အခန်း (၇၂၈-၇၃၀)
Vol. 49 Ch. 728-730
အခန်း ၇၂၈- ဆန်းကြယ်ကျားမင်း၏ နိဂုံး
"အဲဒါ ဘာကြီးလဲ"
လူငယ်တပည့်များမှာ ခေတ္တမျှ မှင်သက်သွားကြသည်။ ထိုစဉ်မှာပင် ဆန်းကြယ်ကျားမင်းအပါအဝင် အခြားသူများစွာသည်လည်း မိုးကုပ်စက်ဝိုင်းပေါ်ရှိ နီရဲသော သွေးရောင်မျဉ်းတန်းကို သတိပြုမိသွားကြသည်။ ထိုမျဉ်းတန်းမှာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်ဖြင့် ပြန့်ကားလာနေသည်။
"ဒါ ဘာကြီးလဲ"
လူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြသည်။ သူတို့ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုမျဉ်းတန်းမှာ သွေးရောင်တိမ်တိုက်ကြီးအဖြစ် ပြောင်းလဲသွားပြီး သူတို့ရှိရာ ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။
လှိမ့်တက်နေသော သွေးတိမ်တိုက်များကြားမှ အေးစက်လှသော အနီရောင်မျက်လုံးတစ်စုံသည် သူတို့အား အထက်မှ ငုံ့ကြည့်နေသည်။
"မိစ္ဆာနတ်ဘုရား"
ဆန်းကြယ်ကျားမင်းသည် ကြောက်စိတ်ကြောင့် တစ်ကိုယ်လုံး တောင့်တင်းသွားရသည်။ ဘာလို့လဲ... သူက ဘာလို့ ဒီလောက်တောင် မြန်နေရတာလဲ။
ဆန်းကြယ်ကျားမင်းမှာ အံ့အားသင့်လွန်း၍ ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။ ဆွေးနွေးပွဲပျက်ပြားပြီး သူတို့ ထွက်ခွာရန် ဆုံးဖြတ်ခဲ့သည်မှာ နှစ်ရက်၊ သုံးရက်မျှသာ ရှိသေးသည်။ သူတို့ ထွက်ပြေးမည့် လမ်းကြောင်းကို စီစဉ်ခြင်း၊ ပြင်ဆင်ခြင်းနှင့် လူစုခြင်းတို့ကို လုပ်ဆောင်ခဲ့သည်မှာ အလွန်ပင် မြန်ဆန်လှပြီဟု ဆိုနိုင်သည်။
သို့သော် ဤမျှတိုတောင်းသော အချိန်အတွင်းမှာပင် မိစ္ဆာနတ်ဘုရားက ဤနေရာသို့ ရောက်ရှိလာခဲ့ပြီ။ သူက ဒဏ်ရာကုသနေတာ မဟုတ်ဘူးလား။
မိစ္ဆာနတ်ဘုရားကဲ့သို့သော အဆင့်အတန်းရှိသည့် သတ္တဝါမျိုးမှာ အားကောင်းသော သက်စောင့်အား ရှိသော်လည်း ထိုနည်းတူပင် ဒဏ်ရာပျောက်ကင်းရန်အတွက် ကြီးမားသော စွမ်းအင်ပမာဏ လိုအပ်သည်။ နှစ်ရက်၊ သုံးရက်အတွင်းမှာပင် သူက ကုသမှုကို အဆုံးသတ်ပြီး လူသတ်ရန် ထွက်လာခဲ့သည်လား။
ယီယွင်ကော ဘယ်ရောက်နေသလဲ ယီယွင် ဘာလုပ်နေသလဲ။
ဆန်းကြယ်ကျားမင်းမှာ ရူးသွပ်လုနီးပါး ဖြစ်သွားရသည်။ သူသည် ဤဝေးလံလှသော တောင်တန်းကြီးများထဲမှ လွတ်မြောက်ရန် ခြေလှမ်းအနည်းငယ်သာ လိုတော့ခြင်း ဖြစ်သည်။ သို့သော် ထိုခြေလှမ်းအနည်းငယ်မှာ ယခုအခါ မကျော်ဖြတ်နိုင်သော ချောက်ကမ်းပါးကြီးတစ်ခု ဖြစ်သွားခဲ့ပြီ။
မိစ္ဆာနတ်ဘုရားမှာ အလွန်ပင် မြန်လှသည်။ ဆန်းကြယ်ကျားမင်းသည် သူ၏ တပည့်များထက် ကျင့်စဉ်အဆင့် မြင့်မားသော်လည်း မိစ္ဆာနတ်ဘုရား ရောက်ရှိလာမှုကို သူတို့ထက် စော၍ မသိရှိခဲ့ပေ။
ကွာဟချက်မှာ အလွန်ပင် ကြီးမားလှသည်။ အကြွင်းမဲ့ အစွမ်းထက်မှု၏ ရှေ့မှောက်တွင် ဆန်းကြယ်ကျားမင်းနှင့် သူ၏ တပည့်များမှာ ခွန်အားမဲ့သော သာမန်လူသားများနှင့် မခြားနားပေ။
သူတို့အားလုံးမှာ တစ်ချက်တည်းနှင့်ပင် ချေမှုန်းခံရတော့မည်။
ဘာကြောင့် ဒီလိုဖြစ်ရတာလဲ ဆန်းကြယ်ကျားမင်း၏ ခန္ဓာကိုယ်မှာ အေးစက်လာသည်။ ထွက်ပြေးဖို့လား နောက်ကျသွားပြီ။
သူ၏ နှလုံးသားထဲတွင် အစွန်းကုန် မျှော်လင့်ချက်မဲ့မှုများ ဝင်ရောက်လာသည်။ သူ၏ ဘေးပတ်လည်ရှိ ပါရမီရှင်လူငယ်များမှာလည်း မျက်နှာများ ဖြူလျော့ကာ ကိုယ်စီကိုယ်စီ တောင့်တင်းနေကြသည်။
