မိုးရေထဲမှ ဟန်တောင်တန်း၏ သွယ်ဆက်သံကြိုးတန်းများ
Vol. 13 Ch. 172
“လာပါ … ကျွန်မနဲ့အတူ လိုက်ခဲ့ပါ “
ဖန်းချန်းလန်သည် ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စု၏ မြေပုံကို လှမ်းယူလိုက်ပြီး မတ်တတ် ပြန်ရပ်လိုက်သည်။ သူမ၏ နားရွက်များသည် နီလျက်ရှိပြီး သူမအား မြင်သူတိုင်းသည် ထူးဆန်းမှုကို ခံစားရမည်ဖြစ်သည်။
စုမင် အလွန်အံ့အားသင့် သွားခဲ့သည်။ ဤအမျိုးသမီးနှင့် ပက်သက်၍ ဘာတွေဖြစ်နေမှန်း သူနားမလည်နိုင်ခဲ့ချေ။
ငြိမ်းအေးရာအရှေ့အရပ်မျိုးနွယ်စု တောင်ဆီသို့ အခြားဦးတည်ရာဘက်မှ လျှောက်လှမ်းသွားစဉ် သူမ၏နှလုံးသားသည် ခုန်လှုပ်နေခဲ့သည်။ သူမသည် နောက်ဘက်မှကြည့်လျှင် အလွန်ပင်ဆွဲဆောင်မှုရှိပြီး သူမ၏ လှပမှုများအား လှုပ်ရှားမှုများမှ တစ်ဆင့် တွေ့မြင်နိုင်လေသည်။
စုမင်သည် နှာခေါင်းကိုပွတ်ရန် လက်ကိုအလိုလို မြောက်လိုက်မိသော်ငြား မျက်နှာဖုံးကိုသာ ထိမိလိုက်သည်။ သူ ခါးသီးစွာ ရယ်မောလိုက်ရင်း ဖန်းချန်းလန်၏ နောက်သို့ လိုက်သွားမိသည်။ သူမ ဘာကြောင့် ထိုအမူအရာမျိုး ဖြစ်ပေါ်သွားခဲ့ရသည်ကို သူနားမလည်နိုင်သေးပေ။
ဖန်းချန်းလန်သော်၎င်း၊ စုမင်သော်၎င်း စကားတစ်လုံးမျှ မပြောခဲ့ကြဘဲ ၂ဦးလုံးသည် တောင်ထိပ်ဆီသို့ အခြားသော လမ်းကြောင်းတစ်ခုမှ လျှောက်လှမ်း သွားခဲ့ကြပြီး မကြာမီတွင် သူ့ရှေ့ရှိ တောအုပ်အတွင်း၌ လိုဏ်ဂူတစ်ခု ပေါ်လာခဲ့သည်။
ထိုလှိုဏ်ဂူအား ကောင်းစွာ ဖုံးကွယ်ထားခဲ့ခြင် ဖြစ်ပြီး တစ်စုံတစ်ယောက်သည် ဤဧရိယာနှင့် ရင်းနှီးကျွမ်းဝင်မှုသာ မရှိခဲ့လျှင် လိုဏ်ဂူအား ရှာတွေ့ရန် ခက်ခဲပေလိမ့်မည်။
“ဒီနေရာကို ဘယ်သူမှမလာနိုင်ဘူး။ ကျွန်မ ငယ်ရွယ်စဉ်က ဒီနေရာကို မတော်တဆ ရှာတွေ့ခဲ့ချိန်ကစလို့ ကျွန်မရဲ့ ကစားစရာနေရာအဖြစ် သတ်မှတ်ခဲ့တာ။ အသက်ကြီးလာတော့လည်း ဒီနေရာကို မကြာခဏ တစ်ယောက်တည်း လာနေတတ်လို့ အေးခဲကောင်းကင် ကလန်ရဲ့ အကာအကွယ်တချို့ကို ဒီနေရာမှာ ထားထားတာကြောင့် ဒီနေရာက အရမ်းလုံခြုံတယ်” ဖန်းချန်းလန်သည် ဂူအပြင်တွင်ရပ်လျက် ခေါင်းမလှည့်ဘဲ သူမနောက်ရှိ စုမင်ထံသို့ ဦးတည်လျက် ခပ်တိုးတိုးပြောသည်။
စုမင် မျက်မှောင်ကြုတ်လိုက်မိသည်။ သူသည် ဖန်းချန်းလန်အား ငေးကြည့်နေရင်းမှပင် တံဆိပ်ခတ်နှိပ်ခြင်း အတတ်အား ဧရိယာတစ်ဝိုက် ဖြန့်ကျက်လိုက်သည်။
“လာပါ … အထဲကို လာ”
