အံ့အားသင့်စေလိုသည့် ဆန္ဒ
Vol. 13 Ch. 173
နံနက်ခင်းဆိုသော်ငြား မိုးသည်းထန်စွာ ရွာသွန်းနေခဲ့သောကြောင့် ပတ်ဝန်းကျင်အား ရှင်းလင်းစွာ မမြင်နိုင်ချေ။ တိမ်မည်းများသည်လည်း ကောင်းကင်အား ထူထပ်စွာ ဖုံးအုပ်ထားကြသည်။ ကုန်းမြေသည် လုံးဝမှောင်မိုက် မသွားသေးသော်ငြား အတော်ပင် မည်းမှောင်နေခဲ့ပြီး ဖြစ်သည်။
ဟန်တောင်တန်းမြို့တော် တတိယအလွှာရှိ လမ်းများပေါ်တွင်တော့ အလွန်နည်းပါးလှသည့် လူအချို့သာ သွားလာနေခဲ့သည်။ မိုးရေစက်များသည် ဆိုင်ခေါင်မိုးများပေါ်သို့ ကျဆင်းပျံ့နှံ့သွားခဲ့ပြီး အဆုံးတွင် မြေပေါ်ရှိရေအိုင်များနှင့် ရောစပ်သွားကြသည်။
ဈေးဆိုင် ပိုင်ရှင်များသည် ခေါင်းငိုက်စိုက်ကျလျက် ထိုင်နေသူက ထိုင်၍ တင်ပလ္လင်ခွေလျက် ကျင့်ကြံသူများက ကျင့်ကြံနေခဲ့သည်။ သူတို့၏ ဆိုင်ဝင်ပေါက်များတွင် အတွေးများစွာဖြင့် မိုးရေစက်များအား ကြည့်လျက် ရပ်နေကြသူများလည်း ရှိသည်။
စုမင်သည် ဟန်တောင်တန်းမြို့တော် တတိယအလွှာ၏ လမ်းပေါ်တွင် မိုးရေထဲ၌ တိတ်ဆိတ်စွာ လျှောက်လှမ်းနေခဲ့သည်။ သူ၏မျက်နှာအား မည်သူမှ မမြင်ရပေ။ မိုးရေထဲတွင် ဖြတ်လျှောက်သော သူ၏သေးငယ်သော အထီးကျန်ဆန်ဆန် ပုံရိပ်ကိုသာ သူတို့မြင်ရပြီး ထိုဈေးဆိုင်များအား ဖြတ်လျှောက်ခဲ့စဉ်တွင် စုမင်သည် အာရုံစူးစိုက်မှုများကို သိပ်မဆွဲဆောင် ထားခဲ့ပါချေ။
တစ်ခါတစ်ရံ မိုးရွာနေသည်ကို ငေးကြည့်နေသူများရှေ့မှ ဖြတ်သန်းမိချိန်တွင်တော့ သူသည် ထိုသူတို့၏ အာရုံအား ဆွဲဆောင်သွားမိတတ်သည်။ သို့သော် ထိုသူတို့သည်လည်း သူ့အား တစ်ချက်သာကြည့်၍ ထပ်မံဂရုစိုက်ခြင်း မရှိပါချေ။ ထိုအထီးကျန်ဆန်သည့် ပုံရိပ်လေး ဘာလုပ်မည်ဆိုသည်နှင့် ဤမနက်ခင်းတွင် ဟန်တောင်တန်း မြို့တော်အတွက် အဘယ်သို့သော ထိတ်လန့် တုန်လှုပ်မှုမျိုး ယူဆောင်လာလိမ့်မည် ဆိုသည်ကို မည်သူမျှ ခန်းမှန်းမိခြင်း မရှိပေ။
စုမင် လမ်းတစ်လျှောက် တိတ်ဆိတ်စွာ လျှောက်လာခဲ့ပြီး ဒုတိယအလွှာ၏ ဝင်ပေါက်သို့ ရောက်ရှိလာခဲ့၏။ ပတ်ဝန်းကျင်အား ကြည့်လိုက်ရာ ထိုနေရာတွင် မည်သူမှ ရှိမနေခဲ့ဘဲ သူတစ်ဦးတည်းသာ ရှိနေခဲ့သည်။
ဒုတိယအလွှာ၏ ဝင်ပေါက်တွင် ကြီးမားလှသည့် ဂိတ်တံခါးကြီးတစ်ခု ရှိနေခဲ့သည်။ မူလတွင် ဒုတိယအလွှာသို့ မျိုးနွယ်စု၃စုမှ ရုပ်နယ်လွန် အဆင့်ရှိသူများနှင့် ဧည့်သည်တော်များသာ ဝင်ရောက် နိုင်ခဲ့သော်လည်း ယခု မျိုးနွယ်စု၃စုသည် ဧည့်သည်များအား ပယ်ဖျက်လိုက်သဖြင့် ရုပ်နယ်လွန်အဆင့် ရှိသူများသာ ဝင်ရောက် နိုင်တော့လေသည်။
မျိုးနွယ်စု၃စုမှ လူများအား ထည့်သွင်း ရေတွက်ချင်းမပြုလျှင် ဟန်တောင်တန်းမြို့တော်၏ ဒုတိယအလွှာသို့ ဝင်ရောက်နိုင်သူ ငါးဦးသာ ရှိလေသည်။
ဝင်ပေါက်၏ ညာဘက်တွင်တော့ ပေရာပေါင်းများစွာ ရှည်လျားသည့် ရှေးကျသည့် အနီရောင် ခေါင်လောင်းကြီးတစ်ခု ရှိနေခဲ့သည်။ သံချေး အစက်အပြောက်များသည် ၎င်း၏ မျက်နှာပြင်အား ဖုံးအုပ်လျက်ရှိပြီး အိုဟောင်းရှေးကျသည့် တည်ရှိမှုအား ထုတ်လွှတ်နေခဲ့သည်မှာ ဤနေရာတွင် အချိန်ကြာမြင့်စွာ ထားရှိခြင်းခံထားရဟန်နှင့် ...
