အခန်း (၇၄၀-၇၄၂)
Vol. 50 Ch. 740-742
အခန်း ၇၄၀ - လွင့်ပျံနေသော နှင်းပွင့်များကဲ့သို့ ဓားချက်များ
"ဝူး ဝူး ဝူး..."
ဝိညာဉ်များ၏ ကြောက်မက်ဖွယ်ရာ ငိုကြွေးသံများ ဟိန်းထွက်နေစဉ် ဆန်းကြယ်ကျားမင်းနှင့် ရှန်းထူဘိုးဘေးတို့၏ ဝိညာဉ်များသည် မိစ္ဆာနတ်ဘုရား၏ ပါးစပ်ထဲသို့ စုပ်ယူခြင်း ခံလိုက်ရသည်။ သူတို့သည် ရုန်းကန်ရန်ပင် အခွင့်အရေးမရဘဲ ဝိညာဉ်များမှာ လုံးဝဥဿုံ ဖျက်ဆီးခံလိုက်ရပြီ ဖြစ်သည်။
ဤမြင်ကွင်းကို ကြည့်နေသော လူသားနှင့် ပျက်စီးခြင်းမျိုးနွယ်စုဝင်များမှာ ထိတ်လန့်တုန်လှုပ်သွားကြသည်။ ဤဒဏ္ဍာရီလာ လူသားပညာရှင်ကြီးများသည် အလွန်ပင် ရက်စက်လှသော သေဆုံးခြင်းဖြင့် အဆုံးသတ်သွားခဲ့ရသည်။
လူသားကောင်းကင်ဘုရင်များ၏ ဝိညာဉ်များကို ဝါးမြိုပြီးနောက် မိစ္ဆာနတ်ဘုရား၏ နဖူးတွင် အပြာရောင် သွေးကြောများ ထောင်ထလာသည်။ သူ၏ မျက်လုံးများမှာ တောရိုင်းတိရစ္ဆာန် တစ်ကောင်ကဲ့သို့ ရူးသွပ်နေပြီး သူ၏ ဝိညာဉ်ပင်လယ်မှာ ပို၍ပင် ဖရိုဖရဲ ဖြစ်လာခဲ့သည်။
ယီယွင်သည် ဤအခြေအနေကို အေးဆေးစွာ စောင့်ကြည့်နေသည်။ မိစ္ဆာနတ်ဘုရားသည် ဒဏ်ရာများအပေါ် ဒဏ်ရာဆင့်နေပြီး သူ၏ သက်စောင့်အားကို အကြိမ်ကြိမ် အလွန်အကျွံ သုံးစွဲနေခြင်းမှာ သူ၏ နောက်ဆုံးအချိန်သို့ နီးကပ်လာစေသည်။
အရာအားလုံး အဆင်ပြေမည်ဆိုလျှင် မိစ္ဆာနတ်ဘုရား၏ သက်စောင့်အား ပြိုလဲသွားစေမည့် "နောက်ဆုံးအမှတ်" က ပေါ်လာတော့မည်ဖြစ်သည်။
ယီယွင်အတွက်မူ ထိုအခြေအနေ ရောက်လာသည်အထိ တောင့်ခံထားရန်သာ လိုအပ်သည်။ ထိုအခါမှသာ မိစ္ဆာနတ်ဘုရား၏ သက်စောင့်အား ပြိုလဲပြီး လုံးဝဥဿုံ ပျက်စီးသွားမည်ဖြစ်သည်။
"သေစမ်း" မိစ္ဆာနတ်ဘုရားက အံကြိတ်ကာ ဟိန်းဟောက်လိုက်ပြီး သူ၏ လှံကို အားကုန် ဝေ့ယမ်းလိုက်သည်။
ရှူး......
အလင်းတန်းများမှာ ကွေးညွတ်သွားပြီး တစ်ကမ္ဘာလုံး မှောင်အတိ ကျသွားသည်။ ဟင်းလင်းပြင် ဥပဒေသများမှာ ချက်ချင်းပင် ဖရိုဖရဲ ဖြစ်ကုန်သည်။
ဟင်းလင်းပြင် ဥပဒေသတွေလား
မိစ္ဆာနတ်ဘုရားသည် ယခင်က ဥပဒေသများကို အသုံးမပြုဘဲ ရိုးရှင်းသော ထိုးချက်၊ ဝေ့ယမ်းချက်များဖြင့်သာ အနိုင်ယူခဲ့သော်လည်း ယခုမူ သူသည် ဟင်းလင်းပြင် စွမ်းအားကို ထုတ်ဖော်လိုက်ပြီဖြစ်သည်။ ထိုစွမ်းအားသည် ရွှေရောင်ဝတ်စုံနှင့် ယီယွင်ကို စတင် ဝန်းရံလာသည်။
သူသည် ယီယွင်၏ အစစ်အမှန် ခန္ဓာကိုယ်နှင့် ကိုယ်ပွားကို ခွဲထုတ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
အကယ်၍ ကိုယ်ပွားနှင့် ကွဲကွာသွားပါက ယီယွင်၏ အစစ်အမှန် ခန္ဓာကိုယ်မှာ မိစ္ဆာနတ်ဘုရား၏ တိုက်ရိုက်တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
"ပိတ်ဆို့စမ်း"
ဟင်းလင်းပြင်ကြီး ပိတ်ဆို့လာသည်နှင့် ယီယွင်၏ စိတ်မှာ လေးလံသွားသည်။ သူသည် ဟင်းလင်းပြင် လုံးဝ မပိတ်မီ ကိုယ်ပွား၏ ချက်အတွင်းသို့ လျင်မြန်စွာ ပြန်လည် ဝင်ရောက်လိုက်သည်။ မိစ္ဆာနတ်ဘုရား၏ ခွဲထုတ်မှုကို သူ အဖြစ်မခံနိုင်ပေ။
ရွှီး.........
ဟင်းလင်းပြင် စွမ်းအားများ ပေါင်းစပ်ထားသော လှံချက်သည် ရှေ့သို့ တိုးဝင်လာသည်။ ပတ်ဝန်းကျင်ရှိ မြေပြင်နှင့် တောင်တန်းများမှာ ဟင်းလင်းပြင် လိမ်ယှက်မှုကြောင့် ပုံပျက်ကာ တစ်စစီ ကြေမွကုန်သည်။
မိစ္ဆာနတ်ဘုရား၏ လှံချက်မှာ နတ်နဂါး ရွှေစင်ကိုယ်ပွား ၏ မျက်ခုံးအလယ်သို့ တည့်တည့်မတ်မတ် ဦးတည်နေသည်။
ရှာ ရှာ ရှာ........ချွင်..........
