← Chapters

အခန်း (၇၄၃-၇၄၅)

Vol. 50 Ch. 743-745

အခန်း (၇၄၃-၇၄၅)

Vol. 50 Ch. 743-745

အခန်း ၇၄၃ - နောက်ဆုံးအဆင့် အသည်းအသန် ကြိုးပမ်းမှု

သန့်စင်ရာနယ်မြေကျွန်း အရှင်ဇနီးမောင်နှံသည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး အခြားဒဏ္ဍာရီလာ ပညာရှင်များကလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားကြသည်။ သူတို့သည် သူတို့၏ သွေးအဆီအနှစ် များကို လောင်ကျွမ်းစေပြီး ဟင်းလင်းပြင်ဥပဒေသ အစီအရင်ကို နောက်တစ်ကြိမ် အစွမ်းကုန် ထုတ်ဖော်လိုက်ကြပြန်သည်။

သူတို့၏ စွမ်းအင်များစွာ ကုန်ဆုံးနေပြီဖြစ်ရာ သွေးအဆီအနှစ်နှင့် သက်စောင့်အားကို လောင်ကျွမ်းစေမှသာ မိစ္ဆာနတ်ဘုရားကို တိုက်ခိုက်နိုင်မည့် ခွန်အားကို ရရှိမည်ဖြစ်သည်။ ဤသို့ပြုလုပ်ခြင်းက သူတို့၏ ကျင့်စဉ်အဆင့်ကို ကျဆင်းစေပြီး ကိုယ်ခန္ဓာကို ကုမရနိုင်သော ပျက်စီးမှုများ ဖြစ်စေနိုင်မှန်း သိသော်လည်း ဤပညာရှင်ကြီးများမှာ ဂရုမစိုက်နိုင်တော့ပေ။

အကယ်၍ မိစ္ဆာနတ်ဘုရားကို မသတ်နိုင်ပါက သူတို့အားလုံး သေရမည်ဖြစ်ပြီး သူတို့၏ မျိုးနွယ်စုနှင့် အမွေအနှစ်အားလုံး အဆုံးသတ်သွားပေလိမ့်မည်။

လူသားပညာရှင်များ တိုက်ခိုက်ချိန်မှာပင် လမ်းပြလူငယ် နှင့် ပျက်စီးခြင်းမျိုးနွယ်ဘုရင်မဟောင်း အပါအဝင် ပျက်စီးခြင်းမျိုးနွယ်စု၏ ကောင်းကင်သခင်များကလည်း နတ်ဘုရားချုပ်နှောင်သော သံကြိုး ကို အားကုန် အသုံးပြု၍ တိုက်ခိုက်လိုက်ကြသည်။

နတ်ဘုရားကြွမြန်းရာ နတ်မျှော်စင်က အထက်မှ ဖိချနေချိန်တွင် လူသားနှင့် ပျက်စီးခြင်းမျိုးနွယ်ပညာရှင်များ၏ သက်စောင့်အားရင်း၍ တိုက်ခိုက်သော တိုက်ကွက်မှာလည်း မိစ္ဆာနတ်ဘုရားထံသို့ ကျရောက်သွားသည်။

ဝုန်း...........

စွမ်းအင်များ ပေါက်ကွဲထွက်သွားသည်မှာ နေမင်းကြီး လူ့ပြည်သို့ ဆင်းသက်လာသည့်အလား ပြင်းထန်လှသည်။ တောရိုင်းလွင်ပြင် ကြီး၏ မြေပြင်မှာ ချိုင့်ဝင်သွားပြီး တန်ချိန်သန်းချီသော ကျောက်တုံးများမှာ ပြင်းထန်သော အပူရှိန်ကြောင့် ချက်ချင်းပင် အငွေ့ပျံကုန်သည်။

ပြင်းထန်လှသော နောက်ဆက်တွဲ ရိုက်ခတ်မှုကြောင့် တိုက်ခိုက်ခဲ့သော ပညာရှင်များမှာ သွေးကြောများ ပြတ်တောက်ကာ အင်္ဂါအစိတ်အပိုင်းများ ပျက်စီးကုန်သည်။ ဤတိုက်ကွက်သည် သူတို့၏ သက်တမ်းကို များစွာ လျော့နည်းသွားစေခဲ့သည်။

ဤသည်မှာ လူသားနှင့် ပျက်စီးခြင်းမျိုးနွယ်စုတို့၏ အသက်နှင့်လဲ၍ ပြုလုပ်လိုက်သော နောက်ဆုံးအဆင့် အသည်းအသန် ကြိုးပမ်းမှုပင် ဖြစ်သည်။

သူတို့တွင် နောက်ထပ် တိုက်ခိုက်ရန် အင်အား မကျန်တော့သဖြင့် ဤတိုက်ကွက်က မိစ္ဆာနတ်ဘုရားကို သတ်နိုင်ရန်သာ မျှော်လင့်နေကြသည်။

ကောင်းကင်ယံတွင် ယီယွင်မှာလည်း စွမ်းအင် လုံးဝ ကုန်ခမ်းလုနီးပါး ဖြစ်နေသည်။ လင်ရှင်းထုံမှာမူ ဒဏ်ရာရထားသဖြင့် တိုက်ပွဲတွင် ဆက်လက် မပါဝင်နိုင်တော့ပေ။

ဝုန်း.............

နတ်မျှော်စင်ကြီးမှာ မြေပြင်သို့ ပြင်းပြင်းထန်ထန် ဆောင့်ကျသွားပြီး မြေအောက်လွှာများကို ဖောက်ထွက်ကာ ချော်ရည်များ ပန်းထွက်လာသည်အထိ နက်ရှိုင်းစွာ မြုပ်ဝင်သွားသည်။

ယီယွင်၏ မျက်နှာမှာ ဖြူလျော့နေသည်။ ဥပဒေသသစ်ရွက် ကို အသုံးပြုခဲ့ခြင်းက သူ၏ လက်ရှိကျင့်စဉ်အဆင့်ထက် များစွာ ကျော်လွန်နေသဖြင့် သူ့ကို အလွန်ပင် မောပန်းစေခဲ့သည်။

ယခုမူ သူသည် စွမ်းအင်များ ပြန်လည် ဖြည့်တင်းရန် ခရမ်းရောင်သလင်းကျေက် ကို အသုံးပြုနေရပြီး နတ်မျှော်စင်ကိုပင် ခဏတာ ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။

ယခုအချိန်တွင် နတ်မျှော်စင်၏ ထက်ဝက်ခန့်မှာ ချော်ရည်များအတွင်း နစ်မြုပ်နေသည်။

အဓိက ပြဿနာမှာ... မိစ္ဆာနတ်ဘုရားပင်

လူတိုင်းသည် မြေပြင်ပေါ်ရှိ ပေပေါင်း သောင်းနှင့်ချီ ကျယ်ဝန်းသော ကျင်းကြီးကို စူးစိုက်ကြည့်နေကြသည်။ ချော်ရည်ကန်ကြီး၏ အောက်ခြေတွင် နတ်မျှော်စင်ကြီးမှာ တပိုင်းတစ မြုပ်နေသည်။

မိစ္ဆာနတ်ဘုရား သေသွားပြီလား လူတိုင်း အသက်ရှူရပ်မတတ် စောင့်ကြည့်နေကြသည်။ အကယ်၍ သူ မသေပါက ဆက်လက် တိုက်ခိုက်ရန် အင်အား မရှိတော့ပေ။

ဗလုံ.......ဗွက်....ဗွက်

ချော်ရည်များအတွင်းမှ ဓာတ်ငွေ့များ ထွက်ပေါ်လာပြီး အနီရောင် ပူဖောင်းများ တစ်ခုပြီးတစ်ခု ပေါက်ကွဲလာသည်။ အပြင်းထန်ဆုံးသော သတ်ဖြတ်လိုစိတ် အရှိန်အဝါများ ချော်ရည်ကန်အတွင်းမှ စီးထွက်လာချိန်တွင် လူတိုင်း၏ စိတ်မှာ လေးလံသွားရပြန်သည်။

မိစ္ဆာနတ်ဘုရား မသေသေးဘူးလား.........