ရှေးကျသည့် ခေါင်းလောင်းကြီး၏ မျက်နှာပြင်တွင်တော့ ရက်စက်ကြမ်းကြုတ်ဟန် သားရဲ၃ကောင်ပုံကို ထွင်းထုထားသည်။ နဂါးနှင့် ပင်လယ်လိပ်နက် ပုံတို့အပြင် နောက်ဆုံးသတ္တဝါ၏ ရုပ်ပုံသည်တော့ အချိန်၏ တိုက်စားမှုကြောင့် မှေးမှိန်ပျောက်ကွယ်နေခဲ့ပြီး ဖြစ်သည်။ ၎င်းကို ရှင်းရှင်းလင်းလင်း မမြင်ရသော်ငြား ထိုသတ္တဝါသည် သားရဲ၃ကောင်အနက် ခေါင်းဆောင် ဖြစ်လိမ့်မည်မှာ အသေအချာပင်။ သူတို့၏ နေရာ အနေအထားများအရ နဂါးနှင့် ပင်လယ်လိပ်နက်တို့သည် နောက်ဆုံး သားရဲအောက်တွင် ရှိနေခဲ့သည်။
ခေါင်းလောင်းအား မိုးရေတို့ဖြင့် ဖုံးလွှမ်းနေခဲ့ပြီး မိုးရေစက်များသည် ခေါင်းလောင်းပေါ်သို့ ကျရောက်ပြီး အစွန်းများမှ တစ်ဆင့် စီးဆင်းသွားခဲ့ကြသည်။
စုမင်သည် ဒုတိယအလွှာသို့ ဦးတည်နေသည့် ကျောက်တုံးဂိတ်တွင်ရပ်လျက် သူ့ရှေ့ရှိ ဧရာမခေါင်းလောင်းကြီးကို ကြည့်လိုက်မိပြီး ဝါးခါးမောက်အောက်တွင် ဖုံးကွယ်ခံထားရသည့် သူ၏မျက်လုံးများသည် ဖြည်းညှင်းစွာ တောက်ပလာခဲ့သည်။ သူ ဖြည်းဖြည်းမှန်မှန် လျှောက်လှမ်း သွားလိုက်သည်။ ခြေလှမ်းများသည် နှေးကွေးသော်ငြား ခြေတစ်လှမ်းစီတိုင်းသည် မယိမ်းမယိုင် တည်ငြိမ်နေခဲ့ပြီး ထိုသို့ လျှောက်လှမ်းရင်းမှ ခန္ဒာကိုယ်အတွင်းရှိ ချီကိုလည်း စုဆောင်းနေလိုက်သည်။
သူသည် ဟန်တောင်တန်းမြို့တော်၏ တောင်ခြေမှစတင်၍ ခြေလှမ်း တစ်လှမ်းစီတိုင်းတွင် သူ၏စွမ်းအားများစွာကို ထိုကဲ့သို့ စုဆောင်းလာခဲ့သည်မှာ ထက်မြိလာသည့် ဓားတစ်ချောင်းကဲ့သို့ပင် ဖြစ်သည်။
ယခုအချိန်တွင်တော့ ထိုစွမ်းအားသည် အသုံးချရန် အဆင်သင့် ဖြစ်နေသည်မှာ ချွန်ထက်နေခဲ့ပြီးဖြစ်သည့် ဓားတစ်ချောင်းသဖွယ်။ ထိုစွမ်းအင်သည် ပေါက်ကွဲ ထွက်ပေါ်လာခဲ့ပြီး ကမ္ဘာလောကအား အံ့အားသင့်သွားစေရန် စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
“ဟယ်ဖုန်းတုန်းက ဟန်ဖေးကျစ်ကို အကူအညီတောင်းပြီး ဟန်တောင်တန်းရဲ့ တောင်ထိပ်ကို သွားခဲ့သလိုမျိုး မျိုးနွယ်စု၃စုက လူတွေကို အကူအညီတောင်းတာအပြင် ဟန်တောင်တန်းရဲ့ သွယ်ဆက် သံကြိုးတန်းတွေကို စိန်ခေါ်နိုင်ဖို့ အခြားနည်းလမ်းတစ်ခု ရှိသေးတယ်။ ဒီနည်းလမ်းက ဟန်တောင်တန်း မြို့တော်ကို ရောက်လာတဲ့ မာန်စွမ်းအားရှင်တွေ အကုန်လုံးအတွက်ပဲ … ငါတို့က ဒီခေါင်းလောင်းကို အသံမြည်အောင် တီးခတ်ဖို့လိုတယ်”