သူတို့အပေါ်ရှိ သွေးတိမ်တိုက်မှ ထွက်ပေါ်လာသော ဖိအားမှာ အလွန်ပင် ကြီးမားလှသည်။ ၎င်းမှာ သေရမည်ကို ကြောက်ရုံမျှမကဘဲ သူတို့ထက် အဆင့်ပေါင်းများစွာ မြင့်မားသော သက်ရှိတစ်ဦးအပေါ် ခံစားရသည့် ဗီဇအရ ကြောက်ရွံ့မှုပင် ဖြစ်သည်။
သွေးတိမ်တိုက်ကြီးမှာ သူတို့၏ အထက်တွင် ရောက်ရှိလာသည်နှင့်အမျှ လူငယ်အချို့၏ အရိုးများမှာ ဖိအားကို မခံနိုင်ဘဲ တဂျွတ်ဂျွတ် မြည်လာတော့သည်။ ကျင့်စဉ်နိမ့်ပါးသူများမှာမူ ကိုယ်တွင်းအင်္ဂါများ ပေါက်ထွက်ကာ သွေးများ ပန်းထွက်နေပြီ ဖြစ်သည်။
မိစ္ဆာနတ်ဘုရား၏ အေးစက်သော အကြည့်မှာ သူတို့အပေါ်သို့ ဝေ့ဝဲသွားသည်။ သူသည် အရှိန်ပင် မလျှော့ခဲ့ပေ။ သူတို့အားလုံးမှာ သူ့အတွက် အရေးမပါသော ပုရွက်ဆိတ်များသာ ဖြစ်သည်။ ပျက်စီးခြင်းမျိုးနွယ်စု စခန်းမှာ ရှေ့နားတင် ရှိနေပြီး ကျန်းရှောင်ယုမှာ ထိုနေရာတွင် ရှိနေသည်။
သူသည် ကျန်းရှောင်ယုကို အရင်သတ်ပြီးနောက် ပျက်စီးခြင်းမျိုးနွယ်စုတစ်ခုလုံးကို သုတ်သင်ရန်သာ အာရုံစိုက်ထားသည်။ ဤပုရွက်ဆိတ်များကိုမူ သူကိုယ်တိုင် လက်ဖျားနှင့်ပင် ထိရန် မလိုပေ။ သူ ဖြတ်သန်းသွားစဉ် ထွက်ပေါ်လာသော သွေးတိမ်တိုက်၏ ဖိအားမှာပင် လူအများအပြားကို သတ်ဖြတ်ရန် လုံလောက်လှသည်။
ကံကောင်း၍ အသက်ရှင်ကျန်ရစ်သူများကိုလည်း သူ ဂရုမစိုက်ပေ။ သူတို့၏ ကံကောင်းမှုကို သူတို့ဘာသာ ပျော်ရွင်နေကြရန် သူက လွှတ်ပေးထားလိုက်သည်။
ဘုန်း
ဘုန်း
ဘုန်း
သွေးတိမ်တိုက်ကြီး လွင့်မျောသွားသည်နှင့်အမျှ ဤလူသားအုပ်စုမှာ ဖိအားကြောင့်ပင် ကြောက်မက်ဖွယ်ကောင်းစွာ သေဆုံးကုန်ကြတော့သည်။ ယွမ်ဖွင့်ခြင်း အဆင့်အောက်ရှိသူ မှန်သမျှသည် ပါရမီရှင်ဖြစ်စေ၊ ဥပဒေသမျိုးစေ့ အဆင့် အထွတ်အထိပ်ဖြစ်စေ အားလုံးမှာ ပြိုလဲကုန်ကြသည်။
ငြိမ်းချမ်းသောကာလတွင် လူအများ၏ အလေးအမြတ်ပြုခြင်းကို ခံခဲ့ရသော ဂိုဏ်းကြီးများမှ ပါရမီရှင်လူငယ်များမှာ ယခုအခါ ပြင်းထန်လှသော ဖိအားအောက်တွင် အသားစိုင်များအဖြစ် ပေါက်ကွဲပျက်စီးသွားကြရတော့သည်။ ပါရမီရှင်တစ်ဦးမှ အသားပုံတစ်ခုဖြစ်သွားရန်မှာ မျက်စိတစ်မှိတ်စာမျှသာ ကြာမြင့်ခဲ့သည်။
လူငယ်များမှာ သေဆုံးကုန်ကြသော်လည်း ဆန်းကြယ်ကျားမင်းမှာမူ အသက်ရှင်နေဆဲ ဖြစ်သည်။ သူသည် လူသားတို့၏ ကောင်းကင်ဘုံဘုရင် တစ်ဦး ဖြစ်သဖြင့် မိစ္ဆာနတ်ဘုရားထက် များစွာ နိမ့်ပါးသော်လည်း ဖိအားရုံမျှနှင့် အသားစိုင် ဖြစ်သွားမည်မဟုတ်ပေ။
ဆန်းကြယ်ကျားမင်းအပြင် အခြားသော မျိုးနွယ်စု အကြီးအကဲ အနည်းငယ်လည်း အသက်ရှင်ကျန်ရစ်ခဲ့သည်။
သူတို့သည် သေမင်း၏ လက်မှ လွတ်မြောက်သွားပြီဟု ထင်မှတ်ကာ အံ့ဩဝမ်းသာ ဖြစ်သွားကြသည်။ မိစ္ဆာနတ်ဘုရားသည် သူတို့၏ ခေါင်းအထက်မှ ပျံသန်းသွားခဲ့ပြီး ရပ်တန့်မည့်ပုံ မပေါ်သောကြောင့်ပင်။ မိစ္ဆာနတ်ဘုရားက သူတို့ကို လွှတ်ပေးလိုက်ပြီလား။
သို့သော် ထိုခဏမှာပင်...
"အွန့်"
မိစ္ဆာနတ်ဘုရားမှာ ရုတ်တရက် ရပ်တန့်သွားပြီး သူ၏ အကြည့်မှာ ဆန်းကြယ်ကျားမင်းအပေါ်သို့ ကျရောက်လာသည်။ လူသားအများအပြား သေဆုံးသွားချိန်တွင် ဆန်းကြယ်ကျားမင်းနှင့် ကျန်ရစ်သူများမှာ ထင်ထင်ရှားရှား ဖြစ်နေတော့သည်။ မိစ္ဆာနတ်ဘုရားသည် ဤပုရွက်ဆိတ်များကို အာရုံစိုက်ရန် မရည်ရွယ်သော်လည်း ယခုအခါ သူတို့အား သတိပြုမိသွားပြီ ဖြစ်သည်။
သူသည် ဆန်းကြယ်ကျားမင်းကို ကြည့်လိုက်ရာ ဆန်းကြယ်ကျားမင်း၏ နှလုံးခုန်သံမှာ ရပ်တန့်လုနီးပါး ဖြစ်သွားပြီး လှုပ်ပင် မလှုပ်ဝံ့တော့ချေ။
ဒီလူသားက...