ဝုန်း...........

ချော်ရည်ကန်ကြီး ပေါက်ကွဲထွက်သွားပြီး သွေးအလိမ်းလိမ်းနှင့် လူသန်ကြီးတစ်ဦး ထွက်ပေါ်လာသည်။ သူ၏ ကြွက်သားများ ဆုတ်ပြဲနေပြီး သံချပ်ကာမှာလည်း အက်ကွဲနေသည်။ လက်မောင်းနှစ်ဖက်လုံးမှ အသားများမှာ စုတ်ပြတ်နေပြီး လက်ဖျံရှိ အရိုးဖြူဖြူကိုပင် မြင်နေရသည်။ သူ့ပုံစံမှာ လူနှင့်ပင် မတူတော့ပေ။

မိစ္ဆာနတ်ဘုရား သူ အသက်ရှင်နေဆဲပဲလား.........

မိစ္ဆာနတ်ဘုရားတွင် မျက်လုံးတစ်ဖက်သာ ကျန်တော့သည်။ သူ၏ နီရဲနေသော မျက်လုံးမှာ ရူးသွပ်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေပြီး

"သေစမ်း... သေစမ်း... မင်းတို့အားလုံး သေရမယ်" ဟု အသံဗလုံးဗထွေးဖြင့် ပြောလိုက်သည်။

ပညာရှင်များမှာ အားလျော့သွားကြသည်။ သူတို့၏ ကျင့်စဉ်အဆင့်များကို ရင်း၍ တိုက်ခိုက်ခဲ့သော်လည်း ဤရန်သူကို မချေမှုန်းနိုင်ခဲ့ပေ။

မိစ္ဆာနတ်ဘုရားသည် ရုတ်တရက် ကျန်းရှောင်ယုကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲတွင် လောဘရိပ်များ ယှက်သန်းနေသည်။

"သွေး... မင်းရဲ့ သွေးတွေကို ငါ့ကိုပေးစမ်း"

မိစ္ဆာနတ်ဘုရားသည် အရိုးများ ပေါ်နေသော သူ၏ လက်ကို ဆန့်ထုတ်ကာ ကျန်းရှောင်ယုကို ဖမ်းဆီး၍ သူမ၏ သွေးများကို စုပ်ယူကာ ခွန်အားပြန်ဖြည့်ရန် ကြိုးစားတော့သည်။ သူကိုယ်တိုင်လည်း ပြိုလဲလုနီးပါး ဖြစ်နေပြီဖြစ်သည်။

"သေစမ်း...........မကောင်းဆိုးဝါး"

ထိုမြင်ကွင်းကို မြင်လိုက်ရသော ယီယွင်သည် အထက်မှ အော်ဟစ်ကာ သူနှင့် သူ၏ ကိုယ်ပွားတို့သည် ရွှေရောင် အလင်းတန်းနှစ်ခုအဖြစ် ပြောင်းလဲကာ ဆင်းသက်လာကြသည်။ ဓားအလင်းနှင့် လှံအလင်းများ ကောင်းကင်မှ စီးကျလာတော့သည်။

"ဟိန်း"

မိစ္ဆာနတ်ဘုရား၏ ရင်ဘတ်အတွင်းမှ ရှေးဦးသားရဲကြီးတစ်ကောင်ကဲ့သို့ အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။ သူသည် သူ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ယီယွင်ထံသို့ ထိုးနှက်လိုက်သည်။ ဤသည်မှာ သူ၏ နောက်ဆုံးကျန်ရှိသော ခွန်အားအားလုံးကို အသုံးပြုလိုက်ခြင်းဖြစ်သည်။

ဝုန်း..........

ဓားအလင်းများနှင့် မိစ္ဆာနတ်ဘုရား၏ လက်သီးတို့ ထိမှန်သွားကြသည်။ ပြင်းထန်လှသော တန်ပြန်ရိုက်ခတ်မှုကြောင့် ယီယွင်၏ လက်မောင်းနှစ်ဖက်လုံး ကျိုးသွားရသည်။

ယီယွင်၏ ဓားကို ကိုင်ထားသော ညာလက်မှာ ထူးဆန်းသော ပုံစံဖြင့် ကွေးသွားသော်လည်း မိစ္ဆာနတ်ဘုရား၏ လက်သီးမှာ အရှိန်မလျော့ဘဲ ယီယွင်၏ ရင်ညွန့်ရိုးကို တည့်တည့် ဆောင့်မိတော့သည်။ ထိုခဏတွင် နတ်နဂါး ရွှေစင်ကိုယ်ပွား က ယီယွင်၏ ရှေ့တွင် ရုတ်တရက် ပေါ်လာပြီး ထိုဒဏ်ကို အများစု ခံယူပေးလိုက်သည်။

သို့သော်လည်း ယီယွင်၏ ရင်ညွန့်ရိုးမှာ ကျိုးသွားပြီး နှလုံးနှင့် အဆုတ်တို့ကို ထိခိုက်သွားသည်။ ကိုယ်ပွားသာ မရှိလျှင် ယီယွင်မှာ ထိုနေရာ၌ပင် သေဆုံးသွားပေလိမ့်မည်။

ယီယွင်သည် သွေးများအန်ထုတ်ကာ နောက်သို့ လွင့်စဉ်သွားသည်။ သူ၏ ဓားသည် မိစ္ဆာနတ်ဘုရား၏ နဖူးကို ထိမှန်ခဲ့ပြီး ကိုယ်ပွား၏ ဓားမြောင်များမှာ မိစ္ဆာနတ်ဘုရား၏ နှလုံးသားကို ထိုးနှက်ခဲ့သည်။ သို့သော်လည်း မိစ္ဆာနတ်ဘုရား၏ ခန္ဓာကိုယ်ကို ဖောက်ထွက်ရန်မှာ မလုံလောက်ခဲ့ပေ။

"မင်း ငါ့ကို မသတ်နိုင်ဘူး"

