အခန်း (၇၃၇-၇၃၉)
Vol. 50 Ch. 737-739
အခန်း ၇၃၇- ယီယွင် နှင့် မိစ္ဆာနတ်ဘုရား
မိစ္ဆာနတ်ဘုရား၏ လှံအရှိန်အဝါဖြင့် အပစ်ခံလိုက်ရပြီးနောက် နတ်မျှော်စင် မှာ နောက်သို့ လွင့်စဉ်သွားသော်လည်း လေထဲတွင် လျင်မြန်စွာ လည်ပတ်ရင်း အရွယ်အစားမှာလည်း တရိပ်ရိပ် ကြီးမားလာခဲ့သည်။
ဝုန်း.......
မြင့်မြတ်လှသော နတ်မျှော်စင်ကြီးသည် တောရိုင်းမြေပြင်ထက်သို့ အားမာန်အပြည့်ဖြင့် ဆင်းသက်လာကာ မားမားမတ်မတ် ရပ်တည်နေတော့သည်။
"အဲဒါ..... နတ်မျှော်စင်ကြီးလား"
ရုတ်တရက် ပေါ်လာသော နတ်မျှော်စင်ကြီးကို လူတိုင်း အံ့အားသင့်စွာ ကြည့်နေကြသည်။ ၎င်းမှာ မဟာဧကရီ နယ်မြေမှ ရရှိလာသော နတ်ဘုရားကြွမြန်းရာ နတ်မျှော်စင် ဖြစ်ပြီး ယီယွင် ပိုင်ဆိုင်ကြောင်း လူအများက သိကြသည်။
"ယီယွင်"
"ဒါ ယီယွင်ပဲ သူ မိစ္ဆာနတ်ဘုရားနဲ့ ထိပ်တိုက်တွေ့ခဲ့တာတောင် အသက်ရှင်နေသေးတာပဲ"
မိစ္ဆာနတ်ဘုရားက ဤနေရာကို လာရောက်တိုက်ခိုက်ချိန်တွင် ယီယွင်သည် အသတ်ခံလိုက်ရပြီဟု လူအများက သံသယဝင်နေခဲ့ကြခြင်း ဖြစ်သည်။ သို့သော် ယခုမူ နတ်မျှော်စင်ကြီး ပေါ်လာပြီး မိစ္ဆာနတ်ဘုရား၏ တိုက်ခိုက်မှုကို ဟန့်တားပေးလိုက်ပြီ ဖြစ်သည်။
လင်ရှင်းထုံ၏ ယခင်က လှုပ်ရှားမှုများကို ပြန်ကြည့်လျှင် သူမသည် ယီယွင်၏ အရှိန်အဝါကို ကြိုတင်ခံစားမိပြီး နတ်မျှော်စင်ကြီး လာနေသည်ကို သိနေခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့်လည်း သူမသည် တိုက်ကွက်ဖော်ပြီးသည်နှင့် နတ်မျှော်စင်အတွင်းသို့ အချိန်ကိုက် ဆုတ်ခွာနိုင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ သူတို့နှစ်ဦးကြားရှိ အလွန်ကောင်းမွန်သော နားလည်မှုပင် ဖြစ်သည်။
လင်မိသားစု အကြီးအကဲအဘွားတော်မှာလည်း ယခုမှပင်သက်ပြင်းချနိုင်သွားတော့သည်။ ယီယွင်နှင့် လင်ရှင်းထုံတို့သည် မဟာဧကရီနှလုံးသားကျမ်းစာ ကို အတူတူ ကျင့်ကြံထားသဖြင့် သူတို့ကြားတွင် စိတ်ချင်းဆက်သွယ်မှု ရှိနေကြခြင်း ဖြစ်သည်။
"မင်း ရောက်လာပြီပေါ့"
မိစ္ဆာနတ်ဘုရားက နတ်မျှော်စင်ကြီးကို ကြည့်ကာ ဟားဟားတိုက် ရယ်မောလိုက်သည်။
"ဒီနတ်မျှော်စင်က နီလာယန်သခင်ရဲ့ အမွေအနှစ်ပဲ။ မင်း ဒီထဲမှာ ပုန်းနေရုံနဲ့ ငါ ဘာမှမလုပ်နိုင်ဘူးလို့ ထင်နေတာလား"
နတ်မျှော်စင်၏ ခုခံမှုမှာ အံ့မခန်းသော်လည်း ၎င်းမှာ စွမ်းအင်နှင့် အစီအရင်များ အထောက်အပံ့ ရှိမှသာ လည်ပတ်နိုင်ခြင်း ဖြစ်သည်။ အကယ်၍ ယီယွင်က ပြန်လည် မတိုက်ခိုက်ဘဲ မျှော်စင်ထဲတွင်သာ ပုန်းနေပါက စွမ်းအင်များ ကုန်ဆုံးသွားချိန်တွင် မိစ္ဆာနတ်ဘုရား၏ သတ်ဖြတ်ခြင်းကို ခံရရုံသာ ရှိတော့မည်။
