အခန်း (၇၂၅-၇၂၇)
Vol. 49 Ch. 725-727
အခန်း ၇၂၅- မြေကမ္ဘာ ညှိုးနွမ်းခြင်း
ယီယွင်သည် ယင်မြစ်၏ အထက်တွင် လွင့်မျောနေရင်း သေမင်းဝိညာဉ်သစ်သား ၏ ကြမ်းတမ်းသော မျက်နှာပြင်ကို အသာအယာ ထိတွေ့လိုက်သည်။
ညှိုးနွမ်းခြင်းနှင့် သေခြင်းတရား အရှိန်အဝါတို့သည် ယီယွင်၏ လက်ချောင်းများကြားတွင် လှည့်ပတ်နေသည်။ ဤထူးဆန်းသော သစ်သားတုံးကြီးသည် တစ်ချိန်က ကောင်းကင်နှင့် မြေကြီးကြားတွင် စိမ်းလန်းစိုပြေစွာ ရပ်တည်ခဲ့ဖူးသည့် ပုံရိပ်ကို သူ မြင်ယောင်နေမိသည်။
၎င်းသည် အချိန်ကာလများစွာကို ဖြတ်သန်းခဲ့ပြီး အခြားအပင်များ ပေါက်ဖွားညှိုးနွမ်းသည်ကို စောင့်ကြည့်ခဲ့ဖူးသည်။ သို့သော် တစ်ညတာအတွင်းမှာပင် မိစ္ဆာသွေးများဖြင့် အလူးအလဲ ခံလိုက်ရပြီးနောက် ၎င်းသည် လောကီစည်းစိမ်နှင့် အချိန်ကာလ၏ အပြောင်းအလဲအားလုံးကို ဖောက်ထွင်းမြင်သွားကာ အရာအားလုံးမှ ရုန်းထွက်သွားခဲ့ခြင်း ဖြစ်သည်။
တက်ကြွလန်းဆန်းသော ဘဝတစ်ခုမှာ တစ်ညတည်းနှင့် ညှိုးနွမ်းပျက်စီးခြင်းဖြင့် အဆုံးသတ်သွားခဲ့သည်။ ဤသည်မှာ ထိုသစ်သားတုံးနောက်ဆုံးတွင် ရရှိသွားသည့် ဥပဒေသပင် ဖြစ်သည်။
သေမင်းဝိညာဉ်သစ်သားသည် ယီယွင်၏ လက်ထဲမှ ထွက်ခွာသွားပြီး ယင်မြစ်ထဲသို့ တိတ်တဆိတ် နစ်မြုပ်သွားခဲ့သည်။ မည်သည့် အသံမျှ မထွက်သလို ရေလှိုင်းတစ်ခုပင် မပေါ်ခဲ့ချေ။ ညှိုးနွမ်းခြင်း ဥပဒေသသည် မြစ်ရေစီးကြောင်းနှင့်အတူ ပြန့်လွင့်သွားတော့သည်။
သစ်ပင်တစ်ပင် ညှိုးနွမ်းခြင်းမှာ လူတို့ သေဆုံးခြင်း၊ မြစ်များ ခမ်းခြောက်ခြင်းနှင့် အလားတူပင် ဖြစ်သည်။ သေမင်းဝိညာဉ်သစ်သည် ယင်မြစ်အတွင်း စီးဆင်းနေသော ကောင်းကင်မြေကြီး ယင်စွမ်းအင်များကို စတင် စုပ်ယူတော့သည်။
ထိုမျှလောက် များပြားသော ယင်စွမ်းအင်များကို စုပ်ယူနေသော်လည်း သေမင်းဝိညာဉ်သစ်သားမှာမူ မူလအတိုင်းပင် ဆွေးမြည့်ခြောက်သွေ့နေဆဲ ဖြစ်သည်။
ဆန့်ကျင်ဘက်အနေနှင့်မူ ယင်အမြစ်မှာ မျက်စိရှေ့တင် သိသိသာသာ ခြောက်သွေ့လာတော့သည်။ ကောင်းကင်မြေကြီး စွမ်းအားများ လျော့နည်းလာသည်နှင့်အမျှ ၎င်းမှာ တဖြည်းဖြည်း ပြတ်တောက်သွားခဲ့သည်။
သေမင်းဝိညာဉ်သစ်သားကဲ့သို့သော နတ်ဘုရားအဆင့် ရတနာတစ်ခုအတွက် တောရိုင်းမြေပြင်မှ ယင်အမြစ်တစ်ခုကို ဖြတ်တောက်ရန်မှာ အလွန်ပင် လွယ်ကူလှသည်။
ယင်စမ်းရေကန်သို့ စွမ်းအင်ပေးနေသော အရင်းအမြစ်တစ်ခု ပျောက်ကွယ်သွားပြီ ဖြစ်သည်။ မူလက ယင်အမြစ် ကိုးစင်းရှိရာမှ ယခု ရှစ်စင်းသာ ကျန်တော့သည်။ ယီယွင်သည် သေမင်းဝိညာဉ်သစ်သားနှင့် ညှိုးနွမ်းခြင်း ဥပဒေသကို အသုံးပြုကာ ဤယင်အမြစ်ကို အတင်းအဓမ္မ ညှိုးနွမ်းခြောက်သွေ့သွားစေခြင်း ဖြစ်သည်။
ညှိုးနွမ်းသွားသော ယင်အမြစ်မှာ အနက်ရောင် အငွေ့အသက်လေးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဟင်းလင်းပြင်ထဲ၌ နဂါးငယ်လေးတစ်ကောင်ကဲ့သို့ လူးလွန့်နေသည်။ ယီယွင်သည် လက်တစ်ချက် ဝေ့ယမ်းလိုက်ပြီး ထိုအနက်ရောင်နဂါးလေးကို သေမင်းဝိညာဉ်သစ်တုံးထဲသို့ ထည့်သွင်းလိုက်သည်။
ဤအနက်ရောင်နဂါးမှာ ယင်အမြစ်၏ ကိုယ်ပွားဖြစ်သော်လည်း ၎င်းထဲ၌ ယင်စွမ်းအင် အများအပြား မပါဝင်ပေ။ ၎င်းမှာ ဥပဒေသနှင့် နည်းစနစ် များသာ ဖြစ်သည်။ အကယ်၍ ယီယွင်က ယင်စွမ်းအင်အားလုံးကို တစ်ပြိုင်နက်တည်း ထုတ်ယူလိုက်ပါက မိစ္ဆာနတ်ဘုရားမှာ ချက်ချင်း သိသွားပေလိမ့်မည်။
သို့သော် ယခုမူ ဥပဒေသကိုသာ ထုတ်ယူလိုက်ခြင်း ဖြစ်သဖြင့် အပြင်ပန်းတွင် ယင်အမြစ်မှာ အပြောင်းအလဲ မရှိသယောင် ရှိနေပြီး ယင်စမ်းရေကန်အတွင်းရှိ ယင်စွမ်းအင်များမှာလည်း သိပ်သည်းနေဆဲ ဖြစ်သည်။
သို့သော် ယီယွင် လုပ်ဆောင်လိုက်သည့်အရာမှာ ယင်စမ်းရေကန်၏ သဘာဝအစီအရင်မှ အဓိက အမှတ်အသား များကို ဖယ်ရှားလိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။
