အခန်း (၇၃၁-၇၃၃)
Vol. 49 Ch. 731-733
အခန်း ၇၃၁- နှင်းကြာပန်း
မိစ္ဆာနတ်ဘုရားနှင့် ကျန်းရှောင်ယုတို့၏ စကားဝိုင်းကို လူအများအပြား နားမလည်ကြသော်လည်း ပျက်စီးခြင်းမျိုးနွယ်စု ပညာရှင်ကြီးများ၏ စိတ်ချင်းဆက်သွယ် ပြောကြားမှုကြောင့် အကြောင်းအရာကို သိရှိသွားကြသည်။
ထိုအကြောင်းအရာမှာ သူတို့အတွက် အလွန်ပင် ထိတ်လန့်စရာ ကောင်းလှသည်။
မိစ္ဆာနတ်ဘုရားသည် လက်ရှိ ထျန်းယွမ်တိုက်ကြီးတွင် အင်အားအကောင်းဆုံးနှင့် ပြိုင်ဘက်ကင်းသော စစ်သည်တော် ဖြစ်သည်။ သူသည် ကောင်းကင်ဘုံဘုရင်များကိုပင် မြက်ပင်များကဲ့သို့ သတ်ဖြတ်နေသူ ဖြစ်ရာ သူ၏ ဆက်ခံသူ ဖြစ်လာမည်ဆိုပါက မည်သို့သော အခြေအနေမျိုး ရောက်ရှိသွားမည်နည်း။
ထို့ပြင် မိစ္ဆာနတ်ဘုရားက သူတို့အတွက် သူစိမ်းဆန်လှသော ကောင်းကင်ဘုံ ၁၂ဘုံ အကြောင်းကိုလည်း ထည့်သွင်းပြောဆိုသွားခဲ့သည်။ လူသားပညာရှင် အနည်းငယ်သာလျှင် ရှေးဟောင်းကျမ်းစာများထဲ၌ ထိုနေရာအကြောင်းကို ဖတ်ဖူးကြသည်။
၎င်းမှာ လက်ရှိကမ္ဘာထက် ပိုမိုကျယ်ပြောပြီး သိုင်းပညာအဆင့်အတန်း ပိုမြင့်မားသော ကမ္ဘာတစ်ခုပင် ဖြစ်သည်။
သို့သော် မိစ္ဆာနတ်ဘုရားကဲ့သို့ ရက်စက်ကြမ်းကြုတ်သော ပုဂ္ဂိုလ်မျိုးသည် သူ၏ တပည့်အပေါ် ကြင်နာမည်မဟုတ်သည်ကို လူတိုင်း သိကြသည်။ သူပြောသော စစ်ဝိညာဉ် ဆိုသည်မှာ ကျန်းရှောင်ယုကို သူ၏ ခိုင်းဖတ်၊ သူ၏ လက်နက်တစ်ခုအဖြစ်သာ ဖန်တီးလိုခြင်း ဖြစ်ပေလိမ့်မည်။
သို့သော် ငြင်းပယ်လိုက်ပါက သေခြင်းတရားနှင့်သာ ရင်ဆိုင်ရမည် ဖြစ်သည်။ ၎င်းမှာလည်း မိစ္ဆာနတ်ဘုရားကိုယ်တိုင် သတ်ဖြတ်ခြင်း ဖြစ်ပေလိမ့်မည်။ မိစ္ဆာနတ်ဘုရား၏ ဖိအားရှေ့မှောက်တွင် မည်သူ့နှလုံးသားကများ မတုန်လှုပ်ဘဲ နေနိုင်ပါမည်နည်း။
မိစ္ဆာနတ်ဘုရား၏ အရှိန်အဝါများ ပိုမိုပြင်းထန်လာချိန်တွင် ကျန်းရှောင်ယုသည် အသက်ကို ပြင်းပြင်းရှူလိုက်သည်။ သူမ၏ အရှိန်အဝါမှာလည်း တစ်ဆင့် မြင့်တက်လာပြီး နောက်ကွယ်မှ မြေခွေးနတ်ဘုရားပုံရိပ်ကြီးမှာ ကောင်းကင်သို့ ပျံတက်သွားကာ မိစ္ဆာနတ်ဘုရားနှင့် တစ်တန်းတည်း ရင်ဆိုင်လိုက်တော့သည်။
"ကျွန်မရဲ့ သွေးကို သောက်ချင်တယ်ဆိုရင်လည်း လာယူကြည့်လိုက်လေ" ကျန်းရှောင်ယု၏ အသံမှာ ကြည်လင်ပြတ်သားစွာဖြင့် လောကတစ်ခုလုံးသို့ ပျံ့လွင့်သွားပြီး လူတိုင်း၏ နားထဲသို့ ရောက်ရှိသွားသည်။
"ဟားဟားဟားဟား"
မိစ္ဆာနတ်ဘုရားသည် ဟက်ဟက်ပတ်ပတ် ရယ်မောလိုက်သည်။ သူ၏ အသံမှာ အေးစက်ရက်စက်လှပြီး ကမ္ဘာမြေကို တုန်ခါစေသည်။ လူများမှာ သူတို့၏ နားစည်များ နာကျင်လာပြီး ခန္ဓာကိုယ်များ ပေါက်ကွဲတော့မည့်အလား သွေးများ ဆူပွက်လာကြသည်။
လူသားပညာရှင်ကြီးများသည် ခုခံရေးအကာအကွယ်များထဲသို့ စွမ်းအင်များ ပိုမို ထည့်သွင်းပေးနေရသော်လည်း ထိုကြောက်မက်ဖွယ်ကောင်းသော ဖိအားကို အနည်းငယ်သာ တားဆီးနိုင်ကြသည်။ သူတို့ကိုယ်တိုင်ပင်လျှင် ထိုရယ်သံကြောင့် တုန်ရင်နေရပြီး သူတို့၏ စွမ်းအားများမှာ အဖိနှိပ်ခံထားရသည်။