မိစ္ဆာနတ်ဘုရားမှာ ရူးသွပ်နေသည်။ သူ၏ နဖူးပေါ်မှ ယီယွင် ဓားဖြင့် ထိုးခဲ့သော နေရာတွင် သွေးများစွာ ထွက်မလာသော်လည်း ထူးဆန်းစွာပင် နက်မှောင်သော အငွေ့အသက်တစ်ခု ထိုဒဏ်ရာအတွင်းသို့ ဖြည်းညင်းစွာ စီးဝင်သွားတော့သည်။

ထိုအမည်းရောင် အငွေ့အသက်မှာ မိစ္ဆာနတ်ဘုရား၏ သတ်ဖြတ်လိုစိတ်ထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းနေပုံရသည်။

အခန်း ၇၄၄ - ဟင်းလင်းပြင် တံဆိပ်ခတ်ခြင်း

ယီယွင်သည် သူ၏ နောက်ဆုံးတိုက်ကွက်ဖြင့် မိစ္ဆာနတ်ဘုရား၏ ဦးခေါင်းခွံကို မဖောက်ထွက်နိုင်မှန်း ကြိုတင်သိရှိထားသည်။ ထို့ကြောင့် သူသည် ဓားဖျားတွင် ခရမ်းရောင်သလင်းကျောက်ဖြင့် ထိန်းချုပ်ထားသော မိစ္ဆာစွမ်းအင် ကို ထည့်သွင်းထားခဲ့ခြင်းဖြစ်သည်။

ထိုမိစ္ဆာစွမ်းအင်သည် ယီယွင်၏ ဓားချက် မိစ္ဆာနတ်ဘုရားကို ထိမှန်သွားသည့် ခဏမှာပင် သူ၏ ဝိညာဉ်ပင်လယ်ထဲသို့ တိုးဝင်သွားတော့သည်။

ယီယွင်သည် ကောင်းကင်ဥပဒေသမဟာမိတ် ထဲသို့ ဝင်ရောက်ပြီး ရှန်းထူနန်ထျန်း၏ အလောင်းကို ထိန်းချုပ်နိုင်ကတည်းက ဤမိစ္ဆာစွမ်းအင်မှာ ယီယွင်၏ လက်အောက်သို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ဤစွမ်းအင်သည် ဝိညာဉ်များကို ဝါးမြိုခြင်းနှင့် ပူးကပ်ခြင်းတို့တွင် အလွန်ကျွမ်းကျင်လှသည်။ ယခင်က မျက်နှာဖုံးစွပ်လူသားကို ဝါးမြိုခဲ့ပြီး သွေးလမင်းအဖွဲ့၏ ကျောက်နက်စမ်းသပ်ပွဲ အစီအစဉ်များကို ဖျက်ဆီးပစ်နိုင်ခဲ့သည်။

ထိုစဉ်ကတည်းက ဤမိစ္ဆာစွမ်းအင်မှာ များစွာ အားကောင်းလာခဲ့ပြီး ဝိညာဉ်ဂူသင်္ချိုင်း ထဲရှိ အိပ်ပျော်နေသော ယင် ဝိညာဉ်သရဲများအားလုံးကို ဝါးမြိုခဲ့ပြီးနောက် ပို၍ပင် အစွမ်းထက်လာခဲ့သည်။

မှန်ပါသည်၊ ဤမိစ္ဆာစွမ်းအင်သည် မည်မျှပင် အားကောင်းလာပါစေ မိစ္ဆာနတ်ဘုရား၏ ဝိညာဉ်ပင်လယ်ကို ဝါးမြိုရန် ကြိုးစားခြင်းမှာ စိတ်ကူးယဉ်မှုသာ ဖြစ်ပေလိမ့်မည်။

သို့သော် ယခုအခြေအနေက မတူတော့ပေ။ မိစ္ဆာနတ်ဘုရားသည် ခွန်အားကုန်ခမ်းနေပြီး သူ၏ ဝိညာဉ်ပင်လယ်မှာ အကြိမ်ကြိမ် ပြိုလဲလုနီးပါး ဖြစ်နေခဲ့ရသည်။

ယခုအချိန်တွင် အားနည်းသော မိစ္ဆာစွမ်းအင်လေးသည်ပင်လျှင် မိစ္ဆာနတ်ဘုရားကို လုံးဝပြိုလဲသွားစေမည့် နောက်ဆုံးလက်နက် ဖြစ်လာခဲ့သည်။

ယီယွင်သည် နတ်မျှော်စင်၊ ရွှေစင်ကိုယ်ပွား၊ သေမင်းဝိညာဉ် သစ်သားနှင့် ဥပဒေသသစ်ရွက် စသည့် သူရှိသမျှ နည်းလမ်းအားလုံးကို သုံးခဲ့သော်လည်း မိစ္ဆာနတ်ဘုရားကို မသတ်နိုင်ခဲ့ပေ။ သို့သော် သူ့ကို လေထဲက မီးစာကုန်ခါနီး ဖယောင်းတိုင်တစ်တိုင်အလား ဖြစ်သွားအောင်တော့ တွန်းပို့နိုင်ခဲ့သည်။

နောက်ဆုံးတွင် ဝိညာဉ်များကို ဝါးမြိုရာ၌ အတော်ဆုံးဖြစ်သော မိစ္ဆာစွမ်းအင်ကို သူ၏ ဝိညာဉ်ပင်လယ်ထဲသို့ အောင်မြင်စွာ ထည့်သွင်းနိုင်ခဲ့ပြီဖြစ်သည်။

ယီယွင်သည် အရှိန်ပြင်းစွာဖြင့် နောက်သို့ လွင့်စဉ်သွားသည်။ သူ၏ တစ်ကိုယ်လုံးမှ အရိုးများ ကျိုးကြေသွားသည့် အသံများ ထွက်ပေါ်နေပြီး ကြွက်သားများ ဆုတ်ပြဲကာ သွေးများ နေရာအနှံ့ ပန်းထွက်နေတော့သည်။

ယီယွင် နောက်ထပ် တိုက်ခိုက်နိုင်စွမ်း မရှိတော့ပေ။

"သေစမ်း" မိစ္ဆာနတ်ဘုရားသည် ရူးသွပ်နေသော မိစ္ဆာကြီးတစ်ကောင်ကဲ့သို့ သူ၏ လက်သီးကို မြှောက်ကာ ယီယွင်နောက်သို့ လိုက်ရန် ပြင်လိုက်သည်။

ဤမြင်ကွင်းကို ကြည့်နေသူအားလုံး၏ စိတ်နှလုံးများ နစ်မြုပ်သွားကြသည်။

အားလုံး ပြီးဆုံးသွားပြီလား.......

ယီယွင်သည် တိုက်ခိုက်ရန် အင်အားမရှိဘဲ နောက်သို့ လွင့်စဉ်နေရသည်။ မိစ္ဆာနတ်ဘုရားမှာ ပြင်းထန်စွာ ဒဏ်ရာရထားသည်ဟု ထင်ရသော်လည်း သူ၏ သတ်ဖြတ်လိုစိတ် အရှိန်အဝါမှာ လွှမ်းမိုးနေဆဲပင်။

ခွန်အားချင်း ကွာခြားချက်မှာ ငြင်းစရာမရှိပေ။ ခုခံနိုင်စွမ်းမရှိသော ယီယွင်ကို ထိုလက်သီးတစ်ချက်က သေစေနိုင်သည်မှာ သေချာလှသည်။

ထို့နောက်တွင် သူတို့အားလုံး အသတ်ခံရပေတော့မည်....