အနှစ်သာရ ပျောက်ဆုံးသွားသဖြင့် ယင်အမြစ်များ ခြောက်သွေ့သွားရန်မှာ အချိန်တစ်ခုသာ လိုတော့သည်။
ယီယွင်သည် နတ်မျှော်စင် ထဲသို့ ပြန်ဝင်ပြီး နောက်ထပ် ယင်အမြစ်တစ်ခုဆီသို့ အချိန်မဆွဲဘဲ ပျံသန်းသွားခဲ့သည်။ သူသည် ယင်အမြစ် ကိုးစင်းစလုံးကို ထုတ်ယူပြီး သေမင်းဝိညာဉ်သစ်ထဲတွင် ပြုပြင်ရန် ရည်ရွယ်ထားသည်။
ဖြစ်နိုင်သည်မှာ ဤယင်အမြစ် ကိုးစင်းသည် သေမင်းဝိညာဉ်သစ်ထဲတွင် အစီအရင်အသစ်တစ်ခုအဖြစ် ပြောင်းလဲသွားနိုင်ခြင်းပင်။
ထိုအချိန်တွင် ယင်စမ်းရေကန်၏ အောက်ခြေနက်ရှိုင်းသော နေရာ၌မူ ယင်အမြစ်တစ်ခု ပျောက်ကွယ်သွားသော်လည်း မည်သည့် ထူးခြားမှုမျှ မရှိသေးပေ။ ဤကန်သည် နှစ်ပေါင်း သန်းချီကာ စုဆောင်းလာခဲ့သော ဖန်တီးခြင်း စွမ်းအားများဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။
ယင်အမြစ် ကိုးစင်းမှာ ကန်၏ အဓိက ထောက်တိုင် ကိုးခုနှင့် တူလှသည်။ တစ်ခု ပြုတ်သွားရုံဖြင့် ကန်ကြီးမှာ ပြိုလဲသွားမည် မဟုတ်ဘဲ ကိုးစင်းစလုံး ပြတ်တောက်သွားမှသာ ကန်ကြီး ကွယ်ပျောက်သွားမည် ဖြစ်သည်။
မိစ္ဆာနတ်ဘုရားမှာလည်း ယီယွင်၏ ချောင်းမြောင်းတိုက်ခိုက်မှုကိုသာ အာရုံစိုက်ထားသဖြင့် သူ၏ အာရုံခံနိုင်စွမ်းကို ကန်နှင့် ဖြတ်တောက်ထားလိုက်သည်။ မိစ္ဆာနတ်ဘုရားသည် ညှိုးနွမ်းခြင်း ဥပဒေသ နှင့် ရင်းနှီးခြင်း မရှိပေ။
ဥပဒေသများကြားရှိ ကွာဟချက်မှာ တောင်ပေါင်း ထောင်ချီ ခြားနေသကဲ့သို့ပင်။ ထို့ပြင် သူ၏ အာရုံကိုလည်း ဖြတ်ထားသဖြင့် ယီယွင် ဘာလုပ်နေသည်ကို မိစ္ဆာနတ်ဘုရား သိနိုင်စရာ အကြောင်းမရှိပေ။
ယီယွင် ပေါ်မလာခြင်းမှာ မိစ္ဆာနတ်ဘုရားအတွက် စိတ်ရှည်မှု အားပြိုင်ပွဲတစ်ခု ဖြစ်လာသည်။ သူသည် အသက်ရှူမှုကို တည်ငြိမ်အောင် ထားပြီး လုံးဝ ငြိမ်သက်နေသည်။ နှစ်ပေါင်း သန်းချီအောင် စောင့်ခဲ့ဖူးသော သူ့အတွက် ရက်အနည်းငယ်မှာ မျက်စိတစ်မှိတ်စာမျှသာ ဖြစ်သည်။
ယင်စမ်းရေကန်မှာ ငြိမ်သက်နေဆဲဖြစ်ပြီး ယီယွင်မှာမူ ဒုတိယမြောက် ယင်အမြစ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သေမင်းဝိညာဉ်သစ်သားကို ပြန်ထုတ်ကာ ဒုတိယမြောက် ဥပဒေသကို သူ ထုတ်ယူလိုက်ပြန်သည်။
ဤယင်အမြစ် ကိုးစင်းမှာ တစ်ခုနှင့်တစ်ခု သီးခြားဖြစ်နေသော်လည်း တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေကြသည်။ ၎င်းတို့ ကိုးစင်းပေါင်းမှသာ ယင်စွမ်းအင်များကို စုစည်းပေးသည့် အစီအရင်ကြီး ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
ယီယွင်သည် တစ်ခုပြီးတစ်ခု ထုတ်ယူနေသော်လည်း ယင်စွမ်းအင်များ၏ အပြောင်းအလဲမှာ မသိသာလှပေ။ မိစ္ဆာနတ်ဘုရားမှာလည်း ကန်နှင့် တစ်သားတည်းဖြစ်အောင် လုပ်ထားသဖြင့် မည်သည့်အရာကိုမျှ မရိပ်မိသေးချေ။
နောက်ဆုံးတွင် ယီယွင်သည် နောက်ဆုံးကျန်ရှိသော ကိုးခုမြောက် ယင်အမြစ်သို့ ရောက်ရှိလာသည်။ ဤအမြစ်မှာ မြေကမ္ဘာ၏ နောက်ဆုံး သွေးကြောကြီးနှင့် တူလှသည်။
"သေမင်းဝိညာဉ်သစ်တုံးရေ... သွားတော့"
ယီယွင်သည် သစ်သားတုံးကို ထုတ်လွှတ်လိုက်သည်။
ယင်စွမ်းအင်များစွာကို စုပ်ယူထားပြီးနောက် ထိုသစ်သားတုံး၏ ပုံစံမှာ အနည်းငယ် ပြောင်းလဲလာသည်။ ၎င်း ပေါ်လာသည်နှင့် ယင်အမြစ်မှာ တောင့်ခဲသွားသလို ခံစားရပြီး သေခြင်းအငွေ့အသက်များက ယင်အမြစ်ကို တဖြည်းဖြည်း ဝါးမျိုသွားတော့သည်။
နောက်ဆုံး ယင်အမြစ်ကို ထုတ်ယူလိုက်ခြင်းမှာ ယင်စမ်းရေကန်၏ ထောက်တိုင် ကိုးခုစလုံးကို ဖြိုလဲလိုက်ခြင်းပင် ဖန်တီးခြင်းဥပဒေသအရ တည်ဆောက်ထားသော ကောင်းကင်မြေကြီး အစီအရင်မှာ လုံးဝ ပြိုကွဲပျက်စီးသွားတော့သည်။
"အွန်း........"
