အခြားသော ကတိ …
Vol. 13 Ch. 171
စုမင် မျက်လုံးများမှိတ်လျက် စိတ်ခံစားချက်များကို အရင် တည်ငြိမ်စေလိုက်သည်။ ထို့နောက် ပန်းထိုးသေတ္တာ တစ်လုံးကို ဖွင့်လိုက်၏။ ထိုသို့ဖွင့်လိုက်ချိန်မှာပင် ဆေးရနံ့ တစ်မျိုးသည် သူ့နှာခေါင်းအတွင်း တိုးဝင်လာခဲ့သည်။ ထိုအနံ့သည် ဖျော့ဖျော့လေးသာ ဖြစ်သော်လည်း ၎င်းအနံ့အား ရှူလိုက်မိသည့် အခိုက်တွင် အမည်မသိ တူရိယာတစ်မျိုးဖြင့် တီးခတ်လိုက်သည့် သီချင်းတစ်ပုဒ်ကို သူကြားလိုက်ရသကဲ့သို့ ဖြစ်ပျက်သွားခဲ့သည်။
သီချင်း၏တေးသံသည် လေထုထဲတွင် သာယာစွာပျံ့လွင့်နေခဲ့ပြီး နားထောင်မိသူများအား ဤသီချင်းသည် ကောင်းကင်ဘုံတွင် ပြုလုပ်ထားသည့် ပုလွေဖြင့်သာ တီးမှုတ်နိုင်သကဲ့သို့ ထင်မှတ်မိစေသည်။
ခဏကြာပြီးနောက်တွင်မှ စုမင်သည် ပန်းထိုးသေတ္တာအတွင်းရှိ ဆေးဖက်ဝင် ပစ္စည်း၃ခုကို ကြည့်လိုက်သည်။ ၎င်းတို့သည် ထူးဆန်း၏။ ထိုအရာများသည် သစ်ပင် အကိုင်းအခက်များနှင့် ဆင်တူသော်ငြား သူတို့အပေါ်၌ အပေါက်သေးသေးလေးများ ရှိနေခဲ့သည်။ သူကြားခဲ့ရသည့် ဂီတသံစဉ်သည် စိတ်ထင်ယောင်ထင်မှား ဖြစ်ခဲ့ခြင်းမဟုတ်ပေ။ အပင်ပေါ်ရှိ အပေါက်များသို့ လေဖြတ်တိုက်ချိန်တွင် ထိုသံစဉ်များ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
“ကောင်းကင်ပုလွေသံ ကိုင်း “
စုမင်သည် ညာဘက်လက်ကိုမြောက်လျက် ကိုင်း၃ခုအား ထိလိုက်သည်။ ၎င်းတို့အား သိုလှောင်အိတ်ထဲသို့ ပြောင်းရွှေ့ထည့်လိုက်ရာ ကောင်းကင်ပုလွေသံကိုင်း ၃ခုနှင့် ပန်းထိုးသေတ္တာတို့သည် သူ့လက်အတွင်းမှ ရုတ်ခြည်းဆိုသလို ပျောက်ကွယ်သွားတော့သည်။
ဒုတိယသေတ္တာထံသို့ ကြည့်လိုက်ရင်း သူ၏ အသက်ရှူသံသည် လေးလံလာခဲ့သည်။ သေတ္တာထဲရှိမြေပုံသည် မပြည့်စုံနိုင်ကြောင်း သိသော်လည်း ၎င်းသည် သူ့အတွက် မျှော်လင့်ချက် ရောင်ခြည်တစ်ခု ဖြစ်နေဆဲပင်။
သူ ပန်းထိုးသေတ္တာကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
“ဒီသေတ္တာကို ဖွင့်လိုက်ရင်တော့ ရှင် ဖန်းမုကို ကုသပေးရတော့မှာနော်”
နူးညံ့သိမ်မွေ့သည့် အသံသည် စုမင်ဘေးမှ ထွက်ပေါ်လာခဲ့ပြီး ထိုအသံနှင့်အတူ သင်းပျံ့သည့် ခပ်ဖျော့ဖျော့ မွှေးရနံ့ တစ်ခုသည်လည်း ကပ်ပါလာခဲ့သည်။
ထိုမွှေးရနံ့သည် ကောင်းကင်ပုလွေသံကိုင်း၏ ဆေးရနံ့နောက်တွင် ထွက်ပေါ်လာခြင်း ဖြစ်သော်ငြား ရနံ့၂မျိုးသည် လူတို့အား မတူညီကွဲပြားသည့် ထင်မြင်ချက်၂မျိုးကို ရရှိစေသည်။ ဆေးရနံ့သည် လိမ္မော်သီးနှင့် ဆင်တူပြီး နောက်မွှေးရနံ့သည်တော့ အိပ်မက်ကလေး တစ်ခုသဖွယ်ပင် ဖြစ်သည်။