“ခေါင်းလောင်းထိုးသံနဲ့အတူ ဟန်တောင်တန်းရဲ့ သွယ်ဆက် သံကြိုးတန်းတွေကို ငါတို့စိန်ခေါ်မယ့် သတင်းကို ဒီနေရာအနှံ့ ပျံ့နှံ့အောင် ပြုလုပ်ရမှာ …”
စုမင်သည် ခေါင်းလောင်းကို ကြည့်လျက် သူ၏ မျက်လုံးများအတွင်းရှိ အလင်းသည် တောက်ပလာခဲ့သည်။ သူသည် ကြာမြင့်သည့် အချိန်ကပင် ဟယ်ဖုန်းအား ဟန်တောင်တန်း၏ သွယ်ဆက် သံကြိုးတန်းများနှင့် ပက်သက်၍ မေးမြန်းစုံစမ်းထားခဲ့ပြီး ဖြစ်ကာ ဤခေါင်းလောင်းသည် သာမန်ကျင့်ကြံအဆင့် ရှိသူများ တီးခတ်၍ အသံမမြည်ကြောင်းကို သိရှိထားခဲ့ရသည်။
ထိုသို့ ပြုလုပ်ထားခြင်းသည် ဟန်တောင်တန်း၏ သွယ်ဆက် သံကြိုးများအား စွမ်းအားမလုံလောက်သူများ စိန်ခေါ်မိပြီး သေဆုံးခြင်းမှ ကာကွယ်ရန်နှင့် ဟန်တောင်တန်း၏ သွယ်ဆက် သံကြိုးတန်းများအား စိန်ခေါ်လျက် အခြားသူများ၏ အချိန်ကို မဖြုန်းတီးနိုင် စေရန်အတွက် ဖြစ်သည်။
“ခေါင်းလောင်းကို အသံကိုးကြိမ် မြည်ဟီးအောင် တီးခတ်နိုင်သူတွေကသာ ဟန်တောင်တန်းရဲ့ သွယ်ဆက် သံကြိုးတန်းတွေကို စိန်ခေါ်ခွင့်ရှိတယ် … ငါက လူတွေကို အံ့အားသင့်စေပြီး အေးခဲကောင်းကင်ကလန်ကို ဝင်ရောက်ချင်တာ ဖြစ်တဲ့အတွက် ငါ သန်မာမှရလိမ့်မယ်” စုမင် တီးတိုး ရေရွတ်လိုက်သည်။
မိုးရွာထဲတွင် သူ၏ တိတ်ဆိတ်နေသည့် အမူအယာသည် ပြောင်းလဲသွားခဲ့သည်။ ဓားတစ်ချောင်းအား ဓားအိမ်မှ ထုတ်လိုက်သကဲ့သို့ တုန်လှုပ်ဖွယ် တည်ရှိမှုတစ်ခုသည် သူ့ထံမှ ထွက်ပေါ်လာခဲ့သည်။
ထိုတည်ရှိမှု မြင့်တက်လာသည့် အချိန်တွင် ကျယ်လောင်သည့် မိုးထစ်ချူန်း မြည်ဟီးသံ တစ်ခုသည် ကောင်းကင်၌ ဖြစ်ပေါ်လာခဲ့သည်။ ကောင်းကင်တွင် ဖုံးကွယ်နေခဲ့သည့် လျှပ်စီးကြောင်း တစ်ခုသည်လည်း လျှပ်ပြက်သလို တောက်ပသွားခဲ့သည်။
လျှပ်စီးလက်သွားသည်နှင့်တစ်ပြိုင်နက် စုမင် ညာဘက်လက်အား မြောက်လိုက်သည်။ ထို့နောက် သူ့ရှေ့ရှိ ရှေးကျသည့် ဧရာမခေါင်းလောင်းကြီးအား ကြည့်လိုက်ပြီး အသက်ပြင်းပြင်းရှူလျက် ၎င်းအား တီးခတ် ချလိုက်တော့သည်။
ဒေါင် …
ခေါင်းလောင်း မြည်ဟီးသံသည် ဟိန်းဟောက်သံ လှိုင်းတစ်ခုကဲ့သို့ ထွက်ပေါ်လာခဲ့ပြီး ထိုအသံတွင် ရှေးကျမှု အငွေ့အသက်တို့ ပါဝင်နေခဲ့သည်။ သာမန်မျက်စိဖြင့် မြင်နိုင်ရန်ခက်ခဲသည့် လှိုင်းဂယက်ငယ်လေးများသည် ခေါင်းလောင်းမှ ထွက်ပေါ်လာခဲ့ပြီး အသံနှင့်အတူ အရပ်မျက်နှာ အားလုံးသို့ ပျံ့နှံ့သွားခဲ့သည်။