ကိုယ်ပွား၏ ချက်အတွင်းမှ နှင်းတစ်ထောင် ပျံလွှားဓားမြောင်များ ထွက်ပေါ်လာသည်။ ဓားမြောင် ၉၉၉ စင်းမှာ တစ်ခုတည်းအဖြစ် ပေါင်းစည်းကာ မိစ္ဆာနတ်ဘုရား၏ လှံကို ဆီးကြို တိုက်ခိုက်လိုက်သည်။ သို့သော် မိစ္ဆာနတ်ဘုရား၏ လှံစွမ်းအားမှာ ပြင်းထန်လွန်းလှသဖြင့် နှင်းတစ်ထောင်နယ်မြေ မှာ တောင့်မခံနိုင်ပေ။
ဝုန်း..........
ပြင်းထန်လှသော စွမ်းအင်ပေါက်ကွဲမှုကြောင့် နေနှင့်လကို ဖုံးလွှမ်းသွားသည့် စွမ်းအင်မုန်တိုင်းကြီး ဖြစ်ပေါ်လာသည်။ အလင်းတန်းအားလုံးကို အမှောင်ထုက ဝါးမြိုသွားတော့သည်။
"ဂရုစိုက်ကြ"
လူသားနှင့် ပျက်စီးခြင်းမျိုးနွယ်စစ်သည်များမှာ ထိုမုန်တိုင်းကြောင့် ထိတ်လန့်နေကြသည်။ မိစ္ဆာနတ်ဘုရား၏ ရှေ့တွင် သူတို့သည် အလွန်ပင် အားနည်းလွန်းလှသည်။ ဘေးအန္တရာယ် မဖြစ်စေရန် ကောင်းကင်ဘုရင်များက အကာအကွယ် အစီအရင်များ ပြုလုပ်၍ တောင့်ခံထားရသည်။
ထိုခဏတွင် မိစ္ဆာနတ်ဘုရား၏ လှံသည် နတ်နဂါး ရွှေစင်ကိုယ်ပွား ကို ထိမှန်သွားတော့သည်။ ပြင်းထန်သော တုန်ခါမှုနှင့်အတူ ကိုယ်ပွားမှာ သွေးများအန်ထုတ်ကာ နောက်သို့ လွင့်စဉ်သွားသည်။
ရွှေစင်ခန္ဓာကိုယ် ရှိနေသော်လည်း ပြင်းထန်သော တိုက်ခိုက်မှု နှစ်ချက်ကို ဆက်တိုက် ခံလိုက်ရသဖြင့် ဒဏ်ရာများစွာ ရရှိသွားပြီဖြစ်သည်။
"ချေမှုန်းစမ်း"
မိစ္ဆာနတ်ဘုရားက ဒုတိယအကြိမ် တိုက်ခိုက်လိုက်ပြန်ရာ ဟင်းလင်းပြင် စွမ်းအားများက ကိုယ်ပွားကို တိုက်ရိုက် ဝန်းရံသွားသည်။ နောက်သို့ လွင့်စဉ်နေသော ကိုယ်ပွားမှာ ပင့်ကူအိမ်တွင် မိနေသော ပိုးကောင်လေးကဲ့သို့ လေထဲတွင် ချုပ်နှောင်ခြင်း ခံလိုက်ရသည်။
"ဒင်"
နှင်းတစ်ထောင် ဓားမြောင်များက ဟင်းလင်းပြင် သံကြိုးများကို ဖြတ်တောက်ရန် ကြိုးစားသော်လည်း ပိုမိုများပြားသော စွမ်းအားများ စီးဝင်လာသဖြင့် လွတ်မြောက်ရန် လမ်းမရှိတော့ပေ။
"မင်းမှာ ဘယ်လောက်ပဲ ရတနာတွေ ရှိရှိ၊ အင်အားမရှိရင်တော့ အလဟဿပဲ"
မိစ္ဆာနတ်ဘုရားသည် ယီယွင်၏ ကိုယ်ပွားကို ထိန်းချုပ်ထားလိုက်ပြီဖြစ်သည်။ နက်မှောင်သော လက်ကြီးတစ်ဖက် ပေါ်လာပြီး ကိုယ်ပွား၏ ဝိညာဉ်ပင်လယ်ကို ဆုပ်ကိုင်ရန် ကြိုးစားတော့သည်။
ထိုလက်ကြီးမှာ အလွန်အေးစက်ပြီး သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။
"ယီယွင်၊ သတိထား သူ မင်းရဲ့ ဝိညာဉ်အမှတ်အသားကို ဖျက်ဆီးဖို့ ကြိုးစားနေတာ"
သန့်စင်ရာနယ်မြေကျွန်း၏ ကျွန်းအရှင်က ယီယွင်ကို သတိပေးလိုက်သည်။ ကိုယ်ပွား၏ ခုခံမှုမှာ အားကောင်းသော်လည်း ယီယွင်က ထိန်းချုပ်ထားရခြင်း ဖြစ်သည်။ အကယ်၍ ဝိညာဉ်ပင်လယ် အဖျက်ခံရပါက ကိုယ်ပွားမှာ ပိုင်ရှင်မဲ့ ဖြစ်သွားပြီး မိစ္ဆာနတ်ဘုရား၏ လက်ထဲသို့ ရောက်ရှိသွားမည်ဖြစ်သည်။
ထိုအရေးကြီးသော အချိန်တွင်...
ဝုန်း...........