ကျန်းရှောင်ယုနှင့် မိစ္ဆာနတ်ဘုရားတို့၏ အရှိန်အဝါများ ထိပ်တိုက်တွေ့ဆုံမှုကြောင့် ကောင်းကင်နှင့် မြေပြင်ကြားတွင် လျှပ်စီးများ လက်ကနဲ လက်ကနဲ ဖြစ်ပေါ်နေပြီး လောကကြီးကို ဆုတ်ဖြဲတော့မည့်အလား ထင်ရသည်။
"ဒါဆိုရင်လည်း သေပေတော့"
မိစ္ဆာနတ်ဘုရား၏ သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲထွက်လာသည်။ သူ နိုးထလာပြီးနောက်ပိုင်း မောက်မာသောသူ နှစ်ဦးနှင့် တွေ့ခဲ့ရသည်။ တစ်ဦးမှာ ယီယွင်ဖြစ်ပြီး အခြားတစ်ဦးမှာ ကျန်းရှောင်ယုပင်။
ထိုနှစ်ဦးအနက် တစ်ဦးမှာ ပါးနပ်စွာဖြင့် သူ့ကို ချောင်းမြောင်းတိုက်ခိုက်ခဲ့သူဖြစ်ပြီး အခြားတစ်ဦးမှာမူ မိမိကိုယ်ကိုယ် အထင်ကြီးလွန်းကာ သူ့ကို ငြင်းပယ်ဝံ့သူ ဖြစ်သည်။ ဤနှစ်ဦးစလုံးကို သူ သတ်ပစ်ရမည်
သူ၏ ဟိန်းဟောက်သံနှင့်အတူ မြေပြင်ကြီးမှာ တုန်ခါသွားပြီး အစီအရင်အပြင်ဘက်ရှိ တောင်တန်းကြီးများမှာ အက်ကွဲကာ ကျောက်တုံးကြီးများ ပြိုကျကုန်တော့သည်။ မိစ္ဆာနတ်ဘုရား၏ လှံရှည်မှာ ကျန်းရှောင်ယုရှိရာသို့ ရုတ်တရက် ထိုးစိုက်လာသည်။ ကောင်းကင်ရှိ သွေးတိမ်တိုက်မှာ လှည့်ပတ်လာပြီး လေပြင်းများ တိုက်ခတ်လာရာ ကောင်းကင်နှင့် မြေကြီးမှာ ပေါင်းစည်းသွားတော့မည့်အလားပင်။
၎င်းမှာ ရိုးရှင်းသော လှံတစ်ချက်သာ ဖြစ်သော်လည်း လူတိုင်း၏ မျက်စိထဲတွင်မူ ထိုလှံမှာ အတိုင်းအဆမရှိ ကြီးမားနေသည်။ ၎င်းမှာ ကမ္ဘာပေါ်တွင် တစ်ခုတည်းသော တည်ရှိမှုအဖြစ် သူတို့၏ ဦးခေါင်းအထက်သို့ ကျရောက်လာနေခြင်းပင်။
ရှောင်တိမ်းရန်လည်း မဖြစ်နိုင်၊ ခုခံရန်လည်း မလွယ်ကူလှပေ။ လူသားများအနေနှင့် သဘာဝဘေးအန္တရာယ်ကဲ့သို့သော အစွမ်းမျိုးကို မည်သို့ ရင်ဆိုင်နိုင်ပါမည်နည်း။ လူငယ်ပါရမီရှင်များမှာ ထိုအစွမ်းရှေ့တွင် တုန်ရင်နေကြရသည်။ ထိုလှံ၏ နောက်ဆက်တွဲ စွမ်းအင်ကပင် သူတို့ကို အမှုန့်ဖြစ်သွားစေရန် လုံလောက်ကြောင်း သူတို့ သိကြသည်။
"ဝုန်း"
မိစ္ဆာနတ်ဘုရား၏ တိုက်ကွက်ကို ကျန်းရှောင်ယု နောက်ကွယ်မှ မြေခွေးနတ်ဘုရားက ဒေါသတကြီး ဟိန်းဟောက်၍ တုံ့ပြန်လိုက်သည်။ ထိုအသံလှိုင်းမှာ မိစ္ဆာနတ်ဘုရား၏ ဟိန်းဟောက်သံကို ဖယ်ရှားပစ်လိုက်သည်။
တပြိုင်နက်တည်းမှာပင် ကျန်းရှောင်ယုသည် အရိုးတောင်ဝှေးကို မြှောက်ကာ မိစ္ဆာနတ်ဘုရားထံသို့ သိမ်မွေ့စွာ ဝေ့ယမ်းလိုက်သည်။ သူမ၏ လှုပ်ရှားမှုမှာ နူးညံ့လှသော်လည်း နောက်ကွယ်မှ မြေခွေးနတ်ဘုရားမှာမူ အမြီးခြောက်ခုလုံးကို လှုပ်ခတ်ကာ တောရိုင်းမြေပြင်တစ်ခုလုံး၏ စွမ်းအားများကို စုစည်း၍ မိစ္ဆာနတ်ဘုရား၏ တိုက်ကွက်ကို ပြန်လည် တိုက်ခိုက်လိုက်တော့သည်။
ဘုန်း ဘုန်း ဘုန်း.....
မြေပြင်ကြီး တုန်ခါသွားပြီး အဝေးမှ တောင်ထိပ်များမှာ ချက်ချင်း ပြိုကျကုန်သည်။ ပြင်းထန်လှသော စွမ်းအားနှင့် ကျန်းရှောင်ယု၏ နူးညံ့မှုတို့မှာ သိသာစွာ ကွဲပြားနေသော်လည်း ထူးဆန်းစွာပင် တစ်သားတည်း ပေါင်းစည်းနေကြသည်။
ပထမဆုံး ထိပ်တိုက်တွေ့ဆုံမှု၏ နောက်ဆက်တွဲ စွမ်းအင်လှိုင်းများကြောင့် ပတ်ဝန်းကျင်ရှိ တောင်တန်းဒေသများမှာ ချက်ချင်းပင် ကွင်းပြင်ကြီးများအဖြစ် ပြောင်းလဲသွားရသည်။
တားဆီးနိုင်ခဲ့ပြီ........