မိစ္ဆာနတ်ဘုရား၏ ကုသမှုမှာ မအောင်မြင်ခဲ့သဖြင့် သူ၏ ဝိညာဉ်မှာ ရှုပ်ထွေးနေဆဲ ဖြစ်သော်လည်း ဤလူသားကို သူ မှတ်မိနေသည်။
ယခင်က သူ ယီယွင်ကို အာရုံခံလိုက်စဉ်တွင် ဤလူသားမှာ ယီယွင်၏ ဘေးတွင် ရှိနေခဲ့သည်။ ယီယွင်နှင့် ဆန်းကြယ်ကျားမင်းတို့၏ ဆွေးနွေးပွဲ အသေးစိတ်ကို မိစ္ဆာနတ်ဘုရား မသိသလို ဂရုလည်း မစိုက်ပေ။ သို့သော် ဤလူသည် ယီယွင်နှင့် တစ်ခန်းတည်း အတူရှိနေခဲ့သည်ဆိုလျှင် ယီယွင်နှင့် နီးစပ်သော ဆက်ဆံရေး ရှိသူ ဖြစ်ရမည်ဟု သူက ယူဆလိုက်သည်။
မိစ္ဆာနတ်ဘုရားအတွက်မူ သူသည် ယီယွင်ကို အလွန်အမင်း မုန်းတီးနေသဖြင့် ယီယွင်နှင့် ပတ်သက်သူ မှန်သမျှ သေရမည် ဖြစ်သည်။
မိစ္ဆာနတ်ဘုရား၏ မျက်လုံးများမှာ ဆန်းကြယ်ကျားမင်းအပေါ်သို့ ကျရောက်သွားပြီး သူ၏ လှံရှည်ကြီးဖြင့် ထိုးချလိုက်တော့သည်။
လှံဖျားကြီး သူ၏ မျက်စိရှေ့သို့ ရောက်ရှိလာသည်ကို မြင်လိုက်ရချိန်တွင် ဆန်းကြယ်ကျားမင်း၏ စွမ်းအားများမှာ တောင့်ခဲသွားရသည်။ သူသည် အစွန်းကုန် မျှော်လင့်ချက်မဲ့စွာ မျက်လုံးများကို ပြူးကြည့်နေမိသည်။
မိစ္ဆာနတ်ဘုရားက သူတို့ကို လျစ်လျူရှုလိုက်ပြီဟု ထင်မှတ်ခဲ့သော်လည်း နောက်တစ်စက္ကန့်မှာပင် မိစ္ဆာ၏ ဒေါသတကြီး ကြည့်ခြင်းကို ခံလိုက်ရခြင်းပင်။
မိစ္ဆာနတ်ဘုရား၏ အစွမ်းရှေ့တွင် ဆန်းကြယ်ကျားမင်းမှာ ဟိန်းဟောက်၍ အစွမ်းကုန် ခုခံရန် ကြိုးစားသော်လည်း... လှံရှည်ကြီးမှာ စက္ကူကို ထိုးဖောက်လိုက်သကဲ့သို့ ဆန်းကြယ်ကျားမင်း၏ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားတော့သည်။ ဆန်းကြယ်ကျားမင်း၏ ခုခံမှုမှာ မိစ္ဆာနတ်ဘုရားအတွက် မည်သည့် အနှောင့်အယှက်မျှ မဖြစ်ခဲ့ချေ။
ဆန်းကြယ်ကျားမင်း၏ ဘေးရှိ ကံကောင်း၍ အသက်ရှင်ကျန်ရစ်သော အကြီးအကဲများမှာလည်း တပြိုင်နက်တည်း အော်ဟစ်လိုက်ကြသော်လည်း တိုက်ကွက်၏ နောက်ဆက်တွဲ စွမ်းအင်ကြောင့်ပင် အသားစိုင်များအဖြစ် ပေါက်ကွဲကုန်ကြပြီး အလောင်းပင် မကျန်တော့ချေ။
ဘုန်း......
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင် ပေါက်ကွဲမှုကြီး ဖြစ်ပေါ်သွားသည်။ ထွက်ပြေးရန် ကြိုးစားခဲ့သော ပထမဆုံး လူသားအဖွဲ့ထဲမှ တစ်ဦးတစ်ယောက်မျှ မိစ္ဆာနတ်ဘုရား၏ လှံအောက်တွင် အသက်မရှင်နိုင်ခဲ့ပေ။
ဆန်းကြယ်ကျားမင်း အပါအဝင် လူအနည်းငယ်၏ ဝိညာဉ်အကြွင်းအကျန်များသာ ကျန်ရစ်တော့သည်။
မိစ္ဆာနတ်ဘုရားသည် လက်တစ်ဖက်ဖြင့် ထိုဝိညာဉ်များကို ဆွဲယူလိုက်သည်။ ဆန်းကြယ်ကျားမင်း၏ ဝိညာဉ်မှာ နာကျင်စွာ တွန့်လိမ်နေသော မျက်နှာတစ်ခုအဖြစ် ပေါ်လာသည်။ မိစ္ဆာနတ်ဘုရားသည် မည်သည့် ခံစားချက်မျှ မရှိဘဲ ဆန်းကြယ်ကျားမင်းနှင့် အခြားသူများ၏ ဝိညာဉ်များကို သူ၏ ချပ်ဝတ်တန်ဆာထဲသို့ စုပ်ယူလိုက်တော့သည်။
ချပ်ဝတ်တန်ဆာအတွင်း၌ ဆန်းကြယ်ကျားမင်း၏ မျက်နှာမှာ ထင်ဟပ်နေပြီး အလွန်အမင်း နာကျင်နေသည့် ပုံစံရှိသည်။ ဤမြင်ကွင်းကို ကုန်းမြင့်ပေါ်မှ ပန်ရှီနှင့် အဖွဲ့သားများက မြင်တွေ့လိုက်ရသည်။
အရာအားလုံးမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ သွေးတိမ်တိုက်ကြီး လွင့်မျောလာပြီးနောက် မိစ္ဆာနတ်ဘုရား၏ လှံက ဆန်းကြယ်ကျားမင်းကို ထိုးဖောက်သွားခြင်းမှာ အချိန်မကြာခဲ့ပေ။
ပန်ရှီနှင့် အဖွဲ့သားများမှာ မျက်လုံးများ ပြူးကာ ကိုယ်စီကိုယ်စီ အေးစက်ကုန်ကြသည်။ သူတို့ တုံ့ပြန်ရန် မပြင်ဆင်နိုင်မီမှာပင် မိစ္ဆာနတ်ဘုရား၏ အကြည့်က သူတို့ဆီသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
အခန်း ၇၂၉- စစ်ပွဲခရာသံ
ထိုအေးစက်ပြီး ကြောက်မက်ဖွယ်ကောင်းသော မျက်လုံးများသည် တစ်ချက်ကြည့်ရုံနှင့်ပင် လူကို သတ်နိုင်စွမ်း ရှိပုံရသည်။
မိစ္ဆာနတ်ဘုရားကို ရင်ဆိုင်နေရသော ပန်ရှီသည် သူ၏ မျက်နှာတစ်လျှောက် ပူနွေးသော အရည်များ စီးကျလာသည်ကို ခံစားလိုက်ရသည်။ ၎င်းမှာ သွေးများပင် ဖြစ်သည်။ မိစ္ဆာနတ်ဘုရား၏ ပြင်းထန်လှသော သတ်ဖြတ်ခြင်း အရှိန်အဝါကြောင့် သူ၏ မျက်လုံးများမှာ လောင်ကျွမ်းသွားခဲ့ပြီ ဖြစ်သည်။
မိစ္ဆာနတ်ဘုရား၏ အစွမ်းမှာ မည်သူမျှ မော့မကြည့်ဝံ့သော အရာပင်။
ရှူး......