ဖန်းချန်းလန်သည် နောက်တစ်ကြိမ် အံကြိတ်လိုက်ရင်း လိုဏ်ဂူအတွင်းသို့ ဝင်လိုက်သည်။ စုမင် ခဏတာ တုန့်ဆိုင်းနေခဲ့ပြီး ဧရိယာတစ်ဝိုက် မည်သည့်အရာမှ မရှိကြောင်း သေချာသော အခါမှသာ အတွင်းသို့ လျှောက်လှမ်းဝင်ရောက် လိုက်သည်။
လိုဏ်ဂူသည် အရမ်းမကြီးမားပေ။ ၎င်းသည် အခန်းတစ်ခန်းစာခန့်သာ ကျယ်ဝန်းသော်လည်း အနည်းငယ် မှောင်နေသည်။ နေ့အချိန်ကဲ့သို့ ရှင်းရှင်းလင်းလင်း မရှိသော်ငြား စုမင်သည် အတွင်းဘက်အား အတန်ငယ် ရှင်းလင်းစွာ မြင်နေရဆဲပင်ဖြစ်သည်။
“မင်း ငါ့ကို ဒီကိုခေါ်လာခဲ့တာက …” စုမင် မျက်မှောင်ကြုတ်လျက် ပြောလိုက်ရင်း သူ၏ စကားလုံးများသည် ရုတ်တရက် မယုံကြည်နိုင်စွာ ရပ်တန့်သွားခဲ့သည်။ သူ၏ ပင်ကိုယ်သိစိတ်အရ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး ဖန်းချန်းလန်အား အံ့အားသင့်စွာဖြင့် စကားမပြောနိုင်ဘဲ ငေးကြည့်လိုက်မိသည်။
ဖန်းချန်းလန်သည် သူ့အား နောက်ကျော ပေးထားဆဲပင် ဖြစ်သော်လည်း သူစကားပြောလိုက်ချိန်မှာပင် သူမ၏လက်များကို မြောက်လျက် ဝတ်ရုံများကို ဖယ်ရှားလိုက်ပြီး လှပသည့် နောက်ကျောအလှကို လှစ်ဟ ပြသလိုက်သည်။ စုမင် မှင်သက်နေစဉ်မှာပင် ဖန်းချန်းလန်သည် သူမ၏ အဝတ်အစားများကို တုန်ယင်စွာဖြင့် ချွတ်ချလိုက်ပြီး အမျိုးသမီး တစ်ယောက်၏ ပြီးပြည့်စုံသည့် နောက်ကျောအလှအား ဖော်ပြလိုက်၏။
ကောက်ကြောင်းများ၊ လက်ရာမြောက်သော အသားအရေ၊ သူမ၏ တုန်ယင်နေသည့် နောက်ကျောတွင် ဝဲဖြာကျဆင်းနေခဲ့သည့် ခပ်ပါးပါး ဆံပင်ရှည်များ၊ အသက်ရှူ မှားလောက်ဖွယ် ခါးသေးသေးလေးနှင့် ပြန့်ကားသည့် သူမ၏ နောက်ကျောအလှ- အရာအားလုံးသည် စုမင်၏ မေးရိုးကိုပင် ပြုတ်ကျသွားစေခဲ့သည်။
“မင်း …”
စုမင်သည် ဖန်းချန်းလန်အား ကြည့်လိုက်ရင်း ဘာပြောရမှန်း မသိစွာဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ထပ်ဆုတ်လိုက်မိသည်။
“ဒါက ကျွန်မရဲ့ သက်သေပဲ”
ဖန်းချန်းလန်သည် ရင်ဘတ်အားလက်ဖြင့် ဖုံးကာထားပြီး တုန်ယင်စွာဖြင့် နောက်သို့ လှည့်လာခဲ့သည်။ မျက်လုံးမှ မျက်ရည်များ စီးကျနေခဲ့သော်ငြား သူမသည် စုမင်အား ပြတ်သားစွာ ကြည့်နေခဲ့သည်။
“ရှင်းက ဖန်းမုမှာရှိတဲ့ မာန်စွမ်းအားရှင် မျိုးစေ့ကို မြင်ခဲ့တယ်။ သူ့ဆီမှာ ဖြစ်ပျက်ခဲ့တဲ့ အရာနဲ့ပက်သက်လို့ ကျွန်မလိမ်ခဲ့တာ မဟုတ်ဘူး … ကျွန်မအတွက်တော့ စစ်မာရှင်းက ကျွန်မဆီမှာ ချစ်ခြင်းကို စိုက်ပျိူးခဲ့တယ် ဆိုပေမယ့် နှလုံးသားထဲမှာပါပဲ”