လူများ သတိမထားမိခင်မှာပင် မိစ္ဆာနတ်ဘုရား၏ ဒုတိယမြောက် လှံချက် ကျရောက်လာပြန်သည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များကြောင့် ဟင်းလင်းပြင်ကြီးမှာပင် တွန့်လိမ်သွားရသည်။
မိစ္ဆာနတ်ဘုရားမှာ ရယ်မောရင်း တိုက်ပွဲကြာလာသည်နှင့်အမျှ ပိုမို ရဲတင်းလာသည်။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများမှ သွေးများ စီးကျနေသော်လည်း ၎င်းမှာ သူ့ကို အားနည်းမသွားစေဘဲ ပိုမို ရူးသွပ်လာစေသည်။
ဝုန်း.......
မြေခွေးနတ်ဘုရား ပုံရိပ်မှာ ရုတ်တရက် ဝေဝါးသွားပြီး ကျန်းရှောင်ယု၏ မျက်နှာမှာ ဖြူလျော့သွားသည်။ မြင့်မြတ်သော ဝိညာဉ်တော်မှာ ဆက်လက် မတောင့်ခံနိုင်တော့ပေ။
ပျက်စီးခြင်းမျိုးနွယ်စုဝင်များမှာ စိုးရိမ်တကြီး ဖြစ်သွားကြသည်။ ဝိညာဉ်တော်မှာ မူလကတည်းက ဒဏ်ရာပြင်းထန်သဖြင့် အတင်းအဓမ္မ နိုးထလာခဲ့ရခြင်း ဖြစ်သည်။ မိစ္ဆာနတ်ဘုရား၏ ပြင်းထန်လှသော တိုက်ခိုက်မှုများအောက်တွင် ၎င်း၏ ဒဏ်ရာများ ပြန်လည် ပေါ်ပေါက်လာပြီး အကန့်အသတ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
"ယီယွင် ဘယ်မှာလဲ။ ယီယွင် ဘယ်ရောက်နေတာလဲ" တစ်စုံတစ်ယောက်က မေးလိုက်သည်။
လူသားများမှာ ယီယွင်ကို သူတို့အတွက် ခြိမ်းခြောက်မှုတစ်ခုဟု ယူဆခဲ့ကြသော်လည်း အခက်အခဲနှင့် ကြုံလာချိန်တွင် ယီယွင်ကိုသာ အားကိုးမိကြစမြဲပင်။
"ယီယွင်က မိစ္ဆာနတ်ဘုရားကို လိုက်ရှာဖို့ အရင်ထွက်သွားတာ။ အခု မိစ္ဆာနတ်ဘုရားက ဒီကို ရောက်နေပြီဆိုတော့ ယီယွင်က ပြန်မလာသေးဘူး..." ဟု ပညာရှင်တစ်ဦးက ပြောလိုက်သည်။
လူများမှာ ထပ်ပြီး မတွေးဝံ့ကြတော့ပေ။ ယီယွင်သည် မိစ္ဆာနတ်ဘုရားကို သွားရှာရင်း တစ်ခုခု ဖြစ်သွားခဲ့ပြီလား။
"ဟားဟားဟားဟား" မိစ္ဆာနတ်ဘုရားသည် ဝိညာဉ်တော် အားနည်းလာသည်ကို သိသဖြင့် ရယ်မောနေသည်။ သူသည် ကျန်းရှောင်ယု၏ ဦးခေါင်းကို ချိန်ရွယ်ကာ ရက်စက်စွာ ထိုးစိုက်လိုက်ပြန်သည်။
"သေပေတော့"
သို့သော် ထိုခဏတွင် အရိပ်အချို့မှာ လျှပ်စစ်ကဲ့သို့ ဖြတ်သန်းသွားသည်။ လမင်းကဲ့သို့ အေးစက်လှပသော၊ ပွင့်အာလာသော နှင်းကြာပန်းတစ်ပွင့်နှင့် တူသော ဓားအလင်းတန်းတစ်ခုမှာ မိစ္ဆာနတ်ဘုရားထံသို့ တိတ်တဆိတ် ထိုးဝင်သွားတော့သည်။
ဝုန်း........
မိစ္ဆာနတ်ဘုရားသည် ချက်ချင်း သိရှိသွားပြီး ကျန်းရှောင်ယုထံသို့ ထိုးစိုက်နေသော လှံကို ပြန်လည် ရုပ်သိမ်းလိုက်ရသည်။
လှံသည် ထိုအရိပ်ကို မထိမှန်ဘဲ ငုံနေသော နှင်းကြာပန်းဖူးတစ်ခုကိုသာ ထိမှန်သွားခဲ့သည်။ ထိုနှင်းကြာပန်းမှာ လှံနှင့် ထိတွေ့လိုက်သည်နှင့် ချက်ချင်း ပွင့်အာသွားပြီး အေးစက်လှသော နှင်းခဲစွမ်းအင်များမှာ လှံတစ်လျှောက် အလျင်အမြန် ပျံ့နှံ့သွားတော့သည်။
အခန်း ၇၃၂- နတ်ဘုရားချုပ်နှောင်သော ချိတ်ပိတ်မှုအစီရင်
"ဒါ လင်ရှင်းထုံပဲ လင်ရှင်းထုံ လှုပ်ရှားလိုက်ပြီ။ သူမ တစ်ယောက်တည်း မိစ္ဆာနတ်ဘုရားကို တိုက်ခိုက်နေတာလား"
နှင်းကြာပန်းကို မြင်လိုက်ရသည်နှင့် ၎င်းမှာ လင်ရှင်းထုံဖြစ်ကြောင်း လူတိုင်း သိလိုက်ကြသည်။
ယခင်က မိစ္ဆာနတ်ဘုရားနှင့် ရင်ဆိုင်ရစဉ်တွင် မည်သူမျှ ဦးအောင်တိုက်ရန် မပြောနှင့်၊ သူ၏ သတ်ဖြတ်ခြင်း အရှိန်အဝါကို တောင့်ခံရန်ပင် အလွန်ခဲယဉ်းခဲ့ကြသည်။ သို့သော် ယခုမူ လင်ရှင်းထုံသည် ဓားတစ်လက်တည်းဖြင့် မိစ္ဆာနတ်ဘုရားကို တိုက်ခိုက်နေပြီ ဖြစ်သည်။
သူမ အသက်မရှင်ချင်တော့တာလား.....