စုမင်၏ အမူအယာသည်တော့ မတုန်မလှုပ် ဖြစ်နေဆဲပင် ဖြစ်ပြီး သူ့ထံတွင် မည်သည့် ပြောင်းလဲမှုမျိုးကိုမှ မြင်တွေ့ရမည် မဟုတ်ပေ။ သူသည် ကြာမြင့်သည့်အချိန်ကပင် ဖန်းချန်းလန် ရောက်ရှိနေကြောင်းကို သိရှိထားခဲ့ခြင်းဖြစ်ပြီး သူမ၏ စကားလုံးများသည် သူ့အား မရပ်တန့်နိုင်ပေ။ ပန်းထိုးသေတ္တာအား အေးဆေးတည်ငြိမ်စွာပင် ဖွင့်လိုက်ရာ အထဲတွင် ခေါက်ထားသည့် သားရဲအရေခွံကို တွေ့ရှိလိုက်ရသည်။
သားရဲအရေအား ငေးကြည့်နေသည့် စုမင်၏ မျက်လုံးထဲတွင် ဝေခွဲမရဟန် အမူအယာတစ်ခု ပေါ်လာခဲ့သည်။ ရုတ်တရက် ထိုအခိုက်တွင်ပင် သူ့၌ ထိုအရာအားကြည့်ရန် သတ္တိမရှိတော့ပါချေ။ သူမြင်တွေ့ရမည့် အရာများနှင့် သူသိရှိထားခဲ့သည့် အရာများ ကွဲပြားနေခဲ့မည်ကို သူကြောက်ရွံ့မိသည်။ ကမ္ဘာပေါ်တွင် နက်မှောင်တောင် ဆိုသည်မှာ မရှိမည်အား … သူ ကြောက်မိသည်။
ဖန်းချန်းလန် ညင်သာစွာ လျှောက်လာခဲ့ပြီး မျက်နှာဖုံးနှင့် ခြေချိတ်ထိုင်နေခဲ့သည့် ထိုလူ၏ဘေးတွင် ရပ်လျက် သူ့အားတိတ်ဆိတ်စွာ ကြည့်လိုက်သည်။ သူ့မျက်လုံးများ အတွင်းရှိ ဝေခွဲမရမှုတို့အား သူမရှင်းလင်းစွာ မြင်နေရသည်။
သူတို့ စကားမပြော ဖြစ်ခဲ့ကြချေ။ အချိန်အတော်ကြာ တိတ်ဆိတ်ပြီးချိန်တွင်တော့ စုမင်သည် ပန်းထိုးသေတ္တာအတွင်းမှ သားရဲအရေပြားအား မယူလိုက်ပြီး ၎င်းအား အာရုံစူးစိုက်လျက် ဖွင့်လိုက်သည်။
“ရှင် စိတ်ပျက်သွားတာလား” ဖန်းချန်းလန် နူးညံ့စွာမေးသည်။
သူမ၏အသံသည် အလွန်နူးညံ့သိမ်မွေ့၍ ကြားရသူများအား မယုံနိုင်လောက်အောင်ပင် ခံစားမှုအားနှိူးဆွနိုင်စွမ်းရှိသည်။ သူမ၏အသံသည် သူမလိုပင်ဖြစ်သည်။ သူမသည် နူးညံ့သိမ်မွေ့သော အလှအပတစ်ခုဖြစ်၏။ သို့သော်လည်း သူမနှလုံးသား အတွင်းရှိ ခွန်အားသည်တော့ ယောကျ်ားများထက်ပင် သာလွန်ကြံ့ခိုင် ချေသေးသည်။
စုမင်သည် သူ့ရှေ့ရှိ ဖြန့်ထားခဲ့သည့် မြေပုံအားကြည့်လိုက်မိ၏။ ၎င်းသည် မယုံနိုင်လောက်အောင်ပင် အသေးစိတ် ကျလွန်းလှသည်။ ဟန်တောင်တန်း ပတ်ဝန်းကျင်ရှိ မြေမျက်နှာသွင်ပြင်များ ပါဝင်ရုံသာမက ပတ်ဝန်းကျင် ဧရိယာများကိုပင် အသေးစိတ် ရေးဆွဲထားခဲ့လေသည်။ မြေပုံမှတစ်ဆင့် တောင်ပိုင်းအရုဏ်ဦး နယ်မြေသည် ကျယ်ပြန့်သော နေရာတစ်ခုဖြစ်ကြောင်း မြင်နိုင်သည်။