“ကျွန်မရဲ့ခန္ဓာကိုယ်ကို ရှင့်ကို ပေးနိုင်ပါတယ်။ အဲဒါက ကျွန်မဆီမှာ သူစိုက်ပျိူးခဲ့တဲ့ ချစ်ခြင်းတရားကို မချိုးဖျက်နိုင်ပေမယ့်လည်း ရှင် ကျွန်မကို ယုံကြည်အောင် လုပ်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပါပဲ”
စုမင် တိတ်ဆိတ်နေခဲ့သည်။ သူသည် ဖန်းချန်းလန်၏ ခန္ဓာကိုယ်အား ကြည့်ရှူလိုက်ပြီး အချိန်အတော်ကြာအောင် စကားမပြောခဲ့ပေ။
သူမ၏မျက်လုံးမှ မျက်ရည်များ ကျဆင်းလျက်ဖြင့်ပင် ဖန်းချန်းလန်သည် ဂူထဲတွင် တိတ်ဆိတ်စွာရပ်လျက် စောင့်ဆိုင်းနေခဲ့သည်။
အချိန်အတော်ကြာသွား ချိန်တွင်တော့ စုမင်တည်ငြိမ်စွာ မေးလိုက်မိသည်။ “ဘာလို့ မင်းက ငါ့ကို ရွေးချယ်ခဲ့ရတာလဲ”
“ဘာလို့လဲဆိုတော့ ရှင့်ရဲ့မှတ်ဉာဏ်တွေထဲမှာ ကျွန်မ မမြင်သင့်တဲ့ အရာတချို့ကို မြင်ခဲ့မိလို့ပဲ … ရှင်က ဒီအရာကို လုပ်နိုင်မယ်လို့ ကျွန်မယုံကြည်တယ်။ ရှင်အခု မကူညီနိုင်ရင်တောင် အနာဂါတ်မှာတော့ လုပ်နိုင်ပါလိမ့်မယ်”
ဖန်းချန်းလန်သည် စုမင်အား ပြတ်သားစွာ ကြည့်လိုက်သည်။ သူမ ငိုနေခဲ့သော်ငြား လှပသည့် မျက်နှာထက်ရှိ စိတ်ပိုင်း ဖြတ်ထားဟန်တို့သည် စုမင်အနေဖြင့် သူမအား လေးစားလာမိစေသည်။
“မင်းက ငါ့ရဲ့မှတ်ဉာဏ်တွေ မြင်ခဲ့တယ် ဆိုတာကို ငါ ဘယ်လို ယုံကြည်ရမှာလဲ”
ဖန်းချန်းလန်၏ ရုတ်တရက် အပြုအမူများကြောင့် ဖြစ်ပေါ်သွားသည့် တုန်လှုပ်မှုမှ ပြန်လည် တည်ငြိမ်လာစေရန် စုမင် ခဏတာ တိတ်ဆိတ်လိုက်ရပြီး နောက်မှ သူ၏ အေးစက်မှုအား ပြန်လည် ရရှိသွားခဲ့သည်။
“လေဟာနယ်၊ လေးနှစ်၊ သံကြိုးတွေ၊ ငြင်းဆန်ခြင်းနဲ့ ဒုတိယမာန်နတ်ဘုရားရဲ့ ဦးခေါင်း” ဖန်းချန်းလန် နူးညံ့စွာ ပြောလိုက်သည်။ စုမင် တစ်စုံတစ်ရာအား မှတ်မိခဲ့ပြီလား ဆိုသည်ကို သူမ မသိပေ။ သို့သော် သူမပြောခဲ့သည့် ထိုအရာများထဲမှ တစ်ခုခုကိုတော့ သူသိလိမ့်မည်ဟု သူမယုံကြည်သည်။
စုမင် အသက်ပြင်းပြင်း ရှူလိုက်ပြီး နှလုံးသားအတွင်းမှ တုန်လှုပ်မှုအား ဖိနှိပ်လိုက်ရသည်။ သူသည် ဖန်းချန်းလန်အား အချိန်အတော်ကြာ ကြည့်နေပြီးနောက်မှ သူ့ရှေ့ရှိ တုန်ယင်နေသည့် ထိုအမျိုးသမီးထံသို့ လျှောက်သွားလိုက်သည်။
သူနီးကပ်လာသည်နှင့်အမျှ ဖန်းချန်းလန်သည် သူမ၏မျက်လုံးများကို ပိတ်ကာ နောက်ဖြစ်ပျက်လာမည့် အရာအား စောင့်နေလိုက်သည်။ သူမသည် ထိုအရာအတွက် ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။ သူမ၏ ပြည့်နှက်လာသည့် အမုန်းတရားတို့အတွက် အရာရာကို စွန့်လွှတ်ရန် ဆန္ဒရှိနေခဲ့ပြီး ဖြစ်သည်။