ရှူး...........
လင်ရှင်းထုံသည် သူမ၏ အစွမ်းရှိသမျှကို စုစည်းကာ ဓားဖြင့် ထိုးစိုက်လိုက်သည်။ သူမ၏ ဥပဒေသများ၊ သိမြင်နားလည်မှုများနှင့် ကျင့်စဉ်စွမ်းအား အားလုံးမှာ ထိုတိုက်ကွက်ထဲတွင် ပါဝင်နေသည်။
သူမ ဖန်တီးလိုက်သော နှင်းကြာပန်းများမှာ စင်ကြယ်သန့်ရှင်းလှပြီး သူမ၏ ကြိုးစားအားထုတ်မှုအားလုံး၏ ပြယုဂ်ပင် ဖြစ်သည်။
လင်ရှင်းထုံ၏ ပစ်မှတ်မှာ မိစ္ဆာနတ်ဘုရား၏ ကျောပြင်၊ သူ၏ နှလုံးသားရှိရာ နေရာဖြစ်သည်။ သို့သော် မိစ္ဆာနတ်ဘုရား၏ တုံ့ပြန်မှုမှာ အလွန်ပင် မြန်လှသည်။ သူသည် လှံကို ဝေ့ယမ်းလိုက်ရာ လင်ရှင်းထုံ၏ ဓားနှင့် ထိတွေ့သွားတော့သည်။
ဖုန်း..........
ဓားမှာ တုန်ခါသွားပြီး နှင်းခဲများမှာ ကွဲအက်ကာ မိုးရေများအဖြစ် အရည်ပျော်သွားသည်။ လင်ရှင်းထုံ၏ အကာအကွယ် စွမ်းအားများမှာ ပြင်းထန်စွာ တုန်ခါသွားပြီး အက်ကြောင်းများ ပေါ်လာတော့သည်။
"ရှင်းထုံ"
မလှမ်းမကမ်းတွင်ရှိသော လင်မိသားစုဝင်များမှာ နှလုံးရပ်မတတ် ထိတ်လန့်သွားကြသည်။ လင်မိသားစု အကြီးအကဲမကြီး၏ မျက်နှာမှာ ဖြူလျော့ကာ လက်များ တုန်ရင်နေသည်။
လင်ရှင်းထုံသည် သူတို့ မိသားစု၏ မျှော်လင့်ချက်ပင် ဖြစ်သည်။ အကြီးအကဲအားလုံး သေဆုံးသွားလျှင်ပင် လင်ရှင်းထုံကိုမူ အသေမခံနိုင်ပေ။
လင်ရှင်းထုံကို ကာကွယ်ထားသော နှင်းကြာပန်းမှာ ပေါက်ကွဲသွားပြီး နှင်းခဲများ လွင့်စင်သွားသည်။ မိစ္ဆာနတ်ဘုရားကို ထိမှန်သွားသော်လည်း သူ၏ အသားကိုပင် မနာစေခဲ့ပေ။ လင်ရှင်းထုံ၏ တိုက်ခိုက်မှုမှာ ကျန်းရှောင်ယုကို ကယ်တင်ရန် ဖြစ်သည်။ ဝိညာဉ်တော်၏ အကူအညီ ရထားသော်လည်း ကျန်းရှောင်ယုမှာ မိစ္ဆာနတ်ဘုရား၏ အဆက်မပြတ် တိုက်ခိုက်မှုကို မခံနိုင်တော့သောကြောင့်ပင်။
"သူမအစား သေပေးချင်တာလား။ ကောင်းပြီလေ၊ မင်းရဲ့ ဆန္ဒကို ငါ ဖြည့်ဆည်းပေးမယ်"
မိစ္ဆာနတ်ဘုရား၏ လှံပေါ်တွင် နှင်းခဲများ ရှိနေဆဲ ဖြစ်သော်လည်း သူက ဂရုမစိုက်ဘဲ လှောင်ပြုံး ပြုံးလိုက်သည်။ ဤအဖြူရောင်ဝတ်စုံနှင့် မိန်းကလေးမှာ ယီယွင်နှင့် နီးစပ်သော ဆက်ဆံရေး ရှိကြောင်း သူ သိသည်။ ယီယွင်နှင့် ပတ်သက်သူ မှန်သမျှ သေရမည်။
သူသည် ယီယွင်ကို နာကျင်စေချင်သည်။ မိစ္ဆာနတ်ဘုရားသည် သူ၏ အရှိန်ကို ယုံကြည်မှု ရှိသည်။ ယီယွင်က ချက်ချင်း လိုက်လာလျှင်ပင် ဤနေရာသို့ ရောက်ချိန်၌ အလောင်းပုံများကိုသာ မြင်တွေ့ရမည်ဟု သူက ယူဆထားသည်။
"ငရဲကို သွားပေတော့"
မိစ္ဆာနတ်ဘုရားသည် သူ၏ လှံဖြင့် လင်ရှင်းထုံ၏ နှလုံးသားရှိရာသို့ ထိုးစိုက်လိုက်သည်။ ၎င်းမှာ ရိုးရှင်းသော ထိုးချက်တစ်ခုသာ ဖြစ်သော်လည်း အံတု၍ မရသော ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါ များ ပါဝင်နေသည်။
အကယ်၍ လင်ရှင်းထုံသာ မဟုတ်ပါက အခြားသော ပညာရှင်ကြီးများမှာ ထိုအရှိန်အဝါကြောင့်ပင် ခန္ဓာကိုယ်များ ပြိုလဲသွားပေလိမ့်မည်။
ဖုန်း........
