← Chapters

အခန်း (၇၁၉-၇၂၁)

Vol. 49 Ch. 719-721

အခန်း (၇၁၉-၇၂၁)

Vol. 49 Ch. 719-721

အခန်း ၇၁၉- ညဉ့်နက်သန်းခေါင် ချောင်းမြောင်းတိုက်ခိုက်ခြင်း

ခန်းယန်၊ ကျန်းကဲ့နှင့် သူတို့အဖွဲ့သည် တောရိုင်းတောင်တန်းများထဲတွင် ပိတ်လှောင်ခံထားရကတည်းက ပြင်ပလောကနှင့် အဆက်အသွယ်ပြတ်ကာ အထီးကျန်စွာ နေထိုင်ခဲ့ကြရသည်။ ဤနှစ်များအတွင်း ဘာတွေဖြစ်ပျက်ခဲ့သည်ကို သူတို့မသိသလို၊ ပျက်စီးခြင်းမျိုးနွယ်စုကလည်း သူတို့ကို မေ့လျော့နေခဲ့ကြသည်။

နောက်ပိုင်းတွင် ပျက်စီးခြင်းမျိုးနွယ်စု စစ်တပ်အတွင်းသို့ အဓမ္မစုဆောင်းခံရသောအခါ သူတို့၏ လွတ်လပ်ခွင့်မှာ ကန့်သတ်ခံလိုက်ရပြီး မိစ္ဆာနတ်ဘုရား၏ လက်ချက်ဖြင့် သေရတော့မည့် ကံကြမ္မာသို့ ဆိုက်ရောက်ခဲ့ရသည်။

သို့သော် လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်က တိုင်အာမြို့တော်သို့ စတင်ဝင်ရောက်လာခဲ့သော တိမ်ရိုင်းနယ်မှ လူငယ်လေး ယီယွင်ကြောင့် သူတို့သည် လွတ်လပ်ခွင့်ကို ပြန်လည်ရရှိခဲ့ရုံတင်မကဘဲ ပျက်စီးခြင်းမျိုးနွယ်စုထံမှ မကြုံစဖူးသော ကောင်းမွန်သည့် ဆက်ဆံမှုကိုပါ ရရှိခဲ့ကြသည်။

ဤအခြေအနေမှာ ခန်းယန်နှင့် အဖွဲ့အတွက် အိမ်မက်တစ်ခုလိုပင် ဖြစ်နေတော့သည်။

သူတို့ကို လင်မိသားစု၏ နယ်မြေသို့ ပို့ဆောင်ပေးခဲ့သည်။

ယခုရက်ပိုင်းတွင် လင်မိသားစုသည် တောရိုင်းတောင်တန်းများထဲ၌ အထူးအခွင့်အရေးရသော အဆင့်အတန်းရှိနေသည်။ သူတို့သည် လူသားမဟာမိတ်အဖွဲ့ထဲ မပါဝင်သော်လည်း လူသားမျိုးနွယ်စု၏ ဂိုဏ်းပေါင်းစုံမှာ နေ့စဉ်နှင့်အမျှ လင်မိသားစုဆီသို့ လာရောက်ဂါရဝပြုနေကြသည်။

အကြောင်းမှာ လင်မိသားစုတွင် နောင်တစ်ချိန်၌ ပြိုင်ဘက်ကင်း မဟာဧကရီဖြစ်လာမည့် ကောင်းကင်ဘုံ၏ ဂုဏ်ယူရာသမီးပျို လင်ရှင်းထုံ ရှိနေသလို၊ သူမနှင့် အစွမ်းချင်း မနိမ့်ပါးသော သမက်လောင်း ယီယွင်လည်း ရှိနေသောကြောင့် ဖြစ်သည်။

အတားအဆီးမရှိလျှင် လင်မိသားစုသည် နောင်တစ်ချိန်၌ ထျန်းယွမ်တိုက်ကြီး၏ နံပါတ်တစ် အင်အားစု ဖြစ်လာမည်မှာ မြေကြီးလက်ခတ်မလွဲပေ။ မည်သည့်ဂိုဏ်းကမျှ ထိုကဲ့သို့သော မိသားစုကို မပြစ်မှားရဲကြချေ။

"ဘုရင်မကြီး..."

ခန်းယန်နှင့် အဖွဲ့ကို နေရာချထားပေးပြီးနောက် ယီယွင်သည် ယခင်ဘုရင်မကြီးကို ကြည့်လိုက်သည်။

"ယီယွင်... ဒီတစ်ခါတော့ မင်းကို တကယ် ကျေးဇူးတင်ရမှာပဲ" ယခင်ဘုရင်မကြီးက ယီယွင်ကို မေတ္တာဖြင့် ကြည့်လိုက်သည်။

ကျန်းရှောင်ယု၏ မောင်ဖြစ်သူမှာ တကယ်ပင် ထူးချွန်လှသည်။ ယနေ့ဆွေးနွေးပွဲတွင်သာ ယီယွင်မရှိလျှင် အခြေအနေမှာ မည်သို့ဖြစ်သွားမည်ကို မည်သူမျှ မသိနိုင်ပေ။

"ဘုရင်မကြီး... ကျွန်တော့်မှာ စီနီယာတို့ကို လွှဲပြောင်းပေးချင်တဲ့ အစီအရင်တစ်ခု ရှိပါတယ်"

ယီယွင်သည် ပြောပြောဆိုဆိုနှင့် နတ်ဘုရားပိတ်လှောင်ချိပ်ပိတ်မှု အစီအရင်၏ အစီအရင်ပြားနှင့် အလံများကို ထုတ်လိုက်သည်။

"အစီအရင် ဟုတ်လား"

ယခင်ဘုရင်မကြီးသည် ၎င်းကို ကြားသောအခါ အလွန်ဝမ်းသာသွားသည်။ ယီယွင်တွင်လည်း အစီအရင် ရှိနေခြင်းကြောင့် လူသားများ၏ တောင်းဆိုချက်ကို ထိုသို့ ပြတ်ပြတ်သားသား ငြင်းပယ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သူမ နားလည်လိုက်သည်။

နတ်ဘုရားပိတ်လှောင်ချိပ်ပိတ်မှု အစီအရင်တွင် အစီအရင်အလံပေါင်း ၈၁ ခုရှိပြီး ၎င်းတို့အားလုံးကို ဗဟိုအစီအရင်ပြားထဲတွင် ချိတ်ပိတ်ထားသည်။ ထိုပြားမှာ တစ်ပေခန့်သာ ရှိပြီး ယခင်ဘုရင်မကြီးက လက်ခံလိုက်သောအခါ ထူးထူးခြားခြား ဘာမှမတွေ့ရပေ။

သို့သော် ယီယွင်ကဲ့သို့သောသူက ထုတ်ပေးသည်ဆိုလျှင် ၎င်းမှာ လူသားတို့၏ ဟင်းလင်းပြင်ဥပဒေသအစီရင်ထက် အဆပေါင်းများစွာ သာလွန်မည်မှာ သေချာသည်။

"ရှင်းထုံ... မင်းက ပျက်စီးခြင်းမျိုးနွယ်စုနဲ့အတူ ဒီအစီအရင်ကို လေ့လာလိုက်ပါ။ စီနီယာ လမ်းပြလူငယ်... ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ"