မိစ္ဆာနတ်ဘုရားမှာ မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။ သူ၏ မျက်လုံးထဲတွင် အနီရောင် အလင်းတန်းများ ဖြတ်သန်းသွားသည်။
မြေကြီး တုန်ခါနေသည်ကို သူ ခံစားလိုက်ရသည်။
ဘာဖြစ်တာလဲ.........
ရုတ်တရက် တောင်များနှင့် မြစ်များမှာ ပြင်းထန်စွာ တုန်လှုပ်လာတော့သည်။ ယင်စမ်းရေကန်ကြီးမှာ မျက်စိရှေ့တင် လျင်မြန်စွာ ခမ်းခြောက်လာပြီး ပတ်ဝန်းကျင်ရှိ အပင်များမှာလည်း လိုက်၍ ညှိုးနွမ်းကုန်ကြသည်။ ယင်စွမ်းအင်များမှာ အရှိန်အဟုန်ဖြင့် ပျောက်ကွယ်နေသည်။
ညှိုးနွမ်းခြင်း ဥပဒေသသည် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားတော့သည်။ ယင်အမြစ် ကိုးစင်း ညှိုးနွမ်းသွားခြင်းမှာ ဤကျယ်ပြောလှသော မြေပြင်ကြီး တစ်ခုလုံးကိုပါ ညှိုးနွမ်းသွားစေခြင်း ဖြစ်သည်။
လူ သို့မဟုတ် သားရဲများ သေဆုံးပါက သူတို့၏ သွေးများ ခမ်းခြောက်ပြီး အသားများ ဆွေးမြည့်သွားသကဲ့သို့ပင်၊ မြေကမ္ဘာ သေဆုံးခြင်းမှာလည်း မြစ်များနှင့် စွမ်းအင်ကြောများ ခမ်းခြောက်သွားခြင်း ဖြစ်သည်။
"ဘာ"
မိစ္ဆာနတ်ဘုရားမှာ ရုတ်တရက် ထရပ်လိုက်သည်။ သူ၏ ခြေထောက်အောက်ရှိ ယင်စမ်းရေကန်မှာ ခမ်းခြောက်သွားပြီ ဖြစ်သည်။ မြေကြီးများမှာ အရှိန်အဟုန်ဖြင့် ခြောက်သွေ့အက်ကွဲလာပြီး ကန်အောက်ခြေတွင် အက်ကြောင်းကြီးများ ပေါ်လာသည်။
ဘာတွေ ဖြစ်ကုန်တာလဲ.....
မိစ္ဆာနတ်ဘုရားသည် ထိတ်လန့်သွားပြီး ခြောက်သွေ့သွားသော ကန်ထဲမှ ထွက်လာခဲ့သည်။ သူသည် သူ၏ အာရုံကို ဖြန့်ကြက်ပြီး ယင်အမြစ် ကိုးစင်းနှင့် ပြန်လည် ချိတ်ဆက်ရန် ကြိုးစားလိုက်သည်။ သို့သော် ယင်အမြစ် ကိုးစင်းစလုံးမှာ လုံးဝ ပြတ်တောက်သွားပြီ ဖြစ်ကြောင်း သိလိုက်ရသဖြင့် သူ အလွန် တုန်လှုပ်သွားရတော့သည်။
ယင်အမြစ်များမှာ အတွင်းပိုင်းမှ ညှိုးနွမ်းသွားခြင်း ဖြစ်သည်။ သူ၏ အကောင်းဆုံးသော ဒဏ်ရာကုသရာ နေရာလေးမှာ ပျက်စီးသွားချေပြီ။
အဲဒီလူသားပဲ သူ ဘာလုပ်လိုက်တာလဲ...........