"မင်းက လိပ်လိုမျိုး အထဲမှာ ပုန်းနေဦးမှာလား။ ကောင်းပြီလေ၊ အရင်ဆုံး ဒီလူတွေကို ငါ သတ်ပစ်မယ်"
ယီယွင်သည် နတ်မျှော်စင်ထဲတွင် ရှိနေပြီး ကျန်းရှောင်ယုမှာ အခြားတစ်ဖက်တွင် ရှိနေသည်။ သူတို့နှစ်ဦးကြားတွင် မိစ္ဆာနတ်ဘုရားက ခံနေသဖြင့် ယီယွင်အနေနှင့် ကျန်းရှောင်ယုကို လှမ်းကယ်ရန် မဖြစ်နိုင်ပေ။
"မင်း ထွက်မလာရင် သူမရဲ့ သွေးကို ငါ သောက်ပြမယ်။ ငါ အားပြန်ပြည့်လာတာနဲ့ မင်းရဲ့ လိပ်ခွံကို ငါ ရိုက်ခွဲပစ်မယ်" ဟု မိစ္ဆာနတ်ဘုရားက လှောင်ပြောင်ရင်း ကျန်းရှောင်ယုရှိရာသို့ လှည့်လိုက်သည်။ ယီယွင် ရောက်လာခြင်းက မိစ္ဆာနတ်ဘုရားက ကျန်းရှောင်ယုကို သတ်ဖြတ်လိုစိတ် ပိုမို ပြင်းထန်လာစေသည်။
"ရှောင်အာ" ပျက်စီးခြင်းမျိုးနွယ်ဘုရင်မက သူမ၏ သမီးရှေ့တွင် ကာကွယ်ရပ်တည်လိုက်သည်။
လူတိုင်းမှာ ထိတ်လန့်သွားကြသည်။ ယီယွင် ပေါ်လာသော်လည်း လက်ရှိ တိုက်ပွဲ အခြေအနေကို ပြောင်းလဲနိုင်ခြင်း မရှိသေးပေ။ သူတို့အားလုံးမှာ သတ်ဖြတ်ခြင်း ခံရတော့မည့် သိုးသူငယ်များကဲ့သို့ ဖြစ်နေရသည်။
မိစ္ဆာနတ်ဘုရားသည် သူ၏ လှံကို မြှောက်လိုက်ရာ ကမ္ဘာမြေရှိ စွမ်းအားများမှာ လှံဖျားတွင် စုစည်းလာသည်။ သူ တစ်ချက်တည်း တိုက်ခိုက်လိုက်ရုံဖြင့် ဘုရင်မနှင့် လမ်းပြလူငယ်တို့မှာ ပြာဖြစ်သွားပေလိမ့်မည်။ လူတိုင်းက ကျန်းရှောင်ယုနှင့် နတ်မျှော်စင်ကြီးကို စိုးရိမ်တကြီး ကြည့်နေကြသည်။
ထိုခဏတွင် နတ်မျှော်စင်ကြီးမှ ရွှေရောင်အလင်းများ ဖြာထွက်လာပြီး ရွှေကျီးကန်း ပုံရိပ်ကြီး ဆင်းသက်လာသည်။ ယီယွင်သည် ကျီးကန်း၏ ကျောပေါ်တွင် ရပ်လျက် နတ်မျှော်စင်၏ အထက်တွင် ပေါ်လာတော့သည်။
သူသည် မိစ္ဆာနတ်ဘုရားကို ကြည့်ကာ လက်ထဲရှိ သံချေးတက်နေသော သန့်စင် ယန်ဓားကျိုး ဖြင့် ချိန်ရွယ်လိုက်သည်။
"ယီယွင် ထွက်လာပြီ"
လူတိုင်းမှာ အသက်ရှူရပ်မတတ် ဖြစ်သွားကြသည်။ သူတို့ သိထားသမျှ ယီယွင်၏ စွမ်းအားမှာ လင်ရှင်းထုံနှင့် သိပ်မကွာပေ။ လင်ရှင်းထုံပင် မယှဉ်နိုင်လျှင် ယီယွင်ကော အဘယ်သို့ ယှဉ်နိုင်ပါမည်နည်း။
"ယွင်အာ"
ကျန်းရှောင်ယုမှာ စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။ ယီယွင်အတွက် နတ်မျှော်စင်ထဲတွင် ရှိနေခြင်းက ပို၍ ဘေးကင်းမည် ဖြစ်သော်လည်း ယခုမူ သူက အန္တရာယ်ထဲသို့ ဆင်းလာခဲ့ပြီ ဖြစ်သည်။
မိစ္ဆာနတ်ဘုရားက ရက်စက်စွာ ပြုံးလိုက်ရင်း ကျန်းရှောင်ယုကို ထားခဲ့ကာ ယီယွင်ထံသို့ လျှောက်လာသည်။
"မိုက်မဲလိုက်တာ။ မိန်းကလေးတစ်ယောက်အတွက်နဲ့ အသက်လာစတေးတယ်ပေါ့"
သူသည် လှံကို မြှောက်လိုက်ရာ ယီယွင်၏ ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်မှာ ကျုံ့ဝင်လာပြီး လှောင်အိမ်တစ်ခုကဲ့သို့ ဖြစ်လာသည်။