ကောင်းကင်ယံမှ နတ်ဘုရားကြွမြန်းရာ နတ်မျှော်စင် ကြီးသည် မိစ္ဆာနတ်ဘုရား၏ အပေါ်သို့ ပြင်းထန်စွာ ဖိချလိုက်သည်။
မိစ္ဆာနတ်ဘုရားမှာ ကိုယ်ပွားကို ဆက်လက် တိုက်ခိုက်နေပါက နတ်မျှော်စင်၏ ဖိသိပ်မှုကို ခံရတော့မည် ဖြစ်ရာ သူ၏ လှံဖြင့် နတ်မျှော်စင်ကို အားကုန် ပြန်လည် ရိုက်ထုတ်လိုက်ရသည်။
"ဖယ်စမ်း"
သူ၏ နက်မှောင်သော လှံသည် နတ်မျှော်စင်၏ အောက်ခြေကို ထိုးနှက်လိုက်သည်။ လှံမှာ ကွေးညွတ်သွားသည်အထိ ပြင်းထန်သော တုန်ခါမှု ဖြစ်ပေါ်ခဲ့သည်။ မိစ္ဆာနတ်ဘုရားသည် သူ၏ ခွန်အားဖြင့် နတ်မျှော်စင်ကြီးကို အတင်းအဓမ္မ တောင့်ခံထားခြင်းဖြစ်သည်။
ထိုစဉ် နတ်မျှော်စင်အတွင်းမှ အဖြူရောင် ဝတ်စုံနှင့် ပုံရိပ်တစ်ခု ပျံထွက်လာသည်။ သူမ၏ ပတ်ပတ်လည်တွင် ရေခဲပြာရောင် နှင်းပွင့်များ လွင့်ပျံနေပြီး သူမသည် ဓားကို ကိုင်ကာ မိစ္ဆာနတ်ဘုရားကို အထက်မှ အောက်သို့ တိုက်ခိုက်လိုက်သည်။
လင်ရှင်းထုံ ပင် ဖြစ်သည်။ သူမ၏ ဓားအလင်းမှာ ရေတံခွန်ကြီးတစ်ခုကဲ့သို့ အဟုန်ဖြင့် ဆင်းသက်လာသည်။ မိစ္ဆာနတ်ဘုရားသည် သူ၏ ကြွက်သားများကို ဖောင်းကားစေကာ အားလုံးသော စွမ်းအင်များကို ပေါက်ကွဲထွက်စေပြီး လှံဖြင့် နတ်မျှော်စင်ကြီးကို လွှင့်စဉ်သွားအောင် ရိုက်ထုတ်လိုက်သည်။
ဤမြင်ကွင်းကို ကြည့်နေသူများမှာ တုန်လှုပ်နေကြသည်။ မိစ္ဆာနတ်ဘုရားမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ ယီယွင်နှင့် လင်ရှင်းထုံတို့သည် နတ်မျှော်စင်နှင့် ကိုယ်ပွားကို အသုံးပြု၍ တိုက်ခိုက်နေသော်လည်း မိစ္ဆာနတ်ဘုရား၏ လက်အောက်တွင် အရေးနိမ့်နေဆဲ ဖြစ်သည်။
"သေပေတော့"
မိစ္ဆာနတ်ဘုရားသည် နတ်မျှော်စင်ကို ရိုက်ထုတ်ပြီးနောက် အနားပင်မယူဘဲ လင်ရှင်းထုံထံသို့ တရွေ့ရွေ့ ပြေးဝင်လာသည်။ နတ်မျှော်စင်ကို ရိုက်ထုတ်လိုက်ရသဖြင့် သူ၏ စွမ်းအင်များစွာ ကုန်ဆုံးသွားပြီဖြစ်သော်လည်း သူ၏ လှံချက်များမှာ လင်ရှင်းထုံ၏ လည်ပင်းဆီသို့ တိုးဝင်နေဆဲဖြစ်သည်။
လင်ရှင်းထုံသည် အလွန်ပင် တည်ငြိမ်နေသည်။ သူမသည် မဟာဧကရီ နှလုံးသားကျမ်း ကို အဆုံးစွန်အထိ အသုံးပြုကာ သူမ၏ ပိတ်ဆို့နေသော သွေးကြောများအတွင်းမှ ယင် စွမ်းအားများကို ပေါက်ကွဲထွက်စေခဲ့သည်။
ချွင်......ချွင်......ချွင်
သူမ၏ ဓားသည် နှင်းမုန်တိုင်းသဖွယ် မိစ္ဆာနတ်ဘုရား၏ လှံကို အကြိမ်ကြိမ် ခုခံရင်း မိစ္ဆာနတ်ဘုရား၏ အသားစိုင်များကို ဆုတ်ဖြဲခဲ့သော်လည်း သူမကိုယ်တိုင်လည်း လျင်မြန်စွာ နောက်သို့ ဆုတ်ခွာနေရသည်။ လင်ရှင်းထုံ၏ စွမ်းအားမှာလည်း မိစ္ဆာနတ်ဘုရားကို ယှဉ်နိုင်ရန် လုံလောက်မှု မရှိသေးပေ။
အခန်း ၇၄၁ - ဓားတစ်ချက်တည်းဖြင့် ညိုးနွမ်းစေခြင်း
မိစ္ဆာနတ်ဘုရားမှာ အံတု၍မရနိုင်လောက်အောင် အစွမ်းထက်နေဆဲပင်။ လင်ရှင်းထုံ၏ ဓားစွမ်းအင်များ သူ၏ ကြွက်သားများကို လာရောက်ထိမှန်သော်လည်း ၎င်းတို့ကို သနားညှာတာမှုကင်းမဲ့စွာ ချေဖျက်ပစ်လိုက်သည်။ သူ၏ နက်မှောင်သော လှံသည် လင်ရှင်းထုံရှိရာသို့ တဖြည်းဖြည်း နီးကပ်လာနေပြီဖြစ်သည်။
တစ်ချိန်တည်းမှာပင် မိစ္ဆာနတ်ဘုရားသည် ဟင်းလင်းပြင်စွမ်းအားကို အသုံးပြု၍ နတ်မျှော်စင် ကိုလည်း ချုပ်နှောင်ထားသည်။ သူသည် ထိုနတ်မျှော်စင်ကြီးကို အလွန်ပင် ကြောက်ရွံ့သဖြင့် ယီယွင်နှင့် လင်ရှင်းထုံတို့ မျှော်စင်ထဲသို့ ဝင်ပုန်းမည်ကို စိုးရိမ်ကာ စွမ်းအင်အမြောက်အမြားကို ခွဲထုတ်၍ ပိတ်ဆို့ထားခြင်းဖြစ်သည်။
သူသည် လင်ရှင်းထုံ၏ ဓားချက်များကို အသားကုန်ခံရင်း ဒဏ်ရာရနေသော ခန္ဓာကိုယ်မှ ကျန်ရှိသော သက်စောင့်အားများကို အစွမ်းကုန်ထုတ်ယူကာ သူမကို တစ်ချက်တည်းဖြင့် အပြတ်သတ်ရန် ကြိုးစားနေသည်။
ယီယွင် သို့မဟုတ် လင်ရှင်းထုံ၊ တစ်ယောက်ယောက်ကို သတ်နိုင်ခဲ့လျှင် ကျန်တစ်ယောက်ကို သတ်ရန်မှာ ပို၍လွယ်ကူသွားမည် မဟုတ်ပါလား။
သို့သော် ယီယွင်က လင်ရှင်းထုံ အသတ်ခံရသည်ကို မည်သို့ကြည့်နေနိုင်ပါမည်နည်း။
ဝုန်း..........မင်းကများ........ရှင်းထုံကိုထိရဲတယ်.....