မိစ္ဆာနတ်ဘုရားသည် ပန်ရှီနှင့် အဖွဲ့သားများ၏ အထက်မှ ပျံသန်းသွားခဲ့သည်။ သွေးရောင်တိမ်တိုက်ကြီး ကျဆင်းလာသည်နှင့်အမျှ တောင်တန်းကြီးများမှာ ပြိုလဲကုန်ကြတော့သည်။ ပန်ရှီစီးနင်းထားသော တောရိုင်းသားရဲမှာ စူးစူးဝါးဝါး အော်ဟစ်ကာ ခန္ဓာကိုယ် ပေါက်ကွဲပျက်စီးသွားခဲ့သည်။
သွေးအိုင်ထဲတွင် ရပ်နေသော ပန်ရှီ၏ အမြင်အာရုံမှာ ဝေဝါးနေသော်လည်း သူသည် တုန်ရင်နေသော လက်များဖြင့် သူ၏ လှံကို အထက်သို့ မြှောက်ကိုင်လိုက်သည်။
သူ လွတ်မြောက်ရန် လမ်းမရှိတော့သည်ကို သူ သိသည်။ မိစ္ဆာနတ်ဘုရားက သူတို့ကို တိုက်ရိုက် တိုက်ခိုက်ရန် မလိုဘဲ သွေးတိမ်တိုက်၏ ဖိအားနှင့်တင် သူတို့ သေဆုံးရတော့မည် ဖြစ်သည်။
သူတို့ထက် သန်မာသော လူသားများပင် ဤကဲ့သို့ သေဆုံးခဲ့ကြရသည် မဟုတ်ပါလား။
သေရမည်ကို သိနေသဖြင့် ပန်ရှီသည် အသားပုံတစ်ခုအဖြစ် အဓိပ္ပာယ်မဲ့ မသေဆုံးလိုပေ။ သူသည် စစ်သည်တော်တစ်ဦးပီပီ သူ၏ ဝိညာဉ်ကို လောင်မြှောက်ကာ တစ်ချက်မျှ ဖြစ်ဖြစ် ပြန်လည် တိုက်ခိုက်ရင်း ဂုဏ်သိက္ခာရှိစွာ သေဆုံးလိုသည်။
ဘုန်း.......
မိုးကြိုးပစ်သံကဲ့သို့သော အသံမှာ သူ၏ နားထဲတွင် ဟိန်းထွက်သွားသည်။ မိစ္ဆာနတ်ဘုရား ဖြတ်သန်းသွားသည့် ခဏမှာပင် ပန်ရှီ၏ ကမ္ဘာကြီးမှာ ပြိုလဲသွားခဲ့ပြီ ဖြစ်သည်။
ပန်ရှီ၏ ခန္ဓာကိုယ်မှာ လုံးဝ တောင့်တင်းသွားခဲ့သည်။ လှံကို မြှောက်ထားသော်လည်း သူ ပြန်လည် မတိုက်ခိုက်နိုင်ခဲ့ပေ။ ပန်ရှီ၏ သက်စောင့်စွမ်းအားများမှာ လုံးဝ ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။ သူ၏ အသားများမှာ ကြွေလွင့်ကုန်ပြီး ချပ်ဝတ်နှင့် အရိုးစုသာ ကျန်ရစ်တော့သည်။
သူ၏ မျက်လုံးအိမ်များမှာ ဟာလာဟင်းလင်း ဖြစ်သွားပြီး ဝိညာဉ်မှာလည်း လွင့်စင်သွားခဲ့ပြီ ဖြစ်သည်။ ဖြူဖွေးသော လက်ရိုးစုကြီးမှာ လှံကို တင်းတင်းဆုပ်ကိုင်ထားဆဲ ဖြစ်ပြီး လှံဖျားမှာမူ ရန်သူရှိရာသို့ ဦးတည်လျက် ထာဝရ တောင့်တင်းနေတော့သည်။
သေဆုံးသွားသည့်တိုင် ပန်ရှီ၏ ပါးစပ်မှာ အနည်းငယ် ပွင့်ဟနေဆဲ ဖြစ်သည်။ သို့သော် သူ အော်ဟစ်ချင်လှသော စကားလုံးကိုမူ မပြောနိုင်ခဲ့ပေ
"မိစ္ဆာနတ်ဘုရား လာနေပြီ"
ပန်ရှီ၏ နောက်ကွယ်မှ တောရိုင်းစစ်သည်များမှာလည်း တပြိုင်နက်တည်း ပေါက်ကွဲသေဆုံးကုန်ကြသည်။ သို့သော် သူတို့၏ သေဆုံးမှုမှာ အချည်းနှီး မဟုတ်ပေ။
ပန်ရှီသည် ပြန်လည် တိုက်ခိုက်ချင်သော်လည်း မိစ္ဆာနတ်ဘုရား၏ ရှေ့မှောက်တွင် ရုန်းကန်ရန် မဖြစ်နိုင်ကြောင်း သူတို့ ကြိုတင် သိရှိထားကြသည်။ သူတို့၏ ကင်းလှည့်မှုမှာ မိစ္ဆာနတ်ဘုရားကို ကြိုတင်သိရှိရန်ထက် သူတို့၏ အသက်ကို စတေးကာ မီးတောက်များအဖြစ် အချက်ပေးရန် ဖြစ်သည်။
မီးတောက် ဆယ်ခုကျော် တစ်ပြိုင်နက် လင်းထိန်သွားသည်။
ဂျွတ် ဂျွတ်.....