စုမင်သည် ဖန်းချန်းလန်၏ရှေ့တွင် ရပ်လိုက်ချိန်တွင် သင်းပျံ့သည့် မွှေးရနံ့သည် သူ့နှာခေါင်းအတွင်း လာရောက် ကျီဆယ်နေခဲ့သည်။ ပိုင်လင်းနှင့် လုံးဝကွဲပြားသည့် ထိုအမျိုးသမီးအား ကြည့်လိုက်ရင်း သူမတောင်းဆိုလိုက်သည့် ကတိသည် သူ့နားအတွင်း ပဲ့တင်ထပ်နေခဲ့သည်။ ထို့နောက် ညာဘက်လက်အား မြောက်လျက် သူမ၏ နဖူးအလယ်သို့ ဖိနှိပ်လိုက်သည်။
ဖန်းချန်းလန်သည် တုန်လှုပ် သွားသော်လည်း အံကြိတ်လျက် မူလအတိုင်းပင် ဆက်နေလိုက်သည်။
အချိန်ခဏတာ ကြာပြီးချိန်တွင်တော့ စုမင်သည် ငုံ့ကိုင်းလိုက်ပြီး သူမ ဖယ်ရှားထားခဲ့သည့် အဝတ်များအား တိတ်ဆိတ်စွာ ကောက်ယူလိုက်သည်။ ထို့နောက် သူမ၏ပုခုံးပေါ်သို့ လွှားခြုံလိုက်ပြီး သူမ၏ ဆွဲဆောင်မှုရှိသည့် ခန္ဓာကိုယ်အား ဖုံးအုပ်ပေးလိုက်သည်။
“ဒီလိုလုပ်စရာ မလိုအပ်ပါဘူး၊ မင်းရဲ့ နှလုံးသားထဲမှာ စစ်မာရှင်း စိုက်ပျိူးထားခဲ့တဲ့ ချစ်ခြင်းကို ငါမြင်ပြီးပါပြီ။ အဲဒါက ဖန်းမုဆီမှာ မာန်စွမ်းအားရှင် မျိုးစေ့ ချခဲ့တဲ့လူနဲ့ တူညီတဲ့ တစ်ဦးတည်းဆီကပဲ … ငါမင်းကို ကတိပေးပါတယ်”
စုမင် ဖန်းချန်းလန်၏ နားအနားသို့ကပ်လျက် တီးတိုး ပြောလိုက်သည်။ ထိုသို့ ပြောပြီးသည်နှင့် နောက်သို့ ပြန်လှည့်လိုက်ပြီး လိုဏ်ဂူ၏ ဝင်ပေါက်ဆီသို့ ပြန်လျှောက် သွားလိုက်သည်။
ဖန်းချန်းလန် တုပ်လှုပ်သွားပြီး မျက်လုံးတို့ကိုဖွင့်လျက် ထွက်ခွာသွားသည့် စုမင်အား အံ့အားသင့်စွာ ငေးကြည့်လိုက်မိသည်။ မျက်ရည်တို့သည် သူမမျက်လုံးများအတွင်း စုဝေးလာကြပြန်သည်။ ထိုကဲ့သို့ အခိုက်အတန့်တွင် စုမင် ထွက်ခွာသွားလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့မိချေ။
“အေးခဲကောင်းကင်ကလန်မှာ ရှင်လိုချင်တဲ့မြေပုံ ရှိတယ်။ ကျွန်မ မရနိုင်ပေမယ့်၊ ရှိမှန်းတော့သိတယ်” ဖန်းချန်းလန် အလိုအလျောက် ပြောလိုက်မိသည်။ သူမ၏ စကားလုံးများသည် စုမင်၏ ခြေလှမ်းများအား ယိမ်းယိုင်သွားစေ၏။
“ကျေးဇူး တင်ပါတယ်၊ အေးခဲကောင်းကင် ကလန်မှာ ပြန်ဆုံကြတာပေါ့ “
စုမင် ပြန်လှည့်မကြည့်ဘဲ ဂူမှထွက်ခွာလာခဲ့သည်။
“အေးခဲကောင်းကင် ကလန်က ဒီတစ်ကြိမ်မှာ ဟန်ဖေးကျစ်ကိုပဲ သူတို့ရဲ့ တပည့်အဖြစ် ခေါ်ဆောင်မှာ။ တခြား ဘယ်သူ့ကိုမှ ထည့်သွင်းစဉ်းစားမှာ မဟုတ်ပါဘူး … ဟန်တောင်တန်းရဲ့ သွယ်ဆက် သံကြိုးတန်းတွေကို ရှင်စိန်ခေါ်မယ် ဆိုရင်တောင်မှ ဝင်ရောက်နိုင်ဖို့က ခက်ခဲနေဦးမှာပဲ။ ရှင် …”