မည်သို့ပင် မြေပုံသည် အသေးစိတ် ကျနေခဲ့ပါသော်ငြား ထိုအရာသည် စုမင်လိုချင်သည့်အရာ မဟုတ်ပေ။ သူ့မျက်လုံးတို့အား မှိတ်လိုက်ရင်း တိတ်ဆိတ်သွားခဲ့သည်။ အမှန်တစ်ကယ်တော့ သူလိုချင်သည့် မြေပုံသည် အလယ်အလတ်တန်စား မျိုးနွယ်စုတစ်ခု ထုတ်ပြနိုင်မည့်အရာ မဟုတ်ကြောင်း သူ့ကိုယ်တိုင်လည်း နားလည်သည်။ သို့သော် သူ၏ အသိပညာနှင့် မျှော်လင့်ချက်များသည်တော့ မတူကွဲပြားသည့် အရာ၂ခုပင် ဖြစ်သည်။
“တော်တော်ကို နည်းပါးတာပဲ”
ထိုအခိုက်တွင်တော့ သူ့နှလုံးသားသည်လည်း မျက်လုံးများကဲ့သို့ပင် ရှုပ်ထွေးဝေခွဲမရမှုတို့ ဖြစ်ပေါ်နေခဲ့၏။ သူသည် မြေပုံအား မြင်လိုသော်လည်း နက်ရှိုင်းသည့် နေရာတွင်တော့ သူထိုသို့ မလုပ်ချင်ပြန်ချေ။ ထိုရောထွေးသည့် ခံစားမှုသည် သူ့နှလုံးသား၏ နက်ရှိုင်းသည့်နေရာတွင် မြှုပ်နှံထားခဲ့သည့် စိတ်ရှုပ်ထွေးမှုများထံမှ လာခြင်းဖြစ်သည်။
“ရှင်က မြေပုံကို ကြည့်လို့ပဲရတယ်။ အဲဒါကို အဝေးကို ယူသွားလို့တော့ မရဘူး”
ဖန်းချန်းလန်သည် စုမင်အား သနားမှု အရိပ်အယောင်တို့ ပါဝင်နေသည့် အကြည့်ဖြင့်ကြည့်လျက် ညင်သာစွာ ပြောသည်။
“ငါ သိတယ်”
စုမင် သူ့မျက်လုံးတို့ကို ဖွင့်လိုက်သည်။ သို့သော် သူသည် ဖန်းချန်းလန်အား မကြည့်ဘဲ မှောင်မည်းနေပြီဖြစ်သည့် ကောင်းကင်အား ကြည့်လိုက်သည်။ ဖန်းချန်းလန်၏ အမြင်တွင်တော့ သူသည် အထီးကျန်နေသူတစ်ဦး ဖြစ်နေခဲ့သည်ကို သူမသိခဲ့ပေ။
“ငါ တစ်နေ့နေ့မှာ တစ်စုံတစ်ရာကို မှတ်မိခဲ့မယ်ဆိုရင် မင်းဆီကိုလာခဲ့ဖို့ မင်းပြောခဲ့တယ်” စုမင် ခပ်တိုးတိုးပြောသည်။
“ဟုတ်တယ်“ ဖန်းချန်းလန်သည် တိုးညှင်းစွာ ပြန်ပြော၏။
သူတို့သည် တိတ်ဆိတ်မှုအတွင်း နောက်တစ်ကြိမ် ကျရောက် သွားကြပြန်သည်။ ဤတစ်ကြိမ်တွင်တော့ တိတ်ဆိတ်မှုသည် အတော် ကြာညောင်းခဲ့သည်။ မှောင်မည်းနေသည့် ကောင်းကင်တွင် လသည် ထွက်ပေါ်လာခဲ့ပြီး တလက်လက် တောက်ပနေသော ကြယ်များသည် ၎င်းအား ဝန်းရံထားခဲ့ကြသည်။
လေသည် ဖြတ်သန်း တိုက်ခတ်သွားပြီး ဖန်းချန်းလန်၏ ဆံပင်အား ပင့်မသွားခဲ့သည်။ သူမ၏ဆံပင်များ လွင့်မျောနေမှုသည် လရောင်အောက်မှ အလှတရား တစ်ခုသဖွယ်ပင် ဖြစ်သည်။
“မင်း ဘာမြင်ခဲ့တာလဲ” စုမင်သည် တိတ်ဆိတ်မှုအား ချိုးဖျက်လိုက်ရင်း မေးလာသည်။
ဖန်းချန်းလန်သည် ပြန်မပြောခဲ့ပေ။ ထိုအစား သူမနှုတ်ခမ်းတို့အား ကိုက်လျက် စုမင်ကို ကြည့်နေခဲ့သည်။ သူမ၏ မျက်လုံးများတွင်တော့ နှစ်သက်ဖွယ် အလင်းရောင်တို့ ရှိနေခဲ့ပြီး သူမသည် ဆုံးဖြတ်ချက်မချခင် သူ့အား အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့သည်။
“ရှင်… ကျွန်မကို ကတိ တစ်ခုလောက် ပေးလို့ရမလား ...”
