င်းမှာ ဖယ်ရှား၍မရသော ကပ်ပါးကောင်ကြီးသဖွယ် ဖြစ်နေတော့မည်။
ယီယွင်က အစွမ်းထက်သော်လည်း မိစ္ဆာနတ်ဘုရားလက်မှ ထပ်ခါတလဲလဲ လွတ်အောင် ပြေးနိုင်လောက်အောင် အစွမ်းထက်ပါ့မလား။
"အစ်မရှောင်ယု စိတ်မပူပါနဲ့။ တကယ်တော့ ကျွန်တော့်မှာ အစီအစဉ် ရှိပါတယ်။ မိစ္ဆာနတ်ဘုရားက ကျွန်တော့်ကို အာရုံခံလိုက်တာက ဘာမှ မထိခိုက်စေတဲ့အပြင် ကျွန်တော့်ကို အခွင့်အရေးတစ်ခု တောင် ပေးလိုက်သလိုပါပဲ" ဟု ယီယွင်က ပြောလိုက်သည်။
"ဘာအခွင့်အရေးလဲ" ယခင်ဘုရင်မနှင့် ကျန်းရှောင်ယုတို့ အံ့သြသွားကြသည်။ လူတိုင်းက အသေအလဲ ရှောင်ချင်နေသည့် ကိစ္စကိုမှ ယီယွင်က အခွင့်အရေးဟု ပြောနေခြင်း ဖြစ်သည်။ လင်ရှင်းထုံ၏ မျက်လုံးများပင် ဝင်းလက်သွားသည်။ သူမပင်လျှင် ယီယွင် ဘာလုပ်မည်ကို မသိသေးပေ။
"စီနီယာ ချန်းကွေ့ " ယီယွင်သည် လမ်းပြလူငယ်ကို လှည့်ကြည့်လိုက်သည်။ သူ၏ အဆင့်အတန်းနှင့် အစွမ်းမှာ လမ်းပြလူငယ်ထက် သာလွန်နေပြီ ဖြစ်သော်လည်း ယီယွင်သည် ယခင်က ကျေးဇူးကို မမေ့ဘဲ လေးလေးစားစား ဆက်ဆံဆဲ ဖြစ်သည်။
လမ်းပြလူငယ်က ခေါင်းညိတ်ပြီး "ညီလေး ယီ ပြောပါ" ဟု ဆိုသည်။
"မိစ္ဆာနတ်ဘုရားက ကျွန်တော့်ဆီမှာ ထားခဲ့တဲ့ ဝိညာဉ်အမှတ်အသားကို စီနီယာဆီ လွှဲပြောင်းပေးတာကို စီနီယာ လက်ခံနိုင်မလား" ယီယွင် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။
သူသည် ထိုအမှတ်အသားကို အသုံးပြုကာ မိစ္ဆာနတ်ဘုရား ရှိရာကို ရှာဖွေမည် ဖြစ်သည်။ သို့သော် သူ မိစ္ဆာနတ်ဘုရား အနားသို့ ချဉ်းကပ်ချိန်တွင် ထိုအမှတ်အသားကို ယူမသွားနိုင်ပေ၊ သို့မဟုတ်ပါက ရန်သူက ကြိုတင် သိသွားလိမ့်မည်။
ထို့ကြောင့် ထိုအမှတ်အသားကို တစ်ဦးဦးက လက်ခံထားပေးရန် လိုအပ်သည်။ ထိုသူမှာ တည်ငြိမ်ပြီး ယုံကြည်ရသူ ဖြစ်ရမည်။ သာမန်စစ်သည်တစ်ဦးမှာ မိစ္ဆာနတ်ဘုရား၏ ဝိညာဉ်ဖိအားကို မခံနိုင်ရာ လမ်းပြလူငယ်မှာ အသင့်တော်ဆုံး ဖြစ်သည်။
လမ်းပြလူငယ်မှာ ခေတ္တမျှ အံ့သြသွားပြီးမှ "မင်းက မိစ္ဆာနတ်ဘုရားရဲ့ ဝိညာဉ်အမှတ်အသားကို လွှဲပြောင်းပေးနိုင်လို့လား" ဟု မေးလိုက်သည်။
ယခင်ဘုရင်မနှင့် ကျန်းရှောင်ယုတို့လည်း မှင်တက်သွားကြသည်။ ဖယ်ရှားရန်ပင် မဖြစ်နိုင်သော အမှတ်အသားကို အခြားတစ်ဦးဆီသို့ လွှဲပြောင်းပေးမည်လား ဒါက တကယ်ရော ဖြစ်နိုင်လို့လား။