ယီယွင်သည် အသက်ပြင်းပြင်းရှူလိုက်သည်။ သူသည် ခရမ်းရောင်သလင်းကျောက် ကို အသုံးပြုကာ ပတ်ဝန်းကျင်မှ စွမ်းအင်များကို ဖြတ်တောက်လိုက်ပြီး လုံခြုံမှုရှိအောင် လုပ်ဆောင်လိုက်သည်။

မိစ္ဆာနတ်ဘုရား ဒဏ်ရာ မည်သည့်အချိန်တွင် သက်သာမည်ကို သူ မသိသဖြင့် အချိန်မဆွဲဘဲ အမြန်ဆုံး လှုပ်ရှားရမည် ဖြစ်သည်။

"ကောင်းပြီ"

လမ်းပြလူငယ်က တည်ငြိမ်နေသော်လည်း ကျန်းရှောင်ယုနှင့် လင်ရှင်းထုံမှာမူ စိုးရိမ်နေကြသည်။ ယီယွင်၏ စကားအရ သူသည် တစ်ခုခုကို စတင်လုပ်ဆောင်တော့မည်မှာ ထင်ရှားသည်။

"ယွင်အာ... မင်း မိစ္ဆာနတ်ဘုရားကို အခုပဲ သွားတိုက်တော့မလို့လား" ကျန်းရှောင်ယုက မေးသည်။

"ဟုတ်ကဲ့... ဘာမှ အဆင်မပြေတာ မရှိရင် ဒီညပဲ သွားမယ်"

"ဒီလောက်တောင် လောနေတာလား တစ်ယောက်တည်း သွားမှာလား" လင်ရှင်းထုံ၏ မျက်ခုံးလေးများ အနည်းငယ် ပင့်တက်သွားသည်။

သူမကတော့ ယီယွင်နှင့်အတူ လိုက်သွားမည်ဟု ယုံကြည်ထားခြင်း ဖြစ်သည်။ သူတို့နှစ်ယောက် ပူးပေါင်းပါက တိုက်ခိုက်နိုင်စွမ်းမှာ ပို၍ မြင့်မားမည် မဟုတ်ပါလား။

ယီယွင်က "ရှင်းထုံ... နတ်ဘုရားပိတ်လှောင်ချိပ်ပိတ်မှု အစီအရင်ရဲ့ တာဝန်က မင်းအပေါ်မှာ ရှိတယ်။

ကျွန်တော် တစ်ယောက်တည်း သွားတာက ပိုပြီးတော့ လှုပ်ရှားရတာ လွယ်လိမ့်မယ်။ မိစ္ဆာနတ်ဘုရား ဒဏ်ရာတွေ ပျောက်သွားတဲ့အထိ စောင့်နေရင် ကျွန်တော် သွားရတာ အဓိပ္ပာယ် မရှိတော့ဘူး"

"ပြီးတော့ ပျက်စီးခြင်းမျိုးနွယ်စုက ပညာရှင်တွေကို စုစည်းပြီး ဒီညပဲ အစီအရင်ကို လေ့ကျင့်လိုက်ပါ။ မိစ္ဆာနတ်ဘုရားက အချိန်မရွေး တိုက်ခိုက်လာနိုင်သလို၊ တိုက်ပွဲကလည်း သိပ်မဝေးတဲ့နေရာမှာ ဖြစ်လာနိုင်တယ်"

ယီယွင်သည် တိုတိုတုတ်တုတ်ဖြင့် တိုက်ပွဲလမ်းညွှန်ချက်များကို ချမှတ်လိုက်သည်။ ယခုအချိန်တွင် မည်သူမျှ ယီယွင်၏ စိတ်ကူးကို မေးခွန်းမထုတ်ဘဲ လိုက်နာရန်သာ ရှိတော့သည်။

ထို့နောက် ယီယွင်သည် လမ်းပြလူငယ်နှင့်အတူ ကျင့်ကြံဆောင်ထဲသို့ ဝင်သွားသည်။ သူသည် ခရမ်းရောင်သလင်းကျောက်ကို အသုံးပြုကာ အမှတ်အသား လွှဲပြောင်းခြင်းနှင့် ပတ်သက်သည့် မည်သည့် အာရုံခံမှုကိုမျှ အပြင်သို့ မပေါက်ကြားအောင် ပိတ်ဆို့ထားလိုက်သည်။

၆ နာရီအကြာတွင် လမ်းပြလူငယ်သည် မောပန်းသော မျက်နှာဖြင့် ကျင့်ကြံဆောင်ထဲမှ ထွက်လာသည်။ မိစ္ဆာနတ်ဘုရား၏ ဝိညာဉ်စွမ်းအင်မှာ သူ၏ ခန္ဓာကိုယ်ထဲသို့ လွှဲပြောင်းရောက်ရှိသွားပြီ ဖြစ်သည်။

ထိုအမှတ်အသားကို လွှဲပြောင်းစဉ်မှာပင် ယီယွင်သည် ထိုဝိညာဉ်ရေးရာ ဆက်နွှယ်မှုကို အသုံးပြုကာ မိစ္ဆာနတ်ဘုရား ရှိရာနေရာကို ခန့်မှန်းခြေအားဖြင့် သိရှိသွားခဲ့သည်။ မိစ္ဆာနတ်ဘုရားသည် အိပ်ပျော်နေပြီး သူ၏ ဝိညာဉ်စွမ်းအင်မှာ ဒဏ်ရာကြောင့် အားနည်းနေချိန်ဖြစ်ကြောင်း ယီယွင် ခန့်မှန်းလိုက်သည်။

ညဉ့်နက်ပိုင်းတွင် ယီယွင်သည် ကောင်းကင်သို့ ပျံတက်သွားပြီး တောရိုင်းတောင်တန်းများနှင့် ဝေးရာသို့ ပျံသန်းသွားသည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်ထဲမှ သေးငယ်သော မျှော်စင်လေးတစ်ခု ထွက်ပေါ်လာသည်။

၎င်းမှာ နတ်မျှော်စင် ပင် ဖြစ်သည်။ မျှော်စင်သည် ယီယွင်၏ ရှေ့တွင် လည်ပတ်နေပြီး ယီယွင်၏ ခန္ဓာကိုယ်မှာ သေးငယ်သွားကာ မျှော်စင်ထဲသို့ စုပ်ယူခံလိုက်ရသည်။ ယီယွင်သည် မျှော်စင်ထဲတွင် ပုန်းခိုကာ မိစ္ဆာနတ်ဘုရား ရှိရာသို့ ဦးတည်မောင်းနှင်လိုက်သည်။

ဤသည်မှာ ကြိုတင်ကာကွယ်မှုတစ်ခု ဖြစ်သည်။ မိစ္ဆာနတ်ဘုရားသည် ဒဏ်ရာကုသနေစဉ် သူ ရောက်လာသည်ကို သိမသိ သူ မသေချာပေ။ ထို့ကြောင့် မျှော်စင်၏ အကာအကွယ်အစီအရင်နှင့် ခရမ်းရောင်သလင်းကျောက်၏ စွမ်းအင်ဖြတ်တောက်မှုတို့ကို ပူးတွဲအသုံးပြုကာ လုံခြုံမှု အဆင့်နှစ်ဆင့်ဖြင့် သွားခြင်း ဖြစ်သည်။