"ချိတ်ပိတ်စမ်း"
မိစ္ဆာနတ်ဘုရားက ဟိန်းဟောက်လိုက်ရာ သူနှင့် ယီယွင်ကြားတွင် အမည်းရောင် အလင်းတစ်ခု ပေါ်လာပြီး သူတို့နှစ်ဦးကို သီးခြား ကမ္ဘာတစ်ခုအဖြစ် ပိတ်ဆို့လိုက်သည်။
၎င်းမှာ ချုပ်ပိတ်အစီအရင် ပင် ဖြစ်သည်။ ယီယွင်ကို နတ်မျှော်စင်အတွင်းသို့ ပြန်မပြေးနိုင်အောင် မိစ္ဆာနတ်ဘုရားက စွမ်းအင်သုံး၍ ပိတ်ဆို့လိုက်ခြင်း ဖြစ်သည်။
လူတိုင်းမှာ ပို၍ စိုးရိမ်သွားကြသည်။ ယီယွင်သည် နတ်မျှော်စင်၏ အကူအညီကို မရနိုင်တော့ဘဲ မိစ္ဆာနတ်ဘုရား၏ တိုက်ခိုက်မှုကို တိုက်ရိုက် ရင်ဆိုင်ရတော့မည် ဖြစ်သည်။
ယီယွင်သည် သူ၏ ခရမ်းရောင်သလင်းကျောက် အမြင်ဖြင့် ထိုအစီအရင်ကို ကြည့်လိုက်သည်။ သူသည် အစီအရင်ကို ဖျက်ဆီးနိုင်သော်လည်း မိစ္ဆာနတ်ဘုရားက အခွင့်အရေး ပေးမည် မဟုတ်ပေ။ ယီယွင်က မိစ္ဆာနတ်ဘုရားကို ကြည့်ကာ အေးစက်စွာ ပြုံးလိုက်ရင်း
"မင်းရဲ့ ခန္ဓာကိုယ်က သွေးတွေ ထွက်နေတုန်းပဲ"
မိစ္ဆာနတ်ဘုရားမှာ အပြင်းအထန် ဒဏ်ရာရထားဆဲ ဖြစ်ကြောင်း ယီယွင် သိသည်။ ဝိညာဉ်များကို စားသုံးခဲ့သော်လည်း ၎င်းမှာ ခဏတာ စွမ်းအင်သာ ဖြစ်သည်။
သံကြိုးလေးချောင်းကို ဆွဲဖြဲခဲ့စဉ်ကလည်း သူ၏ စွမ်းအင်များစွာ ကုန်ဆုံးသွားခဲ့သည်။ မိစ္ဆာနတ်ဘုရားသာ အကောင်းပကတိ ရှိနေပါက သံကြိုးအားလုံးကို တစ်ခါတည်း ဖြုတ်ပစ်နိုင်မည် ဖြစ်သော်လည်း ယခုမူ သံကြိုးအချို့က သူ့ကိုယ်ပေါ်တွင် ရှိနေဆဲပင်။
မိစ္ဆာနတ်ဘုရားမှာ အင်အားကြီးမားပုံ ပေါ်နေသော်လည်း အမှန်စင်စစ် ၎င်းမှာ သူ၏ အားအနည်းဆုံး အချိန်ဖြစ်ကြောင်း ယီယွင် သိလိုက်သည်။ ၎င်းမှာ မိစ္ဆာနတ်ဘုရားကို အနိုင်ယူရန် တစ်ခုတည်းသော အခွင့်အရေးပင်။
"ငါ ဒီကို လာတာ ပုန်းဖို့ မဟုတ်ဘူး။ မင်းကို ငါ့ဓားအောက်မှာ ဒူးထောက်ခိုင်းဖို့ လာတာ"
ယီယွင်၏ အသံမှာ တောင်တန်းတစ်ခုလုံး ဟိန်းထွက်သွားပြီး သူ၏ ခြေဖဝါးအောက်ရှိ ကျီးကန်းကြီးမှာလည်း ကောင်းကင်နှင့် မြေပြင်ကို တုန်ခါသွားစေလောက်သော ဟိန်းဟောက်သံကြီးကို ထုတ်ဖော်လိုက်တော့သည်။
အခန်း ၇၃၈- လည်ပင်းကို အဆုံးစီရင်လိုက်သော ဓားတစ်ချက်
မိစ္ဆာနတ်ဘုရားကို သူ၏ ဓားအောက်၌ ဒူးထောက်ခိုင်းမည် ဟူသော ယီယွင်၏ စကားကြောင့် လူတိုင်း ဆွံ့အသွားကြသည်။ လင်ရှင်းထုံ၊ မြင့်မြတ်သော ဝိညာဉ်တော်နှင့် အစီအရင်ကြီးများပင် မယှဉ်နိုင်ခဲ့သော ရန်သူကို ယီယွင်က အနိုင်ယူမည်ဟု ဆိုနေခြင်းမှာ မယုံနိုင်စရာပင်။
"ငါ့ကို ဒူးထောက်ခိုင်းမယ် ဟုတ်လား ဟားဟားဟား"