ဖန်းချန်းလန်သည် ထိုစကားလုံးများအား သူမဘာကြောင့် ပြောလိုက်မိမှန်း နားမလည်နိုင်ချေ။ သူမ မပြောသင့်မှန်း သိသော်ငြား ဆက်ပြောခဲ့မိသည်။
“ငါ သိတယ်”
စုမင် လိုဏ်ဂူအပြင်သို့ ထွက်လာခဲ့၏။ သူသည် ကောင်းကင်ပေါ်ရှိ ကြယ်များနှင့် လကို မော့ကြည့်လိုက်ပြီး ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စုတောင်မှ ထွက်ခွာ သွားတော့သည်။
အချိန်အတော်ကြာပြီး နောက်တွင်တော့ ဖန်းချန်းလန်သည် လိုဏ်ဂူအတွင်းမှ ထွက်လာခဲ့သည်။ သူမ၏ အမူအယာသည် သူမမည်မျှ ဝေခွဲမရ ဖြစ်ခဲ့ကြောင်းကို ဖော်ပြနေပြီး ထိုနေရာတွင် ရပ်လျက် ခဏတာ မှင်သက် နေခဲ့မိလေသည်။
“ကျွန်မကသာ ရှင့်ကို ကျေးဇူးတင်သင့်တဲ့ လူတစ်ယောက်ပ ါ… ကျေးဇူး တင်ပါတယ်” ဖန်းချန်းလန်သည် တီးတိုးရေရွတ်မိသည်။
ထိုညတွင်တော့ စုမင်သည် သူ ဟန်တောင်တန်းမြို့တော်အား ပထမဆုံးမြင်ခဲ့သည့်အချိန်က တောင်ပေါ်တွင်ထိုင်နေခဲ့သည်။
ထိုနေရာမှနေ၍ မြို့တော်၏ ပုံသဏ္ဌာန်အား လှမ်းမြင်နေရသည်။
တောင်ပေါ်တွင် တိုက်ခတ်သည့် လေသည် ပြင်းထန်နေခဲ့သည်။ ထိုလေသည် သူ့အား ဖြတ်သန်း တိုက်ခတ်သွားချိန်တွင် စုမင်၏ ဆံပင်များအား ပင့်မသွားခဲ့သည်။ သူသည် တောင်ပေါ်တွင် တစ်ညလုံး တိတ်ဆိတ်စွာထိုင်နေခဲ့မိ၏။ သူသည် ဟန်တောင်တန်း မြို့တော်အား ကြည့်ရှုမနေခဲ့ဘဲ ကောင်းကင်ရှိ ကြယ်များအား ကြည့်ရှုနေခဲ့ခြင်း ဖြစ်သည်။ သို့သော် ၎င်းတို့၏ တောက်ပသည့် အလင်းရောင်များအတွင်း မည်သည့်အရာအား ရှာဖွေနေမိကြောင်းကို သူကိုယ်တိုင်ပင် မသိပေ။
“အေးခဲကောင်းကင်ကလန်မှာ ငါလိုချင်တဲ့ မြေပုံရှိတယ်။ ငါကျောင်းတော်ထဲကို ဝင်ရောက်နိုင်မှဖြစ်မယ်။ ငါ အမှန်တရားကို ကြောက်ရွံ့နေတယ် ဆိုရင်တောင် မြေပုံကိုတော့ ရှာရဦးမှာပဲ။ ကြောက်တယ်ဆိုရုံနဲ့ ငါနောက်ပြန်ဆုတ်လို့ မရဘူး”
“ဖန်းမုရဲ့ ဒဏ်ရာတွေကို ကုသပေးမယ်လို့ ငါဖန်းရှန်ကို ကတိပေးခဲ့တယ်။ ဒါက ဒီနှစ်တွေအတွင်းမှာ ငါနဲ့ အဲဒီကလေးငယ်ကြားက တွေ့ဆုံခဲ့တဲ့ အခွင့်အရေးတွေ အရပဲ။ ဒီကိစ္စအတွက်နဲ့ စစ်မာရှင်းကို ဆန့်ကျင်မိမယ် ဆိုရင်တောင် ငါလုပ်ရမယ် …”
“ဖန်းချန်းလန်နဲ့ ငါ့ကြားထဲက ကတိအတွက်ကတော့ … သူမက ထူးခြားတဲ့ လူတစ်ယောက်ပဲ။ သူမရဲ့ ထူးခြားကောင်းမွန်မှုက ရုပ်ရည်သွင်ပြင်ကြောင့် မဟုတ်ဘူး။ သူမရဲ့ အတွေးတွေကြောင့်ပဲ …”