မျှော်စင်သည် ညကောင်းကင်ယံကို ဖြတ်ကျော်ကာ ပျံသန်းသွားသည်။

ယီယွင်သည် တောင်တန်းများမှ ထွက်လာပြီးနောက် မိုင်ပေါင်းသောင်းချီ ပျံသန်းလာခဲ့ရာ ထင်းရှူးတောအုပ်တစ်ခု၏ အထက်သို့ ရောက်ရှိလာသည်။ မျှော်စင်သည် အစီအရင်များဖြင့် ကိုယ်ယောင်ဖျောက်ထားသဖြင့် မည်သူမျှ မမြင်နိုင်ပေ။

ယီယွင်သည် သူ၏ အာရုံကို မျှော်စင်အပြင်သို့ ထုတ်ကာ အောက်ရှိ ထင်းရှူးတောကို ကြည့်လိုက်သည်။ မိစ္ဆာနတ်ဘုရားသည် ဤနေရာတွင် ပုန်းအောင်းနေကြောင်း သူ ခံစားမိသော်လည်း အတိအကျ နေရာကိုတော့ မသိရသေးပေ။

မိစ္ဆာနတ်ဘုရားသည် ဒဏ်ရာကုသနေသဖြင့် သူကိုယ်တိုင်လည်း ကိုယ်ယောင်ဖျောက်ထားမည်မှာ သေချာသည်။

သို့သော် ယီယွင်သည် ခရမ်းရောင်သလင်းကျောက်၏ စွမ်းအင်မြင်ကွင်း ကို အသုံးပြုလိုက်သောအခါ မည်သည့်အရာမျှ ဖုံးကွယ်ထား၍ မရတော့ပေ။

ယီယွင်၏ ကျင့်စဉ်အဆင့် မြင့်တက်လာသည်နှင့်အမျှ သူ၏ စွမ်းအင်မြင်ကွင်းမှာ ၅၀ ကီလိုမီတာ ပတ်လည်အထိ မြင်နိုင်ပြီ ဖြစ်သည်။ သူ စိတ်ရှည်လက်ရှည် ရှာဖွေမည်ဆိုလျှင် ၄ နာရီအတွင်း ဤတောအုပ်တစ်ခုလုံးကို အနှံ့အပြား ရှာဖွေနိုင်မည် ဖြစ်သည်။

လရောင်သည် ရေကဲ့သို့ စီးဆင်းနေပြီး ထင်းရှူးတောအုပ်မှာ တိတ်ဆိတ်နေသည်။ တောအုပ်ထဲတွင် တောင်ကျစမ်းချောင်းလေးတစ်ခု စီးဆင်းနေပြီး ငြိမ်းချမ်းသည့် ပတ်ဝန်းကျင်လေးတစ်ခုအဖြစ် မြင်တွေ့ရသည်။ မည်သည့် သတ်ဖြတ်ခြင်း အရှိန်အဝါ သို့မဟုတ် ယင်စွမ်းအင်များမျှ မရှိဘဲ သာမန်တောအုပ်လေးတစ်ခုကဲ့သို့ပင်။

သို့သော် ယီယွင်ကတော့ သံသယမရှိဘဲ တစ်နေရာပြီး တစ်နေရာ ရှာဖွေခဲ့သည်။

မကြာမီမှာပင် ထင်းရှူးတောအုပ်ထဲ၌ ထူးဆန်းသော နေရာတစ်ခုကို သူ တွေ့ရှိသွားသည်။ ထိုနေရာတွင် တောရိုင်းသားရဲများ လုံးဝမရှိဘဲ စမ်းချောင်းစီးသံမှလွဲ၍ သင်္ချိုင်းကုန်းတစ်ခုကဲ့သို့ တိတ်ဆိတ်လွန်းနေသဖြင့် လူကို ကျောချမ်းစေသော ခံစားချက်မျိုး ပေးစွမ်းနေတော့သည်။

အခန်း ၇၂၀- ယင်စမ်းရေတွင်း

ယီယွင်သည် ကောင်းကင်အမြင့်မှနေ၍ အောက်သို့ ငုံ့ကြည့်လိုက်သောအခါ ထင်းရှူးတောအုပ်အတွင်း၌ မြစ်ကိုးစင်း ရှိနေသည်ကို တွေ့ရှိခဲ့သည်။ ဤမြစ်ကိုးစင်းသည် ပတ်ပတ်လည်မှ စီးဆင်းလာပြီး ထင်းရှူးတော၏ အလယ်ဗဟိုတွင် လာရောက်ဆုံစည်းကြသည်။

ထိုနေရာတွင် အလွန်ကြီးမားသော ကန်တစ်ခု ရှိသည်။ ကောင်းကင်မှ ကြည့်လျှင် ၎င်းမှာ သားရဲတစ်ကောင်၏ မျက်လုံးနှင့် တူလှသည်။

မြစ်ကိုးစင်းသည် ထိုကန်ထဲသို့ စမ်းရေများ အဆက်မပြတ် ပို့ပေးနေသော်လည်း ကန်၏ အချင်းဝက်မှာ တစ်မိုင်ပင် မပြည့်ပေ။ ထူးဆန်းသည်မှာ ထိုကန်တွင် ရေထွက်ပေါက် မရှိခြင်းပင် ဖြစ်သည်။ ထိုမျှလောက်များပြားသော ရေများ မည်သည့်နေရာသို့ စီးဝင်သွားသည်ကို မည်သူမျှ မသိနိုင်ချေ။

ခေတ္တမျှ စောင့်ကြည့်ပြီးနောက် ယီယွင်သည် ထိုမြစ်ကိုးစင်းမှာ နဂါးပုလဲတစ်လုံးကို ဝိုင်းရံထားသည့် နဂါးကိုးကောင်နှင့် တူနေသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။

ဒါက...

အတွေးတစ်ခုဝင်လာသည်နှင့် ယီယွင်သည် သူ၏ အာရုံကို မြေအောက်သို့ ထိုးဖောက်ကြည့်လိုက်သည်။

ယခင်က သူသည် ထင်းရှူးတောကို အမြန်ရှာဖွေရန် စွမ်းအင်မြင်ကွင်းကို အရပ်မျက်နှာအားလုံးသို့ ဖြန့်ကြက်ခဲ့သော်လည်း ယခုအခါတွင်မူ အမြင်အာရုံကို ကျဉ်းမြောင်းလိုက်ပြီး ဝိညာဉ်စွမ်းအား အားလုံးကို မြေအောက်သို့သာ အာရုံစိုက်လိုက်သည်။

သူ၏ စွမ်းအင်မြင်ကွင်း မြေအောက်သို့ ပိုမိုနက်ရှိုင်းစွာ ရောက်ရှိသွားသောအခါ မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် ယီယွင်၏ ရင်ခုန်သံများ မြန်လာခဲ့သည်။

အေးချမ်းလှသည်ဟု ထင်ရသော ထင်းရှူးတော၏ မြေအောက်တွင် ယင်အမြစ် များ ကွန်ရက်သဖွယ် ဖြန့်ကျက်နေသည်။ မြစ်တစ်စင်းစီတိုင်းသည် ယင်အမြစ်တစ်ခုစီနှင့် ဆက်သွယ်နေပြီး ၎င်းတို့အားလုံးမှာ တစ်နေရာတည်းတွင် လာရောက်ဆုံစည်းနေကြသည်။

ထိုကန်သည် မြေအောက်ယင်အမြစ်များ အားလုံး ဆုံစည်းရာနေရာ ဖြစ်သည်။ ကန်မှာ အလွန်ပင် နက်ရှိုင်းလှသဖြင့် ၎င်းကို ကန်ဟု ခေါ်မည့်အစား ရေတွင်း ဟု ခေါ်ခြင်းက ပို၍ မှန်ကန်ပေလိမ့်မည်။