မိစ္ဆာနတ်ဘုရားသည် ခေါင်းမော့ကာ ရယ်မောလိုက်သည်။ ယီယွင်နှင့် သူသည် အကြိမ်အနည်းငယ် ရင်ဆိုင်ခဲ့ဖူးရာ ယီယွင်၏ အစွမ်းမှာ သူ အနားယူနေစဉ် ချောင်းမြောင်းတိုက်ခိုက်နိုင်ရုံသာ ရှိသည်ဟု သူက တွက်ဆထားသည်။
"ဟာသပဲ။ ငါ အနားယူနေတုန်းက မင်း ချောင်းတိုက်တာတောင် ငါ့ရဲ့ သာမန် တန်ပြန်တိုက်စစ်က မင်းကို မျှော်စင်ထဲအထိ ဒဏ်ရာရစေခဲ့တာ။ အခုကျမှ ငါ့ကို အနိုင်ယူမယ်လို့ ပြောရဲတယ်ပေါ့လေ"
ပြောပြီးသည်နှင့် မိစ္ဆာနတ်ဘုရား စတင် လှုပ်ရှားတော့သည်။ သူ၏ လှံရှည်မှာ ရိုးရှင်းပုံ ပေါ်သော်လည်း ပြိုင်ဘက်ကင်းသော နတ်ဘုရားလက်နက် ဖြစ်သည်။ သူ၏ တိုက်ကွက်များမှာလည်း ရိုးရှင်းသော ထိုးချက်၊ ဝေ့ယမ်းချက်များသာ ဖြစ်သော်လည်း အားလုံးကို အနိုင်ယူနိုင်စွမ်း ရှိသည်။
ယခု မိစ္ဆာနတ်ဘုရား၏ လှံသည် ယီယွင်၏ နှလုံးသားဆီသို့ တည့်တည့်မတ်မတ် ထိုးဝင်လာပြီ ဖြစ်သည်။
ချုပ်ပိတ်အစီအရင်ကြောင့် ယီယွင်တွင် နောက်ဆုတ်ရန် နေရာမရှိပေ။ သို့သော် ယီယွင်ကလည်း နောက်မဆုတ်လိုတော့ချေ။ ဤသည်မှာ မိစ္ဆာနတ်ဘုရားကို သတ်ရန် အကောင်းဆုံးနှင့် နောက်ဆုံး အခွင့်အရေး ဖြစ်ကြောင်း သူ သိနေသည်။
ထိုအခိုက်အတန့်တွင် ယီယွင်၏ စိတ်ထဲ၌ အရာအားလုံး နှေးကွေးသွားသကဲ့သို့ ခံစားလိုက်ရသည်။
မဟာဧကရီ နယ်မြေမှ အစီအရင်ပြားထဲတွင် မြင်ခဲ့ရသော နီလာယန်သခင် ၏ တိုက်ကွက်မှာ သူ၏ အမြင်အာရုံထဲတွင် ပြန်လည် ပေါ်လာသည်။
ထိုစဉ်က အရှင်သခင်သည် မိစ္ဆာနတ်ဘုရားကို ဓားတစ်ချက်တည်းဖြင့် အဆုံးစီရင်ခဲ့သည်။
ထိုဓားချက်မှာ မိစ္ဆာနတ်ဘုရား၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားသော ပြာလဲ့လဲ့ လျှပ်စီးတန်းတစ်ခုနှင့် တူလှသည်။
လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက မိစ္ဆာနတ်ဘုရားသည် ယခုထက် များစွာ ပိုမို အစွမ်းထက်ခဲ့သည်။
ငါက အဲဒီတိုက်ကွက်ရဲ့ အစွမ်း ရာခိုင်နှုန်း တစ်ရာပုံ တစ်ပုံလောက်ပဲ ထုတ်ပြနိုင်ရင်တောင် လုံလောက်ပြီ။
နီလာယန်သခင်က မိစ္ဆာနောက်လိုက် ခုနစ်ယောက်လုံးကို အကောင်းဆုံး အခြေအနေမှာ အနိုင်ယူခဲ့တာ။ ငါက ဒဏ်ရာအပြင်းအထန် ရနေတဲ့ တစ်ယောက်တည်းကိုတောင် မနိုင်ရင် ကောင်းကင်ဘုံ ၁၂ ဘုံ ကို သွားမယ်ဆိုတာ ဟာသ ဖြစ်နေမှာပေါ့ ဟု ယီယွင် တွေးလိုက်သည်။
သူ၏ လက်ထဲရှိ သန့်စင် ယန်ဓားကျိုးဆီသို့ ရှင်းပြ၍မရသော စိတ်ဆန္ဒတစ်ခု စီးဝင်သွားသည်။ ၎င်းမှာ ယီယွင်၏ ဓားဆန္ဒ ပင် ဖြစ်သည်။ သူသည် သန့်စင် ယန်ဓားနန်းတော် တွင် တစ်နှစ်နီးပါး ကျင့်ကြံခဲ့ပြီးနောက် သူ၏ ဓားဆန္ဒမှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ ယခုမူ ဓား၏နှလုံးသား အဆင့်သို့ပင် လှမ်းတက်တော့မည့်ပုံပင်။
ရှူး........