ထိုဂယက်လေးများအား မမြင်နိုင်သော်လည်း ၎င်းတို့သည် သူ့အဝတ်အစားများအား ထိမိသည်နှင့် တစ်ပြိုင်နက် ဧရာမဖိအားကြီး တစ်ခုသည် သူ့ခန္ဓာကိုယ်အပေါ်သို့ သက်ရောက်လာခဲ့ပြီး ခေါင်းလောင်းနှင့် အဝေးသို့ တွန်းထုတ်ရန် ကြိုးစားလိုက်သည်။
ခေါင်းလောင်းသံသည် လေထုအတွင်းမှတစ်ဆင့် ဟန်တောင်တန်း မြို့တော်နှင့် မျိုးနွယ်စု၃စုထံသို့ ပျံ့နှံ့သွားသည်နှင့် တစ်ပြိုင်နက် မိုးသည်းသော နံနက်ခင်းတွင် ငြိမ်သက်စွာထိုင်လျက် ကျင့်ကြံနေသူများ အားလုံးကို တုန်လှုပ်ချောက်ချား သွားစေသည်။
“ဒါတွေက ဟန်တောင်တန်း ခေါင်းလောင်းဆီက ခေါင်းလောင်း မြည်ဟီးသံတွေလား”
“တစ်စုံတစ်ယောက်ကတော့ ဟန်တောင်တန်းရဲ့ သွယ်ဆက် သံကြိုးတန်းတွေကို စိန်ခေါ်ချင်နေပြီပဲ။ ငါ မပြောခဲ့ဘူးလား။ အေးခဲကောင်းကင်ကလန် လာရောက်မယ့်နေ့ နီးလေလေ ဟန်တောင်တန်း မြို့တော်က သက်ဝင်လှုပ်ရှား လာလေလေပဲဟေ့”
“ဟမ့်၊ ဒါက ခေါင်းလောင်းသံလေး တစ်ချက်ပဲလေ။ ခေါင်းလောင်းသံ ကိုးချက်မြည်မှ မင်းက ဟန်တောင်တန်းရဲ့ သွယ်ဆက် သံကြိုးတန်းတွေကို စိန်ခေါ်ခွင့်ရမှာလေ။ အဲဒီလိုမှ မဟုတ်ရင်တော့ စိန်ခေါ်နိုင်ဖို့အတွက် တောင်ထိပ်ကို ပို့ပေးနိုင်မယ့် မျိုးနွယ်စု၃စုဆီက အသိအမှတ်ပြုမှုကို မင်းရမှပဲ ဖြစ်နိုင်မှာ”
“စိတ်ရှုပ်ခံမနေပါနဲ့၊ ဒီခေါင်းလောင်းသံက လွန်ခဲ့တဲ့ လအနည်းငယ်ကစပြီး ဘယ်နှခါတောင် အကြိမ်ကြိမ် မြည်နေခဲ့ပြီးပြီမှန်း ဘယ်သူမှ မမှတ်မိတော့ဘူးလေ။ ဒါပေမဲ့ ဘယ်သူမှ ခြောက်ချက်ကျော်အောင် တီးခတ်နိုင်စွမ်း မရှိခဲ့တာပဲကို … ပြီးတော့ အနာဂါတ်မှာလည်း ခေါင်းလောင်းက ဆက်မြည်နေဦးမှာပဲ။ နောက်ဆုံးမှာတော့ အေးခဲကောင်းကင်ကလန်ကို ဝင်ရောက်နိုင်ဖို့ဆိုတဲ့ အရာက တစ်စုံတစ်ယောက်မှာ သူတို့မှာရှိတဲ့ အရာအားလုံးကိုတောင် စွန့်လွှတ်ပစ်အောင် လုပ်နိုင်တာပဲလေ”
ဟန်တောင်တန်းမြို့တော်သည် စတင် သက်ဝင်လာခဲ့သည်။ လူအနည်းငယ်သည် လမ်းမများအပေါ်သို့ ထွက်လျက် တတိယအလွှာရှိ ဟန်တောင်တန်း ခေါင်းလောင်း တည်ရှိရာ နေရာသို့ လှမ်းကြည့်လိုက်ကြသည်။ မည်သို့ပင်ဆိုစေ မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့် ထိုလူများသည်လည်း တစ်ချက်သာကြည့်လျက် သူတို့၏ အိမ်များအတွင်းသို့ လျင်မြန်စွာသာ ပြန်ဝင်လိုက်ကြသည်။