"ကျွန်တော် စမ်းကြည့်ပါ့မယ်။ ဖြစ်မဖြစ်တော့ သေချာမသိဘူး။ စီနီယာသာ သဘောတူရင် အခုပဲ စကြည့်မယ်။ မိစ္ဆာနတ်ဘုရားနဲ့ တိုက်ပွဲပြီးသွားရင် စီနီယာ့ဆီက အမှတ်အသားကို ကျွန်တော် ပြန်ဖယ်ရှားပေးပါ့မယ်"
ယီယွင်က အာမခံချက်တော့ မပေးပေ။ အမှတ်အသားကို ဖယ်ရှားခြင်းမှာ လွှဲပြောင်းခြင်းထက် ပို၍ လွယ်ကူပေလိမ့်မည်။
"ငါ သဘောတူပါတယ်။ ဒါဆိုရင် ဘုရင်မကြီးဆီက အမှတ်အသားကိုရော မင်း လွှဲပြောင်းပေးနိုင်မလား" လမ်းပြလူငယ်က အသည်းအသန် မေးလိုက်သည်။ သူသည် ကျန်းရှောင်ယုအတွက်ဆိုလျှင် အသက်ကိုပင် ပေးရဲသူ ဖြစ်သည်။
ယီယွင်က "စီနီယာ စိတ်ချပါ။ ဒီအမှတ်အသားက ပြဿနာ မဟုတ်ပါဘူး။ ကျွန်တော် လွှဲပြောင်းပေးနိုင်ရုံတင်မကဘဲ ဖျက်ဆီးပစ်လို့လည်း ရပါတယ်။ ဒါပေမဲ့ အခုချက်ချင်း ဖျက်လိုက်ရင် မိစ္ဆာနတ်ဘုရားက သတိထားမိသွားလိမ့်မယ်"
ယီယွင်သည် ထိုအမှတ်အသားကို လုံးဝ ဂရုမစိုက်ပေ။ ကျန်းရှောင်ယု၏ ဘေးကင်းရေးအတွက်လည်း သူ မစိုးရိမ်ပေ၊ သူ့တွင် နတ်မျှော်စင် ရှိနေသည် မဟုတ်ပါလား။
ယီယွင်၏ စကားအနည်းငယ်ကြောင့် တင်းမာနေသော အခြေအနေများမှာ လျော့ပါးသွားသည်။ သူ၏ ယုံကြည်မှုနှင့် တည်ငြိမ်မှုမှာ အားလုံးကို ကူးစက်သွားစေသည်။
"ဒါနဲ့... စီနီယာ ချန်းကွေ့ ဘုရင်မကြီး... ဒီလူတွေက ကျွန်တော့်ရဲ့ ဆရာတွေနဲ့ တိုင်အာ နတ်မြို့တော် က သူငယ်ချင်းတွေပါ။ တိုင်အာမြို့တော် ကျဆုံးချိန်မှာ သူတို့ ဖမ်းဆီးခံခဲ့ရပြီး ဒီတောင်တန်းတွေထဲမှာ ဆယ်စုနှစ်တစ်ခုကျော် နေခဲ့ကြရတာပါ။ အခုတော့ သူတို့က ပျက်စီးခြင်းမျိုးနွယ်စုရဲ့ စစ်တပ်ထဲ ရောက်နေကြတယ်..."
ယီယွင်သည် ပြောပြောဆိုဆိုနှင့် ခန်းယန်တို့အဖွဲ့ဆီသို့ လျှောက်သွားလိုက်သည်။
ခန်းယန်၊ ကျန်းကဲ့နှင့် ရန်ချင်းယွမ်တို့မှာ ဘာပြောရမှန်း မသိဖြစ်နေကြသည်။ ယနေ့ ဖြစ်ပျက်ခဲ့သမျှမှာ သူတို့၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေခဲ့ပြီ။ ယီယွင်သည် ထျန်းယွမ်တိုက်ကြီး၏ ခေါင်းဆောင်တစ်ဦး ဖြစ်လာရုံတင်မက မိစ္ဆာနတ်ဘုရားကို ခုခံမည့် အဓိက ကျောရိုးကြီးလည်း ဖြစ်လာခဲ့ချေပြီ။
မျှော်လင့်ချက် မရှိတော့ဟု ထင်ရသော အခြေအနေမှာ ယီယွင် ပေါ်လာခြင်းဖြင့် မျှော်လင့်ချက်ရောင်ခြည်များ ပြန်လည် မြင်တွေ့လာရသည်။
နှစ်ပေါင်း ၂၀ မပြည့်ခင်မှာပင် တစ်ကမ္ဘာလုံး၏ အခြေအနေကို စကားပြောရုံဖြင့် ပြောင်းလဲနိုင်သော ပုဂ္ဂိုလ်ကြီး ဖြစ်လာခဲ့သည့် ယီယွင်ကို ကြည့်ကာ သူတို့ တကယ်ပင် အံ့သြချီးကျူးမိကြတော့သည်။