ယီယွင်၏ နောက်ကွယ်တွင် ကိုးခေါင်းနဂါး နှင့် ရွှေရောင်ကျီးကန်း ပုံရိပ်များ တစ်ပြိုင်နက် ပေါ်လာသည်။ သူ၏ ဓားအလင်းတန်းမှာ ဟင်းလင်းပြင်ကို ထိုးဖောက်ကာ မိစ္ဆာနတ်ဘုရား၏ လှံကို လွဲချော်စေပြီး လည်ပင်းဆီသို့ တိုက်ရိုက် ဦးတည်သွားတော့သည်။
လူတိုင်းမှာ ထိတ်လန့်သွားကြသည်။ ယီယွင်သည် မိစ္ဆာနတ်ဘုရား၏ တိုက်ကွက်ကို ခုခံရန် မကြိုးစားဘဲ မိမိအသက်ကို ပဓာနမထားသည့် ပုံစံဖြင့် ပြန်လည် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
"သူက လှံနဲ့ အထိုးခံရတော့မှာလေ။ အသက်နဲ့လဲပြီး တိုက်ခိုက်မလို့လား"
"မိစ္ဆာနတ်ဘုရားရဲ့ တိုက်ကွက်က အရမ်းပြင်းတာ။ ဓားနဲ့ လှံ တိုက်ရိုက်တွေ့ရင် ဓားက ကျိုးသွားမှာပဲ။ အဲဒါကြောင့် သူက လှံကို ရှောင်ပြီး လည်ပင်းကို တိုက်ခိုက်တာပဲ။ ဒါပေမဲ့ အဲဒီလိုလုပ်ရင် သူလည်း လှံဒဏ်ရာကနေ လွတ်မှာ မဟုတ်ဘူး..."
ယီယွင်၏ ဓားချက်က မိစ္ဆာနတ်ဘုရားကို ထိခိုက်စေနိုင်ပါမည်လော။ မိစ္ဆာနတ်ဘုရား၏ ကာကွယ်မှုမှာလည်း ကြောက်မက်ဖွယ်ကောင်းလှသည် မဟုတ်ပါလား။
"ယွင်အာ"
ကျန်းရှောင်ယုမှာ အသက်ရှူရပ်သွားသည်။ မိစ္ဆာနတ်ဘုရား၏ လှံသည် ယီယွင်၏ ရင်ဘတ်ထဲသို့ ထိုးဝင်တော့မည်ကို သူမ ကြည့်နေရရုံသာ ရှိတော့သည်။
မိစ္ဆာနတ်ဘုရားက ရက်စက်စွာ ပြုံးလိုက်ရင်း
"ငါနဲ့အတူ သေချင်တာလား။ မင်းမှာ အဲဒီလောက် အရည်အချင်း မရှိသေးဘူး"
ဂျွတ်.......
နက်မှောင်သော လှံသည် ယီယွင်၏ အကာအကွယ် စွမ်းအင်များကို စက္ကူကဲ့သို့ ဆွဲဖြဲကာ ယီယွင်၏ ခန္ဓာကိုယ်ထဲသို့ ထိုးဝင်တော့မည့် ဆဲဆဲတွင်...
ရှူး.........ထန်........
ယီယွင်၏ ချက်အတွင်းမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး မိစ္ဆာနတ်ဘုရား၏ လှံကို ခုခံလိုက်သည်။ ထိုအလင်းတန်းမှာ ရွှေရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်လေးတစ်ဦးအဖြစ် ပြောင်းလဲသွားသည်။
ထိုလူငယ်၏ ရုပ်ရည်မှာ ယီယွင်နှင့် တစ်ပုံစံတည်း တူလှသော်လည်း သူ၏ အသားအရေမှာ ရွှေရောင်သန်းနေကာ သတ္တုသားကဲ့သို့ တည်ရှိနေသည်။
ထိုလူငယ်သည် ပေါ်လာသည်နှင့် မိစ္ဆာနတ်ဘုရား၏ လှံကို ရင်ဆိုင်လိုက်ပြီး သူ၏ ခန္ဓာကိုယ်မှ ပျံလွှားဓားမြောင် ၉၉၉ စင်း ထွက်ပေါ်လာကာ ကောင်းကင်ယံတွင် နှင်းပွင့်များ ကျဆင်းသကဲ့သို့ ပျံနှံ့သွားသည်။ ၎င်းမှာ ယီယွင်၏ နှင်းတစ်ထောင်နယ်မြေ (ထောင်ချီသောနှင်းနယ်မြေ) ပင် ဖြစ်သည်။
ဝုန်း......