ဤရေတွင်းသဏ္ဌာန် ကန်ကြီးသည် မြေအောက်အနက်ကြီးအထိ ဆန့်တန်းနေပြီး ယင် စွမ်းအင်များ စုဝေးရာ အချက်အချာနေရာ ဖြစ်နေသည်။ ယီယွင်မှာ ကျောချမ်းသွားရသည်၊ အဘယ်ကြောင့်ဆိုသော် ဤကန်သည် ငရဲဘုံသို့ သွားရာ လမ်းစတစ်ခုနှင့် တူနေသောကြောင့်ပင်။

"ဒါကြောင့်ကိုး... ဒီထူးဆန်းတဲ့ မြေနေရာက မြေအောက်က သတ်ဖြတ်ခြင်း ယင်စွမ်းအင်တွေကို စုစည်းပေးထားတာပဲ။ တောရိုင်းနယ်မြေက အရမ်းကျယ်ပြောတော့ ဒီလိုနေရာမျိုး ရှိနေတာ မထူးဆန်းပါဘူး။ မိစ္ဆာနတ်ဘုရားက ဒီလိုနေရာမျိုးကို ရှာတွေ့ပြီး ဒဏ်ရာကုသဖို့ အသုံးချနေတာပဲ"

မိစ္ဆာနတ်ဘုရား၏ စွမ်းအင်မှာ သတ်ဖြတ်ခြင်း ယင်စွမ်းအင်ဘက်သို့ ယိုင်နေသည်။

မိစ္ဆာနတ်ဘုရားတင်မက သွေးလမင်းဂိုဏ်းသည်လည်း ထိုနည်းတူပင်။ ထိုစဉ်က သူတို့၏ အဓိက အခြေစိုက်စခန်းအဖြစ် ဝိညာဉ်သင်္ချိုင်း ကို ရွေးချယ်ခဲ့ခြင်းမှာလည်း ဤအကြောင်းပြချက်ကြောင့်ပင် ဖြစ်သည်။

ဤ ယင်စမ်းရေတွင်း အောက်တွင် ဒဏ်ရာကုသခြင်းဖြင့် မိစ္ဆာနတ်ဘုရားသည် အချိန်တိုအတွင်း နှစ်ဆသော ရလဒ်ကို ရရှိနိုင်မည် ဖြစ်သည်။

ယီယွင်သည် မျက်လုံးများကို မှိတ်လိုက်ပြီး သူ၏ စွမ်းအင်မြင်ကွင်းကို ကန်၏ အနက်ဆုံးနေရာအထိ ဂရုတစိုက် ဆန့်တန်းလိုက်သည်။ အမှန်တကယ်ပင် ထိုနေရာ၌ ပုံပျက်နေသော ဟင်းလင်းပြင် ဥပဒေသ ( များကို သူ ခံစားလိုက်ရသည်။

မိစ္ဆာနတ်ဘုရားသည် ကန်နက်ကြီးအတွင်းရှိ ပုံပျက်နေသော ဟင်းလင်းပြင်တစ်ခုထဲတွင် ပုန်းအောင်းနေခြင်း ဖြစ်သည်။

သို့သော် ထိုကဲ့သို့သော ဟင်းလင်းပြင် အကာအကွယ်မှာ ယီယွင်၏ စွမ်းအင်မြင်ကွင်းကို မတားဆီးနိုင်ခဲ့ပေ။ နောက်ဆုံးတွင် သူသည် မိစ္ဆာနတ်ဘုရားကို မြင် လိုက်ရပြီ။

မိစ္ဆာနတ်ဘုရားသည် ထွားကျိုင်းခန့်ညားသော ခန္ဓာကိုယ် ရှိသည်။ သူသည် ကိုယ်လုံးတီးဖြစ်နေပြီး ရှည်လျားသော ဆံပင်အနက်ရောင်များမှာ ကျောပြင်ပေါ်တွင် ဖြန့်ကျက်ကျနေသည်။

သူ၏ အသားအရေမှာ အနက်ရောင်ဖြစ်ပြီး အကြိမ်ပေါင်း ထောင်ချီကာ ပြုပြင်ထားသော နတ်ဘုရားအဆင့် သတ္တုနှင့် တူလှသည်။ ကြွက်သားများမှာလည်း နဂါးတစ်ကောင်ကဲ့သို့ အထစ်ထစ်အမြှောင်းမြှောင်းနှင့် ခွန်အားကြီးမားပုံ ရသည်။

မိစ္ဆာနတ်ဘုရား၏ ကြွက်သားများမှာ အချိန်မရွေး ပေါက်ကွဲထွက်တော့မည့်အတိုင်း ရှိသော်လည်း ကြည့်ရသည်မှာ အရုပ်ဆိုးခြင်းမရှိဘဲ ခန္ဓာကိုယ်အချိုးအစားမှာ အလွန်ပင် ပြည့်စုံလွန်းလှသည်။ တစ်ကိုယ်လုံးမှာ ခွန်အား၏ အလှတရားများဖြင့် ပြည့်နှက်နေသည်။

မိစ္ဆာနတ်ဘုရား၏ ရှေ့တွင် သူ၏ အနက်ရောင် ချပ်ဝတ်တန်ဆာကို ချွတ်ထားပြီး လူပုံစံအတိုင်း စီထားသည်။ ထိုချပ်ဝတ်တန်ဆာမှာ အသက်ရှိနေသကဲ့သို့ မိစ္ဆာနတ်ဘုရားကို မျက်နှာမူထားသည်။

မိစ္ဆာနတ်ဘုရားက ချပ်ဝတ်တန်ဆာကို ချွတ်ထားတယ်။

စစ်သူကြီးများသည် စစ်မြေပြင်တွင် ရှိနေစဉ်၊ အနားယူစဉ် သို့မဟုတ် အိပ်ပျော်နေစဉ်၌ပင် ချပ်ဝတ်တန်ဆာကို ဘယ်သောအခါမျှ မချွတ်ကြပေ။ ဒဏ်ရာရရှိချိန်မှသာ ချပ်ဝတ်တန်ဆာကို ချွတ်လေ့ရှိကြသည်။

ယီယွင်သည် မိစ္ဆာနတ်ဘုရားကို ကြည့်နေရင်း ထိုမိစ္ဆာသည် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ကာ စစ်မြေပြင်တွင် ကမ္ဘာကြီးကို အုပ်စိုးနေသည့် ပုံရိပ်များကို မြင်ယောင်လာသည်။

သို့သော် မိစ္ဆာနတ်ဘုရားသည် ကမ္ဘာကို အုပ်ချုပ်သည့် စစ်သူကြီးမဟုတ်ဘဲ သတ္တဝါအားလုံးကို သတ်ဖြတ်မည့် မိစ္ဆာတစ်ကောင်သာ ဖြစ်သည်။ သူ၏ ပတ်ဝန်းကျင်တွင် သွေးညှီနံ့နှင့် သေခြင်းတရား အရှိန်အဝါများသာ ဖုံးလွှမ်းနေသည်။

ယီယွင်သည် သူ၏ အရှိန်အဝါအားလုံးကို ဖျောက်ထားသော်လည်း မိစ္ဆာနတ်ဘုရားမှာ ရုတ်တရက် မျက်လုံးများ ပွင့်လာသည်ကို သူ သတိထားမိလိုက်သည်။ ထိုမျက်လုံးများမှာ အနက်ရောင်ထဲတွင် သွေးရောင်အနည်းငယ် ရောယှက်နေပြီး အမှောင်ထုထဲမှ တစ္ဆေမီးလျှံများကဲ့သို့ အေးစက်စက် အရှိန်အဝါများကို ထုတ်လွှတ်နေသည်။