မျှော်လင့်ချက်မဲ့ခြင်း..........

အားလုံး၏ စိတ်ထဲတွင် ယနေ့သည် ကမ္ဘာပျက်မည့်နေ့လောဟု တွေးတောမိကာ မျှော်လင့်ချက်ကင်းမဲ့နေကြသည်။

လူတိုင်း အလွန်အမင်း မျှော်လင့်ချက်မဲ့နေချိန်တွင် ယီယွင်ထံသို့ အရှိန်အဟုန်ဖြင့် ပျံသန်းလာသော မိစ္ဆာနတ်ဘုရားမှာ ရုတ်တရက် တုန်ခါသွားပြီး အောက်သို့ နိမ့်ဆင်းသွားသည်။ သူသည် ချော်ရည်ကန်ထဲသို့ပင် ကျလုနီးပါး ဖြစ်သွားခဲ့ရသည်။

"အား... အား... အား" မိစ္ဆာနတ်ဘုရားက ရုတ်တရက် အော်ဟစ်လိုက်သည်။

သူ၏ ဦးခေါင်းမှာ ပေါက်ကွဲတော့မည့်အလား ခံစားနေရသဖြင့် ယီယွင်ကို တိုက်ခိုက်မည့် အစီအစဉ် ရပ်တန့်သွားသည်။

သူ၏ ဝိညာဉ်ပင်လယ်ထဲတွင် နက်မှောင်သော စွမ်းအင်တစ်ခုက တွန့်လိမ်လှုပ်ရှားကာ ဝါးမြိုနေသည်ကို သူ ခံစားနေရသည်။ ဤစွမ်းအင်သည် သူ၏ ဝိညာဉ်အင်အားကို ဝါးမြိုကာ ၎င်း၏ ကိုယ်ပိုင်အင်အားအဖြစ် ပြောင်းလဲနေခြင်းဖြစ်သည်။

ယီယွင် မင်း ဘာလုပ်လိုက်တာလဲ။

မိစ္ဆာနတ်ဘုရား၏ ဝိညာဉ်ပင်လယ်မှာ ပြိုကွဲလုနီးပါး ဖြစ်နေပြီး အပိုင်းအစများသာ ကျန်တော့သည်။ ယခုအခါ မိစ္ဆာစွမ်းအင်က အတွင်းမှ ကိုက်ခဲနေသဖြင့် ပြိုလဲတော့မည့် ဝိညာဉ်ပင်လယ်မှာ လှုပ်ခတ်လာတော့သည်။

ဝိညာဉ်ပင်လယ်မှ လာသော နာကျင်မှုမှာ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုထက် အဆပေါင်း ထောင်ချီ၍ ပိုမိုဆိုးရွားလှသည်။ မိစ္ဆာနတ်ဘုရားပင်လျှင် ထိုဒဏ်ကို မတောင့်ခံနိုင်ပေ။

"ထွက်သွားစမ်း အခုချက်ချင်း ထွက်သွား"

မိစ္ဆာနတ်ဘုရား၏ မျက်လုံးမှာ သွေးရောင်လွှမ်းနေပြီး နာကျင်မှုကြောင့် မျက်နှာမှာ တွန့်လိမ်နေသည်။

သူသည် ဝိညာဉ်ပင်လယ်ထဲမှ မိစ္ဆာစွမ်းအင်ကို ထုတ်ပစ်ရန် သူ၏ လက်သီးကို ရမ်းသန်း ဝေ့ယမ်းနေသော်လည်း ထိုစွမ်းအင်မှာ လောက်ကောင်တစ်ကောင်ကဲ့သို့ပင်။

၎င်းသည် မိစ္ဆာနတ်ဘုရား၏ ဝိညာဉ်ထက် အားနည်းသော်လည်း အလွန်ပင် ကောက်ကျစ်လှသည်။ ၎င်းသည် ဝိညာဉ်ပင်လယ်၏ အနက်ရှိုင်းဆုံးနေရာသို့ ဝင်ရောက်ကာ မြဲမြံစွာ တွယ်ကပ်ထားသဖြင့် ထုတ်ပစ်၍ မရနိုင်ပေ။

ကျားတစ်ကောင်သည် မည်မျှပင် သန်မာပါစေ၊ ၎င်း၏ ဦးနှောက်ထဲသို့ ဖောက်ဝင်သွားသော အလွန်သေးငယ်သည့် ကပ်ပါးကောင်လေးတစ်ကောင်က ၎င်းကို ရူးသွပ်သွားအောင် လုပ်နိုင်သည် မဟုတ်ပါလား။

"ပျောက်ကွယ်သွားစမ်း ပျောက်ကွယ်သွားစမ်း"

မိစ္ဆာနတ်ဘုရားသည် မိစ္ဆာစွမ်းအင်ကို ချေဖျက်ရန် အော်ဟစ်နေသည်။ သို့သော် သူ၏ ဝိညာဉ်စွမ်းအားကို အသုံးပြုလေလေ၊ သူ၏ ဝိညာဉ်ပင်လယ်မှာ ပိုမိုပြိုလဲလေလေ ဖြစ်နေသည်။ ဤအတိုင်း ဆက်သွားလျှင် မိစ္ဆာစွမ်းအင်ကို မချေဖျက်နိုင်မီ သူ၏ ဝိညာဉ်မှာ အရင်ဆုံး ပြိုလဲကာ သေဆုံးသွားပေလိမ့်မည်။

ဝုန်း ဝုန်း ဝုန်း............

မိစ္ဆာနတ်ဘုရား၏ ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်မှာ စတင်ဆုတ်ပြဲလာပြီး ပြင်းထန်သော စွမ်းအင်မုန်တိုင်းကြီး ဖြစ်ပေါ်လာသည်။ ယခုအချိန်တွင် မိစ္ဆာနတ်ဘုရားအနီးသို့ ချဉ်းကပ်သူမှန်သမျှ ချက်ချင်းပင် ဖုန်မှုန့်အဖြစ် ပြာကျသွားပေလိမ့်မည်။

"မိစ္ဆာနတ်ဘုရား ဘာဖြစ်တာလဲ"

ယီယွင်မှာ ပြင်းထန်စွာ ဒဏ်ရာရနေပြီး မိစ္ဆာနတ်ဘုရားက သူ့ကို အပြတ်သတ်ရန် လိုက်နေချိန်တွင် အားလုံး ပြီးဆုံးသွားပြီဟု လူသားစစ်သည်များ ထင်မြင်ခဲ့ကြသည်။ သို့သော် ယခုမူ အခြေအနေက ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

"သူ့ရဲ့ ဝိညာဉ်ပင်လယ် တိုက်ခိုက်ခံလိုက်ရတာပဲ" ဟု သန့်စင်ရာနယ်မြေကျွန်း အရှင်က ပြောလိုက်သည်။