ဓားမြောင်များမှာ လှံနှင့် ထိပ်တိုက်တွေ့ကာ ပြင်းထန်သော တုန်ခါမှုများ ဖြစ်ပေါ်စေသည်။ မိစ္ဆာနတ်ဘုရား၏ လှံအရှိန်မှာ လျော့ကျသွားသော်လည်း ထိုရွှေရောင်လူငယ်၏ ရင်ဘတ်ကို ပြင်းထန်စွာ ထိမှန်သွားခဲ့သည်။ လူငယ်မှာ လွင့်စဉ်သွားသော်လည်း ထိုခဏ၌ပင် မိစ္ဆာနတ်ဘုရား ပြုလုပ်ထားသော အစီအရင်မှာလည်း ပေါက်ကွဲပျက်စီးသွားတော့သည်။
ထိုစွမ်းအင်မုန်တိုင်းကြားတွင် ယီယွင်၏ ခန္ဓာကိုယ်မှာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ရွှေရောင်လူငယ်၏ ကိုယ်ထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားသည်။
ဝုန်း......
ထိုလူငယ်သည် တောင်ကုန်းတစ်ခုကို ထိုးဖောက်ကာ မြေကြီးထဲသို့ နစ်ဝင်သွားတော့သည်။
"ဒါ ဘာလဲ..."
ကျန်းရှောင်ယုအပါအဝင် လူတိုင်း ကြောင်သွားကြသည်။ ယီယွင်နှင့် တူလှသော ထိုရွှေရောင်လူငယ်မှာ မည်သူနည်း ယီယွင်ကော အသက်ရှင်သေးရဲ့လား။
ထိုစဉ် တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။
"မိစ္ဆာနတ်ဘုရားရဲ့ လည်ပင်းကို ကြည့်လိုက်ကြဦး"
လူတိုင်း ကြည့်လိုက်ချိန်တွင် မိစ္ဆာနတ်ဘုရားသည် လက်တစ်ဖက်ဖြင့် သူ၏ လည်ပင်းကို ဖိထားသည်ကို တွေ့လိုက်ရသည်။ သူ၏ လက်ချောင်းများကြားမှ နက်မှောင်သော သွေးများ စီးကျနေသည်။
သူ ဒဏ်ရာရသွားပြီ.....
ယီယွင်၏ ဓားချက်သည် နီလာယန်သခင်၏ တိုက်ကွက်နှင့် ဆင်တူလှပြီး မိစ္ဆာနတ်ဘုရား၏ အားနည်းချက်ဖြစ်သော လည်ပင်းကို တိုက်ရိုက် ထိမှန်သွားခဲ့ခြင်း ဖြစ်သည်။ ဓားတစ်ချက်တည်းဖြင့် လည်ပင်းကို အဆုံးစီရင်လိုက်ခြင်း ပင် ဖြစ်သည်။
မိစ္ဆာနတ်ဘုရားသည် သူ၏လက်ကို ဖြည်းဖြည်းချင်း ဖယ်လိုက်ရာ သူ၏လည်ပင်းတွင် လက်တစ်ချောင်းစာခန့်ရှိသော ဒဏ်ရာတစ်ခု ကျန်ရစ်နေသည်။ ဒဏ်ရာမှာ သေးသော်လည်း အလွန်နက်လှသည်။
မိစ္ဆာနတ်ဘုရား၏ အသားစိုင်များမှာ ဒဏ်ရာကို ကုသရန် ကြိုးစားနေသော်လည်း ယီယွင်၏ မကုန်ဆုံးနိုင်သော ဓားဆန္ဒ များက ထိုဒဏ်ရာကို ဆက်လက် ဆုတ်ဖြဲနေဆဲပင် ဖြစ်သည်။
အခန်း ၇၃၉- ပထမဆုံးသော နတ်နဂါးကိုယ်ပွား
"ဒါ နီလာယန်သခင်ရဲ့ ဓားဆန္ဒပဲ... မင်း..."
မိစ္ဆာနတ်ဘုရား၏ မျက်လုံးများမှာ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။ ယီယွင်၏ တိုက်ကွက်သည် အားပြင်းသော်လည်း သူ့ကို သတ်ရန်အထိတော့ မလုံလောက်သေးပေ။ သို့သော် ဤတိုက်ခိုက်မှုသည် သူ၏ သက်စောင့်အားကို နောက်တစ်ကြိမ် ထပ်မံ ထိခိုက်စေခဲ့သည်။ ထိုမကုန်ဆုံးနိုင်သော ဓားဆန္ဒသည် လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက သူ၏ ဝိညာဉ်ကို ဖျက်ဆီးခဲ့သော တိုက်ကွက်ကို ပြန်လည် သတိရစေသည်။
၎င်းက ပြိုလဲလုနီးပါး ဖြစ်နေသော သူ၏ ဝိညာဉ်ပင်လယ်ကို ပို၍ပင် ဖရိုဖရဲ ဖြစ်သွားစေသည်။
ထိုအခိုက်အတန့်တွင်...
ဝုန်း........