ပျက်စီးခြင်းမျိုးနွယ်စု စခန်းအတွင်းရှိ ထောင်ပေါင်းများစွာသော အသက်အမှတ်အသား ထဲမှ ဆယ်ခုကျော်မှာ တပြိုင်နက်တည်း အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားတော့သည်။
တောရိုင်းဘုရင်မဟောင်းသည် ချက်ချင်း မျက်လုံးပွင့်လာသည်။ ထိုအမှတ်အသားများသည် သူမ၏ စိတ်နှင့် ချိတ်ဆက်ထားသဖြင့် စစ်သည်များ သေဆုံးမှုကို သူမ ချက်ချင်း သိလိုက်ရခြင်းပင်။ သူမ၏ နှလုံးသားမှာ တင်းကျပ်သွားရသည်။
ဝူး......
ရိုးရှင်းသော်လည်း အေးစက်လှသော ခရာသံတစ်ခုမှာ ပျက်စီးခြင်းမျိုးနွယ်စု စခန်းတစ်ခုလုံးတွင် ပျံ့လွင့်သွားတော့သည်။ ထိုခရာသံမှာ တစ်ခုတည်းသော အဓိပ္ပာယ်ကို ဖော်ဆောင်နေသည်။
"မိစ္ဆာနတ်ဘုရား လာနေပြီ"
တောရိုင်းမြေပြင် တစ်ခုလုံးရှိ ပျက်စီးခြင်းမျိုးနွယ်စုဝင်များမှာ ထိုအသံကို ကြားသည်နှင့် ချက်ချင်းပင် နန်းတော်ဆီသို့ စုရုံးရောက်ရှိလာကြသည်။ သူတို့သည် ယခင်ကတည်းက လေ့ကျင့်မှုများစွာ ပြုလုပ်ထားသဖြင့် ထိတ်လန့်နေသော်လည်း ပျာယာခတ်မသွားကြပေ။
"ရောက်လာပြီပေါ့... မြန်လှချည်းလား။ ယီယွင် ဘယ်လိုနေမလဲ မသိဘူး" ဟု တရားထိုင်နေသော သန့်စင်ရာကျွန်းမှ ဇနီးမောင်နှံက ပြောလိုက်သည်။ ဤတိုက်ပွဲမှာ သူတို့အတွက် သေခြင်းနှင့် ရှင်ခြင်း ခွဲခွာရမည့် တိုက်ပွဲ ဖြစ်လာနိုင်ကြောင်း သူတို့ သိသည်။
သို့သော် သူတို့ မနောင်တရပေ။
" သွားကြစို့"
"ကောင်းပါပြီ"
ဇနီးမောင်နှံသည် လက်ချင်းတွဲကာ နန်းတော်ဆီသို့ ပျံသန်းသွားကြသည်။ သူတို့နှင့်အတူ လူသားစစ်သည် အများအပြားလည်း ပါဝင်လာကြသည်။ မိမိတို့၏ ဇာတိမဟုတ်သော နေရာတွင် သေဆုံးရမည် ဖြစ်သော်လည်း သူတို့၏ မိသားစုများ ရှင်သန်ရေးအတွက် ဤလမ်းကို သူတို့ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
နန်းတော်အတွင်းရှိ ခန်းမတစ်ခုထဲတွင် ကျန်းရှောင်ယုသည် မြေခွေးနတ်ဘုရား ရုပ်တုအောက်၌ ငြိမ်သက်စွာ ထိုင်နေသည်။ သူမ၏ ဘေးနားတွင် လမ်းပြလူငယ် ကလည်း စောင့်ကြပ်နေသည်။
ထိုရုပ်တုထဲတွင် ဒဏ်ရာရထားသော ပျက်စီးခြင်းမျိုးနွယ်စု၏ မြင့်မြတ်သောဝိညာဉ် က ရှိနေခြင်း ဖြစ်သည်။
တောရိုင်းဘုရင်မဟောင်း ဝင်လာချိန်တွင် ကျန်းရှောင်ယုမှာ မျက်လုံးပွင့်နေပြီ ဖြစ်သည်။
"မယ်တော်..."
"ခရာသံ ကြားလိုက်ရပြီ..."
ဘုရင်မဟောင်းသည် သမီးဖြစ်သူ၏ တည်ငြိမ်သော်လည်း ပြတ်သားသော မျက်နှာကို ကြည့်ကာ စိတ်မကောင်း ဖြစ်သွားရသည်။
"ဟုတ်ကဲ့"
ကျန်းရှောင်ယုက ခေါင်းငြိမ့်လိုက်သည်။ မြင့်မြတ်သော ဝိညာဉ်သည် မိစ္ဆာနတ်ဘုရား၏ အရှိန်အဝါကို ခံစားမိသဖြင့် အတင်းအဓမ္မ နိုးထလာခဲ့ပြီ ဖြစ်သည်။
မိစ္ဆာနတ်ဘုရား၏ ဖိအားမှာ တောရိုင်းမြေပြင်တစ်ခုလုံးကို ပိတ်ဆို့ထားရာ မြေပြင်နှင့် တစ်သားတည်းဖြစ်သော ဝိညာဉ်တော်မှာလည်း ၎င်းကို ခံစားနေရခြင်းပင်။ ဤသည်မှာ ရှေးဟောင်းအစွမ်း နှစ်ခုကြားက နောက်ဆုံး အဆုံးအဖြတ် တိုက်ပွဲ ဖြစ်လာတော့မည်။
"ယွင်အာ... မင်း ဘာမှ မဖြစ်ပါစေနဲ့..." ကျန်းရှောင်ယုက တိုးတိုးလေး ရေရွတ်ရင်း ထရပ်လိုက်သည်။
သူမ၏ ဝတ်စုံမှာ ပွင့်အာနေသော နှင်းဆီပန်းတစ်ပွင့်ကဲ့သို့ပင်။ ယီယွင်မှာ မိစ္ဆာနတ်ဘုရားကို တိုက်ခိုက်ရန် ထွက်သွားခဲ့သော်လည်း ယခုမူ မိစ္ဆာနတ်ဘုရားက ဤနေရာသို့ ရောက်လာခဲ့ပြီ ဖြစ်သည်။