သူသည် စိတ်အာရုံ ခံစားမှုတွင် အလွန် ထက်မြက်သူဖြစ်ရာ ယီယွင် ဘာလုပ်လိုက်သည်ကို မသိသော်လည်း မိစ္ဆာနတ်ဘုရား၏ စိတ်ပိုင်းဆိုင်ရာမှာ အလွန် မတည်မငြိမ် ဖြစ်နေသည်ကို ခံစားမိသည်။

ယီယွင်သည် အဝေးတစ်နေရာတွင် သူ၏ ခန္ဓာကိုယ်ကို ခက်ခဲစွာ ထိန်းထားလိုက်သည်။ သူသည် အလွန်ပင် မောပန်းနွမ်းနယ်နေပြီဖြစ်ရာ အရာအားလုံးကို မိစ္ဆာစွမ်းအင်အပေါ်တွင်သာ ပုံအောထားရတော့သည်။

ရုတ်တရက် မိစ္ဆာနတ်ဘုရားသည် နာကျင်လွန်းသဖြင့် ဦးခေါင်းကို မော့ကာ ယီယွင်ကို စူးစိုက်ကြည့်လိုက်သည်။

"မင်း..."

ထို့နောက် သူသည် ယီယွင်ထံသို့ နောက်တစ်ကြိမ် တဟုန်ထိုး ပြေးဝင်လာသော်လည်း နာကျင်မှုကြောင့် ထပ်မံ အော်ဟစ်လိုက်ရပြန်သည်။

မိစ္ဆာစွမ်းအင်မှာ ယီယွင်၏ ခရမ်းရောင်သလင်းကျောက်ဖြင့် ထိန်းချုပ်ခံထားရသဖြင့် မိစ္ဆာနတ်ဘုရား၏ ဝိညာဉ်ပင်လယ်ကို ပိုမိုမြန်ဆန်စွာ ဝါးမြိုနေခြင်းဖြစ်သည်။

"တောက်..... အယုတ်တမာကောင်........ တောက်"

မိစ္ဆာနတ်ဘုရားသည် ယီယွင်ကို တစ်စစီ ဆုတ်ဖြဲပစ်ချင်နေသည်။ သူ၏ ဝိညာဉ်ပင်လယ်မှာ အလွန်အမင်း ဖရိုဖရဲ ဖြစ်နေပြီဖြစ်ရာ ဤအတိုင်းဆိုလျှင် သူ တောင့်ခံနိုင်တော့မည် မဟုတ်ပေ။

မိစ္ဆာစွမ်းအင်ကို ချေဖျက်ရန် နည်းလမ်းတစ်ခုသာ ရှိသည်။ ၎င်းမှာ သူ၏ ဝိညာဉ်ပင်လယ်ကို အိပ်စက်ခြင်း အခြေအနေသို့ ပို့ဆောင်လိုက်ခြင်းဖြစ်သည်။

အိပ်စက်ခြင်းဖြင့်သာ သူ၏ ဝိညာဉ်ပင်လယ်မှ ဒဏ်ရာများကို ဖြည်းဖြည်းချင်း ပြန်လည် ကုသနိုင်မည်ဖြစ်ပြီး ထိုမိစ္ဆာစွမ်းအင်ကို ဝါးမြိုနိုင်မည်ဖြစ်သည်။ ဤလုပ်ငန်းစဉ်မှာ ဆယ်စုနှစ် အနည်းငယ်သာ ကြာမြင့်ပေလိမ့်မည်။

သို့သော် သူ အိပ်စက်သွားပါက ပြင်ပလောကနှင့် အဆက်အသွယ် ပြတ်တောက်သွားပြီး မိမိကိုယ်ကို ကာကွယ်နိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။

ထိုသို့ဖြစ်လာလျှင် ယီယွင်ကို မဆိုထားနှင့်၊ အားနည်းလှသော လူသားပညာရှင်များပင်လျှင် သူ့ကို ဖြည်းဖြည်းချင်း သတ်နိုင်ပေလိမ့်မည်။

"ဒီလို ပုရွက်ဆိတ်တွေက ငါ့ကို သတ်ချင်နေတာလား။ စိတ်ကူးယဉ်နေတာပဲ"

မိစ္ဆာနတ်ဘုရားသည် သူ၏ မြင့်မြတ်လှသော အသက်ကို အဆိုပါ ပုရွက်ဆိတ်များလက်ထဲတွင် အဆုံးရှုံး မခံနိုင်ပေ။ သူသည် အိပ်စက်ခြင်းသို့ ဝင်ရောက်ရမည် ဖြစ်သော်လည်း မိမိကိုယ်ကိုလည်း ကာကွယ်ရန် လိုအပ်သည်။

အချိန်မရှိတော့ပေ။ သူ ချက်ချင်း အိပ်စက်ရတော့မည် သူ၏ ကျန်ရှိသော စွမ်းအင်များကို သူ၏ အိပ်စက်နေသော ခန္ဓာကိုယ်ကို ကာကွယ်ရန် အသုံးပြုရမည်ဖြစ်သည်။

အကယ်၍ သူ ယီယွင်ကို ဆက်လက်သတ်ရန် ကြိုးစားနေပါက ယီယွင်က မိစ္ဆာစွမ်းအင်ဖြင့် တုံ့ပြန်လာလျှင် သူတို့နှစ်ဦးစလုံး အတူတူ သေဆုံးသွားနိုင်ပေသည်။

"အား"

မိစ္ဆာနတ်ဘုရားသည် ဟိန်းဟောက်ကာ ရုတ်တရက် လက်သီးဖြင့် ထိုးနှက်လိုက်သည်။ ဟင်းလင်းပြင်ကြီးထဲတွင် နက်နဲလှသော ဥပဒေသများ ပေါ်လာပြီး သူ၏ လက်သီးပေါ်တွင် စုစည်းလာသည်။ သူ၏ လက်သီးအောက်တွင် နက်မှောင်သော အက်ကွဲကြောင်းကြီးတစ်ခု ပွင့်ထွက်သွားသည်။

ဤသည်မှာ ဟင်းလင်းပြင် ဥပဒေသများကို အသုံးပြု၍ မိစ္ဆာနတ်ဘုရား ထိုးခွဲလိုက်သော အခြား ကမ္ဘာငယ်တစ်ခု ပင် ဖြစ်တော့သည်။

အခန်း ၇၄၅ - မရေရာသော အသက်ရှင်ခြင်းနှင့် သေဆုံးခြင်း

ဤကမ္ဘာငယ် တံခါး ပိတ်သွားသည်နှင့် ၎င်းသည် ထျန်းယွမ် လောကအတွင်းမှာပင် တည်ရှိနေသော်လည်း မိစ္ဆာနတ်ဘုရားထက် ဟင်းလင်းပြင်ဥပဒေသကို ပိုမိုကျွမ်းကျင်သူ မရှိသရွေ့ မည်သူမျှ ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။

သို့သော် ထျန်းယွမ်လောကတွင် ထိုသို့သော ပုဂ္ဂိုလ်မျိုး ရှိနေရန်မှာ မဖြစ်နိုင်သလောက်ပင်။