ယီယွင်တွင် သေမင်းဝိညာဉ်သစ်သားကဲ့သို့သော ရတနာရှိလိမ့်မည်ဟု မိစ္ဆာနတ်ဘုရား မည်သို့မျှ တွေးမထားနိုင်ပေ။ ထို့ပြင် ယီယွင်၏ ထူးဆန်းလှသော ညှိုးနွမ်းခြင်း ဥပဒေသ ကိုလည်း သူ နားမလည်နိုင်ပေ။ ထိုဥပဒေသမှာ ယင်အမြစ် ကိုးစင်းကို ညှိုးနွမ်းစေရန်နှင့် မြေကမ္ဘာတစ်ခုလုံးကို ဖျက်ဆီးပစ်ရန် လုံလောက်လှသည်။
ညှိုးနွမ်းခြင်း ဥပဒေသမှာ အလွန်ပင် ရှားပါးလှသည်။ ဤသည်မှာ ယီယွင်ကိုယ်တိုင် ဖော်ထုတ်ထားသည့် ဥပဒေသ တစ်ခုဖြစ်ရာ မိစ္ဆာနတ်ဘုရား အနေဖြင့် ယီယွင် ဘာလုပ်နေသည်ကို အာရုံခံရန် မဖြစ်နိုင်ခဲ့ခြင်းပင် ဖြစ်သည်။
အခန်း ၇၂၆- စိတ်ရှည်မှု
မိစ္ဆာနတ်ဘုရားသည် နှစ်ပေါင်းသန်းချီကြာပြီးနောက် နိုးထလာခဲ့ရာတွင် ယခုကဲ့သို့ ပြင်းထန်သော ဒေါသမျိုး တစ်ခါမျှ မဖြစ်ပေါ်ခဲ့ဖူးပေ။ သူသည် ထျန်းယွမ်တိုက်ကြီးရှိ သက်ရှိထောင်ပေါင်းများစွာကို သတ်ဖြတ်စဉ်ကပင် မည်သည့်ခံစားချက်မျှမရှိဘဲ အေးစက်စွာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ထိုအောက်တန်းစား သက်ရှိများမှာ သူ၏ စိတ်ကို လှုပ်ခတ်စေရန်ပင် မထိုက်တန်သောကြောင့် ဖြစ်သည်။
သို့သော် ယခုမူ ယီယွင်ကြောင့် မိစ္ဆာနတ်ဘုရားမှာ အဖန်ဖန် အရှုံးပေးနေရပြီး စိတ်ပျက်အားငယ်မှုများကိုပါ ခံစားနေရပြီ ဖြစ်သည်။
ယီယွင်သည် သုံးကြိမ်ဆက်တိုက် ချောင်းမြောင်းတိုက်ခိုက်စဉ်က မိစ္ဆာနတ်ဘုရား အားအနည်းဆုံးနှင့် အနှောင့်အယှက် အခံရဆုံးအချိန်များကိုသာ တိတိကျကျ ရွေးချယ်ခဲ့သဖြင့် မိစ္ဆာနတ်ဘုရားမှာ သူ၏ အစွမ်းများကို အပြည့်အဝ မသုံးနိုင်ခဲ့ပေ။
စတုတ္ထအကြိမ်တွင်မူ မိစ္ဆာနတ်ဘုရားသည် ဒဏ်ရာကုသမှုကိုပင် စွန့်လွှတ်ကာ ယီယွင်ကို ဖမ်းဆီးရန် အာရုံစိုက်နေခဲ့သော်လည်း ထူးဆန်းသော ရလဒ်နှင့်သာ ရင်ဆိုင်လိုက်ရပြန်သည်။ ယင်အမြစ် ကိုးစင်းစလုံးကို ယီယွင်က ထုတ်ယူသွားခဲ့ခြင်းကို သူသည် နောက်ဆုံးမိနစ်ကျမှသာ ရိပ်မိခဲ့သည်။
သူကဲ့သို့ မြင့်မြတ်သော သက်ရှိတစ်ဦးမှာ ဤကဲ့သို့သော အောက်တန်းစား လူသားတစ်ဦး၏ လှည့်ဖြားခြင်းကို ခံလိုက်ရသည် မဟုတ်ပါလား။
မိစ္ဆာနတ်ဘုရား၏ ဝိညာဉ်ပင်လယ်မှာ ဗရုန်းဗရင်း ဖြစ်နေပြီး သူ၏ မျက်လုံးများထဲတွင် အေးစက်သော သတ်ဖြတ်လိုစိတ်များ ဝင်းလက်လာသည်။
"သတ်မယ် သတ်မယ် သတ်မယ်"
မိစ္ဆာနတ်ဘုရားသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ မြေပြင်ကြီးမှာ တုန်ခါသွားပြီး တောင်ပြိုမှုများ ဖြစ်ပေါ်ကာ ငှက်နှင့် သားရဲများစွာ သေဆုံးကုန်ကြသည်။ ထိုသက်ရှိများမှာ မိစ္ဆာနတ်ဘုရား၏ ဟိန်းဟောက်သံထဲတွင် ပါဝင်သော ဥပဒေသများကို မခံနိုင်ကြပေ။
သူ၏ သတ်ဖြတ်လိုသော အရှိန်အဝါနှင့် ထိတွေ့လိုက်သည်နှင့် သူတို့၏ ခန္ဓာကိုယ်များမှာ အသားစိုင်များအဖြစ် အစိတ်စိတ်အမွှာမွှာ ပြိုကွဲကုန်ကြတော့သည်။
မိစ္ဆာနတ်ဘုရားသည် ဟင်းလင်းပြင်ထဲ၌ လွင့်မျောနေပြီး သူ၏ ဖရိုဖရဲ ဆံပင်များမှာ လေထဲတွင် ဝေ့ယမ်းနေသည်။ သူ၏ လက်ထဲတွင် လှံရှည်ကို ကိုင်ထားပြီး သူ၏ ချပ်ဝတ်တန်ဆာပေါ်တွင်မူ နာကျင်နေသော မျက်နှာပေါင်းများစွာ ပေါ်လာသည်။
၎င်းတို့မှာ မိစ္ဆာနတ်ဘုရား သတ်ဖြတ်ပြီး ပိတ်လှောင်ထားသော စစ်သည်တော်များ၏ ဝိညာဉ်များ ဖြစ်ကြသည်။ အစွမ်းထက်သော ပညာရှင်များသာ ထိုချပ်ဝတ်ထဲတွင် ပိတ်လှောင်ခံရရန် ထိုက်တန်ကြရာ ထိုထဲတွင် ရှန်းထူ မျိုးနွယ်စု၏ ဘိုးဘေးလည်း ပါဝင်နေသည်။
သွေးရောင် အရှိန်အဝါများနှင့် သတ်ဖြတ်လိုစိတ်များ ပျံ့နှံ့သွားသဖြင့် ကောင်းကင်ယံမှာပင် အရောင် ပြောင်းလဲသွားရသည်။