နန်ထျန်းနှင့် ခဲ့ကျူးစစ်တို့ကဲ့သို့သော ဟန်တောင်တန်း မြို့တော်၏ ဒုတိယအလွှာတွင် နေထိုင်သည့် စွမ်းအားကြီး မာန်စွမ်းအားရှင်များသည်လည်း ထိုခေါင်းလောင်းသံအား ကြားလိုက် ကြသော်ငြား အပြင်သို့ ထွက်မကြည့်ခဲ့ပေ။ နန်ထျန်းသည် ခပ်ရေးရေးပြုံးရုံသာ ပြုံးလိုက်ပြီး ထိုအရာအား အာရုံမထားပေ။
ခဲ့ကျူးစစ်သည်တော့ သူ၏ မျက်လုံးကိုပင် မဖွင့်ခဲ့ဘဲ ထိုခေါင်းလောင်းသံအား ကြားပင် မကြားလိုက်သကဲ့သို့ သူ့အိမ်အတွင်း၌သာ တိတ်ဆိတ်စွာ ထိုင်နေခဲ့သည်။
ရွှမ်းလွမ်နှင့် အခြား စွမ်းအားကြီး ရုပ်နယ်လွန်အဆင့် မာန်စွမ်းအားရှင် ၂ယောက်သည်လည်း အလားတူပင် ပြုမူခဲ့ကြသည်။ ခေါင်းလောင်းသံသည် ခုနစ်ကြိမ် သို့မဟုတ် ရှစ်ကြိမ်ခန့် မြည်ဟီးခဲ့လျှင်တောင် သူတို့၏အာရုံစိုက်မှုအား ဖမ်းစားနိုင်ဦးမည် မဟုတ်ပါချေ။
ဟန်တောင်တန်း မြို့တော်ပတ်လည်ရှိ မျိုးနွယ်စု ၃စုသည်တော့ မိုးရွာထဲတွင် တိတ်ဆိတ်လျက်သာ ရှိနေသည်။ ခေါင်းလောင်းသံအား သူတို့ မတုံ့ပြန်ခဲ့လျှင်တောင် ထိုအရာသည် အမှန်တရားပင်ဖြစ်သည်။ မျိုးနွယ်စု၃စုမှ လူအများစုသည် ထိုခေါင်းလောင်းသံအား ကြားသော်လည်း မည်သည့် အာရုံစိုက်မှုမှ မပေးခဲ့ပါချေ။
ထိုလူများသည်တော့ ယန်လွမ်အပါအဝင် မျိုးနွယ်စု၃စု၏ ခေါင်းဆောင်များပင် ဖြစ်သည်။ ဖန်းရှန်သည်ပင်လျှင် တရားထိုင်နေရာမှ ခဏသာ မျက်စိဖွင့်ကြည့် လိုက်ပြီးနောက် မျက်လုံးတို့ကို ပြန်ပိတ်လိုက်ကာ တရားထိုင်ခြင်းကိုသာ ဆက်လက် ပြုလုပ်လိုက်သည်။
ဟန်ဖေးကျစ်သည်သာလျှင် သူမ၏ ပြတင်းပေါက်တွင် ရပ်လျက် ဟန်တောင်တန်းမြို့တော်အား ဖုံးအုပ်ထားသည့် ကောင်းကင်နှင့် မြေပြင်အား ဆက်သွယ်ထားသကဲ့သို့ မိုးရေစက်များအား ကြည့်နေခဲ့ရင်း သူမ မျက်လုံးများအတွင်းရှိ အလင်းသည် တောက်ပသွားခဲ့သည်။
သူမအပြင် မိုးရေထဲမှ ဟန်တောင်တန်းအား ငေးကြည့်နေသည့် အခြားအမျိုး သမီးတစ်ယောက်လည်း ရှိနေခဲ့သည်။ သူမသည် ဖန်းချန်းလန်ပင် ဖြစ်သည်။
ပထမဆုံးခေါင်းလောင်းသံသည် ရေထဲသို့ ကျောက်တုံးငယ်လေးတစ်လုံး ပစ်ချခံလိုက်ရသကဲ့သို့ ဖြစ်သည်။ လှိုင်းဂယက်လေး အနည်းငယ်သာ ဖြစ်ပေါ်ခဲ့ပြီး ရေသည် မူလကဲ့သို့သာ ပြန်လည်ငြိမ်သက် သွားလိမ့်မည်ပင်။ အမှန်တော့ နေ့တစ်ဝက်ခန့် ကုန်လွန်သွားခဲ့လျှင်ပင် လူအနည်းငယ်သည်သာ သူတို့ ယခုကြားခဲ့ရသည့် ခေါင်းလောင်းသံအား သတိရကြတော့မည် ဖြစ်သည်။