ယီယွင်သည် ရွှေရောင်ကျီးကန်းကြီး၏ ကျောပေါ်တွင် ရပ်လျက် ရှေ့သို့ တိုးဝင်လာသည်။ သူ၏ နတ်နဂါး ရွှေစင်ကိုယ်ပွား မှာ ဒဏ်ရာရထားသဖြင့် သူ၏ ခန္ဓာကိုယ်အတွင်း၌ ပြန်လည်သိမ်းဆည်းထားပြီး ယခုမူ သူကိုယ်တိုင် သန့်စင် ယန်ဓားကျိုး ကို ကိုင်ကာ မိစ္ဆာနတ်ဘုရားကို တိုက်ရိုက်ချိန်ရွယ်လိုက်သည်။
ယီယွင်နှင့် လင်ရှင်းထုံတို့မှာ မိစ္ဆာနတ်ဘုရားကို ထိပ်တိုက်ရင်ဆိုင်နိုင်စွမ်း မရှိသော်လည်း သူတို့နှစ်ဦးကြားရှိ စိတ်ချင်းဆက်သွယ်မှုနှင့် အပေးအယူမျှတသော လက်တွဲမှုမှာ အံမခန်းလှပေ။
"ဟင်း"
မိစ္ဆာနတ်ဘုရားက နှာခေါင်းရှုံ့လိုက်သည်။ ယီယွင်သည် တိုက်ကွက်တစ်ခုကို အသုံးပြု၍ သူ့ကို ခုခံရန် အတင်းအကျပ် လုပ်ဆောင်စေခြင်းဖြင့် လင်ရှင်းထုံကို ကယ်တင်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း သူသိသည်။
အကယ်၍ သူက လင်ရှင်းထုံကို သတ်မည့်အစား ယီယွင်ကို ပြန်လည်ခုခံလိုက်လျှင် သူသည် အန္တရာယ်မှ လွတ်သွားမည်ဖြစ်ပြီး သူ၏ ဒဏ်ရာများမှာ အလကားဖြစ်သွားပေလိမ့်မည်။
ထို့ကြောင့် သူသည် ယီယွင်၏ ဓားချက်ကို အထိခံပြီး လင်ရှင်းထုံကို အရင်ဆုံး သတ်ရန် ဆုံးဖြတ်လိုက်သည်။ မိစ္ဆာနတ်ဘုရား၏ လှံသည် အရှိန်မလျော့ဘဲ သူမ၏ လည်ပင်းဆီသို့ ဆက်လက်တိုးဝင်နေဆဲဖြစ်သည်။
ဤမြင်ကွင်းကို ကြည့်နေသော လင်မိသားစုဝင်များနှင့် လူသားစစ်သည်များမှာ ရင်တမမ ဖြစ်နေကြသည်။ မိစ္ဆာနတ်ဘုရားက လင်ရှင်းထုံကို သတ်ရန် ဆုံးဖြတ်ထားပြီးဖြစ်ရာ ယီယွင်၏ ဓားချက်က မိစ္ဆာနတ်ဘုရားကို ထိမှန်လျှင်ပင် သူမကို ကယ်တင်နိုင်မည် မဟုတ်သလို မိစ္ဆာနတ်ဘုရားကိုလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရစေနိုင်မည် မဟုတ်ဟု သူတို့က ထင်မြင်နေကြသည်။
မိစ္ဆာနတ်ဘုရားသည် ယီယွင်ကို လုံးဝဂရုမစိုက်ပေ။ လင်ရှင်းထုံ၏ အသက်ဘေးနှင့် ရင်ဆိုင်နေရချိန်တွင် ယီယွင်သည် အသက်ကို အောင့်ထားလိုက်သည်။ သူ၏ မျက်ဝန်းများထဲတွင် သက်ရှိသတ္တဝါများ ရှင်သန်ကြီးထွားလာခြင်းနှင့် အပင်များ ညိုးနွမ်းပျက်စီးသွားခြင်း ပုံရိပ်များ ပေါ်လာသည်။
ဝူး......