သူမပါးစပ်မှ ကတိဆိုသည့် စကားလုံး ထွက်ပေါ်လာခဲ့ပြီး စုမင်နားထဲသို့ ရောက်ရှိသွားခဲ့ချိန်တွင် စုမင်တုန် လှုပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ထိုခံစားမှုအား သူ၏ တည်ငြိမ်မှုဖြင့်ပင် ထိန်းချုပ်၍ မရခဲ့ပေ။ ထိုအရာသည် သူမည်မျှပင် နက်ရှိုင်းစွာ ဖုံးကွယ်ပါစေ၊ မည်မျှပင် မြှုပ်နှံရန် ပြင်းပြင်းထန်ထန် ကြိုးစားပါစေ မဖြစ်နိုင်သည့် ခံစားမှု တစ်ခုပင် ဖြစ်သည်။
ထိုအခိုက်တွင် သူ၏ ဒဏ်ရာဟောင်းသည် ပြန်လည်စုတ်ဖြဲခြင်း ခံလိုက်ရပြီး ဝမ်းနည်းမှုအဖြစ်သို့ ပြောင်းလဲသွားကာ သူ၏ခန္ဓာကိုယ်နှင့် ဝိညာဉ်အား လှိုင်းလုံးကြီးသဖွယ် ဖုံးလွှမ်းသွားခဲ့သည်။ သူသည် မူလ အမူအယာအတိုင်းပင် ဖြစ်နေခဲ့သော်လည်း သူ၏နှလုံးသား အတွင်းရှိ အခြေအနေကိုတော့ မည်သူမှ မသိရှိခဲ့ပါချေ။
မည်သို့ပင် ဖန်းချန်းလန်သည် မသိရှိဟု ဆိုသော်လည်း အမျိုးသမီး တစ်ယောက်၏ ပင်ကိုယ်အသိစိတ်အရ သူမဘေးရှိ မော့စုထံမှ အထီးကျန်ဆန်မှုနှင့် ဝမ်းနည်းမှုများကို သူမခံစားလိုက်ရသည်။
“ရှင် …”
ဖန်းချန်းလန်သည် ခဏတာ မှင်သက် အံ့အားသင့်သွားမိသည်။ သူမသည် ဉာဏ်ကောင်းသော အမျိုးသမီးတစ်ဦး ဖြစ်သည်။ ချက်ချင်းပင် သူမ၏ စကားလုံးများထဲမှ တစ်ခုသည် မော့စု၏ ဝမ်းနည်း ပူဆွေးမှုအတွက် အရင်းအမြစ် ဖြစ်နိုင်ကြောင်း ခန့်မှန်းလိုက်မိသည်။
“အဲဒါက “ကတိ” ဆိုတာများ ဖြစ်နေမလား …”
“ကတိ …”
စုမင် ရင်ထဲတွင် နာကျင်မှု ဝေဒနာတစ်ခုအား ခံစားလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်သည် မတုန်လှုပ်သွားခဲ့သော်ငြား ဝမ်းနည်းမှုသည်တော့ အထိန်းအကွပ်မဲ့စွာ ပေါ်ထွက်လာခဲ့သည်။ ထိုစကားလုံးသည် သူ့အတွက် ထူးခြားသည့် အဓိပ္ပါယ်ရှိ၏။
တစ်ချိန်က မိန်းကလေး တစ်ဦးသည် ဆီးနှင်းများပေါ်တွင် ရပ်လျက် သူ့အား ပြုံးကြည့်နေခဲ့သည်။
“ဒီနှင်းတွေထဲမှာ ဆက်လျှောက် သွားကြမယ်ဆိုရင် ငါတို့ ဆံပင်တွေ ဖြူသွားတဲ့အထိ ဆက်လျှောက်လှမ်းနိုင်မှာလား …”
တစ်ချိန်က မိန်းကလေး တစ်ဦးသည် သူ့နောက်ကျောတွင် သူမအား သယ်ပိုးခွင့် ပြုခဲ့သည်။ သူတို့၏ နှလုံးသားများသည် တူညီသော အရှိန်ဖြင့် ခုန်နေခဲ့ကြပြီး သူ၏နောက်ကျောတွင် အပ်ထားခဲ့သည့် သူမမျက်နှာသည် နီမြန်းနေခဲ့သည်။
“ငါတို့ အတူတူ စက်ဝိုင်းတွေထဲမှာ လမ်းလျှောက်နိုင်မှာလား ...”