မိစ္ဆာနတ်ဘုရားသည် ခရမ်းရောင်သလင်းကျောက်၏ တည်ရှိမှုကို မသိနိုင်သော်လည်း သူ၏ တိုက်ပွဲဝင်ဗီဇ က သူ့ကို နိုးကြားသွားစေခြင်း ဖြစ်သည်။

သို့သော်... သူ၏ ဝိညာဉ်စွမ်းအားဖြင့် ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်သောအခါ ဘာမှ ရှာမတွေ့ခဲ့ပေ။ ခရမ်းရောင်သလင်းကျောက်နှင့် နတ်မျှော်စင်တို့၏ အဆင့်နှစ်ဆင့် အကာအကွယ်ကြောင့် ယီယွင်ကို ရှာတွေ့နိုင်စရာ အကြောင်းမရှိပေ။

ထိုအခြေအနေတွင် မိစ္ဆာနတ်ဘုရား၏ တိုက်ပွဲဝင်ဗီဇမှာ မည်မျှပင် ထက်မြက်ပါစေ၊ နောက်ဆုံးတွင် သူ ပြန်လည် ငြိမ်သက်သွားတော့သည်။ ခဏတာ ပေါ်လာပြီး ပျောက်ကွယ်သွားသော ခံစားချက်တစ်ခုကြောင့် သူ၏ ဒဏ်ရာကုသခြင်း လုပ်ငန်းစဉ်ကို ရပ်တန့်ပစ်ရန် မဖြစ်နိုင်ပေ။

ယခုအချိန်တွင် ယီယွင်သည် ကန်၏ အထက်ကောင်းကင်၌ အချိန်ကောင်းကို စောင့်ဆိုင်းနေသော စိတ်ရှည်သည့် မုဆိုးတစ်ဦးကဲ့သို့ ရှိနေသည်။ သူ၏ စွမ်းအင်မြင်ကွင်းမှတစ်ဆင့် မိစ္ဆာနတ်ဘုရား၏ စွမ်းအင်စီးဆင်းပုံကို ရှင်းလင်းစွာ မြင်နေရသည်။

မိစ္ဆာနတ်ဘုရားမှာ တကယ်ပင် ဒဏ်ရာရထားသည်။ သန့်ရှင်းသော ဝိညာဉ်ချန်ထားခဲ့သော ဒဏ်ရာများမှာ သူ၏ ခန္ဓာကိုယ်တင်မကဘဲ ဝိညာဉ်ပင်လယ်ကိုပါ ထိခိုက်စေခဲ့သည်။ မိစ္ဆာနတ်ဘုရား၏ ဝိညာဉ်စွမ်းအားများမှာ အလွန်ပင် ရှုပ်ထွေးနေပြီး မတည်မငြိမ် ဖြစ်နေကြောင်း ယီယွင် သိလိုက်ရသည်။

ယီယွင်သည် စောင့်နေသည်... မိစ္ဆာနတ်ဘုရား၏ ဒဏ်ရာကုသမှု အရေးအကြီးဆုံး အချိန်ကို စောင့်နေခြင်း ဖြစ်သည်။

ကျင့်စဉ်အဆင့် တက်လှမ်းချိန်တွင်ဖြစ်စေ၊ ဒဏ်ရာကုသချိန်တွင်ဖြစ်စေ ပညာရှင်များသည် လုံးဝလုံခြုံသော နေရာကို လိုအပ်သည်။ အရေးကြီးသော အချိန်တွင် အနှောင့်အယှက်ခံရပါက စွမ်းအင်များ ပြောင်းပြန်စီးဆင်းကာ ဒဏ်ရာ ပိုမိုပြင်းထန်သွားနိုင်သလို၊ ကျင့်စဉ်ဖောက်ပြန်ခြင်း ပါ ဖြစ်နိုင်ပေသည်။

ယီယွင်သည် ထိုအခွင့်အရေးကို အသုံးချကာ မိစ္ဆာနတ်ဘုရားကို အပြင်းအထန် ဒဏ်ရာရအောင် လုပ်ရန် စောင့်နေခြင်းပင်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးလာခဲ့ပြီး လမင်းကြီးမှာ အနောက်ဘက်သို့ ဝင်လုဆဲဆဲ ရှိနေပြီ။ အရှေ့ဘက်ကောင်းကင်တွင် အလင်းရောင် အနည်းငယ် သန်းလာပြီး ကြယ်ကလေးများ မှေးမှိန်လာသည်။ မိုးလင်းရန် နီးကပ်လာပြီ ဖြစ်သည်။

မိစ္ဆာနတ်ဘုရားသည် ခုနက ခံစားချက်ကို လုံးဝ လျစ်လျူရှုလိုက်ပြီး သူ၏ ဒဏ်ရာကုသမှုထဲတွင် အာရုံအပြည့် နှစ်ထားလိုက်သည်။ ယခုအခါ သူသည် သူ၏ ဝိညာဉ်ပင်လယ်မှ ဒဏ်ရာများကို ပြုပြင်ရန် အရေးကြီးသော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ယခုပင် ဖြစ်သည်။

နာရီပေါင်းများစွာ စောင့်ဆိုင်းခဲ့ပြီးနောက် ယီယွင်သည် မိမိကိုယ်ကိုယ် အကောင်းဆုံး အခြေအနေသို့ ရောက်အောင် ပြင်ဆင်ထားပြီး ဖြစ်သည်။ သူ၏ မဟာဧကရီ နှလုံးသားကျမ်း ကို လည်ပတ်လိုက်သောအခါ သူ၏ ကိုယ်တွင်းစွမ်းအားများ ပေါက်ကွဲထွက်လာသည်။

ရွှေကျီးကန်းနှင့် ကိုးခေါင်းနဂါး သားရဲပုံရိပ်များမှာ ကောင်းကင်ယံတွင် ပေါ်လာတော့သည်။

ယီယွင်သည် ဤတိုက်ကွက်အတွက် သူ၏ ဓားကို မသုံးဘဲ... နတ်မျှော်စင် ကိုသာ အသုံးပြုလိုက်သည်။

ယီယွင်၏ အစွမ်းမှာ များစွာ တိုးတက်လာခဲ့သော်လည်း မျှော်စင်ကြီးကို အပြည့်အဝ မထိန်းချုပ်နိုင်သေးပေ။ တကယ့်တိုက်ပွဲတွင် ၎င်းကို သုံးပါက နှေးကွေးလွန်းသဖြင့် ရန်သူကို ထိရန် မလွယ်ကူပေ။

သို့သော် ယခုကဲ့သို့ မလှုပ်မယှက်ရှိနေသော ပစ်မှတ်ကို တိုက်ခိုက်ရန်အတွက်မူ မျှော်စင်ကြီးသည် အကောင်းဆုံး ဖြစ်သည်။ မျှော်စင်ကြီးတစ်ခုလုံး၏ ဖိသိပ်မှုစွမ်းအားမှာ သန့်စင်ယန်ဓားကျိုးထက်ပင် ပို၍ ပြင်းထန်လှသည်။

ဘုန်း.......