“ငါ့ကတိကို တစ်ကြိမ် ချိုးဖောက်ခဲ့ပြီးပြီ။ ဒီတစ်ကြိမ်မှာတော့ ကတိတည်နိုင်လိမ့်မယ်လို့ မျှော်လင့်မိပါရဲ့ …” စုမင် တီးတိုးရေရွတ်မိသည်။
“ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စုရဲ့ ဧည့်သည်ဆိုတဲ့ ပုံရိပ်ကို ထပ်သုံးလို့ မဖြစ်တော့ဘူး။ မဟုတ်ရင် ဒုက္ခရောက်နိုင်တယ်။ ဟန်ဖေးကျစ်ကလည်း အဲဒီအတွက် ငါ့ကိုရှာဖွေနိုင်တယ်။ ပြီးတော့ အရောင်စုံရေကန် မျိုးနွယ်စုရဲ့ ခေါင်းဆောင် ယန်လွမ်လည်း ရှိသေးတယ်”
“အေးခဲကောင်းကင် ကလန်က ဒီတစ်ကြိမ်မှာ ဟန်ဖေးကျစ်ကိုပဲ ခေါ်မှာလို့ ဖန်းချန်းလန်က ပြောခဲ့တယ်။ အပြင်လူတွေက ဟန်တောင်တန်းရဲ့ သွယ်ဆက် သံကြိုးတန်းတွေကို စိန်ခေါ်ခဲ့ရင်တောင်မှ သူတို့အတွက် အေးခဲကောင်းကင် ကလန်ကို ဝင်ရောက်ဖို့က ခက်ခဲနေဦးမှာပဲ … ဒါအတွက် … ငါ အသေးစိတ် ပြင်ဆင်ထားမှဖြစ်မယ် … ငါရဲ့ ကိုယ်ပိုင်ပုံရိပ်အတွက် ပုံစံအသစ်တစ်မျိုး ကိုလည်း သုံးမှဖြစ်မယ်”
“အရည်အချင်း … အေးခဲကောင်းကင် ကလန်ကို ဝင်ရောက်နိုင်ဖို့ ငါအရည်အချင်း ပြည့်မှီဖို့လိုတယ်။ အရည်အချင်းနဲ့ ပက်သက်လို့ သတ်မှတ်ထားပြီးသား ဆိုပေမယ့် ငါ အဲဒါကိုရဖို့ မတူညီတဲ့နည်းလမ်းကို သုံးရင် မတူညီတဲ့ ရလဒ်ထွက်လာမှာပဲ”
“ငါ သူတို့ကို အံ့သြသွားအောင် လုပ်ဖို့လိုတယ်”
တောက်ပမှုတစ်ခုသည် စုမင်မျက်လုံးအတွင်း ဖြစ်ပေါ်လာခဲ့သည်။ ဟန်တောင်တန်းမြို့တော် နောက်ဘက်ရှိ ပုချန့်မျိုးနွယ်ပိုင်ဆိုင်ရာ တောင်ရှိရာသို့ လှမ်းကြည့်လိုက်ရင်း မျက်လုံးတို့ကို ကျဉ်းမြောင်းလိုက်သည်။
“ဝိညာဉ်လုယက် ဖန်တီးဖို့ ငါ့မှာ လိုအပ်တဲ့ပစ္စည်း အကုန်ရှိနေပြီးသား။ ပြီးတော့ ကောင်းကင်ပုလွေ သံကိုင်းကိုလည်း စိုက်ပျိူးထားခဲ့ပြီးပြီ။ ရက်အနည်းငယ် အတွင်းမှာပဲ၊ ငါ ဆေးစဖော်နိုင်လိမ့်မယ်”
“ဆေးဖော်ဖို့ အခုချိန်မှာ ငါလိုအပ်နေတာက သေခြင်း အငွေ့အသက်ပဲ … ငါ သေခြင်းအငွေ့အသက်ကို သုံးပြီး အပင်တွေကို နိုင်စီးငြိမ်းသတ်ဖို့ လိုတယ်။ ဆေးလုံးကို ဖန်တီးလိုက်တာနဲ့ ခိုးဝှက်ခြင်းအတွက် ပြစ်ဒဏ်က ငါ့အပေါ် ကျရောက်လာလိမ့်မယ်။ ငါ ပြစ်ဒဏ်ကို လက်ခံပြီးလို့ အဲဒီအရာက ပျက်စီးသွားပြီ ဆိုတာနဲ့ ဆေးလုံးက ဖြစ်ပေါ်သွားပြီပဲ”
“ဒီဆေးတောင့်ကို ငါ ရုပ်နယ်လွန်အဆင့် တက်ရောက်ချိန်ကြရင် ငါ့ရဲ့ မူလမာ န်သွေးကြောမျှင် ဖန်တီးဖို့ ပစ္စည်းအဖြစ် အသုံးချလို့ ရနိုင်လောက်တယ်”