တစ်ချိန်က နှင်းထဲတွင် နှုတ်ခမ်းကိုကိုက်လျက် အဝတ်များပေါ်မှ နှင်းတို့အား ခါချရင်း အရိုင်းဆန်စွာ တောက်ပနေခဲ့သည့် လှပသော မျက်လုံးများဖြင့် ကောင်မလေးတစ်ဦးသည် မတ်တတ် ရပ်နေခဲ့ဖူးသည်။
“စုမင်၊ ဒါက ကတိတစ်ခုပဲ … ကျွန်မ ရှင့်ကိုစောင့်နေမယ် …”
ထိုအရာသည် ကတိတစ်ခုဖြစ်ခဲ့ပြီး စုမင်သည်ကား ထိုကတိကို ဖြည့်ဆည်း မပေးနိုင်ခဲ့သည့် လူတစ်ဦးဖြစ်သည်။
“ဒါက ငါးနှစ်နီးပါးတောင် ရှိသွားခဲ့ပြီ … ဖြစ်နိုင်တာက ငါးနှစ်ထက်တောင် ကျော်ရင် ကျော်နိုင်တယ် …”
စုမင် နှလုံးသားအတွင်းရှိ နာကျင်မှုသည် ခါးသီးမှုများနှင့်အတူ ကြီးထွား လာခဲ့သည်။
ကမ္ဘာပေါ်တွင် ခါးသီးသည့် နာကျင်မှု များစွာရှိပြီး သူ၏နာကျင်မှုသည် အနက်ရှိုင်းဆုံးတော့ ဟုတ်ဟန်မတူပါချေ။ သူ၏နာကျင်မှုသည် ဝေခွဲမရမှုများနှင့်အတူ လာသည့် ဒဏ်ရာမှ လာခြင်းသာ ဖြစ်သည်။
“ကျွန်မ စိတ်မကောင်းပါဘူး …” ဖန်းချန်းလန်သည် နှုတ်ခမ်းတို့အား ကိုက်လျက် ညင်သာစွာ ပြောလိုက်သည်။ စုမင်၏နာကျင်မှုကို သူမနားမလည်သော်ငြား ထိုအခိုက်တွင် သူ့ထံမှ ထွက်ပေါ်လာသည့် ခါးသီးမှုကိုတော့ သူမခံစားနိုင်သည်။
“ဘာ ကတိလဲ” စုမင်၏ အသံသည် အက်ကွဲနေခဲ့သည်။
သူနှင့်ရင်းနှီးမှု မရှိသည့်မျက်နှာ၊ လေဖြင့် ပင့်တင်ခံထားရသည့် အနက်ရောင် ဆံနွယ်များနှင့် သူ့ဘေးတွင် ရပ်နေသည့် ဖန်းချန်းလန်အား ကြည့်လိုက်မိသည်။ သို့သော် ထိုအခိုက်တွင် သူသည် ပိုင်လင်းအား တွေ့လိုက်ရသကဲ့သို့ ထင်လိုက်မိသည်။
သူမတို့သည် မတူညီသည့် အချိန်ကာလ၊ မတူညီသည့် နေရာများမှ မတူညီသည့် လူ၂ယောက်ဖြစ်သည်။ သို့သော် သူမတို့သည် တူညီသည့် စကားလုံးတစ်ခုအား ပြောခဲ့ကြသည်၊ ကတိဟူ၍ …
“စစ်မာရှင်းကို သတ်ဖို့ကူညီပေးပါ။ သူ့ကို သတ်ပေး။ ပြီးရင် ကျွန်မသိသမျှ အရာအားလုံး ရှင့်ကိုပြောပြမယ်” ဖန်းချန်းလန်သည် ညင်သာစွာ ပြောသည်။ စစ်မာရှင်းဟူသော နာမည်ကို ပြောလိုက်ချိန်တွင် သူမ၏ အသက်ရှူနှုန်းသည် မြန်ဆန်လာခဲ့ပြီး ညာဘက်လက်အား အလိုလိုလို လက်သီးဆုပ်လိုက်မိသည်။
“စစ်မာရှင်းဆိုတာ ဘယ်သူလဲ”
သူမ၏ လှုပ်ရှားမှု သေးသေးလေးသည်ပင် စုမင် မျက်စိအောက်မှ မလွတ်မြောက်ခဲ့ပါချေ။