နတ်မျှော်စင်သည် ဟင်းလင်းပြင်ကြီးကို ဖြိုခွဲကာ ပြင်းထန်စွာ ဆင်းသက်လာတော့သည်။

ယင်စမ်းရေကန်၏ မျက်နှာပြင်မှာ ပေါက်ကွဲထွက်သွားပြီး ကန်ရေများ ကောင်းကင်သို့ ပန်းထွက်ကုန်သည်။ မျှော်စင်ကြီးသည် အောက်သို့ တည့်တည့်ဆင်းကာ ကန်အောက်ခြေရှိ မိစ္ဆာနတ်ဘုရားကို ဖိချလိုက်တော့သည်။

ယီယွင်သည် သူ၏ အစွမ်းအားလုံးကို အသုံးချကာ အနည်းငယ်မျှ မချန်ဘဲ တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ ဤမျှော်စင်ကြီးဖြင့် တိုက်ခိုက်နိုင်မည့် အခွင့်အရေးမှာ တစ်ကြိမ်သာ ရမည်ဖြစ်ကြောင်း သူ ကောင်းစွာ သိထားသည်။

အကယ်၍ ဓားဖြင့် တိုက်ခိုက်မည်ဆိုပါက ဤကဲ့သို့သော ဖျက်ဆီးအားမျိုးကို ရရှိရန် ခက်ခဲပေလိမ့်မည်။

အခန်း ၇၂၁- မိစ္ဆာနတ်ဘုရားအား ဒဏ်ရာရစေခြင်း

ဘုန်း.........

ဘုန်း.........

ဘုန်း........

နတ်မျှော်စင် နှင့်အတူ ကျဆင်းလာသော ဖိအားသည် ယင်စမ်းရေကန်ကြီးကို အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားစေသည်။

ကန်ရေပြင်သည် ရွှံ့နွံများ၊ ကျောက်တုံးများနှင့်အတူ အရပ်မျက်နှာအနှံ့သို့ ပန်းထွက်သွားပြီး တားဆီး၍မရသော ဒီရေလှိုင်းကြီးတစ်ခုကဲ့သို့ ဖြစ်ပေါ်လာတော့သည်။

ဤနေရာသည် သဘာဝတရား၏ ဥပဒေသများဖြင့် တည်ဆောက်ထားသော ထူးဆန်းသည့် မြေနေရာဖြစ်ပြီး ယင် စွမ်းအင်များဖြင့် ကာကွယ်ထားသော်လည်း မြေကြီးသည် မြေကြီးသာ ဖြစ်သည်။ မျှော်စင်ကြီး၏ ပြင်းထန်လှသော တိုက်ခိုက်မှုကို မည်သို့ ခံနိုင်ရည်ရှိပါမည်နည်း။

မျှော်စင်ကြီးသည် မိစ္ဆာနတ်ဘုရားထံသို့ မရောက်မီမှာပင် ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြီးက သူ့ထံသို့ အရင်ဦးစွာ ရိုက်ခတ်သွားသည်။

မိစ္ဆာနတ်ဘုရားသည် သူ၏ ဒဏ်ရာများကို အာရုံစိုက်ကုသနေသည့် အရေးကြီးသော အဆင့်သို့ ရောက်ရှိနေချိန်ဖြစ်သည်။ သူ၏ တည်ရှိမှုကို ကြီးမားစွာ ခြိမ်းခြောက်လာသောကြောင့် မိစ္ဆာနတ်ဘုရားသည် ထိုအခြေအနေထဲမှ အတင်းအဓမ္မ နိုးထလာခဲ့ရသည်။

အို...

ကျင့်စဉ်ထဲမှ အတင်းနှိုးခြင်း ခံလိုက်ရသဖြင့် မိစ္ဆာနတ်ဘုရားသည် ဒေါသထွက်သွားသလို ထိတ်လန့်သွားရသည်။

သူသည် မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ရာ သူ၏ မျက်နှာမှာ ပုံမှန်မဟုတ်ဘဲ ဖြူလျော်သွားသည်။ စွမ်းအင်များ ပြောင်းပြန်စီးဆင်းမှု ကို သူ ချက်ချင်း ခံစားလိုက်ရသော်လည်း အသက်အန္တရာယ်က ရှေ့မှောက်သို့ ရောက်နေပြီဖြစ်ရာ သူ၏ ဝိညာဉ်ပင်လယ်ထဲမှ ရှုပ်ထွေးနေသော စွမ်းအင်များကို လျစ်လျူရှုထားလိုက်ရသည်။

သူ မော့ကြည့်လိုက်သောအခါ မျှော်စင်ကြီး၏ အမည်းရောင် အောက်ခြေမှာ သူ့အပေါ်သို့ ဖိချလာသည်ကို မြင်လိုက်ရသည်။ ထိုအရှိန်အဝါမှာ သူ၏ ဝိညာဉ်ကို တိုက်ရိုက် တိုက်ခိုက်နေသကဲ့သို့ပင်။

သူ ထိတ်လန့်သွားသည်။ ဤခံစားချက်မှာ...

၎င်းမှာ ရင်းနှီးနေသော ခံစားချက်တစ်ခု ဖြစ်သည်။ သူ၏ မှတ်ဉာဏ်ထဲတွင် နက်ရှိုင်းစွာ စွဲထင်နေသော၊ သူ အကြောက်ဆုံးသော ထိခိုက်မှုတစ်ခုပင် ဖြစ်သည်။ နှစ်ပေါင်း သန်းချီကြာအောင် ပိတ်လှောင်ခံထားရသဖြင့် သူ၏ မှတ်ဉာဏ်များမှာ ဝေဝါးနေပြီး အရာများစွာကို မေ့လျော့လုနီးပါး ဖြစ်နေခဲ့သည်။

သို့သော် ယခု ထိုခံစားချက်က သူ့ကို တစ်ခုခု သတိရသွားစေသည်။

ထိုယောင်္ကျားနှင့် ထိုမိန်းမ

ထို့ပြင် ထိုမျှော်စင်နှင့် ထိုဓား

လွန်ခဲ့သော နှစ်ပေါင်း သန်းပေါင်းများစွာက သူသည် ထိုနတ်ဘုရားမျှော်စင်ကြီး၏ ဖိနှိပ်ခြင်းကို ခံခဲ့ရပြီး ဓားဖြင့် အထိုးခံခဲ့ရသည်။ ယခု ထိုမြင်ကွင်းက ပြန်လည် ထပ်ကျော့လာချေပြီ။

ယခု ခံစားချက်မှာ လွန်ခဲ့သော နှစ်ပေါင်းသန်းချီကထက် များစွာ အားနည်းသော်လည်း အပြင်းအထန် ဒဏ်ရာရထားသော မိစ္ဆာနတ်ဘုရားအတွက်မူ သူ၏ ဝိညာဉ်ပင်လယ်ကို များစွာ ထိခိုက်သွားစေသည်။ ထိုမျှော်စင်ကြီးက သူ၏ ရင်ထဲမှ အမာရွတ်ဟောင်းကို လာ၍ ထိုးဆွလိုက်သကဲ့သို့ပင်။

ဝူး.............

မိစ္ဆာနတ်ဘုရားသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်မှ ဒဏ်ရာများကို အားတင်း၍ ဖိနှိပ်ထားလိုက်သည်။ ကန်ရေပြင်တစ်ခုလုံး ပေါက်ကွဲထွက်သွားချိန်တွင် သူသည် သူ၏ ဘေးနားရှိ အနက်ရောင် လှံရှည်ကြီးကို လှမ်းဖမ်းလိုက်သည်။

ဘုန်း.......