ရှိသမျှလူထဲတွင် ဟင်းလင်းပြင်ဥပဒေသကို အသိဆုံးသူပင်လျှင် မိစ္ဆာနတ်ဘုရား၏ နားလည်မှု၏ ၀.၀၅ရာခိုင်နှုန်း ပင် မရှိပေ။

မိစ္ဆာနတ်ဘုရား၏ ဝိညာဉ်ပင်လယ်မှာ မိစ္ဆာစွမ်းအင်၏ ဝါးမြိုမှုကို ဆက်လက်တောင့်မခံနိုင်တော့ပေ။ သူသည် ချက်ချင်းပင် အိပ်စက်ခြင်းအခြေအနေသို့ ဝင်ရောက်ရမည်ဖြစ်ပြီး ထိုသို့မဝင်မီ သူ၏ခန္ဓာကိုယ်ကို ကာကွယ်ရန် ဤဟင်းလင်းပြင်ထဲသို့ဝင်၍ မိမိကိုယ်ကို တံဆိပ်ခတ်ရန် စီစဉ်လိုက်ခြင်းဖြစ်သည်။

သူ အိပ်စက်နေစဉ်အတွင်း ဤအားနည်းသော လူသားများမှာ ခဏတာ ထပ်မံ အသက်ဆက်နိုင်ကြဦးမည်ဖြစ်သည်။

"ငါနဲ့အတူ တံဆိပ်ခတ်ခံလိုက်စမ်း" မိစ္ဆာနတ်ဘုရားသည် သူ၏ ဖရိုဖရဲဖြစ်နေသော စိတ်အာရုံကြောင့် ဖြစ်ပေါ်လာသည့် နာကျင်မှုကို အံကြိတ်တောင့်ခံရင်း ယီယွင်ကို ဆွဲဖမ်းလိုက်သည်။

မိစ္ဆာနတ်ဘုရား၏ နောက်ကွယ်ရှိ ဟင်းလင်းပြင် အက်ကွဲကြောင်းကြီးမှာ ကြီးမားသော ပါးစပ်ကြီးတစ်ခုကဲ့သို့ ကျယ်ပြန့်လာပြီး ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်တစ်ခုလုံးကို ပိတ်ဆို့လိုက်သည်။

ထိုခဏတွင် ယီယွင်နှင့် မိစ္ဆာနတ်ဘုရားမှာ ချော်ရည်ကန်၏ အထက်တွင် ရှိနေကြပြီး ယီယွင်သည် ထိုဟင်းလင်းပြင် လိုဏ်ခေါင်း အတွင်းသို့ စုပ်ယူခြင်း ခံနေရပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။

သူသည် ပြင်းထန်စွာ ဒဏ်ရာရထားပြီး ထိုလိုဏ်ခေါင်းထဲမှ ရုန်းထွက်ရန် အင်အားမရှိပေ။ မိစ္ဆာနတ်ဘုရား၏ ဟင်းလင်းပြင်ဥပဒေသ ကျွမ်းကျင်မှုမှာ ယီယွင်ထက် များစွာ သာလွန်နေသည်။

ဟင်းလင်းပြင် အက်ကွဲကြောင်းမှာ လျင်မြန်စွာ ကျယ်ပြန့်လာပြီး ယီယွင်ကို ဆွဲငင်နေတော့သည်။

လွတ်မြောက်ရန် လမ်းမရှိတော့ပေ။

ယီယွင် ထိတ်လန့်သွားသည်။ ယခုအချိန်တွင် သူသည် နတ်မျှော်စင်ကို မထိန်းချုပ်နိုင်တော့သလို နှင်းတစ်ထောင် ဓားမြောင်များကလည်း ဟင်းလင်းပြင်ကို ထိုးဖောက်နိုင်စွမ်း မရှိပေ။ သူ၏ ခန္ဓာကိုယ်တွင် စွမ်းအင် အနည်းငယ်မျှသာ ကျန်တော့သည်။

မိစ္ဆာနတ်ဘုရားက ယီယွင်ကို ကြည့်၍ ရက်စက်စွာ ပြုံးလိုက်သည်။ သူသည် အခြားလူသား ပုရွက်ဆိတ်များကို ဂရုမစိုက်ပေ။ သူ နိုးလာသည့်အခါ ထိုသူများမှာ သူ၏ အစာသာ ဖြစ်လာကြပေလိမ့်မည်။

သို့သော် ယီယွင်မှာမူ မတူပေ။ သူသည် နီလာယန်သခင် ၏ ဆက်ခံသူဖြစ်သည်။ အစပိုင်းတွင် ယီယွင်ကို အရှက်မရှိသော လူတစ်ယောက်ဟုသာ ထင်မှတ်ခဲ့သော်လည်း ယခု တိုက်ပွဲပြင်းထန်လာချိန်တွင် ယီယွင် ထုတ်ဖော်ပြသခဲ့သော စွမ်းရည်များနှင့် နည်းလမ်းများက ယီယွင်၏ အလားအလာကို သူ့အား အသိအမှတ်ပြုစေခဲ့သည်။

မိစ္ဆာနတ်ဘုရားသည် ဤကဲ့သို့သော ရန်သူမျိုးကို အပြင်လောကတွင် ဆက်လက် ကြီးထွားခွင့် ပေးမည်မဟုတ်ပေ။ သူသည် ဆယ်စုနှစ် အနည်းငယ်ကြာ အိပ်စက်ရမည် ဖြစ်ရာ သူနိုးလာချိန်တွင် ယီယွင်သည် သူ့ကို ထိပ်တိုက်ရင်ဆိုင်နိုင်သည့်အထိ ကြီးထွားလာနိုင်သည် မဟုတ်ပါလား။

ထို့ကြောင့် မိစ္ဆာနတ်ဘုရားသည် ယီယွင်ကိုပါ သူနှင့်အတူ တံဆိပ်ခတ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ ထိုပိတ်ဆို့ထားသော ဟင်းလင်းပြင်အတွင်းတွင် မိုးမြေလောကယွမ်ချီအားလုံး ဖြတ်တောက်ခံရမည်ဖြစ်ရာ ယီယွင်မှာ ဒဏ်ရာကုသရန် သို့မဟုတ် ကျင့်စဉ်တက်ရန် လုံးဝ မဖြစ်နိုင်တော့ပေ။

သို့ဖြစ်ရာ မိစ္ဆာနတ်ဘုရား ဝိညာဉ်ပင်လယ် ပြန်လည်ကောင်းမွန်လာသည့်အခါ သူသည် အားနည်းနေဦးမည် ဖြစ်သော်လည်း ယီယွင်ကို အလွယ်တကူ သတ်နိုင်ပေလိမ့်မည်။ ယီယွင်ဟူသော ခြိမ်းခြောက်မှု မရှိတော့လျှင် လင်ရှင်းထုံတစ်ယောက်တည်းကို သူ ဂရုစိုက်စရာ မလိုတော့ပေ။

အရာအားလုံးမှာ လျင်မြန်လွန်းလှသဖြင့် ဟင်းလင်းပြင် အက်ကွဲကြောင်းက ယီယွင်ကို ဝါးမြိုတော့မည်ကို မြင်လိုက်ရချိန်တွင် လူတိုင်း ထိတ်လန့်သွားကြသည်။