ကျန်းရှောင်ယု၏ စိတ်ထဲတွင် ထိတ်လန့်မှု ရှိသော်လည်း ပျက်စီးခြင်းမျိုးနွယ်စု၏ ဘုရင်မတစ်ဦးအနေနှင့် သူမမှာ ကြောက်ရွံ့နေရန် အချိန်မရှိပေ။ သူမ ခန်းမထဲမှ ထွက်လာချိန်တွင် စိတ်ဓာတ်မှာ ပြန်လည် တည်ငြိမ်သွားခဲ့ပြီ ဖြစ်သည်။
"ယွင်အာ အဆင်ပြေမှာပါ" ကျန်းရှောင်ယုက မိမိကိုယ်ကိုယ် အားပေးသကဲ့သို့ ထပ်မံ ပြောလိုက်သည်။ ယီယွင်သည် သူမကို ကတိပေးထားခဲ့ပြီး သူသည် ကတိတည်သူ ဖြစ်သည်။
ကျန်းရှောင်ယု နန်းတော်ပြင်ပသို့ ကြည့်လိုက်ရာ မိုးကုပ်စက်ဝိုင်းတွင် အဆုံးမရှိသော သတ်ဖြတ်ခြင်း အရှိန်အဝါများ ပျံ့လွင့်နေသည်ကို တွေ့လိုက်ရသည်။
"သူ ရောက်လာပြီ"
စတေးခံခဲ့ရသော ကင်းလှည့်အဖွဲ့မှာ စခန်းနှင့် မိုင်ပေါင်းထောင်ချီ ဝေးသော်လည်း မိစ္ဆာနတ်ဘုရားအတွက်မူ ထိုအကွာအဝေးမှာ မျက်စိတစ်မှိတ်စာမျှသာ ဖြစ်သည်။ သွေးရောင်တိမ်တိုက်ကြီးမှာ ခဏချင်းအတွင်း ရောက်ရှိလာပြီး ပျက်စီးခြင်းမျိုးနွယ်စု စခန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။
ခရာသံကြား၍ လူများ စုရုံးရောက်ရှိလာချိန်တွင် ကောင်းကင်ပြာကြီးမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သွေးရောင်တိမ်တိုက်မှာ သွေးပျစ်ကြီးများကဲ့သို့ အချိန်မရွေး စီးကျလာတော့မည့်ပုံ ပေါ်နေသည်။
ပညာရှင်ကြီးများနှင့် ကောင်းကင်ဘုံဘုရင်များမှာ ကျင့်စဉ်စွမ်းအားများဖြင့် အကာအကွယ်များ ပြုလုပ်ကာ အားနည်းသော လူငယ်များကို ကာကွယ်ပေးထားကြရသည်။
သို့သော်လည်း ထိုဖိအားကြောင့် လူငယ်များမှာ တစ်ကိုယ်လုံး တုန်ရင်နေကြရတော့သည်။ အရာအားလုံးကို ဖျက်ဆီးနိုင်သော မိစ္ဆာနတ်ဘုရား၏ ရှေ့မှောက်တွင် သူတို့မှာ အလွန်ပင် သေးငယ်လွန်းလှသည် မဟုတ်ပါလား။
အခန်း ၇၃၀- မိစ္ဆာနတ်ဘုရား၏ ဆက်ခံသူ
ဝုန်း.........
ပျက်စီးခြင်းမျိုးနွယ်စု နန်းတော်အပြင်ဘက်တွင် အလင်းဖောက်ထွင်းမြင်နိုင်သော မြင့်မြတ်သောအလင်းအကာအကွယ်တစ်ခုသည် လေပြင်းတစ်ခုကဲ့သို့ လျင်မြန်စွာ ပြန့်ကားသွားပြီး အရာအားလုံးကို တွန်းထုတ်ပစ်လိုက်သည်။
ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားသော သွေးရောင်တိမ်တိုက်ကြီးပင်လျှင် ထိုအလင်းအကာအကွယ်ကြောင့် ဆုတ်ဖြဲခြင်းခံလိုက်ရပြီး အားပျော့သွားခဲ့သည်။
၎င်းမှာ ပျက်စီးခြင်းမျိုးနွယ်စု၏ ခုခံရေးအစီအရင်ပင် ဖြစ်သည်။ ဤအစီအရင်ကြောင့်သာ ပျက်စီးခြင်းမျိုးနွယ်စုဝင်များသည် မိစ္ဆာနတ်ဘုရား၏ ဖိအားကို အန်တုနိုင်ခြင်း ဖြစ်သည်။ အစီအရင် ပွင့်လာသည်နှင့်အမျှ သွေးတိမ်တိုက်မှာလည်း ပိုမိုလှုပ်ခတ်လာပြီး တိုက်ပွဲအစစ်အမှန် မစတင်မီမှာပင် ကောင်းကင်ကြီးမှာ အရောင်အမျိုးမျိုး ပြောင်းလဲနေတော့သည်။
မိစ္ဆာနတ်ဘုရားမှာ ထိုတိမ်တိုက်ထဲတွင် ရှိနေသည်။
သံချပ်ကာအပြည့် ဝတ်ဆင်ထားပြီး လှံရှည်ကြီးကို ကိုင်ဆောင်ထားသော ထွားကျိုင်းသည့် လူတစ်ဦးကို လူတိုင်း မြင်လိုက်ရသည်။ သူသည် သွေးတိမ်တိုက်ကြီး၏ အထက်တွင် လောကကြီးကို အုပ်စိုးသော နတ်ဘုရားတစ်ပါးကဲ့သို့ ရပ်နေသည်။
သူသည် မည်သူမျှ မယှဉ်နိုင်သော၊ အနိုင်မရနိုင်သော ပုံစံရှိပြီး သူ၏ ဖိအားအောက်တွင် လူတိုင်း၏ ကျောပြင်များ အေးစက်ကုန်ကြသည်။ သူ၏ အေးစက်သော အကြည့်မှာ လူတိုင်းကို စိုက်ကြည့်နေသကဲ့သို့ပင်။
"မြန်လွန်းတယ်... ငါတို့ ဘာလုပ်ရမလဲဆိုတာတောင် အစီအစဉ် မဆွဲရသေးဘူး..."