နတ်မျှော်စင်ထဲရှိ ယီယွင်သည် ပြင်းထန်သော ဖိအားကြီးကို ချက်ချင်း ခံစားလိုက်ရသည်။ ယခုအခါ သူသည် မိုင်ပေါင်းငါးထောင်ကျော် ဝေးကွာသော နေရာသို့ ရောက်နေသော်လည်း မိစ္ဆာနတ်ဘုရား၏ အစွမ်းအစအကြွင်းအကျန်များကို အာရုံခံနိုင်နေဆဲ ဖြစ်သည်။
ယီယွင်သည် နောက်ဆုံး ယင်အမြစ်ကို ထုတ်ယူပြီးသည်နှင့် မျှော်စင်ထဲသို့ ဝင်ကာ အမြန်ဆုံး ဆုတ်ခွာခဲ့ခြင်း ဖြစ်သည်။ မိစ္ဆာနတ်ဘုရား၏ ဒဏ်ရာကုသရာ နေရာကို ဖျက်ဆီးလိုက်ခြင်းမှာ မိစ္ဆာကို အပြင်သို့ အတင်းအဓမ္မ ထွက်လာအောင် လုပ်လိုက်ခြင်းနှင့် အတူတူပင်ဖြစ်ရာ မိစ္ဆာနတ်ဘုရားသည် သူ့ကို အသေရသေ သတ်ချင်နေမည်မှာ သေချာသည်။
ယီယွင်သည် မျှော်စင်ကို ထိန်းချုပ်ကာ စွမ်းအင်လှုပ်ခတ်မှု အားလုံးကို ဖြတ်တောက်ပြီး ကိုယ်ယောင်ဖျောက်ကာ ဟင်းလင်းပြင်ထဲ၌ တိတ်တဆိတ် ပုန်းအောင်းနေလိုက်သည်။ သူကိုယ်တိုင်မှာမူ သေမင်းဝိညာဉ်သစ် ကို ကိုင်ဆောင်ကာ မျက်လုံးများကို မှိတ်ထားလိုက်သည်။
သေမင်းဝိညာဉ်သစ်၏ ဘေးပတ်လည်တွင် အနက်ရောင် နဂါးငယ် ကိုးကောင်မှာ ဝဲပျံနေကြသည်။ ၎င်းတို့မှာ ယီယွင် ထုတ်ယူခဲ့သော ယင်စွမ်းအင် ဥပဒေသများ ဖြစ်ကြသည်။ ထိုနဂါးငယ်များကို အာရုံခံရင်း ယီယွင်သည် ဤသေမင်းဝိညာဉ်သစ်မှာ သူနှင့်အတူ ကြီးထွားလာပြီး အစွမ်းထက်သော ရတနာတစ်ခု ဖြစ်လာလိမ့်မည်ဟု ခံစားလိုက်ရသည်။
ယခုအခါ ယင်စွမ်းအင်များကို စုပ်ယူပြီးနောက် သေမင်းဝိညာဉ်သစ်၏ အရှိန်အဝါမှာ ပိုမို နက်ရှိုင်းလာခဲ့သည်။ ၎င်းကို ကြည့်မိရုံဖြင့်ပင် ဝိညာဉ်မှာ နစ်ဝင်သွားသကဲ့သို့ ခံစားရပြီး အကယ်၍ တစ်စုံတစ်ယောက်က စိတ်ပါဝင်စားစွာ ကြည့်နေမိပါက သူတို့၏ သက်စောင့်စွမ်းအားများမှာ တဖြည်းဖြည်း စုပ်ယူခြင်း ခံရမည် ဖြစ်သည်။
ယီယွင်မှလွဲ၍ အခြားသူ မည်သူမျှ ဤသစ်သားကို မကိုင်ဆောင်နိုင်ပေ။
ယီယွင်သည် မိစ္ဆာနတ်ဘုရားနှင့် ထိပ်တိုက်တွေ့ရန် မလောပေ။ သူ အလိုရှိသည်မှာ မိစ္ဆာနတ်ဘုရားကို အကြိမ်ကြိမ် နှောင့်ယှက်ပြီး ဒဏ်ရာကုသချိန် မရအောင် လုပ်ဆောင်ရန် ဖြစ်သည်။ မိစ္ဆာ၏ ဝိညာဉ်မှာ အစွန်းကုန် ရှုပ်ထွေးနေချိန်နှင့် သူကိုယ်တိုင် တိုက်ပွဲများကြားမှ ပိုမို သန်မာလာချိန်ကျမှသာ မိစ္ဆာနတ်ဘုရားကို အပြတ်အသတ် ရင်ဆိုင်မည် ဖြစ်သည်။
သို့သော်... မာနကြီးသော မိစ္ဆာနတ်ဘုရားမှာမူ ယီယွင်ကို အကြိမ်ကြိမ် လာရောက် ရန်စခွင့် ပေးမည်မဟုတ်ပေ။
"သေစမ်း"
မိစ္ဆာနတ်ဘုရားသည် သူ၏ လှံရှည်ကို ပြင်းထန်စွာ ဝေ့ယမ်းလိုက်သည်။ ချက်ချင်းပင် ကောင်းကင်မှာ အရောင်ပြောင်းသွားပြီး တောင်တန်းများ ပေါက်ကွဲကာ မြေပြင်ကြီးမှာ အက်ကွဲသွားတော့သည်။
မိုင်ပေါင်းထောင်ချီသော မြေပြင်ကြီးမှာ ဖရိုဖရဲ ဖြစ်သွားရသည်။ မိစ္ဆာနတ်ဘုရား၏ ဒေါသတိုက်ကွက်မှာ ကမ္ဘာမြေကို ဖျက်ဆီးပစ်ရန် လုံလောက်လှသည်။
ယီယွင်သည် မျှော်စင်ထဲမှနေ၍ ထိုပြင်းထန်သော အရှိန်အဝါကို တိတ်တဆိတ် အံတုနေရသည်။ သူသည် မျှော်စင်၏ ခုခံရေးအစီအရင်များကို မဖွင့်ပေ။ အကယ်၍ ဖွင့်လိုက်ပါက မိစ္ဆာနတ်ဘုရားသည် သူ၏ တည်နေရာကို ချက်ချင်း သိသွားပေလိမ့်မည်။
မိစ္ဆာနတ်ဘုရားသည် သူ၏ တိုက်ခိုက်မှုမှ ထွက်ပေါ်လာသော စွမ်းအင်များ၏ တုံ့ပြန်မှုကို ကြည့်ကာ ယီယွင်၏ တည်နေရာကို ရှာဖွေသော်လည်း မအောင်မြင်ခဲ့ပေ။ ယီယွင်မှာ အလွန်ပင် ပါးနပ်လှသလို ကြွက်ကဲ့သို့လည်း ကြောက်တတ်လှသည်ဟု မိစ္ဆာနတ်ဘုရားက ယူဆသည်။
ယီယွင်သည် ဒဏ်ရာအနည်းငယ် ရမည်ဆိုလျှင်တောင်မှ ပုန်းနေမည်သာ ဖြစ်သည်။