စုမင်၏ အမူအယာသည် တည်ငြိမ်နေဆဲပင် ဖြစ်သည်။ သူ့ရှေ့ရှိ ခေါင်းလောင်း တုန်ခါမှုကြောင့် ပေါ်ပေါက်လာသည့် လှိုင်းဂယက်များသည် သူ့ခန္ဓာကိုယ်အတွင်းသို့ ရောက်သည်နှင့် ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ ၎င်းသည် သူ့အား အကျိူးသက်ရောက်မှု မရှိပေ။ အဆိုပါ ခေါင်းလောင်းသံသည် လေထုအတွင်း ပဲ့တင်ထပ်နေခဲ့ပြီး ထိုနေရာ တစ်ဝိုက်တွင် ခေါင်းလောင်းသံနှင့် မိုးရွာသံမှအပ အခြားအသံတို့ ရှိမနေခဲ့ချေ။ တတိယအလွှာရှိ ခေါင်းလောင်းနှင့် နီးသော ဈေးဆိုင်များမှ ဆိုင်ရှင်များသည်ပင် တစ်ချက်တစ်လေ ထွက်မကြည့်ခဲ့ခြင်း ဖြစ်သည်။ အရာအားလုံးသည် တိတ်ဆိတ်နေဆဲပင် ဖြစ်သည်။
သူ၏ စိတ်နှလုံးထဲတွင် မည်သည့် စိတ်လှုပ်ရှားမှ မပါရှိဘဲနှင့် စုမင်သည် ခေါင်းလောင်းထံမှ ညာဘက်လက်အား မြောက်လျက် နောက်တစ်ကြိမ် ပြန်ရိုက်ချလိုက်သည်။
ဒေါင် …
ဒုတိယမြောက် ခေါင်းလောင်းသံသည် လေထုအတွင်း ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် စုမင်အကြည့်တို့သည် ဓားထက်ထက် တစ်ချောင်းသဖွယ် စူးရှထက်မြက် သွားခဲ့သည်။ ထို့နောက် သူ့မျက်လုံးအတွင်း အေးစက်စက် အကြည့်နှင့်အတူ ဧရာမရှေးဟောင်း ခေါင်းလောင်းပေါ်သို့ ညာဘက်လက်ဖြင့် နောက်တစ်ကြိမ် ရိုက်ချလိုက်ပြန်သည်။
ဒေါင် …ဒေါင် … ဒေါင် … ဒေါင် …
ခေါင်းလောင်းသံသည် လေးချက်ဆက်တိုက် လေထုအတွင်း မြည်ဟီးသွားခဲ့သည်။ ပထမနှစ်ချက်နှင့်ပေါင်းလျှင် ခေါင်းလောင်းသံ ခြောက်ချက်ပင် ရှိပြီဖြစ်သည်။ ထိုရှေးကျသည့် အသံသည် နားထောင်မိသူတို့၏ နှလုံးသားများကို တုန်လှုပ်သွားစေခဲ့ပြီး လေထုအတွင်းရှိ မိုးထစ်ချုန်းသံများကိုပင် အစားထိုးကာ ထိုအခိုက်တွင် ဟန်တောင်တန်းမြို့တော် တစ်ခုလုံးနှင့် မျိုးနွယ်စု၃စု၏ တောင်များပတ်လည်တွင် တစ်ခုတည်းသောအသံ ဖြစ်လာခဲ့သည်။ ဟန်တောင်တန်းမြို့တော်သည် တုန်လှုပ် ချောက်ချားသွားခဲ့သည်။
ထိုအသံအား ကြားလိုက်ချိန်တွင် သူတို့၏ အိမ်များအတွင်းသို့ ပြန်လည်ဝင်ရောက် သွားခဲ့ကြသည့် လူတို့၏ အမူအယာများသည်လည်း ရုတ်ချည်း ပြောင်းလဲသွားကြသည်။ ဟန်တောင်တန်းမြို့တော် တတိယအလွှာရှိ ဈေးဆိုင်ပိုင်ရှင် များသည်လည်း သူတို့၏ စိတ်ဝိညာဉ် အတွင်းမှပင် တုန်လှုပ်သွားသကဲ့သို့ ခံစားလိုက်ရ၏။ အချို့သည် အပြင်ထွက်လိုက်ကြပြီး ဒုတိယအလွှာသို့ ဦးတည်နေသည့် ဝင်ပေါက်၊ ခေါင်းလောင်းရှိရာ နေရာသို့ လှမ်းကြည့်လိုက်ကြသည်။