သူ့ညာဘက်လက်သည် တောက်ပသွားမှုနှင့်အတူ အနက်ရောင်ပုလဲ တစ်လုံးသည် လက်သီးဆုပ်အတွင်း ပေါ်လာခဲ့သည်။ ထိုပုလဲသည် သူ သွေးလောင်ကျွမ်းခြင်း၏ နက်ရှိုင်းစွာ အိပ်မောကျခြင်းမှ နိုးထလာခဲ့ချိန်တွင် ပုချန့်မျိုးနွယ်ဝင် တစ်ဦးဆီမှ ရရှိခဲ့သည့် သေခြင်းအနှစ်သာရ ပုလဲပင် ဖြစ်သည်။
သူသည် ပုလဲအား ခဏတာကြည့်လိုက်ပြီး ပြန်သိမ်းထားလိုက်သည်။
“ဟန်တောင်တန်းရဲ့ သွယ်ဆက် သံကြိုးတန်းတွေကို ငါစိန်ခေါ်တဲ့ အချိန်ကျရင် ပုချန့်မျိုးနွယ်ရဲ့ သံကြိုးကို စိန်ခေါ်ရမယ်။ အေးခဲကောင်းကင် ကလန်ကို ဝင်ရောက်နိုင်မယ့် အခွင့်အရေးအပြင် ငါအောင်မြင်သွားခဲ့ရင် ပုချန့် မျိုးနွယ်ဆီကလည်း တစ်စုံတစ်ခုကို တောင်းဆို နိုင်လိမ့်မယ်”
“ငါသာ အခြားနည်းလမ်းကို သုံးမယ်ဆိုရင် သူတို့က မျိုးနွယ်စုကို ပိတ်ထားပြီးတော့ ငါ့ကို ဆေးတောင့် ဖော်စပ်နိုင်မယ့် သေခြင်း အငွေ့အသက်ကို ပေးဖို့ ငြင်းဆန်လိမ့်မယ်။ အကယ်၍ သူတို့ လက်ခံခဲ့ရင်တောင် ငါ့အတွက် ဆိုးကျိူးတွေ ရှိလာနိုင်သေးတယ် …”
“ဟန်တောင်တန်းရဲ့ သွယ်ဆက် သံကြိုးတန်းတွေကို စိန်ခေါ်တာကပဲ အဲဒီအရာတွေ အကုန်လုံးကို တစ်ခါတည်း ရနိုင်လိမ့်မယ်”
စုမင်သည် အမှောင်ထုအတွင်း ထီးတည်း တည်ရှိနေသည့် ပုချန့်မျိုးနွယ်၏ တောင်ဆီသို့ ငေးကြည့်လိုက်သည်။ တောင်ထိပ်ကို သူမမြင်နိုင်ပေ။ ထူထဲသည့် မြူထုတစ်လွှာသည် တောင်ထိပ်အား ဖုံးလွှမ်းနေခဲ့သည်။ ငေးကြည့်နေရင်းဖြင့် သူ၏မျက်လုံးအတွင်း ပြတ်သားမှုများ ပေါ်ထွက်လာခဲ့သည်။
၁၀ရက်ကြာပြီးနောက် မနက်ခင်းတစ်ခုတွင်တော့ ကောင်းကင်သည် တိမ်ညိုတိမ်လိပ်တို့ ဖုံးလွှမ်းထားပြီး မိုးထစ်ခြုန်း မြည်ဟီးသံများအား ကြားနေရ၏။ မိုးရေစက်တို့ ကျဆင်းလာခဲ့ပြီး တောင်ပေါ်ရှိ ကျောက်တုံးများအား ရိုက်ခတ်ကာ မြေပေါ်သို့ ကျဆင်းသွားကြသည်။ ဟန်တောင်တန်း မြို့တော်၏ လမ်းများပေါ်တွင်တော့ လမ်းသွားလမ်းလာ အနည်းငယ်သာ ရှိနေခဲ့သည်။ ထိုလမ်းသွားလမ်းလာများသည် ဝါးဦးထုပ်များ ကောက်ရိုး ဝတ်ရုံရှည်များအား ဆောင်းထားခဲ့ကြသည်။
မြို့တော်တွင် ကြာရှည်စွာ နေထိုင်ခဲ့သူများအဖို့ ဤကဲ့သို့ မိုးရာသီသည် လပေါင်းများစွာ ကြာမှသာ ကုန်လွန်သွားမည် ဖြစ်ကြောင်း သိရှိထားခဲ့သည်။ ရံဖန်ရံခါ နေသာသော နေ့များသည်လည်း ကြာရှည်မခံပါချေ။