မိစ္ဆာနတ်ဘုရားသည် သူ၏ လှံကို တင်းတင်းဆုပ်လိုက်သည်။ ဤမျှ ပါးနပ်ပြီး အရှက်မဲ့သော ရန်သူမျိုးကို သူ တစ်ခါမျှ မကြုံဖူးပေ။ မာနကြီးလှသော နီလာယန်သခင်သည် အဘယ်ကြောင့် ဤကဲ့သို့သော လူစားမျိုးကို ဆက်ခံသူအဖြစ် ရွေးချယ်ခဲ့သနည်း။
မိစ္ဆာနတ်ဘုရားသည် သူ၏ ပတ်ဝန်းကျင်ကို အေးစက်စွာ ကြည့်လိုက်ပြီးနောက် လမ်းကြောင်းတစ်ခုသို့ သူ၏ အာရုံကို ပို့လိုက်သည်။
ထိုလမ်းကြောင်းမှ ကောင်းကင်ဘုံ ၁၂ ခု မှ တစ်စုံတစ်ဦး၏ သွေးပါသော ပျက်စီးခြင်းမျိုးနွယ်စု မိန်းကလေးတစ်ယောက်နှင့် ယီယွင်တို့ ရှိနေခဲ့သော နေရာ ဖြစ်သည်။ သူတို့နှစ်ဦးမှာ အလွန် နီးစပ်သော ဆက်ဆံရေး ရှိကြောင်း မိစ္ဆာနတ်ဘုရား သိသည်။
မိစ္ဆာနတ်ဘုရား၏ နှုတ်ခမ်းဖျားတွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာသည်။
"မင်း ဆက်ပြီး ပုန်းနေနိုင်ဦးမလားဆိုတာ ငါ ကြည့်ချင်သေးတယ်။ အဲဒီ ပျက်စီးခြင်းမျိုးနွယ်စု မိန်းကလေးနဲ့ ပျက်စီးခြင်းမျိုးနွယ်စု တစ်ခုလုံးကို ငါ သတ်ပစ်တဲ့အခါကျရင် မင်း ထွက်မလာဘဲ နေနိုင်မလား ကြည့်ကြတာပေါ့"
အခန်း ၇၂၇- ကောင်းကင်ယံကို လွှမ်းခြုံသွားသော သွေးရောင်အရှိန်အဝါ
မိစ္ဆာနတ်ဘုရား၏ သတ်ဖြတ်လိုစိတ်များသည် သွေးရောင်နှင်းမြူများအဖြစ် ပြောင်းလဲသွားပြီး တောရိုင်းမြေပြင်တစ်ခုလုံးကို ပိတ်ဆို့ကာ လောကအနှံ့ ပျံ့နှံ့သွားတော့သည်။
မိစ္ဆာနတ်ဘုရား သူ၏အစွမ်းကို အပြည့်အဝအသုံးချ၍ ပျံသန်းသွားသောအခါ သူ၏အောက်ရှိ အားနည်းသော တောရိုင်းသားရဲများသည် သူ၏အရှိန်အဝါကို မခံနိုင်ဘဲ ခန္ဓာကိုယ်များ ပေါက်ကွဲကာ အသားစိုင်များအဖြစ် ကြွေလွင့်ကုန်ကြသည်။ အစွမ်းထက်လှသော ရှေးဟောင်းသားရဲကြီးများပင်လျှင် မြေပြင်ပေါ်၌ ဝပ်စင်းကာ တုန်ရင်နေကြရသည်။
၎င်းမှာ သက်ရှိများ၏ အဆင့်အတန်း ကွာခြားမှုကြောင့် ဖြစ်ပေါ်လာသော ဖိအားပင် ဖြစ်သည်။ မိစ္ဆာနတ်ဘုရားကဲ့သို့သော အဆင့်မြင့် သက်ရှိတစ်ဦး၏ ရှေ့မှောက်တွင် သူတို့သည် ခေါင်းပင် မော့မကြည့်ဝံ့ကြချေ။
ဘုန်း.......
မိစ္ဆာနတ်ဘုရား ပျံသန်းသွားစဉ် ထွက်ပေါ်လာသော အသံမှာ မိုးကြိုးပစ်သံကဲ့သို့ပင်။ သူသည် ဟိန်းဟောက်သံနှင့်အတူ မျက်စိတစ်မှိတ်အတွင်း အဝေးသို့ ပျောက်ကွယ်သွားခဲ့သည်။
နတ်မျှော်စင်ထဲ၌ ဒုတိယအကြိမ် တိုက်ခိုက်မှု၏ နောက်ဆက်တွဲကို စောင့်ကြိုနေသော ယီယွင်မှာ မျက်မှောင်ကြုတ်သွားသည်။ ပတ်ဝန်းကျင်ရှိ ကောင်းကင်မြေကြီး စွမ်းအင်များမှာ ရုတ်တရက် ခမ်းခြောက်သွားပြီး လေစီးကြောင်းတစ်ခုအဖြစ် အဝေးတစ်နေရာသို့ ဦးတည်သွားနေသည်။
မိစ္ဆာနတ်ဘုရားပဲ........
"သူ ငါ့ကို လက်လျှော့လိုက်တာလား" ယီယွင်သည် မိစ္ဆာနတ်ဘုရား ထွက်ခွာသွားသည်ကို အာရုံခံလိုက်မိသည်။ သူ၏ အလွန်မြန်သော အရှိန်နှင့် ပြင်းထန်သော အရှိန်အဝါတို့ကြောင့် ထိုဒေသတစ်ခုလုံးမှာ စွမ်းအင်မဲ့သော ဟင်းလင်းပြင်ကြီးသဖွယ် ဖြစ်ကျန်ရစ်ခဲ့သည်။
ယီယွင် တစ်ခုခု မှားနေပြီဟု ခံစားလိုက်ရသည်။ မိစ္ဆာနတ်ဘုရားကဲ့သို့ မာနကြီးသော သတ္တဝါမျိုးက သူ့ကို ဤမျှလွယ်လွယ်နှင့် လွှတ်ပေးမည်မဟုတ်ပေ။ သို့သော် မိစ္ဆာနတ်ဘုရားမှာ အမှန်တကယ်ပင် ထွက်သွားခဲ့ပြီ ဖြစ်သည်။
သူသည် ယီယွင်ကို လှည့်စားရန်အတွက် သူ၏ထွက်ခွာမှုကို ဖုံးကွယ်ထားခြင်းမျိုးလည်း မလုပ်ခဲ့ပေ။
သို့သော် ဤအချိန်တွင် မိစ္ဆာနတ်ဘုရား ထွက်ခွာသွားခြင်းမှာ...
ယီယွင်၏ အသက်ရှူသံများ ရပ်တန့်သွားပြီး စိတ်ထဲတွင် မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရသည်။
မဖြစ်ဘူး......