"ယွင်အာ.......မောင်လေး" ကျန်းရှောင်ယု၏ မျက်နှာ ပျက်သွားသည်။

သူမသည် အလွန်ဝေးကွာသော နေရာတွင် ရှိနေသဖြင့် အချိန်မီ ဘာမှ မလုပ်ပေးနိုင်ပေ။

"ယီယွင်"

လင်ရှင်းထုံမှာမူ ယီယွင်နှင့် အနီးဆုံးတွင် ရှိနေသည်။ သူမသည် ဟင်းလင်းပြင်စွမ်းအားကို ဖြတ်တောက်ရန် သူမ၏ ဓားဖြင့် တိုက်ခိုက်လိုက်သော်လည်း သူမ၏ ဓားအလင်းမှာ ဟင်းလင်းပြင်ထဲသို့ စုပ်ယူခြင်း ခံလိုက်ရသည်။

ယီယွင်မှာ အမှောင်ထုထဲသို့ ဝါးမြိုခံရတော့မည်ကို မြင်လိုက်ရချိန်တွင် သူမသည် ယီယွင်ထံသို့ ပျံသန်းသွားပြီး သူ၏ လက်များကို မြဲမြံစွာ ဆုပ်ကိုင်ထားလိုက်သည်။

"ရှင်းထုံ... မင်း ဘာလုပ်တာလဲ..."

ယီယွင် ထိတ်လန့်သွားသည်။ သူသည် သူမကို တွန်းထုတ်ရန် ကြိုးစားသော်လည်း သူမက ယီယွင်၏ လက်ကို မလွှတ်တမ်း ဆုပ်ကိုင်ထားသည်။ သူမသည် ယီယွင်ကို ဆွဲထုတ်ရန် ကြိုးစားနေခြင်းဖြစ်သည်။ သို့သော် သူမ၏ ဒဏ်ရာမှာ ယီယွင်ထက်ပင် ပိုမိုပြင်းထန်နေသဖြင့် ဆွဲထုတ်ရန် မဖြစ်နိုင်ပေ။

"ဟားဟားဟား" မိစ္ဆာနတ်ဘုရားက ရယ်မောလိုက်သည်။

နာကျင်မှုကြောင့် မျက်နှာ ပုံပျက်နေသော်လည်း သူက "ကိုယ့်သေတွင်းကိုယ် တူးတဲ့လူ ရှိနေလိမ့်မယ်လို့ မထင်ထားဘူး။ မိုက်မဲလိုက်တာ ပိုတောင် ကောင်းသေးတယ်။ မင်းတို့ နှစ်ယောက်လုံး အတူတူ တံဆိပ်ခတ်ခံလိုက်ကြစမ်း။ နောက် အနှစ်နှစ်ဆယ်နေရင် ငါ မင်းတို့ နှစ်ယောက်လုံးကို သတ်ပစ်မယ်။ အဲဒီကျရင် ဒီလောကမှာ ငါ့ကို အန္တရာယ်ပေးနိုင်တဲ့သူ တစ်ယောက်မှ ရှိမှာ မဟုတ်တော့ဘူး" ဟု ပြောလိုက်သည်။

မိစ္ဆာနတ်ဘုရား၏ အသံမှာ ဟင်းလင်းပြင် မုန်တိုင်းကြောင့် တုန်ခါနေပြီး သူ၏ ခန္ဓာကိုယ်မှာ အက်ကွဲကြောင်းထဲသို့ ဆုတ်ခွာသွားသည်။ လျှပ်စီးတန်းများ လက်ခနဲ ဖြစ်သွားပြီးနောက် အက်ကွဲကြောင်းမှာ လျင်မြန်စွာ ကျုံ့ဝင်သွားကာ ကောင်းကင်ယံတွင် အမည်းစက်လေးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားတော့သည်။

ယီယွင်နှင့် လင်ရှင်းထုံတို့၏ ပုံရိပ်များသည်လည်း ထိုအမှောင်ထုနှင့်အတူ ပျောက်ကွယ်သွားကြပြီ ဖြစ်သည်။

"ရှင်းထုံ"

လင်မိသားစု ဘိုးဘွားများနှင့် ကျန်ရှိသူများမှာ ထိတ်လန့်တုန်လှုပ်သွားကြသည်။

သူတို့သည် လူသားမျိုးနွယ်၏ အလားအလာအရှိဆုံး လူငယ်နှစ်ဦး ဟင်းလင်းပြင် တံဆိပ်ခတ်ခြင်းအတွင်းသို့ ပါသွားသည်ကို အသက်ရှင်ခြင်း သေဆုံးခြင်း မရေရာစွာဖြင့် ကြည့်နေရုံသာ တတ်နိုင်တော့သည်။

ကောင်းကင်ယံတွင် တိမ်တိုက်များ ကင်းစင်သွားပြီး ငြိမ်သက်ခြင်းက ပြန်လည် စိုးမိုးလာသည်။ ပတ်ဝန်းကျင်ရှိ ပျက်စီးယိုယွင်းမှုများသာ မရှိလျှင် အရာအားလုံးမှာ အိပ်မက်ဆိုးတစ်ခုကဲ့သို့ပင် ထင်မှတ်ရပေလိမ့်မည်။ လူငယ် ပါရမီရှင်အချို့မှာ ကောင်းကင်ကို ငေးကြည့်ရင်း အင်အားကုန်ခမ်းကာ လဲကျသွားကြသည်။

မိစ္ဆာနတ်ဘုရား၏ ကြောက်မက်ဖွယ် လုပ်ရပ်များက လူသားနှင့် ပျက်စီးခြင်းမျိုးနွယ်စုတို့၏ အစီအရင်များကို ဖျက်ဆီးခဲ့ပြီး ပညာရှင်များကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်။ သူတို့၏ သူငယ်ချင်းများ သွေးတိမ်တိုက်များအဖြစ် ပြာကျသွားသည်ကို မြင်ခဲ့ရသဖြင့် သူတို့အားလုံး သေရတော့မည်ဟု ထင်မှတ်ခဲ့ကြသည်။

သို့သော် သူတို့နှင့် သက်တူရွယ်တူ ယီယွင်က မိစ္ဆာနတ်ဘုရားနှင့် အကြိတ်အနယ် တိုက်ခိုက်နိုင်ခဲ့လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ။ ခဏတာမျှဆိုလျှင် ယီယွင်မှာ မိစ္ဆာနတ်ဘုရားနှင့်ပင် တန်းတူ ဖြစ်ခဲ့သည်ဟု ဆိုနိုင်သည်။

နောက်ဆုံးမိနစ်တွင် ဘာဖြစ်သွားသည်ကို သူတို့ မသိကြပေ။ မိစ္ဆာစွမ်းအင် အကြောင်းကိုလည်း သူတို့ မသိသလို မိစ္ဆာနတ်ဘုရားက မိမိကိုယ်ကို ကာကွယ်ရန် ကမ္ဘာငယ်တစ်ခုကို ဖွင့်လိုက်ခြင်းဖြစ်ကြောင်းလည်း သူတို့ နားမလည်ကြပေ။