ပြိုကျနေသော တောင်ကုန်းကြီးမှာ ပေါက်ကွဲထွက်သွားပြီး တန်ချိန်သန်းချီသော ကျောက်တုံးများမှာ ပြင်းထန်လှသော အပူရှိန်ကြောင့် အရည်ပျော်ကာ လွင့်စင်သွားကြသည်။ သုံးခြေထောက် ကျီးကန်း ကြီး တစ်ကောင်သည် ကောင်းကင်ယံသို့ ပျံတက်လာပြီး ၎င်း၏ ကျောပေါ်တွင် ရွှေရောင်ဝတ်စုံနှင့် လူငယ်တစ်ဦး မတ်တတ်ရပ်နေသည်။
ထိုလူငယ်၏ ပတ်ပတ်လည်တွင် ပျံလွှားဓားမြောင် ၉၉၉ စင်းက ဝန်းရံနေသည်။
သူက ဘယ်သူလဲ...........
မိစ္ဆာနတ်ဘုရား၏ လှံချက်မှာ ထိုလူငယ်၏ ရင်ဘတ်ကို တိုက်ရိုက် ထိမှန်ခဲ့ခြင်း ဖြစ်သည်။ သို့သော် သူသည် အသက်ရှင်နေဆဲ ဖြစ်ရုံသာမက ပြင်းထန်သော ဒဏ်ရာရသည့် ပုံစံပင် မရှိချေ။
"မင်းက... ကိုယ်ပွား တစ်ခုလား"
မိစ္ဆာနတ်ဘုရားသည် ထိုလူငယ်ကို စူးစိုက်ကြည့်ကာ မေးလိုက်သည်။
ယီယွင်နှင့် တစ်ပုံစံတည်း တူရုံသာမက ယီယွင်၏ ချက်အတွင်း၌ သိမ်းဆည်းထားနိုင်ခြင်းမှာ ကိုယ်ပွားတစ်ခု ဖြစ်မှသာ လျော်ကန်ပေမည်။ သို့သော် အသက် ၃၀ ပင် မပြည့်သေးသော ယီယွင်က ဤမျှ အစွမ်းထက်သော ကိုယ်ပွားကို ဘယ်လိုလုပ် ရရှိထားသနည်း မိစ္ဆာနတ်ဘုရား၏ တိုက်ကွက်ကို တိုက်ရိုက် ခံနိုင်ရည် ရှိနေသည် မဟုတ်ပါလား။
ထိုရွှေရောင်လူငယ်မှာ ဘာမှ ပြန်မပြောပေ။ သူ၏ ဝတ်စုံမှာ လှံချက်ကြောင့် ပေါက်ပြဲသွားသော်လည်း ရွှေရောင် စွမ်းအင်များက ထိုဝတ်စုံကို ချက်ချင်း ပြန်လည် ပြုပြင်ပေးလိုက်သည်။ ထိုဝတ်စုံပေါ်တွင် ရှေးဟောင်း အင်းကွက်များ ရှိနေပြီး သူ၏ အရှိန်အဝါမှာ ရှေးခေတ်ကာလမှ ဆင်းသက်လာသော နတ်ဘုရင်တစ်ပါးကဲ့သို့ ခန့်ညားထည်ဝါလှသည်။
ရှူး.........
ယီယွင်၏ အစစ်အမှန် ခန္ဓာကိုယ်သည် ထိုကိုယ်ပွား၏ ချက်အတွင်းမှ ပျံထွက်လာသည်။ သူသည် သန့်စင် ယန်ဓားကျိုး ကို ကိုင်ထားရင်း သူ၏ ကိုယ်ပွားကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
ပထမဆုံးသော နတ်နဂါး ရွှေစင်ကိုယ်ပွား ၏ ခုခံနိုင်စွမ်းမှာ အမှန်တကယ်ပင် အံ့မခန်းလှပေ။
ယီယွင်သည် နတ်နတ်မျှော်စင် ၏ အမြင့်ဆုံးအဆင့်တွင် ရတနာအချို့ကို ရရှိခဲ့ခြင်း ဖြစ်သည်။ တစ်ခုမှာ နတ်မျှော်စင်ကို ထိန်းချုပ်သည့် အစီအရင်ပြား ဖြစ်ပြီး အခြားတစ်ခုမှာ ဤ နတ်နဂါး ရွှေစင်ကိုယ်ပွား ပင် ဖြစ်သည်။
(စာဖတ်သူတို့ အနေဖြင့် အခန်း ၅၅၅ ကို ပြန်လည် သတိရနိုင်သည်)။
ဤရွှေစင်ကိုယ်ပွားသည် ကြယ်စုတန်းများ၏ ဗဟိုချက်ကဲ့သို့ အလွန်ပြင်းထန်သော ယန် စွမ်းအင်ရှိသော နေရာများတွင်သာ ဖြစ်ပေါ်နိုင်သည့် အဖိုးမဖြတ်နိုင်သော ရတနာဖြစ်သည်။ ၎င်းသည် ကျောက်တုံးအဆင့်မှ ရွှေစင်အဆင့်၊ ထိုမှတစ်ဆင့် ဝိညာဉ်နှင့် သွေးသားရှိသော ကျင့်စဉ်ခန္ဓာ အဖြစ်သို့ ပြောင်းလဲလာခြင်း ဖြစ်သည်။