လှံရှည်သည် ဟင်းလင်းပြင်ကို ထိုးဖောက်သွားသည်။ မည်သည့် စွမ်းအင် လှုပ်ခတ်မှုမျှ မရှိသော်လည်း ထိုရိုးရှင်းသော ထိုးချက်ထဲတွင် ပြင်းထန်လှသောယွမ်ချီများ ပါဝင်နေသည်။ ၎င်းမှာ ယင်မြစ်ကိုးစင်းမှ စုစည်းပေးထားသော ကောင်းကင်မြေကြီး ယင်စွမ်းအင်အားလုံးကို လှံဖျားတွင် စုစည်းလိုက်သကဲ့သို့ပင်။

လှံနှင့် မျှော်စင်ကြီးတို့ ထိပ်တိုက်တွေ့ဆုံသွားသောအခါ ကန်တစ်ခုလုံး ပြိုလဲပျက်စီးသွားတော့သည်။

နတ်မျှော်စင်မှာ အရှိန်အဟုန်ဖြင့် ရပ်တန့်သွားရုံတင်မကဘဲ အနောက်သို့ပင် ပြန်လည် လွင့်ထွက်သွားခဲ့သည်။

ယီယွင်၏ ဝိညာဉ်သည် မျှော်စင်နှင့် တိုက်ရိုက်ဆက်သွယ်ထားရာ မိစ္ဆာနတ်ဘုရား၏ ထိုနတ်ဘုရားအဆင့် ခွန်အားမှာ သူ၏ ခန္ဓာကိုယ်ကို တုန်ခါသွားစေသည်။ ယီယွင်၏ ကိုယ်တွင်းအင်္ဂါများမှာ ဗရုန်းဗရင်း ဖြစ်သွားရပြီး အတွင်းဒဏ်ရာများ ရရှိသွားခဲ့သည်။

ကြောက်စရာ ကောင်းလိုက်တာ။

ယီယွင်၏ မျက်နှာမှာ တည်ကြည်သွားသည်။ မိစ္ဆာနတ်ဘုရားသည် အလွန်ပင် အစွမ်းထက်လှသည်။ ဒဏ်ရာကုသနေစဉ် ချောင်းမြောင်းတိုက်ခိုက်ခံရပါလျက်နှင့် မျှော်စင်ကြီး၏ တိုက်ခိုက်မှုကို ခုခံနိုင်သေးသည်။

"ဘယ်သူလဲ"

ကန်အောက်ခြေမှ ကြောက်မက်ဖွယ်ကောင်းသော အသံကြီး ထွက်ပေါ်လာသည်။ မိစ္ဆာနတ်ဘုရား ပေါ်လာကတည်းက သူသည် လူသတ်ပွဲများကိုသာ လုပ်ဆောင်ခဲ့ပြီး မည်သည့်စကားမျှ မပြောခဲ့ချေ။ သူသည် အသိဉာဏ် သို့မဟုတ် ခံစားချက်မရှိသော မိစ္ဆာတစ်ကောင်ကဲ့သို့ ရှိနေခဲ့သော်လည်း ယနေ့တွင် သူ စကားပြောလိုက်ပြီ ဖြစ်သည်။

သူ အသုံးပြုလိုက်သော ရှေးဟောင်းလေသံမှာ ယခုလက်ရှိ ထျန်းယွမ်တိုက်ကြီးသုံး ဘာသာစကားနှင့် များစွာ ကွာခြားလှသည်။ ယီယွင်နှင့် မျှော်စင်ကြီး ပေါ်လာခြင်းကြောင့် သူ၏ မှတ်ဉာဏ်ဟောင်းများ နိုးထလာပြီး သူ့ကို အလွန်ပင် တုန်လှုပ်ခြောက်ခြားသွားစေခြင်း ဖြစ်သည်။

ထိုအသံကြီးမှာ ကောင်းကင်နှင့် မြေကြီးအနှံ့ ပဲ့တင်ထပ်သွားသည်။

ယခုအချိန်တွင် ယီယွင်သည် သူ၏ ဒဏ်ရာများကို ဂရုမစိုက်နိုင်တော့ပေ။ သူသည် လက်ကို ဝေ့ယမ်းလိုက်ပြီး မျှော်စင်ကြီးကို ပြန်သိမ်းလိုက်သည်။

ထိုအချိန်မှာပင်...

"ဘုန်း"

ယင်စမ်းရေကန်ကြီး၏ အပေါက်ဝတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားကာ အင်္ကျီဗလာဖြင့် မိစ္ဆာနတ်ဘုရားမှာ အထက်သို့ ပျံတက်လာသည်။ သူ၏ လက်ထဲတွင် အနက်ရောင် လှံရှည်ကြီးကို ကိုင်ထားပြီး သူ၏ မျက်လုံးများမှာ ရှေးဟောင်းသားရဲကြီးတစ်ကောင်ကဲ့သို့ပင်။ သူ၏ မျက်လုံးများကို ကြည့်မိရုံဖြင့်ပင် ဝိညာဉ်မှာ ဒဏ်ရာရသွားသကဲ့သို့ ခံစားရစေသည်။

"မင်းလား"

မိစ္ဆာနတ်ဘုရားက အကျဉ်းချုံးပြောလိုက်သော်လည်း သူ၏ အသံမှာ အလွန်ပင် ကျယ်လောင်လှသည်။ သူ၏ အသံထဲတွင် ထိတ်လန့်ခြင်းနှင့် မယုံကြည်နိုင်ခြင်းများ ပြည့်နှက်နေကြောင်း ယီယွင် ခံစားမိသည်။

မိစ္ဆာနတ်ဘုရားသည် ယီယွင်ကို သိသည်။ ယီယွင်မှာ သူ၏ သတ်ဖြတ်မည့်စာရင်းတွင် ပါဝင်နေသူ ဖြစ်သည်။ သူသည် ယီယွင်ကို အာရုံခံထားသော်လည်း ယီယွင်က ယခုကဲ့သို့ သူ ဒဏ်ရာကုသနေသည့် နေရာကို တိတိကျကျ ရှာတွေ့ပြီး ရုတ်တရက် ပေါ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ထို့ထက် ပို၍ မမျှော်လင့်ထားသည်မှာ ယီယွင်၏ လက်ထဲတွင် နတ်မျှော်စင် ရှိနေခြင်းပင်။ ရှေးခေတ်က ထိုယောင်္ကျား ကိုင်ဆောင်ခဲ့သော မျှော်စင်ကြီးမှာ ယခု ယီယွင်၏ လက်ထဲသို့ ရောက်နေချေပြီ။

သူက ထိုလူရဲ့ ဆက်ခံသူလား။

မိစ္ဆာနတ်ဘုရား၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အရှိန်အဝါများ ဝင်းလက်လာသည်။

"သေစမ်း"

သူသည် သူ၏ လှံရှည်ကို ဝေ့ယမ်းလိုက်ပြီး ယီယွင်ထံသို့ တည့်တည့် ထိုးလိုက်သည်။ ဤတိုက်ကွက်တွင် ဆန်းပြားသော အကွက်များ မပါဝင်သော်လည်း ဟင်းလင်းပြင်ကြီးကို ပိတ်ဆို့ထားသဖြင့် မည်သူမျှ ရှောင်တိမ်း၍ မရနိုင်ပေ။