ယီယွင်၏ ချက်အတွင်းမှ သစ်သားတုံးခြောက်တစ်ခု ထွက်ပေါ်လာသည်။ ၎င်းမှာ သေမင်းဝိညာဉ် သစ်သားတုံး ပင်ဖြစ်သည်။ ထိုသစ်သားတုံးသည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး ယီယွင်၏ နောက်ကွယ်တွင် နတ်ဘုရားသစ်ပင်ကြီးတစ်ပင်၏ ပုံရိပ်ကို ဖြစ်ပေါ်စေသည်။
နတ်ဘုရားသစ်ပင်ကြီးမှာ အစပိုင်းတွင် စိမ်းလန်းစိုပြည်နေသော်လည်း ခဏချင်းမှာပင် ခြောက်သွေ့သွားပြီး သစ်ရွက်များမှာ သေခြင်းတရား၏ လိပ်ပြာများကဲ့သို့ ကြွေလွင့်ကုန်သည်။
ညိုးနွမ်းခြင်း... သစ်ရွက်ကြွေခြင်းသည် ညိုးနွမ်းခြင်း၊ သစ်ပင်များ ခြောက်သွေ့ခြင်းသည် ညိုးနွမ်းခြင်း၊ လူသားများ သေဆုံးခြင်းသည်လည်း ညိုးနွမ်းခြင်းပင်။
ယီယွင်သည် သန့်စင် ယန်ဓားနန်းတော် မှ နားလည်ခဲ့သော ညိုးနွမ်းခြင်း အယူအဆများကို သူ၏ ဓားအတွင်းသို့ ထည့်သွင်းလိုက်သည်။ ဤသည်မှာ ယီယွင် ကိုယ်တိုင် ဖန်တီးခဲ့သော ပထမဆုံးသော ဓားလမ်းစဉ် ပင် ဖြစ်သည်။
ညိုးနွမ်းခြင်း ဓားလမ်းစဉ်။ ဓားတစ်ချက်တည်းဖြင့် ညိုးနွမ်းစေခြင်း
ယီယွင်၏ ဓားဖျားသည် မိစ္ဆာနတ်ဘုရား၏ မျက်ခုံးအလယ်သို့ တည့်တည့်မတ်မတ် ဦးတည်သွားသည်။
ဤတိုက်ကွက်တွင် သေခြင်းတရားနှင့် ညိုးနွမ်းခြင်း အငွေ့အသက်များ ပါဝင်နေသော်လည်း အပေါ်ယံတွင်မူ သာမန်တိုက်ကွက်တစ်ခုကဲ့သို့ပင် အလွန်တည်ငြိမ်နေသည်။
"အဟင်း....မင်းက နီလာယန်သခင်ရဲ့ ဓားဆန္ဒကို မသုံးဘဲ ငါ့ကို ဒဏ်ရာရအောင် လုပ်နိုင်မယ် ထင်နေတာလား"
မိစ္ဆာနတ်ဘုရားက ပြုံးလိုက်သည်။ သူသည် နီလာယန်သခင်၏ ဓားဆန္ဒကိုသာ အကြောက်ဆုံး ဖြစ်သည်။ ယီယွင် ကိုယ်တိုင် ဖန်တီးထားသော ဓားလမ်းစဉ်ကိုမူ သူ အနည်းငယ်မျှ ဂရုမစိုက်ပေ။
ဝုန်း..........
လင်ရှင်းထုံ၏ ဓားစွမ်းအင်အားလုံးကို လှံဖြင့် ရိုက်ခွဲလိုက်ရာ သူမ၏ သေးသွယ်သော ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ခါသွားပြီး မျက်နှာမှာ ဖြူလျော့သွားသည်။ သူမကို အဆုံးစီရင်တော့မည့် လှံအရှိန်အဝါကြီးကို သူမ ကြည့်နေစဉ်မှာပင် ယီယွင်၏ ဓားသည် မိစ္ဆာနတ်ဘုရား၏ ဦးခေါင်းကို ထိမှန်သွားသည်။
ဓားဖျားသည် သူ၏ မျက်ခုံးအလယ်ကို အသာအယာ ထိလိုက်ရုံသာဖြစ်သည်။
ဝုန်း.........
ညိုးနွမ်းခြင်း အယူအဆသည် ဆောင်းဦးပေါက် မြင်ကွင်းတစ်ခုကဲ့သို့ မိစ္ဆာနတ်ဘုရား၏ မျက်ခုံးအလယ်မှတစ်ဆင့် သူ၏ ဝိညာဉ်ပင်လယ်ထဲသို့ တိုးဝင်သွားသည်။ အားနည်းသော စွမ်းအင်စုတစ်ခုကဲ့သို့ ထင်ရသော်လည်း ၎င်းသည် ဝိညာဉ်ပင်လယ်ထဲသို့ ရောက်သွားသည်နှင့် မိစ္ဆာနတ်ဘုရား၏ သက်စောင့်အားများကို လျင်မြန်စွာ ညိုးနွမ်းသွားစေတော့သည်။
မိစ္ဆာနတ်ဘုရားမှာ ထိတ်လန့်သွားသည်။ သူ၏ ဝိညာဉ်ပင်လယ်မှာ ပြိုလဲလုနီးပါး ဖြစ်နေပြီး လက်ရှိတွင် သူသည် အားအနည်းဆုံး အခြေအနေ၌ ရှိနေသည်။ အားနည်းနေသော သက်စောင့်အားမှာ ညိုးနွမ်းနေသော သစ်ပင်တစ်ပင်ကဲ့သို့ပင်။
ဤသည်မှာ ယီယွင် ကိုယ်တိုင် ဖန်တီးထားသော အလွန်ရှားပါးသည့် အယူအဆ ဖြစ်သဖြင့် မိစ္ဆာနတ်ဘုရားပင်လျှင် ၎င်းကို မည်သို့ ဖြေရှင်းရမည်ကို မသိရှိပေ။ သူ၏ ဝိညာဉ်စွမ်းအင်များ လျင်မြန်စွာ ပျောက်ကွယ်လာသည်နှင့်အမျှ ဝိညာဉ်ပင်လယ်မှာ ခြောက်သွေ့ကျုံ့ဝင်လာရာ မိစ္ဆာနတ်ဘုရားမှာ နာကျင်လွန်းသဖြင့် အသံကုန် အော်ဟစ်လိုက်ရတော့သည်။
"အား... အား... အား......"
သူသည် သူ၏ ဦးခေါင်းကို ဖိထားရင်း ကောင်းကင်ယံမှ ကြယ်တံခွန်တစ်ခုကဲ့သို့ လွင့်စဉ်သွားသည်။ သူသည် ယီယွင်၏ ညိုးနွမ်းခြင်း အယူအဆကို ဖြေရှင်းရန် အလူးအလဲ ရုန်းကန်နေရသည်။
ထိုစဉ် လင်ရှင်းထုံ၏ ရှေ့တွင် ပြင်းထန်လှသော စွမ်းအင်မုန်တိုင်းကြီး ရှိနေဆဲပင်။ မိစ္ဆာနတ်ဘုရားထံမှ စွမ်းအင်ထောက်ပံ့မှု ပြတ်တောက်သွားသဖြင့် ထိုမုန်တိုင်းမှာ အားနည်းသွားသော်လည်း လင်ရှင်းထုံ တစ်ယောက်တည်း ခုခံရန်မှာ ခက်ခဲနေဆဲဖြစ်သည်။
ယီယွင်သည် သူ၏ ကိုယ်ပွား ကို ချက်ချင်း ထုတ်ဖော်လိုက်သည်။ ပျံလွှားဓားမြောင် ၉၉၉ စင်းသည် ဟင်းလင်းပြင်ကို ထိုးဖောက်ကာ လှည့်ပတ်သွားပြီး ဓားမြောင်မုန်တိုင်းကြီးတစ်ခုကို ဖန်တီးလိုက်သည်။ လင်ရှင်းထုံသည်လည်း သူမ၏ သွေးကို အနည်းငယ် စုပ်ယူကာ မဟာဧကရီ နှလုံးသားကျမ်းစာ ကို အားကုန်သုံး၍ တိုက်ခိုက်လိုက်သည်။
ဓားမြောင်မုန်တိုင်းနှင့် လင်ရှင်းထုံ၏ နှင်းပွင့်များ ပေါင်းစပ်လိုက်ချိန်တွင် မိစ္ဆာနတ်ဘုရား၏ စွမ်းအင်မုန်တိုင်းကို ချေဖျက်နိုင်ခဲ့သည်။ ယီယွင်သည် အခွင့်အရေးကို အသုံးချကာ လင်ရှင်းထုံ၏ ခါးကို ဖက်၍ ဟင်းလင်းပြင်အတွင်းမှ ရှောင်တိမ်းလိုက်ရာ သူတို့နှစ်ဦးစလုံး အန္တရာယ်မှ လွတ်မြောက်သွားခဲ့သည်။
မိစ္ဆာနတ်ဘုရား၏ တိုက်ခိုက်မှုမှာ ကြောက်မက်ဖွယ်ကောင်းလှသဖြင့် ယီယွင်တို့မှာ အစွမ်းကုန် ခုခံခဲ့ရသော်လည်း ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်။
"မိစ္ဆာနတ်ဘုရား..."