ထိုခဏတွင် လင်ရှင်းထုံ၏ အကာအကွယ် စွမ်းအားများမှာ အလင်းစက်များအဖြစ် ကြေမွသွားပြီး သူမ၏ ခန္ဓာကိုယ်မှာ အကာအကွယ်မဲ့ ဖြစ်သွားရသည်။ မိစ္ဆာနတ်ဘုရား၏ ရှေ့မှောက်တွင် ကြယ်များကိုပင် ချေမှုန်းနိုင်ရာ သာမန်အသားစိုင်မှာ အဘယ်မှာ ခံနိုင်ပါမည်နည်း။
သို့သော် ထိုအန္တရာယ်ကြီးလှသော အချိန်တွင် လင်ရှင်းထုံမှာ ကြောက်ရွံ့ခြင်းမရှိဘဲ သူမ၏ ဓားကို မြှောက်ကာ မိစ္ဆာနတ်ဘုရား၏ လည်ချောင်းဆီသို့ တိုက်ရိုက် ထိုးစိုက်လိုက်သည်။
သေခါနီး နောက်ဆုံး ပြန်လည်တိုက်ခိုက်ခြင်းလား.....
လူတိုင်းမှာ ထိတ်လန့်သွားကြသည်။ မိစ္ဆာနတ်ဘုရား၏ ရုပ်ပိုင်းဆိုင်ရာ ခုခံမှုမှာ မည်သည့်လက်နက်ကိုမဆို တောင့်ခံနိုင်စွမ်း ရှိသည်။ လင်ရှင်းထုံ၏ တိုက်ကွက်မှာ သူ့ကို ဒဏ်ရာရစေမည် မဟုတ်ဘဲ သူမသာလျှင် လှံချက်ကြောင့် သေဆုံးရတော့မည် ဖြစ်သည်။
သေချာပေါက် သေရမည့် အခြေအနေ...
သို့သော် လှံက လင်ရှင်းထုံကို ထိတော့မည့် ထိုစက္ကန့်ပိုင်းလေးအတွင်းမှာပင်...
ဝုန်း..........
ကောင်းကင်နှင့် မြေပြင်ကြားမှ စွမ်းအားများ ပေါက်ကွဲထွက်လာပြီး သွေးရောင်တိမ်တိုက်ကြီးကို ထိုးဖောက်ကာ ရွှေရောင်အလင်းတန်း ၁၂ ခု ကျဆင်းလာသည်။ ထိုအလင်းတန်းများမှာ အလွန်မြန်ပြီး မိစ္ဆာနတ်ဘုရား၏ ခန္ဓာကိုယ်ပေါ်သို့ ချက်ချင်း ရောက်ရှိသွားသည်။
ဂျွတ်....... ဂျွတ်
မိစ္ဆာနတ်ဘုရား၏ ခန္ဓာကိုယ်နှင့် လှံရှည်ကြီးမှာ ထိုအလင်းတန်းများ၏ ပတ်ပတ်လည် ချည်နှောင်ခြင်းကို ခံလိုက်ရသည်။ ထိုအလင်းတန်း ၁၂ ခုမှာ အမှန်စင်စစ်အားဖြင့် ရွှေရောင် သံကြိုး ၁၂ ချောင်းပင် ဖြစ်သည်။
ထိုသံကြိုးများပေါ်တွင် ရှေးဟောင်းအင်းကွက်များ ပေါ်လာပြီး ၎င်းမှာ မိစ္ဆာများကို ချုပ်နှောင်ကာ နတ်ဘုရားများကို ပိတ်ဆို့နိုင်သော အမိန့်အာဏာတစ်ခုနှင့် တူလှသည်။
လူတိုင်း အံ့အားသင့်နေစဉ်မှာပင် လင်ရှင်းထုံ၏ ဓားမှာ မိစ္ဆာနတ်ဘုရား၏ လည်ချောင်းဆီသို့ ရောက်ရှိသွားသည်။ မိစ္ဆာနတ်ဘုရား၏ လှံမှာမူ သံကြိုးများ၏ ချည်နှောင်မှုကြောင့် ရှေ့ဆက်မတိုးနိုင်ဘဲ ရပ်တန့်သွားခဲ့သည်။
စွတ်.........
ဓားမှာ လည်ချောင်းကို ထိုးဖောက်သွားသည်။ မိစ္ဆာနတ်ဘုရား၏ အရေပြားမှာ အလွန်ထူသဖြင့် သူ၏ ကြွက်သားများဖြင့်ပင် လင်ရှင်းထုံ၏ ဓားကို တောင့်ခံထားနိုင်သည်။ ဓားမှာ အနည်းငယ်သာ ဝင်သွားပြီး ရှေ့ဆက်တိုး၍ မရတော့ပေ။
သွေးစက်အချို့ စီးကျလာပြီး အေးစက်သော ဓားသွားကို နီရဲသွားစေသည်။ လင်ရှင်းထုံ၏ မျက်လုံးများတွင် အေးစက်သောအကြည့်များ ပေါ်လာပြီး သူမသည် ဧကရီနှလုံးသားကျမ်း ကို အဆုံးစွန်အထိ အသုံးပြုကာ မိစ္ဆာနတ်ဘုရား၏ ဒဏ်ရာမှတဆင့် အေးစက်လှသော ယင်စွမ်းအားများကို သူ၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းလိုက်သည်။
မိစ္ဆာနတ်ဘုရား၏ သွေးစက်အချို့မှာ ကျောက်နီများအဖြစ် ခဲသွားပြီး ဒဏ်ရာမှာလည်း အေးခဲလာသည်။ သို့သော် မိစ္ဆာနတ်ဘုရားက လှောင်ပြုံးပြုံးလိုက်ရင်း...