နီလာယန်သခင်သည် ဤရတနာကို ရရှိခဲ့သော်လည်း ၎င်းကို ကိုယ်ပွားအဖြစ် ပြောင်းလဲရန် အချိန်အလွန် လိုအပ်ခဲ့သည်။ ထို့ကြောင့် သူသည် နတ်မျှော်စင်၏ အထက်ဆုံးအဆင့်တွင် ထားရှိကာ နှစ်သန်းပေါင်းများစွာကြာအောင် စွမ်းအင်များဖြင့် ကျွေးမွေး ပြုစုခဲ့ခြင်း ဖြစ်သည်။
ယီယွင် ရောက်ရှိလာချိန်တွင်မူ ၎င်းမှာ အောင်မြင်စွာ ဖြစ်တည်လာခဲ့ပြီ ဖြစ်ရာ ယီယွင်က သူ၏ ဝိညာဉ်အမှတ်အသားကို ထည့်သွင်းကာ ကိုယ်ပွားအဖြစ် အသုံးပြုခဲ့ခြင်း ဖြစ်သည်။
ယီယွင်၏ အစစ်အမှန် ခန္ဓာကိုယ်မှာ မိစ္ဆာနတ်ဘုရား၏ လှံချက်ကို မခံနိုင်သော်လည်း ဤရွှေစင်ကိုယ်ပွားမှာမူ မိစ္ဆာနတ်ဘုရား၏ လှံထက်ပင် ပို၍ ခိုင်မာလှသည်။
"ဒီကိုယ်ပွားက ထျန်းယွမ် လောကမှာ ရှိနိုင်တဲ့အရာ မဟုတ်ဘူး။ ဒါလည်း နီလာယန်သခင် ချန်ထားခဲ့တာလား"
မိစ္ဆာနတ်ဘုရား၏ မျက်လုံးများမှာ နီရဲလာသည်။ သူ၏ လည်ပင်းမှ ဒဏ်ရာမှာ အနည်းငယ် ပြန်ကျက်လာသော်လည်း သူ၏ အသက်ဓာတ်မှာမူ အလွန်ပင် အားနည်းနေပြီ ဖြစ်သည်။ သူသည် သူ၏ သံချပ်ကာကို လှမ်းကိုင်လိုက်ပြန်သည်။
ဝူး ဝူး ဝူး ဝူး..........
ဝိညာဉ်များစွာကို ထပ်မံ ဆွဲထုတ်လိုက်ပြန်ရာ ထိုအထဲတွင် ရှန်းထူဘိုးဘေး နှင့် ဆန်းကြယ်ကျားမင်း တို့လည်း ပါဝင်နေသည်။ မိစ္ဆာနတ်ဘုရားသည် ယီယွင်၏ ကိုယ်ပွားကို မြင်လိုက်ရချိန်တွင် သူ၏ အခြေအနေမှာ စိုးရိမ်ရပြီ ဖြစ်ကြောင်း သိသဖြင့် ကျန်ရှိနေသော ဝိညာဉ်အားလုံးကို စားသုံးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
"အား... အား... အား"
ရှန်းထူဘိုးဘေးနှင့် ဆန်းကြယ်ကျားမင်းတို့မှာ ရူးမတတ် အော်ဟစ်နေကြသည်။ သူတို့သည် ယီယွင်နှင့် မိစ္ဆာနတ်ဘုရားတို့၏ တိုက်ပွဲကို မြင်နေရသော်လည်း ယခုမူ သူတို့၏ ဝိညာဉ်များမှာ စားသုံးခံရတော့မည် ဖြစ်ရာ အခြားအရာများကို စဉ်းစားနိုင်စွမ်း မရှိတော့ပေ။
"ယီယွင် ကယ်ပါဦး"
"ကယ်ပါ"
သူတို့သည် အသက်ဘေးမှ လွတ်ရန် ယီယွင်ကို အကူအညီ တောင်းနေကြသော်လည်း ယီယွင်က မလှုပ်ရှားပေ။ ယီယွင်သည် ထိုသူနှစ်ဦးအပေါ် မည်သည့် သနားစိတ်မှ မရှိသော်လည်း မိစ္ဆာနတ်ဘုရား အင်အားပြန်ပြည့်လာမည်ကိုမူ မလိုလားပေ။
သို့သော် မိစ္ဆာနတ်ဘုရားသည် ဝိညာဉ်များကို စားသုံးနေစဉ် သူ၏ ပတ်ပတ်လည်တွင် အစွမ်းထက်သော ကာကွယ်မှု နယ်ပယ်တစ်ခုကို ပြုလုပ်ထားသဖြင့် ၎င်းကို ဖျက်ဆီးရန်မှာ အချိန်တိုအတွင်း မလွယ်ကူလှပေ။