ယီယွင် ကြည့်လိုက်ချိန်တွင် မိစ္ဆာနတ်ဘုရားမှာ လက်တစ်ဖက်ဖြင့် လှံကိုကိုင်၊ အခြားလက်တစ်ဖက်ဖြင့် ဦးခေါင်းကို ကိုင်ထားကာ ရူးသွပ်နေသည်ကို တွေ့လိုက်ရသည်။ သူ၏ ဝိညာဉ်ပင်လယ်မှ စတင်လာသော ညိုးနွမ်းခြင်းမှာ သူ၏ ဝိညာဉ်ကို ခြောက်သွေ့စေနေခြင်းဖြစ်သည်။
ဤသည်မှာ သက်စောင့်အား မရှိသလောက် နည်းပါးနေသော မိစ္ဆာနတ်ဘုရားအတွက် လူမဆန်သော နှိပ်စက်မှုပင်။
"အား.......အား"
ရူးသွပ်နေသော မိစ္ဆာနတ်ဘုရားသည် သူ၏ လှံကို ရမ်းသန်း ဝေ့ယမ်းလိုက်ရာ ကောင်းကင်ယံရှိ သွေးတိမ်တိုက်များမှာ လွင့်စင်ကုန်ပြီး လျှပ်စီးတန်းများမှာလည်း ရမ်းသန်း လက်ပတ်နေတော့သည်။ ကမ္ဘာကြီးတစ်ခုလုံး ပြိုကွဲတော့မည့်အလား တောင်တန်းများမှာ ပြိုကျကုန်ပြီး ပျက်စီးခြင်းမျိုးနွယ်စု၏ အကာအကွယ် အစီအရင်မှာလည်း ဖွဲဖွဲကြွေသွားရသည်။
"ရှင်းထုံ အချစ်.... ငါတို့ အတူတူ တိုက်ခိုက်ကြစို့"
ယီယွင်သည် ရန်သူ အားနည်းနေသည့် အချိန်ကို အမိအရ ဆုပ်ကိုင်ရန် ဆုံးဖြတ်လိုက်သည်။ မိစ္ဆာနတ်ဘုရား၏ ဝိညာဉ်မှာ ဖရိုဖရဲ ဖြစ်နေပြီး သူ၏ စွမ်းအင်များစွာ ကုန်ဆုံးသွားချိန်မှာ သူ့ကို အနိုင်ယူရန် အကောင်းဆုံး အခွင့်အရေးပင် ဖြစ်သည်။
အခန်း ၇၄၂ - ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံနိုင်သော သစ်ရွက်တစ်ရွက်
ယီယွင်နှင့် လင်ရှင်းထုံတို့ အင်အားချင်း ပေါင်းစပ်လိုက်ချိန်တွင် သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ ယင် နှင့် ယန် စွမ်းအင်များမှာ တစ်သားတည်း ရောယှက်သွားကြသည်။ ထိုသို့ အပေးအယူမျှတစွာ ပေါင်းစပ်နိုင်မှုကြောင့် "မဟာဧကရီ နှလုံးသားကျမ်း" ၏ စွမ်းအားမှာလည်း သိသိသာသာ ပြောင်းလဲ တိုးတက်လာခဲ့သည်။
ကောင်းကင်ကိုးလွှာမှ ကြယ်ရောင်ခြည်များမှာ လင်ရှင်းထုံ၏ ဓားထက်သို့ စီးဆင်းလာပြီး ယီယွင်ကလည်း သန့်စင် ယန်ဓားကျိုး ကို ယန်မီးတောက်များဖြင့် ဝန်းရံစေလိုက်သည်။
တစ်လောကလုံးရှိ မိုးမြေယွမ်ချီ များမှာ သူတို့နှစ်ဦးထံသို့ ပြင်းထန်စွာ စီးဝင်လာတော့သည်။
ဓားနှစ်လက်ကို တစ်ပြိုင်နက် ထုတ်ဖော်ခြင်း............
ဝိန်း........ဂျိမ်း.......ရွှီး
ဓားနှစ်လက်သည် ကောင်းကင်နှင့် မြေပြင်ကို ဆုတ်ဖြဲကာ မိစ္ဆာနတ်ဘုရားထံသို့ တစ်ပြိုင်နက်တည်း ကျရောက်သွားသည်။ မိစ္ဆာနတ်ဘုရားမှာ ဝိညာဉ်ပင်လယ် ဖရိုဖရဲဖြစ်နေသည့် ဒဏ်ကို ခံစားနေရသဖြင့် ထိုဓားချက်နှစ်ချက်ကို မရှောင်နိုင်၊ မခုခံနိုင် ဖြစ်သွားရသည်။ ဓားချက်များသည် သူ၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားပြီး ကြောက်မက်ဖွယ်ရာ ဒဏ်ရာကြီးနှစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
သွေးများ ပန်းထွက်လာသည်နှင့်အမျှ မိစ္ဆာနတ်ဘုရား၏ မျက်လုံးများမှာ ပိုမို ရက်စက်ကြမ်းကြုတ်လာသည်။
"မင်းတို့နှစ်ယောက်ရဲ့ အစွမ်းက ငါ့ကိုသတ်ဖို့ မလုံလောက်သေးဘူး"
မိစ္ဆာနတ်ဘုရားက ရုတ်တရက် ဟိန်းဟောက်လိုက်သည်။ သူသည် သူ၏ ဒဏ်ရာများကို ဂရုမစိုက်ဘဲ လှည့်ကြည့်ကာ သူ၏ နက်မှောင်သော လှံကို ယီယွင်ထံသို့ အားကုန် ပစ်ပေါက်လိုက်တော့သည်။
ဝူး....