“သူက အေးခဲကောင်းကင်ကလန်ရဲ့ သမိုင်းတစ်လျှောက်မှာ စွမ်းရည် အမြင့်ဆုံးလို့ ကျော်ကြားတဲ့သူပဲ … သူက ထာဝရဖန်တီးမှု နေ့ရက်မှာ ဒုတိယ မာန်နတ်ဘုရားရဲ့ ဝိညာဉ်ဆီက ဟိန်းဟောက်သံကို ကြားခဲ့ရပြီးတော့ စတုတ္ထမြောက် မာန်နတ်ဘုရား ဖြစ်လာဖို့ အခွင့်အလမ်း အမြင့်ဆုံး ဆိုတဲ့သူတွေထဲက တစ်ယောက်အဖြစ် ကျော်ကြားတယ်”
“သူက ငါ့ရဲ့ စီနီယာအစ်ကိုပဲ … ပြီးတော့ ဖန်းမုကို ဒဏ်ရာရစေခဲ့တဲ့ သူဆိုလည်း ဟုတ်တယ်” ဖန်းချန်းလန်သည် ခေါင်းကိုငုံ့လျက် တီးတိုး ပြောဆိုလိုက်သည်။
စုမင် ဖန်းချန်းလန်ကို အေးဆေးတည်ငြိမ်စွာ ကြည့်လိုက်ပြီး မည်သည့်စကားမျှ ပြန်မပြောခဲ့ချေ။
“ရှင် သံသယဝင်နေမယ် ဆိုတာကို ကျွန်မသိတယ်။ စစ်မာရှင်းရဲ့ အဆင့်အတန်းနဲ့ သူ့ရဲ့စွမ်းအားအရဆိုရင် ဖန်းမုလို ကလေးတစ်ယောက်ကို ဘာလို့ အန္တရာယ်ပေးရမှာလဲလို့ တွေ့နေတယ် မဟုတ်လား …”
ဖန်းချန်းလန်သည် သူမခေါင်းအား မော့လိုက်သည်။ လရောင်အောက်တွင် သူမသည် အလွန်အမင်း လှပနေပြီး လူတို့၏နှလုံးသားအား ဖမ်းစားနိုင်လိမ့်မည် ဖြစ်သော်ငြား စုမင်သည်တော့ ထိုကဲ့သို့ လူတစ်ယောက် မဟုတ်ပေ။
“ဆက်ပြောပါဦး”
စုမင်သည် ခေါင်းကိုမော့လျက် ကောင်းကင်ရှိလအား ကြည့်လိုက်သည်။
“အကြင်နာမဲ့ မာန်စွမ်းအားရှင် မျိုးစေ့ဆိုတဲ့ ကြီးမြတ်တဲ့ မာန်အတတ် ပညာရပ်အကြောင်းကို ရှင်ကြားဖူးလား ... အဲဒီပညာရပ်က ဒုတိယမာန်နတ်ဘုရား ဖန်တီးခဲ့တာ ဖြစ်ပြီးတော့ စစ်မာရှင်း လေ့ကျင့်တဲ့အရာပဲ။ ဒုတိယမာန်နတ်ဘုရား အဲဒီပညာရပ်ကို ဖန်တီးခဲ့ ချိန်ကစလို့ ဘယ်သူကမှ ပြည့်စုံအောင် မလေ့ကျင့်နိုင်ခဲ့သလို သူ့ရဲ့ စွမ်းအားပြည့်ကိုလည်း အသုံးမပြုနိုင်ခဲ့ဘူး။ သူတို့က အကြင်နာတရား ကင်းမဲ့တဲ့လူတွေ ဖြစ်မလာနိုင်ခဲ့ကြဘူး။ ဒါကပဲ သူတို့ဘာလို့ စွမ်းရည်အပြည့် အသုံးမချနိုင်ရတာလဲ ဆိုတာပဲ “
“ပညာရပ်ကို ပြည့်စုံသွားတာနဲ့ ကျင့်ကြံတဲ့သူ ရွေးချယ်ထားခဲ့တဲ့ မာန်စွမ်းအားရှင် မျိုးစေ့တွေ အကုန်လုံးရဲ့ စွမ်းအားတွေက သူ့ဆီကို ရောက်ရှိသွားလိမ့်မယ်။ ဒုတိယ မာန်နတ်ဘုရားက အဲဒီပညာရပ်ကို တခြားကမ္ဘာတွေမှာ အသုံးချခဲ့ပြီးတော့ သူ့ရဲ့ မာန်နတ်ဘုရားဆိုတဲ့ အဆင့်အတန်းကို ရရှိခဲ့တာပဲ”