သို့သော် ယီယွင်မှာ အသင့်ပြင်ထားပြီးသား ဖြစ်သည်။ သူသည် မလှုပ်ရှားသလို ပိတ်ဆို့ခံထားရသော ဟင်းလင်းပြင်ထဲမှလည်း ထွက်ပြေးရန် မကြိုးစားပေ။ မျှော်စင်ကြီးမှာ သူ၏ ခေါင်းပေါ်တွင် လည်ပတ်နေပြီး သူ့ကို ငုံ၍ ဖုံးအုပ်လိုက်သည်။

"ဘုန်း"

မိစ္ဆာနတ်ဘုရား၏ လှံချက်ကြောင့် မျှော်စင်ကြီးမှာ ပြင်းထန်စွာ တုန်ခါသွားသည်။ ထိုတုန်ခါမှုမှာ တောင်တန်းများကိုပင် ဖြိုခွဲနိုင်သော်လည်း မျှော်စင်ပေါ်တွင် အမှတ်အသား တစ်ခုမျှ မကျန်ခဲ့ပေ။

မျှော်စင်ကြီးက ယီယွင်ကို အကာအကွယ်ပေးထားသော်လည်း မျှော်စင်နှင့် ဆက်သွယ်ထားသော ယီယွင်မှာ ပြင်းထန်သော ရိုက်ခတ်မှုကို ခံလိုက်ရပြီး သူ၏ ဝိညာဉ်မှာ ဒဏ်ရာရသွားခဲ့သည်။ မျှော်စင်ကြီးမှာလည်း လွင့်ထွက်သွားခဲ့သည်။

ဤသည်မှာ ယီယွင် ဖြစ်ချင်သော အခြေအနေပင်။ သူသည် ထိုလွင့်ထွက်သွားသော အဟုန်ကို အသုံးချကာ မျှော်စင်ကြီးကို ထိန်းချုပ်ပြီး အဝေးသို့ အမြန်ဆုံး ပျံသန်းထွက်ပြေးတော့သည်။

ချောင်းမြောင်းတိုက်ခိုက်ပြီးနောက် သူသည် ချက်ချင်း ဆုတ်ခွာခြင်း ဖြစ်သည်။ သူသည် မိစ္ဆာနတ်ဘုရားနှင့် ထိပ်တိုက်ရင်ဆိုင်ရန် အစီအစဉ် မရှိပေ။

မိစ္ဆာနတ်ဘုရား၏ တိုက်ကွက်တစ်ခုစီတိုင်းမှာ အလွန် ကြောက်စရာကောင်းလှရာ သူ့အပေါ် တိုက်ရိုက်ထိမှန်ပါက ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပေလိမ့်မည်။

"ပြေးမလို့လား"

ယီယွင် ထွက်ပြေးရန် ပြင်နေသည်ကို မြင်သောအခါ မိစ္ဆာနတ်ဘုရားမှာ ဒေါသထွက်သွားပြီး လှံကိုင်ကာ နောက်မှ လိုက်လာသည်။ သို့သော် ထိုအချိန်မှာပင် သူ၏ ခန္ဓာကိုယ်မှာ တုန်ခါသွားပြီး မျက်နှာမှာ ပျက်သွားခဲ့သည်။

သူ၏ ခန္ဓာကိုယ် အထက်ပိုင်းရှိ ကြွက်သားများပေါ်တွင် သွေးရောင်အက်ကွဲကြောင်းများ ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်မှာ အက်ကွဲတော့မည့်အတိုင်း ဖြစ်နေသည်။ သို့သော် ထိုအက်ကွဲကြောင်းများမှာ မျက်စိတစ်မှိတ်အတွင်း ပြန်လည် ကုသသွားပြန်သည်။

သူ ဒဏ်ရာရသွားပြီ။

သူသည် မူလကတည်းက ဒဏ်ရာကုသနေခြင်းဖြစ်ပြီး ယခု ယီယွင်၏ ချောင်းမြောင်းတိုက်ခိုက်မှုကို ခံခဲ့ရသည်။ သူသည် အတင်းအဓမ္မ ပြန်လည်တိုက်ခိုက်ခဲ့သော်လည်း ရလဒ်မထွက်သည့်အပြင် သူ၏ ဒဏ်ရာများကို ပို၍ ဆိုးရွားသွားစေခဲ့သည်။ အကယ်၍ သူ ယီယွင်နောက်သို့ ဆက်လိုက်မည်ဆိုလျှင် သူ၏ ဒဏ်ရာမှာ ကုမရအောင် ဖြစ်သွားပေလိမ့်မည်။

ထို့ပြင် အဓိက ပြဿနာမှာ ယီယွင်တွင် နတ်မျှော်စင် ရှိနေခြင်းပင် ဖြစ်သည်။ ယီယွင်သည် ထိုမျှော်စင်ထဲတွင် ပုန်းနေသရွေ့ သူ ဘာမှ လုပ်၍ မရနိုင်ပေ။ အကယ်၍ မျှော်စင်၏ စွမ်းအင်များ ကုန်ခမ်းသွားမှသာ သူ မျှော်စင်ထဲသို့ ဝင်ရောက်ပြီး ယီယွင်ကို သတ်နိုင်မည် ဖြစ်သည်။

သို့သော် လက်ရှိ အခြေအနေနှင့် သူသည် မျှော်စင်၏ စွမ်းအင်များကို ကုန်ခမ်းအောင် လုပ်နိုင်စွမ်း မရှိပေ။

မိစ္ဆာနတ်ဘုရားသည် မျှော်စင်ကြီး ဝေးရာသို့ ပျံသန်းသွားသည်ကို ကြည့်ကာ မျက်နှာမှာ ပြာနှမ်းသွားသည်။ သူသည် သူ၏ ဝိညာဉ်စွမ်းအား အစိတ်အပိုင်းတစ်ခုကို ထုတ်လွှတ်ပြီး မျှော်စင်ကြီးနောက်သို့ အမှတ်အသားပြုကာ လိုက်ခိုင်းလိုက်သည်။

နတ်မျှော်စင်မှာ အဆင့်မြင့် ရတနာဖြစ်သဖြင့် ၎င်း၏ ကိုယ်ယောင်ဖျောက်အစီအရင်ကို အသုံးပြုလိုက်ပါက မိစ္ဆာနတ်ဘုရားပင်လျှင် ရှာတွေ့နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူသည် မျှော်စင်၏ တည်နေရာကို အမြဲသိနေရန် လိုအပ်သည်။

သို့သော်... သူ၏ ဝိညာဉ်စွမ်းအားမှာ မျှော်စင်ပေါ်သို့ ရောက်သွားချိန်မှာပင် သူ၏ ဝိညာဉ်ပင်လယ်ထဲ၌ စူးခနဲ နာကျင်မှုကို ခံစားလိုက်ရသည်။

အို........

သူ၏ ဝိညာဉ်စွမ်းအားနှင့် သူ၏ ပင်မခန္ဓာကိုယ်ကြားရှိ ဆက်သွယ်မှုမှာ ဖြတ်တောက်ခံလိုက်ရကြောင်း သူ သိလိုက်ရသဖြင့် အလွန်ပင် အံ့သြသွားတော့သည်။

ထိုလူသားမှာ သူ၏ ဝိညာဉ်စွမ်းအားကို ကိုင်တွယ်နိုင်တဲ့ နည်းလမ်း ရှိနေတာလား။

All Chapters