နက်မှောင်သော လှံသည် နတ်ဘုရားတစ်ပါး၏ ပြစ်ဒဏ်ခတ်သော လျှပ်စီးတန်းတစ်ခုကဲ့သို့ ဟင်းလင်းပြင်ကို ထိုးဖောက်ကာ ယီယွင်၏ နှလုံးသားရှိရာ ကျောပြင်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားသည်။
ဤလှံချက်တွင် မိစ္ဆာနတ်ဘုရား၏ ခွန်အားအားလုံး ပါဝင်နေသဖြင့် ထျန်းယွမ် လောကကြီးကိုပင် ဖောက်ထွက်သွားနိုင်သည့်အလား အားပြင်းလှသည်။
ယီယွင်အနေဖြင့် ဤတိုက်ခိုက်မှုကို သူ၏ ခန္ဓာကိုယ်ဖြင့် မည်သို့မျှ မခုခံနိုင်ပေ။ သူ၏ ရွှေစင်ကိုယ်ပွားပင်လျှင် ဤဒဏ်ကို ခံရပါက ပြင်းထန်စွာ ဒဏ်ရာရသွားပေလိမ့်မည်။
ထိုကိုယ်ပွားမှာလည်း အဝေးသို့ ရောက်ရှိနေသဖြင့် ယီယွင်ကို လာရောက်ကယ်တင်ရန် အချိန်မမီတော့ပေ။
နတ်မျှော်စင်မှာလည်း မိစ္ဆာနတ်ဘုရား၏ ဟင်းလင်းပြင်စွမ်းအားများဖြင့် ပိတ်ဆို့ခံထားရဆဲ ဖြစ်သဖြင့် ယီယွင်မှာ အတွင်းသို့ ဝင်ပုန်းရန် လမ်းမရှိတော့ချေ။
သူသည် ဤတိုက်ကွက်ကို ထိပ်တိုက် ရင်ဆိုင်ရတော့မည်။
နက်မှောင်သော လှံတွင် ကြောက်မက်ဖွယ်ကောင်းသောစွမ်းအင်နယ်ပယ်ပါဝင်နေသဖြင့် ရှောင်တိမ်းရန် မဖြစ်နိုင်ပေ။
"ယီယွင်....သတိထားဟေ့"
လှံကြီးမှာ သေခြင်းတရား၏ မြားတစ်စင်းကဲ့သို့ တိုးဝင်လာသည်ကို မြင်ရသူတိုင်း အသက်ရှူရပ်မတတ် ဖြစ်သွားကြသည်။ မိစ္ဆာနတ်ဘုရားသည် သူ၏ လက်နက်ကိုပင် ပစ်ပေါက်လိုက်ခြင်းမှာ သူ၏ အသက်နှင့်လဲ၍ တိုက်ခိုက်ခြင်းပင် ဖြစ်သည်။
ထိုသို့သော တိုက်ကွက်ကို မည်သူက တောင့်ခံနိုင်ပါမည်နည်း။
ကျန်းရှောင်ယု၏ နှလုံးခုန်သံများ ရပ်တန့်လုနီးပါး ဖြစ်သွားပြီး လင်ရှင်းထုံမှာလည်း စွမ်းအင်နယ်ပယ်အတွင်း ပိတ်မိနေသဖြင့် ဘာမှ မလုပ်ပေးနိုင်ဘဲ စိုးရိမ်တကြီး ကြည့်နေရရုံသာ ရှိတော့သည်။
သေခြင်းတရားနှင့် ရင်ဆိုင်နေရသော ထိုစက္ကန့်ပိုင်းအတွင်း ယီယွင်၏ စိတ်မှာ အေးစက်သွားသည်။ သူ လောင်းကြေးထပ်ရတော့မည်။
သူသည် သူ၏ ခန္ဓာကိုယ်ကို လှည့်ကာ လှံကြီးကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ သန့်စင် ယန်ဓားကျိုး ကို ကိုင်ထားရင်း သူ၏ ချက်အတွင်းမှ စိမ်းလန်းသော အလင်းတန်းတစ်ခု ပျံထွက်လာသည်။
၎င်းမှာ သစ်ရွက်တစ်ရွက် ဖြစ်သည်။
တစ်လက်မခန့်သာရှိသော ထိုသစ်ရွက်ကလေးမှာ သာမန်အားဖြင့်ဆိုလျှင် သတိထားမိစရာပင် မရှိပေ။ သို့သော် ထိုသစ်ရွက်ပေါ်တွင် လောက၏ မဟာဥပဒေသများ ပါဝင်သော အင်းကွက်များ ယှက်နွယ်နေသည်။
၎င်းမှာ ဥပဒေသသစ်ပင် ၏ သစ်ရွက်ပင် ဖြစ်သည်။ ဤသစ်ပင်သည် စကြာဝဠာ စတင်ဖြစ်ပေါ်ကတည်းက တည်ရှိခဲ့ခြင်းဖြစ်ပြီး ၎င်း၏ သစ်ရွက် ၃၀၀၀ မှာ ဥပဒေသ ၃၀၀၀ ကို ကိုယ်စားပြုသည်။
အရေးမပါလှဟု ထင်ရသော ထိုသစ်ရွက်စိမ်းလေးသည် အားပြင်းလှသော လှံနက်ကြီးကို ဆီးကြို တိုက်ခိုက်လိုက်သည်။
ဝုန်း.......