ဤမိုးရာသီ၏ နံနက်ခင်းတွင် မျိုးနွယ်စု၃စုသည် တိတ်ဆိတ် ငြိမ်သက်နေခဲ့သည်။ မျိုးနွယ်စု၃စု ပတ်လည်ရှိ အရောင်စုံတိမ်တိုက် ၃ခုသည်တော့ တောင်များအား ဖုံးလွှမ်းလျက်ရှိပြီး ယခင်ကဲ့သို့ပင် လျှို့ဝှက်ဆန်းကြယ် နေဆဲပင် ဖြစ်သည်။
ဤနေ့တွင် လူတစ်ယောက်သည် ဟန်တောင်တန်း မြို့တော်ဆီသို့ အဝေးမှ လျှောက်လှမ်းလာနေခဲ့သည်။ သူသည်လည်း အခြားသူများ နည်းတူပင် ဝါးခါးမောက်နှင့် ကောက်ရိုးဝတ်ရုံရှည်တို့အား ဝတ်ဆင်ထားခဲ့ပြီး သူ့မျက်နှာအား ရှင်းလင်းစွာ မမြင်ရချေ။ တစ်ခုတည်းသော မြင်နိုင်သည့်အရာသည် ဝါးခါးမောက်နှင့် ကောက်ရိုးဝတ်ရုံအောက်မှ အနက်ရောင် ဝတ်ရုံရှည်သာ ဖြစ်သည်။
သူသည် ဟန်တောင်တန်းမြို့တော်ထံ ဦးတည်နေသည့် ဂိတ်များဆီသို့ တိတ်ဆိတ်စွာ လျှောက်လာခဲ့သည်။ သူသည် တောင်ပတ်လမ်းတစ်လျှောက် လျှောက်လျက် မြို့၏ တတိယအလွှာသို့ သွားရောက်သည့် ကျောက်တုံးဂိတ်ထံ ရောက်ချိန်တွင်တော့ မိုးရွာသွန်းလာခဲ့၏။ မိုးသည် သည်းထန်စွာ ရွာသွန်းနေခဲ့သော်လည်း ဂိတ်အပြင်ဘက်ရှိ မိုးခိုရာနေရာတွင် မျိုးနွယ်စု၃စုမှ ရပ်နေသည့်လူများ ရှိနေဆဲပင်ဖြစ်သည်။ သူတို့သည် ထုံးစံအတိုင်းပင် မြို့တော်၏ တတိယအလွှာသို့ ဝင်ရောက်နိုင်သည့် ပလိတ်ပြားများအား ရောင်းချနေကြခြင်း ဖြစ်သည်။
ဖန်းလင်းသည်လည်း ထိုနေရာတွင် ရှိနေခဲ့သည်။ သူသည် အဝေးမှလာနေသော ထူးဆန်းသည့်လူအား ပထမဆုံး တွေ့မြင်ခဲ့သူဖြစ်သည်။ တစ်ကြိမ်က သူရရှိခဲ့သည့် သင်ခန်းစာကြောင့် သူသည် ပို၍သတိထားနေခဲ့ပြီ ဖြစ်သည်။ ရှေ့သို့ ဖြည်းဖြည်းမှန်မှန် လျှောက်လာနေသူအား သူကြည့်လိုက်သည်။ ထိုပုဂ္ဂိုလ်သည် တံခါးမှ မဝင်ရောက်ခင်တွင် ရပ်လိုက်ပြီး သူ့အား ကြည့်လာခဲ့သည်။ ဖန်းလင်းသည် အပြုံးတစ်ခုအား မျက်နှာပေါ်တွင် လျင်မြန်စွာ ဆင်မြန်းလိုက်ရသည်။ ထိုအပြုံးသည် ထိုနှစ်အတွင်း အတွေ့အကြုံမှ သင်ယူရရှိခဲ့ခြင်း ဖြစ်သည်။
ခဏအကြာမှာပင် သာမန်ကောက်ရိုးဝတ်ရုံနှင့် လူသည် ကျောက်တံခါးဆီသို့ လျှောက်သွားလိုက်ပြီး ချက်ချင်းဆိုသလိုပင် ကျောက်တုံး တံခါးပေါ်တွင် တုန်လှုပ်ဖွယ်ကောင်းစွာ လှိုင်းဂယက်များ ဖြစ်ပေါ်လာခဲ့သည်။
“ရုပ်နယ်လွန်အဆင့်”
ဖန်းလင်းသည် ရုတ်ခြည်းပင် လှုပ်လှုပ်ရှားရှား ဖြစ်သွားမိသည်။ သို့သော် အမည်မသိ အကြောင်းရင်း တချို့ကြောင့် သူထိုသို့ လုပ်လိုက်မိသည်နှင့် ပုဂ္ဂိုလ်တစ်ဦး၏ ပုံရိပ်သည် သူ့ခေါင်းထဲတွင် ထပ်ခါထပ်ခါ ပေါ်ပေါက်လာခဲ့ပြီး ယခုလေးတင် ရပ်တန့်သွားခဲ့သူသည် ထိုလူနှင့် တူညီနေသကဲ့သို့ ခံစားလိုက်ရ၏။
***