လေးနက်မှုတို့သည် နန်ထျန်းနှင့် ဒုတိယအလွှာရှိ အခြားသူများ၏ မျက်နှာများတွင် ပေါ်ပေါက်လာခဲ့သည်။ ခေါင်းလောင်းသံသည် အစဉ်လိုက် တစ်ချက်ပြီးတစ်ချက် ထွက်ပေါ်လာခြင်းနှင့် အချက်ပေါင်းများစွာသည် တစ်ချက်တည်း ရောထွေးပေါင်းစပ် သွားသကဲ့သို့ တစ်ဆက်တည်း ထွက်ပေါ်လာခြင်းသည် လုံးဝပင် မတူညီချေ။ ဤကဲ့သို့ဆိုလျှင် ထိုလူသည် ဧရာမဖိအားကို ခံစားရလိမ့်မည် ဖြစ်သည်။
ခေါင်းလောင်းသံ မြည်ဟီးသွားသည်နှင့် မျိုးနွယ်စု၃စု၏ တောင်များပေါ်တွင်လည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ကြသည်။
သို့သော်လည်း ထိုအချိန်တွင်ပင် ခုနစ်ချက်မြောက် ခေါင်းလောင်းသံသည် ထွက်ပေါ်လာခဲ့သည်။ ၎င်းထွက်ပေါ်လာပြီးသည်နှင့် တစ်ပြိုင်နက်ဆိုသလိုပင် ဟန်တောင်တန်း မြို့တော်ပတ်လည်ရှိ မိုးသက်မုန်တိုင်း တိမ်တိုက်များသည် အဝေးသို့ လှဲထုတ်ခံလိုက်ရပြီး ကောင်းကင်နှင့် မြေပြင်ကိုပင် တုန်ခါသွားအောင် လှုပ်ကိုင်နိုင်စွမ်းရှိသည့် စွမ်းအားကြီးဖြင့် ရှစ်ချက်မြောက်နှင့် ကိုးချက်မြောက် ခေါင်းလောင်းသံတို့သည်လည်း ဆက်တိုက် ထွက်ပေါ် လာခဲ့လေသည်။
ဟန်တောင်တန်း မြို့တော်ရှိလူများသည် ခဏကြာမှသာလျှင် တုန်လှုပ်မှုမှ ပြန်လည် သတိဝင်လာခဲ့ကြသည်။
“ခေါင်းလောင်းသံကိုးချက် … တစ်ကယ် … ခေါင်းလောင်းသံ ကိုးချက်မလား … ဒါက အရမ်းကို ရုတ်တရက် ဆန်လွန်းတယ်”
“ဒါတွေက ခေါင်းလောင်းသံကိုးချက် သက်သက်မဟုတ်ဘူး။ သူတို့ပေါ်လာတဲ့ အချိန်တွေမှာ အတူတူပေါင်းစပ်ပြီး ပေါ်လာတဲ့ ကိုးချက်ပဲ။ ဒီလူ … ဒီလူက အချို့တွေလို ပေါ့ပေါ့တန်တန်ပဲ မဟုတ်တာ အသေအချာပဲ။ ငါတို့ ဒီလူ ဟန်တောင်တန်းရဲ့ သွယ်ဆက် သံကြိုးတန်းတွေ စိန်ခေါ်တာကို ကြည့်ရမယ်”
“အဲဒါ ဘယ်သူလဲ … သူက ဘယ်သူများ ဖြစ်နိုင်မလဲ … ရုပ်နယ်လွန်အဆင့် မာန်စွမ်းအားရှင် ငါးယောက်ထဲက တစ်ယောက်ယောက်များ ဖြစ်နေမလား”
ဟန်တောင်တန်းမြို့တော်မှ လူများစွာသည် မိုးရေထဲ၌ပင် သူတို့၏အိမ်များအပြင်သို့ထွက်လျက် တတိယအလွှာသို့ ငေးမောကြည့်နေခဲ့ကြသည်။ အချို့သည်တော့ ခေါင်းလောင်းကိုးကြိမ်မြည်အောင် တ်ီးခတ်နိုင်ခဲ့သူအား ကြည့်ရှုရန် ပြေးပင်ပြေးလွှားသွားခဲ့ကြသည်!