လှံနက်ကြီးသည် ဥပဒေသသစ်ရွက်၏ အလယ်တည့်တည့်သို့ ထိမှန်သွားသည်။ အစပိုင်းတွင် လူသားများမှာ ဘာဖြစ်သွားသည်ကို သတိမထားမိကြပေ။
သို့သော် လှံကြီး၏ အရှိန်မှာ နတ်ဘုရားတောင်ကြီးတစ်ခုကို တိုက်မိသကဲ့သို့ ရုတ်တရက် ရပ်တန့်သွားချိန်တွင်မှ လှံဖျားတွင် သစ်ရွက်ကလေး တစ်ရွက် ရှိနေသည်ကို မြင်လိုက်ကြရသည်။
သစ်ရွက်တစ်ရွက်က မိစ္ဆာနတ်ဘုရားရဲ့ လှံကို ခုခံနိုင်တယ် ဟုတ်လား။
မိစ္ဆာနတ်ဘုရား၏ စွမ်းအားအားလုံးမှာ လှံအတွင်းမှတစ်ဆင့် တိုးဝင်နေသော်လည်း ဥပဒေသသစ်ရွက်ပေါ်ရှိ ဥပဒေသ အင်းကွက်များက ကြီးမားသော ကွန်ရက်တစ်ခုကဲ့သို့ လှံ၏ အရှိန်ကို ဟန့်တားထားသည်။
ပြိုင်ဘက်ကင်းသော ပညာရှင်များအတွက် သဲတစ်ပွင့်သည် မြေပြင်ကို ဖိနှိပ်နိုင်ပြီး သစ်ရွက်တစ်ရွက်သည် ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံနိုင်သည် မဟုတ်ပါလား။
"ဘာ..."
မိစ္ဆာနတ်ဘုရားမှာ ထိတ်လန့်သွားသည်။ ယီယွင် ဤသစ်ရွက်ကို ဘယ်က ရလာသနည်း။ သူသည် အလွန် ဗဟုသုတ ကြွယ်ဝသော်လည်း ဥပဒေသသစ်ပင် အကြောင်းကိုမူ မသိရှိပေ။ သို့သော် ထိုသစ်ရွက်မှာ ထူးခြားလှကြောင်း သူ သိလိုက်သည်။
"သစ်ရွက်တစ်ရွက်တည်းနဲ့ ငါ့ကို တားချင်တာလား"
မိစ္ဆာနတ်ဘုရားက ဟိန်းဟောက်လိုက်ပြီး လှံရှိရာသို့ ပျံသန်းသွားကာ ဥပဒေသကွန်ရက်ကို ဖျက်ဆီးရန် လှံ၏ နောက်ခြေကို လက်သီးဖြင့် ထိုးနှက်ရန် ကြိုးစားတော့သည်။
သို့သော် ထိုအချိန်တွင် ယီယွင်၏ ကိုယ်ပွားက နှင်းတစ်ထောင် ဓားမြောင်များဖြင့် ရောက်ရှိလာသည်။
တစ်ချိန်တည်းမှာပင် လင်ရှင်းထုံသည်လည်း သူမ၏ ဓားကို ဝေ့ယမ်းလိုက်ရာ လေထဲတွင် နှင်းကြာပန်းများ ပွင့်လန်းလာပြီး နတ်မျှော်စင်ကို ပိတ်ဆို့ထားသော ဟင်းလင်းပြင် သံကြိုးများကို ဖြတ်တောက်လိုက်ကြသည်။
ဝုန်း.......
ချုပ်နှောင်မှုများမှ လွတ်မြောက်သွားသော နတ်ဘုရားကြွမြန်းရာ နတ်မျှော်စင် ကြီးသည် နတ်ဘုရားတောင်ကြီး တစ်ခုကဲ့သို့ မိစ္ဆာနတ်ဘုရား၏ အပေါ်သို့ တိုက်ရိုက် ဖိချလိုက်တော့သည်။
ယီယွင်သည် နတ်မျှော်စင်ကို အသုံးပြု၍ ဖိနှိပ်လိုက်ချိန်တွင် သူ၏ ယွမ်ချီများ မှာ ဆည်ပြိုသကဲ့သို့ လျင်မြန်စွာ ကုန်ဆုံးလာသည်။ သူ၏ ကျင့်စဉ်အဆင့်မှာ ကန့်သတ်ချက် ရှိနေသေးသဖြင့် ဤမျှ အစွမ်းထက်သော ရတနာများကို ဆက်တိုက် အသုံးပြုခြင်းမှာ သူ့ကို လုံးဝ မောပန်းနွမ်းနယ်စေသည်။
"ဒူးထောက်စမ်း" ယီယွင်က အော်ဟစ်လိုက်သည်။
သူသည် မိစ္ဆာနတ်ဘုရားကို အမြန်ဆုံး အနိုင်ယူရမည်ဖြစ်သည်။ မဟုတ်ပါက သူကိုယ်တိုင် အရင်ဆုံး စွမ်းအင်ကုန်ခမ်း၍ လဲကျသွားပေလိမ့်မည်။
ဝုန်း..........
လက်ထဲတွင် လှံမရှိတော့သော မိစ္ဆာနတ်ဘုရားသည် သူ၏ သံမဏိကဲ့သို့ မာကျောသော လက်မောင်းကြီးများဖြင့် နတ်မျှော်စင်၏ အောက်ခြေကို အတင်းအဓမ္မ ပွေ့ဖက်၍ တောင့်ခံထားလိုက်သည်။
သို့သော် နတ်မျှော်စင်၏ ပြင်းထန်သော ဖိအားကြောင့် သူသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ဆောင့်ကျသွားရတော့သည်။
မိစ္ဆာနတ်ဘုရား မြေပေါ်သို့ ကျသွားသည်ကို မြင်လိုက်ရချိန်တွင် လူသားစစ်သည်များမှာ သွေးများ ဆူပွက်လာပြီး စိတ်လှုပ်ရှားသွားကြသည်။
"အားလုံးပဲ တိုက်ခိုက်ကြမယ်ဟေ့ ယီယွင်တို့ကိုကူညီကြ"
သန့်စင်ရာနယ်မြေကျွန်း၏ ကျွန်းအရှင် ဇနီးမောင်နှံက အော်ဟစ်လိုက်ကြသည်။ ယီယွင်နှင့် လင်ရှင်းထုံတို့မှာ အစွမ်းကုန် ကြိုးစားနေရပြီ ဖြစ်ကြောင်း သူတို့ သိရှိသဖြင့် ဤအခွင့်အရေးကို အသုံးချကာ မိစ္ဆာနတ်ဘုရားကို အပြတ်သတ်ရန် အားလုံး ဝိုင်းဝန်း တိုက်ခိုက်ကြတော့သည်။