"နတ်ဘုရားချုပ်နှောင် ချိတ်ပိတ်မှုအစီရင်လား မင်းတို့ တိတ်တဆိတ် ဒီအစီအရင်ကို ပြင်ဆင်ထားလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ ဒါကြောင့်လည်း မင်းက မကြောက်မရွံ့ ဖြစ်နေတာကိုး။
မင်းက သေလမ်းကို ရှာနေသလိုမျိုး ဟန်ဆောင်ပြီး ဒီအနီရောင်ဝတ်စုံနဲ့ ကောင်မလေးကို ကယ်ခဲ့တာပေါ့"
မိစ္ဆာနတ်ဘုရား၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရွှေရောင်သံကြိုးများဖြင့် ချည်နှောင်ခံထားရသဖြင့် လှုပ်ရှား၍ မရတော့သည့်ပုံ ပေါ်နေသည်။ ဤအစီအရင်ကို မြင်လိုက်ရချိန်တွင် လူသားပညာရှင်ကြီးများမှာ အံ့အားသင့်သွားကြသည်။
နတ်ဘုရားချုပ်နှောင်ချိတ်ပိတ်မှုအစီရင် ဒါ ဘာအစီအရင်လဲ။ ပျက်စီးခြင်းမျိုးနွယ်စုတွေ ဒါကို ဘယ်က ရတာလဲ။
ဤအစီအရင် ပွင့်လာသည်နှင့်အမျှ ကောင်းကင်နှင့် မြေပြင်ကြားတွင် မြင့်မြတ်သော ရွတ်ဖတ်သံများ ထွက်ပေါ်လာပြီး သွေးတိမ်တိုက်၏ ဖိအားကိုပင် လျော့ကျသွားစေသည်။ ဤအစီအရင်မှာ မိစ္ဆာနတ်ဘုရားကို ချုပ်နှောင်ထားရုံသာမက သူ၏ သတ်ဖြတ်ခြင်း အရှိန်အဝါနှင့် ကျင့်စဉ်စွမ်းအားများကိုပါ ပိတ်ဆို့ထားခြင်းပင် ဖြစ်သည်။
အမှန်စင်စစ် ဤအစီအရင်မှာ ယီယွင် ချန်ထားခဲ့သော အစီအရင် ဖြစ်သည်။ ကျန်းရှောင်ယုနှင့် ဝိညာဉ်တော်တို့က မိစ္ဆာနတ်ဘုရားကို တိုက်ခိုက်နေခြင်းမှာ ၎င်းကို အနိုင်ယူရန် မဟုတ်ဘဲ ဤအစီအရင်ကို ဖွင့်ရန် အချိန်ဆွဲပေးခြင်းသာ ဖြစ်သည်။
ကောင်းကင်နှင့် မြေပြင်ကြားမှ ပေါက်ဖွားလာပုံရသော တောက်ပသည့် ရွှေရောင်သံကြိုးများမှာ မိစ္ဆာနတ်ဘုရား၏ ခြေလက်များကို တင်းကျပ်စွာ ချည်နှောင်ထားတော့သည်။
အခန်း ၇၃၃- ကြောက်မက်ဖွယ်ကောင်းသော အစွမ်း
"မင်းတို့ဆီမှာ ဒီလိုအစီအရင်မျိုး ရှိနေလိမ့်မယ်လို့ ငါ တကယ်ပဲ မထင်ထားခဲ့ဘူး" ဟု မိစ္ဆာနတ်ဘုရားက လေးနက်သော အသံဖြင့် ပြောလိုက်သည်။
နတ်ဘုရားချုပ်နှောင်သော ချိတ်ပိတ်မှု အစီအရင်၏ သမိုင်းကြောင်းမှာ ရှေးဟောင်းခေတ်ဦးအထိပင် ပြန်လိုက်နိုင်သည်။ ၎င်းမှာ နီလာယန်သခင် နှင့် မိစ္ဆာနောက်လိုက် ခုနစ်ဦးတို့ တိုက်ခိုက်ခဲ့သည့် လွန်ခဲ့သော နှစ်သန်းပေါင်းများစွာကထက်ပင် ပိုမိုရှေးကျသော ကာလဖြစ်သည်။
ကောင်းကင်ဘုံ ၁၂ ဘုံမှ လူမျိုးစုတိုင်း၏ အစွမ်းထက် ပုဂ္ဂိုလ်ကြီးများသည် ရှေးဟောင်း နတ်ဘုရား ကို တိုက်ခိုက်ရန် ဤအစီအရင်ကို အသုံးပြုခဲ့ကြခြင်း ဖြစ်သည်။
ထိုစဉ်က အစွမ်းထက်ပုဂ္ဂိုလ် ၁၀၀ ကျော် စုပေါင်း၍ ဤအစီအရင်ကို ခင်းကျင်းခဲ့ရာ နတ်ဘုရားချုပ်နှောင်သော သံကြိုး ပေါင်း ၃၀၀၀ ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ဘုံ၏ ဥပဒေသတရား ကိုပင် ခေတ္တမျှ ပိတ်ဆို့ထားနိုင်ခဲ့သည်။ ၎င်းမှာ အစစ်အမှန် ချိတ်ပိတ်မှုအစီရင် အစီအရင်ပင် ဖြစ်သည်။
ယခု ပျက်စီးခြင်းမျိုးနွယ်စု အသုံးပြုနေသည်မှာ ရိုးရှင်းအောင် ပြုလုပ်ထားသော ပုံစံတူသာ ဖြစ်သည်။ ထို့ကြောင့်လည်း ပျက်စီးခြင်းမျိုးနွယ်စုဝင်များအနေနှင့် ခက်ခဲစွာပင် လည်ပတ်နိုင်ခြင်း ဖြစ်သည်။
"ကောင်းကင်ဘုံက ရတနာတစ်ခုကို အလဟဿ ဖြစ်အောင် လုပ်နေကြတာပဲ။ ဒီလို အစီအရင်မျိုးက ကောင်းကင်ဘုံ ၁၂ ဘုံမှာတောင် အလွန် အဖိုးတန်တယ်။ နှမြောစရာပဲ၊ မင်းတို့လို အမှိုက်တစ်သိုက်က ဒီအစီအရင်ရဲ့ အစစ်အမှန် အစွမ်းကို ဘယ်လိုလုပ် ထုတ်ပြနိုင်မှာလဲ" ဟု မိစ္ဆာနတ်ဘုရားက လှောင်ပြုံးဖြင့် ဆိုသည်။