တစ်ချိန်တည်းမှာပင် နန်ထျန်းနှင့် ဒုတိယအလွှာရှိ အခြားသူများသည်လည်း ချက်ချင်းပင် မတ်တတ် ထရပ်လိုက်ကြသည်။ သူတို့သည် ရွေးလျားမှု တစ်ချက်နှင့်ပင် အိမ်များမှ ထွက်ခွာလိုက်ကြပြီး တတိယအလွှာသို့ ဦးတည်နေသည့် ထွက်ပေါက်အား ငေးကြည့်လိုက်ကြသည်။ ထိုကျောက်တုံးဂိတ်၏ နောက်ဘက်တွင်တော့ ဧရာမခေါင်းလောင်းနှင့် ၎င်းအား အသံမြည်စေခဲ့သူတို့ ရှိနေသည်။
အရောင်စုံ ရေကန်မျိုးနွယ်စု၏ တောင်ထိပ်တွင် ယန်လွမ်သည် မတ်တတ် ရပ်လိုက်မိသည်။ တည်ငြိမ်စွာဖြင့်ပင် သူမအိမ်အတွင်းမှ ထွက်လျက် မိုးသည်းထန်စွာ ရွာသွန်းနေသည့် မြို့တော်ဆီသို့ ကြည့်လိုက်၏။ သူမ၏ စွမ်းအင်အဆင့်ဖြင့် မိုးရေစက်များအား တွန်းထုတ်လျက်ရှိသည့် လှိုင်းဂယက် အလွှာများသည် ဟန်တောင်တန်းမြို့တော်မှ တစ်ဆင့် ပျံ့နှံ့နေသည်ကို မြင်နိုင်လေသည်။
“နောက်ဆုံးမှာတော့ ဟန်တောင်တန်းရဲ့ သွယ်ဆက် သံကြိုးတန်းတွေကို စိန်ခေါ်မယ့် တစ်ကယ်ကောင်းမွန်တဲ့လူတစ်ယောက် ရှိလာခဲ့ပြီ။ စိန်ခေါ်သူကို ဟန်တောင်တန်းရဲ့ထိပ်ကို ခွင့်ပြုကြောင်း ပလိတ်ပြားပို့ပေးဖို့ တစ်စုံတစ်ယောက်ကို ပြောလိုက်”
သူမအား စိတ်လှုပ်ရှား စေနိုင်သည့်အရာ မရှိသကဲ့သို့ သူမအသံသည် ပြန်လည်တည်ငြိမ် သွားခဲ့ပြီဖြစ်သည်။ တစ်စုံတစ်ယောက်သည် ခေါင်းလောင်းအား ကိုးကြိမ်မြည်ဟီး စေခြင်းသည်ပင်လျှင် သူမအား အံ့အားသင့်စေရန် မလုပ်ဆောင်နိုင်ခဲ့ပေ။
သို့သော် သူမ၏စကား မဆုံးသေးခင်းမှာပင် ပထမဆုံး အကြိမ်အဖြစ် သူမအမူအယာအား ပြောင်းလဲသွားစေနိုင်သည့် အသံသည် ဟန်တောင်တန်း မြို့တော်မှ ထွက်ပေါ်လာခဲ့သည်။
ဒေါင်… ဒေါင်… ဒေါင်…
၁၁၊ ၁၂ ကြိမ်မြောက် ခေါင်းလောင်းသံများသည် လေထုအတွင်း ရုတ်ခြည်း ပဲ့တင်ထပ် ပျံ့နှံ့လာခဲ့သည်။
တစ်ချိန်တည်းမှာပင် ဟန်တောင်တန်းမြို့တော် အထက်ကောင်းကင်ရှိ တိမ်တိုက် အမှောင်ထုကြားမှ သားရဲတစ်ကောင်၏ ဟိန်းဟောက်သံ ထွက်ပေါ်လာသည်အား ကြားလိုက်ကြရသည်။ အဆိုပါ ဟိန်းဟောက်သံသည် ကောင်းကင်အား တုန်လှုပ်စေပြီး ထိုဟိန်းဟောက်သံကြီး မြည်တမ်း ထွက်ပေါ်လာသည်နှင့် အမျှ ရက်စက်ကြမ်းကြုတ်သော ဧရာမ သားရဲပုံရိပ်ကြီးသည် ထွက်ပေါ်လာခဲ့ပြီး နဂါး ခေါင်းနှင့်ခုံးကောင် ခန္ဓာကိုယ်ကြီးသည် လူတိုင်း၏ မျက်လုံးရှေ့တွင် ပေါ်ပေါက် လာခဲ့ချေသည်။
“ဒီလူရဲ့ ကျင့်ကြံဆင့်က ဘယ်လောက်များလဲ … သူက ဘယ်လိုလုပ်ပြီးတော့များ ခေါင်းလောင်းသံ၁၂ချက် မြည်ဟီးစေခဲ့ပြီး ဟန်တောင်တန်းမှာ စည်းတံဆိပ် ခတ်နှိပ်ထားတဲ့ သားရဲရဲ့ အရိပ်ကို ဆင့်ခေါ်နိုင်ခဲ့ရတာလဲ”
ယန်လွမ်၏ အသက်ရှူသံသည် မြန်ဆန်လာခဲ့ပြီး တောက်ပသည့် အလင်းသည် သူမ၏ မျက်လုံးများအတွင်း ဖြစ်ပေါ် လာခဲ့လေသည်။
***