ထွက်ပြေးရန် စဉ်းစားနေသော်လည်း ဆုံးဖြတ်ချက် မချရသေးသော လူသားအုပ်စုမှာ ယခုအခါ လမ်းပျောက်နေကြပြီ ဖြစ်သည်။ မိစ္ဆာနတ်ဘုရားမှာ ဤမျှ ရုတ်တရက် ပေါ်လာလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။
ယခုအခါ စခန်းတစ်ခုလုံးကို မိစ္ဆာနတ်ဘုရားက ပိတ်ဆို့ထားပြီဖြစ်ရာ ဘယ်ကိုပြေးပြေး သေလမ်းသာ ရှိတော့သည်။ သူတို့အနေနှင့် အံကြိတ်ကာ တိုက်ပွဲအတွက် ပြင်ဆင်ရန်သာ ရှိတော့သည်။
သက်ရှိအဆင့်အတန်း ကွာခြားမှုကြောင့် လူတိုင်း၏ စွမ်းအားများမှာ အဖိနှိပ်ခံထားရပြီး အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် အသတ်ခံရမည်ဟု ခံစားနေရသည်။ အစီအရင်အတွင်းမှာပင် ထိုခံစားချက်ကို မရှောင်လွှဲနိုင်ချေ။
ထိုစဉ်မှာပင် နန်းတော်အတွင်းမှ သိမ်မွေ့သော်လည်း ပြတ်သားသော ခြေသံများကို ကြားလိုက်ရသည်။ နန်းတော်တံခါးကြီးများ အလိုအလျောက် ပွင့်သွားပြီးနောက် ကျန်းရှောင်ယု ထွက်လာခဲ့သည်။ အနီရောင်ဝတ်စုံနှင့် ဆံပင်နက်ရှည်များ ရှိသော သူမ၏ ဘေးပတ်လည်တွင် ရှေးဟောင်းအငွေ့အသက်များ ဝန်းရံနေသည်။
ကျန်းရှောင်ယုသည် လက်တစ်ဖက်တွင် အရိုးတောင်ဝှေးကို ကိုင်ထားပြီး ကျောကို ဆန့်တန်းထားသည်။ သူမ၏ ခြေလှမ်းတိုင်းမှာ နှေးကွေးသော်လည်း ခိုင်မာသော စိတ်ဓာတ်ဖြင့် နန်းတော်အပြင်သို့ ထွက်လာခဲ့ခြင်း ဖြစ်သည်။
"မင်းက..."
မိစ္ဆာနတ်ဘုရား၏ အကြည့်မှာ ကျန်းရှောင်ယုအပေါ်သို့ ကျရောက်သွားသည်။ ပြင်းထန်လှသော ဖိအားကြီးမှာ ကျန်းရှောင်ယုကို ဝါးမျိုတော့မည့်အလား တိုးဝင်လာသည်။
သာမန်လူငယ် ပါရမီရှင်များမှာ မိစ္ဆာနတ်ဘုရား၏ အကြည့်အောက်တွင်ပင် အသားစိုင်များ ဖြစ်သွားနိုင်သော်လည်း ကျန်းရှောင်ယုမှာမူ ထိုအကြည့်ကို တည်ငြိမ်စွာ ရင်ဆိုင်နိုင်နေသည်။
ကျန်းရှောင်ယုသည် ယီယွင် သို့မဟုတ် ကောင်းကင်ဘုံဘုရင်များလောက် မသန်မာသော်လည်း သူမ၏ ခန္ဓာကိုယ်အတွင်း၌ စီးဆင်းနေသော ကောင်းကင်ဘုံ ၁၂ ဘုံ ၏ မြင့်မြတ်သော သွေးမျိုးဆက်ကြောင့်သာ ဤကဲ့သို့ တည်ငြိမ်နိုင်ခြင်း ဖြစ်သည်။
"ကောင်းတယ်"
မိစ္ဆာနတ်ဘုရားက ရှေးဟောင်းဘာသာစကားဖြင့် ပြောလိုက်သည်။ နှစ်ပေါင်း သန်းချီ သက်တမ်းရှိသော ထိုဘာသာစကားကို ပျက်စီးခြင်းမျိုးနွယ်စုမှ အကြီးအကဲ အနည်းငယ်သာ နားလည်နိုင်သည်။
"ငါ မင်းကို အာရုံစိုက်ခဲ့တာက မင်းရဲ့ သွေးမျိုးဆက်ကြောင့်ပဲ။ မူလက ငါ မင်းကို ငါ့ရဲ့ ဆက်ခံသူအဖြစ် ထားချင်ခဲ့တာ"
"ဒီလို သွေးမျိုးဆက်မျိုးနဲ့ဆိုရင် မင်းက တိုက်ပွဲဝင်ဖို့ မွေးဖွားလာတာပဲ။ စိတ်မကောင်းစရာက မင်းက ဒီလို ဖုန်ထူတဲ့ မြေရိုင်းမှာ မွေးလာခဲ့တာပဲ။ အခု မင်း အားနည်းနေတာက ပြဿနာမရှိဘူး၊ မင်းရဲ့ သွေးမျိုးဆက်က အလားအလာ အများကြီးရှိတယ်။
ဒီလို အောက်တန်းစား လူမျိုးစုတွေနဲ့ အဆက်အသွယ်ဖြတ်ပြီး ငါ့ရဲ့ နောက်လိုက် ဖြစ်လာမယ်ဆိုရင် မင်းက ငါ့အောက်မှာ အစွမ်းထက်ဆုံး စစ်ဝိညာဉ်ဖြစ်လာပြီး ကောင်းကင်ဘုံ ၁၂ ဘုံကို ငါနဲ့အတူ သိမ်းပိုက်နိုင်လိမ့်မယ်"
မိစ္ဆာနတ်ဘုရား၏ စကားသံကြောင့် ရှေးဟောင်းဘာသာစကားကို နားလည်သော အကြီးအကဲများမှာ အံ့အားသင့်သွားကြရသည်။ ကျန်းရှောင်ယုကို သူ၏ ဆက်ခံသူအဖြစ် ထားရှိရန်လား ၎င်းမှာ အလွန်ပင် တုန်လှုပ်ဖွယ် ကောင်းလှသည်။
လူသားနှင့် ပျက်စီးခြင်းမျိုးနွယ်စုဝင်များကို ပုရွက်ဆိတ်ကဲ့သို့ သတ်ဖြတ်နေသော မိစ္ဆာနတ်ဘုရားက ကျန်းရှောင်ယုကို ဤမျှ အရေးတယူ ရှိနေခြင်းပင်။
"ရွေးချယ်လိုက်စမ်း။ ငါ့နောက်ကို လိုက်ခဲ့မယ်ဆိုရင် မင်းကို ကြီးမားတဲ့ အစွမ်းတွေ ငါ ပေးမယ်။ ဒါပေမဲ့ မင်းရဲ့ သစ္စာရှိမှုကို ပြဖို့အတွက် ဒီအောက်တန်းစား လူမျိုးစု နှစ်ခုလုံးကို မင်းကိုယ်တိုင် သတ်ပစ်ရမယ်။ သဘောတူရင် မင်းက အစွမ်းထက်ဆုံး စစ်ဝိညာဉ် ဖြစ်လာမယ်၊ ငြင်းပယ်ရင်တော့ ငါ မင်းကို ဖျက်ဆီးပစ်မယ်"
မိစ္ဆာနတ်ဘုရားသည် ယီယွင်ကြောင့် ဒေါသထွက်နေသဖြင့် ကျန်းရှောင်ယုကို သတ်ရန် ရည်ရွယ်ခဲ့သော်လည်း သူမ၏ သွေးမျိုးဆက်ကို မြင်လိုက်ရချိန်တွင် သူ၏ ရှုပ်ထွေးနေသော စိတ်မှာ အနည်းငယ် ငြိမ်သက်သွားပြီး သူမကို ဖျက်ဆီးပစ်ရန် နှမြောသွားခြင်း ဖြစ်သည်။
ကျန်းရှောင်ယုသည် မိစ္ဆာနတ်ဘုရား၏ စကားကို တိုက်ရိုက် နားမလည်သော်လည်း မြင့်မြတ်သော ဝိညာဉ်က သူမအား အဓိပ္ပာယ် ပြန်ပေးလိုက်သည်။ သူမသည် လူအုပ်ကြီးကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကောင်းကင်ယံသို့ မော့ကြည့်ကာ သူမ၏ အရိုးတောင်ဝှေးကို မြှောက်လိုက်သည်။
ဝူး.....