သူ ပြောနေစဉ်မှာပင် သူ၏ အရိုးအဆစ်များမှာ တဂျွတ်ဂျွတ် မြည်လာပြီး ကြွက်သားများ ဖောင်းကားလာသည်။ ခန္ဓာကိုယ်တစ်ခုလုံးတွင် သွေးကြောစိမ်းကြီးများမှာ မြေကြီးထဲမှ တီကောင်များကဲ့သို့ ထောင်ထလာတော့သည်။
ဖောက် ဖောက် ဖောက်
မိစ္ဆာနတ်ဘုရား၏ ကြွက်သားများပေါ်တွင် အက်ကြောင်းများစွာ ပေါ်လာပြီး သွေးများ ပန်းထွက်လာသည်။ သူ၏ ဒဏ်ရာဗရပွနှင့် ခန္ဓာကိုယ်မှာ သူ၏ ပြင်းထန်လှသော စွမ်းအားကို မခံနိုင်တော့သည့်ပုံ ပေါ်နေသည်။
သူ စွမ်းအင်ကို အသုံးပြုလိုက်တိုင်း သူ၏ သက်စောင့်စွမ်းအားများစွာ ကုန်ဆုံးသွားရသည်။ သို့သော် သူက ဂရုမစိုက်ဘဲ ရူးသွပ်စွာ ရယ်မောနေမြဲပင်။
လင်ရှင်းထုံသည် ရင်ထဲတွင် ထိတ်လန့်သွားပြီး သူမ၏ ဓားကို ရုပ်သိမ်းကာ နောက်သို့ အလျင်အမြန် ဆုတ်ခွာလိုက်သည်။
ဂျွတ်.....
မိစ္ဆာနတ်ဘုရား၏ လှံရှည်ကို ချည်နှောင်ထားသော ရွှေရောင်သံကြိုးမှာ ရုတ်တရက် ပြတ်တောက်သွားပြီး ရွှေရောင်အလင်းတန်းများနှင့်အတူ မိုးကြိုးပစ်သံကဲ့သို့သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ မိစ္ဆာနတ်ဘုရားသည် သူ၏ လှံကို လွတ်မြောက်အောင် ပြုလုပ်နိုင်ခဲ့ပြီ ဖြစ်သည်။
သူက ဒီလိုပဲ ရုန်းထွက်လိုက်တာလား....
အစီအရင်ကို စွမ်းအင်ပေးနေသော လူသားနှင့် ပျက်စီးခြင်းမျိုးနွယ်စု ပညာရှင်ကြီးများမှာ ထိတ်လန့်တုန်လှုပ်သွားကြသည်။ ဤမျှ နက်နဲလှသော အစီအရင်သည်ပင် မိစ္ဆာနတ်ဘုရားကို အပြည့်အဝ ချုပ်နှောင်မထားနိုင်ခဲ့ပေ။
ကျန်းရှောင်ယုမှာလည်း မျက်နှာဖြူလျော့ကာ အကြည့်များ အားနည်းလာခဲ့သည်။
"ဟား"
မိစ္ဆာနတ်ဘုရား ဟိန်းဟောက်လိုက်ရာ ကျန်ရှိနေသော သံကြိုး ၁၁ ချောင်းမှာ ပြင်းထန်စွာ တုန်ခါသွားသည်။ သံကြိုးပေါ်မှ အင်းကွက်များမှာ တောက်ပလာလိုက်၊ မှိန်သွားလိုက်ဖြစ်နေပြီး အချိန်မရွေး ပြတ်တောက်သွားတော့မည့်ပုံပင်။ မိစ္ဆာနတ်ဘုရားသည် လက်တစ်ဖက်ဖြင့် လှံကို ကိုင်ကာ အခြားလက်တစ်ဖက်ဖြင့် သံကြိုးများကို အားဖြင့် ဆွဲလိုက်သည်။
ဝုန်း........
မိစ္ဆာနတ်ဘုရား၏ ပြင်းထန်လှသော စွမ်းအားများကြောင့် ကမ္ဘာမြေကြီး တုန်ခါသွားပြီး ပျက်စီးခြင်းမျိုးနွယ်စု နန်းတော်ကြီးမှာ မြေထဲသို့ ပိုမို နစ်ဝင်သွားကာ ပြိုကျတော့မည့်အလား ဖြစ်လာသည်။ အစီအရင်ကို ထိန်းချုပ်နေသော တောရိုင်းပညာရှင် အချို့မှာလည်း ပြင်းထန်သော စွမ်းအားကြောင့် လွင့်စင်သွားကြပြီး အတွင်းဒဏ်ရာများ ရရှိကုန်ကြသည်။
သံကြိုးများ မပြတ်သေးသော်လည်း အစီအရင်ကို ထိန်းချုပ်ထားသူများမှာမူ အလွန်ပင် သနားစရာကောင်းသော အခြေအနေသို့ ရောက်ရှိသွားကြပြီ ဖြစ်သည်။
"ဟားဟားဟား အမှိုက်တွေ" မိစ္ဆာနတ်ဘုရားက လှောင်ပြောင်ရယ်မောလိုက်သည်။
ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် လင်ရှင်းထုံနှင့် ကျန်းရှောင်ယုတို့၏ မျက်ဝန်းများမှာ မှေးမှိန်သွားရသည်။ လူသားများနှင့် ပျက်စီးခြင်းမျိုးနွယ်စုဝင်များမှာလည်း မျှော်လင့်ချက်မဲ့ခြင်းကို ခံစားလိုက်ရသည်။ သူသည် အလွန်ပင် သန်မာလွန်းလှသည်။