“စစ်မာရှင်းက အမှန်တစ်ကယ်ကို တုန်လှုပ်ဖို့ကောင်းတဲ့ စွမ်းရည်ရှိတယ်။ သူက မူလကကို ရမ္မက်ကြီးတဲ့ လူတစ်ယောက်ပဲ။ ဒါကြောင့် သူက အဲဒီပညာရပ်ကို အခြားနည်းလမ်းနဲ့ ကျင့်ကြံခဲ့တယ်- သူက အခြားသူတစ်ဦးရဲ့ နှလုံးသားထဲမှာ ချစ်ခြင်းကို စိုက်ပျိူးခဲ့တယ်။ အဲဒီလိုနဲ့ သူက မာန်စွမ်းအားရှင် မျိုးစေ့ကို မျိုးစေ့နဲ့ အချစ်အဖြစ် ခွဲခြားလိုက်တယ်။ ဘာလို့လဲဆိုရင် သူ့မှာ အချစ်မရှိတော့ဘူးဆိုရင် သူက အကြင်နာကင်းမဲ့တဲ့သူ ဖြစ်လာမှာမို့လို့ပဲ”
“အကြီးအကဲက ဖန်းမု မွေးဖွားလာခဲ့စဉ်က သူရဲ့စွမ်းရည်ကို တွေ့ရှိခဲ့ပြီး ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုရဲ့ မျှော်လင့်ချက်အဖြစ် အသိအမှတ် ပြုခဲ့တယ်… ပြီးတော့ စစ်မာရှင်းကလည်း အေးခဲကောင်းကင်ကလန်နဲ့အတူ တပည့်ရွေးချယ်ဖို့ဆိုပြီး ဟန်တောင်တန်း မြို့တော်ကို ရောက်လာခဲ့တယ်...”
“ဖန်းမုက သူ့ရဲ့ မာန်စွမ်းအားရှင်မျိုးစေ့ ဖြစ်လာပြီးတော့ အချစ်ကိုတော့ ကျွန်မဆီမှာ စိုက်ပျိူးခဲ့တယ်“ ဖန်းချန်းလန်သည် သူမအကြောင်း ပြောပြနေခြင်း မဟုတ်သကဲ့သို့ တည်ငြိမ်စွာ ပြောပြနေခဲ့သည်။ သို့သော် သူမသည် တည်ငြိမ်စွာ ပြုမူလေလေ စုမင်သည် သူမ နှလုံးသားအတွင်းမှ မုန်းတီးမှုအား ပိုမိုခံစားနိုင်လေလေပင် ဖြစ်သည်။
“ဖန်းမုက ဒဏ်ရာရခဲ့တာ မဟုတ်ဘူး။ သူက စစ်မာရှင်းရဲ့ မာန်စွမ်းအားရှင် မျိုးစေ့ပဲ။ ရှင် သူ့ကို ကုသပေးလိုက်ပြီ ဆိုတာနဲ့ ရှင်က စစ်မာရှင်းကို ဆန့်ကျင်လိုက်တာပဲ”
စုမင်သည် တိတ်ဆိတ်စွာပင် ဖန်းချန်းလန်အား ကြည့်နေလိုက်သည်။ သူမ၏ စကားလုံးများအား သူအပြည့်အဝ မယုံကြည်ခဲ့ပေ။
“ဖန်းမုကသာ ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုရဲ့ အနာဂါတ်ဆိုရင် အဲဒါဖြစ်ပျက်ခဲ့တဲ့ အချိန်တုန်းက ဘာလို့ ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုက ဘာမှ မလုပ်ခဲ့ရတာလဲ”
“ကျွန်မတို့က ဘယ်လိုများ တစ်ခုခုကို လုပ်နိုင်ခဲ့မှာတဲ့လဲ။ ကျွန်မအစ်ကို မျိုးနွယ်စု ခေါင်းဆောင်တောင်မှ ဒီအကြောင်းကို မသိခဲ့တာ။ ဖန်းမုက တစ်စုံတစ်ယောက်ကြောင့် ဒဏ်ရာရခဲ့တာလို့ပဲ သူထင်နေတာလေ။ မျိုးနွယ်စုတစ်စုလုံးမှာ ဒီအကြောင်းကို သိတဲ့သူဆိုလို့ အကြီးအကဲနဲ့ ကျွန်မပဲ ရှိတာ”