ရုတ်တရက် လေပြင်းတစ်ခု တိုက်ခတ်လာသည်။ လူတိုင်း ခံစားနေရသော ဖိအားမှာ လျော့ကျမသွားသော်လည်း သူတို့၏ ခြေထောက်အောက်ရှိ မြေပြင်မှာ ပိုမို ခိုင်မာလာသကဲ့သို့ ခံစားလိုက်ရသဖြင့် သူတို့ တည်ငြိမ်စွာ ရပ်နိုင်သွားကြသည်။
ကျန်းရှောင်ယု၏ နောက်ကွယ်တွင် ကြီးမားလှသော မြေခွေးနတ်ဘုရား ပုံရိပ်ကြီး ပေါ်လာသည်။ ထိုမြေခွေးကြီးသည် အမြီးခြောက်ခုရှိပြီး ကောင်းကင်ယံအထိ ရောက်ရှိနေသော နတ်ဘုရားမီးတောက်များကဲ့သို့ တောက်ပနေသည်။
၎င်းမှာ မြင့်မြတ်သော ဝိညာဉ်တော်ပင် ဖြစ်သည်။ ထိုပုံရိပ်ကို မြင်လိုက်ရသည်နှင့် တောရိုင်းစစ်သည်များ၏ စိတ်ဓာတ်မှာ ပြန်လည် တက်ကြွလာပြီး မိစ္ဆာနတ်ဘုရားအပေါ် ထားရှိသော ကြောက်ရွံ့မှုများမှာလည်း သိသိသာသာ လျော့နည်းသွားခဲ့သည်။ မြင့်မြတ်သော ဝိညာဉ်တော်မှာ သူတို့နှင့်အတူ ရှိနေပြီ ဖြစ်သည်။
ဝိညာဉ်တော်မှာ ဒဏ်ရာပြင်းထန်သဖြင့် ခန္ဓာကိုယ်အစစ်ဖြင့် မပေါ်လာနိုင်သော်လည်း ကျန်းရှောင်ယု၏ ခန္ဓာကိုယ်ကို အသုံးပြုကာ တိုက်ခိုက်မည် ဖြစ်သည်။ ကျန်းရှောင်ယု၏ သွေးမျိုးဆက်ကသာ ဝိညာဉ်တော်၏ အစွမ်းကို အပြည့်အဝ ထုတ်ဖော်နိုင်ခြင်းပင်။
ကျန်းရှောင်ယုသည် အရိုးတောင်ဝှေးဖြင့် မိစ္ဆာနတ်ဘုရားကို ညွှန်ပြလိုက်သည်။ ဝိညာဉ်တော်၏ အစွမ်းကြောင့် သူမ၏ အရှိန်အဝါမှာ အကန့်အသတ်မရှိ မြင့်တက်လာပြီး မြင့်မားလှသော တောင်ကြီးတစ်လုံးကဲ့သို့ ဖြစ်လာသည်။
သူမသည် သွေးတိမ်တိုက်ကြီးကို အန်တုကာ လူငယ်များအတွက် ကောင်းကင်ကြီးကို မားမားမတ်မတ် ထောက်မပေးထားလိုက်သည်။
"ဟားဟားဟား" မိစ္ဆာနတ်ဘုရားသည် ရူးသွပ်စွာ ရယ်မောလိုက်ပြီး သူ၏ လှံရှည်ကို ဝေ့ယမ်းလိုက်ရာ ပတ်ဝန်းကျင်ရှိ စွမ်းအင်များမှာ သောင်းကျန်းကုန်တော့သည်။
"ဒါ မင်းရဲ့ အဖြေပေါ့။ မင်း ငါ့ကို ငြင်းပယ်လိုက်ပြီပဲ။ ကောင်းပြီလေ ဒီကမ္ဘာပျက်ကြီးမှာ ကြီးပြင်းလာပြီး ကောင်းကင်ဘေးဒဏ် နှစ်ခုပဲ ကြုံဖူးတဲ့ ဒီမြေခွေးအိုကြီးနဲ့ ငါ့ကို ယှဉ်နိုင်မယ် ထင်နေတာလား။ ဒီကောင်က ငါ့ရဲ့ စီးတော်ယာဉ် ဖြစ်ဖို့တောင် မတန်ဘူး"
ဘုန်း....
ထိုခဏတွင် ကောင်းကင်ရှိ သွေးတိမ်တိုက်ကြီးမှာ လှိမ့်တက်လာတော့သည်။
မိစ္ဆာနတ်ဘုရားသည် ကျန်းရှောင်ယုကို ရက်စက်စွာ ကြည့်လိုက်ရင်း...
"အခု မင်းကို ငါ သတ်မယ်။ နှမြောစရာကောင်းပေမဲ့ မင်းရဲ့ သွေးတွေကို သောက်လိုက်ရင် ငါ့ရဲ့ ဒဏ်ရာတွေ အများကြီး သက်သာသွားလိမ့်မယ်"