ယီယွင်သည် ချက်ချင်းပင် မျှော်စင်ကို ထိန်းချုပ်ကာ ယင်စမ်းရေကန်၏ အထက်သို့ ပြန်လည်ပျံသန်းသွားသည်။ ပျက်စီးနေသော မြေပြင်အက်ကြောင်းများထဲမှ နီရဲသော နှင်းမြူများ တက်လာနေသည်။ ၎င်းမှာ မိစ္ဆာနတ်ဘုရား ချန်ထားခဲ့သော သတ်ဖြတ်ခြင်း အရှိန်အဝါများပင်။ ဤနေရာမှာ နောင်တွင် မည်သည့်သက်ရှိမျှ မချဉ်းကပ်ဝံ့သော သေမင်းတမန်မြေ ဖြစ်လာတော့မည်။
ယီယွင်မှာ သက်ပြင်းချနေရန် အချိန်မရှိပေ။ မြေပြင်ပေါ်တွင် မိုင်ပေါင်းများစွာ ရှည်လျားသော လောင်ကျွမ်းရာ အမှတ်အသားကြီးတစ်ခုမှာ အဝေးသို့ ဆန့်ထွက်သွားသည်။ ထိုလမ်းကြောင်းအတိုင်း ကောင်းကင်ယံတွင် သွေးရောင်မျဉ်းတစ်ကြောင်း ရှိနေပြီး ၎င်းမှာ အဝေးသို့ လှိမ့်တက်သွားသော ဒီရေလှိုင်းကြီးနှင့် တူလှသည်။
သတ်ဖြတ်ခြင်း အရှိန်အဝါ.....
၎င်းမှာ မိစ္ဆာနတ်ဘုရား၏ အငွေ့အသက်များပင်။ ထျန်းယွမ်တိုက်ကြီးတွင် ထိုသွေးရောင်တိမ်တိုက်များ ပေါ်လာတိုင်း လူသတ်ပွဲကြီးများ စတင်တော့မည် ဖြစ်သည်။ သွေးရောင်တိမ်တိုက်အကြောင်း ပြောလိုက်သည်နှင့် လူတိုင်းမှာ တုန်ရင်သွားကြစမြဲပင်။
ထိုလမ်းကြောင်းက...
ယီယွင်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး နှလုံးသားမှာ ပြင်းထန်စွာ ထိုးနှက်ခံလိုက်ရသလို ခံစားလိုက်ရသည်။
၎င်းမှာ ပျက်စီးခြင်းမျိုးနွယ်စုများ ပုန်းအောင်းနေသည့် လမ်းကြောင်းဖြစ်ပြီး ကျန်းရှောင်ယုနှင့် လင်ရှင်းထုံတို့ ရှိနေသည့် နေရာဖြစ်သည်။
မိစ္ဆာနတ်ဘုရားသည် လက်လျှော့လိုက်ခြင်း မဟုတ်ပေ။ သူသည် သူ၏ လှံဦးကို ကျန်းရှောင်ယုတို့ဆီသို့ လှည့်လိုက်ခြင်း ဖြစ်သည်။ သူသည် ယီယွင်ကို တုံ့ပြန်ရန်နှင့် ယီယွင်ကို အပြင်သို့ ထွက်လာစေရန်အတွက် ကျန်းရှောင်ယုကို တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
သွေးရောင်တိမ်တိုက်မှာ ကောင်းကင်ယံကို ဖုံးလွှမ်းလျက် မိုင်ပေါင်းသိန်းချီ ဆန့်ထွက်သွားသည်။ မိစ္ဆာနတ်ဘုရား ဖြတ်သန်းသွားသော နေရာတိုင်းရှိ သက်ရှိမှန်သမျှ သုတ်သင်ခြင်း ခံရမည် ဖြစ်သည်။ ထိုအခြေအနေမျိုးတွင် ပျက်စီးခြင်းမျိုးနွယ်စုများ မည်မျှပင် ပုန်းအောင်းနေပါစေ မိစ္ဆာနတ်ဘုရား၏ လက်မှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။
"မိစ္ဆာနတ်ဘုရား" ယီယွင်သည် မျှော်စင်ကြီးကို အစွမ်းကုန် အရှိန်မြှင့်လိုက်ပြီး မိုးကုပ်စက်ဝိုင်းပေါ်ရှိ သွေးရောင်မျဉ်းတန်းနောက်သို့ အလျင်အမြန် လိုက်ပါသွားတော့သည်။
မျှော်စင်ကြီး၏ အရှိန်ကြောင့် ဟင်းလင်းပြင်ထဲ၌ အသံလွန်လှိုင်းများ ဖြစ်ပေါ်လာပြီး အောက်ခြေရှိ သစ်ပင်များနှင့် မြေကြီးများမှာ လွင့်စင်ကုန်ကြသည်။
မြန်မြန်........ ပိုမြန်မြန်
သို့သော် မိစ္ဆာနတ်ဘုရား၏ အစွမ်းကုန်အရှိန်နှင့် ယှဉ်လျှင် ယီယွင်မှာ နှေးနေဆဲပင်။
ထိုအချိန်တွင် ပျက်စီးခြင်းမျိုးနွယ်စုနယ်မြေ၌
ပန်ရှီ သည် ပျက်စီးခြင်းမျိုးနွယ်စု၏ အထူးစစ်သည်တော်တစ်ဦးဖြစ်ပြီး ယနေ့တွင် သူသည် ကင်းလှည့်ရန် တာဝန်ကျနေသည်။ မြို့တော်တွင် အဖွဲ့ပေါင်း ၁၈ ဖွဲ့ အမြဲ ကင်းလှည့်နေပြီး သူက တစ်ဖွဲ့ကို ဦးဆောင်နေခြင်း ဖြစ်သည်။
ပန်ရှီနှင့် သူ၏စစ်သည်များသည် တောရိုင်းသားရဲများကို စီးနင်းကာ ကုန်းမြင့်တစ်ခုပေါ်သို့ ရောက်ရှိလာခဲ့သည်။ သူသည် အဝေးသို့ ကြည့်လိုက်ရာ တိတ်ဆိတ်ငြိမ်သက်နေသော တောရိုင်းမြေပြင်ကြီးကိုသာ မြင်တွေ့ရသည်။
ရုတ်တရက် သူ၏ နှုတ်ခမ်းဖျားတွင် မဲ့ပြုံးတစ်ခု ပေါ်လာသည်။
ဒီလူသားတွေပဲ...