သံကြိုး ၁၁ ချောင်းဖြင့် ချည်နှောင်ခံထားရသော်လည်း သူသည် ပြိုင်ဘက်ကင်းနေဆဲပင်။
ဒဏ်ရာရထားသော သို့မဟုတ် ချည်နှောင်ခံထားရသော မိစ္ဆာနတ်ဘုရားကိုပင် သူတို့အားလုံး စုပေါင်း၍ မယှဉ်နိုင်ကြပေ။
လူအများအပြား စိတ်ဓာတ်ကျနေစဉ်မှာပင် အရိပ်နှစ်ခုမှာ ရှေ့သို့ တိုးထွက်လာသည်။ ထိုသူများမှာ လူသားမျိုးနွယ်စုမှ ဖြစ်သည်။ ၎င်းနောက်တွင် အခြားသူအချို့လည်း သူတို့နှင့် ပူးပေါင်းကာ ကောင်းကင်သို့ ပျံတက်သွားကြသည်။
"ဒါ သန့်စင်ရာကျွန်းက ဇနီးမောင်နှံပဲ"
သန့်စင်ရာကျွန်းမှ ဇနီးမောင်နှံသည် လက်ချင်းတွဲကာ မိစ္ဆာနတ်ဘုရားကို ငြိမ်သက်စွာ ကြည့်နေကြသည်။ အခြားသော လူသားပညာရှင် အချို့လည်း သူတို့နှင့်အတူ ရှိနေကြသည်။
မိစ္ဆာနတ်ဘုရားက လှောင်ပြုံး ပြုံးလိုက်ရင်း
"သေချင်တဲ့လူတွေ ထပ်တိုးလာပြန်ပြီပေါ့"
မိစ္ဆာနတ်ဘုရားမှာ သံကြိုးများဖြင့် ချည်နှောင်ခံထားရဆဲ ဖြစ်သော်လည်း သူ၏ လှံမှာ လွတ်လပ်နေပြီ ဖြစ်သည်။ သူ သံကြိုးများကို ရုန်းထွက်ပြခဲ့သည့် ပုံစံအရ သူ့အနားသို့ ချဉ်းကပ်ခြင်းမှာ မိမိကိုယ်ကိုယ် သတ်သေခြင်းနှင့် အတူတူပင် ဖြစ်သည်။
"မိစ္ဆာနတ်ဘုရားက တကယ်ပဲ သန်မာပါတယ်။ ဒါပေမဲ့ ငါတို့လည်း ဒီအတိုင်း ထိုင်ကြည့်မနေနိုင်ဘူး ဒီနေ့ ပျက်စီးခြင်းမျိုးနွယ်စုက သူ့ကို ခေတ္တ ချုပ်နှောင်ထားနိုင်တဲ့ အစီအရင်ကို ခင်းကျင်းထားနိုင်ပြီ။ သူလည်း ဒဏ်ရာရထားတယ်။ ဒီလို အခြေအနေမှာတောင် ငါတို့က မျှော်လင့်ချက် မရှိဘူးဆိုရင် နောင်တစ်ချိန်မှာ သူ့ကို အနိုင်ယူဖို့ဆိုတာ လုံးဝ ဖြစ်နိုင်မှာ မဟုတ်တော့ဘူး"
သန့်စင်ရာကျွန်းမှ ဇနီးမောင်နှံက ကျယ်လောင်စွာ ပြောလိုက်ပြီးနောက် အစီအရင် အပြားတစ်ခုကို ထုတ်လိုက်ကြသည်။ သူတို့၏ ကျင့်စဉ်စွမ်းအား အားလုံးမှာ ပေါက်ကွဲထွက်လာတော့သည်။
"အစီအရင်ကို စတင်ကြစို့ သူ့ကို သံကြိုးတွေထဲကနေ ထပ်ပြီး ရုန်းထွက်ခွင့် မပေးနဲ့တော့" ဟု သူတို့က အော်ဟစ်လိုက်သည်။
အခြားသော လူသားပညာရှင်များမှာလည်း စကားမပြောဘဲ သူတို့၏ စွမ်းအားများကို ထုတ်ဖော်လိုက်ကြရာ ကောင်းကင်ယံတွင် စွမ်းအင်ပင်လယ်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။
ထိုအစီအရင်ပြားမှာ အဆုံးမရှိသော ဝဲဂယက်ကြီးတစ်ခုကဲ့သို့ ဖြစ်လာပြီး စွမ်းအင်များအားလုံးကို စုပ်ယူလိုက်သည်။ ဇနီးမောင်နှံ၏ အရှိန်အဝါမှာလည်း ကြောက်မက်ဖွယ်ကောင်းသော အဆင့်အထိ တရိပ်ရိပ် မြင့်တက်လာတော့သည်။
"နောက်ထပ် အစီအရင်တစ်ခုလား" မိစ္ဆာနတ်ဘုရားက လူသားပညာရှင်များကို တစ်ချက်ကြည့်လိုက်သည်။ "ဟင်းလင်းပြင်ဥပဒေသ အစီအရင်လား မင်းတို့ တတ်နိုင်တာ ဒါပဲ ရှိမှာပေါ့"
ဤသည်မှာ လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက နီလာယန်သခင် အသုံးပြုခဲ့သော အစီအရင် ဖြစ်သည်။ ၎င်းမှာလည်း ကောင်းကင်ဘုံ ၁၂ ဘုံမှ လာခြင်းဖြစ်ရာ မိစ္ဆာနတ်ဘုရားက သိနေခြင်းမှာ မဆန်းပေ။
သူသည် သံကြိုးများမှ ရုန်းထွက်ရန် ကြိုးစားနေခြင်းကို ရပ်တန့်လိုက်ပြီး သူ၏ လှံရှည်ကို လူသားပညာရှင်များရှိရာသို့ ချိန်ရွယ်ကာ ဝေ့ယမ်းလိုက်တော့သည်။ အစီအရင် နှစ်ခုကို တစ်ပြိုင်နက် ရင်ဆိုင်နေရသော်လည်း သူသည် အမြဲတမ်းကဲ့သို့ပင် တည်ငြိမ်နေဆဲပင် ဖြစ်သည်။