“သူက ဒီကိစ္စနဲ့ပက်သက်လို့ ဘာမှလုပ်မှာ မဟုတ်ဘူး။ ကျွန်မအစ်ကိုက သိခဲ့ရင်တောင် တိတ်ဆိတ်နေဖို့ကိုပဲ သူရွေးချယ်မှာ။ စစ်မာရှင်းမှာ မာန်စွမ်းအားရှင် မျိုးစေ့တွေ အများကြီးရှိတယ်။ သူ့ရဲ့ မာန်စွမ်းအားရှင် မျိုးစေ့ဖြစ်လာပြီး သူတို့စွမ်းအားတွေရဲ့ အကူအညီနဲ့ စတုတ္ထမြောက် မာန်နတ်ဘုရား မွေးဖွားလာမယ်ဆိုတဲ့ အရာက လူတိုင်းရဲ့ မျက်လုံးထဲမှာ ကြီးကျယ်မြင့်မြတ်တဲ့ အရာလို့ပဲ မြင်ကြတာ”
“ဖန်းမု အမှန်တရားကို သိတဲ့အချိန်ကျရင် သူဒါကို ကြီးကျယ်မြင့်မြတ်မှု တစ်ခုလို့ ယူဆလိမ့်မှာလား ကျွန်မ မသိဘူး … ဒါပေမဲ့ ကျွန်မ … ဒါကို သဘောမတူနိုင်ဘူး” ဖန်းချန်းလန်သည် ခေါင်းကိုမော့လျက် သူမ၏ လှပသည့် မျက်လုံးများနှင့် စုမင်အား ကြည့်သည်။
“ရှင်ရော အဲဒီလို မထင်ဘူးလား”
စုမင် ပြန်မဖြေခဲ့ချေ။
“မာန်စွမ်းအားရှင်မျိုးစေ့ ဖြစ်တဲ့သူတွေကတင် ဒါကို ကြီးကျယ်မြင့်မြတ်တဲ့ အရာလို့ မှတ်ယူကြတာ မဟုတ်ဘူး။ ကျွန်မလို ချစ်ခြင်း စိုက်ပျိူးခံရသူတွေကလည်း အဲဒီလိုပဲ ယူဆကြတာ။ ကျွန်မတို့က ပထမ သို့မဟုတ် ဒုတိယ မာန်နတ်ဘုရားတွေ ဦးဆောင်တဲ့ မာန်စွမ်းအားရှင် မျိုးနွယ်စုတွေ မဟုတ်တော့ဘူး …”
“လူတိုင်းက ညှို့ယူခံထားရပြီး စိတ်ပျက်ဖို့ကောင်းတဲ့ မာန်စွမ်းအားရှင် မျိုးနွယ်စုပဲ၊ ယဇ်ပူဇော်ခြင်းနဲ့ ကျွန်ပြုခြင်းတွေကို ကြီးကျယ်မြင့်မြတ်တဲ့ အရာတွေလို့ မှတ်ယူထားတဲ့ မာန်စွမ်းအားရှင် မျိုးနွယ်စုတွေ ဟန်ဖေးကျစ်လည်း ဒီကံကြမ္မာကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး” ဖန်းချန်းလန်၏ စကားလုံးတို့သည် မြန်ဆန်စွာ ထွက်ပေါ်လာခဲ့သည်။
စုမင် သူမကိုကြည့်လိုက်မိသည်။ သူမ၏ စကားလုံးများသည် ဤအမျိုးသမီးနှင့် ပတ်သက်၍ တစ်စုံတစ်ခု ကွဲပြားနေသကဲ့ကို စုမင်အား တွေးတောမိစေသည်။
“ငါ မင်းကို ဘယ်လို ယုံရမှာလဲ” အချိန်အတော်ကြာပြီးနောက် စုမင် နွမ်းလျစွာ မေးလိုက်မိသည်။
ဖန်းချန်လန်သည် ခဏတာ တိတ်ဆိတ်နေပြီးနောက် အနီရောင်တချို့ သူမမျက်နှာပေါ်တွင် လျှပ်ပြက်သလို ဖြစ်ပေါ်သွားခဲ့သည်။ ထို့နောက် သူမသည် စုမင်အား ကြည့်လိုက်ပြီး အံကြိတ်လိုက်သည်။
***