ယီယွင်နှင့် လင်ရှင်းထုံတို့ မိစ္ဆာနတ်ဘုရားနှင့်အတူ ပျောက်ကွယ်သွားသည်ကိုသာ သူတို့ မြင်လိုက်ရသည်။ သူတို့ ပြန်လာနိုင်မည်လား ဆိုသည်ကို မည်သူမျှ မသိနိုင်ပေ။

သန့်စင်ရာနယ်မြေကျွန်း အရှင်ဇနီးမောင်နှံနှင့် ကောင်းကင်ဘုရင်များမှာလည်း အလွန်ပင် စိုးရိမ်နေကြသည်။ သို့သော် သူတို့၏ စွမ်းအားဖြင့် ယီယွင်တို့ကို လိုက်လံရှာဖွေရန်မှာ စိတ်ကူးယဉ်မှုသာ ဖြစ်ပေလိမ့်မည်။

"မိစ္ဆာနတ်ဘုရား မပျောက်သွားခင် ဘာပြောသွားတာလဲ" ဟု ပညာရှင်တစ်ဦးက မေးလိုက်သည်။

မိစ္ဆာနတ်ဘုရားမှာ ရှေးဟောင်းဘာသာစကားကို အသုံးပြုခဲ့သဖြင့် သူတို့အနေဖြင့် ရိုးရှင်းသော စကားလုံးအချို့ကိုသာ နားလည်နိုင်ခြင်းဖြစ်သည်။

"မိစ္ဆာနတ်ဘုရားက လင်ရှင်းထုံဟာ သူမဘာသာ အန္တရာယ်ထဲကို တိုးဝင်လာတာလို့ ပြောသွားတာ။ သူက လင်ရှင်းထုံနဲ့ ယီယွင်ကို အတူတူ တံဆိပ်ခတ်ထားပြီး အနှစ်နှစ်ဆယ်နေရင် သတ်ပစ်မယ်တဲ့။

အဲဒီကျရင် ဒီလောကမှာ သူ့ကို ဒဏ်ရာရအောင် လုပ်နိုင်တဲ့သူ ရှိမှာမဟုတ်တော့ဘူးလို့ ပြောသွားတယ်"ဟု တောရိုင်းမျိုးနွယ် ကောင်းကင်ဘုရင်တစ်ဦးက လေးလံသော လေသံဖြင့် ပြန်ပြောပြလိုက်သည်။

သူ၏ စကားကြောင့် လူတိုင်း၏ စိတ်နှလုံးများ အေးစက်သွားရသည်။ အရာအားလုံးမှာ မိစ္ဆာနတ်ဘုရား၏ ထိန်းချုပ်မှုအောက်သို့ ရောက်သွားခဲ့ပြီဖြစ်သည်။ နောက်အနှစ်နှစ်ဆယ်ကြာလျှင် မိစ္ဆာနတ်ဘုရား ပြန်လည် ပေါ်ပေါက်လာဦးမည်။

သူတို့ ဆက်လက် မတွေးတောရဲတော့ပေ။

"ညီလေးယီနဲ့ မိန်းကလေးလင်တို့ဟာ လူသားတွေထဲမှာ ထူးခြားတဲ့ ပါရမီရှင်တွေပါ။ သူတို့ အလွယ်တကူ သေဆုံးသွားမှာ မဟုတ်ပါဘူး" ဟု သန့်စင်ရာနယ်မြေကျွန်း အရှင်က ကောင်းကင်ကို ကြည့်ရင်း ပြောလိုက်သည်။

ဤသည်မှာ သူတို့၏ ယုံကြည်ချက်ထက် မျှော်လင့်ချက်ကို ဖော်ပြခြင်းသာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုဟင်းလင်းပြင်ထဲတွင် မိစ္ဆာနတ်ဘုရားကသာ ဥပဒေသများကို စိုးမိုးထားနိုင်သောကြောင့် ဖြစ်သည်။

ပျက်စီးလုနီးပါး ဖြစ်နေသော တောရိုင်းနန်းတော်ရှေ့တွင် ကျန်းရှောင်ယုသည် ယီယွင် ပျောက်ကွယ်သွားသော နေရာကို မော့ကြည့်နေသည်။

"ယွင်အာလေး..."

သူမ၏ မျက်နှာမှာ ဖြူလျော့နေပြီး သူမ၏ အကြည့်မှာ ဟင်းလင်းပြင်ကို ထိုးဖောက်သွားမည့်အလား စူးစိုက်ကြည့်နေသည်။ လေပြင်းများ တိုက်ခတ်နေပြီး ဖုန်မှုန့်များ လွင့်နေသော်လည်း ကျန်းရှောင်ယု၏ အကြည့်မှာမူ ထိုနေရာမှ မခွာပေ။

ချော်ရည်ကန်အတွင်းတွင် နတ်နတ်မျှော်စင် မှာ မားမားမတ်မတ် ရပ်တည်နေဆဲပင်။

နောက်ဆုံးအချိန်တွင် ယီယွင်မှာ အားအင်ကုန်ခမ်းနေပြီး ဟင်းလင်းပြင်ထဲသို့ ဆွဲသွင်းခံလိုက်ရသဖြင့် နတ်မျှော်စင်ကိုပါ ယူဆောင်သွားနိုင်ခြင်း မရှိခဲ့ပေ။

နတ်မျှော်စင် မပါဘဲ၊ ထိုမသိကျွမ်းသော ကမ္ဘာငယ်အတွင်းတွင် ယီယွင်တစ်ယောက် မိစ္ဆာနတ်ဘုရားကို မည်သို့ ခုခံနိုင်ပါမည်နည်း။ ကျန်းရှောင်ယု၏ စိတ်မှာ တဖြည်းဖြည်း လေးလံလာရတော့သည်။

"သူတို့ နှစ်ယောက်လုံး သေချာပေါက် အသက်ရှင်လျက် ပြန်လာမှာပါ" ဟု ပျက်စီးခြင်းမျိုးနွယ်ဘုရင်မဟောင်းက ကျန်းရှောင်ယုကို နှစ်သိမ့်လိုက်သည်။

"သေချာပေါက်... " ကျန်းရှောင်ယုက သူမ၏ ယုံကြည်မှုကို ခိုင်မာစေရန် ထပ်ခါတလဲလဲ ရေရွတ်နေမိသည်။

လူသားကောင်းကင်ဘုရင်များ၊ လူငယ်ပါရမီရှင်များနှင့် ပျက်စီးခြင်းမျိုးနွယ်စစ်သည်များ အားလုံးမှာ လူမျိုးဘာသာ မခွဲခြားဘဲ ကောင်းကင်ယံကိုသာ ငေးကြည့်နေကြတော့သည်။ မိစ္ဆာနတ်ဘုရားနှင့် တိုက်ခိုက်ခဲ့သော ယီယွင်နှင့် လင်ရှင်းထုံတို့၏ ပုံရိပ်မှာ သူတို့၏ နှလုံးသားထဲတွင် ဖျောက်ဖျက်မရအောင် စွဲထင်ကျန်ရစ်နေတော့သည်။

All Chapters