ယီယွင် ပြန်ရောက်လာပြီးနောက် လူသားမျိုးနွယ်စု၏ တောင်းဆိုချက်များကို ငြင်းပယ်လိုက်သဖြင့် လူသားအချို့မှာ စတင် ထွက်ခွာနေကြပြီ ဖြစ်သည်။ ယခု ပန်ရှီ မြင်နေရသည်မှာ ပထမဆုံး ထွက်ခွာသွားသော လူသားအဖွဲ့ပင်။
ဆွေးနွေးပွဲ ပျက်ပြားသွားပြီးနောက် လူသားမျိုးနွယ်စုမှာ ပျက်စီးခြင်းမျိုးနွယ်စုထံမှ ဘာမှ မရရှိခဲ့ပေ။ ယီယွင်၏ လှောင်ပြောင်မှုများကြောင့် သူတို့၏ မျက်နှာများမှာ အရှက်ရကာ နီရဲနေခဲ့ကြသည်။
သို့သော် လူသားတိုင်း ထွက်သွားကြခြင်း မဟုတ်ပေ။ သန့်စင်ရာကျွန်း မှ ဇနီးမောင်နှံကဲ့သို့သော အဖွဲ့အချို့မှာ ပျက်စီးခြင်းမျိုးနွယ်စုနှင့်အတူ တိုက်ပွဲဝင်ရန် ဆုံးဖြတ်ခဲ့ကြသည်။ အချို့မှာမူ ယီယွင်၏ ကလဲ့စားချေမှုကို ကြောက်သကဲ့သို့ တောရိုင်းမြေပြင်မှ သားရဲများကိုလည်း ကြောက်သဖြင့် ဝေခွဲမရ ဖြစ်နေကြသည်။
နောက်ဆုံး အုပ်စုငယ်လေးမှာမူ ဤနေရာတွင် ဆက်နေခြင်းမှာ သေတွင်းထဲသို့ ဆင်းခြင်းနှင့် အတူတူပင်ဖြစ်သည်ဟု ယူဆကာ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ကြသူများ ဖြစ်သည်။ ယခု ပန်ရှီ ရှေ့တွင် မြင်နေရသူများမှာ ထိုသူများပင်။
သူတို့၏ အမြင်တွင် ယီယွင်၏ မဆင်ခြင်မှုကြောင့် ပျက်စီးခြင်းမျိုးနွယ်စုမှာ ပျက်စီးတော့မည် ဖြစ်ရာ သူတို့၏ အသက်ကို အလဟဿ အသေမခံလိုကြပေ။ ယီယွင်အနေနှင့် မိစ္ဆာနတ်ဘုရားကို မသေခင် ဒဏ်ရာပြင်းပြင်းထန်ထန် ပေးနိုင်ပါစေဟုသာ သူတို့ ဆုတောင်းနေကြသည်။
ဤထွက်ခွာသွားသူများကို ဆန်းကြယ်ကျားမင်း က ဦးဆောင်နေခြင်း ဖြစ်သည်။ သူသည် ယီယွင်ကို အမုန်းဆုံးသူဖြစ်ပြီး အရှက်တကွဲ ဖြစ်ခဲ့ရသဖြင့် စောစောစီးစီး ထွက်သွားလိုခြင်း ဖြစ်သည်။
ပန်ရှီသည် ထိုသူများ ပျက်စီးခြင်းမျိုးနွယ်စု စခန်းကို ပြန်ကြည့်နေသည်ကို မြင်လိုက်ရသည်။ သူတို့၏ မျက်လုံးများထဲတွင် သေမည့်သူများကို ကြည့်နေသကဲ့သို့ လှောင်ပြောင်ရိပ်များ ပြည့်နှက်နေသည်။
"ဒီလူတွေကတော့ တကယ်ကို ဒေါသထွက်ဖို့ ကောင်းတာပဲ" စစ်သည်တစ်ဦးက ဒေါသတကြီး ပြောလိုက်သည်။
ပန်ရှီက အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည်။ "ထားလိုက်ပါ၊ သူတို့ သွားချင်သွားပါစေ။ ငါတို့ရဲ့ အသက်လုတိုက်ပွဲမှာ အဲဒီလိုလူမျိုးတွေ မလိုပါဘူး"
"မှန်ပါတယ်" အခြားစစ်သည်များကလည်း ထောက်ခံလိုက်ကြသည်။ သူတို့သည် လူသားများ ထွက်ခွာသွားသည်ကို ကြည့်နေကြသည်။
"ငါတို့ ဒီဘက်ကို သွားမယ်ဆိုရင် ပျက်စီးခြင်းမျိုးနွယ်စုစခန်းနဲ့ ယီယွင်ဆီကနေ ဝေးသွားလိမ့်မယ်။
မိစ္ဆာနတ်ဘုရား တိုက်ခိုက်လာတဲ့အခါကျရင် ငါတို့က ပြန်လမ်းမဲ့ ပင်လယ် ထဲမှာ ပုန်းနေကြမယ်" ဟု ဆန်းကြယ်ကျားမင်းက ပြောလိုက်သည်။
ယီယွင်က သူ၏ မိသားစုကို သတ်မည်ဟု ခြိမ်းခြောက်ခဲ့သဖြင့် ဆန်းကြယ်ကျားမင်းသည် သူ၏ အထူးတပ်ဖွဲ့များကို ခေါ်ဆောင်ကာ ယီယွင် ဘာလုပ်နိုင်မလဲဆိုတာ ကြည့်ချင်နေခြင်း ဖြစ်သည်။
တောရိုင်းမြေပြင်ထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်လာသည်နှင့်အမျှ ပျက်စီးခြင်းမျိုးနွယ်စုစခန်းမှာ နောက်တွင် ဝေးကွာ၍ ကျန်ရစ်ခဲ့သည်။ ထိုအချိန်တွင် ဂိုဏ်းကြီးတစ်ခုမှ တပည့်ငယ်တစ်ဦးသည် ကောင်းကင်ယံသို့ မော့ကြည့်လိုက်ရာ မျက်လုံးများ ကျဉ်းမြောင်းသွားတော့သည်။
မိုးကုပ်စက်ဝိုင်းတွင် သွေးရောင်မျဉ်းတစ်ကြောင်း ပေါ်လာသည်ကို သူ မြင်လိုက်ရခြင်းပင်။